မိစ္ဆာသွေးစက်
Vol. 7 Ch. 654
ပေမင်ကျီက…
"ကျုပ်ရဲ့လုပ်ရပ်ကိုသဘောကျတယ်ဆိုရင် ကျုပ်ကို အကူအညီ တစ်ခုလောက်တော့ ပြန်ပေးပါ"
ယွမ်ကျွင်းဧကရီက…
"မင်းက ငါ့ဆီက ဘာလိုချင်လို့လဲ"
"ကမ္ဘာဦးအင်းအမိန့်တော်…"
ပေမင်ကျီက ပြောလိုက်လေသည်။
ယွမ်ကျွင်းဧကရီက ခဏတာမျှ စဉ်းစားလိုက်ပြီး…
"ကောင်းပြီလေ"
ပေမင်ကျီက ရယ်မောလိုက်ပြီး လေနှင့်အတူ ပျောက်ကွယ် သွားလေတော့သည်။
သူ၏ အလင်းအလျင်ဖြင့် ခရီးသွားနှုန်းမှာ အလွန်လျှင်မြန်လှသည့်အတွက် ယွမ်ကျွင်း ဧကရီပင်လျှင် သူ၏ပုံရိပ်ကို မြင်တွေ့လိုက်ရခြင်း မရှိပေ။ ပေမင်ကျီ၏ လျင်မြန်မှုမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး တာအို ဆရာလုယာနှင့်ပင် ကောင်းကောင်း ယှဉ်နိုင်လေသည်။
အသူရာချောက်သို့ ဆန်းလျန်နှင့် အတူလိုက်လာသည့် နတ်ဘုရားများနှင့် ကျင့်ကြံသူများသည် တာ့ကျိုးနယ်တွင် အခြေချ နေထိုင်ခဲ့ကြလေသည်။
အသူရာချောက်မှ အသက်ဓာတ် စွမ်းအားများမှာ များပြားသည့်တိုင် မှောင်မှိုင်းလျက် ရှိကြလေသည်။
သို့သော်… ဖားဟိုင်ဆရာတော်နှင့် အခြားသူများအတွက်တော့ ကျင့်ကြံခြင်း အတွက် အခွင့်အရေး ကောင်းပင် ဖြစ်လေသည်။ သူတို့အားလုံးသည် စိတ်အေးလက်အေး ရှိနေကြပြီး အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နေကြလေသည်။
ဆန်းလျန်က သူနှင့်အတူ လိုက်လာသည့် ကျင့်ကြံသူ တစ်သိန်းကို ရှုပ်ထွေးသည့် အရံအတား ဖွဲ့စည်းမှုတစ်ခု ပြုလုပ်ပေးပြီး ကျင့်ကြံစေရန် ဆုံးဖြတ်လိုက်လေသည်။ စစ်အင်အား ကောင်းလာပြီ ဆိုပါက လောကတစ်ခုလုံးနှင့် ရင်ပေါင် တန်းယှဉ်ပြိုင်နိုင်တော့မည် ဖြစ်လေသည်။
ဆန်းလျန်ပြုလုပ်သကဲ့သို့ စစ်အင်အားစုစည်းခြင်းကို ပြုလုပ်ခြင်းမှာ အသူရာချောက်တွင် ပထမဆုံးအကြိမ် မဟုတ်ပါ။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကျယ်ကျောက် အမိန့်တော် ဂိုဏ်းသည်လည်း ထောင်ပေါင်း များစွာသော နတ်ဘုရားများကို စုစည်းပြီးယခုကဲ့သို့ စစ်အင်အား စုစည်းခဲ့ဖူးလေသည်။
ဆန်းလျန်၏အဆင့်သည် ထုန်ထျန်းအရှင်သခင်နှင့် ယှဉ်လျှင် များစွာ နိမ့်ကျနေပါသေးသည်။ သို့သော်… သူသည် ယိလမ်းစဉ်ကိုလည်း နားလည်သူဖြစ်သလို မူလဝိညာဉ် ခန္ဓာသည်လည်း အလွန်မှ စွမ်းအား မြင့်မားလေသည်။
သူ့တွင် အကြံဉာဏ်များစွာရှိပြီး သူ၏ရည်ရွယ်ချက် အောင်မြင်မည်ဟု ယုံကြည် ထားလေသည်။
သို့သော်… သူ၏ အရံအတား ဖွဲ့စည်းမှုသည် ကျယ်ကျော်ကအမိန့်တော်ဂိုဏ်း ဖွဲ့စည်းစဉ်ကကဲ့သို့ ထောင်ပေါင်း များစွာသော နတ်ဘုရားများ ပါဝင်ခြင်းမရှိသလို ထိုမျှလောက်လည်း အင်အား ပြင်းထန်ခြင်း မရှိပေ။
ထိုအချိန်တုန်းကတော့… ကျယ်ကျောက် အမိန့်တော်ဂိုဏ်း၏ အမြင့်ဆုံးသော နေ့ရက်များ ဖြစ်ပြီး အထွတ်ထိပ်အဆင့်သို့ ရောက်ရှိခဲ့သည့် အချိန်ဖြစ်လေသည်။
အသူရာချောက်နှင့် ချင်းရွှမ်နတ်တံခါး တည်ရှိရာလောက (၂)ခုပေါင်းလျှင်ပင် နတ်ဘုရားပေါင်း (၂၀၀)မျှသာ ရှိလေရာ ကျယ်ကျောက် အမိန့်တော်ဂိုဏ်းသည် ထောင်ပေါင်း များစွာသော နတ်ဘုရားများကို သူတို့နှင့်အတူ ပူးပေါင်းရန် မည်သို့ စုဆောင်းခဲ့သည်ကို တွေးကြည့်၍ပင် မရနိုင်ခဲ့ပေ။
ဆန်းလျန်သည် စိတ်ဝိညာဉ် ငြိမ်းအေးမှု အဆင့်တွင် ရောက်နေပြီး စကြဝဠာငယ်လေး တစ်ခုသည် သူ၏စိတ်အာရုံ အတွင်းသို့ ဝင်ရောက် လာလေသည်။ မိုးကုပ်စက်ဝိုင်း တစ်လျှောက်တွင် မရေမတွက်နိုင်သည့် ကြယ်စင်များ ထွန်းလင်းတောက်ပနေပြီး ဝိညာဉ်စွမ်းအားများက အရာအားလုံးကို ရှင်သန်စေသည့် အလား မြင့်မားလျက် ရှိလေသည်။ ထိုရှုမျှော်ခင်းသည် အံ့သြစရာကောင်းလွန်းပြီး ခမ်းနား လွန်းလေသည်။
ငှက်များနှင့် သားရဲတိရစ္ဆန်များ တစ်အုပ်ပြီးတစ်အုပ် ရောက်ရှိ လာကြလေသည်။ ပုရွက်ဆိတ်ငယ်လေးများသည်ပင်လျင် အသက်ဓာတ် စွမ်းအားများကို ပြည့်ဝစွာ ခံစား နေကြရလေသည်။
ဆန်းလျန်သည် ပကတိဖန်ဆင်းခြင်း ပညာကို အသုံးပြုပြီး မိုးမြေလောက တစ်ခုလုံးနှင့် သက်ရှိ သတ္တဝါ အုပ်စုများကို ကြည့်ရှု နေခဲ့လေသည်။
သူ၏စိတ်ထဲမှ စကြဝဠာသည် ပို၍ပို၍ ရှုပ်ထွေးလာလေသည်။
စကြဝဠာငယ်လေး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသည့် အခါတွင်တော့ ဆန်းလျန်သည် သူပြုလုပ်မည့် အရံအတား ဖွဲ့စည်းပုံကို အကြမ်းအားဖြင့် အတည်ပြု လိုက်နိုင်လေသည်။ ထို့နောက် လက်တွေ့ကျသည့် ဖွဲ့စည်းမှုတစ်ခု ပြုလုပ်ရန်အတွက် သေချာစေခဲ့လေသည်။
ဆန်းလျန်သည် အကန့်အသတ် မရောက်မီပင် သူ၏စိတ်ထဲမှ စကြဝဠာငယ်သည် ပျောက်ကွယ် သွားပြီး သူ၏စိတ်ထဲတွင် မှောင်မှိုင်းနေသည့် စွမ်းအားများသာ ကျန်ရစ်ခဲ့လေသည်။
သူသည် သဘာဝတရားကို အမီပြုပြီး ဖွဲ့စည်းပုံကိုရေးဆွဲနေချိန်တွင် ပြဿနာ အနည်းငယ်ကို အာရုံခံမိလေသည်။ သို့သော် မည်သည့် ပြဿနာ ဖြစ်သည်ကိုတော့ အတိအကျ မသိနိုင်ခဲ့ပေ။
သို့သော်… ဖြစ်လာမည့် ပြဿနာသည် အရေးကြီးခြင်း မရှိသည်ကတော့ ထင်ရှားနေလေသည်။
မည်သို့ပင်ဖြစ်စေ… ဆန်းလျန်သည် အနည်းငယ် စိတ်ပူမိသည့် အတွက် စိတ်စွမ်းအား အသုံးပြုကာ ဖန်းယန်ယင်းကို ဆင့်ခေါ်လိုက်လေသည်။
ဖန်းယန်ယင်းသည် ဓားဝိညာဉ်တစ်ခု အသွင်ဖြင့်ဆန်းလျန်၏ နန်းတော်အတွင်းသို့ ချက်ချင်း ရောက်ရှိလာလေသည်။
သူမက ဆရာဦးလေး ဖြစ်သူကို ဦးညွတ် ဂါရဝပြုလိုက်ရင်း…
"ဘာခိုင်းစရာရှိလို့လဲ ဆရာဦးလေး…."
ဆန်းလျန်က…
"ကျိကျိုက်ဝတ် ကျောင်းတော်က ဆရာလေးဆီက ဖန်ပုလင်းလေးကို ငှားလာခဲ့၊ အဲဒီပုလင်းနဲ့ သွေးနီရောင် ပင်လယ်ထဲက ရေနည်းနည်း ထည့်လာပြီး ကျုပ်ဆီယူလာခဲ့ပါ”
ဖန်းယန်ယင်းက…
"ဆရာဦးလေး… ဘာလုပ်မလို့လဲ"
"နောက်ရက်တွေကျ ပြဿနာတစ်ခု ဖြစ်လိမ့်မယ်၊ ဒါကြောင့် မိစ္ဆာသွေးစက်လုပ်မလို့၊ လာနှောင့်ယှက်တဲ့သူက ဘယ်သူပဲဖြစ်ပါစေ သူ့ရဲ့တာအိုခန္ဓာကို ညစ်ညမ်းအောင် လုပ်ပြီး ပညာပေးလိုက်ချင်တယ်"
ဆန်းလျန်က အေးအေးဆေးဆေးပင် ရှင်းပြလိုက်လေသည်။
ဆရာဦးလေးသည် ဖြစ်လာမည့် အကြောင်းအရာများကို ခန့်မှန်းနိုင်စွမ်းရှိသည်ကို သိထားသည့် အတွက် ဖန်းယန်ယင်းက ထပ်မံမေးမြန်းခြင်း မပြုတော့ပါ။
သို့သော် သူမသည် ဆရာဦးလေး ဖြစ်သူကိုမှ လာရောက် ဒုက္ခပေးချင်သည့် ကံဆိုးလှသည့်သူမှာ မည်သူများလဲဟု သိချင်နေမိလေသည်။
မိစ္ဆာသွေးစက်ဆိုသည်မှာ ဆရာဘိုးဘိုးယွမ်ချင်း လက်ဆင့်ကမ်းခဲ့သည့် ချင်းရွှမ်နတ်တံခါး၏ ကျင့်စဉ်များထဲမှ ရှားပါးသည့် မှော်နက်ကျင့်စဉ်တစ်ခု ဖြစ်လေသည်။ အမှန်တော့ မိစ္ဆာသွေးစက်ကို ပြုလုပ်ရန်အတွက် သွေးနီရောင်ပင်လယ် ရေလိုအပ်ခြင်းမရှိပေ။
မိန်းကလေး တစ်ယောက်၏ မသန့်စင်သည့်သွေးကို အသုံးပြုနိုင်သလို ညစ်ညူးသည့် မှော်ကနက် စွမ်းအား တစ်ခုခုကိုလည်း အသုံးပြုနိုင်လေသည်။ ကျင့်ကြံသူ တစ်ယောက်သည် မိစ္ဆာသွေးစက်ဖြင့် ထိမိပါက ဆိုးဆိုးရွားရွား ညစ်ညမ်းသွားမည် ဖြစ်ပြီး နှစ်ပေါင်းထောင်ချီပြီး ကျင့်ကြံထားခဲ့သမျှ အရာအားလုံး အလဟဿ ဖြစ်သွားရမည် ဖြစ်လေသည်။
ဆန်းလျန်သည် မိန်းကလေးတစ်ယောက်၏ မသန့်စင်သည့်သွေးကို အသုံးပြုပြီး မိစ္ဆာသွေးစက် အစီအရင်ကို ပြုလုပ်ရလောက်အောင် စိတ်ထားယုတ်ညံ့သူ တစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် သူက သွေးနီရောင်ပင်လယ်ရေ ကိုအသုံးပြုရန် ရွေးချယ်လိုက်ခြင်း ဖြစ်လေသည်။
သို့သော်… သွေးနီရောင်ပင်လယ်ရေသည် စွမ်းအား မြင့်မားလှသည့် အတွက် သာမန် ပစ္စည်းများဖြင့် ထည့်သိုယူဆောင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဆန်းလျန်က ကျိကျိုက်ဝတ် ကျောင်းတော်မှ ဆရာလေး၏ ဖန်ပုလင်းကို ငှားရမ်းစေခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်ထံမှ အမိန့်ရသည်နှင့် ဖန်းယန်ယင်းသည် ကျိုးနန် ဆရာလေးဆီသို့ ထွက်ခွာ လာခဲ့လေသည်။
ဖန်းယန်ယင်း ထွက်ခွာသွားသည်နှင့် ဆန်းလျန်သည် စိတ်ဝိညာဉ် ငြိမ်းအေးခြင်းအဆင့်သို့ ပြန်လည်ဝင်စားနေလိုက်လေသည်။
ဖန်းယန်ယင်း ပြန်ရောက်လာမှသာလျှင် မိစ္ဆာသွေးစက် အစီအမံကို ပြုလုပ်နိုင်မည် မဟုတ်ပါလား။
ယိုတုတောင်သည်ကား အသူရာချောက်၏ မြောက်ပိုင်းဒေသတွင်ရှိသည့် သန့်စင်သည့် နယ်မြေတစ်ခု ဖြစ်လေသည်။ မြောက်ပိုင်းဒေသမှ လူမျိုးများသည် ထိုတောင်ကို ကိုးကွယ်ဆည်းကပ် တန်ဖိုး ထားကြလေသည်။
သို့သော်… ယိုတုတောင်သည် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်း လျှို့ဝှက်စခန်းချရာ နေရာတစ်ခု ဖြစ်သည်ကိုတော့ မည်သူမှ သိရှိကြခြင်း မရှိပေ။ ရံဖန်ရံခါ တောင်ပေါ်မှ ထွက်ပေါ်လာလေ့ရှိသည့် ထူးဆန်းသည့် နိမိတ် လက္ခဏာများသည် အမှန်တော့ ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းက ပြုလုပ်နေခြင်းသာ ဖြစ်လေသည်။
ယိုတုတောင်သည် မိုင်ပေါင်းများစွာ ရှည်လျားပြီး တောင်ခြေတွင် အသူရာ ချောက်ကိုးထပ်ကို ဖြတ်သန်းစီးဆင်းနေ သည့်ဝိညာဉ်မြစ် ရှိလေသည်။ ဟွမ်ချွမ်နတ်ဆိုး စစ်တပ်သည် ထိုနေရာတွင် တပ်စွဲထားလေသည်။ ထိုနေရာသည် အလွန်ကျယ်ပြန့်ပြီး လွတ်လပ်သည့် တိုင်းပြည်တစ်ပြည်နှင့် ဆင်တူလေသည်။
ယိုတုတောင်၏ အလယ်ဗဟိုတွင် နန်းတော်တစ်ခုရှိနေပြီး "စန်းလော်ခန်းမဆောင်" ဟု ရေးသား ထားလေသည်။ ရေးသားထားသော စာလုံးတစ်လုံးချင်းစီ၏ စုတ်ချက်တိုင်းတွင် သွေးနီရောင် ပင်လယ်မှ သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ဖုံးလွှမ်းလျက် ရှိလေသည်။
စန်းလော်ခန်းမဆောင်ထဲတွင် ရဲ့လျိုယွင်ရှိနေပြီး မိစ္ဆာစွမ်းအားများသည် သူ၏အဖြူရောင် ဝတ်စုံကိုပင် ညစ်နွမ်း သွားစေတော့မည့် အလား ထင်မှတ်ရလေသည်။ သူသည် ငရဲလမ်း ပုလ္လင်ထက်တွင် ထိုင်နေပြီး မရေမတွက်နိုင်သည့် နတ်ဆိုးစစ်သည်တော်များ၊ နတ်ဆိုး စစ်ဗိုလ်ချုပ် များက သူ့ကို ခစားနေကြသည်ကို ကြည့်ခြင်းအားဖြင့် သူသည် ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းတွင် အမြင့်ဆုံး အာဏာရှိသူတစ်ယောက်ဖြစ်သည်မှာ သိသာ လှလေသည်။
သူသည် လက်ရှိအာဏာကို ရရှိရန်အတွက် အောက်ခြေမှစတင်ကာ ကြိုးစားခဲ့ရသူ ဖြစ်လေသည်။ ထိုသို့ ကြိုးစားခဲ့ရစဉ် ကာလ တစ်လျှောက်တွင် သူခံစားခဲ့ရသည့် နာကျင်မှုများ၊ သည်းခံခဲ့ရမှုများကို မည်သူမှ သိရှိနိုင်မည်မဟုတ်ပေ။
ရဲ့လျိုယွင်သည် သူ၏ဆရာဖြစ်သူ ထူကျူအရှင်ယိုကျန့်ကို ခေါင်းဖြတ် သတ်ခဲ့ပြီးသည့် နောက်ပိုင်း သူ၏အစွမ်းအစများကိုမည်သူမှ သံသယမဝင်ရဲတော့ပေ။
ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းမှ ဂိုဏ်းသားအားလုံးက ရဲ့လျိုယွင်သည် သမိုင်းတစ်လျှောက်တွင် အရည်အချင်း အရှိဆုံးသော ဂိုဏ်းချုပ်ဖြစ်သည်ကို ဝန်ခံသဘောတူခဲ့ကြလေသည်။
အမှန်တော့… ရဲ့လျိုယွင်သည် နွေးထွေးပြီး ချဉ်းကပ်ရ လွယ်သူ တစ်ယောက် ဖြစ်လေသည်။
သူသည် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းမှ သာမန်တပည့်များ၏ နာမည်များကိုပင် မှတ်မိနေသူ ဖြစ်လေသည်။ ထို့ပြင် သူက ဒေါသထွက်ခဲပြီး ဒေါသထွက်ခဲ့လျှင်လည်း ဒေါသကို ထုတ်ဖော် ပြသလေ့ရှိသူ မဟုတ်ပေ။ သူသည် အမြဲတမ်းလိုလို ယဉ်ကျေးရည်မွန်သူ တစ်ယောက် ဖြစ်လေသည်။
သို့သော်… သူ… ချမှတ်ထားသည့် စည်းကမ်းများကို ဖောက်ဖျက်မည်ဆိုလျှင်တော့ နောက်တစ်နေ့တွင် ထိုသူကို အသက်ရှင်လျှက် မြင်တွေ့ရတော့မည် မဟုတ်ပေ။ သူက စည်းကမ်း ဖောက်သူများကို နောက်ဆုံးအနေဖြင့် အစားအသောက် တစ်နပ်ကျွေးပြီးသည်နှင့် ကွက်မျက် ပစ်လေ့ ရှိလေသည်။
သို့သော်…
ယနေ့တွင်တော့ ရဲ့လျိုယွင်သည် ဒေါသ ထွက်နေလေသည်။
သူ့ရှေ့တွင် ဒူးထောက်နေသည့် နတ်ဆိုးစစ်ဗိုလ်ချုပ်ကို သူက မေးခွန်း ထုတ်လိုက်သည်။
"ပေမင်ကျီက ကျုပ်ရဲ့ ခွင့်ပြုချက်မရဘဲ နန်းတော်ထဲက ထွက်သွားရဲသလား"
နတ်ဆိုးစစ်ဗိုလ်ချုပ်က…
"ဂိုဏ်းချုပ်၊ ထူကျူအရှင်က ခဏတစ်ဖြုတ်ထွက်သွားတာပါ၊ သိပ်မကြာခင် ပြန်လာမှာပါ"
ရဲ့လျိုယွင်က…
"ဒါပေမဲ့ ကျုပ်အမိန့်နဲ့ မဟုတ်ရင် ဘယ်သူမှ ယိုတုတောင်က ထွက်သွားလို့ မရဘူးလို့ စည်းကမ်း ထုတ်ထားတယ် လေ၊ သူက ကျင့်ကြံခြင်း အဆင့်မြင့်လာတာနဲ့ ကျုပ်ရဲ့ အမိန့်ကို ဖီဆန်ရဲတာလား”
ရဲ့လျိုယွင် အကြီးအကျယ် ဒေါသထွက်နေသည်ကို လူတိုင်း ရိပ်မိကြလေသည်။
ပလ္လင်ရှေ့တွင် ဒူးထောက်နေသည့် နတ်ဆိုးစစ်ဗိုလ်ချုပ်မှာ ကြောက်လွန်းသောကြောင့် တုန်ယင်လျက် ရှိလေသည်။
ထိုစစ်ဗိုလ်ချုပ်မှာ ယိုတုတောင်မှ ထွက်ခွာသွားသူများ၊ ယိုတုတောင်သို့ ဝင်ရောက် လာသူများကို စောင့်ကြည့်ရ သည့်တာဝန်ကို ယူထားရသည့် စစ်ဗိုလ်ချုပ် ဖြစ်လေသည်။
သို့သော် ထူကျူအရှင်ပေမင်ကျီကိုတော့ သူ့အနေဖြင့် မည်သို့ တားဆီးနိုင်ပါမည်နည်း။ တားဆီးနိုင်မည် ဆိုဦးတော့ တားဆီးရဲမည် မဟုတ်ပါချေ။
"ဂိုဏ်းချုပ်၊ ပေမင်ကျီရဲ့ဇာစ်မြစ်ကို ဂိုဏ်းချုပ်လည်း သိတာပဲ၊ သူက နောက်ခံ အားကောင်းတော့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာကတည်းက ကျွန်တော်တို့ကို ဘယ်မှာ မျက်စိထဲထားလို့လဲ”
တစ္ဆေဂိုဏ်းခွဲမှ ထူကျူအရှင်က အေးစက်သည့် လေသံဖြင့် ပြောလိုက်လေသည်။
***