← Chapters

ဖမ်းဆီးခြင်း

Vol. 7 Ch. 655

ဖမ်းဆီးခြင်း

Vol. 7 Ch. 655

တစ္ဆေဂိုဏ်းခွဲမှ ထူကျူအရှင်၏ စကားကို ကြားလိုက်ရသည်နှင့် ရဲ့လျိုယွင်သည် တိတ်ဆိတ် ငြိမ်သက် သွားလေသည်။

အမှန်တော့ ပေမင်ကျီသည် ရဲ့လျိုယွင်ထက်ပိုပြီး တန်ခိုးစွမ်းအားမြင့်မားသူ တစ်ယောက် မဟုတ်ပါ။ သို့သော် ပေမင်ကျီသည် ထိုပုဂ္ဂိုလ်၏ အနွယ်တော် တစ်ယောက်ဖြစ်သည့်အတွက် ရဲ့လျိုယွင် ချမှတ်ထားသည့် စည်းကမ်းများ ကိုပြောင်ပြောင်တင်းတင်းပင် ဆန့်ကျင်ရန် သတ္တိရှိနေခြင်း ဖြစ်လေသည်။

ပေမင်ကျီနှင့်ပတ်သက်သည့်ပုဂ္ဂိုလ်မှာ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသူတစ်ယောက် ဖြစ်သည့် အတွက် ရဲ့လျိုယွင်က ပေမင်ကျီနှင့် ရန်သူဖြစ်လိုသည့် ဆန္ဒမရှိခဲ့ပေ။

ရဲ့လျိုယွင်သည် သက်ပြင်းတစ်ချက်သာ ချလိုက်မိလေတော့သည်။

သူ့အနေဖြင့် အသစ်သော ရွေးချယ်မှုများကို ပြုလုပ်ရန်လိုအပ်ပြီး လက်ရှိအနေအထားမှ လွတ်မြောက်ရန် ကြိုးစားရမည် ဖြစ်လေသည်။

စကြဝဠာ တစ်ခုလုံးကို ကြည့်လိုက်မည်ဆိုလျှင် သူ့ကို ထောက်ပံ့ပေးနိုင်ရန် အသင့်တော်ဆုံး ပုဂ္ဂိုလ်မှာ မဟာမာရူယိပင် ဖြစ်လေသည်။ မဟာမာရူယိဆိုသူမှာ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက အစစ်ဆေးခံရမှု ထောင်ပေါင်းများစွာကို အောင်မြင်ကာ လောကကို ကျော်လွန်သွားသည့် "ဒေါင်းစိမ်းမင်းကြီး" ပင် ဖြစ်ပါ၏။

သို့သော်… မဟာမာရူယိ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို သိနိုင်သူမှာ လောကတွင် တစ်ယောက်သာ ရှိလေသည်။ ထိုသူမှာ နတ်မိစ္ဆာဘုရင် ကွေလိပင် ဖြစ်လေတော့၏။

သို့သော်… ကွေလိ၏ ဒေါသကို ရဲ့လျိုယွင် ကောင်းကောင်း သိလေသည်။ သူမသည် အလွန်မာနကြီးပြီး မည်သူ့ကိုမှလည်း အထင်မကြီးတတ်သူ ဖြစ်လေရာ မဟာမာရူယိ မည်သည့်နေရာသို့ ရောက်နေသည်ကို သွားမေးလျှင်လည်း ကြည်ကြည်သာသာနှင့် ပြောပြမည် မဟုတ်ပေ။

ထို့ပြင် သူ၏လက်ရှိအဆင့်အတန်းဖြင့် ဒေါင်းစိမ်းမင်းကြီး မဟာမာရူယိ အာရုံစိုက်ခံရအောင် မည်သည့် ကိစ္စကိုမှ ပြုလုပ်နိုင်မည် မဟုတ်ပေ။

ဆန်းလျန်သာ သူ့နေရာမှာဆိုလျှင် မည်သို့ ပြုလုပ်လေမည်လဲဟု ရဲ့လျိုယွင် စဉ်းစား ကြည့်လိုက်မိလေသည်။

ထိုအခါ… လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းကပင် သူနှင့် ရင်းနှီးခဲ့လေသော၊ မည်သည့် အရာကိုမှ ဂရုမစိုက်တတ်သည့် ဆန်းလျန်၏ မျက်နှာကို မျက်ဝန်းထဲတွင် မြင်ယောင် လာမိလေသည်။

ဆန်းလျန်သည် သူကဲ့သို့ အတွေးလွန်တတ်သူ တစ်ယောက် မဟုတ်ပေ။ ဆန်းလျန်သည်ကား အရာအားလုံးကို စွန့်လွှတ်ပြီး အသစ်မှ ပြန်စရမည်ဆိုလျှင်လည်း အေးအေးဆေးဆေးပင် အသစ်ပြန်စမည့် လူတစ်ယောက် ဖြစ်လေသည်။

ထို့ပြင် သူက ဆန်းလျန်မဟုတ်ပါ။ သူက ရဲ့လျိုယွင် ဖြစ်လေသည်။

သူသည် ဆန်းလျန်ကဲ့သို့ မမြင့်မြတ်နိုင်သလို ဘဝကိုလည်း ကစားပွဲတစ်ခုလို သဘောထားနိုင်သူတစ်ယောက်မဟုတ်ပါချေ။ အားလုံးက သူ့ကို ဟွမ်ချွမ်နတ်ဆိုး ဂိုဏ်း၏ မျိုးဆက်သစ် ဂိုဏ်းချုပ် တစ်ယောက်ဟု သိမြင်ကြပေလိမ့်မည်။ သို့သော် သူ့ရင်ထဲမှ ရည်မှန်းချက် အစစ်အမှန်ကိုတော့ သူသာလျှင် နားလည်လေသည်။

ချင်းရွှမ်နတ်တံခါးတည်ရှိရာလောကမှ ကျင့်ကြံသူများကို ဆန်းလျန် ခေါ်လာပြီးသည့် နောက်ပိုင်း တာ့ကျိုးပြည်သည် အင်အားကြီးမား လာခဲ့လေသည်။ ချင်းရွှမ်နတ်တံခါးမှ တာအိုကျင့်စဉ်များသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသုံးဝင်လာပြီး ဝိညာဉ်စွမ်းအား စုစည်းမှုများကြောင့် ဝိညာဉ် လမ်းကြောင်းများလည်း ပွင့်လင်းလာလေသည်။

ထို့ပြင် ကျန့်ယီဂိုဏ်းမှ စုရှိုးချင်၏ အင်းပညာများကြောင့် သာမန် လူများသည်ပင်လျှင် ကျင့်စဉ် ပညာများကို အလွယ်တကူ သင်ယူနိုင်ကြပြီ ဖြစ်လေသည်။ ရလဒ်အနေဖြင့် တာ့ကျိုးပြည်သည် အချိန်ကြာလာသည်နှင့် အမျှ ပိုပြီး ကြွယ်ဝချမ်းသာပြီး တိုးတက် ကြီးမားလာလေသည်။

ယနေ့တွင်တော့…

ပုရွက်ဆိတ်ငယ်များသည် ကြောက်မက်ဖွယ်ရာ အဖြစ် အပျက်တစ်ခု ဖြစ်ပျက်တော့မည့် အလား လှုပ်လှုပ်ရှားရှား မတည်မငြိမ် ဖြစ်နေကြလေသည်။

ငှက်များသည်လည်း တောင်ပေါ်မှ အုပ်လိုက် ပျံသန်းသွားကြကာ သားရိုင်း တိရစ္ဆာန် များမှာလည်း တောထဲမှ ထွက်လာကြပြီး ရွာများကိုပင် တိုက်ခိုက်စ ပြုလာကြလေသည်။

ဟုန်ယွမ် ဆရာတော်သည် ဇင်ဗုဒ္ဓဘာသာတရားများ ဟောပြောနေခြင်းကို ရပ်တန့်လိုက်ကာ အနောက်ဆီသို့ တစ်ချက်လှမ်းကြည့် လိုက်လေသည်။

ထိုအခါ… တာ့ကျိုးပြည်ရှိရာသို့ ဒေါသတကြီးဖြင့် ဝင်ရောက်လာသည့် တန်ခိုးစွမ်းအား လှိုင်းလုံးကြီး တစ်ခုကို တွေ့မြင်လိုက်ရလေသည်။

တစ်စုံတစ်ယောက်သည် တာ့ကျိုးပြည်၏ ဖွဲ့စည်းပုံနှင့် အရံအတားကို ဖျက်ဆီးပစ်ရန် ရောက်ရှိလာဟန် ရှိလေသည်။ အသူရာချောက်ကဲ့သို့ လူတစ်ယောက်၏ တန်ခိုးစွမ်းအားများကို အားနည်းအောင် လုပ်နိုင်သည့် နေရာမျိုးတွင် ထိုမျှ ကြီးမားသည့် တန်ခိုးစွမ်းအား လှိုင်းလုံးကြီးကို ပြုလုပ်နိုင်သူသည် မည်သူဖြစ်ပါသနည်း။ ဟုန်ယွမ်ဆရာတော်သည် အံ့သြနေခဲ့လေသည်။

မြောက်ဘက်အရပ်မှ ဝင်ရောက် လာတန်ခိုးစွမ်းအား လှိုင်းလုံးကြီးသည် တာ့ကျိုး ပြည်နယ်စပ်သို့ ရောက်သည့် အခါတွင်တော့ ပင်လယ်တစ်စင်း အဖြစ် ကူးပြောင်း သွားလေသည်။

ဟုန်ယွမ်ဆရာတော်က ချက်ချင်းပင် သူ၏ ပုတီးကိုယူလိုက်ပြီး မြောက်ဘက်အရပ်မှ တန်ခိုးစွမ်းအားများ ရှိရာသို့ ပစ်လွှတ် လိုက်လေသည်။ ပုတီးသည် ရွှေရောင် စက်ဝန်းပုံသဏ္ဌာန် ပြောင်းလဲသွားပြီး တန်ခိုးစွမ်းအားများကို ခုခံ တိုက်ခိုက် လိုက်လေသည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး ရေလှိုင်းများ ပွင့်ထွက်လာလေသည်။ ဟုန်ယွမ် ဆရာတော်၏ ပုတီးစေ့ဆယ့်ရှစ်လုံးသည် ရွှေမှုန်များ အဖြစ်သို့ ချက်ချင်းပင် ကူးပြောင်း သွားရကာ ရေလှိုင်းများထဲတွင် ပျောက်ကွယ် သွားရလေတော့သည်။

ရန်သူမှာ တန်ခိုးစွမ်းအား အလွန်မြင့်မားသည်ကို သိရှိလိုက်ရသည့် အတွက် ဟုန်ယွမ် ဆရာတော်က တစ်ချက် ညည်းညူ လိုက်မိလေသည်။

ထိုအချိန်မှာပင် ဝတ်ရုံစတစ်စ ထွက်ပေါ်လာပြီး ကြီးမားသည့် တံတိုင်းကြီးအလား ရေလှိုင်းများကို တားဆီး ထားလိုက်လေသည်။

သို့သော် ချွန်ထက်သည့် ငှက်နှုတ်သီးတစ်ခုပေါ်ထွက်လာပြီး ဝတ်ရုံစကို ထိုးဆိတ်လိုက်လေရာ ဝတ်ရုံစပေါက်ပြဲပြီး ရေများ စီးဆင်း လာပြန်လေသည်။

တာ့ကျိုးပြည်သူပြည်သားများမှာ ကူရာကယ်ရာမဲ့သလို ခံစားလိုက်ကြရတော့သည်။

ထိုအချိန်မျာပင် မြေပြင်ထက်မှ ချင်းကွမ်း အလင်းတန်းများဖြာလင်းလာပြီး ရေများကို ပင့်တင်ကာ တားဆီး ထားလိုက်လေသည်။ အလင်းတန်းများသည် တာ့ကျိုးပြည်တစ်ပြည်လုံး နေရာအနှံ့မှ ထွက်ပေါ်လာပြီး တာ့ကျိုးပြည်ကို ကာကွယ် ထားလိုက်လေသည်။

အဆုံးမရှိသည့် ပင်လယ်ရေများသည် ချင်းကွမ်း အလင်းတန်းများ အတွင်းသို့ ဝင်ရောက် သွားလေတော့သည်။

ထိုအခါမှ ဟုန်ယွမ် ဆရာတော်မှာ စိတ်သက်သာရာ ရသွားပြီး ဘုရားစာကို ရွတ်ဖတ် လိုက်နိုင်လေသည်။

ချင်းကွမ်း အလင်းတန်းများမှာ ဆန်းကျန်းရန် နတ်ဘုရား၏ တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ ပြဿနာကို ဆန်းကျန်းရန် နတ်ဘုရားကိုယ်တိုင် ဖြေရှင်းလိုက်ပြီ ဆိုမှတော့ အရာအားလုံး သည်အန္တရာယ်ကင်းသွားပြီ ဖြစ်လေသည်။

တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားသည် ဖြစ်တည်ခြင်း မရှိသေးသည့် လောကတစ်ခု ဖြစ်သော်လည်း ချင်းကွမ်းအလင်းတန်းများ အဖြစ် ပြောင်းလဲကာ ပင်လယ်ရေများကို ပန်းချီကား အတွင်းသို့ စုပ်ယူလိုက်ပြီး တာ့ကျိုးပြည်ကို ကယ်တင်လိုက်ခြင်း ဖြစ်လေသည်။

ရန်သူသည် ပင်လယ်ရေများသာမက လောကတစ်ခုလုံးမှ သမုဒ္ဒရာရေများကို ယူဆောင် လာလျှင်ပင် စိုးရိမ်စရာမရှိပေ။

ပေမင်ကျီသည် ထိတ်လန့်တုန်လှုပ်သွားပြီး တည်ငြိမ်မှု ပျောက်ဆုံး သွားရလေသည်။

သူသည် တန်ခိုးစွမ်းအား မြင့်မားသူ တစ်ယောက်ဖြစ်ပြီး ပင်လယ်ရေများကို မျိုချလာကာ တာ့ကျိုးပြည်ကို ရေလွှမ်းမိုးစေခဲ့ခြင်း ဖြစ်လေသည်။ သို့သော်… တာ့ကျိုးပြည်တွင် သူယူဆောင်လာသည့် မြောက်ပိုင်း ပေဟိုင်ပင်လယ်မှ ပင်လယ်ရေများ အားလုံးကို စုပ်ယူပစ်နိုင်သည့် မှော်အင်းသင်္ကေတ တစ်ခု ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။

ပင်လယ်ရေများအားလုံး စုပ်ယူခံလိုက် ရပြီးသည့်နောက် ပန်းချီကားထဲမှ စကြဝဠာသည် အညစ်အကြေးများ ကင်းစင်ပြီး စိမ်းလန်းစိုပြေလာလေသည်။ ပန်းချီကားထဲတွင် ရေများသည် တောင်များတစ်ဝက် အထိရောက်အောင် မြင့်တက်လာသည်ကိုလည်း တွေ့မြင်ရမည် ဖြစ်လေသည်။

ပေမင်ကျီမှာ ရှေ့ဆီသို့ လှမ်းကြည့်လိုက်ပြီး ပန်းချီကားကို တွေ့မြင်လိုက်သည်နှင့် တုန်လှုပ် ချောက်ချားသွားရကာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရလေသည်။ နွီဝါးနတ်သမီး၏ တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံပန်းချီကား သည်အဘယ့်ကြောင့် ဆန်းလျန်ဆီသို့ ရောက်ရှိ နေရပါသနည်း။

သို့သော် ထိုပန်းချီကားသည် ပုံတူကူးထားခြင်း တစ်ခုသာ ဖြစ်သည်ကို သိရှိလိုက်သည့် အခါတွင်တော့ သူသည် ချက်ချင်းပြန်လည် တည်ငြိမ်သွားလေသည်။ နွီဝါးနတ်သမီး၏ ပန်းချီကား အစစ်သာ ဖြစ်ပါက သူယူလာသည့် ပင်လယ်ရေကို မဆိုထားနှင့် စကြဝဠာပေါင်း (၃၀၀၀) နှင့် ဗုဒ္ဓ၏တောင် ဖြစ်သည့် ရွှီးမီစန်းတောင်ကိုပင် စုပ်ယူပစ်နိုင်မည် ဖြစ်လေသည်။

ပေမင်ကျီသည် အကြံအစည် မအောင်မြင်တော့သည်ကို သိရှိသွားသည်နှင့် လေအသွင် ကူးပြောင်းကာ ထွက်ပြေး သွားလေတော့သည်။

သို့သော်… သူသည် ခြေတစ်လှမ်း နောက်ကျသွားခဲ့လေပြီ။

သူက လေအသွင်ကူးပြောင်းလိုက်သည်နှင့် မရဏဓား တစ်လက် ထွက်ပေါ်လာပြီး လေထုကို ထိုးခွင်းလိုက်လေတော့ သည်။ ထို့ကြောင့် ပေမင်ကျီသည် ချက်ချင်းပင် ပင်ကိုရုပ်သွင် ပြန်ပြောင်းလိုက် ရလေသည်။

မရဏဓားမှာ ကြိုတင်ပြင်ဆင်ထားသည့် ဓားဖြစ်သည့်အတွက် ပေမင်ကျီမှာ သူ၏ လျင်မြန်လွန်းသည့် အလင်းအလျင်ဖြင့်ပင် ရှောင်တိမ်းနိုင်စွမ်း မရှိတော့ပေ။ အမှန်တော့ သူသည် ဒေါသထွက်နေသည့် ဓားဝိညာဉ်ဖြင့် ပေါင်းစပ်ထားသည့် လူတစ်ယောက်ကို ရင်ဆိုင်လိုက်ရခြင်း ဖြစ်လေသည်။

ပေမင်ကျီလည်း မည်သို့မှ မတတ်နိုင်တော့ဘဲ သူ၏ မူလပုံစံကို ထုတ်ဖော်ကာ ဓားဝိညာဉ်ကို ခုခံလိုက်ရလေတော့သည်။ ဓားဝိညာဉ်မှာ ချောမောလှပသည့်တိုင် အေးစက်သည့် အမူအရာရှိသည့် မိန်းကလေး တစ်ယောက် ဖြစ်လေသည်။

ထိုမိန်းကလေးသည် ဓားနတ်သမီး တစ်ပါးဖြစ်ပြီး သူမထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ ပေမင်ကျီမှာ ထိုဓားနတ်သမီးသည် မည်သည့်နေရာက ရောက်ရှိလာသည်ကို သိချင် နေမိလေသည်။

ပေမင်ကျီ၏ ကျင့်ကြံခြင်း အဆင့်သည် ထိုဓားနတ်သမီးထက်ပိုပြီး နက်ရှိုင်းလေသည်။ သို့သော် တကယ်တမ်း ယှဉ်ပြိုင် တိုက်ခိုက်မည်ဆိုပါက ဓားနတ်သမီးက တိုက်ခိုက်မှုစွမ်းရည် သူ့ထက် သာနိုင်လေသည်။

သို့သော်… ဓားနတ်သမီးသည် သူ့ကို တိုက်ခိုက်လိုခြင်း ရှိဟန်မတူပေ။ သူ့ကို တားဆီးပြီးသည်နှင့် ချက်ချင်းပင် ထွက်ခွာ သွားလေသည်။

သို့သော်… ပေမင်ကျီသည် လေအသွင်ပြောင်းကာ ထွက်ခွာသွားရဲခြင်း မရှိတော့ပေ။

ထို့ကြောင့် သူ၏ နံရိုးများထဲမှ ရွှေရောင် အတောင်ပံတစ်စုံကို ထုတ်လိုက်ကာ ပျံသန်း လိုက်လေတော့သည်။ ထိုရွှေရောင် အတောင်ပံများမှာ အတောင်တစ်ချက် ခတ်လိုက်လျှင် မိုင်ပေါင်းရာနှင့် ချီသည့် အဝေးသို့ ရောက်ရှိ သွားနိုင်လေသည်။

ပေမင်ကျီမှာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်မိစဉ်မှာပင်…. ရယ်သံတစ်သံကို ကြားလိုက်ရလေသည်။

"မိတ်ဆွေ… ကျုပ် စုန့်ချင်းယီ မင်းကို စောင့်နေတာ ကြာလှပြီ…"

ချွန်ထက်နေသည့် စုတ်တံတစ်ချောင်းသည် တောင်နှင့်မြစ်များကို ရေးဆွဲနေသည့် လက်ဟန်ဖြင့် ပေမင်ကျီ၏ ဦးခေါင်းရှိရာသို့ ဦးတည် ဝင်ရောက် လာလေသည်။

ထိုစုတ်တံလက်နက်မှာ မည်မျှ တန်ခိုးစွမ်းအား မြင့်မားသည်ကို သိရှိလိုက်သည်နှင့် ပေမင်ကျီမှာ ပြောမပြ နိုင်လောက်အောင် တုန်လှုပ် ချောက်ချား သွားရလေသည်။ ထိုသူနှင့် ဆက်လက် တိုက်ခိုက်ခြင်းမှာ မိုက်မဲရာကျသည့် လုပ်ရပ်ဖြစ်သည်ကို ချက်ချင်း ရိပ်မိလိုက်လေသည်။

ထို့ကြောင့် သူသည် အမြန်ပင် ပျံသန်း ထွက်ခွာလာခဲ့လေတော့သည်။

မိုင်ထောင်ပေါင်းများစွာ ပျံသန်းလာပြီးသည့်နောက် ပေမင်ကျီသည် သူ့ကိုယ်သူ မုန်းတီး လာမိလေသည်။ ဆန်းလျန် သာကြိုတင်ကြံစည် ထားခြင်းမရှိလျှင် သူသည် အလင်းအလျင်ဖြင့် ထွက်ပြေး သွားနိုင်မည် ဖြစ်လေသည်။

သို့သော်… သူအများကြီး မစဉ်းစားနိုင်ခင်မှာပင် ဗျပ်စောင်း တီးခတ်သံ တစ်သံကို ကြားလိုက်ရလေသည်။

"ယီစွေမြစ်ရေ စီးဆင်းသွားတော့ သစ်ခွပန်းရိုင်းလေးတွေ ရေစီးနဲ့ မျောလွင့်သွားတယ်….

သစ်ခွပန်းလေး တစ်ပွင့်ကို ဘုရင်က ခူးယူဆင်မြန်း လိုက်တယ်…

ပန်းလေးဟာ ဘယ်လောက် လှလိုက်သလဲ…

ရနံ့ကလည်းမွှေးပျံ့ပြီး လရောင်လိုပဲ တောက်ပနေတော့တယ်…"

ကဗျာရွတ်သံအဆုံးသတ်သွားသည်နှင့် လေထဲတွင် မြစ်တစ်စင်း ပေါ်လာလေသည်။

သာမန် အဝတ်အစားများ ဝတ်ဆင်ထားပြီး ဗျပ်စောင်းတစ်လက်ကို ကိုင်ထားသည့် တာအိုဆရာ တစ်ယောက် လေထဲ တွင်ပေါ်လာလေသည်။ ထိုသူ၏လက်မှ ဗျပ်စောင်းကို တီးခတ်လိုက်တိုင်း အသံလှိုင်းများက ပေမင်ကျီ သွားရာလမ်းကို တားဆီး ထားလေသည်။

ထိုသူက …

"ကျုပ်က ယီကျီးပါ၊ မင်းကို စောင့်နေခဲ့တာ ကြာလှပြီပေါ့"

ပေမင်ကျီက ဒေါသတကြီးအော်ဟစ်လိုက်လေသည်။

"ဆန်းလျန်ဆိုတဲ့ကောင် ဘယ်မှာလဲ၊ မင်းတို့က ဘယ်လို ကစားကွက်တွေ ထုတ်သုံး နေကြတာလဲ"

ယီကျီးက ရိုးရိုးသားသား ဟန်ပန်ဖြင့်ပင်…

"မင်းက တာ့ကျိုးပြည်ရဲ့ ဖွဲ့စည်းမှုနဲ့ အရံအတားကို စတင်တိုက်ခိုက်တာလေ၊ ဒီတော့ ကျုပ်ရဲ့ တေးသွားကို မင်းရင်ဆိုင်ရမှာပဲပေါ့”

ယီကျီးက စကားကို ခဏရပ်လိုက်ပြီးမှ ဆက်ပြော လိုက်လေသည်။

"ဒါပေမဲ့ ဧကရာဇ်မင်း ဆန်းလျန်ကို တွေ့ချင်တယ်ဆိုရင်တော့ မင်းရဲ့ကိုယ်စား ကျုပ်က အကြောင်းကြား ပေးပါ့မယ်"

ပေမင်ကျီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း…

"မင်းလုပ်နိုင်မယ်များ ထင်သလား"

ထိုစကားများကို ပြောလိုက်စဉ်မှာပင် သူ့ပါးစပ်အတွင်းသို့ သွေးနီရောင် ရေစက်တစ်စက် ကျသွား လေတော့သည်။

***

All Chapters