← Chapters

အခန်း (၇၀၃-၇၀၄)

Vol. 59 Ch. 703-704

အခန်း (၇၀၃-၇၀၄)

Vol. 59 Ch. 703-704

အခန်း ၇၀၃ ယုံရှန်းဧကရာဇ်၏ ဒဏ္ဍာရီ

"ကျွန်မသာ မူလဘူတ တာအိုဧကရာဇ် ဖြစ်လာခဲ့ရင် တာအိုဧကရာဇ်ကို အနိုင်ယူနိုင်ပါ့မလား..." ရှောင်လန်က သူမ အစိုးရိမ်ဆုံး မေးခွန်းကို မေးလိုက်၏။

မဟာတာအို လမ်းစဉ်ပေါ်တွင် လှည့်လည်သွားလာခဲ့သော နှစ်များအတွင်း သူမသည် ပါရမီရှင်မြောက်မြားစွာကို မြင်တွေ့ခဲ့ဖူးပြီး ထိုသူအားလုံးမှာ တာအိုဧကရာဇ်၏ ပြိုင်ဘက်များမျှသာ ဖြစ်ကြ၏။ တာအိုဧကရာဇ်သည် မည်မျှအထိ အစွမ်းထက်မည်ကို သူမ စိတ်ကူးပင် မယဉ်ဝံ့ချေ။

ကုအန်က ပြန်ဖြေလိုက်သည်။ "တာအိုဧကရာဇ်ပဲဖြစ်ဖြစ် မူလဘူတ တာအိုဧကရာဇ်ပဲဖြစ်ဖြစ် ဒါတွေကကံတရားရဲ့ ပံ့ပိုးမှု သက်သက်ပါပဲ... ဘယ်သူကမှ ပိုမစွမ်းနိုင်ဘူး... ဒါပေမဲ့ မူလဘူတ တာအိုဧကရာဇ် ဖြစ်လာခဲ့ရင်တော့ မင့်ရဲ့ အနာဂတ်က အတိုင်းအဆမရှိ ဖြစ်သွားလိမ့်မယ်..."

ဤသည်က သူ၏ အလကား စကားသက်သက် မဟုတ်ချေ။ မူလဘူတ တာအိုဧကရာဇ်ဆိုသည်မှာ သူ ဖန်တီးထားသော လမ်းစဉ်တစ်ခု ဖြစ်ပြီး အတိုင်းအဆမရှိ ပိုမို အစွမ်းထက်လာစေရန် သူ၏ စွမ်းအားကို အသုံးပြုနိုင်၏။ အနှေးနှင့်အမြန် ဆိုသလိုပင် မူလဘူတ တာအိုဧကရာဇ်က တာအိုဧကရာဇ်ကို ကျော်လွန်သွားမည် ဖြစ်သည်။

မူလဘူတ တာအိုဧကရာဇ် ဖြစ်လာခြင်းက ကုအန်၏ မဟာတာအို စွမ်းအားကို နိုးကြားလာစေရုံသာမက ကုအန်၏ တာအိုကိုလည်း နားလည်သဘောပေါက်စေမည် ဖြစ်၏။

မူလဘူတ ဟူသော အမည်က ကုအန်၏ မူလဘူတ တာအိုဖန်ဆင်းခြင်း ခန္ဓာကိုယ် ဖြစ်တည်မှုမှ ဆင်းသက်လာခြင်း ဖြစ်သည်။

တာအိုဧကရာဇ် ဟူသော ဘွဲ့အမည်မှာ ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာနှင့် ကိုက်ညီစေရန် ရည်ရွယ်ခြင်းမျှသာ ဖြစ်၏။ ကျိရှောင်ယု၏ ပြန်လည်မွေးဖွားခြင်းတာအိုဧကရာဇ် ဘွဲ့အမည်မှ သူ စိတ်ကူးရခဲ့ခြင်း ဖြစ်သည်။

တစ်နေ့တွင် သူသည် မူလဘူတ တာအိုဧကရာဇ်ကို တာအိုဧကရာဇ်ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်လာစေမည် ဖြစ်၏။

သူ၏ တပည့်များသာလျှင် မူလဘူတ တာအိုဧကရာဇ် ဖြစ်လာနိုင်မည် မဟုတ်ပေ။

သေချာပေါက်ပင် ထိုအရာက အလှမ်းဝေးသော အနာဂတ်တစ်ခု ဖြစ်ပြီး သူ၏ မူလဘူတ တာအိုဧကရာဇ် ဖန်တီးမှုမှာလည်း ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။

လက်ရှိတွင် ၎င်းက လူများကို တာအိုလမ်းစဉ်ဆီသို့ ဆွဲဆောင်နိုင်သည့် ပထမအဆင့်တွင်သာ ရှိနေသေး၏။

ရှောင်လန်က တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ရှင်က ကျွန်မကို ဒုက္ခပေးမှာ မဟုတ်ပါဘူး... ကျွန်မ မူလဘူတ တာအိုဧကရာဇ် ဖြစ်ချင်တယ်... ကျွန်မကို သင်ပေးပါ..."

ကုအန်က ပြုံး၍ သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ရှောင်လန်၏ ဒဏ်ရာများက ချက်ချင်းပင် ပျောက်ကင်းသွား၏။ သူမ၏ ကျင့်စဉ်စွမ်းအင်များက အပြည့်အဝ ပြန်လည်ပြည့်ဖြိုးသွားပြီး မှေးမှိန်နေသော ကမ္ဘာတစ်ခုလုံးမှာ လိုဏ်ဂူကောင်းကင်ဘုံ တစ်ခု၏ အသွင်အပြင်သို့ ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။

ဤမြင်ကွင်းကြောင့် ရှောင်လန်၏ မျက်ခွံများ လှုပ်ခတ်သွားပြီး သူမက မနေနိုင်ဘဲ မေးလိုက်၏။ "စောစောကဟာက ပုံရိပ်ယောင်နယ်မြေလား..."

"မဟုတ်ဘူး... အဲဒါက ငါ ဖန်တီးထားတဲ့ အစစ်အမှန် ကမ္ဘာပဲ..."

ကုအန်၏ အဖြေကြောင့် ရှောင်လန်မှာ တိတ်တဆိတ် အထိတ်တလန့် ဖြစ်သွားသည်။ ဤမျှအထိ စွမ်းဆောင်နိုင်ရန် မည်သည့် ကျင့်ကြံခြင်းအဆင့် လိုအပ်မည်နည်း။

"ထိုင်..."

ကုအန်က သူ၏ ဝတ်ရုံကို မ၍ ထိုင်လိုက်ပြီး ရှောင်လန်ကိုလည်း ထိုင်ရန် အမူအရာ ပြလိုက်၏။ ရှောင်လန် ထိုင်လိုက်သည်နှင့် ကုအန်က တိုက်ရိုက် စတင်သင်ကြားပေးတော့သည်။

တာအိုဧကရာဇ် ဖြစ်လာရန်အတွက် မဟာတာအို၏ ဧကရာဇ်လမ်းစဉ်ပေါ်တွင် တိုက်ခိုက်ပြီး မဟာတာအို ကံတရားများကို ဝါးမျိုရန် လိုအပ်၏။ နောက်ဆုံး အနိုင်ရရှိသူကသာ တာအိုဧကရာဇ် ဖြစ်လာနိုင်မည် ဖြစ်သည်။

မူလဘူတ တာအိုဧကရာဇ်က တာအိုဧကရာဇ်ကို ယှဉ်ပြိုင်နိုင်ရန်အတွက် ၎င်းတွင်လည်း စုဆောင်းမှု လုပ်ငန်းစဉ်တစ်ခု ရှိရန် လိုအပ်သည်။ ကုအန်သည် တာအိုရှာဖွေသူများကို အဆိပ်ရှိ သတ္တဝါများ မွေးမြူသကဲ့သို့ အချင်းချင်း သတ်ဖြတ်ခိုင်းရန် ရည်ရွယ်မထားချေ။ သူ၏ သက်တမ်း ပုံရိပ်ထင်ဟပ်ခြင်း၊ သက်တမ်း ဝင်စားခြင်းနှင့် မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ်တို့ကို သူ တွေးတောလိုက်၏။

မူလဘူတ တာအိုဧကရာဇ်ကို လိုက်စားနေသော ကျင့်ကြံသူများကို ပြန်မွေးဖွားခြင်းလမ်းစဉ်အား နားလည်သဘောပေါက်စေရန် သူ စီစဉ်ထား၏။ ကိုယ်တိုင်ကိုယ်ကျ ဝင်စားခြင်း မဟုတ်ဘဲ သံသရာအတွင်းသို့ စိတ်ဆန္ဒ ပုံရိပ်ထင်ဟပ်ခြင်းမျိုး ဖြစ်သည်။

၎င်းက လက်တွေ့တွင် တည်ရှိနေမည် ဖြစ်သော်လည်း နောက်ဆုံးတွင် ပျက်သုဉ်းသွားမည် ဖြစ်၏။ ၎င်းသည် မဟာတာအိုကို အနှောင့်အယှက် ပေးမည်မဟုတ်ဘဲ ၎င်း၏ အစစ်အမှန် အနှစ်သရကို စုပ်ယူနိုင်မည် ဖြစ်သည်။

ဤလမ်းကြောင်းဖြင့် သူ ရှေ့ဆက်ပြီး ၎င်းကို ပိုမို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

မကြာမီမှာပင် ရှောင်လန်သည် ကုအန်၏ သင်ကြားမှုများတွင် နစ်မြောသွားတော့၏။ လိုဏ်ဂူကောင်းကင်ဘုံမှာ အချိန်၏ အနှောင့်အယှက် ကင်းမဲ့စွာဖြင့် အေးချမ်းသာယာသော အလှတရားနှင့်အတူ တည်ငြိမ်နေခဲ့သည်။

မြူခိုး အမတနန်းတော်ရှိ ကျယ်ဝန်းသော ရွှေရောင် ခန်းမကြီး တစ်ခုအတွင်း၌ လူငယ်ကျင့်ကြံသူ ရာပေါင်းများစွာ စုဝေးနေကြပြီး ထျန်ဟောင်လည်း သူတို့အထဲတွင် ပါဝင်၏။ လူအများအပြားက သူ့ကို လကိုရံထားသည့် ကြယ်များပမာ ဝိုင်းရံ၍ စကားပြောဆိုနေကြသည်။

"တာအိုဧကရာဇ် နေရာအတွက် ယှဉ်ပြိုင်ခွင့် ငါ နောက်ဆုံးတော့ ရခဲ့ပြီ..."

"နောက်နှစ်သန်းချီ ကြာရင် ငါတို့အလှည့် ရောက်လာမှာပဲ... အချိန်က နီးကပ်နေပြီ..."

"ထျန်ဟောင်က တကယ်ကို ထူးခြားတာပဲ... သူက မူလဘူတအနှောင်ဖွဲ့ကင်းအမတအဆင့်ကိုတောင် မကျော်ဖြတ်ရသေးဘဲနဲ့ တာအိုဧကရာဇ်အတွက် ယှဉ်ပြိုင်ခွင့် ရနေပြီ..."

"ဘိုးဘေးက သူ့ကို အရမ်း တန်ဖိုးထားတယ်လို့ ငါ ကြားထားတယ်..."

"အရမ်းကြီးလည်း ဝမ်းသာမနေကြနဲ့ဦး... တာအိုဧကရာဇ် လမ်းစဉ်က အင်မတန် ခက်ခဲကြမ်းတမ်းတယ်... ငါတို့တွေ အချင်းချင်း သတ်ဖြတ်ရတဲ့အထိ ဖြစ်သွားနိုင်တယ်..."

ခန်းမအတွင်းရှိ မြူခိုး အမတနန်းတော်မှ တပည့်များက တာအိုဧကရာဇ် ကိစ္စရပ်များကို ဆွေးနွေးနေကြသည်။

ထျန်ဟောင်ကမူ တိတ်ဆိတ်နေဆဲ ဖြစ်ပြီး တာအိုဧကရာဇ် ကိစ္စကို ကြေညာခဲ့သည့် အကြီးအကဲ၏ စကားများကို ပြန်လည်တွေးတောနေမိ၏။ ထိုအကြီးအကဲက သူ့အား မကောင်းသော ရည်ရွယ်ချက်ဖြင့် စောင့်ကြည့်နေသည်ဟု သူ အမြဲတမ်း ခံစားနေရသည်။

သူက မြူခိုး အမတနန်းတော်နှင့် တစ်သားတည်း ဖြစ်နေပြီ ဆိုသော်လည်း ဤနေရာတွင် မွေးဖွားခဲ့သူ မဟုတ်သဖြင့် မည်သူ့ကိုမျှ အပြည့်အဝ မယုံကြည်နိုင်စေရန် သူ၏ စိတ်ထဲတွင် အမြဲတမ်း အတားအဆီး တစ်ခု ရှိနေခဲ့သည်။

"တာအိုဧကရာဇ် အကြောင်း ပြောရမယ်ဆိုရင် ငါတို့ရဲ့ မြူခိုး အမတနန်းတော်က သမိုင်းတစ်လျှောက်မှာ တာအိုဧကရာဇ် အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့တယ်... ဘယ်တာအိုဧကရာဇ်က ပါရမီအမြင့်မားဆုံးလဲဆိုတာ မင်းတို့ သိကြလား..."

အပြာရောင်ဝတ် လူငယ်တစ်ဦး၏ စကားများက လူအများအပြား၏ အာရုံကို ဖမ်းစားသွားပြီး ထျန်ဟောင်ကိုလည်း ခေါင်းလှည့်ကြည့်လာစေ၏။

အပြာရောင်ဝတ် လူငယ်က လူအများ၏ အာရုံစိုက်မှုကို ကျေနပ်နေပုံရသည်။ သူက ချောင်းတစ်ချက်ဟန့်၍ ပြောလိုက်၏။ "သဘာဝကျကျပဲ ကျင်းလန် အမတစံအိမ်က ယုံရှန်းဧကရာဇ်ပေါ့..."

"သူက အမတဧကရာဇ် မျက်လုံးနဲ့ မွေးဖွားလာခဲ့ပြီး အမတနန်းတော် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်... အပြိုင်အဆိုင်ကင်းတဲ့ ပါရမီက ကံဆိုးမှုတွေကို ယူဆောင်လာတာလည်း ဖြစ်နိုင်တယ်... ကောင်းကင်ဘုံက တရားမျှတတဲ့အတွက် သူ့ရဲ့ အမတဧကရာဇ် မျက်လုံးကို လိုချင်တပ်မက်တဲ့ မိစ္ဆာတွေလည်း ရှိနေခဲ့တယ်... မြူခိုး အမတနန်းတော်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့အတွက် သူ့မိဘတွေရဲ့ အသက်တွေ ပေးဆပ်လိုက်ရတယ်... သူ့ကို ကာကွယ်ဖို့အတွက် မြူခိုး အမတနန်းတော်က သူ့ကို လင်တောင်ဆီ ပို့လိုက်ရတယ်... ယုံရှန်းဧကရာဇ်က လင်တောင်ရဲ့ အစစ်အမှန်တဲ့ အဆုံးမတွေကို အမွေဆက်ခံခဲ့ပြီး ကောင်းကင်ဗုဒ္ဓရဲ့ တိုက်ရိုက်တပည့် ဖြစ်လာခဲ့တယ်... မဟာတာအို လမ်းစဉ်ပေါ် သူ စတင်လျှောက်လှမ်းချိန်မှာ ယှဉ်နိုင်သူ မရှိတော့ဘဲ မယုံကြည်နိုင်လောက်အောင် တိုတောင်းတဲ့ အချိန်အတွင်းမှာတင် တာအိုဧကရာဇ် ဖြစ်လာခဲ့တယ်..."

ယုံရှန်းဧကရာဇ်။

အမတဧကရာဇ် မျက်လုံး။

ထျန်ဟောင် ဤအမည်ကို ကြားဖူးထားပြီး လွန်ခဲ့သော အချိန်များစွာက အထွတ်အထိပ် ပါရမီရှင်တစ်ဦး ဖြစ်သည်ဟု ဆိုကြ၏။ စီနီယာ အတော်များများက ပါရမီရှင် တပည့်များကို ဖိအားပေးရန်အတွက် ယုံရှန်းဧကရာဇ်၏နာမည်ကို အသုံးပြုလေ့ရှိကြောင်း သူ ကြားဖူးထားသည်။

သို့သော်လည်း ယုံရှန်းဧကရာဇ်၏ လုပ်ဆောင်ချက်များကို ပိုမို သိရှိရန် မေးမြန်းသောအခါ လွန်လွန်ကျွံကျွံ မစူးစမ်းရန် သတိပေးခံခဲ့ရသည်။

ယုံရှန်းဧကရာဇ်က မြူခိုး အမတနန်းတော်အတွင်း တားမြစ်ချက်တစ်ခု ဖြစ်နေပုံရ၏။

"ဒီလောက် အစွမ်းထက်တဲ့ ယုံရှန်းဧကရာဇ်က ဘာလို့ သေဆုံးသွားရတာလဲ..." တစ်စုံတစ်ယောက်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

အပြာရောင်ဝတ် လူငယ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်၏။ "သူက အသတ်ခံရလို့ သေသွားတာ မဟုတ်ဘူး... ဒဏ္ဍာရီလာ အမတနတ်ဘုရားတွေတောင် သူ့ကို ဘာမှမလုပ်နိုင်ခဲ့ဘူး... သူက ချစ်ရသူအတွက် အကြောင်းအကျိုး မြစ်ထဲကို ဝင်ရောက်သွားခဲ့တာ... သူ တကယ်ပဲ သေဆုံးသွားလား ဆိုတာတော့ ဘယ်သူမှ မသိကြဘူး... တကယ်တော့ နန်းတော်ထဲက ဘိုးဘေး အတော်များများက သူ ပြန်လာမယ့်အချိန်ကို မျှော်လင့်နေကြတုန်းပဲ... ကောင်းကင်ဗုဒ္ဓရဲ့ စီစဉ်ညွှန်ကြားမှုကြောင့် လင်တောင်က တပည့်တွေကို လေ့ကျင့်ဖို့အတွက် အကြောင်းအကျိုး မြစ်ဆီကို ရံဖန်ရံခါ စေလွှတ်လေ့ရှိတယ်လို့ ဆိုကြတယ်... ယုံရှန်းဧကရာဇ်က ကောင်းကင်ဗုဒ္ဓရဲ့ အချစ်ရဆုံး တပည့်ပဲလေ..."

"မဟာကမ္ဘာတစ်ထောင်ရဲ့ အလွန်မှာရှိတဲ့ အထွတ်အထိပ် တည်ရှိမှု တစ်ခုဖြစ်တဲ့ ကောင်းကင်ဗုဒ္ဓကတောင် ယုံရှန်းဧကရာဇ်ကို တမ်းတနေဆဲပဲလေ... သူ့ရဲ့ အံ့မခန်း ပါရမီက ဘယ်လောက်တောင် ကြီးမားမလဲဆိုတာ တွေးကြည့်ပေါ့..."

ဤစကားများကြောင့် ဝန်းရံနေသော တပည့်များက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြပြီး ယုံရှန်းဧကရာဇ်အကြောင်းကို စိတ်ကူးယဉ်လာကြတော့သည်။

ထျန်ဟောင်ပင်လျှင် ယုံရှန်းဧကရာဇ်၏ ခမ်းနားမှုအပေါ် မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။

"နေပါဦး... နင်က ဒီဟာတွေကို ဘယ်လိုလုပ်ပြီး သည်လောက်တောင် သိနေရတာလဲ..." မိန်းကလေး တပည့်တစ်ဦးက ရုတ်တရက် မေးလိုက်သဖြင့် လူတိုင်းက အပြာရောင်ဝတ် လူငယ်ကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြ၏။

အပြာရောင်ဝတ် လူငယ်ကို သိကျွမ်းသူများမှာ ပို၍ပင် နားမလည်နိုင် ဖြစ်သွားကြသည်။

အပြာရောင်ဝတ် လူငယ်က အပြုံးတစ်ခုကို ထိန်းသိမ်းထားသော်လည်း ၎င်းက တဖြည်းဖြည်းနှင့် ပိုမို ကြောက်မက်ဖွယ်ကောင်းလာ၏။

"ဘာလို့လဲဆိုတော့ ငါ သူ့ကို တွေ့ဖူးပြီးတော့ သူ့ကို ကူညီပေးခဲ့ဖူးလို့လေ..."

အပြာရောင်ဝတ် လူငယ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ရာ သူ့ဘေးရှိလူများကို ပို၍ပင် ထူးဆန်းသော အမူအရာများ ဖြစ်သွားစေသည်။

ထျန်ဟောင်က တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး မျက်မှောင်ကြုတ်ကာ တိတ်တဆိတ် နောက်ဆုတ်လိုက်၏။

ရုတ်တရက် အပြာရောင်ဝတ် လူငယ်က အနက်ရောင် မြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားပြီး လျင်မြန်စွာ ပြန့်နှံ့သွားရာ ဝန်းရံနေသော တပည့်များမှာ သူတို့၏ မှော်လက်နက်များကို ခုခံကာကွယ်ရန် ကိုင်ဆောင်ရင်း နောက်ဆုတ်သွားကြသည်။

"ကလေးလေးတို့... ငါက ယုံရှန်းဧကရာဇ်ရဲ့ လက်အောက်က ရွှမ်မိစ္ဆာဧကရာဇ်ပဲ... ငါက တာအိုဧကရာဇ် တစ်ပါးလည်း ဖြစ်တယ်... ဒီနေ့ မင်းတို့ထဲက တစ်ယောက်တည်းပဲ အသက်ရှင်ခွင့်ရမယ်... ပြီးတော့ အသက်ရှင်ကျန်ရစ်သူက တာအိုဧကရာဇ် နေရာအတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်..."

အပြာရောင်ဝတ် လူငယ်၏ အသံက ပဲ့တင်ထပ်သွားသော်လည်း သူ၏ လေသံက ကျောချမ်းဖွယ်ကောင်းအောင် ပြောင်းလဲသွား၏။

ဂျိမ်း...

နန်းတော်တစ်ခုလုံး တုန်ခါလာပြီး ထျန်ဟောင်၏ မျက်နှာအမူအရာကလည်း သိသိသာသာ ပြောင်းလဲသွားကာ ခန်းမအပြင်ဘက်မှ လွှမ်းမိုးထားသော ဖိနှိပ်မှုတစ်ခုကို သူ ခံစားလိုက်ရသည်။

သူတို့တွင် လွတ်မြောက်ရန် လမ်းစမရှိတော့ချေ။

ဘာတွေ ဖြစ်ကုန်တာလဲ....

ရန်သူများ ကျူးကျော်လာခြင်းလား သို့မဟုတ် မြူခိုး အမတနန်းတော်၏ အစီအစဉ်တစ်ခုလား။

ထျန်ဟောင်က သူ၏ တာအိုရတနာ သုံးပါးကို ထုတ်ယူလိုက်ပြီး အနက်ရောင် မြူခိုးများကို သတိကြီးစွာဖြင့် စောင့်ကြည့်လိုက်ရာ ၎င်းအတွင်း၌ လမ်းလျှောက်နေသော လူတစ်ဦး၏ ပုံရိပ်ကို ဝိုးတဝါး မြင်လိုက်ရ၏။

အခန်း ၇၀၄ ဖန်ဆင်းခြင်း လမ်းစဉ်ကို ပုံရိပ်ထင်ဟပ်ခြင်း

"ရွှမ်မိစ္ဆာဧကရာဇ်..."

သက်တမ်းတာအိုနယ်မြေတွင် သစ်ပင်အောက်၌ လှဲလျောင်းကာ စာဖတ်နေသော ကုအန်က ဤအမည်ကို ရေရွတ်လိုက်၏။

သူက ယုံရှန်းဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံထားသဖြင့် ရွှမ်မိစ္ဆာဧကရာဇ်ကို သဘာဝကျကျပင် မှတ်မိနေသည်။

ရွှမ်မိစ္ဆာဧကရာဇ်သည် ယုံရှန်းဧကရာဇ်၏ အစွမ်းအထက်ဆုံး လက်အောက်ငယ်သား ဖြစ်ပြီး ကောင်းကင်ခိုးယူသူ အမတဂိုဏ်းကို စီမံခန့်ခွဲရာတွင်နှင့် ယောင်ရွှမ် နတ်မိမယ်ကို ရှာဖွေရာတွင် ကူညီပေးခဲ့သူ ဖြစ်၏။

သို့သော်လည်း ယုံရှန်းဧကရာဇ်က ရွှမ်မိစ္ဆာဧကရာဇ်၏ တားဆီးမှုကို လျစ်လျူရှုကာ ယောင်ရွှမ် နတ်မိမယ်ကို ရှာဖွေရန်အတွက် ကောင်းကင်ခိုးယူသူ အမတဂိုဏ်းမှ ထွက်ခွာသွားပြီး ရွှမ်မိစ္ဆာဧကရာဇ်ကိုပင် ဒဏ်ရာရစေခဲ့ပြီးချိန်မှစ၍ သူတို့ နှစ်ယောက်သည် ထာဝရ လမ်းခွဲခဲ့ကြသည်။

မထင်မှတ်ဘဲ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ရွှမ်မိစ္ဆာဧကရာဇ်က သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်၏။

မြူခိုး အမတနန်းတော်က ဤပါရမီရှင်များအုပ်စုအတွက် အကျပ်အတည်းများ ဖန်တီးရန်၊ သူတို့ကို အချင်းချင်း တိုက်ခိုက်စေရန် တွန်းအားပေးရန်နှင့် နောက်ဆုံးတွင် မြူခိုး အမတနန်းတော်က ဝင်ရောက်စွက်ဖက်ကာ သူ့ကို နှင်ထုတ်ရန်အတွက် ရွှမ်မိစ္ဆာဧကရာဇ်ကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း သူ တွက်ချက်မိလိုက်သည်။

မြူခိုး အမတနန်းတော်သည် မိစ္ဆာဂိုဏ်းတစ်ခု မဟုတ်ချေ။ တပည့်များကို အချင်းချင်း သတ်ဖြတ်ခွင့်ပြုခြင်းက လက်ခံနိုင်စရာ မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ဤတပည့်များသည် မတူညီသော အမတစံအိမ်များမှ လာကြခြင်းဖြစ်ပြီး သူတို့၏ ဆွေမျိုးများကလည်း နန်းတော်အတွင်း၌ ရှိနေသောကြောင့် ဖြစ်သည်။

အကယ်၍ သူတို့သာ အချင်းချင်း အပြန်အလှန် သတ်ဖြတ်ကြမည်ဆိုလျှင် မုန်တိုင်းတစ်ခု သေချာပေါက် ပေါ်ပေါက်လာမည်ဖြစ်ပြီး အာဏာအပြောင်းအလဲများကိုပင် ဖြစ်ပေါ်စေနိုင်၏။

ကုအန်က သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ အမှန်ပင် နေရာတိုင်း၌ အမှောင်ထုဆိုသည်က ရှိနေတတ်သည်။

ထျန်ဟောင်၏ လက်ရှိစွမ်းရည်ဖြင့် တာအိုရတနာကို အားကိုးလျှင်တောင်မှ နောက်ဆုံးအထိ အသက်ရှင်ကျန်ရစ်ရန် ခက်ခဲပေလိမ့်မည်။ ထိုခန်းမအတွင်းရှိ ပါရမီရှင်များက အားနည်းသူများ မဟုတ်ကြပေ။

မြူခိုး အမတနန်းတော်၏ တပည့်များက ရွှမ်မိစ္ဆာဧကရာဇ်၏ စကားများကို နားမထောင်ကြဘဲ သူ့ကို ပူးပေါင်းတိုက်ခိုက်ရန် စတင်လိုက်ကြ၏။

ရွှမ်မိစ္ဆာဧကရာဇ်၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်ဖွင့် တာလော့အမတ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤပါရမီရှင်များအုပ်စုက ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။

မကြာမီမှာပင် ပါရမီရှင်တပည့်အားလုံး ဖိနှိပ်ခံလိုက်ရသည်။

ရွှမ်မိစ္ဆာဧကရာဇ်က သူ၏ နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်၍ အချိန်နှင့် ဟင်းလင်းပြင်ကို ဖယ်ကြဉ်လိုက်ရာ ဤနေရာတွင် နှစ်တစ်ထောင် သို့မဟုတ် တစ်သောင်း ကုန်ဆုံးသွားလျှင်တောင်မှ အပြင်ဘက်တွင် အသက်ရှူချိန် အနည်းငယ်သာ ကုန်ဆုံးမည်ဖြစ်ရာ ယင်းကမြူခိုး အမတနန်းတော်၏ တပည့်များကို မျှော်လင့်ချက် ကင်းမဲ့သွားစေသည်။

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ကျန်တပည့်များကို စတင်တိုက်ခိုက်တော့၏။ တစ်ယောက်က ဦးဆောင်လိုက်သည်နှင့် သတ်ဖြတ်ခြင်းက သဘာဝကျကျပင် ပေါက်ကွဲထွက်လာတော့သည်။

ထျန်ဟောင်က သတ်ဖြတ်ပွဲတွင် တက်ကြွစွာ မပါဝင်ဘဲ အခြားတပည့်များကို သတိကြီးစွာဖြင့် ရှောင်ရှားနေခဲ့သော်လည်း တစ်စုံတစ်ယောက်က သူ့ကို လိုက်ရှာနေဆဲ ဖြစ်သည်။

မြူခိုး အမတနန်းတော်သည် တစ်စုံတစ်ရာ နှိုးဆွမှုကို ခံလိုက်ရပုံပေါ်ပြီး တိုက်ခိုက်ရေးစွမ်းအားကို ပိုမိုလျင်မြန်စွာ ပြုစုပျိုးထောင်လိုသဖြင့် တပည့်များ၏ ကျင့်ကြံခြင်းကို အရှိန်မြှင့်တင်နေပုံရ၏။

ဤအရာ၏ နောက်ကွယ်မှ အကြောင်းရင်းကို ကုအန် တွက်ချက်၍ မရနိုင်ခဲ့ချေ။

အကယ်၍ သူ တွက်ချက်၍မရသော အရာတစ်ခုခု ရှိနေပါက ဆယ်ကြိမ်တွင် ကိုးကြိမ်သည် ကောင်းကင်နန်းတော်နှင့် ပတ်သက်ဆက်နွှယ်နေတတ်သည်။

မြူခိုး အမတနန်းတော်သည် မဟာကမ္ဘာအတွင်း၌ မရှိသော်လည်း နန်းတော်မှ အမတနတ်ဘုရား အများအပြား ထွက်ပေါ်လာခဲ့သဖြင့် ကောင်းကင်နန်းတော်အတွင်းရှိ ကောင်းကင်ဧကရာဇ်၏ အားပြိုင်မှုများကြောင့် ၎င်းပါဝင်ပတ်သက်လာရသည်ဟု ခန့်မှန်းရခြင်းက ယုတ္တိတန်ပေသည်။

ကုအန်က ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိပေ။ ထျန်ဟောင်သည် အစွမ်းအထက်ဆုံး မဟုတ်သော်လည်း သူက အသက်ရှင်ကျန်ရစ်ရန် ကံကြမ္မာ ပါလာသူ ဖြစ်၏။

ထျန်ဟောင်သည် ကောင်းကင်သားတော် ပြန်လည်ဝင်စားသူ ဖြစ်သောကြောင့် မြူခိုး အမတနန်းတော်ရှိ အာဏာကြီးမားသူများက ရွှမ်မိစ္ဆာဧကရာဇ်ကို သတိပေးကြလိမ့်မည် ဖြစ်သည်။

အမှန်ပင် ထျန်ဟောင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားချိန်တွင် ရွှမ်မိစ္ဆာဧကရာဇ်က ဝင်ရောက်စွက်ဖက်ကာ သူ့ကို ပို့ဆောင်ပေးခဲ့၏။

ဤတိုက်ပွဲကြီးသည် နတ်ဘုရားစွမ်းအင် ပုံရိပ်ယောင်နယ်မြေအတွင်း၌ အချိန်အတန်ကြာ ဆက်လက်ဖြစ်ပွားနေခဲ့သော်လည်း လက်တွေ့တွင်မူ တစ်ခဏမျှသာ ဖြစ်သည်။

ထျန်ဟောင် အန္တရာယ်ကင်းကြောင်း မြင်တွေ့လိုက်ရသောအခါ ကုအန်က သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်၏။

သူသည် စာဖတ်နေရုံသာမက မူလဘူတ တာအိုဧကရာဇ်၏ ကံတရားကိုလည်း စုစည်းနေခဲ့သည်။

မူလဘူတ တာအိုဧကရာဇ် တည်ရှိလာစေရန်အတွက် ကျင့်ကြံသူများ ရရှိနိုင်ပြီး ထိန်းချုပ်နိုင်သည့် အမှန်တကယ် တည်ရှိသော ကံတရားတစ်ခုကို ဖန်တီးရမည် ဖြစ်၏။

ဤအတွက် သူသည် ကံကြမ္မာလမ်းစဉ်ကို နားလည်သဘောပေါက်ရန် သူ၏ သက်တမ်းကို ငါးကြိမ်တိုင်တိုင် ပုံရိပ်ထင်ဟပ်စေစေခဲ့သည်။

သူ၏ သက်တမ်း ပုံရိပ်ထင်ဟပ်ခြင်းတိုင်းက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာတွင် သူ၏ ဝင်စားခြင်း ခန္ဓာကိုယ်ကို ပေါ်ပေါက်လာစေလိမ့်မည် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဤဝင်စားခြင်း ခန္ဓာကိုယ်များသည် ကျော်ကြားသော အမွေအနှစ်များကို ချန်ထားရစ်ခဲ့ခြင်း မရှိဘဲ ခေတ်ကာလ၏ အထွတ်အထိပ် ပါရမီရှင်အချို့အတွက် ထာဝရ မမေ့နိုင်စရာ ရှုံးနိမ့်မှု စိတ်ဒဏ်ရာအဖြစ်သာ ကျန်ရစ်ခဲ့၏။

သက်တမ်း ပုံရိပ်ထင်ဟပ်ခြင်း တစ်ခုစီအတွက် နှစ်သန်းပေါင်းများစွာ လိုအပ်၏။ ငါးကြိမ်တိုင်တိုင် အသုံးပြုပြီးနောက်တွင် ကုအန်၏ ကံကြမ္မာလမ်းစဉ်မှာ လုံးဝအသစ်ဖြစ်သော နယ်ပယ်တစ်ခုသို့ လှမ်းတက်သွားတော့သည်။

ဖြတ်လမ်းနည်းတွေ ရှိရင်တော့ အရာရာက ပိုလွယ်ကူတာ သေချာတာပေါ့...

သက်တမ်း ပုံရိပ်ထင်ဟပ်ခြင်း ငါးကြိမ် ပြုလုပ်ပြီးနောက် မူလဘူတ တာအိုဧကရာဇ်၏ ကံတရားကို စုစည်းရခြင်းက ခက်ခဲခြင်း မရှိတော့ကြောင်း ကုအန်က သူ့ကိုယ်သူ တွေးလိုက်သည်။

ဤလုပ်ငန်းစဉ်က မူလဘူတ တာအိုဧကရာဇ်၏ ကျင့်ကြံခြင်းကို တိုးတက်စေရုံသာမက သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းအဆင့်ကိုပါ မြင့်တက်လာစေခဲ့၏။

ကုအန်က စာအုပ်များထဲတွင် ဆက်လက်နစ်မြောနေပြီး ကံတရားကို ဖန်တီးရာတွင် အာရုံစိုက်နေခဲ့သည်။

နေဝင်ဆည်းဆာ အချိန်ရောက်မှသာ သူ မတ်တတ်ရပ်လိုက်၏။

သူ နေထိုင်ရာ တောင်ထွတ်ဆီသို့ လျှောက်သွားရင်း သူ၏ ညာဘက်လက်ကို မြှောက်လိုက်သည်။ လေစီးကြောင်းများက သူ၏ လက်ဖဝါးကို ဝန်းရံနေပြီး လေ၏ ပံ့ပိုးမှုဖြင့် မီးတောက်များ ယိမ်းနွဲ့နေသော ရေစီးကြောင်းများနှင့် တူနေ၏။

ဤသည်ကား မူလဘူတ တာအိုဧကရာဇ်၏ ကံတရားပင် ဖြစ်သည်။

ကြည့်ရသည်မှာ နူးညံ့ပုံရသော်လည်း အမှန်တကယ်တွင်မူ စွမ်းအားလမ်းစဉ်၏ ကြမ်းတမ်းသော ခွန်အားများ စိမ့်ဝင်နေ၏။

ကုအန်က အကြိမ်ကြိမ် စဉ်းစားပြီးနောက် မူလဘူတ တာအိုဧကရာဇ်အတွင်းသို့ ကြမ်းတမ်းမှု သဘောသဘာဝကို ထည့်သွင်းရန် ဆုံးဖြတ်လိုက်သည်။

သန်မာသော ခွန်အားကြောင့် နာမည်ကျော်ကြားသည့် မူလဘူတ တာအိုဧကရာဇ်။

တွေးကြည့်ရုံမျှဖြင့်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းနေ၏။

ပိုမိုကြီးမားသော ခွန်အား အခြေခံအုတ်မြစ်ဖြင့် မတူညီသော မဟာတာအိုများကို ကျင့်ကြံမည့် မူလဘူတ တာအိုဧကရာဇ်သည် အမျိုးမျိုးသော ဖန်ဆင်းခြင်းများနှင့် ဦးတည်ချက်များကို ရရှိနိုင်မည် ဖြစ်သည်။

ကုအန် သူ၏ ခြံဝင်းအတွင်းသို့ ရောက်ရှိသွားချိန်တွင် သူ၏ လက်ထဲရှိ မူလဘူတ တာအိုဧကရာဇ်၏ ကံတရားမှာ အစစ်အမှန်သဏ္ဌာန် ဖြစ်ပေါ်နေပြီး နဂါးတစ်ကောင်ကဲ့သို့ လိမ်ယှက်နေ၏။

လက်နက်သန့်စင် မီးဖိုကြီးရှေ့တွင် တရားထိုင်နေသော ရှန်းကျန်က လှည့်ကြည့်လာသည်။ ထိုအခါ ကုအန်က သူ၏ လက်ထဲရှိ ကံတရားကို ဖျောက်ဖျက်လိုက်၏။

"ခုနက ရှင့်လက်ထဲက အရာက ဘာကြီးလဲ..." ရှန်ကျန်းက စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

ကုအန်က ပြုံးလိုက်၏။ "မှော်အတတ်လေး နည်းနည်းပါ... မင်း ဒီနေရာမှာ ထိုင်နေတာ နှစ်တစ်ထောင် ရှိနေပြီ... အပြင်ထွက် လမ်းမလျှောက်ချင်ဘူးလား..."

နောင်တစ်ချိန်တွင် သူမကို လမ်းစဉ်ထဲသို့ ခေါ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် မူလဘူတ တာအိုဧကရာဇ်၏ အငွေ့အသက် အနည်းငယ်ကို ရှန်းကျန်ထံ တမင်သက်သက် ထုတ်လွှတ်ပြလိုက်ခြင်း ဖြစ်၏။

မကြာသေးမီက ရှန်းကျန်သည် အကြောင်းအကျိုး လမ်းစဉ်ကို နားလည်သဘောပေါက်ရန် ကြိုးစားရာတွင် အတားအဆီး တစ်ခုနှင့် ရင်ဆိုင်နေရပြီး တောင်တန်းများနှင့် မြစ်များဆီသို့ပင် မသွားတော့ဘဲ တစ်နေကုန် ဤနေရာရှေ့တွင်သာ တရားထိုင်နေခဲ့၏။

လက်နက်ရတနာ ဖိုကြီးအတွင်း၌ အကြောင်းအကျိုး လမ်းစဉ် ပါဝင်သော တာအိုရတနာတစ်ခု ရှိနေသောကြောင့် သူမက ဤနေရာတွင် ထိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

"သင့်တော်တဲ့ အနားယူမှုက ဉာဏ်လင်းရဖို့ အထောက်အကူ ဖြစ်တယ်လို့ လာမပြောနဲ့... ကျွန်မ အဲဒါကို မယုံတော့ဘူး..." ရှန်းကျန်က ပါးလေးဖောင်းကာ ပြောရင်း ကုအန်ကို စိုက်ကြည့်လိုက်သည်။

ကုအန် အမှန်တကယ်ပင် ထိုသို့သော စကားမျိုး ထပ်မပြောရဲတော့ချေ၊ အရင်က တာအိုကို ဖန်တီးရာတွင် အတားအဆီးနှင့် ကြုံတွေ့ခဲ့ရစဉ်က အဆင်မပြေမှုက အမှန်တကယ်ပင် ခံစားရခက်လွန်းလှသဖြင့် သူက အနည်းငယ် ဖွင့်ဟပြရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

တစ်ခဏမျှ စကားစမြည် ပြောပြီးနောက် ကုအန်က သူ၏ အိမ်ထဲသို့ တစ်ယောက်တည်း ပြန်ဝင်သွားသည်။

ထို့နောက် သူက မူလဘူတ တာအိုဧကရာဇ်အတွက် တာအိုသက်သေပြခြင်း လမ်းစဉ်ကို မည်သည့်နေရာတွင် ထားရှိရမည်ကို စဉ်းစားရန် ပြင်ဆင်လိုက်၏။

မူလဘူတ တာအိုဧကရာဇ် ဖြစ်လာရန် အမြဲတမ်း သူ့ရှေ့သို့ လာရောက်ရန် မလိုအပ်ချေ၊ ထိုသို့ဆိုလျှင် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှုကို အလွန်အမင်း ကန့်သတ်လိုက်ရာ ရောက်ပေမည်။

တာအိုဧကရာဇ်က ဧကရာဇ်လမ်းစဉ်ကို မဟာတာအို လမ်းစဉ်ပေါ်တွင် ထားရှိခြင်းက ကောင်းမွန်သော လမ်းညွှန်မှုတစ်ခု ဖြစ်၏။ မဟာတာအို လမ်းစဉ်သည် မဟာတာအို သုံးထောင်၏ ဆုံမှတ်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများ မရှိသလို ကောင်းကင်နန်းတော်ကပင် ၎င်းကို မထိန်းချုပ်နိုင်သဖြင့် ကျင့်ကြံသူများအား ပိုမို လွတ်လပ်ခွင့် ပေးထားသည်။

မူလဘူတ တာအိုဧကရာဇ်အတွက် တာအိုသက်သေပြခြင်း လမ်းစဉ်ကို မဟာတာအို လမ်းစဉ်ပေါ်တွင်လည်း သူ ထားရှိနိုင်သည်။

၎င်းကို မူလဘူတ ဧကရာဇ်လမ်းစဉ် ဟု ခေါ်ပေမည်။

ဧကရာဇ်လမ်းစဉ် ဆိုသည်ထက် စကားလုံး လေးလုံး ပိုထည့်လိုက်ခြင်းက ပို၍ ဆွဲဆောင်မှု ရှိစေ၏။

ကုအန် ချက်ချင်း လက်တွေ့မလုပ်သေးဘဲ သူ၏ သက်တမ်းကို ဆက်လက် ပုံရိပ်ထင်ဟပ်ရန် ရွေးချယ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက ဖန်ဆင်းခြင်း မဟာတာအိုကို မြှင့်တင်ရန် ရည်ရွယ်ထား၏။

မရှိသင့်သော အရာများကို လက်တွေ့ဘဝသို့ ပြောင်းလဲရန်နှင့် ၎င်းတို့ကို အချိန်ကြာမြင့်စွာ တည်ရှိနေစေရန်အတွက် ဖန်ဆင်းခြင်း မဟာတာအိုက အရေးအကြီးဆုံး ဖြစ်သည်။

ဖန်ဆင်းခြင်း မဟာတာအို မရှိဘဲ မည်သည့် ဖန်ဆင်းခြင်းကိုမျှ ပြုလုပ်နိုင်မည် မဟုတ်ချေ။

မဟာကမ္ဘာ သုံးထောင်ဆီသို့ နောက်တစ်ကြိမ် ပုံရိပ်ထင်ဟပ်လိုက်ရာ ကုအန်မှာ အတွေ့အကြုံ ရှိနေပြီ ဖြစ်သဖြင့် လုပ်ငန်းစဉ်အပေါ် စိတ်ဝင်စားမှု မရှိတော့ဘဲ ရလဒ်ကိုသာ စောင့်မျှော်နေတော့၏။

...

နှင်းပွင့်များ လွင့်ဝဲနေပြီး ချမ့်ခွန်းဂိုဏ်း၏ ကျယ်ပြောလှသော တောင်တန်းများနှင့် မြစ်များကို ဖုံးလွှမ်းသွားသည်။

ခန်းမကြီး တစ်ခုအတွင်း၌ ရီချင်းရှန်၊ လင်ချန်နှင့် အခြား ချမ့်ခွန်းဂိုဏ်းမှ အဆင့်မြင့် ခေါင်းဆောင်များက အလွန် ချောမောသော အဝါရောင်ဝတ် တပည့်တစ်ဦးကို ဝိုင်းရံထားကြ၏။.

ဤသူကား ဖရိုဖရဲ နာကြည်းချက် လော့ ပြန်လည်ဝင်စားလာသည့် ယွမ်လော့ ပင် ဖြစ်သည်။

ယနေ့တွင် ယွမ်လော့က သူသည် ကမ္ဘာပေါ်တွင် အတော်ဆုံး ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း သက်သေပြခဲ့ပြီး ချမ့်ခွန်းဂိုဏ်း၏ ဂုဏ်ယူစရာလည်း ဖြစ်နေခဲ့သည်။

"ချန်မင် ဆန်းကြယ်ပင်လယ်ဆီ သွားတဲ့ ခရီးစဉ်ကနေ မင်း တစ်ခုခု ရခဲ့လား..." ရီချင်းရှန်က သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ကြင်နာသော မျက်နှာဖြင့် မေးလိုက်၏။

ယွမ်လော့ ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသဖြင့် ရီချင်းရှန်က ယွမ်လော့သည် သူ၏ ဘဝတွင် အကြီးမားဆုံး ဂုဏ်ယူစရာဟု ခံစားနေရသည်။

ထျန်ဟောင်ကို ပြောရမည်ဆိုလျှင် သူက ဝူရှီ မှ ဖြစ်ပြီး ယွမ်လော့ကိုမူ ချမ်ခွန်းဂိုဏ်းက အပြည့်အဝ ပြုစုပျိုးထောင်ပေးခဲ့ကာ ဝူရှီနှင့် မည်သို့မျှ မသက်ဆိုင်ပေ။

အခြားသူများကလည်း ယွမ်လော့ကို သဘောကျစွာ ပြုံးပြကြပြီး သူ့အပေါ် ပိုမို ကျေနပ်အားရလာကြ၏။

ဂိုဏ်းချုပ်၏ အမေးကို ကြားသောအခါ ယွမ်လော့၏ မျက်နှာက မှုန်ကုပ်သွားပြီး သွားကြိတ်ကာ ပြောလိုက်သည်။ "ကျွန်တော့်ထက် ကျင့်ကြံခြင်းအဆင့် မမြင့်တဲ့ သူတစ်ယောက်ဆီမှာ ကျွန်တော် ရှုံးခဲ့တယ်..."

ဤစကားကြောင့် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။

All Chapters