အခန်း (၇၀၉-၇၁၀)
Vol. 59 Ch. 709-710
အခန်း ၇၀၉ အရှိန်အဟုန် အသစ်
အမှောင်ထု ဟင်းလင်းပြင်အတွင်း တောက်ပသော လပြည့်ဝန်း၏ ရှေ့တွင် ခရမ်းရောင် တိမ်တိုက်များ လွင့်မျောနေပြီး တိမ်တိုက်များအထက်သို့ ထိုးထွက်နေသော ချောက်ကမ်းပါးထိပ်၌ အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုတစ်ဦး ထိုင်နေ၏။
သူ၏ ဆံပင်များက ဖြူဖွေးနေသော်လည်း မျက်နှာက နုပျိုနေကာ သူ၏ ဦးခေါင်းအနောက်တွင် အလင်းကွင်း နှစ်ကွင်း လွင့်မျောနေပြီး အရောင်များ အဆက်မပြတ် ပြောင်းလဲနေကာ လှပပြီး ဆွဲဆောင်မှု ရှိနေသည်။
သူက မျက်လုံးများကို ဖွင့်၍ လက်ချောင်းများကို ချိုးကာ တွက်ချက်လိုက်ရာ သူ၏ အမူအရာက ထူးဆန်းသွားတော့၏။
သူက အဆက်မပြတ် စတင် တွက်ချက်နေသော်လည်း ကံမကောင်းစွာဖြင့် မည်သို့ပင် တွက်ချက်စေကာမူ သူ၏ နှလုံးသားထဲရှိ ရှုပ်ထွေးမှုများကို မဖြေရှင်းနိုင်ခဲ့ချေ။
ရုတ်တရက် သူ၏ နောက်ကွယ်တွင် ပုံရိပ်တစ်ခု ပေါ်လာ၏။ သွေးရောင် သံချပ်ကာကို ဝတ်ဆင်ထားသော ကောင်းကင်နတ်ဘုရား တစ်ပါးဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်နှင့်အတူ ဆံပင်ဖြူများက လွင့်ဝဲနေကာ သူ၏ နဖူးပေါ်တွင် သွေးရောင် ပန်းပွင့် ပုံသဏ္ဌာန် အမှတ်အသား တစ်ခု ရှိနေသည်။
သူကား ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရား ဖြစ်သည်။
သူတွင် လုံရှင်း ဧကရာဇ်၏ မြေးဖြစ်သော လုံမျဲ့ ဟူသည့် အခြား ရပ်တည်မှုတစ်ခုလည်း ရှိနေသေး၏။
ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက ထိုသူကိုဦးညွှတ်၍ လက်ကို မြှောက်ကာ အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုကို အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။ "ဆရာ... တပည့် လာတွေ့တာပါ..."
"ဘယ်နှနှစ်တောင် ရှိသွားပြီလဲ... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ... အဲဒီ တည်ရှိမှုအတွက် ဓမ္မခန္ဓာကိုယ်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီ ထင်တယ်..." အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက ပြန်ဖြေလိုက်သည်။ "တာဝန်အရပါ... ကောင်းကင်အမိန့်တော်ကို ဖီဆန်လို့ မရဘူးလေ..."
"ကောင်းကင်အမိန့်တော်ကို ဖီဆန်လို့ မရဘူး ဟုတ်လား... အမှန်ပဲ... ဖီဆန်လို့ မရဘူး..."
အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက မတ်တတ်ရပ်၍ ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားကို လှည့်ကြည့်ကာ အထက်အောက် စုန်ဆန်ကြည့်ရှုလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ကျေနပ်အားရသည့် အရိပ်အယောင်များ ပေါ်လာ၏။
"မင်းရဲ့ တာအိုကျင့်ကြံမှုက မဆိုးဘူး...ဒါက မင်း အချိန်မဖြုန်းခဲ့ဘူးဆိုတာကို သက်သေပြနေတာပဲ... ငါ့ရဲ့ ပြုစုပျိုးထောင်ပေးမှုနဲ့ မတန်တာမျိုး မဟုတ်ဘူး..." အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ပြုံးလိုက်သည်။
ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက ပြန်ဖြေလိုက်၏။
"ဆရာက တပည့်ကို ပြုစုပျိုးထောင်ပေးခဲ့တာထက် ပိုပါတယ်... ဆရာသာ မရှိခဲ့ရင် ကျွန်တော် သေနေတာ ကြာလှပေါ့..."
အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက ခေါင်းခါ၍ အမှောင်ထု ဟင်းလင်းပြင်ဆီသို့ ပြန်လှည့်ကြည့်လိုက်စဉ် ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက သူ့ကို စူးစိုက်ကြည့်နေခဲ့သည်။
"တပည့်... မင်းရဲ့ ပါရမီက ထူးခြားတယ်... အမတနတ်ဘုရားတွေတောင် ယှဉ်နိုင်ဖို့ ခက်ခဲတဲ့ ပါရမီတွေကို ပိုင်ဆိုင်ထားတယ်... အခုကစပြီး မင့်ရဲ့ သတ်ဖြတ်ချင်တဲ့ ဆန္ဒကို ထိန်းချုပ်ထားစရာ မလိုတော့ဘူး..."
အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက တိုးညှင်းစွာ ပြောလိုက်ပြီး သူ၏ မျက်ဆန်များအတွင်း ကြီးမားသော ပေါက်ကွဲမှုကြီးများ၏ အရိပ်အယောင်များ တဖျပ်ဖျပ် လင်းလက်နေ၏။
ထိုစကားကို ကြားသောအခါ ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။ "အချိန်ကျပြီလို့ ဆရာ ထင်လို့လား..."
"မရောက်သေးဘူး ဆိုရင်တောင်မှ မင်း ကြိုတင် ပြင်ဆင်ထားရမယ်... မဟာတာအိုရဲ့ ပြောင်းလဲမှုတွေက ပိုပိုပြီး ရှုပ်ထွေးလာတယ်... ပြီးတော့ ကောင်းကင်နန်းတော် အတွင်းက အားပြိုင်မှုတွေကလည်း ပိုပြီး ပြင်းထန်လာတယ်... အဲဒီအတွင်းမှာ ဘယ်လောက်တောင် ကြီးမားတဲ့ ကပ်ဘေးတွေ ရှိနေမလဲ၊ နောက်ဆုံးမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ဘယ်သူက ပြောနိုင်မှာလဲ..."
အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက ပြောရင်း သက်ပြင်းချလိုက်၏။
ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "လုံ မိသားစု ချန်ရစ်ခဲ့တဲ့ ပါရမီကို အားကိုးဖို့ ကျွန်တော် မပြင်ဆင်ထားဘူး... လုံ မိသားစုက ပျောက်ကွယ်သွားသင့်ပြီ... ကျွန်တော်က မှန်မှန်ကန်ကန်ပဲ ကျင့်ကြံသွားပါမယ်..."
အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက သူ့ကို တစ်ချက်ကြည့်၍ အဓိပ္ပာယ်ပါပါ ပြောလိုက်၏။ "လုံ မိသားစုက တစ်ယောက်ယောက် သက်ရှိထင်ရှား ရှိနေသေးပုံရတယ်... ပြီးတော့ မင်းအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု တိုးလာတာပေါ့... အရင်က မင်းဆိုရင် ထိန်းချုပ်မှုတွေကနေ လွတ်မြောက်ဖို့တောင် မစောင့်နိုင်တော့ဘူးလေ..."
ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက ပြန်ဖြေလိုက်သည်။ "အမှန်ပဲ... တချို့က သက်ရှိထင်ရှား ရှိနေသေးတယ်... ဒါပေမဲ့ သူတို့က အတိတ်နဲ့ အဆက်အသွယ် ဖြတ်ထားပြီးပြီ... လုံ မိသားစုရဲ့ လမ်းဟောင်းကို ကျွန်တော် မလိုက်ချင်ရုံ သက်သက်ပါ... သတ်ဖြတ်ခြင်းကတစ်ဆင့် ပိုပြီး အစွမ်းထက်လာတာက ကျွန်တော့်အတွက်တော့ ဖြောင့်မတ်တဲ့ တာအိုလမ်းစဉ် မဟုတ်ဘူး..."
ထိုစကားကို ကြားသောအခါ အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက တခစ်ခစ် ရယ်မောလိုက်ပြီး သူ၏ အကြည့်ကို ဟင်းလင်းပြင်ဆီသို့ ပြန်ရွှေ့လိုက်၏။
"ကောင်းကင်နန်းတော်ဆီ မပြန်ခင်မှာ မဟာတာအို လမ်းစဉ်ဆီ ခရီးတစ်ခေါက် သွားလိုက်ဦး... အဲဒီမှာ မွေးဖွားလာတဲ့ ကံတရားအသစ် ရှိတယ်... ဘာလဲ ဆိုတာကိုတော့ မင်းဘာသာမင်းပဲ စူးစမ်းကြည့်ပေါ့..." အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက ညွှန်ကြားလိုက်သည်။
ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက သဘောတူလိုက်ပြီး သူ့ကို အရိုအသေပေးကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။
အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုသာ ချောက်ကမ်းပါးပေါ်တွင် ကျန်ရစ်ခဲ့ပြီး တောက်ပသော လမင်းရှေ့တွင် မတ်တတ်ရပ်နေကာ သူ၏ ပုံရိပ်က အထီးကျန် ဆန်နေပုံရသည်။
"နောက် ကောင်းကင်ဧကရာဇ်က ဘယ်သူ ဖြစ်လာမလဲ... ဒါက ကောင်းကင်ဧကရာဇ် နေရာအတွက် တိုက်ပွဲ သက်သက်ပဲလား..."
အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက သူ့ဘာသာသူ ရေရွတ်လိုက်၏၊ သူ့ကို ဖြေကြားနိုင်သူ မရှိဘဲ သူ့ကိုယ်သူ မေးခွန်းထုတ်နေခြင်းသာ ဖြစ်သည်။
...
သက်တမ်းတာအိုနယ်မြေ။
ဖန်းရွှမ်၏ ပထမဆုံး ဝင်စားခြင်း ပုံရိပ်ထင်ဟပ်မှု အောင်မြင်စွာ ပေါ်ထွက်လာခဲ့ပြီးနောက် နောက်ထပ် နှစ်တစ်သောင်း ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။
လူသားကမ္ဘာသည် ခေတ်သစ် အတိုးတက်ဆုံး အချိန်ကာလတစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီး ဂိုဏ်းတစ်ရာက အထွတ်အထိပ် နေရာအတွက် ယှဉ်ပြိုင်နေကြ၏။ သို့သော်လည်း ချမ့်ခွန်းဂိုဏ်းဖြစ်စေ၊ အဓိပတိ ဂိုဏ်းဖြစ်စေ သူတို့ အစွမ်းထက်လာခဲ့ကြသည့်တိုင် လောက၏ ဂိုဏ်းတစ်ရာ စာရင်းထဲသို့ မဝင်ရောက်နိုင်ခဲ့ကြချေ။
ဤနှစ်များတစ်လျှောက် နေ့စဉ်ဘဝကို ဖယ်ထားလျှင် ကုအန် အလေးထားဆုံးအရာမှာ မူလဘူတ တာအိုဧကရာဇ်၏ ကံတရားပင် ဖြစ်သည်။
လက်ရှိတွင် မဟာတာအို လမ်းစဉ်တစ်လျှောက် မူလဘူတ တာအိုဧကရာဇ် ဖြစ်လာရန် ကျင့်ကြံသူ သုံးရာကျော်က ကြိုးပမ်းနေကြ၏။ ဤအခွင့်အရေးနှင့် ကြုံတွေ့ခဲ့သူ တစ်ထောင်ကျော် ရှိခဲ့ပြီး အချို့မှာ လတ်တလော နှစ်တစ်သောင်းအတွင်း သေဆုံးသွားခဲ့ကြကာ အချို့မှာ ဤအခွင့်အရေးကို စွန့်လွှတ်သွားခဲ့ကြသည်။
ယေဘုယျပြောရလျှင် မူလဘူတ တာအိုဧကရာဇ်အတွက် ကြိုးပမ်းနေသော ကျင့်ကြံသူ သုံးရာကျော် ရှိနေသဖြင့် ဤကံတရားသည် ပီပြင်စွာ ဖွဲ့စည်းသွားပြီဟု မှတ်ယူနိုင်သည်။
မူလဘူတ တာအိုဧကရာဇ်သည် အနိုင်ယူခြင်းဖြင့် လျင်မြန်သော ခွန်အားကို မရှာဖွေတတ်သော်လည်း ဝင်စားခြင်း ပုံရိပ်ထင်ဟပ်မှုက ကျင့်ကြံသူများ၏ တိုးတက်မှုကို အရှိန်မြှင့်တင်ပေးသဖြင့် နှစ်ပေါင်း သိန်းချီအတွင်း ပထမဆုံး မူလဘူတ တာအိုဧကရာဇ် ပေါ်ထွက်လာနိုင်စရာ ရှိရာ ၎င်းက ကုအန်၏ စူးစမ်းချင်စိတ်ကို လှုံ့ဆော်ပေးနေ၏။
အဲဒီလူက ဘယ်သူ ဖြစ်လာမလဲ။
ဖန်းရွှမ်က ပထမဆုံး စတင်ခဲ့သူ ဖြစ်သော်လည်း မဟာတာအို လမ်းစဉ်တစ်လျှောက်တွင် ပါရမီရှင် အသစ်များ ထွက်ပေါ်လာခဲ့ပြီး သူတို့၏ အရှိန်အဟုန်က သူ့ထက်ပင် ကျော်လွန်နေခဲ့သည်။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာရှိ တာအိုရှာဖွေသူများကို ပြောရလျှင် သူတို့အားလုံးက ကုအန်နှင့် သိကျွမ်းသူများ ဖြစ်ကြ၏။
သူတို့၏ မွေးရာပါ စွမ်းရည်များက မဟာတာအို လမ်းစဉ်ရှိ ပါရမီရှင်များကို မမီနိုင်သလို မူလဘူတ ဧကရာဇ်လမ်းစဉ်ပေါ်တွင် သူတို့ကို ကုအန်က မျက်နှာလိုက်မည် မဟုတ်သဖြင့် သူတို့က ပထမဆုံး မူလဘူတ တာအိုဧကရာဇ် ဖြစ်လာနိုင်မည် မဟုတ်ကြောင်း သေချာသလောက် ရှိနေသည်။
ဤနေ့တွင် သက်တမ်းတာအိုနယ်မြေ အတွင်း၌
ကုအန်သည် ပလွေမှုတ်ရင်း ကောင်းကင်ယံရှိ တိုက်ပွဲကို စောင့်ကြည့်နေ၏။
သူက အတားအဆီး နယ်မြေတစ်ခု ဖန်တီးထားပြီး သွေးကျဉ်းထောင် သူတော်စင်နှင့် အန်ရှင်းတို့ကို တိုက်ခိုက်ခွင့် ပြုထားကာ ရှန်ကျန်း၊ ထျန်းယောင်အာ၊ ထျန်းချင်၊ ထျန်းပိုင်၊ ကျန်းရှီ၊ ဖူယိုသရဲမယ်တော်၊ ထျန်းဟုန် ဧကရာဇ်နှင့် ဝိညာဥ်ဖြူဝိကြွက်တို့က အနီးအနားတွင် စောင့်ကြည့်နေကြပြီး သူတို့၏ နှလုံးသားများ လှုပ်ရှားနေကာ အဆက်မပြတ် ဆွေးနွေးနေကြသည်။
"သွေးကျဉ်းထောင် သူတော်စင်က ဘာလို့ ထပ်ရပ်သွားပြန်တာလဲ... သူ ပုံရိပ်ယောင် သိုင်းကွက်ထဲ ကျသွားတာများလား..."
"အန်ရှင်းက ကြောက်စရာကောင်းတာပဲ... သူမက သွေးကျဉ်းထောင် သူတော်စင်ကို ကစားနေသလိုပဲ ခံစားရတယ်..."
"ဟားဟားဟား... မင်း အဲဒီလိုပြောတာကို သူ့ကို ပေးမကြားစေနဲ့... သူ အငြိုးထားလိမ့်မယ်..."
"စီနီယာအစ်မ အန်ရှင်းက တကယ် အစွမ်းထက်တာပဲ... သူမက တကယ် ဘယ်လောက် အစွမ်းထက်လဲ ဆိုတာကို လုံးဝ မခန့်မှန်းနိုင်ဘူး..."
"အန်ရှင်းက ဘယ်လို နတ်ဘုရားစွမ်းရည်တွေ သုံးသွားလဲ ဆိုတာကို တစ်ယောက်ယောက် မြင်လိုက်လား..."
တပည့်များက အဆုံးမရှိ ဆွေးနွေးနေကြပြီး ကုအန်က အန်ရှင်း၏ အမတဧကရာဇ် မျက်လုံးကို ဖုံးကွယ်ရန် အတားအဆီးကို တမင်သက်သက် အသုံးပြုထားသဖြင့် တပည့်များက အန်ရှင်း၏ မျက်လုံးများ ပြောင်းလဲသွားသည်ကို မမြင်တွေ့ရသလို အမတဧကရာဇ် မျက်လုံး၏ စွမ်းအားကိုလည်း မခံစားနိုင်ကြချေ။
ဤသည်က တိုက်ပွဲကို အကြည့်ရဆိုးစေပြီး သွေးကျဉ်းထောင် သူတော်စင်မှာ မကြာခဏ ရပ်တန့်နေရ၏။ အကယ်၍ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ခန္ဓာကိုယ်နှင့် ပေါများလှသော ချီသွေးများသာ မရှိခဲ့လျှင် သူ ရှုံးနိမ့်နေသည်မှာ ကြာပြီ ဖြစ်သည်။
အန်ရှင်း၏ အမတဧကရာဇ် မျက်လုံးနှင့် ယှဉ်လျှင် ကုအန်က သွေးကျဉ်းထောင် သူတော်စင်၏ တိုးတက်မှုအပေါ် ပို၍ ကျေနပ်အားရနေခဲ့၏။
သွေးကျဉ်းထောင် သူတော်စင်သည် ကိုယ်ပိုင် နတ်ဘုရားစွမ်းရည်များကို ဖန်တီးနိုင်ခဲ့ပြီး သူ၏ သွေးသားများကို လျင်မြန်စွာ ပြန်လည်မွေးဖွားစေနိုင်ကာ သူ၏ ခန္ဓာကိုယ်က ပြာများအဖြစ် ပြောင်းလဲသွားလျှင်တောင်မှ အချိန်တိုအတွင်း ပြန်လည်နိုးထနိုင်စွမ်း ရှိနေသည်။
သို့သော် ထိုသို့ ပြန်လည်နိုးထမှုက ဝိညာဉ်စွမ်းအင်များကို စားသုံးရန် လိုအပ်ပြီး သူက စတင် မောပန်းလာခဲ့ကာ သူ၏ ဝိညာဉ် နက်ရှိုင်းရာမှ ထွက်ပေါ်လာသော မောပန်းမှုက ခန္ဓာကိုယ်အပေါ် သူ၏ ထိန်းချုပ်မှုကို အားနည်းသွားစေ၏။
ဤနှုန်းအတိုင်းဆိုလျှင် သူ၏ ရှုံးနိမ့်မှုက မလွဲမသွေပင် ဖြစ်သည်။
သွေးကျဉ်းထောင် သူတော်စင်ကို မဟာတာအို လမ်းစဉ်တစ်လျှောက် လေ့ကျင့်ရန် စေလွှတ်ရမည်လားဟု ကုအန် စဉ်းစားလိုက်သည်။ သွေးကျဉ်းထောင် သူတော်စင်သည် တိုက်ပွဲများမှတစ်ဆင့် ပိုမို အစွမ်းထက်လာရန် အလွန် သင့်တော်သော်လည်း ကံမကောင်းစွာဖြင့် အရင်က အကြိမ်ပေါင်းများစွာ မေးမြန်းခဲ့စဉ်က သူက ခေါင်းမာမာဖြင့် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် ဝူရှီသို့ ပြန်လာနိုင်ကြောင်း ကုအန်က ကတိပေးခဲ့သော်လည်း သွေးကျဉ်းထောင် သူတော်စင်က သဘောမတူခဲ့ချေ။
အကယ်၍ သွေးကျဉ်းထောင် သူတော်စင်ကို လူသားကမ္ဘာတွင် တာဝန်များ ပေးအပ်မည်ဆိုလျှင် သူ သွားလိမ့်မည် ဖြစ်သော်လည်း မဟာတာအို လမ်းစဉ်က ဝေးကွာလွန်းပြီး ထိုနေရာသို့ ရောက်သွားသည်နှင့် မကြာမီ ပြန်လာရန် ခက်ခဲလိမ့်မည်ဟု သူက အမြဲတမ်း ခံစားနေခဲ့၏။
မဖြစ်သေးဘူး... ဒီအတိုင်းဆို အဆင်မပြေဘူး...
သူ့ကို အပြင်ထွက်ပြီး နှစ်တစ်သိန်းလောက် လေ့ကျင့်ခိုင်းပြီးမှ ပြန်လာခွင့် ပေးရမယ်...
ကုအန်က တိတ်တဆိတ် တွေးလိုက်သည်။
သွေးကျဉ်းထောင် သူတော်စင်ကို ပိုမို အစွမ်းထက်လာစေရန်အတွက်သာ မဟုတ်ဘဲ အခြား တပည့်များအပေါ် ကျရောက်နေသော ဖိအားများကို လျှော့ချရန်လည်း ဖြစ်၏။
သွေးကျဉ်းထောင် သူတော်စင်က တိုက်ခိုက်ရသည်ကို နှစ်သက်ရုံသာမက နှုတ်ကြမ်းလွန်းလှသည်။ သူ အနိုင်ရတိုင်း ပြိုင်ဘက်များကို အဆက်မပြတ် လှောင်ပြောင်လေ့ရှိသဖြင့် ယခုအခါ သူ အနိုင်ရမည်ကို မည်သူကမျှ မမျှော်လင့်ကြတော့ဘဲ သူ ဒုက္ခရောက်သည်ကိုသာ စောင့်ကြည့်နေကြတော့၏။
အချိန်အတန် ကြာပြီးနောက် သွေးကျဉ်းထောင် သူတော်စင် ရှုံးနိမ့်သွားပြီး အန်ရှင်းနှင့်အတူ အတားအဆီးထဲမှ ထွက်လာခဲ့သည်။
အန်ရှင်းက လူ့ပြည်သို့ ဆင်းသက်လာသော နတ်မိမယ် တစ်ပါးကဲ့သို့ ကုအန်၏ ဘေးတွင် ဆင်းသက်လာ၏။ သူမ၏ ဝတ်ရုံများက မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိဘဲ တိုက်ပွဲတစ်ခုကို ဖြတ်သန်းခဲ့ရပုံပင် မပေါ်ချေ။
သွေးကျဉ်းထောင် သူတော်စင်က ခေါင်းကို ငိုက်စိုက်ကျထားပြီး တိုက်ခိုက်လိုစိတ် ကင်းမဲ့နေကာ သူ၏ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားခဲ့၏။
အခန်း ၇၁၀ ဝူရှီ အနှောင်ဖွဲ့ကင်းအမတ
"ဆရာ... ကျွန်မ နိုင်ပြီ..."
အန်ရှင်းက တခစ်ခစ် ရယ်မောလိုက်ရာ အခြားတပည့်များကလည်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြသဖြင့် သွေးကျဉ်းထောင် သူတော်စင်မှာ ပို၍ပင် နေရခက်သွားတော့၏။ ဆရာ့ရှေ့တွင် သဘောထားကြီးသူအဖြစ် ပေါ်လွင်စေရန် သူက အတင်းအကျပ် ပြုံးပြနေရသည်။
ကုအန်က ရိုးရှင်းသော စကားအနည်းငယ် ပြောကြားပြီးနောက် အန်ရှင်းကို တပည့်များအား ခေါ်ဆောင်သွားခွင့် ပြုလိုက်၏။
သွေးကျဉ်းထောင် သူတော်စင်က ကုအန်၏ ဘေးတွင် ဆင်းသက်လာပြီး ခေါင်းကို ငိုက်စိုက်ကျထားကာ လုံးဝ စိတ်ပျက်အားငယ်နေပုံရသည်။
အန်ရှင်းနှင့် အခြားသူများ၏ အငွေ့အသက်များ အဝေးသို့ ပျောက်ကွယ်သွားပြီးနောက် သူက အံကြိတ်၍ ပြောလိုက်၏။ "ဆရာ... နောက်တစ်ခါကျရင် ကျွန်တော် သေချာပေါက် ပြန်နိုင်အောင် တိုက်မယ်..."
ယခု ပြန်တွေးကြည့်လျှင် ၎င်းက တကယ်ကို မယုံနိုင်စရာပင် ဖြစ်သည်။
သက်တမ်းတာအိုနယ်မြေ မဖန်တီးမီက အန်ရှင်း၏ ပါရမီမှာ အလွန် သာမန်မျှသာဖြစ်ပြီး အခြားတပည့်များနှင့် ယှဉ်လျှင် ပြောပလောက်စရာ မရှိချေ။ သို့သော်လည်း ဝူရှီသို့ ရောက်ရှိလာပြီးနောက် အန်ရှင်း၏ တာအိုကျင့်ကြံမှုက လျင်မြန်စွာ တိုးတက်လာခဲ့၏။
စောစောက တိုက်ပွဲကို ပြန်တွေးမိလျှင် သူ ကျောချမ်းသွားမိသည်။ အန်ရှင်း၏ နတ်ဘုရားစွမ်းရည်များက အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ သူသည် မရေမတွက်နိုင်သော အန်ရှင်းများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံခဲ့ရ၏။ သူ၏ ခန္ဓာကိုယ်တွင် အစွမ်းထက်သော ကိုယ်တိုင် ကုသနိုင်စွမ်းသာ မရှိခဲ့လျှင် သူ ရှုံးနိမ့်နေသည်မှာ ကြာပြီ ဖြစ်၏။
သူ ဖန်တီးထားသော ကိုယ်တိုင် ကုသနိုင်စွမ်းရှိသည့် နတ်ဘုရားစွမ်းရည်က အန်ရှင်း၏ စွမ်းရည်ကို ပြသရန် အထူး ဖန်တီးထားသကဲ့သို့ ဖြစ်နေ၏။ အခြားသူ တစ်ယောက်ယောက်သာ ဆိုလျှင် ဤမျှများပြားသော အန်ရှင်းများကို မြင်တွေ့ခွင့် ရမည်ဟုပင် မထင်မှတ်ရချေ။
သွေးကျဉ်းထောင် သူတော်စင်၏ နှလုံးသားက တစ်ခါမှ ဤမျှ မရှုံးနိမ့်ဖူးချေ။ ကုအန်၏ အကြည့်ကို သူ ရင်မဆိုင်ရဲပေ။
အန်ရှင်းက ကုအန်၏ အချစ်ရဆုံး တပည့် ဖြစ်သော်လည်း သူက တစ်ကောင်တည်းသော စီးတော်ယဥ် သတ္တဝါ ဖြစ်၏။
သူ၏ အမြင်တွင် သူ၏ နေရာက ပို၍ ထူးခြားပြီး သူက ရှုံးနိမ့်၍ မဖြစ်ပေ။
ကုအန်က သွေးကျဉ်းထောင် သူတော်စင် ဤမျှ စိတ်ဓာတ်ကျနေသည်ကို မြင်ရခဲသဖြင့် မေးလိုက်၏။ "မင်း အရမ်း မကျေမနပ် ဖြစ်နေတာလား..."
သွေးကျဉ်းထောင် သူတော်စင်က အလေးအနက် ခေါင်းညိတ်လိုက်ပြီး သူ၏ ပုံမှန် မောက်မာမှုများ ပျောက်ကွယ်နေ၏။
"ရှုံးတာက ရှုံးတာပဲ... နောက်မှ ပြန်နိုင်အောင် တိုက်ပေါ့... အန်ရှင်းလည်း အရင်က မင်းကို ရှုံးဖူးတာပဲလေ... ငါ့မှာတောင် ငါ အနိုင်မယူနိုင်တဲ့ ပြိုင်ဘက်တွေ ရှိတယ်..." ကုအန်က သူ့ကို နှစ်သိမ့်လိုက်သည်။
သွေးကျဉ်းထောင် သူတော်စင်က သက်ပြင်းရှည်ကြီး တစ်ချက်ချကာ သူ၏ စိတ်ခံစားမှုများကို တည်ငြိမ်အောင် ကြိုးစားလိုက်၏။
သွေးကျဉ်းထောင် သူတော်စင်၏ အတွေးများကို ကြားလိုက်ရသဖြင့် ကုအန်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။
သွေးကျဉ်းထောင် သူတော်စင်က သူ၏ အတွင်းစိတ်ထဲတွင် မေးလိုက်၏။ ဒါပေမဲ့ ဆရာက ရှုံးဖူးလို့လား...
"အကယ်လို့ မင်းက အန်ရှင်းထက်စောပြီး မူလဘူတ တာအိုဧကရာဇ် အဆင့်ကို ရောက်သွားမယ်ဆိုရင် သူမကို ကျော်ဖြတ်နိုင်ကောင်း ကျော်ဖြတ်နိုင်လိမ့်မယ်..." ကုအန်က လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်၏။
သွေးကျဉ်းထောင် သူတော်စင်က သူ့ကို မော့ကြည့်၍ မဝံ့မရဲ ပြောလိုက်သည်။ "သူမကလည်း မူလဘူတ တာအိုဧကရာဇ်ကို လိုက်စားနေတာပဲလေ... ကျွန်တော်က သူမထက် ခြေတစ်လှမ်း စောနေရင်တောင်မှ ကျွန်တော့်မှာ သူမထက် ပိုအစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်တွေ မရှိရင် သူမက နောက်ဆုံးမှာ မှီလာမှာပဲ..."
အမတဧကရာဇ် မျက်လုံး၏ ဖိနှိပ်နိုင်စွမ်းက အလွန် အစွမ်းထက်လွန်းလှ၏။ အမတနတ်ဘုရား ပြန်လည်ဝင်စားလာသူ ထျန်းဟုန် ဧကရာဇ်သည် အန်ရှင်းကို ရှုံးနိမ့်ပြီးနောက် သူမကို ထပ်မံ မစိန်ခေါ်ရဲတော့ချေ။
အန်ရှင်း၏ အမတဧကရာဇ် မျက်လုံးကို အမှန်တကယ် ရင်ဆိုင်ရမှသာ ထိုမျှော်လင့်ချက်မဲ့မှုကို ခံစားရနိုင်မည် ဖြစ်သည်။
"အဲဒီလို ဖြစ်ချင်မှ ဖြစ်မှာပါ... မင်း ဖန်တီးထားတဲ့ နတ်ဘုရားစွမ်းရည်တွေက အတိုင်းအဆမရှိတဲ့ အလားအလာတွေ ရှိတယ်... မင်းက သေချာ ဂဂနဏ မစူးစမ်းရသေးလို့ပါ... တကယ်တော့ ငါက မင်းကို အယုံကြည်ရဆုံးပဲ... ဒါပေမဲ့ သည်ကိစ္စကို တခြား တပည့်တွေကိုတော့ မပြောပြနဲ့ပေါ့..." ကုအန်က အလေးအနက် ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ သွေးကျဉ်းထောင် သူတော်စင်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး သူ၏ မျက်လုံးများတွင် မျက်ရည်များပင် ဝဲလာခဲ့သည်။
ယခုအချိန်တွင် ဤစကားများက သွေးကျဉ်းထောင် သူတော်စင်ကို ကြီးမားသော ခွန်အားတစ်ခု ပေးစွမ်းလိုက်၏။ သူက ဆုံးရှုံးမှုနှင့် ရှုပ်ထွေးမှု ခံစားချက်များကို ဖယ်ရှားပစ်လိုက်ပြီး တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာတော့သည်။
ဆရာက သူ့ကို လှည့်စားမည် မဟုတ်ကြောင်း သူ ယုံကြည်၏။
"ဆရာ... ကျွန်တော် ဆရာ့ကို သေချာပေါက် စိတ်ပျက်အောင် လုပ်မှာ မဟုတ်ပါဘူး..." သွေးကျဉ်းထောင် သူတော်စင်က သူ့ကိုယ်သူလည်း ကတိပေးရင်း အာမခံလိုက်သည်။
ကုအန်က ဆက်ပြောလိုက်၏။ "ငါက မင့်ကို လေ့ကျင့်ဖို့အတွက် မဟာတာအို လမ်းစဉ်ဆီ လွှတ်ချင်တယ်... ဝူရှီရဲ့ ပထမဆုံး မူလဘူတ တာအိုဧကရာဇ် ဖြစ်လာအောင် ကြိုးစားပေါ့... မင်း အောင်မြင်သွားရင် ပြန်လာလို့ ရပြီ..."
ထိုစကားကို ကြားသောအခါ သွေးကျဉ်းထောင် သူတော်စင်၏ စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွား၏။ သူက ချက်ချင်း သဘောမတူဘဲ ချီတုံချတုံ ဖြစ်နေပုံရသည်။
သူ ထွက်သွားပြီးနောက် ကုအန်က အခြား စီးတော်ယဥ် သတ္တဝါ တစ်ကောင်ကို မွေးစားလိုက်မည်ကို သူ စိုးရိမ်နေ၏။
ထျန်းချင်နှင့် ထျန်းပိုင်တို့က သူ၏ ရာဇပလ္လင်ကို မျက်စိကျနေကြသည်မှာ ပြောစရာပင် မလိုချေ။
ကုအန်က သူ၏ စိုးရိမ်မှုများကို မနှစ်သိမ့်ပေးဘဲ သူ စီးတော်ယဥ် သတ္တဝါ တစ်ကောင် လိုချင်လျှင် သွေးကျဉ်းထောင် သူတော်စင်၏ ခွင့်ပြုချက် လိုအပ်မည်လားဟု နောက်ပြောင်ချင်စိတ်ပေါ်လာ၏။
"ငါက မူလဘူတ တာအိုဧကရာဇ်နဲ့ တာအိုဧကရာဇ်တို့ရဲ့ မူလဇာစ်မြစ်တွေကို အရမ်း စိတ်ဝင်စားတယ်... မင်းက ပိုအစွမ်းထက်လာအောင် လုပ်ရုံတင်မကဘဲ သူတို့ နှစ်ခုစလုံးရဲ့ သတင်းအချက်အလက်တွေကိုလည်း စုဆောင်းရမယ်... မင်း ပြန်လာတဲ့အခါ မင်းရဲ့ နတ်ဘုရားစွမ်းရည်တွေကို ပြီးပြည့်စုံအောင် ငါ ကူညီပေးမယ်..." ကုအန်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
သူ၏ လေးနက်သော အမူအရာကို မြင်သောအခါ သွေးကျဉ်းထောင် သူတော်စင်က မငြင်းဆန်ရဲတော့ဘဲ သဘောတူလိုက်ရတော့၏။
ကုအန်က သူ့ကို ရက်အနည်းငယ် အနားယူခွင့် ပေးလိုက်ပြီးနောက် မဟာတာအို လမ်းစဉ်ဆီသို့ စေလွှတ်လိုက်မည် ဖြစ်သည်။
ဤအစီအစဉ်ကို လက်ခံလိုက်ပြီးနောက် သွေးကျဉ်းထောင် သူတော်စင်က မဟာတာအို လမ်းစဉ်ကို စတင် မျှော်လင့်လာတော့၏။ ထိုနေရာက ဘယ်လို နေရာမျိုးလဲ။
သူက ဝူရှီအတွက် နာမည်ကြီးအောင် လုပ်ရပေမည်။
သွေးကျဉ်းထောင် သူတော်စင်က လမ်းခရီးတစ်လျှောက် အပြန်အလှန် ဆက်ဆံရေး တည်ဆောက်ခွင့်ပြုကာ ဆရာဖြစ်သူက သူ့ကို တကယ်ပင် လိုက်ပို့ပေးမည်ဟု ထင်မှတ်ထားခဲ့၏။ သို့သော်လည်း သူ အဆင်သင့် ဖြစ်သွားသည်နှင့် ဆရာဖြစ်သူက လက်ဝတ်ရုံစကို ဝှေ့ယမ်းကာ သူ့ကို မဟာတာအို လမ်းစဉ်ဆီသို့ စေလွှတ်လိုက်တော့သည်။
ဩော်... သူ့ကို ဒီလို လွှတ်လိုက်တာလား...
သွေးကျဉ်းထောင် သူတော်စင်၏ အာရုံခံစားမှုများက အသုံးမဝင် ဖြစ်သွား၏။ သူက မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားပြီး ခါးသီးစွာ တွေးလိုက်သည်။
အတန်ကြာပြီးနောက် သူ၏ ခြေထောက်များက ခိုင်မာသော မြေပြင်နှင့် ထိတွေ့သွားသည်ကို သူ ခံစားလိုက်ရပြီး သူ၏ အာရုံခံစားမှုများက လျင်မြန်စွာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားကာ သူ မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် သူ၏ သူငယ်အိမ်များ ကျယ်လာတော့၏။
သူ၏ ရှေ့တွင်ကား ကျယ်ပြောလှပြီး အဆုံးအစမဲ့သော ခမ်းနားထည်ဝါလှသည့် တာအိုဆန္ဒ ချီပင်လယ်ကြီး တစ်ခု ရှိနေ၏။ သူက ဥက္ကာပျံတစ်ခုပေါ်တွင် မတ်တတ်ရပ်နေပြီး အလွန် သေးငယ်သွားသကဲ့သို့ ခံစားနေရကာ တာအိုဆန္ဒ ချီပင်လယ်ကြီး၏ အလွန်ရှိ အမှောင်ထုက ကြောက်မက်ဖွယ် ကောင်းနေပြီး သူ့ကို အချိန်မရွေး ဝါးမျိုသွားနိုင်မည့်အလား ရှိနေသည်။
"တကယ်ကို ခမ်းနားတဲ့ တာအိုဆန္ဒပဲ..."
သွေးကျဉ်းထောင် သူတော်စင်က ရေရွတ်လိုက်ပြီး သူ၏ နှလုံးသားထဲရှိ နောက်ဆုံး လက်ကျန် ငြင်းဆန်မှုများ လုံးဝ ပျောက်ကွယ်သွားတော့၏။
ဤသို့သော နေရာမျိုးတွင် ကျင့်ကြံရမည်ဆိုလျှင် သူက အန်ရှင်းကို တစ်ဖန် ပြန်လည် ကျော်ဖြတ်နိုင်ကောင်း ကျော်ဖြတ်နိုင်လိမ့်မည်။
...
သွေးကျဉ်းထောင် သူတော်စင် ထွက်ခွာသွားခြင်းက သက်တမ်းတာအိုနယ်မြေ အတွင်း၌ ပိုမို တိတ်ဆိတ်သော လေထုကို ချန်ရစ်ထားခဲ့၏။ သူ့ကို ကုအန်က လေ့ကျင့်ရန်အတွက် မဟာတာအို လမ်းစဉ်ဆီသို့ စေလွှတ်လိုက်ကြောင်း သိရသောအခါ လူတိုင်းက အကျပ်အတည်းတစ်ခုကို ခံစားလိုက်ရသည်။
သွေးကျဉ်းထောင် သူတော်စင် ပြန်ရောက်လာသည့်အခါ သူက သေချာပေါက် ပိုမို မောက်မာလာပေလိမ့်မည်။ သူတို့က သွေးကျဉ်းထောင် သူတော်စင်နှင့် မယှဉ်ပြိုင်နိုင်တော့သော်လည်း ပိုမို ကြီးမားလာသော ကွာဟချက်ကြောင့် အလှောင်ပြောင်ခံရခြင်းမျိုးကို သူတို့ အလိုမရှိကြချေ။
သို့ဖြစ်၍ သက်တမ်းတာအိုနယ်မြေက သီးသန့် ကျင့်ကြံအားထုတ်သည့် ကာလတစ်ခုသို့ ဝင်ရောက်သွားတော့၏။
လူသားကမ္ဘာကလည်း ပြောင်းလဲနေခဲ့သည်။
ဂိုဏ်းများ ပိုမို များပြားလာသည်နှင့်အမျှ တာအိုခုံရုံး၏ ဖိနှိပ်နိုင်စွမ်းများ ကျဆင်းလာခဲ့ပြီး ပြင်ပကောင်းကင်အပေါ် သူတို့၏ ထိန်းချုပ်မှုများ ပျက်ပြားသွားခဲ့ကာ လူသားကမ္ဘာမှ ဂိုဏ်းများက တပည့်များကို လေ့ကျင့်ရန်အတွက် ပြင်ပကောင်းကင်သို့ စေလွှတ်ခဲ့ကြသဖြင့် ခေတ်သစ်၏ ပထမဆုံးသော ပြင်ပကောင်းကင် ရူးသွပ်မှုလှိုင်းကို အစပျိုးပေးလိုက်၏။
ပြင်ပကောင်းကင် အမတအဆင့်သို့ ရောက်ရှိပါက ပြင်ပကောင်းကင်သို့ သွားရောက်နိုင်ခွင့် ရှိသော်လည်း ယခင်က တာအိုခုံရုံးကြောင့် ကျင့်ကြံသူများ ထိုနေရာသို့ သွားရောက်ရန် ခက်ခဲခဲ့သည်။
ပြင်ပကောင်းကင်သို့ သွားရောက်သော ကျင့်ကြံသူ ပိုများလာသည်နှင့်အမျှ ၎င်း၏ ကြယ်များကို စတင် သိမ်းပိုက်လာကြ၏။ အချို့က ပြင်ပကောင်းကင်သို့ ထွက်ပြေးသွားကြပြီး အချို့က ထိုနေရာတွင် ကမ္ဘာငယ်များ သို့မဟုတ် ကျင့်စဉ်နယ်မြေများကို ဖွင့်လှစ်ကြကာ အချို့က ဂိုဏ်းများကိုပင် တည်ထောင်ခဲ့ကြသည်။
လူသားကမ္ဘာသည် နှစ်တစ်သန်းအတွင်း မကြုံစဖူးသော ထွန်းကားသည့် ခေတ်ကာလတစ်ခုကို တွေ့ကြုံနေရ၏။
ဤအခြေအနေတွင် စာအုပ်တစ်အုပ်၏ စာမျက်နှာများကို လှန်လိုက်သကဲ့သို့ နှစ်တစ်သိန်းမှာ ခြေရာလက်ရာမကျန် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ထိုနှစ်တစ်သိန်း အတွင်းတွင် သက်တမ်းတာအိုနယ်မြေ၌ ဖူယိုသရဲမယ်တော်မှလွဲ၍ အနိမ့်ဆုံးသော ကျင့်ကြံခြင်းအဆင့်မှာ တာအိုဆန်းကြယ်အမတအဆင့် ဖြစ်ပြီး အန်ရှင်းက လွတ်ငြိမ်းရာအမတအဆင့်သို့ ပထမဆုံး ရောက်ရှိခဲ့ကာ ဝူရှီ၏ တပည့်များထဲတွင် ပထမဆုံး လလွတ်ငြိမ်းရာအမတ ဖြစ်လာခဲ့၏။
အသက် ငါးသောင်းငါးထောင်အရွယ် အနှောင်ဖွဲ့ကင်းအမတ တစ်ပါး၊ မည်မျှပင် တောက်ပလိုက်သနည်း။
သို့သော်လည်း အန်ရှင်း၏ ဂုဏ်သတင်းက လူသားကမ္ဘာတွင် ပြန့်နှံ့သွားခြင်း မရှိချေ။ သို့သော် ထျန်းဟုန် ဧကရာဇ်က သူမကို လောကရှိ ပါရမီရှင်များနှင့် နှိုင်းယှဉ်ပြနိုင်ပြီး ၎င်းက သူ့ကို မယုံနိုင်လောက်အောင် ဖြစ်စေသလို ပိုမို ကြိုးစားကျင့်ကြံရန်လည်း တွန်းအားပေးနေခဲ့၏။
လွတ်ငြိမ်းရာအမတသို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် ဒုတိယမြောက် ရာစုနှစ်တွင် အန်ရှင်းက နောက်ဆုံး၌ မျက်စိကျစရာ တပည့်တစ်ဦးကို ရွေးချယ်နိုင်ခဲ့သည်။
ကုအန်က အမည်ပေးနိုင်ရန် မျှော်လင့်ချက်ဖြင့် အသက် ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်အရွယ် ကလေးငယ် တစ်ဦးကို သက်တမ်းတာအိုနယ်မြေသို့ သူမက ပြန်လည်ခေါ်ဆောင်လာခဲ့၏။
ဤကလေးငယ်သည် ချမ့်ခွန်းဂိုဏ်းမှ လာရောက်ခြင်း မဟုတ်ဘဲ ဝိညာဉ်ကိုးပါး တိုက်ကြီးမှ မိဘမဲ့ ကလေးငယ် တစ်ဦးဖြစ်ကာ သူ၏ မိဘများမှာ မိစ္ဆာသားရဲ တစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အကယ်၍ အန်ရှင်း ဝင်မပါခဲ့လျှင် သူလည်း သေဆုံးသွားမည် ဖြစ်၏။
ဤအဖြစ်အပျက်က ကုအန်ကို အတိတ်က အန်ဟောင်အား သတိရသွားစေခဲ့သည်။
"သူ့ကို အန်ကျီကျိုက်လို့ နာမည်ပေးလိုက်ကြတာပေါ့"
ကုအန်က အန်ရှင်း၏ နောက်ကွယ်တွင် ပုန်းနေသော ကြောက်ရွံ့နေသည့် ကလေးငယ်ကို ကြည့်၍ ရေရွတ်လိုက်၏
။
အန်ရှင်းက ပြုံး၍ မေးလိုက်သည်။ "ကျွန်မက လွတ်ငြိမ်းရအဆင့်ကို ရောက်ခါစမို့လို့လား..."
ကုအန်က ခေါင်းခါ၍ ပြောလိုက်၏။ "သူက မင်းရဲ့ စီနီယာအစ်ကိုနဲ့ မတူဘဲ ဝန်ထုပ်ဝန်ပိုးတွေကနေ ကင်းဝေးဖို့ ငါ မျှော်လင့်လို့ပါ... ပြီးတော့ ဒီဘဝမှာ သူက လွတ်လွတ်လပ်လပ်နဲ့ သူ့ကိုယ်သူအတွက်ပဲ အသက်ရှင်နိုင်ဖို့ ငါ မျှော်လင့်တယ်..."