← Chapters

နတ်မိစ္ဆာအဓိပတိကြီး

Vol. 7 Ch. 656

နတ်မိစ္ဆာအဓိပတိကြီး

Vol. 7 Ch. 656

ပေမင်ကျီသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက တာအိုကျင့်စဉ်လမ်း အောင်မြင်ခဲ့သည့် နတ်မိစ္ဆာတစ်ပါး ဖြစ်လေသည်။ သူ့ကို နှိမ်နင်းရန်မှာ လွယ်သည့် ကိစ္စတော့ မဟုတ်ပေ။

သို့သော် ဆန်းလျန်ကတော့ ဖန်းယန်ယင်းနှင့် ကျန်သည့်သူများကို အသုံးပြုကာ သူ့ကို ဝိုင်းထား စေခဲ့သည်။ ပေမင်ကျီ၏ခြေလှမ်းတိုင်းကို ထောင်ချောက် ဆင်နိုင်ခဲ့လေသည်။

ယခု ယီကျီးသည် သူ့ကို ပိတ်ဆို့ ထားသည့်အခါ ပေမင်ကျီ၏စိတ်များ ရှုတ်ထွေးလာခဲ့လေသည်။

ထိုအချိန်မှာပင် ဆန်းလျန်က ပေမင်ကျီ၏ စိတ်နှင့် ဝိညာဉ်ကို ဆုံးရှုံးသွားစေရန် အတွက် ပြောင်းပြန် ပုံရိပ်ယောင် တန်ခိုးစွမ်းအားကို အသုံးပြုလိုက်လေသည်။ ထို့ကြောင့် မိစ္ဆာသွေးစက်ကို ပေမင်ကျီ၏ ပါးစပ်ထဲသို့ ယီကျီးက ထည့်လိုက်နိုင်ခြင်း ဖြစ်လေသည်။

မိစ္ဆာသွေးစက်သည် ပေမင်ကျီ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ပေမင်ကျီသည် သူ၏ မူလပုံသဏ္ဌာန် ထွက်ပေါ် လာလေတော့သည်။ ရွှေရောင်သိမ်းငှက်ကြီးတစ်ကောင် ဖြစ်လေသည်။ ရွှေတောင်ပံများကို တဖျတ်ဖျတ် ခတ်လိုက်သည့်အခါ ပတ်ဝန်းကျင် တစ်ခုလုံးတွေ ရွှေရောင် အလင်းတန်းများ ထိန်လင်းတောက်ပ သွားလေသည်။

သို့သော် ပေတစ်ထောင်ခန့် ပျံတက်သွားပြီးသည့်အခါ ရွှေရောင် အလင်းတန်းများသည် မမြင်ရသည့် အရံအတား တစ်ခုကို ထိမိသည့်အလား ချက်ချင်း ပျောက်ကွယ် သွားရလေသည်။

သို့သော်… ပေမင်ကျီသည် ထိုအရာများကို စိတ်မဝင်စားနိုင်တော့ပါ။

သူ၏စူးရှသည့် သိမ်းငှက် မျက်လုံးများတွင် သွေးရောင်များ လွှမ်းနေပြီး အဆက်မပြတ် အော်မြည်နေခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ပျံ့နှံ့နေသည့် မိစ္ဆာသွေးစက်ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် ကြိုးစားနေဟန် ရှိလေသည်။

ဆန်းလျန်သည် မိစ္ဆာသွေးစက်ကို သွေးနီရောင်ပင်လယ်ရေ၏ မိစ္ဆာစွမ်းအား အနှစ်သာရကို ထုတ်ယူကာ ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် လောကတွင် အညစ်ညမ်းဆုံး စွမ်းအားတစ်ခု ဖြစ်လေသည်။ ထိုသွေးစက်သည် နတ်မိစ္ဆာ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် တန်ခိုးစွမ်းအားများကို ချက်ချင်း ညစ်နွမ်းသွားစေပြီး မူလဝိညာဉ် ခန္ဓာကိုပင် ထိခိုက်စေမည် ဖြစ်လေသည်။

ပေမင်ကျီသည် တန်ခိုးစွမ်းအား မြင့်မားသူ တစ်ယောက် ဖြစ်သည့်တိုင် အစွန်းရောက် ယင်စွမ်းအားများ ပါဝင်ပြီး ညစ်ညမ်းလွန်းသည့် မိစ္ဆာသွေးစက်ကို ခုခံတွန်းလှန်နိုင်ခြင်း မရှိပေ။

သူသည် ယီကျီးကို သူသေကိုယ်သေ တိုက်ခိုက်ရင်း အတူတူသေရွာသို့သွားရန် ဆုံးဖြတ် လိုက်လေသည်။

သူသည် နတ်မိစ္ဆာခန္ဓာကို ပိုင်ဆိုင်ပြီး သူ၏သွေးမှာ နတ်ဘုရားနှင့် နတ်မိစ္ဆာသွေး ပေါင်းစပ်ထားသည့် မျိုးနွယ် ဖြစ်လေသည်။ ထို့ကြောင့် သူ၏ ရုပ်ခန္ဓာသည် အလွန်ကြံ့ခိုင် သန်မာလေသည်။ သို့သော် လက်ရှိအချိန်တွင် သူ၏ တန်ခိုး စွမ်းအားများကို အသုံးပြုနိုင်ခြင်း မရှိသည့်တိုင် သူ၏ ကြံ့ခိုင်သည့် ရုပ်ခန္ဓာကိုအသုံးပြုကာ တိုက်ခိုက်နိုင်သေးသည်။

ရွှေရောင်သိမ်းငှက်ကြီးသည် ချွန်ထက်နေသည့် လက်သည်းများဖြင့် ယီကျီးကို ထိုးကုပ် တိုက်ခိုက် လိုက်လေသည်။ သူသည် ရူးသွပ်နေသူ တစ်ယောက်အလား ရန်လိုစွာဖြင့် ဒေါသကြီး တိုက်ခိုက်နေခြင်း ဖြစ်လေသည်။ လေထုသည် ပြတင်းပေါက်တွင် ကာရံထားသည့် စာရွက်တစ်ရွက် အလား ချက်ချင်းပင် ထိုးဖောက် ခံလိုက်ရလေသည်။ အသက်ဓာတ် စွမ်းအားများသည် နေရာအနှံ့တွင် ပြည့်နေပြီး မိုးကြိုးနှင့် လျှပ်စီးများ လင်းလက်လာသည်ကိုပင် တွေ့မြင်ရလေသည်။

ယီကျီးက လှုပ်ရှားခြင်းမရှိပါ။

ပေမင်ကျီ၏ လက်သည်းများက သူ၏ဦးခေါင်းကို ကုပ်ယူသည်ကို လက်ခံလိုက်လေသည်။

သို့သော်… အထူးဆန်းဆုံး အဖြစ်အပျက် တစ်ခုဖြစ်ပျက်သွားခဲ့လေသည်။ ပေမင်ကျီ၏ ချွန်ထက် လှသည့် လက်သည်းများသည် ယီကျီး၏ဦးခေါင်းခွံကို ထိုးဖောက်နိုင်ခဲ့ခြင်း မရှိပေ။

ပေမင်ကျီ၏ သွေးကြောများထဲတွင် စီးဆင်းနေသည့် ကျန်ရှိနေသည့် စွမ်းအားများအားလုံးကို ယီကျီးက လွယ်ကူစွာပင် ဖျက်ဆီး ပစ်လိုက်လေသည်။

မိစ္ဆာသွေးစက်သည် ပေမင်ကျီ၏ တန်ခိုးစွမ်းအားများ၊ စိတ်နှင့် ဝိညာဉ်ကို ညစ်ညမ်းစေရုံ သာမက သူ၏ သွေးများကိုပါ ညစ်ညမ်းစေခဲ့လေသည်။ ပေမင်ကျီ ဒေါသထွက်လေ အစွန်းရောက် ယင်စွမ်းအားနှင့် ညစ်ညမ်းမှုများက ပိုပြီး ပြင်းထန်လာလေ ဖြစ်လေသည်။ ထို့ကြောင့် လက်ရှိ အခြေအနေများ ဖြစ်ပျက်လာခဲ့ခြင်း ဖြစ်လေသည်။

ထိုအချိန်မှာပင်…. ယီကျီးသည် အေးဆေး တည်ငြိမ်စွာဖြင့်ပင် ပိုက်ကွန်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ပေမင်ကျီ၏ ခန္ဓာကိုယ်ကို ပိုက်ကွန်ဖြင့် အုပ်ကာ ဖမ်းဆီး လိုက်လေသည်။

ဟွမ်ချွမ်နတ်ဆိုး ဂိုဏ်း၏ ထူကျူအရှင်၊ အလွန်စွမ်းအား ကြီးမားသည့် ဇာစ်မြစ်မှလာသည့် အဆင့်မြင့်နတ်မိစ္ဆာ တစ်ပါးသည် ယခုတော့ အကျဉ်းသားတစ်ယောက် အဖြစ် ဖမ်းဆီးခံခဲ့ရပြီ ဖြစ်လေသည်။

ယီကျီးသည် ပေမင်ကျီကို တာ့ကျိုးပြည်သို့ ဖမ်းဆီး ခေါ်ဆောင် လာခဲ့လေသည်။

တာ့ကျိုးပြည်သူများက ယီကျီးက ရွှေရောင်သိမ်းငှက်ကြီး တစ်ကောင်ကို ဖမ်းဆီး လာသည်ဟုသာ ထင်မှတ်မိ ကြလေသည်။ ယီကျီးသည် ပေမင်ကျီကို ဖမ်းဆီးချုပ်နှောင် ပြီးသည့် အခါတွင်တော့ ဆန်းလျန်ကို သွားရောက် တွေ့ဆုံလိုက်လေသည်။

ဆန်းလျန်သည် ဘုရင်ဝတ်စုံကို ခမ်းနားစွာ ဝတ်ဆင် ထားလေသည်။

သူ၏ပုံသဏ္ဌာန်မှာ နေ၊ လနှင့် ကြယ်တာရာများကိုပင် ထိန်းချုပ်ထားနိုင်သည့် အလား စွမ်းအားကြီးမားပြီး မြင့်မြတ် လွန်းလှလေသည်။

သို့သော် ယီကျီးကို တွေ့ဆုံသည့် အခါတွင်တော့ သူ၏ ဘုရင်ဝတ်စုံသည် ပျောက်ကွယ် သွားလေသည်။ ရိုးရှင်းသည့် တာအိုဝတ်စုံကိုသာ ဝတ်ဆင်ထားသည့် ချောမောခန့်ညားသည့် တာအိုဆရာ တစ်ယောက် အသွင်ဖြင့်သာ ဆန်းလျန် ကယီကျီးကို တွေ့ဆုံလေသည်။

ယီကျီးက ရင်ပတ်ထက်တွင် လက်တစ်ဖက်ကို ထိကပ်လိုက်ပြီး ဆန်းလျန်ကို ဂါရဝ ပြုလိုက်ရင်း…

"မင်းကြီးရဲ့ အစေခံက နတ်မိစ္ဆာကို ဖမ်းဆီးပြီးပါပြီ၊ အဲဒီအကြောင်းကို သတင်းလာပေးခြင်း ဖြစ်ပါတယ်"

ဆန်းလျန်က…

"အဲဒီကောင်က ဘာပြောသေးလဲ"

ယီကျီးက…

"မင်းကြီးသာ သူ့ကို လွှတ်မပေးဘူးဆိုရင် ဟွမ်ချွမ်နတ်ဆိုး ဂိုဏ်းကလည်း မင်းကြီးကို အလွတ်ပေးမှာ မဟုတ်သလို သူ့ရဲ့ဘိုးဘေးရောက်လာရင်လည်း မင်းကြီး အမှုန့် ဖြစ်သွားရမယ်လို့ ပြောပါတယ်"

ဆန်းလျန်က တစ်ချက် ပြုံးလိုက်ရင်း…

"ကြည့်ရတာ ဒီမိစ္ဆာရဲ့ ဇာစ်မြစ်က မရိုးရှင်းဘူး၊ သူ့ရဲ့ဘိုးဘေးက ဘယ်သူလဲဆိုတာ ပြောသေးလား"

ယီကျီးက…

"အဲဒါကိုတော့ သူက ပြောချင်ပုံမရပါဘူး"

ဆန်းလျန်က စိတ်ပူသည့်ဟန် တစ်ချက်ပင် မပြပေ။

"သူပြောပြော မပြောပြာ ဘာမှထူးလာမှာ မဟုတ်ပါဘူး၊ မနက်ဖန် (၁၂)နာရီတိတိမှာ မင်းကပဲ သူ့ကို ကွက်မျက်လိုက်ပါ၊ လူအားလုံးရဲ့ရှေ့မှာ သူ့ရဲ့ရုပ်ခန္ဓာရော စိတ်ဝိညာဉ်ရော ဖျက်ဆီး ပစ်လိုက်ပါ"

ယီကျီးက တစ်ချက်တုံ့ဆိုင်းနေပြီးမှ…

"သူက မပြောပေမယ့် သူ့ဇာစ်မြစ်ကို ကျွန်တော် နည်းနည်းလောက်တော့ ရိပ်မိပါတယ်၊ သူက ဒဏ္ဍာရီထဲက နတ်မိစ္ဆာ အဓိပတိကြီးခွန်ဖိန်နဲ့ ဆက်စပ်နေတယ် ထင်ပါတယ်"

နတ်မိစ္ဆာများကြားတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံးသူမှာ နတ်မိစ္ဆာ မဟာတန်ခိုးရှင်များ ဖြစ်လေသည်။

သို့သော်… လူသားများလောကတွင် "နတ်မိစ္ဆာအဓိပတိကြီး” ဆိုသည့်အမည်ကို သိပ်ပြီး ကြားဖူးနားဝ မရှိကြပေ။ နှစ်ပေါင်းများစွာ အတွင်းတွင် နတ်မိစ္ဆာ အဓိပတိကြီးဆိုသည့် ဘွဲ့ထူးဂုဏ်ထူးနှင့် သင့်တော်သည့်သူ တစ်ယောက်သာ ရှိခဲ့လေသည်။ ထိုသူမှာ ခွန်ဖိန်ပင် ဖြစ်လေသည်။

ပြောကြသည်မှာတော့ ပထမ မိုးနတ်မင်းခေတ်ကပင် နတ်မိစ္ဆာအဓိပတိကြီး ခွန်ဖိန်သည် ကျင့်စဉ်လမ်း အောင်မြင်သွားခဲ့ပြီ ဟူ၍ ဖြစ်လေသည်။ ထို့ပြင် နတ်မိစ္ဆာ အဓိပတိကြီးခွန်ဖိန်၏ တန်ခိုးစွမ်းအားမှာ ပထမမိုးနတ်မင်းပြီးလျှင် ဒုတိယတန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်လေသည်။

သူသည် ပထမမိုးနတ်မင်း၏ မျက်နှာသာပေးခြင်းကိုခံရပြီး နတ်မိစ္ဆာမျိုးနွယ်များကို ပညာသင်ပေးရသူ ဖြစ်လေသည်။ ထို့ကြောင့် ထောင်နှင့်ချီသည့် နတ်မိစ္ဆာမျိုးနွယ်များက သူ့ကို လေးစားကြလေသည်။

ပထမမိုးနတ်မင်း ပျောက်ကွယ် သွားပြီးသည့်နောက် ဒုတိယမိုးနတ်မင်း အုပ်ချုပ်သည့် ခေတ်သို့ ရောက်ရှိလာခဲ့သည့် အခါတွင်တော့ -

နတ်ဘုရားများအားလုံးက ဒုတိယမိုးနတ်မင်းကို သစ္စာခံကိုးကွယ် ကြလေသည်။ ကောင်းကင်ဘုံ၏ အခြားဘက်ခြမ်း ကိုဖွင့်လှစ်ခဲ့ပြီး ကောင်းကင်ဘုံကို (၃၃)ပိုင်း ပိုင်းခြားခဲ့ကြသည့် မူလသုံးဖြာ တာအိုဆရာ သခင်ကြီး(၃)ပါးသည်ပင်လျှင် ဒုတိယမိုးနတ်မင်း၏ လက်အောက်တွင် ခိုလှုံခဲ့ကြပြီး မိုးကောင်းကင်ခုံရုံးတွင် တာဝန်ထမ်းဆောင် ခဲ့ကြလေသည်။

သို့သော်… ခွန်ဖိန်ကတော့ ထိုသို့ မပြုလုပ်ခဲ့ပေ။

သူက ဒုတိယမိုးနတ်မင်း၏ မိုးကောင်းကင် ခုံရုံးမှ စည်းမျဉ်းစည်းကမ်းများကို နာခံခဲ့ခြင်း မရှိပေ။ မိုးကောင်းကင်ခုံရုံးမှ စည်းကမ်းများကို မလိုက်နာဘဲ လွတ်လပ်စွာ နေထိုင်သည့် တန်ခိုးစွမ်းအား မြင့်မားသူ အနည်းငယ်တွင် ခွန်ဖိန်သည်လည်း တစ်ယောက် အပါအဝင် ဖြစ်လေသည်။

သို့သော်… ဘေးအန္တရာယ်ဆိုးကြီး ဖြစ်ပွားခဲ့ပြီးသည့် နောက်တွင် ခွန်ဖိန်သည်လည်း ပျောက်ကွယ် သွားခဲ့လေသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အချို့လူများသည် ခွန်ဖိန်၏ အကြောင်းကို သိရှိကြခြင်း မရှိတော့ပေ။

ယီကျီးကတော့ ထိုအကြောင်းများကို သိရှိနေခဲ့လေသည်။

သို့သော် ဆန်းလျန်ကတော့ ထိုကိစ္စများကို ယီကျီးက သိရှိနေခဲ့သည့် အတွက် အံ့သြခဲ့ခြင်း မရှိပါ။ ယီကျီးသည်လည်း ထူးခြားသူ တစ်ယောက်ဖြစ်ပြီး သူ၏မိခင်မှာ ယီစွေမြစ်စောင့်နတ်သမီး ဖြစ်သည် မဟုတ်ပါလား။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"အဲဒီတော့ ဘာဖြစ်သလဲ၊ နတ်မိစ္ဆာ အဓိပတိကြီးခွန်ဖိန်က သူ့အတွက် လက်စားချေချင်တယ် ဆိုရင် သူ့ကို လွှတ်ပေးလည်း ရောက်လာမှာပဲ၊ သတ်ပစ်လည်း ရောက်လာမှာပဲလေ၊ ပြီးတော့ ကျုပ်ခန့်မှန်း မိသလောက်ဆိုရင် နတ်မိစ္ဆာ အဓိပတိကြီးခွန်ဖိန်ဟာ ပြန်ပေါ်လာစရာ အကြောင်း မရှိလောက်တော့ဘူး၊ ပြီးတော့ သူပျောက်နေတာလည်း နှစ်တွေအများကြီး ကြာခဲ့ပြီ မဟုတ်လား"

ယီကျီးက သံသယများစွာဖြင့် မေးလိုက်လေသည်။

"မင်းကြီးက ဘာလို့ ဒီလိုပြောနိုင်ရတာလဲ"

ဆန်းလျန်က …

"ကျုပ်က အသူရာချောက်ရဲ့ ရှေးဟောင်း သစ်ပင်ကြီးဆီကနေ တိကျန်တာအိုသစ်သီးကို ရခဲ့တယ်၊ အဲဒီကနေ တစ်ဆင့် အသူရာချောက်ရဲ့ လျှို့ဝှက်ချက်အချို့ကို သိခွင့်ရခဲ့တယ်၊ ဒီအသူရာ ချောက်မှာ ထိုက်ယီထျန်းရှန်း အဆင့်ဆိုတာ အဆင့်အမြင့်ဆုံး အဆင့်ပဲ၊ ထိုက်ယီထျန်းရှန်း အဆင့်ထက်ပိုမြင့်တဲ့ သူတွေ ဒီအသူရာချောက်မှာ မရှိကြဘူး၊ ပြီးတော့ ဒီအသူရာချောက်ဟာ လျှို့ဝှက်ချက်ကြီး တစ်ခုနဲ့ ပတ်သက်နေတယ်၊ အခု ကိစ္စအတော်များများကို ကျုပ်ခန့်မှန်းမိနေပြီ၊ ဒါပေမဲ့ မင်းကိုပြောပြလို့ မဖြစ်သေးဘူး၊ ဒါပေမဲ့ ကျုပ်ကို ဆန့်ကျင်တဲ့ နတ်မိစ္ဆာ တစ်ကောင်ကိုတော့ ကွပ်မျက် ပစ်ရမှာပဲ၊ ဒါမှ နောက်ပိုင်း ကျုပ်ကို အာခံချင်တဲ့ကောင်တွေ အတွက် သတိပေးရာ ရောက်လိမ့်မယ်"

ယီကျီးသည် ဆန်းလျန်ထံတွင် တာဝန်ထမ်းဆောင် ခဲ့သော်လည်း သူသည် ဆန်းလျန် အယုံကြည်ရဆုံး လူတစ်ယောက် မဟုတ်သေးပေ။

ဆန်းလျန် သူ့ကို ပြောပြသည့် အကြောင်းအရာများသည် သာမန် အကြောင်းအရာများသာ ဖြစ်လေသည်။

ဆန်းလျန် ကျင့်ကြံသူများကို ခေါ်ဆောင်ပြီး အသူရာချောက်သို့ ပြန်ရောက် လာပြီးသည့်နောက် ယီကျီးကိုလည်း သူ့ထံတွင် တာဝန်ထမ်းဆောင်ရန် အတွက် ခေါ်ယူခဲ့လေသည်။ ယီကျီးသည် ဆန်းလျန် သူ့အား သံသယဝင်မည်ကို ကြောက်ရွံ့သည့်အတွက် ယိုစန်းပြည်မှ တာ့ကျိုးပြည်သို့ ချက်ချင်းပင် ထွက်ခွာလာခဲ့ပြီး ဆန်းလျန်ထံတွင် တာဝန်ထမ်းဆောင် ခဲ့လေသည်။

"ဒါဆိုလည်း မင်းကြီးရဲ့ ဒီအစေခံက မင်းကြီးအမိန့်ပေးတဲ့အတိုင်း လုပ်ဆောင်လိုက်ပါ့မယ်"

ယီကျီးသည် အတွေးများ ရှုပ်ထွေးနေသည့်တိုင် ဆန်းလျန်၏ အမိန့်ကို နာခံလိုက်လေသည်။

နန်းတော်ထဲမှ ယီကျီး ထွက်ခွာသွားသည်နှင့် ဖန်းယန်ယင်းနှင့် စုန့်ချင်းယီ ရောက်ရှိ လာကြလေသည်။

စုန့်ချင်းယီက တစ်ချက်ပြုံးလိုက်ရင်း…

"အစ်ကိုဆန်း… မင်းရဲ့ယိလမ်းစဉ်က တကယ်ထူးခြားတာပဲ၊ တစ်နေ့ကျရင် ကျုပ်ဘဝရဲ့ အတိတ်နဲ့ အနာဂတ်ကို ဟောပေးနိုင်ရင် အရမ်းကောင်းမှာပဲ"

ဆန်းလျန်ကလည်း ပြုံးလိုက်ရင်း…

"အတိတ်ဆိုတာက ပြောင်းလဲလို့ မရနိုင်ဘူး၊ အဲဒီတော့ ခန့်မှန်းရတာ မခက်ပါဘူး၊ ဒါပေမဲ့ အနာဂတ်ကိုတော့ ဗုဒ္ဓနဲ့ တာအိုဆရာသခင်ကြီးကပဲ တိတိကျကျ ဟောကိန်း ထုတ်နိုင်လိမ့်မယ်၊ ကျုပ်ကတော့ အပြောင်းအလဲလေးတွေကို တွက်ဆပြီး အနာဂတ်ကို ခန့်မှန်းနိုင်တာပဲ ရှိတာပါ၊ အဲဒီလို ခန့်မှန်းနိုင်တော့ အကျိုးကျေးဇူးရှိတာပေါ့လေ”

စုန့်ချင်းယီက သက်ပြင်းတစ်ချက် ချလိုက်ရင်း…

"ဒီလိုခန့်မှန်းနိုင်တာတောင်မှ တော်တော် တန်ဖိုးရှိနေပါပြီဗျာ၊ ဒါနဲ့ အခုဖမ်းထားတဲ့ နတ်မိစ္ဆာရဲ့ ဇာစ်မြစ်က မြင့်မားလွန်းတယ်၊ သူ့ကို ဘာလုပ်မယ်စိတ်ကူးထားလဲ"

ဆန်းလျန်က…

"မနက်ဖန် သူ့ကို ကွက်မျက် ပစ်လိုက်ဖို့ ယီကျီးကို အမိန့်ပေးလိုက်ပြီးပြီ"

စုန့်ချင်းယီက…

"အဲဒါဆိုရင် ပြဿနာ တစ်ခုခုဖြစ်မှာ စိတ်ပူမိတယ်"

ဆန်းလျန်က ရယ်မောလိုက်ရင်း…

"အခုလည်း ပြဿနာတွေက ဖြစ်နေတာပဲလေ…"

ဖန်းယန်ယင်းကတော့ ထိုနတ်မိစ္ဆာ၏ ဇာစ်မြစ်ကို အလေးအနက် မထားပါ။

"ဒီနတ်မိစ္ဆာက ဆရာဦးလေးရဲ့တိုင်းပြည်ကို ဖျက်ဆီးဖို့ ကြိုးစားတာလေ၊ သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ရင် အသူရာချောက်က တခြားလူတွေက ဆရာဦးလေးကို အထင်သေး ကုန်ကြမှာပေါ့၊ အဲဒီလိုဖြစ်လာမှသာ ပြဿနာတွေ ပိုရှုပ်ကုန်မှာ"

စုန့်ချင်းယီက ခဏမျှ စဉ်းစားလိုက်ပြီး…

"ကျုပ်က သိပ်ပြီး နက်နက်နဲနဲ မတွေးတတ်ပါဘူ၊ တူမလေးယန်ယင်းကတော့ ကိစ္စရပ် တစ်ခုလုံးကို ပိုပြီး နားလည်ပုံ ရပါတယ်"

ဆန်းလျန်က…

"ဟုတ်ပါပြီ… ဒီနေ့တော့ ယန်ယင်းနဲ့ ချင်းယီ ပင်ပန်းသွားကြပြီ၊ ဒါပေမဲ့ ကျုပ် အကူအညီလေး တစ်ခု တောင်းစရာ ရှိသေးတယ်"

စုန့်ချင်းယီက…

"ဘာအကူအညီ တောင်းမလို့လဲ အစ်ကိုဆန်း"

ဖန်းယန်ယင်းကတော့ မည်သည့် စကားမှ မဆိုပါ။

သူမ၏ဆရာဖြစ်သူ ချန်ကျန့်မေ မရှိတော့သည့် နောက်ပိုင်း ဆရာဦးလေးကိုသာ ဆရာရင်းအဖြစ် သူမက သတ်မှတ် ထားခဲ့လေသည်။

ထို့ကြောင့် ဆန်းလျန် ညွှန်ကြားသည့်အရာမှန်သမျှကို သူမက ငြင်းဆန်မည် မဟုတ်ပေ။

***

All Chapters