အများကြီးပဲ၊ သိပ်ကြိုက်တာပဲ
Vol. 58 Ch. 613
အချိန်တွေက တရိပ်ရိပ် ကုန်ဆုံးသွားသည်။
မကြာမီမှာပင် ပထမဆုံး ပြိုင်ပွဲအစီအစဉ်အတွက် သတ်မှတ်ထားသော အချိန်၏ အတော်များများမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
၁၅ မိနစ် မပြည့်တော့သော အချိန်တွင် ပြိုင်ပွဲမှာ အရှိန်အဟုန် အပြင်းထန်ဆုံး အဆင့်သို့ ရောက်ရှိလာသည်။
ပြိုင်ပွဲဝင် ၃၀၀ ကျော်မှာ ပုံစံအမျိုးမျိုး ပြသနေကြသည်။
လူအများစုမှာ အစကတည်းက စိတ်စွမ်းအားကို အပြည့်အဝ အသုံးပြုထားကြပြီး ဆေးလုံးအောင်မြင်နှုန်း သေချာစေရန် ဆေးအိုးတစ်လုံးချင်းစီကို အသေအချာ ဖော်စပ်နေကြသည်။
သို့သော် မကြာမီမှာပင် ကွာဟချက်များ ပေါ်ထွက်လာတော့သည်။
အချို့မှာ ဝိညာဉ်စွမ်းအား မသန်မာသည့်အပြင် ဇွဲလုံ့လနှင့် ထိန်းချုပ်နိုင်စွမ်းလည်း အားနည်းသဖြင့် ပထမတစ်အိုး ဖော်စပ်ပြီးနောက် ဒုတိယအိုးတွင် ဆေးလုံးအရည်အသွေးနှင့် အရေအတွက်မှာ သိသိသာသာ ကျဆင်းသွားသည်။
အချို့ဆိုလျှင် ပထမအိုးတွင် ဆေးလုံး ၉ လုံး ထွက်ရှိခဲ့သော်လည်း ဒုတိယအိုးတွင် ၃ လုံးသာ ထွက်တော့သည်။
ထိုရလဒ်ကြောင့် လူအများက စိတ်မကောင်း ဖြစ်ရသလို ပြိုင်ပွဲဝင်ကိုယ်တိုင်လည်း ကြောင်အသွားကာ စိတ်လှုပ်ရှားမှုကြောင့် နောက်ထပ် ဆေးအိုးသုံးအိုး ဆက်တိုက် ပျက်စီးသွားပြီး သွေးတစ်လုပ်ပင် ဆေးမီးဖိုပေါ်သို့ အန်ထုတ်လိုက်ရတော့သည်။
ဝိညာဉ်စွမ်းအား သန်မာသူများမှာမူ အနည်းငယ် ပို၍ ခံနိုင်ရည်ရှိကြသည်။
အချို့မှာ ဆေးအိုး သုံး၊ လေးအိုး ဆက်တိုက်ကိုပင် အဆင့်မြင့်မားစွာ ထိန်းထားနိုင်ပြီး နောက်ဆုံးဆေးအမယ်ကို သုံးသည့်အချိန်မှသာ သိသိသာသာ ကျဆင်းသွားသည်ကို တွေ့ရသည်။
သို့သော် ခြုံပြောရလျှင် ထိုကဲ့သို့သောသူမှာ အနည်းစုသာ ရှိပြီး ပြိုင်ပွဲဝင်အများစုမှာ ပြင်းထန်သော ဆေးဖော်စပ်မှုဒဏ်ကို ဆက်တိုက် မခံနိုင်ကြချေ။
အစကတည်းက အားအင်ကို ချွေတာပြီး အစွမ်းကုန် မထုတ်ခဲ့သည့်သူများကသာ စွမ်းဆောင်ရည် ပိုကောင်းနေသည်ဟု ဆိုရမည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤပြိုင်ပွဲတွင် မဟာဗျူဟာ ချမှတ်ခြင်းမှာလည်း အလွန်အရေးကြီးသော စမ်းသပ်ချက်တစ်ခု ဖြစ်ကြောင်း သိသာလှသည်။
ပြိုင်ပွဲတစ်လျှောက်လုံးတွင် ထူးထူးခြားခြား စွမ်းဆောင်နိုင်သူ အချို့မှာ လူအများ၏ အာရုံစိုက်မှုကို ခံနေရသည်။
အထူးသဖြင့် ရွှေရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးမှာ ပရိသတ်အများအပြား၏ အကြည့်ကို ဆွဲဆောင်ထားနိုင်ခဲ့သည်။
သူ့ဆေးလုံး အောင်မြင်သွားသည့် အခိုက်အတန့်တွင် လူအများက ဝိုင်းဝန်းအံ့ဩသွားကြသည်။
"ရှစ်အိုးမြောက် အောင်မြင်သွားပြီ၊ နောက်ထပ် ၉ လုံးပဲ"
"ဒါတင်မကဘူး၊ အကုန်လုံးက ခုနစ်စင်းထက် ပိုတယ်၊ ကိုးစင်းပါတဲ့ ဆေးလုံးတောင် တွေ့လိုက်ရသလိုပဲ"
"ဘုရားရေ... ဆေးအိုး ရှစ်အိုး ဆက်တိုက်ကို ဒီလောက် အဆင့်မြင့်မြင့် ဖော်စပ်နိုင်တာလား၊ သူ တကယ်ကို အစွမ်းထက်လွန်းတယ်"
လူအများက တအံ့တဩ ဟစ်အော်နေကြသည်။
ထိုရွှေရောင်ဝတ်စုံနှင့် လူငယ်၏ စွမ်းဆောင်ရည်မှာ အမှန်တကယ်ပင် တောက်ပလွန်းလှသည်။
"ကျင်းထန်ပဲ... ဆေးဖော်စပ်တဲ့ မျိုးရိုးကြီး ကျင်းမိသားစုရဲ့ ထူးချွန်တဲ့ ပါရမီရှင်ပဲ။ သူက ဒီလို ပါရမီရှင် ပွဲတော်ကို လာပြိုင်တာက တခြားသူတွေကို နှိပ်ကွပ်သလို ဖြစ်နေပြီ"
တစ်စုံတစ်ဦးက ထိုလူငယ်၏ နောက်ခံကို ပြောပြလိုက်သည်။
"မထူးဆန်းတော့ပါဘူး၊ သူ့ရဲ့ ဆေးဖော်စပ်တဲ့ လက်စက ဒီလောက် မြောက်နေတာက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတာကိုး"
"သူ့ရဲ့ ဆေးမီးလျှံ အရည်အသွေးကလည်း အရမ်းမြင့်သလို မီးထိန်းတဲ့ ပညာကလည်း အနှိုင်းမဲ့ပဲ။ ပြန်ရောက်ရင် ငါ သေချာ လေ့လာရမယ်"
"တကယ်ကို အစွမ်းထက်တာပဲ၊ ရှစ်အိုးမှာ စုစုပေါင်း ၇၄ လုံးတောင် ရထားတာ။ ဒုတိယရတဲ့သူက အလုံး ၅၀ ကျော်ပဲ ရှိသေးတာဆိုတော့ ဒီပွဲရဲ့ ပထမဆုကတော့ သူပဲ ဖြစ်တော့မှာ"
လူအများက ထပ်မံ ချီးကျူးနေကြသည်။
ကျင်းထန်၏ စွမ်းဆောင်ရည်မှာ လူအများ ချီးကျူးထိုက်သည်မှာ အမှန်ပင်။
ထိုအချိန်တွင် တစ်စုံတစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။ "ဟိုမှာ ကြည့်ဦး၊ 'ကုလားထိုင်ပေါ်က ကောင် ' က နောက်ဆုံးတော့ စတော့မယ် ထင်တယ်"
ထိုအသံကြောင့် လူအများ၏ အကြည့်များမှာ ထန်ထျန်း၏ ပုံရိပ်ဆီသို့ ရောက်သွားကြသည်။
သူ၏ ထူးဆန်းသော အပြုအမူကြောင့် လူအများက သူ့ကို 'ကုလားထိုင်ပေါ်က ကောင် ' ဟု နာမည်ပေးထားကြခြင်း ဖြစ်သည်။
"အချိန်က နောက်ဆုံး ၇ မိနစ်ခွဲ ပဲ ကျန်တော့တာကို သူက အခြေအနေကို ပြောင်းပြန်လှန်နိုင်မယ်လို့ ကြံနေတာလား"
"ဟားဟား... ဟာသလုပ်မနေပါနဲ့။ ဒါက အင်မော်တယ် ဆေးလုံးလေ၊ ဆေးသူတော်စင်ကြီး ကိုယ်တိုင် လာရင်တောင် ဒီလောက် အချိန်တိုအတွင်းမှာ ဆေးအမယ် သုံးစုံကို အကုန်မဖော်နိုင်ပါဘူး"
"ငါ့အထင်တော့ သူက ပိုက်ဆံအများကြီး အကုန်ခံထားရတာဆိုတော့ တစ်ပွဲတစ်လမ်းတော့ ဟာသလုပ်ပြဦးမလို့ ဖြစ်မှာပါ၊ ဟားဟား..."
လူအများ၏ ရယ်မောသံများကြားမှာပင် ထန်ထျန်းက ကုလားထိုင်ပေါ်မှ ထလိုက်သည်။
ထို့နောက် သူက လက်ချောင်းကို အသာတောက်လိုက်ရာ မီးတောက်တစ်ခုက ဆေးမီးဖိုအတွင်းသို့ ဝင်သွားပြီး မကြာမီမှာပင် အတွင်း၌ တောက်လောင်လာတော့သည်။
သို့သော်လည်း ဆက်လက်၍ သူလုပ်ဆောင်လိုက်ပုံမှာ ဆေးအမယ် အားလုံးကို ဆေးမီးဖိုအတွင်းသို့ ထင်းထည့်သကဲ့သို့ အစုလိုက်အပြုံလိုက် ပစ်ထည့်လိုက်ခြင်းပင်။
"ဟားဟားဟား... ငါပြောသားပဲ၊ သူ ဟာသလုပ်ပြနေတာပါလို့"
"တကယ်ကို ရယ်ရတာပဲ၊ ဆေးကို ဒီလိုဖော်တာ တစ်ခါမှ မမြင်ဖူးဘူး။ အကယ်၍ ဆေးမီးဖိုသာ မပေါက်ကွဲသွားရင် ငါ သူ့မျိုးရိုးနာမည် ပြောင်းယူလိုက်မယ်"
"ဆေးအမယ် သုံးစုံစလုံးကို တစ်ခါတည်း ပေါက်ကွဲသွားရင် ဘေးကင်းပါ့မလား မသိဘူး"
"သူ့ကိုယ်သူ အနစ်နာခံပြီး ဟာသလုပ်ပြတာပဲ၊ သူ့ကို ပါရမီရှင် ပွဲတော်ရဲ့ နံပါတ်တစ် ဟာသလူသားလို့ပဲ ခေါ်ရတော့မယ်"
လူအများက ဝိုင်းဝန်း လှောင်ပြောင်နေကြသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း မန်ရှီးက လက်သီးကို တင်းတင်းဆုပ်ထားကာ မျက်စိမှိတ်ထားချင်စိတ် ပေါက်နေပြီး ဆက်မကြည့်ရက်တော့ချေ။
သူမက သူ့ကိုယ်သူ ထန်ထျန်းကို ယုံကြည်ရမည်ဟု ဆက်တိုက် ဖျောင်းဖျနေသော်လည်း သူမ၏ နှစ်ပေါင်းများစွာက ဗဟုသုတများအရ ထန်ထျန်းအနေဖြင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်ရန်မှာ အမှန်တကယ်ပင် မဖြစ်နိုင်တော့ပေ။
"ဟားဟား... မန်ရှီး၊ ကံကြမ္မာကို လက်ခံလိုက်စမ်းပါ။ ငါတို့ လုပ်ငန်းမှာ အဆိုးဆုံးက ကိုယ့်ရဲ့ မျှော်လင့်ချက်အားလုံးကို တခြားလူတစ်ယောက်အပေါ်မှာ ပုံအောထားမိတာပဲ"
" ပြန်ရောက်ရင်တော့ အကြီးအကဲ ဆိုင်ရှင်ရဲ့ အပြစ်ပေးမှုကိုသာ စောင့်နေတော့"
လျိုကွမ်းက ဘေးနားမှနေ၍ မခံချင်အောင် ဆက်ပြောနေသည်။
မန်ရှီးက ဘာမှမကြားသလို နေလိုက်သည်။ ပြိုင်ပွဲအချိန် မကုန်မချင်း သူမ လုံးဝ အရှုံးပေးမည် မဟုတ်ပေ။
ထိုစဉ် လူအများ၏ လှောင်ပြောင်သံများကြားမှပင် ပုံရိပ်အတွင်း၌ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ထန်ထျန်း၏ ရှေ့ရှိ ဆေးမီးဖိုမှာ အမှန်တကယ်ပင် ပေါက်ကွဲသွားတော့သည်။
"ကြည့် ငါ ဘာပြောလဲ သူ ပေါက်ကွဲမှာပဲလို့ ပြောသားပဲ"
"သနားစရာပဲ၊ အဖုံးတောင် လွင့်ထွက်သွားပြီ။ ဟိုမှာ... ဆေးလုံး လေးတွေပါ လွင့်ထွက်လာတယ်... ဆေး ... ဆေးလုံး"
ရယ်မောနေကြသော လူအားလုံးမှာ ရုတ်တရက် ကြောင်အသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ဆေးမီးဖို အဖုံးလွင့်ထွက်သွားပြီးနောက် ဆေးလုံးနှင့်တူသော အလုံးလေးများစွာမှာ အတွင်းမှ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။
သေချာ ကြည့်လိုက်သောအခါတွင်မူ ထိုအရာများမှာ ပုတီးစေ့များ မဟုတ်ဘဲ အစစ်အမှန် ဆေးလုံးများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"သောက်... "
သတိဝင်လာသည်နှင့် လူအများမှာ တအံ့တဩ အော်ဟစ်လိုက်ကြသည်။
"ဘာ... သူ တကယ် ဖော်စပ်နိုင်တာလား"
"တစ်၊ နှစ်၊ သုံး... ဆယ်လုံး ဒီလို ထင်းထည့်သလို ဖော်စပ်တဲ့ နည်းလမ်းနဲ့ ပထမတစ်အိုးမှာတင် ဆယ်လုံးတောင် ရတာလား"
"ဆေးလုံးပေါ်မှာ အစင်းကြောင်းတွေ လုံးဝမရှိဘူး၊ အညစ်အကြေး ကင်းစင်နေတာပဲ။ ဘုရားရေ... သူက ဆယ်လုံးရတာတင် မကဘူး၊ အကုန်လုံးက 'သုညအစင်းကြောင်း ကောင်းကင်ဆေးလုံး' တွေချည်းပဲ"
မကြာမီမှာပင် အံ့ဩသံများမှာ အော်ဟစ်သံများအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤရလဒ်မှာ တကယ်ကို မှင်တက်စရာပင်
ထန်ထျန်း၏ ဆေးမီးဖို ပေါက်ကွဲသွားသည်ဟု အားလုံးက ထင်မှတ်ထားခဲ့သော်လည်း သူကမူ ပြီးပြည့်စုံသော သုညအစင်းကြောင်း ကောင်းကင်ဆေးလုံး တစ်အိုးလုံးကို ဖော်စပ် လိုက်ခြင်း ဖြစ်သည်။
ဒါက ဘယ်လိုမျိုး ထူးဆန်းတဲ့ ဆေးဖော်စပ်နည်းလဲ
မြင်ဖူးဖို့နေနေသာသာ ကြားပင် မကြားဖူးကြချေ
အားလုံးမှာ မျက်လုံးအပြူးသားဖြင့် မှင်တက်ကာ နေရာမှာတင် ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားကြသည်။
ယခုဖြစ်ရပ်မှာ သူတို့၏ ယခင်က ဗဟုသုတများကို အမြစ်ပြတ် ဖျက်ဆီးနေခြင်းပင်။
သို့သော်လည်း ဆက်လက်၍ ပို၍ မှင်တက်စရာ ကိစ္စများ စတင်လာတော့သည်။
"ဖွတ်"
ထန်ထျန်း၏ ရှေ့ရှိ ဆေးမီးဖိုမှာ နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲသံ ထွက်လာပြန်သည်။
တစ်ချိန်တည်းမှာပင် နောက်ထပ် ဆေးလုံး ၁၀ လုံးမှာ ဆေးမီးဖိုအတွင်းမှ ထွက်လာပြီး ကြိုတင်ပြင်ဆင်ထားသော ကျောက်စိမ်းပုလင်းအတွင်းသို့ အစီအရီ ဝင်သွားကြသည်။
ထို့ပြင် ၎င်းတို့မှာလည်း သုညအစင်းကြောင်း ကောင်းကင်ဆေးလုံးများပင် ဖြစ်နေပြန်သည်။
ခဏအကြာတွင် "ဖွတ်" ဟူသော အသံနှင့်အတူ နောက်ထပ် သုညအစင်းကြောင်း ကောင်းကင်ဆေးလုံး ၁၀ လုံး ထွက်လာပြန်သည်။ တတိယမြောက် ဆေးအိုးမှာလည်း အောင်မြင်သွားပြီ ဖြစ်သည်။
ထို့နောက်တွင်မူ ထန်ထျန်း၏ ဆေးမီးဖိုမှာ အလွန်တက်ကြွနေသော မီးတောင်ငယ်လေးတစ်ခုကဲ့သို့ ဖြစ်လာပြီး အချိန်ခဏအတွင်းမှာပင် တစ်ကြိမ်စီ ပေါက်ကွဲကာ အကြိမ်တိုင်းတွင် ပြီးပြည့်စုံသော သုညအစင်းကြောင်း ကောင်းကင်ဆေးလုံး ၁၀ လုံးစီ ထွက်ပေါ်လာတော့သည်။
ကောင်းကင်ယံတွင် ပျံဝဲနေသော ဆေးလုံးများကို ကြည့်ရင်း လူတိုင်းမှာ ကြောင်အသွားပြီး ဦးနှောက်မှာ ဗလာဖြစ်သွားကြသည်။
ဆေးလုံးကို ဤသို့လည်း ဖော်စပ်၍ ရနိုင်သလော
ယခုအချိန်တွင်မူ သူတို့တစ်သက်လုံး တည်ဆောက်ခဲ့သော ဆေးဖော်စပ်မှု လောကကြီးမှာ လုံးဝ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် ချွေးပြန်နေအောင် စိုးရိမ်နေခဲ့ရသော မန်ရှီးက နောက်ဆုံးတွင်မှ သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။
တစ်နာရီကြာ ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲပြီးကာမှ နောက်ဆုံး အောင်ပွဲခံသည့် အခိုက်အတန့်သို့ ရောက်ရှိသွားသကဲ့သို့ပင်။
ထန်ထျန်း၏ ဆေးမီးဖိုမှ ဆေးလုံးများ အဆက်မပြတ် ထွက်ပေါ်နေသည်ကို ကြည့်ပြီး သူမ၏ မျက်နှာပေါ်တွင် စိတ်အေးချမ်းမှုနှင့် ကြည်နူးမှုများ လွှမ်းမိုးသွားသည်။
အများကြီးပဲ၊ သူမ သိပ်ကြိုက်တာပဲ။