← Chapters

အခန်း (၁၃၇၆-၁၃၇၈)

Vol. 94 Ch. 1376-1378

အခန်း (၁၃၇၆-၁၃၇၈)

Vol. 94 Ch. 1376-1378

အခန်း (၁၃၇၆) ပေါင်းစည်းမည် မဟုတ်ပါ

ဖုန်းယွီသည် ကီရီလန်ကိုအား ဘောလုံးကလပ် စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ထပ်မံ၍ အကြံဉာဏ် မပေးနိုင်တော့သော်လည်း၊ လက်ရှိတွင် တန်ဖိုးမတက်သေးသည့် စီရော်နယ်ဒိုနှင့် ရွန်နီကဲ့သို့သော ကစားသမားများကို အာရုံစိုက်ရန် အကြံပြုနိုင်သည်။ အကယ်၍ ၎င်းတို့ကို ဝယ်ယူနိုင်ခဲ့ပါက နောင်အနာဂတ်တွင် အကျိုးအမြတ် များစွာ ရရှိမည်မှာ သေချာလှပေသည်။

ထိုညစာစားပွဲမှာ လူတိုင်းအတွက် အလွန်ပင် ပျော်ရွှင်ကြည်နူးစရာ ကောင်းလှသည်။ ဖုန်းယွီသည်လည်း စိတ်လက်ပေါ့ပါးလျက် ရှိနေ၏။ သူသည် ဝိုင်နီ နှစ်ခွက်ခန့်သာ သောက်ခဲ့သဖြင့် မူးဝေခြင်း မရှိပါချေ။ ညီလေးကီ ကဲ့သို့သော "အရက်သောက်သန်သူ" ကြီးနှင့်အတူ ထမင်းစားရင်း အမူးမလွန်ဘဲ နေနိုင်ခြင်းမှာ ဖုန်းယွီအဖို့ ကြီးမားသော အောင်မြင်မှုတစ်ခုပင် ဖြစ်တော့သည်။

သူတို့ လေးဦးစလုံး ဆိုင်မှ ထွက်ခွာရန် ပြင်ဆင်နေစဉ်တွင်၊ ရင်းနှီးသော မိတ်ဆွေဟောင်းတစ်ဦးသည်လည်း စာရင်းရှင်းပြီး၍ ပြန်ရန် လုပ်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ ထိုသူသည် ဖုန်းယွီတို့အဖွဲ့ကို မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာပေါ်ရှိ ယဉ်ကျေးသိမ်မွေ့သော အပြုံးမှာ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး၊ နှာခေါင်းတစ်ချက် ရှုံ့ကာ မခန့်လေးစား ဟန်ပန်ဖြင့် သူတို့ဘေးမှ ခေါင်းမော့၍ ဖြတ်လျှောက်သွားခဲ့သည်။

ကီရီလန်ကိုကတော့ မထီမဲ့မြင် ပြုသကဲ့သို့ နှုတ်ခမ်းတစ်ချက် တွန့်လိုက်မိသည်။ ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် အဆင့်ဆင့် နိမ့်ကျလာနေသော သူတစ်ယောက်က ဘယ်က ဂုဏ်ပကာသနတွေကြောင့် ဤမျှအထိ ဝင့်ကြွားနေရပါသနည်း။ တစ်သက်လုံး ဒုတိယလူအဖြစ်သာ နေထိုင်သွားရမည့်သူက ဘာတွေများ ရဲတင်းနေရသနည်းဟု သူ စိတ်ထဲမှ တွေးတောနေမိသည်။

"ပေါလ်... သူငယ်ချင်းဟောင်းတွေ ဆုံတာကို နှုတ်တောင် မဆက်ဘဲ သွားတော့မလို့လား” ဖုန်းယွီက တမင်တကာ လှမ်းအော်ပြောလိုက်သည်။ သူသည် ပေါလ် အယ်လန်၏ ရိုင်းစိုင်းသော အမူအရာအပေါ် များစွာ မကျေမနပ် ဖြစ်နေခဲ့သည်။

ပေါလ် အယ်လန်၏ ခြေလှမ်းများ တန့်သွားခဲ့သည်။ သူသည် နောက်သို့ လှည့်ကြည့်ကာ ဆိုလိုက်သည်။ "ဘာလဲ... ငါတို့က ဘယ်တုန်းက သူငယ်ချင်း ဖြစ်သွားလို့လဲ”

ကီရီလန်ကိုက သူ၏ မပီကလာ ပီကလာ အင်္ဂလိပ်စကားဖြင့် ခနဲ့လိုက်သည်။ "ဟုတ်တယ် ဖုန်း... လူတိုင်းက ငါတို့နဲ့ သူငယ်ချင်း ဖြစ်နိုင်လို့လား”

ထိုသို့ အပြောခံရသည့်အခါ ပေါလ် အယ်လန် တစ်ယောက် မအောင့်နိုင်တော့ပါချေ။ "ကီရီလန်ကို... မင်း ဘာပြောချင်တာလဲ။!" သူ ဒေါသတကြီး မေးမြန်းလိုက်သည်။

"ငါ ပြောတာ မှားလို့လား။ ဒါမှမဟုတ် မင်းကိုယ်မင်း ငါ့သူငယ်ချင်းလို့ ထင်နေတာလား။ ဖုန်းက မင်းကို မျက်နှာသာ ပေးတာကို၊ မင်းကိုယ်တိုင်က အဖတ်မလုပ်တာပဲ!" ကီရီလန်ကိုက ပြန်လည် တုံ့ပြန်လိုက်သည်။

ဖုန်းယွီသည် ကီရီလန်ကို၏ လက်မောင်းကို ခပ်ဖွဖွ ပုတ်ကာ ဆက်မပြောရန် အချက်ပြလိုက်ပြီးမှ မေးလိုက်သည်။ "ပေါလ်... သဘက်ခါကျရင် ငါ စီယက်တဲလ်ကို သွားပြီး ဘီလ်နဲ့ ကိစ္စလေးတစ်ခု ဆွေးနွေးဖို့ ရှိတယ်။ ဒီအကြောင်းကို သူ မင်းကို ပြောပြပြီးပြီ မဟုတ်လား”

ပေါလ် အယ်လန်၏ မျက်နှာမှာ ရုတ်ချည်း ပျက်ယွင်းသွားခဲ့သည်။ ဖုန်းယွီသည် မိုက်ခရိုဆော့ဖ်သို့ သွားရောက် ဆွေးနွေးမည်ဆိုပါက ဧကန်မုချ ကြီးမားသော စီးပွားရေးလုပ်ငန်း ဖြစ်ရပေမည်။ ဤမျှ အရေးကြီးသော ကိစ္စကို သူ လုံးဝ မသိရှိခဲ့ပါချေ။ ဘီလ်ဂိတ်သည် ဘောလ်မာတို့ အုပ်စုကိုသာ ပို၍ယုံကြည်အားကိုးနေပြီး ယခုအခါ သူ့ထက်ပင် နေရာပေးနေခြင်းအပေါ် ပေါလ် အယ်လန် တစ်ယောက် အလွန်ပင် စိတ်မသက်မသာ ဖြစ်နေမိသည်။ သူသည် မိုက်ခရိုဆော့ဖ်၏ ဒုတိယ အကြီးဆုံး ရှယ်ယာရှင်နှင့် တည်ထောင်သူ တစ်ဦး ဖြစ်ပါလျက်နှင့်၊ ဘီလ်ဂိတ်အနေဖြင့် အရေးကြီးသော ကိစ္စရပ်များကို သူ့အား အသိပေး တိုင်ပင်သင့်သည် မဟုတ်ပါလား။

ပေါလ် အယ်လန်တစ်ယောက် ကြောင်အမ်းအမ်းဖြင့် ရပ်နေသည်ကို မြင်ရသည့်အခါ ဖုန်းယွီစိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်မိသည်။ သတင်းများအရ ပေါလ် အယ်လန်နှင့်ဘီလ်ဂိတ်တို့၏ ဆက်ဆံရေးမှာ အမှန်တကယ်ပင် အက်ကြောင်း ထင်နေခဲ့ပြီ ဖြစ်သည်။ ဖုန်းယွီ၏ ရိုးရှင်းသော စကားတစ်ခွန်းကပင် ပေါလ် အယ်လန်ကို ဆွံ့အသွားစေခဲ့သည်။ ဘီလ်ဂိတ်က ပေါလ် အယ်လန်အား အဘယ်ကြောင့် မပြောပြသနည်းဟူမူ ဖုန်းယွီက ဘီလ်ဂိတ်ထံ ဖုန်းဆက်စဉ်က "သူငယ်ချင်းဟောင်း အနေနဲ့ စကားစမြည် ပြောဆိုချင်လို့" ဟုသာ အကြောင်းပြခဲ့သောကြောင့် ဖြစ်သည်။ သူတို့ နှစ်ဦးကြားရှိ ဆိုးရွားသော ဆက်ဆံရေးကို သိရှိထားသော ဘီလ်ဂိတ် အနေဖြင့်လည်း ဤကဲ့သို့သော ကိစ္စကို ပေါလ်အား အသိပေးရန် မလိုအပ်ဟု ယူဆထားခြင်းပင်။

အပြင်သို့ ရောက်ရှိသွားသည့်အခါ ကီရီလန်ကိုက မအောင့်နိုင်ဘဲ မေးမြန်းလိုက်သည်။ "ဖုန်း... မင်း ဘီလ်ဂိတ်ဆီ သွားတာ ဘာလုပ်ဖို့လဲ။ မိုက်ခရိုဆော့ဖ်ဆီကို ပြန်သွားတော့မလို့လား”

"မဟုတ်ပါဘူး... တကယ်တော့ ဘီလ်က ဖုန်းမျိုးဆက်သစ် စနစ် (Mobile OS) နဲ့ ပတ်သက်ပြီး ငါနဲ့ ဆွေးနွေးချင်နေတာ ကြာပါပြီ။ ငါကသာ အချိန်မရဖြစ်နေတာ။ အခု အမေရိကန်ကို ရောက်တုန်း လမ်းကြုံဝင်ပြီး သူ့နဲ့ စကားပြောဖို့ စီစဉ်လိုက်တာပါ" ဖုန်းယွီက အေးအေးလူလူပင် ပြန်လည် ဖြေကြားလိုက်သည်။

"Mobile OS... HOS လား။ အဲဒီစနစ်ကို မိုက်ခရိုဆော့ဖ်ရဲ့ စနစ်နဲ့ ပေါင်းစည်းမလို့လား” ကီရီလန်ကိုက အံ့သြတကြီး မေးမြန်းလိုက်သည်။

သူ သိကျွမ်းထားသော ဖုန်းယွီသည် ဤကဲ့သို့သော ရွေးချယ်မှုမျိုးကို လုပ်လိမ့်မည် မဟုတ်ဟု သူ ယူဆထားသည်။ ဖုန်းယွီသည် ပြီးခဲ့သည့်နှစ်ကတည်းက ကွန်ပျူတာ ဟတ်ဒ်ဝဲနှင့် ဆော့ဖ်ဝဲလ် လောကတွင် နယ်မြေချဲ့ထွင်ခဲ့ပြီး၊ မိမိ၏ အင်အား တစ်ခုတည်းဖြင့် အခြားသော လုပ်ငန်းစု အားလုံးကို တိုက်ခိုက်မည်ဟု ကြွေးကြော်ခဲ့သူ မဟုတ်ပါလား။ ယခုအခါတွင်မူ အဘယ်ကြောင့် ပူးပေါင်းရန် ပြင်ဆင်နေရသနည်း။

"ပေါင်းစည်းမယ် ဟုတ်လား။ ငါ အဲဒီလို တစ်ခါမှ မပြောခဲ့ပါဘူး။ ငါ သိချင်တာက... မိုက်ခရိုဆော့ဖ်အနေနဲ့ သူတို့ရဲ့ ဖုန်းစနစ် လုပ်ငန်းကို ရောင်းချဖို့ အစီအစဉ် ရှိ၊ မရှိ ဆိုတာပါပဲ"

ကီရီလန်ကိုပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။ ဖုန်းယွီက မိုက်ခရိုဆော့ဖ်၏ လုပ်ငန်းကို ဝယ်ယူရန် ကြံစည်နေသည် ဟုတ်လား။ မိုက်ခရိုဆော့ဖ်က တခြားသူများ၏ လုပ်ငန်းကို ဝယ်ယူသည်သာ ကြားဖူးသော်လည်း၊ မိုက်ခရိုဆော့ဖ်၏ လုပ်ငန်းကို ဝယ်ယူချင်သူ ရှိနေသည်မှာ ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ သို့သော်လည်း ဤလူမှာ ဖုန်းယွီဖြစ်နေသဖြင့် သူ များစွာ မအံ့သြတော့ပါချေ။ ဖုန်းယွီသည် Lenovoအား IBM ၏ PC လုပ်ငန်းကို ဝါးမြိုစေရန်ပင် စီမံနေသူ မဟုတ်ပါလား။ ထိုကိစ္စကိုလည်း အစောပိုင်းက လူတိုင်းသည် စိတ်ကူးယဉ် အိပ်မက်တစ်ခုဟုသာ ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ Lenovoသည် IBM နှင့် စတင် ဆွေးနွေးနေပြီ ဖြစ်သလို၊ IBM ဘက်ကလည်း ရောင်းချရန် ဆန္ဒရှိနေပုံရသည်။ အကယ်၍သာ ဤကိစ္စ အောင်မြင်ခဲ့မည်ဆိုပါက Lenovoသည် ကမ္ဘာ့နံပါတ်တစ် PC ထုတ်လုပ်သူ ဖြစ်လာမည်ဖြစ်ကာ နောင်အနာဂတ်တွင် ကွန်ပျူတာလောက၏ လက်ဝါးကြီးအုပ် အင်အားစုကြီး တစ်ခုပင် ဖြစ်လာနိုင်ပေသည်။

"ဖုန်းယွီ... မင်းပြောချင်တာက မိုက်ခရိုဆော့ဖ်က သူတို့ရဲ့ စမတ်ဖုန်းစနစ်တွေကို ရောင်းချဖို့ စိတ်ကူးရှိနေတာလား” လီဇီခိုင်က အံ့သြတကြီး မေးမြန်းလိုက်သည်။ လီဇီခိုင်သည် အစဉ်တစိုက် IT နယ်ပယ်ကို အဓိက အာရုံစိုက်နေသူ ဖြစ်ရာ၊ အကယ်၍ မိုက်ခရိုဆော့ဖ်သာ ရောင်းချမည်ဆိုပါက သူလည်း ပါဝင် ရင်းနှီးမြှုပ်နှံလိုသော ဆန္ဒ ရှိနေသည်။

"ငါလည်း မသေချာဘူး။ ဒါပေမဲ့ ငါ့ခန့်မှန်းချက်အရတော့ ဘီလ်ဂိတ်က ရောင်းလိမ့်မယ် မထင်ဘူး။ လက်ရှိမှာ Microsoft၊ Symbian၊ BlackBerryနဲ့ ငါတို့ရဲ့ HOS တို့ဟာ လေးပွင့်ဆိုင် အားပြိုင်နေကြတာလေ။ ငါတို့ရဲ့ တိုးတက်မှုနှုန်းက အမြန်ဆုံး ဖြစ်နေစေကာမူ၊ အရှုံးအနိုင်ကတော့ မပေါ်သေးဘူး။ သူ ဘာလို့ အရှုံးပေးမှာလဲ။ ငါ့အမြင်အရ သူက ငါတို့နဲ့ ပူးပေါင်းပြီး Symbian ကို အရင်ဆုံး ဈေးကွက်ထဲက မောင်းထုတ်ပြီးမှ BlackBerry ကို တိုက်ခိုက်ချင်တာ ဖြစ်လိမ့်မယ်"

လီဇီခိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့မည်ဆိုပါက သူ ဝင်ရောက် စွက်ဖက်ရန်မှာ များစွာ ခက်ခဲလှပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများနှင့် ပူးပေါင်းရန်အတွက် သူ၏ လက်ဝယ်တွင် လုံလောက်သော အရင်းအနှီး မရှိသောကြောင့် ဖြစ်သည်။

လီကျယ်ကျူက ညီဖြစ်သူ၏ပုခုံးကို ခပ်ဖွဖွ ပုတ်ကာ အားပေးလိုက်သည်။ ဤကိစ္စသည် ငွေရှိရုံနှင့် ရှယ်ယာ ဝင်နိုင်သည့် ကိစ္စမျိုး မဟုတ်သဖြင့် မိသားစုအနေဖြင့်လည်း ကူညီပေးနိုင်ရန် ခဲယဉ်းလှပေသည်။

"ဖုန်း... ဒါဆို မင်းရဲ့ စိတ်ထဲမှာ မိုက်ခရိုဆော့ဖ်နဲ့ ပူးပေါင်းဖို့ အစီအစဉ် ရှိလား"

"အကယ်၍ ဘီလ်ဂိတ်က သူတို့ရဲ့ ကိုယ်ပိုင် စနစ်ဖော်ဆောင်မှုကို လက်လျှော့ပြီး ငါတို့ရဲ့ HOS ထဲကို လာပြီး ပူးပေါင်းမယ်ဆိုရင်တော့ ငါ ဝမ်းသာအားရ ကြိုဆိုမှာပါ။ ဒါပေမဲ့ သူက ငါတို့ကို သူတို့အဖွဲ့ထဲ ဝင်ခိုင်းမယ်ဆိုရင်တော့ လုံးဝ မဖြစ်နိုင်ပါဘူး။ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု စဉ်းစားပေးလို့ ရတာပေါ့"

HOS ဆိုသည်မှာ ဖုန်းယွီအင်တိုက်အားတိုက် မြှင့်တင်နေသော စနစ်ဖြစ်ပြီး၊ နောင်အနာဂတ်တွင် တက်ဘလက်(Tablets) များ၌ပါ အသုံးပြုသွားမည် ဖြစ်ရာ၊ သူသည် ဤစနစ်ကို မည်သူ့လက်သို့မျှ ထည့်ပေးမည် မဟုတ်ပါချေ။

ဤအကျိုးအမြတ်ကို မိမိနိုင်ငံတော်အား ဝေမျှပေးနိုင်စေကာမူ မိုက်ခရိုဆော့ဖ်အား ဝေမျှပေးရန်မှာမူ မဖြစ်နိုင်ပါချေ။ ဖုန်းယွီသည် မိုက်ခရိုဆော့ဖ်အား သူ၏ ခြဖဝါးအောက်တွင် နင်းခြေထားရန်အထိ ရည်မှန်းထားသူ ဖြစ်ရာ မည်သည့်နည်းနှင့်မျှ အလျှော့ပေးလိမ့်မည် မဟုတ်ပါချေ။

သူ၏အရင်ဘဝတုန်းက Androidစနစ်သည် ကမ္ဘာပေါ်တွင် အလျင်အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာကာ၊ မိုက်ခရိုဆော့ဖ်၊ Appleနှင့် BlackBerryတို့ကိုပါ ဖိနှိပ်ထားနိုင်ခဲ့ပြီး Symbianကို ဈေးကွက်မှ ဖယ်ထုတ်နိုင်ခဲ့ခြင်းမှာ ဂူဂဲလ် တစ်ခုတည်း၏ အင်အားကြောင့် မဟုတ်ဘဲ၊ ကုမ္ပဏီ အမြောက်အမြား၏ စုပေါင်းအင်အားကြောင့် ဖြစ်သည်။

Android၏ အောင်မြင်မှု လျှို့ဝှက်ချက်မှာ စနစ်၏ အခြေခံ ကုဒ်များကို အားလုံးအတွက် ဖွင့်ချပေးလိုက်ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် ဖုန်းထုတ်လုပ်သူများနှင့် ဆော့ဖ်ဝဲလ် ရေးသားသူများအားလုံးသည် စနစ်၏ အဆင့်မြှင့်တင်မှုများတွင် ပါဝင်လာနိုင်ကြသည် မဟုတ်ပါလား။

ထိုအခါ ဖုန်းအသုံးပြုသော အက်ပလီကေးရှင်း(Apps)အများစုမှာ Androidကိုသာ အဓိကထောက်ခံလာကြတော့သည်။ နောက်ပိုင်းတွင် အက်ပဲလ်က ထုတ်လုပ်သော အက်ပလီကေးရှင်းများပင်လျှင် Android ဗားရှင်းများ ထွက်ပေါ်လာခဲ့ရသည်။ Symbianဆိုသည်မှာလည်း ဤနည်းလမ်းဖြင့်သာ ဈေးကွက်အတွင်းမှ ပျောက်ကွယ်သွားခဲ့ရခြင်းပင်။

ယခုဘဝတွင်မူ ဖုန်းယွီသည် HOS ၏ သုတေသန လုပ်ငန်းများအတွက် ငွေအမြောက်အမြား အသုံးပြုထားသဖြင့်၊ လောလောဆယ်တွင် အခြေခံ ကုဒ်များကို ဖွင့်ချရန် မသင့်တော်သေးပါချေ။

မိုက်ခရိုဆော့ဖ်စသည့် ကုမ္ပဏီများကို လောလောဆယ် ဆက်လက် ကစားခွင့် ပေးထားရမည်။ ၎င်းတို့အနေဖြင့် HOS ကို အနိုင်ယူရန် အခွင့်အရေး ရှိသည်ဟု ထင်မှတ်နေချိန်တွင်မှ၊ စနစ်၏ အခြေခံ ကုဒ်များကို အများပြည်သူသို့ ဖွင့်ချလိုက်မည်ဆိုပါက၊ မိုက်ခရိုဆော့ဖ်အပါအဝင် စမတ်ဖုန်းစနစ် ထုတ်လုပ်သည့် ကုမ္ပဏီများမှာ အကြီးအကျယ် ထိုးနှက်ချက် ခံရပေလိမ့်မည်။

ဤသည်မှာ Linuxစနစ်ကဲ့သို့ပင် ဖြစ်သည်။ ၎င်း၏ အခြေခံကုဒ်များကို ဖွင့်ချပေးလိုက်ပြီး အခမဲ့ အသုံးပြုခွင့် ပေးလိုက်ခြင်းကြောင့်၊ အရင်ဘဝတုန်းက မိုက်ခရိုဆော့ဖ်၏မူလဈေးကွက် ဝေစုအတော်များများကို လုယူနိုင်ခဲ့သည် မဟုတ်ပါလား။

"ဖုန်း... ဒါဆိုရင်တော့ မင်း အောင်မြင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်" ကီရီလန်ကိုက ဆိုလိုက်သည်။ သူသည်လည်း ဤကိစ္စတွင် ကူညီပေးနိုင်ရန် ခဲယဉ်းလှသဖြင့် ဘာပြောရမှန်း မသိတော့ပါချေ။ သေချာပေါက် HOS သာ အောင်မြင်ခဲ့မည်ဆိုပါက သူသည်လည်း အမြတ်ဝေစု အချို့ကို ခံစားခွင့် ရရှိမည် ဖြစ်ရာ၊ သူသည်လည်း HOS အနေဖြင့် မိုက်ခရိုဆော့ဖ်၏ ဖုန်းစနစ် လုပ်ငန်းကို ဝါးမြိုပစ်နိုင်မည့် နေ့ကိုသာ မျှော်လင့်နေမိတော့သည်။

ဖုန်းယွီက အပြုံးဖျော့ဖျော့လေးဖြင့် ဆိုလိုက်လေတော့သည်။ "ငါ သေချာပေါက် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"

******

အခန်း (၁၃၇၇) ဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးဆိုရင်တော့ ဖြစ်နိုင်တာပေါ့

"ဟေး... ဘီလ် စောင့်နေရတာ ကြာသွားပြီလား” ဖုန်းယွီက မျက်နှာတွင် အပြုံးပန်းများ ဝေဆာလျက် နှုတ်ဆက်လိုက်သည်။

မိုက်ခရိုဆော့ဖ်၏ ဌာနချုပ်သို့ နောက်တစ်ကြိမ် ရောက်ရှိလာခြင်း ဖြစ်သော်လည်း ယခုတစ်ခေါက် ဖုန်းယွီရောက်လာသည့် ပုံစံမှာ ယခင်က ထွက်ခွာသွားစဉ်ကနှင့် လုံးဝကို ကွာခြားလှပေသည်။

ဖုန်းယွီသည် မိုက်ခရိုဆော့ဖ်၏ ရုံးခန်းဧရိယာအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ဝန်ထမ်းအမြောက်အမြားက သူ့အား ရိုသေကိုင်းရှိုင်းစွာဖြင့် ဆက်တိုက် နှုတ်ဆက်နေကြသည်။ သေချာပေါက် ဖုန်းယွီအား မသိရှိသော ဝန်ထမ်းအသစ်အချို့မှာမူ ဤမျှအထိ လူအများ၏ အရိုအသေပေးခြင်းကို ခံနေရသော ထိုသူမှာ မည်သူနည်း၊ ကုမ္ပဏီ၏ အဆင့်မြင့် အရာရှိကြီး တစ်ဦးဦးလားဟု သိချင်စိတ်ဖြင့် စူးစမ်းနေကြသည်။

'ငါတို့ ဘာလို့ သူ့ကို တစ်ခါမှ မမြင်ဖူးပါလိမ့်။ အသစ်ရောက်လာတဲ့သူလား။' ဟု သူတို့ စိတ်ထဲမှ တွေးတောနေကြသည်။

ဘေးနားရှိ ဝါရင့် ဝန်ထမ်းများကို မေးမြန်းကြည့်သည့် အခါမှသာ၊ ထိုသူမှာ အခြားသူမဟုတ်ဘဲ ဖုန်းယွီဖြစ်ကြောင်း သိရှိသွားကြရသည်။ ထိုဝန်ထမ်းသစ်များသည်လည်း ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးမှာ ၎င်းတို့ စိတ်ကူးထားသည်နှင့် အမှန်တကယ်ပင် များစွာကွာခြားနေကြောင်း တစ်ဦးကိုတစ်ဦး ရေရွတ်နေကြတော့သည်။

ယခင်က ဤနေရာမှ ထွက်ခွာသွားစဉ်ကမူ၊ လူအတော်များများ၏ မျက်ဝန်းများတွင် အံ့သြမှုနှင့် သနားဂရုဏာ သက်မှုများသာ ရှိခဲ့ကြပြီး၊ ဖုန်းယွီအနေဖြင့် ကုမ္ပဏီမှ အရှက်တကွဲ နှင်ထုတ်ခံရသည်ဟုသာ ယူဆခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခုမူ ဖုန်းယွီသည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဟူသော ဂုဏ်ပုဒ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သလို၊ ထိုဂုဏ်ပုဒ်ကိုလည်း ၎င်းတို့၏ အလုပ်ရှင် ဘီလ်ဂိတ်ထံမှ လုယူခဲ့ခြင်း မဟုတ်ပါလား။

ဘီလ်ဂိတ်၏ ရုံးခန်းတံခါးဝသို့ ရောက်သည့်အခါ သူ၏လက်ထောက်ဖြစ်သူသည် တံခါးကိုပင် မခေါက်တော့ဘဲ တိုက်ရိုက် တွန်းဖွင့်ကာ ဖုန်းယွီအား အထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်သည်။ အလုပ်ရှင်ဖြစ်သူမှာ ဖုန်းယွီကို စောင့်ဆိုင်းနေသည်မှာ အတန်ကြာပြီ ဖြစ်သလို၊ ယနေ့အတွက် အခြားသော အလုပ်ကိစ္စ အဝဝကိုလည်း ဖျက်သိမ်းထားခဲ့ပြီ ဖြစ်သည်။

ထင်ရှားသည်မှာ အခြားသော အလုပ်များ၏ အရေးကြီးမှုမှာ ဖုန်းယွီနှင့် တွေ့ဆုံဆွေးနွေးရခြင်းလောက် အရေးမပါဟု ဘီလ်ဂိတ် က ယူဆထားခြင်းပင်။

"ဖုန်း... ရောက်လာပြီလား၊ ထိုင်ပါဦး"

ဖုန်းယွီသည် ဘီလ်ဂိတ်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ လက်ထောက်ဖြစ်သူက Black tea လာရောက် ချပေးပြီးသည့် အချိန်မှာပင် ပေါလ် အယ်လန်သည်လည်း အခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

ဘီလ်ဂိတ်သည် မျက်မှောင်တစ်ချက် ကြုတ်လိုက်သော်လည်း ဘာမှထပ်မပြောဘဲ လက်ထောက်ဖြစ်သူအား ပေါလ်အတွက်ပါ နောက်ထပ် တစ်ခွက် ပြင်ခိုင်းလိုက်သည်။

"ဖုန်း... မင်းကို အခုလို ဖိတ်ခေါ်ရတာက၊ တကယ်တော့ ဆွေးနွေးစရာ ကိစ္စလေးတွေ ရှိလို့ပါ။ အရင်တုန်းက ငါတို့ကြားမှာ တစ်စုံတစ်ရာသော အထင်လွဲမှားမှုတွေ ရှိခဲ့လို့ မင်း မိုက်ခရိုဆော့ဖ်ကနေ ထွက်သွားပြီး ရှယ်ယာတွေကိုပါ ရောင်းထုတ်ခဲ့ရတာပေါ့။ အခု အချိန်တွေ အတော်ကြာသွားပြီဆိုတော့ အဲဒီ အထင်လွဲမှုတွေလည်း ပျောက်ကွယ်သွားပြီလို့ ငါ ယူဆပါတယ်" ဘီလ်ဂိတ် က စကားစလိုက်သည်။

အထင်လွဲမှားမှု ဟုတ်လား။ ဖုန်းယွီသည် ဘာမှ ပြန်မပြောဘဲ Black tea ကို အေးအေးလူလူ တစ်ငုံ သောက်လိုက်သည်။

"ဖုန်း... ငါ အခု မင်းကို မိုက်ခရိုဆော့ဖ်ရဲ့ ဒါရိုက်တာအဖွဲ့ထဲကို ပြန်ပြီး ပါဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ မင်းရဲ့ သဘောထားက ဘယ်လို ရှိမလဲ”

ပေါလ် အယ်လန်သည် အံ့သြတကြီးဖြင့် ဘီလ်ဂိတ် ကို လှမ်းကြည့်လိုက်မိသည်။ ဤမျှ အရေးကြီးသော ကိစ္စကို သူ အဘယ်ကြောင့် မသိရှိခဲ့ရပါသနည်း။ မူလရှိနေသော ဒါရိုက်တာ တစ်ဦးကို အစားထိုးသည်ဖြစ်စေ၊ ဒါရိုက်တာအသစ် ခန့်အပ်သည်ဖြစ်စေ၊ ဤသည်မှာ ကုမ္ပဏီ စီမံခန့်ခွဲမှုပိုင်း၏ အဓိက အပြောင်းအလဲဖြစ်ရာ၊ သူကဲ့သို့သော ဒုတိယ အကြီးဆုံး ရှယ်ယာရှင် တစ်ဦးအနေဖြင့် ကြိုတင်၍ အရိပ်အယောင်မျှပင် မသိခဲ့ရသည်မှာ မဖြစ်သင့်ပါချေ။

ဘီလ်ဂိတ်... မင်းကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ကို လွန်လာပြီပဲ။ ပေါလ် အယ်လန် စိတ်ထဲမှ ကြိမ်းမောင်းနေမိသည်။

ကမ္ဘာပေါ်ရှိ လူအများစုမှာ ဘီလ်ဂိတ်ကို မိုက်ခရိုဆော့ဖ်တည်ထောင်သူဟု သိကြသလို၊ မိုက်ခရိုဆော့ဖ်ကိုလည်း ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုဟုသာ မြင်ကြသည်။ သို့သော် သူ ပေါလ် အယ်လန်သာ မရှိခဲ့ပါက မိုက်ခရိုဆော့ဖ်သည် ယနေ့ကဲ့သို့ အခြေအနေသို့ ရောက်ရှိနိုင်ပါမည်နည်း။ သို့မဟုတ်လျှင်လည်း မိုက်ခရိုဆော့ဖ်ဟူ၍ပင် ပေါ်ထွက်လာလိမ့်မည် မဟုတ်ပါချေ။

ဘီလ်ဂိတ်သည် မိုက်ခရိုဆော့ဖ်၏ ပြယုဂ်ဖြစ်နေခြင်းကို ပေါလ် အယ်လန်အနေဖြင့် သည်းခံနိုင်စေကာမူ၊ အာဏာအားလုံးကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ကာ သူ၏အမြင်များကို လုံးဝလျစ်လျူရှုခြင်းကိုတော့ လက်မခံနိုင်ပါချေ။

"ဘီလ်... ကုမ္ပဏီက ဖုန်းကို ဒါရိုက်တာအဖြစ် ပြန်ခေါ်မယ့်ကိစ္စကို ငါ ဘာလို့ မသိရတာလဲ။ ဒါရိုက်တာအဖွဲ့နဲ့ ပတ်သက်တဲ့ ကိစ္စတွေဟာ ရှယ်ယာရှင်များ အစည်းအဝေးမှာ ဆုံးဖြတ်ရမှာ မဟုတ်လား"

ဖုန်းယွီကတော့ ဘာမှ ဝင်မပြောဘဲ ပြုံးလျက်သာ ကြည့်နေလိုက်သည်။ ပေါလ် အယ်လန် နှင့် ဘီလ်ဂိတ် တို့ အချင်းချင်း ငြင်းခုံနေကြသည်ကို ကြည့်ရသည်မှာ သူ၏ စိတ်ကို အလွန်ပင် ကြည်နူးစေသည် မဟုတ်ပါလား။

ဘီလ်ဂိတ် နှင့် ပေါလ် အယ်လန် တို့သည် တကယ်တော့ စရိုက်လက္ခဏာ များစွာ ကွာခြားကြသည်။ ဥပမာ ဘီလ်ဂိတ်သည် သာမန် သက်သောင့်သက်သာရှိသော အဝတ်အစားများကိုသာ ဝတ်ဆင်လေ့ရှိပြီး၊ သူ၏ဆံပင်မှာလည်း မကြာခဏဆိုသလို ဖရိုဖရဲ ဖြစ်နေတတ်သည်။

သို့သော် ပေါလ် အယ်လန် မှာမူ ကွဲပြားသည်။ သူသည် အိမ်သာသွားသည့် အခါတိုင်း မှန်ထဲတွင် မိမိ၏ ပုံပန်းသဏ္ဌာန်ကို သေသေချာချာ ပြန်လည် စစ်ဆေးပြုပြင်တတ်သူ ဖြစ်သည်။ နေ့စဉ်နေ့တိုင်း ဝတ်စုံအပြည့် ဝတ်ဆင်ထားသလို၊ နက်ကတိုင်မှာလည်း တစ်စက်မျှ စောင်းမနေစေရပါချေ။ ဆံပင်မှာလည်း သေသပ်နေရမည် ဖြစ်သလို၊ သားရေဖိနပ်မှာလည်း အမြဲတမ်း ပြောင်လက်နေရမည် ဖြစ်သည်။

ဘီလ်ဂိတ်သည် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းတတ်သူ ဖြစ်ပြီး၊ ဇနီးသည်နှင့်အတူ ခရီးသွားခြင်း၊ တောင်တက်ခြင်း စသည့် မိမိ ဝါသနာပါရာများကို လုပ်ဆောင်လေ့ ရှိသည်။ သို့သော် ပေါလ် အယ်လန် ကမူ သူ၏အချိန်အများစုကို အလုပ်ထဲမှာသာ မြှုပ်နှံထားသူ ဖြစ်သည်။ မိုက်ခရိုဆော့ဖ်ရှိ အလုပ်များအပြင်၊ သူကိုယ်တိုင်တွင်လည်း ကိုယ်ပိုင် ဆော့ဖ်ဝဲလ် ကုမ္ပဏီများ ရှိနေသော်လည်း ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုမှာမူ ထင်သလောက် ခရီးမပေါက်လှပါချေ။

ဤသည်မှာလည်း ကီရီလန်ကိုက ပေါလ် အယ်လန်အား အဘယ်ကြောင့် အထင်သေးရသနည်းဆိုသည့် အကြောင်းရင်းပင်။ မိုက်ခရိုဆော့ဖ်မှလွဲ၍ ကျန်ရှိသော အရာများတွင် သူသည် အောင်မြင်မှု တစ်စုံတစ်ရာ မရှိခဲ့သည် မဟုတ်ပါလား။

ဤမျှ စရိုက်ကွာခြားသော သူနှစ်ဦးသည် မည်သို့လျှင် မဟာမိတ်များ ဖြစ်ခဲ့ကြပြီး မိုက်ခရိုဆော့ဖ်ကို အတူတကွ တည်ထောင်နိုင်ခဲ့ကြသနည်း ဆိုသည်မှာ အမှန်တကယ်ပင် ထူးဆန်းလှပေသည်။ သူတို့၏ အတွေးအခေါ်အချို့မှာ အမှတ်မထင် တိုက်ဆိုင်သွားခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပေလိမ့်မည်။

"ပေါလ်... အခုက ဒါကို ငြင်းခုံရမယ့် အချိန်မဟုတ်ဘူး။ ခဏနေရင် ငါ မင်းကို အကျိုးအကြောင်း ရှင်းပြပါ့မယ်၊ အကယ်၍ မင်းက ငါ့ကို ယုံကြည်နေသေးတယ် ဆိုရင်ပေါ့"

ဘီလ်ဂိတ် က ထိုသို့ ဆိုလိုက်သည့်အခါတွင်မူ၊ ပေါလ် အယ်လန်သည် တိတ်ဆိတ်သွားကာ ခေါင်းညိတ်ပြလိုက်ပြီး ဘာမ ထပ်မပြောတော့ပါချေ။ ဤသည်မှာ ရန်ပွဲကိုသာ အားပါးတရ ကြည့်ချင်နေသော ဖုန်းယွီအဖို့တော့ အလွန်ပင် စိတ်ပျက်စရာ ကောင်းလှပေသည်။

ဒီလူနှစ်ယောက်က တကယ့်ကို ယဉ်ကျေးလွန်းနေတယ်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ကောင်းလွန်းနေတယ်လို့ပဲ ဆိုရမလား။ တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ဆဲဆိုပြီး တံတွေးနဲ့ လိုက်ထွေးကြရင် ဘယ်လောက်တောင် ကြည့်လို့ ကောင်းမလဲ။ ဒီလို မြင်ကွင်းမျိုးကိုသာ ဗီဒီယိုရိုက်ပြီး ရုပ်ရှင်ရုံမှာ တင်လိုက်ရင်၊ အနည်းဆုံးတော့ ရုံတင်ဝင်ငွေ ဒေါ်လာ သန်းတစ်ထောင်လောက် ရမှာ သေချာတယ်!

မိုက်ခရိုဆော့ဖ်၏ ထိပ်တန်း ခေါင်းဆောင်ကြီးနှစ်ဦး အချင်းချင်း သတ်ပုတ်ကြသည်ကို ကြည့်ချင်သူတွေက အလွန်များပြားလှပေသည်။ အနည်းဆုံးတော့ ဖုန်းယွီကိုယ်တိုင်ပင်လျှင် ရုပ်ရှင်လက်မှတ် အကြိမ်ပေါင်း ထောင်ချီ၍ ဝယ်ယူကာ အားပေးမည်မှာ အသေအချာပင်။

"ဖုန်း... ခုနက ငါ့ရဲ့ကမ်းလှမ်းချက်အပေါ်မှာ မင်းရဲ့ အမြင်ကို ပြောပါဦး"

ဖုန်းယွီက ပုခုံးတစ်ချက် တွန့်လိုက်ကာ ဆိုလိုက်သည်။ "တောင်းပန်ပါတယ်... ငါကတော့ တခြားကုမ္ပဏီတစ်ခုမှာ ဒါရိုက်တာ သွားလုပ်ဖို့ကို စိတ်မဝင်စားပါဘူး"

ဒါရိုက်တာ လုပ်ရတာက ဘာထူးခြားမှာမို့လို့လဲ။ အကယ်၍သာ မိုက်ခရိုဆော့ဖ်၏ ဥက္ကဋ္ဌနေရာကိုသာ ပေးမယ်ဆိုရင်တော့ ငါ သေချာပေါက် စဉ်းစားမှာပေါ့။ သာမန် ဒါရိုက်တာတစ်ဦး လုပ်ပေးခြင်းအားဖြင့် မိုက်ခရိုဆော့ဖ်၏ စတော့ဈေးနှုန်းများကို မြင့်တက်စေရန် ဝိုင်းကူပေးခြင်းသည် ဘီလ်ဂိတ် တို့အတွက်သာ အကျိုးရှိစေမည်ဖြစ်ရာ၊ ဖုန်းယွီအနေဖြင့် ထိုသို့သော အလုပ်ကို လုပ်လိမ့်မည် မဟုတ်ပါချေ။

ပေါလ် အယ်လန်သည် ပါးစပ်ဟလိုက်သော်လည်း စကားလုံးများကို ပြန်လည် ထိန်းချုပ်လိုက်သည်။ သို့သော် သူ၏စိတ်ထဲတွင်မူ အကြီးအကျယ် ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။ 'ဖုန်းယွီမင်းရဲ့ လေသံက ဘာလဲ၊ ငါတို့ မိုက်ခရိုဆော့ဖ်ရဲ့ ဒါရိုက်တာ နေရာကိုတောင် မင်းက အဖတ်မလုပ်တာလား' ဟု သူ စိတ်ထဲမှ ကြိမ်းမောင်းနေမိသည်။

"ဖုန်း... ငါတို့ကြားမှာ မလိုအပ်တဲ့ ပြိုင်ဆိုင်မှုတွေကို ရှောင်ရှားနိုင်မယ်လို့ ငါ ထင်ပါတယ်။ နယ်ပယ် အတော်များများမှာ ငါတို့ ပူးပေါင်းလို့ ရတာပဲလေ" ဘီလ်ဂိတ်က ဆက်လက် ပြောဆိုလိုက်သည်။

"ဥပမာ ဘယ်လိုမျိုးလဲ”

"ဥပမာ Office softwareတွေကို ငါတို့ ပူးပေါင်းပြီး ဖန်တီးလို့ ရတယ်။ နောက်ပြီး Smart-phone OSတွေ၊ ဖုန်း အက်ပလီကေးရှင်းတွေနဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲလ် အစရှိတာတွေမှာလည်း ငါတို့ လက်တွဲနိုင်တာပဲ"

ဘီလ်ဂိတ် ပြောဆိုနေသော ကိစ္စရပ်များမှာ Lenovo-Kingsoft ကုမ္ပဏီ၏ အဓိက ကျွမ်းကျင်သော နယ်ပယ်များ ဖြစ်သလို၊ မိုက်ခရိုဆော့ဖ်နှင့်လည်း ဈေးကွက်အတွင်း ထိပ်တိုက် ပြိုင်ဆိုင်နေရသော လုပ်ငန်းများ ဖြစ်သည်။

"အလို... ဘီလ် ရယ် ဒါတွေအားလုံးက Lenovo-Kingsoft ရဲ့ လုပ်ငန်းတွေလေ။ ငါက အဲဒီ ကုမ္ပဏီမှာ အခု ဘာရာထူးမှ မရှိတော့ဘူး။ ခင်ဗျား ငါ့ကို လာပြောတာကတော့ လူမှားသွားပြီ ထင်တယ်" ဖုန်းယွီက အကြောင်းပြကာ ရှောင်လွှဲလိုက်သည်။

ဘီလ်ဂိတ် ခေတ္တမျှ ဆွံ့အသွားခဲ့သည်။ ဖုန်းယွီဤမျှအထိ ပြတ်သားစွာ ငြင်းဆိုလိမ့်မည်ဟု သူ မထင်ထားခဲ့ပါချေ။ ထိုအကြောင်းပြချက်များမှာလည်း တကယ့်ကို အဓိပ္ပာယ် မရှိလှပါချေ။ ဖုန်းယွီသည် ထိုကုမ္ပဏီတွင် ရာထူးမယူထားသလို၊ ရှယ်ယာ အများစုကိုလည်း ထိန်းချုပ်မထားစေကာမူ၊ ထိုကုမ္ပဏီအပေါ်တွင် သူ၏ သြဇာညောင်းမှုမှာ အလွန်ပင် ကြီးမားလှသည် မဟုတ်ပါလား။

အကယ်၍သာ ဖုန်းယွီက သဘောတူမည်ဆိုပါက၊ လျူချွမ်းကျစ်အနေဖြင့် ငြင်းပယ်ဝံ့လိမ့်မည် မဟုတ်ကြောင်း သူ ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။

အခြေအနေတွေက မလုံလောက်လို့လား။ ဒါမှမဟုတ် တခြား အကြောင်းရင်း တစ်ခုခု ရှိနေတာလား။

"ဖုန်း... ငါတို့ G-BOX လုပ်ငန်းမှာ အလွန်ပင် အဆင်ပြေပြေ ပူးပေါင်းနိုင်ခဲ့ကြတယ် မဟုတ်လား။ ဘာလို့ တခြား နယ်ပယ်တွေမှာ ပိုပြီးတော့ လက်မတွဲနိုင်ရမှာလဲ”

"အဲဒီလိုလား... အကယ်၍သာ G-BOX ရဲ့ ပူးပေါင်းဆောင်ရွက်မှု ပုံစံအတိုင်းသာ ဆိုရင်တော့ ကျွန်တော် လျူချွမ်းကျစ် ကို ကူညီပြီး နားချပေးလို့ ရတာပေါ့"

ဘီလ်ဂိတ် ၏ မျက်နှာထက်က အပြုံးမှာ ရုတ်ခြည်း တောင့်ခဲသွားခဲ့ရသည်။ G-BOX ၏ ပူးပေါင်းမှု ပုံစံအတိုင်း ဟုတ်လား။ ၎င်းမှာ မည်သို့မျှ မဖြစ်နိုင်ပါချေ။ ၎င်းမှာ ဖုန်းယွီက ရှယ်ယာ အများစုကို ထိန်းချုပ်ထားပြီး မိုက်ခရိုဆော့ဖ်က ရှယ်ယာ အနည်းငယ်ဖြင့်သာ ပါဝင်နေရခြင်း ဖြစ်သည် မဟုတ်ပါလား။

G-BOX သည် လုပ်ငန်းသစ် ဖြစ်သည့်အပြင်၊ ဖုန်းယွီဘက်က အားသာချက် ပိုရှိနေသဖြင့်သာ သူက အလျှော့ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်မှာမူ လုံးဝမတူပါချေ။ ရုံးသုံးဆော့ဖ်ဝဲလ်၊ ဖုန်းစနစ်နှင့် အခြားသော အက်ပလီကေးရှင်းများမှာ မိုက်ခရိုဆော့ဖ်အသာစီးရထားသော လုပ်ငန်းများ ဖြစ်ရာ၊ ဖုန်းယွီအား မည်သို့လျှင် အာဏာပေး၍ ထိန်းချုပ်ခိုင်းပါမည်နည်း။

ဖုန်းယွီ၏ ဤစကားကို ကြည့်ခြင်းအားဖြင့်၊ သူသည် ဆွေးနွေးလိုသော ဆန္ဒ လုံးဝမရှိကြောင်း ထင်ရှားလှပေတော့သည်။

******

အခန်း (၁၃၇၈) ဘယ်သူအရင် အဆုံးစီရင်မလဲ ကြည့်ကြတာပေါ့

ဖုန်းယွီ၏ မောက်မာလွန်းသော အမူအရာကြောင့် ဘီလ်ဂိတ်သည်လည်း အလွန်ပင် စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။

မင်းပဲလား... ဆွေးနွေးဖို့ ဆန္ဒမရှိရင် ဘာလို့ လာခဲ့သေးတာလဲ။ ငါ မင်းကို ဘာလို့ ရှာရသလဲဆိုတာ မင်း မသိဘူးလား။ အခုတော့ မင်းက ငါ့ကို လာပြီး ကျီစယ်နေတာလား။ ဟု ဘီလ်ဂိတ် စိတ်ထဲမှ ဒေါသတကြီး ရေရွတ်နေမိသည်။

"ဖုန်း... စီးပွားရေးဆိုတာ တစ်ယောက်တည်း လုပ်လို့ရတဲ့အရာ မဟုတ်ဘူး၊ မဖြစ်မနေ မဟာမိတ်တွေရှိရမယ်။ ကောင်းမွန်တဲ့ မဟာမိတ်တစ်ခုဟာ မင်းရဲ့ အားအင်တွေကို သက်သာစေရုံတင်မကဘဲ၊ မင်းရဲ့လုပ်ငန်းကိုလည်း ပိုပြီး တိုးတက်အောင် ကူညီပေးနိုင်တယ်"

ဖုန်းယွီက ဘီလ်ဂိတ် ကို စူးစိုက်ကြည့်လိုက်သည်။ ဒီစကားရဲ့ ဆိုလိုရင်းက ခင်ဗျားကိုယ်ခင်ဗျား ကောင်းမွန်တဲ့ မဟာမိတ်လို့ ပြောချင်တာပေါ့လေ။

"ဘီလ်... ကျွန်တော် လုပ်သမျှ စီးပွားရေးမှာ တစ်ခုမှ တစ်ယောက်တည်း လုပ်တာ မရှိပါဘူး၊ ကျွန်တော့်မှာ အမြဲတမ်း မဟာမိတ်တွေ ရှိပါတယ်။ ကျွန်တော့်ရဲ့ အကြီးမားဆုံး မဟာမိတ်အကြောင်းကိုတော့ ပေါလ်က ပိုပြီး ရင်းနှီးလိမ့်မယ် ထင်တယ်နော်"

ဖုန်းယွီ၏ ပဟေဠိဆန်သော အပြုံးကို မြင်လိုက်ရသည့်အခါ၊ ပေါလ် အယ်လန်သည် ဖုန်းယွီဆိုလိုသောသူမှာ အခြားသူမဟုတ်ဘဲ ထိုရုရှားလူမျိုးကြီးဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။

"ဖုန်း... စီးပွားရေး လုပ်တယ်ဆိုတာ ငွေရှာဖို့ပဲလေ၊ ဘယ်သူကမှ ငွေနဲ့ ရန်ဖြစ်မှာ မဟုတ်ပါဘူး။ ငါတို့ဟာ ရန်သူတွေ မဟုတ်သလို၊ ရန်သူတွေလည်း မဖြစ်သင့်ဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မင်းရဲ့ ကုမ္ပဏီတွေက တဟုန်ထိုး တိုးတက်လာတယ် ဆိုတာ မှန်ပေမဲ့၊ မင်းရဲ့ အခြေခံ အုတ်မြစ်က အရမ်း အားနည်းလွန်းပါသေးတယ်။ ရှေးကျတဲ့ ဧရာမ ငွေကြေးအင်အားစုကြီးတွေ ဘယ်လောက်အထိ အင်အားကြီးမားတယ် ဆိုတာကို မင်း မသိသေးဘူး။ အပြင်ပန်းမှာ မင်းက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်နေပေမဲ့ လက်တွေ့မှာ မင်း အမှန်တကယ် ထိန်းချုပ်နိုင်တဲ့ ကြွယ်ဝမှုက ဘယ်လောက် ရှိမှာမို့လို့လဲ”

"မော်ဂန်နဲ့ ရော့ကဖဲလားလို မိသားစုကြီးတွေကို မဆိုထားနဲ့ဦး။ ဘတ်ဖတ်တောင်မှ သူ လွှမ်းမိုးနိုင်တဲ့ ဓနအင်အားက ဘယ်လောက် ရှိသလဲ ဟောင်ကောင်က လီအဘိုးကြီးရဲ့ကမ္ဘာလုံးဆိုင်ရာ သြဇာညောင်းမှုကော ဘယ်လောက် ကြီးမားသလဲ။ ဒါတွေအားလုံးမှာ မင်းက သူတို့ကို မမီသေးဘူး"

"ဒါ့အပြင် အခု မင်းက IT လုပ်ငန်းတွေထဲကို အရူးအမူး ရင်းနှီးမြှုပ်နှံနေတယ်၊ ကွန်ပျူတာ ဟတ်ဒ်ဝဲ၊ ဆော့ဖ်ဝဲလ်၊ အင်တာနက်၊ ဆက်သွယ်ရေး အစရှိတာတွေကို အကုန်လုံး လိုက်လုပ်နေတာပဲ။ ဒီလို လုပ်တာဟာ လူအများရဲ့ ဒေါသကို ဖိတ်ခေါ်နေတာဆိုတာ မင်း မသိဘူးလား"

"ငါတို့ မိုက်ခရိုဆော့ဖ်ကော ဘယ်လောက်အထိ အင်အားကြီးသလဲဆိုတာ မင်း မသိဘူးလား။ ငါတို့ရော ကိုယ်ပိုင် ကွန်ပျူတာတွေ မထုတ်နိုင်လို့လား။ ဘာလို့ ငါတို့က အခုထိ မထုတ်သေးတာလဲ၊ ဒီလုပ်ငန်းထဲကို ဘာလို့ ခြေစုံပစ် မဝင်သေးတာလဲ။ အကြောင်းကတော့... မင်းကသာ လက်ဝါးကြီးအုပ်မယ့် အရိပ်အယောင် ပြလိုက်တာနဲ့ ရလဒ်က နှစ်ခုပဲ ရှိတယ်။ တစ်ခုကတော့ မင်း အောင်မြင်သွားမယ်၊ ဒါပေမဲ့ လက်ဝါးကြီးအုပ်မှုနဲ့ တရားစွဲခံရပြီး ကုမ္ပဏီကို အတင်းအကျပ် ခွဲထုတ်ခံရလိမ့်မယ်။ နောက်တစ်ခုကတော့ လုပ်ငန်းနယ်ပယ်တစ်ခုလုံးရဲ့ စုပေါင်း တိုက်ခိုက်မှုကို ခံရပြီး မင်းရဲ့ ကုမ္ပဏီဟာ ပျက်စီးခြင်းဆီကို ဦးတည်သွားလိမ့်မယ်"

ဘီလ်ဂိတ်၏စကားများသည် ဖုန်းယွီအား ဖျောင်းဖျနေသယောင် ရှိစေကာမူ၊ လက်တွေ့တွင်မူ ခြိမ်းခြောက်မှု အငွေ့အသက်များ ပါဝင်နေခဲ့သည်။ မှန်ပါသည်... ဖုန်းယွီသည် IT နှင့် ဆက်စပ်သော လုပ်ငန်းအားလုံးတွင် ရင်းနှီးမြှုပ်နှံထားပြီး ၎င်းတို့မှာလည်း အလွန်ပင် ကြီးမားလှပေသည်။

သို့သော် ထိုလုပ်ငန်းအားလုံးကို လူတစ်ဦးတည်းကသာ လုပ်ဆောင်နေမည်ဆိုပါက သေချာပေါက် ပြဿနာ တက်လာပေလိမ့်မည်။ ကမ္ဘာပေါ်တွင် မည်သည့် ကုမ္ပဏီကမျှ တစ်လောကလုံးရှိ ပြိုင်ဘက်အားလုံးကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်နိုင်စွမ်း မရှိပါချေ။ ထို့ထက်ပိုသည်မှာ ဖုန်းယွီ၏ ကုမ္ပဏီများ အထက်တွင်လည်း နိုင်ငံတကာ အဆင့်မီ ကုမ္ပဏီကြီးများစွာ ရှိနေသေးသည် မဟုတ်ပါလား။

ဖုန်းယွီသည် ဘီလ်ဂိတ် ကို စိုက်ကြည့်ကာ လေးနက်စွာ မေးမြန်းလိုက်သည်။- "ဘာလဲ... ကျွန်တော် ရှုံးနိမ့်လိမ့်မယ်လို့ ခင်ဗျား ထင်နေတာလား။ ခင်ဗျားက Intelတို့လို ကုမ္ပဏီတွေနဲ့ ပူးပေါင်းလိုက်တာနဲ့ ကျွန်တော့်ကို သေချာပေါက် ဖိနှိပ်ထားနိုင်မယ်လို့ ထင်နေတာလား။ ကျွန်တော့်ရဲ့ ကုမ္ပဏီကို ဝါးမြိုဖို့ဆိုတာ ဘယ်သူမှ မလုပ်နိုင်တဲ့ ကိစ္စပဲ။ မိုက်ခရိုဆော့ဖ က ကောင်းတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ခင်ဗျားတို့က ဒီလောကရဲ့ ဧကရာဇ် မဟုတ်သေးဘူး။ သိပ်မကြာခင်မှာပဲ ခင်ဗျားတို့ရဲ့ အကြီးမားဆုံး အမြတ်အစွန်းဖြစ်တဲ့ PC စနစ်နယ်ပယ်ဟာ ပြင်းထန်တဲ့ ထိုးနှက်ချက်တွေကို ခံရတော့မှာပါ"

ဖုန်းယွီ၏ ဤစကားကို ကြားလိုက်ရသည့်အခါ ဘီလ်ဂိတ် ၏ မျက်ဝန်းများတွင် ထူးခြားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ဒါက ဘာကို ဆိုလိုတာလဲ။ Lenovo-Kingsoftက PC စနစ်ကို တိတ်တဆိတ် ဖော်ဆောင်နေတုန်းပဲလား။

၎င်းတို့သည် စမတ်ဖုန်းစနစ်ကိုသာ အဓိကထားပြီး ဖော်ဆောင်နေကြသည် မဟုတ်ပါလား။ ထို့ပြင် ရုံးသုံးဆော့ဖ်ဝဲလ်၊ အက်ပလီကေးရှင်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် စက်ယန္တရားများ၏ အသိဉာဏ်မြင့် ထိန်းချုပ်စနစ်စသည်တို့ကိုလည်း လုပ်ဆောင်နေကြရာ၊ ၎င်းတို့တွင် PC စနစ်ကို ဖော်ဆောင်ရန်အတွက် အားအင်နှင့် ရန်ပုံငွေများ ကျန်ရှိနေပါဦးမည်လား။

ဒါဟာ သေချာပေါက် ကြွားလုံးထုတ်နေတာပဲ၊ ဖြစ်ကို မဖြစ်နိုင်တာ။

Operating Systemတစ်ခုကို ဖော်ဆောင်ရန် မည်မျှအထိ ခက်ခဲသည်ကို ဘီလ်ဂိတ် ကောင်းစွာ သိရှိထားသည်။ သူကိုယ်တိုင်မှာလည်း ဒီနယ်ပယ်ရဲ့ ပညာရှင်တစ်ဦး ဖြစ်သလို၊ မိုက်ခရိုဆော့ဖ်၏ ထိပ်တန်း အင်ဂျင်နီယာနှင့် အဓိကလူလည်း ဖြစ်သည် မဟုတ်ပါလား။

မိုက်ခရိုဆော့ဖ်သည် စနစ်ဖော်ဆောင်ရေးတွင် လုံလောက်သော နည်းပညာရှင်များ ရှိနေစေရန် ငွေကြေး မည်မျှအထိ ရင်းနှီးမြှုပ်နှံထားရသနည်း။ Lenovo-Kingsoftသည် အာရှနှင့် အရှေ့ဥရောပတွင် အောင်မြင်နေသည်မှာ မှန်စေကာမူ၊ ထိုဘက်မှ ဝင်ငွေမှာ ၎င်းတို့အား မည်သို့မျှ မမီနိုင်ပါချေ။ ဆော့ဖ်ဝဲလ်များ၏ ရောင်းဈေးကို ကြည့်ရုံနှင့်ပင် ကွာခြားချက်ကို သိနိုင်ပေသည်။

Windows စနစ် တစ်စုံ၏ ရောင်းဈေးမှာ ဒေါ်လာ ၁၉၉ ရှိသော်လည်း၊ တရုတ်ပြည်တွင်မူ ဒေါ်လာ ၂၀ သာ ရှိသည်။ Office ဆော့ဖ်ဝဲလ် တစ်စုံ၏ ဈေးနှုန်းမှာလည်း မိုက်ခရိုဆော့ဖ်နှင့် WPS တို့အကြား ၁၀ ဆခန့် ကွာခြားနေခဲ့သည်။ ဤသို့ဆိုလျှင် ရရှိသော အမြတ်အစွန်းမှာလည်း ၁၀ ဆမက ကွာခြားသွားမည်မှာ အသေအချာပင်။

မိုက်ခရိုဆော့ဖ်သည် တစ်နှစ်လျှင် ဒေါ်လာ သန်းသောင်းချီသော အမြတ်အစွန်းကို အေးအေးဆေးဆေး ရရှိနိုင်သော်လည်း၊ Lenovo-Kingsoftမှာမူ ထိုသို့ မဟုတ်ပါချေ။ မိုက်ခရိုဆော့ဖ်သည် အမြတ်၏ ၁၀ ရာခိုင်နှုန်းကို သုတေသနအတွက် သုံးစွဲလျှင်ပင် ဒေါ်လာ သန်းထောင်ချီ ရှိနေသော်လည်း၊ Lenovo-Kingsoft၏ တစ်နှစ်တာ စုစုပေါင်း ဝင်ငွေမှာပင် ထိုပမာဏလောက် မရှိသေးရာ၊ မိုက်ခရိုဆော့ဖ်ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ငါတို့ မိုက်ခရိုဆော့ဖ်မှာ ကမ္ဘာ့အတော်ဆုံး ဆော့ဖ်ဝဲလ် အင်ဂျင်နီယာတွေ ရှိတယ်၊ Lenovo-Kingsoftက လူတွေကတော့ ငါတို့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာတောင် ငါတို့ မိုက်ခရိုဆော့ဖ်ကို ယှဉ်နိုင်သူ မရှိပါဘူး။

ဘီလ်ဂိတ်သည် အလွန်ပင် မာနကြီးသောသူ ဖြစ်ပြီး၊ မာနကြီးသောသူများမှာ ပုံမှန်အားဖြင့် အချို့သော အချက်များတွင် အတ္တကြီးတတ်ကြသည်။ ဘီလ်ဂိတ်၏ မျက်လုံးထဲတွင် ပြိုင်ဘက်ဟူ၍ IBM သာ ရှိပြီး၊ Lenovo-Kingsoftကိုမူ သူ လုံးဝ ထည့်မတွက်ပါချေ။

ဖုန်းယွီခုနက ပြောလိုက်သော စကားသည် သေချာပေါက် ကြွားလုံးထုတ်ခြင်းသာ ဖြစ်ရပေမည်။ ကမ္ဘာပေါ်တွင် မည်သည့် ကုမ္ပဏီကများ PC စနစ်တွင် မိုက်ခရိုဆော့ဖ်ထက် သာလွန်သည်ဟု ပြောဝံ့ပါသနည်း။

အခွင့်အရေး ရသည်နှင့် ပေါလ် အယ်လန် သည်လည်း မအောင့်နိုင်ဘဲ ခနဲ့လိုက်သည်။ "ဖုန်း... ကမ္ဘာ့အချမ်းသာဆုံး ဂုဏ်ပုဒ်က မင်းကို ဒီလောက်အထိ ယုံကြည်မှုတွေ ပေးထားတာလား။ မင်း ကမ္ဘာ့အချမ်းသာဆုံး ဖြစ်နေတာက မင်းရဲ့ ကုမ္ပဏီတွေမှာ ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားလို့ပဲလေ။ ဒါပေမဲ့ ဒါဟာ မင်းရဲ့ ကုမ္ပဏီတွေက အင်အားအကြီးဆုံးလို့ ဆိုလိုတာ မဟုတ်ဘူး။ မင်းရဲ့ ကုမ္ပဏီ နှစ်ခုစလုံးရဲ့ ဈေးကွက်တန်ဖိုးကို ပေါင်းလိုက်ရင်တောင် ငါတို့ မိုက်ခရိုဆော့ဖ်ရဲ့ သုံးပုံတစ်ပုံတောင် မရှိဘူး။ မင်းတို့လို လူတွေကများ PC စနစ်ကို လုပ်ချင်နေသေးတယ် ဟုတ်လား”

လက်ရှိတွင် မိုက်ခရိုဆော့ဖ်၏ ဈေးကွက်တန်ဖိုးမှာ ပြန်လည် ဦးမော့လာခဲ့ပြီး ဒေါ်လာ ၄၀၀ ဘီလီယံ (သန်းလေးသိန်း) နီးပါး ရှိနေပြီ ဖြစ်သည်။ သို့သော် Songjiang ဟိုးဒင်း နှင့် ထိုက်ဟွာ ဟိုးဒင်း တို့၏ ဈေးကွက်တန်ဖိုးမှာမူ ဒေါ်လာ ၁၀၀ ဘီလီယံကျော် (သန်းတစ်သိန်းကျော်) သာ ရှိသေးသည်။

ဖုန်းယွီတွင် ငွေအမြောက်အမြား ရှိသည်မှာ မှန်သော်လည်း ဘီလ်ဂိတ် နှင့် သူ ပေါင်းလိုက်မည်ဆိုပါက ဖုန်းယွီထက် ပို၍ ချမ်းသာသွားမည် မဟုတ်ပါလား။ ကမ္ဘာ့အချမ်းသာဆုံး ဆိုသည်မှာ အမည်နာမသက်သက်သာ ဖြစ်သည်ကို ဖုန်းယွီသည် မည်သို့ပင် ဤမျှအထိ ဝင့်ကြွားနေရပါသနည်း။

olတို့သည် ဖုန်းယွီ၏ ကုမ္ပဏီ ပိုင်ဆိုင်မှုများကို လုံးဝအထင်မကြီးပါချေ။ ၎င်းတို့ မြင်တွေ့သည်မှာ ထိုကုမ္ပဏီများ၏ အနာဂတ် အလားအလာကိုသာ ဖြစ်ပြီး၊ ထို့ကြောင့်သာ ဖုန်းယွီနှင့် ပူးပေါင်းရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ယခုမူ ဖုန်းယွီက ပူးပေါင်းရန် ငြင်းပယ်သည့်အပြင်၊ ဤမျှအထိ ရိုင်းစိုင်းစွာ ပြုမူနေမှတော့ ဖုန်းယွီအား သင်ခန်းစာ အချို့ ပေးရန် လိုအပ်လှပေပြီ။ ကုမ္ပဏီကြီးတစ်ခုသည် အဘယ်ကြောင့် ကြီးမားသော ကုမ္ပဏီဟု အမည်တပ်ခံရသနည်း ဆိုသည်ကို သူ့အား နားလည်အောင် လုပ်ပြရပေမည်>

လက်ရှိတွင် မိုက်ခရိုဆော့ဖ်၏ ဈေးကွက်တန်ဖိုးမှာ ကမ္ဘာ့ထိပ်တန်း အဆင့်တွင် ရှိနေဆဲ ဖြစ်သလို၊ IT လောကတွင်လည်း ဦးဆောင်သူ ဖြစ်နေဆဲ ဖြစ်သည်။

"ခင်ဗျားက ကျွန်တော့်ကို အထင်သေးတာလား၊ ဒါမှမဟုတ် ကျွန်တော်တို့ တရုတ်လူမျိုးတွေကို အထင်သေးတာလား။ မူလကတော့ ခင်ဗျားတို့နဲ့ ကောင်းကောင်းမွန်မွန် ဆွေးနွေးချင်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ထားလိုက်ပါတော့ ဘယ်အချက်ကြောင့်ပဲ ဖြစ်ဖြစ် ခင်ဗျားရဲ့ ခုနက ပြောဆိုချက်တွေက ကျွန်တော့်ကို ဒေါသထွက်စေခဲ့ပြီ။ ဘီလ်... ဒီလိုမျိုး မဟာမိတ် တစ်ယောက်ကို ရထားတာဟာ မိုက်ခရိုဆော့ဖ်အတွက်တော့ တကယ့်ကို ဝမ်းနည်းစရာပါပဲ"

ဖုန်းယွီသည် မတ်တပ်ရပ်လိုက်ကာ ခေါင်းကို ခါယမ်းလျက် ဆိုလိုက်သည်။ သူသည် သူ၏ အဝတ်အစားများကို ခပ်ဖွဖွ ပုတ်ကာ အခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်တော့သည်။

"ဖုန်း... မင်း တကယ်ပဲ မိုက်ခရိုဆော့ဖ်နဲ့ ထိပ်တိုက် ပြိုင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီလား” ဘီလ်ဂိတ်က လေးနက်သော လေသံဖြင့် မေးမြန်းလိုက်သည်။

ဖုန်းယွီသည် ခြေလှမ်းများကို ရပ်တန့်လိုက်သော်လည်း နောက်သို့ ပြန်လှည့်မကြည့်ဘဲ ဆိုလိုက်သည်။ "မနက်ဖြန်ကစပြီး... မိုက်ခရိုဆော့ဖ်ရဲ့ ရုံးသုံးဆော့ဖ်ဝဲလ်တွေဟာ တရုတ်ပြည်မှာ ရောင်းမထွက်တော့ဘူးလို့သာ မှတ်လိုက်ပါ။ ခင်ဗျားတို့ဘက်က ဈေးနှုန်းကို ၅၀ ရာခိုင်နှုန်းထက်မက ထပ်ပြီး မလျှော့ချဘူးဆိုရင်ပေါ့။ ပြီးတော့ နောက်ထပ် နှစ်အနည်းငယ် ကြာတဲ့အခါမှာတော့ ခင်ဗျားတို့ရဲ့စမတ်ဖုန်းစနစ်ကို သုံးချင်တဲ့သူလည်း ရှိတော့မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့... Symbianက ငါတို့ရဲ့ HOS ရဲ့ ရင်ခွင်ထဲကို ဝင်လာဖို့ ဆန္ဒရှိလိမ့်မယ်လို့ ငါ ထင်နေလို့ပဲ"

"ဪ... ဒါနဲ့ တကယ်လို့ ခင်ဗျားတို့ နောင်တရသွားခဲ့ရင်တော့ ကျွန်တော့်ဆီ လာပြီးတောင်းပန်လိုက်ပါ။ ဒါဆိုရင်တော့ ကျွန်တော် ခွင့်လွှတ်ပေးနိုင်ပါသေးတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့... ငါတို့ ငွေတွေကို အပြိုင်အဆိုင် မီးရှို့ကြတာပေါ့(ငွေဖြုန်းကြတာပေါ့)၊ မိုက်ခရိုဆော့ဖ်က အရင် ပျက်စီးသွားမလား၊ ဒါမှမဟုတ် ကျွန်တော်က အရင် ဒေဝါလီခံရမလား ဆိုတာကို စောင့်ကြည့်ကြတာပေါ့!"

All Chapters