← Chapters

အခန်း (၁၃၈၂-၁၃၈၄)

Vol. 94 Ch. 1382-1384

အခန်း (၁၃၈၂-၁၃၈၄)

Vol. 94 Ch. 1382-1384

အခန်း (၁၃၈၂) ဈေးကွက်ကို လုယူခြင်း

"ဖုန်း... ဒီကိစ္စက ဆွေးနွေးနေဖို့ လိုသေးလို့လား။ မိုက်ခရိုဆော့ဖ်က ငါတို့နဲ့ ငွေအင်အားချင်း ပြိုင်ချင်တယ်ဆိုရင်လည်း ပြိုင်ကြတာပေါ့၊ ဘယ်သူက အရင်ဆုံး လက်လျှော့မလဲဆိုတာ ကြည့်ကြတာပေါ့" ကီရီလန်ကိုက လီတာ့ကျွင်း၏ စကားကို နားထောင်ပြီးနောက် ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်သည်။

သူ၏ စကားလုံးများတွင် မိုက်ခရိုဆော့ဖ်အား အရေးမပါသကဲ့သို့ အထင်သေးသော အရိပ်အယောင်များ ပါဝင်နေသည်။ သူက လက်ကို ဝှေ့ယမ်း၍ ပြောဆိုနေစဉ်တွင် သူ၏နားကြပ်မှ တစ်ဆင့်ပြန် ဘာသာပြန်စက် ကြိုးလေးမှာလည်း ဟိုဘက်ဒီဘက်သို့ လှုပ်ခါနေခဲ့သည်။

"မစ္စတာ ကီရီလန်ကို... ကိစ္စက အဲဒီလောက် မရိုးရှင်းဘူး။ မိုက်ခရိုဆော့ဖ်ရဲ့ လက်ဝယ်မှာ ဒေါ်လာ သန်းထောင်ချီတဲ့ ရန်ပုံငွေတွေ ရှိနေသလို၊ အဲဒါတွေ အားလုံးကလည်း ဒီရုံးသုံးဆော့ဖ်ဝဲလ်ကနေ ရတဲ့ အမြတ်တွေချည်းပဲ။ သူတို့က ငါတို့ကိုသာ အလဲထိုးနိုင်မယ်ဆိုရင်၊ နောင်အနာဂတ်မှာ အဲဒီဒေါ်လာ သန်းထောင်ချီကို အလွယ်တကူ ပြန်ရှာနိုင်မှာပဲလေ"

"ငါတို့ဘက်ကို ပြန်ကြည့်ရအောင်။ ငါတို့ ထုတ်ကုန်တွေက အခုအချိန်အထိ တရုတ်ပြည်နဲ့ အရှေ့ဥရောပ ဈေးကွက်မှာပဲ အခြေအနေ ကောင်းသေးတာ။ တခြားသော ဈေးကွက်တွေကတော့ အခုမှ စတင် တိုးချဲ့နေတုန်းမို့လို့ အမြတ်မထွက်သေးဘူး။ အကယ်၍ ငါတို့က ငွေတွေ အမြောက်အမြား သုံးပြီး ဈေးကွက်ကို ထိန်းထားနိုင်ခဲ့ရင်တောင်မှ၊ အဲဒီငွေတွေကို ဘယ်တော့မှ ပြန်ရမှာလဲ။ ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးအမြတ်က လုံးဝကို မမျှတဘူး ဖြစ်နေလိမ့်မယ်" ချိုးပါ့ကျွင်းက မျက်မှောင်ကြုတ်လျက် အကျိုးအကြောင်းပြကာ ဖျောင်းဖျလိုက်သည်။

မိုက်ခရိုဆော့ဖ်၏ထုတ်ကုန်များမှာ ရောင်းဈေး မြင့်မားသလို၊ ဈေးကွက်ကိုလည်း အခိုင်အမာ သိမ်းပိုက်ထားပြီးသား ဖြစ်သည်။ အထူးသဖြင့် ဥရောပနှင့် အမေရိကတိုက်ရှိ အသုံးပြုသူများ၏ ယုံကြည်မှုကို ရရှိထားပြီးသား ဖြစ်သည်။

Lenovo-Kingsoft၏ ရုံးသုံးဆော့ဖ်ဝဲလ်မှာမူ ထိုဒေသများသို့ အခုမှ စတင် ခြေလှမ်းပြင်နေခြင်း ဖြစ်သည်။ ရောင်းဈေးမှာ မိုက်ခရိုဆော့ဖ်၏ တစ်ဝက်သာ ရှိသည့်အပြင် အခြားသော ဆော့ဖ်ဝဲလ် ကုမ္ပဏီများနှင့်လည်း အကျိုးအမြတ် ခွဲဝေရဦးမည် ဖြစ်သည်။ ထို့အပြင် ကြီးမားသော အရောင်းမြှင့်တင်ရေး စရိတ်များကိုပါ သုံးစွဲရဦးမည်ဖြစ်ရာ၊ အကယ်၍ ရောင်းအားမှာ မျှော်မှန်းထားသလောက် မရှိခဲ့ပါက ငွေရှာရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ။

ငွေကြေး မီးရှို့တိုက်ပွဲ ဆင်နွှဲခြင်းသည် အရှုံးသာ ဖြစ်လိမ့်မည်ဟု ချိုးပါ့ကျွင်း ယူဆထားသည်။ အဘယ်ကြောင့်ဆိုသော် ဈေးကွက်ကို သေချာပေါက် လုယူနိုင်မည်ဟု အာမမခံနိုင်သလို၊ ရင်းနှီးရမည့် ငွေကြေးမှာလည်း အဆမတန် များပြားလွန်းသောကြောင့် ဖြစ်သည်။ အကယ်၍ အောင်မြင်ခဲ့သည် ဆိုဦးတော့ ရုံးသုံးဆော့ဖ်ဝဲလ် နယ်ပယ်တွင် နောင်အနာဂတ်၌ အမြတ်အစွန်း များစွာ ကျန်ရှိပါဦးမည်လား ဆိုသည်မှာလည်း သံသယ ဖြစ်ဖွယ်ပင်။

ယခုအခါ မိုက်ခရိုဆော့ဖ်၏ဆော့ဖ်ဝဲလ်တွင် Activation Code ထုတ်ပေးသည့် generator ပေါ်ထွက်နေသဖြင့်၊ နောင်တွင် Lenovo-Kingsoft၏ မူပိုင်ခွင့် အကာအကွယ်များကိုလည်း ချိုးဖောက်ခြင်း မခံရဘူးဟု မည်သူက အာမခံနိုင်ပါမည်နည်း။ အကယ်၍ ဆော့ဖ်ဝဲလ်ကနေ ငွေမရတော့ဘူးဆိုလျှင် ၎င်းတို့ အကြီးအကျယ် နစ်နာသွားမည် မဟုတ်ပါလား။

သေချာပေါက်၊ အကယ်၍သာ အသုံးပြုသူ အမြောက်အမြားကို ဆွဲဆောင်နိုင်ပြီး၊ အခြားသော အဖိုးအခယူသည့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်မည်ဆိုပါကလည်း အကျိုးအမြတ် ရှိနိုင်ပါသေးသည်။

"ခင်ဗျားတို့ သတိထားမိကြလား။ မိုက်ခရိုဆော့ဖ်ရဲ့ Activation Code ထုတ်ပေးတဲ့ကိရိယာဟာ ငါတို့ တရုတ်ဈေးကွက်နဲ့ အရှေ့ဥရောပ ဈေးကွက်မှာပဲ ရှိနေပြီး၊ တခြား ဈေးကွက်တွေမှာတော့ မရှိသေးဘူး။ ဒါဆိုရင်... ဘာဖြစ်လို့ တခြား ဈေးကွက်တွေမှာပါ အဲဒီကိရိယာ ရှိမနေရမှာလဲ” ဖုန်းယွီက စားပွဲကို လက်ချောင်းများဖြင့် ခပ်မှန်မှန် ခေါက်လျက် မေးခွန်းထုတ်လိုက်သည်။

"ခင်ဗျား ဆိုလိုတာက... နိုင်ငံခြား ဗားရှင်းတွေအတွက်ပါ Activation Code ထုတ်ပေးတဲ့ကိရိယာကို ငါတို့က ဖန်တီးပေးရမယ်လို့ ဆိုလိုတာလား” လီတာ့ကျွင်းက ဤလုပ်ရပ်မှာ အနည်းငယ် မရိုးသားသလို၊ ဥပဒေနှင့်လည်း ငြိစွန်းနိုင်သည်ဟု ယူဆမိသဖြင့် မေးမြန်းလိုက်သည်။

"ငါတို့က ဘာလို့ ဖန်တီးနေရမှာလဲ။ ငါတို့ လုပ်ရမှာက မိုက်ခရိုဆော့ဖ်ဝန်ထမ်းတွေ ကိုယ်တိုင် ဖန်တီးထားတဲ့ အဲဒီကိရိယာကို၊ နိုင်ငံတကာ အင်တာနက် ကွန်ရက်တွေပေါ်ကို ပျံ့နှံ့သွားအောင် လုပ်ပေးလိုက်ဖို့ပဲလေ။ အဲဒီကိရိယာက ဘယ်လို အလုပ်လုပ်သလဲ၊ ဘယ်လို အဆင့်မြှင့်ရမလဲ ဆိုတာတွေကို ငါတို့ ဂရုစိုက်နေဖို့ မလိုဘူး။ အကယ်၍သာ အဲဒီကိရိယာ နိုင်ငံတကာမှာ ပျံ့သွားမယ်ဆိုရင်၊ မိုက်ခရိုဆော့ဖ်ရဲ့ ရုံးသုံးဆော့ဖ်ဝဲလ်ဟာ အကြီးအကျယ် ထိုးနှက်ချက် ခံရမှာပဲ။ သူတို့ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်က ငါတို့ထက် မနည်းဘူးလေ"

မိုက်ခရိုဆော့ဖ်သည် နိုင်ငံအတော်များများတွင် ဌာနခွဲများ ရှိသလို၊ ဗားရှင်း အတော်များများကိုလည်း မိမိတို့ ဘာသာပြန်ဆို လုပ်ဆောင်ကြသည်မှာ မှန်ပါသည်။ သို့သော် မမေ့သင့်သည့် အချက်မှာ မိုက်ခရိုဆော့ဖ်ဝန်ထမ်းများ၏ လစာမှာ အလွန်ပင် မြင့်မားလှပြီး၊ အထူးသဖြင့် အမေရိကန် ပြည်တွင်းရှိ အင်ဂျင်နီယာများ၏ လစာမှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလှပေသည်။

Lenovo-Kingsoftသည် အခြားသော ဘာသာစကား ဗားရှင်းများအတွက် ပူးပေါင်းဆောင်ရွက်မှုကြောင့် ကုန်ကျစရိတ် များနေစေကာမူ အခြေခံ အဓိက စနစ်ကို ဖော်ဆောင်စဉ်ကမူ ကုန်ကျစရိတ် များစွာသက်သာခဲ့သည်။ တရုတ်ပြည်ရှိ အင်ဂျင်နီယာများ၏ လစာမှာ ပြည်တွင်း၌ ထိပ်တန်း အဆင့်တွင် ရှိနေစေဦးတော့ မိုက်ခရိုဆော့ဖ်နှင့် နှိုင်းယှဉ်ပါက များစွာ လျော့နည်းနေဆဲ ဖြစ်သည်။

ဖုန်းယွီ၏ စကားကို ကြားရသည့်အခါ လီတာ့ကျွင်းတို့အဖွဲ့၏ မျက်လုံးများမှာ ဝင်းလက်သွားခဲ့သည်။

ဟုတ်သားပဲ... ဒီကုဒ်ထုတ်တဲ့ ကိရိယာက ခင်ဗျားတို့ ဘာသာ ဖန်တီးခဲ့တာလေ၊ အခုတော့ ခင်ဗျားတို့ ကိုယ်တိုင်တူးတဲ့ ကျင်းထဲမှာ ခင်ဗျားတို့ပဲ ပြန်ပြီး မြုပ်သွားကြတော့မှာပေါ့။

သို့သော်လည်း ဤသို့ လုပ်ဆောင်ခြင်းကြောင့် Lenovo-Kingsoft၏ ဆော့ဖ်ဝဲလ် ရောင်းအားကိုလည်း ထိခိုက်စေမည်မှာ အမှန်ပင်။ ၎င်းတို့သည် ဥရောပနှင့် အမေရိက ဈေးကွက်ထဲသို့ အခုမှ စတင် ဝင်ရောက်ကာ ကြော်ငြာစရိတ်များ အမြောက်အမြား သုံးစွဲထားရာ၊ ထိုငွေများကို ပြန်ရရန်မှာမူ မသေချာတော့ပါချေ။

ဤသည်မှာ တကယ့်ကို အပြန်အလှန် အနာတရဖြစ်စေမည့် စစ်ပွဲပင် မဟုတ်ပါလား။

"မိုက်ခရိုဆော့ဖ်ဟာ သူတို့ရဲ့ မြင့်မားတဲ့ ရောင်းဈေးကို အသုံးချပြီး မြင့်မားတဲ့ အမြတ်အစွန်းတွေကို ရယူထားတာ။ အကယ်၍သာ အဲဒီ အမြတ်အစွန်းတွေ မရှိတော့ဘူးဆိုရင် သူတို့ရဲ့စတော့ဈေးနှုန်းတွေဟာလည်း သေချာပေါက် ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေကို ခံရမှာပဲ"

"မူလက ဥရောပနဲ့ အမေရိက ဈေးကွက်ဆိုတာ မိုက်ခရိုဆော့ဖ်ရဲ့ လက်ထဲမှာပဲ ရှိနေတာ။ ငါတို့က နောက်မှ လာတဲ့သူ ဖြစ်လို့ ဈေးကွက်ရဲ့ ၁၀ ရာခိုင်နှုန်းကို လုယူနိုင်ရင်တောင် ဒါဟာ အောင်မြင်မှု တစ်ခုပဲ။ ဒါပေမဲ့ သူတို့ဘက်က ၁၀ ရာခိုင်နှုန်း ဆုံးရှုံးသွားတာဟာ ကျရှုံးမှု တစ်ခုပဲလေ။ အဲဒီအပြင် သူတို့ရဲ့ အမြတ်ငွေတွေပါ ထိခိုက်လာမယ်ဆိုရင်တော့ ဒါဟာ မိုက်ခရိုဆော့ဖ်ရဲ့ ရှယ်ယာရှင်တွေကို အကြီးအကျယ် မကျေမနပ် ဖြစ်စေလိမ့်မယ်"

ဘီလ်ဂိတ်သည် မဲပေးပိုင်ခွင့်ရှိသော ရှယ်ယာ အများစုကို ပိုင်ဆိုင်ထားသလို၊ ရှယ်ယာရှင်များကလည်း သူ့ကို ထောက်ခံကြသည်မှာ မှန်ပါသည်။ သို့သော် အကယ်၍သာ ဘီလ်ဂိတ် ဦးဆောင်မှုအောက်တွင် ကုမ္ပဏီက အရှုံးပေါ်လာမည်ဆိုပါက ထိုရှယ်ယာရှင်များသည်လည်း သူ့ကို စွန့်ခွာသွားကြမည်မှာ အသေအချာပင်။

ဘီလ်ဂိတ်ကို ရာထူးကနေ မဖယ်ရှားနိုင်ခဲ့ရင်တောင်မှ မိုက်ခရိုဆော့ဖ်ရဲ့ ရှယ်ယာတွေကိုတော့ ရောင်းထုတ်ပစ်လို့ ရတာပဲ မဟုတ်လား။ အကယ်၍ ရှယ်ယာရှင်တွေက ရှယ်ယာတွေကို အလုအယက် ရောင်းထုတ်ကြမည်ဆိုပါက၊ မိုက်ခရိုဆော့ဖ်၏ စတော့ဈေးနှုန်းမှာ အကြီးအကျယ် ထိုးကျသွားပေလိမ့်မည်။

မိုက်ခရိုဆော့ဖ်၏စတော့ဈေးနှုန်းများမှာ ပြန်လည် ဦးမော့လာကာ အားပြန်ဖြည့်နေချိန်တွင် ဤသို့သော ထိုးနှက်ချက်နှင့် ကြုံတွေ့ရခြင်းမှာ ၎င်းတို့အတွက် တကယ့်ကို ပြင်းထန်လှပေသည်။ စတော့ဈေးနှုန်း ကျဆင်းနေချိန်တွင် ငွေများကိုပါ ဆက်လက် မီးရှို့နေရမည်ဆိုပါက ဈေးနှုန်းမှာ ယခုထက် ပို၍ မြန်မြန်ဆန်ဆန် ပြုတ်ကျသွားမည် မဟုတ်ပါလား။

"ဒါဆိုရင် ငါတို့ဘက်က တခြား ဘာတွေ ထပ်ပြီး လုပ်ဆောင်ရဦးမလဲ” ချိုးပါ့ကျွင်းက မေးမြန်းလိုက်သည်။

"ငါ့အမြင်အရတော့... ငါတို့က ကြော်ငြာစရိတ်တွေကို အမြောက်အမြား သုံးထားပြီးပြီဆိုတော့ ဒီထက်ပိုပြီး တိုးသုံးသင့်တယ်လို့ ထင်တယ်။ အမြတ်မရရင်တောင်မှ ဈေးကွက်ကို အရင်ဆုံး သိမ်းပိုက်ရမယ်။ ပုံမှန်အားဖြင့်တော့ မိုက်ခရိုဆော့ဖ်ဟာ သုံးနှစ်အတွင်းမှာ ဗားရှင်းအသစ်တစ်ခုကို ထုတ်ပြီး ငွေပြန်ရှာဖို့ ကြိုးစားမှာပဲ။ သူတို့က ခိုးကူးတွေကို တစ်သက်လုံး ခွင့်ပြုထားမှာ မဟုတ်ဘူး" လျူချွမ်းကျစ်က ခေတ္တမျှ စဉ်းစားပြီးနောက် ဆိုလိုက်သည်။

"ကျွန်တော်လည်း လျူဥက္ကဋ္ဌရဲ့စကားကို ထောက်ခံပါတယ်။ အခု အမြတ်မရရင်တောင် အရှုံးပေါ်ရင်တောင်မှ ဈေးကွက်ကို အရင်ဆုံး လုယူထားရမယ်။ အသုံးပြုသူတွေကို ငါတို့ဆော့ဖ်ဝဲလ် သုံးစွဲတဲ့ အလေ့အကျင့် ရသွားအောင် လုပ်ဆောင်ရမယ်။ ဒါမှသာ နောက်တစ်ကြိမ် ဗားရှင်းအသစ် ထွက်လာတဲ့အခါ ဝယ်ယူမယ့်သူ ပိုများလာမှာဖြစ်သလို၊ အဲဒီအချိန်ကျမှ ငွေတွေကို ပြန်ရှာလို့ ရမှာပါ" လီတာ့ကျွင်းကလည်း သဘောတူလိုက်သည်။

ဖုန်းယွီက အခြားသော သူများကို လှမ်းကြည့်လိုက်ရာ မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပါချေ။ ကီရီလန်ကိုကတော့ ကြော်ငြာတွေ တိုးသုံးမယ်ဆိုရင်လည်း အပြတ်အသတ် သုံးစမ်းပါ၊ မိုက်ခရိုဆော့ဖ်ကို ကြော်ငြာပိုင်းမှာပါ ဖိနှိပ်ထားပြီး၊ ငါတို့ရဲ့ Lenovo-Kingsoftဆော့ဖ်ဝဲလ်ကသာ ကမ္ဘာမှာ အကောင်းဆုံးဆိုတာကို လူတိုင်း သိအောင် လုပ်ပြရမယ်ဟု ဆိုလိုက်သေးသည်။

"ကောင်းပြီလေ... အားလုံးက သဘောတူကြမှတော့ ငါတို့ မိုက်ခရိုဆော့ဖ်နဲ့ တရားဝင် အားပြိုင်ပြီး ဈေးကွက်ကို လုယူကြတာပေါ့။ အရင်က ငါတို့ရဲ့ ကြော်ငြာအားက သိပ်မကောင်းသေးဘူး၊ အခုတစ်ကြိမ်မှာတော့ ကြော်ငြာစရိတ်တွေကို ထပ်တိုးလိုက်မယ်။ ပြည်တွင်းအတွက် ယွမ် သန်းတစ်ရာ ထပ်တိုးမယ်၊ ပြည်ပအတွက်ကတော့ ဒေါ်လာ သန်းတစ်ရာ အရင်တိုးထားလိုက်မယ်။ မလောက်ဘူးဆိုရင်လည်း အချိန်မရွေး ထပ်တိုးပေးမယ်!" ဖုန်းယွီက ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်သည်။

ချိုးပါ့ကျွင်းသည် Lenovo-Kingsoft၏ ဥက္ကဋ္ဌ ဖြစ်စေကာမူ၊ ယခု ကျင်းပနေသည်မှာ ရှယ်ယာရှင်များ အစည်းအဝေး ဖြစ်သည်။ အဓိက ရှယ်ယာရှင်ကြီးများမှာ ဖုန်းယွီ၊ Lenovoအုပ်စု နှင့် ကီရီလန်ကိုတို့ ဖြစ်ကြသည်။

ထင်ရှားသည်မှာ ဖုန်းယွီ၏ ဆုံးဖြတ်ချက်ကို မည်သူမျှ ကန့်ကွက်ဝံ့လိမ့်မည် မဟုတ်ပါချေ။ ထို့ပြင် ဖုန်းယွီရှိနေသရွေ့ မည်သူမျှ သူ့အား လျစ်လျူရှု၍ မရနိုင်ပါချေ။ "ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်" ဟူသော ဂုဏ်ပုဒ်မှာ အလွန်ပင် တောက်ပလွန်းလှသည် မဟုတ်ပါလား။

"မန်နေဂျာဖုန်း... ဒီလိုဆိုရင်တော့ တခြားသော နယ်ပယ်တွေမှာ ငါတို့ရဲ့ သုတေသန လုပ်ငန်းတွေက နှေးကွေးသွားနိုင်တယ်၊ ရန်ပုံငွေက မလုံလောက်တော့ဘူးလေ" လီတာ့ကျွင်း က သတိပေးလိုက်သည်။

ဖုန်းယွီက လက်ယမ်းပြလိုက်ကာ "မလိုပါဘူး... ဘဏ်မှာ ချေးငွေ သွားလျှောက်လိုက်ပါ။ Minsheng Bank က ငါတို့ကို သေချာပေါက် ချေးပေးလိမ့်မယ်"

"မန်နေဂျာဖုန်း... ဒါမှမဟုတ် ငါတို့ တိုက်ရိုက်ပဲ စတော့ဈေးကွက် (IPO) တက်ပြီး ရန်ပုံငွေ ရှာကြမလား” ချိုးပါ့ကျွင်းက ဆိုလိုက်သည်။

ဖုန်းယွီထိုအခါမှသာ ရိပ်မိသွားတော့သည်။ လီတာ့ကျွင်းတို့အဖွဲ့၏ တကယ့် ရည်ရွယ်ချက်မှာ ဤအချက်ပင် ဖြစ်နေခဲ့သည် မဟုတ်ပါလား။

စတော့ဈေးကွက် တက်ခြင်း ဆိုသည်မှာလည်း အမှန်တကယ်ပင် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်နေခဲ့သည်။

******

အခန်း (၁၃၈၃) ခြေလှမ်းတိုင်းတွင် တင်းကျပ်စွာ ဖိအားပေးလာခြင်း

"ဥက္ကဋ္ဌ... ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ၊ အဲဒီ 'Activation Code ထုတ်လုပ်ပေးတဲ့ Activation Code Generator ပေါ်ထွက်လာပြီးကတည်းက Lenovo-Kingsoftရဲ့ ရုံးသုံးဆော့ဖ်ဝဲလ် ရောင်းအားဟာ ရုတ်ချည်းဆိုသလို ထိုးဆင်းသွားခဲ့ပါတယ်။ အခုအချိန်မှာတော့ လုံးဝကို ရပ်တန့်သွားတဲ့ အနေအထားမှာ ရှိနေပါပြီ" မိုက်ခရိုဆော့ဖ်တရုတ်ပြည် ဌာနခွဲတာဝန်ခံက စတိဗ် ဘောလ်မာထံသို့ အစီရင်ခံလိုက်သည်။

ဘောလ်မာသည် ထိုစကားကို ကြားသည့်အခါ အနည်းငယ် မကျေမနပ် ဖြစ်သွားရသည်။ 'ဒီကောင်က ဘာဖြစ်လို့ ဂုဏ်ယူနေတဲ့ လေသံနဲ့ ပြောနေရတာလဲ။ ငါတို့ မိုက်ခရိုဆော့ဖ်ရဲ့ ရုံးသုံးဆော့ဖ်ဝဲလ်တွေလည်း ရောင်းမထွက်တော့တာကို သူ မသိဘူးလား' ဟု သူ စိတ်ထဲမှ ကြိမ်းမောင်းနေမိသည်။

သို့သော်လည်း တစ်ဖက်တွင်မူ မိုက်ခရိုဆော့ဖ်၏ဆော့ဖ်ဝဲလ်ကို အသုံးပြုသူဦးရေမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ဤနည်းလမ်းဖြင့် ၎င်းတို့သည် လုပ်ဆောင်ချက်အသစ်များကို တဖြည်းဖြည်း တိုးမြှင့်ထည့်သွင်းသွားမည်ဖြစ်ကာ၊ Lenovo-Kingsoft၏ ဆော့ဖ်ဝဲလ်များနှင့် အချို့သော လုပ်ဆောင်ချက်များတွင် အဆင်မပြေဖြစ်အောင် တမင်ဖန်တီးခြင်းအားဖြင့် ပြိုင်ဘက်ကို ဈေးကွက်အတွင်းမှ တဖြည်းဖြည်း ဖယ်ထုတ်ကာ နေရာအလုံးစုံကို ပြန်လည် သိမ်းပိုက်ရန် ကြံစည်ထားခြင်း ဖြစ်သည်။

နောက်ထပ် သုံးနှစ်ခန့်ကြာ၍ အသုံးပြုသူများမှာ ၎င်းတို့၏ ဆော့ဖ်ဝဲလ်နှင့် အသားကျသွားသည့်အခါမှ၊ ၎င်းတို့သည် ရုံးသုံးဆော့ဖ်ဝဲလ် ဗားရှင်းအသစ်ကို ထုတ်ဝေကာ အခကြေးငွေ ပြန်လည် ကောက်ခံတော့မည် ဖြစ်သည်။ ထိုအချိန်ကျလျှင် လက်ရှိ အသုံးပြုနေသော ဆော့ဖ်ဝဲလ်များကို အဆင့်မြှင့်တင်မှု ပေးတော့မည် မဟုတ်သဖြင့်၊ ဈေးကွက်ရော အမြတ်အစွန်းပါ ၎င်းတို့လက်ထဲသို့ အလိုအလျောက် ပြန်လည် ရောက်ရှိလာပေလိမ့်မည်။

"အင်း... ဒါပေမဲ့ ငါတို့ ဆော့ဖ်ဝဲလ်တွေကို ဆက်ပြီး ရောင်းထွက်အောင်တော့ နည်းလမ်းရှာရဦးမယ်။ အထူးသဖြင့် ဧရာမ ကုမ္ပဏီကြီးတွေနဲ့ တရုတ် အစိုးရဌာနတွေကို ပစ်မှတ်ထားပါ။ အဲဒီလို ဌာနမျိုးတွေကတော့ အခမဲ့ ရတဲ့ ဆော့ဖ်ဝဲလ်တွေရဲ့ လုံခြုံရေးကို သေချာပေါက် ယုံကြည်ကြမှာ မဟုတ်ဘူး" ဘောလ်မာက လမ်းညွှန်ချက် ပေးလိုက်သည်။

ဖုန်းချလိုက်ပြီးနောက် ဘောလ်မာသည် ဤဗျူဟာအပေါ် အတော်လေး ကျေနပ်နေမိသည်။ ဆုံးရှုံးမှုအချို့ ရှိနေစေကာမူ တရုတ်ဈေးကွက်၏ အစိတ်အပိုင်းအချို့ကို ပြန်လည် လုယူနိုင်ခဲ့သည် မဟုတ်ပါလား။

ထို့အပြင် အရှေ့ဥရောပဘက်တွင်လည်း အခြေအနေမှာ အလားတူပင် ဖြစ်သည်။ ထိုနည်းလမ်းကိုပင် အသုံးပြုကာ ဈေးကွက်ဝေစု အတော်များများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ဥရောပနှင့် အမေရိကတိုက်ရှိ အခြားသော နိုင်ငံများနှင့် ဒေသများမှာမူ မိုက်ခရိုဆော့ဖ်၏ မူလခြေကုပ်နယ်မြေများ ဖြစ်ကြသည်။ Lenovo-Kingsoftက ၎င်းတို့၏ ဈေးနှုန်းကို မိုက်ခရိုဆော့ဖ်၏ တစ်ဝက်ခန့်သာ သတ်မှတ်ထားစေကာမူ၊ ဤအချက်ကြောင့်ပင် ဧရာမ ကုမ္ပဏီကြီးများက Kingsoft ၏ ဆော့ဖ်ဝဲလ်အပေါ် ယုံကြည်မှု ကင်းမဲ့နေကြခြင်း ဖြစ်သည်။

လူအတော်များများ၏ စိတ်ထဲတွင် "ဈေးပေါလျှင် အဆင့်မရှိ" ဟူသော အစွဲအလမ်းမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည် မဟုတ်ပါလား။

ထို့အပြင် နိုင်ငံတကာရှိ လူအများ၏ အမြင်တွင် တရုတ်ပြည်မှ ထွက်ပေါ်လာသော ဆော့ဖ်ဝဲလ်များ၏ နည်းပညာမှာ အဆင့်မမီဟု ယူဆထားကြခြင်းလည်း ပါဝင်ပေသည်။

တရုတ်ပြည်မှာ ဘယ်လို ထူးချွန်တဲ့ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာတွေ ရှိမှာမို့လို့လဲ။ ရှိခဲ့ရင်တောင်မှ အဲဒီလူတွေဟာ မိုက်ခရိုဆော့ဖ်တရုတ်ဌာနခွဲမှာ ဒါမှမဟုတ် တခြားနိုင်ငံတကာ ကုမ္ပဏီတွေရဲ့ ဌာနခွဲတွေမှာပဲ ရှိမှာပေါ့။ တရုတ်ပြည်တွင်းက ကုမ္ပဏီတွေဆိုတာကတော့ သေချာပေါက် အားနည်းနေဦးမှာပဲ ဟု ၎င်းတို့က တွက်ဆထားကြသည်။

Lenovo-Kingsoftဆော့ဖ်ဝဲလ် ကုမ္ပဏီသည် လူသိသိပ်မများလှသလို၊ အမှတ်တံဆိပ်မှာလည်း ကျော်ကြားမှု မရှိလှပါချေ။ ထို့ကြောင့် မိုက်ခရိုဆော့ဖ်၏ ဈေးကွက်ကို အနည်းငယ် ရိုက်ခတ်မှု ရှိစေကာမူ၊ စိုးရိမ်စရာ အဆင့်အထိတော့ မဟုတ်သေးဟု ဘောလ်မာက ယူဆထားသည်။ သူ၏ အမြင်အရ Lenovo-Kingsoft၏ မိခင်နယ်မြေ (တရုတ်ပြည်) တွင်သာ ၎င်းတို့ကို အလဲထိုးနိုင်မည်ဆိုပါက ကျန်ရှိသော ကမ္ဘာ့ဈေးကွက်များသည်လည်း အလိုအလျောက်ပင် မိုက်ခရိုဆော့ဖ်၏ ရင်ခွင်ထဲသို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်သည်။

နိုင်ငံအသီးသီးတွင် ကိုယ်ပိုင် ရုံးသုံးဆော့ဖ်ဝဲလ် အမျိုးမျိုး ရှိနေကြစေကာမူ၊ မည်သူကများ မိုက်ခရိုဆော့ဖ်၏ OFFICEကို ယှဉ်ပြိုင်နိုင်ပါမည်နည်း။ အတော်အသင့် ကောင်းမွန်သော ဆော့ဖ်ဝဲလ်များပင်လျှင် မိုက်ခရိုဆော့ဖ်၏ စံနှုန်းများကိုသာ မှီငြမ်းပြုနေကြရသည် မဟုတ်ပါလား။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ၎င်းတို့အားလုံးမှာ လိုက်တုထားသူများသာ ဖြစ်ကြသည်။

အကယ်၍ ထိုကဲ့သို့သော အဆင့်အတန်းမျိုးကိုပင် ဖိနှိပ်မထားနိုင်ပါက မိုက်ခရိုဆော့ဖ်အနေဖြင့် ဆော့ဖ်ဝဲလ်လောက၏ ဧရာမ အင်အားစုကြီးအဖြစ် အမည်ခံရန် မထိုက်တန်တော့ပါချေ။

ယခုအခါ ရုံးသုံးဆော့ဖ်ဝဲလ် နယ်ပယ်တွင် မိုက်ခရိုဆော့ဖ်၏ အဓိက ရန်သူမှာ Lenovo-Kingsoftဖြစ်နေခဲ့ပြီ။ အင်း... စမတ်ဖုန်းစနစ် နယ်ပယ်မှာလည်း အလားတူပင် ဖြစ်နိုင်သည်။

မင်းတို့ရဲ့ ဝင်ငွေလမ်းကြောင်း တစ်ခုကို ငါ ဖြတ်တောက်ပစ်လိုက်ရင်၊ မင်းတို့ ဘယ်လို ဆက်ပြီး ရှင်သန်မလဲ ကြည့်ကြသေးတာပေါ့။ ငွေအင်အားချင်း ပြိုင်မယ်ဆိုရင် မိုက်ခရိုဆော့ဖ်က ဘယ်သူ့ကို ကြောက်နေရမှာလဲ။

လက်ရှိတွင် မိုက်ခရိုဆော့ဖ်၏ အဓိက အသက်သွေးကြော လုပ်ငန်းကြီးငါးခုမှာ - ကွန်ပျူတာ စနစ်၊ ရုံးသုံးဆော့ဖ်ဝဲလ်၊ ချက်တင် ဆော့ဖ်ဝဲလ်၊Browserနှင့် မီဒီယာ ပလေယာတို့ ဖြစ်ကြသည်။

ထိုအထဲတွင် မီဒီယာ ပလေယာမှလွဲ၍ ကျန်ရှိသော အချက်လေးခုစလုံးတွင် ၎င်းတို့သည် နံပါတ်တစ် နေရာကို ရယူထားကာ အခြားသူများ လှမ်းမမီနိုင်သော အဆင့်သို့ ရောက်ရှိနေခဲ့သည်။ IBM ကဲ့သို့သော အင်အားစုကြီးကိုပင် နှိမ်နင်းထားနိုင်ခဲ့သည်မှာ၊ တရုတ် ကုမ္ပဏီလေး တစ်ခုကို မနှိမ်နင်းနိုင်ဘဲ ရှိပါ့မလား။

အကယ်၍ ဤကုမ္ပဏီတွင် ဖုန်းယွီ၏ ရှယ်ယာများ ပါဝင်နေစေကာမူ၊ ၎င်းတို့သည် မျက်စိထဲပင် ထည့်မတွက်ပါချေ!

ရုံးသုံးဆော့ဖ်ဝဲလ် တစ်ခုတည်းနှင့်တင် Lenovo-Kingsoftအား လုံလောက်သော ဖိအား မပေးနိုင်သေးဟု ယူဆသဖြင့်၊ ကျန်ရှိသော ဗိုင်းရပ်စ်နှိမ်နင်းရေးနှင့် ကွန်ပျူတာ စနစ်နယ်ပယ်များတွင်လည်း ပြင်းထန်သော ထိုးနှက်ချက်များ ပေးရန် ၎င်းတို့ ပြင်ဆင်လိုက်တော့သည်။

"မိုက်ခရိုဆော့ဖ်က စမတ်ဖုန်းစနစ် ဗားရှင်းအသစ်ရဲ့ အယူအဆကို ထုတ်ပြန်လိုက်ပြီ။ ကိုင်တွယ် အသုံးပြုမှုပိုင်းမှာ အများကြီး တိုးတက်လာသလို၊ အချို့သော အချက်တွေမှာဆိုရင် ငါတို့ရဲ့ လက်ရှိ ဗားရှင်းကိုတောင် ကျော်တက်သွားပြီ။ ပြီးတော့ သူတို့က အက်ပလီကေးရှင်းတွေ ဒေါင်းလုဒ် ဆွဲနိုင်မယ့် ကဏ္ဍကိုလည်း ထည့်သွင်းထားပြီး၊ မိုက်ခရိုဆော့ဖ်ဝဘ်ဆိုက်ပေါ်မှာတင် ငွေပေးပြီး ဒေါင်းလုဒ်ဆွဲလို့ ရအောင် လုပ်ထားတာမို့ လူအတော်များများရဲ့ အာရုံစိုက်မှုကို ရနေတယ်"

"Samsung၊ Dopod၊ Motorolaစတဲ့ ဖုန်းကုမ္ပဏီတွေ အားလုံးကလည်း ဒါကို ထောက်ခံနေကြသလို၊ အခုဆိုရင် Sony Ericssonတို့လို ဂျပန် ကုမ္ပဏီတွေပါ ပါဝင်လာတော့မယ်။ ဒါဟာ သူတို့ရဲ့ သြဇာအာဏာကို အလျင်အမြန် ကြီးမားလာစေလိမ့်မယ်။ ထုတ်လုပ်သူတွေက သူတို့ရဲ့ စနစ်ကို ပိုပြီး သုံးစွဲလာလေလေ၊ အသုံးပြုသူတွေကလည်း သူတို့စနစ်ရဲ့ အလေ့အထ အောက်ကို ပိုပြီးရောက်ရှိသွားလေလေပဲ၊ ဒါဟာ ငါတို့အတွက် အလွန် စိုးရိမ်စရာ ကောင်းနေပြီ"

ရှုလိဟွာသည် ချိုးပါ့ကျွင်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်ရင်း၊ ၎င်းတို့၏ HOS စနစ်ကို မည်သည့်အချိန်တွင် အဆင့်မြှင့်တင်နိုင်မည်နည်းဟု စိုးရိမ်တကြီး မေးမြန်းနေခဲ့သည်။ အကယ်၍ မိုက်ခရိုဆော့ဖ်ထက် အဝေးကြီး နောက်ကျကျန်ရစ်မည်ဆိုပါက Songjiangဖုန်းနှင့် Aiwaဖုန်းများ၏ ရောင်းအားကို ပြင်းထန်စွာ ထိခိုက်စေမည် မဟုတ်ပါလား။ Aiwa ဖုန်းသည် ယခုအခါ AIWA အမှတ်တံဆိပ်ဖြင့် ဂျပန်ဈေးကွက်သို့ ထိုးဖောက်ရန် ပြင်ဆင်နေချိန်လည်း ဖြစ်သည်။

အကယ်၍ ဂျပန်တွင် အောင်မြင်ခဲ့မည်ဆိုပါက၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ် ဈေးကွက်များသို့ပါ ဆက်လက်တိုးချဲ့မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုဒေသများတွင် Songjiangဖုန်း၏ ရောင်းအားမှာမူ ထင်သလောက် ခရီးမပေါက်လှပါချေ။

ချိုးပါ့ကျွင်းသည် ကိစ္စရပ်များမှာ အနည်းငယ် ခက်ခဲလာပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ မိုက်ခရိုဆော့ဖ်က အဘယ်ကြောင့် ဤမျှအထိ မြန်ဆန်စွာဖြင့် မျိုးဆက်သစ် စနစ်ကို ထုတ်နိုင်ခဲ့ပါလိမ့်။ သို့သော်လည်း တစ်ဖက်လူမှာ မိုက်ခရိုဆော့ဖ်ဖြစ်နေသဖြင့် များစွာတော့ မအံ့သြသင့်ပါချေ။

"မစ္စတာရှု... စိုးရိမ်မနေပါနဲ့၊ ကျွန်တော်တို့ ကြိုတင် ပြင်ဆင်ထားတာတွေ ရှိပါတယ်။ အခုပဲ ဗားရှင်း အသစ်ရဲ့ အချက်အလက်တွေကို ထုတ်ပြန်လိုက်လို့ ရပါတယ်။ လုပ်ဆောင်ချက်တွေ သိပ်မများသေးဘူး ဆိုရင်တောင်မှ၊ မိုက်ခရိုဆော့ဖ်ထက်တော့ မနိမ့်ကျစေရပါဘူး။ ပြီးတော့ တစ်လမပြည့်ခင်မှာပဲ ထပ်ပြီး အဆင့်မြှင့်တင်သွားမှာမို့၊ နည်းပညာပိုင်းအရ သူတို့ကို အပြတ်အသတ် ရင်ဘောင်တန်းနိုင်မှာပါ"

ချိုးပါ့ကျွင်းသည် ရှုလိဟွာကို အားပေးစကား ဆိုလိုက်သော်လည်း၊ သူကိုယ်တိုင်မှာမူ အတွေးများဖြင့် လေးလံနေခဲ့သည်။ ယခုတစ်ကြိမ်တွင် အသာစီးရအောင် လုပ်နိုင်ဦးမည် ဖြစ်စေကာမူ မိုက်ခရိုဆော့ဖ်ကသာ တကယ်တမ်း အာရုံစိုက်လာပြီး ငွေအမြောက်အမြား သုံးစွဲကာ သုတေသန လုပ်လာမည်ဆိုပါက ၎င်းတို့အနေဖြင့် မည်မျှအထိ တောင့်ခံနိုင်ပါမည်နည်း။

အရင်က မိုက်ခရိုဆော့ဖ်၏စနစ်ကို သုံးသော ကုမ္ပဏီ နည်းပါးခဲ့သဖြင့် ၎င်းတို့၏ အမြတ်မှာ နည်းပါးခဲ့သည်။ သို့သော် ယခုအခါ ဖုန်းကုမ္ပဏီ အမြောက်အမြားက ၎င်းတို့၏ စနစ်ကို ပြောင်းလဲသုံးစွဲလာကြသဖြင့် မိုက်ခရိုဆော့ဖ်တွင် ရန်ပုံငွေများ ပိုမိုတောင့်တင်းလာတော့မည် မဟုတ်ပါလား။ ဤသည်မှာ တကယ်ပင် ကိုင်တွယ်ရ ခက်ခဲသော ကိစ္စတစ်ခု ဖြစ်လာခဲ့ပြီ။

"မစ္စတာချိုးက အဲဒီလို ပြောမှတော့ ကျွန်တော် စိတ်အေးရတာပေါ့။ Songjiang အီလက်ထရွန်နစ် ဘက်ကိုတော့ ကျွန်တော်ကိုယ်တိုင် သွားပြီး လောင်ကျန်း ပြောလိုက်ပါ့မယ်။ ဒါနဲ့... အဲဒီ အက်ပလီကေးရှင်းတွေကိုလည်း ပိုပြီးတော့ ဖော်ဆောင်ပေးပါဦးဗျာ၊ အခုက အရမ်းနည်းလွန်းနေသေးတယ်"

ချိုးပါ့ကျွင်း ကတော့ စိတ်ထဲမှ ညည်းတွားနေမိသည်။ 'ခင်ဗျား ပြောတာကတော့ လွယ်တာပေါ့ဗျာ၊ ငါတို့ Lenovo-Kingsoftဟာ တရုတ်ပြည်ရဲ့ အကြီးဆုံး ဆော့ဖ်ဝဲလ် ကုမ္ပဏီ ဖြစ်နေစေဦးတော့ ငါတို့ ဖြန့်ကျက်ထားတဲ့ စစ်မျက်နှာကလည်း အလွန် ကျယ်ပြန့်လွန်းနေတာလေ' ဟူ၍ပင်။

ထို့အပြင် ၎င်းတို့၏ အင်အား အများစုကို PC စနစ် ဖော်ဆောင်ရေးတွင် အသုံးချထားရသဖြင့်၊ အက်ပလီကေးရှင်းများအတွက် အင်အားခွဲရန်မှာမူ များစွာ မလွယ်ကူလှပါချေ။

"ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်”

"ဥက္ကဋ္ဌ... Trend Microက ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဖ်ဝဲလ် ဗားရှင်းအသစ်ကို ထုတ်လိုက်ပြီ။ ပြီးတော့ ကုမ္ပဏီကြီး အမြောက်အမြားနဲ့လည်း သဘောတူညီမှုတွေ ရသွားကြလို့ ငါတို့ရဲ့ အဓိက ဖောက်သည်ကြီး အတော်များများကို သူတို့ လုယူသွားကြပြီ"

Trend Microသည် ဂျပန် ကုမ္ပဏီတစ်ခု ဖြစ်ပြီး၊ ကမ္ဘာ့ထိပ်တန်း ဗိုင်းရပ်စ်နှိမ်နင်းရေး နယ်ပယ်တွင် ထိပ်ဆုံးမှ ရှိနေသော ကုမ္ပဏီ ဖြစ်သည်။ ၎င်းမှာ စတော့ဈေးကွက် တင်ထားရုံတင်မကဘဲ ဂျပန်နိုင်ငံ၏ Nikkeiစတော့ အညွှန်းကိန်းတွင်ပင် ပါဝင်နေသည့် အင်အားကြီး ကုမ္ပဏီတစ်ခု ဖြစ်သည်။

ဤကုမ္ပဏီသည် အဓိကအားဖြင့် လုပ်ငန်းသုံး လုံခြုံရေး စနစ်များကို လုပ်ဆောင်နေခြင်း ဖြစ်ပြီး၊ ကမ္ဘာ့အကြီးဆုံး လုပ်ငန်းသုံး လုံခြုံရေး ဆော့ဖ်ဝဲလ် ကုမ္ပဏီလည်း ဖြစ်သည်။ သာမန် ပုဂ္ဂလိကသုံး ဆော့ဖ်ဝဲလ် နယ်ပယ်တွင်မူ ထင်သလောက် ကျော်ကြားမှု မရှိလှပါချေ။

ချိုးပါ့ကျွင်းသည် သူ၏ မျက်ခုံးနှစ်ခုကြားကို လက်ချောင်းများဖြင့် ဖိနှိပ်ကာ သက်ပြင်းချလိုက်မိသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သတင်းဆိုးများက အဆက်မပြတ် ရောက်ရှိနေခဲ့သည် မဟုတ်ပါလား။

"ကောင်းပြီလေ... ငါ သိပြီ။ တခြား ဘာထူးခြားတာ ရှိသေးလဲ"

"နောက်တစ်ခုက... သူတို့က ပုဂ္ဂလိကသုံး ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဖ်ဝဲလ်ကိုပါ တရုတ်ဘာသာနဲ့ ထုတ်လိုက်ပြီ။ ဒါဟာ သေချာပေါက် ငါတို့ကို ဦးတည်ပြီး လာနေတာပဲ"

Trend Microက တရုတ်ဘာသာဖြင့် ပုဂ္ဂလိကသုံး ဆော့ဖ်ဝဲလ် ထုတ်လိုက်ပြီ ဟုတ်လား။ ဒါဆိုရင်တော့ ပြဿနာက ပိုပြီးကြီးထွားလာတော့မည် ဖြစ်သည်။ ဤလုပ်ရပ်ကြောင့် တရုတ်ပြည်၏ ဗိုင်းရပ်စ်နှိမ်နင်းရေး ဈေးကွက်မှာ နောက်တစ်ကြိမ် လှိုင်းထန်လာတော့မည် မဟုတ်ပါလား။

မူလကပင် တရုတ်ပြည်၏ ဈေးကွက်သည် ပြိုင်ဆိုင်မှု ပြင်းထန်လှပြီး၊ Kingsoftအနေဖြင့် အပင်ပန်းခံ၍ ရှေ့ဆုံးသို့ ရောက်ရှိအောင် ကြိုးပမ်းထားခဲ့ရခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ရလဒ်မှာ မည်သို့ ဖြစ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်တော့ပါချေ။

ချိုးပါ့ကျွင်း လုံးဝ မသိရှိလိုက်သော အချက်မှာ ဤကိစ္စ၏ နောက်ကွယ်တွင် မိုက်ခရိုဆော့ဖ်နှင့် ပတ်သက်နေသည် ဆိုသည့် အချက်ပင်။ ထို့အပြင် အခြားသော လုပ်ငန်းစုကြီး တစ်ခုနှင့်လည်း ပတ်သက်နေခဲ့သည် မဟုတ်ပါလား...

******

အခန်း (၁၃၈၄) ၎င်းတို့အား ခွဲထုတ်ပစ်ခြင်း

ချိုးပါ့ကျွင်းနှင့် သူ၏အဖွဲ့သားများမှာ ပြင်းထန်သော စီးပွားရေး တိုက်စစ်များကြောင့် အကြီးအကျယ် ခေါင်းခဲနေရချိန်တွင်၊ဖုန်းယွီကမူ သူ၏ ရုံးခန်းအတွင်း၌ အေးအေးလူလူ ထိုင်လျက် ခါမီဒါ မာဆာအို ၏ အစီရင်ခံစာကို နားထောင်နေခဲ့သည်။

"မင်းပြောချင်တာက... ဂူဂဲလ်စတော့ဈေးကွက် တက်ဖို့ ပြင်ဆင်နေတဲ့ အကြောင်းပြချက်နဲ့ ဂူဂဲလ်နဲ့Yahoo ပူးပေါင်းမှုကို ငြင်းပယ်လိုက်ပြီးတဲ့နောက်၊ သူတို့ဘက်က အခြေအနေအသစ်တွေ ထပ်ပြီး ကမ်းလှမ်းလာတယ်ပေါ့”

"ဟုတ်ပါတယ်... SoftBank ဟာ တရုတ်ပြည်ရဲ့ IT ဈေးကွက်တစ်ခုလုံးကို အလုံးစုံ တိုက်စစ်ဆင်ဖို့ စီမံချက်တွေ ရှိနေပါပြီ။ ကွန်ပျူတာ၊ ဆော့ဖ်ဝဲလ်၊ အင်တာနက်နဲ့ ဆက်သွယ်ရေး ကဏ္ဍတွေ အားလုံးပေါ့။ တရုတ်ဈေးကွက်ကိုသာ သူတို့ လက်ဝါးကြီးအုပ်နိုင်မယ်ဆိုရင် အမြတ်အစွန်း အမြောက်အမြားကို အစဉ်တစိုက် ဖန်တီးနိုင်မယ်လို့ သူတို့ ယူဆထားကြတယ်" ခါမီဒါက ခေါင်းငုံ့လျက် ပြန်လည် ဖြေကြားလိုက်သည်။

ဖုန်းယွီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း မထီမဲ့မြင် ပြုသကဲ့သို့ ရယ်မောလိုက်မိသည်။ 'စိတ်ကူးယဉ်တာ အတော်လေး လှပနေတာပဲ၊ တရုတ်ဈေးကွက်ကို သိမ်းပိုက်မယ် ဟုတ်လား... ငါ့ကိုရော မရှိတော့ဘူးလို့ ထင်နေတာလား' ဟု သူ စိတ်ထဲမှ ကြိမ်းမောင်းနေမိသည်။

"သူတို့က ဧရာမ ကုမ္ပဏီကြီး အမြောက်အမြားနဲ့ ပူးပေါင်းပြီး၊ တရုတ်ဈေးကွက်ထဲမှာ ရှိနှင့်ပြီးသား လုပ်ငန်းတွေကို ထိုးနှက်ဖို့ ပြင်နေတာပါ။ ဥပမာ - Lenovoအုပ်စု၊ Wind and Rain အီလက်ထရွန်နစ်နဲ့ Sina တို့လို ကုမ္ပဏီတွေကို ပစ်မှတ်ထားနေတာ"

"ဪ... သူတို့က ဘယ်ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားလို့လဲ”

ခါမီဒါက ကုမ္ပဏီ အမည်စာရင်း အရှည်ကြီးကို ရွတ်ပြလိုက်သည့် အခါတွင်မူ ဖုန်းယွီတစ်ယောက် တကယ်ပင် အံ့အားသင့်သွားခဲ့ရသည်။ ဤ SoftBankသည် တကယ်ပင် ကမ္ဘာ့နံပါတ်တစ် IT ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှပေသည်။ ကမ္ဘာကျော် IT ကုမ္ပဏီ အမြောက်အမြားမှာ SoftBankနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေကြသည် မဟုတ်ပါလား။

"မင်းပြောချင်တာက... မိုက်ခရိုဆော့ဖ်ကလည်း SoftBankနဲ့ လက်တွဲထားတယ်ပေါ့”

"ဟုတ်ကဲ့... မိုက်ခရိုဆော့ဖ်ရဲ့ အစောပိုင်း ဆော့ဖ်ဝဲလ် ရောင်းချမှုတွေကို SoftBankကပဲ ကိုယ်စားလှယ်ယူပြီး လုပ်ပေးခဲ့တာပါ။ မိုက်ခရိုဆော့ဖ်ဂျပန်ဌာနခွဲမှာလည်း SoftBankရဲ့ ရှယ်ယာအချို့ ပါဝင်နေသလို၊ အခုတလော တရုတ်ဈေးကွက်ကို ပစ်မှတ်ထားတဲ့ မိုက်ခရိုဆော့ဖ်ရဲ့ဗျူဟာတွေ နောက်ကွယ်မှာလည်း SoftBankရဲ့ အရိပ်အယောင်တွေ ရှိနေတယ်"

SoftBankနှင့် မိုက်ခရိုဆော့ဖ်တို့ ပေါင်းစည်းသွားခြင်းမှာ အမှန်တကယ်ပင် ကိုင်တွယ်ရ ခက်ခဲသော ပြဿနာတစ်ခု ဖြစ်လာခဲ့ပြီ။ မူလကပင် အင်အားကြီးလှသော ဤလုပ်ငန်းစုကြီး နှစ်ခု ပေါင်းစည်းလိုက်ခြင်းသည် တစ်ပေါင်း တစ်နှင့် နှစ် မဟုတ်ဘဲ၊ နှစ်ထက်မကသော အင်အားကို ဖြစ်ပေါ်စေမည် မဟုတ်ပါလား။

"ကောင်းပြီလေ... ဒါတွေကို ငါ သိပြီ။ မင်းလည်း SoftBankမှာပဲ ဆက်ပြီး အလုပ်လုပ်နေပါ။ ဘာသတင်းပဲ ရရ ငါ့ကို ချက်ချင်း အသိပေးပေါ့။ ဒါနဲ့... AIWA ဖုန်းတွေကိုလည်း ဂျပန်ဈေးကွက်ထဲကို စတင် ထိုးဖောက်ခိုင်းလိုက်တော့"

Aiwa အီလက်ထရွန်နစ်ဘက်မှ AIWA အမှတ်တံဆိပ်ဖြင့် ဖုန်းအမြောက်အမြားကို ထုတ်လုပ်ထားပြီး ဖြစ်ရာ၊ ဂျပန်ဈေးကွက်တွင် စမ်းသပ် ရောင်းချရန် အချိန်တန်ပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဂျပန်တွင် AIWA အရောင်းဆိုင်များစွာ ရှိနေသလို၊ သစ္စာရှိသော အမာခံ ဖောက်သည်များလည်း အမြောက်အမြား ရှိနေသည် မဟုတ်ပါလား။ ဤဖုန်းသည် တေးဂီတ နားဆင်မှုကို အဓိကထားသော Music Phone ဖြစ်ပြီး၊ Memoryပိုမို ကြီးမားခြင်း၊ အသံထွက် ပိုမိုကောင်းမွန်ခြင်းနှင့် ဘက်ထရီ သက်တမ်း ပိုမိုကြာရှည်ခြင်း စသည့် အားသာချက်များဖြင့် ဂျပန်ဈေးကွက်ကို စိန်ခေါ်ရန် ပြင်ဆင်လိုက်ခြင်းပင်။

"ကောင်းပါပြီ Boss... ကျွန်တော်လည်း SoftBankရဲ့ ဒါရိုက်တာ တစ်ယောက်အနေနဲ့၊ ပြိုင်ဘက်တွေက ငါတို့ကို တမင်တကာ ဖိနှိပ်တာမျိုး မလုပ်နိုင်အောင် ကြည့်ရှုပေးပါ့မယ်။ တန်းတူညီမျှစွာ ယှဉ်ပြိုင်ကြမယ်ဆိုရင်တော့ ငါတို့ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုပါဘူး"

ဖုန်းယွီသည် ခါမီဒါ၏ စိတ်အားထက်သန်မှုအပေါ် အတော်လေး ကျေနပ်မိသည်။ AIWA ဖုန်းများကို ဂျပန်ဈေးကွက်ထဲသို့ ထည့်သွင်းလိုက်ခြင်းမှာ အမှန်တကယ်ပင် စိတ်ဝင်စားဖို့ ကောင်းလှပေလိမ့်မည်။ ငွေများစွာ မရရှိနိုင်စေဦးတော့ Sony Ericssonနှင့်Sharp ကဲ့သို့သော ဂျပန် ဖုန်းကုမ္ပဏီများ၏ စီမံချက်များကိုတော့ သေချာပေါက် နှောင့်ယှက်နိုင်မည် ဖြစ်သည်။ မိမိတို့၏အိမ်ကွင်းဈေးကွက်ကို ပြိုင်ဘက်က လာရောက် ကျူးကျော်သည့်အခါ မည်သူမဆို ထိတ်လန့်သွားကြမည် မဟုတ်ပါလား။

ဤသည်မှာလည်း ဖုန်းယွီက အမြဲတမ်း ဆိုနေကျ စကားအတိုင်းပင် - "တရုတ်ဈေးကွက်သည် အရေးအကြီးဆုံး ဖြစ်သည်" ဟူ၍ ဖြစ်သည်။ ပြည်ပဈေးကွက်များမှာ ကောင်းမွန်လှစေကာမူ၊ ၎င်းမှာ မိခင် တရုတ်ဈေးကွက်တွင် အခြေခိုင်ပြီးမှသာ တိုးချဲ့ရမည့် အရာများ ဖြစ်သည်။

မည်သည့် ထုတ်ကုန်သစ် ပေါ်ထွက်လာပါစေ၊ တရုတ်ဈေးကွက်တွင်သာ အရင်ဆုံး ဖြန့်ချိရမည်ဖြစ်ပြီး၊ ပြည်ပ ဈေးကွက်များမှာမူ တစ်ပြိုင်နက်တည်း သို့မဟုတ် နောက်တစ်ဆင့်မှသာ ရရှိစေရမည်။ တရုတ်ဈေးကွက်သည် သူ၏ အခြေခံ အုတ်မြစ်ဖြစ်ရာ၊ ၎င်းကို အလုခံ၍ လုံးဝ မဖြစ်ပါချေ။

"မန်နေဂျာဖုန်း... Lenovo-Kingsoftကတော့ အခု ဒုက္ခရောက်နေပြီ။ နယ်ပယ် အသီးသီးမှာ ရုတ်တရက် ပြိုင်ဘက်တွေ များလာတဲ့အပြင်၊ အရင်က တစ်ခါမှ မကြားဖူးတဲ့ ကုမ္ပဏီတွေကပါ အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေနဲ့ ပေါ်ထွက်လာကြတယ်။ ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက်က ကြိုးကိုင်နေတယ်လို့ ကျွန်တော်တို့ သံသယ ရှိနေပါတယ်"

လျူချွမ်းကျစ်သည် အလွန်ပင် စိုးရိမ်ပူပန်နေခဲ့သည်။ Lenovo-Kingsoft၏ အလားအလာမှာ Lenovoအုပ်စု ၏ PC ဌာနထက်ပင် ပိုမို မြင့်မားနိုင်ကြောင်း သူ သိရှိထားသည်။ IBM ကုမ္ပဏီသည်ပင် သူ၏ အဓိက လုပ်ငန်းကို ဟတ်ဒ်ဝဲ မှ ဆော့ဖ်ဝဲလ်သို့ ပြောင်းလဲခဲ့ခြင်းမှာ အကောင်းဆုံး သက်သေပင် မဟုတ်ပါလား။

Lenovoအုပ်စု သည်လည်း ထိုလမ်းစဉ်အတိုင်း ခြေလှမ်းနှစ်လှမ်းဖြင့် ယှဉ်တွဲ လျှောက်လှမ်းနေခြင်း ဖြစ်သည်။ အကယ်၍ ခြေတစ်ဖက် ပြတ်တောက်သွားမည်ဆိုပါက ကြီးမားသော ထိခိုက်မှုများ ရှိလာပေလိမ့်မည်။

"ငါ အဲဒါကို သိပြီးသားပါ။ နောက်ကွယ်က ကြိုးကိုင်နေတဲ့ ကုမ္ပဏီကတော့ ဂျပန်က SoftBankအုပ်စုပဲ။ ခင်ဗျားပြောတဲ့ ထုတ်ကုန်ကောင်းတွေ ထုတ်နေတဲ့ ကုမ္ပဏီလေးတွေ ဆိုတာလည်း SoftBankရဲ့ ကျောထောက်နောက်ခံ ရှိနေတဲ့ သူတွေပဲလေ။ ဒါနဲ့... SoftBankနဲ့ မိုက်ခရိုဆော့ဖ်က အမြဲတမ်း ပူးပေါင်းဆောင်ရွက်နေတဲ့ သူငယ်ချင်းတွေ ဖြစ်နေတာကို ငါတို့ အရင်က သတိမထားမိခဲ့ကြဘူး"

SoftBankနှင့် မိုက်ခရိုဆော့ဖ်တို့ လက်တွဲသွားကြပြီ ဟုတ်လား။ လျူချွမ်းကျစ်သည် ဤသတင်းကို ကြားလိုက်ရသည့်အခါ စိတ်ထဲတွင် ရုတ်ချည်း တင်းကျပ်သွားခဲ့ရသည်။ Lenovo-Kingsoftသည် အရှိန်အဟုန်ဖြင့် တိုးတက်နေချိန်တွင်မှ ရုတ်တရက် ထိပ်တိုက် ရင်ဆိုင်မှုကို ပြင်းပြင်းထန်ထန် ခံလိုက်ရခြင်းမှာ တကယ်ပင် နာကျင်လှပေသည်။

"ဒါပေမဲ့ ခင်ဗျား စိုးရိမ်မနေပါနဲ့။ ခါမီဒါ မာဆာအိုဟာ အခု SoftBankရဲ့ ဒါရိုက်တာ ဖြစ်နေပြီလေ၊ သတင်းအချို့ကို သူ ငါတို့ဆီ ကြိုပြီး ပို့ပေးနိုင်ပါတယ်။ လက်ရှိမှာ SoftBankက ဆော့ဖ်ဝဲလ်နဲ့ အင်တာနက် နယ်ပယ်ကနေ တရုတ်ဈေးကွက်ကို တိုက်ခိုက်နေသလို၊ မိုက်ခရိုဆော့ဖ်ကလည်း အလားတူပဲ လုပ်ဆောင်နေတာ။ ဒါပေမဲ့... အကယ်၍ သူတို့ရဲ့ လုပ်ငန်းတွေက တစ်ခုနဲ့တစ်ခု ထိပ်တိုက် တိုးသွားမယ် ဆိုရင်ကော ဘာဖြစ်လာမလဲ” ဖုန်းယွီက ပြုံးလျက် မေးခွန်းထုတ်လိုက်သည်။

ပူးပေါင်းထားသော ကုမ္ပဏီ နှစ်ခုကြားတွင် လုပ်ငန်းချင်း တူညီနေမည်ဆိုပါက၊ မည်သူက အလျှော့ပေးမည်နည်း။ မိုက်ခရိုဆော့ဖ်ကဲ့သို့သော အင်အားကြီးပြီး ဗိုလ်ကျတတ်သော ကုမ္ပဏီမျိုးကတော့ သေချာပေါက် အလျှော့ပေးလိမ့်မည် မဟုတ်ပါချေ။

သို့သော် SoftBank၏ လုပ်ငန်းကွန်ရက်မှာလည်း အလွန်ကျယ်ပြန့်လှသည်။ အင်တာနက် စသည့် နယ်ပယ်အချို့တွင် ၎င်းတို့က မိုက်ခရိုဆော့ဖ်ထက်ပင် အားသာချက် ရှိနေသဖြင့် ၎င်းတို့ကလည်း အလျှော့ပေးမည် မဟုတ်ပါချေ။

ထိုသို့ဆိုလျှင် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုတွင် အက်ကြောင်းများ သေချာပေါက် ပေါ်ပေါက်လာပေလိမ့်မည်။ ထိုအက်ကြောင်းမှာ မကြီးမားစေဦးတော့ ၎င်းတို့ကို ရန်တိုက်ပေးမည့် ခါမီဒါ မာဆာအို ရှိနေသည် မဟုတ်ပါလား။

ပူးပေါင်းဆောင်ရွက်မှု တစ်ခုကို ဖန်တီးပေးရန် ခက်ခဲလှစေကာမူ၊ ရန်တိုက်ပေးရန် နည်းလမ်းများမှာမူ အမြောက်အမြား ရှိလှပေသည်။

ဤကုမ္ပဏီ နှစ်ခုသာ မဟာမိတ် မဟုတ်တော့ဘူးဆိုရင်၊ တရုတ်ဈေးကွက်ထဲမှာ သူတို့ ဘယ်သူ့ကိုမှ ငါ မျက်စိထဲ ထည့်မတွက်ဘူး၊ ဒီနေရာက ငါတို့ရဲ့ မိခင်ကွင်း ပဲလေ။

"ဘယ်လုပ်ငန်းတွေက သူတို့ချင်း တူနေလို့လဲ"

"ဖုန်း အက်ပလီကေးရှင်း၊ မီဒီယာ ပလေယာနဲ့ Browser တို့လို PC သုံး ဆော့ဖ်ဝဲလ်တွေပေါ့။ ဒါတွေမှာ သူတို့က ပြိုင်ဘက်တွေပဲလေ။ ဘယ်သူ့ရဲ့ Browserက ဈေးကွက်ကို သိမ်းပိုက်နိုင်သလဲ ဆိုတာပေါ် မူတည်ပြီး၊ Trafficနဲ့ ကြော်ငြာဝင်ငွေတွေက အကြီးအကျယ် ကွာခြားသွားမှာ ဖြစ်လို့၊ ဒါဟာ ကြီးမားတဲ့ ဓနအင်အားပဲ။ ငါတို့ အနေနဲ့ Browserကနေပဲ စတင်ပြီး သူတို့ကို တန်ပြန် တိုက်စစ်ဆင်ကြတာပေါ့"

"Browser ဟုတ်လား။ ဒါပေမဲ့ ငါတို့ Lenovo-Kingsoftမှာ Browser မရှိဘူးလေ” လျူချွမ်းကျစ် က အူကြောင်ကြောင်ဖြင့် မေးလိုက်သည်။

"Kingsoft မှာ မရှိပေမဲ့၊ Baidu မှာ ရှိတယ်လေ။ ငါ Robin Li နဲ့ ဝမ်ကျစ်ရှီးတို့ကို နားချပြီးပြီ၊ သူတို့ကို ပူးပေါင်းပြီး Browser အသစ်တစ်ခု ဖန်တီးခိုင်းထားတယ်။ အဲဒီ Browserဟာ IE (Internet Explorer)ရဲ့အမာခံ စနစ်ကို အသုံးမပြုထားဘူး။ ငါတို့ရဲ့ ဒီဇိုင်းစိတ်ကူးစိတ်သန်းတွေက IE ထက် ပိုပြီး စွမ်းအားကြီးသလို၊ Yahoo ရဲ့ Browserထက်လည်း ပိုကောင်းတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ... Yahoo ရဲ့ Browser အသစ်ကလည်း IE စနစ်ကို မသုံးထားဘူး"

"အကယ်၍ ငါတို့က IE Browserရဲ့ အားနည်းချက်တွေကို ဝိုင်းပြီး ဝါဒဖြန့်မယ်ဆိုရင်၊ အဲဒီအချိန်မှာ Yahoo က မိုက်ခရိုဆော့ဖ်ဘက်ကနေ ရပ်တည်ပေးလိမ့်မယ်လို့ ခင်ဗျား ထင်လား။ အကယ်၍သာ Yahoo ကလည်း ဝင်ပြီး အော်ဟစ်ကာ မိုက်ခရိုဆော့ဖ်ကို ခြေထောက်နဲ့ တစ်ချက်လောက် ကန်လိုက်မယ်ဆိုရင်... သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဆက်ပြီး တည်မြဲနိုင်ပါဦးမလား”

"ဒါပေမဲ့... Yahoo က ဘာဖြစ်လို့ အဲဒီလို လုပ်မှာလဲ”

"ဘာလို့လဲဆိုတော့... အဲဒီမှာ ခါမီဒါ မာဆာအို ရှိနေလို့ပေါ့"

ခက်ခဲသော ကိစ္စရပ်များကို ခါမီဒါမလုပ်နိုင်စေဦးတော့ SoftBankကို ကိုယ်စားပြုပြီး မိုက်ခရိုဆော့ဖ်ကို စကားလုံးများဖြင့် တိုက်ခိုက်ရန်မှာမူ သူ့အဖို့ လွယ်ကူလှပေသည်။ အကြောင်းပြချက် ရှာမယ်ဆိုရင်လည်း - အရင်တုန်းက ပေါလ် အယ်လန်က သူ့ကို လူသိရှင်ကြား လှောင်ပြောင်ခဲ့တာကိုပဲ သုံးမလား။

ခါမီဒါသည် ပုဂ္ဂိုလ်ရေးအနေဖြင့် ပြောဆိုသည် ဆိုစေဦးတော့ သူ၏ SoftBankဒါရိုက်တာ ဆိုသည့် ဂုဏ်ပုဒ်ကြောင့် လူတွေက ဤသည်ကို ကုမ္ပဏီ စီမံခန့်ခွဲမှုပိုင်း၏ အယူအဆဟုသာ အလိုအလျောက် သတ်မှတ်သွားကြမည် မဟုတ်ပါလား။ အကယ်၍ လူတွေက အဲဒီလို မထင်ဘူး ဆိုရင်တောင်မှ၊ ဖုန်းယွီအနေဖြင့် လူလွှတ်ပြီး သတင်းအနည်းငယ် ဖြန့်ပေးလိုက်ရုံသာ ရှိတော့သည်။

"ဒီလိုဆိုရင်တော့ ကျွန်တော် စိတ်အေးရတာပေါ့။ ဒါနဲ့... ငါတို့ Lenovo-Kingsoftရဲ့ စမတ်ဖုန်းစနစ်အတွက် ဝယ်ယူမယ့်သူ အသစ်တွေ ပေါ်လာပြီ။ ကျွန်တော်တို့ဘက်ကလည်း အသုံးပြုခွင့်ပေးဖို့ စီစဉ်နေပါတယ်"

"ဝယ်ယူမယ့်သူ အသစ်တွေ.. ဘယ်ကုမ္ပဏီတွေလဲ”

"တောင်ကိုရီးယားက LG အုပ်စု၊ ပြီးတော့ Siemens အုပ်စုပေါ့။ အင်း... နောက်ထပ် 'နိုင်ငံတော် အဆင့်' ဖုန်းထုတ်လုပ်သူ အသစ်တစ်ခုလည်း ပါသေးတယ်၊ Huaxing)တဲ့၊ သူတို့က အရင်က ဝေါ်ကီတော်ကီတွေ လုပ်တဲ့ ကုမ္ပဏီလေ"

"အသုံးပြုခွင့် ပေးလိုက်ပါ။ ဒါမှသာ ငါတို့ရဲ့ မဟာမိတ် အင်အားစုတွေ ပိုပြီး ကြီးမားလာမှာဖြစ်သလို၊ အမြတ်အစွန်းတွေကိုလည်း တိုးပွားစေမှာပေါ့။ သဘက်ခါ ကျင်းပမယ့် Baidu Browser မိတ်ဆက်ပွဲကိုလည်း ခင်ဗျား တက်ရောက်ပေးပါဦး။ လောင်ကျုံးရော၊ ခါမီဒါ မာဆာအိုရော ပါဝင်မှာ ဖြစ်သလို၊ ဒီတစ်ခါမှာတော့ ပြည်ပ သတင်းထောက်တွေပါ လာကြလိမ့်မယ်"

All Chapters