← Chapters

အခန်း (၂၀၅၄-၂၀၅၆)

Vol. 127 Ch. 2054-2056

အခန်း (၂၀၅၄-၂၀၅၆)

Vol. 127 Ch. 2054-2056

အခန်း (၂၀၅၄) ချီရွှယ်ဟွေ့အန့်

ထိုမျှမကသေးဘဲ ဝမ်ချောင်သည် သူ၏အသိစိတ်အတွင်းရှိ ကံကြမ္မာကျောက်တုံးနှင့် ချိတ်ဆက်လိုက်သည့်အခါ စွမ်းရည်များစွာ၏ နောက်ကွယ်တွင် မှောင်မည်းနေသော နယ်ပယ်တစ်ခု ပေါ်ထွက်လာသည်ကို အသေအချာ ခံစားလိုက်ရသည်။

၎င်းမှာ ဟွန်းဟော်စွမ်းရည်ကဲ့သို့ပင် ကံကြမ္မာကျောက်တုံး၏စွမ်းရည်များစွာ ထပ်မံချဲ့ထွင်နိုင်သော ဟင်းလင်းပြင်ကို ကိုယ်စားပြုနေခြင်း ဖြစ်ပေသည်။

"ကံကြမ္မာကျောက်တုံး ဆက်ပြီးတော့ စောင့်ကြည့်စမ်းပါ၊ အဆင့်မြှင့်တင်ပြီးရင် ထိုက်ရှီလိုမျိုး အဆင့်ရှိတဲ့ ရန်သူတွေကို လှည့်စားနိုင်မယ့် အလားအလာရှိတဲ့ စွမ်းရည်တစ်ခုခု ရှိသလား" ဝမ်ချောင်က တောက်ပသော မျက်ဝန်းများဖြင့် မေးမြန်းလိုက်သည်။

ယခုတစ်ကြိမ်တွင် ဝမ်ချောင်သည် လမ်းကြောင်းမှန်ကို တည့်တည့်မေးမြန်းလိုက်ခြင်း ဖြစ်သဖြင့်၊ ကံကြမ္မာကျောက်တုံးကလည်း ချက်ချင်းပင် တုန့်ပြန်လာခဲ့သည်။

"ပိုင်ရှင်ရဲ့ တောင်းဆိုချက်ကို လက်ခံရရှိပါသည်၊ အိမ်ရှင်ရဲ့ အရည်အချင်းတွေကို စစ်ဆေးနေပါသည်..."

"စစ်ဆေးမှု ပြီးဆုံးပါပြီ၊ ပိုင်ရှင်ရဲ့ ကိုယ်ပေါ်မှာ အဆင့်မြှင့်တင်လို့ရတဲ့ စွမ်းရည်မျိုး ရှိမနေပါဘူး"

ကံကြမ္မာကျောက်တုံး၏ နောက်ဆုံး စစ်ဆေးမှုရလဒ်ကို ကြားလိုက်ရသည့်အခါ၊ ဝမ်ချောင်၏ စိတ်နှလုံးမှာ လေးလံသွားခဲ့ပြီး မျက်နှာအမူအရာမှာလည်း အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။

"ဆက်ပြီးတော့ စစ်ဆေးစမ်းပါ။ ဖြစ်နိုင်ခြေရှိသမျှ အရာအားလုံးကို စမ်းသပ်စမ်းပါ" ဝမ်ချောင်က ထပ်မံ အမိန့်ပေးလိုက်သည်။

"တောင်းဆိုချက်ကို လက်ခံရရှိပါသည်၊ ထပ်မံ စစ်ဆေးနေပါသည်..."

"စစ်ဆေးမှု ပြီးဆုံးပါပြီ၊ ပိုင်ရှင်ရဲ့ ကိုယ်ပေါ်မှာ အဆင့်မြှင့်တင်လို့ရတဲ့ စွမ်းရည်မျိုး ရှိမနေပါဘူး"

"ပိုင်ရှင်ကို သတိပေးလိုသည်မှာ လက်ရှိ စမ်းသပ်နေသည်မှာ ပင်မစွမ်းရည်များသာ ဖြစ်ပြီးတော့ စွမ်းရည်ခွဲများကိုတော့ မစစ်ဆေးရသေးပါဘူး၊ အဲဒါတွေကို စမ်းသပ်လိုပါသလား"

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ကံကြမ္မာကျောက်တုံး၏ အဖြေ၌ အပြောင်းအလဲသစ်တစ်ခု ပါဝင်လာခဲ့ပြီ ဖြစ်သည်။

ကံကြမ္မာကျောက်တုံး၏ နောက်ဆုံ စကားတစ်ခွန်းကို ကြားလိုက်ရသည့်အခါ၊ ဝမ်ချောင်၏ မျက်ဝန်းများမှာ လင်းလက်သွားခဲ့ပြီး စိတ်ထဲတွင်လည်း အတိုင်းအဆမရှိ ဝမ်းမြောက်သွားကာ၊ တွန့်ဆုတ်ခြင်း မရှိဘဲ ချက်ချင်းပင် ဆိုလိုက်သည်။

"စွမ်းရည်ခွဲအားလုံးကို စစ်ဆေးစမ်းပါ"

"ပိုင်ရှင်ရဲ့ တောင်းဆိုချက်ကို လက်ခံရရှိပါသည်။ စွမ်းရည်ခွဲတွေကို စတင် ရှာဖွေနေပါသည်။ ဒါပေမဲ့ ဒီ ရှာဖွေမှုအတွက် ကံကြမ္မာ စွမ်းအား အမှတ်တွေကို သုံးစွဲဖို့ လိုအပ်ပါတယ်၊ ဆက်ပြီး လုပ်ဆောင်လိုပါသလား" ကံကြမ္မာကျောက်တုံးက ဆိုလိုက်ရာ ဝမ်ချောင်ကလည်း တွန့်ဆုတ်ခြင်း မရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။

နောက်တစ်ခဏတွင် ခဏချင်းအတွင်းမှာပင် ဖြစ်ပုံရသော်လည်း အမှန်တကယ်၌မူ ရှည်လျားလှသော ရာစုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသကဲ့သို့ပင်။ ဝမ်ချောင်စောင့်မျှော်နေသော အသံမှာ နောက်ဆုံး၌ ထွက်ပေါ်လာတော့သည်။

"ပစ်မှတ် စွမ်းရည်ကို ရှာဖွေတွေ့ရှိပါသည်"

"ချီရွှယ်ဟွေ့အန့် သွေးလဲလှယ်ခြင်း စွမ်းရည်ရဲ့ စွမ်းရည်ခွဲ အဆင့်မြင့် အရည်အချင်းပဲ ဖြစ်ပါသည်"

"ဒီအရည်အချင်းဟာ ပိုင်ရှင်ရဲ့ ဂန်ချီ၊ သွေးနဲ့စိတ်ဝိညာဉ် အငွေ့အသက်တွေကို အကြီးအကျယ် ပြောင်းလဲပေးနိုင်သလို၊ ထိပ်သီး ပညာရှင်တွေရဲ့ အာရုံခံစားမှုကနေ ဖုံးကွယ်ထားဖို့အတွက် အိမ်ရှင်ကို ကူညီပေးနိုင်ပါတယ်"

"သတိပြုရန်၊ ဒီစွမ်းရည်ဟာ အိမ်ရှင်ရဲ့အငွေ့အသက်တွေကို လုံးဝပျောက်ကွယ်သွားအောင် မလုပ်ဆောင်ပေးနိုင်ပါဘူး၊ ၎င်းဟာ အိမ်ရှင်ရဲ့ အငွေ့အသက် ထုတ်လွှတ်မှု အတိုင်းအတာကို များစွာကျုံ့သွားအောင်ပဲ လုပ်ဆောင်ပေးတာ ဖြစ်လို့၊ ပစ်မှတ်အနေနဲ့ အဝေးကနေ အာရုံမခံနိုင်အောင်ပဲ လုပ်ပေးနိုင်တာပါ။ ဒါပေမဲ့ ၎င်းရဲ့ ပေးဆပ်မှုအနေနဲ့ကတော့ ပေပေါင်း သုံးရာ အတွင်းမှာဆိုရင်တော့ အိမ်ရှင်ရဲ့အငွေ့အသက်တွေက အဆပေါင်း နှစ်ဆယ်လောက် ပိုပြီးတော့ ထူထပ်နေမှာ ဖြစ်ပါတယ်"

"တစ်ခါ ပိုင်ရှင်က ဒီစွမ်းရည်ကို အသုံးပြုလိုက်ပြီ ဆိုရင်တော့၊ ပစ်မှတ်က ပေပေါင်း သုံးရာ အတိုင်းအတာအတွင်းကို ကျူးကျော်ဝင်ရောက်လာတဲ့ အခါမှာတော့၊ အိမ်ရှင် ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ ရန်သူက တိုက်ရိုက် အာရုံခံမိသွားမှာ ဖြစ်ပါတယ်"

"'ချီရွှယ်ဟွေ့အန့်' ကို အသုံးပြုနေတဲ့ အချိန်အတွင်းမှာတော့ ပိုင်ရှင်အနေနဲ့ တစ်စက္ကန့်ကို ကံကြမ္မာ စွမ်းအား အမှတ် ၁ မှတ် ဖြုန်းတီးရမှာ ဖြစ်သလို၊ ဒီစွမ်းရည်ကို အများဆုံး ငါးရက်အထိပဲ အသုံးပြုနိုင်ပြီးတော့၊ အဲဒီနောက်မှာတော့ တစ်လတိတိ အနားပေးရမှာ ဖြစ်လို့ ထပ်ပြီး အသုံးမပြုနိုင်ပါဘူး"

အတန်ကြာသည့် အခါတွင်မှ၊ ချီရွှယ်ဟွေ့အန့်နှင့် ပတ်သက်သော သတင်းအချက်အလက်များမှာ ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ ပေါ်ထွက်လာခဲ့သည်။

"တကယ်ကို ကောင်းတာပဲ"

ချီရွှယ်ဟွေ့အန့်၏ အရည်အချင်းကို မြင်တွေ့လိုက်ရသည့်အခါ၊ ဝမ်ချောင်၏ မျက်ဝန်းများမှာ စူးရှသွားခဲ့ပြီး စိတ်ထဲတွင်လည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားတော့သည်။

ချီရွှယ်ဟွေ့အန့်၏ အရည်အချင်းကို ငါးရက်သာ အသုံးပြုနိုင်ပြီး အဲဒီနောက်မှာ တစ်လတိတိ အနားခံရမည် ဖြစ်စေကာမူ၊ မြို့တော်နှင့် ရှန်ထိုက်အကြားရှိ အကွာအဝေးကို အသေအချာ တွက်ချက်ကြည့်လိုက်သည့်အခါတွင်မူ ၎င်းမှာ လုံလောက်လှပေသည်။

တစ်ခုတည်းသော ပြဿနာမှာမူ ဤ စွမ်းရည်ကို အသုံးပြုရန် ဖြုန်းတီးရမည့် ပမာဏမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းနေခြင်းပင် ဖြစ်တော့သည်။

တစ်စက္ကန့်လျှင် တစ်မှတ်ဆိုသည်မှာ များစွာ မဟုတ်ပုံ ပေါ်စေကာမူ၊ အဆက်မပြတ် အသုံးပြုရန် လိုအပ်သောကြောင့် ငါးရက်အတွင်းမှာပင် ကံကြမ္မာ စွမ်းအား အမှတ် လေးသိန်းကျော်ခန့်ကို ဖြုန်းတီးရမည် ဖြစ်ရာ၊ စုစည်းလိုက်သည့်အခါတွင်မူ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

"ဒါကြောင့်လည်း စွမ်းရည်ခွဲ ဖြစ်နေတာပဲ၊ ဖြုန်းတီးရတဲ့ ကံကြမ္မာ စွမ်းအား အမှတ်တွေက သာမန်ထက် အများကြီးကို ပိုများနေတာပဲ" ဝမ်ချောင်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

ထို့အပြင် ဝမ်ချောင်သည် ချီရွှယ်ဟွေ့အန့်၏ အခြေခံ သဘောတရားကိုလည်း တဖြည်းဖြည်း နားလည်လာခဲ့သည်။

၎င်းမှာ သိုင်းသမားများ အလွယ်တကူ အာရုံခံမိနိုင်သော အငွေ့အသက်များကို အတွင်းဘက်သို့ ကျုံ့ဝင်သွားစေကာ ပေသုံးရာအတိုင်းအတာအတွင်းသို့ ဖိသိပ်လိုက်ခြင်းဖြစ်ပုံရပြီး ပတ်ဝန်းကျင် ကမ္ဘာနှင့်လည်း ပြတ်တောက်အောင် လုပ်ဆောင်ပေးခြင်း ဖြစ်ကာ၊ ပေသုံးရာ အတွင်း၌ သွေးနှင့် စွမ်းအင် အငွေ့အသက်များမှာ အလွန်ပင် ထူထပ်နေစေကာမူ ပေ သုံးရာ အပြင်ဘက်တွင်မူ မည်သည့်အရာကိုမျှ အာရုံခံနိုင်တော့မည် မဟုတ်ပေ။

"ထိုက်ရှီကို လှည့်စားပြီး မြို့တော် ကနေ ဘေးကင်းကင်းနဲ့ ထွက်ခွာကာ ရှန်ထိုက်ကို ရယူနိုင်ခြင်း ရှိမရှိ ဆိုတာကတော့၊ ချီရွှယ်ဟွေ့အန့်က သူရဲ အစွမ်းကို ဘယ်လောက်အထိ ပြနိုင်မလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်တော့တယ်"

အချိန်များမှာ တဖြည်းဖြည်းနှင့် ကုန်လွန်သွားခဲ့ရာ၊ ညဉ့်မှောင်စ အချိန်တွင် မြို့တော်၏ အရှေ့တောင်ဘက်၌ အလင်းတန်း တစ်ခု ဝင်းခနဲ ပေါ်လာပြီးနောက်၊ အမည်းရောင် ဝတ်စုံဝတ် ပုံရိပ်တစ်ခုမှာ ဝိညာဉ်တစ်ခုအလား ဟင်းလင်းပြင်အတွင်းမှ ထွက်ပေါ်လာခဲ့ကာ တစ်ခုလုံးသော မြို့တော်ကို တိတ်တဆိတ် စီးမိုးကြည့်ရှုနေတော့သည်။

လေပြည်လေး တစ်ချက် တိုက်ခတ်လာသဖြင့် ထိုသူ၏ဝတ်ရုံစများမှာ လေထဲတွင် လွင့်ပျံနေစေကာမူ၊ သူ၏ခန္ဓာကိုယ်မှာမူ ထိုနေရာ၌ပင် မလှုပ်မယှက် ကျောက်ရုပ်တစ်ခုအလား ရှိနေပေသည်။

ညဉ့်အမှောင်က တိတ်ဆိတ်ငြိမ်သက်နေပေသည်၊ ထိုက်ရှီ၏ အကြည့်များမှာ ဟင်းလင်းပြင်ကို ဖြည်းညှင်းစွာ ဖြတ်ကျော်လျက် မီးရောင်မှိန်မှိန် ရှိနေသော နန်းတော်ဆီမှနေ၍ တဖြည်းဖြည်း လွှဲဖယ်လိုက်ကာ၊ နောက်ဆုံးတွင်မူ နန်းတော်၏ အရှေ့တောင်ဘက်ရှိ မျိုးနွယ်ခြားဘုရင် အိမ်တော် တည်ရှိရာ နေရာဆီသို့ ကျရောက်သွားတော့သည်။

"အရှင် အခုထိ ဘာနည်းလမ်းမှ မရှိသေးဘူးလား?" ထိုက်ရှီ၏ ဘေးနားတွင် အသံတိတ်စွာဖြင့်၊ လွန်ခဲ့သော တိုက်ပွဲအတွင်း ဝမ်ချောင်၏ လက်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားခဲ့သော ထျန်းဖူနတ်ဘုရားက ရုတ်တရက် ပေါ်ထွက်လာရင်း မေးမြန်းလိုက်သည်။

သူတို့၏ ရှေ့မှောက်ရှိ မဟာထန်မြို့တော်မှာ အခြားသော မဟာထန် မြို့ပြများနှင့် မထူးခြားလှပုံ ပေါ်စေကာမူ၊ အမည်းရောင် ဝတ်စုံဝတ်လူများအတွက်မူ ဤနေရာမှာ သေမင်းတမန် နယ်မြေတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ထျန်းဖူနတ်ဘုရား၏ အကြည့်များမှာ လောကအနှံ့ ဝေ့ကြည့်လိုက်ရာ၊ သူ၏မျက်ဝန်းအတွင်း၌မူ သာမန်လူများ မမြင်တွေ့နိုင်သော မှိန်ဖျော့လှသည့် ပုံသဏ္ဌာန်မရှိသော လှိုင်းဂယက်တစ်ခုမှာ၊ တစ်ခုလုံးသော မြို့တော်ကို လွှမ်းခြုံထားသည်ကို အသေအချာ မြင်တွေ့နေရခြင်းပင် ဖြစ်တော့သည်။

ဤလှိုင်းဂယက်မှာ သာမန်ပြည်သူများအတွက်မူ ဘာမှ မဖြစ်စေကာမူ၊ အမည်းရောင် ဝတ်စုံဝတ်လူ အားလုံးအတွက်မူ အသက်အန္တရာယ် ပေးနိုင်သောအရာပင်။

"အသုံးမဝင်ဘူး" ဟင်းလင်းပြင်ထက်တွင် ထိုက်ရှီက နောက်ဆုံး၌ စကားစလိုက်သည်၊ သူသည်လည်း ဤ ရှောင်ကျိုကျိုး နယ်မြေပိတ်လှောင်မှုကို အကဲခတ်နေခြင်းပင်။

"ဒီ အစီအရင်ရဲ့ အခြေခံအချက်က နန်းတော်ပဲ၊ မဟာဗျူဟာကို ဖျက်ဆီးချင်တယ် ဆိုရင်တော့ အဲဒီ ကိုးထပ်ကောင်းကင် ဆယ်ထပ်မြေပြင် ဧကရာဇ်သုံးပါး ဝင်္ကပါကနေ စတင်လုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒီလို မဟာဗျူဟာမျိုးကို ဖြေရှင်းဖို့ ဆိုတာက မူလကတည်းက အလွန် ခက်ခဲလှတဲ့ ကိစ္စပဲ၊ ငါတို့ လူတွေ မြို့တော်ထဲကို လုံးဝဝင်လို့ မရတာကိုတော့ ထည့်မပြောနဲ့တော့"

"သေသင့်တဲ့ လီထိုက်ယီ ငါတို့ အားလုံးက သူ့ကို အထင်သေးခဲ့ကြတာပဲ ဒီလူယုတ်မာက ငါတို့ရဲ့ မူလ စွမ်းအားတွေကို တကယ်ပဲ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သလို၊ သေပြီးတဲ့နောက်မှာတောင် ငါတို့ကို တစ်ချက် ပြန်တိုက်သွားသေးတယ်" ထိုက်ရှီက နာကျည်းလှသော အသံဖြင့် ဆိုလိုက်သည်။

ထျန်းဖူနတ်ဘုရားသည် ဘေးနား၌ ရပ်နေရင်း သူ၏အမူအရာမှာလည်း များစွာ မကောင်းလှပေ။

"အရှင် ဘယ်လို လုပ်ကြမလဲ။ ငါတို့တွေက ဒီ ပုရွက်ဆိတ်တွေကို အမှန်တကယ်ပဲ ဘာမှ မလုပ်နိုင်တော့တာလား" ထျန်းဖူနတ်ဘုရားက မေးမြန်းလိုက်ရင်း ဘေးနားရှိ ထိုက်ရှီဆီသို့ လှည့်ကြည့်လိုက်သည်။

"သူတို့ကို ဘာမှ မလုပ်နိုင်ဘူး ဟုတ်လား။ ဟူး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ထိုက်ရှီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက်၊ သူ၏အကြည့်များမှာ ဝမ်ချောင်၏ မျိုးနွယ်ခြားဘုရင် အိမ်တော်ဆီသို့ လျင်မြန်စွာ ကျရောက်သွားတော့သည်။

"အစီအရင် ဆိုတာဟာ သူ့ဘာသာသူ လည်ပတ်နိုင်စွမ်း ရှိပေမဲ့လည်း အဲဒါရဲ့ အဓိက အရည်အချင်းတွေကိုတော့ လူတစ်ယောက်ကပဲ ထိန်းချုပ်ရတာပါ၊ လီထိုက်ယီ သေသွားပြီ ဖြစ်ပေမဲ့လည်း၊ ဒီအစီအရင်ကြီးရဲ့ အဓိကအချက်ကိုတော့ တခြားတစ်ယောက်ယောက်က ဆုပ်ကိုင်ထားမှာ သေချာတယ်၊ အဲဒီလူကို ရှာတွေ့ပြီးတော့ သူရဲ့လက်ထဲက အမှတ်အသားကို လုယူနိုင်မယ် ဆိုရင်တော့ ငါတို့တွေ ဒီမဟာဗျူဟာကြီးကို စိတ်ကြိုက် ထိန်းချုပ်နိုင်မှာ ဖြစ်သလို၊ လုံးဝကိုလည်း ဖျက်ဆီးပစ်နိုင်မှာပါ"

"လီထိုက်ယီက အဲဒါကို ဘယ်နေရာမှာပဲ ဖုံးကွယ်ထားပါစေ၊ ငါတို့တွေ နည်းလမ်းရှာပြီးတော့ကို ရအောင် ယူရမယ်" ထိုက်ရှီက လေးနက်စွာ ဆိုလိုက်သည်။

သူ စကားပြောနေသည့် အချိန်တွင် သူ၏အကြည့်များမှာ ဝမ်ချောင်၏ အိမ်တော်ဆီသို့သာ စူးစိုက်ကြည့်နေခြင်း ဖြစ်သည်။

သူတော်စင်ဧကရာဇ်သေဆုံးသွားခဲ့ပြီ ဖြစ်ရာ၊ တစ်ခုလုံးသော မြို့တော်အတွင်း၌ အစီအရင်၏ အမှတ်အသားကို ပိုင်ဆိုင်နိုင်ခြေ အရှိဆုံးသူမှာ၊ ယခုမှ နန်းတက်ခဲ့သော လီဟန် မဟုတ်ဘဲ ထိုဖျက်ဆီးခြင်းရဲ့ သားတော်သာ ဖြစ်ပေလိမ့်မည်။

"ဒါပေမဲ့ အဲဒီ ကောင်လေးကလည်း အရမ်းကောက်ကျစ်တာပဲ၊ လီထိုက်ယီထက်တောင် မလျော့ဘူး ထင်တယ်၊ အခု သူက မဟာဗျူဟာကြီးရဲ့သော့ကို ကိုင်ထားပြီးတော့ အထဲမှာပဲ ပုန်းနေတာ။ အပြင်ကို လုံးဝ မထွက်လာတာကြောင့် ငါတို့တွေ သူ့ကို ဘာမှ လုပ်လို့ မရဘဲ ဖြစ်နေတာပဲ" ထျန်းဖူနတ်ဘုရားက စိုးရိမ်တုန်လှုပ်စွာဖြင့် ဆိုလိုက်သည်။

"အထဲမှာပဲ ပုန်းနေတာ ဟုတ်လား" ထျန်းဖူနတ်ဘုရား၏ စကားကို ကြားလိုက်ရသည့်အခါ ထိုက်ရှီက အေးစက်စွာ ရယ်မောလိုက်သည်။

"မင်းအနေနဲ့ ခဏတဖြုတ်တော့ ပုန်းနေနိုင်ပါလိမ့်မယ်၊ ဒါပေမဲ့ တစ်သက်လုံး ပုန်းနေနိုင်ပါ့မလား။ ယိုကျိုးက အန်းယာလုရှန်းတို့ကို သတင်းပို့လိုက်စမ်း၊ ပြဿနာ တစ်ခုခု ဖန်တီးလိုက်ဖို့ပေါ့၊ အဲဒီအချိန်ကျရင်တော့ သူက အလိုလိုပဲ အပြင်ကို ထွက်လာလိမ့်မယ်" ထိုက်ရှီက အေးစက်စွာ ဆိုလိုက်သည်။

"လက်အောက်ခံ နာခံပါပြီ"

"ဝူး" လေလှိုင်း တစ်ချက်နှင့်အတူ ထိုက်ရှီနှင့်ထျန်းဖူနတ်ဘုရားတို့မှာ ရောက်ရှိလာစဉ်ကအတိုင်းပင် တစ်ဖန် ပြန်လည် ပျောက်ကွယ်သွားတော့သည်။

အမည်းရောင် ဝတ်စုံဝတ်လူများဘက်မှ လှုပ်ရှားမှုများကို ထားပါဦးတော့၊ ရက်အနည်းငယ် ကြာမြင့်သည့် အခါတွင်မူ

"ကျင်းဝူတပ်ဖွဲ့ တွေ လေ့ကျင့်နေတာ ဖြစ်လို့၊ လူတိုင်း လမ်းဖယ်ပေးကြပါ"

မြို့တော်၏ အရှေ့တံခါး၊ တောင်တံခါး နှင့် အနောက်တံခါး များမှာ ဆူညံသွားခဲ့ပြီး မြင်းခွာသံများနှင့်အတူ အင်အား တောင့်တင်းလှသော၊ သွေးနှင့် စွမ်းအင် အငွေ့အသက်များမှာ တောက်လောင်နေသော မီးလျှံများအလား ပြင်းထန်လှသော ကျင်းဝူတပ်ဖွဲ့ဝင်များမှာ၊ မြို့တံခါး သုံးခုမှနေ၍ အရှိန်အဟုန်ဖြင့် စီးထွက်လာကြတော့သည်။

"ဝုန်း" ကျင်းဝူတပ်ဖွဲ့များ ထွက်လာသည်ကို မြင်ရသည့်အခါ ပတ်ဝန်းကျင်ရှိ ပြည်သူများမှာလည်း ဘေးသို့ တစ်ဦးပြီးတစ်ဦး လမ်းဖယ်ပေးလိုက်ကြသည်။

"ဒါ ဘာဖြစ်တာလဲ။ ကျင်းဝူတပ်ဖွဲ့ တွေက ဘာလို့ ဒီလောက်အထိ လှုပ်ရှားနေကြတာလဲ"

"မကြားမိဘူးလား။ ဧကရာဇ်သစ် နန်းတက်ပြီးတော့ ကျင်းဝူတပ်ဖွဲ့တွေကို ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေတာလေ၊ ဒီစစ်တပ်တွေကို မြို့ပြင်မှာ ကျင့်ကြံဖို့ လွှတ်လိုက်တာပဲ၊ နောင်အနာဂတ်မှာတော့ ကျင်းဝူတပ်ဖွဲ့တွေ အားလုံးက စစ်မြေပြင်ကို သွားရတော့မှာတဲ့"

"အာ.. ဒါကြောင့်ကိုး"

ပြည်သူများမှာ တစ်ဦးပြီးတစ်ဦး ပြောဆိုနေကြရင်း အရာရာကို နားလည်သွားကြကာ လူစုခွဲလိုက်ကြတော့သည်။

သူတော်စင်ဧကရာဇ် နတ်ရွာစံသွားပြီးနောက်တွင်မူ ယခုမှ နန်းတက်ခဲ့သော၊ သူတော်စင်ဧကရာဇ်နှင့် အမူအရာ တူညီလှသော ဤဧကရာဇ်သစ်ကို မြို့တော်မှစ၍ အရပ်ဒေသ အသီးသီးရှိ ပြည်သူများမှာ အလွန်ပင် ချစ်မြတ်နိုးကြသဖြင့်၊ လီဟန်၏ အမိန့်ဖြစ်ကြောင်း သိရှိရသည့်အခါ လူတိုင်းမှာ လမ်းဖယ်ပေးလိုက်ကြသလို များစွာလည်း ထောက်ခံနေကြခြင်း ဖြစ်သည်။

သောင်းနှင့်ချီသော စစ်တပ်ကြီးမှာ မြို့အတွင်းမှ စီးထွက်လာခဲ့ပြီး ခန့်ညားထည်ဝါစွာဖြင့် လျင်မြန်စွာပင် စတင်လေ့ကျင့်နေကြသဖြင့်၊ အလွန်ပင် ခမ်းနားလှသော မြင်ကွင်းကြီး တစ်ခု ဖြစ်နေပေသည်။

လူတိုင်းမှာ ကျင်းဝူတပ်ဖွဲ့များ၏ ကြီးမားလှသော လှုပ်ရှားမှုများအပေါ် အာရုံစိုက်နေကြစဉ်အတွင်း မြို့တော်၏ မြောက်ဘက်အရပ် မိုင်အနည်းငယ် အကွာအဝေးရှိ နေရာတွင်မူ၊ ပုံရိပ်တစ်ခုမှာ မြေပြင်နှင့် ကပ်လျက် မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် မြောက်ဘက်အရပ်ဆီသို့ ပျံသန်း ထွက်ခွာသွားသည်ကိုမူ မည်သူမျှ သတိမထားမိလိုက်ကြပေ။

"အောင်မြင်သွားပြီ"

ဝမ်ချောင်၏ မျက်ဝန်းအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး မြို့တော်ရှိရာဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်ရင်း သက်ပြင်းတစ်ချက်ကို အရှည်ကြီး မှုတ်ထုတ်လိုက်တော့သည်။

ယခု အခိုက်အတန့်တွင် သူ၏ကိုယ်ပြင်ပရှိ အငွေ့အသက်များမှာ အထွတ်အထိပ်သို့ ရောက်ရှိနေစေကာမူ၊ ပေသုံးရာအပြင်ဘက်သို့ ရောက်ရှိသွားသည့်အခါတွင်မူ မည်သည့်အရာကိုမျှ အာရုံခံနိုင်စွမ်း မရှိတော့ပေ။

အကယ်၍ ပေသုံးရာ အတွင်းသို့ ရောက်ရှိလာပြီး ဝမ်ချောင်ကို မျက်စိဖြင့် မြင်တွေ့လိုက်ရခြင်း မဟုတ်ပါက၊ မည်သို့မျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

၎င်းမှာ ချီရွှယ်ဟွေ့အန့်၏ အာနိသင်ပင် ဖြစ်တော့သည်။ သို့သော်လည်း ထိုသို့ ရှိနေစေကာမူ ဝမ်ချောင်မှာမူ အနည်းငယ်မျှ ပေါ့ဆရန် မဝံ့ရဲဘဲ ရှိနေပေသည်။

******

အခန်း (၂၀၅၅) မေ့လျော့ခြင်းတောင်

"ချီရွှယ်ဟွေ့အန့်ရဲ့ အာနိသင်က ငါးရက်ပဲ ခံမှာ ဖြစ်လို့၊ ငါ အနေနဲ့ အမြန်ဆုံး နည်းလမ်းနဲ့ မြေအောက်ထဲက အဲဒီ ရှန်ထိုက်ကို ရှာဖွေရမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ပြည့်တာနဲ့ မြို့တော်ဆီကို ချက်ချင်း ပြန်ရမှာပဲ။ ဒါ့အပြင် ငါ မြို့တော်မှာ မရှိတာ ကြာသွားရင်လည်း၊ အချိန်ကြာလာတာနဲ့အမျှ တစ်ဖက်လူက ရိပ်မိသွားနိုင်တယ်"

ဝမ်ချောင်သည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

သူ မြို့တော်မှ ထွက်ခွာလာချိန်၌ လုံလောက်သော အစီအစဉ်များကို လုပ်ဆောင်ခဲ့သလို၊ မီယာစမိ အာရာကာအား မိမိအဖြစ် ဟန်ဆောင်စေကာ အိမ်တော်အတွင်း၌ တစ်ခါတစ်ရံ ပေါ်ထွက်ပြခိုင်းခဲ့စေကာမူ၊ ထိုက်ရှီကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အချိန်အတော်ကြာအောင် လှည့်စားထားရန်မှာ မဖြစ်နိုင်သလောက် ရှိနေကြောင်း ဝမ်ချောင်ကောင်းစွာ သိရှိထားသည်။

ယခုကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ မြို့တော်အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိစေကာမူ၊ အခြေအနေများကို စုံစမ်းရန်အတွက် အခြားသော နည်းလမ်းများ သေချာပေါက် ရှိနေမည် ဖြစ်သည်။

သူ့အတွက် အချိန်မှာ စိတ်ကူးထားသလောက် များစွာ မရှိပေ။

"ရှူး"

အလင်းတန်း တစ်ခု ဝင်းခနဲ ပေါ်လာပြီးနောက် မိုင်အနည်းငယ်ခန့် ရောက်ရှိသည့်အခါ ဝမ်ချောင်သည် ထပ်မံတွန့်ဆုတ်နေခြင်း မရှိတော့ဘဲ ကိုယ်တွင်း ဂန်ချီများကို ပြင်းထန်စွာ တောက်လောင်စေလျက် အရိပ်ခြေလှမ်းကို ထုတ်ဖော်လိုက်ရာ၊ သူ၏ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်အတွင်း၌ တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့ပြီး မြောက်ဘက်အရပ်ဆီသို့ မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

ယခု အခိုက်အတန့်တွင်၊ ပေပေါင်း သုံးရာအတိုင်းအတာအတွင်းသို့ ရောက်ရှိလာခြင်း မဟုတ်ပါက၊ ဝမ်ချောင်ကို မြင်တွေ့ရန်မှာ လုံးဝ မလွယ်ကူလှပေ။

ဝမ်ချောင်၏ အရှိန်မှာ အလွန်ပင် လျင်မြန်လှပေသည်။ "ယင်မော်ရှင်းဖု" မှာ "ရှင်းကွမ်တွန့်ရှု" ထက်ပင် ပိုမို လျင်မြန်လှသဖြင့် သာမန်အားဖြင့် အာရုံခံနိုင်ခြင်း မရှိပေ၊ သို့သော်လည်း ဟင်းလင်းပြင် အနက်ရှိုင်းဆုံး နေရာ၌ တစ်စုံတစ်ယောက်မှာမူ တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး အသိစိတ် လှိုင်းဂယက်များမှာ ဟင်းလင်းပြင်အတွင်းသို့ ဖြည်းညှင်းစွာ ဝေ့ကြည့်သွားသော်လည်း ဝမ်ချောင်ကိုမူ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိခဲ့ပေ။

မိုင်ပေါင်း ရာနှင့်ချီ ဝေးကွာသော နေရာသို့ ရောက်ရှိသွားသည့် အခါတွင်မူ၊ ဝမ်ချောင်သည် အန္တရာယ်အတွင်းမှ အောင်မြင်စွာ လွတ်မြောက်လာခဲ့ပြီ ဖြစ်ရာ၊ သူ၏စိတ်အာရုံများ အားလုံးကို ရှန်ထိုက်ရှိရာ အရပ်ဆီသို့သာ စုစည်းထားတော့သည်။

အချိန်များမှာ တဖြည်းဖြည်းနှင့် ကုန်လွန်သွားခဲ့ပြီး ကိုးပြည်ထောင်မြေပြင် တစ်ခုလုံးမှာလည်း အေးချမ်းသာယာနေပေသည်။

မျိုးနွယ်ခြားဘုရင် အိမ်တော်အတွင်း၌မူ မျိုးနွယ်ခြားဘုရင်အဖြစ် ဟန်ဆောင်ထားသော မီယာစမိ အာရာကာမှာ အချိန်အလိုက် ပေါ်ထွက်ပြနေဆဲ ဖြစ်ရာ၊ ထိုက်ရှီဘက်မှလည်း ယခု အချိန်အထိ တစ်စုံတစ်ရာ ရိပ်မိခြင်း မရှိသေးပေ။

ခန့်မှန်းခြေ နှစ်ရက်ခန့် ကြာမြင့်ပြီးနောက်တွင်မူ၊ မြို့တော်နှင့် ပေထင်အကြားရှိ အလွန်ပင် ခြောက်သွေ့ဖုန်တောတော ဖြစ်နေသော နယ်မြေတစ်ခုသို့ သူ ရောက်ရှိလာခဲ့သည်။

ထိုနေရာ၌ တောင်ထိပ်များမှာ မတ်စောက်စွာဖြင့် မြင့်မားနေသည်မှာ ဓားသွားများ မြေပြင်ပေါ်သို့ စိုက်ထူထားသကဲ့သို့ ရှိနေပြီး တောင်တောတောင်တောင်အတွင်း၌လည်း သစ်တောများ ထူထပ်စွာ ဖုံးလွှမ်းနေသဖြင့် အလွန်ပင် ရှေးဦးကျလှသော ခံစားချက်မျိုးကို ပေးစွမ်းနေပေသည်။

ယခုကဲ့သို့သော တောင်ထိပ်များမှာ အလွန်ပင် ခမ်းနားထည်ဝါလှပုံပေါ်လျက် ကောင်းကင်ယံထက်သို့ ထိုးတက်နေကြစေကာမူ ကိုးပြည်ထောင် အရပ်ဒေသ အသီးသီးရှိ ထူးဆန်းလှသော တောင်တန်းများနှင့် နှိုင်းယှဉ်မည် ဆိုပါကမူ ယခုကဲ့သို့သော တောင်တန်းမျိုးမှာ များစွာရှိနေသေးသဖြင့် ထူးခြားမှု မရှိလှပေ။

သို့သော်လည်း အသေအချာ စူးစိုက်ကြည့်လိုက်မည်ဆိုပါက တောင်တောတောင်တောင်အတွင်း၌ စိမ်းလန်းစိုပြေနေစေကာမူ တောင်ခါးပန်း နေရာရှိ သစ်ပင်များ၏ အောက်တွင်မူ၊ အမည်းရောင် တောင်ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသော ထူးဆန်းလှသည့် ကျောက်တုံးတောတစ်ခု ရှိနေသည်ကို မြင်တွေ့ရပေလိမ့်မည်။

ထိုထူးဆန်းလှသော ကျောက်တုံးတောမှာ အရပ်မျက်နှာ အနှံ့၌ စနစ်တကျ မရှိဘဲ ပျံ့နှံ့နေသည်မှာ၊ ဖရိုဖရဲ စိုက်ထူထားသော ဓားသွားများအလား ဖြစ်သလို၊ တစ်ဖန် တောက်လောင်နေသော မီးလျှံများအလားလည်း ရှိနေသဖြင့်၊ လူများကို အနားသို့ ချဉ်းကပ်ရန် ခက်ခဲစေပေသည်။

မေ့လျော့ခြင်းတောင်

၎င်းမှာ ပေထင်နယ်စားအိမ်တော်ဘက်မှ ဤတောင်တန်းများကို ပေးထားသော အမည်ပင် ဖြစ်တော့သည်။

ဤတောင်တန်းများပေါ်တွင်မူ စိမ်းလန်းစိုပြေနေစေကာမူ၊ တောင်ခြေ၌မူ ထူးဆန်းလှသော ကျောက်တုံးများမှာ မညီမညာ ရှိနေသောကြောင့်၊ စစ်မြင်းများမှာ အနားသို့ ချဉ်းကပ်ရန် မဖြစ်နိုင်သလို အလွယ်တကူလည်း ဒဏ်ရာ ရရှိနိုင်ပေသည်၊ ထို့ကြောင့် တိရစ္ဆာန်များကို လွှတ်ကျောင်းရန်ပင် မဖြစ်နိုင်သဖြင့်၊ မဟာထန်နှင့် ဟူများဘက်မှလည်း မည်သူမျှ ဤနေရာကို စိတ်ဝင်စားခြင်း မရှိကြပေ။

ထို့အပြင် ဤနေရာ၏ တည်နေရာမှာလည်း အလွန်ပင် ဝေးလံခေါင်သီလှပေသည်။ တောင်ဘက်မှ မြောက်ဘက်သို့ သွားသည်ဖြစ်စေ၊ အရှေ့ဘက်မှ အနောက်ဘက်သို့ ပြန်သည်ဖြစ်စေ၊ ပုံမှန် အခြေအနေများအောက်၌မူ၊ ကုန်သွယ်ရေး လုပ်ငန်းများ ဖြစ်စေ၊ စစ်တပ် ရွှေ့ပြောင်းမှုများ ဖြစ်စေ၊ မည်သူတစ်ဦးတစ်ယောက်မျှ ဤနေရာကို ဖြတ်သန်းသွားလာကြလိမ့်မည် မဟုတ်ပေ။

တမင်တကာ လာရောက် ရှာဖွေသူမှလွဲ၍ပင်။

ထို့ကြောင့်ပင် ဤ တောင်တန်းကြီး၏ အမည်ကိုလည်း မဆင်မခြင်သာ ပေးထားခဲ့ကြခြင်း ဖြစ်သည်။

အမှန်တကယ်တွင်မူ ဤအမည်ကိုပင်လျှင် သိရှိသူ များစွာမရှိလှပေ။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ဤနေရာကို အာရုံစိုက်ခြင်း မရှိသောကြောင့်ပင် ဖြစ်တော့သည်။

သို့သော်လည်း ဝမ်ချောင်အနေဖြင့် သိရှိထားသည်မှာ၊ ကမ္ဘာပျက်သုဉ်းတဲ့ ခေတ်ကာလအတွင်း၌မူ၊ ဤ တောင်တန်းကြီးမှာ ထူးဆန်းလှသော ကျောက်တုံးများ ဖရိုဖရဲ ရှိနေသလို၊ ကျောက်တုံးများအတွင်းမှလည်း အမည်းရောင်များ ထွက်ပေါ်နေလျက် မီးလျှံများနှင့် တူညီနေသောကြောင့်၊ နောက်ထပ် အမည်တစ်ခု ရှိနေပါသေးသည်၊ ၎င်းမှာ"ဟေးယန့်တောင်" ပင် ဖြစ်တော့သည်။

ကမ္ဘာပျက်သုဉ်းတဲ့ ခေတ်ကာလတုန်းကမူ ဤနေရာမှာ တစ်ချိန်က မြောက်ဘက်အရပ်မှ ဒုက္ခသည်များ၏ အခြေစိုက်စခန်းတစ်ခု ဖြစ်ခဲ့ဖူးသော်လည်း၊ နောက်ပိုင်းတွင် တောင်ဘက်အရပ်ဆီသို့ ပြန်လည် ဆုတ်ခွာသွားခဲ့ခြင်းသာ ဖြစ်သည်။

"ဒီနေရာပဲ"

တောင်ခြေ၌မူ လေပြည်အေးလေးများ တိုက်ခတ်နေပေသည်၊ ဝမ်ချောင်သည် တောင်ခြေရှိ ထို ထူးဆန်းလှသော ကျောက်တုံးများကို ကြည့်ရင်း၊ ဆံပင်ရှည်များမှာ လေထဲတွင် လွင့်ပျံနေစေကာမူ သူ၏နှုတ်ခမ်းထောင့်၌မူ အပြုံးလေးတစ်ခု ပေါ်ထွက်လာတော့သည်။

"ဟေးယန့်တောင်ကို ရှာတွေ့ပြီ ဆိုမှတော့၊ ရှန်ထိုက်ကိုလည်း ရှာတွေ့တော့မှာပဲ"

"ဝုန်း"

အနည်းငယ်မျှ တွန့်ဆုတ်နေခြင်း မရှိဘဲ ဟေးယန့်တောင်သို့ ရောက်ရှိသွားသည့် တစ်ချိန်တည်းမှာပင် ဝမ်ချောင်သည် စိတ်ထဲမှ အမိန့်ပေးလိုက်ရာ စိတ်ကူးထားသည်ထက် များစွာကြီးမားလှသော စိတ်ဝိညာဉ် စွမ်းအားများမှာ ဟင်းလင်းပြင်ကို ထိုးဖောက်လျက် ပွင့်ထွက်လာခဲ့ပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားကာ ၎င်းနောက်တွင်မူ မြေအောက်အနက်ပိုင်းသို့ ရေစီးကြောင်းများအလား ပြင်းထန်စွာ စီးဝင်သွားပြီး စတင် စုံစမ်းစစ်ဆေးတော့သည်။

ဟေးယန့်တောင်၏ အတိုင်းအတာမှာ အလွန်ပင် ကြီးမားလှပေသည်၊ လွှမ်းခြုံထားသော အကျယ်အဝန်းမှာ မိုင်ပေါင်း ၇၀ မှ ၈၀ ခန့်အထိ ရှိနေခြင်း ဖြစ်သည်။

ဝမ်ချောင်သည် ထိုစဉ်က တိုက်ပွဲကြီးတွင် ကိုယ်တိုင် ပါဝင်ခဲ့ခြင်း မရှိစေကာမူ၊ ရှန်ထိုက်သည် ဟေးယန့်တောင်၏ မြေအောက်ထဲမှာ ရှိနေကြောင်းကိုသာ သူ သိရှိထားပြီး တိကျသော တည်နေရာကိုမူ သူ မသိရှိပေ။

ထို့အပြင် ဤနေရာရှိ မြေပြင်မှာ အလွန်ပင် မာကျောလှသဖြင့် ရုပ်ခန္ဓာဖြင့် ဆင်းသက်ရန်မှာ အဟန့်အတားများ ရှိနေပေရာ၊ ရှန်ထိုက်၏ တည်နေရာကို စုံစမ်းရန်အတွက်မူ စိတ်ဝိညာဉ် စွမ်းအားဖြင့်သာ လုပ်ဆောင်နိုင်တော့မည် ဖြစ်သည်။

"ဝုန်း"

ဝမ်ချောင်၏ စိတ်ဝိညာဉ် စွမ်းအားများမှာ မြေအောက်အနက်ပိုင်းသို့ စိမ့်ဝင်သွားခဲ့ပြီး သူ၏"အမြင်" အတွင်း၌မူ မြေအောက်ထဲတွင် အမှောင်ထုများသာ ရှိနေတော့သည်၊ ပေပေါင်း သုံးရာ၊ ပေပေါင်း ခြောက်ရာ၊ ပေပေါင်း ကိုးရာ ... ဝမ်ချောင်၏ စိတ်ဝိညာဉ် စွမ်းအားများမှာ အောက်သို့ ဆက်တိုက် စိမ့်ဝင်နေခဲ့ရာ၊ အချိန်တိုလေးအတွင်းမှာပင် ပေပေါင်း သုံးထောင်ခန့် အကွာအဝေးကို ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။

ဖုန်မှုန့်များ၊ ကျောက်စရစ်ခဲများ၊ မြေသားများကို ဖြတ်ကျော်ပြီးနောက်တွင်မူ၊ အလွန်ပင် ကျယ်ပြန့်လှသလို တစ်သားတည်း ဖြစ်နေသော မာကျောလှသည့် ကျောက်သားလွှာကြီးတစ်ခုဆီသို့ ရောက်ရှိသွားတော့သည်။

သို့သော်လည်း ပတ်ဝန်းကျင် တစ်ခုလုံးကို ရှာဖွေကြည့်လိုက်သည့်အခါတွင်မူ၊ ဝမ်ချောင်အနေဖြင့် ထူးခြားသော ရှာဖွေတွေ့ရှိမှုမျိုး တစ်စုံတစ်ရာ မရှိခဲ့ပေ။

"ဒါတောင် မလုံလောက်သေးဘူး၊ အောက်ကို ဆက်ပြီးတော့ စိမ့်ဝင်ရမယ်"

ဝမ်ချောင်၏ မျက်ဝန်းအတွင်း၌ အလင်းတန်း တစ်ခု ဖြတ်ပြေးသွားခဲ့ပြီး သူ၏စိတ်ဝိညာဉ် စွမ်းအား ထုတ်လွှတ်မှုကို ချက်ချင်းပင် မြှင့်တင်လိုက်တော့သည်။

ခေတ္တမျှ ကြာမြင့်ပြီးနောက်တွင်မူ၊ ဝမ်ချောင်၏ စိတ်ဝိညာဉ် စွမ်းအားမှာ မြေအောက် ပေပေါင်း ခြောက်ထောင်ခန့် အနက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"နောက်ထပ် အောက်ကို ဆက်သွားမယ် ဆိုရင်တော့၊ ဂရက်နိုက် ကျောက်လွှာကို ရောက်တော့မှာပဲ"

ဝမ်ချောင်သည် မိမိဘာသာ တီးတိုး ရေရွတ်လိုက်မိသည်။

သာမန် သိုင်းသမားများမှာမူ မြေအောက်အနက်ပိုင်းကို အာရုံစိုက်လေ့ မရှိကြစေကာမူ၊ ဝမ်ချောင်မှာမူ မြေအောက်တည်ဆောက်ပုံများကို လက်ဖဝါးပေါ်က အစင်းကြောင်းများအလား သိရှိထားသူ ဖြစ်သည်။ အောက်သို့ ထပ်မံ ဆင်းသွားမည် ဆိုပါကမူ မြေသားများ များစွာရှိတော့မည် မဟုတ်ဘဲ အားလုံးမှာ မာကျောလှသော ကျောက်သားများသာ ရှိနေတော့မည် ဖြစ်သည်။

မှန်ပေသည်၊ ခေတ္တမျှ ကြာမြင့်သည့် အခါတွင်မူ၊ မြေအောက်အနက်ပိုင်း၌ မာကျောလှသော ကျောက်သားလွှာကြီး တစ်ခုမှာ ဝမ်ချောင်၏ အာရုံခံစားမှုအတွင်းသို့ ပေါ်ထွက်လာတော့သည်။

ဝမ်ချောင်၏ စိတ်ဝိညာဉ် စွမ်းအားမှာ ဤနေရာကို ဖြတ်ကျော်ရာတွင် အဟန့်အတား အချို့ကို သိသိသာသာ ခံစားလိုက်ရသဖြင့်၊ အရှိန်မှာလည်း များစွာ နှေးကွေးသွားခဲ့ရသည်၊ သို့သော်လည်း လျင်မြန်နေဆဲပင် ဖြစ်သည်။

ပေပေါင်း ကိုးထောင်။

ပေပေါင်း တစ်သောင်း နှစ်ထောင်။

ပေပေါင်း တစ်သောင်း ရှစ်ထောင်။

...

ပတ်ဝန်းကျင် တစ်ခုလုံးမှာ အမှောင်ထုများသာ ဖုံးလွှမ်းနေပြီး ဝမ်ချောင်မှာမူ ယခု အချိန်အထိ မည်သည့်အရာကိုမျှ ရှာမတွေ့သေးပေ။

ပေပေါင်း တစ်သောင်း ရှစ်ထောင်။

မြေပြင်မှ အကွာအဝေးအရ ဆိုလျှင် ပေပေါင်း ခြောက်သောင်းခန့် ရှိနေပြီ ဖြစ်ရာ၊ ၎င်းမှာ ယခင်က မဟာလော့ဝ်နတ်ဘုရား ဂူဗိမာန်၏ အနက်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။ ဝမ်ချောင်သည် အနုစိတ် အဆင့်၏ အင်အားကြီး ပညာရှင် တစ်ဦး ဖြစ်နေစေကာမူ၊ ပုံမှန် အခြေအနေများအောက်၌ ရုပ်ခန္ဓာသည် ဤမျှလောက်သော အကွာအဝေးအတွင်း၌ အောက်ဆီဂျင် ပြတ်လပ်မှုလက္ခဏာများကို ခံစားရပေလိမ့်မည်။

"အိပ်မက်ဆိုးသားရဲ ငါ့ကို ကူညီပြီးတော့ စုံစမ်းပေးစမ်းပါ"

ဝမ်ချောင်သည် မျက်မှောင်ကြုတ်လိုက်ရင်း ချက်ချင်းပင် တိုးညှင်းစွာ အော်ဟစ်လိုက်သည်။

"ဝုန်း"

ဝမ်ချောင်၏ အသံနှင့်အတူ၊ ပြင်းထန်လှသော ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာခဲ့ပြီး ဝမ်ချောင်၏ ရင်ခွင်အတွင်းရှိ ထိုအိပ်မက်ဆိုးသားရဲ၏ ကံကြမ္မာ အမြုတေမှာ ရုတ်တရက် တုန်ခါသွားခဲ့ရာ၊ ၎င်းနောက်တွင်မူ အရှိန်အဝါ ကြီးမားလှသော စိတ်ဝိညာဉ် စွမ်းအား စီးကြောင်းကြီး တစ်ခုမှာ စူးရှလှသော အော်ဟစ်သံနှင့်အတူ၊ အလင်းတန်း တစ်ခုအလား ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ မြေအောက်အနက်ပိုင်းသို့ ပြင်းထန်စွာ စီးဝင်သွားတော့သည်။

ပေပေါင်း ခြောက်သောင်း။

မျက်စိတစ်မှိတ်အတွင်းမှာပင် အိပ်မက်ဆိုးသားရဲ၏ စိတ်ဝိညာဉ် စွမ်းအားမှာ မြေအောက် ပေပေါင်း ခြောက်သောင်းခန့် အကွာအဝေးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ ၎င်းမှာ မြေအောက်အနက် ပေပေါင်း တစ်သိန်း ရှစ်သောင်းနှင့် ညီမျှသော အကွာအဝေးပင် ဖြစ်တော့သည်။

ဤမျှလောက်သော အနက်မှာ၊ လူအမြောက်အမြားကို မျှော်လင့်ချက် ကင်းမဲ့သွားစေရန် လုံလောက်လှပေသည်။

အိပ်မက်ဆိုးသားရဲ ထုတ်ဖော်လိုက်သော အင်အားမှာလည်း ပိုမို၍ ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

ဝမ်ချောင်၏ စိတ်ဝိညာဉ်စွမ်းအားမှာ အစွမ်းထက်လှပြီး ရွယ်တူများကြား၌ များစွာ သာလွန်နေစေကာမူ၊ အိပ်မက်ဆိုးသားရဲနှင့် နှိုင်းယှဉ်လိုက်သည့် အခါတွင်မူ၊ ချက်ချင်းပင် အလွန် သေးငယ်သွားခဲ့ပြီး အရေးမပါလှပုံ ပေါ်သွားတော့သည်။

၎င်းမှာ အိပ်မက်ဆိုးသားရဲ၏ အစစ်အမှန် အင်အားပင် ဖြစ်တော့သည်။

"အခြေအနေ ဘယ်လိုရှိလဲ"

ဝမ်ချောင်သည် အိပ်မက်ဆိုးသားရဲ ၏ စိတ်ဝိညာဉ် စွမ်းအားနှင့် ချိတ်ဆက်လိုက်ပြီးနောက် မေးမြန်းလိုက်သည်။

"အရှင် ဘာမှ မရှိပါဘူး၊ ဒီနေရာက အမှောင်ထုတွေပဲ ရှိနေတာပါ။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ကျောက်တုံးတွေပဲ ရှိပါတယ်"

ခေတ္တမျှ ကြာမြင့်ပြီးနောက်တွင်မူ၊ အိပ်မက်ဆိုးသားရဲ၏ အသံမှာ ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ မြင်ကွင်းမှာလည်း ပြောင်းလဲသွားခဲ့ကာ အိပ်မက်ဆိုးသားရဲ၏ ဝိညာဉ်နှင့် ချက်ချင်း ချိတ်ဆက်မိသွားသဖြင့် မြေအောက် ပေပေါင်း ခြောက်သောင်း အနက်ရှိ အခြေအနေများကို တစ်ခဏချင်းအတွင်း မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။

အိပ်မက်ဆိုးသားရဲ ပြောဆိုသည့်အတိုင်းပင်၊ ဤနေရာ၌ အမှောင်ထုများသာ ရှိနေပြီး အားလုံးမှာ ထူထပ်လှသော ကျောက်သားများသာ ဖြစ်ပေသည်။

ထို့အပြင် ဝမ်ချောင်ထိတွေ့ခဲ့ဖူးသော ကျောက်သားများနှင့် မတူညီဘဲ၊ ဤနေရာရှိ ကျောက်သားများမှာ သံမဏိများအလား မာကျောလှသလို၊ သိပ်သည်းဆမှာလည်း သိသိသာသာကို များစွာ ပိုမိုမြင့်မားလှပေသည်။ သို့သော်လည်း အိပ်မက်ဆိုးသားရဲ ၏ စိတ်ဝိညာဉ် စွမ်းအားမှာ မြေအောက် မိုင်ပေါင်း ရာနှင့်ချီသော အတိုင်းအတာကို လွှမ်းခြုံထားသလို၊ ဟေးယန့်တောင်၏ အတိုင်းအတာထက်ပင် ကျော်လွန်နေစေကာမူ၊ မြေအောက်ရှိ ရှန်ထိုက်၏ အရိပ်အယောင်ကိုမူ ယခု အချိန်အထိ လုံးဝမတွေ့ရသေးပေ။

"ဘယ်လို ဖြစ်တာလဲ။ ဒီလောက်အထိ နက်နေတာတောင်မှ ရှန်ထိုက်ရဲ့ အရိပ်အယောင်ကို မတွေ့ရသေးဘူး ဟုတ်လား"

ဝမ်ချောင်၏ မျက်မှောင်များမှာ ပိုမို၍ တင်းကျပ်သွားတော့သည်။

ကြိုတင် တွက်ချက်ထားမှုမှာ တစ်မျိုး ဖြစ်စေကာမူ၊ လက်တွေ့ ရှာဖွေမှုမှာမူ အခြား တစ်မျိုး ဖြစ်နေပေသည်။

ယခင်ကလည်း ဝမ်ချောင်အနေဖြင့် ရှန်ထိုက်သည် တစ်စုံတစ်ချိန်တွင်၊ တစ်စုံတစ်ယောက်သော ထိပ်သီးပညာရှင်၏ ကြိုတင် ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရပြီး ထို့ကြောင့် မိမိ၏ အားထုတ်မှုများမှာ အချည်းနှီး ဖြစ်သွားမည်ကို စိုးရိမ်ခဲ့ဖူးပေသည်။

မဟုတ်သေးပါဘူး။

အရင်ဘဝတုန်းက ကမ္ဘာပျက်သုဉ်းတဲ့ ခေတ်ကာလတုန်းကမူ ဝမ်ချောင်လည်း စိတ်ဝင်စားခဲ့ဖူးပေသည်။ ရှန်ထိုက်တွင် ယခုမျှ ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ရှိနေပါလျက်နှင့် အဘယ်ကြောင့် ဤမျှ ရှည်လျားလှသော အချိန်ကာလအတွင်း မည်သူမျှ ရှာမတွေ့ခဲ့ကြဘဲ ကမ္ဘာပျက်သုဉ်းတဲ့ ခေတ် ရောက်မှသာ တစ်စုံတစ်ယောက်က သတိပြုမိသွားရသနည်း ဆိုသည်ကိုပင်။

သို့သော်လည်း ယခု အခိုက်အတန့်တွင်မူ၊ မြေအောက် ပေပေါင်း ခြောက်သောင်းအထိ စုံစမ်းခဲ့စေကာမူ ရှန်ထိုက်ကို မတွေ့ရှိသေးသဖြင့် ဝမ်ချောင်သည် ထိုရှန်ထိုက်မှာ မိမိ စိတ်ကူးထားသလောက် မရိုးရှင်းကြောင်း ချက်ချင်း သိရှိလိုက်ပြီ ဖြစ်သည်။

အနည်းဆုံးအားဖြင့်၊ ၎င်းမှာ မိမိစိတ်ကူးထားသကဲ့သို့ တည်နေရာကို ရှာတွေ့ရုံမျှနှင့် လွယ်လွယ်ကူကူ ရရှိနိုင်သော အရာ မဟုတ်သည်မှာ သေချာလှပေသည်။

ဝမ်ချောင်၏ စိတ်နှလုံးမှာ အနည်းငယ် လေးလံသွားခဲ့စေကာမူ၊ သူသည် တည်ငြိမ်မှုကိုမူ ဆက်လက် ထိန်းသိမ်းထားဆဲပင်။

"မဖြစ်နိုင်ဘူး၊ အခု အခြေအနေမှာ ရှန်ထိုက်က ဒီမှာ မရှိစရာ အကြောင်း မရှိဘူး"

"အခု အခြေအနေမှာ ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိတယ်၊ တစ်ခုကတော့ ငါ ပြန်လည်ရှင်သန်လာပြီးနောက်မှာ ပြောင်းလဲမှုတွေ အများကြီး လုပ်ခဲ့တာကြောင့်၊ ရှန်ထိုက်လည်း ထိခိုက်မှုတွေ ရှိသွားပြီးတော့ ဒီမှာ မရှိတော့တာပဲ"

"နောက်ထပ် တစ်ခုကတော့ ရှန်ထိုက်ဟာ ဒီမှာ ရှိနေဆဲ ဖြစ်ပေမဲ့၊ မြှုပ်နှံထားတဲ့ နေရာကတော့ ပိုပြီးတော့တောင် နက်တဲ့ နေရာမှာ ဖြစ်နိုင်တယ်၊ ဒါဆိုရင်တော့ ရှန်ထိုက်လိုမျိုး အင်အားကြီးမားတဲ့ တည်ရှိမှုကြီးကို ဘာလို့ အခုထိဘယ်သူမှ မသိကြတာလဲ ဆိုတာကို ရှင်းပြလို့ ရသွားမှာပဲ"

လေပြည်လေး တစ်ချက် တိုက်ခတ်လာသဖြင့် ဝမ်ချောင်၏ ဆံပင်ရှည်များမှာ လေထဲတွင် လွင့်ပျံနေပြီး သူ၏စိတ်ထဲ၌မူ အတွေးပေါင်း များစွာမှာ တစ်ခုပြီးတစ်ခု ဖြတ်ပြေးနေတော့သည်။

ရှန်ထိုက်ဆိုသည်မှာ သူ၏အစီအစဉ်အတွင်း၌ ထိုက်ရှီနှင့် တစ်ခုလုံးသော နတ်ဘုရား အဖွဲ့အစည်းကို တုန့်ပြန်ရန်အတွက် အစွမ်းထက်ဆုံးသော လက်နက်ကြီး တစ်ခု ဖြစ်ရာ၊ လုံးဝအမှားအယွင်း ခံ၍မဖြစ်ပေ၊ ဝမ်ချောင်တွင်လည်း တဖြည်းဖြည်းချင်း ကျင့်ကြံနေရန်အတွက် အပိုအချိန်များ မရှိတော့ပေ။

အကယ်၍ သမိုင်းကြောင်းများ ပြောင်းလဲသွားမှုကြောင့်၊ မိမိကြောင့်သာ ရှန်ထိုက် ပျောက်ကွယ်သွားခဲ့မည် ဆိုပါကမူ၊ ၎င်းမှာ အဆိုးရွားဆုံးသော ရလဒ်ပင် ဖြစ်လိမ့်မည်၊ သို့သော်လည်း အကယ်၍ ရှန်ထိုက်မှာ ပိုမိုနက်ရှိုင်းလှသော နေရာ၌သာ မြှုပ်နှံခံထားရဦးမည် ဆိုပါကမူ...

ဝမ်ချောင်ကိုယ်တိုင်ပင်လျှင် ခံစားမိနေသည်မှာ၊ ပေပေါင်း ခြောက်သောင်းဆိုသည်မှာ မြေအောက် မိုင်ပေါင်း တစ်ရာ့နှစ်ဆယ် ကျော်နှင့် ညီမျှနေခြင်းပင် ဖြစ်တော့သည်

ဤမျှလောက် နက်ရှိုင်းလှသော အကွာအဝေးမှာ၊ အိပ်မက်ဆိုးသားရဲပင်လျှင် တဖြည်းဖြည်းနှင့် သူ၏အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ အကယ်၍ အောက်သို့ ထပ်မံဆင်းသွားမည်ဆိုပါကမူ အိပ်မက်ဆိုးသားရဲ၏ အင်အားဖြင့်လည်း လုပ်ဆောင်နိုင်ရန် ခက်ခဲလှပေလိမ့်မည်။

ဝမ်ချောင်သည် တစ်ခဏချင်းအတွင်းမှာပင် ရှေ့တိုးရန်လည်းခက်ခဲ၊ နောက်ဆုတ်ရန်လည်း မလွယ်ကူလှသော အခြေအနေသို့ ရောက်ရှိသွားတော့သည်။

အကယ်၍ ရှန်ထိုက်သာ အောက်ခြေမှာ ရှိနေဦးမည် ဆိုပါကမူ ၎င်းမှာ ပေပေါင်း ခြောက်သောင်း အကွာအဝေးထက်ပင် ကျော်လွန်နေပေလိမ့်မည်။ ဝမ်ချောင်နှင့် အိပ်မက်ဆိုးသားရဲတို့၏ လက်ရှိ အင်အားဖြင့်မူ စုံစမ်းရန် အလွန် ခက်ခဲလှပေသည်။

၎င်းမှာ ပုံသဏ္ဌာန် မရှိသော ကောင်းကင်စည်းခြားမှုကြီး တစ်ခုနှင့်ပင် တူညီနေတော့သည်။

"အိပ်မက်ဆိုးသားရဲ ငါ့ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးစမ်းပါ၊ ငါ နည်းလမ်းရှာပြီးတော့ ရှန်ထိုက်ကို ရှာဖွေရမယ်"

ဝမ်ချောင်က ဆိုလိုက်သည်။

ခက်ခက်ခဲခဲနှင့် ကံကြမ္မာကျောက်တုံး၏ "ချီရွှယ်ဟွေ့အန့်" အရည်အချင်းကို အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ထိုက်ရှီကို လှည့်စားကာ ဤနေရာသို့ ရောက်ရှိလာခဲ့ရခြင်း ဖြစ်ရာ၊ အကယ်၍သာ ယခုကဲ့သို့ လက်ဗလာဖြင့် ပြန်သွားရမည်ဆိုပါကမူ၊ ၎င်းမှာ နောင်အနာဂတ်တွင် ထိုက်ရှီနှင့် အမည်းရောင် ဝတ်စုံဝတ်လူ အဖွဲ့အစည်းတို့၏ အရိပ်အောက်၌သာ ထာဝရ ရှင်သန်သွားရမည်ဟု အဓိပ္ပာယ်ရပေသည်။

၎င်းမှာ ဝမ်ချောင်အနေဖြင့် ရှုံးနိမ့်သွားခြင်းလည်း ဖြစ်ပေသည်။

၎င်းမှာ သူ ဘယ်လိုမှ သည်းခံနိုင်သော အရာ မဟုတ်ပေ။

"ဝုန်း"

နောက်တစ်ခဏတွင်မူ ဝမ်ချောင်သည် မျက်ဝန်းအစုံကို ပိတ်လိုက်ပြီးနောက်၊ ဘုန်းတော်ကြီး၏ "တားမြစ်ထားသော ဂမ္ဘီရပင်လယ်"အတွင်းမှ သင်ယူထားခဲ့သော အရည်အချင်း တစ်ခုကို တစ်ခဏချင်းအတွင်း ထုတ်ဖော်လိုက်တော့သည်။

"ယွမ်ရှန်း”

နောက်တစ်ခဏတွင်မူ ဝမ်ချောင်သည် လက်နှစ်ဖက်ဖြင့် တံဆိပ်များကို ပြုလုပ်လိုက်ပြီး သူ၏ဦးနှောက်အတွင်း၌ အစိမ်းပုပ်ရောင် ရှိသော၊ ကြီးမားလှသလို ရှေးကျလှသော ရှေးဟောင်း စာသားတစ်ခုကို စိတ်ကူးပုံဖော်လိုက်ရာ၊ သူ၏စိတ်ဝိညာဉ် စွမ်းအားများ အားလုံးမှာလည်း လိုက်ပါ၍ ရုပ်လုံးပေါ်လာခဲ့ပြီး အတွင်းဘက်သို့ ကျုံ့ဝင်သွားတော့သည်မှာ ထိုရှေးဟောင်း စာသားကြီးမှာ တွင်းနက်ကြီးတစ်ခုအလား ရှိနေသကဲ့သို့ပင်။

မည်မျှ ကြာမြင့်သွားသည် မသိစေကာမူ၊ လျှို့ဝှက်ဆန်းပြားလှသော၊ မထင်မရှားသော၊ ကမ္ဘာနှင့် မြေကြီး၏ အဆုံးမဲ့လှသော အမှန်တရားများ ကိန်းအောင်းနေသည့် ဂါထာ ရွတ်ဖတ်သံ တစ်ခုနှင့်အတူ..

"ဝမ်"

ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ အလင်းတန်းများမှာ တောက်ပသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝမ်ချောင်သည် မိမိ၏ဝိညာဉ်မှာ တစ်စုံတစ်ခုသော ကြိုးမျှင်များ၊ သံခြေကျင်းများနှင့် ပိတ်လှောင်မှုများအောက်မှ လွတ်မြောက်သွားသကဲ့သို့ စိတ်ကူးလိုက်ရာ တစ်ကိုယ်လုံးမှာ အထက်သို့ တစ်ဟုန်ထိုး တက်လှမ်းသွားခဲ့ပြီး ခဏချင်းအတွင်းမှာပင် ဝေဝါးလှသော အလင်းတန်းများ ထုတ်လွှတ်နေသည့် ရွှေရောင် ဝိညာဉ် စွမ်းအား စုစည်းမှုကြီးတစ်ခုမှာ ဝမ်ချောင်၏ဦးနှောက်အတွင်းမှနေ၍ အောင်မြင်စွာ ရုန်းထွက်လာနိုင်ခဲ့ပြီ ဖြစ်သည်။

၎င်းမှာ စိတ်ဝိညာဉ် စွမ်းအားဖြင့် စိတ်ကူးယဉ်နေခြင်း မဟုတ်တော့ပေ။

အမှန်တကယ် ဖြစ်ပျက်နေသော အမှန်တရားပင် ဖြစ်တော့သည်။

ဝမ်ချောင်၏ ဦးခေါင်းထက်တွင်မူ ထိုရွှေရောင်အလင်းလုံးကြီးမှာ ပျံဝဲနေသည်မှာ နေမင်းငယ်လေး တစ်စင်းအလားပင် ရှိနေတော့သည်။

******

အခန်း (၂၀၅၆) ရှေးဦး ရှန်ထိုက်

ဘုန်းတော်ကြီး၏ အတတ်ပညာ မှတ်ဉာဏ်များကို အပြည့်အဝ လက်ခံရရှိထားခဲ့စေကာမူ ဤ "ယွမ်ရှန်း" အတတ်ကိုတော့ ဝမ်ချောင်အနေဖြင့် ပထမဦးဆုံးအကြိမ် ထုတ်ဖော် အသုံးပြုခြင်း ဖြစ်ပေသည်။

"ဒါဟာ ယွမ်ရှန်း ဆိုတာလား"

ဝမ်ချောင်သည် စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

စိတ်ဝိညာဉ် စွမ်းအားများမှာ ရုပ်ခန္ဓာကို ထိုးဖောက် ထွက်ပေါ်လာခဲ့ပြီး ဝိညာဉ်များ စုစည်းကာ ယွမ်ရှန်းအဖြစ် ပြောင်းလဲသွားသည့် ခံစားချက်မှာ အလွန်ပင် ထူးခြားလှပေသည်။ ဝမ်ချောင်သည် ဟင်းလင်းပြင်အတွင်း၌ ပျံဝဲနေရင်းနှင့်ပင်၊ အောက်ခြေ၌ မလှုပ်မယှက် ရပ်နေသော ကိုယ့်ကိုယ်ကိုယ် ကို ပြန်လည် မြင်တွေ့နေရခြင်း ဖြစ်ကာ၊ ၎င်းမှာ လူသား ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားခြင်းမျိုးလည်း မဟုတ်ပေ။

ဝမ်ချောင်သည် အသေအချာ အကဲခတ်ကြည့်ရှုရင်း တဖြည်းဖြည်းနှင့် အချက်တစ်ခုကို သိမြင်နားလည်လာခဲ့သည်။

"ယွမ်ရှန်း" ဆိုသည်မှာ တစ်စုံတစ်ခုသော လျှို့ဝှက်အတတ်ကို အသုံးချ၍ စိတ်ဝိညာဉ် စွမ်းအားများကို အမြင့်ဆုံးသော အဆင့်အထိ ဖိသိပ်လိုက်ခြင်းအားဖြင့် ဤဝိညာဉ် အစိတ်အပိုင်းကို "စိတ်ဝိညာဉ် ရုပ်ခန္ဓာ" တစ်ခုအဖြစ် ပိုင်ဆိုင်စေကာ ရုပ်ခန္ဓာအတွင်းမှ ရုန်းထွက်ပြီးသည့်နောက်တွင်မူ ကမ္ဘာနှင့်မြေကြီးအကြား၌ လွတ်လပ်စွာ ပျံဝဲသွားလာနိုင်ခြင်းပင် ဖြစ်တော့သည်။

သို့သော်လည်း ဘုန်းတော်ကြီး၏မှတ်ဉာဏ်များအတွင်း၌မူ အသေအချာ ရှင်းပြထားပေသည်။

"ယွမ်ရှန်း" ဆိုသည်မှာ အချိန်တိုလေးအတွင်း၌သာ စိတ်ဝိညာဉ်ကို ရုပ်ခန္ဓာပြင်ပသို့ ထုတ်လွှတ်၍ စုံစမ်းစစ်ဆေးနိုင်သော အတတ်ပညာ တစ်ခုသာဖြစ်ပြီး ရုပ်ခန္ဓာ၏ ကန့်သတ်ချက်များကို မခံယူရစေကာမူ ၎င်းမှာ လုံးဝ အကန့်အသတ် မရှိခြင်းမျိုးတော့ မဟုတ်ပေ။

ယွမ်ရှန်းသည် ရုပ်ခန္ဓာမှ ထွက်ခွာသွားသည့် အချိန်မှာ နှစ်နာရီထက် မကျော်လွန်ရပေ။ မဟုတ်ပါကမူ ၎င်း၏ တန်ပြန် သက်ရောက်မှုကို ခံရမည် ဖြစ်သလို၊ ရုပ်ခန္ဓာအပေါ်၌လည်း ကြီးမားလှသော ထိခိုက်မှုများကို ဖြစ်ပေါ်စေမည် ဖြစ်သည်။

"နှစ်နာရီ ဆိုရင်တော့ လုံလောက်ပါတယ်"

ဟင်းလင်းပြင်ထက်တွင် ဝမ်ချောင်၏ မျက်ဝန်းအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ဟင်းလင်းပြင်အတွင်း တစ်ချက် လှုပ်ခတ်သွားရာ ရုတ်တရက်ဆိုသလို ကြယ်တံခွန် တစ်ခုအလား မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် မြေအောက်အနက်ပိုင်းသို့ စိမ့်ဝင် ပျောက်ကွယ်သွားတော့သည်။

ရုပ်ခန္ဓာ၏ ပိတ်လှောင်မှုများ မရှိတော့သည့် အခါတွင်မူ ဝမ်ချောင်၏ ယွမ်ရှန်းအရှိန်မှာ ဆယ်ဆကျော်မျှ တိုက်ရိုက်မြင့်တက်သွားခဲ့ပြီး တစ်စုံတစ်ရာသော အဆင့်အထိမူ အိပ်မက်ဆိုးသားရဲထက်ပင် များစွာပိုမိုလျင်မြန်လှပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ချောင်သည် ယခင်က ပေပေါင်း ခြောက်သောင်းရှိသော အကွာအဝေးကို ကျော်လွန်သွားခဲ့ပြီး ပေပေါင်း ကိုးသောင်းကျော်ရှိသော မြေအောက်အနက်ပိုင်းသို့ ရောက်ရှိသွားခဲ့ကာ၊ အောက်သို့ ထပ်မံ၍ စိမ့်ဝင်နေဆဲပင် ဖြစ်သည်။

ဂရက်နိုက် ကျောက်လွှာ ပြီးနောက်တွင်မူ ဘာဆော့လ် ကျောက်လွှာဖြစ်ပြီး ထိုထက် ပိုမို၍ အောက်သို့ ဆင်းသွားသည့်အခါတွင်မူ ကျောက်သားများမှာ ပိုမို၍မာကျော သိပ်သည်းလာတော့သည်။

ခေတ္တမျှ ကြာမြင့်ပြီးနောက်တွင်မူ ဝမ်ချောင်သည် စိတ်ထဲမှ လှုပ်ခတ်သွားခဲ့ပြီး မြေအောက်၌ သာမန်မဟုတ်သော လှုပ်ခတ်မှုများ စတင်ပေါ်ထွက်လာသည်ကို ချက်ချင်း အာရုံခံမိလိုက်သည်။

"ဒါဟာ မြေကမ္ဘာ သံလိုက်လွှာပဲ"

ဝမ်ချောင်သည် စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်မိသည်။

ဤနေရာသို့ ရောက်ရှိလာသည့် အခါတွင်မူ မာကျောလှသော ကျောက်သားများအပြင် ပုံသဏ္ဌာန် မရှိသော အားကောင်းလှသည့် သံလိုက်စက်ကွင်း တစ်ခုလည်း ရှိနေပေသည်။ ဤသံလိုက်စက်ကွင်းမှာ မြေပြင်တစ်ခုလုံး၌ ပျံ့နှံ့နေသလို လူသားများ၏ စိတ်ဝိညာဉ် အသိစိတ်နှင့် အသိဉာဏ်များကိုလည်း လွှမ်းမိုးနိုင်စွမ်း ရှိပေရာ အကယ်၍သာ မတော်တဆ ဖြစ်ခဲ့မည် ဆိုပါကမူ အဆုံးမဲ့လှသော ဤမြေကမ္ဘာ သံလိုက်စက်ကွင်းများကြား၌ လမ်းပျောက်သွားရန် အလွန်ပင် လွယ်ကူလှပေသည်။

"ဝင်မယ်"

ဝမ်ချောင်သည် အလွန်အမင်း တွန့်ဆုတ်မနေတော့ဘဲ မျက်ဝန်းအတွင်းမှ အလင်းတန်း တစ်ခုနှင့်အတူ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ မြေကမ္ဘာ သံလိုက်လွှာ အတွင်းသို့ တိုးဝင်သွားတော့သည်။

သံလိုက်လွှာ အတွင်းသို့ ဝင်ရောက်သွားသည့်အခါတွင်မူ အဟန့်အတားများမှာ သိသိသာသာကို ဆထက်ထမ်းပိုး တိုးပွားလာခဲ့ပြီး ရုပ်ခန္ဓာမရှိသော ယွမ်ရှန်းအတွက်ပင်လျှင် များစွာ မလွယ်ကူတော့ပေ။ မထင်မရှားသော ခံစားချက်အရမူ ၎င်းမှာ ရေလှိုင်းများကြား၌ တိုးဝှေ့ ကူးခတ်နေရသကဲ့သို့ ရှိနေပြီး ယခု အခိုက်အတန့်တွင်မူ မြေပြင်မှ ပေပေါင်း တစ်သိန်း နှစ်သောင်းကျော်၊ တစ်နည်းအားဖြင့် ပေပေါင်း သုံးသိန်း ခြောက်သောင်း၊ မိုင်ပေါင်း ၂၄၀ ကျော် အနက်သို့ ရောက်ရှိနေခြင်းပင် ဖြစ်တော့သည်။

ပုံမှန် အခြေအနေများအောက်၌မူ ဝမ်ချောင်သည် အနုစိတ် အဆင့်သို့ ရောက်ရှိထားစေကာမူ ဤမျှလောက် ဝေးကွာလှသော မြေကမ္ဘာ အနက်ပိုင်းသို့ ရောက်ရှိရန်မှာ အလွန် ခက်ခဲလှပေသည်။

ယခုကဲ့သို့သော နေရာမျိုးတွင်မူ မည်သည့် လေထုမျှ မရှိသလို ၎င်းမှာ သက်ရှိများအတွက် တားမြစ်ထားသော နယ်မြေပင် ဖြစ်တော့သည်။

အကယ်၍သာ ယွမ်ရှန်းအတတ်ပညာ မရှိခဲ့ပါကမူ သိုင်းသမားတစ်ဦးအနေဖြင့် ဤနေရာသို့ ရောက်ရှိရန်မှာ အလွန်ပင် ခက်ခဲလှပေလိမ့်မည်။

"အခုထိ မရှိသေးဘူး။ ရှန်ထိုက်က အမှန်တကယ် ဘယ်မှာ ရှိနေတာလဲ"

လမ်းတစ်လျှောက်လုံး ဆက်လက် ချီတက်လာခဲ့ရာမှ၊ ဤမျှလောက် ဝေးကွာလှသော မြေအောက်သို့ ရောက်ရှိလာခဲ့စေကာမူ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ရှန်ထိုက်၏ အရိပ်အယောင်ကို မတွေ့ရသေးသဖြင့် ယခု အခိုက်အတန့်တွင် ဝမ်ချောင်သည်လည်း တွန့်ဆုတ်သွားခဲ့ရသည်။

ခဏတာမျှသော အချိန်အတွင်းမှာမူ ဝမ်ချောင်သည် ပထမဦးဆုံးသော အခြေအနေ ဖြစ်ပေါ်နေခြင်းများလား ဟုပင် သံသယ ဖြစ်လာခဲ့မိသည်။ မိမိ ပေါ်ထွက်လာမှုကြောင့် ရှန်ထိုက်သည် ဤနေရာ၌ မရှိတော့ခြင်းလား သို့မဟုတ် ရှန်ထိုက်မှာ မူလကတည်းကပင် ဤနေရာ၌ ရှိမနေဘဲ လွန်ခဲ့သောဘဝက မိမိ ရရှိထားသော သတင်းအချက်အလက်များမှာပင် မှားယွင်းနေခြင်းလား ဆိုသည်ကိုပင်။

ဤအတွေးများမှာ ဦးနှောက်အတွင်း၌ ဖြတ်ပြေးသွားခဲ့သော်လည်း ခဏချင်းအတွင်းမှာပင် ဝမ်ချောင်မှာ သတိပြန်ဝင်လာခဲ့သည်။

"အောက်ကို ထပ်ပြီးတော့ စုံစမ်းကြည့်ဦးမယ်။ အကယ်၍ ပေပေါင်း တစ်သိန်း ရှစ်သောင်းအထိ ရောက်လို့မှ ရှန်ထိုက်ရဲ့အရိပ်အယောင်ကို မတွေ့သေးဘူး ဆိုရင်တော့ ဒီနေရာမှာ တကယ်ပဲ မရှိတော့တာ ဖြစ်လိမ့်မယ်"

ဝမ်ချောင်သည် စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်မိသည်။

မြေကမ္ဘာ သံလိုက်စက်ကွင်းများ၏ လွှမ်းမိုးမှုကြောင့် ဝမ်ချောင်၏ယွမ်ရှန်းအရှိန်မှာလည်း လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ ပေပေါင်း တစ်သိန်း ရှစ်သောင်း ဆိုသည်မှာ ပေပေါင်း ငါးသိန်း လေးသောင်း (၁၈၀၀၀၀ မီတာ) ခန့် ရှိနေပြီ ဖြစ်ရာ စုံစမ်းနိုင်သည် ဖြစ်စေ မစုံစမ်းနိုင်သည် ဖြစ်စေ ဝမ်ချောင်အနေဖြင့် ထွက်ခွာရတော့မည် ဖြစ်သည်။

ယွမ်ရှန်းသည် အများဆုံး နှစ်နာရီသာ ကြံ့ကြံ့ခံနိုင်သလို ပြန်လည်ထွက်ခွာမည့် အချိန်ကိုပါ ထည့်သွင်း တွက်ချက်မည် ဆိုပါကမူ ပေပေါင်း တစ်သိန်း ရှစ်သောင်းသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် မည်သည့်အရာကို ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ဝမ်ချောင်အနေဖြင့် ချက်ချင်း ပြန်ရမည်ဖြစ်ရာ မဟုတ်ပါကမူ နောက်ဆက်တွဲ ရလဒ်များကို စဉ်းစားရန်ပင် မဝံ့ရဲစရာ ဖြစ်ပေလိမ့်မည်။

ပေပေါင်း တစ်သိန်း ငါးသောင်း၊ ပေပေါင်း တစ်သိန်း ရှစ်သောင်း

နောက်ဆုံးတွင်မူ ဝမ်ချောင်အနေဖြင့် မျှော်လင့်ချက်များကို လက်လျှော့ရန် ပြင်ဆင်နေစဉ်မှာပင်၊ မြေအောက်အနက်ပိုင်းမှနေ၍ ရုတ်တရက် အင်အားကြီးမားလှသော ကမ္ဘာဦး စွမ်းအင် လှိုင်းဂယက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို အငွေ့အသက်မှာ အလွန်ပင် ပြင်းထန်လှသဖြင့် ဝမ်ချောင်ကဲ့သို့သော အနုစိတ် အဆင့် အင်အားကြီး ပညာရှင် တစ်ဦးပင်လျှင် ပြင်းထန်လှသော မုန်တိုင်းတစ်ခုအောက် ရောက်ရှိသွားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားများကို ခံစားလိုက်ရခြင်းပင်။

ထိုမျှမကသေးဘဲ နေရောင်ခြည် မရှိသော ဤမြေအောက်အနက်ပိုင်းမှာ မူလက တိတ်ဆိတ်ငြိမ်သက်နေစေကာမူ ယခုအခိုက်အတန့်တွင်မူ ဝမ်ချောင်သည် ပြင်းထန်လှသော ပေါက်ကွဲသံကြီးများကို ကြားလိုက်ရသည်မှာ မြေအောက်၌ ရေလှိုင်းများမှာ ဟိန်းဟောက်လျက် စီးဆင်းနေသကဲ့သို့ ရှိနေပြီး တစ်ချိန်တည်းမှာပင် ပူပြင်းလှသော အပူလှိုင်းများမှာလည်း မြေအောက်မှနေ၍ လိပ်တက်လာတော့သည်။

"မြေအောက် ချော်ရည်တွေလား"

ထိုလိပ်တက်လာသော အပူလှိုင်းများကို အာရုံခံမိလိုက်သည့်အခါ၊ ဝမ်ချောင်၏ စိတ်ထဲ၌ အတိုင်းအဆမရှိ ဝမ်းမြောက်သွားခဲ့ရသလို ဦးနှောက်အတွင်း၌လည်း ရုတ်တရက်ဆိုသလို အရာရာကို သိမြင်သွားတော့သည်။

ကမ္ဘာပျက်သုဉ်းတဲ့ ခေတ်ကာလက ဒဏ္ဍာရီများအတွင်း၌မူ ရှန်ထိုက်ဆိုသည်မှာ ပြင်းထန်လှသော မြေအောက် ချော်ရည်များနှင့်အတူ ပေါ်ထွက်လာခြင်း ဖြစ်စေကာမူ ဝမ်ချောင်အနေဖြင့် ထိုချော်ရည်များမှာ ယခုမျှ ဝေးကွာလှသော မြေအောက် အနက်ပိုင်းမှနေ၍ ပွင့်ထွက်လာခြင်း ဖြစ်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။

ပေပေါင်း တစ်သိန်း ရှစ်သောင်းကျော်။

မိုင်ပေါင်း ၃၆၀ ကျော်။

ဤမျှလောက် နက်ရှိုင်းလှသော မြေအောက်၌မူ ချော်ရည်များ၏ဖိအားနှင့် အရောင်အသွေးများပင်လျှင် လုံးဝ ခြားနားသွားခဲ့ပြီ ဖြစ်သည်။

"ဒါဟာ အနီရောင် ချော်ရည် စီးကြောင်းပဲ"

ဝမ်ချောင်၏ဦးနှောက်အတွင်း၌ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

ဤကဲ့သို့သော ချော်ရည်မျိုးအကြောင်းကို ဝမ်ချောင်သည် ဆရာဖြစ်သူ ယင်နက်အဘိုးအို ပြောပြဖူးသဖြင့် မထင်မရှား ကြားဖူးခဲ့ပေသည်။ ၎င်းမှာ အစွမ်း အလွန်ကြီးမားသလို ဖျက်ဆီးလိုစိတ်လည်း အလွန်ပြင်းထန်လှပေရာ သာမန်လူသားများ သို့မဟုတ် လူအများစုမှာ သူတို့၏တစ်သက်တာအတွင်း၌ ကြုံတွေ့ရရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။

အမှန်တကယ်တွင်မူ ယခုကဲ့သို့သော အနီရောင် ချော်ရည် စီးကြောင်း မျိုးမှာ ပုံမှန် အခြေအနေများအောက်၌ လုံးဝရှာဖွေတွေ့ရှိနိုင်ခြင်း မရှိဘဲ အလွန်ပင် နည်းပါးလှသော အခွင့်အရေးဖြင့်သာ ထိုချော်ရည်စီးကြောင်း အစိတ်အပိုင်းအချို့မှာ မြေပြင်ပေါ်သို့ ပွင့်ထွက်လာပြီးမှသာ လူသားများ သိရှိနိုင်ကြခြင်း ဖြစ်သည်။

"ပေပေါင်း တစ်သိန်း ရှစ်သောင်းကျော် အနက်မှာ ရှိတဲ့ ဖိအားကတော့ အလွန်ပဲ ကြီးမားလှတယ်။ လွန်ခဲ့တဲ့ ဘဝတုန်းက အဲဒီရှန်ထိုက်ဟာလည်း ဒီလောက်အထိ ကြီးမားလှတဲ့ အနီရောင် ချော်ရည် စီးကြောင်းကြီးရဲ့ တွန်းထုတ်မှုကြောင့် မြေပြင်ပေါ်ကို ရောက်လာခဲ့ပြီးတော့မှ လူတွေ မြင်တွေ့ခွင့် ရခဲ့ကြတာ ဖြစ်ရမယ်"

ဝမ်ချောင်သည် စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်မိသည်။

အရာရာမှာ ရှင်းလင်းသွားခဲ့ပြီ ဖြစ်ရာ လွန်ခဲ့သော ဘဝတုန်းက ရှန်ထိုက်ပေါ်ထွက်လာခြင်းမှာ သေချာပေါက်ပင် တိုက်ဆိုင်မှုပေါင်း များစွာ ရှိနေခဲ့ခြင်း ဖြစ်သလို၊ ရှန်ထိုက်ကို မည်သူမျှ ရှာမတွေ့ခဲ့ကြခြင်းမှာလည်း မဆန်းတော့ပေ။

နောက်တစ်ခဏတွင်မူ မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ဝမ်ချောင်သည် သူ၏ကိုယ်ကို လှုပ်ခတ်လိုက်ပြီးနောက် အာရုံခံစားမှုအတွင်း၌ စွမ်းအင်လှိုင်းများ အထူထပ်ဆုံးသော နေရာဆီသို့ အလင်းတန်း တစ်ခုအလား တိုက်ရိုက် ဦးတည် သွားလိုက်တော့သည်။

"ဝုန်း!"

ထူထပ်လှသော မြေအောက်လွှာများကို ဖြတ်ကျော်ပြီးနောက်၊ ဝမ်ချောင်သည် အပူလှိုင်းများ လိပ်တက်နေသော အနီရောင် ရွှေရောင်ရှိသည့် မြေအောက် ချော်ရည်များအတွင်းသို့ တစ်ခဏချင်းအတွင်း တိုးဝင်သွားတော့သည်။

"တော်တော် ပူတာပဲ"

ဝမ်ချောင်သည် အံ့သြစွာဖြင့် ဆိုလိုက်မိသည်။

သာမန် ချော်ရည်များမှာမူ ဝမ်ချောင်၏ ယွမ်ရှန်းအပေါ်၌ လွှမ်းမိုးနိုင်စွမ်း မရှိစေကာမူ ယခု အခိုက်အတန့်တွင် အနီရောင် ချော်ရည်စီးကြောင်းအတွင်းသို့ ဝင်ရောက်သွားပြီးနောက်တွင်မူ ဝမ်ချောင်သည် မိမိ၏စိတ်ဝိညာဉ် စွမ်းအားများမှာ အစောပိုင်းကထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်လှသော အရှိန်အဟုန်ဖြင့် ကုန်ခမ်းနေသည်ကို အသေအချာ ခံစားလိုက်ရခြင်းပင်။

ထင်ရှားလှသည်မှာ အနီရောင်ချော်ရည်စီးကြောင်း ဆိုသည်မှာ သာမန်ချော်ရည်မျိုး မဟုတ်သည်မှာ သေချာလှပေသည်။

ဤအရှိန်အဟုန်အတိုင်း ဆိုပါကမူ မိမိ၏ယွမ်ရှန်းမှာ နှစ်နာရီခွဲအထိ ကြံ့ကြံ့ခံနိုင်ရန်မှာ လုံးဝမဖြစ်နိုင်တော့ဘဲ၊ များမကြာမီ အချိန်အတွင်းမှာပင် မိမိပြန်လည် ထွက်ခွာရတော့မည် ဖြစ်သည်။

ဝမ်ချောင်သည် အချိန်ကို အမိအရ ဆုပ်ကိုင်ထားလျက် အနီရောင် ချော်ရည် စီးကြောင်း အတွင်းသို့ အရှိန်အဟုန်ဖြင့် ဦးတည် သွားလိုက်သည်။

ဤ မြေအောက် ပေပေါင်း တစ်သိန်း ရှစ်သောင်း အောက်ခြေရှိ ကမ္ဘာကြီးအတွင်း၌မူ အနီရောင် ချော်ရည် စီးကြောင်းများမှာ မြေအောက် ပင်လယ်ကြီး တစ်ခုအလား တည်ရှိနေခြင်း ဖြစ်သည်။

ပေပေါင်း တစ်ထောင်၊ ပေပေါင်း နှစ်ထောင်၊ ပေပေါင်း ခြောက်ထောင် ...

ဝုန်း..

ရုတ်တရက်ဆိုသလို ကမ္ဘာပျက်မတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီး တစ်ခုမှာ နားထဲသို့ တိုးဝင်လာခဲ့ပြီး စွမ်းအားလှိုင်းများ အာရုံခံစားမှုနှင့်အတူ ဝမ်ချောင်သည် နောက်ဆုံးတွင်မူ ကမ္ဘာပျက်သုဉ်းတဲ့ ခေတ်ကာလတုန်းက ပြင်းထန်လှသော စစ်ပွဲကြီးများကို ဖြစ်ပေါ်စေခဲ့သလို မရေမတွက်နိုင်သော လူသားများကို စွဲလန်း စိတ်လှုပ်ရှားစေခဲ့ကာ၊ နောက်ဆုံးတွင်မူ နှမြောတသစွာဖြင့် သက်ပြင်းချစေခဲ့သော ထို"ရှေးဦး ရှန်ထိုက်" ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။

"မယုံကြည်နိုင်လောက်စရာပဲ"

ဝမ်ချောင်သည် အထက်စီးမှနေ၍ မြေအောက် အနီရောင် ချော်ရည် စီးကြောင်း အနက်ရှိုင်းဆုံး နေရာရှိ ထိုကြီးမားလှသော ငါးရောင်ခြည် နတ်ဘုရား အလင်းတန်းအတွင်း၌ နတ်ဘုရား တစ်ပါးအလား ပျံဝဲနေသော ကြီးမားလှသည့် ရှန်ထိုက်ကို ကြည့်ရင်း တစ်ကိုယ်လုံးမှာ အတိုင်းအဆမရှိ ထိတ်လန့်တုန်လှုပ်သွားတော့သည်။

မရေမတွက်နိုင်သော ဒဏ္ဍာရီများကို ကြားဖူးခဲ့စေကာမူ လွန်ခဲ့သော ဘဝတုန်းက ဖြစ်စေ၊ ယခု ဘဝ၌ ဖြစ်စေ၊ ဝမ်ချောင်အနေဖြင့် ယခုကဲ့သို့သော မယုံကြည်နိုင်လောက်အောင် ကြီးမားလှသည့် ရှန်ထိုက်ကို မြင်တွေ့ရခြင်းမှာ ၎င်းမှာ ပထမဦးဆုံးအကြိမ်ပင် ဖြစ်တော့သည်။

ရှန်ထိုက်၏ ပတ်ဝန်းကျင်တွင်မူ အလင်းတန်းများမှာ အတိုင်းအဆမရှိ တောက်ပနေသလို၊ ကြက်ဥတစ်လုံးအလားသော ပုံသဏ္ဌာန်ရှိသည့် အချင်း ပေတစ်ရာခန့်ရှိသော ငါးရောင်ခြည် အလင်းတန်းများ လွှမ်းခြုံထားပြီး ထို ကြက်ဥ ပုံသဏ္ဌာန်အတွင်း၌မူ ထိုရှန်ထိုက်ရှိနေခြင်း ဖြစ်သည်။

ရှန်ထိုက်ဟု ဆိုစေကာမူ ၎င်းမှာ သန္ဓေသားမဟုတ်တော့ဘဲ လုံးဝ ပြီးပြည့်စုံစွာ ကြီးထွားပြီးသား ဖြစ်သော ရုပ်ခန္ဓာကြီး တစ်ခုပင် ဖြစ်တော့သည်။

ဝမ်ချောင်၏အမြင်အရ ကြည့်မည်ဆိုပါကမူ ထိုရှန်ထိုက်မှာ အစိမ်းပုပ်ရောင် ချပ်ဝတ်တန်ဆာကို ဆင်ယင်ထားပြီး အရပ်အမောင်းမှာ ပေပေါင်း သုံးဆယ်ကျော်ခန့် ရှိနေသဖြင့် သာမန် လူကြီး လေးငါးယောက်၏ အရပ်နှင့် ညီမျှနေကာ၊ ရှန်ထိုက်၏ ကိုယ်အတွင်း၌မူ အစွမ်းထက်လှသလို မယုံကြည်နိုင်လောက်သော ရှေးဦး စွမ်းအင်များဖြင့် ပြည့်နှက်နေပေသည်။ ဝမ်ချောင်၏ သုံးသပ်ချက်အရဆိုလျှင်မူ ၎င်း၏ စွမ်းအင် အဆင့်အတန်းမှာ အနုစိတ် အဆင့် ထက်ပင် များစွာ ကျော်လွန်နေပေသည်။

ထင်ရှားလှသည်မှာ၊ ၎င်းမှာ စကြာဝဠာ အဆင့်အတန်းအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်တော့သည်။

ထိုမျှသာမကဘဲ ယွမ်ရှန်း အခြေအနေဖြင့်မူ ဝမ်ချောင်သည် တစ်ခုလုံးသော ကမ္ဘာနှင့် မြေကြီးအကြား၌ မရေမတွက်နိုင်သော ကမ္ဘာမြေ နိယာမများမှာ ပိုးအိမ် တစ်ခုအလား ထူထပ်လှသော နည်းလမ်းများဖြင့် ဟင်းလင်းပြင်ပေါင်း များစွာကို ထိုးဖောက်လျက်၊ ဤ ရှေးဦး ရှန်ထိုက်၏ ကိုယ်ပေါ်သို့ အားလုံး စုစည်းနေကြသည်ကို အသေအချာ အာရုံခံမိနေခြင်းပင်။

အရေးအကြီးဆုံး အချက်မှာမူ ဝမ်ချောင်သည် ဤ ရှေးဦး ရှန်ထိုက်၏ ကိုယ်ပေါ်တွင် မည်သည့် ဂုဏ်သတ္တိရှိသော ဂန်ချီများနှင့် ကျင့်စဉ် သဘောသဘာဝ အငွေ့အသက်မျိုးကိုမျှ မခံစားမိခြင်းပင် ဖြစ်သည်။

၎င်းမှာ သန့်စင်လှသော ရွှေနှင့် ကျောက်စိမ်း အလားပင်။

၎င်းမှာ သဘာဝတရားအတိုင်း ဖြစ်ပေါ်လာခဲ့သော၊ မည်သည့် ပြုပြင်မွမ်းမံမှုမျှ မရှိသည့်၊ မရေမတွက်နိုင်သော သိုင်းပညာရှင် အင်အားကြီး ပုဂ္ဂိုလ်များ တောင့်တနေခဲ့ကြသော အစွမ်းထက်ဆုံးသော ရှန်ထိုက်တစ်ခုပင် ဖြစ်တော့သည်။

၎င်း၏ အငွေ့အသက် လှုပ်ခတ်မှုများအရ ကြည့်မည် ဆိုပါကမူ အကယ်၍သာ ၎င်းကို အောင်မြင်စွာ စုပ်ယူ ပြုပြင်နိုင်ခဲ့မည်ဆိုပါက မိမိ၏ကိုယ်ပွားအဖြစ် ပြောင်းလဲလိုက်လျှင်မူ ခဏချင်းအတွင်းမှာပင် အနုစိတ် အဆင့်ကို ကျော်လွန်သွားနိုင်မည် ဖြစ်သလို၊ မိမိ၏ အင်အားများကိုလည်း များစွာ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

"ကမ္ဘာနှင့် မြေကြီးရဲ့ဖန်တီးမှုတွေကတော့ တကယ်ကို ဆန်းကြယ်လှတာပဲ။ ဝုစ်သံမဏိလိုမျိုး မွေးရာပါ ထူးခြားတဲ့ ပန်းအနုစိတ်တွေ ပါဝင်နေတဲ့ လက်နက်ကောင်းတွေ ရှိသလို၊ အခုလိုမျိုး ရှေးဦး ရှန်ထိုက်လိုမျိုး မယုံကြည်နိုင်လောက်အောင် ဆန်းကြယ်တဲ့ တည်ရှိမှုကြီးတွေလည်း ရှိနေတာပဲ"

ယခု အခိုက်အတန့်တွင် ဒဏ္ဍာရီလာ ရှေးဦး ရှန်ထိုက်နှင့် ရင်ဆိုင်လိုက်ရသည့် အခါတွင်မူ ဝမ်ချောင်ပင်လျှင် မချီးကျူးဘဲ မနေနိုင်တော့ပေ။

ရှေးဦး ရှန်ထိုက်။

၎င်းမှာ ဝမ်ချောင်၏ ယခုတစ်ကြိမ် ခရီးစဉ်၏ အကြီးမားဆုံးသော ရည်မှန်းချက်ပင် ဖြစ်တော့သည်။

အကယ်၍သာ ရှန်ထိုက်ကို အောင်မြင်စွာ ရရှိနိုင်ခဲ့မည် ဆိုပါက ရှန်ထိုက်၏ ထိုမယုံကြည်နိုင်လောက်သော မွေးရာပါ ထူးခြားသော စွမ်းရည်များကို အခြေခံ၍ ဝမ်ချောင်အနေဖြင့် မိမိ၏ကျင့်စဉ်များကို ၎င်းအတွင်းသို့ စီးဝင်စေရုံမျှဖြင့် ၎င်းကို လျင်မြန်စွာ စုပ်ယူပြုပြင်နိုင်မည်ဖြစ်သလို လေဟာနယ်အဆင့်သို့လည်း တိုက်ရိုက်ချဉ်းကပ်နိုင်မည် ဖြစ်သည်။

ဝမ်ချောင်သည် အချိန်တိုအတွင်းမှာပင် အဟန့်အတားများကို ထိုးဖောက်လျက်၊ လေဟာနယ်အဆင့်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်နိုင်မည် ဖြစ်သလို၊ နောင်အနာဂတ်တွင် ထိုက်ရှီကို တုန့်ပြန်နိုင်မည့် ကြီးမားလှသော အင်အားများကိုလည်း တိုက်ရိုက် ပိုင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်မှုများ ရှိနေပေသည်။

ရှန်ထိုက်သာ ရှိနေမည် ဆိုပါကမူ ဝမ်ချောင်အနေဖြင့် ထိုက်ရှီကို ထပ်မံ၍ ကြောက်ရွံ့နေရန် မလိုအပ်တော့ပေ၊ "ထျန်း" ပေါ်ထွက်မလာသရွေ့တော့၊ ဝမ်ချောင်အနေဖြင့် မြို့တော်အတွင်း၌သာ ပုန်းအောင်းနေရန် မလိုအပ်တော့ဘဲ၊ အခြေအနေများကို မိမိစိတ်ကြိုက် ထိန်းချုပ်ကာ၊ နတ်ဘုရား အဖွဲ့အစည်းကို တိုက်ရိုက် တုန့်ပြန်နိုင်မည် ဖြစ်သလို အမည်းရောင် ဝတ်စုံဝတ်လူများကိုလည်း ပြန်လည်ချေမှုန်းနိုင်မည် ဖြစ်သည်။

"ဝုန်း"

ဝမ်ချောင်သည် စိတ်ထဲမှ အမိန့်ပေးလိုက်ရာ သူ၏ယွမ်ရှန်းကို ထိန်းချုပ်လျက်၊ မြေအောက်ရှိ ထိုကြီးမားလှသော ရှန်ထိုက်ရှိရာ အရပ်ဆီသို့ အလင်းတန်း တစ်ခုအလား တိုက်ရိုက် ဦးတည် သွားလိုက်တော့သည်။

သို့သော်လည်း နောက်တစ်ခဏတွင်မူ ရှန်ထိုက်နှင့် ပေအနည်းငယ်ခန့်သာ ကွာဝေးတော့သည့် နေရာသို့ ရောက်ရှိသွားသည့်အခါ ရုတ်တရက်ဆိုသလို ပြင်းထန်လှသော အန္တရာယ်အငွေ့အသက်ကြီးတစ်ခုမှာ စိတ်နှလုံးအတွင်းမှနေ၍ ပေါ်ထွက်လာတော့သည်။

အန္တရာယ်…

ဝမ်ချောင်၏ စိတ်နှလုံးမှာ တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းပင် ရပ်တန့်လိုက်တော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး ပြင်းထန်စွာ စီးဆင်းနေသော အနီရောင် ချော်ရည် များမှလွဲ၍ ဝမ်ချောင်၏အကြည့်များမှာ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ နောက်ဆုံးတွင်မူ သူ၏ရှေ့မှောက်ရှိ ရှေးဦးရှန်ထိုက်၏ အပြင်ဘက်မှ ကြက်ဥပုံသဏ္ဌာန်ရှိသော ထိုငါးရောင်ခြည် နတ်ဘုရား အလင်းတန်း ပေါ်၌သာ အကြည့်များ တန့်သွားတော့သည်။

"တန်ဖိုးကြီးလှတဲ့ ကမ္ဘာဦး ရတနာတွေ မှန်သမျှဟာ ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့ သားရဲတွေ စောင့်ကြပ်နေတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ပုံစံမျိုးစုံနဲ့ ကာကွယ်မှုတွေ ရှိနေတတ်တာပဲ၊ ရှေးဦး ရှန်ထိုက်ဆိုတာကတော့ သာမန် မဟုတ်တာကြောင့် သူ့ရဲ့ အပြင်ဘက်မှာလည်း အန္တရာယ်ရှိတဲ့ ပိတ်လှောင်မှု တစ်ခုခု သေချာပေါက် ရှိနေမှာပဲ။"

"ဝုန်း"

ဝမ်ချောင်သည် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီး စိတ်ထဲမှ လှုပ်ခတ်သွားမှုနှင့်အတူ၊ ရုတ်တရက်ဆိုသလို "ယွမ်ရှန်း" အတွင်းမှနေ၍ စိတ်ဝိညာဉ် စွမ်းအား တစ်မျှင်ကို ခွဲထုတ်လိုက်ပြီးနောက်၊ ရှေ့တည့်တည့်ဆီသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်တော့သည်။

စိတ်ဝိညာဉ် ဆူးချွန်

၎င်းမှာ စိတ်ဝိညာဉ် နယ်ပယ်အတွင်းရှိ အခြေခံအကျဆုံးသော တိုက်ခိုက်မှု နည်းလမ်းတစ်ခု ဖြစ်ပေသည်။ စိတ်ဝိညာဉ် စွမ်းအားဖြင့် ဖန်တီးထားခြင်း ဖြစ်စေကာမူ ၎င်းမှာ ရုပ်လုံးပေါ်နေသလို၊ ဝမ်ချောင်၏ လက်ရှိ စိတ်ဝိညာဉ် စွမ်းအား အတိုင်းအတာဖြင့် ဆိုပါကမူ ဤစိတ်ဝိညာဉ်ဆူးချွန်တစ်ချက်မှာ မာကျောလှသော ကျောက်တုံးကြီး တစ်ခုကိုပင် မှုန့်မှုန့်ညက်ညက် ဖြစ်သွားအောင် တိုက်ခိုက်နိုင်ရန် လုံလောက်လှပေသည်။

"ဒုန်း"

ဝမ်ချောင်၏ စိတ်ဝိညာဉ် ဆူးချွန် မှာ မိုးကြိုးမီးလျှံများထက်ပင် ပိုမို လျင်မြန်လှပေသည်။ ခဏချင်းအတွင်းမှာပင် ရှေးဦးရှန်ထိုက်၏ အပြင်ဘက်ရှိ ထိုကြက်ဥပုံသဏ္ဌာန် အကာအကွယ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

All Chapters