← Chapters

အခန်း (၂၀၅၇-၂၀၅၉)

Vol. 127 Ch. 2057-2059

အခန်း (၂၀၅၇-၂၀၅၉)

Vol. 127 Ch. 2057-2059

အခန်း (၂၀၅၇) ရှန်ထိုက်ကို သိမ်းပိုက်ခြင်း

ရိုက်ခတ်သွားသည့် ခဏ၌ ဝမ်ချောင်သည် ကြီးမားလှသော ကျောက်သားကြီး တစ်ခုကဲ့သို့ ပြင်းထန်လှသော အဟန့်အတား တစ်ခုကို ခံစားလိုက်ရသော်လည်း စိတ်ဝိညာဉ် စွမ်းအား၏ ထိုးဖောက်နိုင်စွမ်းမှာ အစွမ်းပြခဲ့သဖြင့် တစ်ခဏအတွင်းမှာပင် ဝမ်ချောင်၏ စိတ်ဝိညာဉ် ဆူးချွန်မှာ အတွင်းဘက်သို့ တိုးဝင်သွားခဲ့သည်။

သို့သော်လည်း နောက်တစ်ခဏတွင်မူ ထူးဆန်းလှသော ခံစားချက်ကြီးတစ်ခုမှာ စိတ်ထဲသို့ တိုးဝင်လာခဲ့သည်။

"ဝုန်း"

၎င်းမှာ ပျားအုံကို တုတ်ဖြင့် ထိုးလိုက်သကဲ့သို့ပင် ဖြစ်သလို ပေါက်ကွဲတော့မည့် မီးတောင်ရှင်ကြီး တစ်ခုကို ဖောက်ခွဲလိုက်သကဲ့သို့လည်း ရှိနေပေသည်။ ဝုန်းဝုန်းဒိုင်းဒိုင်း ဆိုသည့် အသံများနှင့်အတူ နောက်တစ်ခဏ၌ ကမ္ဘာပျက်မတတ် ပြင်းထန်လှသော စွမ်းအားတစ်ခုမှာ၊ တောင်ပြိုခြင်း၊ ပင်လယ်လှိုင်းတံပိုးများ ထန်ခြင်းတို့အလား၊ ဝမ်ချောင်၏ "စိတ်ဝိညာဉ် စွမ်းအား" အတိုင်း လိုက်ပါလျက် မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။

ထိုမျှမကသေးဘဲ ထိုရှေးဦးရှန်ထိုက်၏ ပတ်ဝန်းကျင်ရှိ ငါးရောင်ခြည် အလင်းအကာအကွယ်မှာ မူလက ကြက်ဥပုံသဏ္ဌာန်ဖြင့် အလွန်ပင် ငြိမ်သက်နေခဲ့ခြင်း ဖြစ်သော်လည်း၊ ယခု အခိုက်အတန့်တွင်မူ အလင်းအကာအကွယ်မှာ တုန်ခါသွားခဲ့ပြီး ၎င်းပေါ်၌ ရုတ်တရက်ဆိုသလို လည်ပတ်နေသော ဆန်းကြယ်လှသည့် ရှေးဟောင်း စာသားပေါင်းများစွာ ပေါ်ထွက်လာတော့သည်။ ထိုရှေးဟောင်းစာသားများမှာ သံကြိုးများအလား တစ်ခုနှင့်တစ်ခု ရစ်ပတ်နေကြပြီး ကြီးမားလှသော ရွှေရောင် ပိတ်လှောင်မှု မဟာအစီအရင် တစ်ခုအဖြစ် ပြောင်းလဲကာ ဤ ရှန်ထိုက်ကို လွှမ်းခြုံထားလိုက်ခြင်း ဖြစ်သည်။

ဝမ်ချောင်ဆီသို့ ဦးတည်၍ ပေါက်ကွဲ ထွက်ပေါ်လာသော ထို အရှိန်အဝါ ကြီးမားလှသည့် စွမ်းအားများမှာ ဤပိတ်လှောင်မှု မဟာအစီအရင်များ၏ လှုံ့ဆော်မှုကြောင့် ရုတ်တရက် ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။

ခဏချင်းအတွင်းမှာပင် မြေအောက်အနက်ပိုင်းမှာ တုန်ခါသွားခဲ့ပြီး ရှန်ထိုက်၏ ကိုယ်တွင်းမှနေ၍ ဟိန်းဟောက် စီးဆင်းလာတော့သည်။ ၎င်းမှာ ကမ္ဘာနှင့် မြေကြီးကို အရောင်အသွေး ကင်းမဲ့သွားစေနိုင်သော ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအားများဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းလျက် ဝမ်ချောင်ဆီသို့ ဦးတည် စီးဝင်လာတော့သည်။ ဝမ်ချောင်၏ စိတ်ထဲရှိ ထိုကြောက်မက်ဖွယ်ကောင်းလှသော အန္တရာယ်ခံစားချက်မှာလည်း ခဏချင်းအတွင်း အဆပေါင်း ရာချီ၍ မြင့်တက်သွားတော့သည်။

မဟုတ်သေးပါဘူး။

၎င်းမှာ အန္တရာယ် ဆိုသည်ထက် သေခြင်းတရား၏ အငွေ့အသက်ပင် ဖြစ်တော့သည်။

အကယ်၍သာ ရှေးဦး ရှန်ထိုက်၏ အစောင့်အကြပ် ပိတ်လှောင်မှု၏ တိုက်ခိုက်မှုကို ခံရမည် ဆိုပါကမူ မိမိ၏ ယွမ်ရှန်းမှာ ထိုနေရာ၌ပင် ပျက်စီးသွားမည် ဖြစ်သလို၊ ရုပ်ခန္ဓာအတွင်းသို့ ပြန်လည်ဝင်ရောက်ရန်မှာလည်း လုံးဝမဖြစ်နိုင်တော့ကြောင်း ဝမ်ချောင်အနည်းငယ်မျှ သံသယ မရှိပေ။

"ဝုန်း!"

ယခု အခိုက်အတန့်တွင် ဝမ်ချောင်၏တုန့်ပြန်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပေသည်။ ပိတ်လှောင်မှုစွမ်းအားများ ပေါက်ကွဲလာသည့် တစ်ပြိုင်နက်တည်းမှာပင် ဝမ်ချောင်၏ယွမ်ရှန်းမှာ နောက်သို့ တစ်ဟုန်ထိုး ပြန်လည်ဆုတ်ခွာလိုက်ပြီး မြေပြင်ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။

ဝုန်းဝုန်းဒိုင်းဒိုင်း ဆိုသည့် အသံများနှင့်အတူ ပြင်းထန်လှသော ပေါက်ကွဲသံကြီးများမှာ နောက်ကျောဘက်မှနေ၍ ထွက်ပေါ်လာတော့သည်။ ထိုကြောက်မက်ဖွယ်ကောင်းလှသော ဖျက်ဆီးလိုစိတ် ပြည့်နှက်နေသည့် စွမ်းအားများမှာ၊ ဝမ်ချောင်၏ ယွမ်ရှန်းကို အနည်းငယ်မျှသော ကွာဟချက်ဖြင့် သီသီလေး လွဲချော်သွားခဲ့ကာ ဝမ်ချောင်မူလက ရှိနေခဲ့သော နေရာဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားခြင်း ဖြစ်သည်။

သက်ရောက်မှု အတိုင်းအတာမှာလည်း အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည့် အဆင့်သို့ ရောက်ရှိနေပေသည်။

"အရမ်းပဲ အန္တရာယ်ကြီးတာပဲ"

ပေတစ်ရာခန့် ဝေးကွာသော နေရာသို့ ရောက်ရှိသွားသည့် အခါတွင်မူ ဤမြင်ကွင်းကို အာရုံခံမိသော ဝမ်ချောင်သည်လည်း စိတ်ထဲမှ တုန်လှုပ်နေမိသည်။ အကယ်၍သာ မိမိအနေဖြင့် အန္တရာယ်ကို ကြိုတင် မသိမြင်ခဲ့ဘဲ မရပ်တန့်ခဲ့မည်ဆိုပါကမူ ယခု အချိန်တွင် သူ၏ယွမ်ရှန်းမှာ ကြွေလွင့် ပျက်စီးသွားခဲ့ပြီ ဖြစ်မည်မှာ သေချာလှပေသည်။

"ဒီမှာတော့ ပြဿနာပဲ"

ဝမ်ချောင်သည် ရှန်ထိုက်ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ရင်း မျက်မှောင်များကို အသာအယာ ကြုတ်လိုက်မိကာ စိတ်ထဲ၌ အတွေးများစွာ လှုပ်ခတ်နေတော့သည်။

ရှေးဦး ရှန်ထိုက်မှာ လက်တစ်ကမ်း အကွာအဝေးတွင် ရှိနေစေကာမူ ၎င်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ရန်မှာမူ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် ပိုမိုခက်ခဲလှပေသည်။ ရှန်ထိုက်၏ ပိတ်လှောင်မှုများမှ ထွက်ပေါ်လာသော စွမ်းအားများအရ ဆိုပါကမူ ၎င်းကို ကျော်ဖြတ်ရန်မှာ လုံးဝမလွယ်ကူလှပေ။ ထို့အပြင် ဤမျှလောက် ဝေးကွာလှသော မြေအောက်အနက်ပိုင်းသို့ ဝမ်ချောင်၏ ရုပ်ခန္ဓာမှာ ဆင်းသက်ရန် မဖြစ်နိုင်သဖြင့်၊ သူ၏အရည်အချင်းများစွာကိုလည်း ထုတ်ဖော်၍ မရနိုင်ဘဲ ရှိနေပေသည်။

အချိန်များမှာ တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။ ဝမ်ချောင်သည် မြေအောက်၌ မလှုပ်မယှက် ပျံဝဲနေရင်း၊ သူ၏ဦးနှောက်အတွင်း၌မူ အတွေးပေါင်း များစွာမှာ ခဏချင်းအတွင်း ဖြတ်ပြေးနေတော့သည်။

မြေအောက်၌မူ ရှေးဦးရှန်ထိုက်ကြောင့် ဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုများမှာလည်း တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။

မြေပြင်နှင့် အလွန်ပင် ဝေးကွာနေသဖြင့်၊ ဝမ်ချောင်အနေဖြင့် အစောပိုင်းက ပေါက်ကွဲမှုများကြောင့် အခြားသူများ၏ အာရုံစိုက်မှုကို ခံရမည်ကိုလည်း စိုးရိမ်နေရန် မလိုအပ်ပေ။

မည်မျှ ကြာမြင့်သွားသည် မသိစေကာမူ

"ဒါပဲ လုပ်ရတော့မှာပဲ!"

ဝမ်ချောင်သည် မိမိဘာသာ တီးတိုး ရေရွတ်လိုက်ပြီးနောက် လျင်မြန်စွာပင် နောက်သို့ လှည့်ကြည့်လိုက်ကာ သူ၏ယွမ်ရှန်းကို မြေပြင်ရှိရာ အရပ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြန်လည် စလွှတ်လိုက်တော့သည်။ တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ အသံမှာလည်း ဟင်းလင်းပြင်ပေါင်း များစွာကို ဖြတ်ကျော်လျက် ယွမ်ရှန်းနှင့်ရုပ်ခန္ဓာ အကြားရှိ ဆက်နွယ်မှုမှတစ်ဆင့် အိပ်မက်ဆိုးသားရဲ၏ ဦးနှောက်အတွင်း၌ ထွက်ပေါ်လာတော့သည်။

"အိပ်မက်ဆိုးသားရဲ ငါ့မှာ မင်းရဲ့အကူအညီ လိုအပ်တဲ့ အစီအစဉ် တစ်ခု ရှိတယ်။ ငါ မင်းကို ယွမ်ရှန်းအတတ်ကို သင်ပေးမယ်၊ ခဏနေရင်တော့ မင်း ငါ့ကို ကူညီပေးရမယ်"

အရာရာကို စနစ်တကျ စီစဉ်ပြီးနောက်တွင်မူ ယွမ်ရှန်းကို ပြန်လည် ပြုစုပျိုးထောင်ပြီးသည့်အခါ၊ ဝမ်ချောင်သည် လျင်မြန်စွာပင် ပြန်လည် ရောက်ရှိလာခဲ့သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဝမ်ချောင်သည် အစောပိုင်းကကဲ့သို့ ယွမ်ရှန်း တစ်ခုတည်းနှင့် လာရောက်ခြင်း မဟုတ်တော့ဘဲ ဤပေပေါင်း တစ်သိန်းရှစ်သောင်းကျော်ရှိသော မြေအောက်အနက်ပိုင်းအတွင်းသို့ မဟာလော့ဝ်နတ်ဘုရားဓားတစ်လက် တိုးပွားလာခဲ့သလို အခြားသော ပျံဝဲနေသည့် ရုပ်လုံးပေါ်လုနီးပါး ဖြစ်နေသော စွမ်းအားစုစည်းမှု တစ်ခုလည်း တိုးပွားလာခဲ့ရာ ၎င်းမှာ အိပ်မက်ဆိုးသားရဲ၏ "ယွမ်ရှန်း" ပင် ဖြစ်တော့သည်။

အိပ်မက်ဆိုးသားရဲ၏ စိတ်ဝိညာဉ် စွမ်းအားမှာ ဝမ်ချောင်ထက်ပင် များစွာပိုမိုအစွမ်းထက်လှစေကာမူ ၎င်းမှာ လူသား မဟုတ်သော မျိုးနွယ်စု ဖြစ်နေသောကြောင့်လည်း ဖြစ်နိုင်သလို၊ ဝမ်ချောင်သင်ကြားပေးလိုက်သော ယွမ်ရှန်းအတတ်မှာ ၎င်းကျင့်ကြံလိုက်သည့်အခါတွင်မူ ရလဒ်များမှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေသဖြင့် ဝမ်ချောင်ကဲ့သို့ အချိန်အတော်ကြာအောင် ကြံ့ကြံ့ခံနိုင်ခြင်း မရှိပေ။

"ငါ မင်း ကို ပြောထားတာတွေကို မှတ်မိသေးရဲ့လား?"

မြေအောက်အနက်ပိုင်း၊ အရည်ပျော်နေသော ချော်ရည်များကြား၌ ဝမ်ချောင်သည် အောက်ခြေရှိ ရှေးဦး ရှန်ထိုက်ကို ကြည့်ရင်း ရုတ်တရက် စကားစလိုက်သည်။

"အင်း အရှင် စိတ်ချပါ။ ကျွန်တော် အစွမ်းကုန် ကူညီပါ့မယ်"

အိပ်မက်ဆိုးသားရဲ၏ စိတ်လှိုင်းများ ထွက်ပေါ်လာသည်။

၎င်းမှာ ဝမ်ချောင်ကြောင့် ရုပ်ခန္ဓာပျက်စီးသွားခဲ့ရစေကာမူ ဝမ်ချောင်သည် မဟာလော့ဝ်နတ်ဘုရားဓား သို့မဟုတ် ပိုမိုတိကျစွာဆိုရလျှင် ရွှမ်ယွမ် နတ်ဘုရားဓား၏ ဆက်ခံသူဖြစ်ကြောင်း သိရှိသွားသည့်အခါတွင်မူ ဝမ်ချောင်အပေါ်၌ အလွန်ပင် သစ္စာရှိသွားခဲ့ပြီး အားကိုးထိုက်သော လက်ရုံးတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

အရာရာ အဆင်သင့် ဖြစ်ပြီးနောက် ခေတ္တမျှ ကြာမြင့်သည့် အခါတွင်မူ ဝမ်ချောင်သည် နောက်ဆုံးတွင် လှုပ်ရှားမှုများကို စတင်လိုက်တော့သည်။

"ဟီး"

ဝမ်ချောင်၏အမိန့်နှင့်အတူ အိပ်မက်ဆိုးသားရဲမှာ ရုတ်တရက် စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် လျှပ်စီးတန်း တစ်ခုအလား၊ ရှေးဦးစွာ တစ်ဟုန်ထိုး ပြေးထွက်သွားခဲ့ပြီး မြေအောက်ရှိ ရှေးဦး ရှန်ထိုက်ရှိရာ အရပ်ဆီသို့ ဦးတည် သွားလိုက်တော့သည်။ ခေတ္တမျှ ကြာမြင့်ပြီးနောက်တွင်မူ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးများနှင့်အတူ ရှန်ထိုက်၏ အပြင်ဘက်ရှိ ပိတ်လှောင်မှုများမှာ တစ်ဖန် ပြန်လည် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ရှန်ထိုက်၏ အပြင်ဘက် ပိတ်လှောင်မှု စွမ်းအားများကို ဆွဲဆောင်ရန်နှင့်၊ ဝမ်ချောင်အတွက် အခွင့်အရေး ဖန်တီးပေးရန်အတွက်မူ အိပ်မက်ဆိုးသားရဲ၏ တိုက်ခိုက်မှုမှာ ဝမ်ချောင်ထက် များစွာပိုမိုပြင်းထန်လှသလို၊ ဖြစ်ပေါ်လာသော ပေါက်ကွဲမှုများမှာလည်း များစွာပိုပြင်းထန်လှပေသည်။

ကြောက်မက်ဖွယ်ကောင်းလှသော ပိတ်လှောင်မှု စွမ်းအားများမှာ၊ ပင်လယ်လှိုင်းလုံးကြီးများအလား တအုန်းအုန်းနှင့် စီးဆင်းနေပြီး တစ်ခုလုံးသော မြေအောက်အနက်ပိုင်းကို ရိုက်ခတ်နေသဖြင့် မြေကမ္ဘာ တစ်ခုလုံး တုန်ခါနေသော အသံကြီးများမှာလည်း နားထဲ၌ အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။

အိပ်မက်ဆိုးသားရဲ ၏ တိုက်ခိုက်မှုအောက်၌မူ ထို ဆန်းကြယ်လှသော ရှေးဟောင်း စာသားများဖြင့် ဖွဲ့စည်းထားသည့်၊ တစ်ခုနှင့်တစ်ခု ယှက်နွယ်နေသော သံခြေကျင်းများအလားရှိသည့် ပိတ်လှောင်မှု နယ်မြေမှာမူ ယခုအခါတွင်မူ တစ်ဖန် ပြန်လည်ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

"အခုပဲ"

ဝမ်ချောင်၏မျက်ဝန်းအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ယခုအခိုက်အတန့်တွင် သူ၏ယွမ်ရှန်းမှာ မဟာလော့ဝ်နတ်ဘုရားဓားအတွင်းသို့ တိုးဝင်သွားခဲ့ကာ တစ်ခဏချင်းအတွင်း ကောက်ကွေးလှသော လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နောက်မဆုတ်ဘဲ ရှေ့သို့ တိုးဝင်သွားလျက် စွမ်းအင်များ ပေါက်ကွဲနေသည့် ခဏ၌ မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် မြေအောက်၌ ကြီးမားလှသော လခြမ်းပုံစံအတိုင်း ပျံဝဲသွားကာ အားချင်းပဲ အခြားတစ်ဖက်မှနေ၍ လျင်မြန်စွာ ထိုးဖောက် ဝင်ရောက်လိုက်တော့သည်။

"ဝုန်း"

ဝမ်ချောင်၏ မဟာလော့ဝ်နတ်ဘုရားဓားမှာ မြှားတစ်စင်းအလား၊ ရှေးဦး ရှန်ထိုက်၏ အပြင်ဘက်ရှိ ထို တားမြစ်ထားသော အလင်းအကာအကွယ်ပေါ်ရှိ၊ ရှေးဟောင်း စာသား သံကြိုးနှစ်ခုဖြင့် ဖွဲ့စည်းထားသော "ကျင်" ပုံသဏ္ဌာန်ရှိသော ဟာလာဟင်းလင်း ဖြစ်နေသည့် နေရာဆီသို့ ပြင်းထန်စွာ စိုက်ဝင်သွားတော့သည်။

ပုံမှန်အခြေအနေများအောက်၌မူ ဤဓားတစ်ချက်မှာ ချက်ချင်းပင် လွင့်စင်သွားရမည် ဖြစ်စေကာမူ အိပ်မက်ဆိုးသားရဲ၏ရှေ့မှောက်မှ ဆွဲဆောင်ထားမှုကြောင့် တားမြစ်ထားသော အလင်းအကာအကွယ်မှာ အားနည်းချက်များ ပေါ်ထွက်လာခဲ့သလို၊ အခြားသော အစိတ်အပိုင်းများမှာလည်း အားနည်းသွားခဲ့သဖြင့်၊ မဟာလော့ဝ်နတ်ဘုရားဓား၏ဓားဦးပိုင်းမှာမူ မထင်မှတ်ဘဲ ပိတ်လှောင်မှု၏ အစွန်အဖျားကို ထိုးဖောက်သွားနိုင်ခဲ့ပြီး ပိတ်လှောင်မှု၏ အတွင်းပိုင်းသို့ ရောက်ရှိသွားတော့သည်။

"အောင်မြင်သွားပြီ"

ဝမ်ချောင်မှာ အတိုင်းအဆမရှိ ဝမ်းမြောက်သွားခဲ့ရသည်။ မဟာလော့ဝ်နတ်ဘုရားဓား၏ ဓားဦးပိုင်းမှာ ထိုးဖောက်ဝင်ရောက်သွားသည့်ခဏ၌ ဝမ်ချောင်၏"ယွမ်ရှန်း"မှာ ဓားဦးပိုင်းမှနေ၍ အပြင်သို့ ထွက်ခွာလိုက်ပြီးနောက် ဤတစ်သက်မှာ တစ်ခါသာ ကြုံရခဲလှသော အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားလျက်၊ အောင်မြင်စွာ အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ပြီး ငါးရောင်ခြည် အလင်းတန်းများ၏ အတွင်းဘက်သို့ ရောက်ရှိသွားတော့သည်။

"ဝုန်းဝုန်း!"

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ရှေးဦး ရှန်ထိုက်၏ ပိတ်လှောင်မှုမှာ ပေါက်ကွဲသွားခဲ့ပြီး ကြီးမားလှသော ပေါက်ကွဲမှု လှိုင်းဂယက်ကြီးမှာ မဟာလော့ဝ်နတ်ဘုရားဓားကို အဝေးသို့ လွင့်စင်သွားအောင် ရိုက်ခတ်လိုက်စေကာမူ အခြားတစ်ဖက်၌မူ ဤအရာအားလုံးမှာ ဝမ်ချောင်အတွက်မူ မည်သည့် သက်ရောက်မှုမှ မရှိတော့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ဝမ်ချောင်၏ယွမ်ရှန်းမှာ လျှပ်စီးအလား အတွင်းပိုင်းရှိ အဓိကဖြစ်သော ရှေးဦ ရှန်ထိုက်ပေါ်သို့ ကပ်ညှိသွားတော့သည်။

ရေထဲက ငါးလိုပဲ။ တံခါးကြီးတွေ ပွင့်သွားပြီ။

၎င်းမှာ ဝမ်ချောင်၏ ယွမ်ရှန်းသည် ရှေးဦးရှန်ထိုက်နှင့် ထိတွေ့လိုက်သည့်ခဏ၌ ခံစားလိုက်ရသော ခံစားချက်ပင် ဖြစ်တော့သည်။ အပြင်ဘက်ရှိ ရင်ထိတ်ဖွယ်ကောင်းလှသော ပိတ်လှောင်မှု အဟန့်အတားများနှင့် မတူညီဘဲ၊ ဝမ်ချောင်သည် ရှေးဦး ရှန်ထိုက်နှင့် ထိတွေ့လိုက်သည့်ခဏ၌၊ ၎င်းမှာ မည်သည့် ကာကွယ်မှုမှ မရှိသော တံခါးပေါက်ကြီး တစ်ခုအလား ဖြစ်နေသည်ကို ချက်ချင်း ခံစားလိုက်ရခြင်းပင်။

ရှေးဦး ရှန်ထိုက်၏ ကိုယ်အတွင်း၌မူ မည်သည့် အဟန့်အတား တစ်စုံတစ်ရာမျှ မရှိပေ၊ သူ၏သွေးကြောတိုင်း၊ သွေးကြောမှတ်တိုင်း၊ အာရုံကြော နေရာတိုင်းမှာ လုံးဝ ပွင့်နေခဲ့ခြင်းဖြစ်ရာ အတွင်းသို့ ဝင်ရောက်လာနိုင်သရွေ့တော့၊ မည်သူမဆို ဤတန်ဖိုးကြီးလှသော ရှေးဦး ရှန်ထိုက်ကို လွယ်လွယ်ကူကူ ရရှိနိုင်မည် ဖြစ်သည်။

၎င်းမှာ စာရွက်ဖြူ အစစ်အမှန် တစ်ရွက်ပင် ဖြစ်တော့သည်။

"အရမ်း ကြီးမားတဲ့ စွမ်းအားတွေပါလား"

၎င်းနောက်တွင်မူ ဝမ်ချောင်အာရုံခံမိလိုက်သည်မှာ ရှေးဦး ရှန်ထိုက်၏ ကိုယ်အတွင်းရှိ တောင်ကြီးများ၊ သမုဒ္ဒရာများအလား ကျယ်ပြောလှသော၊ အဆုံးမဲ့လှသော စွမ်းအားများပင် ဖြစ်တော့သည်။ ၎င်းမှာ ရှေးဦး ရတနာသိုက်ကြီး တစ်ခုအလား ရှိနေပြီး ဤအချိန် မတိုင်မီအထိမူ မည်သူမျှ လာရောက်ခြင်း မရှိခဲ့သလို ၎င်း၏ တည်ရှိမှုကိုပင် သိရှိသူ မရှိခဲ့ကြပေ။

ထိုခဏ၌၊ ဝမ်ချောင်သည် အချိန်အတော်ကြာအောင် ပျောက်ကွယ်နေခဲ့သော စိတ်လှုပ်ရှားမှုကြီး တစ်ခုကို ခံစားလိုက်ရသည်။ ဤရှေးဦး ရှန်ထိုက်မှာ သူ စိတ်ကူးထားခဲ့သည်ထက်ပင် များစွာပိုမိုအစွမ်းထက်လှပေသည်။ ၎င်းမှာ မိမိ အလိုရှိသော ရည်မှန်းချက်များကို သေချာပေါက် ဖြည့်ဆည်းပေးနိုင်လိမ့်မည် ဖြစ်သည်။

"ဝုန်း"

ခဏတာမျှသော အချိန်အတွင်းမှာပင် ဝမ်ချောင်၏ ယွမ်ရှန်း မှာ ၎င်းအတွင်းသို့ ချက်ချင်း တိုးဝင်သွားခဲ့ပြီး ဤ ရှေးဦး ရှန်ထိုက်၏ ဦးနှောက်အတွင်းသို့ ဝင်ရောက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ယွမ်ရှန်းမှာ လူစုခွဲလိုက်ပြီးနောက် ရေစီးကြောင်းများအလား တစ်ကိုယ်လုံးရှိ နေရာအသီးသီးသို့ စိမ့်ဝင်သွားခဲ့ကာ ဤရှန်ထိုက်ကို မိမိဘာသာ စုပ်ယူ ပြုပြင်ခြင်းကို တိုက်ရိုက် စတင်လိုက်တော့သည်။

မြေအောက် ကမ္ဘာအတွင်း၌မူ အလင်းတန်းတစ်ခု ဝင်းခနဲ ပေါ်လာခဲ့ပြီးနောက် မူလက ဒေါသတကြီး ဟိန်းဟောက်နေသော အရည်ပျော်နေသည့် ချော်ရည်များမှာ ခဏချင်းအတွင်း တည်ငြိမ်သွားခဲ့သလို ကြောက်မက်ဖွယ်ကောင်းလှသလို ကြည့်ရုံနှင့်ပင် အန္တရာယ် များလှသော ထိုရှေးဟောင်း စာသား သံကြိုးများဖြင့် ဖွဲ့စည်းထားသည့် ပိတ်လှောင်မှု နယ်မြေကြီးမှာလည်း လိုက်ပါ၍ ပျောက်ကွယ်သွားတော့သည်။

မြေအောက် ကမ္ဘာတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

"အောင်မြင်သွားပြီ"

ဤမြင်ကွင်းကို ကြည့်ရင်း အခြားတစ်ဖက်ရှိ အိပ်မက်ဆိုးသားရဲ၏ ယွမ်ရှန်းမှာမူ မလှုပ်မယှက် ပျံဝဲနေရင်း မြေအောက်ရှိ ရှန်ထိုက်ကို ကြည့်ကာ သက်ပြင်းတစ်ချက်ကို အရှည်ကြီး မှုတ်ထုတ်လိုက်တော့သည်။

အချိန်များမှာ တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။ မည်မျှ ကြာမြင့်သွားသည် မသိစေကာမူ ထူးဆန်းလှသော လှိုင်းဂယက် တစ်ခုမှာ ရှေးဦး ရှန်ထိုက်ကို ဗဟိုပြုလျက် ပတ်ဝန်းကျင် တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

တစ်ချိန်တည်းမှာပင် ရှေးဦး ရှန်ထိုက်၏ အပြင်ဘက်ရှိ အချင်းပေတစ်ရာရှိသော ငါးရောင်ခြည် အလင်းတန်းများမှာ တစ်စုံတစ်ခုသော ဆွဲငင်မှုကြောင့် အတွင်းဘက်သို့ လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့ပြီး ထိုအလင်းတန်းများအတွင်းရှိ အရှိန်အဟုန် ပြင်းထန်လှသော စွမ်းအားများမှာလည်း လိုက်ပါ၍ ကျုံ့ဝင်သွားကာ ရှေးဦး ရှန်ထိုက်၏ ကိုယ်အတွင်းသို့ ပြန်လည်စီးဝင်သွားတော့သည်။

"ဝုန်း"

အလင်းတန်းတစ်ခု ဝင်းခနဲ ပေါ်လာခဲ့ပြီးနောက် နောက်ဆုံးသော ငါးရောင်ခြည် အလင်းတန်းမှာ ကိုယ်အတွင်းသို့ ဝင်ရောက်သွားသည့် အခါတွင်မူ ရှေးဦး ရှန်ထိုက်၏ မူလက ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသော မျက်နှာပေါ်၌မူ ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပြီး မျက်ခုံးများ၊ မျက်ဝန်းများ၊ နှာခေါင်းနှင့် နှုတ်ခမ်းများ စသည့် အင်္ဂါ ငါးပါးမှာ လျင်မြန်စွာ ပေါ်ထွက်လာခဲ့ရာ မျက်နှာတစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်ခြင်းပင် ဖြစ်တော့သည်။

အကယ်၍သာ အသေအချာ စူးစိုက်ကြည့်လိုက်မည်ဆိုပါကမူ အသစ် ပေါ်ထွက်လာသော၊ အလွန်ပင် ငယ်ရွယ်လှပုံ ပေါ်သော ထိုမျက်နှာမှာ အံ့သြဖွယ် ကောင်းလောက်အောင်ပင် ဝမ်ချောင်နှင့် တစ်ပုံစံတည်း ဖြစ်နေသည်ကို တွေ့ရှိရပေလိမ့်မည်။

"အောင်မြင်သွားပြီ"

ပူပြင်းလှသော အနီရောင် ချော်ရည်များကြား၌ ဝမ်ချောင်သည် ရှေးဦး ရှန်ထိုက်နှင့် တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီးနောက် မျက်ဝန်းများကို ရုတ်တရက် ဖွင့်လိုက်တော့သည်။

စိတ်လှုပ်ရှားမှု၊ ဝမ်းမြောက်မှု။

မကြုံစဖူးသော အင်အားကြီးမားလှသည့် ခံစားချက်ကြီးတစ်ခုမှာ စိတ်နှလုံးအတွင်းသို့ တိုးဝင်လာတော့သည်။ ၎င်းမှာ ဝမ်ချောင်အနေဖြင့် ယခုကဲ့သို့သော ကြီးမားလှသလို ကြောက်မက်ဖွယ်ကောင်းလှသည့် ရှေးဦး စွမ်းအားများကို ပထမဦးဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်လိုက်ခြင်း ဖြစ်ပေသည်။

"ဝုန်း!"

ဝမ်ချောင်သည် ရှေးဦး ရှန်ထိုက်ကို ထိန်းချုပ်လျက် လက်ချောင်း ငါးဖက်ကို လှုပ်ရှားလိုက်သည့်အခါ အစွမ်းထက်လှသော စွမ်းအားလှိုင်းများမှာ အနီရောင် ချော်ရည်များကြား၌ လှိုင်းတံပိုးပေါင်းများစွာကို ချက်ချင်း ဖြစ်ပေါ်စေသည်မှာ တောင်ပြိုခြင်း၊ ပင်လယ်လှိုင်းတံပိုးများ ထန်ခြင်းတို့အလားပင် ဖြစ်နေတော့သည်။

"ဝုန်း"

ဝမ်ချောင်၏ လက်မောင်းမှာ လှုပ်ခတ်သွားခဲ့ပြီး ပြင်းထန်လှသော စွမ်းအားများနှင့်အတူ၊ ရှေးဦး ရှန်ထိုက်၏ ရှေ့မှောက် ပေပေါင်း သောင်းချီရှိသော အနီရောင် ချော်ရည် စီးကြောင်းများအတွင်း၌ လမ်းကြောင်းအရှည်ကြီးတစ်ခုကို ချက်ချင်း ပွင့်ထွက်သွားစေတော့သည်။

"အရမ်း အစွမ်းထက်တဲ့ စွမ်းအားတွေပါလား၊ ဒီလက်သီး တစ်ချက်ကတော့ ရွှေရောင်မျောက်ဝံကြီး ထက်တောင် မလျော့ဘူးပဲ"

ဝမ်ချောင်သည် သူ၏လက်သီးကို ကြည့်ရင်း စိတ်ထဲ၌ အတိုင်းအဆမရှိ ဝမ်းမြောက်သွားတော့သည်။

ရှေးဦး ရှန်ထိုက်၏အရည်အချင်းမှာ ထူးချွန်လှရုံသာ မကဘဲ၊ သူ၏စွမ်းရည်များမှာ စိတ်ကူးပင် မယဉ်နိုင်လောက်သည့် အဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်သည်၊ ဝမ်ချောင်သည် ယခု အခါတွင်မူ ဤ ရုပ်ခန္ဓာကို စုပ်ယူ ပြုပြင်ရုံမျှသာ ရှိသေးသလို၊ ၎င်းအတွင်းရှိ ရှေးဦး စွမ်းအင်များကိုလည်း အစွမ်းထက်လှသော ကျင့်စဉ်များနှင့် သိုင်းပညာများအဖြစ် မပြောင်းလဲရသေးစေကာမူ အနုစိတ် အစဦး အဆင့်နှင့် နီးစပ်သော ကျင့်စဉ် အဆင့်ကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။

အကယ်၍သာ ရှေးဦးရှန်ထိုက်၏ ကိုယ်တွင်းမှ စွမ်းအားများ အားလုံးကို ပြောင်းလဲနိုင်ခဲ့မည် ဆိုပါကမူ သေချာပေါက် ပိုမို၍ ရှေ့သို့ တက်လှမ်းနိုင်မည် ဖြစ်သလို၊ ပိုမိုထိတ်လန့်ဖွယ်ကောင်းလှသော ကျင့်စဉ် အဆင့်ကိုလည်း ရောက်ရှိနိုင်မည် ဖြစ်သည်။

"ဒီ ရှေးဦး ရှန်ထိုက်ရဲ့ စွမ်းရည်တွေကို စမ်းသပ်ကြည့်ရအောင်"

ဝမ်ချောင်သည် စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်မိသည်။

"ဝုန်း!"

နောက်တစ်ခဏတွင်မူ ဝမ်ချောင်သည် စိတ်ထဲမှ အမိန့်ပေးလိုက်ရာ ရှေးဦး ရှန်ထိုက်၏ ပေပေါင်း သုံးဆယ်ကျော် မြင့်မားသော ခန္ဓာကိုယ်မှာ ခဏချင်းအတွင်း သိသိသာသာ ကျုံ့ဝင်သွားခဲ့ပြီး ပေပေါင်း သုံးဆယ်မှ ပေပေါင်း နှစ်ဆယ်၊ ထိုမှတစ်ဆင့် ပေပေါင်း ဆယ်ကျော်အထိ ကျုံ့ဝင်သွားကာ၊ သာမန် လူကြီးတစ်ယောက်၏ အရွယ်အစားအတိုင်း ဖြစ်သွားတော့သည်။

တာ့ရှောင်ရူယီ။

၎င်းမှာ ရှေးဦး ရှန်ထိုက်၏ မွေးရာပါ စွမ်းရည်တစ်ခုပင် ဖြစ်သည်။ သူ၏ရုပ်ခန္ဓာမှာ တစ်ခဏချင်းအတွင်း ပေပေါင်း သုံးဆယ် သို့မဟုတ် ထိုထက်မကသော ကြီးမားသည့် ပုံစံအဖြစ် ပြောင်းလဲနိုင်သလို၊ သာမန် လူသားတစ်ဦးနှင့် မခြားနားသော ပုံစံသို့လည်း ပြန်လည် ကျုံ့ဝင်နိုင်ပေသည်။ ယခုကဲ့သို့သော တာ့ရှောင်ရူယီ ဆိုသည့် စွမ်းရည် တစ်ခုတည်းမှာပင်၊ သိုင်းသမား အမြောက်အမြား ရရှိရန် ခက်ခဲလှသော အရာပင် ဖြစ်တော့သည်။

ရှေးဦး ရှန်ထိုက်၏ ဤစွမ်းရည်ကို စမ်းသပ်ပြီးနောက်တွင်မူ ဝမ်ချောင်သည် ရပ်တန့်မနေဘဲ ရှေးဦး ရှန်ထိုက်၏ အခြားသော စွမ်းရည်များကိုပါ ဆက်လက်၍ လေ့လာ စူးစမ်းနေတော့သည်။

******

အခန်း (၂၀၅၈) မထင်မှတ်ထားသော ရှာဖွေတွေ့ရှိမှု၊ ပိုမိုနက်ရှိုင်းသော နေရာမှ နောက်ထပ် ရှန်ထိုက်နှစ်ခု

အလင်းတန်း တစ်ခု ဝင်းခနဲ ပေါ်လာပြီးနောက်၊ နောက်တစ်ခဏတွင်မူ ပတ်ဝန်းကျင်ရှိ အနီရောင် ချော်ရည်များမှာ ရေလှိုင်းများအလား ဘေးသို့ ခွဲထွက်သွားခဲ့ပြီး ရှေးဦး ရှန်ထိုက်မှာမူ မူလနေရာမှနေ၍ တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားကာ၊ အနီရောင် ချော်ရည်များကြားမှ ဖြတ်ကျော်လျက် အထက်ဘက်ရှိ ဘာဆော့လ် ကျောက်လွှာအတွင်းသို့ တိုးဝင်သွားတော့သည်။

ဤနေရာရှိ ကျောက်လွှာများမှာ သံမဏိကဲ့သို့ မာကျောလှသလို၊ အလွန် ကြီးမားလှသော ဖိအားများ၏ သက်ရောက်မှုကြောင့်လည်း အလွန်ပင် သိပ်သည်းစွာ ဖွဲ့စည်းထားခြင်းဖြစ်ရာ ဝမ်ချောင်သည်လည်း မဟာလော့ဝ်နတ်ဘုရားဓား၏ ထက်ရှမှုကို အသုံးချ၍သာ ၎င်းကို အောက်သို့ ယူဆောင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ရှေးဦး ရှန်ထိုက်သည် ဘာဆော့လ် ကျောက်လွှာ၏ အတိုင်းအတာအတွင်းသို့ တိုးဝင်သွားသည့် အခါတွင်မူ နောက်တစ်ခဏ၌ ကြည်လင်တောက်ပလှသော ဝေဝါးလှသည့် အလင်းတန်း တစ်ခုမှာ၊ ရှေးဦး ရှန်ထိုက်၏ ကိုယ်အတွင်းမှနေ၍ အပြင်ဘက်သို့ ပျံ့နှံ့သွားခဲ့ပြီး ထိုအလင်းတန်း ရောက်ရှိရာ နေရာတိုင်းရှိ မူလက မာကျောလှသော ဘာဆော့လ် ကျောက်လွှာများမှာ ချက်ချင်းပင် ရေစီးကြောင်းများအလား ပျော့ပြောင်းသွားခဲ့ရာ ရှေးဦး ရှန်ထိုက်မှာမူ ရေထဲက ငါးကဲ့သို့ပင် ၎င်းအတွင်း၌ မည်သည့် အဟန့်အတားမှ မရှိဘဲ လွတ်လပ်စွာ သွားလာနိုင်တော့သည်။

တုတွမ့် သို့မဟုတ် ရန့်တွမ့် ဟုပင် ခေါ်ဆိုနိုင်ပေသည်။

ရှေးဦး ရှန်ထိုက်သည် ကမ္ဘာနှင့် မြေကြီး၏ နိယာမများကြား၌ ပျိုးထောင်ခံခဲ့ရသူ ဖြစ်ရာ ပုံသဏ္ဌာန် မရှိဘဲ မယုံကြည်နိုင်လောက်သော အရည်အချင်းအချို့ကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပြီး တုတွမ့်ဆိုသည်မှာလည်း ၎င်းတို့အနက် တစ်ခုပင် ဖြစ်တော့သည်။

"တကယ်ကို မယုံကြည်နိုင်စရာပဲ"

ဝမ်ချောင်သည် ဟွမ်ပေါ်ထျန်း၏ ကိုယ်ပေါ်တွင်လည်း ယခုကဲ့သို့သော အရည်အချင်းမျိုးကို မြင်တွေ့ဖူးစေကာမူ ရှေးဦး ရှန်ထိုက်၏ ကိုယ်ပေါ်ရှိ တန်ခိုးစွမ်းရည်မှာမူ သံသယဖြစ်ဖွယ် မရှိအောင်ပင် ဟွမ်ပေါ်ထျန်းထက် များစွာပိုမို အစွမ်းထက်လှပေသည်။

ဝူး…

အလင်းတန်း တစ်ခု ဝင်းခနဲ ပေါ်လာပြီးနောက် ဝမ်ချောင်သည် မူလနေရာသို့ ချက်ချင်း ပြန်လည်ရောက်ရှိလာခဲ့သည်။

"အရှိန်ကလည်း ငါ စိတ်ကူးထားတာထက် အများကြီး ပိုပြီးမြန်တာပဲ။ ငါ ဘာကိုယ်ဖော့ပညာမှ မသုံးရသေးတာတောင်မှ အရှိန်သက်သက်ကိုပဲ ပြောရမယ်ဆိုရင်တော့ ဒါက ငါ့ရဲ့လေဟာနယ်အဆင့်ကိုတောင် အမီလိုက်နိုင်တော့မယ့် အဆင့်မှာ ရှိနေပြီ!"

"ဒါပေမဲ့ ဒီလောက်လေးနဲ့တင်တော့ မလုံလောက်သေးဘူး။ သင့်တော်တဲ့ ကျင့်စဉ်တွေနဲ့ ပေါင်းစပ် အသုံးမပြုနိုင်ဘူး ဆိုရင်တော့ ရှေးဦး ရှန်ထိုက်ရဲ့ အစစ်အမှန် အင်အားက ဘယ်လောက်ပဲ ကြီးမားပါစေ အများဆုံး အသုံးချနိုင်မှာကတော့ ခြောက်ပုံ ခုနစ်ပုံလောက်ပဲ ရှိလိမ့်မယ်။"

ဝမ်ချောင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်းပင် ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ကာ ကျင့်စဉ်များကို လျင်မြန်စွာ စတင်ကျင့်ကြံတော့သည်။

မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း ကနေပဲ အရင်ဆုံး စတင်ကြတာပေါ့!"

ကျင့်စဉ်များ ပေါ်ပေါက်လာရခြင်းမှာ သိုင်းသမား တစ်ဦး၏ ကြီးမားလှသော အင်အားများကို အထွတ်အထိပ်သို့ ရောက်ရှိအောင် အသုံးချနိုင်ရန်အတွက် ဖြစ်သည်။ ဥပမာအားဖြင့် ဓားသွားများ ပေါ်ပေါက်လာခြင်း ကဲ့သို့ပင် ဖြစ်တော့သည်။

ပတ်ဝန်းကျင် တစ်ခုလုံးမှာ လျင်မြန်စွာပင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်၊ ဝမ်ချောင်သည် မျက်ဝန်းများကို ပိတ်ကာ မလှုပ်မယှက် ရှိနေစေကာမူ သူ၏ကိုယ်အတွင်း၌မူ ဂန်ချီများမှာ အရှိန်အဟုန်ဖြင့် ပွင့်ထွက်နေပေသည်။ ပူပြင်းလှသော အနီရောင် အလင်းတန်းများမှာ ပင်လယ်လှိုင်းလုံးကြီးများအလား ဝမ်ချောင်၏ကိုယ်အတွင်း၌ လှည့်ပတ်စီးဆင်းနေပြီး ကမ္ဘာပျက်မတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီးများနှင့်အတူ

ဝုန်း... ဝုန်း!

အချိန်တိုလေးအတွင်းမှာပင် ရွှေရောင် တစ်ခုနှင့် အနီရောင် တစ်ခုရှိသော အလင်းလုံးကြီး နှစ်ခုမှာ ကြည်လင်သော လမင်းကြီး တစ်စင်းအလား တစ်ဖန် တောက်ပသော နေမင်းကြီး တစ်စင်းအလား ဝမ်ချောင်၏ ဝဲယာပခုံးနှစ်ဖက်ပေါ်၌ လျင်မြန်စွာ ပေါ်ထွက်လာတော့သည်။ ထိုနေမင်းနှင့်လမင်း နှစ်စင်းမှာ ဟင်းလင်းပြင်ကို လင်းထိန်စေလျက်၊ ၎င်းတို့အတွင်း၌ ကိန်းအောင်းနေသော စွမ်းအားများမှာလည်း အတိုင်းအဆမရှိ ကြီးမားလှပေသည်။

ထို နေမင်းနှင့်လမင်း နှစ်စင်း ပေါ်ထွက်လာမှုနှင့်အတူ ဝမ်ချောင်၏ ကိုယ်အတွင်းမှနေ၍ ပြင်းထန်လှသော စုပ်ယူမှု အင်အားတစ်ခု ရုတ်တရက် ပွင့်ထွက်လာခဲ့ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင် ပေပေါင်း ရာနှင့်ချီသော အတိုင်းအတာအတွင်းရှိ မြေအောက် အနီရောင် ချော်ရည်များမှာ လျင်မြန်စွာပင် ကျောက်သားများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ၎င်းတို့အတွင်းရှိ စွမ်းအင်များ အားလုံးမှာမူ ရှေးဦး ရှန်ထိုက်၏ ကိုယ်အတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားတော့သည်။

မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း

ရှေ့နောက် ခေတ္တ ခဏတာမျှသော အချိန်အတွင်းမှာပင် ရှေးဦး ရှန်ထိုက်သည် ဤ မိစ္ဆာလမ်းစဉ်၏ နံပါတ်တစ် ကျင့်စဉ်ကြီးကို အောင်မြင်မှု အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။

သိုင်းလမ်းစဉ် ကျင့်ကြံရာတွင် ကြုံတွေ့ရတတ်သော အဟန့်အတားများမှာမူ ရှေးဦးရှန်ထိုက်အတွက်မူ လုံးဝမရှိသကဲ့သို့ပင် ဖြစ်နေတော့သည်။

"အရမ်း အစွမ်းထက်တာပဲ။ ဒီအရည်အချင်းနဲ့တင်၊ ငါ့ကို အချိန်အနည်းငယ်လောက် ပေးမယ် ဆိုရင်တော့ ငါ သေချာပေါက် အဲဒီ ထိုက်ရှီကို တုန့်ပြန်နိုင်မှာပဲ"

ဝမ်ချောင်၏ မျက်ဝန်းများမှာ စူးရှသွားခဲ့ပြီး ရှေးဦး ရှန်ထိုက်၏ ကိုယ်ပေါ်မှနေ၍ အဆုံးမဲ့လှသော အလားအလာများကို သူ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

ရှန်ထိုက်၏ လက်ရှိ အင်အားမှာ အနုစိတ် အဆင့် အထက်အဆင့်မျှသာ ရှိနေသေးစေကာမူ ထိုနည်းတူစွာပင် ရှန်ထိုက်ထုတ်ဖော်လိုက်သော အရည်အချင်းမှာလည်း တစ်ပုံတောင် မရှိသေးပေ။ နောင်အနာဂတ်တွင် အလားအလာများ အားလုံးကို ထုတ်ဖော်နိုင်ခဲ့သည့် အခါတွင်မူ... ဤရှန်ထိုက်သည် မည်သည့် အဆင့်အထိ တိုးတက်လာမည်နည်း ဆိုသည်ကို ဝမ်ချောင်ကိုယ်တိုင်ပင် မသိရှိနိုင်ပေ။

"ပြန်ဖို့ အချိန်တန်ပြီ"

ရှေးဦး ရှန်ထိုက်ကို ရရှိသွားခဲ့ပြီ ဖြစ်သလို ရည်မှန်းချက်လည်း ပြည့်ဝသွားခဲ့ပြီ ဖြစ်ရာ ဝမ်ချောင်သည် စိတ်ထဲမှ အမိန့်ပေးလိုက်ပြီး ရှေးဦး ရှန်ထိုက်နှင့်အတူ မြေပြင်ပေါ်သို့ ပြန်လည်တက်လှမ်းရန် ပြင်လိုက်တော့သည်။

သို့သော်လည်း ထိုအချိန်၌ပင် ထူးဆန်းလှသော ခံစားချက်ကြီးတစ်ခုမှာ စိတ်နှလုံးအတွင်းမှနေ၍ ရုတ်တရက် ပေါ်ထွက်လာတော့သည်။

"ဟင်"

ဝမ်ချောင်၏ မျက်မှောင်များမှာ လှုပ်ခတ်သွားခဲ့ပြီး စိတ်ထဲတွင်လည်း များစွာ အံ့အားသင့်သွားရသည်။ ယခုအခိုက်အတန့်တွင် မဟာယင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အောင်မြင်စွာ ကျင့်ကြံပြီးနောက်တွင်မူ ရှေးဦး ရှန်ထိုက်၏အရည်အချင်းများ မြင့်တက်လာမှုကြောင့်လား မသိစေကာမူ ဝမ်ချောင်သည် မြေအောက် ပိုမိုနက်ရှိုင်းလှသော နေရာမှနေ၍ အခြားသော ထူးဆန်းလှသည့် အငွေ့အသက် နှစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်ခြင်းပင်။

ထိုအငွေ့အသက်နှစ်ခုမှာ အလွန်ပင် မထင်မရှား ရှိနေစေကာမူ အရေးအကြီးဆုံး အချက်မှာမူ ဝမ်ချောင်အနေဖြင့် ထိုအငွေ့အသက် နှစ်ခုမှာ ရှေးဦး ရှန်ထိုက်၏ အငွေ့အသက်များနှင့် အရင်းအမြစ် တစ်ခုတည်းမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ခံစားနေရသလို၊ သုံးဦးစလုံးအကြား၌လည်း မထင်မရှားသော ဆန်းကြယ်သည့် ဆက်နွယ်မှု တစ်ခု ရှိနေခြင်းပင် ဖြစ်တော့သည်။

"ဝုန်း!"

အနည်းငယ်မျှ တွန့်ဆုတ်နေခြင်း မရှိဘဲ၊ ဝမ်ချောင်၏ အရှိန်အဝါ ကြီးမားလှသော စိတ်ဝိညာဉ် စွမ်းအားများမှာ အရှိန်အဟုန်ဖြင့် ပွင့်ထွက်လာခဲ့ပြီး မြေအောက်မှ အာရုံခံမိသော ထိုအငွေ့အသက်နှစ်ခုရှိရာ အရပ်ဆီသို့ အလင်းတန်း တစ်ခုအလား လျင်မြန်စွာ စီးဝင်သွားတော့သည်။

ဝမ်ချောင်အနေဖြင့် ဤကိုယ်ပွားကို စုပ်ယူပြုပြင်နိုင်ခဲ့ပြီဖြစ်ရာ ၎င်းမှာ ခန္ဓာကိုယ် အသစ်တစ်ခုကို ပြန်လည်ပိုင်ဆိုင်လိုက်ရသကဲ့သို့ပင် ဖြစ်သဖြင့် ယခင်ကကဲ့သို့ ယွမ်ရှန်း ပုံစံအတွင်း၌သာ ကန့်သတ်မနေတော့ပေ။

ခေတ္တမျှ ကြာမြင့်ပြီးနောက်တွင်မူ ရှေးဦး ရှန်ထိုက်၏ အောက်ခြေ၊ ပေပေါင်း တစ်သောင်း ငါးထောင် မှ တစ်သောင်း ရှစ်ထောင်ခန့် ဝေးကွာသော နေရာ၌ ဝမ်ချောင်သည် ထိုလျှို့ဝှက်ဆန်းပြားလှသော အငွေ့အသက်နှစ်ခုကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။

"ဒါဟာ..."

စိတ်ဝိညာဉ် စွမ်းအားများ ထိတွေ့လိုက်ရသည့် ခဏ၌ ဝမ်ချောင်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

နောက်တစ်ခဏတွင်မူ အလင်းတန်း တစ်ခု ဝင်းခနဲ ပေါ်လာပြီးနောက်၊ ဝမ်ချောင်သည် မူလနေရာမှနေ၍ တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားခဲ့ပြီး နောက်တစ်ဖန် ပြန်လည် ပေါ်ထွက်လာသည့်အခါတွင်မူ ပေပေါင်း တစ်သောင်း ငါးထောင်ကျော် ပိုမိုနက်ရှိုင်းလှသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရှန်ထိုက်။

ထို့ပြင် နောက်ထပ် ရှန်ထိုက်နှစ်ခု။

မိမိ၏ ရှေ့မှောက်ရှိ အခြားသော ရှန်ထိုက်နှစ်ခုကို ကြည့်ရင်း ဝမ်ချောင်၏ မျက်နှာပေါ်၌ မယုံကြည်နိုင်သော အမူအရာများဖြင့် ပြည့်နှက်နေပေသည်။

ဝမ်ချောင်၏ ရှေ့မှောက်၊ မြေအောက် အနက်ရှိုင်းဆုံး နေရာ၌မူ မထင်မှတ်ဘဲ နောက်ထပ် ရှန်ထိုက်နှစ်ခုမှာ လဲလျောင်းနေခဲ့ခြင်းဖြစ်ရာ တစ်ခုမှာ ရွှေရောင် ရှိသလို၊ အခြား တစ်ခုမှာမူ အနီရောင် ရှိနေပေသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

တိုးပွားလာသော ရှန်ထိုက်နှစ်ခုကို ကြည့်ရင်း၊ ဝမ်ချောင်၏ စိတ်နှလုံးအတွင်း၌ အတွေးများမှာ လှိုင်းများအလား တစ်ခုပြီးတစ်ခု ဖြတ်ပြေးနေသဖြင့်၊ ခဏချင်းအတွင်းမှာပင် အတိုင်းအဆမရှိသော လှိုင်းလုံးကြီးများ ပွင့်ထွက်သွားတော့သည်။

ဟေးယန့်တောင်၏ မြေအောက်ထဲမှာ ရှန်ထိုက်သုံးခု ရှိနေသည်ဟူသော အကြောင်းကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။ အတိတ် ဘဝတုန်းက တိုက်ပွဲများ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့ပြီး ရှန်ကျိုးမြေ ပြိုကွဲပျက်စီးခဲ့သည့် အချိန်၌ပင်၊ အခြားသော ရှန်ထိုက်နှစ်ခု ရှိနေသေးသည်ဟူသော သတင်းကိုလည်း တစ်ခါမှ မကြားခဲ့ရပေ။

မိမိ၏ရှေ့မှောက်ရှိ အရာအားလုံးမှာ၊ ဝမ်ချောင်၏ အသိအမြင်များကို လုံးဝ ချေမှုန်းပစ်လိုက်ခြင်းပင် ဖြစ်တော့သည်။

"လွန်ခဲ့တဲ့ ဘဝတုန်းက အခြားကမ္ဘာမှ ကျူးကျော်သူတွေ ဝင်ရောက်လာပြီးတော့ ကမ္ဘာလောကရဲ့ အစဦး အနှစ်သာရတွေ ပျက်စီးသွားကာ ကမ္ဘာကြီး ပြိုလဲခဲ့တဲ့ အချိန်မှာ မြေအောက်က အနီရောင် ချော်ရည်တွေက တိုက်ဆိုင်မှု တစ်ခုကြောင့် ရှန်ထိုက်တစ်ခုကိုပဲ မြေပြင်ပေါ်ကို တွန်းထုတ်ပေးနိုင်ခဲ့တာလား။ ကျန်တဲ့ ရှန်ထိုက်နှစ်ခုကတော့ မြေအောက်ထဲမှာပဲ ဆက်ပြီးပုန်းအောင်းနေခဲ့တာကြောင့် မြေပြင်ပေါ်ကို မရောက်လာနိုင်ခဲ့တာလား"

ဝမ်ချောင်သည် စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်မိသည်။

ပြန်လည်စဉ်းစားကြည့်မည်ဆိုပါကမူ အတိုင်းအဆမရှိသော အံ့သြမှုများကို ခံစားရစေကာမူ ၎င်းမှာ အရှိဆုံးသော အဖြေ ဖြစ်နိုင်ပုံရပေသည်။

ရှန်ထိုက်များ၏ ကိုယ်ပြင်ပတွင်မူ ပိတ်လှောင်မှုများဖြင့် ကာကွယ်ထားခြင်း ဖြစ်ရာ ဤရှန်ထိုက်နှစ်ခု၏ ပိတ်လှောင်မှုများမှာမူ အငွေ့အသက်များကို ဖုံးကွယ်ထားနိုင်သော အရည်အချင်းများ သေချာပေါက် ရှိနေမည် ဖြစ်သည်။ အကယ်၍သာ ဝမ်ချောင်အနေဖြင့် ရှန်ထိုက်တစ်ခုကို အမှတ်မထင် စုပ်ယူ ပြုပြင်နိုင်ခဲ့ခြင်း မရှိပါက၊ ထို့ပြင် ၎င်းတို့အကြားရှိ ဆက်နွယ်မှုမှတစ်ဆင့် အာရုံခံမိခြင်း မရှိပါကမူ နောက်ဆုံး အချိန်အထိ ဤရှန်ထိုက်နှစ်ခုကို မည်သူမျှ ရှာဖွေတွေ့ရှိနိုင်ကြလိမ့်မည် မဟုတ်ပေ။

"ဟင်း.. တကယ်ကို ကောင်းတာပဲ၊ ဒါဆိုရင်တော့ ငါ့ရဲ့အာမခံချက်က ပိုပြီးတော့တောင် ကြီးမားသွားပြီပေါ့"

ဝမ်ချောင်သည် အနည်းငယ် အံ့အားသင့်သွားရစေကာမူ များစွာ တွန့်ဆုတ်နေခြင်း မရှိဘဲ၊ နောက်တစ်ခဏ၌ ဝမ်ချောင်သည် ယခင်နည်းလမ်းအတိုင်းပင် တိုးပွားလာသော ဤရွှေရောင်နှင့် အနီရောင် ရှိသည့် ရှန်ထိုက်နှစ်ခုကိုလည်း အောင်မြင်စွာပင် တစ်ပါတည်း စုပ်ယူပြုပြင်လိုက်တော့သည်။

"ဝုန်း"

အရာရာကို ပြီးဆုံးအောင် လုပ်ဆောင်ပြီးနောက်တွင်မူ ဝမ်ချောင်သည် တွန့်ဆုတ်ခြင်း မရှိဘဲ ရှေးဦး ရှန်ထိုက်သုံးခုလုံးကို ဦးဆောင်လျက် မြေပြင်ကို ဖောက်ထွက်လိုက်ပြီး ဟင်းလင်းပြင်ပေါင်း များစွာကို ဖြတ်ကျော်ကာ မြေပြင်ရှိရာဘက်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။

အချိန်များမှာ တဖြည်းဖြည်းနှင့် ကုန်လွန်သွားခဲ့ပြီဖြစ်ရာ ဝမ်ချောင်၏ ယနေ့ခေတ် ကျင့်စဉ် အဆင့်ဖြင့်မူ ရှန်ထိုက်သုံးခုကို ရရှိပြီးနောက်တွင်မူ အကယ်၍ တမင်တကာ ဖုံးကွယ်လိုမည် ဆိုပါကမူ မည်သူတစ်ဦးတစ်ယောက်မျှ ရှာဖွေတွေ့ရှိရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။

ထို့အပြင် ရှန်ထိုက်သုံးခုမှာ စွမ်းအားများ အလွန်ကြီးမားလှသလို၊ ဝိညာဉ် စွမ်းအင်များမှာလည်း ကမ္ဘာပျက်မတတ် ပြင်းထန်လှသဖြင့် မိုင်ပေါင်း ရာချီ ဝေးကွာသော နေရာမှပင် ရှာဖွေတွေ့ရှိနိုင်စေကာမူ ဝမ်ချောင်၏ လက်ရှိ ကျင့်စဉ် အဆင့်ဖြင့်မူ စုပ်ယူပြုပြင်ပြီးသည့် နောက်တွင်မူ မည်သည့်အငွေ့အသက်မျှ အပြင်ဘက်သို့ ပေါက်ကြားသွားလိမ့်မည် မဟုတ်ပေ။ ထို့ထက် ပိုမို၍ ၎င်းတို့အနက် ရှန်ထိုက်နှစ်ခုမှာ အငွေ့အသက် ဖုံးကွယ်နိုင်သော အရည်အချင်းများကိုပင် ပိုင်ဆိုင်ထားကြသေးသည်။

ရက်အနည်းငယ် ကြာမြင့်ပြီးနောက်တွင်မူ

"ဝုန်း"

ညဉ့်မှောင်စ အချိန်တွင် ဝမ်ချောင်သည် ဟင်းလင်းပြင်ထက်သို့ တက်လှမ်းသွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ရှန်ထိုက်သုံးခုလုံးကို ထိန်းချုပ်လျက် မြို့တော်၏ အကာအကွယ် ပေါ်၌ အပေါက်ငယ်တစ်ခုကို ဖောက်လိုက်ကာ ရှန်ထိုက်သုံးခုလုံးကို ဦးဆောင်လျက် အတွင်းသို့ ဝင်ရောက်သွားခဲ့ရာ ချီရွှယ်ဟွေ့အန့် အရည်အချင်း လုံးဝသက်တမ်းမကုန်ဆုံးမီမှာပင် နောက်ဆုံး၌ မြို့တော်အတွင်းသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်သလို မည်သူတစ်ဦးတစ်ယောက်၏ အာရုံစိုက်မှုကိုမျှလည်း ခံခဲ့ရခြင်း မရှိပေ။

"ဝူး!"

အခြားတစ်ဖက်တွင်မူ ပုံရိပ်တစ်ခုမှာ ဟင်းလင်းပြင်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ဟင်းလင်းပြင်ထက်၌ ထိုက်ရှီသည် တစ်စုံတစ်ခုကို မထင်မရှား ရိပ်မိသွားပုံရသဖြင့်၊ ဝမ်ချောင်ပြန်လည် ရောက်ရှိသွားသော နေရာဆီသို့ တစ်ချက် လှမ်းကြည့်လိုက်သော်လည်း နောက်ဆုံးတွင်မူ မည်သည့်အရာကိုမျှ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိခဲ့ပေ။

သူ၏ခန္ဓာကိုယ်မှာ တစ်ချက် လှုပ်ခတ်သွားခဲ့ပြီးနောက် ညဉ့်အမှောင်အတွင်း၌ တစ်ဖန် ပြန်လည်ပျောက်ကွယ်သွားတော့သည်။

ရှန်ထိုက်သုံးခုလုံး၏ ကိစ္စမှာ အလွန်ပင် လျှို့ဝှက်လှပေသည်။ လေဟာနယ်အဆင့်ကို အစစ်အမှန် မထိုးဖောက်နိုင်သေးမီ အချိန်အထိမူ ဝမ်ချောင်အနေဖြင့် မည်သူ့ကိုမျှ သိရှိစေရန် အစီအစဉ် မရှိပေ။

ရှေးဦးစွာ ရရှိခဲ့သော ပထမ ရှန်ထိုက်၏ တုတွမ့်အရည်အချင်းကို အသုံးချ၍ ဝမ်ချောင်သည် ရှန်ထိုက်သုံးခုလုံးကို မျိုးနွယ်ခြားဘုရင် အိမ်တော်၏ မြေအောက်အနက်ပိုင်းသို့ နစ်မြုပ်စေခဲ့ပြီးနောက် အိမ်တော်၏ မြေအောက်၌သာ တိတ်တဆိတ် ကျင့်ကြံနေတော့သည်။

ရှန်ထိုက်သုံးခုလုံး၏ ကိုယ်အတွင်း၌မူ စုပ်ယူ ပြုပြင်ခြင်း မရှိသေးသော အရှိန်အဝါ ကြီးမားလှသည့် အဆင့်မြင့် စကြာဝဠာ စွမ်းအင်များဖြင့် ပြည့်နှက်နေခြင်းဖြစ်ရာ မြေအောက်၌ ရှိနေစေကာမူ စုပ်ယူ ပြုပြင်ခြင်းဖြစ်စဉ်အပေါ် မည်သည့် သက်ရောက်မှုမျှ ရှိလိမ့်မည် မဟုတ်ပေ။

အချိန်များမှာ တဖြည်းဖြည်းနှင့် ကုန်လွန်သွားခဲ့သည်။ ဝမ်ချောင်ဟေးယန့်တောင်ဆီသို့ သွားရောက်၍ ရှန်ထိုက်များကို ရှာဖွေခဲ့သည့် ကိစ္စမှာလည်း ရေပူဖောင်းလေး တစ်ခုအလား ဖြစ်သွားခဲ့ပြီး မည်သူမျှ မသိရှိခဲ့ကြပေ။

ဝမ်ချောင်သည် သိုင်းပညာအတွင်း၌ စိတ်နှစ်ထားလျက်၊ လေဟာနယ်အဆင့်သို့ တက်လှမ်းရန် အစွမ်းကုန် ကြိုးစားနေစဉ်အတွင်းမှာပင်၊ မဟာထန်အင်ပါယာ၏ နန်းတွင်းအတွင်း၌လည်း၊ တဖြည်းဖြည်းနှင့် အပြောင်းအလဲ အချို့ ဖြစ်ပေါ်လာတော့သည်။

ရက်အနည်းငယ် ကြာမြင့်ပြီးနောက်တွင်မူ မဟာထန် အင်ပါယာ၏ ဧကရာဇ်သစ်အဖြစ် တရားဝင် ဖြစ်လာခဲ့သလို၊ နန်းတွင်းရေးရာများကိုလည်း အပြည့်အဝ တာဝန်ယူထားသည့် လီဟန်သည် နန်းတက်ပြီးနောက်တွင်မူ ဝမ်ချောင်ကို ပထမဦးဆုံးအကြိမ်အဖြစ် ဆင့်ခေါ်လိုက်တော့သည်။

နန်းတော်အတွင်းရှိ နန်းဆောင်တစ်ခုအတွင်း၌မူ မီးရောင်များမှာ လင်းထိန်နေပေသည်၊ လီဟန်သည် ဧကရာဇ် ဝတ်စုံကို ဆင်ယင်လျက်၊ ဦးခေါင်း၌ ဧကရာဇ်သရဖူကို ဆောင်းနှင်းထားကာ၊ အထက်ဘက်ရှိ ပလ္လင်တော်ပေါ်၌ မြင့်မားစွာ ထိုင်နေပေသည်။

ဤမျှလောက်သော အချိန်တိုလေးအတွင်းမှာပင် လီဟန်သည် သူ၏ရာထူး အဆင့်အတန်းနှင့် အပြည့်အဝ အသားကျသွားခဲ့ပြီ ဖြစ်သည်။ ထိုငယ်ရွယ်လှသော မျက်နှာပေါ်၌မူ ရင့်ကျက်မှု၊ တည်ငြိမ်မှုများနှင့်အတူ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများမှာလည်း ပေါ်ထွက်နေသလို၊ တစ်ချိန်တည်းမှာပင် အရုဏ်ဦး နေမင်းကြီးအလား တိုးတက်လိုစိတ် ပြည့်နှက်နေသော အငွေ့အသက်များလည်း ပျံ့နှံ့နေပေသည်။ တစ်ချိန်က ရှိခဲ့သော ဝေဝါးနေသည့် အိမ်ရှေ့မင်းသား လီဟန်မှာမူ ယခုအခါ၌ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

နန်းဆောင်၏ ဝဲယာနှစ်ဖက်တွင်မူ ကျန်းချိုးကျန့်ချုံး၊ စုန့်ဘုရင်၊ မင်းဆရာကြီး (ထိုက်ရှီ)၊ မင်းဆရာကြီး (ထိုက်ဖူ)၊ ဖုန်းယန် ဗိုလ်ချုပ်ကြီး၊ ထုံလော့ ဗိုလ်ချုပ်ကြီး အာပုစစ် ၊ မင်းဆရာ ဝမ်ကျုံးစစ်၊ ဝမ်ချောင်၏ အကြီးဆုံး ဦးလေးဖြစ်သူ ဝမ်ကန်နှင့် ယောင်ကွမ်းယီစသည့် ပုဂ္ဂိုလ်များ အားလုံးမှာ စုဝေးရောက်ရှိနေကြသော်လည်း၊ မူလက လက်ယာဘက် အမတ်ချုပ်ကြီး ဖြစ်သော လီလင်ဖူကိုမူ မတွေ့ရတော့ပေ။

သူတော်စင်ဧကရာဇ်လက်ထက်အတွင်း၌မူ တစ်ဘဝလုံး အမတ်ချုပ်ကြီးအဖြစ် နေထိုင်ခဲ့သလို၊ နှုတ်ချိုသော်လည်း စိတ်ကြမ်းသူဖြစ်ကာ၊ အတွေးအခေါ် အလွန် နက်ရှိုင်းလှသော လီလင်ဖူမှာမူ ဧကရာဇ်သစ် လီဟန်၏ခေတ်ကာလသို့ ရောက်ရှိလာသည့် အခါတွင်မူ သူ၏အာဏာများမှာ လုံးဝဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

လီလင်ဖူသည် တစ်လောကလုံးရှိ လူသားများကို လှည့်စားထားနိုင်ခဲ့စေကာမူ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်၊ သူတော်စင်ဧကရာဇ်နတ်ရွာစံသွားသည့် အခါတွင်မူ ဤ "တစ်လောကလုံး ကျော်ကြားသော" ထူးချွန်သည့် အမတ်ချုပ်ကြီး မှာလည်း နောက်ဆုံးတွင်မူ သူ၏ဖုံးကွယ်ထားမှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ပေ။

လက်ရှိတွင် လီဟန်အနေဖြင့်၊ သူ့ကို ရာထူးမှ မဖယ်ရှားသေးခြင်းမှာလည်း၊ မိမိ ယခုမှ နန်းတက်ခြင်း ဖြစ်သလို၊ သူတော်စင်ဧကရာဇ်၏ မျက်နှာကို ထောက်ထားသောကြောင့်သာ ထိုသို့ မလုပ်ဆောင်သေးခြင်း ဖြစ်သည်။

လီလင်ဖူဘက်၌လည်း၊ အခြေအနေများမှာ မိမိဘက်၌ မရှိတော့ကြောင်းကို ကောင်းစွာ သိရှိထားသည်။ မည်သို့ပင်ဆိုစေကာမူ လီဟန်အနေဖြင့် သူ့ကို ထပ်မံ၍ အလေးပေးလိမ့်မည် မဟုတ်ပေ။ သူ ယခု အခိုက်အတန့်တွင် လုပ်ဆောင်နိုင်သော တစ်ခုတည်းသော အရာမှာမူ မည်သည့် စကားမျှ မဆိုဘဲ၊ အမှားအယွင်းများကို အစွမ်းကုန် ရှောင်ရှားလျက်၊ လီဟန်အား မိမိကို အပြစ်ပေးရန် အခွင့်အရေး မပေးဘဲ၊ အမတ်ချုပ်ကြီးဟူသော အမည်ခံ ရာထူးကိုသာ တင်းတင်း ဆုပ်ကိုင်ထားရန်သာ ရှိတော့သည်။

သူ၏ဘဝတစ်ဝက်ကျော်ရှိ အတွေးများမှာမူ မိမိ၏ အမတ်ချုပ်ကြီး ရာထူးကို မည်သို့ ထိန်းသိမ်းရမည်နည်း ဆိုသည်နှင့်၊ အခြားသူများ မိမိ၏ ရာထူးကို မခြိမ်းခြောက်နိုင်အောင် မည်သို့ လုပ်ဆောင်ရမည်နည်း ဆိုသည့် အချက်များအပေါ်၌သာ အသုံးချခဲ့ခြင်း ဖြစ်ရာ ၎င်းမှာ သူ၏ရှင်သန်နေထိုင်မှုအတွက် အဓိက အနှစ်သာရ ဖြစ်နေခဲ့ခြင်းပင်။

"အမတ်ကြီးတို့ တော်ဝင်အစောင့်တပ်ဆီက ရောက်လာတဲ့ သတင်းတွေကိုတော့ အားလုံး မြင်တွေ့ပြီးကြပြီ ထင်ပါတယ်"

ယခု အခိုက်အတန့်တွင်၊ အရှိန်အဝါ ကြီးမားလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး နန်းဆောင်အထက်တွင် လီဟန် သည် နောက်ဆုံး၌ စကားစလိုက်ခြင်း ဖြစ်သည်။

သူ၏အမူအရာမှာ ခန့်ညားထည်ဝါလှသလို၊ အကြည့်များအတွင်း၌လည်း အရှိန်အဝါများ ပြည့်နှက်နေပေသည်။

"အန်းယာလုရှန်းဆိုတဲ့ အဲဒီလူဟာ မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ကွယ်ဝှက်ထားသူပဲ၊ တိုင်းနိုင်ငံပေါင်းစုံ ပွဲတော်တုန်းက သူဟာ တကယ့်ကို ရဲတင်းလွန်းလှတယ်၊ သူတော်စင်ဧကရာဇ်နဲ့ စစ်ဘက်၊ အရပ်ဘက် အမတ်ကြီးတွေရဲ့ ရှေ့မှောက်မှာတင်၊ မိစ္ဆာ မဟာအစီအရင်တွေကို တည်ဆောက်ပြီးတော့ နဂါးအငွေ့အသက် (လုံချီ) တွေကို ခိုးယူဖို့ ကြိုးစားခဲ့တာပဲ၊ ဒါဟာ တကယ်ကို ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်မှုကြီး တစ်ခုပဲ။ ငါ့အနေနဲ့ အခု အချိန်မှာ တစ်လောကလုံးက ကိစ္စတွေကို စိုးရိမ်နေတာ မဟုတ်ဘဲ၊ ဒီ အန်းယာလုရှန်းတစ်ယောက်တည်းကိုပဲ စိုးရိမ်မိတာပါ။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်၊ ဒီလိုမျိုး တိုင်းပြည်ကို ပုန်ကန်မယ့် သူပုန်မျိုးကိုတော့ ငါ့အနေနဲ့ သေချာပေါက် သတ်ပစ်ရမယ်!"

လီဟန်က လေးနက်စွာ ဆိုလိုက်သည်။

နန်းဆောင်အတွင်း၌မူ စုန့်ဘုရင်နှင့် ကျန်းချိုးကျန့်ချုံးတို့မှာ ဝမ်ချောင်နှင့် ဆက်ဆံရေးကြောင့်၊ ဤအကြောင်းများကို အစောကတည်းက သိရှိထားကြစေကာမူ အခြားသော သူများမှာမူ ထိုစကားကို ကြားလိုက်ရသည့်အခါ၊ သူတို့၏ လက်ထဲရှိ တော်ဝင်အစောင့်တပ်များ စုဆောင်းထားသော လျှို့ဝှက် မှတ်တမ်းများကို တစ်ဖန် ပြန်လည်ကြည့်ရှုလိုက်ကြရင်း၊ တစ်ဦးချင်းစီတိုင်းမှာ မျက်မှောင်များ ကြုတ်သွားကြတော့သည်။

တိုင်းနိုင်ငံပေါင်းစုံ ပွဲတော်အတွင်း၌မူ အန်းယာလုရှန်းသည် အရှေ့မြောက်ဘက်ရှိ အောင်ပွဲကြီး နှစ်ခုကို အခြေခံ၍ တစ်ခုလုံးသော ပွဲတော်အတွင်း၌ သံသယဖြစ်ဖွယ် မရှိသော အတောက်ပဆုံး ကြယ်ပွင့်တစ်ပွင့် ဖြစ်လာခဲ့သလို၊ သူသည် ဝဝပုပုနှင့် အနည်းငယ် အူကြောင်ကြောင် ပုံစံမျိုး ပေါက်နေသဖြင့်၊ နန်းတွင်းအပြင်အပရှိ အမတ်ကြီး အမြောက်အမြားမှာ သူ့ကို စိတ်ဝင်စားဖွယ်ကောင်းသော လူပြက်တစ်ဦး သို့မဟုတ် ထူးခြားသော အခြားမျိုးနွယ် တစ်ဦးအဖြစ်သာ သတ်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း ဘာပဲဖြစ်ဖြစ်၊ မည်သူတစ်ဦးတစ်ယောက်မျှ အန်းယာလုရှန်းကို ခြိမ်းခြောက်မှုကြီး တစ်ခုအဖြစ် မယူဆခဲ့ကြပေ။

သို့သော်လည်း တော်ဝင်အစောင့်တပ်များ၏ လက်ထဲရှိ အချက်အလက်များမှာမူ လုံးဝ ထိုသို့ မဟုတ်သည်မှာ ထင်ရှားလှပေသည်။

*****

အခန်း (၂၀၅၉) အန်းယာလုရှန်းအား ကိုင်တွယ်မည့် နည်းဗျူဟာ

ကျန်းရှို့ကွေး၏ လက်ထက်တွင်မူ ယိုကျိုးစစ်တပ်သည် ဥပဒေနှင့် စည်းကမ်းများကို လျစ်လျူရှုကာ ကိုယ်ပိုင် ဒင်္ဂါးပြားများ သွန်းလုပ်ခဲ့ကြစေကာမူ နောက်ဆုံးတွင်မူ တစ်စုံတစ်ရာသော အတိုင်းအတာအထိ စိုးရိမ်ပူပန်မှုများ ရှိနေခဲ့ကြသဖြင့်၊ အပြင်ပန်းတွင်မူ အနည်းငယ် ဖုံးကွယ်ထားခဲ့ကြရသလို၊ အမြဲတမ်းလည်း ထိန်းထိန်းသိမ်းသိမ်း ရှိခဲ့ကြရာ ရာဇဝတ်မှု စစ်ဆေးရေး အရာရှိများ၏ စွဲချက်တင်မှုကို ရှောင်လွှဲနိုင်ရန်အတွက် အလွန်အကျွံ မလုပ်ဆောင်ခဲ့ကြပေ။

သို့သော်လည်း အန်းယာလုရှန်း၏ယိုကျိုးစစ်တပ်သည် အရှေ့မြောက်ဘက် အရပ်တွင် စစ်သည်များကို အကြီးအကျယ် စုဆောင်းနေပြီး ယိုကျိုး ဒေသခံ စစ်သည်များကိုသာမကဘဲ၊ နယ်စပ်ဒေသရှိ ဟူလူမျိုးများ၊ တာ့ခ်များ၊ ရှီလူမျိုးများနှင့် ခီတန်လူမျိုးများကိုပါ စုဆောင်းနေခြင်း ဖြစ်သည်။

၁၂ ခုအထိ ရှိနေပြီ ဖြစ်ကာ၊ လက်နက်တိုက် တစ်ခုချင်းစီ၏ ပတ်ဝန်းကျင်တွင်လည်း စစ်တပ်ကြီးများဖြင့် အထပ်ထပ် အခိုင်အမာ စောင့်ကြပ်ထားသဖြင့် ပြင်ပလူများအနေဖြင့် လွယ်လွယ်နှင့် ချဉ်းကပ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ဤကဲ့သို့သော သတင်း အချက်အလက်များကို စုဆောင်းနိုင်ရန်အတွက်၊ တော်ဝင်အစောင့်တပ်သား အမြောက်အမြားပင်လျှင် အသက်ပေးခဲ့ကြရပြီ ဖြစ်သည်။

ယခု အချိန်အထိမူ အန်းယာလုရှန်းသည် အရပ်ရပ်သော နိုင်ငံများနှင့် ပြည်တွင်း အရပ်ဒေသများမှနေ၍ သံနှင့် သံမဏိများကို အကြီးအကျယ် ဝယ်ယူနေဆဲ ဖြစ်ကာ၊ ၎င်း၏ ပမာဏမှာလည်း ယခင်ကထက် ဆယ်ဆမက ရှိနေခြင်းဖြစ်ရာ ပုံမှန် လိုအပ်ချက်များထက် များစွာ ကျော်လွန်နေပြီ ဖြစ်သည်။

ဤကဲ့သို့သော လက္ခဏာရပ်များ အားလုံးကို ပေါင်းစပ်ကြည့်လိုက်သည့် အခါတွင်မူ ၎င်းမှာ သိသိသာသာကိုပင် တိုင်းပြည်ကို ပုန်ကန်ရန် ကြံစည်နေခြင်းပင် ဖြစ်တော့သည်!

"အရှင်မင်းကြီး အန်းယာလုရှန်းက အခုထိ မြို့တော်ကို လာဖို့အတွက် ငြင်းဆန်နေတုန်းပဲလား"

ယခုအခိုက်အတန့်တွင် နန်းဆောင်အတွင်း၌ မင်းဆရာကြီး(ထိုက်ရှီ)က စကားစလိုက်သည်။

သူ၏မျက်မှောင်များမှာ အသာအယာ တွန့်ချိုးနေလျက်၊ တစ်စုံတစ်ခုကို စဉ်းစားနေပုံရပေသည်။ အန်းယာလုရှန်းသည် အရှေ့မြောက်ဘက်၏ နယ်စားမင်းကြီးဖြစ်သလို၊ အင်ပါယာ၏ အရေးပါသော အမတ်ကြီးလည်း ဖြစ်ပေသည်။ ထို့ပြင် ဆက်တိုက်ဆိုသလို အောင်ပွဲကြီးနှစ်ခုကိုလည်း တည်ဆောက်ခဲ့သူဖြစ်ရာ ကိစ္စရပ်များမှာ အစစ်အမှန် ပေါ်ထွက်မလာသေးမီနှင့် ပိုမိုခိုင်လုံသော သက်သေများ မရရှိသေးမီမှာမူ အဘိုးအို ဆရာကြီး (ထိုက်ရှီ)အနေဖြင့် အလွန်ပင် သတိကြီးစွာ ထားရှိနေခြင်း ဖြစ်သည်။

"အင်း"

အဘိုးအို ဆရာကြီး၏ စကားကို ကြားလိုက်ရသည့်အခါ လီဟန်၏ အမူအရာမှာ အနည်းငယ် အေးစက်သွားခဲ့ပြီး မျက်မှောင်များကြား၌လည်း မည်းမှောင်လှသော အရိပ်အယောင်များ ဖြတ်သန်းသွားတော့သည်။

"ဒီလို တိုင်းပြည် ပုန်ကန်မယ့် သူပုန်ဟာ ဂိုဂူလျောကို အကြောင်းပြချက် လုပ်ပြီးတော့ မြို့တော်ကို လာဖို့ ငြင်းဆန်နေတာပဲ။ ပြီးတော့ သူက အရင်တုန်းက အောင်ပွဲကြီးတွေကိုလည်း တည်ဆောက်ခဲ့တာ ဖြစ်လို့ ငါ ကိုယ်တိုင်တောင် သူ့ကို ဘာမှ လုပ်လို့ မရသေးဘူး ဖြစ်နေတယ်!"

စကားအဆုံးတွင်မူ လီဟန်၏ မျက်ဝန်းအတွင်း၌ နာကျည်းလှသော ဒေါသအရိပ်အယောင်များ ထင်ဟပ်နေပေသည်။

လီဟန် ဧကရာဇ်သစ်အဖြစ် နန်းတက်ပွဲ အခမ်းအနား ကျင်းပသည့်နေ့တွင်မူ တစ်ခုလုံးသော အင်ပါယာ၏ အရေးပါသော အမတ်ကြီးများမှာ မြို့တော်ဆီသို့ တညီတညွတ်တည်း စုဝေးရောက်ရှိခဲ့ကြပြီး ဤအရေးကြီးလှသော အခိုက်အတန့်ကို ဂုဏ်ပြုခဲ့ကြစေကာမူ အန်းယာလုရှန်းတစ်ဦးတည်းသာလျှင် အရှေ့ဘက်၌ ဂိုဂူလျောအင်ပါယာ ရှိနေသဖြင့်၊ ဂိုဂူလျောကို ကာကွယ်ရန် လိုအပ်သည်ဟူသော အကြောင်းပြချက်ကို အသုံးပြု၍ အကြိမ်ကြိမ် လှည့်စားကာ မြို့တော်သို့ လာရောက်ရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

လီဟန်အနေဖြင့် အန်းယာလုရှန်းတွင် ပုန်ကန်လိုသောစိတ်များ ရှိနေသည်ကို အသေအချာ သိရှိထားသလို၊ သူသည် ကျန်းရှို့ကွေးကို လုပ်ကြံခဲ့သည်ကိုလည်း သိရှိထားစေကာမူ အန်းယာလုရှန်းသည် ယိုကျိုးဒေသ၌သာ ပုန်းအောင်းနေလျက်၊ ယွန်းဂျယ်စိုးမွန်းနှင့် ဂိုဂူလျောတို့ကို အကြောင်းပြချက်အဖြစ် အမြဲတမ်း အသုံးချနေသရွေ့တော့ လီဟန်အနေဖြင့် သူ့ကို ကိုင်တွယ်ရန်အတွက် မည်သို့မျှ နည်းလမ်း မရှိဘဲ ဖြစ်နေတော့သည်။

"အရှင်မင်းကြီး ကျွန်တော်မျိုးအမတ်မင်းအနေနဲ့ ယူဆတာကတော့ အန်းယာလုရှန်းနဲ့ ပတ်သက်ရင်တော့ အားနာနေဖို့ မလိုပါဘူး။ သူ့ရဲ့ အန်းတုန် နယ်စားမင်းကြီးရာထူးဆိုတာလည်း မမှန်မကန်တဲ့ နည်းလမ်းနဲ့ ရထားတာပါ၊ သူ ကို ယိုကျိုးမှာ အင်အားကြီးလာအောင် လွှတ်ထားပြီးတော့ အင်ပါယာရဲ့ဘေးအန္တရာယ် ဖြစ်လာစေမယ့်အစား သူ့ရဲ့ အတောင်ပံတွေ မစုံသေးခင် သူ သေသေချာချာ မပြင်ဆင်ရသေးခင်မှာပဲ ဦးဆောင်တိုက်ခိုက်ပြီးတော့ သူ့ကို အမြစ်ပြတ် ချေမှုန်းပစ်လိုက်တာက ပိုပြီးတော့ ကောင်းပါတယ်။ ကျားကို မွေးပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြဿနာ မရှာသင့်ပါဘူး"

တည်ကြည်ကာ ဟိန်းထွက်နေသည့် အသံတစ်ခုမှာ လူတိုင်း၏နားထဲသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။ စစ်ဘက်ရေးရာ အမတ်ချုပ်ကြီး ကျန်းချိုးကျန့်ချုံးသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလာခဲ့ပြီး နန်းဆောင်အထက်ရှိ လီဟန်ကို ဂါရဝပြုလိုက်ပြီးနောက်၊ ခေါင်းကို မော့ကြည့်ကာ လူတိုင်းကို တစ်ချက် ဝေ့ကြည့်လျက် ပြတ်သားစွာ ဆိုလိုက်ခြင်း ဖြစ်သည်။

ကျန်းချိုးကျန့်ချုံးကို အင်ပါယာ၏ ကျားကြီးဟု တင်စားခေါ်ဆိုကြပေသည်။ သူသည် နန်းတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် အရပ်ရပ်သော နန်းတွင်း အားပြိုင်မှုများနှင့် နိုင်ငံရေး ဖြစ်ရပ်များအတွင်း၌ အလွန်ပင် သတိကြီးစွာ ထားရှိခဲ့သဖြင့် မည်သည့်အမှားအယွင်းမှ မရှိစေရန်အတွက် စကားများကို များစွာမဆိုခဲ့ဖူးစေကာမူ စစ်ရေးနှင့် ပတ်သက်လာလျှင်မူ ဤအင်ပါယာ၏ ကျားကြီးမှာ အမြဲတမ်းပင် တက်ကြွလှသော စိတ်ဆန္ဒများဖြင့် ဦးဆောင်တိုက်ခိုက်ရန်နှင့် ရှေ့တန်းစစ်မျက်နှာပြင်တွင် ရန်သူကို အပြတ်အသတ် ချေမှုန်းရန်သာ ဆန္ဒရှိနေသူ ဖြစ်သည်။

တိုက်စစ်ဆင်ခြင်းမှာသာလျှင် အကောင်းဆုံးသော ကာကွယ်မှုပင် ဖြစ်သည်။

၎င်းမှာ သူတော်စင်ဧကရာဇ် ခေတ်ကာလက စစ်သူကြီးများ အားလုံး တညီတညွတ်တည်း ဆုပ်ကိုင်ထားခဲ့ကြသော ယုံကြည်ချက်ပင် ဖြစ်တော့သည်။

ကျန်းချိုးကျန့်ချုံးမှာမူ ထိုအချက်အပေါ် ပိုမို၍ ပြင်းပြလှပေသည်။

"မဖြစ်ပါဘူး။ အန်းယာလုရှန်းကို ဖယ်ရှားရမှာကတော့ မှန်ပေမဲ့ ဒီလို နည်းလမ်းမျိုးနဲ့တော့ မဖြစ်သင့်ဘူး"

ထိုအချိန်မှာပင် အခြားသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ အိုမင်းလှသလို တည်ငြိမ်နေပြီး ဗဟုသုတ ကြွယ်ဝလှသော ပညာရှင်တစ်ဦး၏ အရှိန်အဝါများ ထွက်ပေါ်နေပေသည်။ မဝေးလှသော နေရာ၌၊ နားထင်မှ ဆံပင်များ ဖြူဖွေးနေသော မင်းဆရာကြီး(ထိုက်ဖူ)မှာလည်း မျက်မှောင်ကြုတ်လျက် စကားစလိုက်ခြင်း ဖြစ်သည်။

"အန်းယာလုရှန်းဟာ တိုင်းပြည်ကို ပုန်ကန်မယ့် သူပုန်ပဲ။ သူကတော့ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာ ဖြစ်လို့ ဒီလို ကိစ္စတွေကို အတားအဆီး မရှိ လုပ်ဆောင်နိုင်ပေမဲ့၊ အရှင်မင်းကြီးကတော့ ကြင်နာသနားတတ်တဲ့ မင်းကောင်းမင်းမြတ် တစ်ဦး ဖြစ်နေတာကြောင့်၊ ဒီလိုမျိုးတော့ မလုပ်သင့်ပါဘူး။ တိုက်ခိုက်ဖို့အတွက် ခိုင်လုံတဲ့ အကြောင်းပြချက်ဆိုတာ ရှိရမယ်၊ အရှင်မင်းကြီးအနေနဲ့ အန်းယာလုရှန်းကို ကိုင်တွယ်ချင်တယ် ဆိုရင်တောင်မှ ဒီလောက်အထိ မဆင်မခြင်တော့ သွားပြီး မတိုက်ခိုက်သင့်ဘူး"

"အန်းယာလုရှန်းက ဘယ်လို လူစားမျိုးပဲ ဖြစ်ဖြစ် မင်းတို့တွေ တစ်ခုတော့ မမေ့ပါနဲ့၊ တစ်လောကလုံးက လူသားတွေအတွက်တော့ သူဟာ မဟာထန်ရဲ့ အသစ်ပေါ်ထွက်လာတဲ့ ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်သလို၊ အရှေ့မြောက်ဘက်ရဲ့ ကာကွယ်စောင့်ရှောက်သူလည်း ဖြစ်နေတယ်။ မဟာထန်အပေါ်မှာလည်း အောင်ပွဲကြီးတွေ ရှိထားသူပဲ၊ ပြီးတော့ သူ့ရဲ့ အန်းတုန် နယ်စားမင်းကြီး ရာထူးဆိုတာလည်း သူတော်စင်ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားခဲ့တာပါ။ အကယ်၍သာ အခု အချိန်မှာ ယိုကျိုးကို မဆင်မခြင် သွားပြီး တိုက်ခိုက်မယ်၊ ပြီးတော့ ဒီလိုမျိုး 'အင်ပါယာရဲ့ သူရဲကောင်း' ကို သတ်ပစ်မယ် ဆိုရင်တော့၊ တစ်လောကလုံးက ပြည်သူတွေရဲ့ စိတ်နှလုံးကို နာကျင်စေပါလိမ့်မယ်"

"ဒီ ကိစ္စကိုတော့ သေသေချာချာ ပြန်ပြီး စဉ်းစားရဦးမယ်"

ထိုက်ဖူ၏ စကားကို ကြားလိုက်ရသည့်အခါ၊ နန်းဆောင်အတွင်း၌ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ထိုက်ရှီဖြစ်စေ၊ ထိုက်ဖူဖြစ်စေ၊ နှစ်ဦးစလုံးမှာ ဂုဏ်သိက္ခာ ကြီးမားလှသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသလို၊ အမတ်ကြီးများအကြား၌လည်း ကြီးမားလှသော လွှမ်းမိုးမှုများ ရှိနေကြသူများ ဖြစ်သည်။ အရေးအကြီးဆုံး အချက်မှာမူ သူတို့နှစ်ဦး၏ စကားများမှာ တရားမျှတလှသော စကားများ ဖြစ်နေသဖြင့် ၎င်းမှာ အန်းယာလုရှန်းဘက်မှနေ၍ ကာကွယ် ပြောဆိုနေခြင်းမျိုး မဟုတ်ပေ။

အထူးသဖြင့် ထိုက်ဖူ၏ နောက်ဆုံး စကားများကြောင့် အစွန်းရောက်လှသော ကျန်းချိုးကျန့်ချုံး ပင်လျှင် အမူအရာ တန့်သွားခဲ့ပြီး တွန့်ဆုတ်နေသော မျက်နှာထားများ ပေါ်ထွက်လာတော့သည်။

အန်းယာလုရှန်းသည် ကောက်ကျစ်စဉ်းလဲလှစေကာမူ သူ၏အန်းတုန် နယ်စားမင်းကြီး ရာထူးမှာ သူတော်စင်ဧကရာဇ်ခန့်အပ်ထားခဲ့ခြင်း ဖြစ်သည်ဟူသော အချက်မှာ၊ တစ်လောကလုံး သိရှိထားကြသော အမှန်တရားပင် ဖြစ်တော့သည်။

လီဟန်မှာ ယခုမှ နန်းတက်ပြီး ထီးနန်းကို ဆက်ခံခြင်းဖြစ်ရာ အကယ်၍ သူတော်စင်ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားခဲ့သော အင်ပါယာ၏ ဗိုလ်ချုပ်ကြီးကို ချက်ချင်းပင် ကိုင်တွယ်မည် ဆိုပါကမူ တစ်လောကလုံးရှိ ပြည်သူများ၏ အပြစ်တင်မှုကို ခံရနိုင်သလို၊ လီဟန်သည် သူတော်စင်ဧကရာဇ်ကို မရိုသေရာ ရောက်သဖြင့် သိက္ခာမဲ့သောသူအဖြစ် အသတ်မှတ်ခံရနိုင်ပေသည်။

မဟာထန်သည် သိုင်းပညာဖြင့် တိုင်းပြည်ကို အုပ်ချုပ်စေကာမူ တစ်ချိန်တည်းမှာပင် ကြင်နာမှုနှင့် ရိုသေမှုဖြင့်လည်း တိုင်းပြည်ကို အုပ်ချုပ်နေခြင်းဖြစ်ရာ အကယ်၍ ထိုအခြေခံများကို ဆုံးရှုံးသွားမည် ဆိုပါကမူ ထီးနန်း ဆက်ခံမှု၏ တရားဝင်မှုကိုလည်း ဆုံးရှုံးသွားခြင်းနှင့် အတူတူပင် ဖြစ်တော့မည်။

၎င်းမှာ လီဟန်အနေဖြင့် ထည့်သွင်း စဉ်းစားရမည့် အချက်ပင် ဖြစ်တော့သည်။

"မျိုးနွယ်ခြားဘုရင် မင်းကရော ဘယ်လို ထင်သလဲ"

လူတိုင်းမှာ မျက်မှောင်ကြုတ်လျက် တွန့်ဆုတ်နေကြစဉ်အတွင်း လီဟန်က ရုတ်တရက် စကားစလိုက်သည်။ သို့သော် သူ၏အကြည့်များမှာမူ အခြားတစ်ဖက်ရှိ ဝမ်ချောင်ဆီသို့ ကျရောက်နေခြင်းပင်။

ထိုစကားတစ်ခွန်းကြောင့် နန်းဆောင်အတွင်းရှိ လူတိုင်း၏ အာရုံစိုက်မှုမှာ ဝမ်ချောင်ဆီသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။ ထိုက်ရှီနှင့် ထိုက်ဖူတို့ပင်လျှင် ချွင်းချက် မရှိပေ။

ဝမ်ချောင်မှာ မဟာထန်၏သူရဲကောင်း ဖြစ်သလို၊ စစ်တပ်အတွင်း၌လည်း နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်ပေသည်။ ထို့ပြင် သူတော်စင်ဧကရာဇ် အလေးထားခဲ့သော အမတ်ကြီး ဖြစ်သလို၊ လက်ရှိ ဧကရာဇ်သစ် လီဟန်နှင့်လည်း အရင်းနှီးဆုံးသော သူငယ်ချင်းလည်း ဖြစ်ပေသည်။

သူ၏အကြံပြုချက်မှာမူ သံသယဖြစ်ဖွယ် မရှိအောင်ပင် နန်းတွင်းရေးရာများ၌ ကြီးမားလှသော လွှမ်းမိုးမှု ရှိနေမည် ဖြစ်သလို၊ ယိုကျိုးနှင့် အန်းယာလုရှန်းတို့၏ ကံကြမ္မာကိုပါ တိုက်ရိုက် ဆုံးဖြတ်ပေးနိုင်မည့် အနေအထားတွင် ရှိနေပေသည်!

၎င်းကိုမူ မင်းဆရာကြီးတို့ပင် လျစ်လျူရှု၍ မရနိုင်ပေ။

"ထိုက်ရှီနဲ့ ထိုက်ဖူတို့ ပြောတာတွေကလည်း အဓိပ္ပာယ် ရှိပါတယ်"

မထင်မှတ်ဘဲ ဝမ်ချောင်သည် လီဟန်ကို မော့ကြည့်လိုက်ပြီးနောက် ပထမဦးဆုံးသော စကားမှာ ဆရာကြီးတို့၏ အကြံပြုချက်များကို ထောက်ခံလိုက်ခြင်းပင် ဖြစ်သည်။

"ဒါပေမဲ့ အန်းယာလုရှန်းကို ကိုင်တွယ်ဖို့ အတွက်ကတော့၊ ဒီလောက်အထိ ပြဿနာတွေ အများကြီး ရှိနေဖို့ မလိုအပ်ပါဘူး၊ ပြီးတော့ အရှင်မင်းကြီးကိုလည်း မတရားတဲ့သူ တစ်ယောက် ဖြစ်အောင် လုပ်စရာ မလိုပါဘူး"

ထိုက်ရှီနဲ့ ထိုက်ဖူတို့မှာ မူလက ဝမ်ချောင်သည် မိမိတို့ဘက်၌ ရှိနေသည်ဟု ယူဆထားခဲ့သော်လည်း၊ ဝမ်ချောင်၏ နောက်ဆုံး စကားကို ကြားလိုက်ရသည့်အခါတွင်မူ မှင်သက်သွားကြရသည်။ ဝမ်ချောင် အမှန်တကယ် မည်သည့် အကြံပြုချက်ကို ပေးလိုသနည်း ဆိုသည်ကို သူတို့ နှစ်ဦးစလုံး မသိရှိနိုင်ဘဲ ရှိနေကြသည်။

ဝမ်ချောင်သည်လည်း အချိန်ဆွဲမနေဘဲ သူ၏အမူအရာမှာ တည်ငြိမ်နေလျက် လူတိုင်း ဘာတွေတွက်ချက်နေသနည်း ဆိုသည်ကို သိရှိနေသည့်အတိုင်းပင် ဆက်လက် ပြောဆိုလိုက်သည်။

"အန်းယာလုရှန်းက ယွန်းဂျယ်စိုးမွန်းနဲ့ ဂိုဂူလျောကို ဒိုင်းတစ်ခုလို သုံးပြီးတော့ အရှင်မင်းကြီးကို လှည့်စားနေတယ် ဆိုရင်တော့ အရှင်မင်းကြီးအနေနဲ့လည်း ဒီအချက်ကိုပဲ အမိအရ ဆုပ်ကိုင်ထားဖို့ လိုအပ်ပါတယ်။ ယွန်းဂျယ်စိုးမွန်းနဲ့ဂိုဂူလျောတို့က မဟာထန်အပေါ်မှာ မရိုမသေ လုပ်ဆောင်နေတာကြောင့် မဟာထန်အနေနဲ့ ဂိုဂူလျောအင်ပါယာကို သွားပြီး နှိမ်နှင်းတော့မယ်လို့ လူသိရှင်ကြား ကြေညာလိုက်ရုံပါပဲ၊ အဲဒီအချိန်ကျရင်တော့ 'လမ်းကို ငှားပြီးတော့ ကုပြည်ထောင်ကို တိုက်ခိုက်တဲ့ နည်းဗျူဟာ' ကို သုံးပြီးတော့ စစ်တပ်ကြီးတွေကို စုစည်းပြီး ယိုကျိုးဘက်ကို ဦးတည်ပြီး စေလွှတ်လိုက်ရုံပါပဲ"

ဝမ်ချောင်၏စကားကို ကြားလိုက်ရသည့်အခါ နန်းဆောင်အတွင်းရှိ လူတိုင်းမှာ တစ်ခဏချင်းအတွင်း မှင်သက်သွားကြရသော်လည်း စုန့်ဘုရင်နှင့် ကျန်းချိုးကျန့်ချုံးတို့မှာမူ အပြုံးလေးများ ပေါ်ထွက်လာတော့သည်။

ဝမ်ချောင်တွင် သေချာပေါက် နည်းလမ်း ရှိနေမည် ဖြစ်ကြောင်း သူတို့ သိရှိထားခြင်း ဖြစ်သည်။

မှန်ပေသည်။

အကယ်၍ အန်းယာလုရှန်းကို တိုက်ရိုက် ကိုင်တွယ်ရန် နည်းလမ်း မရှိဘူး ဆိုပါကမူ ဂိုဂူလျောကိုပင် အကြောင်းပြချက်အဖြစ် ပြန်လည်အသုံးချလျက် ယိုကျိုးဘက်သို့ စစ်တပ် စေလွှတ်လိုက်ရုံသာ ရှိတော့သည်။

အခြားတစ်ဖက်တွင်မူ ဝမ်ချောင်၏အသံမှာ လူတိုင်း၏ နားထဲ၌ ဆက်လက် ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

"အရှင်မင်းကြီးအနေနဲ့ ယိုကျိုးဘက်ကို စစ်တပ် စေလွှတ်လိုက်တဲ့ အခါမှာတော့ အန်းယာလုရှန်းအတွက် ရွေးချယ်စရာ လမ်းနှစ်လမ်းပဲ ရှိတော့မှာပါ။ ပထမ တစ်လမ်းကတော့ အရှင်မင်းကြီးရဲ့အမိန့်ကို နာခံပြီးတော့ နန်းတွင်းဆီကို စာလွှာ တင်သွင်းကာ ယိုကျိုးစစ်တပ်အနေနဲ့ အရှင်မင်းကြီးကို အစွမ်းကုန် ကူညီပေးပါ့မယ်လို့ ပြောပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ လှည့်စားဖို့ ကြိုးစားရမှာပေါ့၊ အဲဒီလို အခြေအနေမျိုးမှာ အရှင်မင်းကြီးအနေနဲ့ သူရဲ့အားနည်းချက်ကို ရှာမတွေ့သရွေ့တော့ သူ့ကို ဘာမှလုပ်လို့ မရသေးတာတော့ အမှန်ပါပဲ"

ဝမ်ချောင်၏အကြည့်များမှာ နက်ရှိုင်းလှသလို၊ ဉာဏ်ပညာများလည်း ပြည့်နှက်နေသဖြင့်၊ အရာရာကို ကြိုတင် မြင်တွေ့ထားပြီးသား ပုံစံမျိုး ပေးစွမ်းနေပေသည်။

"ဒါပေမဲ့ အန်းယာလုရှန်းက တိတ်တဆိတ် ဒင်္ဂါးတွေ သွန်းလုပ်နေသလို၊ စစ်သည်တွေကိုလည်း အကြီးအကျယ် စုဆောင်းနေတာ ဖြစ်ပြီး လက်နက်တိုက်တွေထဲမှာလည်း လက်နက်တွေ အမြောက်အမြား ရှိနေတာပါ။ သူအနေနဲ့ လူတစ်ယောက် နှစ်ယောက်ကိုတော့ ဖုံးကွယ်ထားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ စစ်သည်တော် သောင်းခြောက်ထောင်ကိုတော့ ဘယ်လိုလုပ်ပြီး ဖုံးကွယ်ထားနိုင်မှာလဲ။ ဒါ့အပြင် အဲဒီ သိန်းနဲ့ချီတဲ့ စစ်လက်နက် ပစ္စည်းတွေကိုရော သူက ဘယ်လိုမျိုး ဖုံးကွယ်နိုင်မှာလဲ?"

"အရှင်မင်းကြီးအနေနဲ့ အဲဒါတွေအနက်ထဲက တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်ကို ရှာတွေ့သွားတာနဲ့တင် အန်းယာလုရှန်းအတွက်ကတော့ သေဒဏ်ဖြစ်သွားဖို့ လုံလောက်နေပါပြီ!"

နန်းဆောင်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေပြီး လူတိုင်းမှာ ဝမ်ချောင်ကိုသာ စူးစိုက်ကြည့်နေကြသည်။

လူတိုင်းမှာ ကောင်းစွာ သိရှိလိုက်ကြသည်မှာ ဝမ်ချောင်၏အမူအရာကို ကြည့်ရုံနှင့်ပင်၊ ဤ ကိစ္စရပ်များ အားလုံးကို သူသည် ရှေ့နောက် အသေအချာကို တွက်ချက်ပြီးသား ဖြစ်နေပြီ ဖြစ်ကြောင်းပင်။

အဝေးမှနေ၍ ဗျူဟာများကို ချမှတ်ကာ၊ မိုင်ပေါင်း ထောင်ချီ ဝေးကွာသော နေရာမှ အောင်ပွဲကို ဆွတ်ခူးနိုင်သူ ဖြစ်ရာ ဝမ်ချောင်ကို ခေတ်သစ် စစ်နတ်ဘုရားဟု ခေါ်ဆိုကြခြင်းမှာလည်း အချည်းနှီး မဟုတ်သည်မှာ ထင်ရှားလှပေသည်။

"အရှင်မင်းကြီး စစ်သည်တော် သိန်းနဲ့ချီပြီးတော့ ယိုကျိုးကို ချီတက်သွားမယ် ဆိုရင်တော့ တစ်ခုလုံးသော ယိုကျိုး မြေပေါ်မှာ ဘယ်အရာမှ ပုန်းကွယ်နေလို့ မရတော့ပါဘူး။ အန်းယာလုရှန်းမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေပါစေ၊ ဖုံးကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးတော့ သူ့ရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့ အနောက် တာ့ခ်၊ ရှီး၊ ခီတန်နဲ့ ဂိုဂူလျော အင်ပါယာတွေကလည်း သူတို့ရဲ့ နယ်နိမိတ်ထဲကို ဒီလောက်အထိ ကြီးမားတဲ့ စစ်တပ်ကြီး ဝင်လာတာကို လုံးဝခွင့်ပြုမှာ မဟုတ်ပါဘူး။ အန်းယာလုရှန်းကိုယ်တိုင်လည်း ဒီလောက်အထိ ကြီးမားတဲ့ စွန့်စားမှုကို လုပ်ရဲမှာ မဟုတ်တာကြောင့် သူဟာ သေချာပေါက် ပုန်ကန်လာပါလိမ့်မယ်"

နောက်ဆုံး စကားကို ပြောဆိုလိုက်သည့် အခါတွင်မူ ဝမ်ချောင်၏ မျက်ဝန်းအတွင်း၌ ဓားသွားများအလား ထက်ရှလှသော အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတော့သည်။

"အကယ်၍ အန်းယာလုရှန်းသာ ပုန်ကန်လာမယ် ဆိုရင်တော့ အရှင်မင်းကြီးအနေနဲ့လည်း သူ့အပေါ်မှာ အားနာနေဖို့ ဘာအကြောင်းမှ မရှိတော့ပါဘူး"

နန်းဆောင်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေပေသည်။ လူတိုင်းမှာ ဝမ်ချောင် အခုလေးတင် ပြောဆိုသွားသော စကားများအတွင်း၌ နစ်မြောနေကြရသည်။ မင်းဆရာကြီးတို့ပင်လျှင် ဝမ်ချောင်၏နည်းလမ်းမှာ ရိုးရှင်းစေကာမူ အလွန်ပင် ထိရောက်လှကြောင်း ဝန်ခံလိုက်ကြရသည်။

အန်းယာလုရှန်းအနေဖြင့် ရှေ့တိုးသည်ဖြစ်စေ၊ နောက်ဆုတ်သည်ဖြစ်စေ၊ နောက်ဆုံးတွင်မူ သူသည် အလွန်ပင် အကျပ်ရိုက်သော အခြေအနေအတွင်းသို့ ရောက်ရှိသွားမည် ဖြစ်သလို၊ ထွက်ပြေးစရာ လမ်းလည်း ရှိတော့မည် မဟုတ်ပေ။

"ထိုက်ဖူဆရာကြီး မင်းရဲ့အမြင်ကရော ဘယ်လိုရှိလဲ" နန်းဆောင်အထက်မှ လီဟန်က ရုတ်တရက် မေးမြန်းလိုက်သည်။

"ဒါဟာ... ကျွန်တော်မျိုးအနေနဲ့ အနည်းငယ်တော့ မသင့်တော်ဘူးလို့ ခံစားရသေးပေမဲ့လည်း အကယ်၍ အရှင်မင်းကြီး ပြောသလိုပဲ အန်းယာလုရှန်းမှာ တကယ်ပဲ ပုန်ကန်လိုတဲ့ စိတ်တွေ ရှိနေတယ် ဆိုရင်တော့၊ မျိုးနွယ်ခြားဘုရင်ပြောတဲ့ ဒီ နည်းဗျူဟာကတော့ တကယ်ကို နည်းလမ်းကောင်း တစ်ခုပါပဲ" ထိုက်ဖူဆရာကြီးက ခေတ္တမျှ စဉ်းစားပြီးနောက် ဝမ်ချောင်၏နည်းလမ်းကို ထူးထူးခြားခြား ထောက်ခံလိုက်ခြင်းပင်။

အခြားတစ်ဖက်တွင်မူ ထိုက်ရှီဆရာကြီးကလည်း ခေါင်းကို ညိတ်ပြလိုက်သည်။ သူသည် ယခုအခါတွင်မူ မင်းဆက် လေးဆက်ကို ခစားလာခဲ့သော အမတ်အိုကြီးတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သလို၊ သူတော်စင်ဧကရာဇ် နတ်ရွာစံသွားပြီးနောက်တွင်မူ အသက်အရွယ်လည်း ကြီးရင့်လာပြီ ဖြစ်ရာ ကိစ္စရပ်များစွာကို သိမြင်နားလည်သွားခဲ့သဖြင့် ဝမ်ချောင်နှင့်ကြားရှိ ဆက်ဆံရေးမှာလည်း ယခင်ကကဲ့သို့ ရန်လိုမှုများ မရှိတော့ပေ။

"တခြားသူတွေကရော" လီဟန်က နန်းဆောင်အတွင်းရှိ အခြားသူများကို လှမ်းကြည့်လိုက်သည်။

"အန်းယာလုရှန်းက မဟာထန်ရဲ့ နဂါးအငွေ့အသက်တွေကို ခိုးယူဖို့ ကြိုးစားခဲ့တာဟာ၊ တကယ်ကို ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်မှုကြီးပါ၊ ကျွန်တော်မျိုးအနေနဲ့ မျိုးနွယ်ခြားဘုရင်ရဲ့ နည်းဗျူဟာကို ထောက်ခံပါတယ်၊ ရှေ့တန်းကနေ တိုက်ခိုက်ဖို့အတွက်လည်း အဆင်သင့်ပါပဲ"

"ကျွန်တော်မျိုးမှာ ဘာသဘောထားမှ မရှိပါဘူး၊ အရှင်မင်းကြီး အမိန့်ပေးလိုက်တာနဲ့၊ ကျွန်တော်မျိုး အနေနဲ့ စစ်တပ်ကြီးကို ဦးဆောင်ပြီးတော့ ချက်ချင်း သွားပါ့မယ်!"

"ထုံလော့သံချပ်ကာ မြင်းတပ်တွေကလည်း အရှင်မင်းကြီးရဲ့အမိန့်ကို နာခံဖို့ အသင့်ပါပဲ"

"ကျွန်တော်မျိုးအနေနဲ့လည်း အရှင်မင်းကြီးကို အစွမ်းကုန် ကူညီပြီးတော့ ယိုကျိုးရဲ့ ပုန်ကန်မှုကို နှိမ်နှင်းသွားပါ့မယ်" နန်းဆောင်အတွင်းရှိ လူတိုင်းက တစ်ဦးပြီးတစ်ဦး လျှောက်တင်လိုက်ကြသည်။

"ကောင်းပြီ" လီဟန်က ခေါင်းကို ညိတ်လိုက်သည်။ သူ၏မျက်ဝန်းအတွင်းမှလည်း ထိတ်လန့်ဖွယ်ကောင်းလှသော အလင်းတန်း တစ်ခု ပွင့်ထွက်လာတော့သည်။

"မင်းဆရာကြီး မင်း အခုချက်ချင်းပဲ လူတွေကို စုစည်းပြီးတော့ ငါရဲ့ကိုယ်စား စစ်ကြေညာစာတစ်ခုကို ရေးသားလိုက်စမ်း၊ ယွန်းဂျယ်စိုးမွန်းနဲ့ ဂိုဂူလျော အင်ပါယာကို သွားပြီး နှိမ်နှင်းဖို့အတွက်ပေါ့"

ခဏတာမျှသော အချိန်အတွင်းမှာပင် လီဟန်သည် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ပြီ ဖြစ်ရာ ၎င်းမှာ လျင်မြန် ပြတ်သားလှသော မင်းကောင်းမင်းမြတ်တစ်ဦး၏ အရှိန်အဝါများကို ဖော်ပြနေခြင်းပင် ဖြစ်တော့သည်။

All Chapters