← Chapters

အခန်း (၂၀၆၀-၂၀၆၂)

Vol. 127 Ch. 2060-2062

အခန်း (၂၀၆၀-၂၀၆၂)

Vol. 127 Ch. 2060-2062

အခန်း ၂၀၆၀ ဂိုဂူလျောကို နှိမ်နင်းရန် ကြေညာချက်

"အဘိုးကြီးက အမိန့်တော်အတိုင်း လိုက်နာပါ့မယ်"

မဟာဆရာကြီးသည် ချက်ချင်းပင် ကိုယ်ကိုကိုင်းညွှတ်လိုက်ပြီး ရိုသေလေးစားစွာဖြင့် လျှောက်တင်လိုက်သည်။

လီဟန်သည် နန်းတွင်းကို အုပ်ချုပ်သည့် အချိန်ကာလမှာ တိုတောင်းသေးသော်လည်း၊ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတော်စင် ဧကရာဇ်၏ အရှိန်အဝါနှင့် ပြတ်သားမှုကို ပြသနေပြီ ဖြစ်သည်။

ထိုက်ရှီနှင့်ထိုက်ဖူကဲ့သို့သော အမတ်ကြီးများပင်လျှင် သူ့ကို အလွန်အမင်း ရိုသေလေးစားကြသလို တစ်ချိန်တည်းမှာပင် အလွန်အမင်း စောင့်ရှောက်လိုစိတ်လည်း ရှိကြသည်။

သူ့အပေါ်တွင် လူတိုင်းသည် သူတော်စင် ဧကရာဇ်၏ ငယ်ရွယ်စဉ် ပုံရိပ်လွှာကို ရေးရေးလေး မြင်တွေ့နေရသည်။

"မျိုးနွယ်ခြားဘုရင် အခုကစပြီး ယိုကျိုးက အန်းယာလုရှန်းကို နှိမ်နင်းဖို့ ကိစ္စတွေကို ငါကိုယ်တော်က မင်းကို အာဏာကုန် လွှဲအပ်လိုက်တယ်"

သူ၏အကြည့်များမှာ အေးစက်စူးရှနေပြီး စကားသံအဆုံးတွင် ချန်း ဟူသော အသံနှင့်အတူ ခမ်းမဆောင်ကြီးအတွင်းရှိ နဂါးစားပွဲပေါ်တွင် မလှမ်းမကမ်း၌ ရှိနေသည့် ရှန့်ဖန်ဓားမြောင်သည် မမြင်ရသော အင်အားတစ်ခု၏ ဆွဲငင်မှုကို ခံလိုက်ရသည်။

၎င်းသည် လေထဲသို့ ပျံထွက်သွားပြီး ဝမ်ချောင်ဆီသို့ ဦးတည်သွားကာ နောက်ဆုံးတွင် ဝမ်ချောင်ရှေ့ရှိ ကြမ်းပြင်ပေါ်တွင် စိုက်ဝင်သွားသည်။

ရှန့်ဖန်ဓားမြောင်

မဟာထန်အင်ပါယာတွင် ယခင်က ထိုကဲ့သို့သော ပြောဆိုမှုမျိုး မရှိခဲ့ဖူးပေ။

ဒါသည် လီဟန်က ဝမ်ချောင်၏ အကြံပြုချက်ကို လက်ခံပြီး သူတော်စင် ဧကရာဇ်၏ နတ်ဘုရားဓားနှင့် မတူဘဲ ဧကရာဇ်၏ အာဏာကို ကိုယ်စားပြုရန်အတွက် သီးသန့် ပြုလုပ်ထားသည့် အာဏာပိုင်ဓား တစ်လက်ဖြစ်သည်။

လီဟန်သည် ပြည်သူများကြားတွင် ကြေညာထားပြီးဖြစ်သည်မှာ ဤဓားကို မြင်ရခြင်းသည် ဧကရာဇ်ကို မြင်ရခြင်းနှင့် တူညီပြီး ဤဓားကို ပိုင်ဆိုင်ထားသူသည် ဧကရာဇ်၌သာ ရှိသော အာဏာအချို့ကို ရရှိမည်ဖြစ်သည်။

"ဒီ ရှန့်ဖန်ဓားမြောင်ကို မင်းကို ပေးအပ်တယ်၊ ငါကိုယ်တော်က မင်းကို ကြိုတင်တင်ပြစရာ မလိုဘဲ အရင်ကွပ်မျက်နိုင်တဲ့ အာဏာကို ပေးတယ်၊ အင်ပါယာ မဟာဗိုလ်ချုပ်တွေ၊ နယ်ခြားစောင့် စစ်သူကြီးတွေနဲ့ စစ်ဘက်ဆိုင်ရာဝန်ကြီးအပါအဝင် စစ်ဗိုလ်ချုပ်အားလုံးကို မင်းရဲ့လက်အောက်မှာ ထားရှိစေတယ်"

လီဟန်က ဝင့်ကြွားသော အသံဖြင့် ပြောဆိုလိုက်သည်။

"ကျွန်တော်မျိုး အမိန့်တော်အတိုင်း လိုက်နာပါ့မယ်"

ဝမ်ချောင်က ကိုယ်ကိုညွှတ်၍ အရိုအသေပြုလိုက်သည်။

နှစ်ဦးသားသည် စိတ်ချင်း ဆက်သွယ်ထားသကဲ့သို့ ဖြစ်နေသဖြင့် ဤကိစ္စတွင် ပို၍ ပြောနေရန် မလိုတော့ပေ။

"ဗိုလ်ချုပ်များအားလုံး အမိန့်ကို နားထောင်ကြ၊ မျိုးနွယ်ခြားဘုရင်ကို အစွမ်းကုန် ကူညီကြရမယ်၊ အမိန့်ကို ဖီဆန်တဲ့သူကို ကွပ်မျက်စေ"

လီဟန်က တည်ကြည်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

"အမိန့်တော်အတိုင်း လိုက်နာပါ့မယ်"

ခမ်းမဆောင်အတွင်းရှိ လူတိုင်းက တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြသည်။

ယခုအချိန်တွင် လီဟန်သည် ယခင်က အိမ်ရှေ့စံ မင်းသားမဟုတ်တော့ပေ။

အချို့သော ကဏ္ဍများတွင် သူနှင့် သူတော်စင် ဧကရာဇ်တို့သည် လုံးဝ တူညီနေကြသည်။

ထို့နောက် လူတိုင်းသည် အသေးစိတ် အချက်အလက်များစွာကို ဆက်လက် ဆွေးနွေးခဲ့ကြပြီး မဟာထန်ဧကရာဇ်နှင့် အမတ်များကြားမှ အရေးကြီးသော အစည်းအဝေးသည် ပြီးဆုံးသွားခဲ့သည်။

မိုးလင်းပြီးနောက် နာရီအနည်းငယ်မျှ အကြာတွင် အရှေ့မြောက်ဘက် ဂိုဂူလျော အင်ပါယာနှင့် ယွန်းဂျယ်စိုးမွန်းတို့ကို နှိမ်နင်းမည့် လူသိရှင်ကြား ကြေညာချက်သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားခဲ့သည်။

"ရှေးခေတ် ဧကရာဇ်များ လောကကို အုပ်ချုပ်စဉ်ကတည်းက အလယ်ပြည်သည် အလယ်ဗဟိုတွင် ရှိနေပြီး အရိုင်းအစိုင်းနယ်မြေများကို ထိန်းချုပ်ကာ အရိုင်းအစိုင်းနယ်မြေများသည် အပြင်ဘက်တွင် နေထိုင်ပြီး အလယ်ပြည်ကို အလုပ်အကျွေး ပြုရမည်ဖြစ်သည်၊ အရိုင်းအစိုင်များက အလယ်ပြည်ကို သိမ်းပိုက်ပြီး ကမ္ဘာကို အုပ်ချုပ်သည်ဟူ၍ မကြားဖူးချေ"

"မဟာထိုက်ကျုံးဧကရာဇ် လက်ထက်မှစ၍ မဟာထန်သည် လောကတစ်ဝှမ်းသို့ မေတ္တာနှင့် တရားမျှတမှုကို မိုးရေများကဲ့သို့ ဖြန့်ကျက်ခဲ့ရာ နယ်ပယ်အရပ်ရပ်မှ နိုင်ငံများအားလုံး ကျိုးနွံ ခယခဲ့ကြသည်"

"ဂိုဂူလျောသည် ဘိုဟိုင်ပင်လယ်နားရှိ နိုင်ငံငယ်လေး ဖြစ်ပြီး ပြည်သူများ၏ စိတ်ဓာတ်မှာ ကြမ်းတမ်းကာ စစ်တိုက်ခြင်းနှင့် လုယက်ခြင်းကို ဝါသနာပါကြသည်၊ မဟာထိုက်ကျုံးဧကရာဇ် လက်ထက်တွင် သူတို့သည် အားနည်းပြီး မြေဆီလွှာ ညံ့ဖျင်းကာ ထွက်ကုန် မရှိသည်ကို သိသဖြင့် သနားညှာတာသောကြောင့် မနှိမ်နင်းခဲ့ပေ။ သို့သော် အရိုင်းအစိုင်းများသည် အရှိန်အဝါကိုသာ ကြောက်ရွံ့တတ်ပြီး ကျေးဇူးတရားကို မသိတတ်ကြချေ"

"ဂိုဂူလျော နိုင်ငံငယ်သည် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ခြင်း မရှိသည့်အပြင် ဤအခွင့်အရေးကို အသုံးချကာ ပိုမိုဆိုးသွမ်းလာပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ ယခုအခါ နယ်စပ်ကို အကြိမ်ကြိမ် ကျူးကျော်လာသဖြင့် အင်ပါယာအတွက် ဘေးအန္တရာယ် ဖြစ်လာခဲ့ပြီ"

"ငါကိုယ်တော်သည် ကောင်းကင်ဘုံ၏ သားတော်ဖြစ်ပြီး နတ်ဘုရားက အပ်နှင်းထားသော အာဏာဖြင့် ကောင်းကင်ဘုံ၏ကိုယ်စား တရားမျှတမှုကို ဖော်ဆောင်ကာ ဂိုဂူလျော ကို ချေမှုန်းပြီး အရှေ့မြောက်ဘက်ရှိ နိုင်ငံများအတွက် ဤဓားပြရန်ကို ရှင်းလင်းပေးမည်"

"ငါကိုယ်တော်သည် မဟာထန်ဧကရာဇ်အနေဖြင့် ယခု တစ်လောကလုံးကို အမိန့်ထုတ်ပြန်သည်။ နောက်လေးလအကြာတွင် စစ်တပ်အင်အား အလုံးအရင်းကို စုစည်းကာ ဗိုလ်ချုပ်ပေါင်း တစ်ရာကို ခေါ်ယူပြီး ယွန်းဂျယ်စိုးမွန်းကို ဖမ်းဆီးကာ ဂိုဂူလျော အင်ပါယာကို ချေမှုန်းပြီး တရားမျှတမှုကို ပြသမည်"

ဤနှိမ်နင်းရေး ကြေညာချက်ထွက်ပေါ်လာသောအခါ တစ်လောကလုံး တုန်လှုပ်သွားခဲ့သည်။

ဒါသည် လီဟန် ဧကရာဇ်သစ်အဖြစ် နန်းတက်ပြီးနောက် ပထမဆုံးအကြိမ် ထုတ်ပြန်သည့် အကြီးကျယ်ဆုံး အမိန့်တော်ဖြစ်သည်။

အကယ်၍ ကြေညာချက်ထဲတွင် ရေးသားထားသည့်အတိုင်း မဟာထန်က စစ်သည်တော် သန်းချီနှင့် အင်ပါယာ စစ်ဗိုလ်ချုပ်အမြောက်အမြားကို စုစည်းမည်ဆိုပါက ဒါသည် သမိုင်းတွင် မရှိဖူးသေးသော စစ်ပွဲကြီး တစ်ပွဲ ဖြစ်လာလိမ့်မည်။

စဥ်ကတည်းက အာရပ်အင်ပါယာ ပျက်စီးပြီးနောက်ပိုင်း လောကတွင် မဟာထန်အင်ပါယာ၏ ဤမျှ ကြီးမားသော စစ်ရေး လှုပ်ရှားမှုကို မည်သူမျှ ခုခံနိုင်စွမ်း မရှိတော့ပေ။

"အယုတ်တမာကောင်တွေ"

အဝေးကြီးမှာရှိသည့် အရှေ့မြောက်ဘက်၊ ဘိုဟိုင်ပင်လယ်ကမ်းခြေမှာ ရှိသော ဂိုဂူလျော အင်ပါယာ၏ မြို့တော်ထဲတွင် သတ္တုရောင် တောက်နေတဲ့ သံလက်သီးတစ်စုံက အကြောတွေ ထောင်ထွက်နေပြီး စာပွဲပေါ်ကို အားနဲ့ ထုချလိုက်သည်။

ယွန်းဂျယ်စိုးမွန်း၏ကျောပေါ်တွင် သူ၏သင်္ကေတဖြစ်တဲ့ ရှည်လျားတဲ့ ဓားခြောက်လက်ကို လွယ်ထားပြီး သူ့မျက်နှာတစ်ခုလုံးက ဒေါသကြောင့် ပြာနှမ်းနေသည်။

"ငါ အန်းယာလုရှန်းနဲ့ အဲဒီကောင်းရှန်းရဲ့ အစီအစဉ်ထဲမှာ အသုံးချခံလိုက်ရပြီ!"

ထိုအချိန်တွင် ယွန်းဂျယ်စိုးမွန်းက ဒေါသ အကြီးအကျယ် ထွက်နေသည်။

အန်းယာလုရှန်း ဖန်တီးခဲ့တဲ့ ပြဿနာမှာ သူက ဒိုင်းလွှာ ဖြစ်သွားရတယ်။

အစတုန်းက အန်းယာလုရှန်းက မဟာမိတ်ဖွဲ့ဖို့ ကမ်းလှမ်းခဲ့တုန်းက သူနဲ့အတူ အဲဒီ ပြဇာတ်ကို ကပြဖို့ ဆုံးဖြတ်ခဲ့ရတာတင် ယွန်းဂျယ်စိုးမွန်းအနေနဲ့ အရှုံးအမြတ် အများကြီး ပေးခဲ့ရပြီးပြီ။

အဲဒီစစ်ပွဲကြီးမှာ သေဆုံးသွားခဲ့တဲ့ စစ်သည်တွေက အလကား သေဆုံးသွားခဲ့ရတာပဲ ဖြစ်တယ်။

မထင်မှတ်ဘဲ အန်းယာလုရှန်းက သူ့ကို ဒိုင်းလွှာအဖြစ် သုံးပြီးတဲ့နောက်၊ မဟာထန်အင်ပါယာကလည်း သူ့ကို ဒိုင်းလွှာအဖြစ် ထပ်သုံးပြန်ပြီ။

ဒါဟာ သူတို့ ဧကရာဇ်နဲ့ အမတ်ကြားက ကိစ္စဖြစ်နေတာ ထင်ရှားပေမယ့်၊ အထိနာဆုံးကတော့ သူ ယွန်းဂျယ်စိုးမွန်းဖြစ်နေရတယ်။ ဒါဟာ တကယ်ကို အဓိပ္ပာယ် မရှိတာပဲ။

ယွန်းဂျယ်စိုးမွန်းက အံကြိတ်ထားပြီး လက်ချောင်းငါးချောင်းနဲ့ ကုတ်ခြစ်လိုက်ရာမှာ သံစားပွဲပေါ်ကနေ သံတုံးတစ်တုံးကိုတောင် ခွာယူလိုက်မိသည်။

ခမ်းမဆောင်ထဲတွင် ယွန်းဂျယ်စိုးမွန်း ဒေါသထွက်နေတာကို မြင်လိုက်သောကြောင့် နန်းတွင်းအပျိုတော်တွေ အားလုံးကလည်း ကြောက်လန့်တုန်လှုပ်နေကြပြီး ခေါင်းတွေကို ငုံ့ထားကြသည်။

"အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ဘာလုပ်ကြမလဲ"

"ဧကရာဇ်ရဲ့ စကားဟာ အမိန့်တော်ပါပဲ၊ မဟာထန်ရဲ့ ဒီကြေညာချက်ဟာ အစစ်ပဲဖြစ်ဖြစ် အတုပဲဖြစ်ဖြစ်၊ အမှန်တရားက ဘာပဲဖြစ်ဖြစ်၊ တစ်လောကလုံးကို ကြေညာပြီးသွားတဲ့နောက်မှာတော့ ဒါဟာ ပြောင်းလဲလို့မရတဲ့ အချက်အလက် ဖြစ်သွားပြီ၊ နောက်လေးလအကြာမှာ မဟာထန်က ယိုကျိုးကို စစ်ချီလာပြီး ငါတို့ ဂိုဂူလျော အင်ပါယာကို တိုက်ခိုက်မှာ သေချာတယ်"

ခမ်းမဆောင်ထဲမှာ မုတ်ဆိတ်မွေးထူထူနဲ့ ဂိုဂူလျော ဗိုလ်ချုပ်တစ်ယောက်က တည်ကြည်သောအသံနဲ့ ပြောလိုက်သည်။ သူ့မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

အရင်တုန်းကဆိုရင် ဂိုဂူလျော အင်ပါယာဟာ မြို့ရိုးတွေ မြင့်မားခိုင်ခံ့တာရယ်၊ နောက်ပြီး အလှမ်းဝေးကွာတာတွေကြောင့် အခုလို ဝေးလံတဲ့အရပ်ကို စစ်ချီလာရင် ရှုံးနိမ့်ဖို့ အခွင့်အရေးက ပိုများတာမို့ မဟာထန်ရဲ့ ခြိမ်းခြောက်မှုကို ဂရုစိုက်မှာ မဟုတ်ဘူး။

ဒါပေမယ့် မဟာထန်က အာရပ်ကို ဖျက်ဆီးပြီးတဲ့နောက်မှာတော့ ဘယ်သူမှ အဲဒီလို မတွေးရဲတော့ဘူး။

ဂိုဂူလျော အင်ပါယာက ဘယ်လောက်ပဲ ဝေးဝေး၊ အာရပ်ထက်တော့ ပိုမဝေးနိုင်ဘူး မဟုတ်လား။ မြို့ရိုးက ဘယ်လောက်ပဲ ထူထူ၊ ခိုရာစန်းမြို့ရိုးထက်တော့ ပိုမထူနိုင်ဘူး မဟုတ်လား။

အာရပ်အင်ပါယာရဲ့ ကာကွယ်ရေးဟာ ဂိုဂူလျောထက် နည်းနည်းလေးမှ မနိမ့်ကျခဲ့ဘူး၊ အဲဒီက လူတွေက ကြမ်းတမ်းပြီး မြင်းစီးစစ်သည် သန်းချီရှိတာမို့ ဂိုဂူလျော ထက်တောင် အင်အား သာလွန်သေးတယ်။

ဒီလို အခြေအနေမျိုးမှာ ဂိုဂူလျော အင်ပါယာက ဘယ်လိုပဲ ပြန်ခုခံပါစေ၊ နောက်ဆုံးမှာ အာရပ်ရဲ့ လမ်းဟောင်းအတိုင်း လိုက်ရမှာပဲ။

သူယုံကြည်ရတဲ့ ဗိုလ်ချုပ်ရဲ့စကားကို ကြားတာကြောင့် ယွန်းဂျယ်စိုးမွန်းရဲ့မျက်နှာက ပိုပြီးပျက်ယွင်းသွားသည်။

မဟာထန်က ဂိုဂူလျောကို တိုက်ခိုက်မှာကို သူ မကြောက်ပါဘူး၊ တကယ်တော့ မဟာထန်က ဒီလို စကားမျိုး ပြောတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး။ ကျန်းရှို့ကွေးလက်ထက်ကတည်းက နှစ်ဖက်ကြားမှာ တိုက်ပွဲငယ်လေးတွေ အမြဲရှိခဲ့တာပဲ။

တကယ်တမ်း သူ့ကို စိုးရိမ်စေတာကတော့၊ မြို့တော်က သူလျှိုတွေဆီက ရတဲ့ သတင်းအရ ဒီတစ်ကြိမ်မှာ မဟာဗိုလ်ချုပ်အဖြစ်နဲ့ ဂိုဂူလျောကို လာတိုက်မှာက မြေကမ္ဘာပေါ်မှာ အကြောက်ရဆုံးဖြစ်တဲ့ မဟာထန်ရဲ့ စစ်နတ်ဘုရား ဝမ်ချောင်ဖြစ်နေလို့ပဲ။

ယွန်းဂျယ်စိုးမွန်းဟာ ဝမ်ချောင်နဲ့ တစ်ခါမှ ထိပ်တိုက် မတွေ့ဖူးသေးဘူး။ ဒါပေမယ့် ဒီလူရဲ့ စစ်အောင်နိုင်မှု သမိုင်းကို ကြားရရုံနဲ့တင် လူကို တုန်လှုပ်စေဖို့ လုံလောက်နေပြီ။

ဒါဟာ ပြိုင်ဘက်တွေ အားလုံးအတွက်တော့ အိပ်မက်ဆိုးပဲ၊ အကောင်းဆုံးကတော့ သူ့ကို ဘယ်တော့မှ မတွေ့တာပဲ။

"ငါ့အတွက် ကောင်းရှန်းဆီကို စာတစ်စောင် ရေးစမ်း"

"ဒီ အကောင်တွေ ပြဿနာ အားလုံးကို သူတို့ပဲ ဖန်တီးခဲ့တာ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ ငါ့ကို တာဝန်ယူပေးရမယ်လို့ ပြောလိုက်!"

ယွန်းဂျယ်စိုးမွန်း ဒေါသတကြီး ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"

ဗိုလ်ချုပ်က ချက်ချင်းပဲ အမိန့်ကို လက်ခံလိုက်သည်။

သို့သော် နောက်တစ်ခဏမှာပင် ထိုဗိုလ်ချုပ်က စာရေးဖို့ မသွားရသေးခင်မှာ တောင်ပံခတ်သံတစ်ခု နားထဲကို ဝင်လာသည်။

ယွန်းဂျယ်စိုးမွန်းက အံ့သြသွားပြီး အရှေ့မြောက်ဘက် ယိုကျိုးရဲ့ လက္ခဏာပါတဲ့ ခိုနက်တစ်ကောင် ပြတင်းပေါက်ကနေ ဝင်လာတာကို မြင်လိုက်၏။ သူ့လက်အောက်က ဗိုလ်ချုပ်က ခိုကို ဖမ်းယူပြီး စာကို ဖြုတ်ကာ သူ့ဆီကို ပေးလိုက်သည်။

"ဒီ အယုတ်တမာကောင်"

ယွန်းဂျယ်စိုးမွန်းက စာကို တစ်ချက် ကြည့်လိုက်ရုံနဲ့တင် ဒေါသတွေ ထွက်လာပြီး လက်ထဲက စာကို ဆွဲဖြဲကာ ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်သည်။

ယွန်းဂျယ်စိုးမွန်းက စာရေးပြီး မမေးမြန်းရသေးခင်မှာပဲ၊ အရှေ့မြောက်ဘက် ယိုကျိုးမှာရှိနေတဲ့ ကောင်းရှန်းက ကြိုတင် ခန့်မှန်းထားပြီး စာတစ်စောင် အရင် ပို့လိုက်တာပဲ ဖြစ်သည်။

စာထဲက အကြောင်းအရာက အရမ်းရိုးရှင်းပါတယ်။ ယွန်းဂျယ်စိုးမွန်းကို စိတ်အေးအေးထားဖို့နဲ့၊ မဟာထန်က ဂိုဂူလျောကို လာတိုက်မယ်ဆိုရင် ယိုကျိုးကို ဖြတ်ရမှာပဲဖြစ်လို့၊ ဘယ်လိုပဲဖြစ်ဖြစ် ယိုကျို က ယွန်းဂျယ်စိုးမွန်းနဲ့ ဂိုဂူလျော အင်ပါယာရဲ့ ရှေ့က ဒိုင်းလွှာနဲ့ မြို့ရိုး ဖြစ်ပေးပါ့မယ်လို့ ဆိုထားတာပဲ။

အန်းယာလုရှန်းနဲ့ ယိုကျိုးက ဂိုဂူလျောဘက်ကနေ ရပ်တည်ပြီး အတူတူ တိုက်ပွဲဝင်သွားမှာပါတဲ့။

အန်းယာလုရှန်းတို့က ပြဿနာတွေ ဖန်တီးပြီး ဘေးဒုက္ခကို အရှေ့ဘက်က သူ့ဆီနဲ့ ဂိုဂူလျောဆီကို လွှဲချလိုက်တယ်။ နောက်ဆုံးမှာတော့ သူက အန်းယာလုရှန်းနဲ့ ကောင်းရှန်းကို ကျေးဇူးတင်ရမလို ဖြစ်နေပြီ၊ ဒါဟာ တကယ်ကို အဓိပ္ပာယ် မရှိတာပဲ။

တစ်ချိန်တည်းမှာပင် လေပြင်းတွေ တိုက်ခတ်နေပြီး ဂိုဂူလျောနဲ့ မလှမ်းမကမ်းမှာ ရှိသည့်နေရာတစ်ခုတွင် အန်းယာလုရှန်း၊ကောင်းရှန်းနဲ့ယိုကျိုးက လူတွေ စုဝေးနေကြသည်။

"ဘယ်လိုလဲ၊ ယွန်းဂျယ်စိုးမွန်းဘက်က ဘာထူးခြားလဲ"

ခမ်းမဆောင်ထဲမှာ အန်းယာလုရှန်းက လှည့်ပြီး မေးလိုက်သည်။

"ဘာမှ ထွေထွေထူးထူး မရှိပါဘူး၊ ဒေါသထွက်နေတာကလွဲလို့ပေါ့"

ထိုင်ခုံကြီးပေါ်မှာ ထိုင်နေတဲ့ ကောင်းရှန်းက သူ့လက်ထဲက ဟောင်းနွမ်းနေတဲ့ ယပ်တောင်ကို ခတ်နေပြီး တည်ငြိမ်စွာနဲ့ပဲ ပြောလိုက်သည်။

"သခင်ကြီးအနေနဲ့ သူ့ကို စိုးရိမ်စရာ မလိုပါဘူး။ ယွန်းဂျယ်စိုးမွန်းက အခုတော့ လှောင်အိမ်ထဲက သားရဲတစ်ကောင်လိုပါပဲ။ သူ ငါတို့နဲ့ ပူးပေါင်းဖို့ သဘောတူခဲ့ကတည်းက သူ့မှာ နောက်ဆုတ်စရာ လမ်းမရှိတော့ဘူး"

"မဟုတ်ဘူး၊ ပိုပြီးတိတိကျကျ ပြောရရင်၊ ဂိုဂူလျော အင်ပါယာရဲ့ တည်နေရာကပဲ သူတို့မှာ နောက်ဆုတ်စရာ လမ်းမရှိအောင် သတ်မှတ်ထားတာပဲ။ အဲဒီ ကြေညာချက် ထွက်လာတာက သူ့ကို လမ်းဆုံးအောင် တွန်းပို့လိုက်တာပဲ၊ ငါတို့ရဲ့ စစ်ရထားပေါ်ကို သူ မပါမဖြစ် လိုက်လာရမှာပဲ"

"ဒီအချက်က ကြည့်မယ်ဆိုရင် ဒါဟာ မကောင်းတဲ့ အရာတော့ မဟုတ်ဘူးပေါ့!"

ကောင်းရှန်းက ပြောလိုက်သည်။

ယွန်းဂျယ်စိုးမွန်းဟာ အမြဲတမ်း ပြန်ပြီးတိုက်ခိုက်ဖို့ ကြံစည်နေတတ်တဲ့ သားရဲတစ်ကောင်ပါပဲ။ ယွန်းဂျယ်စိုးမွန်းဟာ ဘယ်သူ့ရဲ့ လက်အောက်မှာမှ မနေချင်ဘူးဆိုတာကို လူတိုင်း သိကြတယ်၊ ဒါပေမယ့် သူ ဘာပဲ တွေးတွေး၊ ကောင်းရှန်း ထိန်းချုပ်ထားတဲ့ ယိုကျိုးရဲ့လက်ထဲမှာပဲ ရှိနေတာပါ။

ယွန်းဂျယ်စိုးမွန်းနဲ့ သူ့ရဲ့ဂိုဂူလျော စစ်သည် သန်းချီဟာ တစ်နည်းအားဖြင့်တော့ ယိုကျိုး က လူတွေ ဖြစ်နေပါပြီ။

"ဒါပေမယ့် မြို့တော်ဘက်က ကိစ္စကို ဘယ်လို လုပ်မလဲ။ စစ်တပ်ကြီး လာတိုက်တော့မယ်၊ ငါတို့မှာ အချိန် လေးလပဲ ကျန်တော့တယ်"

ကောင်းရှန်းရဲ့စကားကို ကြားလိုက်ပေမဲ့ အန်းယာလုရှန်းကတော့ နည်းနည်းလေးမှ မပျော်နိုင်ဘူး။

လီဟန်ရဲ့ အဲဒီ နှိမ်နင်းရေး ကြေညာချက်ဟာ အပြင်ပန်းမှာတော့ ဂိုဂူလျော အင်ပါယာနဲ့ ယွန်းဂျယ်စိုးမွန်းဆီကို ဦးတည်နေတာ မှန်ပေမယ့် မြို့တော်မှာ နန်းတက်လိုက်တဲ့ ဧကရာဇ်သစ်ရဲ့ တကယ့်ရည်ရွယ်ချက်ကတော့ ဂိုဂူလျောမဟုတ်ဘဲ သူ အန်းယာလုရှန်းနဲ့ သူ့နောက်က ယိုကျိုး က လူတွေဆိုတာကို အားလုံးက သိနေကြတယ်။

အဲဒီကြေညာချက်ဟာ ယိုကျိုး တစ်ခုလုံးအတွက်တော့ ငလျင်တစ်ခုလို ကြီးမားတဲ့ ရိုက်ခတ်မှုပဲ၊ ဒီကိစ္စကို မဖြေရှင်းနိုင်သရွေ့ အန်းယာလုရှန်းအနေနဲ့ စိတ်အေးလက်အေး မနေနိုင်ဘူး။

ခမ်းမဆောင်ထဲတွင် ခဏချင်းပဲ တိတ်ဆိတ်သွားပြီး လူတိုင်းက စကားမပြောနိုင် ဖြစ်သွားကြသည်။

"တကယ်တော့ သခင်ကြီးက ထိုက်ရှီကို ကတိပေးခဲ့ကတည်းက အခုဖြစ်နေတဲ့ အခြေအနေမျိုးကို ကြိုတင် မြင်တွေ့ခဲ့ပြီးသားပါ။ အခု ဖြစ်ပျက်နေတာတွေက ကြိုမြင်ခဲ့တာတွေ လက်တွေ့ ဖြစ်လာတာပါပဲ၊ နောက်ပြီး သခင်ကြီးအနေနဲ့ နောင်မှာ တစ်လောကလုံးကို သိမ်းပိုက်တော့မယ်ဆိုရင် ဒီလို အခြေအနေမျိုးကို မဖြစ်မနေ ရင်ဆိုင်ရမှာပဲ၊ ဒါက ဘယ်လိုမှ ရှောင်လွှဲလို့ မရတဲ့ အရာပါ"

ကောင်းရှန်းက စကားစလိုက်သည်။

"ဒါပေမယ့် အရမ်း မြန်လွန်းတယ်"

အန်းယာလုရှန်းက သူ့ရင်ထဲက စကားကို ပြောလိုက်သည်။

လီဟန်ရဲ့ အဲဒီဧကရာဇ်ကိုယ်ရံတော်တွေကို သူ ကြိုတင် တွေ့ရှိခဲ့ပြီးသားပါ။ အကယ်၍ အန်းယာလုရှန်းရဲ့ ခွင့်ပြုချက်သာ မပါရင် ယိုကျိုးရဲ့ လုံခြုံရေး တင်းကျပ်မှုကြောင့် အဲဒီ ကိုယ်ရံတော်တွေက ဘယ်လိုလုပ်ပြီး သတင်းတွေ အများကြီး ရသွားမှာလဲ။

ဒင်္ဂါးတွေ သွန်းလုပ်တာ၊ စစ်သားတွေ စုဆောင်းတာ၊ စစ်လက်နက်တွေ ကိုယ်ပိုင် ပြုလုပ်တာ…… ဒါတွေ အားလုံးက အန်းယာလုရှန်းက ထိုက်ရှီရဲ့အမိန့်အတိုင်း လုပ်ခဲ့တာတွေပဲ။

အစတုန်းက ထိုက်ရှီရဲ့အကြံအစည်ကတော့ အန်းယာလုရှန်းကို အခုချက်ချင်း အလံထောင်ပြီး ပုန်ကန်ခိုင်းဖို့ပဲ၊ ဒါပေမယ့် အန်းယာလုရှန်းက ငြင်းဆိုခဲ့ပြီး ဒီလို ကြားနေနည်းလမ်းကို အသုံးပြုခဲ့တာ၊ ဘာဖြစ်လို့လဲဆိုတော့ ဝမ်ချောင်ကို ဆွဲထုတ်ဖို့ဆိုရင် ဧကရာဇ်သစ်ကို ဒီသတင်းတွေ ပေးလိုက်ရုံနဲ့တင် လုံလောက်နေပြီ၊ အခုချက်ချင်း ပုန်ကန်နေစရာ မလိုဘူးလေ။

အန်းယာလုရှန်းဟာ တကယ်ပဲ ပုန်ကန်ချင်သလို၊ တစ်လောကလုံးကိုလည်း အုပ်စိုးချင်တာပေါ့၊ ဒါပေမယ့် အဲဒါက အရာအားလုံး အဆင်သင့် ဖြစ်ပြီးမှ လုပ်ရမှာ။

အခုက သူတော်စင်ဧကရာဇ် သေဆုံးသွားတာ မကြာသေးသလို၊ အများကြီးကလည်း ညှိနှိုင်းလို့ မပြီးသေးဘူး၊ အထူးသဖြင့် အန်းယာလုရှန်းဟာအနောက်တာ့ခ်၊ ရှီးနဲ့ခီတန်၊ မာန်ရှဲ့ကျောက်နဲ့ အနောက်ဘက် နယ်မြေက နိုင်ငံတွေကို သေချာ မဆွဲဆောင်နိုင်သေးဘူး။

အခုလို အခြေအနေမျိုးမှာ ယိုကျိုးရဲ့အင်အားနဲ့တင် မဟာထန်ရဲ့စစ်တပ်ကြီးကို ခုခံဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပိုပြီး ဆိုးတာက မဟာထန်ရဲ့ စစ်နတ်ဘုရား ဝမ်ချောင်ဟာ အခုထိ အသက်ရှင်နေသေးတာပဲ။ အခုချက်ချင်း ပုန်ကန်ဖို့ဆိုတာကတော့ အရမ်း မြန်လွန်းနေသေးတယ်။

ထိုက်ရှီရဲ့ အမိန့်ကို သူ မလွန်ဆန်နိုင်သေးတာကြောင့် အခုလို ထူးဆန်းတဲ့ အခြေအနေမျိုး ဖြစ်နေရတာပဲ။

******

အခန်း (၂၀၆၁) ရှစ်သိန်းသော စစ်သားစုဆောင်းမှုကြီး

“အရာရာက ဖြစ်ပြီးခဲ့ပြီ၊ အခုတော့ ဒီလိုပဲ လုပ်ရတော့မှာပေါ့!”

ကောင်းရှန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စကားဆိုလိုက်၏။

သူသည် အပြင်ပန်းအားဖြင့် တည်ငြိမ်နေသော်လည်း မဟာထန်၏ ထိုကြေညာစာတမ်းမှာ သူ့ကိုလည်း အငိုက်မိစေခဲ့ခြင်း ဖြစ်ပေသည်။ သတင်းများ ပေါက်ကြားသွားပြီးနောက် ဤကိစ္စမှာ များစွာ ကြီးမားလှသည့်အပြင် အန်တုန်းဒေသစောင့်တပ်နှင့်လည်း ပတ်သက်နေသဖြင့်၊ မဟာထန်၏ နန်းတွင်းအဖွဲ့အစည်းမှာ ဆုံးဖြတ်ချက်တစ်ခု မချမီ အချိန်အတော်ကြာအောင် အနည်းဆုံး ဆွေးနွေးငြင်းခုံကြလိမ့်မည်ဟု သူက မူလက ထင်မှတ်ထားခဲ့ပေသည်။ ထို့ပြင် ပြည်သူများကြား လှုပ်ခတ်မှုများ ဖြစ်ပေါ်ခြင်းနှင့် မဟာထန်အတွင်းပိုင်း အစိတ်စိတ်အမြွှာမြွှာ ကွဲပြားသွားခြင်းတို့ကို ရှောင်လွှဲရန်အတွက်၊ မဟာထန်အနေဖြင့် ၎င်းတို့အား ဤမျှအထိ လျင်မြန်စွာ လက်ဦးမှုယူ တိုက်ခိုက်လိမ့်မည် မဟုတ်ဟု ယူဆခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ကောင်းရှန်းသည် လီဟန်ဟူသော ဧကရာဇ်သစ်ကို လျှော့တွက်မိခဲ့ပေသည်။ သူ၏ပြတ်သားလွန်းလှသော နည်းလမ်းများနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းမှာ ကောင်းရှန်းမျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့ပေသည်။

ထိုဧကရာဇ်သစ်မှာ ကောင်းရှန်းစိတ်ကူးထားသည့် သာမန် ဧကရာဇ်မျိုး လုံးဝ မဟုတ်ပေ။

“မဟုတ်သေးဘူး။ သူ့အစွမ်းနဲ့တင်တော့ ဒီလောက်အထိ ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုး မချနိုင်ဘူး၊ ရှိရင်တောင်မှ တုံ့ပြန်မှုနှုန်းက အရမ်း မြန်လွန်းနေတယ်၊ သူ့နောက်ကွယ်မှာ တစ်စုံတစ်ယောက်က လမ်းညွှန်ပေးပြီး ဒီကိစ္စ အောင်မြင်အောင် အစွမ်းကုန် တွန်းအားပေးနေတာ သေချာတယ်!”

ကောင်းရှန်းသည် စိတ်ထဲ၌ ဤသို့ တွေးတောနေရင်း သူ၏ဦးနှောက်ထဲတွင် လူတစ်ဦး၏ ပုံရိပ်မှာ လျှင်မြန်စွာ ပေါ်ထွက်လာခဲ့ပေသည်။

ဝမ်ချောင်

မဟာထန်၏မျိုးနွယ်ခြားဘုရင်နှင့် ယခုလက်ရှိ မဟာထန်၏ဧကရာဇ်တို့မှာ အလွန် ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြပေသည်။ သို့မဟုတ် လီဟန်ကို ယခုရာထူးသို့ ရောက်ရှိအောင် ကူညီပေးခဲ့သူမှာ ဝမ်ချောင်ပင် ဖြစ်၏။ ဤအရာအားလုံးမှာ လီဟန်တစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဟု ဆိုပါက ကောင်းရှန်းအနေဖြင့် လုံးဝ မယုံကြည်နိုင်ပေ။

ထို့ပြင် ဤသည်မှာ ဝမ်ချောင်၏ လက်ချက်ဖြစ်ကြောင်း သူ အမှန်တကယ် ဆုံးဖြတ်လိုက်ရသည့် အကြောင်းရင်းမှာ ထိုကြေညာစာတမ်း ကြောင့်ပင် ဖြစ်ပေသည်။

အန်းယာလုရှန်းမှာ မဟာထန်၏ သူရဲကောင်းတစ်ဦး ဖြစ်ပေသည်။

မဟာထန်အနေဖြင့်လည်း သူ့ကို အမှန်တကယ် လက်ဦးမှုယူ တိုက်ခိုက်ရန် မဝံ့ရဲခဲ့ပေ။

သို့သော်လည်း ထိုကြေညာစာတမ်းမှာမူ ထိုအချက်ကို အလွန်ပင် ပါးနပ်စွာ ရှောင်လွှဲသွားခဲ့သဖြင့် ကောင်းရှန်း၏ အရင်က ပူးပေါင်းကြံစည်မှုများ အားလုံးမှာ အချည်းနှီး ဖြစ်သွားခဲ့ရပေသည်။

“တကယ်ကို အရမ်းလောလောလောလော ဖြစ်သွားခဲ့ပြီ။ လေးလ ဆိုတဲ့ ဒီစကားလုံး သုံးလုံးက အခုတော့ ယိုကျိုး စစ်တပ်ကြီးရဲ့ ခေါင်းပေါ်က ဂါထာလို ဖြစ်သွားပြီး ငါတို့ကို အကျပ်ရိုက်သွားစေပြီ။ အမှန်အတိုင်း ပြောရရင် သခင်ကြီးကတော့ သိသိသာသာကို စိုးရိမ်ပူပန်နေပြီ။”

“မျိုးနွယ်ခြားဘုရင်ဆိုတာ တကယ်ကို မမှားပါဘူး!”

ကောင်းရှန်းသည် စိတ်ထဲ၌ တိတ်တဆိတ် ရေရွတ်လိုက်မိပေသည်။

သို့သော်လည်း ဝမ်ချောင်အနေဖြင့် ကြေညာစာတမ်းတစ်စောင်တည်းနှင့် မိမိကို သွေးထွက်သံယို မရှိဘဲ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်မှတ်ထားပါက၊ များစွာ ရိုးအလွန်းရာ ရောက်ပေလိမ့်မည်။

“သခင်ကြီး စိတ်မပူပါနဲ့!”

“ကျွန်တော်တို့ အခု စိုးရိမ်နေရတာက စစ်သည်အင်အား နည်းပါးတာ မဟုတ်ပါဘူး၊ တခြားနိုင်ငံတွေရဲ့ သဘောထားက ဘာလဲဆိုတာပဲ ဖြစ်ပါတယ်။ တာ့လုံချင်းလင်း ဆိုတာ တကယ့်ကို တော်တဲ့သူ တစ်ယောက်ပဲ၊ တခြားနိုင်ငံတွေမှာလည်း ကိုယ်ပိုင် အကြံအစည်တွေ ရှိကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် ထင်တာကတော့၊ သခင်ကြီး အနေနဲ့ ထိုက်ရှီနဲ့ တွေ့ဆုံသင့်ပါတယ်။ သူတို့ဆီမှာ သခင်ကြီးရဲ့ ဆန္ဒတွေကို ပြီးမြောက်အောင် လုပ်ပေးနိုင်မယ့် နည်းလမ်းရှိမယ်လို့ ကျွန်တော် ခံစားနေရတယ်၊ တခြားနိုင်ငံတွေကလည်း ကျွန်တော်တို့ဘက်ကို စိတ်လိုလက်ရ ပါဝင်လာအောင် လုပ်ပေးနိုင်လိမ့်မယ်!”

ကောင်းရှန်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် ရုတ်တရက် စကားဆိုလိုက်ပေသည်။

ထိုက်ရှီအကြောင်းကို ပြောဆိုလိုက်သည့်အခါ ကောင်းရှန်း၏ မျက်ဝန်းများအတွင်း၌ တောက်ပလှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။ ဤကိစ္စမှာ ထိုက်ရှီကြောင့် စတင်ခဲ့ခြင်းဖြစ်ရာ၊ သဘာဝကျစွာပင် သူတို့၏ စွမ်းအားများကို ဤကိစ္စအတွင်းသို့ ပါဝင်လာအောင် လုပ်ဆောင်ရမည် ဖြစ်ပေသည်။

ထိုက်ရှီက နတ်ဘုရားများမှာ လူသားတို့၏ တိုက်ပွဲများအတွင်း ပါဝင်ပတ်သက်ခြင်း မပြုသင့်သလို၊ လောကကြီးအတွင်း၌ မိမိတို့၏ ခြေရာလက်ရာများကို များစွာ မပြသသင့်ဟု ဆိုထားသော်လည်း၊ ကောင်းရှန်းကမူ ထိုအချက်ကို လုံးဝ ဂရုမစိုက်ပေ။

ဤလူများမှာ ခြေရာလက်ရာ ဖျောက်ထားကြသဖြင့် ကောင်းရှန်းအနေဖြင့် သူတို့၏ အချက်အလက်များကို ဘာမျှ ရှာမတွေ့သော်လည်း၊ သူတို့သာ လူသားကမ္ဘာကို တစ်ခါမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပါဟု ဆိုပါက အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။

ထိုက်ရှီတို့၏ လူသားကမ္ဘာအပေါ် ဝင်ရောက်စွက်ဖက်မှုမှာ များစွာထိတ်လန့်စရာကောင်းလှသော အဆင့်သို့ ရောက်ရှိနေပြီဟု ကောင်းရှန်း ခံစားနေရပေသည်။

နန်းဆောင်အတွင်းရှိ ဗိုလ်ချုပ်များမှာ တိတ်ဆိတ်နေကြပြီး လူတိုင်း၏ အကြည့်မှာ အန်းယာလုရှန်းဆီသို့သာ ရောက်ရှိနေကြပေသည်။

ယိုကျိုးဘက်မှ ထိုက်ရှီနှင့် ဆက်သွယ်နိုင်သူမှာ သခင်ကြီးတစ်ဦးတည်းသာ ရှိပေသည်။

“ဒီကိစ္စကို ငါ ကိုင်တွယ်လိုက်မယ်”

အန်းယာလုရှန်းက ခေတ္တမျှ စဉ်းစားပြီးနောက် စကားဆိုလိုက်၏။

……

အရှေ့မြောက်ဘက်ရှိ ယိုကျိုး၏တုံ့ပြန်မှုက မည်သို့ပင် ရှိစေကာမူ၊ ထိုတိုက်ခိုက်ရေး ကြေညာစာတမ်းကို တစ်ကမ္ဘာလုံးသို့ ကြေညာပြီးသည့်နောက်တွင်၊ မဟာထန်ဟူသော ဧရာမ စစ်ယန္တရားကြီးမှာ ချက်ချင်းပင် အရှိန်အဟုန်အပြည့်ဖြင့် စတင်လည်ပတ်ခဲ့ပေတော့သည်။

မဟာထန်၏ နိုင်ငံတော်အင်အားမှာ တစ်လောကလုံးက အသိအမှတ်ပြုထားရလောက်အောင် တောင့်တင်းခိုင်မာလှသော်လည်း၊ သူတော်စင်ဧကရာဇ်ခေတ်ကာလတွင်မူ “စစ်သား အင်အားများပြားခြင်းထက် အရည်အသွေး ကောင်းမွန်ခြင်းကိုသာ ဦးစားပေးသည်” ဟူသော မူဝါဒကို ကျင့်သုံးခဲ့ပြီး၊ ပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်အတွက် စစ်သည်အင်အားကို များစွာ မစုဆောင်းခဲ့ပေ။ ပုံမှန်စစ်သည် အင်အားမှာ ခြောက်သိန်းကျော်မျှသာ ရှိခဲ့ပြီး၊ ၎င်းမှာ နိုင်ငံတော်၏ အင်အားနှင့် နှိုင်းယှဉ်ပါက ဆယ်ပုံတစ်ပုံတောင် ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း လီဟန်၏ လက်ထက်သို့ ရောက်ရှိသောအခါတွင်မူ ထိုကဲ့သို့သော စိုးရိမ်မှုများ များစွာ မရှိတော့ပေ။

ထူးခြားသော အချိန်ကာလတွင် ထူးခြားသော နည်းလမ်းများကို အသုံးပြုရမည် ဖြစ်ပေသည်။

ဝမ်ချောင်မိမိအား ပြောပြခဲ့ဖူးသည့် စကားများကို လီဟန်ကောင်းစွာ မှတ်မိနေပေသည်၊ အန်းယာလုရှန်းဟူသော ဤသူသည် နောင်တစ်ချိန်တွင် မဟာထန်အတွက် အကြီးမားဆုံးသော ဘေးအန္တရာယ် ဖြစ်လာလိမ့်မည် ဟူ၍ ဖြစ်၏။

ဝမ်ချောင်အနေဖြင့် ထိုသူအပေါ် ဘာကြောင့် ဤမျှအထိ “မြင့်မားသော” အကဲဖြတ်ချက် ပေးခဲ့သနည်းဟူသည်ကို လီဟန် မသိရှိသော်လည်း၊ ထိုစကားက လီဟန်အပေါ် လွှမ်းမိုးမှုမှာ များစွာ ကြီးမားလှပေသည်။ လီဟန်၏ မှတ်ဉာဏ်ထဲတွင် ယခုအချိန်အထိ ဝမ်ချောင်၏ ဆုံးဖြတ်ချက်များမှာ တစ်ခါမျှ မမှားယွင်းခဲ့ဖူးပေ။

ထို့ပြင် အန်းယာလုရှန်းအနေဖြင့် နဂါးအရှိန်အဝါ(လုံချီ)ကို ခိုးယူခဲ့သည့် အမှန်တရားလည်း ရှိနေပေသေးသည်။

အစွမ်းထက်သော ရန်သူများနှင့် မဟာထန်ကို ဖျက်ဆီးလိုသော ပုန်ကန်သူများအတွက်၊ မိမိတို့၏ စွမ်းအားရှိသမျှ အသုံးပြု၍ အမြစ်ပြတ် ချေမှုန်းရမည်ဖြစ်ကာ၊ ၎င်းတို့အား တစ်ဖန် ပြန်လည် နာလန်ထူခွင့် လုံးဝ မပေးသင့်ပေ။

ဤသည်မှာ လီဟန်၏ အလုပ်လုပ်ပုံ စတိုင်ပင် ဖြစ်ပေသည်။

ဝမ်ချောင်အနေဖြင့်မူ သူတော်စင်ဧကရာဇ် ခေတ်ကာလတုန်းက အတိုင်းအတာတစ်ခုအထိ စိုးရိမ်မှုများ ရှိခဲ့သဖြင့် မိမိအလိုရှိသကဲ့သို့ လုပ်ဆောင်ခွင့် မရရှိခဲ့ပေ။ ထို့ပြင် အနောက်တောင်ဘက် စစ်ပွဲ၊ တာလာ့စ် စစ်ပွဲ၊ ယွီစန်းနှင့် အနောက် တာ့ခ်တို့၏ နှောင့်ယှက်မှုများ၊ ထို့နောက်တွင်မူ အနောက်မြောက်ဘက် စစ်ပွဲစသည်ဖြင့် တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်ပေါ်နေခဲ့သဖြင့် ဝမ်ချောင်အနေဖြင့် အန်းယာလုရှန်းကို ကိုင်တွယ်ရန် အချိန်မရရှိခဲ့ပေ။

ယခုအခါ လီဟန် နန်းတက်လာပြီဖြစ်ရာ ဝမ်ချောင်အနေဖြင့် ထိုကဲ့သို့သော စိုးရိမ်မှုများ မရှိတော့ပေ။

နန်းတွင်းရှိ အရာရှိပေါင်းစုံနှင့် ရာဇဝတ်စစ်ဆေးရေး အရာရှိများ အပါအဝင်၊ လူတိုင်းက ဝမ်ချောင်ကို အသိအမှတ်ပြုထားကြပြီ ဖြစ်သဖြင့်၊ သူ့ကို တားဆီးနိုင်မည့်သူ မရှိတော့ပေ။

မဟာထန်ဟူသော ဤဧရာမ စစ်ယန္တရားကြီးသည် ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလှသော အစွမ်းများကို ထုတ်ဖော်ပြသလိုက်ပေပြီ။

ဧကရာဇ်သစ် လီဟန်၏ တိုက်ခိုက်ရေး ကြေညာစာတမ်းကို ထုတ်ပြန်ပြီး မကြာမီမှာပင်၊ ဝမ်ချောင်၏အမည်ဖြင့် မဟာထန်သည် ပထမဆုံးအကြိမ်အဖြစ် အကြီးစား စစ်သားစုဆောင်းမှုကြီးကို စတင်ခဲ့ပေသည်။ စုဆောင်းမည့် စစ်သည်အင်အားမှာ ရှစ်သိန်း ဖြစ်ပြီး၊ ၎င်းမှာ ယခုလက်ရှိ တာဝန်ထမ်းဆောင်နေသော ပုံမှန်စစ်သည် အင်အားထက်ပင် ပိုမိုများပြားနေပေသေးသည်။

ထိုသို့ စစ်သားအမြောက်အမြား စုဆောင်းသော်လည်း စစ်သားစုဆောင်းမှု စံနှုန်းမှာမူ လျော့ကျသွားခြင်း မရှိဘဲ၊ အရင်ကထက်ပင် ပိုမိုတင်းကျပ်လာခဲ့ပေသည်။

မဟာထန်၌ လူဦးရေ သန်းပေါင်းများစွာ ရှိနေသဖြင့် ဝမ်ချောင်၏အမြင်၌ ထူးချွန်သော စစ်သည်အင်အားမှာ ခြောက်သိန်းထက် များစွာပိုများပြားနေပေသည်။

ဝမ်ချောင်၏ စစ်သားစုဆောင်းရေး အမိန့်တော် ထွက်ပေါ်လာသည်နှင့် တစ်လောကလုံးမှာ ပျော်ရွှင်ဝမ်းမြောက်သွားခဲ့ကြပြီး၊ မရေမတွက်နိုင်သော ထန်လူမျိုးများမှာ စိတ်အားထက်သန်စွာဖြင့် အမည်စာရင်း ပေးသွင်းကာ ပါဝင်လာခဲ့ကြပေသည်။

ရှစ်သိန်းသော စစ်သည်သစ်များနှင့် ယခုလက်ရှိ ခြောက်သိန်းသော စစ်သည်များ ပေါင်းစပ်လိုက်ပါက၊ မဟာထန်၌ စုစုပေါင်း တစ်သန်း လေးသိန်းသော စစ်တပ်ကြီး ရှိလာမည် ဖြစ်ပေသည်။

ယခင်က မင်းဆက်များတွင်မူ ဤကဲ့သို့သော အကြီးစား စစ်သားစုဆောင်းမှုမျိုးမှာ ပြည်သူတို့ကို ဒုက္ခပေးကာ နိုင်ငံတော် ဘဏ္ဍာကို ဖြုန်းတီးခြင်း ဖြစ်သဖြင့်၊ နန်းတွင်းအတွင်းနှင့် အပြင်၌ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုများ ကြုံတွေ့ရမည်ဖြစ်ကာ၊ လောကသားများ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရမည် ဖြစ်ပေသည်၊ “စစ်တိုက်ခြင်းကို နှစ်သက်ကာ ရက်စက်ကြမ်းကြုတ်သူ” သို့မဟုတ် “စစ်အင်အားကို အလွဲသုံးစားလုပ်သူ”ဟု သမုတ်ခံရမည်ဖြစ်ပြီး၊ လောကကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားခြင်းမျိုးပင် ကြုံတွေ့ရနိုင်ပေသည်။

သို့သော်လည်း ယခုတစ်ကြိမ်မှာမူ လုံးဝ ကွဲပြားနေပေသည်။

ဝမ်ချောင်၏စစ်သားစုဆောင်းရေး အမိန့်တော်မှာ ကဲ့ရဲ့ပြစ်တင်ခြင်း မခံရသည့်အပြင်၊ လောကသားများ၏ စိတ်အားထက်သန်စွာ တုံ့ပြန်မှုကိုပါ ရရှိခဲ့ပေသည်၊ ရာဇဝတ်စစ်ဆေးရေး အရာရှိအနည်းငယ်မျှပင် ကန့်ကွက်လွှာ တင်သွင်းခြင်း မရှိဘဲ၊ ရှိခဲ့လျှင်ပင် ထိုသူတို့မှာ အားလုံး၏ ထောက်ခံအားပေးသံများကြား၌ နစ်မြုပ်သွားခဲ့ကြပေသည်။ ဤသည်မှာ လောကကြီးအတွင်း၌ မကြုံစဖူးသော ဖြစ်ရပ်ပင် ဖြစ်၏။

စစ်ပွဲတစ်ခုကို စတင်နေခြင်း ဖြစ်သော်လည်း ဤကဲ့သို့သော ကောင်းမွန်သည့် တုံ့ပြန်မှုမျိုးကို ရရှိစေရန်မှာ၊ အလယ်ပိုင်းဒေသသမိုင်းတစ်လျှောက်တွင် ဝမ်ချောင်တစ်ဦးတည်းသာ လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်ပေသည်။

ဝမ်ချောင်ဦးဆောင်သည့် စစ်ပွဲတိုင်းမှာ ရှုံးနိမ့်ခြင်း မရှိသလောက်ပင် ဖြစ်ပေသည်။

ယခင်က စစ်ပွဲများတွင်လည်း ဝမ်ချောင်သည် တစ်အင်ပါယာလုံးအတွက် များပြားလှသော ရတနာများကို ယူဆောင်လာပေးခဲ့သလို၊ လောကတစ်ခုလုံးကိုလည်း အကျိုးခံစားခွင့်များ ပေးအပ်ခဲ့ပေသည်၊ ဤသည်မှာလည်း အပြောင်းအလဲ၏ ရင်းမြစ်ပင် ဖြစ်၏။

ယခုအချိန်၌ ဝမ်ချောင်သည် မဟာထန်၏ စစ်နတ်ဘုရားတစ်ဦးတည်း မဟုတ်တော့ဘဲ၊ တစ်ကမ္ဘာလုံး၏ ပထမဆုံးသော စစ်နတ်ဘုရား ဖြစ်နေပြီ ဖြစ်ရာ၊ ၎င်းမှာ ပြည်သူများ၏ ယုံကြည်ကိုးစားမှုပင် ဖြစ်ပေသည်။

“ဝမ်ချောင်ဒီတစ်ခေါက် စစ်သားစုဆောင်းမှုမှာ၊ ငါတို့တွေ စစ်မှန်သော သိုင်းအဆင့်ရှိတဲ့ စစ်သည် သုံးသိန်းကျော်ကို စုဆောင်းပြီးပြီ၊ လူဦးရေ တိုးပွားမှုနှုန်းကလည်း ဆက်တိုက် တိုးနေတုန်းပဲ။ ဒါက လောကမှာရှိတဲ့ မျိုးရိုးကြီး မိသားစုတွေဆီက ထည့်ဝင်လာတဲ့ စစ်သည် တစ်သိန်းကို မတွက်ရသေးဘူးနော်၊ ဒီလိုဆိုရင် ငါတို့ မူလက သတ်မှတ်ထားတဲ့ လူအင်အားကတောင် မလုံလောက်တော့သလို ဖြစ်နေပြီ”

“ဒါ့အပြင် အရန်တပ်ဖွဲ့တွေနဲ့ ဒေသတပ်ဖွဲ့တွေထဲကလည်း ငါတို့တွေ လူအင်အားကို ထပ်ပြီး ထုတ်ယူနိုင်သေးတယ်”

ဝမ်ချောင်၏ မျိုးနွယ်ခြားဘုရင်အိမ်တော်အတွင်း၌၊ ကျန်းချိုးကျန့်ချုံးသည် ကုလားထိုင်ပေါ်၌ ထိုင်လျက် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ကာ၊ စစ်ဝန်ကြီးဌာနမှ ပေးပို့လာသော အချက်အလက်များကို ချထားရင်း စကားဆိုလိုက်ပေသည်။

သူ၏ ပတ်ဝန်းကျင်တွင် မင်းဆရာ (ထိုက်ဇီ) ဝမ်ကျုံးစစ်၊ ထုံလော့ ဗိုလ်ချုပ် အာပုစစ်၊ ဖုန်းယန် ဗိုလ်ချုပ်ကျန်းယွမ်ရန့်တို့အပြင်၊ စစ်တပ်အတွင်းမှ ဘွဲ့ထူးရ ဗိုလ်ချုပ်များစွာနှင့် စစ်ဝန်ကြီးဌာနမှ အရေးပါသော အရာရှိများ အားလုံးမှာ ဤနေရာသို့ စုရုံးနေကြပေသည်။

ဝမ်ချောင်အနေဖြင့် သူတော်စင်ဧကရာဇ်၏ ခန့်အပ်မှုကို လက်ခံခဲ့ပြီးနောက်၊ ယိုကျိုးဆိုင်ရာ ကိစ္စရပ်များအားလုံးနှင့် ဂိုဂူလျော အင်ပါယာကို တိုက်ခိုက်မည့် စစ်တပ်ကြီး၏ မဟာစစ်ဗိုလ်ချုပ်ကြီးဖြစ်လာခဲ့ပြီး၊ မဟာထန်၏ စစ်သည်အင်အား အားလုံးကို ထိန်းချုပ်ခွင့် ရရှိခဲ့သည်ဖြစ်ရာ၊ ဝမ်ချောင်၏ပုဂ္ဂလိက အိမ်တော်မှာ မသိမသာဖြင့် ထန်မင်းဆက်တစ်ခုလုံး၏ ဗဟိုချက်မ ဖြစ်လာခဲ့ပေသည်။

စစ်တပ်အတွင်းမှ အရေးပါသော ပုဂ္ဂိုလ်များမှာ အကုန်လုံး နီးပါးပင် ဤနေရာ၌ ရှိနေကြပေသည်။

ဤတစ်ကြိမ် စစ်သားစုဆောင်းမှုအပေါ် ပြည်သူများ၏ တုံ့ပြန်မှုမှာ ထင်မှတ်ထားသည်ထက် များစွာ ပိုမိုကြီးကျယ်လှပေသည်။ ၎င်းမှာ စစ်တပ်အတွင်းမှ ဗိုလ်ချုပ်များ အရင်က မတွေးဝံ့ခဲ့သည့် အရာဖြစ်သလို၊ လူတိုင်းကိုလည်း များစွာ တက်ကြွလန်းဆန်းသွားစေခဲ့ပေသည်။

“စစ်ဝန်ကြီးဌာနဘက်က စစ်အင်အား တိုးချဲ့တာကို ငါ မကန့်ကွက်ပါဘူး၊ ဒါပေမဲ့ စစ်တပ်ဆိုတာ သိုင်းဂိုဏ်းတွေလို မဟုတ်ဘူး။ တစ်ဦးချင်းစီရဲ့ သိုင်းပညာ အစွမ်းကိုပဲ ကြည့်လို့ မရဘူး။ ဒီစစ်သည်တွေကို စုဆောင်းပြီးရင်၊ အရေးအကြီးဆုံးကတော့ နောက်ပိုင်းမှာ လုပ်ရမယ့် လေ့ကျင့်မှုတွေပဲ ဖြစ်တယ်။”

ထိုအချိန်မှာပင် မင်းဆရာ(ထိုက်ဇီ)ဝမ်ကျုံးစစ်က နောက်ဆုံးတွင် စကားဆိုလိုက်ပေသည်။

“ကျန်းဗိုလ်ချုပ်၊ ဒီဘက်ပိုင်း ကိစ္စတွေက ဘယ်လို အခြေအနေ ရှိနေပြီလဲ”

ဝမ်ချောင်က စကားဆိုလိုက်ရင်း ဘေးနားရှိ ဖုန်းယန် ဗိုလ်ချုပ် ကျန်းယွမ်ရန့်ဆီသို့ လှည့်ကြည့်လိုက်ပေသည်။

ကျန်းယွမ်ရန့်မှာ အင်ပါယာ၏ ဗိုလ်ချုပ်ကြီးတစ်ဦး မဟုတ်သလို၊ များစွာထင်ရှားလှသော စစ်မှုထမ်းကောင်းမှုများလည်း မရှိပေ။ သို့သော်လည်း ဗိုလ်ချုပ်ကြီး အဆင့်အောက်တွင်မူ၊ ကျန်းယွမ်ယန့်သည် ဘွဲ့ထူးရ ဗိုလ်ချုပ်များထဲ၌ ထိပ်တန်းကပင် ဖြစ်ပေသည်။

အမှန်တကယ်တော့ ထိုက်ဟယ်နန်းဆောင်အတွင်းသို့ ဝင်ရောက်ကာ နိုင်ငံတော်၏ စီမံခန့်ခွဲရေး ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်းကပင် ဖုန်းယန် ဗိုလ်ချုပ်ကျန်းယွမ်ရန့်၏အဆင့်အတန်းကို သက်သေပြနေခြင်း ဖြစ်ပေသည်။

“မျိုးနွယ်ခြားဘုရင်ကို လျှောက်တင်ပါတယ်၊ အရာအားလုံးကို အစီအစဉ်အတိုင်း ပြင်ဆင်ပြီးပါပြီ။ အရှင် အရင်က ညွှန်ကြားထားတဲ့အတိုင်းပဲ၊ ကျွန်တော်တို့ စစ်တပ်အသီးသီးကနေ အဆင့်ဆင့်သော အဆင့်မြင့် စစ်အရာရှိပေါင်း သုံးသောင်းကျော်ကို ထုတ်ယူခဲ့ပြီးပါပြီ။ အဲဒီစစ်အရာရှိတွေထဲက အတော်များများကတော့ အရှင်နဲ့အတူ စစ်မြေပြင်ကို လိုက်ပါဖူးသူတွေ ဒါမှမဟုတ် တခြားသော စစ်ပွဲတွေမှာ ပါဝင်ခဲ့ဖူးသူတွေ ဖြစ်ကြပါတယ်”

“စစ်သားစုဆောင်းမှု ပြီးဆုံးသွားတာနဲ့ အဲဒီစစ်အရာရှိတွေက စုဆောင်းထားတဲ့ စစ်သည်တွေကို တစ်သားတည်း ဖြစ်သွားအောင် အချိန်မရွေး လေ့ကျင့်ပေးနိုင်မှာ ဖြစ်ပါတယ်။”

ဖုန်းယန် ဗိုလ်ချုပ်ကျန်းယွမ်ရန့်က လေးနက်သော အသံဖြင့် လျှောက်တင်လိုက်ပေသည်။

သူသည် ဝမ်ချောင်နှင့်ကျန်းချိုးကျန့်ချုံးတို့ကဲ့သို့ စစ်တိုက်ရာတွင် မတော်သော်လည်း၊ စစ်တပ်ကို စီမံခန့်ခွဲခြင်း၊ လေ့ကျင့်ပေးခြင်းနှင့် အလယ်အလတ်အဆင့် စစ်အရာရှိများကို အုပ်ချုပ်ခြင်းပိုင်းတွင်မူ အလွန်ပင် ထူးချွန်လှပေသည်။ ဤသည်မှာလည်း ဝမ်ချောင်သူ့ကို ခေါ်ယူခဲ့သည့် အဓိက အကြောင်းရင်းပင် ဖြစ်၏။

“ကောင်းပြီ!”

ဝမ်ချောင်သည် ခေါင်းကို အနည်းငယ် ညိတ်လိုက်ပေသည်။ ကျန်းယွမ်ရန့်၏ စွမ်းဆောင်ရည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သူ၏စီမံခန့်ခွဲမှုနှင့် အဆင့်မြင့် စစ်အရာရှိ သုံးသောင်းကျော်၏ အကူအညီဖြင့်ဆိုပါက၊ စုဆောင်းထားသော စစ်သည်အင်အားများအား ပဏာမ လေ့ကျင့်မှုများ ပြုလုပ်ရန် လုံလောက်လိမ့်မည် ဖြစ်ပေသည်။

“သိန်းငှက်အိုကြီး။”

ဝမ်ချောင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ရုတ်တရက် စကားဆိုလိုက်၏။

“မင်း လီစီယီနဲ့စုဟန်ရှင်းတို့ဆီကို အမိန့်ပါးလိုက်၊ သူတို့ နှစ်ယောက်လုံး သူတို့ရဲ့ လက်အောက်ကနေ အတွေ့အကြုံရှိတဲ့ စစ်အရာရှိနဲ့ စစ်သည် ငါးထောင်စီကို ထုတ်ပေးပြီး၊ ဒီတစ်ခေါက် စုဆောင်းထားတဲ့ စစ်တပ်ကြီးကို လေ့ကျင့်ပေးတဲ့နေရာမှာ ပါဝင်ကူညီပေးဖို့ ပြောလိုက်”

“ဟုတ်ကဲ့ပါ အရှင်”

ဝမ်ချောင်၏ နောက်ကွယ်ရှိ သိန်းငှက်အိုကြီးက ရိုသေစွာဖြင့် လျှောက်တင်လိုက်ပေသည်။

“ဒါ့အပြင် မင်းဆရာ(ထိုက်ဇီ)၊ အရှေ့မြောက်ဘက်က ရှေ့တန်းအခြေစိုက်စခန်း ကိစ္စတွေကရော ဘယ်လို အခြေအနေ ရှိနေပြီလဲ?”

ဝမ်ချောင်က စကားဆိုလိုက်ပေသည်။

စစ်ဝန်ကြီးဌာန၏ ထိပ်တန်းခေါင်းဆောင်ကြီးများ ဖြစ်ကြသည့်အတိုင်း ကျန်းချိုးကျန့်ချုံး နင့် မင်းဆရာ(ထိုက်ဇီ)ဝမ်ကျုံးစစ်တို့၌ ကိုယ်စီ တာဝန်များ ရှိနေကြပေသည်။

ကျန်းချိုးကျန့်ချုံးမှာ အဓိကအားဖြင့် စစ်သားစုဆောင်းမှုအပိုင်းကို တာဝန်ယူရပြီး၊ မင်းဆရာ(ထိုက်ဇီ)ဝမ်ကျုံးစစ်မှာမူ အရှေ့မြောက်ဘက်ရှိ ရှေ့တန်းအခြေစိုက်စခန်းတစ်ခုကို တာဝန်ယူထားရပေသည်။

ဝမ်ချောင်၏ အစီအစဉ်အရ ဂိုဂူလျောကို ရင်ဆိုင်ရန်အတွက်၊ မဟာထန်သည် ဟယ်ပေ့လမ်းစဉ်၏ ချန်းကျိုး၊ ယင်းကျိုးနှင့် ဟိန်ကျိုးနယ်မြေအတွင်း မိုင်ပေါင်း တစ်ထောင်ခန့် အကွာအဝေး၌ ဂိုဂူလျောကို တိုက်ခိုက်မည့် အကြီးစား ရှေ့တန်းအခြေစိုက်စခန်းနှင့်သိုလှောင်ရုံများကို တည်ဆောက်မည် ဖြစ်သည်၊ လက်နက်များနှင့် ရိက္ခာများအားလုံးကို ထိုနေရာ၌ ကြိုတင်စုဆောင်းထားမည် ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် ထိုလက်နက်များနှင့် ရိက္ခာများကို ကာကွယ်ရန်အတွက်၊ မဟာထန်သည် ကြိုတင်၍ စစ်သည်အင်အား နှစ်သိန်းကို ထိုရှေ့တန်းအခြေစိုက်စခန်းသို့ စေလွှတ်ကာ တပ်စွဲထားစေမည်ဖြစ်ပြီး၊ ဖြစ်ပေါ်လာနိုင်သည့် အပြောင်းအလဲများကို ရင်ဆိုင်ရန် ပြင်ဆင်ထားမည် ဖြစ်ပေသည်။

သေချာသည်မှာ၊ ဤအရာအားလုံးမှာ အပြင်ပန်းအရ ပြောကြားချက်များသာ ဖြစ်ပြီး၊ အတွင်းပိုင်းတွင်မူ လူတိုင်းက ဤရှေ့တန်းအခြေစိုက်စခန်းမှာ အန်းယာလုရှန်းကို ရင်ဆိုင်ရန်အတွက် ဖြစ်ကြောင်း ကောင်းစွာ သိရှိထားကြပေသည်။

******

အခန်း (၂၀၆၂) ရှေ့တန်းအခြေစိုက်စခန်း

အန်းယာလုရှန်း၏ ပုန်ကန်လိုသောဆန္ဒမှာ အထင်အရှား ပေါ်ထွက်နေခဲ့ပြီဖြစ်ကာ၊ ယိုကျိုးတစ်ခွင်၌လည်း တစ်ပါးအမျိုးသား စစ်သည် လေးသိန်းကျော် စုရုံးနေခဲ့ပြီ ဖြစ်ပေသည်။ အကယ်၍ အန်းယာလုရှန်းသည် ရုတ်တရက် အမျက်ထွက်ကာ စတင်တိုက်ခိုက်လာခဲ့ပါက၊ ထိုစစ်တပ်ကြီးသည် ရေလွှမ်းမိုးမှုကဲ့သို့ပင် အရှေ့မြောက်ဒေသနှင့် ဟယ်ပေ့လမ်းစဉ်တစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

ထိုအချိန်သို့ ရောက်ရှိလာပါက ဤရှေ့တန်းအခြေစိုက်စခန်းသည် အန်းယာလုရှန်းနှင့် ယိုကျိုးစစ်တပ်ကြီးအား ခုခံတိုက်ခိုက်မည့် လှိုင်းတားတံတိုင်းတစ်ခု ဖြစ်လာမည်ဖြစ်သကဲ့သို့ နောက်တန်းတစ်ခုလုံးအတွက်လည်း အန်းယာလုရှန်းကို ရင်ဆိုင်မည့် အကြီးမားဆုံးသော ခံတပ်ကြီး ဖြစ်လာပေလိမ့်မည်။

ဤကိစ္စမှာ များစွာကြီးမားလှပေရာ စစ်သည်အင်အား နှစ်သိန်းမျှဖြင့် အန်းယာလုရှန်းနှင့် ယိုကျိုးစစ်သည်လေးသိန်းကို ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ထိပ်တန်းဗိုလ်ချုပ်တစ်ဦး ဤနေရာ၌ တပ်စွဲထားရန် လိုအပ်လှပေသည်။ ကျန်းချိုးကျန့်ချုံးနှင့် ထုံလော့ဗိုလ်ချုပ်ကြီး အာပုစစ်တို့သည် စစ်မြေပြင်တွင် တစ်ဦးတည်း ရင်ဆိုင်နိုင်စွမ်း ရှိကြသော်လည်း၊ အန်းယာလုရှန်းနှင့် ယိုကျိုးစစ်သည်လေးသိန်းကို တားဆီးခြိမ်းခြောက်ရန်အတွက်မူ များစွာလိုအပ်နေသေးပေသည်။

မဟာထန်တစ်ခုလုံးကို ကြည့်လျှင် ဝမ်ချောင်မှလွဲ၍ ဤကိစ္စကို လုပ်ဆောင်နိုင်မည့်သူမှာ ယခင်မျိုးဆက်၏ ထန်မင်းဆက် စစ်နတ်ဘုရာဖြစ်သော မင်းဆရာ(ထိုက်ဇီ) ဝမ်ကျုံးစစ်တစ်ဦးတည်းသာ ရှိပေသည်။

ဝမ်ကျုံးစစ်၏ စစ်နည်းဗျူဟာများမှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။ သူ၏အတိတ်က စစ်မှုထမ်းကောင်းမှုများကို ကြည့်လျှင် စစ်ပွဲတိုင်းကို အောင်နိုင်ခဲ့ကာ ရှုံးနိမ့်မှုဟူ၍ အလွန်ပင် ရှားပါးလှပေသည်။ အရေးအကြီးဆုံးအချက်မှာ အန်းယာလုရှန်းသည် သူ့အကြောင်းကို ကောင်းစွာ မသိရှိသည့်အပြင် ဝမ်ကျုံးစစ်၏ လှုပ်ရှားမှုများကိုလည်း လုံးဝခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။

“အရာရာကို ပြင်ဆင်ပြီးသွားပြီ။ စစ်သည်နှစ်သိန်းက နောက်ရက်အနည်းငယ်အတွင်း ရောက်လာလိမ့်မယ်!”

ဝမ်ကျုံးစစ်သည် ခေတ္တမျှ စဉ်းစားပြီးနောက် စကားဆိုလိုက်သည်။ သူ၏အသံမှာ ဟိန်းထွက်နေကာ သူ၏အပြုအမူတိုင်းမှာလည်း အတိုင်းအဆမရှိသော အရှိန်အဝါများကို ပေးစွမ်းနေပေသည်။

စစ်မှုထမ်းဘဝမှ အနားယူကာ မင်းဆရာ(ထိုက်ဇီ) ရာထူးကို ရယူထားသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း၊ ဝမ်ကျုံးစစ်၏ စစ်ပွဲအတွက် မွေးဖွားလာသော ပြတ်သားလှသည့် စစ်သည်တော် အငွေ့အသက်များကိုမူ မည်သို့မျှ ဖုံးကွယ်ထား၍ မရနိုင်ပေ။

ဤကဲ့သို့သော အရှိန်အဝါနှင့် အငွေ့အသက်များကို သာမန်အချိန်များတွင် မခံစားရသော်လည်း၊ စစ်ပွဲနှင့် ပတ်သက်လာပါက ဝမ်ကျုံးစစ်သည် ဓားတစ်စင်းကို အိမ်မှ ထုတ်လိုက်သကဲ့သို့ပင် ထက်မြက်လှပေသည်။ သူသည် တမင်တကာ လုပ်ဆောင်ခြင်း မဟုတ်သော်လည်း လူကို ကြောက်ရွံ့တုန်လှုပ်စေမည့် ခံစားချက်ကို သဘာဝအတိုင်း ထွက်ပေါ်စေပေသည်။

စစ်ရေးပိုင်းတွင်မူ ဝမ်ကျုံးစစ်သည် ကျန်းချိုးကျန့်ချုံးနှင့်အာပုစစ်တို့ထက် အဆင့်များစွာ သာလွန်နေဆဲ ဖြစ်ပေသည်။

ဝမ်ကျုံးစစ်၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်ပင်လျှင် ခေါင်းကို အနည်းငယ် ညိတ်လိုက်မိသည်။

ရှေ့တန်းအခြေစိုက်စခန်းသို့ ကြိုတင်စေလွှတ်မည့် စစ်သည်နှစ်သိန်းမှာ အရပ်မျက်နှာအသီးသီးမှ စုဆောင်းထားခြင်းဖြစ်ရာ ပါဝင်ပတ်သက်နေသည့် ကိစ္စရပ်များမှာ များပြားလှသကဲ့သို့ စီမံခန့်ခွဲရာတွင်လည်း အချိန်များစွာ ပေးရပေသည်။ ဝမ်ချောင်သည် ဤတာဝန်ကို ဝမ်ကျုံးစစ်အား ပေးအပ်လိုက်သည့်အခါ ပြီးမြောက်ရန် အနည်းဆုံး ခုနစ်ရက် သို့မဟုတ် ဆယ်ရက်ခန့် ကြာမြင့်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အမှန်တကယ်တွင်မူ လေးငါးရက်မျှဖြင့် ဝမ်ကျုံးစစ်သည် အရာရာကို အစီအစဉ်တကျ လုပ်ဆောင်နိုင်ခဲ့ပြီး၊ ပထမအသုတ်ဖြစ်သော စစ်သည်တစ်သိန်းမှာ ချန်းကျိုးနှင့် ယင်းကျိုးနယ်မြေရှိ ရှေ့တန်းအခြေစိုက်စခန်းသို့ ရောက်ရှိနေပြီ ဖြစ်ကာ၊ ကျန်ရှိသော စစ်သည်တစ်သိန်းမှာလည်း နောက်ရက်အနည်းငယ်အတွင်း ရောက်ရှိလာတော့မည် ဖြစ်သည်။

ဤကဲ့သို့သော ထိရောက်မှုမျိုးကို ဝမ်ချောင်ပင်လျှင် အံ့အားသင့်သွားရ၏။

“ဒါပေမဲ့ ယိုကျိုးဘက်က ငါတို့ကို သတိထားမိနေပြီ။ အန်းယာလုရှန်းရဲ့ တုံ့ပြန်မှုကို ကြည့်ရတာ၊ သူက ဧကရာဇ်ရဲ့စစ်တပ်ကို ကူညီမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှေ့တန်းအခြေစိုက်စခန်းထဲကို ဝင်လာပြီး အတွင်းပိုင်း အခြေအနေတွေကို စောင့်ကြည့်ချင်နေပုံပဲ။”

“မင်းရဲ့အစီအစဉ်အတိအကျကိုတော့ ငါမသိဘူး၊ ဒါပေမဲ့ အန်းယာလုရှန်းက တကယ်လို့ အတင်းအကျပ် လက်ဦးမှုယူပြီး တိုက်ခိုက်လာမယ်ဆိုရင်တော့ စစ်သည်နှစ်သိန်းတည်းနဲ့ သူ့ကို တားဖို့ မလွယ်ဘူး။ ငါ့အကြံပြုချက်ကတော့ အစီအစဉ်ကို နည်းနည်း ပြောင်းပြီး ခံစစ်ပြင်ဆင်မှုတချို့ကို ကြိုလုပ်ထားသင့်တယ်။ ရိုးရိုးရှင်းရှင်းပဲ ဖြစ်ဖြစ်ပေါ့၊ ဒါပေမဲ့ ရှိတော့ ရှိရမယ်။ နောက်ပြီး ဒါကို အရမ်းသိသာအောင်တော့ မလုပ်နဲ့ဦး၊ အန်းယာလုရှန်းက ဒါကို အကြောင်းပြပြီး ရှေ့တန်းအခြေစိုက်စခန်းထဲကို ဝင်နှောင့်ယှက်တာ ဒါမှမဟုတ် တိုက်ရိုက် တိုက်ခိုက်တာမျိုးတွေ မလုပ်နိုင်အောင်ပေါ့။”

ဝမ်ကျုံးစစ်က ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် ဆက်လက် ပြောဆိုလိုက်သည်။

“ရပါတယ်၊ အရာရာကို မင်းဆရာရဲ့ အလိုအတိုင်းပဲ လုပ်ကြစို့။ ကျွန်တော်က မျိုးရိုးကြီး မိသားစုတွေကို မင်းဆရာနဲ့ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းကြားထားလိုက်ပါ့မယ်!”

ဝမ်ချောင်က ခေါင်းညိတ်လိုက်သည်။

နန်းတွင်းဘက်မှ အန်းယာလုရှန်းကို ကိုင်တွယ်ရန် ဆုံးဖြတ်ထားသော်လည်း၊ အမှန်တကယ် လက်မနှက်မီနှင့် အရာရာကို အပြည့်အစုံ ပြင်ဆင်ပြီးခြင်း မရှိသေးမီတွင်မူ အန်းယာလုရှန်းကို များစွာ လှုံ့ဆော်ရန် မသင့်တော်သေးပေ။

“…… ဒါ့အပြင် ရှေ့တန်းအခြေစိုက်စခန်းနဲ့ ပတ်သက်ပြီး အန်းယာလုရှန်းဘက်က ဘယ်လို တုံ့ပြန်မှုတွေ ရှိနေသေးလဲ?”

ဝမ်ချောင်က မေးမြန်းလိုက်သည်။

“ဒါက ဧကရာဇ်ရဲ့ အမိန့်တော်ပဲလေ။ အန်းယာလုရှန်းဘက်က တစ်ခုခု လုပ်ချင်နေပေမဲ့လည်း ဘာမှ မတတ်နိုင်ပါဘူး။ ဧကရာဇ်ရဲ့ အမိန့်တော်အပြင် မင်းဆရာကိုယ်တိုင် ရှိနေတာဆိုတော့ သူ့မှာ အဲဒီလောက်အထိ သတ္တိရှိမှာ မဟုတ်ပါဘူး။ တကယ်လို့ သူ တစ်ခုခု လှုပ်ရှားလာတယ်ဆိုရင်တော့ အဲဒါက ပုန်ကန်တာနဲ့ အတူတူပဲမို့၊ ဧကရာဇ်က သူ့ကို တိုက်ရိုက် ကိုင်တွယ်လိုက်ရုံပဲ!”

ထိုအချိန်မှာပင် နန်းဆောင်အတွင်းမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ မင်းဆရာ(ထိုက်ဇီ) ဝမ်ကျုံးစစ်ဆီမှ မဟုတ်ဘဲ၊ ဝမ်ကျုံးစစ်၏ နောက်ကွယ်တွင် ရပ်နေသော တိမ်တိုက်ပုံစံ ဝတ်စုံကို ဝတ်ဆင်ထားသည့် ပျန့်လင်းချန်ဆီမှ ဖြစ်ပေသည်။

သူတော်စင်ဧကရာဇ် ခေတ်ကာလတွင် ကောင်းရှန်းကျစ်ကို ရာထူးတိုးပေးခဲ့ဖူးသော်လည်း နောက်ပိုင်းတွင်မူ သူ့ကို ဖျက်ဆီးခဲ့သော ဤထန်မင်းဆက်၏ ယုတ်မာလှသည့် မိန်းမစိုးသည် ဝမ်ချောင်နှင့် တွေ့ဆုံပြီးနောက်တွင်မူ သူ၏ကံကြမ္မာမှာ လုံးဝပြောင်းလဲသွားခဲ့ရသည်။

ဧကရာဇ်သစ် လီဟန်သည် သူ့အား စစ်ဆေးပြီးနောက်တွင်မူ မမျှော်လင့်ဘဲ ရာထူးတိုးပေးခဲ့ကာ ဧကရာဇ်၏ ကိုယ်ရံတော်တပ်ဖွဲ့တွင် ဒုတိယ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပေသည်။

ပထမ ခေါင်းဆောင်မှာ လီကျင်းကျုံးပင် ဖြစ်၏။

နန်းဆောင်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေကာ လူတိုင်းမှာ အတွေးနက်နေကြပေသည်။

ဝမ်ချောင်က ခေါင်းညိတ်လိုက်သည်။ လီကျင်းကျုံးနှင့်ပျန့်လင်းချန်ဤလူနှစ်ဦးကို သူ အမြဲစောင့်ကြည့်နေခြင်း ဖြစ်ပေသည်။ အကယ်၍ ဤလူနှစ်ဦးသည် သူ၏ ယခင်ဘဝကကဲ့သို့ လုပ်ဆောင်ချက်မျိုး စတင်လာပါက ဝမ်ချောင်သည် သူတို့အား တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း ချေမှုန်းပစ်မည် ဖြစ်ပေသည်။

သို့သော်လည်း ယခုအချိန်အထိမူ ဤလူနှစ်ဦးမှာ အသုံးတည့်နေဆဲဖြစ်ကာ၊ ဝမ်ချောင်ကို ကြောက်ရွံ့နေခြင်းကြောင့်လား မသိသော်လည်း မည်သည့် ဖောက်ဖွဲမှုမျိုးမျှ လုပ်ဆောင်ခြင်း မရှိကြသေးပေ။

ဝမ်ချောင်သည် စကားတစ်ခွန်းမျှ မဆိုဘဲ သူ၏မျက်ဝန်းများ၌ စဉ်းစားနေသည့် အမူအရာများ ထွက်ပေါ်နေပေသည်။

နန်းဆောင်အတွင်း၌လည်း ခဏချင်းမှာပင် ငြိမ်သက်သွားခဲ့၏။

ဝမ်ကျုံးစစ်အပါအဝင် လူတိုင်းသည် ဝမ်ချောင်ကို ကြည့်ရှုရင်း သူ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြပေသည်။

ဤသည်မှာ လေးစားမှုပင် ဖြစ်ပေသည်။ ၎င်းမှာ လီဟန်၏အမိန့်တော်နှင့် များစွာ မပတ်သက်တော့ဘဲ၊ ဝမ်ချောင်၏စွမ်းအားနှင့် သူ၏အရည်အချင်းများက သူ့အား မဟာထန်၏ ပထမဆုံးသော ပုဂ္ဂိုလ်အဖြစ် သဘာဝအလျောက် ရောက်ရှိစေခဲ့ခြင်း ဖြစ်ပေသည်။

“အာပုစစ်! ရှေ့တန်းအခြေစိုက်စခန်းက စစ်သည်အင်အားက မလုံလောက်သေးဘူး။ အန်းယာလုရှန်းရဲ့ လက်အောက်မှာ ရွဲလော့ဟယ် စစ်တပ်ရှိနေတာမို့ တခြားလူတွေက သူတို့ကို ရင်ဆိုင်ဖို့ မလွယ်ဘူး။ မင်းစစ်တပ်ကို ဦးဆောင်ပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ထွက်ခွာပါ၊ ညဘက်မှာပါ အနားမနေဘဲ ချန်းကျိုးက ရှေ့တန်းအခြေစိုက်စခန်းဆီကို အမြန်ဆုံး သွားပါ!”

ဝမ်ချောင်သည် ခေါင်းကို မော့ကြည့်လိုက်ကာ ညာဘက်အစွန်းရှိ ထုံလော့ဗိုလ်ချုပ်ကြီး အာပုစစ်ကို ကြည့်လျက် စကားဆိုလိုက်သည်။

“ဟုတ်ကဲ့ပါ! အရှင်”

အာပုစစ်က ခေါင်းကို ငုံ့လျက် ရိုသေစွာဖြင့် လျှောက်တင်လိုက်ပေသည်။

ဝမ်ချောင်က ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။ မင်းသားသုံးပါး ပုန်ကန်မှု ပြီးနောက်ပိုင်းတွင် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေသည်။

ရှေ့တန်းအခြေစိုက်စခန်းတွင် မင်းဆရာ(ထိုက်ဇီ) ဝမ်ကျုံးစစ်ရှိနေသကဲ့သို့၊ အာပုစစ်နှင့် သူ၏ ထုံလော့သံချပ်ကာ မြင်းစီးစစ်သည် တစ်သောင်းတို့ပါ ရှိနေမည်ဖြစ်ကာ၊ ဝမ်ချောင်ကလည်း နောက်တန်းမှနေ၍ အချိန်မရွေး ကူညီပေးနိုင်မည် ဖြစ်ပေသည်။ ဤကဲ့သို့သော အခြေအနေမျိုးမှာ ခိုင်မာလှသည့် သံတြိဂံပုံစံ ခံစစ်တစ်ခုကို တည်ဆောက်ထားခြင်းဖြစ်ရာ၊ အန်းယာလုရှန်းကို တားဆီးခြိမ်းခြောက်ရန် လုံလောက်လှပြီး သူ့အား မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ရဲအောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။

အရာရာကို ဆွေးနွေးတိုင်ပင်ပြီးနောက်တွင်၊ စစ်တပ်အတွင်းမှ ထိပ်တန်းပုဂ္ဂိုလ်ကြီးများသည် အရှေ့မြောက်ဒေသ၏ သဲမြေပုံကို ကြည့်ရှုရင်း အသေးစိတ် ထပ်မံ၍ အကြိမ်ကြိမ် တွက်ချက်ကြည့်ကြရာ၊ မည်သည့် ဟာကွက်မျှ မရှိသည်ကို တွေ့ရှိရပြီးနောက်တွင်မှ ဤအရေးကြီးလှသော အစည်းအဝေးကို အဆုံးသတ်လိုက်ကြပေသည်။

စုန့်ဘုရင်နှင့် ကျန်းချိုးကျန့်ချုံး တို့ ထွက်ခွာသွားပြီးနောက်၊ ယိုကျိုး နှင့် ပတ်သက်သည့် နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်များကို ဆုံးဖြတ်ပြီးသည့်အခါ နန်းဆောင်အတွင်း၌ ဝမ်ချောင်နှင့် သိန်းငှက်အိုကြီးသာ ကျန်ရှိတော့ပေသည်။

“ဗိုလ်ချုပ် ပါဟရာမ်ဆီက အကြောင်းပြန်ကြားချက် ရပြီလား?”

ပတ်ဝန်းကျင်၌ အခြားသူများ မရှိတော့သဖြင့် ဝမ်ချောင်က လှည့်ကြည့်ကာ သူ၏ နောက်ကွယ်ရှိ သိန်းငှက်အိုကြီးကို မေးမြန်းလိုက်သည်။

ပါဟရာမ်မှာ ဆမ်ဆာနစ်လူမျိုးတို့၏ ဗိုလ်ချုပ်ကြီး ဖြစ်သကဲ့သို့၊ အန်ဂရာ သံချပ်ကာ မြင်းစီးစစ်သည်များမှာလည်း ထန်လူမျိုးများ မဟုတ်ကြပေ။ သူတို့သည် ယိုကျိုးကိစ္စနှင့် များစွာမပတ်သက်သော်လည်း၊ ဝမ်ချောင်၏ အစီအစဉ်အတွင်း၌မူ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။

“ဗိုလ်ချုပ်ကြီး ပါဟရာမ်ဆီက အကြောင်းပြန်စာ ရပါပြီ။ သူက အန်ဂရာ သံချပ်ကာ မြင်းစီးစစ်သည် အားလုံးကို စုစည်းပြီး ပိုးလမ်းမအတိုင်း၊ စမာကန် နယ်မြေကို ဖြတ်ကျော်ပြီး မဟာထန်ဆီကို လာနေပါပြီ!”

သိန်းငှက်အိုကြီးက လေးနက်သော အသံဖြင့် လျှောက်တင်လိုက်သည်။

ပါဟရာမ်နှင့်ဝမ်ချောင်တို့မှာ သေအတူရှင်မတူ ချစ်ကြည်ရေး ရှိခဲ့ကြသူများ ဖြစ်ပေသည်။ ဝမ်ချောင်၏အမိန့်နှင့် ပတ်သက်၍ ပါဟရာမ်မှာ အဘယ်ကြောင့်နည်းဟုပင် မမေးမြန်းခဲ့သလို၊ ဆမ်ဆာနစ် နယ်မြေ၌ သူ ရှိနေရန် လိုအပ်သလားဟူသည်ကိုလည်း ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ။ ဝမ်ချောင်၏အမိန့်နှင့် တောင်းဆိုချက်ကြောင့်သာ သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း လာရောက်ခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း သိန်းငှက်အိုကြီး၏ စိတ်ထဲ၌မူ စိုးရိမ်ပူပန်မှုအချို့ ရှိနေဆဲ ဖြစ်ပေသည်။

“ဘာဖြစ်လို့လဲ။ တစ်ခုခု သံသယရှိနေတာလား?”

ဝမ်ချောင်က တစ်ချက် ကြည့်လိုက်ရုံဖြင့် တစ်စုံတစ်ရာကို နားလည်သွားဟန်ဖြင့်၊ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ယူကာ အေးဆေးစွာ သောက်လျက် မေးမြန်းလိုက်သည်။

“အရှင် ကျွန်တော်ကတော့…… အာရပ်ဘက်က အခုမှ ငြိမ်သက်သွားတာဆိုတော့ အခြေအနေတွေက အလုံးစုံ မတည်ငြိမ်သေးဘူးလို့ ထင်လို့ပါ။ နောက်ပြီး ဗိုလ်ချုပ်ကြီး ကောင်းရှန်းကျစ်နဲ့ အန်းစီရှန်းတို့ဆီမှာလည်း သူ့ရဲ့အကူအညီက လိုအပ်နေမှာပါ။ အခုလို အချိန်မျိုးမှာ သူ့ကို ပြန်ခေါ်လိုက်တာက……”

သိန်းငှက်အိုကြီးက ဆက်လက် မပြောတော့ပေ။

“ပြောစမ်းပါ၊ ဘာတွေ ဖြစ်နေလို့လဲ?”

ဝမ်ချောင်က အေးဆေးစွာ ပြုံးလျက် လက်ဖက်ရည်ခွက်ကို ချကာ မေးမြန်းလိုက်သည်။

“လီလင်ဖူလား?”

သိန်းငှက်အိုကြီးမှာ ဝမ်ချောင်ကို အလွယ်တကူ သံသယဝင်မည့်သူ မဟုတ်ပေ။ ယခုကဲ့သို့ မေးမြန်းနေခြင်းမှာ သေချာပေါက် အကြောင်းရင်း ရှိလိမ့်မည် ဖြစ်ပေသည်။

“ဟုတ်ပါတယ်”

သိန်းငှက်အိုကြီးက သွားကို တင်းတင်းကြိတ်ကာ မူလက ငြင်းပယ်ရန် ကြိုးစားသော်လည်း၊ နောက်ဆုံးတွင်မူ ခေါင်းညိတ်လိုက်ရပေသည်။ ဝမ်ချောင်၏ ရှေ့တွင်မူ သူသည် လိမ်လည်လှည့်ဖြားရန် မဖြစ်နိုင်ပေ။

“အရှင်က အခုဆိုရင် အာဏာရှိသလို ဧကရာဇ်ရဲ့ ယုံကြည်မှုကိုလည်း ရထားတာပါ။ ဒါပေမဲ့ နန်းတွင်းက ရာဇဝတ်စစ်ဆေးရေး အရာရှိတွေကတော့ အပြင်ပန်းမှာ ဘာမှ မပြောပေမဲ့ စိတ်ထဲမှာတော့ မကျေနပ်မှုတွေ ရှိနေကြပါတယ်။ နောက်ပြီး မြို့တော်ထဲက လမ်းကြားတွေမှာလည်း ကောလာဟလတွေ ထွက်နေပါတယ်။ အရှင်က အနောက်ဒေသ၊ ဆမ်ဆာနစ်၊ အာရပ်နဲ့ မာန်ရှဲ့ကျောက်တို့နဲ့ အရမ်းရင်းနှီးလွန်းနေတယ် ဆိုတဲ့အကြောင်းတွေပေါ့။”

“ကျွန်တော် စစ်ဆေးကြည့်တော့ အဲဒီကောလာဟလတွေက အမှတ်မထင် ထွက်လာတာလို့ ထင်ရပေမဲ့၊ တကယ်တော့ အမတ်ကြီးလီနဲ့ သေချာပေါက် ပတ်သက်နေပါတယ်။ သိသာတဲ့သူတွေကတော့ ဒါက ဂုဏ်သိက္ခာကို ဖျက်ဆီးတဲ့ စကားတွေဆိုတာ သိကြပေမဲ့၊ နောက်ဆုံးကျရင် အရှင့်အတွက် ထိခိုက်မှာကို ကျွန်တော် စိုးရိမ်မိပါတယ်!”

သိန်းငှက်အိုကြီးမှာ စာအုပ်စာပေ များစွာ မဖတ်ဖူးသော်လည်း၊ ယခင်က ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသဖြင့် နိုင်ငံရေး ကိစ္စရပ်များကို အတိုင်းအတာတစ်ခုအထိ နားလည်ထားပေသည်။

“စွမ်းဆောင်ရည် မြင့်မားလွန်းခြင်းက အရှင်ကို ခြိမ်းခြောက်ရာ ရောက်သည်” ဟု ဆိုကြသည့်အတိုင်း၊ တစ်ခါတလေတွင်မူ ကောလာဟလများ ထွက်ပေါ်လာသည့်အခါ အမှန်တရားမှာ အရေးမကြီးတော့ဘဲ၊ လူအများက မိမိတို့ မြင်တွေ့ရသည်နှင့် ကြားရသည်ကိုသာ ယုံကြည်ကြတော့မည် ဖြစ်ပေသည်။

ဝမ်ချောင်နှင့် ပါဟရာမ်တို့ များစွာရင်းနှီးနေကြခြင်းမှာ အမှန်တရားပင် ဖြစ်ပေသည်။ အနောက်မြောက်ဘက် စစ်ပွဲတွင်ပင် ဝမ်ချောင်က သူတို့ကို တိုက်ရိုက် စေလွှတ်၍ အာရပ်တို့ကို တိုက်ခိုက်စေခဲ့ဖူးပေသည်။ ဤကဲ့သို့သော “တိုင်းတစ်ပါးအမျိုးသားများနှင့် ပူးပေါင်းခြင်း” ဆိုသည့် အမှန်တရားမှာ အမြဲတမ်းပင် စိုးရိမ်ဖွယ်ရာ ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။

လီလင်ဖူသည် ဤအချက်ကို ကောင်းစွာ သိရှိသဖြင့်သာ ဤနေရာ၌ ကစားကွက် ထုတ်နေခြင်း ဖြစ်ပေသည်။

သိန်းငှက်အိုကြီးမှာ ဝမ်ချောင်အတွက် စိုးရိမ်သောကြောင့်သာ ဤစကားကို ပြောကြားလိုက်ခြင်း ဖြစ်သော်လည်း၊ သူသည် လိမ်လည်လှည့်ဖြားရန် မတတ်ကျွမ်းလှပေ။

“ဟင်း ဒီလူကတော့…… ခဏလေးတောင် ငြိမ်ငြိမ်မနေဘူးပဲ”

ဝမ်ချောင်က အေးဆေးစွာ ပြုံးလိုက်ရာ သူ၏နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သည့် အမူအရာတစ်ခု ထွက်ပေါ်လာပေသည်။

လီလင်ဖူမှာ နန်းတွင်းတွင် ငြိမ်သက်နေသော်လည်း ကွယ်ရာတွင်မူ ပိုမို၍လှုပ်ရှားလာခဲ့ပေသည်။

ဝမ်ချောင်သည် သူ၏စိတ်ကူးများကို ကောင်းစွာ နားလည်ထားပေသည်။ ဧကရာဇ်သစ် နန်းတက်လာသည့်အခါ လီလင်ဖူဟူသော အမတ်မင်းမှာ အာဏာ ဆုံးရှုံးသွားခဲ့ရသော်လည်း၊ ဝမ်ချောင်မှာမူ နေမင်းကြီးကဲ့သို့ပင် တောက်ပနေခဲ့ပေသည်။ လီလင်ဖူကဲ့သို့ အာဏာကို များစွာမက်မောသူတစ်ဦးအတွက်မူ ဤသည်ကို လုံးဝ သည်းမခံနိုင်ဖြစ်ကာ အရာရာကို ဝမ်ချောင်၏ အပြစ်ဟုသာ ပုံချလိုက်ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ကွယ်ရာ၌လည်း မကောင်းသည့် အကြံအစည်များကို ဆက်တိုက် လုပ်ဆောင်နေခြင်း ဖြစ်ပေသည်။

သို့သော်လည်း ဝမ်ချောင်အတွက်မူ ဤအရာအားလုံးမှာ ယားယံရုံမျှသာ ဖြစ်ပေသည်။ လီလင်ဖူသည် ဤကဲ့သို့ လုပ်ဆောင်လေလေ ဧကရာဇ်သစ်၏ ယုံကြည်မှုကို ဆုံးရှုံးလေလေ ဖြစ်မည်ဖြစ်ကာ၊ လီဟန်သည် သူ့အား ပိုမို၍ မုန်းတီးလာမည်သာ ဖြစ်ပေသည်။

ယခု သူ လုပ်ဆောင်နေသည့် အရာအားလုံးမှာ သူ အလိုရှိသည့်အရာနှင့် လုံးဝ ဆန့်ကျင်ဘက်သာ ဖြစ်နေပေတော့သည်။

All Chapters