အခန်း (၂၀၆၃-၂၀၆၅)
Vol. 127 Ch. 2063-2065
အခန်း (၂၀၆၃) မျက်နှာမဲ့လူ(ကျန်းချန်းဒို) ယူဆောင်လာသော သတင်းစကား
“ပါဟရာမ်ဘက်က ကိစ္စကိုတော့ အရင်အတိုင်းပဲ ဆက်လုပ်ပါစေ။ နောင်မှာ ပုန်ကန်လာနိုင်တဲ့ အာရပ်တွေနဲ့ ယှဉ်ရင်၊ အခုအချိန်မှာ အလယ်ပိုင်းဒေသက သူနဲ့ သူ့ရဲ့ အန်ဂရာ သံချပ်ကာ မြင်းစီးစစ်သည်တွေကို ပိုပြီး လိုအပ်တယ်။ ဒါ့အပြင် ငါ့ရဲ့ အလံက အဲဒီမှာ ရှိနေသရွေ့တော့ အာရပ်တွေက အမြဲတမ်း ကြောက်လန့်နေကြမှာပဲ။”
“ဒီလိုလုပ်စမ်း၊ ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်၊ တကယ်လို့ အာရပ်တွေက နောက်တစ်ကြိမ် ထပ်ပြီးပုန်ကန်လာမယ်ဆိုရင် ငါကိုယ်တိုင် ဘဂ္ဂဒက်ကို တစ်ခေါက် ထပ်သွားမယ်၊ အဲဒီအခါကျရင် ငါ့ရဲ့ကရုဏာတရားတွေ အားလုံးကို ပြန်ရုပ်သိမ်းပြီး ဓားနဲ့ တစ်မြို့လုံးကို သွေးချောင်းစီးအောင် သတ်ပစ်မယ်လို့ ကောလာဟလ လွှင့်လိုက်စမ်း!”
နောက်ဆုံး စကားတစ်ခွန်းကို ပြောဆိုလိုက်သည့်အချိန်၌ ဝမ်ချောင်၏ မျက်ဝန်းအတွင်းမှ ကြောက်မက်ဖွယ်ကောင်းလှသည့် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။
အာရပ်လူမျိုးများမှာ သဘာဝအရ ကြမ်းတမ်းလှပြီး သတ်ဖြတ်ခြင်းနှင့် စစ်တိုက်ခြင်းကို အလွန်ဝါသနာပါကြပေသည်။ ထိုသူများသည် အစွမ်းထက်လှသော လုံးဝဥဿုံ စွမ်းအားကိုသာ ကြောက်ရွံ့ကြခြင်း ဖြစ်ပြီး၊ မြင့်မြတ်သော ကျင့်ဝတ်များ သို့မဟုတ် ကရုဏာတရားများကိုမူ တန်ဖိုးထားကြမည် မဟုတ်ဘဲ အားနည်းသူတို့၏ လုပ်ရပ်ဟုသာ သတ်မှတ်ကြပေလိမ့်မည်။
ဤနောက်ဆုံး စကားများမှာ အာရပ်တို့အား ခြိမ်းခြောက်ရန်အတွက်သာ ဖြစ်သော်လည်း၊ အကယ်၍ အလယ်ပိုင်းဒေသ အတွင်းပိုင်း၌ ဖရိုဖရဲ ဖြစ်နေသည့်အချိန်တွင် အာရပ်တို့က ဘဂ္ဂဒက်ရှိ တန်စစ်တပ်ကို တိုက်ခိုက်လာပါက၊ ဝမ်ချောင်သည် သူ၏ခြိမ်းခြောက်မှုကို အမှန်တကယ် ဖြစ်လာအောင် တွန့်ဆုတ်ခြင်းမရှိဘဲ လုပ်ဆောင်ပေလိမ့်မည်။
ယခုလက်ရှိ အာရပ်တို့၌ ဧရာမ သားရဲတပ်ဖွဲ့လည်း မရှိတော့သကဲ့သို့၊ ကုထိုက်ပိုင်လည်း မရှိတော့ပေ။ တစ်အင်ပါယာလုံးတွင် ဝမ်ချောင်ကို ယှဉ်ပြိုင်နိုင်မည့်သူမှာ မည်သူမျှ မရှိတော့ပေ။
“ဟုတ်ကဲ့ပါ အရှင်”
သိန်းငှက်အိုကြီးက ခါးကို ချက်ချင်း ညွှတ်လိုက်ပေသည်။
ဝမ်ချောင်အတွက်မူ သူသည် မည်သူထက်မဆို ပိုမို၍ လေးစားကြည်ညိုရသော ပုဂ္ဂိုလ် ဖြစ်ပေသည်။
“အဲဒီ ကောလာဟလတွေကိုတော့ လောလောဆယ် ဂရုစိုက်နေဖို့ မလိုပါဘူး”
ဝမ်ချောင်က အေးဆေးစွာ ပြုံးလျက် ဆိုလိုက်သည်။
သူသည် ယခုအချိန်၌ သူ၏ အင်အားအားလုံးကို အန်းယာလုရှန်းနှင့် နောက်ဆုံးသော ကပ်ဘေးဆိုးကြီးကို ရင်ဆိုင်ရန်အတွက်သာ အသုံးပြုနေခြင်းဖြစ်ရာ၊ ထိုကဲ့သို့သော ကောလာဟလများကိုမူ ရယ်စရာတစ်ခုသဖွယ်သာ သတ်မှတ်ထားပေသည်။ ရာထူးဂုဏ်ရှိန်နှင့် စည်းစိမ်ဥစ္စာ နောက်သို့သာ လိုက်နေသူများသာလျှင် ဤကဲ့သို့သော ကိစ္စရပ်များကို အလေးထားကြပေလိမ့်မည်။
ဒါ့အပြင် လီဟန်ဆိုသည့် ဧကရာဇ်မှာလည်း မနာလိုဝန်တိုစိတ်ရှိသော အုပ်ချုပ်သူမျိုး လုံးဝ မဟုတ်ပေ။
“ဒါပေမဲ့ သူ့ကို ဒီအတိုင်း လွှတ်ထားလို့တော့ မဖြစ်ဘူး။ သိန်းငှက်အိုကြီး၊ မင်းလူတချို့ကို ရှာပြီး ငါတို့ရဲ့ မဟာအမတ်ကြီး လီလင်ဖူက နှုတ်ချိုသလောက် စိတ်ယုတ်မာခဲ့တဲ့အကြောင်းနဲ့ ကျန်းရှီ ဖေ မျိုးနွယ်စုကြားက အတိတ်က အကြောင်းတွေကို ကောလာဟလ ဖြန့်လိုက်စမ်း။ ဒါဆိုရင် ငါတို့ရဲ့ အမတ်ချုပ်ကြီး ခဏလောက်တော့ ငြိမ်သွားလိမ့်မယ်။”
ဝမ်ချောင်က စကားဆိုလိုက်ပေသည်။
“ဟုတ်ကဲ့ ကျွန်တော်မျိုး အခုပဲ သွားလုပ်လိုက်ပါ့မယ်”
သိန်းငှက်အိုကြီးမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ များစွာစိတ်လှုပ်ရှားသွားခဲ့ရပေသည်။
အမတ်ချုပ်ဆိုသည့် ရာထူးအတွက်မူ စွမ်းဆောင်ရည်ထက် ကိုယ်ကျင့်တရားပိုင်းက ပိုမို အရေးပါလှပေသည်။
အရာရာကို စီမံခန့်ခွဲရသော အရာရှိပေါင်းစုံ၏ ထိပ်ဆုံးမှ ပုဂ္ဂိုလ်ဖြစ်သည့်အတိုင်း၊ သူ၏ အပြုအမူတိုင်းမှာ လူအပေါင်း၏ စောင့်ကြည့်ခြင်းကို ခံရမည်ဖြစ်ကာ လောကသားတို့၏ စံပြပုဂ္ဂိုလ် ဖြစ်ရပေမည်။ အကယ်၍ ကိုယ်ကျင့်တရား ပျက်ပြားနေပါက အမတ်ချုပ်လုပ်ရန် အရည်အချင်း မရှိတော့ပေ။
လီလင်ဖူလိုမျိုး ဘဝ၏ တစ်ဝက်လောက်ကို ရာထူးဂုဏ်ရှိန်နှင့် စည်းစိမ်ဥစ္စာတွေ နောက်ကိုပဲ လိုက်နေပြီး၊ အာဏာမက်မောမှု ပြင်းပြသည့် သူမျိုးအတွက်တော့ ဒါက သူ့ကို ဓားနဲ့ ထိုးသတ်တာထက်တောင် ပိုပြီးခံရခက်ပါလိမ့်မည်။
ထို့ပြင် ဝမ်ချောင်ကမူ စကားပြောရာ၌ အနည်းငယ် ထိန်းသိမ်းပြောဆိုကာ ကောလာဟလ ဖြန့်ရန်သာ ဆိုသော်လည်း၊ သိန်းငှက်အိုကြီးကမူ ထိုမျှအထိ အားနာနေမည် မဟုတ်ပေ။
လီလင်ဖူက အရင်စခဲ့သည်ဖြစ်ရာ၊ သူ့ဘက်ကလည်း ပြန်လည်တုံ့ပြန်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
သိန်းငှက်အိုကြီးသည် ထိုလူအား လွယ်လွယ်နှင့် လွှတ်ထားမည် မဟုတ်ပေ။
သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မိမိ၏အရှင်အား ထိခိုက်စေရန် ခွင့်ပြုမည် မဟုတ်ပေ။
ဝမ်ချောင်၏ ခွင့်ပြုချက်ကို ရရှိပြီးနောက်တွင် သိန်းငှက်အိုကြီးသည် ချက်ချင်းပင် ထွက်ခွာသွားခဲ့ပေတော့သည်။
သိန်းငှက်အိုကြီးထွက်သွားပြီးနောက်တွင်မူ ဝမ်ချောင်သည် လေးနက်သွားကာ သူ၏ မျက်နှာပေါ်ရှိ အပြုံးများမှာလည်း ခဏချင်းအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့၏။
“ထွက်လာခဲ့စမ်း”
ဝမ်ချောင်၏ အသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း၊ ဗလာကျင်းနေသော နန်းဆောင်အတွင်း၌ ပဲ့တင်ထပ်လျက် ရှိနေပေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး မည်သည့်အသံမျှ ထွက်ပေါ်မလာပေ။
သို့သော်လည်း နောက်တစ်ခဏမှာတော့၊ ဤသည်မှာ ဝမ်ချောင်၏ စိတ်အာရုံမှားယွင်းမှုဟု ထင်မှတ်နေကြသည့် အချိန်မှာပင်
“ထိုက်ရှီက အမှောင်ထဲမှာ ရှိနေတာ။ အရှင်က မင်းဆရာကို အရှေ့မြောက်ဘက်က ချန်းကျိုးနယ်မြေဆီ လွှတ်လိုက်တာ၊ ထိုက်ရှီက သူ့အပေါ် လက်ဦးမှုယူမှာ မကြောက်ဘူးလား?”
ထိုအချိန်မှာပင် အေးစက်လှသော အသံတစ်ခုမှာ မည်သည့် ခံစားချက်မျှ မပါဘဲ နန်းဆောင်အတွင်း၌ ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။
ဝုမ်း၊ နန်းဆောင်အတွင်း၌ အလင်းနှင့် အမှောင်တို့ ရောယှက်သွားကာ ခဏတာ လှုပ်ခတ်သွားပြီးနောက်၊ ဝမ်ချောင်၏ရှေ့တွင် ပုံရိပ်ယောင်တစ်ခုသဖွယ် လူတစ်ဦးမှာ ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာခဲ့ပေသည်။
ဟူး၊ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ထိုသူ၏ အဝတ်နက်မှာ ဖြည်းညှင်းစွာ လွင့်ပျံ့နေသော်လည်း မည်သည့်အသံမျှ ထွက်ပေါ်ခြင်း မရှိပေ။
အာရုံကို အဖမ်းစားနိုင်ဆုံးကတော့ သူ၏ မျက်နှာပေါ်ရှိ အေးစက်လှသော အနက်ရောင် သံမျက်နှာဖုံးပင် ဖြစ်ပေသည်၊ ၎င်းမှာ မည်သည့် ခံစားချက်မျှ မရှိဘဲ မျက်နှာဖုံးအောက်တွင် လူရှိမနေသကဲ့သို့ပင် ထင်မှတ်ရပေသည်။
မျက်နှာမဲ့လူ…
ဒါမှမဟုတ်ရင်လည်း အရင်က ကျန့်ကော်မြို့ဝန် ကျန်းချန်းဒို။
“အရှင့်ကို ဂါရဝပြုပါတယ်”
မျက်နှာမဲ့လူက ခါးကို ညွှတ်ကာ ဂါရဝပြုလိုက်ပေသည်။
သူ၏ကိုယ်ပေါ်တွင် အေးစက်နေပြီး မည်သည့် သက်ရှိအငွေ့အသက်မျှ ရှိမနေဘဲ လူသားတစ်ဦးနှင့်ပင် မတူညီတော့ပေ။
အနောက်တောင်ဘက် စစ်ပွဲကတည်းက အချိန်များစွာ ကုန်လွန်သွားခဲ့ပြီဖြစ်သော်လည်း၊ မျက်နှာမဲ့လူသည် သူ၏မျက်နှာဖုံးကို တစ်ခါမျှ ချွတ်ခဲ့ခြင်း မရှိပေ။ သုံးနှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း၊ ယခုအချိန်၌ ဝမ်ချောင်ပင်လျှင် သူ၏ မျက်နှာဖုံးအောက်မှ ပုံစံကို မသိရှိတော့ပေ။
ရှင်သန်လိုသည့် ဆန္ဒမရှိဘဲ လက်စားချေရန်အတွက်သာ တည်ရှိနေသူဖြစ်ရာ၊ စက်ရုပ်တစ်ရုပ်အား အစီအစဉ်များ သတ်မှတ်ပေးထားသကဲ့သို့ပင် ဖြစ်နေသည်။ သူသည် ယခုအခါ မည်သို့သော ပုံစံမျိုး ဖြစ်နေသနည်းဟူသည်ကို ဝမ်ချောင်ပင်လျှင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပေသည်။
“မင်းရောက်လာပြီလား”
ဝမ်ချောင်က အေးဆေးစွာ ဆိုလိုက်ပြီး မျက်နှာမဲ့လူကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်၊ မျက်နှာမဲ့လူ ပေါ်လာခြင်းအပေါ် သူသည် အနည်းငယ်မျှပင် အံ့အားသင့်ဟန် မရှိပေ။
အမှန်တော့ အရင်က စုန့်ဘုရင်တို့ ရှိနေစဉ်ကတည်းက ဝမ်ချောင်သည် သူ၏အငွေ့အသက်ကို ခံစားသိရှိခဲ့ခြင်း ဖြစ်ပေသည်။
“ထိုက်ရှီက အရမ်းကို မာန်မာနကြီးတာ။ ဒီလို အဆင့်အတန်းရှိတဲ့ သူမျိုးက ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားလို့ သတ်မှတ်ထားတာဆိုတော့ လွယ်လွယ်နဲ့တော့ လက်ဦးမှုယူမှာ မဟုတ်ဘူး၊ မဟုတ်ရင်လည်း အန်းယာလုရှန်းကို သဘောကျမှာ မဟုတ်ဘူး။ ဒါ့အပြင် ဝမ်ကျုံးစစ်ကိုလည်း အေးအေးဆေးဆေးပဲ နေဖို့ မှာထားပြီးသားပဲ၊ အစပိုင်းမှာ လက်ထောက်တွေကိုပဲ လွှတ်ထားဖို့ ပြောထားတာမို့ သူကိုယ်တိုင် ထွက်လာဖို့ မလိုသေးပါဘူး။”
မျက်နှာမဲ့လူ၏ အမေးကို ဝမ်ချောင်က အနည်းငယ်မျှပင် အံ့အားသင့်ခြင်း မရှိဘဲ ဖြေကြားလိုက်ပေသည်။
မျက်နှာမဲ့လူ၏ အတိတ်က ကျန့်ကော်မြို့ဝန်ဖြစ်ခဲ့ပြီး၊ ထန်မင်းဆက် စစ်နတ်ဘုရား ဝမ်ကျုံးစစ်နှင့် ခေတ်ပြိုင်လူသား ဖြစ်ခဲ့ပေသည်။ ထိုခေတ်က ဗိုလ်ချုပ်အတော်များများမှာ သစ္စာရှိလှသော ဝမ်ကျုံးစစ်ကို များစွာလေးစားကြပေသည်။ ထို့ပြင် ကျန်းချန်းဒိုမှာ ဝတ်စုံမည်းဝတ်လူများ၏ လက်ချက်ဖြင့် ဒုက္ခရောက်ခဲ့ရသူ ဖြစ်ရာ၊ ဝမ်ကျုံးစစ်ကိုလည်း မိမိကဲ့သို့ အဖြစ်မျိုး မကြုံတွေ့စေလိုသဖြင့် ယခုကဲ့သို့ မေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။
အခြားတစ်ဖက်မှာတော့ ဝမ်ချောင်၏ စကားကို ကြားလိုက်ရသည့်အခါ၊ မျက်နှာမဲ့လူ၏ မျက်နှာပေါ်တွင် ဘာမျှမမြင်တွေ့ရသော်လည်း သူ၏အနက်ရောင် သံမျက်နှာဖုံးမှာ အေးစက်နေဆဲ ဖြစ်၏။ သို့သော် သူသည် ခေါင်းကို အနည်းငယ် ညိတ်လိုက်ရာ ဝမ်ချောင်၏ အစီအစဉ်ကို နားလည်သွားဟန် ရှိပေသည်။
ဝမ်ချောင်ကတော့ ထိုအချက်ကို များစွာ အာရုံမစိုက်ဘဲ မျက်နှာမဲ့လူကို သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်ပေသည်။
“မဆိုးဘူး၊ ခဏလောက် မတွေ့ရတဲ့ အတောအတွင်း မင်းရဲ့ သိုင်းပညာက ထပ်ပြီး တိုးတက်လာပြန်ပြီပဲ၊ အခုဆိုရင် အင်ပါယာဗိုလ်ချုပ်အဆင့်နဲ့ နီးစပ်နေပြီ။ ဒါပေမဲ့ မင်းက အရမ်းကို လောနေတုန်းပဲ၊ ဒီရက်ပိုင်းအတွင်းမှာ မင်း လူတော်တော်များများရဲ့ချီကို စုပ်ယူခဲ့ပုံရတယ်!”
ဝမ်ချောင်က ရုတ်တရက် စကားဆိုလိုက်ပေသည်။
မျက်နှာမဲ့လူက သူ၏အငွေ့အသက်များကို အစွမ်းကုန် ဖုံးကွယ်ထားသော်လည်း၊ အစစ်အမှန်ကမ္ဘာကို ထိန်းချုပ်ထားနိုင်သော ဝမ်ချောင်အတွက်မူ သူ၏ ကိုယ်အတွင်း၌ ပြင်းထန်လှသော စွမ်းအားများ ရှိနေသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်ပေသည်၊ ၎င်းမှာ အရင်တစ်ခေါက် တွေ့ဆုံစဉ်ကထက် များစွာ သာလွန်နေပေသည်။
ဒါပေမဲ့ ဒီ ဂန်ချီတွေက အရမ်းကို ဖရိုဖရဲ ဖြစ်နေပြီး အပြင်ဘက်က ရရှိထားတဲ့ စွမ်းအားတွေဆိုတာ ထင်ရှားနေပေသည်။
မျက်နှာမဲ့လူကလည်း ဝမ်ချောင်ထံမှ မဟာ ယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာကို သင်ယူထားသော်လည်း၊ သူသည် အလွန်အမင်း စိတ်လောနေကာ အခြေခံကို သေသေချာချာ မတည်ဆောက်ခဲ့ပေ။ သူ၏ စိတ်ထဲ၌မူ လက်စားချေနိုင်ရန်သာ အရေးကြီးပြီး ကိုယ်ခန္ဓာ ပေါက်ကွဲသေဆုံးသွားမည်ကိုပင် ဂရုမစိုက်ဟန် ရှိပေသည်။
ဒီလို စရိုက်မျိုးနဲ့ဆိုရင် ဘယ်လို ကျင့်စဉ်မျိုးကိုပဲ ကျင့်ကျင့်၊ ဘယ်လောက်ပဲ မှန်ကန်တဲ့ လမ်းစဉ်ဖြစ်ပါစေ၊ သေချာပေါက် စိတ်ဖောက်ပြန်ပြီး ကိုယ်ခန္ဓာ ပေါက်ကွဲသေဆုံးသွားနိုင်ပေသည်။
“ဝုန်း!”
ဝမ်ချောင်က လက်စွပ်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ ရွှေရောင်တောက်ပလှသော မဟာ လော့ ဂန်ချီများမှာ နေမင်းကြီးကဲ့သို့ တောက်ပလာပြီး မျက်နှာမဲ့လူ၏ ကိုယ်အတွင်းသို့ လျှင်မြန်စွာ စိမ့်ဝင်သွားကာ သူ ကိုယ်အတွင်း၌ ဖရိုဖရဲ ဖြစ်နေသော မဟာ ယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာများကို ပြန်လည် ထိန်းညှိပေးလိုက်ပေသည်။
မျက်နှာမဲ့လူကတော့ မူလနေရာမှာပင် လှုပ်ရှားခြင်းမရှိဘဲ ရပ်နေကာ ဝမ်ချောင်က မိမိ၏ စွမ်းအားများကို ပြုပြင်ပေးနေသည်ကို ဤကိုယ်ခန္ဓာမှာ အခြားသူတစ်ဦး၏ ကိုယ်ခန္ဓာကဲ့သို့ပင် ငြိမ်သက်စွာ ခံယူနေပေသည်။
“မင်းဒဏ်ရာရထားတာလား?”
ရုတ်တရက် ဝမ်ချောင်က မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်ပေသည်။
မျက်နှာမဲ့လူရဲ့ ကိုယ်အတွင်း၌ ဝမ်ချောင်သည် အလွန်အမင်း အေးစက်လှသော အစွမ်းထက် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ မျက်နှာမဲ့လူ၏ ကိုယ်တွင်းအင်္ဂါများမှာ သိသိသာသာ ဒဏ်ရာရရှိထားခဲ့ပြီး ၎င်းမှာ အလွန်ပင် ပြင်းထန်လှပေသည်၊ မျက်နှာမဲ့လူက အစွမ်းကုန် ကုသထားသော်လည်း ရောဂါဟောင်းက ကျန်ရှိနေဆဲ ဖြစ်၏။
ဒီအချက်ကိုတော့ မျက်နှာမဲ့လူက အခြားသူများကို ဖုံးကွယ်နိုင်သော်လည်း ဝမ်ချောင်ကိုမူ ဖုံးကွယ်နိုင်ခြင်း မရှိပေ။
“ဟုတ်ပါတယ်၊ အရမ်းကို အစွမ်းထက်တဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ တွေ့ခဲ့တာ”
“ကျွန်တော်မျိုးက သူ့ကို ခိုးပြီး တိုက်ခိုက်ဖို့ ကြိုးစားတာ၊ ဒါပေမဲ့ သူက သိသွားခဲ့တယ်။”
မျက်နှာမဲ့လူက အေးစက်စွာ ဆိုလိုက်ပေသည်။ သူ၏ အသံမှာ မည်သည့် အတက်အကျမျှ မရှိဘဲ သာမန် ကိစ္စတစ်ခုကို ပြောပြနေသကဲ့သို့ပင် ဖြစ်နေပေသည်။
ဒါပေမဲ့ ဝမ်ချောင်ကတော့ မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိသည်။ မျက်နှာမဲ့လူက သူ၏ မဟာ ယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာကို အပြည့်အစုံ သင်ယူထားသလို၊ သူ၏စရိုက်ကလည်း ပြင်းထန်လှသဖြင့် သူ၏တိုးတက်မှုနှုန်းမှာ အလွန်ပင် မြန်ဆန်လှပေသည်။
ဒီလို အဆင့်အတန်းမျိုးရှိတဲ့ သူရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်တဲ့ သူဆိုတာ သာမန်လူတော့ မဟုတ်တာ သေချာပေသည်။
ဒီလို အဆင့်အတန်းမျိုးရှိတဲ့ သူတွေရဲ့ လက်အောက်ကနေ ထွက်ပြေးလွတ်မြောက်ဖို့ဆိုတာလည်း ကောင်းကင်ကို တက်လှမ်းရသလို ခက်ခဲလှပေသည်။ မျက်နှာမဲ့လူအနေဖြင့် ယခုအချိန်၌ မိမိ၏ရှေ့တွင် ရပ်နေနိုင်သည်ဆိုပါက၊ ထိုစဉ်က အဖြစ်အပျက်မှာ သူပြောသကဲ့သို့ ရိုးရှင်းလိမ့်မည် မဟုတ်ပေ။
ဒါပေမဲ့ မျက်နှာမဲ့လူက ထပ်မံမပြောပြလိုသဖြင့် ဝမ်ချောင်ကလည်း ဆက်လက် မမေးမြန်းတော့ပေ။
“…… ကျွန်တော်မျိုး ဒဏ်ရာရတာထက် အရှင် ပိုပြီး အလေးထားစေချင်တဲ့ ကိစ္စတစ်ခု ရှိပါသေးတယ်၊ ဒါကလည်း ကျွန်တော်မျိုး အခု ပြန်လာရတဲ့ အဓိက အကြောင်းရင်းပါပဲ!”
ဝမ်ချောင်မမေးခင်မှာပဲ မျက်နှာမဲ့လူက အရင် စတင် စကားဆိုလိုက်ပေသည်။
“မင်းဝတ်စုံမည်းဝတ်လူတွေရဲ့ အခြေစိုက်စခန်းကို ရှာတွေ့ခဲ့တာလား”
ဝမ်ချောင်ရဲ့ မျက်ခုံးတွေက လှုပ်ခတ်သွားပြီး ချက်ချင်းပင် မေးမြန်းလိုက်ပေသည်။
“အင်း!”
မျက်နှာမဲ့လူက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဆက်လက် ပြောဆိုလိုက်ပေသည်။
“ဒါပေမဲ့ အဲဒါက ဝတ်စုံမည်းဝတ်လူတွေရဲ့ အခြေစိုက်စခန်းတော့ မဟုတ်ဘူး၊ ဧရာမ နေရာကူးပြောင်းခြင်းတံခါးပေါက်တစ်ခုပဲ”
“ဝုမ်း!”
ဒီစကားကို ကြားလိုက်ရတဲ့အခါ ဝမ်ချောင်တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူ၏ မျက်နှာမှာလည်း ခဏချင်းအတွင်းမှာပင် လေးနက်သွားခဲ့ရပေသည်။
နေရာကူးပြောင်းခြင်းတံခါးပေါက်။
ဒီစကားလုံး သုံးလုံးကို ဝမ်ချောင်ကောင်းစွာ သိရှိထားပေသည်၊ ၎င်းမှာ အလယ်ပိုင်းဒေသ တစ်ခုလုံးရှိ သက်ရှိပေါင်းစုံအတွက် များစွာ အရေးပါလှသော ကိစ္စရပ်ပင် ဖြစ်ပေသည်။
အဲဒီအခြားကမ္ဘာက ကျူးကျော်သူတွေက နေရာကူးပြောင်းခြင်း တံခါးပေါက်ကနေတစ်ဆင့် ရောက်ရှိလာကြတာပဲ။
ဝမ်ချောင်ကမူ မျက်နှာမဲ့လူအနေဖြင့် ထိုနေရာကူးပြောင်းခြင်းတံခါးပေါက်ကို တိုက်ရိုက် ရှာတွေ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
“အဲဒါ ဘယ်မှာလဲ?”
ထိုင်ခုံ ပေါ်မှာ ဝမ်ချောင်က ကိုယ်ကို မတ်လိုက်ကာ လေးနက်သော အသံဖြင့် မေးမြန်းလိုက်ပေသည်။
“အနောက်မြောက်ဘက်မှာပါ!”
မျက်နှာမဲ့လူက ဆိုလိုက်သည်။
“အနောက်အရပ်လား?”
ဝမ်ချောင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
အနောက်အရပ်ဆိုတာ အလယ်ပိုင်းဒေသလောက် မချမ်းသာသော်လည်း၊ နိုင်ငံငယ်လေးတွေ အများကြီးရှိသလို လူဦးရေလည်း များပြားလှပေသည်။ ဝတ်စုံမည်းဝတ်လူတွေက ဒီလောက်အထိ ရဲတင်းနေကြတာလား။
အနောက်မြောက်ဘက် အရပ်မှာ နေရာကူးပြောင်းခြင်းတံခါးပေါက်ကို တည်ဆောက်ထားကြတယ်ပေါ့။
“မဟုတ်ဘူး၊ အနောက်မြောက်ဘက်ရဲ့ ပိုပြီး ဝေးကွာတဲ့ နေရာမှာပါ”
မျက်နှာမဲ့လူက ကိုယ်ကို မတ်လျက် ခေါင်းကို ခါယမ်းပြလိုက်ပေသည်။
“ကျွန်တော်မျိုးက အဲဒီ သတ္တုလုံးလေးကို ယူပြီး၊ အာရုံခံစားမှု နောက်ကို လိုက်ခဲ့တာ။ အနောက်အရပ်ရဲ့ ဆွေ့ရဲ့မြို့ကနေ စထွက်ပြီး၊ အနောက်မြောက်ဘက်ကို ဦးတည်ပြီး ၁၅ ရက် ၁၅ ည ဆက်တိုက် သွားခဲ့တယ်။ အဲဒီမှာ လူသူအရိပ်အယောင် လုံးဝ မရှိတော့ဘူး၊ မြို့တော်နဲ့ ဘယ်လောက် ဝေးသလဲဆိုတာလည်း ကျွန်တော်မျိုး မသိတော့ဘူး။ ဒါပေမဲ့ အဲဒီမှာ ကျွန်တော်မျိုးက ‘ကုန်းတွင်းပိုင်း ပင်လယ်’တစ်ခုကို မြင်ခဲ့ရတယ်!”
“ကုန်းတွင်းပိုင်း ပင်လယ် ဟုတ်လား?”
ဝမ်ချောင်၏ အမူအရာမှာ ခေတ္တမျှ အံ့အားသင့်သွားရပေသည်။
ပင်လယ်ဆိုသည်မှာ ပင်လယ်ပင် ဖြစ်၏။
ကုန်းမြေဆိုသည်မှာ ကုန်းမြေပင် ဖြစ်၏။
ကုန်းမြေပေါ်တွင်မူ မြစ်ချောင်းအိုင်သာ ရှိနိုင်ပြီး၊ ပင်လယ်ဆိုသည်မှာ မရှိနိုင်ပေ။
ဤသည်မှာ လူတိုင်း သိရှိထားကြသော အချက်ပင် ဖြစ်ပေသည်။
မျက်နှာမဲ့လူကမူ သူသည် အနောက်မြောက်ဘက်ကို ဦးတည်သွားရင်း ကုန်းတွင်းပိုင်း ပင်လယ်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုလိုက်ရာ၊ ၎င်းမှာ များစွာ ထူးဆန်းလှပြီး လူအများ သိရှိထားကြသော အသိပညာများနှင့်လည်း လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပေသည်။
“အနောက်မြောက်ဘက်…… ၁၅ ရက် ၁၅ ည…… ကုန်းတွင်းပိုင်း ပင်လယ်……”
မျက်နှာမဲ့လူပြောကြားသည့် အရပ်မျက်နှာအတိုင်း ဝမ်ချောင်သည် သူ၏ ဦးနှောက်ထဲ၌ ကုန်းမြေမြေပုံတစ်ခုလုံးကို ပြန်လည်စဉ်းစားကြည့်ကာ သူပြောသည့် အရပ်မျက်နှာအတိုင်း လျင်မြန်စွာ တွက်ချက်ကြည့်လိုက်ပေသည်။
ရုတ်တရက် ဝမ်ချောင်၏ ဦးနှောက်ထဲ၌ လျှပ်စီးတစ်ချက် လက်သွားသကဲ့သို့ ဖြစ်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရသည်၊ သူသည် တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားဟန် ရှိပေသည်။
******
အခန်း (၂၀၆၄) ကုန်းတွင်းပိုင်း ပင်လယ်လား။ ကက်စပီယန်ပင်လယ်
“ဒါ ကက်စပီယန်ပင်လယ်များလား”
ဝမ်ချောင်၏ မျက်နှာအမူအရာမှာ များစွာ လေးနက်တည်ငြိမ်သွား၏။
ကက်စပီယန်ပင်လယ်သည် ပင်လယ်အစစ် မဟုတ်သော်ငြား၊ ၎င်းသည် သာမန် အိုင်များနှင့်မူ အမှန်တကယ်ပင် ကွဲပြားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ ရေမှာ ပင်လယ်ရေကဲ့သို့ပင် ငန်ကျိနေသည့်အပြင် အကျယ်အဝန်းမှာလည်း များစွာ ကျယ်ပြောလှသောကြောင့် ဖြစ်၏။
ဤအချက်ကို ကြည့်လျှင် မျက်နှာမဲ့လူက ၎င်းကို ကုန်းတွင်းပိုင်းရှိ ပင်လယ်ဟု ခေါ်ဆိုခဲ့ခြင်းမှာလည်း မှားယွင်းမှု မရှိပေ။
“ဒီလောက်တောင် ဝေးတာလား”
ဝမ်ချောင်သည် မျက်လုံးများကို အနည်းငယ် မှေးလိုက်ပေသည်။
ဤကမ္ဘာလောကကြီးမှာ ဝမ်ချောင်သိရှိထားသည့်အရာများနှင့် များစွာ ကွဲပြားနေသော်လည်း အကြမ်းဖျင်း ပုံစံမှာမူ ပြောင်းလဲခြင်း မရှိပေ။ အကယ်၍ ၎င်းမှာ ကက်စပီယန်ပင်လယ်သာ မှန်ပါက မဟာထန်နှင့် အမှန်တကယ်ပင် အလွန်အမင်း ဝေးကွာလှပေသည်။
ထို့ပြင် ဤကမ္ဘာ၏ လက်ရှိ အခြေအနေအရ ကြည့်လျှင်လည်း ထိုနေရာမှာ အမှန်တကယ်ပင် လူသူအရိပ်အယောင် ကင်းမဲ့ကာ ခြောက်ကပ်နေသော နေရာတစ်ခု ဖြစ်ပေလိမ့်မည်။
“မင်းပြောတဲ့ နေရာကူးပြောင်းခြင်းဂိတ်က အဲဒီ ပင်လယ်နားမှာလား”
ဝမ်ချောင်သည် အာရုံပြန်လည် စုစည်းလိုက်ကာ မေးမြန်းလိုက်ပေသည်။
“ဟုတ်ကဲ့”
မျက်နှာမဲ့လူက ခေါင်းညိတ်ပြလိုက်ကာ
“အဲဒီမှာ ကျွန်တော်မျိုး ဝတ်စုံမည်းဝတ်လူတွေ အများကြီးကို တွေ့ခဲ့တယ်။ အဲဒီထဲက တချို့ဆိုရင် အစွမ်းက မဆိုးဘူး၊ အနည်းဆုံးတော့ သိမ်မွေ့နက်နဲသောအဆင့်ကို ရောက်နေကြတာ။ ကျွန်တော်မျိုး တစ်ယောက်ကို သတ်ပြီးတော့ အထဲကို ခိုးဝင်ခဲ့တယ်၊ အဲဒီနောက်မှာ သူတို့က အချိန်နဲ့ ဟင်းလင်းပြင် လမ်းကြောင်းတစ်ခုကို ဖွင့်လိုက်တာ မြင်ခဲ့ရတယ်”
“အဲဒီ လမ်းကြောင်းက လျှို့ဝှက်ဆန်းကြယ်တဲ့ ကမ္ဘာတစ်ခုဆီကို ဦးတည်နေပုံပဲ”
“မူလကတော့ အဲဒီနေရာကူးပြောင်းခြင်းဂိတ်ကို အခွင့်ကောင်းယူပြီး ဖျက်ဆီးပစ်ချင်ခဲ့တာ၊ ဒါပေမဲ့ တစ်ဖက်လူရဲ့ အစွမ်းက အရမ်းကို အားကောင်းလှသလို လုံခြုံရေးကလည်း အရမ်းကို တင်းကျပ်လွန်းတယ်။ ကျွန်တော်မျိုးရဲ့ အစွမ်းနဲ့တော့ အဓိက ဗဟိုချက်နားကိုတောင် မချဉ်းကပ်နိုင်ခဲ့ဘူး။ ဒါ့အပြင် အထဲကို မဝင်နိုင်ခဲ့ပေမဲ့ အဲဒီလူတွေဆီကနေ နာမည်တစ်ခု ကြားခဲ့ရတယ်၊ အဲဒါက ထိုက်ချန်းတဲ့!”
“ဘာလဲ?!”
ထိုက်ချန်းဆိုသည့် အမည်ကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး မျက်နှာအမူအရာမှာလည်း ချက်ချင်းပင် ပြောင်းလဲသွားခဲ့ရသည်။
ဤသည်မှာ ထိုက်ရှီမှလွဲ၍ အခြားသော ထိုက်မျိုးဆက်မှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ အမည်ကို သူ ပထမဆုံးအကြိမ် ကြားလိုက်ရခြင်း ဖြစ်ပေသည်။ သူတော်စင်ဧကရာဇ် ချန်ထားခဲ့သော မှတ်တမ်းများထဲ၌ “ထျန်း”၏ လက်အောက်တွင် အစွမ်းအထက်ဆုံးဖြစ်သော ထိုက်မျိုးဆက် ပညာရှင် တစ်ဆယ့်နှစ်ဦး ရှိကြောင်း ဖော်ပြထားခဲ့သည်၊ ထိုသူတိုင်းမှာ ကောင်းကင်ယံကို တုန်လှုပ်စေမည့် အစွမ်းများ ရှိကြကာ “ထျန်း”၏ လက်အောက်မှ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးသမားများ ဖြစ်ကြပေသည်။
ထိုသူတိုင်းမှာလည်း အလွန်ပင် ရှည်လျားလှသော အချိန်ကာလ တစ်လျှောက်လုံး ရှင်သန်နေခဲ့ကြသူများ ဖြစ်ကြ၏။
ထိုက်ရှီမှာလည်း ထိုအထဲမှ တစ်ဦးပင် ဖြစ်ပေသည်။
မျက်နှာမဲ့လူပြောကြားသည့် ထိုနေရာကူးပြောင်းခြင်းဂိတ်၌လည်း သေချာပေါက် ထိုက်မျိုးဆက်မှ ကြောက်မက်ဖွယ်ကောင်းလှသော ပညာရှင်တစ်ဦး ရှိနေပေလိမ့်မည်။
ဝမ်ချောင်အတွက်မူ ဤသည်မှာ လုံးဝ ကောင်းမွန်သော သတင်းတစ်ခု မဟုတ်ပေ။
ထိုက်မျိုးဆက်မှ ထိုက်ရှီတစ်ဦးတည်းနှင့်ပင် ရင်ဆိုင်ရန် များစွာခက်ခဲလှကာ တွေ့ဆုံမိသည်နှင့် သေချာပေါက် သေဆုံးရမည်ဖြစ်သည်၊ ယခုအခါမူ အခြားသော ထိုက်မျိုးဆက် ပညာရှင် တစ်ဦး ထပ်မံ ပေါ်ထွက်လာပြန်လေပြီ!
ခဏချင်းမှာပင် ခန်းမဆောင်အတွင်း၌ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားကာ ဝမ်ချောင်မှာလည်း ငြိမ်သက်စွာ ထိုင်နေလျက် သူ၏မျက်နှာမှာ များစွာလေးနက်တည်ငြိမ်နေပေသည်။
သူ၏ ယခုလက်ရှိ အစွမ်းနှင့်ဆိုပါက ထိုနေရာသို့ သွားခြင်းမှာ သေလမ်းကို ရှာဖွေခြင်းနှင့် မခြားနားပေ။ သို့သော်လည်း နေရာကူးပြောင်းခြင်းဂိတ်မှာ များစွာအရေးပါလှသဖြင့် လျစ်လျူရှုထားမည်ဆိုပါက ဘေးအန္တရာယ်ကို မွေးမြူထားသကဲ့သို့ ဖြစ်ပေလိမ့်မည်။
အမှန်တကယ် အခြားကမ္ဘာမှ ကျူးကျော်သူ စစ်တပ်ကြီး ရောက်ရှိလာချိန်သို့ ရောက်မှဆိုလျှင် အရာအားလုံး နောက်ကျသွားပေလိမ့်မည်။
“မင်း အဲဒီက အခြေအနေတွေကို ငါ့ကို အသေးစိတ် ပြန်ပြောပြစမ်း”
ဝမ်ချောင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပေသည်။
ကက်စပီယန်ပင်လယ်သည် အလယ်ပိုင်းဒေသနှင့် မိုင်ပေါင်း သောင်းချီ၍ ဝေးကွာလှပေသည်။ ထို ထိုက်ချန်းဆိုသူမှာလည်း အရင်က တစ်ခါမျှ ပေါ်မလာဖူးသဖြင့် မိမိကို သိရှိလိမ့်မည် မဟုတ်ပေ။
ထို့ပြင် မျက်နှာမဲ့လူပင်လျှင် ထိုနေရာသို့ တစ်ခေါက် သွားလာနိုင်ခဲ့သည်ဖြစ်ရာ မိမိအနေဖြင့်လည်း မဖြစ်နိုင်စရာ အကြောင်းမရှိပေ၊ သေသေချာချာ ဂရုစိုက်မည်ဆိုပါက ဟာကွက်တစ်ခုခုကို ရှာတွေ့နိုင်ကောင်းပြီး ဝတ်စုံမည်းဝတ်လူတို့၏ နေရာကူးပြောင်းခြင်းဂိတ် ကို ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
အကယ်၍ နောက်ဆုံးတွင် မလုပ်ဆောင်နိုင်ကြောင်း တွေ့ရှိရလျှင်လည်း မူလလမ်းအတိုင်း ပြန်လာကာ အခြားသော နည်းလမ်းကို ရှာဖွေနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ အခြားကမ္ဘာမှ ကျူးကျော်သူတို့၏ ကမ္ဘာနှင့် ဆက်သွယ်ထားသော နေရာကူးပြောင်းခြင်းဂိတ်ကိုမူ လုံးဝ လျစ်လျူရှုထား၍ မဖြစ်ပေ။
မျက်နှာမဲ့လူသည် မိမိစုဆောင်းထားသော သတင်းအချက်အလက်များကို လွှဲပြောင်းပေးပြီးနောက်တွင်မူ လာစဉ်ကကဲ့သို့ပင် မည်သူ့ကိုမျှ မသိစေဘဲ ထွက်ခွာသွားခဲ့ပေသည်။ သူ နောက်ထပ် ဘယ်ကို သွားမည်ဆိုသည်ကိုလည်း မည်သူမျှ မသိရှိနိုင်ပေ။
ဤကိစ္စနှင့် ပတ်သက်၍ ဝမ်ချောင်ပင်လျှင် ထပ်မံ၍ မမေးမြန်းခဲ့ပေ။
ခန်းမဆောင်အတွင်း၌မူ မျက်နှာမဲ့လူထွက်သွားပြီးနောက် ဝမ်ချောင်သည် အတွေးနက်နေပေသည်။
“ဒါက အရမ်းကို အန္တရာယ်များလွန်းနေသေးတယ်၊ ကိုယ်ပွားကိုပဲ အရင်ဆုံး သွားခိုင်းဖို့ နည်းလမ်းရှာရမယ်” ဝမ်ချောင်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်၏။
ထိုက်ချန်းသည် မိမိကို သိရှိခြင်း ရှိမရှိနှင့် မိမိ၏ အငွေ့အသက်ကို ခွဲခြားနိုင်ခြင်း ရှိမရှိဟူသည်မှာ မသိနိုင်သေးသော အချက်များ ဖြစ်ပေသည်။
သူ မိမိကို မသိနိုင်ဟု ယူဆခြင်းမှာလည်း မိမိ၏ ခန့်မှန်းချက်မျှသာ ဖြစ်ပေသည်၊ အကယ်၍ ထိုက်ရှီနှင့် ထိုက်ချန်းတို့ကြား၌ အထူးသဖြင့် ဆက်သွယ်မှု နည်းလမ်းတစ်ခုခု ရှိနေပါက မိမိကိုယ်တိုင် သွားခြင်းမှာ ရန်သူ့ထောင်ချောက်ထဲသို့ မိမိဘာသာ တိုးဝင်ခြင်းနှင့် မခြားနားပေ။
သို့သော်လည်း ရှန်ထိုက်သုံးခုမှာမူ အငွေ့အသက် မတူညီသဖြင့် ထိုက်ရှီပင်လျှင် သိရှိနိုင်လိမ့်မည် မဟုတ်ပေ။
ဝမ်ချောင်သည် ထိုသို့ တွေးတောမိလိုက်သည်နှင့် စိတ်အာရုံကို လှုပ်ရှားလိုက်ကာ မြေအောက်အနက်ရှိုင်းဆုံးရှိ ရှန်ထိုက်ဆီသို့ ချက်ချင်းပင် ဆက်သွယ်လိုက်ပေသည်။
“ဝုမ်း!”
နောက်တစ်ခဏ၌ ဝမ်ချောင်၏ ခန်းမဆောင်အတွင်းရှိ မာကျောလှသော မြေပြင်မှာ ရေလှိုင်းများကဲ့သို့ ကွဲအက်သွားကာ လှိုင်းတွန့်များ ပေါ်ထွက်လာခဲ့ပြီး၊ ထိုလှိုင်းတွန့်များ၏ ဗဟိုချက်မှ စိမ်းမှောင်သော ရှန်ထိုက်မှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့ပေသည်။
ခန့်ညားထည်ဝါလှသော ကိုယ်ခန္ဓာ၊ မာကျောလှသော သံချပ်ကာ၊ ကြီးမားလှသော စွမ်းအားနှင့် ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါ…… ထို့ပြင် ဝမ်ချောင်နှင့် ဆင်တူလှသော မျက်နှာ၊ သူ၏ ရှေ့ရှိ စိမ်းမှောင်သော ရှန်ထိုက်မှာ ဝမ်ချောင်က ဟေးယန်တောင်မြေအောက်မှ ရရှိခဲ့သော ပထမဆုံး ရှန်ထိုက် ဖြစ်သကဲ့သို့ အစွမ်းအထက်ဆုံးနှင့် အပြည့်စုံဆုံးသော ရှန်ထိုက်လည်း ဖြစ်ပေသည်။
ဝမ်ချောင်က ၎င်းကို “ပထမ ရှန်ထိုက်” ဟု အမည်ပေးထားပေသည်။
“ပထမ ရှန်ထိုက်”သည် သိမ်မွေ့နက်နဲသောအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ ခြေတစ်လှမ်းစာမျှဖြင့် တုန်းထျန်းနယ်ပယ်(ဂူကောင်းကင်အဆင့်) သို့ တက်လှမ်းနိုင်တော့မည် ဖြစ်ပေသည်။
“လက်တစ်ကမ်းအကွာ၌ ဝေးကွာလှသော ကမ္ဘာရှိသည်” ဟု ဆိုသကဲ့သို့ပင် တုန်းထျန်းနယ်ပယ်နှင့် အလွန်နီးကပ်နေသော်လည်း ထိုကွာဟချက်မှာ အဆင့်အတန်းချင်း များစွာ ကြီးမားလှပေသည်။
သို့သော်လည်း ကံကောင်းလှသည်မှာ ပထမ ရှန်ထိုက်၌ ပြင်းထန်လှသော မြေလျှိုးခြင်း နတ်ဘုရားစွမ်းအား ရှိနေသဖြင့် အရေးကြီးသော အချိန်၌ မြေအောက် မိုင်ပေါင်း ရာချီအထိ မြေလျှိုးသွားနိုင်ရာ၊ မျက်နှာမဲ့လူပြောကြားသည့် ထိုက်ချန်းတို့နှင့် တွေ့ဆုံရသည့်တိုင်အောင် ဘေးကင်းစွာ ထွက်ပြေးလွတ်မြောက်နိုင်ပေသည်။
ထို့ကြောင့် ဤကက်စပီယန်စစ်ဆင်ရေးတွင် ၎င်းအား သူလျှိုအဖြစ် အသုံးပြုရန်မှာ အသင့်တော်ဆုံးပင် ဖြစ်ပေသည်။
“ချန်!”
မျက်တောင်တစ်ခတ်အတွင်းမှာပင် အလင်းရောင် တစ်ချက် လက်သွားကာ သံမဏိများ ရိုက်ခတ်သံနှင့်အတူ ပထမ ရှန်ထိုက်၏ နောက်ကွယ်၌ အလင်းနှင့် အမှောင်တို့ ရောယှက်သွားပြီး ခန့်ညားထည်ဝါလှသော၊ ရွှေရောင်ဝင်းပနေသော နန်းဆောင်ကြီးတစ်ခုသည် ၎င်း၏ နောက်ကွယ်၌ ပေါ်ထွက်လာကာ နေမင်းကြီးကဲ့သို့ပင် ခန်းမ တစ်ခုလုံးကို ထွန်းလင်းသွားစေခဲ့ပေသည်။
ဟွမ်ယွမ် ဝူကျိ ထိုက်ရှန်း မဟာလော့ နတ်ဘုရားကျင့်စဉ်
ပထမ ရှန်ထိုက်သည် အမှန်တကယ်ပင် ပါရမီ ထူးလှပေသည်။ တိုတောင်းလှသော အချိန်အတွင်းမှာပင် အလယ်ပိုင်းဒေသ၏ အစွမ်းအထက်ဆုံးသော ကျင့်စဉ်ဖြစ်သည့် ထိုကျင့်စဉ်၏ အဆင့် ၃၃ ဆင့်အနက် အဆင့် ၂၀ ကျော်အထိ လေ့ကျင့်နိုင်ခဲ့ရာ သူ၏အဆင့်မှာ ဝမ်ချောင်ထက်ပင် ပိုမို နက်နဲနေပေပြီ။
ထို့ပြင် ပထမ ရှန်ထိုက်၏ အဆင့်မှာလည်း များစွာပြည့်စုံလှကာ ကျင့်စဉ်၏ အနှစ်သာရကို ကောင်းစွာ နားလည်သဘောပေါက်ထားပြီး ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
“ပထမ ရှန်ထိုက်ရဲ့ ပါရမီက တကယ်ကို အံ့မခန်းပဲ၊ မဟာ ယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာနဲ့ မဟာ လော့ နတ်ဘုရားကျင့်စဉ်တို့ကို ပေါင်းစပ်လိုက်ရင်၊ ရှန်ထိုက်ရဲ့ ထူးခြားလှတဲ့ စွမ်းအားတွေနဲ့အတူ တုန်းထျန်းနယ်ပယ်အောက်မှာတော့ ဘယ်သူမှ သူ့ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး၊ ဒါက ‘သိမ်မွေ့နက်နဲသောအဆင့်မှာ ပထမ’ ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်လှပေတယ်”
ဤမြင်ကွင်းကို ကြည့်ရှုရင်း ဝမ်ချောင်ပင်လျှင် များစွာ အံ့အားသင့်သွားရ၏။
သေချာသည်မှာ သူ၏ စိတ်ထဲ၌ ပိုမို၍ စိတ်လှုပ်ရှားကာ ပျော်ရွှင်နေပေသည်။
သူသည် မူလက မဟာ ယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာနှင့် မဟာ လော့ နတ်ဘုရားကျင့်စဉ်တို့ကို လေ့ကျင့်ရာ၌ အချိန်နှင့် အားအင်များစွာ ပေးခဲ့ရသော်လည်း၊ သူ ပြန်လာပြီးသည့် တိုတောင်းလှသော အချိန်အတွင်းမှာပင် ပထမ ရှန်ထိုက်သည် ထိုထိပ်တန်းကျင့်စဉ် နှစ်ခုလုံးကို ဤမျှအထိ ကျွမ်းကျင်စွာ လေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ဤသည်မှာ “တစ်နေ့လျှင် မိုင်တစ်ထောင်” ဟူသော စကားဖြင့်ပင် ဖော်ပြရန် မလုံလောက်တော့ပေ!
သိုင်းပညာအစွမ်း သက်သက်ကိုသာ ကြည့်မည်ဆိုပါက ယခုလက်ရှိ ပထမ ရှန်ထိုက်မှာ သူကိုယ်တိုင်ထက်ပင် ပိုမို အစွမ်းထက်နေပေလိမ့်မည်!
သို့သော်လည်း ပထမ ရှန်ထိုက်ကို ခေါ်ယူပြီးနောက် ဝမ်ချောင်သည် ခေတ္တမျှ တိတ်ဆိတ်သွားကာ၊ မြေအောက်၌ သီးခြားစီ လေ့ကျင့်နေကြသော “ဒုတိယရှန်ထိုက်”နှင့် တတိယရှန်ထိုက်တို့ကိုပါ အတူတူ ခေါ်ယူလိုက်ပေသည်။
“ဝုမ်း!”
ခဏအကြာတွင် ပထမ ရှန်ထိုက်နှင့် မလှမ်းမကမ်းရှိ မြေပြင်၌ နောက်ထပ် လှိုင်းတွန့် နှစ်ခု ပေါ်ထွက်လာခဲ့ပြီး ရှန်ထိုက်နှစ်ခုမှာ မြေပြင်ပေါ်သို့ ပေါ်ထွက်လာခဲ့ပေသည်။
၎င်းမှာ ပထမ ရှန်ထိုက်က သူ၏ မြေလျှိုးခြင်း နတ်ဘုရားစွမ်းအား ကို အသုံးပြု၍ ၎င်းတို့အား ခေါ်ယူလိုက်ခြင်း ဖြစ်ပေသည်။
ခန်းမဆောင်အတွင်း၌ တိတ်ဆိတ်နေပြီး ရှန်ထိုက်နှစ်ခုဆီမှ ရွှေရောင်နှင့် နီရဲသော အရောင် နှစ်မျိုးမှာ သိသိသာသာ ကွဲပြားစွာ ထွက်ပေါ်နေပေသည်။
ပထမ ရှန်ထိုက်၏ နေမင်းကြီးကဲ့သို့ တောက်ပလှသော အလင်းရောင်ရှေ့၌ ဒုတိယရှန်ထိုက်နှင့်တတိယရှန်ထိုက်တို့မှာမူ သိသိသာသာပင် ပုကွနေကြသည်၊ လူကြီးနှင့် ကလေးကဲ့သို့ပင် ကွာခြားနေပေသည်။ ထို့ပြင် ပထမ ရှန်ထိုက်၏ ဝင်းပလှသော အလင်းရောင်နှင့် နှိုင်းယှဉ်ပါက ဒုဒတိယရှန်ထိုက်နှင့်တတိယရှန်ထိုက်တို့မှာ သိသိသာသာပင် မှေးမှိန်နေပေသည်။
ဝမ်ချောင်၎င်းတို့အား ရှာဖွေတွေ့ရှိချိန်တွင် ထို ရှန်ထိုက်နှစ်ခု၏ ကြီးထွားမှုမှာ ပထမ ရှန်ထိုက်နှင့် သိသိသာသာ ကွာခြားမှု ရှိနေခဲ့ပေသည်။
ထို့ပြင် ထို ရှန်ထိုက်နှစ်ခုကို ပြန်လည် ခေါ်ဆောင်လာပြီးနောက် ဝမ်ချောင်သိရှိခဲ့ရသည်မှာ လေ့ကျင့်မှု အားနည်းခြင်းကြောင့်လား မသိသော်လည်း ထိုရှန်ထိုက်နှစ်ခုမှာ အစွမ်းထက်လှသော စွမ်းအားများ ရှိကြသော်လည်း ယခုအချိန်အထိမူ မိမိတို့၏ “မွေးရာပါ နတ်ဘုရားစွမ်းအား”များကို ဖော်ထုတ်နိုင်ခြင်း မရှိကြသေးပေ။
ဤအချက်တွင်မူ ပထမ ရှန်ထိုက်နှင့် သိသိသာသာပင် ကွာခြားလှပေသည်။
“ရှန်ထိုက်သုံးခုရဲ့ သဘောသဘာဝတွေ ကွဲပြားကြပေမဲ့ ရင်းမြစ်ကတော့ အတူတူပဲ၊ ဒါ့အပြင် တစ်ခုနဲ့တစ်ခု သွေးချင်းနီးစပ်မှုလည်း ရှိကြသလို ထူးခြားတဲ့ ဆက်နွယ်မှုတွေလည်း ရှိကြတယ်။ ဒီ ရှန်ထိုက်နှစ်ခုက ဘေးကနေ ကူညီပေးမယ်ဆိုရင်တော့ သေချာပေါက် လုံလောက်သွားပါပြီ” ဝမ်ချောင်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်၏။
“ဝုန်း!”
ဝမ်ချောင်၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ပထမ ရှန်ထိုက်သည် ရွှေရောင်နှင့် နီရဲသော အခြားသော ရှန်ထိုက်နှစ်ခုကို ဦးဆောင်လျက် ခဏချင်းမှာပင် မြေအောက်သို့ လျှိုးဝင်သွားခဲ့ကာ အလွန်အမင်း မြန်ဆန်လှသော အရှိန်ဖြင့် အနောက်မြောက်ဘက်ဆီသို့ ဦးတည်သွားခဲ့ပေတော့သည်။
အပြင်ဘက်တွင်မူ မျက်နှာမဲ့လူမှာ စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်၏။
……
ဝမ်ချောင်သည် မြို့တော်၌ တပ်စွဲထားလျက် အရာအားလုံးကို အစီအစဉ်အတိုင်း စနစ်တကျ လုပ်ဆောင်နေပေသည်။
နေ့စဉ်နေ့တိုင်း ကျောက်မီးသွေး အမြောက်အမြားကို တူးဖော်ကာ ကုန်းတွင်းပိုင်းဒေသများသို့ ပို့ဆောင်နေပေသည်။
နေ့စဉ်နေ့တိုင်း ရိက္ခာအမြောက်အမြားကို အရပ်မျက်နှာအနှံ့မှ ဝယ်ယူစုဆောင်းနေပေသည်။
နေ့စဉ်နေ့တိုင်း လူငယ်အမြောက်အမြားမှာ စစ်တပ်အတွင်းသို့ ဝင်ရောက်လာကြပေသည်။
ထို့အတူ စစ်သည်များနှင့် ကုန်ပစ္စည်း အမြောက်အမြားမှာလည်း အင်ပါယာ၏ အရပ်မျက်နှာအသီးသီးမှ အရှေ့မြောက်ဘက်ရှိ ချန်းကျိုးနှင့် ယင်းကျိုးနယ်မြေများသို့ ပို့ဆောင်နေပေသည်။
မဟာထန်ဟူသော ဤဧရာမ စစ်ယန္တရားကြီးမှာ နေ့စဉ်နေ့တိုင်း သိသိသာသာ ပြောင်းလဲလာခဲ့ပြီး ကြီးမားလှသော လူအင်အားနှင့် ပစ္စည်းအင်အားများကို တိကျပြီး ထိရောက်လှသော နည်းလမ်းများဖြင့် လည်ပတ်စေလျက် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် စစ်ပွဲကြီးအတွက် ပြင်ဆင်နေပေသည်။
တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ ရှန်ထိုက် သုံးခုမှာလည်း တစ်ခုနှင့်တစ်ခု ကူညီဖေးမလျက် မြေအောက်မှတစ်ဆင့် ခရီးနှင်နေကြကာ မြေပြင်ပေါ်တွင် မြင်းစီး၍ အမြန်နှင်နေသော မျက်နှာမဲ့လူနှင့်အတူ ဝေးကွာလှသော အနောက်မြောက်ဘက်ရှိ ကက်စပီယန်ပင်လယ်ပင်လယ်ဆီသို့ အရှိန်အဟုန်ဖြင့် သွားနေကြပေသည်။
မျက်နှာမဲ့လူ၌ ဝမ်ချောင်ပေးအပ်ထားသော အမိန့်ပေးတံဆိပ် ရှိနေသဖြင့် နေရာတိုင်း၌ မြင်းများကို အချိန်မရွေး လဲလှယ်စီးနင်းနိုင်ကာ နေ့ရောညပါ ခရီးနှင်နိုင်ပေသည်။ ရှန်ထိုက် သုံးခုမှာမူ နတ်ဘုရားကဲ့သို့သော စွမ်းအားများနှင့် အဆုံးမရှိသော ချီများ ရှိကြသဖြင့် ပင်ပန်းနွမ်းနယ်ခြင်းဟူသည်မှာ မရှိပေ။
တစ်ဆယ့်ငါးရက် ကြာမြင့်ပြီးနောက်တွင် ထိုလူစုမှာ မည်သူ့ကိုမျှ မသိစေဘဲ အနောက်အရပ်သို့ ရောက်ရှိလာခဲ့ပေသည်။
အနောက်အရပ် တစ်ခုလုံးမှာ လူသူအလွန်ပင် များပြားစည်ကားနေပေသည်။ ဤသည်မှာ ဝမ်ချောင်ဤနေရာသို့ ပထမဆုံး ရောက်ရှိစဉ်ကနှင့် လုံးဝမတူညီတော့ပေ။ ယခုလက်ရှိ အနောက်အရပ်၌ နိုင်ငံပေါင်း ၃၆ နိုင်ငံ ရှိနေဆဲ ဖြစ်သော်လည်း မဟာထန်၏ လွှမ်းမိုးမှုမှာမူ အတိုင်းအဆမရှိအောင် ကြီးမားလှပေပြီ။
နေရာအတော်များများ၌ မဟာထန်၏ စစ်အလံများကို မြင်တွေ့နိုင်ကာ၊ အထူးသဖြင့် ဝမ်ချောင်၏ မျိုးနွယ်ခြားဘုရင်နှင့် ချိရှီး နယ်ခြားစောင့် ဗိုလ်ချုပ်ကြီးအလံများကိုမူ နေရာအနှံ့၌ စိုက်ထူထားကြပေသည်။
ကြည့်ရှုလိုက်သည့်အခါ အနောက်အရပ်၌ ပေါ်ထွက်နေသော ဟန်လူမျိုးများမှာလည်း ယခင်ကထက် များစွာ ပိုမို များပြားလာခဲ့ပေသည်။
ထိုထန်လူမျိုးများ ဘယ်ကိုသွားသွား ပတ်ဝန်းကျင်ရှိ ဟူလူမျိုးများ၏ အကြည့်မှာ များစွာ ရိုသေကြောက်ရွံ့မှုများ ပြည့်နှက်နေကာ၊ အရင်ကကဲ့သို့ နှိမ်ချခြင်း သို့မဟုတ် ရန်လိုခြင်းမျိုး လုံးဝ မရှိကြတော့ပေ။
“အရင်လူတွေရဲ့ အမှားကို နောင်လူတွေက သင်ခန်းစာယူကြရသည်”ဟု ဆိုကြသည့်အတိုင်းပင်။
အာရပ်နိုင်ငံပျက်သုဉ်းသွားပြီးနောက်တွင် အနောက်အရပ်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကာ မည်သူမျှ ထန်လူမျိုးများကို ရန်သူအဖြစ် မသတ်မှတ်ရဲကြတော့ပေ။
အနောက်အရပ်၌ မဟာထန်၏ နယ်မြေစိုးမိုးမှုမှာ များစွာ အားကောင်းလှပေပြီ။
ဝမ်ချောင်သည် မည်သူ့ကိုမျှ မသိစေဘဲ အနောက်အရပ်၌ ခေတ္တမျှ ရပ်နားပြီးနောက်တွင်၊ မျက်နှာမဲ့လူနှင့်အတူ ထွက်ခွာခဲ့ကာ သူပြောကြားသော ကုန်းတွင်းပိုင်း ပင်လယ်ဆီသို့ ဦးတည်ခဲ့ပေသည်။
အနောက်အရပ်မှ ထွက်ခွာပြီး နောက်ရက်အနည်းငယ်တွင်မူ လူသူကင်းမဲ့သော နေရာများသို့ ရောက်ရှိလာခဲ့ကာ အနောက်အရပ်ရှိ ဟူလူမျိုးများပင်လျှင် ထိုနေရာသို့ အလွယ်တကူ မသွားလာရဲကြပေ။
ဤလမ်းခရီးတစ်လျှောက်တွင်လည်း ရိက္ခာများစွာမရှိပေ၊ စားစရာမှာ အရေးမကြီးသော်လည်း အရေးကြီးဆုံးမှာ ရေအရင်းအမြစ် များစွာ မရှိခြင်းပင် ဖြစ်၏။
သို့သော်လည်း ရှန်ထိုက် သုံးခုမှာမူ အစားအသောက် လိုအပ်ခြင်း မရှိသလို၊ မျက်နှာမဲ့လူသည်လည်း ထိုကဲ့သို့သော ကြမ်းတမ်းလှသည့် ဘဝကို ကျင့်သားရနေပြီးသား ဖြစ်ပေသည်။
လူနှစ်စုလုံးမှာ မည်သည့် ထိခိုက်မှုမျှ မရှိဘဲ လမ်းခရီးတစ်လျှောက် လေတိုက်ရာတွင် စား၍ နှင်းတောတွင် အိပ်စက်ခြင်းများဖြင့် ခရီးနှင်ခဲ့ရာ၊ ရက်သတ္တပတ် နှစ်ပတ်ခန့်အကြာတွင်မူ ပတ်ဝန်းကျင်ရှိ မြက်ခင်းပြင်များမှာ တစ်ဖန် ပြန်လည်၍ စိမ်းလန်းစိုပြည်လာခဲ့ပေသည်။
“အရှင်ရှေ့နားမှာ ကျွန်တော်မျိုး ပြောတဲ့ နေရာ ရောက်ပါပြီ။ အခုကစပြီး ကျွန်တော်တို့ သတိထားရပါတော့မယ်!”
မျက်နှာမဲ့လူသည် ချွေးစက်ကျနေသော မြင်းကောင်းတစ်ကောင်ကို စီးနင်းလျက် ရှေ့သို့ ညွှန်ပြကာ ရုတ်တရက် စကားဆိုလိုက်ပေသည်။
သူ၏အခြားတစ်ဖက်ရှိ လက်ဖဝါးအတွင်း၌ ဝမ်ချောင်ပေးအပ်ထားသော သတ္တုလုံးလေးမှာ ပြင်းထန်လှသော ရောင်စုံအလင်းတန်းများကို ထုတ်လွှတ်လျက် ဆက်တိုက် လက်နေပေသည်။
ဤသည်မှာ ပစ်မှတ်နှင့် အလွန် နီးကပ်နေပြီဖြစ်ကြောင်း ဖော်ပြနေသည့် သင်္ကေတပင် ဖြစ်ပေတော့သည်။
******
အခန်း (၂၀၆၅)ခိုင်ရွန်လူမျိုး မြောက်ဘက်နယ်မြေ၏ လှုပ်ရှားမှု
ဝမ်ချောင်က ခေါင်းညိတ်ပြလိုက်ရာ၊ နှစ်ဦးသား ရှေ့သို့ ဆက်လက် ခရီးနှင်ခဲ့ကြပေသည်။
လှိုင်းသံများ တဝုန်းဝုန်း ထွက်ပေါ်နေ၏။
အချိန်မည်မျှ ကုန်လွန်သွားခဲ့သည် မသိရသော်လည်း၊ ရုတ်တရက်ဆိုသလို ဟိန်းထွက်နေသော ပင်လယ်လှိုင်းသံများမှာ သဲ့သဲ့မျှ နားထဲသို့ ဝင်ရောက်လာခဲ့၏။ တစ်ချိန်တည်းမှာပင် လေစီးကြောင်းများ လှုပ်ခတ်လာကာ၊ တိုက်ခတ်လာသော လေပြေနှင့်အတူ ဝမ်ချောင်သည် ငန်ကျိကျိနိုင်လှသော ပင်လယ်လေရနံ့ကို ရရှိလိုက်ပေသည်။
“ဒါက အမှန်တကယ်ပဲ ကက်စပီယန်ပင်လယ် ဖြစ်နေတာပဲ” ဝမ်ချောင်က စိတ်ထဲမှ တွေးတောလိုက်မိပေသည်။
ယခင်ဘဝတုန်းကမူ သူသည် ဘဝ၏ အချိန်အတော်များများကို အလယ်ပိုင်းဒေသ ၌သာ ကုန်ဆုံးစေခဲ့သဖြင့်၊ ဤမျှအထိ ဝေးကွာလှသော နေရာမျိုးသို့ တစ်ခါမျှ မရောက်ရှိဖူးခဲ့ပေ။
ကက်စပီယန်ပင်လယ်… အကယ်၍ သူ၏ မူလကမ္ဘာ၌သာဆိုလျှင် ဤနေရာဝန်းကျင်၌ နိုင်ငံများစွာ ရှိနေမည်ဖြစ်ကာ ကြွယ်ဝလှသော ယဉ်ကျေးမှုများလည်း ထွန်းကားနေမည် ဖြစ်သော်လည်း၊ ယခုကမ္ဘာ၌မူ ဤနေရာသည် သိသိသာသာပင် ခြောက်ကပ်နေပေသည်။
“ဒါပေမဲ့ ပြောရမယ်ဆိုရင်တော့၊ ကက်စပီယန်ပင်လယ်ဝန်းကျင်က အာရပ်အင်ပါယာရဲ့ နယ်မြေစိုးမိုးမှုအတွင်းမှာ ရှိနေတာပဲ။” ဝမ်ချောင်၏ စိတ်ထဲ၌ တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားကာ တုန်လှုပ်သွားရ၏။
ထန်လူမျိုး များမှာ ဤမျှအထိ ဝေးကွာသော နေရာသို့ လာရောက်လေ့ မရှိကြသော်လည်း၊ အာရပ်တို့အတွက်မူ ထိုသို့ မဟုတ်ပေ။
အာရပ်တို့သည် အရပ်မျက်နှာအနှံ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသဖြင့် ၎င်းတို့၏ နယ်မြေမှာ အလွန်ပင် ကျယ်ပြောလှသည်ကို ဝမ်ချောင်ဝေဝါးစွာ မှတ်မိနေပေသည်၊ သို့သော်လည်း ၎င်းတို့သည် မြောက်ဘက် အစွန်းဆုံးဒေသ၌ အလွန်ပင် အစွမ်းထက်လှသော လှည့်လည်သွားလာနေသည့် လူမျိုးစုများ၏ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရဖူးသည်ဟု ဆိုကြပေသည်။
ထိုသူများမှာ လူဦးရေ နည်းပါးသော်လည်း အစွမ်းမှာ အလွန်ပင် ကြီးမားလှသည့်အပြင် ပြောက်ကျားစစ်ဗျူဟာကို အမြဲ အသုံးပြုကြသဖြင့်၊ ကုထိုက်ပိုင်၏ လက်အောက်မှာပင် ၎င်းတို့ကို ကိုင်တွယ်ရန် ကောင်းမွန်သော နည်းလမ်း မရှိခဲ့ဘဲ၊ ရိက္ခာဖြတ်တောက်သည့် နည်းလမ်းကို အသုံးပြု၍သာ သွယ်ဝိုက်သောနည်းဖြင့် ၎င်းတို့၏ အင်အားကို လျှော့ချခဲ့ရပေသည်။
“ဖုန်း!” ထိုအချိန်မှာပင် မည်သည့် လက္ခဏာမျှ မပြဘဲ၊ မျက်နှာမဲ့လူသည် ရုတ်တရက် လက်ဦးမှုယူ လှုပ်ရှားလိုက်ကာ သူ၏ကိုယ်အတွင်းမှ ပြင်းထန်လှသော ဂန်ချီများ ပေါက်ကွဲထွက်လာပြီး သူ စီးနင်းလာသော ရွှေစင်ပေါင်းများစွာ တန်ဖိုးရှိသည့် အဖိုးတန်လှသော မြင်း၏ဦးခေါင်းကို လက်ဝါးတစ်ချက်ဖြင့် ရိုက်ခွဲပစ်လိုက်ပေသည်။
စစ်မြေပြင်မှ ဗိုလ်ချုပ်များ အလွန်ပင် တန်ဖိုးထားကြသော ထိုမြင်းကောင်းမှာ အသံတစ်ချက်မျှပင် မပြုနိုင်ဘဲ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့ရပေတော့သည်။
မျက်နှာမဲ့လူကမူ အရေးမပါလှသော ကိစ္စတစ်ခုကို လုပ်ဆောင်လိုက်သကဲ့သို့ပင် သူ၏ အမူအရာနှင့် အငွေ့အသက်မှာ အနည်းငယ်မျှပင် လှုပ်ခတ်ခြင်း မရှိပေ။
ဖုန်း ဆက်လက်၍ မျက်နှာမဲ့လူသည် နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ၊ မြေပြင်ပေါ်၌ ကြီးမားသော တွင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ထိုမြင်း၏အလောင်းကို တွင်းထဲသို့ လျင်မြန်စွာ တွန်းပို့လိုက်ကာ၊ မြေပြင်ကို ပြန်လည် ဖုံးအုပ်လျက် အနည်းငယ် ပြုပြင်လိုက်ရာ၊ ထိုမြင်းကြီးမှာ တစ်ခါမျှ တည်ရှိမနေခဲ့ဖူးသကဲ့သို့ ဖြစ်သွားခဲ့ပေသည်။
ဝမ်ချောင်သည် ဘေးနားမှ ရပ်ကြည့်နေရင်း မျက်နှာမဲ့လူ၏ လုပ်ရပ်အပေါ် အနည်းငယ် နှမြောမိသော်လည်း၊ ဝတ်စုံမည်းဝတ်လူတို့ သိရှိသွားနိုင်သည့် ဟာကွက်များ မကျန်ရစ်စေရန် ဤသို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သူ နားလည်ထားပေသည်။
အကယ်၍ သူတို့နှစ်ဦး၏ ခြေရာလက်ရာ ပေါက်ကြားသွားပါက၊ ခဏချင်းမှာပင် များစွာ ဆိုးရွားလှသော အခြေအနေသို့ ကျရောက်သွားပေလိမ့်မည်။
ခေတ္တမျှ ကြာပြီးနောက်တွင် မျက်နှာမဲ့လူသည် မတ်တပ်ရပ်လိုက်ကာ လက်ကို ပွတ်သပ်လျက် အေးစက်စွာ ဆိုလိုက်၏။
“အရှင် ၊ အခုကစပြီး ကျွန်တော်တို့ ဝတ်စုံမည်းဝတ်လူတွေရဲ့ နယ်မြေထဲကို အမှန်တကယ် ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ တကယ်လို့ သူတို့ သိသွားလို့မှ ကျွန်တော်တို့ ထွက်မပြေးနိုင်ရင်တော့ သေလမ်းပဲ ရှိပါတော့တယ်။ နောက်ပြီး အဲဒီ ထိုက်မျိုးဆက်က ပုဂ္ဂိုလ်ကို ကျွန်တော်မျိုး ကိုယ်တိုင် မမြင်ဖူးသေးပေမဲ့ သူ့ရဲ့ အငွေ့အသက်ကိုတော့ ခံစားဖူးပါတယ်။ အရှင့်ရဲ့ ရှန်ထိုက်တွေက အစွမ်းထက်တယ် ဆိုပေမဲ့လည်း……”
“ကျွန်တော်မျိုးကို ပွင့်ပွင့်လင်းလင်း ပြောခွင့်ပြုပါ၊ အရှင်ဟာ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး”
ဤနောက်ဆုံး စကားတစ်ခွန်းကို မျက်နှာမဲ့လူက အလွန်ပင် တိုက်ရိုက်ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ဝမ်ချောင်အနေဖြင့်မူ ဤသည်ကို အံ့အားသင့်ခြင်း မရှိပေ၊ အကယ်၍ ဤ နေရာကူးပြောင်းခြင်းဂိတ်၌ ထိုက်ရှီကဲ့သို့သော ထိုက်မျိုးဆက် ပညာရှင်တစ်ဦး အမှန်တကယ် ရှိနေပါက၊ သူ၏ ယခုလက်ရှိ အစွမ်းနှင့်ဆိုလျှင် အမှန်တကယ်ပင် ပြိုင်ဘက် မဟုတ်ပေ။
ရှန်ထိုက်မှာ အစွမ်းထက်လှသော်လည်း၊ ဝမ်ချောင်ရရှိထားသည့် အချိန်မှာ များစွာ တိုတောင်းလှသေးသဖြင့်၊ အစွမ်းကို အပြည့်အဝ ထုတ်ဖော်နိုင်ရန်အတွက်မူ ကြီးထွားလာရန် အချိန်လိုအပ်နေသေးပေသည်။
“အရှင် ဒီအဝတ်အစားတွေကို ဝတ်ထားပါ၊ အခုကစပြီး ကျွန်တော်တို့ရဲ့ ရုပ်မှန်နဲ့ သွားလို့ မဖြစ်တော့ဘူး!”
မျက်နှာမဲ့လူက ဆိုလိုက်ရင်း သူ၏ ထုပ်ပိုးထားသော အထုပ်ထဲမှ ကြိုတင် ပြင်ဆင်လာသော ဝတ်စုံနက် တစ်စုံကို ကမ်းပေးလိုက်ပေသည်။
ဤသည်မှာ ဝတ်စုံမည်းဝတ်လူအဖွဲ့အစည်း၏ တူညီဝတ်စုံ ဖြစ်ပေသည်၊ ဝတ်စုံမည်းဝတ်လူ အားလုံးမှာ မည်သည့် အဆင့်အတန်းရှိသည်ဖြစ်စေ ဤကဲ့သို့သော ဝတ်စုံနက်များကိုသာ ဆင်တူ ဝတ်ဆင်ကြပေသည်။
မျက်နှာမဲ့လူသည် ထိုစကားကို ပြောဆိုပြီးနောက်တွင် စိတ်အာရုံကို လှုပ်ရှားလိုက်ရာ၊ သူ၏ ကိုယ်အတွင်းမှ အနက်ရောင် မြူခိုးများမှာ လျှံထွက်လာခဲ့ပြီး၊ တစ်ကိုယ်လုံးရှိ အငွေ့အသက်များမှာလည်း ရုတ်တရက် ပြောင်းလဲသွားကာ၊ ဝတ်စုံမည်းဝတ်လူများ၏ ထူးခြားလှသော လျှို့ဝှက်ဆန်းကြယ်သည့် အေးစက်စုတ်ပြတ်သော အငွေ့အသက်မျိုး ဖြစ်ပေါ်လာခဲ့ပေသည်။
ဤခဏ၌ အကယ်၍သာ မသိရှိပါက သူ၏ရှေ့မှ မျက်နှာမဲ့လူမှာ ဝတ်စုံမည်းဝတ်လူ တစ်ဦးနှင့် တစ်ထပ်တည်း ကျနေပေရာ ဝမ်ချောင်ပင်လျှင် ခွဲခြားရန် မလွယ်ကူလှပေ။
မျက်နှာမဲ့လူသည် ဝတ်စုံမည်းဝတ်လူများကို နှစ်ရှည်လများ လိုက်လံ သတ်ဖြတ်နေခဲ့သူ ဖြစ်သဖြင့်၊ ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်မည့် ရုပ်ဖျက်အတတ်ပညာများကို ကောင်းစွာ ကျွမ်းကျင်နေခြင်းမှာ ထင်ရှားလှပေသည်။
အခြားတစ်ဖက်၌မူ ဝမ်ချောင်သည် မျက်နှာမဲ့လူပေးအပ်သော ဝတ်စုံနက်ကို ယူ၍ ဝတ်ဆင်လိုက်ကာ တစ်ချိန်တည်းမှာပင် သူ၏အငွေ့အသက်များကိုလည်း ပြောင်းလဲလိုက်ရာ ခဏချင်းမှာပင် မျက်နှာမဲ့လူနှင့် တစ်ထပ်တည်း ကျသွားခဲ့ပေသည်။
သို့သော်လည်း ခဏအကြာတွင် ဝမ်ချောင်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားကာ သူ၏အငွေ့အသက်မှာ မျက်နှာမဲ့လူနှင့် သိသိသာသာ ကွဲပြားသွားခဲ့ရ၏။
ဝမ်ချောင်၏ ဤရုပ်ဖျက်နည်းလမ်းမှာ မျက်နှာမဲ့လူထံမှ ရရှိထားခြင်း ဖြစ်သော်လည်း၊ ကျင့်စဉ်အပေါ် နားလည်သဘောပေါက်မှုတွင်မူ ဝမ်ချောင်သည် မျက်နှာမဲ့လူထံမှ များစွာ သာလွန်နေပေသည်။ ထို့ပြင် လူနှစ်ဦးလုံး၏ အငွေ့အသက်မှာ တစ်ထပ်တည်း တူညီနေပါက များစွာ သံသယဖြစ်ဖွယ် ကောင်းလှပေလိမ့်မည်။
“သွားကြစို့”
အရာရာကို ပြင်ဆင်ပြီးနောက်တွင် ဝမ်ချောင်သည် ရှန်ထိုက်နှစ်ခုကို ဘေးပတ်ပတ်လည်မှ ကူညီပေးရန် ချန်ထားခဲ့ပြီး မျက်နှာမဲ့လူနှင့်အတူ ရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားခဲ့ပေတော့သည်။
တောင်ကို မြင်နေရသော်လည်း မြင်းစီးသွားလျှင် မောရသည် ဟု ဆိုကြသည့်အတိုင်းပင်။
လူတိုင်းမှာ ပင်လယ်လှိုင်းသံများကို ကြိုတင် ကြားနေရသော်လည်း၊ အမှန်တကယ် အကွာအဝေးမှာမူ ထင်မှတ်ထားသည်ထက် များစွာ ပိုမို ဝေးကွာလှပေသည်။
ဝမ်ချောင်နှင့် မျက်နှာမဲ့လူတို့မှာ ရှေ့သို့ ဆယ်မိုင်ခန့် ပြေးဝင်သွားခဲ့ကြပြီးနောက်၊ ထူးဆန်းသော ခံစားချက်တစ်ခုမှာ သူတို့၏ စိတ်ထဲ၌ ဖြစ်ပေါ်လာခဲ့ပေသည်။
“အေးစိမ့်တဲ့ အငွေ့အသက်တွေက တော်တော်ကို ပြင်းတာပဲ”
ဝမ်ချောင်သည် ခေါင်းကို မော့ကြည့်လိုက်ကာ ပင်လယ်လှိုင်းသံများ ထွက်ပေါ်လာရာ အရပ်သို့ ကြည့်လိုက်မိပေသည်။
အရင်ကမူ ထိုမျှအထိ မခံစားရသော်လည်း တဖြည်းဖြည်းချင်း နီးကပ်လာသည့်အခါတွင်မူ ဤနေရာ၏ အပူချိန်မှာ သိသိသာသာ ကျဆင်းနေသည်ကို ဝမ်ချောင်ခံစားနေရပေသည်၊ လေပြေတိုက်ခတ်လာတိုင်း လေထဲ၌ အရင်က မရှိခဲ့ဖူးသော နက်နဲလှသည့် အေးစိမ့်မှုများ ပါဝင်နေကာ ထိုအရပ်မျက်နှာမှ အအေးလှိုင်းတစ်ခု တိုက်ခတ်လာနေသကဲ့သို့ပင် ရှိနေပေသည်။
ဝမ်ချောင်သည် မျက်လုံးများကို အနည်းငယ် မှေးလိုက်ကာ၊ သူ၏ မျက်ဝန်းများအတွင်း၌ သံသယဖြစ်ဖွယ် အမူအရာများ ဖြတ်ပြေးသွားခဲ့၏။
မြောက်ဘက်မှ ဧရာမ အအေးလှိုင်းကြီးမှာ ဘိုင်ကယ်ကန်၏ မြောက်ဘက်တွင်သာ ရှိနေသေးကာ တောင်ဘက်သို့ ဆင်းလာရန်အတွက်မူ အချိန်အတော်ကြာ လိုအပ်နေသေးပေသည်၊ ဤနေရာသို့ အအေးလှိုင်းက ဘယ်လိုလုပ်ပြီး ရောက်ရှိလာနိုင်သနည်း။
ထို့ပြင် ဤအအေးလှိုင်းမှာ ဝမ်ချောင်အား ပေးစွမ်းနေသည့် ခံစားချက်မှာလည်း များစွာ ထူးဆန်းလှပေသည်။ ၎င်းမှာ ခေတ်ဦး ရေခဲပြင်ခေတ်ကို ဖြစ်ပေါ်စေမည့် မြောက်ဘက်မှ ပြင်းထန်လှသော အအေးလှိုင်းမျိုးနှင့်မူ မတူညီလှပေ။
“ဒါက နေရာကူးပြောင်းခြင်းဂိတ် ကြောင့် ဖြစ်ပေါ်လာတဲ့ အအေးလှိုင်းပဲ”
မျက်နှာမဲ့လူ၏ အသံမှာ သူ၏ နားဘေး၌ ထွက်ပေါ်လာခဲ့၏။
“ကျွန်တော်မျိုး နောက်ဆုံးတစ်ခေါက် ထွက်သွားတုန်းက အအေးလှိုင်းက ဒီလောက်အထိ မပြင်းထန်သေးသလို၊ ဒီလောက်အထိလည်း မပြန့်နှံ့သေးဘူး။ ကြည့်ရတာ သူတို့ရဲ့ နေရာကူးပြောင်းခြင်းဂိတ် က ပိုပြီးတော့ ပြည့်စုံလာပုံရတယ်!”
အန်းယာလုရှန်းမှာ အရှေ့မြောက်ဘက် ယိုကျိုး နယ်မြေ၌သာ ရှိနေသေးသကဲ့သို့၊ တစ်ကမ္ဘာလုံးကို လွှမ်းမိုးမည့် ပုန်ကန်မှုကြီးမှာလည်း မဖြစ်ပေါ်သေးပေ၊ ထို့ပြင် လန်းဆီးယား ယဉ်ကျေးမှု၏ ပြောကြားချက်အရဆိုလျှင် အခြေစိုက်စခန်း ခြောက်ခု၊ နေရာကူးပြောင်းခြင်းဂိတ် ခြောက်ခုလုံး စုံညီမှသာ အချိန်နဲ့ ဟင်းလင်းပြင် တံခါးကို အပြည့်အဝ ဖွင့်နိုင်မည်ဖြစ်ကာ၊ ထိုအခြားကမ္ဘာမှ ကျူးကျော်သူများကို ခေါ်ယူနိုင်မည် ဖြစ်ပေသည်။
“လိပ်ပြာတောင်ပံခတ်တာကြောင့် ဒီကမ္ဘာမှာ တစ်ခုခု ပြောင်းလဲသွားပြန်တာလား” ဝမ်ချောင်က စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိပေသည်။
“ဂွက် ဂွက် ဂွက်!”
ဝမ်ချောင်တစ်ဦးတည်း တွေးတောနေစဉ်မှာပင် လျင်မြန်လှသော မြင်းခွာသံများမှာ အဝေးမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။ သူ၏စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့်အတူ သူ၏ကိုယ်အတွင်းမှ မြေညိုရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ဘေးနားရှိ မျက်နှာမဲ့လူကိုပါ ချက်ချင်း ဖုံးလွှမ်းလိုက်ပေသည်။
နောက်တစ်ခဏ၌ မြေပြင်မှာ ရေစီးကြောင်းကဲ့သို့ ကွဲအက်သွားကာ ဝမ်ချောင်နှင့် မျက်နှာမဲ့လူတို့မှာ မြေအောက်အနက်ရှိုင်းဆုံးသို့ ခဏချင်းမှာပင် လျှိုးဝင်သွားခဲ့ကြပေတော့သည်။
လေပြေညင်းများ တိုက်ခတ်သွားကာ မြက်ခင်းပြင်တစ်ခုလုံးမှာ ဗလာကျင်းနေပြီး၊ လူနှစ်ဦးမှာ တစ်ခါမျှ တည်ရှိမနေခဲ့ဖူးသကဲ့သို့ပင် ဖြစ်သွားခဲ့၏။
ခေတ္တမျှ ကြာပြီးနောက်တွင် မြင်းခွာသံများမှာ ဆက်တိုက် ထွက်ပေါ်လာကာ၊ ဖုန်မှုန့်များ တက်လာခဲ့ပြီး၊ တောင်ဘက် မိုးကုတ်စက်ဝိုင်းမှ ရာနှင့်ချီသော သံချပ်ကာ မြင်းစီးစစ်သည်များမှာ မြင်းများကို အစွမ်းကုန် နှင်လျက် ရောက်ရှိလာခဲ့ကြပေသည်။
အနီးကပ်ကြည့်ရှုလိုက်သည့်အခါတွင်မူ ထိုသံချပ်ကာ မြင်းစီးစစ်သည်များမှာ ခန္ဓာကိုယ်ပေါ်၌ ဟောင်းနွမ်းစုတ်ပြတ်နေသော သံချပ်ကာများကို ဝတ်ဆင်ထားကြသော်လည်း၊ ကိုယ်ခန္ဓာမှာမူ များစွာ ခန့်ညားထည်ဝါလှကာ ကြွက်သားများမှာလည်း ထိုးထွက်နေပြီး အလွန်ပင် အစွမ်းထက်လှဟန် ရှိပေသည်၊ သူတို့၏မျက်ဝန်းများမှာလည်း တောက်ပနေကာ လင်းတသို့မဟုတ် ကျားသစ်များကဲ့သို့ပင် ဖြစ်နေပြီး လူကို အလွန်အမင်း သွေးဆာနေကာ စစ်တိုက်ခြင်းကို ဝါသနာပါပြီး ကျူးကျော်လိုစိတ် ပြင်းပြနေသော ခံစားချက်ကို ပေးစွမ်းနေပေသည်။
ထို့ပြင် ထိုသူတို့၏ ဖော်ထုတ်ထားသော လည်ပင်းနှင့် လက်မောင်းများပေါ်၌လည်း ဆေးမင်ကြောင်ပုံစံ သင်္ကေတများစွာကို ထိုးနှံထားကြကာ လှုပ်ရှားမှုတိုင်း၌ ပြင်းထန်လှသော တောရိုင်းတိရစ္ဆာန်တို့၏ စရိုက်များကို ဖော်ပြနေပေသည်။
အနောက်ကမ္ဘာ တစ်ခုလုံးရှိ ကက်စပီယန်ပင်လယ်ဝန်းကျင်၌ ဤကဲ့သို့သော စရိုက်လက္ခဏာမျိုး ရှိသူများမှာ အရင်က အာရပ် စစ်နတ်ဘုရား ကုထိုက်ပိုင်ပင်လျှင် စိုးရိမ်ခဲ့ရကာ ခေါင်းခဲခဲ့ရသော လှည့်လည်သွားလာသည့် လူမျိုးစုများသာ ရှိပေသည်။
ခိုင်ရွန် လူမျိုးများ။
မြေအောက်အနက်ရှိုင်းဆုံးမှနေ၍ ထိုအစွမ်းထက်လှသော ယောက်ျားကြီးများနှင့် သူတို့၏ ကိုယ်ပေါ်မှသင်္ကေတများကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်၏စိတ်ထဲ၌ အတွေးတစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားခဲ့ပေသည်။
အာရပ်၌ ရှိနေစဉ်ကာလအတွင်းက ဝမ်ချောင်သည် ထိုသူတို့၏ အကြောင်းကို ကြားဖူးခဲ့ပေသည်။
ခိုင်ရွန်လူမျိုးများမှာ လူဦးရေ များစွာ မရှိဘဲ အတည်တကျ နေထိုင်ခြင်း မရှိကြသော်လည်း၊ တိုက်ခိုက်ရေးစွမ်းရည်မှာမူ များစွာ ပြင်းထန်လှသည့်အပြင် ရန်ငြိုးကိုလည်း များစွာထားတတ်ကြပေသည်။
ကုထိုက်ပိုင်သည် ၎င်းတို့အား အမြစ်ပြတ် ချေမှုန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း၊ ၎င်းတို့၏ ခြေရာလက်ရာကို ရှာမတွေ့သဖြင့် အမြဲတမ်းပင် မတတ်သာဘဲ ရှိခဲ့ရပေသည်။
အခြားတစ်ဖက်၌မူခိုင်ရွန် လူမျိုးများသည် သူတို့၏ လူမျိုးစုဝင် အနည်းငယ်ကို ကုထိုက်ပိုင်က သတ်ဖြတ်ခဲ့သည်ကို အကြောင်းပြု၍၊ ကုထိုက်ပိုင်ကို ဆက်တိုက် နှောင့်ယှက် တိုက်ခိုက်ခဲ့ကြပေသည်။ ၎င်းတို့သည် ညဘက်၌ ဝင်ရောက်တိုက်ခိုက်ကြကာ နည်းလမ်းပေါင်းစုံကို အသုံးပြုကြသည်၊ အဆိပ်ခတ်ခြင်း၊ ရုပ်ဖျက်ခြင်း၊ အဆိပ်လူးမြှားများ အသုံးပြုခြင်း……
ထို့ပြင် သူတို့ကိုယ်တိုင်၏အစွမ်းမှာလည်း များစွာကြီးမားလှသဖြင့်၊ ထိုနှောင့်ယှက်တိုက်ခိုက်မှု တစ်လျှောက်လုံးတွင် ကုထိုက်ပိုင်၏တပ်ဖွဲ့မှ လူအတော်များများပင် သေဆုံးခဲ့ရသဖြင့် ကူတိုင်ပိုင်မှာ များစွာ နှမြောတသ ဖြစ်ခဲ့ရကာ၊ နောက်ဆုံးတွင်မူ နည်းဗျူဟာကို ပြောင်းလဲလျက်ခိုင်ရွန် လူမျိုးများကို သိမ်းသွင်းရန် ကြိုးစားခဲ့ရပေသည်။
သို့သော်လည်းခိုင်ရွန်လူမျိုးများသည် ကုထိုက်ပိုင်က သတ်ဖြတ်ခဲ့သော လူမျိုးစုဝင်များကို အမြဲအမှတ်ရနေကြသဖြင့် ကုထိုက်ပိုင်၏သိမ်းသွင်းမှုကို လုံးဝလက်မခံခဲ့ကြဘဲ၊ နှစ်ဖက်စလုံးမှာ အသေးစား တိုက်ပွဲများကို ဆက်တိုက် ဆင်နွှဲနေခဲ့ကြပေသည်။
နောက်ဆုံးတွင်မူ ကုထိုက်ပိုင်သည် စစ်တပ်ကြီးကို မိုင်ငါးဆယ်ခန့် နောက်ဆုတ်စေခဲ့ရပြီး၊ သံဆူးကြိုးများနှင့် မြင်းတားတံတိုင်းများဖြင့် ခံစစ်တပ်စွဲပြီးနောက်တွင်မှ ဤကိစ္စမှာ ခေတ္တမျှ ငြိမ်သက်သွားခဲ့ခြင်း ဖြစ်ပေသည်။
အာရပ်အင်ပါယာမြောက်ဘက်ရှိ ထိုခေါင်းမာလှသော လူမျိုးစုများမှာ ဤနေရာ၌ ပေါ်လာလိမ့်မည်ဟု ဝမ်ချောင်ပင်လျှင် ထင်မှတ်မထားခဲ့ပေ။
ရုတ်တရက်ဆိုသလို မမည်သည့် လက္ခဏာမျှ မရှိဘဲ ထို ရာနှင့်ချီသောခိုင်ရွန် လူမျိုးများသည် မြင်းများကို အတင်းအကျပ် ဆွဲရပ်လိုက်ကြကာ ဤမြက်ခင်းပြင်ကြီးပေါ်၌ ရပ်နားလိုက်ကြပေသည်။
“အကုန်လုံး အဆင်သင့် ဖြစ်ကြပြီလား”
စစ်တပ်၏ ရှေ့ဆုံးမှ နဖူးပေါ်၌ ကြောက်မက်ဖွယ်ကောင်းလှသော ဆေးမင်ကြောင် ရှိသူ၊ နှာတံပေါ်ကာ ပါးရိုး မြင့်မားလှသောခိုင်ရွန် လူမျိုးစု ခေါင်းဆောင်က မြင်းခေါင်းကို ရုတ်တရက် လှည့်လိုက်ကာ သူ၏နောက်ကွယ်မှ ရာနှင့်ချီသော လက်အောက်ငယ်သားများကို ကြည့်လျက် မေးမြန်းလိုက်ပေသည်။
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
ခိုင်ရွန် လူမျိုးများမှာ လခြမ်းပုံ ဓားကောက်များကို မြှောက်လျက် ဟိန်းဟောက် ဖြေကြားလိုက်ကြပေသည်။
“ခဏနေရင် နတ်ဘုရားစေတမန်တွေနဲ့ တွေ့ရတော့မှာ၊ အားလုံးက စိတ်ကို တက်ကြွအောင် ထားကြစမ်း”
“ဒီတစ်ခေါက်က အရမ်း အရေးကြီးတယ်၊ နတ်ဘုရားစေတမန်တွေက ငါတို့ခိုင်ရွန် လူမျိုးတွေကို သွေးထွက်သံယို ဖြစ်စေချင်တယ်။ နောက်လအနည်းငယ်ကြာရင် သူတို့နဲ့အတူ အာရပ်ကို တိုက်ခိုက်ဖို့ ကူညီစေချင်တယ်ဆိုရင်တော့ သေချာပေါက် တန်ဖိုးတစ်ခု ပေးရလိမ့်မယ်။ ငါတို့ခိုင်ရွန် လူမျိုးတွေကတော့ ဘယ်တော့မှ အရှုံးမခံနိုင်ဘူး”
နဖူးပေါ်၌ ကြောက်မက်ဖွယ် ဆေးမင်ကြောင်ရှိသော ခေါင်းဆောင်က ဆိုလိုက်ပေသည်။
“ဝုမ်း!” ဤစကားကို ကြားလိုက်ရသည့်အခါ မြေအောက်အနက်ရှိုင်းဆုံး၌ ဝမ်ချောင်၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ရပေသည်။
ခိုင်ရွန် လူမျိုးများမှာ အမြဲတမ်းပင် လှည့်လည်သွားလာနေကြသူများ ဖြစ်ကြသဖြင့် အင်ပါယာများနှင့် ယဉ်ကျေးမှုများကြားရှိ ကိစ္စရပ်များ၌ တစ်ခါမျှ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ကြပေ။ ထိုသူများမှာ အာရပ်ကို တိုက်ခိုက်ရန် အစီအစဉ် ရှိနေလိမ့်မည်ဟု ဝမ်ချောင်လုံးဝ ထင်မှတ်မထားခဲ့ပေ။
အကယ်၍ ယခင်ကဆိုပါက ကိစ္စမရှိသော်လည်း၊ ယခုလက်ရှိ အာရပ်မှာ မဟာထန်၏ အုပ်ချုပ်မှုအောက်၌ ရှိနေကာ၊ ကောင်းရှန်းကျစ်နှင့် အန်းစီရှန်းတို့မှာ ဘဂ္ဂဒက်၌ တပ်စွဲထားကြပေသည်။ခိုင်ရွန် လူမျိုးများက အာရပ်ကို တိုက်ခိုက်မည် ဆိုသည်မှာ မဟာထန်၏ အာရပ်ရှိ စစ်တပ်ကို တိုက်ခိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။
“နောက်ပြီး အဲဒီ နတ်ဘုရားစေတမန်တွေက…… ဝတ်စုံမည်းဝတ်လူတွေကို ပြောတာလား?”
ဝမ်ချောင်သည် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ကာ၊ သူ၏ စိတ်ထဲ၌ အတွေးများစွာ ဖြတ်ပြေးသွားခဲ့ပေသည်။
ဝတ်စုံမည်းဝတ်လူအဖွဲ့အစည်းမှာ မိမိကိုယ်မိမိ ကောင်းကင်နတ်ဘုရားများဟု အမြဲ ခေါ်ဝေါ်လေ့ရှိကြပြီး၊ နတ်ဘုရားအယောင်ဆောင်ခြင်းကို များစွာ ဝါသနာပါကြပေသည်၊ အကယ်၍ခိုင်ရွန် လူမျိုးတို့၏ နှုတ်ဖျားမှ နတ်ဘုရားစေတမန်မှာ ဝတ်စုံမည်းဝတ်လူများ အမှန်တကယ် ဖြစ်နေပါက ၎င်းမှာ သူတို့၏ အမြဲတမ်း လုပ်ဆောင်နေကျ စရိုက်များနှင့် လုံးဝ ကိုက်ညီနေပေသည်။
ခိုင်ရွန် လူမျိုးတို့၏ အသံများမှာ ဆက်လက် ထွက်ပေါ်လာနေပေသည်။
“ခေါင်းဆောင် ထန်လူမျိုး တွေက ကိုင်တွယ်ရ မလွယ်ဘူးနော်၊ သူတို့ရဲ့ လက်နက်တွေက အရမ်းအစွမ်းထက်တယ်လို့ ကြားတယ်၊ အာရပ်တွေတောင် သူတို့လက်ထဲမှာ ရှုံးပြီး နိုင်ငံပျက်သွားခဲ့တာပဲ။ တကယ်လို့ ငါတို့ဆီက အကူအညီ လိုချင်တယ်ဆိုရင်တော့၊ သူတို့က ငါတို့ကို သံချပ်ကာတွေ အများကြီး ပေးရမယ်၊ အဲဒါကလည်း အကောင်းဆုံးတွေ ဖြစ်ရမယ်”
“ဟုတ်တယ်! လက်နက်တွေလည်း ပါရမယ်၊ အကောင်းဆုံး လက်နက်တွေ၊ လေးမြှားတွေနဲ့ မြင်းကုန်းနှီး၊ မြင်းနင်းကွင်းတွေကိုလည်း ပေးရမယ်၊ ဒါ့အပြင် ရိက္ခာလည်း မနည်းစေရဘူး၊ ငါတို့ကို…… တစ်နှစ်စာ၊ ဟုတ်တယ်၊ အနည်းဆုံး တစ်နှစ်စာ ရိက္ခာ ပေးရမယ်!”
“မိန်းမတွေလည်း မနည်းစေရဘူး”
ခိုင်ရွန် လူမျိုးတစ်စုမှာ တစ်ယောက်တစ်ပေါက် ဆွေးနွေးငြင်းခုံနေကြရင်း၊ နောက်ဆုံးတွင်မူ ယောက်ျားသားများသာ နားလည်နိုင်မည့် ရယ်မောသံများကို ပြိုင်တူ ထုတ်ဖော်လိုက်ကြပေတော့သည်။