← Chapters

မန်ရွာမှ တန်ခိုးရှင်ကြီးများ

Vol. 59 Ch. 615

မန်ရွာမှ တန်ခိုးရှင်ကြီးများ

Vol. 59 Ch. 615

တစ်နာရီတိတိ ကြာမြင့်သော ဆေးဖော်စပ်မှု အချိန်မှာ ပြိုင်ပွဲဝင် အများစုအတွက် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားကို ကုန်ခမ်းလုနီးပါး ဖြစ်စေခဲ့သည်။

အချို့မှာ မိနစ် ၃၀ ခန့်မှာပင် အားအင်ကုန်ခမ်းရန် နီးစပ်နေပြီဖြစ်သော်လည်း ကျန်ရှိသော အချိန်ကို အတင်းအကျပ် တောင့်ခံခဲ့ကြရာ ဝိညာဉ်ပင် ထိခိုက်ဒဏ်ရာရသွားသည့်အထိ ဖြစ်ခဲ့ရသည်။

သို့သော် ထိုကဲ့သို့ ကြိုးစားအားထုတ်မှုများက သူတို့၏ ပြိုင်ပွဲရလဒ်ကို ကောင်းမွန်စေမည်ဟု မဆိုလိုပေ။

ရလဒ် ကြေညာချက်ကို စောင့်ဆိုင်းနေစဉ်အတွင်း လူအများအပြားမှာ စိုးရိမ်တကြီး ဖြစ်နေကြပြီး ခန္ဓာကိုယ်များပင် တုန်ရင်နေကြသည်။

သို့သော် အချို့ကမူ မည်သည့် စိုးရိမ်စိတ်မျှ မရှိကြချေ။

ကျင်းထန်သည် ခေါင်းကို မော့ကာ မတ်မတ်ရပ်နေပြီး သူ့ရှေ့ရှိ ကျောက်စိမ်းပုလင်းငယ် ကိုးလုံးမှာ တောက်ပနေသည်။

သူ့၏ စိတ်ဓာတ်နှင့် ခွန်အားကို ကြည့်လျှင် ပင်ပန်းနွမ်းနယ်မှု ရှိသော်လည်း အခြားသူများနှင့် ယှဉ်လျှင် များစွာ ပိုကောင်းနေသည်။

၎င်းမှာ သူ၏ ခိုင်မာသော အခြေခံ၊ ထူးချွန်သော ဆေးပညာ ပါရမီနှင့် နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော မိသားစု၏ ဆေးပညာ လမ်းစဉ် အမွေအနှစ်များကြောင့် ဖြစ်သည်။

ရှန်းယွမ်ဆေးလုံး ဆိုသည်မှာ သူတို့ အဆင့်သို့ ရောက်လျှင် မဖြစ်မနေ တတ်မြောက်ထားရမည့် သင်ခန်းစာ ဖြစ်သောကြောင့် ဖော်စပ်ရသည်မှာ လက်ဖျားခါလောက်အောင် လွယ်ကူလှသည်။

၎င်းပြင် ယခုတစ်ကြိမ်တွင် သူ၏ စွမ်းဆောင်ရည်မှာ ပုံမှန်ထက်ပင် သာလွန်နေခဲ့သည်။

ဆေးအိုး ကိုးအိုးတွင် စုစုပေါင်း ဆေးလုံး ၈၂ လုံး ထွက်ရှိခဲ့ပြီး အနိမ့်ဆုံး အရည်အသွေးမှာပင် အစင်းကြောင်း ၆ စင်း အထက်မှာ ရှိသည်။

ဤကဲ့သို့သော ရလဒ်မျိုးမှာ မိသားစုအတွင်းရှိ ဆေးသူတော်စင် အကြီးအကဲများပင် ဖော်စပ်နိုင်ရန် မသေချာချေ။

ပါရမီရှင် ပွဲတော်လား

ဟားဟား... ကျင်းထန်၏ အမြင်တွင်တော့ ဤလူစုမှာ ကြောင်သူတော် ကြွက်သူခိုးများသာ ဖြစ်သည်။

ထို့ကြောင့် သူက ပွဲစဉ်တိုင်းတွင် မည်သူမျှ မယှဉ်နိုင်သော ပထမဆုကို ရရှိမည်ဟု လုံးဝ ယုံကြည်ချက် ရှိနေသည်။

ရှေ့မှ ဆေးနတ်ဘုရား မတ်တပ်ရပ်လိုက်သည်ကို ကြည့်ပြီး သူက သူ့ အမည်ကို ကြားရရန်နှင့် ပြင်ပမှ သောင်းသောင်းဖျဖျ ကြိုဆိုသံများကို ကြားရရန် အသင့်ပြင်ထားလိုက်သည်။

ထို့နောက် ကျင်းထန်၏ မျှော်လင့်တကြီး ကြည့်နေသည့် အကြည့်အောက်တွင် ဆေးနတ်ဘုရားက ဖြည်းညှင်းစွာ နှုတ်ဟလိုက်သည်။

"ဆေးပညာ ပါရမီရှင် ပွဲတော် ဗိုလ်လုပွဲ၊ ပထမဆုံး ပွဲစဉ်မှာ ပထမဆု ရရှိတဲ့သူကတော့..."

"ဖုန်းရှ စားသောက်ဆိုင်က... ထန်ထျန်း"

ထိုစကားအဆုံးတွင် တောင်ပြိုကမ်းပြိုကဲ့သို့သော အားပေးကြွေးကြော်သံများမှာ အရပ်မျက်နှာ အသီးသီးမှ လှိုင်းလုံးကြီးများနှယ် တက်လာပြီး တစ်ကွင်းလုံးကို မှောက်ခုံ လန်သွားစေလောက်သည်။

ပထမပွဲစဉ် ပြီးဆုံးသည်နှင့် ပြင်ပအသံများကို ပိတ်ထားသည့် အစီအရင်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

စင်မြင့်ပေါ်တွင် ရပ်နေသော ကျင်းထန်မှာမူ လုံးဝ ဆွံ့အသွားတော့သည်။

အားပေးသံများကတော့ ရောက်လာခဲ့သည်မှာ အမှန်ပင်။

သို့သော် ထိုသူမှာ သူ မဟုတ်နေဘူးလား

၎င်းပြင် ထိုသူမှာ သူ အရင်က အထင်သေးခဲ့သည့် အနောက်ပေါက်က ဝင်လာသော ထန်ထျန်း ဖြစ်နေသည်လား

နားကွဲမတတ် အားပေးသံများမှာ ဆက်လက် ဟည်းနေဆဲ ဖြစ်ပြီး ဆေးနတ်ဘုရားက ဒုတိယဆုရသူ ကျင်းထန်၏ အမည်ကို ခေါ်လိုက်သည့်တိုင်အောင် မရပ်တန့်သွားချေ။

သို့သော် ကျင်းထန်မှာမူ မည်သည့် တုံ့ပြန်မှုမျှ မရှိတော့ပေ။ သူ့အတွက် မဟုတ်သော အားပေးသံများမှာ အဓိပ္ပာယ် မရှိလှချေ။

ခဏမျှ ကြောင်အသွားပြီးနောက် သူက ခေါင်းကို ရုတ်တရက် လှည့်လိုက်ကာ အခြားပြိုင်ပွဲဝင် ၁၀ ဦးကျော်ကို ကျော်ဖြတ်ပြီး ထန်ထျန်း ရှိရာဘက်သို့ ကြည့်လိုက်သည်။

သို့သော် ကြည့်လိုက်မိသည်မှာ ပို၍ပင် ဆိုးသွားစေသည်။

ဒီကောင်က ကုလားထိုင်ပေါ်မှာ ဝိုင်ထိုင်သောက်နေတာလား

ဒီလောက်တောင် ရောင့်တက်နေရသလား

ကျင်းထန်မှာ ဒေါသတကြီးဖြင့် ထန်ထျန်းကို အဝေးမှနေ၍ အကြည့်ဖြင့် ဝါးစားမတတ် စိုက်ကြည့်နေသည်။ အင်မော်တယ် အဆင့်အထက် ကျင့်ကြံသူ မည်သူမဆို ထိုအကြည့်ကို ခံစားမိနိုင်ပေသည်။

သို့သော် ထန်ထျန်းကမူ လုံးဝ တုံ့ပြန်ခြင်း မရှိချေ။

ကျင်းထန်က ပို၍ ဒေါသထွက်သွားသော်လည်း အကြည့်ကို ပြန်ရုပ်သိမ်းကာ ခေါင်းပြန်လှည့်လိုက်ရုံသာ တတ်နိုင်တော့သည်။

သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ "ရှန်းယွမ်ဆေးလုံးက အခြေခံပဲလေ၊ ဘာများ အရေးပါလို့လဲ"

"နောက်လာမယ့် ပွဲစဉ်တွေကျရင် စစ်မှန်တဲ့ ဆေးပညာ ပါရမီရှင်ဆိုတာ ဘာလဲဆိုတာ ငါ မင်းကို သိအောင် လုပ်ပြမယ်"

ကျင်းထန်က စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။

ထိုအချိန်တွင် ထန်ထျန်းကတော့ အနေအထားကို အနည်းငယ် ပြောင်းလိုက်သည်။

ခုနက အကြည့်ကို သူ သဘာဝကျကျ ခံစားမိသော်လည်း ဂရုစိုက်ရန် ပျင်းနေရုံသာ ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် သူ အနည်းငယ် ပျင်းနေမိသည်။

ကွာဟချက်က ကြီးမားလွန်းသဖြင့် ဤကလေးတစ်သိုက်နှင့် ပြိုင်နေရသည်မှာ စိတ်ဝင်စားစရာ သိပ်မရှိလှပေ။

အမှန်တော့ သူ၏ အသက်မှာ ဤကလေးတစ်သိုက်ထဲတွင် အငယ်ဆုံး ဖြစ်နေသော်လည်း...

မြန်မြန် ပြီးသွားရင် ကောင်းမှာပဲ၊ လက်မှတ်ရရင် ရပြီ။

ဆေးနတ်ဘုရားက ထိပ်ဆုံး သုံးဦး၏ အမည်ကိုသာ ကြေညာခဲ့ပြီး အခြား နောက်တစ်ဆင့် တက်ခွင့်ရသူများကိုမူ ဒိုင်လူကြီးအဖွဲ့က ကြေညာပေးသည်။

လူ ၃၀၀ ကျော်ထဲမှ အယောက် ၁၀၀ သာ ရွေးချယ်မည် ဖြစ်သဖြင့် လူ ၂၀၀ ကျော်မှာ စိတ်မကောင်းစွာဖြင့် ကွင်းပြင်မှ ထွက်ခွာသွားရတော့မည်မှာ အသေအချာပင်။

စိတ်ဓာတ် ခိုင်မာသူအချို့မှာမူ စိတ်ပျက်အားလျော့ခြင်း မရှိဘဲ သူတို့၏ တာအို စိတ်ဆန္ဒကို ပိုမို ခိုင်မာစေကာ ပြန်ရောက်လျှင် ပို၍ ကြိုးစားရန် ပြင်ဆင်ကြသည်။

စိတ်ဓာတ် မခိုင်မာသူအချို့မှာမူ စိတ်ပျက်အားလျော့သည့် ပုံစံဖြင့် အချို့က ကွင်းပြင်မှာပင် မျက်ရည်ကျကြပြီး အချို့က အော်ဟစ်ငိုကြွေးကာ အချို့မှာမူ နေရာမှာတင် မေ့လဲသွားကြသည်။

ကံကောင်းထောက်မစွာ နောက်တစ်ဆင့် တက်ခွင့်ရသူများမှာမူ ထိပ်ဆုံးပိုင်းမှ လူများထက်ပင် ပို၍ စိတ်လှုပ်ရှား ဝမ်းသာနေကြပုံရသည်။

လောကကြီး၏ သဘာဝမှာ ဤသို့ပင် ဖြစ်ပေလိမ့်မည်။

ရှုံးနိမ့်သွားသော ပြိုင်ပွဲဝင်များ ထွက်ခွာသွားပြီးနောက် ကျန်ရှိသော လူ ၁၀၀ ကျော်မှာ နောက်တစ်ဆင့် ဗိုလ်လုပွဲသို့ တက်ရောက်ရန် ပြင်ဆင်ကြသည်။

စင်မြင့်မှာ ပြင်ပနှင့် တစ်ဖန် ပြန်လည် အဆက်ပြတ်သွားပြီး များပြားလှသော အသက်စွမ်းအားများ ပေါ်ထွက်လာကာ ပြိုင်ပွဲဝင်များ၏ ယခင်ပွဲစဉ်မှ ကုန်ခမ်းသွားသော ခွန်အားများကို အကောင်းဆုံး အခြေအနေသို့ ပြန်လည် ဖြည့်တင်းပေးသည်။

ထို့နောက် ဒုတိယမြောက် ပွဲစဉ်၏ စည်းမျဉ်းကို တရားဝင် ကြေညာလိုက်သည်။

"ဒုတိယ ပွဲစဉ် - လွတ်လပ်စွာ ဖော်စပ်ခြင်း"

"လူတစ်ဦးချင်းစီကို သတ်မှတ်ထားတဲ့ ဆေးအမယ် တစ်စုံစီ ပေးမယ်။ အားလုံးက မိမိတို့ သင်ယူထားတဲ့ ဆေးပညာအတိုင်း ဆေးလုံး ဖော်စပ်ရမယ်"

"ဘယ်သူက ပိုမြင့်တဲ့ အဆင့်၊ ပိုကောင်းတဲ့ အရည်အသွေးရှိတဲ့ ဆေးလုံးကို ဖော်စပ်နိုင်မလဲ၊ အဲဒီသူက နောက်ဆုံးအဆင့် ဗိုလ်လုပွဲကို တက်ရောက်ခွင့် ရမယ်"

"နောက်တစ်ဆင့် တက်ခွင့်ရမယ့်သူ အယောက် ၂၀ ပဲ ရှိမယ်"

"အချိန် တစ်နာရီ သတ်မှတ်ထားတယ်၊ အခု... စတင်ပါပြီ"

စကားအဆုံးတွင် ပြိုင်ပွဲဝင် တစ်ဦးချင်းစီ၏ ရှေ့၌ တူညီသော ဆေးအမယ် တစ်ပုံစီ ပေါ်ထွက်လာသည်။

ဆေးအမယ်မှာ အလွန်မများသော်လည်း အဆင့်နိမ့်မှ အဆင့်မြင့်အထိ ပါဝင်သဖြင့် ပြိုင်ပွဲဝင်များအနေဖြင့် ထိုအမယ်များထဲမှ အကောင်းဆုံးသော ပေါင်းစပ်မှုကို မည်သို့ ရှာဖွေနိုင်မလဲ ဆိုသည်မှာ အရေးကြီးသည်။

ဤပွဲစဉ်မှာ ဆေးဆရာများ၏ ဆေးပညာ တာအိုအပေါ် နားလည်မှုနှင့် သူတို့၏ အတွေ့အကြုံ စုဆောင်းမှုတို့ကို စမ်းသပ်ခြင်း ဖြစ်သည်။ ထိုနှစ်ချက်မှာ ဆေးဆရာတစ်ဦးအတွက် အလွန် အရေးကြီးသောအရာများ ဖြစ်သည်။

ထန်ထျန်းက ဆေးအမယ်များကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဂရုမစိုက်တော့ပေ။

သူ ဦးနှောက် မသုံးချင်တော့။

အစီအရင်က ပိတ်ထားသော်လည်း သူကတော့ ကွင်းပြင်တစ်ခုလုံးကို အလွယ်တကူ မြင်နိုင်စွမ်း ရှိသည်။

ထို့ကြောင့် အချိန်တန်လျှင် အတော်ဆုံးသူထက် အနည်းငယ်သာ ပိုတော်အောင် လုပ်လိုက်ရုံဖြင့် ရပြီဖြစ်သည်။

"'ကုလားထိုင်ပေါ်က ကောင်' ကတော့... ပြန်အိပ်နေပြန်ပြီ"

ထန်ထျန်း၏ လှုပ်ရှားမှုကို ပြင်ပမှ ပရိသတ်များကလည်း မြင်တွေ့နေရသည်။

သို့သော် ယခုအချိန်တွင်မူ ဤထူးခြားသော သူဌေးသားလေးကို မည်သူကမျှ အထင်မသေးရဲကြတော့ပေ။

သူတို့သည် ထန်ထျန်းက ယခုတစ်ကြိမ်တွင် မည်သို့သော ထူးခြားသည့် အရာမျိုးကို ထပ်မံ ပြုလုပ်ဦးမလဲ ဆိုသည်ကိုသာ မျှော်လင့်နေကြသည်။

သို့သော် အချိန်ကုန်ဆုံးလာပြီး ပြိုင်ပွဲပြီးဆုံးလုနီးပါးတွင် ထန်ထျန်းက သူ့ ဆေးလုံးကို ဖော်စပ်လိုက်သည့်အခါ ထူးခြားသည့် အံ့ဖွယ်ကို စောင့်ကြည့်နေကြသော လူများမှာ အနည်းငယ် စိတ်ပျက်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ထန်ထျန်း ဖော်စပ်လိုက်သော ဆေးလုံးမှာ ကျင်းထန်၏ ဆေးလုံးနှင့် တစ်ပုံစံတည်း ဖြစ်နေပြီး အရည်အသွေးမှာလည်း ကျင်းထန်ထက် အနည်းငယ်သာ ပိုကောင်းသောကြောင့် ဖြစ်သည်။

သာမန်အချိန်ဆိုလျှင် ဤရလဒ်မျိုးမှာလည်း အလွန် ရခဲလှသည်မှာ အမှန်ပင်။

သို့သော် ထန်ထျန်း၏ ပထမပွဲစဉ်မှ စွမ်းဆောင်ရည်မှာ မှင်တက်စရာ ကောင်းလွန်းခဲ့သည်။

ထိုကဲ့သို့သော မျှော်လင့်ချက်အောက်တွင် အလိုလိုနေရင်း ကွာဟချက်ကြီး ဖြစ်ပေါ်လာရသည်။ ထန်ထျန်းက ဒုတိယပွဲစဉ်တွင်လည်း ပထမဆု ရရှိခဲ့သော်လည်း ယခင်ကလောက် ထူးဆန်း အံ့ဩဖွယ် မကောင်းတော့ပေ။

သို့သော် အဆိုးဆုံး ခံစားရသူမှာ ကျင်းထန် ဖြစ်သည်။

သူက အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ထန်ထျန်းကို ရှုံးနိမ့်နေဆဲ ဖြစ်သည်။

သို့သော် ကောင်းသည့်အချက်မှာ အနည်းဆုံးတော့ မျှော်လင့်ချက်ကို မြင်လိုက်ရခြင်းပင်။ တစ်ဖက်လူက သူ့ထက် အနည်းငယ်သာ သာလွန်သဖြင့် နောက်ဆုံး ဗိုလ်လုပွဲတွင် အနိုင်ယူရန် အခွင့်အရေး ရှိသေးသည် မဟုတ်ပါလော

"ကြိုးစားစမ်း မင်း လုပ်နိုင်ပါတယ်"

ကျင်းထန်က သူ့ကိုယ်သူ အားပေးလိုက်သည်။

ဒိုင်လူကြီးများက နောက်တစ်ဆင့် တက်ခွင့်ရသူများ၏ အမည်ကို ကြေညာနေစဉ်တွင် ထန်ထျန်း၏ နောက်ကြောင်းကို စုံစမ်းမှု ရလဒ်များမှာ ရောက်ရှိလာခဲ့သည်။

"ဝမ့်ချွမ်း မြို့တော်သခင် ကျွင်းယန်တာအိုအရှင်ရဲ့ ပြောကြားချက်အရ ထန်ထျန်းက ဝမ့်ချွမ်းနယ်မြေအတွင်းမှာရှိတဲ့ 'မန်ရွာ' လို့ ခေါ်တဲ့ လူသူမသိတဲ့ ရွာလေးတစ်ရွာက လာတာလို့ သိရပါတယ်"

သတင်းပို့သူက ဆေးနတ်ဘုရားကို ပြောလိုက်သည်။

ဆေးနတ်ဘုရားက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး "ဒါကြောင့်ကိုး"

"ဒါဆိုရင်တော့ ရှင်းသွားပြီ။ ဒီကမ္ဘာကြီးရဲ့ အဆုံးမဲ့တဲ့ နှစ်ကာလတွေနဲ့ အဆုံးမဲ့တဲ့ နယ်မြေတွေထဲမှာ လူသူမသိတဲ့ ဆန်းကြယ်တယ့်သူ တွေ ရှိနေတတ်တာ သဘာဝပဲ"

"ဒါပေမဲ့ ထန်ထျန်းလိုမျိုး ဆေးပညာ ပါရမီရှင်တစ်ယောက်ကို ပြုစုပျိုးထောင်ပေးနိုင်တယ်ဆိုတာ တကယ်ကို မလွယ်ကူတဲ့ ကိစ္စပဲ"

"ကြည့်ရတာ ဒီ 'မန်ရွာ' ဆိုတာ တန်ခိုးရှင်ကြီးတွေ စုဝေးနေတဲ့ နေရာပဲ ဖြစ်ရမယ်"

ဆေးနတ်ဘုရားက အံ့ဩတကြီးဖြင့် မှတ်ချက်ချလိုက်တော့သည်။

All Chapters