အခန်း (၅၉၁-၅၉၂)
Vol. 45 Ch. 591-592
အပိုင်း ၅၉၁ - ပို၍ နက်နဲလာသော ကိစ္စများ
ကူကျန်းရှောင် ထွက်ခွာသွားပြီးနောက် ကူစုထောင်သည် ခန်းမအတွင်း ဆွဲခေါ်ခံလာရပြီး အဆင့်မြင့်အရာရှိ ငါးဆယ်ကျော်က စိုက်ကြည့်နေသဖြင့် တောင်တန်းနှင့် ပင်လယ်များ ထမ်းထားရသည့်အလား ဖိအားခံစားနေရသည်။
"ကျွန်... ကျွန်မက အားလုံးကို ဂါရဝပြုပါတယ်"
ကူစုဝမ်က ဆောင့်တွန်းလိုက်သဖြင့် သူမသည် ကြမ်းပြင်၌ ဒူးထောက်ကျသွားကာ ငုံ့ထားသော ခေါင်းအထက် ချွေးသီးချွေးပေါက်များ မနည်းချေ။
"ခေါင်းမော့လိုက်ပါ"
နူးညံ့သော ယွမ်ယင်၏ အသံကြောင့် သူမ အနည်းငယ် စိတ်အေးကာ ဖြည်းဖြည်းချင်း မော့ကြည့်လာသည်။ သို့သော် တစ်ဖက်လူက ခံစားချက်ကင်းမဲ့သော ဟန်ပန်ဖြင့် တည်ငြိမ်စွာ မေးခွန်းထုတ်လာသဖြင့် သူမကို မရေမရာ ဖြစ်သွားစေသော်လည်း မလိမ်ညာဝံ့ချေ။
"ကောင်းကင်ပျံသန်းမြို့တော်က သတ္တမမင်းသမီးနဲ့ လုယောင်အကြောင်း သတင်းဖြန့်တာ မင်းလား"
"ဟုတ်ပါတယ်။ ဒီကိစ္စက သတ္တမမင်းသမီးနဲ့ သက်ဆိုင်နေတော့ နိမ့်ကျတဲ့ ကျွန်မက ပေါ်တင် မပြောရဲလို့ အခြားလူ သဲလွန်စတွေ ရှာနိုင်အောင် လုပ်မိတာပါ"
"တော်တော်လေး ဉာဏ်ကောင်းတဲ့အကွက်ပဲ"
ယွမ်ယင်က သူမ၏ အကြံကို ချက်ချင်း ထောက်ပြလိုက်သဖြင့် နှလုံးခုန်မြန်လာကာ အခြားအရာရှိများသည်လည်း တုံဏိဘာဝေ တိတ်ဆိတ်နေ၍ စိုးရိမ်စပြုလာ၏။
"မစိုးရိမ်နဲ့။ မင်းရဲ့ မိဘတွေ မိုးကြိုးဌာနက ထွက်သွားပေမယ့် ငါ့လက်အောက်မှာ အလုပ်လုပ်ဖူးတယ်။ မင်းသာ ရိုးရိုးသားသား ပြောရင် ဘာမှ မဖြစ်ဘူး"
သူမက ကြက်အစာကောက်သကဲ့သို့ အဆက်မပြတ် ခေါင်းညိတ်ကာ သိထားသမျှ ရှင်းပြလိုက်၏။
"စစ်သူကြီးချောင်ရဲ့ မွေးစားသားက လုယောင်အတုပါ။ သူ့ကို သေမျိုးလောကမှာ ကျွန်မ မြင်ဖူးပါတယ်"
ထိုစကားက အရာရှိများကို အံ့အားသင့်သွားစေပြီး ယွမ်ယင်မှ ဆက်ပြောရန် အချက် ပြလာသည်။
"ဒါဆိုရင် အသေးစိတ် ရှင်းပြ"
ကူစုထောင်သည် နောက်လိုက်နှစ်ယောက် အသတ်ခံလိုက်ရပုံမှ စတင်၍ ယွမ်ရှောင်နှင့် လန်ရီကို တွေ့ဆုံခဲ့သည်အထိ ရှင်းပြကာ သံသယရှိလျှင် ထိုသေမျိုးလောကထံ ခေါ်သွားနိုင်ကြောင်း ပြောလိုက်သောအခါ ခန်းမတစ်ခုလုံး အင်မတန် တိတ်ဆိတ်သွားပြီး အရာရှိများ အကြည့်ချင်းဖလှယ်ရင်း စဥ်းစားခန်းဝင်ကုန်သည်။
"ဒီသေမျိုးလောကဟာ အင်မော်တယ်များစွာကို သေစေခဲ့တဲ့ နားခိုရာဂိုဏ်း တည်နေရာမလား။ အဆင့်၂ နယ်စား စုစုပေါင်း ၁၇ယောက် သေဆုံးခဲ့လို့ သတင်းသာ မဖုံးထားနိုင်ရင် ကောင်းကင်ရုံးတော်တစ်ခုလုံး ဟိုးလေးတကျော်ကျော် ဖြစ်နေပြီ။ သတ္တမမင်းသမီးက အဲ့နေရာကို တကယ်ရောက်ခဲ့တာလား"
ဤကိစ္စက ဆိုးဆိုးရွားရွား ဖြစ်ပုံရသောကြောင့် သူတို့ အသံကျယ်ကျယ်ထွက်ကာ မဆွေးနွေးလိုကြပေ။ ကူစုဝမ်သည် မျက်မှောင်ကြုတ်၍ အကြံပြုလိုက်သောအခါ ယွမ်ယင်က တာဝန်ယူလိုက်၏။
"ဒါက သတ္တမမင်းသမီးနဲ့ သက်ဆိုင်နေတယ်။ နတ်ဘုရားဂိတ်ပေါက်ကို အစီအရင်မခံခင် ဒီသေမျိုးလောကအထိ သွားကြည့်သင့်တယ်"
"သူမရဲ့ ကိစ္စတွေက မိုးကြိုးဌာနရဲ့ စီရင်ခွင့်အောက်မှာ မရှိဘူး။ ငါကိုယ်တိုင် ကိုင်တွယ်လိုက်မယ်"
ထို့နောက် ကူစုဝမ်သည် ကူစုထောင်၏ ကျောကို ခြေထောက်ဖြင့် တက်နင်းကာ ထပ်မံ၍ ဟိန်းဟောက်လိုက်သည်။
"မပြောဘဲ ချန်ထားတာတွေ ရှိသေးလား။ ပြောစမ်း"
ကူစုထောင်က ကောက်ကျစ်စွာ ပြုံး၍ ယွမ်ရှောင်ကို အကောက်ကြံရန် လမ်းကြောင်းပေးခဲ့သည်။
"ဒီအတုကောင်က နားခိုရာဂိုဏ်းနဲ့ ပတ်သက်နိုင်ပါတယ်။ ဒီရတနာကို လိုချင်တယ်ဆိုရင် သူက သော့ချက် ဖြစ်နိုင်တယ်"
ယွမ်ယင်က မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်သည်။
"ဘာကြောင့်လဲ"
"အရင်တစ်ခေါက် သူနဲ့ တွေ့တုန်းက အစစ်အမှန် အင်မော်တယ်တောင် မဖြစ်သေးပေမယ့် အချိန်တိုလေးအတွင်းမှာ အတ္တနတ်ဘုရား နယ်ပယ်နဲ့တောင် တိုက်ခိုက်နိုင်နေပြီ။ ကြီးကြီးမားမား ကံကောင်းတာမျိုး မဟုတ်ရင် ဘယ်သူမှ ဒီလောက် ပြောင်းလဲမသွားနိုင်ဘူး။ ဒီအချက်က နားခိုရာဂိုဏ်းနဲ့ သေချာပေါက် ပတ်သက်နေပါလိမ့်မယ်"
ဤအချက်က ကူစုဝမ်ကို အံ့သြတကြီးဖြစ်သွားစေကာ ယွမ်ရှောင်ကို စတွေ့ချိန်၌ တိုးတက်နေပြီဖြစ်၍ ရုတ်တရက် အစွမ်းထက်လာသည့်အချက်ကို သတိမထားမိခဲ့ပေ။
"မင်း သွားနိုင်ပြီ။ ဒါပေမယ့် ဒီကိစ္စအကြောင်း ဘယ်သူ့ကိုမှ ထပ်မပြောနဲ့"
ယွမ်ယင်က ကူစုထောင်ကို တစ်ချက်ကြည့်၍ သွားခွင့်ပေးလိုက်သော်လည်း တင်းမာစွာ သတိပေးလိုက်သည်။ သူမက ချက်ချင်း ထွက်မသွားသေးဘဲ ထပ်မံ၍ အထွန့်တက်ရန် ကြိုးစားနေ၏။
"ဒီသတင်းက အကျိုးပြုတာအဖြစ် သတ်မှတ်လို့ရရင် ကျွန်မ ဆုလာဘ်သေးသေးလေးတစ်ခုလောက် တောင်းလို့မရဘူးလား"
"ကောင်းပြီ။ မင်း ဘာလိုချင်တာလဲ".
"အရင်တစ်ခေါက်တုန်းက နှောင့်ယှက်ခံလိုက်ရလို့ သေမျိုးလောကဆီ နောက်တစ်ကြိမ် သွားချင်ပါတယ်"
သူမ၏ တောင်းဆိုချက်က မလွန်ကဲသောကြောင့် ယွမ်ယင်သည် သဘောတူပေးလိုက်ရာ ကူစုထောင်အတွက် ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်၏။ အစမှ အဆုံးတိုင် တစ်ဖက်လူ၏ ရတနာကို သူမ၏ ခွန်အားဖြင့် လုယူရန် မလုံလောက်သောကြောင့် တွေးပင်မတွေးခဲ့ချေ။ ဤသတင်းကို အမှန်တကယ် အကျိုးရှိမည့် အခွင့်အရေးနှင့် လဲလှယ်လိုခြင်းသာဖြစ်၍ ကျေနပ်သွားခဲ့သည်။ သူမက ထပ်ကာတလဲလဲ ဦးညွှတ်ပြီး ထွက်ခွာလာကာ ခန်းမအပြင်ရောက်သောအခါ ကျေနပ်အားရစွာ ပြုံးလိုက်မိ၏။
ခန်းမကြီးက နောက်တစ်ကြိမ် ပြန်လည် တိတ်ဆိတ်သွားကာ အချိန်တစ်ခု ကြာသောအခါ ယွမ်ယင်၏ အသံ ထွက်ပေါ်လာသည်။
"ဒီကိစ္စက မိုးကြိုးဌာန ကိုင်တွယ်နိုင်တာထက် ကျော်သွားပြီ။ ငါကိုယ်တိုင် အထက်ကို တင်ပြမယ်။ မင်းတို့က ပါးစပ်ပိတ်ထားကြ။ အခုရောက်နေတဲ့ လူတွေက လွဲလို့ နောက်ထပ် ဘယ်သူမှ မသိစေနဲ့"
"နားလည်ပါပြီ"
ကိုယ့်နေရာကိုယ်သိသော အရာရှိများက ကလန်ကဆန် မလုပ်ဝံ့ကြသဖြင့် ခေါင်းညိတ်ခဲ့ကြသည်။
"အခု နားခိုရာဂိုဏ်း မရှိတော့ ဒီသေမျိုးလောကဟာ အခွံသက်သက်ပဲ။ ထပ်ပြီး စစ်ဆေးမနေနဲ့တော့။ လုယောင်အတုကလည်း သာမန်လူ မဖြစ်နိုင်ဘူး။ နတ်ဘုရားဂိတ်ပေါက်က ကိုင်တွယ်ရမယ်။ ဘယ်သူမှ မစွက်ဖက်ကြနဲ့"
"ဒါဆိုရင် မဟာစစ်သူကြီးကရော..."
ကူစုဝမ်က ခပ်တိုးတိုး မေးလိုက်သော်လည်း ယွမ်ယင်သည် တစ်ချက်သာပြုံး၍ အဖြေမပေးဘဲ အစည်းအဝေး ပြီးဆုံးကြောင်း ကြေညာ၍ အားလုံး လူစုခွဲကြရန် မောင်းထုတ်ပစ်လိုက်၏။ လုယောင်သည် ပါရမီရှင်တစ်ယောက်သာ မကဘဲ အရေးကြီးကိစ္စများနှင့် ပတ်သက်နေကြောင်း သိလိုက်ရသော သူမ၏ စိတ်များ ဖြည်းဖြည်းချင်း လေးလံလာသည်။ နားခိုရာဂိုဏ်းဆိုသော ခေါင်းစဥ်သည် ကောင်းကင်ရုံးတော်၌ တားမြစ်ထားပြီး ၎င်းနှင့် ယှဥ်လိုက်လျှင် ကောင်းကင်ပျံသန်းမြို့တော် လူသတ်မှုက အသေးအဖွဲ ဖြစ်သွားပေလိမ့်မည်။
"မဟာစစ်သူကြီးက ချောက်ကမ်းပါးအစွန်းကို ရောက်နေပြီ။ ငါတို့ လင်မယား နောက်ဆုတ်ရမယ်"
သူမက ပြင်းပြင်းထန်ထန် ခေါင်းယမ်းကာ တစ်ညတည်းဖြင့် အရာအားလုံး ပြောင်းလဲသွားမည်ဟု ထင်မထားသော်လည်း ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင် ချလိုက်၏။ သူမသည်လည်း ရွေးချယ်စရာ မရှိဘဲ ခန်းမအတွင်းမှ တိတ်တဆိတ် ထွက်ခွာသွားရပြီး ယွမ်ယင်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ အနားတွင် မည်သူမျှ မရှိတော့ကြောင်း သေချာသောအခါ အတွေးနက်နေသော သူ၏ မျက်လုံးများ ဖြတ်ခနဲ ပွင့်လာ၍ အခန်းထောင့်ရှိ အရိပ်တစ်ခုထံ အမိန့်ပေးလိုက်လေသည်။
"ကူစုထောင်က ဉာဏ်ကောင်းလွန်းပြီး မသိသင့်တာတွေ အများကြီး သိထားတယ်။ သေမျိုးလောကအထိ လိုက်သွားပြီး သတ်ပစ်စမ်း"
အပိုင်း ၅၉၂ - လမင်းဓားနတ်ဘုရား
ယွမ်ရှောင်နှင့် ချောင်ရူတို့ သုံးချီမြောက်တွင် အရာရှိများသည် ကောင်းကင်မှ အလင်းတန်း ကိုယ်စီဖြင့် ဆင်းသက်လာကာ နန်းဆောင်အထက် ရောက်ရှိလာကြ၏။
"တောက် ရှက်စရာကောင်းလိုက်တာကွာ"
ကြားနေရသော အသံများကြောင့် ချောင်ရှန်း ဒေါသထွက်သွားကာ လက်ဝါးတစ်ချက် ရိုက်ချ၍ နန်းဆောင်ကြီးကို အပျက်အစီးပုံကြီး ဖြစ်သွားစေသည်။
"မဟာစစ်သူကြီး ရောက်နေတယ်။ ဘာလုပ်နေနေ ရပ်လိုက်ကြစမ်း"
သူ၏ ဟိန်းဟောက်သံက ဖုန်မှုန့်များကို လွင့်စင်သွားသောအခါ မြင်ကွင်း ထင်ရှာနေပြီး အိပ်ရာအထက်တွင် လူနှစ်ယောက် ရစ်ပတ်လုံးထွေးနေပြီး ကြမ်းတမ်းလှသောကြောင့် ကြမ်းပြင်၌ အက်ကြောင်းများ ပြည့်နှက်နေ၏။ သူတို့က အထွတ်အထိပ်သို့ ရောက်ရှိနေသဖြင့် လောကကြီးကို မေ့လျောနေသောအခါ ချောင်ရှန်း၏ ငယ်ထိပ်အထိ သွေးများ ဆောင့်တက်လာကာ ပါးစပ်ထဲမှ အန်ထွက်မတတ် ဖြစ်သွား၏။ ကူကျန်းရှောင်၏ မျက်နှာသည် နှစ်ပေါင်းများစွာ ချက်ချင်း အိုမင်းသွားသကဲ့သို့ ထင်ရပြီး ပါးစပ်အဟောင်းသားဖြစ်၍ လျှာပင် ထိန်းမရအောင် တုန်ယင်နေသည်။
ဘုန်း
သူ၏ ဒေါသကြောင့် ကောင်းကင်အထက်တွင် မိုးတိမ်များ စုဝေးလာပြီး အကြောင်းသိသူများသာ ၎င်းကို နားလည်နိုင်ပေသည်။
"ရပ်ကြစမ်း။ မင်းတို့နှစ်ယောက် အရှက်မရှိကြဘူးလား"
အိပ်ရာအထက်မှ တိုက်ပွဲက ဆက်လက်ပြင်းထန်နေသောကြောင့် ချောင်ရှန်းသည် မနေနိုင်တော့ဘဲ အော်ဟစ် တားမြစ်လိုက်၏။ စိတ်ခံစားချက်များတွင် နစ်မြုပ်နေသော ယွမ်ရှောင်က ထိုလူများ ရောက်လာပြီဖြစ်ကြောင်း သိသောအခါ စီရင်သူချပ်ဝတ်ကို အလျင်အမြန် ဝတ်ဆင်လိုက်သည်။ ချောင်ရူက ပို၍ မြန်ဆန်နေပြီး အောက်သို့ ရောက်နေသော်လည်း ခရမ်းရောင် မိုးကြိုးများ ရစ်ပတ်ထားသဖြင့် ဖုံးကွယ်အပ်သော အစိတ်အပိုင်းများ လူမမြင်သွားခဲ့ပေ။ သူမက အဝတ်အစားများ ပြန်လည် ဝတ်ဆင်၍ အားအင်ကုန်ခမ်းနေသည့်အလား မျက်နှာနီမြန်းကာ အသက်ပြင်းပြင်း ရှူနေရင်းဖြင့် မေးခွန်းထုတ်လိုက်မိသည်။
"နင်တို့အားလုံး ဘာလို့ ရောက်လာကြတာလဲ"
"လုယောင်က အရာရှိတို့ကို ဂါရဝပြုပါတယ်"
ယွမ်ရှောင်က ခေါင်းကုတ်၍ တည်ငြိမ်ချင်ယောင်ဆောင်ကာ အရိုအသေပေးလိုက်သည့်တိုင်အောင် အခြေအနေမှာ ဆက်လက် တိတ်ဆိတ်နေဆဲပင်။ ဓားဖိနှိပ်မှု ခန်းမရှိ သတင်းကို လူတိုင်း ကြားထားသော်လည်း မျက်မြင်တွေ့လိုက်ရသောအခါ သူတို့လည်း မင်သက်နေကြပြီး မဟာစစ်သူကြီး ချောင်ရူကို သဘောကျနေသည့်အကြောင်း သိထားသူများဆိုလျှင် မျက်နှာပင် မထားတတ်အောင် ဖြစ်နေကြသည်။ ဤလူငယ်လေးသည် ကူကျန်းရှောင်ကို စော်ကားမိသွားပြီဖြစ်ကာ အောက်ခြေဘဝမှ မဟာစစ်သူကြီးအထိ တက်လှမ်းလာသော ဘဝတလျှောက် သူ လူပေါင်းမည်မျှ သတ်ဖြတ်ခဲ့ကြောင်း ချောင်ရှန်းက လူတိုင်းထက် ပိုသိသောကြောင့် တုန်လှုပ်လာ၏။
သို့ရာတွင် ခဏအကြာတွင် မဟာစစ်သူကြီးက ပြန်လည် တည်ငြိမ်သွားကာ အေးစက်စက်ဖြင့် အမိန့်ချလိုက်သည်။
"လုယောင်၊ မင်းကို ကောင်းကင်ပျံသန်းမြို့တော်မှာ ကျန်းထိုက်ပင်း၊ အဆင့်ခြောက် အရာရှိတွေနဲ့ စီရင်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ဖမ်းဆီးလိုက်ပြီ။ မိုးကြိုးဌာနရဲ့ လုပ်ပိုင်ခွင့်အတိုင်း ထောင်ထဲမှာ အကျဥ်းချပြီး စစ်ဆေးပြီးရင် ဥပဒေအတိုင်း အရေးယူမယ်။ ချောင်ရှန်း၊ မင်းဘက်က ဆုံးမဖို့ ပျက်ကွယ်ခဲ့လို့ ဒီကောင့်ကို ကိုယ်တိုင်ဖမ်းစမ်း"
သူက မျက်ရိပ်ပြလိုက်သောအခါ ချောင်ရှန်းသည် ချက်ချင်း ခေါင်းညိတ်၍ အရှိန်အဝါကြီးကြီးမားမား ထုတ်ဖော်ပြီး ရှေ့တက်လာကာ ယွမ်ရှောင်ကို အင်အားသုံး ဖိနှိပ်လိုက်သည်။
"လုယောင်၊ မင်းရဲ့ ပြစ်မှုအတွက် နိဂုံးချုပ်ရမယ့် အချိန် ရောက်လာပြီ"
သူ့အမြင်တွင် တစ်ဖက်လူက အပြစ်ကင်းနေလျှင်တောင် မဟာစစ်သူကြီးနှင့် ရန်ငြှိုးဖွဲ့မိလိုက်သောကြောင့် သေချာပေါက် သေလူပင်။
ယွမ်ရှောင်ကမူ မည်သည်မှ နားမလည်သော မျက်နှာထားမျိုးဖြင့် စောဒကတက်နေသည်။
"မွေးစားအဖေ ခင်ဗျား အထင်လွဲနေတာပါ။ ကျုပ် ညစာစားပွဲကနေ ပြန်ရောက်ကတည်းက မိုးကြိုးတမန်တော် ချောင်ကို တစ်ညလုံး အဖော်ပြုပေးနေတာပါ။ ဘယ်မှ မသွားခဲ့ဘူး။ ပြီးတော့ ကျုပ်လို အဆင့်ကိုး အရာရှိလေးတစ်ယောက်က ကျန်းထိုက်ပင်းတို့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ"
"ချောင်ရူကလည်း မင်းနဲ့ ပူးပေါင်းထားတယ်လို့ သံသယရှိတယ်။ သက်သေလုပ်ဖို့ အခွင့်အရေး မရှိဘူး"
ချောင်ရှန်းက လှောင်ရယ်၍ နောက်ထပ် စကားပြောခွင့်မပေးတော့ဘဲ လျှပ်စီးများဖြင့် ပိုက်ကွန်ဖွဲ့ကာ သူ့ကို ဖမ်းဆီးပစ်လိုက်သည်။ ပြင်းထန်သော အိပ်ရာအထက်မှ တိုက်ပွဲကြောင့် ပင်ပန်းနေသည်လား သို့မဟုတ် ဝှက်ဖဲတစ်ခုခုကို စောင့်ဆိုင်းနေသည်လား မသိ၊ သူက တစ်ချက်ကလေးပင် မခုခံခဲ့ပေ။
အမောဖြေပြီးနောက် ပြန်လည် သတိဝင်လာသော ချောင်ရူက မေးခွန်းထုတ်လာခဲ့သည်။
"ချောင်ရှန်း၊ နင် ဘာတွေ ကစားချင်နေတာလဲ။ ငါက အဆင့်လေးအရာရှိတစ်ယောက်ပဲ။ သက်သေအတိအကျမရှိဘဲ စွပ်စွဲနေတာလား။ ငါ့အိမ်မှာ ငါ ဘာလုပ်လုပ် နင့်အပူတစ်ပြားသားမှ မပါဘူး"
"ပါးစပ်ပိတ်ထားစမ်း။ ထောင်ထဲရောက်မှ ဆက်ပြော"
ဤညီမဖြစ်သူနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် ချောင်ရှန်းက အသည်းအသန် ကြိုးစားနေပြီး ယွမ်ရှောင်ကို ဖမ်းဆီးပြီးနောက် သူမကို ထပ်မံ ချုပ်နှောင်ရန် ချဥ်းကပ်လိုက်သည်။
"ငါ မေးမယ်။ ကူကျန်းရှောင်က လုယောင်ရဲ့ ဓားပါရမီကို လောဘတက်နေလို့ ဓားအရိုးချင်း လဲလှယ်ဖို့ အကြောင်းပြချက် ရှာနေတာမလား ဟား ဟား"
လူပုံအလယ်တွင် အမှန်တရားကို သူမက ထုတ်ပြောလိုက်သောအခါ ချောင်ရှန်း၏ ခြေလှမ်းများ ရပ်တန့်သွားကာ တစ်ဖက်လူသည် အဆင်အခြင်မဲ့စွာ မိုက်ရူးရဲဆန်လွန်းနေသည့်အတွက် အကြောင်းအရင်းအား နားမလည်နိုင်တော့ပေ။
"နင် စကားပြောတာ သတိထားနေပါ။ ဘာပြောပြော အစ်မကြီးက ကြားနိုင်တယ်။ နင့်ကို အခွင့်အရေး ပေးနေတယ်နော်။ လုယောင်ကို လွှတ်လိုက်စမ်း"
"လမင်းဓားနတ်ဘုရားက မိုးကြိုးဌာနမှာ ဘာလုပ်နိုင်မှာမို့လို့လဲ"
"ဟုတ်လား"
ချောင်ရှန်း၏ စကားအဆုံးတွင် အေးစက်စက် စကားသံတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်မှ ငွေရောင်ဓားအလင်းတစ်ခု ကျဆင်းလာ၍ အင်မတန် ကြောက်စရာကောင်းသော ဓားအရှိန်အဝါနှင့် အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမ၏ ငွေရောင်ဆံပင်များက ဖြာကျနေပြီး တစ်ကိုယ်လုံး ငွေရောင်ဝတ်ရုံဖြင့် လွှမ်းခြုံထားကာ အသားအရေအထက်တွင် ဓားအလင်းများ ဖြာထွက်နေ၏။ သူမသည်လည်း အဆင့်နှစ် ကောင်းကင်အရာရှိတစ်ယောက် ဖြစ်ကာ ဓားဌာနတွင် လမင်းဓားနတ်ဘုရား ဟူ၍ ကျော်ကြားသည်။ ၎င်းကား ယွမ်ရှောင်၏ ဝှက်ဖဲ ဖြစ်ကာ အိပ်ရာအထက်မှ တိုက်ပွဲတွင် ချောင်ရူကို ဓားဌာနမှ လူကို ခေါ်ပေးရန် အတင်းအကြပ် တောင်းဆိုခဲ့ပြီး ခံစားချက်များ လှိုင်းထန်နေသည့်အတွက် သူမလည်း မငြင်းနိုင်ခဲ့ပေ။
ငွေရောင်ဆံပင် မိန်းမသည် ယွမ်ရှောင်ကို တစ်ချက် လှမ်းကြည့်ပြီး အလင်းကွင်း ခုနစ်ခု ဖြစ်ပေါ်၍ ဓားဖိနှိပ်မှု တံခါး ပျက်စီးသွားသော ပါရမီအား သိထားပုံပေါ်သည်။ လူချင်းတွေ့သောအခါ အင်မတန် ချောမောပြေပြစ်၍ စီရင်သူတစ်ယောက်ထက် ဓားအင်မော်တယ် နတ်ဘုရားတစ်ပါးနှင့် တူညီသော ရုပ်ရည်ကို သူမ ချက်ချင်း သတိပြုမိခဲ့သည်။
"ဓားအင်မော်တယ် ရှိနေရင်တောင် မိုးကြိုးဌာနကို စွက်ဖက်လို့ မရဘူး။ ချက်ချင်း ဖမ်းလိုက်စမ်း"
ကူကျန်းရှောင်က အလောတကြီး အမိန့်ပေးလိုက်သော်လည်း သူမသည် ဝင်ရောက်ကန့်ကွက်ကာ ကောင်းကင်ရုံးတော်တွင် ဌာနများအကြား ပါရမီရှင်ကို လုယူသည်မှာ ပုံမှန်ပင် ဖြစ်၏။
"ငါ့တပည့်ကို သက်သေမရှိဘဲနဲ့ မိုးကြိုးဌာနက ဖမ်းချင်တာလား။ စိတ်တောင်မကူးနဲ့"
ဤကြေညာချက်သည် ကူကျန်းရှောင်ကို တိုက်ပွဲစိန်ခေါ်သံ ပေးလိုက်ခြင်း ဖြစ်သောကြောင့် မိုးကြိုးဌာန အရာရှိများ ဆွံ့အကုန်၏။
"ဒီလိုပါရမီနဲ့ ဓားသမားတစ်ယောက်ကို မိုးကြိုးဌာနက တန်ဖိုးမထားဘူးဆိုရင် ငါ လိုချင်တယ်"
ထို့နောက် လမင်းဓားနတ်ဘုရားက တည်ငြိမ်စွာ ပြောလိုက်သောအခါ မိုးကြိုးနှင့် ဓား အားပြိုင်မှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ကျသွားသော်လည်း ယွမ်ရှောင်ထံမှ ပေါ့ပေါ့ပါးပါး စကားသံ ထွက်ပေါ်လာခဲ့လေသည်။
"ခင်ဗျားရဲ့ ပိုက်ကွန်လေး ဖယ်ပေးပါဦး။ ဒီမှာ ကျုပ်က ဆရာ့ကို ဂါရဝပြုလို့ မရတော့ဘူး"