အခန်း (၅၉၅-၅၉၆)
Vol. 45 Ch. 595-596
အပိုင်း ၅၉၅ - ရန်လိုသူများအကြား တစ်ကိုယ်တော်
ချောင်ရူ၏ သီးသန့် ခြံဝန်းအတွင်း ယွမ်ရှောင်သည် တင်ပျဥ်ခွေထိုင်၍ ဉာဏ်အလင်းတွင် နစ်မြုပ်နေကာ အတ္တနတ်ဘုရား နယ်ပယ်၏ သဘောတရားကို တွေးနေမိသည်။ စိတ်နှင့် ဝိညာဥ် ပေါင်းစပ်သောအခါ ကိုယ်ကိုယ်တိုင် နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်သွားပြီး တတိယမြောက် တာအိုကပ်ဘေး၏ အဆင့်များအနက် ပါဝင်ကာ ထိုအဆင့်သို့ ရောက်လျှင် ဆန္ဒနှင့် ဝိညာဥ်ပေါင်းစပ်၍ မူလဝိညာဥ် ပိုမို အစွမ်းထက်လာ၏။ ဝိညာဥ် ပုံရိပ်ဖော်နိုင်သော ကြာချိန်နှင့် စွမ်းအား သိသိသာသာ တိုးတက်လာကာ စီရင်သူတပ်မှူးများ ရောက်ရှိသော အဆင့်ဖြစ်၏။ ကောင်းကင်ပျံသန်းမြို့တော်တွင် သတ်ဖြတ်ရာမှ သိမ်းယူလာခဲ့သော အရင်းအမြစ်များတွင် အင်မော်တယ်ကျောက်စိမ်း ငါးသိန်းကျော်၊ ဆေးလုံးများ၊ ဆေးပင်များနှင့် ရတနာများ ပါဝင်၍ စုစုပေါင်းတန်ဖိုး တစ်သန်းကျော်သည်။ လက်ရှိ သူ၏ ငွေကြေး အခက်အခဲများ ပြေလည်သွားသည့်အပြင် နယ်နမိတ်သတ်မှတ်ရေး နတ်အပ်ကိုလည်း ရရှိသွားပြီး လမင်းဓားနတ်ဘုရား၏ အကူအညီဖြင့် အန္တရာယ်များသော အနေအထားမှ လွတ်မြောက်လာခဲ့သည်။
မိုးကြိုးဌာန၏ ရွေးချယ်ပွဲ မကျင်းပခင် သူက ကောင်းကင်ဆေးလုံးနှင့် မူလဆေးလုံးများ အသုံးပြု၍ အတ္တနတ်ဘုရား နယ်ပယ်သို့ ရောက်ရှိနိုင်ခဲ့ပြီး ထိုမျှဖြင့် ရပ်တန့်မနေဘဲ အလယ်အဆင့်အထိ ထိုးတက်သွားသည်။ လက်ရှိတွင် တိုက်ခိုက်ရေးစွမ်းအားအရ သူက အနည်းဆုံး အဆင့် ၇ ကာကွယ်သူတစ်ယောက်နှင့် ညီမျှပြီး ရာထူးအပြောင်းအလဲ ဖြစ်စေရန် မိုးကြိုးကိုးပါး ရင်ပြင်သို့ ခပ်စူးစူး ကြည့်လိုက်၏။ လမင်းဓားနတ်ဘုရားသည် သူ့ကို ကယ်တင်ပေးခဲ့သော်လည်း ခန့်မှန်းရခက်ခဲသောကြောင့် ကောင်းကင်ရုံးတော်တွင် ကိုယ့်ကိုကိုယ် ကာကွယ်ရန် အဆင့်အတန်းတစ်ခုကသာ အရေးအကြီးဆုံး ဖြစ်သည်။
ယွမ်ရှောင်သည် တစ်ဖက်လူကို ဆရာအဖြစ် အသိအမှတ်ပြုခြင်းမှာ အခက်အခဲမှ လွတ်မြောက်စေရန်သာ ရည်ရွယ်ပြီး ရာနှုန်းပြည့် အားကိုးလိုစိတ် မရှိချေ။ မဟာတာအိုနယ်မြေတွင် ခြေလှမ်းတိုင်းသည် ကြိုးတန်း လမ်းလျှောက်နေရသကဲ့သို့ ဖြစ်၍ ဓားဌာနကို လောလောဆယ် လျစ်လျူရှုထားကာ မိုးကြိုးဌာန ရွေးချယ်ပွဲနှင့် မိုးကြိုးအဆင့်သတ်မှတ်ချက်တွင် အဆင့်တက်ရန်ဆိုသည့် အချက်များ၌သာ အာရုံစိုက်ထားလိုက်၏။ အသက်သုံးဆယ် မတိုင်ခင် အဆင့်ခြောက် အရာရှိ ဖြစ်လာလျှင် အထက်တန်းလွှာအကြား ပို၍ ဝင်ဆန့်နိုင်မည် ဖြစ်သောကြောင့် သူ ထွက်ခွာလာခဲ့သည်။ နန်းဆောင်အတွင်း၌ ချောင်ရူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး ပါးပြင်များ အနီရောင် သန်းနေဆဲ ဖြစ်ကာ နှုတ်ခမ်းများအထက် အပြုံးတစ်ခု ရှိနေသည်။
"သေမျိုးလောကရဲ့ ခံစားချက် စည်းစိမ်တွေကို အင်မော်တယ်တွေတောင် လက်မလွှတ်နိုင်ကြပါလား"
ယွမ်ရှောင်က ဤသို့ ရေရွတ်လိုက်သောအခါ ကြယ်ပြာသည် မဲ့ပြုံးတစ်ချက်ဖြင့် ဖြတ်ပြောလိုက်၏။
"မင်းလည်း အတူတူပါပဲ"
"ကောင်းကင်အထိ တက်လှမ်းရာမှာ လူချည်း သတ်နေရရင် ပျင်းစရာကောင်းတယ်လေကွာ"
အေးစက်စက် မျက်နှာအထက်တွင် ချောမောလှပသော အပြုံးတစ်ခု ဖြစ်တည်လာကာ ခါးရှိ အရက်အိုး ဆွဲဖြုတ်၍ အားပါးတရ မော့သောက်ပစ်လိုက်သည်။ ၎င်းက လည်ချောင်းတလျှောက် ပူဆင်းသွားပြီးနောက် သူသည် ကျယ်လောင်စွာ ရယ်မောကာ အတားအဆီး မှန်သမျှကို ကျော်ဖြတ်မည့် စိတ်ဆန္ဒမျိုးဖြင့် ရှေ့ဆက်သွားသည်။ သေမျိုးလူသားများ၏ ခံစားချက်ကို မပစ်ပယ်တတ်သော သူ့အတွက် ဘဝကို အပြည့်အဝ ခံစားနိုင်ရန် ပျော်ရွှင်စေမည့် အရာမှန်သမျှ ချုပ်တည်းထားစရာ မလိုအပ်ချေ။
"လက်ထဲမှာ အရက်အိုးနဲ့ ဓား ရှိရင် လိုအပ်တာ ပြည့်စုံပြီ"
ယွမ်ရှောင်သည် ဓားပျံစီးနင်း၍ ကောင်းကင်အထက် ပျံတက်သွားကာ ပေါက်ကွဲမတတ် ပြင်းထန်သော ရွေးချယ်ပွဲထံ ချဥ်းကပ်သွားခဲ့သည်။ ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်တွင် ဓားပိုင်နက် လေးခု ဖြစ်ပေါ်နေကာ ညတွင်းချင်း တိုးတက်လာသည့် အကြောင်းအရင်းမှာ ကောင်းကင်ပျံသန်းမြို့တော်တွင် သူ သတ်ဖြတ်ခဲ့သော ဓားကျင့်ကြံသူများ၏ ဓားအရိုးများကို ဝါးမျိုခဲ့သောကြောင့်ပင်။ သို့ရာတွင် ကောင်းကင်ရုံးတော်ရှိ ဓားကျင့်ကြံသူများမှာမူ ဓားပိုင်နက် အသစ်ဖြစ်ပေါ်စေရန် ရှိပြီးသား ဓားပိုင်နက်ကို ထပ်ကာတလဲလဲ ဖိနှိပ်ရန် လိုအပ်၏။ သူ၏ ဓားဝိညာဥ်ကမူ ဤကိစ္စကို ဓားဖိနှိပ်မှု တံခါး အကူအညီ မပါဘဲ အလိုလို လုပ်ဆောင်နေသောအခါ အမှန်တကယ် အံ့သြစရာဖြစ်သည်။
"ဒါက အသုံးဝင်တယ်။ ဓားဖိနှိပ်မှုတံခါးလို အရာတွေ မလိုအပ်ဘူး။ ဒီလိုနဲ့ ငါ့လက်ထဲမှာ ဓားဖိနှိပ်မှု တံခါးလို ရတနာ ပိုင်ဆိုင်ထားတယ်လို့ သူများတွေ မြင်သွားရင် နောက်ခံဇာတ်လမ်းအတုတွေ အလိုလို ပေါ်လာလိမ့်မယ်။ ဒါဆိုရင် ရန်သူတွေ မဆင်မခြင် မလုပ်ရဲအောင် တန့်သွားမှာပဲ"
သူ၏ ဓားဝိညာဥ်က ဆက်လက် အားကောင်းလာနေပြီး ယခု လမ်းကြောင်းအမှန်၌ ခိုင်ခိုင်မာမာ ရှေ့ဆက်နေပြီဖြစ်၏။ အသက်တံဆိပ်အတွက်မူ ရုန်းပိုင်နက် မဖြစ်ပေါ်လာသေးသဖြင့် ရုန်းဖိနှိပ်မှုတံခါး လိုအပ်ကောင်းလိုအပ်ပေလိမ့်မည်။ မိုးကြိုးဌာနတွင် ထိုအရာမျိုး တည်ရှိသော်လည်း မည်သူမျှ သူ့ကို အသုံးပြုခွင့် ပေးလိမ့်မည် မဟုတ်ချေ။ မိုးကြိုးကိုးပါး ရင်ပြင်အနီး ရောက်လာသောအခါ မိုးချုန်းသံ တဝုန်းဝုန်း မြည်ဟီးနေကာ ကျဆင်းလာသော လျှပ်စီးကြောင်းများပင် ဒြပ်ဖြစ်တည်နေ၏။ အချီတိုင်း တိုက်ပွဲကျင်းပရာ တိမ်တိုက်များကို ပေါင်းစပ်ပစ်ခဲ့သောကြောင့် လက်ရှိတွင် ၎င်းတို့၏ အကျယ်အဝန်းမှာ အတော်လေး ကြီးမားလာခဲ့သည်။
ပါရမီရှင် အရေအတွက် နည်းသွားသဖြင့် တိုက်ပွဲများကို တစ်ခုပြီးမှ တစ်ခု ကျင်းပသဖြင့် အချိန်ကြာကြာ စောင့်ရသော်လည်း ပရိသတ် ပို၍ များပြားလာခဲ့၏။ မိုးကြိုးဌာနသည် ပါရမီရှင်များကို အားပေးနိုင်ရန် သာမန်အင်မော်တယ်များအား ဝင်ခွင့်ပေးလိုက်သောကြောင့် အရေအတွက် သန်းချီနေကာ စိတ်အားထက်သန်စွာ အော်ဟစ်နေကြသည်။
"လုယောင် ရောက်လာပြီ"
ယွမ်ရှောင်ကို မြင်လိုက်ရသည်နှင့်တပြိုင်နက် လူအုပ်အကြား အုတ်အော်သောင်းတင်း ဖြစ်သွားကာ မိုးကြိုးဌာန၏ အရာရှိများ ထူးဆန်းသော မျက်နှာထားဖြင့် လှည့်ကြည့်လာရင်း သိသာစွာ ရန်လိုနေကြ၏။ ယမန်နေ့ညတွင် သူက ဓားပါရမီကြောင့် အင်မတန် ကျော်ကြားခဲ့သော်လည်း လက်ရှိတွင် သိုးမည်းတစ်ကောင်ပမာ အတင်းအဖျင်းမျိုးစုံ အပြောခံနေရသည်။
"ဒီကောင်က လမင်းဓားနတ်ဘုရားကို ဆရာအဖြစ် အသိအမှတ်ပြုလိုက်ပြီ။ မိုးကြိုးဌာနရဲ့ စီရင်သူ မဟုတ်တော့ဘူး"
"ဟုတ်တယ်။ အခု သူက ဓားဌာနရဲ့ လူပဲ"
"နည်းနည်းလောက် ကျော်ကြားသွားတာနဲ့ ကိုယ့်ဌာနကို စွန့်ပစ်ရက်တယ်။ အတော်ကျေးဇူးကန်းတဲ့ ကောင်"
"ဘာကြောင့်များ မိုးကြိုးဌာနရဲ့ ပြိုင်ဘက် ဓားဌာနနဲ့ ပူးပေါင်းလိုက်ရတာလဲ။ မနေ့ညကတောင် ငါတို့ သူ့ကို ချီးကျူးပေးခဲ့ကြသေးတယ်"
"ဒီကောင်က ဓားဌာနရဲ့ လူဆိုရင် မိုးကြိုးဌာနရဲ့ ရွေးချယ်ပွဲမှာ ဘာလုပ်ချင်သေးတာလဲ"
မိုးကြိုးဌာန၏ သာမန်အင်မော်တယ်များပင် သူ့အပေါ် ရန်လိုနေကြပြီး ဌာနချင်း အားပြိုင်မှုကြောင့် ပျောက်ကွယ်သွားစေရန် လိုလားကြ၏။ သို့သော် ယွမ်ရှောင်သည် တရားဝင် ဌာန မပြောင်းရသေးသောကြောင့် ဝင်ရောက်ယှဥ်ပြိုင်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်ကာ ဖိအားများစွာ ခါးစည်းခံနေရသည်။ ကောင်းကင်အထက်တွင် အဆင့်မြင့် အရာရှိ တစ်ရာကျော် ရှိ၍ ပတ်ဝန်းကျင်၌ သာမန်အင်မော်တယ် တစ်သန်းကျော် ဝိုင်းထားကာ မဟာကောင်းကင်ကျောင်းတော်မှ ပြိုင်ဘက် ရာချီ သူတစ်ယောက်တည်းကို သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေကြသည်။
"ဓားဌာနရဲ့လူ ဒီနေရာက ထွက်သွားစမ်း"
"အခွင့်အရေးသမား၊ မိုးကြိုးဌာနကြောင့် မင်း တိုးတက်လာတာ မဟုတ်ဘူးလား။ စီရင်သူတစ်ယောက် ဖြစ်ပြီး ဂုဏ်သိက္ခာ ကင်းမဲ့လှချည်လားကွ"
ဒေါသတကြီး မောင်းထုတ်သံများ လေထဲတွင် ကျယ်လောင်စွာ မြည်ဟီးလာကာ ဝင်ရောက်ဟန့်တားသူ မရှိသောကြောင့် ပိုမို ရိုင်းစိုင်းလာခဲ့လေသည်။
အပိုင်း ၅၉၆ - ပိုင်ကျိကျွင်း ရိုက်ချိုးခံရခြင်း
"တိတ်ကြစမ်း"
မြို့စား ပိုင်တောက်က ဟောက်လိုက်သောအခါတွင်မှ ဒေါသထွက်နေသည့် လူအုပ်ကြီး ငြိမ်ကျသွားကာ အစမှအဆုံးအထိ ယွမ်ရှောင်သည် ကိုယ်ပိုင်ကမ္ဘာအတွင်း ရောက်နေသည့်အလား ရန်လိုမှုများကို လျစ်လျူရှုထားသည်။ ပထမ ငါးချီတွင် သူ့အနားတွင် ထောက်ခံအားပေးရန် လျူမူရှိနေခဲ့သော်လည်း လက်ရှိတွင် မိုးကြိုးဌာန၏ ပါရမီရှင်များနှင့် တစ်ကိုယ်တော် အထီးကျန် တိုက်ပွဲ ဆင်နွှဲရပေတော့မည်။ ဖိအားအောက်တွင် သူ၏ တည်ကြည်ခိုင်မာသော စိတ်ဓာတ်က မယုံကြည်နိုင်စရာ ကောင်းလောင်အောင် ပိုမို သန်မာလာ၏။
"ဒီနှစ်ယောက်ကို ငါ မေ့နေတယ်"
လူအုပ်ကြီး၏ အစွန်အဖျားတွင် ကျန်းညီအစ် ရှိနေပြီး ကျန်းထိုက်ပင်း သေဆုံးမှုက ယွမ်ရှောင်နှင့် ပတ်သက်နေကြောင်း သိနိုင်လောက်အောင် အကင်းပါးသော်လည်း ဟိုက်ဒရာ နဂါးတံဆိပ်၏ ထိန်းချုပ်မှုအောက်တွင် အမုန်းတရားမျှပင် မဖြစ်ပေါ်လာခဲ့ချေ။
"လာခဲ့"
သူက လက်ယပ်ခေါ်လိုက်သောအခါ မျက်ရည်ဝိုင်းနေသည့် မိန်းကလေးနှစ်ယောက် ရှေ့တိုးလာကာ ဦးညွှတ်ခဲ့ကြသည်။
"ငါ အခု တိုက်ခိုက်နေတာက ဓားဌာနကို ကိုယ်စားပြုတာပဲ"
သူက ရဲရဲတင်းတင်း ကြေညာလိုက်သောအခါ ပရိသတ်များကို ရန်ဆွပေးလိုက်သလို ဖြစ်သွားပြီး အဝေးရှိ မဟာကောင်းကင်ကျောင်းတော် တပည့်များအကြား ရပ်နေသည့် ပိုင်ကျိကျွင်း၏ မျက်နှာ တင်းမာခက်ထန်လာ၏။
"ဒီကောင်က တကယ့်ကို မာနကြီးပြနေတာပဲ။ တိုက်ပွဲထဲ ရောက်ရင် စကားပြောနေစရာ မလိုဘူး။ သူနဲ့ ရင်ဆိုင်ရရင် သေတဲ့အထိ အစွမ်းကုန် ထုတ်သုံးကြစမ်း။ သူက ငါတို့ရဲ့ ဓားဖိနှိပ်မှု တံခါးကို ဖျက်ဆီးခဲ့ပြီး ဓားဌာနမှာ ခိုလှုံဖို့ အိပ်မက်မက်နေတယ်။ ဒီကောင်က ပါရမီထူးချွန်တယ်။ ဒါကြောင့် ဓားဌာနမှာ အောင်မြင်ခွင့်ပေးလိုက်ရင် ငါတို့ကို ပြန်ထိုးမယ့် ဓားတစ်လက် ဖြစ်လာလိမ့်မယ်။ မင်းတို့ ဘယ်သူ ဖြစ်ဖြစ် သူနဲ့ တိုက်ခိုက်ဖို့ အလှည့်ကျရင် မကြောက်ကြနဲ့။ ထင်သလောက် အစွမ်းမထက်ဘူးဆိုတာ ငါ အာမခံတယ်"
ပိုင်ကျိကျွင်းသည် ပတ်ပတ်လည်ရှိ မိုးကြိုးဌာန၊ အဆင့်မြင့်အရာရှိကြီးများ၏ သားသမီးများကို ယွမ်ရှောင်ကို သတ်ရန် သွေးထိုးလှုံ့ဆော်ပေးနေပြီး မိုးကြိုးကိုးသွယ် ရင်ပြင်၌ ရွေးချယ်ပွဲအတွင်း သတ်လိုက်လျှင် လမင်းဓားနတ်ဘုရားပင် ဝင်ရောက်စွက်ဖက်ခွင့် မရှိချေ။ ဤကား ထိပ်တန်းမျိုးဆက်များ၏ အထွတ်အထိပ် အသိုင်းအဝိုင်းဖြစ်ကာ အဆင့်လေး အရာရှိအထက် နောက်ခံများ မရှိဘဲ ဝင်ရောက်ခွင့် မရှိချေ။ ရွေးချယ်ပွဲတွင် အားလုံး ကျန်ရစ်နေခြင်းသည် ထူးချွန်သော စွမ်းရည်ကို ဖော်ပြနေကာ ဥပမာအားဖြင့် အသက်နှစ်ဆယ်အရွယ် ရှိသော ပိုင်ကျိကျွင်းက အဆင့် ခုနစ် ကာကွယ်သူတစ်ယောက်ပင် ဖြစ်နေခဲ့၏။ သူ၏ တိုက်ခိုက်ရေးစွမ်းအားက သာမန်ကာကွယ်သူများထက် ကျော်လွန်နေပြီး အသက်သုံးဆယ်သို့ ရောက်လျှင် အဆင့်ခြောက် အရာရှိများလောက် အစွမ်းထက်လာနိုင်၏။
မိုးကြိုးအဆင့်သတ်မှတ်ချက်တွင် လုယောင်၏ အမည် ထွက်ပေါ်လာသောအခါ လူတိုင်း အာရုံစိုက့နေကြပြီး ပြိုင်ဘက်အဖြစ် ရွေးချယ်ခံလိုက်ရသည်မှာ ပိုင်ကျိကျွင်းပင်။ ၎င်းက တိုက်ဆိုင်မှုလား သို့မဟုတ် တမင်စီစဥ်ထားခြင်းလား မည်သူမျှ မသိသော်လည်း ပတ်ဝန်းကျင်လေထု တင်းမာလာ၏။ ကျောက်စိမ်းစင်မြင့်တွင် ပိုင်တောက်၏ အေးစက်စက် အကြည့်သည် ချောင်လင်မယားထံ ကျရောက်သွားသောအခါ ချောင်ရှန်းက ပခုံးတွန့်၍ ရှင်းပြသည်။
"အထင်မလွဲပါနဲ့။ တိုက်ဆိုင်တာ သက်သက်ပဲ။ ကျုပ် ဘာမှ လုပ်မထားဘူး"
"မင်း အမှန်တိုင်းပြောတာဆိုရင် ကောင်းလိမ့်မယ်"
ပိုင်တောက်၏ ဒေါသတကြီး စကားကို ကူစုဝမ်သည် တခစ်ခစ် ရယ်မောကာ တုံ့ပြန်ခဲ့သည်။
"မြို့စားပိုင် ရှင့်သားက ကောင်းကင်ဖြန့်နယ်ပယ်ကို ရောက်နေပြီမလား။ သူ့ဝိညာဥ်က ဓားကို လိုသလို ထိန်းချုပ်နိုင်ပြီး အဆင့်ခြောက် အရာရှိတချို့နဲ့တောင် ယှဥ်နိုင်တယ်။ မိုးကြိုးဌာနရဲ့ သိုးမည်းတစ်ကောင်ကို ရင်ဆိုင်ဖို့ လုံလောက်တာထက် ပိုပါတယ်။ ရှင်က ဘာတွေ ကြောက်နေတာလဲ"
ပိုင်တောက်၏ အမြင်တွင်မူ ဤလင်မယားသည် အရှုပ်ထုပ်များအကြားမှ လွတ်မြောက်ရန် ယွမ်ရှောင်နှင့် ဆက်ဆံရေး ဖြတ်တောက်ကာ ထွက်ပြေးသွားခဲ့သော်လည်း သူ့ကို ရှင်းပစ်ရန် သားဖြစ်သူကို အသုံးချခြင်းမှာ သည်းခံနိုင်စရာ မရှိပေ။ သို့သော် သူက အရှုံးပေးခိုင်းလိုက်လျှင် ပိုင်ကျိကျွင်း၏ တာအိုစိတ်နှလုံး ထိခိုက်သွားမည်ကို စိုးရိမ်နေသဖြင့် ချီတုံချတုံ ဖြစ်နေစဥ် ပိုဟုန်မှ ဝင်ပြောလာသည်။
"စိတ်မပူနဲ့။ ပုံမှန်ဆိုရင် ကျိကျွင်းက အများကြီး ပိုသာတယ်"
"ပုံမှန်အခြေအနေ မဟုတ်ရင်ရော"
"မင်းဆိုလိုတာက ကောင်းကင်ပျံသန်းမြို့တော်ရဲ့ မိစ္ဆာ ဓားသမားလား"
လူသတ်မှု သတင်းများ ပြန့်သွားပြီးနောက် ဤအမည်က မိုးကြိုးဌာနတစ်ခွင် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသည်။
ပိုင်တောက်က ခေါင်းညိတ်ပြလိုက်သောအခါ ပိုဟုန်သည် အေးစက်စက် အာမခံလိုက်၏။
"ဟုတ်တယ်"
"မစိုးရိမ်နဲ့။ ဒီကောင်သာ အဲ့အစွမ်းကို တကယ်သုံးနိုင်ရင် လူသတ်တရားခံဆိုတာ လူသိရှင်ကြား ဝန်ခံလိုက်သလို ဖြစ်သွားလိမ့်မယ်။ ဒါဆိုရင် အဆင့်တစ် အရာရှိတစ်ယောက် ဆင်းလာရင်တောင် သူ့ကို မကယ်နိုင်ဘူး"
ပိုင်တောက်သည် ပိုင်ကျိကျွင်း၏ တိုက်ခိုက်ရေးစွမ်းအား အကြောင်း ပြန်တွေးကာ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချသည်။
ပရိသတ်များသည် ပိုင်ကျိကျွင်းကို သူရဲကောင်းတစ်ယောက်ပမာ အားပေးနေပြီး ထိုအော်သံများက သူ၏ တိုက်ခိုက်လိုစိတ်ကို ရဲရဲတောက် ပြင်းထန်လာစေသည်။ သူ့အနားတွင် အဆင့်ခြောက် အရာရှိတစ်ယောက်၏ ကျင့်ကြံဆင့်မျိုး အမှန်တကယ် ပိုင်ဆိုင်ထားသည့် အစ်မဖြစ်သူ ပိုင်လင်းအာ ရပ်နေ၏။ အတ္တနတ်ဘုရား နယ်ပယ်အထက်တွင် ကောင်းကင်ဖြန့် နယ်ပယ်ရှိပြီး မူလဝိညာဥ် ရုပ်ခန္ဓာအတွင်းမှ ထွက်ခွာ၍ ရန်သူများကို သတ်ပစ်ရန် ဓားဝိညာဥ်ကို အဝေးမှ ထိန်းချုပ်နိုင်စွမ်း ရှိသည်။ မိုးကြိုးခုန်ပျံခြင်း လုပ်သော နေရာတွင် ယွမ်ရှောင်ကို လုပ်ကြံရန် သခင်ကြီးလုက ဤနည်းလမ်း အသုံးပြုခဲ့ခြင်း ဖြစ်ကာ ပိုင်လင်းအာသည်လည်း အဆင့်ချင်း တူညီသည်။ အသက်သုံးဆယ်မတိုင်မီ ထိုကျင့်ကြံဆင့်သို့ ရောက်ရှိနေခြင်းသည် မိုးကြိုးဌာန၊ ထိပ်တန်းပါရမီ အမှတ်အသား ဖြစ်၍ ကျန်းညီအစ်မထက် များစွာ သာလွန်၏။
"မိုးကြိုးဌာနရဲ့ ဂုဏ်သိက္ခာအတွက် ရာဇဝတ်ကောင်တစ်ယောက်ကို သတ်ပစ်ဖို့က ငါတို့တာဝန်ပဲ"
"မိုးကြိုးရဲ့ သားဖြစ်တဲ့ ငါက ဘယ်တိုက်ပွဲကိုမှ မကြောက်ဘူး"
ပိုင်လင်းအာက မောင်ဖြစ်သူကို စိတ်ဓာတ်မြှင့်တင်ပေးလိုက်ပြီး ပိုင်ကျိကျွင်းသည်လည်း ရာနှုန်းပြည့် အနိုင်သေချာဟန်ဖြင့် အားရပါးရ ရယ်မောပစ်ခဲ့သည်။ သူက အဖြူရောင် မိုးကြိုးများကို စီးနင်းကာ အထက်သို့ ပျံတက်၍ တိုက်ပွဲကွင်းပြင်သို့ ဆင်းသက်လိုက်သောအခါ ဝုန်းခနဲ မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်လာ၏။
"ပိုင်ကျိကျွင်း ပိုင်ကျိကျွင်း"
ဆူဆူညံညံ အော်ဟစ်အားပေးသံများသည် လူအုပ်ကြီးထံမှ လှိုင်းလုံးပမာ ထွက်ပေါ်လာကာ ဤတိုက်ပွဲက မိုးကြိုးဌာနနှင့် ဓားဌာနအကြား လူငယ်ပါရမီရှင်များ၏ အားပြိုင်မှုအဖြစ် ပြောင်းလဲသွားပုံပေါ်သည်။ ယွမ်ရှောင်အနောက်တွင် ကျန်းညီအစ်မသာ ရှိနေပြီး ပိုင်ကျိကျွင်းအနောက်၌ ပရိသတ် တစ်သန်းကျော် ရပ်နေကာ အသည်းအေးစေလောက်သော တိုက်ပွဲ ပတ်ဝန်းကျင်မျိုးပင်။ သို့သော် ဆူညံနေသော အားပေးသံများနှင့် ကိုယ့်ကိုကိုယ် အထင်ကြီးစိတ်ကြောင့် ပိုင်ကျိကျွင်းသည် ပြိုင်ဘက်၏ ခွန်အားကို ပုရွက်ဆိတ်တစ်ကောင်ပမာ သဘောထားနေ၍ ဤသည်မှာ ယွမ်ရှောင် အလိုချင်ဆုံး အနေအထားပင် ဖြစ်၏။
ပိုင်ကျိကျွင်း၏ ဓားဝိညာဉ်က အဖြူရောင်မိုးကြိုးဖြင့် ဖန်တီးထားကာ ဓားသွားတလျှောက် ဓားပိုင်နက် နှစ်ခု ထွက်ပေါ်နေသည်။ ကောင်းကင်ရုံးတော်ရှိ ဓားသမားများသည် နတ်ဆိုး ဓားစက်ကွင်းများကို အထင်သေးပုံရကာ ဖြောင့်မတ်မှန်ကန်ဟန်ဖြင့် မကောင်းဆိုးဝါးများကို ရှင်းလင်းရန် ဓားအသွင်အပြင်ကို အလေးထား၏။ ထိုအချိန်တွင် သူက မိုးကြိုး၏ ရင်သွေးတစ်ယောက်အလား ထင်မှတ်ရပြီး မူလဝိညာဥ် ပုံဖော်လိုက်သောအခါ လူမျက်နှာ သားရဲကြီးတစ်ကောင် သဏ္ဍာန်အဖြစ် ပြောင်းလဲသွားသည်။
"ပိုင်ကျိ နတ်သားရဲ"
ပိုင်ကျိသားရဲ ဝိညာဥ်နှင့် မိုးကြိုးဓား ဝိညာဥ် ပေါင်းစပ်လိုက်သောအခါ ပိုင်ကျိကျွင်း၏ အရှိန်အဝါက ကောင်းကင်သို့ ထိုးတက်သွား၍ ကမ္ဘာကြီး၏ ထိပ်ဆုံးသို့ ရောက်နေသယောင် ကိုယ့်ကိုကိုယ် ထင်မှတ်နေခဲ့သည်။
"လုယောင် ငါ မင်းကို ဓားသုံးချက်..."
သူက မိုးချုန်းသကဲ့သို့ အသံမျိုးဖြင့် ခြိမ်းခြောက်ရန် စကားစလိုက်သောအခိုက်မှာပင် မိုးပြာရောင် ဓားဝိညာဥ်တစ်ခု ပြေးဝင်လာ၏။ စကားမဆုံးခင်မှာပင် တိုက်ပွဲအတွင်း လေကြီးလေကျယ် ပြော၍ ပြိုင်ဘက်ကို အထင်သေးနေသော ပိုင်ကျိကျွင်း၏ ပါးစပ်ကို ဓားတစ်လက် ဖောက်ဝင်သွားသောကြောင့် လူတိုင်း မျက်ကလူးဆန်ပြာ ဖြစ်ကုန်သည်။ သွေးများ ဘန်းခနဲ ပန်းထွက်လာ၍ ကြီးကျယ်ခမ်းနားစွာ ဟန်ထုတ်နေသော လူမိုက်သည် ကြိုးပြတ်သွားသော စွန်ပမာ ကောင်းကင်အထက်မှ ဇောက်ထိုး ပြုတ်ကျသွားလေသည်။