အခန်း (၅၉၉-၆၀၀)
Vol. 45 Ch. 599-600
အပိုင်း ၅၉၉ - ကြောင်သူတော် ကြွက်သူခိုးများ
ပိုင်လင်းအာသည် ဖခင်ဖြစ်သူ၏ တိုက်တွန်းမှုကို ကြားလိုက်သောအခါ လုယောင်၏ နောက်ခံ လမင်းဓားနတ်ဘုရား နောက်ဆုတ်သွားပြီဖြစ်ကြောင်း အကင်းပါးစွာ သိလိုက်သည်။ ၎င်းက သတင်းကောင်း ဖြစ်ပြီး နိမ့်ကျသော ရာဇဝတ်ကောင်တစ်ယောက်သည် နောက်ခံတစ်ယောက်ပြီးတစ်ယောက် ရှာဖွေကာ မိုးကြိုးဌာနတွင် ထင်တိုင်းကြဲနေသည်ကို မည်သူမျှ ကြည့်မရပေ။ ပိုင်ကျိကျွင်း၏ အလောင်းက လက်စားချေပေးရန် တောင်းဆိုနေပြီး ပိုင်တောက်၏ အကာအကွယ်ရှိသောအခါ သူမသည် တိုက်ပွဲဝင်ရန် မိုးကြိုးတိမ်တိုက် အမှတ်တစ်သို့ တည်ငြိမ်စွာ တက်လှမ်းသွားခဲ့သည်။
ပြိုင်ဘက်နှစ်ယောက် မျက်နှာချင်းဆိုင်လိုက်သောအခါ အင်မော်တယ်ပေါင်း သန်းချီက မျှော်လင့်စောင့်စားနေဟန်ဖြင့် မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြ၏။
"အားနည်းတဲ့ ပြိုင်ဘက်တွေကို အသက်အရွယ်မှ မထောက်၊ အနိုင်ကျင့်လာတဲ့ လုယောင် အခုတော့ ပြိုင်ဘက်အစစ်နဲ့ တွေ့ပြီ"
"အဆင့်သုံး ကောင်းကင်အရာရှိရဲ့ သမီး၊ မဟာကောင်းကင်ကျောင်းတော်ရဲ့ ပါရမီရှင်က တကယ့်ကို ပန်းတစ်ပွင့်လို ကျက်သရေရှိလိုက်တာ"
သူမ၏ အလှတရားသည် မိုးကြိုးဌာန တစ်ခွင် ကျော်ကြားပြီး လူငယ်များစွာအတွက် အိပ်မက်အလှပဂေးဖြစ်ကာ တိတ်တဆိတ် မြတ်နိုးလေးစားကြသည်။ ကျန်တစ်ဖက်တွင် အမြဲတမ်း ကောက်ကျစ်၍ အခွင့်အရေး ယူတတ်ကာ မောက်မာလွန်းသော လုယောင်ကိုမူ လူတိုင်းနီးပါး မုန်းတီးကြ၏။
ထိုအခိုက်တွင် ယွမ်ရှောင်သည် စီရင်သူချပ်ကာကို ချွတ်ထားကာ ကျောက်ရန်ရန် ကိုယ်တိုင် ချုပ်ပေးထားသော အဖြူရောင် ဝတ်ရုံသာ ဝတ်ဆင်ထားပြီး လန်ရီနှင့် ရုပ်ချင်းဆိုင်သည့် ပိုင်လင်းအာကို စိုက်ကြည့်နေသည်။ သူ့အပေါ် အမုန်းတရားက ထင်ရှားပြီး နီမြန်းသော မျက်ဝန်းအစုံဖြင့် ရွံစရာသတ္တဝါတစ်ကောင်ပမာ စွပ်စွဲအပြစ်တင်နေ၏။
"လောကကြီးမှာ နင့်လို အရှက်မရှိတဲ့ ရာဇဝတ်သားက မရှိသင့်ဘူး။ မောင်လေးက နင်နဲ့ ဘာရန်ငြှိုးမှ မရှိဘဲ ဘာကြောင့် သတ်ခဲ့တာလဲ။ နင် ကြွားလုံးထုတ်ဖို့အတွက် လူတစ်ယောက်ကို ရက်ရက်စက်စက် သတ်ပစ်ဖို့ လိုအပ်လို့လား။ ဒီနေ့ ငါက ကောင်းကင်ရုံးတော်ကိုယ်စား နင့်ကို အပြစ်ပေးမယ်"
"ဒါဆိုရင် မင်းကရော ကျင့်ကြံနေတဲ့ သက်တမ်းတလျှောက် ဘယ်သူ့ကိုမှ မသတ်ဖူးဘူးလား"
ယွမ်ရှောင်က ခပ်ထေ့ထေ့ ပြုံးပြကာ မေးခွန်းပြန်ထုတ်သည်။
"အင်မော်တယ်လမ်းကို လျှောက်လှမ်းရင် အပြစ်မဲ့သူကို သတ်စရာ မလိုဘူး။ ငါ့ဘဝမှာ ဘယ်သူ့ကိုမှ အကြောင်းမဲ့ မထိခိုက်စေခဲ့ဘူး"
"ချီးကျူးစရာပဲ။ ဒါပေမယ့် သေမျိုးလောကရဲ့ ပူဇော်သက္ကာကို မင်း လက်ခံဖူးတယ်မလား ဟား ဟား"
သူက ကြောင်သူတော်ဟန်ဆောင်နေသော မိန်းမကို ဟားတိုက်လှောင်ရယ်လိုက်သောအခါ အရှိုက်ထိသွားသည့်အလား မျက်နှာထား တင်းမာသွားသည်။
"အဲ့တာက...အဲ့တာက မတူဘူး။ ကိစ္စတွေကို မရောပစ်နဲ့"
"ဘာမတူတာလဲ။ အဲ့ဒီလူသားတွေကရော အသက်မရှိဘူးလား"
"သက်ရှိတိုင်းက ကံကြမ္မာကိုယ်စီ ပိုင်ဆိုင်ထားကြတယ်။ ငါတို့လို မြင့်မြတ်တဲ့ အင်မော်တယ်တွေက အထက်ကို ဆက်လက် တက်လှမ်းပြီး တာအိုကို ကျင့်ကြံတယ်။ သေမျိုးတွေရဲ့ ဘဝက ယင်ကောင်တွေလို သက်တမ်းတိုလွန်းတယ်။ ဒါက လောကကြီးရဲ့ သံသရာပဲ၊ သဘာဝတရားပဲ။ နင်က ဒီကိစ္စနဲ့ ငါ့ဂုဏ်သိက္ခာကို မေးခွန်းထုတ်ချင်တယ်ပေါ့"
ပိုင်လင်းအာသည် ဖြူစင်မြင့်မြတ်ချင်ယောင်ဆောင်နေသော်လည်း ဤကျင့်ကြံဆင့်သို့ ရောက်လာရန် သေမျိုးများ၏ အသက်ဓာတ်ကို အမှန်တကယ် စုပ်ယူခဲ့ပြီး ကိုယ့်ကိုကိုယ် သွေးနားထင်ရောက်နေသော အခြားအင်မော်တယ်များနှင့် မခြားပေ။
"နားလည်ပြီ။ ငါ စိတ်ရှုပ်နေတာကို ရှင်းလင်းအောင် လုပ်ပေးလို့ ကျေးဇူးတင်တယ်။ မဟုတ်ရင် ငါက နင့်လောက် အကြင်နာကြီးမားတဲ့ လူတစ်ယောက်ကို နားလည်နိုင်မယ် မထင်ဘူး"
ယွမ်ရှောင်က ရယ်မောရင်း လက်ညှိုးထိုးကာ တစ်လုံးချင်း ပြောနေစဥ် သူမသည် ဓားဆွဲထုတ်ကာ အေးစက်စက် ကြေညာလိုက်သည်။
"နင်က ငါ့တာအိုနှလုံးသားကို တိုက်ခိုက်ချင်နေတာလား။ စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်တွေက အသုံးမဝင်ဘူး။ လာစမ်းပါ တရားမျှမျှတတ တိုက်ခိုက်လိုက်"
"ကောင်းပြီ"
သူသည်လည်း ဓားပိုင်နက်လေးခု ဝန်းရံထားသော မိုးပြာရောင် ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်ကို ဆွဲထုတ်လိုက်သောအခါ သံသယအတွေးများ ဖြစ်ပေါ်လာစေသော်လည်း မည်သူမျှ အလေးမထားကြပေ။ သူက ဓားဖိနှိပ်မှုတံခါးကို ဖျက်ဆီး၍ ပထမဆုံး ဓားပိုင်နက်ကို ဖွဲ့စည်းခဲ့သည်မှာ တစ်ညသာ ရှိသေးသော်လည်း နောက်ထပ်သုံးခု တိုးလာသော အကြောင်းအရင်းကိုမူ သူတို့ ထည့်မတွက်မိကြပေ။ ပိုင်လင်းအာတွင်လည်း ဓားပိုင်နက် လေးခု ပိုင်ဆိုင်ထားသောကြောင့် ပရိသတ်များက သူမအနိုင်ရမည်ဟု သေချာပေါက် တွက်ထားပုံပေါ်သည်။ မိုးကြိုးဓားဝိညာဥ်တွင် အဖြူရောင် ကြာပန်းအသွင်ဖြင့် ဓားပိုင်နက် လေးခု ရှိနေပြီး ကောင်းကင်ဖြန့်နယ်ပယ် အလယ်အဆင့် ဖြစ်သည့်အပြင် နတ်သားရဲ ဝိညာဥ်ကိုလည်း ဆင့်ခေါ်ထားသဖြင့် ပိုင်ကျိကျွင်းထက် ပိုမိုအစွမ်းထက်သော အရှိန်အဝါဖြင့် ယွမ်ရှောင်ကို အထင်သေးစွာ ငုံ့ကြည့်နေ၏။
ပိုင်လင်းအာသည် ပိုင်ကျိကျွင်းထက် များစွာ ပို၍ အစွမ်းထက်ပြီး ခန္ဓာကိုယ်ပတ်လည်တွင် မိုးကြိုးစွမ်းအားများ စက်လုံးသဏ္ဍာန် ဖွဲ့စည်းကာ တဝုန်းဝုန်း မြည်ဟီးလာသည်။ ဓားကို မြှောက်လိုက်သောအခါ ဆံပင်ရှည်နှင့် ဝတ်ရုံတို့ လွင့်ပျံသွား၍ လျှပ်စီးနတ်ဘုရားမ တစ်ပါး ဆင်းသက်လာသကဲ့သို့ ထင်မှတ်ရသဖြင့် လူငယ်ယောကျ်ားလေးများ၏ နှလုံးသားကို ဖမ်းစားနိုင်ကာ မိန်းကလေးများကို မနာလိုဖြစ်စေခဲ့သည်။ သို့ရာတွင် ယွမ်ရှောင်အတွက် အဓိက ခြိမ်းခြောက်မှုသည် သူမ မဟုတ်ဘဲ အနောက်တွင် နေရာယူထားသော ပိုင်တောက် ဖြစ်ကာ ကျန်းထိုက်ပင်းထက် ခွန်အားများစွာ သာလွန်၍ မိုးကြိုးဌာန၏ ထိပ်တန်းအရာရှိတစ်ယောက် ဖြစ်သောကြောင့် ကိုင်တွယ်ရ ခက်ခဲပေလိမ့်မည်။ ထို့အပြင် သူ၏ တည်ရှိမှုအရ ယွမ်ရှောင်ကို သမီးဖြစ်သူ၏ ဆံပင်တစ်ချောင်းပင် ထိခွင့်မပေးနိုင်ကြောင်း ထင်ရှားလှသည်။
"ရွေးချယ်ပွဲ စည်းမျဥ်းကို ငါ စောက်ဂရုမစိုက်ဘူး။ မင်းကို ချောင်ပိတ်ထားပြီးပြီ"
ပိုင်တောက်၏ အကြည့်မှ ဆိုလိုရင်းကို ယွမ်ရှောင်က နားလည်လိုက်ပြီး လမင်းဓားနတ်ဘုရားနှင့် ပတ်သက်နေမည့် အဖြေကို ချက်ချင်း သဘောပေါက်သွားကာ မိုးကြိုးဌာနရောက်ကတည်းက အန္တရာယ်အများဆုံး အခိုက်အတန့် ဖြစ်လာ၏။
"ဒီရာဇဝတ်သားကို သတ်ပစ်မယ်"
ပိုင်လင်းအာသည် ယွမ်ရှောင်ထံ မိုးကြိုးစွမ်းအားများကို ပင်လယ်ကြီးပမာ ပစ်ချလိုက်သော်လည်း သူ၏ မျက်လုံးများတွင် မီးလျှံများ တောက်လောင်နေကာ တိုက်ခိုက်လိုစိတ် လျော့နည်းသွားပုံ မရချေ။
"ဒါဆိုရင် မင်းက အဖေရဲ့ အကာအကွယ်၊ မိုးကြိုးဌာနရဲ့ နောက်ခံနဲ့ ထင်တိုင်းကြဲနေတဲ့ ကြောင်သူတော်ကြွက်သူခိုးပေါ့"
၎င်းက ကြမ်းတမ်းရက်စက်သော အမှန်တရား ဖြစ်ကာ သေမျိုးလောက၏ အသက်ပေါင်းများစွာကို ကိုယ်ပိုင် လောဘအတွက် အဆုံးသတ်ခဲ့သူတစ်ယောက်သည် မိုးကြိုးဌာန၏ အပြစ်ကင်းစင်သော ကြာဖြူလေးအဖြစ် ဟန်ဆောင်နေသည်။
"ဒီကောင်က အသက်နဲ့ရင်းပြီး တိုက်ခိုက်လိမ့်မယ်။ သတိထားပါ"
ပိုင်တောက်ကို မိတ်ဆွေများက ထပ်တလဲလဲ သတိပေးခဲ့သော်လည်း ပိုင်ကျိကျွင်းအတွက် လက်စားချေ၍ နာမည်ကျော်ကြားလာနိုင်သော အခွင့်အရေးအား သမီးဖြစ်သူအတွက် ပေးချင်နေ၏။ ယွမ်ရှောင်ဆိုသော ပိုးကောင်ကို ကျော်ဖြတ်နိုင်ခဲ့လျှင် ပိုင်လင်းအာသည် မိုးကြိုးဌာနတွင် ပို၍ လူသိများ ထင်ရှားလာပေလိမ့်မည်။
ထိုအခိုက်တွင် တိုက်ပွဲစသည်နှင့် တပြိုင်နက် ယွမ်ရှောင်သည် ကောင်းကင်အထက်သို့ ပျံတက်ကာ ဓားပတ်လည်၌ မိုးကြိုးများ စုစည်းလိုက်သောအခါ ချောင်မျိုးနွယ် ဓားသိုင်း ဖြစ်နေ၍ အကြည့်ပေါင်းများစွာ ချောင်ရှန်းထံ ပြိုင်တူ ကျရောက်သွားသည်။ ချောင်ရှန်းက မျက်နှာ ဖြူဖျော့သွားစဥ် သူ၏ ဓားသည် ပိုင်လင်းအာ၏ ဦးခေါင်းထံ ကျဆင်းလာကာ မိုးပြာရောင် ဓားပိုင်နက်လေးခုမှာလည်း စွမ်းအားများ ဖြာထွက်နေသကဲ့သို့ ကြာပန်းသဏ္ဍာန် လင်းလက်လာ၏။
"ဟန်ရှိပြီး အဆံမရှိဘူး။ မိုးကြိုးပန်းဓားသိုင်း"
သူမက အထင်သေးစွာ ရေရွတ်၍ ပိုင်မိသားစု ဓားသိုင်းဖြင့် ဓားကွက်ခင်းလိုက်သောအခါ တိုက်ပွဲကွင်းအတွင်း အဖြူရောင်ကြာပန်းကြီးတစ်ခု ပွင့်အာလာကာ ကောင်းကင်မှ ဆင်းသက်လာမည့် ယွမ်ရှောင်၏ ဓားကို ဝါးမျိုရန် ပါးစပ်ကြီးတစ်ခုသဖွယ် အထက်သို့ မြင့်တက်သွားသည်။
ထန် ထန် ထန်
ဓားချင်း ထိပ်တိုက်ရင်ဆိုင်မိသောအခါ ယွမ်ရှောင်၏ မျက်နှာက တည်ငြိမ်သော်လည်း သူမသည် မျက်နှာ အပျက်ပျက်အယွင်းယွင်း ဖြစ်လာသည်။ မိုးပြာရောင် ကြာပန်းများသည် အဖြူရောင် ကြာပန်းကြီးကို စုတ်ဖြဲပစ်ကာ တားဆီးမရနိုင်သော တိုက်ကွက်အဖြစ် သူမထံ ဆက်လက် ဝင်ရောက်လာနေသည် မဟုတ်ပါလော။
"ငါက သူ့ပြိုင်ဘက် မဟုတ်ဘူးလား"
ဤအတွေးကြောင့် ပိုင်လင်းအာက ရှုသိုးသိုး ဖြစ်သွားကာ လက်ခံရန် ခက်ခဲသော်လည်း မိုက်မိုက်ကန်းကန်း တိုက်ခိုက်ရန် မရွေးချယ်ဘဲ ဖခင်ဖြစ်သူထံ အကူအညီတောင်းလိုက်သည်။ ဤသည်မှာ တရားမျှတသည်ဟု အသံကောင်းဟစ်ထားသော မိုးကြိုးဌာန၊ ရွေးချယ်ပွဲ၌ အရုပ်ဆိုးလှသော ကိစ္စ ဖြစ်သော်လည်း ပိုင်တောက်က သမီးဖြစ်သူ အောက်စည်းရောက်သွားကြောင်း မြင်သည်နှင့်တပြိုင်နက် ဓားမြှောင်တစ်လက်ကို ယွမ်ရှောင်၏ နှလုံးသားထံ ပစ်ခတ်ခဲ့၏။
"ဝုန်း"
အင်္ကျီရင်ဘတ်ထဲမှ ကြယ်ပြာ ထွက်ပေါ်လာကာ လက်သည်းဖြင့် ၎င်းကို အချိန်မီ ရိုက်ထုတ်လိုက်သော်လည်း တန်ပြန်အားကြောင့် ယွမ်ရှောင်သည် နောက်ဆုတ်ပေးလိုက်ရာ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
"ဒီကောင် မသေဘူးလား"
ဤမြင်ကွင်းက ပရိသတ်များကို မင်သက်သွားစေကာ ပိုင်တောက်၏ အကြည့်တွင်လည်း ဝေခွဲမရဟန်များ ဖြစ်ပေါ်နေ၏။
"မြို့စားပိုင် ခင်ဗျား ကြောက်နေတာလား။ လာစမ်းပါ"
ယွမ်ရှောင်၏ မျက်လုံးများက ကြက်သီးထစရာ ကောင်းလောက်အောင် အေးစက်နေပြီး စိန်ခေါ်လာသောအခါ ပိုင်တောက်သည် ရင်ထိတ်သွားသော်လည်း လေးမှ ပစ်လွှတ်ပြီးဖြစ်သော မြှားကို ပြန်သိမ်းရန် မဖြစ်နိုင်သည့်အတွက် တစ်ဖက်လူ သေသည်အထိ တိုက်ခိုက်ရန်သာ ရှိတော့လေသည်။
အပိုင်း ၆၀၀ - ချောင်ရူ၏ အမြင်
စင်မြင့်အထက်ရှိ အရာရှိတစ်ရာအနက် တစ်ယောက်တလေပင် ယွမ်ရှောင်ကို ကယ်တင်ရန် မလှုပ်ရှားခဲ့ဘဲ ပိုင်တောက်သည် ထပ်မံ တိုက်ခိုက်ရန် ပြင်ဆင်နေစဥ် ရုတ်တရက် လှောင်ရယ်သံ ထွက်ပေါ်လာ၏။
"အဆင့်သုံး မြို့စားတဲ့လား။ စောက်ရမ်း အားနည်းလိုက်တာကွာ။ ကိုယ့်သမီးကိုတောင် မကယ်နိုင်မှတော့ ဘာအသုံးကျလဲ ဟား...ဟား..."
သူ တုန်လှုပ်သွား၍ တိမ်တိုက်အမှတ်တစ်ထံ ကြည့်လိုက်သောအခါ ယွမ်ရှောင်နှင့် တစ်ပုံစံတည်း တူသော မူလဝိညာဥ်က ပိုင်လင်းအာ၏ ငယ်ထိပ်တည့်တည့် ဓားဖြင့် ထိုးစိုက်ထားကြောင်း တွေ့လိုက်ရ၏။ သွေးတစ်စက်မှ ထွက်မလာသော်လည်း သူမ၏ ပါးစပ်မှ အမြုပ်တစီစီ ထွက်၍ အသည်းခိုက်လောက်အောင် နာကျင်စွာ အော်ဟစ်နေသည်။
"အဖေ...ကယ်ပါဦး...အား"
ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်း၍ ဝိညာဥ်ပျက်စီးသွားသကဲ့သို့ ပစ်လဲသွားသောကြောင့် ရင်ပြင်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွား၏။ မူလဝိညာဥ်သည် ခန္ဓာကိုယ်အပြင်သို့ ထွက်ခွာ၍ တိုက်ခိုက်နိုင်စွမ်း ရှိနေကာ ပိုင်တောက်ကိုယ်တိုင်ပင် ရုပ်ပိုင်းဆိုင်ရာ ဓားချက်သာ မြင်နိုင်ခဲ့သည်။
"အဆင့်သုံး အရာရှိက ကာကွယ်ပေးထားရင်တောက် မင်းကို ငါ သတ်နိုင်တယ်"
ယွမ်ရှောင်၏ အေးစက်စက် ကြုံးဝါးသံသည် သေမင်းတမန် မိုးချုန်းသံကဲ့သို့ ဟိန်းထွက်လာကာ ပိုင်တောက်၏ လုပ်ကြံမှုတွင် လွတ်မြောက်ရုံသာမက ပိုင်လင်းအာကိုပင် သတ်နိုင်ခဲ့သောကြောင့် ကြည့်နေသူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။ ပိုင်တောက်ကိုယ်တိုင်မှာမူ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ကြောင်စီစီ ဖြစ်နေကာ သားသမီး နှစ်ယောက်လုံး ရှေ့တွင် အသတ်ခံလိုက်ရခြင်းပင်။ ပြုံးစစ ကြည့်နေသော တစ်ဖက်လူ၏ မျက်နှာထားကို မြင်လိုက်ရသောအခါတွင်မှ သူ၏ ဒေါသနှင့် အမုန်းတရား ပေါက်ကွဲထွက်ပေါ်လာကာ သတ်ဖြတ်လိုစိတ်များ အင်မတန် ပြင်းထန်လာသည်။
"အခု ဘာဆက်လုပ်မလို့လဲ။ မင်းက မိုးကြိုးဌာနရဲ့ စည်းမျဥ်းကို ပေါ်တင်ချိုးဖျက်ပြီး ရွေးချယ်ပွဲအတွင်းမှာ တိုက်ခိုက်တယ်။ ပြိုင်ပွဲအပြီးမှာတောင် မင်းက လူမြင်ကွင်းရှေ့ လက်စားချေချင်နေတုန်းလား"
ယွမ်ရှောင်၏ စကားအဆုံးတွင် သူ၏ နောက်ကျောတွင် မိုးကြိုးစွမ်းအားများ မုန်တိုင်းပမာ စုဝေးလာကာ တားဆီးရန်လည်း မည်သူမျှ ထွက်မလာခဲ့ပေ။
"စည်းမျဥ်းတွေက အရေးမပါဘူး"
နတ်ဘုရားဂိတ်သို့ သွားရောက်ခွင့်ရရန် နှစ်ချီသာ လိုတော့သော်လည်း ယွမ်ရှောင်၏ လမ်းတွင် ပိုင်တောက် ရှိနေပြီး လမင်းဓားနတ်ဘုရား လက်ရှောင်သွားသဖြင့် ဤမျှ ရဲရဲတင်းတင်း ဖြစ်နေကြောင်း သိသာ၏။ သူက ပန်းတိုင်ဖြစ်သော နယ်နမိတ်သတ်မှတ်ရေး နတ်အပ်ကို ရရှိထားကာ ကယ်တင်ချင်သူကိုလည်း ကယ်ထုတ်ပြီးသောကြောင့် ရွေးချယ်ပွဲသည် အစီအစဥ်အတိုင်း ဖြစ်မလာလျှင်လည်း မီးစင်ကြည့်ကရန်သာ ဆုံးဖြတ်လိုက်သည်။ သူက တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းရန် စဥ်းစားထားသော်လည်း ရန်သူများမှ ခွင့်မပြုသောကြောင့် အစွမ်းကုန်ထုတ်ကာ ခပ်ကြမ်းကြမ်း တိုက်ခိုက်ပစ်ရန် တွေးကာ အထူးသဖြင့် မိုးကြိုးကိုးပါး ရင်ပြင်၌ အင်မော်တယ်သန်းချီ စုဝေးနေသဖြင့် အခြေအနေကို ပြောင်းပြန်လှန်ရန် အကောင်းဆုံး အနေအထား ဖြစ်နေ၏။
"မဟာစစ်သူကြီးနှစ်ယောက်နဲ့ လက်အောက်ခံတွေ တစ်ယောက်မှ မလွတ်စေရဘူး"
ယွမ်ရှောင်၏ မျက်လုံးများက ခက်ထန်လာပြီး ဝှက်ဖဲ ဖြစ်သော မဟာမိုးကြိုးအစီအရင်ဖြင့် အားလုံးကို ငရဲပို့ပေးချင်ခဲ့သည်။ ကောင်းကင်ပျံသန်းမြို့တော် လူသတ်မှုကဲ့သို့ပင် သူ့ကို အစွန်းရောက်သည်အထိ တရစပ် ဖိအားပေးလာလျှင် အားလုံး ဖျက်ဆီးပစ်ရန် လက်တွန့်နေမည် မဟုတ်ချေ။ ၎င်းက သူ့ကို ကောင်းကင်ရုံးတော်၏ ထိပ်တန်းတကာ့ထိပ်တန်း ရာဇဝတ်သားဖြစ်လာစေနိုင်သော်လည်း ရွေးချယ်စရာ မရှိ၍ မိုးကြိုးဌာနအား မျိုးဖြုတ်ပေတော့မည်။ တရားဥပဒေဟု တွင်တွင်ပြောနေသော်လည်း အတွင်းပိုင်းအထိ ပုပ်သိုးနေသော ဤဌာနတွင် နောက်ခံမရှိသော ပါရမီရှင်တစ်ယောက်အပေါ် မနာလိုကြသူများနှင့် လောဘတကြီး ဝါးမျိုချင်သူများ ပြည့်နှက်နေကာ သန့်ရှင်းရေး လုပ်သင့်၏။
ယွမ်ရှောင်အတွက် ရွေးစရာ မရှိတော့သဖြင့် တိုက်ပွဲကို ရွေးချယ်ရမည်ဆိုလျှင်လည်း မတွန့်ဆုတ်ချေ။ သူ၏ မူလဝိညာဥ်က ကောင်းကင်ရှိ မဟာအစီအရင်နှင့် ချိတ်ဆက်သွားကာ ချောမောခန့်ညားသော အင်မော်တယ်မျက်နှာကြီး နောက်တစ်ကြိမ် ထွက်ပေါ်လာပေလိမ့်မည်။ ဤတစ်ခေါက်တွင် သူ၏ အစွမ်းအစကို အထင်အမြင်သေးနေသူများအား ရှင်းရှင်းလင်းလင်း မြင်ခွင့်ပေးရန်အတွက် အသင့်ပြင်ထား၏။ သို့ရာတွင် ပိုင်တောက်က ဓားဆွဲ၍ သူ့ထံ ပြေးဝင်လာသော အခိုက်အတန့်တွင် ချောင်ရူ ရုတ်တရက် ထွက်ပေါ်လာကာ လမ်းပိတ်ပြီး အေးစက်စက် စိန်ခေါ်ခဲ့သည်။
"မြို့စားပိုင် မင်းက အင်မော်တယ်ဓားဌာနနဲ့ စစ်ပွဲစချင်နေတာလား"
လမင်းဓားနတ်ဘုရား နောက်ဆုတ်သွားပြီဟု ခန့်မှန်းထားသော ယွမ်ရှောင်သည်လည်း သူမ ဝင်ရောက်စွက်ဖက်မည်ဟု ထင်မထားချေ။
"အဓိပ္ပါယ်မရှိတာတွေ တော်စမ်း။ လမင်းဓားနတ်ဘုရားက နောက်ဆုတ်သွားပြီ"
ပိုင်တောက်က အံကြိတ်၍ ဒေါသတကြီး ဟောက်လိုက်သော်လည်း သူမသည် တခစ်ခစ်ရယ်မော၍ မထီမဲ့မြင် ပြုလိုက်၏။
"ရှင်က အနောက်နန်းဆောင်ကို အထင်သေးနေတာလား။ သူတို့က လုယောင်ကို လိုချင်တယ်လို့ ပြောပြီးပြီ"
ထိုစကားကြောင့် ကျောက်စိမ်းစင်မြင့်အထက်ရှိ မဟာစစ်သူကြီးနှစ်ယောက် ချက်ချင်း ထရပ်လာကာ ချောင်ရူသည် အဆင့်လေး အရာရှိသာ ဖြစ်၍ နိမ့်ကျသော်လည်း အနောက်နန်းဆောင်ကို ကိုယ်စားပြုလိုက်သောအခါ ပိုင်တောက်မှာ မလှုပ်ရဲတော့ပေ။ သူက ယွမ်ရှောင်ကို စိုက်ကြည့်နေပြီး ဒေါသကြောင့် တစ်ကိုယ်လုံး ပေါက်ကွဲမတတ် ဖြစ်လာစဥ် ထပ်မံ လှောင်ပြောင်ခံလိုက်ရပြန်သည်။
"အလောင်းတွေ သင်္ဂြိုဟ်ဖို့ မြန်မြန်လုပ်သင့်တယ်။ အချိန်ဆွဲနေရင် ဒီနေရာမှာ အပုပ်နံ့တွေ ထွက်လာလိမ့်မယ်"
ချောင်ရူ၏ အနောက်တွင် ရပ်နေသော ယွမ်ရှောင်က နှာခေါင်းကို လက်ဖြင့်အုပ်၍ ပြောလိုက်ခြင်း ဖြစ်သည်။
"မင်း...မင်း..."
တစ်ဖက်လူမှာ ဒေါသထွက်လွန်းသော်လည်း ပေါက်ကွဲစရာ နေရာ မရှိသောကြောင့် သွေးများပင် အန်ထွက်လာ၏။
"ကျုပ်က သူတို့ကို တရားမျှမျှတတ အနိုင်ယူခဲ့တယ်။ မင်းက စည်းမျဥ်းချိုးဖောက်ပြီး လုပ်ကြံဖို့ ကြိုးစားခဲ့ပေမယ့် အဖေတစ်ယောက်ရဲ့ ဒေါသကို သနားလို့ ငါက အလျှော့ပေးလိုက်ပါမယ်လေ"
ယွမ်ရှောင်၏ စကားမဆုံးခင်မှာပင် အရပ်ရှစ်မျက်နှာ မဟာစစ်သးကြီး ယွမ်ရင် ဝင်ပြောလာကာ နောက်ဆုတ်ရန် အချက်ပြလိုက်သဖြင့် ပိုင်တောက်သည် တဆတ်ဆတ် တုန်ရီနေသော လက်အစုံနှင့် အလောင်းနှစ်လောင်းကို သယ်ဆောင်ရင်း ထွက်သွားရသည်။
"ပိုင်တောက် တော်လောက်ပြီ"
ထိုအခိုက်အတန့်တွင် အလွန်တိတ်ဆိတ်နေသော်လည်း မိုးကြိုးဌာန၊ အင်မော်တယ်သန်းချီသည် ယွမ်ရှောင်ကို ဝါးစားမတတ် စိုက်ကြည့်နေကြပြီး သတ်ချင်စိတ် ထိန်းမရသော်လည်း အမှန်တကယ် သတ္တိရှိသူ တစ်ယောက်ပင် ပေါ်မလာချေ။ သူတို့က ဒေါသကြောင့် ရူးသွပ်မတတ် ဖြစ်နေစဥ် ယွမ်ရှောင်သည် ချောင်ရူ၏ ခါးလေးကို ဖက်ရင်း ရယ်ကျဲကျဲ ပြောကာ အနားယူရန် ထွက်ခွာသွားခဲ့သည်။
"နောက်ထပ်နှစ်ချီ ကျန်သေးတယ်။ ငါ အချိန်မီ ပြန်လာခဲ့မယ်"
မိုးကြိုးကိုးသွယ် ရင်ပြင်မှ ထွက်ခွာလာပြီးနောက် ယွမ်ရှောင်သည် သူမကို ကျေးဇူးတင်စကားဆိုလိုက်သောအခါ စူးစမ်းလိုဟန်ဖြင့် မေးခွန်း ပြန်ထုတ်လာသည်။
"အချိန်မီ လာကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်ကျသွားရင် ကျုပ် သေရလိမ့်မယ်".
"ဒါပေမယ့် နင့်ဆီမှာ သေရမှာကို ကြောက်တဲ့စိတ် မတွေ့မိပါဘူး"
"ဟန်ဆောင်ထားတာလေ။ စိတ်ထဲမှာ ငါ တကယ်ကြောက်နေတာပါ"
"ငါ ယုံမယ်များ ထင်နေလား။ လုယောင် ပြောစမ်းပါ၊ နင့်နောက်ကွယ်မှာ တကယ်တမ်း ဘယ်သူရှိနေတာလဲ"
သူမသည် ယွမ်ရှောင်၏ ရင်ခွင်အတွင်း တိုးဝင်ကာ ဖက်ထားရင်း မျက်လုံးရွဲကြီးများဖြင့် မော့ကြည့်၍ မေးလိုက်ပြန်သည်။
"ဘယ်သူမှ မရှိဘူး။ ဘာတွေ စိတ်ကူးယဥ်နေတာလဲ"
"မဖြစ်နိုင်တာ။ မင်းနောက်ကွယ်မှာ သေမျိုးလောကရဲ့ အသက်ဓာတ်ကို ပူဇော်သက္ကာရအဖြစ် ဝါးမျိုတာကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းကြီး ရှိနေတယ်မလားါ ဥပမာ ကောင်းကင်ပျံသန်းမြို့တော် လူသတ်မှုလိုမျိုး"
"ဘာလို့ သိချင်တာလဲ"
"ငါ...ငါလည်း ပူးပေါင်းချင်လို့"
"မင်းက တစ်ခါမှ ဒီလိုမလုပ်ဖူးဘူးလား"
သူမ၏ သဘောထားကြောင့် ယွမ်ရှောင် ရုတ်တရက် အံ့သြတကြီး ဖြစ်သွား၏။
"ငါ့စိတ်က ဒါကို သည်းမခံနိုင်ဘူး။ နာမည်လှလှလေးပေးထားရင်တောင် ဒါက လူသတ်၊ အသားစားတာနဲ့ မခြားဘူး"
မိုးကြိုးဌာနတွင် အလွန်တရာ ရှားပါးလှသော လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ယွမ်ရှောင် ချီးကျူးလိုက်မိသည်။
"တကယ်ကို စိတ်ထားကောင်းတာပဲ။ မိုးကြိုးဌာနမှာ မင်းလို လူစားမျိုး များများစားစား မရှိဘူးထင်တယ်"
"မဟုတ်ဘူး။ ရှိကို မရှိတာ။ ဒီစိတ်ကြောင့် ငါပဲ သင်းကွဲ ဖြစ်နေသလို ခံစားရတယ်"
ချောင်ရူက သက်ပြင်းချပြီး နောက်ထပ် စကားဆက်လိုက်သည်။
"ငါ့ဘဝ ဘယ်လောက်ခက်ခဲတယ်ဆိုတာ မင်း မသိဘူး။ သေမျိုးလူသားတွေကို သတ်ပြီး အသက်ဓာတ်တွေ ဝါးမျိုတာကို အင်မော်တယ်တွေက ဘယ်လိုစိတ်နဲ့ လုပ်ရက်ကြတာလဲ။ အစပိုင်းမှာ ဆန့်ကျင်ရင်တောင် တဖြည်းဖြည်းနဲ့ အကုန် လက်ခံသွားတတ်ကြတယ်။ နောက်ဆုံးတော့ နားလည်သွားပါပြီ။ အမြဲတမ်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နေရာမှာ ဘယ်သူမှ နောက်ကျ မကျန်ချင်ဘူးလေ။ အများညီ ဤကို ကျွဲဖတ်ဆိုတဲ့ စကားပုံလိုပေါ့။ ဘယ်လောက်ရက်စက်တဲ့ လုပ်ရပ်ပါစေ၊ လူတိုင်းက လုပ်နေကြရင် တရားမျှတတယ်၊ မှန်ကန်တယ်လို့ အတင်းအကြပ် ယုံကြည်ပစ်လိုက်ကြတာပဲ"
သူမ၏ စကားများသည် ပိုင်လင်းအာအကြောင်း ပြောနေသလိုပင် တူညီပြီး မိုးကြိုးဌာနတွင် လူမသတ်ဖူးသော်လည်း သေမျိုးလောကတွင်မူ ထိုယုံကြည်ချက်ကြောင့် စိတ်တိုင်း သောင်းကျန်းသတ်ဖြတ်နေခြင်းပင်။
"မိုးကြိုးဌာနမှာ ငါက အရူးတစ်ယောက်၊ သင်းကွဲတစ်ယောက် ဖြစ်တယ်။ ငါ့ရုပ်ရည်သာ အတော်လေး မလှဘူးဆိုရင် ဒီအချိန် လမ်းဘေး ရောက်နေလိမ့်မယ်"
စကားပြောနေရင်း သူမက အရူးတစ်ယောက်လို ဖြစ်လာပြီး ယွမ်ရှောင်ကို အဆက်မပြတ် တတွတ်တွတ် တောင်းဆိုခဲ့သည်။
"ငါ့ကို အဖွဲ့အစည်းထဲ ဝင်ခွင့်ပေးပါ။ ဒီနေရာမှာ ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ငါ့လို လူမျိုးတွေ ပုံမှန်အတိုင်း နေနိုင်တဲ့ လောကမျိုး လိုချင်တယ်။ မိုးကြိုးဌာနလို ပုပ်ပွယိုယွင်းနေတဲ့ ပတ်ဝန်းကျင်မှာ ဟန်ဆောင်ရတာ ပင်ပန်းလွန်းတယ်"
ယွမ်ရှောင်က ဆွံ့အသွားသော်လည်း သူမ စိတ်ပျက်သွားမည်ကို စိုးရိမ်၍ အဖြူရောင်မုသား သုံးလိုက်၏။
"မလောပါနဲ့။ ဒီအတိုင်း ဆက်ပြီး သည်းခံထားလိုက်ပါ။ အဖွဲ့အစည်းက မင်းကို အလေးအနက် စဥ်းစားပေးဖို့ ပြောလိုက်မယ်"
"ကောင်းတယ်။ ဒါဆိုရင် အခု ထွက်ပြေးကြမလား"
ချောင်ရူက ပြုံးရွှင်သွားကာ ရုတ်တရက် အမှန်တရား တစ်ခု ပြောလိုက်သည်။
"ဘာလို့ ထွက်ပြေးရမှာလဲ။ ရွေးချယ်ပွဲ မပြီးသေးဘူးလေ"
"တောင်းပန်ပါတယ်။ လမင်းဓားနတ်ဘုရားနဲ့ အနောက်နန်းဆောင်က မင်းကို ကာကွယ်ပေးမယ်ဆိုတာ လိမ်ပြောလိုက်တာပါ။ လမင်းဓားနတ်ဘုရားက မင်းနဲ့ နားခိုရာဂိုဏ်း ပတ်သက်တာကို သိပြီးပြီးချင်း ထွက်ပြေးသွားတာပဲ။ မင်းကို ကယ်ဖို့ ကြိုးစားရင်း ငါ အားလုံးကို အဆက်အသွယ် ဖြတ်လိုက်မိပြီ။ အခု ထွက်ပြေးပြီး နင့်အဖွဲ့အစည်းမှာ ခိုလှုံဖို့ကလွဲရင် ရွေးစရာ မရှိတော့ဘူး"
"လခွမ်း သေလိုက်ပါတော့ကွာ"
ချောင်ရူ၏ တစ်ဖက်သတ်အမြင့်ဖြင့် ကြံစည်ထားသော အစီအစဥ်မှာ ယွမ်ရှောင်အတွက် ဆိုးရွားလွန်းနေသဖြင့် ကိုယ့်နဖူးကိုသာ လက်ဝါးဖြင့် ရိုက်မိလိုက်လေသည်။