အခန်း (၆၀၃-၆၀၄)
Vol. 45 Ch. 603-604
အပိုင်း ၆၀၃ - ရန်စခြင်း
တိုက်ပွဲအပြီး ယွမ်ရှောင်သည် အနားယူရန် အချိန်ရသဖြင့် ထောင့်တစ်နေရာတွင် ရှေးဟောင်းဟင်းလင်းပြင် ကျင့်စဥ်ကို ကျင့်ကြံရင်း မူလဆေးလုံးများနှင့် သုံးရောင်ခြယ် ဆေးလုံးများ အသုံးပြု၍ ခွန်အားမြှင့်တင်နေခဲ့သည်။ မိုးကြိုးဌာနအတွင်း လူမုန်းများလာခြင်းသည် သူ၏ စရိုက်၊ ပါရမီနှင့် မသက်ဆိုင်ဘဲ ဆန့်ကျင်ဘက်တွင် ရပ်တည်နေသောကြောင့် ဖြစ်၏။ အကယ်၍ သူသာ ဓားဌာနကို စွန့်ပစ်ပြီး မိုးကြိုးဌာနသို့ ပြန်လည်ဝင်ရောက်လာလျှင် လူအုပ်ကြီးသည် တခဲနက် ထောက်ခံအားပေးကြပေလိမ့်မည်။ သူ့ကို အမှန်တကယ် မုန်းတီး၍ မနာလိုနေသူများမှာ အဆင့်မြင့်အရာရှိ တစ်ရာကျော်နှင့် သူတို့၏ မျိုးဆက်သာ ဖြစ်၍ သာမန်အင်မော်တယ်များမှာ ဦးဆောင်သူများ ကြိုးဆွဲရာ ကနေသော ရုပ်သေးများအလားပင်။
အနားယူချိန်အတွင်း ယွမ်ရှောင်သည် အတ္တနတ်ဘုရား နယ်ပယ်၊ အခြေတည်အဆင့်သို့ ရောက်ရှိသွားသော်လည်း နောင်တရသလို ခံစားနေရ၏။ အကြောင်းမှာ ကြယ်ပြာသည် သူ စုဆောင်းထားသော အင်မော်တယ်ကျောက်စိမ်း တစ်သန်းနီးပါး ကုန်ပြီဟု ပြောလာခဲ့သည်။
"အင်မော်တယ်ကျင့်ကြံတာက အကုန်အကျများတယ်လေ"
ကြယ်ပြာက ချောင်းဟန့်၍ အရှက်မရှိ ပြောလာသော်လည်း အမှန်တကယ်အားဖြင့် သုံးစွဲရန် အရင်းအမြစ်များ သိမ်းဆည်းထားကြောင်း သူ နားလည်သဖြင့် ရှည်ရှည်ဝေးဝေး ပြောမနေတော့ပေ။ အကယ်၍ သူသာ အနိုင်ရလျှင် တက်လမ်းပွင့်သွားမည် ဖြစ်ကာ ရှုံးနိမ့်ခဲ့လျှင် မိုးကြိုးဌာနကို ရှင်းလင်းရေးလုပ်၍ ကောင်းကင်ရုံးတော်၏ ဝရမ်းပြေး ဖြစ်ပေလိမ့်မည်။ ဆုံးရှုံးစရာ မရှိသောကြောင့် သူက စိတ်ဓာတ်တက်ကြွနေကာ လူပေါင်းသန်းချီ ပြစ်တင်ဆဲဆိုခဲ့သော်လည်း လျစ်လျူရှုထား၏။ ပါးစပ်စည်းမစောင့်သော ဟယ်ပု အရှုံးပေးခဲ့သော်လည်း သတ်ဖြတ်ရန် လက်မတွန့်ခဲ့သောကြောင့် ဥပဒေကို ဂရုမစိုက်ကြောင်း ပေါ်လွင်နေကာ ရန်လိုမှုများ ထပ်မံ ဖြစ်ပေါ်လာစေသည်။
"ဒီကောင် အခုထိ မသေနိုင်သေးဘူးလား"
မိုးကြိုးဌာန၏ အင်မော်တယ်တိုင်း ဤသို့ တွေးမိကြပြီး နောက်ဆုံးအချီ ဖြစ်သောကြောင့် ပရိသတ်ပိုများပြားလာကာ အရေအတွက် တစ်သန်းခွဲမက ပွဲကြည့်စင်များတွင် ပြည့်နှက်နေ၏။ စိုးရိမ်ပူပန်နေသော ချောင်ရူက ရုပ်ဖျက်၍ လူအုပ်ကြီးအတွင်း ရောနှောလျက် ရှိပြီး မုန်တိုင်း ဗဟိုချက်ဖြစ်သော ယွမ်ရှောင်ကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။
"သူက ဘာကြောင့် ဒီလောက်ရဲရင့်ရတာလဲ"
သူမ နားမလည်နိုင်သော်လည်း ရဲတင်းလှသော သတ္တိမျိုးက ဆွဲဆောင်မှုအပြည့် ရှိကာ နှလုံးခုန်သံ မြန်လာစေခဲ့သည်။ မိုးကြိုးအဆင့်သတ်မှတ်ချက်တွင် တွဲဆိုင်းများ ထွက်ပေါ်လာတော့မည် ဖြစ်ကာ ဤတစ်ကြိမ်၌ ချောင်ရှန်းတစ်ယောက် သေချာပေါက် ကြိုးကိုင်ခြယ်လှယ်ထားပေလိမ့်မည်။ နောက်ဆုံးအချီ ကျင်းပရန် အချိန်ကျသောအခါ အလင်းမျက်နှာပြင်က ရုတ်တရက် တောက်ပလာ၍ လူတိုင်း စောင့်ကြည့်နေစဥ် အမည်နှစ်ခု ပထမဆုံး ထွက်ပေါ်လာ၏။
"ဖုန်းချီနဲ့ လုယောင်၊ တိမ်တိုက်အမှတ်တစ်"
ပထမအမည်သည် ကိုယ်ချင်းစာစိတ်ဖြင့် ထောက်ခံအားပေးသူ များစွာ ရှိကာ ဒုတိယအမည်က ပြစ်တင်ရှုံ့ချမှုဖြင့် ရန်လိုခံနေရသည်။ သတ္တမအချီကတည်းက ပထမဆုံး တိုက်ခိုက်နေရသောကြောင့် လုယောင်အပေါ် မိုးကြိုးဌာန၏ အဆင့်မြင့်အရာရှိများ စွန့်ပစ်လိုက်ကြောင်း သိသာစေသည်။ ငတုံးတစ်ယောက် မဟုတ်လျှင် အမြဲတမ်း သန်မာသော ပြိုင်ဘက်များနှင့် ပထမဆုံး တိုက်ခိုက်နေရသည်မှာ သွေးရိုးသားရိုး မဟုတ်ကြောင်း နားလည်ပေလိမ့်မည်။ မိုးကြိုးဌာနက လုယောင်ကို ပေါ်တင် ပစ်ပယ်လိုက်သောအခါ ရန်လိုသူများ ပို၍ ရဲတင်းလာကာ လှောင်ပြောင်သံများ ထိန်းချုပ်မရတော့ချေ။
တိုက်ပွဲတစ်ခုချင်းစီတွင် တိမ်တိုက်များ ပေါင်းစပ်သွားသောအခါ အမှတ်တစ်သည် လက်ရှိ၌ ကြီးမားနေပြီဖြစ်ကာ မိုးချုန်းသံ တဝုန်းဝုန်း မြည်ဟီး၍ လျှပ်စီးရေကန်တစ်ခုပမာ ထင်မှတ်ရသည်။ အင်မော်တယ်ပေါင်း တစ်သန်းကျော်က ၎င်းကို စောင့်ကြည့်နေကြပြီး ဖိအားမှာ ပြင်းထန်လွန်းသဖြင့် စိတ်ဓာတ်အားနည်းသူ တစ်ယောက်ဆိုလျှင် ဒူးထောက်ကျသွားနိုင်၏။ သို့သော် ယွမ်ရှောင်သည် မိုးပြာရောင် ဓားကို ဆွဲထုတ်ကာ အချိန်မဖြုန်းလိုဟန်ဖြင့် ချက်ချင်း ခုန်တက်သွားရင်း မျက်နှာတွင် အပြုံးတစ်ခု ရှိနေရာ မည်သည်မှ ဂရုမစိုက်ကြောင်း ထင်ရှားပေသည်။ သူက သေရည်တစ်အိုးကို မော့သောက်ကာ အရသာခံနေရင်းဖြင့် ကျောက်စိမ်းဖြူစင်မြင့်ထံ ဓားဖြင့် ညွှန်ပြကာ ကျယ်လောင်စွာ စိန်ခေါ်လိုက်၏။
"ဖုန်းချီ ဆင်းလာစမ်း။ မင်းကောင်မဆီ လိုက်သွားရအောင် ပို့ပေးမယ်"
လေပြင်း လျှပ်စီးမုန်တိုင်းတစ်ခု တိုက်ခတ်သွားသည်နှင့် တပြိုင်နက် ပုံရိပ်တစ်ခု ထပ်မံ တက်ရောက်လာကာ မျက်ဝန်းများအတွင်း ရေဝဲများ လှိုင်းထန်နေသည်။ ၎င်းက ကောင်းကင်တစ်ခုတည်းအောက်တွင် အတူမနေလိုဟန်ဖြင့် မီးဝင်းဝင်းတောက်၍ ကျောနောက်ဘက်၌ မိုးကြိုးများ ရစ်ခွေနေသော လေဆင်နှာမောင်းကြီးတစ်ခု တိုက်ခတ်နေသည်။ ဤစွမ်းအားအရ ဖုန်းချီသည် မိုးကြိုးဌာန၏ အရေးကြီးသော ဝိညာဥ်လမ်းစဥ် ပါရမီရှင်တစ်ယောက်ဖြစ်ကာ ပိုင်လင်းအာထက် များစွာပို၍ အလေးထားခံရပုံပေါ်သည်။ ကောင်းကင်ရုံးတော်တွင် လမ်းစဥ်လေးခုအနက် ဝိညာဥ်လမ်းစဥ် တိုက်ကွက်များသည် ခန့်မှန်းရခက်သောကြောင့် အဆင့်တူချင်းတွင် ပြိုင်ဘက်ကင်းသလောက်ပင်။
ထို့နောက် ဖုန်းချီသည် လက်နှစ်ဖက်ဖြန့်ကာ မုန်တိုင်းကို ရှေ့ပို့လိုက်ပြီး မူလဝိညာဥ် ဆင့်ခေါ်လိုက်သဖြင့် ကြားရသူအပေါင်း ဦးရေပြား ကျိန်းစပ်သွားသည်အထိ စူးစူးရှရှ အသံတစ်ခု ထွက်လာ၏။ ဒေါသနှင့် အမုန်းကြောင့် သတ်ဖြတ်လိုစိတ်က အမြင့်ဆုံးရောက်နေပြီး စကားတစ်ခွန်းမှ မပြောဘဲ ယွမ်ရှောင်ကို တိုက်ခိုက်လာသောအခါ ဝိညာဥ်အမျိုးအစား ဖန်ဆင်းရှင်မျိုးစေ့ ပိုင်ရှင် ဖြစ်ကြောင်း ကြယ်ပြာမှ အတည်ပြုပေးလိုက်သည်။
လျှပ်စီးများ ခြံရံထားသည့် လေမုန်တိုင်းအတွင်း ရောက်ရှိသွားသောအခါ ယွမ်ရှောင်သည် လျှပ်စီးဝိညာဥ်၏ တိုက်ခိုက်ရေးစွမ်းအားကို ခံစားမိခဲ့သည်။ တိုက်ပွဲက အရေးပါသောကြောင့် အစွမ်းထက် ပြိုင်ဘက်နှင့် ရင်ဆိုင်ရချိန်တွင် သူက မစွန့်စားလိုသောကြောင့် နည်းနည်းလေးပင် မပေါ့ဆရဲချေ။
"နှင်းခဲဓားသိုင်း"
သူကလည်း ပြင်းပြင်းထန်ထန် ပြန်လည် တိုက်ခိုက်ရန် ဆုံးဖြတ်ကာ ဓားမြှောင်သိုင်းကွက် ထုတ်ဖော်လိုက်၏။ ၎င်းက ရာသီဥတုအပေါ် အခြေခံထားသော တိုက်ကွက် ဖြစ်ကာ ဓားလမ်းကြောင်းရှိ လေထုကိုပင် အေးခဲသွားစေပြီး မိုးကြိုးများ ရောယှက်ပေါက်ကွဲပေလိမ့်မည်။ ထိုဓားကွက်အပြင် မူလဝိညာဥ်သည်လည်း ဓားမြှောင်ဖြင့် တပြိုင်နက် တိုက်ခိုက်လိုက်ပြီး အထက်အောက် နှစ်ဖက်ညှပ်ကာ ရှောင်တိမ်းရန် ခဲယဥ်းလှ၏။ သူက ဤဓားသိုင်းကို ပိုမို အစွမ်းထက်လာစေရန် ပြုပြင်မွမ်းမံထားကာ ပတ်ဝန်းကျင်၌ နှင်းနယ်မြေတစ်ခု ဖြစ်ပေါ်လာရင်း ဖုန်းချီကို ဝါးမျိုသွား၏။
"မင်း သေရမယ်"
ဖုန်းချီကမူ ဓားချက်ကို လျစ်လျူရှုထားကာ ဝိညာဥ်တိုက်ကွက်တွင်သာ အာရုံအပြည့်စိုက်ထားပြီး လေဆင်နှာမောင်းကြီးသည် ဧရာမ မျက်လုံးကြီးအသွင် စုစည်းသွား၏။ ၎င်းက လေနတ်ဘုရား မိုးကြိုးမျက်လုံး ဝိညာဥ်သိုင်း ဖြစ်ကာ ယွမ်ရှောင်၏ ဓားချက် ပို၍ ကြောက်စရာကောင်းပြီး ဧရာမ မျက်လုံးကြီး အဖွင့်အပိတ် လုပ်လိုက်တိုင်း ဝိညာဥ်လှိုင်းများ ဖြာထွက်လာသဖြင့် အသံကြားရုံနှင့် သာမန်အင်မော်တယ်များ ခေါင်းကိုက်ကုန်သည်။ ဧရာမ မျက်လုံးကြီးက လမ်းပိတ်ထားသော ဓားမြှောင်သည် နှေးကွေးလာကာ ဖြတ်သန်းသွားရန် ရုန်းကန်နေရပြီး မူလဝိညာဥ်၏ ဓားချက်မှာလည်း လျင်မြန်စွာ ဖြိုခွင်းခံလိုက်ရသည်။ ဧရာမမျက်လုံး၏ ဝိညာဥ်လှိုင်းဖြင့် ထိလိုက်မိသည်နှင့် တပြိုင်နက် မူလဝိညာဥ် စူးခနဲ အောင့်သွားသောကြောင့် ဝိညာဥ်လမ်းစဥ် အင်မော်တယ်တစ်ယောက် ကြောက်စရာကောင်းပုံကို ယွမ်ရှောင် နားလည်သွားသည်။
ကံကောင်းသည်မှာ ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်က အားမနည်းလှသောကြောင့် နောက်ဆုံးတွင် မိုးကြိုးမျက်လုံးကို ကျော်ဖြတ်ကာ ဖုန်းချီအနား ရောက်သွားနိုင်ခဲ့သည်။ သို့သော် သူက ကြောက်ရွံ့ဟန် တစ်စက်မျှ မပြဘဲ စိန်ခေါ်ရန် တစ်ချက် စိုက်ကြည့်ကာ လေနတ်ဘုရား မိုးကြိုးမျက်လုံးကို ယွမ်ရှောင်အနားတွင် ပိုက်ကွန်ပမာ ဖြန့်ကျက်ပစ်လိုက်၏။
"ဘယ်သူအရင်သေမလဲ ကြည့်ရသေးတာပေါ့"
ဝိညာဥ် လမ်းစဥ် ဖြစ်စေ၊ ဓားလမ်းစဥ် ဖြစ်စေ တိုက်စစ်ကိုသာ ဦးစားပေး၍ တစ်ချိန်လုံး တည်ငြိမ်နေခဲ့သော ယွမ်ရှောင်သည် သူသေကိုယ်သေ မဖြစ်စေရန် အသက်တံဆိပ်ကို ခရမ်းရောင် ရုန်းထီး အသွင်ပြောင်းကာ နောက်ဆုတ်ရင်း ကျော့ရှင်းစွာ ကာကွယ်လိုက်၏။
"ဝေါင်း"
ဟိုက်ဒရာ နဂါးတံဆိပ်မှ အသွင်ပြောင်းထားသော ရုန်းထီး၏ ထီးကိုင်းများအဆုံးတွင် ရှိသည့် နဂါးခေါင်းကိုးလုံးက ဟိန်းဟောက်ရင်း အဆက်မပြတ် လှည့်ပတ်နေကြသည်။ လေနတ်ဘုရား မိုးကြိုးမျက်လုံး ဘုန်းခနဲ ပေါက်ကွဲသွားသောအခါ ရုန်းထီးသည် စတင် ပျက်စီးလာကာ ယွမ်ရှောင်လည်း ဆက်တိုက် နောက်ဆုတ်နေရပြီး ဝိညာဥ်ကို ထိခိုက်စေသောကြောင့် ဖုန်းချီ၏ အရည်အချင်းကို ထင်ထင်ရှားရှား သိလိုက်ရလေသည်။
အပိုင်း ၆၀၄ - ဒန်တန်ထောင်ချောက်
လေနတ်ဘုရား မိုးကြိုးမျက်လုံး ပေါက်ကွဲသွားသော်လည်း ယွမ်ရှောင်ကို မသတ်နိုင်ဘဲ ဝိညာဥ်အင်မော်တယ်တစ်ယောက်ထက် ပို၍ မြန်မြန် လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။ ဓားမြှောင်က ရုတ်တရက် လမ်းကြောင်းပြောင်းကာ လေထဲတွင် နှစ်ကြိမ်ဆက်တိုက် ပေါက်ကွဲ၍ အရှိန်မြန်လာသည်။ တစ်ချိန်တည်းမှာပင် ပျက်စီးကာနီး ဖြစ်နေသော ရုန်းထီးသည် ခန္ဓာကိုယ်အထက်တွင် ရုန်းများအဖြစ် ပေါင်းစပ်လာကာ ချီစွမ်းအားကို မြှင့်တင်ပေးလိုက်၏။
"နှလုံးကြေကွဲသံစဥ်"
သူက လက်ဟန်တစ်ချက် ပြုလုပ်ကာ တာအိုဂါထာ အသုံးပြုရင်း ဧရာမ မိုးကြိုးစက်လုံးကြီးတစ်ခု ဖွဲ့စည်း ပစ်ခတ်လိုက်သောအခါ ဖုန်းချီတစ်ယောက် မျက်နှာပျက်သွား၏။ ခေါင်းအထက်မှ ဓားမြှောင်တစ်လက် ဆင်းသက်လာကာ ခြေထောက်အောက်တွင် မိုးကြိုးစွမ်းအင်လုံးကြီး ထိုးတက်လာသဖြင့် ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်လိုက်ခြင်းပင်။
"ဒါကို ရှောင်လို့မရတော့ဘူး။ ဒီတော့ အဖေ့ အလှည့်ရောက်ပြီ"
သူ၏ မျက်နှာအထက်တွင် အကြောက်တရား ထင်ဟပ်နေရမည့်အစား တည်ငြိမ်နေကာ အလွန်တိုးညှင်းစွာ ရေရွတ်လိုက်သဖြင့် မည်သူမျှ မကြားခဲ့ပေ။
"ဒီလို မဖြစ်သင့်ဘူး"
ဖုန်းချီတစ်ယောက် ယွမ်ရှောင်၏ လက်အောက်တွင် အသတ်ခံရမည်ကို မိုးကြိုးဌာန၏ အင်မော်တယ်များ လက်မခံနိုင်ကြပေ။ အပြင်လူတစ်ယောက်သည် မိုးကြိုးဌာန၊ ရွေးချယ်ပွဲမှတဆင့် သူတို့၏ ပါရမီရှင်များကို ကျော်တက်ကာ အဆင့်ခြောက် အရာရှိ ဖြစ်လာမည့်အကြောင်း တွေးပင် မတွေးလိုကြချေ။ ထိုအချိန်မှာပင် အမုန်းတရားများ ပြည့်နှက်နေသော မျက်ဝန်းများသည် ခံစားချက်ကင်းမဲ့သော အကြည့်အဖြစ် ရုတ်တရက် ပြောင်းလဲသွားကာ မူလဝိညာဥ် ပြောင်းလဲနေသည်ကို အစမှအဆုံးတိုင်အောင် မည်သူမျှ မြင်နိုင်စွမ်း မရှိခဲ့။ မျိုးရိုးဆက်နွယ်မှုအရ ဖခင်နှင့် သား၏ မူလဝိညာဥ်များ ချက်ချင်းဆိုသလို ပေါင်းစပ်ကာ တိုက်ခိုက်ရေးစွမ်းအား ဆယ်ဆမက ထိုးတက်လာ၍ ကြောက်မက်ဖွယ် ပိုကောင်းလာပေသည်။
"ဒီကောင်လောက်ကတော့ စာမဖွဲ့ဘူး"
သူက အေးစက်စက် လှောင်ပြောင်ရင်း ဘယ်လက်တွင် ဝိညာဥ်စွမ်းအင်များ စုစည်းကာ ဓားမြှောင်ကို ဖမ်းချုပ်လိုက်၏။ ညာလက်ဖြင့် အောက်မှ အထက်သို့ တက်လာသော မိုးကြိုးစက်လုံးကြီးကို ဖိချလိုက်သဖြင့် ပေါက်ကွဲသွားသော်လည်း လျှပ်စီးများအကြား အထိအခိုက်ပင် မရှိခဲ့ချေ။ ဖုန်းချီ၏ သေရေးရှင်ရေး အခြေအနေသည် ဖုန်းရွှမ် ဝင်ပူးလိုက်သောအခါ လွယ်လင့်တကူ ဖြေရှင်းခံလိုက်ရပြီး ယွမ်ရှောင်၏ အသေသတ် တိုက်ကွက်ကို ချေဖျက်ပြလိုက်ခြင်းပင်။
"ဖုန်းချီ၊ လုယောင်ကို သတ်စမ်း"
ဤမြင်ကွင်းက ပရိသတ်များကို ရူးသွပ်မတတ် ကျေနပ်သွားစေကာ ကောင်းကင်တုန်လောက်သည်အထိ အော်ဟစ်အားပေးရင်း ဝမ်းသားလုံးဆို့နေကြသည်။ သို့သော် အရာရှိများကမူ အခြေအနေကို နားလည်ဟန်ဖြင့် မဟာစစ်သူကြီးနှစ်ယောက် ခြံရံလျက် တင်ပျဥ်ခွေထိုင်နေသည့် နယ်စားဖုန်းရွှမ်ထံ ပြိုင်တူ အကြည့်ရောက်သွား၏။ ချောင်ရှန်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော ကျင့်စဥ်တစ်ခုကို အမှတ်ရသွားကာ အမှတ်တမဲ့ ပြောလိုက်မိသော်လည်း ကူကျန်းရှောင်က အကြည့်တစ်ချက်ဖြင့် ပါးစပ်ပိတ်သွားစေသည်။
"ဒါ...ဒါက ဝိညာဥ်ပူးကပ်ပြီး လူသတ်တာလား"
သူ၏ အမြင်တွင် အဆင့်နှစ် ကောင်းကင်အရာရှိတစ်ယောက် ကိုယ်တိုင် လှုပ်ရှားလျှင် ထိုလူငယ်လေး သေချာပေါက် သေရမည်ဟု တွက်ထားခဲ့သည်။ အကယ်၍ တစ်ဖက်လူသာ နှိမ့်နှိမ့်ချချ နေထိုင်၍ ရွေးချယ်ပွဲ၌ အနိုင်ရလျှင် ချောင်လင်မယားအတွက် အကျိုးရှိမည် ဖြစ်သောကြောင့် နှမြောစရာပင်။ ပွဲကြည့်စင်ဘက်တွင်မူ သာမန်အင်မော်တယ်များသည် ဝိညာဥ်လမ်းစဥ်၏ လျှို့ဝှက်ကျင့်စဥ်များအကြောင်း နားမလည်သဖြင့် ဖုန်းချီ ရုတိတရက် အစွမ်းထက်လာခြင်းမှာ အံ့သြဘနန်း ဖြစ်စေသည်။
တိမ်တိုက်အမှတ်တစ်ရှိ မိုးကြိုးစွမ်းအင် အားလုံးသည် ဖုန်းချီ၏ လက်ထံ စီးဝင်လာကာ လေထဲ ပျံတက်သွား၍ ဆံပင်များ လွင့်ပျံရင်း မမြင်နိုင်သော မူလဝိညာဥ်ဖြင့် ယွမ်ရှောင်အပေါ် ဖိအားပေးနေသည်။
"ဒါက ဖုန်းချီ မဟုတ်ဘူး။ ဖုန်းရွှမ်မလား။ အငယ်ကို မနိုင်လို့ အကြီးက ဝင်ပါတယ်။ ဒီနေရာက တကယ်ကို ပျက်စီးပုပ်သိုးနေတာပဲ"
ပြိုင်ဘက်၏ ရုတ်တရက် အပြောင်းအလဲကို ယွမ်ရှောင်က ကိုယ်တိုင် ကြုံနေရသဖြင့် အခြေအနေမှန်ကို သဘောပေါက်ရန် မကြာလိုက်ပေ။ ဝိညာဥ်အရှိန်အဝါဖြင့် ပြင်းထန်စွာ ဖိအားပေးခံနေရသောကြောင့် သူ၏ မူလဝိညာဥ်ကို ခန္ဓာကိုယ်အတွင်း ပြန်လည် သိမ်းဆည်းခဲ့ရ၏။
"ဒါဆိုရင် ငါတို့လည်း မတရားတာမျိုး လုပ်လိုက်ကြမလား။ ဒီဘိုးတော်ကို ရန်စပြီး မင်းကို ချက်ချင်း သတ်မယ့်အစား တစ်သက်လုံး ညှင်းပန်းနှိပ်စက်ချင်စိတ် ပေါက်လာအောင် လုပ်လိုက်။ မင်းရဲ့ ဒန်တန်ထဲကို သူတို့ရဲ့ မူလဝိညာဥ် ရောက်လာရင် ငါ့တာဝန်ထားလိုက်"
ကြယ်ပြာက စိတ်ချင်းဆက်သွယ်၍ ညွှန်ကြားလာကာ အရင်းအမြစ်များကို စားသောက်ရသည့် အကျိုးကျေးဇူးကို သက်သေပြချင်၍ မစောင့်နိုင် ဖြစ်နေပုံပေါ်သည်။ ယွမ်ရှောင်အတွက် ဤအကြံအပြင် မဟာမိုးကြိုးအစီအရင်ဖြင့် တိုက်ခိုက်နိုင်သော်လည်း ကောင်းကင်ရုံးတော်၏ အတွင်းပိုင်းသို့ ထိုးဖောက်ချင်နေသေးသဖြင့် ဝရမ်းပြေးတစ်ယောက် ဖြစ်ရန် မလိုလားပေ။
"ငါ့ဓားက ပိုင်လင်းအာရဲ့ခေါင်းထဲကို ဖောက်ဝင်သွားတော့ ဒီကောင်မ တော်တော်လေး ခံစားသွားရတာကို မင်း သေချာ မြင်လိုက်လား"
"ပါးစပ်ပိတ်ထားစမ်း"
ထိုစကားကြောင့် ဖုန်းချီ၏ မူလဝိညာဥ် အဆမတန် ဒေါသထွက်လာကာ ရုပ်ခန္ဓာ၏ မျက်လုံးများပင် ရဲရဲနီသွား၏။
"မင်း ငါ့ကို သတ်လိုက်ရင်တောင် ဘာထူးလို့လဲ။ ဒီကောင်မက အသက်ပြန်ရှင်လာမှာလား။ မိုးကြိုးဌာနရဲ့ ထိပ်တန်းပါရမီရှင်ကြီး မလုပ်နိုင်တာလည်း ရှိသေးတာပဲ ဟား ဟား"
သူက အရူးတစ်ယောက်ပမာ ဟားတိုက်ရယ်မောနေသောအခါ ကြိုတင်အကွက်ချထားသည့်အတိုင်း ဖုန်းချီ၏ သတ်ဖြတ်လိုစိတ်များ ရုတ်တရက် ပျောက်ကွယ်သွားကာ တစ်လုံးချင်း ပြောလာ၏။ ဖခင်ဖြစ်သူ ဖုန်းရွှမ်ကိုယ်တိုင်ကလည်း ခွင့်ပြုချက်ပေးလိုက်ပြီး တစ်ဖက်လူသည် ဤအခြေအနေအတိုင်း ဖြစ်လာအောင် ကျုံးသွင်းနေသည့်အချက်အား ပေါ့ဆသွားမိသည်။
"လုယောင်၊ ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်လိုက်နိုင်တာပဲ။ မင်းကို မြန်မြန် သေခွင့်မပေးနိုင်ဘူး။ မင်းရဲ့ဝိညာဥ်ကို ဓားအစင်းပေါင်းတစ်ထောင်နဲ့ ထိုးစိုက်ထားသလို ထာဝရ ခံစားခိုင်းမယ်"
ဖုန်းချီ စကားပြောနေရင်း ကြောက်မက်ဖွယ် မူလဝိညာဥ်တစ်ခု ဆင်းသက်လာကာ နေကိုးစင်းဒန်တန်၏ အတွင်းပိုင်းသို့ ထိုးဖောက် ဝင်ရောက်သွားသည်။ ဖုန်းချီ၏ ဒေါသနှင့် ဖုန်းရွှမ်၏ စွမ်းအားများ ပေါင်းစပ်ထားသော ပေါင်းစပ်ဝိညာဥ်သည် ယွမ်ရှောင်၏ မူလဝိညာဥ်ထက်စာလျှင် စွမ်းအားရော ကျင့်ကြံဆင့်အရပါ အဆပေါင်းများစွာ ပို၍ သာလွန်နေ၏။
"ဘုန်း"
၎င်းသည် အပြာရောင် လျှပ်စီးများ ဖြာထွက်နေသော လက်ကို ဆန့်ထုတ်ကာ သူ၏ မူလဝိညာဥ်ကို ဖမ်းချုပ်ကာ ထိန်းချုပ်ခံလိုက်ရလျှင် ယွမ်ရှောင်က အသိစိတ်မဲ့ ရုပ်ခန္ဓာ အခွံသာ ကျန်ရစ်သည်အထိ ရှုံးနိမ့်သွားပေလိမ့်မည်။
"ဟား ဟား"
ပေါင်းစပ်ဝိညာဥ်က ကျေနပ်စွာ အောင်ပွဲခံနေစဥ် အနက်ရောင် ကြေးခေါင်းတလားတစ်ခု ဒန်တန်အတွင်း ရုတ်တရက် ထွက်ပေါ်လာကာ အဖုံးဖွင့်၍ ၎င်းကို ဝါးမျိုသွားခဲ့သည်။
"ဒါက ဘာကြီးလဲ"
အဖုံးပိတ်သွားသော ခေါင်းတလားအတွင်းမှ ဖုန်းရွှမ်၏ အော်သံနက်ကြီး ဒေါသပြင်းထန်စွာ ထွက်လာ၏။
"မြန်မြန်လုပ်။ ဒီဝိညာဥ်ကို သန့်စင်ပစ်လိုက်"
ရန်သူကို ဖမ်းချုပ်ထားရသော စက္ကန့်တိုင်းအတွင် အင်မော်တယ်ကျောက်စိမ်းများ အသုံးပြုနေရသဖြင့် ကြယ်ပြာက အလောတကြီး အော်ဟစ်သတိပေးသည်။ ယွမ်ရှောင်၏ မူလဝိညာဥ်သည်လည်း အချိန်ဆိုင်းမနေဘဲ အခေါင်းပေါ် ပြေးတက်လိုက်သောအခါ အဖုံးအထက်တွင် ကျင့်စဥ်တစ်ခု၏ စာသားများ ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာ၏။
"ဗောဓိသတ္တရတနာ ကျင့်စဥ်"
၎င်းသည် ရှေးဟောင်း ဟင်းလင်းပြင်၊ ကပ်ဘေးမိစ္ဆာသွေးကဲ့သို့ အစွမ်းထက် ကျင့်စဥ်များနှင့် တန်းတူ လိုက်နိုင်သော ကျင့်စဥ်တစ်ခု ဖြစ်ပုံရသဖြင့် သူ့ကို တည်ငြိမ်အေးဆေးသွားစေသည်။
"ဘာလို့ လှုပ်ရှားမှု မရှိတော့တာလဲ"
တိမ်တိုက်အမှတ်တစ် အထက်တွင် ကြမ်းကြမ်းတမ်းတမ်း တိုက်ပွဲဝင်နေသူ လူငယ်နှစ်ယောက်လုံး အိပ်မောကျနေပုံရသောကြောင့် ပရိသတ်များ မစဥ်းစားတတ်အောင် ဖြစ်ကုန်၏။
"သူတို့က ဝိညာဥ်ချင်း တိုက်ခိုက်နေကြတာဆိုရင် လုယောင်တော့ သေပြီ"
"ဖုန်းချီက သူ့ဝိညာဥ်ကို ထာဝရ နှိပ်စက်ချင်နေတာများလား"
အမြင်ကျယ်သူအချို့က ရှင်းပြလိုက်သောအခါတွင်မှ သာမန်အင်မော်တယ်များ နားလည်သွားကြပြီး ဖုန်းချီ၏ အနိုင်ပွဲဟု တထစ်ချ လက်ခံခဲ့ကြ၏။ အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာကာ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းပြီးချိန်တွင် အော်သံနက်ကြီး တစ်ခု ထွက်လာကာ တိမ်တိုက်အမှတ်တစ်ပေါ်မှ လူတစ်ယောက် ဇောက်ထိုးပြုတ်ကျသွားသည်။
"မဖြစ်နိုင်ဘူး"
"ငါ အမြင်မှားနေတာမလား"
ပြုတ်ကျသွားသူမှာ ဖုန်းချီဖြစ်နေသောကြောင့် ပရိသတ်များ မယုံကြည်နိုင်လောက်အောင် မင်သက်နေကြပြီး အဆင့်မြင့်အရာရှိများလည်း ထိုင်နေရာမှ အလန့်တကြားဖြင့် ပြိုင်တူ မတ်တပ်ရပ်လိုက်မိကြသည်။
"အစ်ကိုဖုန်း ဘာတွေ ဖြစ်ကုန်တာလဲ"
ယွမ်ရင်က အနားရှိ ဖုန်းရွှမ်ကို လှည့်ကြည့်၍ အကျိုးအကြောင်း မေးလိုက်သောအခါ ကျန်အရာရှိများလည်း စူးစမ်းလိုက်ကြ၏။ ထိုအခိုက်အတန့်တွင် ဖုန်းရွှမ်၏ ခန္ဓာကိုယ်မှ ဖြာထွက်နေတတ်သော ဝိညာဥ်စွမ်းအားများ ထူးထူးဆန်းဆန်း ပျောက်ကွယ်ကာ ဘေးဘက်သို့ ခေါင်းငိုက်စိုက်ကျကာ မျက်လုံးအပြူးသားဖြင့် ထိုင်ခုံပေါ်မှ ကြမ်းပြင်ရောက်သည်အထိ အရိုးမပါသည့်အလား လျှောကျသွားလေသည်။