မြင့်မြတ်နယ်မြေ၏ အခြေအနေ
Vol. 59 Ch. 621
ထန်ထျန်း၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ အရက်သမားကြီးက မျက်ခွံကို အသာပင့်ကြည့်ကာ နာမကျန်းဖြစ်နေသူတစ်ဦးကဲ့သို့ လေးတိလေးကန် လေသံဖြင့် ပြောလိုက်သည်။ "ဒီဈေးကို ငါရေးထားတယ်ဆိုကတည်းက ဒီဈေးနဲ့ တန်လို့ပေါ့"
"ငါ့ကို ငှားချင်ရင် ပိုက်ဆံပေး၊ မငှားချင်ရင် လစ်တော့"
သူက မချေမငံ ပြောဆိုလိုက်ပြီး အတော်လေးကို ဘဝင်မြင့်နေသည့် ပုံစံမျိုး ဖမ်းနေသည်။
သို့သော် ကံမကောင်းသည်မှာ ထန်ထျန်းက သူ၏ရှေ့တွင် ဤမျှ ဘဝင်မြင့်ပြနေသည့် လူမျိုးကို သဘောမကျခြင်းပင်။
"မင်းရဲ့ စကားလုံးတွေကို ပြန်စီဖို့ အခွင့်အရေး တစ်ကြိမ် ငါပေးမယ်"
ထန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
စကားဆုံးသည်နှင့် ဘေးပတ်လည်ရှိ လမ်းပြများမှာ သူတို့၏ နဖူးကို လက်ဖြင့် အုပ်လိုက်ကြတော့သည်။
"ဟာ... ဒီလူငယ်လေးကတော့"
"တော်တော်လေးကို မောက်မာတာပဲ။ အပြင်က တစ်ကယ့် မိသားစုကြီးတစ်ခုခုက သခင်လေး ဖြစ်ရမယ်၊ အမြဲတမ်း အမိန့်ပေးနေကျဆိုတော့ မာန်တက်နေတာ"
"ဒါပေမဲ့ သူ မသိတာက မြင့်မြတ်နယ်မြေထဲမှာဆိုရင် အပြင်က အဲဒီလို မိသားစုကြီးတွေဆိုတာ ဘာမှမဟုတ်ဘူးဆိုတာပဲ"
"အရက်သမားကြီးရဲ့ စောက်ကျင့်နဲ့ဆိုရင် ဒီနေ့တော့ ဒီကောင်လေး အရိုက်ခံရတော့မှာပဲ။ အင်း... မှတ်သားလောက်တဲ့ သင်ခန်းစာတစ်ခု ဖြစ်ပါစေလို့ပဲ ဆုတောင်းရမှာပဲ၊ ထာဝရ ဒုက္ခိတတော့ မဖြစ်သွားပါစေနဲ့ပေါ့လေ"
လူတိုင်းက ထန်ထျန်းကို သနားကရုဏာ သက်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ထို့နောက် လူအများ၏ စိုက်ကြည့်မှုအောက်တွင် အရက်သမားကြီး လှုပ်ရှားလာခဲ့သည်။
အရက်သမားကြီး၏ စိတ်ဆတ်ပုံမှာ အမှန်ပင်။ ထန်ထျန်း၏ စကားကို ကြားပြီးနောက် သူက ခေါင်းကို တန်းမော့လိုက်ကာ ခါးကြားမှ အနက်ရောင် တုတ်တိုတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
ပုံမှန်အားဖြင့် သူက ဤတုတ်ဖြင့် အခြားသူများကို ဆုံးမလေ့ရှိသည်။
သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အော်ရာ တစ်ခု ဖြာထွက်လာသည်။
"ငါ့ကို ဒီလိုမျိုး စကားပြောရဲတဲ့လူ မတွေ့ရတာ ကြာပြီ"
အရက်သမားကြီးက တုတ်တိုကို ကိုင်ကာ မတ်တတ်ရပ်လိုက်သည်။
ဖရိုဖရဲ ဆံပင်များ၏ နောက်ကွယ်တွင် အနည်းငယ် ရူးသွပ်နေသော မျက်လုံးတစ်စုံ ရှိနေသည်။
"ဒီနေ့တော့ ငါ့ရဲ့ နဂါးနှိမ်တုတ် အစွမ်းကို ပြရတာပေါ့..."
သတ်ဖြတ်လိုသော အော်ရာ များ ထွက်ပေါ်လာသည်နှင့်အမျှ ဤလူငယ်လေးအပေါ် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ကိစ္စရပ်များ ကျရောက်လာတော့မည်ကို လူတိုင်းက ကြိုတင်မြင်ယောင်နေကြပြီ ဖြစ်သည်။
အချို့ဆိုလျှင် မကြည့်ရက်သဖြင့် မျက်နှာကိုပင် လွှဲလိုက်ကြသည်။
သို့သော် သူတို့ မမျှော်လင့်ထားသည်မှာ ခေတ္တမျှ ကြာပြီးနောက်တွင်လည်း ထင်ထားသကဲ့သို့ မုန်တိုင်းထန်သော တိုက်ခိုက်မှုများ ဖြစ်မလာခဲ့ခြင်းပင်။
အရက်သမားကြီးက အနက်ရောင်တုတ်ကို ကိုင်လျက် ထိုသခင်လေး၏ ရှေ့တွင် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ရပ်နေသည်ကိုသာ တွေ့လိုက်ရသည်။
"ဘာကြည့်နေတာလဲ၊ မင်းတုတ်က ဘာဖြစ်လို့လဲ"
ထန်ထျန်းက ထပ်မံ၍ အေးအေးဆေးဆေး မေးလိုက်သည်။
လူတိုင်း အံ့ဩသွားကြသည်။ အရက်သမားကြီးက ဒီနေ့ ဘာဖြစ်နေတာလဲ။
သို့သော် သူတို့ အံ့ဩနေစဉ်မှာပင် အမြဲတမ်း မျက်နှာသေနှင့် နေတတ်သော အရက်သမားကြီးမှာ ရုတ်တရက် ပြုံးလိုက်ပြီး အလွန်ပင် ဖော်ရွေသော အမူအရာမျိုး ပြသလာတော့သည်။
"အဲဒါကလေ... အစ်ကိုကြီး..."
"ကျွန်တော့်တုတ်ကို ကြည့်ပါဦး... သူက မည်းလည်းမည်းသလို တုတ်လည်းတုတ်တယ်၊ ပြီးတော့ အရှည်ကိုလည်း စိတ်ကြိုက် ပြောင်းလို့ရသေးတယ်"
"နောက်ပြီး သူက ပျော့သွားရင် ကြာပွတ် လိုလည်း ပြောင်းလို့ရတယ်..."
"ဟားဟား... ကြည့်ပါဦး... အံ့သြဖို့ကောင်းတယ် မဟုတ်လား..."
ပြောရင်းဆိုရင်းနှင့် လူတိုင်း သရဲမြင်သကဲ့သို့ ဖြစ်နေသည့် အမူအရာများကြားတွင် အရက်သမားကြီးက သူ၏ နဂါးနှိမ်တုတ်ကို ကစားပြရင်း တစ်ယောက်တည်း ကတုန်ကရင်ဖြင့် ကပြနေတော့သည်။
တကယ်ကို...
စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်လှသည်။
ဤမျှ အစွမ်းထက်ပြီး ဘယ်သူ့ကိုမှ မကြောက်တတ်သော ဤလူက ဘာများ ဖြစ်သွားတာလဲ။
အမြင်ရှိသူများကတော့ သိလိုက်ကြသည်။ အရက်သမားကြီးက ကြောက်သွားခြင်းပင်။ အလွန်အမင်းကို ကြောက်လန့်သွားသဖြင့် ဤကဲ့သို့ တုံ့ပြန်ခြင်း ဖြစ်ရမည်။
သို့သော် သူက ဘာကို ကြောက်နေတာလဲ။
ထိုလူငယ်လေးက ဘာများ လုပ်လိုက်လို့လဲ။
ထန်ထျန်းနှင့် အရက်သမားကြီးကြားတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို မည်သူမျှ မသိကြပေ။
အမှန်တကယ်တော့ ထူးထူးခြားခြား ဘာမှမရှိပါ။
အရက်သမားကြီးက မတ်တတ်ရပ်ပြီး ထန်ထျန်းကို ဆုံးမရန် ပြင်လိုက်စဉ်မှာပင် ထန်ထျန်းက သူ၏ အော်ရာ အစအနလေး တစ်ခုကို ထုတ်ဖော်လိုက်ခြင်းသာ ဖြစ်သည်။
သို့သော် ထိုအစအနလေးကပင် အရက်သမားကြီးကို နေရာတွင် ကြောက်လန့်တောင့်တင်းသွားစေရန် လုံလောက်ခဲ့သည်။
ဟွမ်ယွမ် တာအို အထွတ်အထိပ် တစ်ဦးအနေဖြင့် ထိုအော်ရာ လေးထဲတွင် ပါဝင်နေသော စွမ်းအားမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ခံစားမိလိုက်သည်။
၎င်းမှာ သူ လုံးဝ ထိတွေ့၍ မရနိုင်သော တည်ရှိမှုမျိုး ဖြစ်သည်။
ထို့ကြောင့်ပင် နောက်ပိုင်းတွင် ဤကဲ့သို့ ထူးဆန်းသော မြင်ကွင်း ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
ကြောက်လန့်လွန်းသဖြင့် အမူး ပင် ချက်ချင်း ပြေသွားကာ တစ်ကိုယ်လုံး ယားယံနေသကဲ့သို့ ဖြစ်နေသော အရက်သမားကြီးကို ကြည့်ရင်း ထန်ထျန်းက အေးစက်စွာ ပြောလိုက်သည်။ "သိမ်းလိုက်တော့"
"ငါ အစောက မေးတာကို ဖြေဦး"
"မင်းက ဘာလို့ ဒီလောက် ဈေးကြီးနေရတာလဲ"
ထန်ထျန်းက စကားဝိုင်းကို မူလလမ်းကြောင်းပေါ်သို့ ပြန်ခေါ်လာသည်။
အရက်သမားကြီးမှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့်အလား သူ၏ နဂါးနှိမ်တုတ်ကို အလျင်အမြန် သိမ်းဆည်းလိုက်ကာ နဖူးပေါ်မှ ချွေးအေးများကို သုတ်လိုက်ပြီးမှ ပြောလိုက်သည်။ "အဲဒါက... ဒီ ထိုက်ယိမြင့်မြတ်နယ်မြေထဲမှာ ကျွန်တော် မသိတာ ဘာမှမရှိလို့ပါ"
"အစ်ကိုကြီး ဘယ်သွားချင်လဲ၊ ဘာသိချင်လဲ၊ ကျွန်တော် အကုန် ဖြည့်ဆည်းပေးနိုင်ပါတယ်"
"ဒါကြောင့်မို့လို့ ဒီဈေးကို သတ်မှတ်ထားတာပါ..."
"ဒါပေမဲ့ အစ်ကိုကြီးက ကျွန်တော့်ကို ရွေးချယ်တယ်ဆိုရင်တော့ ဒါဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ"
"ကျွန်တော် အစ်ကိုကြီးဆီက ဘာမှ မယူပါဘူး"
အရက်သမားကြီး၏ သဘောထားမှာ ၁၈၀၀ ဒီဂရီ ပြောင်းလဲသွားကာ အမူးလည်း ပြေသွားပြီး လေသံမှာလည်း အလွန်ပင် ရိုသေသွားသည်။
ဤအပြောင်းအလဲက ဘေးပတ်လည်ရှိ လမ်းပြများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
သူတို့က စိတ်ထဲမှ အမျိုးမျိုး ခန့်မှန်းနေကြသည်။ အရက်သမားကြီးကဲ့သို့ ဝါရင့် မြေခွေးအိုကြီးကို ဤမျှအထိ လိမ်မာသွားအောင် လုပ်နိုင်ရန်အတွက် ထိုလူငယ်လေးမှာ မည်မျှ မြင့်မားသော အဆင့် ရှိနေသနည်း။
သို့သော် ထန်ထျန်းနှင့် ပတ်သက်၍ ဘာအချက်အလက်မှ မရှိသဖြင့် စိတ်ကူးနှင့်သာ မှန်းဆနေကြရသည်။
"၂ သောင်း ငါပေးမယ်"
"ဒါပေမဲ့ မင်းက သိတာအကုန် ချန်မထားဘဲ ပြောပြရမယ်"
ထန်ထျန်းက အေးအေးဆေးဆေး ပြောလိုက်သည်။
အရက်သမားကြီးက ခေါင်းကို တရစပ် ညိတ်ကာ ထန်ထျန်းကို စိတ်ပျက်စေမည် မဟုတ်ကြောင်း ရင်ဘတ်ကို ပုတ်၍ အာမခံလိုက်သည်။
ထို့နောက် လူတိုင်း၏ အံ့ဩနေသော မျက်လုံးများအောက်တွင် သူတို့နှစ်ဦးက တည်နေရာ ကူးပြောင်းခြင်း အစီအရင် စင်မြင့်နယ်မြေမှ အတူတကွ ထွက်လာခဲ့ကြသည်။
ကျယ်ဝန်းလှသော အဖြူရောင် ကျောက်စိမ်း လမ်းမကြီးအတိုင်း ထန်ထျန်းနှင့် အရက်သမားကြီးတို့က ထိုက်ယိမြင့်မြတ်နယ်မြေ ရှိရာသို့ ဦးတည်လျှောက်လှမ်းလာကြသည်။
ထန်ထျန်း၏ ခြေလှမ်းများမှာ မမြန်လှဘဲ လမ်းလျှောက်ရင်း အရက်သမားကြီး ပြောပြသည့် မြင့်မြတ်နယ်မြေ၏ အကြောင်းများကို နားထောင်နေသည်။
အရက်သမားကြီးမှာ ကြည့်ရသည်မှာ အားကိုးမရသလို ရှိသော်လည်း စကားကို လျှောက်မပြောဘဲ မြင့်မြတ်နယ်မြေ၏ ကိစ္စအားလုံးကို အလွန်ပင် ကျွမ်းကျင်စွာ သိရှိထားသည်။
အချို့သော လျှို့ဝှက်ချက်များကိုပင် သူက တစ်စွန်းတစ်စ ပြောပြနိုင်သေးသည်။
ထန်ထျန်းက နားထောင်ရင်း သူ၏ စိတ်ထဲတွင် မြင့်မြတ်နယ်မြေ၏ ပုံရိပ်ကို တဖြည်းဖြည်း ပုံဖော်လိုက်သည်။
ထိုက်ယိမြင့်မြတ်နယ်မြေကို လွန်ခဲ့သော နှစ်ပေါင်း ၉၈၅၀၀ ကျော်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ဝူရှန့်ကျိကျွင်းသည် ကောင်းကင်ကို ဆန့်ကျင်ပြီး ပေါ်ထွက်လာခဲ့ကာ လက်တစ်ဖက်ဖြင့် ကမ္ဘာကြီးကို လွှမ်းမိုးခဲ့ပြီး တစ်လောကလုံးရှိသူများအား ဒူးထောက် အညံ့ခံစေခဲ့သည်။
သန်းပေါင်းများစွာသော သက်ရှိများ သစ္စာခံပြီးနောက်တွင် သူက အဆုံးမဲ့ ဟင်းလင်းပြင်ထဲမှ ပျက်စီးနေသော ကုန်းမြေကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကာ ၎င်းကို မဟာကမ္ဘာကြီးနှင့် မနီးမဝေးသို့ ဆွဲယူလာခဲ့ပြီး သူ၏ ကြီးမားသော စွမ်းအားဖြင့် စစ်မှန်သော မြင့်မြတ်နယ်မြေတစ်ခုအဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ဤနေရာသို့ ရောက်သောအခါ ထန်ထျန်းက စိတ်ထဲမှ ခေါင်းညိတ်မိသည်။
ဤအရက်သမားကြီးမှာ တကယ်ကို အရည်အချင်း ရှိပေသည်။ ဤကဲ့သို့သော အသေးစိတ် အချက်အလက်များကိုပင် သူ သိနေသည်။
မြင့်မြတ်နယ်မြေ တည်ထောင်ပြီးနောက်ပိုင်း နှစ်ကာလများအတွင်း ထိုက်ယိမြင့်မြတ်နယ်မြေက ကောင်းကင်ထိပ်ဆုံး ကုန်းမြေကြီးပေါ်တွင် တိုက်ရိုက် နယ်မြေချဲ့ထွင်ခြင်း မပြုခဲ့သော်လည်း ဝူရှန့်ကျိကျွင်း၏ အရှိန်အဝါကြောင့် ယခုအခါ မြင့်မြတ်နယ်မြေ၏ နယ်နိမိတ်မှာ စတင်တည်ထောင်စကထက် ဆယ်ဆကျော်မျှ ကျယ်ပြန့်လာခဲ့သည်။
သူ၏ လက်အောက်တွင် အလွန် စည်ကားလှသော ကမ္ဘာငယ် ၉ ခု ရှိပြီး ၎င်းတို့ကို "ကောင်းကင် ကမ္ဘာကြီး ကိုးခု" ဟု ခေါ်ဆိုကြသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီတုန်းကတော့ ဒီ ကောင်းကင် ကမ္ဘာ ကိုးခုဟာ မြင့်မြတ်နယ်မြေအတွက် အရေးကြီးတဲ့ ပါရမီရှင်တွေ စုဆောင်းရာ နေရာတစ်ခုပေါ့"
"ဒါပေမဲ့ မကြာသေးမီ နှစ်တွေအတွင်းမှာတော့ ဘာကြောင့်လဲမသိဘူး၊ ပို့ပေးတဲ့ ပါရမီရှင် အရေအတွက်က နည်းသထက် နည်းလာတယ်"
"မူလက မြင့်မြတ်နယ်မြေထဲမှာ ထျန်းဖူနန်းတော် မျိုးဆက် တွေက တော်တော်လေး အားကောင်းခဲ့ပေမဲ့ အခုတော့ မျိုးဆက်သစ်တွေ ပြတ်လပ်နေပြီဆိုတော့ ဆုတ်ယုတ်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီပေါ့"
အရက်သမားကြီးက ခေါင်းခါရင်း သက်ပြင်းချကာ ပြောသည်။ "ကျွန်တော်က တကယ်တော့ ထျန်းဖူနန်းတော် မျိုးတက် တွေနဲ့ အနည်းငယ် ပတ်သက်မှု ရှိဖူးတယ်၊ ဒါကြောင့် သူတို့ရဲ့ အခုလို အခြေအနေကို ကြည့်ပြီး နှမြောမိတာပေါ့"
"အထူးသဖြင့် တိမ်တိုက်ထျန်းဖူ နန်းတော် မျိုးဆက် ပေါ့ဗျာ၊ မူလကတည်းက အခြေခံက သိပ်မခိုင်မာလှဘူး၊ အခုဆို ပိုပိုပြီး ခက်ခဲလာတယ်"
"အရင်က ကြားလိုက်တာကတော့ သူတို့ဆီမှာ နောက်ဆုံးတော့ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာပြီး တာအိုအရှင် ကိုယ်တိုင်တောင် နာမည်ထုတ်ပြောပြီး ချီးကျူးခဲ့သေးတယ်တဲ့"
"ဒါပေမဲ့ ဘယ်သူမှ မထင်မှတ်ထားတာက အဲဒီပါရမီရှင်ဟာ မြင့်မြတ်နယ်မြေကို လာတဲ့လမ်းမှာ နှစ်ပေါင်း သောင်းနဲ့ချီပြီး မကြုံဖူးတဲ့ ဟင်းလင်းပြင် မုန်တိုင်းနဲ့ တိုးပြီး ပျောက်သွားတာပဲ"
"တကယ်ကို ကံကြမ္မာပါပဲဗျာ"
အရက်သမားကြီးက စိတ်မကောင်းစွာဖြင့် ပြောလိုက်လေသည်။