← Chapters

အစစ်ဆေးခံရမှုများစွာ

Vol. 7 Ch. 657

အစစ်ဆေးခံရမှုများစွာ

Vol. 7 Ch. 657

ဆန်းလျန်သည် လက်နှစ်ချောင်းကို အရှေ့ဆီသို့ ရုတ်တရက် ထိုးညွှန်လိုက်လေရာ တိမ်တိုက်များ ဖြစ်ပေါ်လာလေသည်။

ခဏအတွင်းမှာပင် တိမ်တိုက်များသည် ဘောလုံးတစ်ခုအလား သိပ်သည်းစွာဖြင့် ပေါင်းစု သွားလေသည်။ ထို့နောက် ဆန်းလျန်က လက်ကို ဝှေ့ယမ်း လိုက်လေရာ တိမ်တိုက်များ ပျောက်ကွယ် သွားပြီး မှန်ကဲ့သို့ကြည့်လင်သည့် အလင်းရောင်တစ်ခု ထွက်ပေါ်လာလေသည်။

ကြည်လင်သည့် အလင်းရောင်ထဲတွင် မရေမတွက်နိုင်အောင် များပြားသည့် တောင်နှင့် မြစ်များကို တွေ့မြင်ရလေသည်။ သေသေချာချာ အာရုံစူးစိုက်ပြီး ကြည့်မည်ဆိုလျှင် ရှုခင်းများကို ရှင်းလင်းစွာ တွေ့မြင်ရမည် ဖြစ်လေသည်။

ကြည်လင်သည့် အလင်းတန်းထဲတွင် တောင်များ၊ မြစ်များနှင့် လူများသာမက အလွန် လျင်မြန်သည့် အခိုးအငွေ့များလည်း ပါဝင်နေလေသည်။ ထိုအခိုးအငွေ့များသည် သက်ရှိ သတ္တဝါများမှ ထုတ်လွှတ်နေသည့် စွမ်းအားအခိုးအငွေ့များ ဖြစ်လေသည်။ အကယ်၍ အခိုးအငွေ့များ အတူတကွ ပေါင်းစည်းသွားလျှင် အလွန် တန်ခိုးစွမ်းအား မြင့်မားလာမည် ဖြစ်လေသည်။

အကယ်၍တန်ခိုးစွမ်းအားများက သာမန်ထက် ကျော်လွန်ပြီး စွမ်းအားမြင့်မားနေလျှင် ထုတ်လွှတ် နေသည့် အခိုးအငွေ့များသည် ဝံပုလေပုံသဏ္ဌာန် ဖြစ်ပေါ်နေတတ်လေသည်။

ဆန်းလျန်က ဖန်းယန်ယင်းနှင့် စုန့်ချင်းယီကို တောတောင် ရေမြေပုံများကို ပြသနေရင်း တစ်ချက် ပြုံးလိုက်လေသည်။

ဖန်းယန်ယင်းနှင့် စုန့်ချင်းယီမှာတော့ ဆန်းလျန်၏ ထိုးထွင်း သိမြင်နိုင်မှုနှင့် တန်ခိုးစွမ်းအား များကို များစွာ လေးစားနေမိကြလေသည်။

ထိုနေရာတွင် ဝံပုလွေပုံသဏ္ဌာန် အခိုးအငွေ့များသည် စုစုပေါင်း (၁၃)ခု ရှိလေသည်။ ထိုအခိုးအငွေ့ များသည် အလွန်မှ ထူးဆန်း လွန်းလှလေသည်။

ဆန်းလျန်က…

"အဲဒီတိုင်းပြည်က ယိုစန်းပြည်လို့ ခေါ်တယ်၊ ကျုပ်ရဲ့တပည့်မလေး စစ်ကျင်းက အဲဒီနေရာကို အုပ်ချုပ်တဲ့ ဧကရီပဲ၊ ယီကျီးက တကယ်တော့ စစ်ကျင်းရဲ့ အကြံပေး အမတ်မင်းပဲ၊ ဒါပေမဲ့ အခု တာ့ကျိုးပြည်မှာ အရည်အချင်း ပြည့်ဝတဲ့ လူတွေ လိုအပ်နေတာကြောင့် ကျုပ်က ယီကျီးကို ယိုစန်းပြည်ကနေ ခေါ်လိုက်ရတာ၊ ယီကျီးက စစ်ရေးဗျူဟာ ကျွမ်းကျင်ရုံသာ မကဘဲ တန်ခိုးစွမ်းအားလည်း အရမ်းမြင့်မားတယ်၊ သူလျှောက်တဲ့ ကျင့်စဉ်လမ်းက ကျုပ်တို့နဲ့ မတူဘူး၊ တိုက်ခိုက်ပုံ နည်းစနစ်ကလည်း ကျုပ်တို့နဲ့ ကွဲပြားတယ်၊ ဒါပေမဲ့ သူက မိုးကောင်းကင် နတ်ဘုရားတစ်ပါး ကိုတောင် ကောင်းကောင်း ယှဉ်နိုင်တယ်၊ ပြီးတော့ သူကျင့်ကြံထားတဲ့ မှော်ပညာကလည်း ထူးဆန်းပြီး ခုခံကာကွယ် နိုင်ဖို့ ခက်ခဲတယ်၊ ကျုပ်က ဟိုနတ်မိစ္ဆာရဲ့ စိတ်နဲ့ဝိညာဉ်ကို ဆုံးရှုံးအောင်လုပ်လိုက် နိုင်တယ် ဆိုပေမယ့် ယီကျီးရဲ့ အကူအညီသာမပါရင် မိစ္ဆာသွေးစက်ကို သူ့ရဲ့ခန္ဓာကိုယ်ထဲ ရောက်သွားအောင် ထည့်နိုင်မှာ မဟုတ်ဘူး"

စုန်ချင်းယီက ခေါင်းညိတ်လိုက်ရင်း…

"အခုတော့ သူ့ရဲ့သန့်စင်ပြီး ထူးဆန်းတဲ့ အသက်ဓာတ် စွမ်းအားတွေကို ကျုပ်အာရုံခံမိပါပြီ၊ သူက မှော်ပညာမှာ ထိပ်တန်း အဆင့်ဆိုတာ ကျုပ်မရိပ်မိခဲ့ဘူး၊ သူ့ရဲ့ သန့်စင်တဲ့ အသက်ဓာတ် စွမ်းအားတွေကို ကြည့်ရတာ သူ့ရဲ့ ကျင့်စဉ်လမ်းက သဘာဝတရားကို အခြေခံတာ ဖြစ်လိမ့်မယ်၊ ကျုပ်တို့ကျင့်ကြံတဲ့ တာအိုကျင့်စဉ်တွေနဲ့ ခပ်ဆင်ဆင်တူတယ်၊ ကျုပ်သိချင်တာ တစ်ခုရှိတယ်၊ အစ်ကိုဆန်းရဲ့ ယိလမ်းစဉ်က ဘာလို့ ဟိုနတ်မိစ္ဆာရဲ့စိတ်ကို လွယ်လွယ်နဲ့ ဆုံးရှုံးသွားအောင် လုပ်လိုက်နိုင်တာလဲ"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"အဲဒါ ဘာမှ အံ့သြစရာ မရှိပါဘူး၊ သူ့ရဲ့တန်ခိုးစွမ်းအားက တောင်နဲ့ ပင်လယ်တွေကိုတောင် တားဆီးနိုင်စွမ်းရှိပေမယ့် သူ့ရဲ့နှလုံးသားထဲမှာတော့ အသိဉာဏ်ပညာ နည်းနည်းလေးတောင် မရှိဘူး၊ ပြီးတော့ အဲဒီ နတ်မိစ္ဆာရဲ့ ဝိညာဉ် စွမ်းအားတွေက ကျုပ်တို့ ကျင့်ကြံထားသလို ကျင့်ကြံထားတဲ့ စွမ်းအားတွေ မဟုတ်ဘူး၊ အလိုလိုရရှိထားတဲ့ ဝိညာဉ်စွမ်းအားတွေလေ၊ အဲဒါကြောင့် သူ့ရဲ့ စိတ်နဲ့ဝိညာဉ်ကို ကာကွယ် ပေးထားတဲ့ ရတနာပစ္စည်း ရှိနေတယ် ဆိုရင်တောင်မှ ကျုပ်လက်က မလွတ်နိုင်ပါဘူး"

ဆန်းလျန်ရှင်းပြသည်ကို နားထောင်ပြီးသည်နှင့် စုန့်ချင်းယီလည်း နားလည် သဘောပေါက် သွားရလေသည်။

ထို့ပြင် ထိုနတ်မိစ္ဆာ၏ စိတ်ပိုင်းဆိုင်ရာမည်မျှပင် ဆိုးရွားနေပါစေ ဆန်းလျန်ကဲ့သို့သော လူများသာလျှင် ထိုသူကို ဆန့်ကျင်နိုင်သည်ကို သိရှိလိုက်လေသည်။ သူသာ ထိုနတ်မိစ္ဆာနှင့် တစ်ယောက်ချင်း ရင်ဆိုင်ရမည် ဆိုလျှင် သူ၏ ဆရာပေးထားသည့် စုတ်တံကို အသုံးပြုပြီး တိုက်ခိုက်သည့်တိုင် ခဏသာလျှင် တောင့်ခံနိုင်မည် ဖြစ်လေသည်။ သူ့အနေဖြင့် ထိုနတ်မိစ္ဆာကို နိုင်ချေမရှိပေ။

ဖန်းယန်ယင်း တစ်ယောက်ကတော့ အသူရာချောက်သို့ ရောက်ရှိလာပြီးသည့် နောက်ပိုင်း အဆက်မပြတ် တိုးတက် လာခဲ့လေသည်။ သူမ၏ မရဏဓားသည် ထိုနတ်မိစ္ဆာကိုပင် ယာယီ ဟန့်တား ထားနိုင်လောက်အောင် ထက်မြက်လွန်းသည့် အတွက် စုန့်ချင်းယီပင်လျှင် အံ့သြခဲ့ရလေသည်။

စုန့်ချင်းယီ၏ဆရာဖြစ်သူ လုကျိုးယွမ်က လောကတစ်ခုလုံးတွင် တွေ့ဆုံရန် ထိုက်တန်သူ (၃)ယောက်သာ ရှိသည်ဟု ပြောခဲ့ဖူးလေသည်။

ထို (၃)ယောက်ထဲမှ တစ်ယောက်မှာ ချန်ကျန့်မေ ဖြစ်လေသည်။ ဆရာဖြစ်သူ ထိုစကားကို ပြောခဲ့စဉ်က ချန်ကျန့်မေ သည်နတ်ဘုရား တစ်ပါးပင် မဖြစ်သေးပေ။ သို့သော် ဆရာဖြစ်သူက ချန်ကျန့်မေကို အလွန်အထင်ကြီး ခဲ့လေသည်။ ယခုတော့ ချန်ကျန့်မေ၏ တပည့်ဖြစ်သူ ဖန်းယန်ယင်း အလှည့်သို့ ရောက်ရှိလာပြီ ဖြစ်လေသည်။ ဆရာဖြစ်သူ၏ စကားများသည် အလကားစကားများ မဟုတ်သည်ကို စုန့်ချင်းယီ သိရှိရပြီ ဖြစ်လေသည်။

ဖန်းယန်ယင်း၏ တိုးတက်လာခြင်းနှင့် ပတ်သက်ပြီး ဆန်းလျန်သာလျှင် နားလည်နိုင်မည် ဖြစ်လေသည်။

ဂိုဏ်းတူ အစ်ကိုချန်ကျန့်မေ နောက်ဆုံး အသုံးပြုခဲ့သည့် အနတ္တဓားသည် အသူရာချောက်တွင် အမှတ်အသားတစ်ခု ထင်ရှားစွာ ဖြစ်ပေါ်စေခဲ့လေသည်။ ချန်ကျန့်မေ၏ တပည့်တစ်ယောက် ဖြစ်သည့် ဖန်းယန်ယင်းသည် အသူရာချောက်သို့ ရောက်ရှိလာသည့်အခါ အနတ္တဓားမှ ကျန်ရစ်ခဲ့သည့် အသက်ဓာတ် စွမ်းအားများကို စုပ်ယူနိုင်ခဲ့လေသည်။

သို့သော်… ဖန်းယန်ယင်းသည် ထိုက်စန့်ဓားကို ကျင့်ကြံအောင်မြင် ထားပြီး အကြင်နာမဲ့ ဓားအဆင့်သို့ တက်ရောက်ထားခြင်း မရှိလျှင် ထိုသို့ ကံကောင်းခြင်းမျိုးကို ရရှိနိုင်မည်မဟုတ်ပေ။

သို့သော်… ဆန်းလျန်သည် ထိုအကြောင်းများကို မည်သည့်အခါမှ ထုတ်ဖော် ပြောပြလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဓားသိုင်းပညာ အဆင့်မြင့်လာလေလေ ဖန်းယန်ယင်း၏ နှလုံးသားသည် ပိုပြီး နာကျင်လာ လေဖြစ်ရပေလိမ့်မည်။ သူမသည် အကြင်နာမဲ့ဓားဖြင့် ထိုအချက်ကို အမြဲတမ်း ဖုံးကွယ်ထားရမည် ဖြစ်လေသည်။

ဆန်းလျန်က တစ်ချက်မျှ တုံ့ဆိုင်းနေပြီးမှ…

"ယီကျီးကို ကျုပ်ကခေါ်လိုက်တဲ့ အတွက် ယိုစန်းပြည်ကို ကျုပ်တပည့်မလေး တစ်ယောက်တည်း အုပ်ချုပ်ရတာ အဆင်မပြေနိုင်ဘူး၊ ဒါကြောင့် ကျုပ်ရဲ့ တပည့်စစ်ကျင်းကို မင်းတို့နှစ်ယောက်က တိတ်တဆိတ် ကာကွယ်ပေးစေချင်တာပါ၊ တကယ်လို့ စစ်ကျင်းမှာ အန္တရာယ် တစ်စုံတစ်ခုရှိခဲ့ရင် ယိုစန်းရဲ့ ဧကရီရာထူးကို စွန့်လွှတ်လိုက်ရမယ်ဆိုရင် တောင်မင်းတို့ နှစ်ယောက် သူ့ကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ခေါ်လာနိုင်ရင်ရပါပြီ"

စုန့်ချင်းယီက…

"ဒါက ဘာခက်လို့လဲ၊ ကျုပ်အကောင်းဆုံး ကြိုးစားပါ့မယ်"

ဖန်းယန်ယင်းကလည်း ခေါင်းညိတ် ပြလိုက်လေသည်။

ဆန်းလျန်က နူညံ့သည့် လေသံဖြင့်…

"ကျေးဇူးအများကြီးတင်ပါတယ် ချင်းယီ"

ထိုစကားများ ပြောပြီးသွားသည်နှင့် ဆန်းလျန်က သူတို့နှစ်ယောက်ကို လတ်တလော ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံများနှင့် အတွေးအမြင်များကို ပြောပြနေခဲ့လေသည်။

ကျင့်စဉ်လမ်းဆိုသည်က စိန်ခေါ်မှုများနှင့် အန္တရာယ်များ ပြည့်နှက်နေလေရာ နောင်လာမည့် အချိန်တွင် မည်သည့် အခက်အခဲများနှင့် ရင်ဆိုင်ရဦးမည်ကို မည်သူမှ သိရှိနိုင်ခြင်း မရှိကြပါ။ ထို့ကြောင့် တူညီသော အမြင်ရှိသူများနှင့် အတွေ့အကြုံ ဖလှယ်ရခြင်းသည် အမြဲတမ်း အကျိုးရှိစေလေသည်။

တစ်ချိန်တည်းမှာပင်… လူတစ်ယောက်သည် သူတို့၏ အသိပညာများနှင့် ပတ်သက်ပြီး သဲလွန်စ ချန်ထား ခဲ့နိုင်လေသည်။ ထိုသို့ပြုလုပ်ပါက အနာဂတ် တစ်ချိန်တွင် ကံဆိုးမိုးမှောင်ကျခဲ့လျှင်တောင်မှ သဲလွန်စများနောက်လိုက်ပြီး ဤလောကမှ ထွက်ခွာသွားနိုင်မည် ဖြစ်လေသည်။

ဤသည်မှာ ဂိုဏ်းတစ်ဂိုဏ်းတွင် ကျင့်ကြံသူများ ကျင့်စဉ်များကို လက်ဆင့် ကမ်းပေးကြသည့် အကြောင်းရင်းပင်ဖြစ်လေသည်။ ထို့ပြင် လောကနတ်ဘုရားများသည် နတ်ဘုရားများ ဖြစ်ကြသည့်တိုင် နှစ်ပေါင်းထောင်ချီပြီး အသက်ရှည်အောင် နေနိုင်သည့် လောကနတ်ဘုရား ဆို၍ ရှေးခေတ် အချိန်အခါ ကတည်းကပင် အနည်းငယ်သာ ရှိလေသည်။

မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် မိုးကောင်းကင် အစစ်ဆေးခံခြင်းဖြင့် ရင်ဆိုင်ရကာ ပျောက်ကွယ် သွားကြရမည်ပဲ ဖြစ်လေသည်။

လောကနတ်ဘုရားကို မပြောပါနှင့်ဦး။

သာမန် လူသားများသည်ပင်လျှင် အသက် (၁၀၀) ပြည့်အောင် မနေကြရဘဲ သေဆုံး သွားကြရသည့် သူတွေက ဒုနှင့်ဒေး မဟုတ်ပါလား။

ဆန်းလျန်သည် ထိုက်ယီထျန်းရှန်း အဆင့်ကို အလွန်လျင်မြန်သည့် နှုန်းဖြင့် အဆင့်တက်ရောက် နိုင်ခဲ့သူ ဖြစ်လေသည်။ သို့သော်… အဆင့်လျင်မြန်စွာ တက်ရောက် နိုင်ခဲ့ခြင်းကြောင့် အခြေခံ အုတ်မြစ်ခိုင်မာခြင်း မရှိမည်ကို သူစိုးရိမ်မိခဲ့လေသည်။

ယိလမ်းစဉ်ဖြင့် အနာဂတ်ကို ခန့်မှန်းကြည့်သည့်အခါ သူသည် ဘေးအန္တရာယ် များစွာကို တွေ့ကြုံရမည် ဖြစ်ပြီး ထိုဘေးအန္တရာယ်များကိုလည်း ရှောင်လွှဲနိုင်မည် မဟုတ်သည်ကို ရှင်းလင်းစွာ နားလည် ခဲ့ရလေသည်။

ကြီးမြတ်သည့် ကံကြမ္မာနှင့် မွေးဖွားလာသူများသည် ထိုကြီးမြတ်သည့် ကံကြမ္မာနှင့် ညီမျှသည့် ဘေးအန္တရာယ်ကိုလည်း ရင်ဆိုင်ရမည်သာ ဖြစ်လေသည်။

သို့သော်… ဆန်းလျန်သည် ပြီးပြည့်စုံသူ တစ်ယောက် မဟုတ်ပါ။

တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရှုထောင့်ပေါင်းစုံမှ သူ့ကိုပြဿနာရှာမည့် လူတစ်ယောက် ပေါ်လာပြီး ထိုလူသည် သူ့ဘဝအတွင် အကြီးမားဆုံး အစစ်ဆေးခံရမှုတစ်ခု ဖြစ်လာမည် ဖြစ်လေသည်။

ထိုအစစ်ဆေးခံရမှုကို ဆန်းလျန်အနေဖြင့် ကျော်လွှားရမည် ဖြစ်လေသည်။ ထိုသို့ ကျော်လွှားနိုင်မှသာ နောက်ထပ်ကြုံတွေ့ရမည့် အစစ်ဆေးခံရမှုများကို ကျော်လွှားနိုင်ပြီး အနာဂတ်တွင် ရှေ့ဆက်နိုင်မည် ဖြစ်လေသည်။

ထိုသို့မဟုတ်ပါက ထိပ်တန်းအဆင့် တာအို ဆရာသခင်ကြီးတစ်ပါး ဖြစ်လာရန်အတွက် အခွင့်အရေး ရရှိနိုင်တော့မည် မဟုတ်ပေ။

သူ…. ကြိုးစားရမည် ဖြစ်လေသည်။

ချန်ကျန့်မေအတွက်...၊ ကူးချိုင်ဝေ့အတွက်...၊ ပြီးတော့ နတ်သမီးလေး ကျောက်ရှောင်ယွီ အတွက် သူကြိုးစားရ မည်ဖြစ်လေသည်။ ထိုသူများအားလုံးသည် သူ့ဘဝ၏ အစိတ်အပိုင်းများ ဖြစ်ကြလေသည်။

အရှုံးပေးလိုက်သည့် နည်းလမ်းက အကောင်းဆုံး ဖြစ်နေလျှင်တောင်မှ သူက အရှုံးပေးရမည့် လမ်းကို ရွေးချယ်မည် မဟုတ်ပါ။

ထိုသို့ပြုလုပ်ရခြင်းမှာ ဆန်းလျန်သည် ခံစားချက်ကင်းမဲ့သူ တစ်ယောက် ဖြစ်သောကြောင့် မဟုတ်ပါ။ သို့သော်… သူက ခံစားချက်များ အားလုံးကို မေ့ထားရမည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ခံစားချက်များသူ တစ်ယောက်သည် အမြဲတမ်း အဖြစ်ဆိုးဖြင့် အဆုံးသတ် ရလေ့ရှိသောကြောင့်ပင်။

သို့သော်.. ဆန်းလျသည် ဘဝ၏အလှတရားနှင့် အကန်အသတ် များကိုတော့ လက်ခံသူ တစ်ယောက် ဖြစ်ခဲ့ပါသည်။

ဖန်းယန်ယင်း၊ စုန့်ချင်းယီတို့နှင့် အတူ အတွေ့အကြုံများကို ပြောပြီးသည့် နောက်တွငတော့ ဆန်းလျန်၏ စိတ်ခံစားချက် အပြောင်းအလဲများကို ရိပ်မိလိုက်သည့် အတွက် သူတို့ (၂)ယောက်သည် နားလည်မှုရှိစွာဖြင့် ထွက်ခွာ လာခဲ့ကြလေသည်။

ဆန်းလျန်သည် စိတ်အာရုံ ပျံ့လွင့်နေခြင်း မရှိသော်လည်း သူတို့ထံတွင် စိတ်အာရုံ မရှိတော့ကြောင်းမှာ ထင်ရှားနေ သည်မဟုတ်ပါလား။

ဆန်းလျန်ကဲ့သို့ လူတစ်ယောက် အတွက် ထိုသို့သော အခြေအနေသည် အလွန်မှ ရှားပါးလေသည်။

ထို့ကြောင့် သူတို့သည် ဆန်းလျန်အနေဖြင့် တစ်ယောက်တည်း နေရန် အချိန်တစ်ခု လိုအပ်သည်ကို သတိပြုမိလိုက် ကြလေသည်။

ဖန်းယန်ယင်းနှင့် စုန့်ချင်းယီထွက်ခွာသွားသည်နှင့် ဆန်းလျန်က သူတို့စိတ်ထဲမှ အတွေးများကို သတိထားလိုက် မိလေသည်။ သို့သော်… သူ၏လက်ရှိ ကျင့်ကြံခြင်း အဆင့်နှင့် သူတို့၏ အတွေးများကို စိတ်ထဲတွင် ထည့်ထားရန် မလိုအပ်ခဲ့ပါ။

သေမျိုးလောက၏ ဒုက္ခတရားများ ဖြစ်သည့် သေခြင်းရှင်ခြင်း တရားများသည် သူ့ကို နာကျင် စေနိုင်သည့် အရာများ မဟုတ်ပါ။ အသိပညာတိုင်းနှင့် အတွေ့အကြုံတိုင်းသည် သူ၏ ကျင့်ကြံခြင်း အစိတ်အပိုင်းများသာ ဖြစ်လေသည်။

ဤသို့ဖြင့်... သူသည် "တာအို" ဖြင့် နီးစပ်နိုင်မည် ဖြစ်လေသည်။

တာအိုဆိုသည်က အရာအရာတိုင်းပါဝင်နိုင်လေသည်။ ရွှေ၊ ကျောက်စိမ်း၊ ကြက်နှင့် နွားတို့၏ အညစ်အကြေးများတွင်ပင် 'တာအို' ကို တွေ့မြင်နိုင်လေသည်။ တာအိုကို မည်သည့်အရာ၊ မည်သည့် ပုံသဏ္ဌာန်ဖြင့်မှ ကန့်သတ်ထား၍ မရပေ။

ထို့ကြောင့် တာအိုကျမ်းစာထဲတွင် -

"သဘာဝတရားသည် အကျိုးဖြစ်မှုမရှိသလို အစိတ်အပိုင်း တစ်ခုလည်း မဟုတ်ပါ။ သဘာဝတရားသည် လောကတစ်ခုလုံးမှ အရာအားလုံးကို သာတူညီမျှ ဆက်ဆံမည်သာ ဖြစ်ပေသည်"

ဟု ရေးသားထားခြင်း ဖြစ်လေသည်။

ဗုဒ္ဓကလည်း -

“ခံစားချက်ရှိသည့် သတ္တဝါအားလုံးသည် အတူတူပင်ဖြစ်သည်”

ဟု ပြောခဲ့ခြင်း ဖြစ်လေသည်။

ဤမူဝါဒကို နားလည်ရန်အတွက် ခက်ခဲခြင်းမရှိပါ။

တာအိုဝါဒနှင့် ဗုဒ္ဓစာပေများတွင် ဤမူဝါဒများကို ဖော်ပြထားပြီးသား ဖြစ်လေသည်။ သို့သော်… နားလည်ခြင်းနှင့် လက်တွေ့ ကျင့်သုံးနိုင်ခြင်းကတော့ တူညီမည်မဟုတ်ပေ။

ရက်ပေါင်းများစွာ ကုန်ဆုံး ခဲ့ပြီးသည့်နောက် ဆန်းလျန်သည် သူ၏ အရံအတား ဖွဲ့စည်းမှုကို သိန်းနှင့်ချီသည့် ကျင့်ကြံသူများကို တဖြည်းဖြည်း လေ့ကျင့်ပေးခဲ့လေသည်။

နောက်ဆုံးတွင်တော့…

မရေမတွက်နိုင်သည့် မိုးကြိုးနှင့် လျှပ်စီးများသည် ဆန်းလျန်နေထိုင်ရာ နန်းတော်သို့ ပစ်ခတ် တိုက်ခိုက် လိုက်ကြလေတော့သည်။

***

All Chapters