ကျန်းဖုန်းကို လိမ် ခြင်း
Vol. 59 Ch. 624
ကျန်းဖုန်းသည် လွန်ခဲ့သော ရှစ်နှစ်က တိမ်တိုက်ထျန်းဖူမှ ကောင်းကင်ထိပ်ဆုံးသို့ ချောချောမွေ့မွေ့ တက်လှမ်းနိုင်ခဲ့သည့် ပါရမီရှင်တစ်ဦးဖြစ်သည်။
သူ့အကြောင်းကို ထန်ထျန်း အနည်းငယ် သိထားသည်။
ကျန်းဖုန်းက အဓိကနန်းတော် မျိုးဆက် ဖြစ်ပြီး ယခင်က ရွှမ်းကျန်းနှင့် ဆင်တူကာ နန်းတော်၏ အစွမ်းထက်ဆုံး ပါရမီရှင်ထဲတွင် ပါဝင်သည်။
သူ့ခေတ်တုန်းက ထန်ထျန်းကဲ့သို့ မိစ္ဆာဆန်သော ပါရမီရှင်မျိုး မရှိခဲ့သလို သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည့် ကုရွှမ် မှာလည်း မကြီးသေးပေ။
ထို့ကြောင့် သူက နတ်ဘုရားသားတော်နေရာကို အပိုင်ရယူကာ ကောင်းကင်ထိပ်ဆုံးသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ ကျန်းဖုန်းက လူတစ်သန်း တွင် တစ်ယောက် ပေါ်ထွန်းသည့် ပါရမီရှင်ဖြစ်ရာ သူ၏ ကျင့်ကြံခြင်း ပါရမီမှာ ပြောနေရန်ပင် မလိုပေ။
မြင့်မြတ်နယ်မြေသို့ ရောက်ရှိလာသည့် ရှစ်နှစ်အတွင်းမှာပင် ကျိတာအို နှောင်းပိုင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ စီမံသူ ရာထူးကိုလည်း ရရှိထားရာ ဤနေရာတွင် သူ အခြေအနေ တော်တော်လေး ကောင်းမွန်နေကြောင်း မြင်နိုင်သည်။
သို့သော် ယခုအချိန်တွင်မူ သူက အလွန်အမင်း စိုးရိမ်တကြီး ဖြစ်နေပုံရပြီး ထန်ထျန်းကို ကြည့်သည့် မျက်ဝန်းများတွင် တုန်လှုပ်မှုနှင့် အံ့ဩမှုများ ပြည့်နှက်နေသည်။
"ထန်ထျန်း... မင်း... ဟင်းလင်းပြင် မုန်တိုင်းထဲကနေ ဘယ်လို အသက်ရှင်ခဲ့တာလဲ"
"အဲဒီအချိန်က ငါကိုယ်တိုင် အခင်းဖြစ်နေရာမှာ ရှိနေတာ။ အကြီးအကဲတွေရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ အဲဒီမုန်တိုင်းက ဟင်းလင်းပြင် လမ်းကြောင်းကိုတောင် ဖျက်ဆီးပစ်ခဲ့တာလေ"
"ပြီးတော့ မင်းက ဒီနေရာကို တစ်ယောက်တည်း ဘယ်လိုရောက်လာတာလဲ"
" မင်း... တက်လှမ်းခြင်းမျှော်စင် ကို ဘယ်လို ချောချောမွေ့မွေ့ ဖြတ်ကျော်လာခဲ့တာလဲ"
သူက မေးခွန်း သုံးခုကို ဆက်တိုက် မေးလိုက်သည်။
ထန်ထျန်းက ပြုံးလိုက်ပြီး "ပြောရရင်တော့ အရှည်ကြီးပဲ၊ ငါ ဖြည်းဖြည်းချင်း ပြောပြမယ်"
"ဒါပေမဲ့ ငါတို့ ဒီမှာပဲ ရပ်နေလို့ မရဘူးလား၊ ဒီရက်ပိုင်း လမ်းလျှောက်လာရတာ ငါ တော်တော် ပင်ပန်းနေပြီ"
နောက်ပိုင်းတွင် သူက ပုံပြင်များ လုပ်ကြံပြောရတော့မည် ဖြစ်ရာ လူအများကြီး ကြားသွားမည်ကို မလိုလားပေ။
ကျန်းဖုန်းလည်း ရုတ်တရက် သတိဝင်လာကာ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်သားပဲ... ငါက စိတ်လှုပ်ရှားလွန်းလို့ ဒါကို မေ့သွားတယ်"
"တောင်ပေါ် တက်ကြစို့။ ဒီနေရာက ငါတို့ တိမ်တိုက်ထျန်းဖူရဲ့ သီးသန့်နယ်မြေပဲ။ အရင်က တက်လာခဲ့တဲ့ နတ်ဘုရားသားတော်တွေ အကုန်လုံးနီးပါး ဒီမှာရှိကြတယ်၊ အဓိက စီမံခန့်ခွဲရေး အဖွဲ့ဝင်တွေချည်းပဲ"
"တိမ်တိုက်ထျန်းဖူတောင်ရဲ့ တောင်သခင်က ငါတို့ထက် နှစ်ပေါင်း ထောင်ချီစောပြီး တက်လှမ်းခဲ့တဲ့ စီနီယာ လျိုထျန်းဟုန် ပဲ၊ သူက အခုဆိုရင် အစွမ်းထက်တဲ့ တာအိုအရှင် ဖြစ်နေပြီ"
"ဒီကို ရောက်လာပြီဆိုရင် မင်း အိမ်ပြန်ရောက်ပြီလို့ မှတ်လိုက်တော့။ သူတို့သာ ဒီသတင်းကို သိရင် တော်တော် ဝမ်းသာကြမှာပဲ"
ကျန်းဖုန်းက ဝမ်းသာအားရ ပြောဆိုရင်း ထန်ထျန်းကို တိမ်တိုက်ထျန်းဖူတောင်၏ တောင်ထိပ်ဆီသို့ ခေါ်ဆောင်သွားသည်။
ထန်ထျန်း အောင်မြင်စွာ ရောက်ရှိလာသည့် သတင်းမှာလည်း ဤနေရာမှတစ်ဆင့် လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
တောင်တက်လမ်းတွင် ထန်ထျန်းက သူ၏ အတွေ့အကြုံများကို ကျန်းဖုန်းအား အကြမ်းဖျင်း "ပုံဖော်" ပြောပြလိုက်သည်။
ဟင်းလင်းပြင် မုန်တိုင်း ရောက်လာခါနီးတွင် သူက ကောင်းကင်ထိပ်ဆုံးနှင့် အလွန်နီးကပ်နေပြီး ခြေတစ်လှမ်းစာသာ လိုတော့ကြောင်း သို့သော် ကံဆိုးစွာဖြင့် ထိုခြေတစ်လှမ်းကို မလှမ်းနိုင်မီ မုန်တိုင်း၏ ရိုက်ခတ်မှုကို ခံလိုက်ရကြောင်း ပြောပြသည်။
ကံကောင်းသည်မှာ ခြေတစ်ဖက်က အတွင်းသို့ ရောက်နေပြီဖြစ်၍ မသေဆုံးခဲ့သော်လည်း ရိုက်ခတ်မှုကြောင့် ကောင်းကင်ထိပ်ဆုံးသို့ ရောက်ရှိသည့် တည်နေရာ လွဲချော်သွားခဲ့သည်။
မူလက မြင့်မြတ်မြို့တော်သို့ တိုက်ရိုက်ရောက်ရမည် ဖြစ်သော်လည်း မြင့်မြတ်မြို့တော်နှင့် မိုင်ပေါင်း ဘီလီယံ ဝေးကွာသော ဟေးယာမြို့ အနီးတွင် ပေါ်လာခဲ့သည်ဟု ဆိုသည်။
"ဒါဆို သဘာဝကျတာပဲ"
ကျန်းဖုန်းက အလေးအနက် ပြောသည်။ "အဲဒီလို အဆင့်မြင့် တည်နေရာ ကူးပြောင်းမှုမျိုးမှာ ကိုဩဒိနိတ် အနည်းငယ် လွဲတာနဲ့တင် လက်တွေ့မှာ အဝေးကြီး ကွာသွားနိုင်တာပဲ"
"မင်း ကံကောင်းလို့ ဟေးယာမြို့နား ရောက်သွားတာ"
"အဲဒီထက် ပိုဝေးပြီး တခြား မြင့်မြတ်နယ်မြေရဲ့ အင်အားစုနယ်မြေထဲ ရောက်သွားရင် ဒါမှမဟုတ် တစ်ခုခုသော ကပ်ဘေးကုန်းမြေထဲ ကျသွားရင်တော့ တကယ်ကို ပြန်လာဖို့ ခက်ခဲသွားမှာပဲ"
ထန်ထျန်း: "..."
ဒီကောင်က တခြားသူရဲ့ လိမ်ညာမှုကို ကူပြီး အချောသတ်ပေးရာမှာ တော်တော် ဆရာကျတာပဲ
"ဒါနဲ့ နောက်ပိုင်းကျတော့ရော"
" ဟေးယာမြို့ကို ရောက်ပြီးတဲ့နောက် မြင့်မြတ်မြို့တော်ကို ဘယ်လို ရောက်လာတာလဲ"
" အဲဒီနှစ်ခုကြားက အကွာအဝေးက သာမန်လူတစ်ယောက် တစ်သက်လုံး ဖြတ်ကျော်လို့ မရနိုင်တဲ့ အကွာအဝေးလေ"
ကျန်းဖုန်းက ဆက်မေးသည်။
ထန်ထျန်းက စိတ်ထဲတွင် ကြိုတင်ဇာတ်တိုက်ထားသည့်အတိုင်း ပြောလိုက်သည်။ "အဲဒါလည်း တိုက်ဆိုင်မှုပါပဲ"
"ဟေးယာမြို့မှာ ရှိနေတုန်း ဝမ်ချွမ်းမြို့တော် ရဲ့ မြို့စောင့်တပ်ဖွဲ့ တစ်စုနဲ့ ဆုံခဲ့တယ်။ သူတို့က အဲဒီမှာ ဓားပြတွေကို ဖမ်းဖို့ တာဝန် ထမ်းဆောင်နေကြတာ"
"အဲဒီက ခေါင်းဆောင် ဝမ်ချုန်း က လူကောင်းတစ်ယောက်ပါ။ ငါ့ရဲ့ အဖြစ်အပျက်ကို ပြောပြလိုက်တော့ သူက တာဝန်ပြီးတဲ့နောက် ငါ့ကို ဝမ်ချွမ်းမြို့ကို ခေါ်သွားပေးတယ်"
" အဲဒီနောက် သူက ငါ့ကို ဝမ်ချွမ်းမြို့သခင် ကျွင်းယန် တာအိုအရှင် နဲ့ မိတ်ဆက်ပေးတယ်"
"ကျွင်းယန် တာအိုအရှင်က ငါ့ရဲ့ အထောက်အထားကို အတည်ပြုပြီးနောက် လူလွှတ်ပြီး ငါ့ကို မြင့်မြတ်မြို့တော်အထိ ပို့ပေးခဲ့တာ"
" တက်လှမ်းခြင်းမျှော်စင် ကနေ မြင့်မြတ်နယ်မြေထဲကို ဘယ်လို ဖြတ်လာခဲ့လဲဆိုတာတော့ ငါမသိဘူး၊ အဲဒါတွေ အကုန်လုံးက ကျွင်းယန် တာအိုအရှင် စီစဉ်ပေးတာပဲ"
ထန်ထျန်းက သူ၏ အတွေ့အကြုံများကို အနည်းငယ် ပြုပြင်ပြီး ကျန်းဖုန်းကို ပြောပြလိုက်သည်။
နောင်တွင် တစ်စုံတစ်ယောက်က မေးမြန်းလာပါကလည်း ဤအတိုင်းပင် ပြောမည် ဖြစ်သည်။
ပါရမီရှင် ပွဲတော် အကြောင်းကိုမူ သူက တမင် ချန်လှပ်ထားခဲ့သည်။ အဓိကမှာ ပုံပြင်ထပ်ဆင်ရန် ပျင်းရိသောကြောင့်ဖြစ်ပြီး အပြစ်အားလုံးကို ကျွင်းယန် တာအိုအရှင်အပေါ် ပုံချလိုက်ရန်သာ ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က အတည်ပြုလိုပါက ကျွင်းယန် တာအိုအရှင်ထံသာ သွားရပေလိမ့်မည်။
ကျွင်းယန် တာအိုအရှင်မှာ လူလည်တစ်ယောက်ဖြစ်၍ ထန်ထျန်း၏ ပြောဆိုချက်များကို လိုက်လျောညီထွေဖြစ်အောင် ကူညီပေးပြီး သူတို့၏ သံသယကို ဖြေဖျောက်ပေးမည်မှာ သေချာသည်။
ကျန်းဖုန်းကတော့ ထန်ထျန်း၏ စကားကို လုံးဝ သံသယ မရှိပုံရပေ။
"ဒီလိုကိုး"
ကျန်းဖုန်းက ခေါင်းညိတ်သည်။ "ငါလည်း တွေးနေတာ။ တက်လှမ်းခြင်းမျှော်စင် ရဲ့ စီမံခန့်ခွဲမှုက အရမ်းတင်းကြပ်တာ၊ မင်းက တစ်ယောက်တည်း ဘယ်လို ဖြတ်လာနိုင်မလဲ"
" ဒါပေမဲ့ မြို့တော် မြို့သခင်တစ်ယောက်ရဲ့ အာမခံချက်ရှိရင်တော့ ဘာပြဿနာမှ မရှိတော့ဘူး"
"ကျွင်းယန် တာအိုအရှင် မှာ တခြားသူတွေကို မြင့်မြတ်နယ်မြေထဲ ဝင်ဖို့ အကြံပြုပိုင်ခွင့် ရှိတာပဲ"
ထန်ထျန်းက မျက်ခုံးပင့်သွားသည်။ "ဟင်"
" အဲဒီလိုမျိုးလည်း ရှိတာလား"
ကျန်းဖုန်း၏ အံ့ဩနေသော မျက်လုံးများကို မြင်လိုက်ရသည့်အခါ သူက ချောင်းနှစ်ချက် ဟန့်လိုက်သည်။ "ငါက... မြင့်မြတ်နယ်မြေထဲ ဝင်ရတာ ဒီလောက် ခက်ခဲလိမ့်မယ်လို့ မထင်ထားလို့ အံ့ဩသွားတာ"
" တာအိုအရှင်တစ်ယောက်ရဲ့ အကြံပြုချက်တောင် လိုတယ်ဆိုတော့"
တော်တော်လေး လွှတ်ခနဲ ဖြစ်သွားတော့မလို့ပင်။
ကျွင်းယန် တာအိုအရှင်တွင် ထိုကဲ့သို့ လုပ်ပိုင်ခွင့်ရှိသည်ကို ထန်ထျန်း မသိခဲ့ပေ။
ကြိုသိလျှင် ထိုပါရမီရှင် ပွဲတော် ထဲ ဝင်မနေတော့ဘဲ ကျွင်းယန် တာအိုအရှင်ဆီကနေ အကြံပြုချက် တန်းတောင်းလိုက်မည် ဖြစ်သည်။
"အော်... "
"အဲဒါကတော့ တကယ်ကို ခက်ခဲတာပေါ့"
ကျန်းဖုန်းက များများစားစား မတွေးဘဲ ရှင်းပြသည်။ "မင်း ဟေးယာမြို့နဲ့ ဝမ်ချွမ်းမြို့ဘက်ကနေ လာခဲ့တာဆိုတော့ သိမှာပါ။ မြင့်မြတ်နယ်မြေရဲ့ အုပ်ချုပ်မှု နယ်မြေက အရမ်းကျယ်ပြန့်တယ်၊ တိမ်တိုက်ထျန်းဖူကမ္ဘာ အခု ၅၀-၆၀ လောက်နဲ့ ညီမျှ တာ"
" လက်အောက်က ကျင့်ကြံသူတွေဆိုတာ ရေတွက်လို့တောင် မရဘူး။ မြင့်မြတ်နယ်မြေဆိုတာ ကျင့်ကြံသူအားလုံးရဲ့ အိပ်မက် နေရာလေ"
"တင်းကြပ်မှု မရှိရင် မြင့်မြတ်နယ်မြေထဲမှာ လူတွေ ပြည့်ကျပ်နေမှာပေါ့"
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။အမှန်ပင်။
အပြင်ဘက် မြင့်မြတ်မြို့တော်မှ လူများကိုသာ မြင့်မြတ်နယ်မြေထဲ ရွှေ့လိုက်မည်ဆိုလျှင်ပင် ဤနေရာမှာ ဆံ့တော့မည် မဟုတ်ပေ။
"ဒါနဲ့..."
ကျန်းဖုန်းက ရုတ်တရက် လေသံပြောင်းကာ ပြုံးလျက် မေးသည်။ "ကောင်းကင်ထိပ်ဆုံးကို ရောက်လာပြီးတဲ့နောက် ဒီက အခြေအနေတွေက မင်းထင်ထားတာနဲ့ မတူဘူး မဟုတ်လား"
ထန်ထျန်းက အလေးအနက် ခေါင်းညိတ်သည်။ "ဟုတ်တယ်... "
"အထက်ကမ္ဘာရဲ့ ပတ်ဝန်းကျင်က ငါတို့ တိမ်တိုက်ထျန်းဖူကမ္ဘာထက် အများကြီး ပိုကောင်းလိမ့်မယ်လို့ ထင်ခဲ့တာ။ တကယ်တော့ ပြောင်းပြန်ကြီးပဲ"
"မြင့်မြတ်နယ်မြေကလွဲရင် ကျန်တဲ့နေရာတွေက ခြောက်သွေ့နေပြီး သေတော့မယ့် ကမ္ဘာကြီးလို ခံစားရတယ်"
ကျန်းဖုန်းက လက်မထောင်ပြလိုက်သည်။ "မင်းကတော့ မင်းပဲ။ စကားတစ်ခွန်းတည်းနဲ့ ကောင်းကင်ထိပ်ဆုံးရဲ့ အနှစ်သာရကို ဖော်ပြနိုင်တယ်"
" ပညာရှိကြီး တချို့ ပြောကြတာတော့ ငါတို့ရဲ့ ကမ္ဘာကြီးက သေဆုံးခြင်းဆီ ဦးတည်နေတယ်တဲ့"
ပြောရင်းနှင့် သူက ခေါင်းခါလိုက်သည်။ "ပတ်ဝန်းကျင် ပြဿနာအပြင် မြင့်မြတ်နယ်မြေ ထဲက အခြေအနေတွေကလည်း ထင်သလောက် စိတ်တိုင်းမကျစရာတွေ ရှိနေတယ်"
သူက သက်ပြင်းချရင်း ပြောလိုက်လေသည်။