ပျံသန်းနတ်ဘုရားအင်းကွက်
Vol. 7 Ch. 658
ဆန်းလျန်၏ နန်းတော်သည် မိုးကြိုးများဖြင့် တိုက်ခိုက်ခံခဲ့ရပြီးသည့် အချိန်တွင် အင်းကွက် တစ်ခုသည် နန်းတော်ထဲမှ ပျံသန်းထွက်ခွာလာပြီး မိုးကြိုးများကို တားဆီး ထားလိုက်လေသည်။ မိုးကြိုးနှင့်လျှပ်စီးများ ကြားထဲတွင် အင်းကွက်မှ အကန့်အသတ်မဲ့သည့် တန်ခိုးစွမ်းအား အခိုးအငွေ့များ ထွက်ပေါ်လာလေသည်။
ပန်းပဲဆရာက သံကို သံမဏိဖြစ်အောင် ထုနှက်လိုက်သည့် အလား အင်းကွက်ကို မိုးကြိုး လျှပ်စီးများသည် စတင် ပစ်ခတ်လိုက်ကြလေသည်။
မိုးကြိုးပစ်ခတ်မှုကြောင့် အင်းကွက်သည် အဆက်မပြတ် သိပ်သည်းလာပြီး အခိုးအငွေ့များ ပျောက်ကွယ် သွားလေသည်။ သို့သော် မိုးကြိုးသံများကတော့ ထွက်ပေါ်နေဆဲ ဖြစ်လေသည်။
ကောင်းကင် တစ်ခုလုံးတွင် ဖုံးအုပ်နေသည့် တိမ်တိုက်များသည် (၉)ရက်နှင့် (၉)ည တိတိကြာမှသာ ပျောက်ကွယ် သွားခဲ့လေသည်။
လရောင်သည် တောက်ပစွာ ထွက်ပေါ်လာသည့် အချိန်တွင်တော့ အင်းကွက်သည် ကျယ်ပြန့်လာကာ မရေမတွက်နိုင်သည့် ကြယ်စင်များသည် အင်းကွက်ထဲတွင် လှည့်ပတ် နေလေသည်။ ကြင်စင်များသည် (၃၆၀) ဒီဂရီ စက်ဝန်း ပုံသဏ္ဌာန်လှည့်ပတ်နေပြီး အနေအထား အသီးသီး ရှိကြလေသည်။ တန်ခိုးစွမ်းအားပေါက်ကွဲမှုကြီးနှင့် ဆက်နွှယ်မှု အောက်တွင် ထိုအရာသည် မပျက်စီးနိုင်သည့် အရာတစ်ခု ဖြစ်လေသည်။
နောက်ဆုံးတွင်တော့ အင်းကွက်သည် လှည့်ပတ်နေပြီး မရေမတွက်နိုင်သည့် ကြယ်စင်များ ထွက်ပေါ်လာကာ ဆန်းလျန်၏ လက်ထဲသို့ ကျဆင်းလာကြလေသည်။ စကြဝဠာ တစ်ခုလုံးသည် ဆန်းလျန်၏ လက်ဖဝါးထက်သို့ ဆင်းသက်လာပြီး တိတ်ဆိတ် လင်းလက်နေသည့် အလား ဖြစ်လေသည်။
ဆန်းလျန်က နူးညံ့ သိမ်မွေ့သည့် လေသံဖြင့်…
“နည်းဗျူဟာအရံအတား အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်သွားတာ ပျံသန်းနေတဲ့ နတ်ဘုရားတွေ ကာကွယ်ပေးနေ တာထက်တောင် ကောင်းသေးတယ်၊ ဒါကြောင့် မင်းကို ‘ပျံသန်း နတ်ဘုရားအင်းကွက်’ လို့ အမည်ပေးလိုက်မယ်”
လောကကို ကျော်လွန်သွားသည့် နတ်ဘုရားများကို ပျံသန်းနေသည့် နတ်ဘုရားများဟု ခေါ်ဆို သုံးနှုန်းလေ့ ရှိလေသည်။ သန်းနှင့်ချီသည့် ကျင့်ကြံသူများ၏ တန်ခိုးစွမ်းအားများ ပေါင်းစည်းမှုသည် ပျံသန်းနေသည့် နတ်ဘုရားများ ထက်အမှန်တကယ်ပင် သာလွန်လေသည်။ သို့သော် ပျံသန်းနေသည့် နတ်ဘုရားများကဲ့သို့ ပုံပြောင်းအဆင့်များစွာ တော့ရှိမည် မဟုတ်ပေ။
ထို့ကြောင့် ထိုအင်းကွက်ကို အထူးအခြေအနေများတွင်သာ အသုံးပြုနိုင်မည်ဖြစ်လေသည်။
“ပျံသန်း နတ်ဘုရားအင်းကွက်” က ဆန်းလျန်ပေးသည့် အမည်ကို အသိအမှတ် ပြုသည့် အနေဖြင့် ကြယ်စင်ရောင်များ တစ်ချက် လင်းလက် သွားလေသည်။
ဆန်းလျန်သည် မှော်ဝင်ပစ္စည်းပေါင်း များစွာကို ပြုလုပ်ခဲ့ဖူးသော်လည်း ယနေ့ ဖန်ဆင်းလိုက်သည့် အင်းကွက်အတွက် စိတ်ထဲတွင် အလွန်အမင်း ကျေနပ်ဝမ်းမြောက် နေခဲ့လေသည်။ ဆန်းလျန်သည် သူ့ဘဝတွင် အောင်မြင်မှုတစ်ခုရရှိ သွားသည့်အလား အင်းကွက်ကို ကြည့်နေခဲ့လေသည်။ အင်းကွက်အတွင်းမှ ဖွဲ့စည်းမှုတိုင်းတွင် သူ၏အခြေခံတန်ခိုး စွမ်းအားများဖြင့် ပြည့်နေပြီး အားနည်းချက် တစ်စုံတစ်ရာ မရှိနိုင်ပေ။
ထို့ကြောင့် ထိုအင်းကွက်သည် အဖိုးအတန်ဆုံးသော အင်းကွက်တစ်ခု မဟုတ်သော်လည်း အောင်မြင်ခဲ့သည့် အရာ တစ်ခုတော့ ဖြစ်လေသည်။ ဆန်းလျန် အတွက်တော့ ထိုသို့သော မှော်ဝင်ပစ္စည်း တစ်ခုကို ပြီးမြောက်အောင် ပြုလုပ်ရသည်မှာ စိတ်လှုပ်ရှားစရာ ကောင်းလှလေသည်။
တစ်ချိန်တည်းမှာပင်… သူသည် တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကား အကြောင်းကို စဉ်းစား လိုက်မိလေသည်။ တစ်နေ့တွင်တော့ ထိုပန်းချီကားသည် သူကြားဖူးထားသည့် ဒဏ္ဍာရီထဲမှ မှော်ဝင်ပစ္စည်း တစ်ခုကို တုပနိုင်လိမ့်မည်ဟု တွေးနေမိလေသည်။
ဆန်းလျန်သည် အင်းကွက်ကို ပြုလုပ်ပြီးသည်နှင့် လူတိုင်း၏ အာရုံစိုက်မှုကို ခံခဲ့ရလေသည်။
ပေမင်ကျီကို ကွက်မျက် ပြီးသွားခဲ့ပြီ ဖြစ်လေသည်။
သို့တိုင်အောင် ပေမင်ကျီ၏ မျိုးရိုးသည် ထူးခြားလွန်းသည့်အတွက် သူ၏ စိတ်နှင့်ဝိညာဉ်ကို အမြစ်ပြတ် သုတ်သင်နိုင် ခဲ့ခြင်းမရှိပေ။ သူ၏သေးငယ်သည့် ဝိညာဉ် အပိုင်းအစလေးသည် မိုးနှင့်မြေတွင် အထီးကျန်စွာဖြင့် လှည့်လည်သွား လာနေခဲ့လေသည်။
နောက်ဆုံးတွင်တော့… ထိုဝိညာဉ် အပိုင်းအစလေးသည် မမြင်နိုင်သောလောကတစ်ခုနှင့် ဆက်သွယ်မိပြီး မရေမတွက်နိုင်သည့် အာကာသပေါင်းများစွာကို ဖြတ်ကျော်ကာ ရော့စွေမြစ် တည်ရှိရာနေရာသို့ ရောက်ရှိလာခဲ့လေသည်။
ရှေးဟောင်း နတ်ဘုရားများသာ ထိုနေရာသို့ရောက်ခဲ့ပါက ထိုနေရာသည် ဒဏ္ဍာရီဆန်သည့် ပင်လယ်လျှိုမြောင် တစ်ခုဖြစ်သည်ကို သိရှိကြမည် ဖြစ်လေသည်။ ထိုနေရာသည် မိုးကောင်းကင်ခုံရုံး အပြင်ဘက်တွင်တည်ရှိသည့် နတ်ဘုရားများ စုဝေးလေ့ရှိရာ နေရာတစ်ခု ဖြစ်လေသည်။
ထိုနေရာသည် သုံးလောကတွင် အဆန်းကြယ်ဆုံးနေရာတစ်ခု ဖြစ်လေသည်။ ထိုနေရာသို့ ဝင်ရောက်နိုင်သူ အနည်း ငယ်သာရှိပြီး ထိုနေရာမှ ပြန်ထွက် လာနိုင်သူမှာလည်း အနည်းငယ်သာ ရှိလေသည်။
အဆုံးမရှိသည့် မြစ်ရေထဲတွင် ငန်းများလည်း ကူးခတ်နေခြင်းမရှိသလို အလင်းရောင်လည်း မရှိပေ။ ရေထဲတွင် ကူးခတ်နေသည့် ငါးများပင် မရှိပေ။
ပေမင်ကျီ၏ ဝိညာဉ် အပိုင်းအစလေးသည် အဆုံးမဲ့တောင်ကြားသို့ ရောက်ရှိလာပြီး မရှိမှုကျေးရွာသို့ ဝင်ရောက်သွားခဲ့ လေသည်။ သူ၏ကိုယ်ပိုင် အသိဉာဏ်များမှာ တဖြည်းဖြည်း ပျောက်ကွယ်နေပြီး ပင်လယ်ထဲမှ အဆုံးမဲ့ တောင်ကြားနှင့် တစ်သားတည်းကျအောင် ပေါင်းစပ် သွားခဲ့လေသည်။
ခဏအတွင်းမှာပင် ဝိညာဉ်အပိုင်းအစလေးသည် ရေခဲစိုင်ကြီး တစ်ခုအတွင်းသို့ ဝင်ရောက် သွားလေသည်။
ရေခဲစိုင်ကြီးသည် မိုင်ပေါင်း တစ်သောင်းခန့်ရှည်လျားပြီး မိုင်ပေါင်း တစ်သိန်းခန့် ကျယ်ပြန့် လေသည်။ ထိုရေခဲစိုင်ကြီး သည်စကြဝဠာအတွင်းမှ အချို့သော ကြယ်စင်များနှင့်ပင် နှိုင်းယှဉ် နိုင်လေသည်။
ရှားပါးသည့် အချက်မှာ ထိုရေခဲစိုင်ကြီးသည် ပင်လယ်ထဲရှိ အဆုံးမဲ့ တောင်ကြားတွင် မျောလွင့်နေသည့် အဆောက်အဦတစ်ခုနှင့် ဆက်စပ်လျက် ရှိလေသည်။
ပေမင်ကျီ၏ ဝိညာဉ် အပိုင်းအစလေးသည် ရေခဲစိုင်အတွင်းသို့ ငုပ်လျှိုးဝင်ရောက်သွားပြီး ကွာဟမှုများစွာကို ဖြတ်သန်းသွားကာ နောက်ဆုံးတွင် ဖန်သားဖြင့် ပြုလုပ်ထားသည့် နန်းတော်ကြီး တစ်ခုရှေ့သို့ ရောက်ရှိ သွားလေသည်။
ထိုနန်းတော်ထိပ်တွင် ရေးသားထားသည့် စာတမ်းမှာ…
“နတ်မိစ္ဆာအဓိပတိနန်းတော်”
ဟူ၍ ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် ထိုနေရာတွင် အလွန်ပြင်းထန်သည့် တန်ခိုးစွမ်းအား ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး နန်းတော်အတွင်းမှ တန်ခိုးစွမ်းအား (၁၀)ခု ထွက်ပေါ်လာလေသည်။
တန်ခိုးစွမ်းအား ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအား (၁၀)ခုသည် ပေမင်ကျီ၏ ဝိညာဉ် အပိုင်းအစလေးကို ရစ်ပတ် လွှမ်းခြုံထားလိုက်ကြလေသည်။
ထိုခဏမှာပင် အသံတစ်သံ ထွက်ပေါ်လာလေသည်။
“သွေးနီရောင်ပင်လယ်ထဲက ညစ်ညမ်းတဲ့ မိစ္ဆာစွမ်းအားတွေ သူ့ကိုယ်ထဲ ရောက်သွားတာပဲ၊ ကြည့်ရတာ သူက အသူရာချောက် အရှင်သခင်ရဲ့ အချစ်ဆုံးတပည့်နဲ့ ရင်ဆိုင်ခဲ့ရတာများလား”
“နံပါတ် (၃)၊ မင်းကလည်း အချိန်တွေ ရှုပ်ထွေးကုန်ပြန်ပြီ၊ အသူရာချောက် အရှင်သခင်က တာအိုဆရာ ထိုက်ယီ သတ်လိုက်လို့ လူပြန်ဝင်စားသွားတာ ကြာလှပေါ့၊ အဲဒါကို အခွင့်ကောင်းယူပြီး တိကျန်ဗောဓိသကျက သွေးနီရောင် ပင်လယ်ထဲက အသူရာတွေ အကုန်လုံးကို နှိမ်နင်းခဲ့တယ်၊ နတ်မိစ္ဆာ ဘုရင်ပေါ်ရွှင်တောင်မှ ကျဆုံးသွား ခဲ့တယ်လေ၊ အသူရာချောက် အရှင်သခင်ရဲ့ အချစ်ဆုံး တပည့်ဆိုတာ ဘယ်နေရာက ထွက်လာရတာလဲ”
အခြားအသံ တစ်သံက ပြောလိုက်လေသည်။
ထိုစကားများကို ပြောလိုက်သူမှာ လျှို့ဝှက်ချက် တော်တော်များများကို သိထားပုံရလေသည်။
“နံပါတ် (၉)က ဆရာဘိုးဘိုးကြီး အချစ်ဆုံး တစ်ယောက်ပဲ၊ ပြီးတော့ အသိဉာဏ် ဗဟုသုတလည်း အရှိဆုံးပဲ၊ ခုတော့ ဝိညာဉ်အပိုင်းအစလေးပဲ ကျန်တော့တဲ့အထိ အရူးလုပ်ခံ လိုက်ရတယ် ဆိုတော့ သူ့ကြောင့် ငါတို့ ခွန်ဖိန်အနွယ်တော်တွေ အကုန်သိက္ခာ ကျကုန်တော့မှာပဲ”
“အဲဒီလိုမပြောပါနဲ့ နံပါတ် (၅)၊ ဘာပဲဖြစ်ဖြစ်သူကလည်း နတ်မိစ္ဆာ ခန္ဓာရရှိထားတဲ့ ငါတို့ ညီအစ်ကို တစ်ယောက်ပဲ မဟုတ်ဘူးလား”
ထိုစကားကို ပြောလိုက်သူ၏ လေသံသည် အလွန်မှ သြဇာအာဏာရှိပြီး သိက္ခာနှင့် ပြည့်စုံလေသည်။
ထိုသူစကား ပြောလိုက်သည့် အချိန်တွင် ပတ်ဝန်းကျင်မှ အသံများအားလုံး တိတ်ဆိတ် သွားကြလေသည်။
“နံပါတ် (၁)၊ ငါတို့ နံပါတ် (၉)ရဲ့ ရုပ်ခန္ဓာကို ပြန်လိုချင်တယ် ဆိုရင် အနောက်ဘက် ကောင်းကင်ဘုံကိုသွားပြီး ရှစ်ပါးသီလ ရေကန်က ကြာမြစ်ကိုတောင်းမှပဲ ဖြစ်နိုင်မယ်၊ သူတို့က မင်းရဲ့စကားက လွဲလို့ ဘယ်သူ့စကားကိုမှ နားထောင်ကြမျာမဟုတ်ဘူး၊ ပြီးတော့ ဘုန်းတော်ကြီးတွေနဲ့ တွေ့မနေနဲ့တော့၊ ဗုဒ္ဓကိုသာ တန်းပြီးတွေ့လိုက်၊ ဗုဒ္ဓက အရင်ဘဝက မင်းနဲ့ ညီအစ်ကို တော်စပ်ခဲ့ဖူးတော့ ကူညီနိုင် ကောင်းပါတယ်”
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်၊ နံပါတ် (၉)က ရွှေရောင်သိမ်းငှက် ဘုရင်ရဲ့ မြေးပဲ၊ သူဒုက္ခရောက်ရင် ငါတို့ ခွန်ဖိန် အနွယ်တော်တွေက သူ့ကို ကူညီရမှာပေါ့”
နံပါတ် (၁)က …
“အမှန်ပဲ၊ အရင်တုန်းက သူက ဆရာဘိုးဘိုးကြီးရဲ့ အချစ်ဆုံးမို့လို့ မင်းတို့တွေ သူ့ကို မကျေနပ်ကြတာ မှန်ပေမယ့် သူက ငါတို့နဲ့ ဆွေမျိုး တော်နေသေးတယ်လေ၊ သူ့ကို ဒီအတိုင်းပစ်ထားလို့ ဘယ်ဖြစ်မှာလဲ၊ ဆရာဘိုးဘိုးကြီး ထွက်လာလို့ ဒီအကြောင်းသာသိသွားရင် ငါတို့အားလုံး အပြစ်ပေးခံရမှာ”
နံပါတ် (၁)က ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည့်ဟန်ဖြင့် ထိုစကားကို ပြောလိုက်လေသည်။
ထို့နောက် အခြားသူများက ထိုအကြောင်းကို ဆက်မပြောကြတော့ပေ။
သူတို့စကားပြောနေကြစဉ်မှာပင်… ရွှေရောင်သိမ်းငှက် တစ်ကောင် ထွက်ပေါ်လာကာ ပေမင်ကျီ၏ ဝိညာဉ် အပိုင်းအစလေးကို ကုပ်ယူလိုက်လေသည်။ ရွှေရောင်သိမ်းငှက်၏ ခြေသည်းများသည် တောက်ပနေလေသည်။ အဘယ်ကြောင့် ဆိုသော် သိမ်းငှက်ခြေသည်း များမှတစ်ဆင့် ပေမင်ကျီ၏ ဝိညာဉ် အပိုင်းအစလေးဆီသို့ တာအို တန်ခိုးစွမ်းအားများ ထည့်သွင်း ပေးနေသောကြောင့် ဖြစ်လေသည်။
ထို့နောက် ရွှေရောင် သိမ်းငှက်ကြီးသည် တောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်ကာ မိုင်ပေါင်း ကိုးသောင်း အဝေးသို့ ပျံသန်းရောက်ရှိ သွားလေတော့သည်။
သူသည် ပင်လယ်ကို ကျော်ဖြတ်ကာ လေထုကို ထိုးခွင်းပြီး အဆုံးမဲ့တောင်ကြားမှ ပျံသန်း ထွက်ခွာသွားပြီ ဖြစ်လေသည်။
ရွှေရောင်သိမ်းငှက်ကြီး ထွက်ခွာသွားသည်နှင့် စကားသံတစ်သံ ထွက်ပေါ်လာလေသည်။
“ဒီနှစ်တွေ အတွင်းမှာ နံပါတ် (၁)ရဲ့ တန်ခိုးစွမ်းအားတွေက အရမ်းကို တိုးတက်လာတာပဲ၊ ငါတို့တွေ အကုန်လုံး ပေါင်းပြီး သူ့ကို တိုက်ခိုက်မယ် ဆိုရင်တောင်မှ အနိုင်ရနိုင်မယ် မထင်ဘူး”
“အမှန်ပဲ၊ နံပါတ် (၁)က ဒုတိယမိုးနတ်မင်းကို တိုက်ခိုက်ဖို့အတွက် သူတို့ (၆)ယောက်နဲ့ ပူးပေါင်းခဲ့တာကိုသာ ကြည့်တော့လေ”
“မင်းတို့တွေ ဆက်မပြောနဲ့တော့၊ အဲဒီတုန်းက နံပါတ် (၁)က သူတို့ (၆)ယောက်နဲ့ ပူးပေါင်းခဲ့တာက သူတို့က မိုးကောင်းကင် ခုံရုံးကို ပြောင်းလဲပစ်ချင်တယ်လို့ ပြောခဲ့လို့လေ၊ ပြီးတော့ မိုးကောင်းကင်ခုံရုံးက နတ်စစ်သည်တွေလည်း သူတို့ကို တိုက်ခိုက်ဖို့လည်း စေလွှတ်လိုက်ရော သူတို့ အကုန်လုံး ခွေးပြေးဝက်ပြေး ပြေးကြာတာပဲ မဟုတ်လား၊ သိုကျန့်စန့်ဖူ ကိုယ်တော်တစ်ပါးပဲ နတ်စစ်သည် တစ်သိန်းကို တစ်ယောက်တည်း ခုခံကာကွယ်ပြီး ကျန်ရစ်ခဲ့တာ”
“သိုကျန့်စန့်ဖူကိုယ်တော်က ငါ အမြဲတမ်းလေးစားရတဲ့သူပဲ၊ ဒါနဲ့ စကားမစပ်… နင်တို့တွေ သူ့အကြောင်း ဝေဖန်တဲ့ အတွက် ငါ ဒီည သူတော်စင်တေးသွား မတီးခတ်တော့ဘူး၊ ငါ့ရဲ့ သူတော်စင် တေးသွားကို နားမထောင်ရရင် နင်တို့ တွေတရားထိုင်ဖို့ စိတ်အာရုံ ဘယ်လို စူးစိုက်မလဲဆိုတာ ကြည့်ကြတာပေါ့”
“ညီမလေး (၁၁)၊ မင်း ဗျပ်စောင်း မတီးတော့ဘူးဆိုရင် ငါတော့ အရမ်းကျေးဇူးတင်မှာပဲ၊ နှစ်ပေါင်းတစ်ရာမှာ တစ်ညလောက်တော့ ကောင်းကောင်း အိပ်ရတော့မယ်၊ ဘာလို့ တရားထိုင် နေတော့မလဲ”
“အစ်ကို (၈)၊ ညတိုင်း ကြိုးကြိုးစားစား ကျင့်ကြံနေတယ် ထင်နေတာ၊ လက်စသတ်တော့ ငါဗျပ်စောင်းတီးတဲ့ အချိန်တိုင်း တရားထိုင်ချင်ယောင် ဆောင်ပြီး အိပ်နေတာပေါ့လေ၊ သူတော်စင် တေးသွားက ကျင့်စဉ်လမ်းမှာ အထောက်အကူ ဖြစ်တယ်ဆိုလို့ ငါ့မှာတော့ နင်တို့တွေအတွက် နေ့တိုင်း ဗျပ်စောင်းတီးပေးပြီး ကူညီလိုက်ရတာ…”
“မင်းတို့အားလုံးက အရူးတွေပဲ၊ နံပါတ် (၁) ထွက်သွားတာနဲ့ ရန်ဖြစ်နေကြပြန်ပြီ၊ ကမ္ဘာ့ကပ်ဆိုးကြီးသာ ဖြစ်လို့ ကတော့ မင်းတို့တွေ အကုန်လုံး နံပါတ် (၉)ထက် အဖြစ်ဆိုးကုန် ကြလိမ့်မယ်”
“အဲဒီတော့ရော ဘာကြောက်စရာရှိလဲ၊ ငါတို့က ဆရာဘိုးဘိုးကြီးရဲ့ အကာအကွယ် အောက်မှာနေတာ၊ နှစ်ပေါင်း များစွာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိခဲ့ကြတာပဲ”
ညီမလေး (၁၁) က နှာခေါင်းတစ်ချက်ရှုံ့ရင်း ပြောလိုက်လေသည်။
သို့သော်… အခြားသူများက သူမကို စကားပြန်မပြောကြတော့ပေ။
ပေမင်ကျီ ဒုက္ခရောက်သည့် အတွက် သူတို့ ပျော်ရွှင်မိကြသည့်တိုင် ပေမင်ကျီ ယခုကဲ့သို့ ဒုက္ခရောက် သွားရခြင်းက သူတို့အားလုံးကို သတိရှိရှိဖြင့် နိုးနိုးကြားကြား ရှိစေရန်လည်း သတိပေးလိုက်သည့် အလား ဖြစ်ရလေသည်။
သူတို့အားလုံး တိတ်ဆိတ် သွားသည်နှင့် နံပါတ် (၁၁) ညီမလေးက တွေးလိုက်လေသည်။
“သူတို့တွေအကုန် ငါနဲ့ စကားမပြောချင်မှတော့ ငါလည်း.. ညီမလေးကွေလိကိုပဲ သွားရှာတော့မယ်”
ထိုသို့တွေးလိုက်မိသည်နှင့် သူမသည် အဆုံးမဲ့တောင်ကြားမှ ထွက်ခွာသွားရန် တွေးလိုက် မိလေတော့သည်။ သို့သော်… သူမ၏အတွေးကို အခြားသူများက ရိပ်မိလိုက်ကြခြင်း မရှိပါချေ။
သူတို့သည် သတိရှိရှိဖြင့် နေသင့်သည်ဟု ခံစားလိုက်ရသည့်အချိန်မှာပင် သာမန်မဟုတ်သည့် အသက်ဓာတ် စွမ်းအားတစ်ခုကို ခံစားလိုက်ကြရလေသည်။
မိုးကောင်းကင်ခုံရုံး ပြိုလဲပျက်စီးသွားသည့် အချိန်ကာလတွင်သာ သူတို့သည် ထိုကဲ့သို့သော ခံစားချက်မျိုးကို ခံစားခဲ့ကြရဖူးလေသည်။
* (သိုကျန့်စန့်ဖူ - Dou Zhan Sheng Fu ဆိုသည်မှာ Winnging and defeating Buddha ကိုပြောခြင်း ဖြစ်ပါသည်။ အနောက်သို့ ခရီးသွားမှတ်တမ်းထဲတွင်တော့ သိုကျန့်စန့်ဖူ ဆိုသည်မှာ စွန်းဝူခုံးနှင့် အတူတူပင် ဖြစ်ပါသည်။ - ဘာသာပြန်သူ)
***