ဗိဿနိုး
Vol. 7 Ch. 659
ထိုသို့ဖြင့် နတ်မိစ္ဆာအဓိပတိ နန်းတော်တွင် မေပင်ကျီ၏ ကိစ္စကြောင့် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး ပြန်လည် ငြိမ်သက် သွားကြလေသည်။ သို့သော်… တန်ခိုးစွမ်းအား အခိုးအငွေ့ တစ်ခုသည် ရေခဲစိုင်ကြီးအတွင်းသို့ တိတ်ဆိတ် ဝင်ရောက်ပျောက်ကွယ် သွားပြီး ပင်လယ်အတွင်းရှိ အဆုံးမဲ့တောင်ကြားမှ ထွက်ခွာ သွားသည်ကိုတော့ မည်သူမှ သိရှိလိုက်ခြင်း မရှိကြပေ။
အချိန်အတန် ကြာသွားပြီးသည့်နောက်… တစ်ယောက်ကစပြီး စကားပြောလိုက်လေသည်။
“ကြည့်ရတာ ဒီည ညီမလေး (၁၁) တကယ်ပဲ ဗျပ်စောင်းမတီးတော့ဘူးထင်တယ်”
သူတို့က စိတ်စွမ်းအားများကို ဖြန့်ကျက်ကာ ညီမလေး (၁၁) ၏ နန်းဆောင်ကို ဆက်သွယ် ကြည့်လိုက်ကြလေသည်။ ထိုအခါတွင်တော့ ညီမလေး (၁၁)၏ နန်းဆောင်တွင် မည်သူမှ မရှိတော့သည်ကို သိရှိ လိုက်ကြလေသည်။
“ညီမလေး (၁၁) ထွက်သွားပြီ…”
“ခွင့်ပြုချက်မရဘဲ နန်းတော်က ထွက်တာက အကြီးအကျယ် စည်းကမ်း ဖောက်ဖျက်တာပဲ၊ နံပါတ် (၁) ပြန်လာရင် တော့ညီမလေး အပြစ်ပေးခံရတော့မယ်”
“ဒါဖြင့် ဘာလုပ်ကြမလဲ၊ ငါ နန်းတော်အပြင် ခိုးထွက်ပြီး ညီမလေးကို သွားရှာရမလား”
“မင်းကလည်း ခိုးထွက်ချင်လို့ အကြံထုတ်နေတာ မဟုတ်လား နံပါတ် (၈)”
“ငါက ညီမလေး (၁၁)ကို စိတ်ပူလို့ပါ”
“မင်းက အဲဒီလိုပြောတော့ ငါတို့က စိတ်မပူတာ ကျနေတာပဲ”
ခွန်ဖိန် အနွယ်တော်များ စကားပြောနေကြစဉ်မှာပင် သူတို့နားထဲသို့ တာအိုသူငယ် တစ်ယာက်၏အသံ ဝင်ရောက် လာလေသည်။
“ဆရာဘိုးဘိုးကြီး အမိန့်ရှိလိုက်တယ်၊ ဒီနေ့ကစပြီး နတ်မိစ္ဆာ အဓိပတိနန်းတော်ထဲကနေ သခင်လေးတွေ အကုန်လုံး အပြင်ကို ထွက်ခွင့်မရှိဘူးတဲ့”
သူတို့အားလုံးမှာ အလွန်တန်ခိုး စွမ်းအား မြင့်မားသူများ ဖြစ်ကြသော်လည်း ဆရာဘိုးဘိုးကြီး ခွန်ဖိန်၏ အမိန့်ကိုတော့ မလွန်ဆန်ရဲကြပေ။
နတ်မိစ္ဆာ အဓိပတိနန်းတော် တစ်နေရာတွင် နက်ရှိုင်း မြင့်မားသည့် စွမ်းအား တစ်ခု ပေါ်ထွက်လာပြီး သူတို့ကို စောင့်ကြည့်နေသည်ကို ခံစားလိုက်ကြရလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆရာဘိုးဘိုးကြီး ထွက်လာပြီ ဆိုသည်ကို သူတို့အားလုံး နားလည် လိုက်ကြလေသည်။
သူတို့ အားလုံးသည် ညီမလေး (၁၁)အတွက် အလွန်စိတ်ပူ နေကြလေသည်။ အဘယ်ကြောင့် ဆိုသော် သူမ ထွက်သွားပြီး မည်သည့် အချိန်ကျမှ ပြန်လာမည်ကို မသိနိုင်ကြသောကြောင့် ဖြစ်လေသည်။
သူတို့သည် စကားလည်း ဆက်ပြီး မပြောရဲကြတော့ပေ။
သူတို့၏ စိတ်စွမ်းအားများကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး တရားထိုင် နေလိုက် ကြလေတော့သည်။
ညီမလေး (၁၁) သည် ပင်လယ်ထဲရှိ အဆုံးမဲ့တောင်ကြားမှ ပျံသန်း ထွက်ခွာလာခဲ့လေသည်။
သူမသည် ကောင်းကင်ထက်တွင် ပျံသန်းနေလေသည်။ သူမသည် ခွန်ဖိန်၏ မြစ်မလေး ဖြစ်သည့်အတွက် သူမ၏ အလင်းအလျင်နှုန်းသည် အဆမတန် မြန်ဆန်လွန်းလှလေသည်။
ထို့ပြင် သူမ၏ တန်ခိုးစွမ်းအားများမှာလည်း နှစ်ချို့နေပြီ ဖြစ်လေရာ အာကာသထဲသို့ ရောက်ရှိ လာသည့်တိုင် သူမ၏တန်ခိုးစွမ်းအားများ ပျက်စီးသွားမည်ကို စိတ်ပူစရာ မရှိခဲ့ပေ။
သူမက ဥက္ကာပျံ အစုအဝေးတစ်ခုကို ဖြတ်သန်း သွားပြီးသည့်နောက် အဆုံးမရှိသည့် အာကာသထဲသို့ ရောက်ရှိလာ ခဲ့လေသည်။ သူမသည် အာကာသထဲတွင် လှည့်ပတ်ပျံသန်းရင်း ပျင်းရိ လာမိလေသည်။ အာကာသတစ်ခွင်လုံးသည် အလွန်တရာ လှပသော်ငြား သူမနေထိုင်သည့် အဆုံးမဲ့ တောင်ကြားလောက် လှပခြင်း မရှိပေ။
သူမသည် ပျံသန်းနေရင်း နောက်ဆုံးတွင်တော့ အလွန်တရာလှပသည့် နေရာတစ်ခုသို့ ရောက်ရှိ သွားခဲ့လေသည်။
နဂါးငွေ့တန်းသည် စကြဝဠာကြီးတစ်ခုလုံးတွင် အလှပဆုံး ဖြစ်လေသည်။ သူမဘဝတွင် တွေ့မြင်ခဲ့ရသမျှ ရှုခင်းများနှင့်ယှဉ်လျှင် အသက်ရှူ ရပ်မတတ်ပင် လှပလွန်းလေသည်။
သူမ နဂါးငွေ့တန်းနှင့် နီးကပ်လာသည်နှင့် နဂါးငွေ့တန်းသည် မည်မျှ နက်ရှိုင်း ကျယ်ပြန့်သည်ကို နားလည်လိုက်ရ လေသည်။ နဂါးငွေ့တန်းထဲတွင် စီးဆင်းနေသည့် အရာသည် မြစ်ရေလား သို့မဟုတ် အခြားသော အရာတစ်ခုခုလား ဆိုသည်ကိုတော့ သူမ သိပ်မသိပေ။ သူမ၏ ဝိညာဉ် စွမ်းအားများသည် နဂါးငွေ့တန်းဆီသို့ ထိုးဖောက်နိုင်ခြင်း မရှိသောကြောင့် ဖြစ်လေသည်။
သူမတွေ့မြင်နေရသည့် နဂါးငွေ့တန်းသည် ဒဏ္ဍာရီထဲမှ မိုးကောင်းကင်ခုံရုံးကို ဖြတ်သန်း စီးဆင်းသွားခဲ့သည့် နဂါးငွေ့တန်းများဖြစ်လေမလားဟု သူမ စဉ်းစား နေခဲ့မိလေသည်။
သူမသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ထူးဆန်းမှုတစ်ခုကို အာရုံခံ လိုက်မိလေသည်။
ထိုအခါ… တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် တာအိုဆရာ အဘိုးအို တစ်ယောက်ကို တွေ့လိုက်ရလေသည်။ အဘိုးအိုသည် သူမအနားတွင် ရုတ်တရက် ပေါ်လာသည်လား သူမ မသိခဲ့ပေ။ အဘိုးအို လက်ထဲတွင် ငါးမြားတံ တစ်ချောင်းကို ကိုင်ထားပြီး ငါးမြားချိတ်ကို နဂါးငွေ့တန်းထဲတွင် ချထားလေသည်။ နဂါးငွေ့တန်း ရေလှိုင်းများ ကြားထဲတွင် ငါးမြားချိတ်သည် လွင့်မြောလျက် ရှိလေသည်။
သူမသည် သိချင်စိတ်ကို ထိန်းမရတော့ဘဲ အဘိုးအိုအနားသို့ ချဉ်းကပ်သွားပြီး နဂါးငွေ့တန်း အတွင်းသို့ ငုံ့ကြည့်လိုက်လေသည်။ ထိုအခါ အဘိုးအို၏ ငါးမြားချိတ်တွင် ကြယ်တစ်လုံး တပ်ဆင်ထားသည်ကို တွေ့လိုက် ရလေသည်။
“အဲဒီ ကြယ်က အစစ်လား”
ညီမလေး (၁၁) က မေးလိုက်လေသည်။
“ဒါဖြင့် မင်းကရော အစစ်လား”
တာအိုဆရာက ခေါင်းကိုလှည့်မကြည့်ဘဲ ပြန်မေးလိုက်လေသည်။
“ဒါပေါ့… ကျွန်မက အစစ်လေ…”
“ဒါဖြင့် သက်သေပြလေ”
တာအိုဆရာ အဘိုးအိုက ပြောလိုက်လေသည်။
ညီမလေး (၁၁)သည် မျက်လုံးကို တစ်ချက် လှန်လိုက်မိလေသည်။ ထို့နောက်… သူမ၏ လက်ထဲတွင် ဗျပ်စောင်း တစ်လက် ပေါ်လာလေသည်။ ဗျပ်စောင်းပေါ်တွင် ငှက်များ၊ သားရဲများ၊ ငါးပုံများ ထွင်းထုထားသည့် အပြင် “သူတော်စင်တေးသွား” ဟုလည်း ရေးသားထားလေသည်။
သူမက ဗျပ်စောင်းကို ညင်သာစွာ တီးခတ်လိုက်သည့် အခါတွင်တော့ တေးသွားသံစဉ် တစ်ခု ထွက်ပေါ်လာပြီး တာအိုဆရာအဘိုးအိုကို သွားရောက် ရိုက်ခတ်လေသည်။
“ရှင် နာကျင် ခံစားရမယ်ဆိုရင် ကျွန်မက အစစ်အမှန်ဖြစ်လို့ပဲ”
သူမက စကားပြောလိုက်ချိန်တွင် တေးသွားသံစဉ် လှိုင်းများသည် အဘိုးအိုရှိရာသို့ တဖြည်းဖြည်း ဝင်ရောက်သွား လေသည်။
သို့သော်… တာအိုဆရာအဘိုးအိုက အင်္ကျီလက် တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အင်္ကျီလက်မှာ တွင်းနက်ကြီး တစ်ခု အလား ဖြစ်သွားပြီး တေးသွားသံစဉ်များ အားလုံးကို စုပ်ယူ သွားလေတော့သည်။ သူမသည် အလွန်ကြောက်မက်ဖွယ် ရာကောင်းသည့် ဖိအားတစ်မျိုးကို ခံစားလိုက်ရလေသည်။ သူမ၏ တန်ခိုးစွမ်းအာများသာ ခိုင်မာခြင်းမရှိပါက သူမ သည်လည်း တွင်းနက်ထဲသို့ ကျရောက် သွားရမည် ဖြစ်လေသည်။
သူမက တစ်စုံတစ်ခုကို စဉ်းစားလိုက်မိပြီး အမြန် ပြောလိုက်လေသည်။
“ကျွန်မက ဆရာဘိုးဘိုးကြီး ခွန်ဖိန်ရဲ့ မြစ်ပါ၊ နာမည်က ကျင့်စူးလို့ ခေါ်ပါတယ်၊ အဘိုး အသုံးပြုလိုက်တာ ဝိဇ္ဇာအင်္ကျီ လက်တန်ခိုးစွမ်းအားပဲ မဟုတ်လား၊ အဘိုးက ကျန့်ယွမ်ကျီ နတ်မင်းကြီးလား”
ကျင့်စူးသည် အဘိုးအို၏ တန်ခိုးစွမ်းအားကို တွေ့မြင်လိုက်သည်နှင့် အဘိုးအိုနှင့် မည်သို့မှ မယှဉ်နိုင်သည်ကို သဘောပေါက် သွားလေသည်။ ထို့ပြင်… ဝိဇ္ဇာအင်္ကျီလက်တန်ခိုးစွမ်းအားသည် ဝူကျွမ်းကျောင်းတော်မှ ကျင့်စဉ်တစ်ခု ဖြစ်လေသည်။ ဝူကျွမ်းကျောင်းတော် ပိုင်ရှင်မှာ ကျန့်ယွမ်ကျီ နတ်မင်းကြီး ဖြစ်လေသည်။ ကျန့်ယွမ်ကျီ နတ်မင်းကြီး၏ တန်ခိုးစွမ်းအားများသည် သူမ၏ ဆရာဘိုးဘိုးကြီးနှင့် အဆင့်အတန်း အတူတူပင် ဖြစ်လေသည်။ ထိုနတ်မင်းကြီး သည် ကြောက်မက်ဖွယ် ကောင်းသော၊ ထင်ရှားကျော်ကြားသော၊ အကြီးမြတ်ဆုံးသော ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်လေသည်။
သူမရှေ့မှ အဘိုးအိုသည် ကျန့်ယွမ်ကျီ နတ်မင်းကြီးသာ အမှန်ဖြစ်ခဲ့ပါက သူမအနေဖြင့် ကြိုတင် အရှုံးပေးလိုက်ခြင်းက အကောင်းဆုံး ဖြစ်လေသည်။ မဟုတ်ပါက သူမသည် ကျန့်ယွမ်ကျီ၏ လက်ချောင်း တစ်ချောင်းကိုပင် အနိုင်ရအောင် တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
သူမ အလွန်လေးစားချစ်ခင်သည့် စံပြပုဂ္ဂိုလ်ဖြစ်သော သိုကျန့်စန့်ဖူသည်ပင်လျှင် ကျန့်ယွမ်ကျီ နတ်မင်းကြီးကို ရှုံးနိမ့် ခဲ့ရဖူးလေသည်။
တာအိုဆရာ အဘိုးအိုက ပြုံးလိုက်ရင်း…
“ကျုပ်က ကျန့်ယွမ်ကျီ နတ်မင်းကြီး မဟုတ်ပါဘူး၊ ဒါပေမဲ့ အရင်တုန်းက ဝူကျွမ်းကျောင်းတော်မှာ နေခဲ့ဖူးတယ်၊ တာအိုဆရာ ထိုက်ယီကြောင့် ဂျင်ဆင်းဆေးမြစ် တစ်ခု ရခဲ့ဖူးတယ်၊ ပြီးတော့ ဝိဇ္ဇာအင်္ကျီလက်ပညာကို သင်ယူခဲ့တယ်၊ အဲဒီပညာက အခြေခံအဆင့်မှာပဲ အရမ်းခက်ခဲလွန်းတဲ့ အတွက် အကြိမ်ကြိမ် လေ့လာပြီးမှ ကျုပ်က အနှစ်ချုပ် ကျင့်စဉ်ကျမ်းတစ်ခု ရေးသားခဲ့တယ်၊ ကျုပ်ရဲ့ တပည့်သားမြေးတွေ ဝိဇ္ဇာအင်္ကျီ လက်ပညာကို ကျင့်ကြံပြီး တကယ့် စစ်မှန်တဲ့တန်ခိုး စွမ်းအားရရှိနိုင်ဖို့ မျှော်လင့်မိတယ်၊ ဒါပေမဲ့ ဒီနေ့ဒီအချိန်အထိ အဲဒီလိုလုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူး”
ထိုစကားကိုကြားတော့မှ ကျင့်စူး စိတ်သက်သာရာ ရသွားလေသည်။
ကျန့်ယွမ်ကျီနတ်မင်းကြီးနှင့် မတွေ့ရသည့် အတွက်သာ ကံကောင်းတော့သည်။
သူမက တစ်ချက်မျှ တွေးလိုက်ပြီး…
"ရှင့်ရဲ့တပည့်တွေက ရှင့်ကို ဒီလိုစိတ်ပျက်စေတာ သူတို့က ဉာဏ်မကောင်းလို့ပဲ ဖြစ်ရမယ်၊ ကျွန်မကတော့ မွေးရာပါ အရည်အချင်းရှိတဲ့ သူပါ၊ ကျွန်မကို ဝိဇ္ဇာအင်္ကျီ လက်ပညာ သင်ပေးချင်တယ်ဆိုရင် သင်ပေးလို့ ရပါတယ်"
တာအိုဆရာအဘိုးအိုက ရယ်မောလိုက်ရင်း…
"ခွန်ဖိန်ပေါက်စလေး… မင်းကအရမ်းကို လောဘကြီးလွန်းတယ်၊ မင်းရဲ့ အဘိုးအတိုင်းပဲ၊ ဒါပေမဲ့ ဝိဇ္ဇာအင်္ကျီ လက်ပညာကို မင်းသင်ချင်တယ်ဆိုရင် သင်ပေးလို့ရပါတယ်၊ ဒါပေမဲ့ ကျုပ်ကို တစ်ခုတော့ ပြန်ကူညီရမယ်"
ကျင့်စူးက…
"ကျွန်မက လောဘကြီးတာ မဟုတ်ပါဘူး၊ အဲဒီ ဝိဇ္ဇာအင်္ကျီလက်ပညာကိုလည်း ကျွန်မ မသင်ချင်တော့ဘူး၊ ရှင် အကူအညီ တောင်းချင်တယ် ဆိုရင်လည်း တခြားသူကိုသာ ရှာလိုက်ပါ၊ ကျွန်မမှာ လုပ်စရာတွေ ရှိသေးတာမို့လို့ သွားတော့မယ်နော်"
သူမက ပြောပြီးသည်နှင့် ချက်ချင်း ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။
သူမသည် အရူးတစ်ယောက် မဟုတ်ပါ။ တာအိုဆရာ အဘိုးကြီး၏ စကားများကို ကြည့်ခြင်းအားဖြင့် အဘိုးအိုသည် သူမရောက်လာမည်ကို ကြိုသိနေသည့် အအတွက် ဤနေရာတွင် လာစောင့် နေသည်မှာ သေချာသလောက် ရှိလေသည်။
သူမအနေဖြင့် အဘိုးအို၏ ထောင်ချောက်ထဲသို့ ကျရောက်ရလောက်အောင် မိုက်မဲသူ တစ်ယောက် မဟုတ်ပါ။
သူမသည် ရွှေရောင်သိမ်းငှက်ကြီး အသွင်ပြောင်းလဲလိုက်ပြီး အတောင်ပံများကို ခတ်ကာ ပျံသန်း ထွက်ခွာရန် ပြင်ဆင် လိုက်လေသည်။
သို့သော်...
တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူမက ချက်ချင်း နားလည်လိုက်လေသည်။
သူမ ပျံသန်း လိုက်သည့်တိုင် တာအိုဆရာ အဘိုးအိုသည် သူမရှေ့တွင်ရှိနေဆဲ ဖြစ်လေသည်။ သူမသည် အဘိုးအိုနှင့် ဆန့်ကျင်ဘက်အရပ်ကို ပျံသန်းလိုက်ခြင်း ဖြစ်သော်လည်း အဘိုးအိုသည် သူမရှေ့တွင် အဘယ်ကြောင့် ရှိနေရပါ သနည်း။ ထို့ပြင်... အဘိုးအိုသည် အရင်အတိုင်းပင် မပြောင်းမလဲ ထိုင်နေခြင်းဖြစ်ပြီး သူ၏ ငါးမြားတံကလည်း နဂါးငွေ့တန်းထဲတွင် ချထားဆဲ ဖြစ်လေသည်။
ထို့နောက်တွင်တော့ သူမ အတောင်ပံခတ်ကာ မည်မျှပင် ပျံသန်းထွက်ခွာပါစေ ထိုနေရာမှ တစ်ချက်မှ မရွေ့နိုင်အောင် ဖြစ်နေရလေတော့သည်။
တာအိုဆရာအဘိုးအိုက ရယ်မောလိုက်ရင်း...
"ကြည့်ရတာ မင်းက ငါ့ကို မကူညီချင်ဘူး ထင်တယ်၊ ဒါပေမဲ့ မင်းရဲ့ရုပ်ခန္ဓာကတော့ အရမ်းရိုးသာတယ်၊ ကျုပ်အနားက ခွာချင်ပုံမရဘူး"
ကျင့်စူးက…
"ကျွန်မအရှုံးပေးပါပြီ၊ ရှင်… ကျွန်မဆီက ဘာလိုချင်လို့လဲ"
သူမသည် အလွန်လည်သူ တစ်ယောက် ဖြစ်လေသည်။ တာအိုဆရာအဘိုးအိုကို အနိုင်မရနိုင်တော့သည်ကို သိလိုက်သည်နှင့် ချက်ချင်းပင် ဟန်ဆောင် လိုက်လေသည်။
တာအိုဆရာ အဘိုးအိုက…
"ကျုပ်ဆီမှာ အမိတ္တဘဟ ကျမ်းစာရှိတယ်၊ မင်းက အဲဒီကျမ်းစာကို အသူရာချောက်က သွေးနီရောင် ပင်လယ်ထဲကို ယူသွားပေးရမယ်၊ အဲဒီနေရာကိုရောက်ရင် ကျမ်းစာကို ဖွင့်လိုက်ပါ၊ အဲဒီအချိန်ကျရင် လူတစ်ယောက် ရောက်လာပြီး မင်းကို စေတီတော်ဆီ ခေါ်သွားလိမ့်မယ်၊ အဲဒီ စေတီတော်မှာ ဘုန်းတော်ကြီးတစ်ပါးရှိတယ်၊ အဲဒီ ဘုန်းတော်ကြီးရဲ့နာမည်က ရာမလို့ ခေါ်တယ်၊ မင်းက ဒီကျမ်းစာကို သူ့ကိုပေးပြီးရင် ကျုပ်က ဗိဿနိုးကိုတွေ့ချင် တဲ့အကြောင်း ပြောပြလိုက်ပါ”
ကျင့်စူးက…
"ဗိဿနိုးကို ဗုဒ္ဓကိုယ်တော်တိုင်က နှိမ်နင်းလိုက်ပြီး မဟုတ်ဘူးလား၊ သူ အခု ဘယ်ရောက် နေလဲတောင် မသိတော့ ဘူး၊ အခု အဲဒီ ဘုန်းတော်ကြီးရာမနဲ့ ဗိဿနိုးက ဘယ်လို ပတ်သက်နေတာလဲ"
"မင်းက တကယ့်ကို စာတတ် ပေတတ်မိသားစုကဆိုတာ မှန်တာပဲဟေ့၊ ဒီလိုကိစ္စတွေကိုတောင် ရှင်းရှင်းလင်းလင်း သိနေတယ်၊ ဒါပေမဲ့ မင်းအနေနဲ့ အမေးအမြန်း မထူတာ ကောင်းလိမ့်မယ်၊ မင်းရဲ့ ဇာစ်မြစ် အရဆိုရင် ရာမ မပြောနဲ့ ဗိဿနိုးကိုယ်တိုင်တောင် မင်းကို မင်းကို ဒုက္ခမပေးနိုင်ဘူး၊ မင်း ဒီကျမ်းစာကိုသာ ကျုပ်ကိုယ်စား သွားပို့ ပေးပါ၊ ကျုပ်က ဝူကျွမ်းကျောင်းတော်က ဝိဇ္ဇာအင်္ကျီ လက်ပညာကို မင်းကို သင်ပေးမယ်၊ ဒီလောက်ကောင်းတဲ့ အပေးအယူမျိုး ဘယ်မှာရနိုင်မှာလဲ"
တာအိုဆရာ အဘိုးအိုက ပြောလိုက်လေသည်။
ကျင့်စူးက…
"ကျွန်မက အမိတ္တဘဟ ကျမ်းစာကို ယူသွားပြီး ဘုန်းတော်ကြီးရာမဆီ သွားပို့မပေးဘဲနဲ့ ထွက်ပြေးသွားမှာ မကြောက်ဘူးလား"
တာအိုဆရာအဘိုးအိုက ပြုံးရုံသာပြုံးနေပြီး မည်သည့် စကားမှဆိုခြင်း မရှိတော့ပေ။
***