← Chapters

အခန်း (၁၇၅)

Vol. 18 Ch. 175

အခန်း (၁၇၅)

Vol. 18 Ch. 175

တစ်ဖက်လူ၏ “ငါက လျှို့ဝှက်ချက်တွေအားလုံးကို ဖွင့်ပြောတော့မယ်” ဆိုသည့် မျက်နှာအမူအရာကို မြင်ချိန်တွင် ယင်ရိလျိုက မုန့်ကို အသာအယာ ကိုက်ဝါးနေရင်းဖြင့်ည အခြေစိုက်စခန်းထဲမှ အတင်းအဖျင်းများကို နားစွင့်လိုက်ပေ၏။

ကျန်းယွီချန်က ပထမဦးစွာ မြို့တော် B အခြေစိုက်စခန်း၏ ဖွဲ့စည်းပုံကို အကြမ်းဖျင်း ရှင်းပြသည်။

မြို့တော် Z နှင့် မတူသည်က ဤနေရာတွင် အခြေစိုက်စခန်း၏ ခေါင်းဆောင်ဟု သတ်မှတ်နိုင်သူ မရှိဘဲ၊ လျို့ကျန်းကျန်းနှင့် နျို့ဖေးဟွမ်တို့ကဲ့သို့ အခြေစိုက်စခန်းတွင် နယ်ခံဗိုလ်ကျနိုင်သူလည်း မည်သူမျှ မရှိပေ။

ကမ္ဘာပျက်ကပ် ဆိုက်ရောက်ပြီးနောက်တွင် နိုင်ငံရေးအဖွဲ့အစည်းက သိသိသာသာ အာဏာရှိနေဆဲပင် ဖြစ်သော်လည်း၊ စစ်တပ်၏ အဆင့်အတန်းက တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ ယခင်က လွှမ်းမိုးထားသော နိုင်ငံရေး အဖွဲ့အစည်းထဲ၌ သဘောထားကွဲလွဲမှုများက တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်။

စစ်တပ်၊ အစိုးရနှင့် သုတေသနဌာနတို့က အင်အားသုံးရပ် အားပြိုင်နေသော ဖွဲ့စည်းပုံ ဖြစ်လာခဲ့၏။

ကြီးမားသော ဌာနတစ်ခုစီ၏ လက်အောက်တွင် အရွယ်အစား အမျိုးမျိုးရှိသော စစ်ဘက်ဆိုင်ရာ ရာထူးနှင့် နေရာများစွာ ရှိနေသည်။

အပြင်ဘက်တွင် ပွတ်တိုက်မှုများက အမြဲရှိနေသကဲ့သို့ အထဲဘက်တွင်လည်း ဝန်ထမ်းများက တစ်ဦးနှင့်တစ်ဦး ထိန်းကျောင်းခြင်းနှင့် အချင်းချင်း တိုက်ခိုက်ခြင်းများကို ပြုလုပ်နေကြသည့်အတွက် လှုပ်ရှားမှုတစ်ခုက တစ်ခုကို သက်ရောက်မှုရှိစေနိုင်သော အလွန်ကြီးမားသည့် စနစ်ကြီးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

ကျန်းယွီချန် ပိုင်ဆိုင်သော စစ်ဘက်ဆိုင်ရာ ဌာနတွင် လက်ရှိ၌ ထိပ်တန်း ဗိုလ်ချုပ်ကြီး သုံးဦး ရှိနေ၏။

ထိုသုံးဦးက အတော်လေးအဆင်ပြေစွာ ဆက်ဆံကြသောကြောင့် လက်အောက်ငယ်သားများကလည်း အတော်လေး သက်သောင့်သက်သာ ရှိကြသည်။

“ငါ ကြွားပြီးပြောတာ မဟုတ်ဘူးနော်၊ စစ်တပ်ကတော့ အဖွဲ့အစည်းအားလုံးထဲမှာ အပွင့်လင်းဆုံးပဲ၊

နိုင်ငံရေးဌာနက လူတွေကတော့ မျက်နှာသာ ပြုံးပြနေတာ၊ နောက်ကွယ်မှာတော့ လှည့်ကွက်တွေနဲ့ ပြည့်နေတဲ့ မြေခွေးအိုကြီးတွေချည်းပဲ၊ တစ်ယောက်မှ ကိုင်တွယ်ရ မလွယ်ဘူး”

ကျန်းယွီချန်က နှုတ်ခမ်းကိုမဲ့လျက် ပြောနေခဲ့သည်။ ယင်ရိလျိုက သူ၏ အထင်သေးသော အကြည့်ကို မြင်ချိန်တွင် သူ၏ ပြိုင်ဘက်ကို ဘက်လိုက်၍ ပြောနေခြင်းသာ ဖြစ်လိမ့်မည်ဟု အလေးအနက် သံသယဝင်မိသည်။

ဤဌာနကြီး၊ ဌာနငယ်များထဲတွင် အထူးတပ်ဖွဲ့က စစ်တပ်တစ်ခု ဖြစ်သော်လည်း မည်သည့်ဌာန၏ စီမံခန့်ခွဲမှုအောက်တွင်မျှ မရှိသကဲ့သို့ တိုက်ခိုက်မှုများတွင် မပါဝင်ဘဲ မစ်ရှင်များကိုသာ ဆောင်ရွက်ရသည်။

ထိုအကြောင်းကို ကြားရချိန်တွင်တော့ ယင်ရိလျိုက ခေါင်းညိတ်ထောက်ခံမိ၏။

တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခြင်း မရှိသော ဤအထူးတပ်ဖွဲ့က သူတို့က နောက်ပိုင်းတွင် နေထိုင်ရမည့် နေရာဖြစ်ပုံရကာ နားထောင်ရသည်ကတော့ အတော်လေး ကောင်းမွန်လွန်းသည်။

ထိုအဖွဲ့က သုတေသနဌာန၏ ဝန်းထဲမှ ထွက်ခွာလာပြီးနောက် ပတ်ဝန်းကျင်၏ ရှုခင်းများက ရုတ်တရက် သက်ဝင်လှုပ်ရှားလာပြီး အရောင်အသွေးများပါ စုံလင်လာခဲ့၏။

သုတေသနဌာန၏ ပုံစံက အလွန်ပင် အေးစက်ခြောက်သွေ့လွန်းလွန်းသည်။

အဆောက်အအုံ၏ အတွင်းအပြင် နံရံများက ငွေဖြူရောင် ဖြစ်နေရုံသာမက အထဲဘက်ရှိ ပရိဘောဂများနှင့် သုတေသန ပညာရှင်များက ဝတ်ဆင်ထားသော ဝတ်စုံများကလည်း ငွေဖြူရောင်များသာ ဖြစ်နေသောကြောင့် လူသားဆန်မှု မရှိဘဲ အေးစက်စက် နိုင်လွန်းပေသည်။

ကျန်းယွီချန်က သုတေသနဌာန၏ တံခါးဝသို့ နောက်လှည့်ကြည့်လိုက်ပြီးနောက် ကျင်းယန်နှင့် ယင်ရိလျိုဘက်သို့ လှည့်၍ ပြောလေ၏။

“တစ်ခြေစိုက်စခန်းလုံးက အထူးခြားဆုံးနေရာကတော့ ဒီသုတေသနဌာနပဲ၊

ကြည့်လိုက်ရင်တော့ ခန့်ညားသလိုလိုရှိပေမဲ့ အထဲမှာတော့ အရူးတွေနဲ့ ပြည့်နေတာ၊ တကယ်ကို ဖိအားများလွန်းတယ်”

ကျင်းယန်က စိတ်ဝင်စားပုံရကာ မျက်ခုံးတစ်ချက် ပင့်၍ မေးလိုက်လေသည်။

“ဘယ်လိုမျိုးလဲ”

ကျန်းယွီချန်၏ စကားများအရ သူတို့က ဤသုတေသနဌာန၏ အတွင်းရေး အချက်အလက်တချို့ကို သိရှိခဲ့ရ၏။

သုတေသနဌာနက မူလက တည်ရှိခဲ့ခြင်း မဟုတ်ဘဲ အထက်အာဏာပိုင်များမှ တည်ထောင်ခဲ့ခြင်းသာ ဖြစ်သည်။

ဤသည်ကို အာဏာရှိသူ တချို့၏ ရန်ပုံငွေဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်၏။

အစောပိုင်းတွင် စစ်တပ်နှင့် အစိုးရ၏ လက်အောက်ခံ အဖွဲ့အစည်းငယ်တစ်ခုမျှသာ ဖြစ်ပြီး အဓိက ဝန်ထမ်းများက တက္ကသိုလ်အသီးသီးမှ ပါမောက္ခများနှင့် သိပ္ပံသုတေသန နယ်ပယ်မှ ကျော်ကြားသော ပါမောက္ခများ ဖြစ်ကြသည်။

သို့သော်လည်း သန္ဓေပြောင်း အပင်များနှင့် သတ္တဝါများ ပေါ်ထွက်လာပြီးနောက် အရေအတွက် တိုးပွားလာသည်နှင့်အမျှ လူတစ်စုက ကမ္ဘာပျက်ကပ်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန်အတွက် သန္ဓေပြောင်း ဇီဝသက်ရှိများကို လေ့လာရန် တိုက်တွန်းသော အစွန်းရောက်ဂိုဏ်းခွဲတစ်ခုကို ဖွဲ့စည်းခဲ့ကြလေတော့သည်။

သူတို့၏ကြားတွင် ခေါင်းဆောင်ဖြစ်သူက လက်ရှိ သုတေသနဌာန၏ အကြီးအကဲ လီကျွင်းပင် ဖြစ်သည်။

သူက အသက်ခြောက်ဆယ်နီးပါးရှိပြီဖြစ်သော အဘိုးအိုတစ်ဦးဖြစ်ပြီး ယခင်က ပြည်ပရှိပုဂ္ဂလိက သုတေသနဌာနတစ်ခုတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်၏။

ကမ္ဘာပျက်ကပ်သို့ ဆိုက်ရောက်ပြီးနောက်တွင် သူက အနှိုင်းမဲ့သော ရူးသွပ်မှုနှင့် စွဲလမ်းမှုတို့ကို ပြသခဲ့လေသည်။

ဤကမ္ဘာပျက်ကပ်ထဲ သက်ရှိတိုင်း၏ အစုလိုက်အပြုံလိုက် သန္ဓေပြောင်းလဲမှုက ကမ္ဘာမြေ၏ လက်ရှိဂေဟစနစ်ကို ပြန်လည်ရေးဆွဲနိုင်သည့် မော်ကွန်းဝင် အပြောင်းအလဲတစ်ခုဖြစ်သည်ဟုပင် သူက ကြွေးကြော်ခဲ့၏။

လီကျွင်းက ခွဲစိတ်စစ်ဆေးရန်နှင့် သုတေသနပြုလုပ်ရန်အတွက် သန္ဓေပြောင်းအပင်နှင့် သတ္တဝါအမြောက်အမြားကို ရှာဖွေခဲ့ပြီး မျိုးရိုးဗီဇပြန်လည်ပေါင်းစပ်ခြင်း နည်းပညာကို အသုံးပြု၍ ထူးဆန်းသော သတ္တဝါများကိုပင် ဖန်တီးခဲ့သည်။

သက်ကြီးပိုင်း ပါမောက္ခအများစုက သူ၏ လုပ်ရပ်များက အလွန်ပင် အစွန်းရောက်လွန်းသည်ဟု ယူဆကြသောကြောင့် သူနှင့် အပြင်းအထန် သဘောထားကွဲလွဲခဲ့ကြ၏။

ထိုအချိန်တွင် သုတေသနဌာနက ထူးချွန်သော အောင်မြင်မှုများကြောင့် မြို့တော် B တွင် ဩဇာအာဏာ တဖြည်းဖြည်း ရရှိလာခဲ့သည်။

ရှေးရိုးစွဲဝါဒီများနှင့် အစွန်းရောက်ဝါဒီများကြားရှိ ပြင်းထန်သော ပဋိပက္ခက အခြေစိုက်စခန်းထဲရှိ တစ်ကိုယ်တော် ဆင့်ကဲပြောင်းလဲသူ အနည်းငယ်လောက် ပျောက်ဆုံးသွားပြီးနောက် လီကျွင်းက သူတို့ကို လူသားစမ်းသပ်မှုများအတွက် ဖမ်းဆီးထားကြောင်းကို ရှာဖွေတွေ့ရှိချိန်တွင် ပေါက်ကွဲထွက်လာခဲ့တော့သည်။

လီကျွင်းက သုတေသနရလဒ်များကို ပြည့်စုံစေရန်အတွက် လူသားတို့၏ ပြောင်းလဲမှုကို လေ့လာခြင်းကလည်း မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ရန်အတွက် တစ်စုံတစ်ယောက်ကတော့ စတေးခံရမည်သာဖြစ်ကြောင်းကို ထပ်ခါတလဲလဲ ပြောဆိုခဲ့၏။

သူ၏ အစွန်းရောက်သော နည်းလမ်းများက အဆင့်မြင့်အာဏာပိုင်တချို့၏ ထောက်ခံမှုကို ရရှိခဲ့သည်။

သို့သော်လည်း မြို့တော် B ထဲ၌ သွေးစွန်းသော မုန်တိုင်းတစ်ခုကို လှုံ့ဆော်ခဲ့ပြီး လီကျွင်း၏ လူမဆန်သော လုပ်ရပ်များကိုနေထိုင်သူများကြားတွင် ထိတ်လန့်မှုများနှင့်အတူ ရှုံ့ချခြင်းများ ဖြစ်ပေါ်စေခဲ့သည်။

ပြင်းထန်သော ဖိအားများအောက်တွင် လီကျွင်းက လူသားစမ်းသပ်မှုများကို ရပ်တန့်ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ပေ။

သို့သော်လည်း သုတေသနဌာနက အစွန်းရောက်ဝါဒီများ၏ ခံတပ်ကြီးတစ်ခုပင် ဖြစ်လာခဲ့လေတော့သည်။

သက်ကြီးပိုင်း သုတေသနပညာရှင် အများစုက စိတ်ပျက်စွာ ထွက်ခွာသွားကြသည်။ သုတေသနဌာနကို နှစ်ကြိမ်တိုင်တိုင် ပြုပြင်မွမ်းမံခဲ့ရာမှ ယခုလက်ရှိ အခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်၏။

“ကျွန်တော်တို့က ဒါကို သီးသန့် ဆွေးနွေးခဲ့ဖူးကြတယ်၊ လီကျွင်းဆိုတဲ့ ခွေးအိုကြီးက အပေါ်ယံမှာတော့ မလုပ်တော့ဘူးလို့ ပြောထားတာပဲ၊

ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလို မထင်ဘူး၊ အဲဒီအရူးက တစ်ခါတလေကျရင် ထူးဆန်းတဲ့ အစွမ်းထက်ဆေးတွေကို ဘယ်ကရမှန်းမသိဘဲ ထုတ်ထုတ်ပြတတ်သေးတယ်လေ”

ကျန်းယွီချန်က ခေါင်းကိုခါလျက် ပြောလိုက်ပေ၏။

အမှန်စင်စစ် ယင်ရိလျိုက သူတို့ဘက်မှ အဘယ်ကြောင့် သုတေသနဌာနကို ကြောက်ရွံ့ သို့မဟုတ် သတိထားနေကြသည်ကို နားလည်နိုင်ပါသည်။

အကယ်၍ သူမကသာ သူတို့၏နေရာတွင်ဆိုလျှင်လည်း နေရခက်မိမည်က အမှန်ပင်။

ဤသုတေသနဌာနက ပြည်သူများအတွက်နှင့် ကမ္ဘာမြေအတွက် မြင့်မြတ်သော ရည်မှန်းချက်များဖြင့် လုပ်ဆောင်နေသည်ဟု ပြောသော်လည်း ဆင့်ကဲပြောင်းလဲသူများ၏ အသက်ကို ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုသည်ကိုတော့ မည်သူကမျှ အမှန်တကယ် လက်ခံလိုကြမည် မဟုတ်ပေ။

မြို့တော် B က အကြီးဆုံးသော အခြေစိုက်စခန်းဖြစ်ပြီး နေ့စဉ် လူထောင်ပေါင်း၊ သောင်းပေါင်းများစွာက လှုပ်ရှားသွားလာနေခဲ့ကြသည်။

လူအနည်းငယ် ပျောက်ဆုံးသွားပါကလည်း မည်သူကမျှ သတိထားမိမည် မဟုတ်ပေ။

တစ်စုံတစ်ယောက်က သဲလွန်စအနည်းငယ်ကို ရှာတွေ့ခဲ့လျှင်ပင် မတတ်နိုင်ပေ။

သူတို့ကိုယ်တိုင်က သုတေသနဌာနမှ ထုတ်လုပ်သော အစွမ်းထက်ဆေးများကို အသုံးပြုနေကြရလျှင်၊ သို့မဟုတ်ဘဲ သုတေသနဌာနက လူသားမျိုးနွယ်ကို အကျိုးပြုနေသည်ဟု ခံစားရလျှင်၊ သူတို့ကိုယ်တိုင် မခံစားရသရွေ့ အေးဆေးစွာပင် ရှိနေကြပေလိမ့်မည်။

ဤသည်က အကြောက်စရာအကောင်းဆုံးအချက်ပင်။

နောက်ထပ် မည်သူ့၏ အလှည့်သို့ကျလာမည်ကို မည်သူကမျှ မသိနိုင်ပေ။

ယင်ရိလျိုက ရုတ်တရက် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာရ၏။ ကျောင်းမောင်နှမ၊ လင်းကျားနှင့် ဟေးလန်တို့က သုတေသနဌာနတွင် ကျန်ရှိနေသေးသည်မဟုတ်ပါလား။

သူမနှင့် သူမ၏ ရွှေပေါင်လုံးကို ထားလိုက်ဦး၊ လင်းကျားကိုယ်တိုင်က အင်းဆက်အုပ်ကြီးကြားတွင် မသေမျိုးအဖြစ် ပြောင်းလဲနိုင်သူဖြစ်ပြီး အဆင့် (၅) သန္ဓေပြောင်းသတ္တဝါဖြစ်သော ဟေးလန်ကလည်း အလွန်ပင် တန်ဖိုးရှိလွန်းပေသည်။

သူမက ကျင်းယန်၏ အင်္ကျီလက်ကို အသာဆွဲ၍ ခပ်တိုးတိုး မေးလိုက်လေ၏။

“လင်းကျားကျဲတို့က သုတေသနဌာနမှာ ကျန်ခဲ့တာဆိုတော့ တစ်ခုခု ပြဿနာရှိနိုင်မလား”

ကျင်းယန်က သူမ၏ နူးညံ့သော ယုန်နားရွက်လေးများကို ပွတ်သပ်ပေး၍ နှစ်သိမ့်လိုက်ပေသည်။

“စိတ်မပူပါနဲ့၊ အဲဒီလူတွေက အဲဒီလောက်အထိတော့ မတုံးအပါဘူး၊ သူတို့က တစ်ခုခုကို အစီအစဉ်ရှိရင်တောင် လူကို ဒီအတိုင်းကြီးတော့ ဖမ်းသွားမှာ မဟုတ်ဘူး”

ယင်ရိလျိုက ခေါင်းညိတ်လိုက်သော်လည်း ဤနေရာက ဘေးကင်းသည်ဟု မခံစားရသေးပေ။

ထိုသို့မြင်သောအချိန်တွင် ကျင်းယန်က ထပ်ပေါင်း၍ပြောလိုက်လေ၏။

“ဒါတွေအားလုံးက ပြီးသွားတာနဲ့ ကိုယ်တို့တွေ အပြင်ကိုထွက်ပြီး ကိုယ်ပိုင်နေစရာနေရာ ရှာကြပေါ့”

ယင်ရိလျိုက ခေါင်းညိတ်လိုက်လေ၏။ မကြာမီမှာပင် သူတို့သုံးဦးက အခြေစိုက်စခန်း၏ စစ်ဌာနချုပ်သို့ ရောက်ရှိလာကြသည်။

အထဲသို့ ဝင်လိုက်သောအချိန်တွင် တံခါးဝတွင် သေနတ်ကိုင်ဆောင်လျက် လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်နေသော လူငယ်တစ်ဦးကို တွေ့ရ၏။

သူက အတော်ပင် ချောမောခန့်ညားသောကြောင့် ယင်ရိလျိုက နောက်တစ်ကြိမ် ထပ်ကြည့်မိသွားရပြန်သည်။

ကျင်းယန်အနေဖြင့် သူကိုယ်တိုင်လည်း အကြောင်းပြချက်ကို မသိပါချေ။ သို့သော်လည်း ယခင် ယင်ရိလျို ကလေးမလေးဘဝတုန်းက ဆင့်ကဲပြောင်းလဲသူများကို ကြည့်လျှင် မည်သည်ကိုမှမခံစားရသော်လည်း၊ ယင်ရိလျို၏ ခန္ဓာကိုယ်ပုံစံ ပြောင်းလဲသွားပြီးနောက်တွင် သူ စတင်၍ ဂရုစိုက်လာမိသည်။

ဥပမာအားဖြင့် ယင်ရိလျိုက တံခါးဝတွင် ကင်းစောင့်နေသော အမျိုးသားကို ကြည့်၍ သဘောကျသည့် အရိပ်အယောင်လေးကို ပြလိုက်ချိန်တွင်ပင်။

သူ၏ သမီးလေး ကြီးလာပြီးနောက် မည်သူမှန်းမသိသော အမျိုးသားတစ်ဦး၏ ဖမ်းစားခြင်းကို ခံလိုက်ရတော့မည့်အခြေအနေမျိုးကဲ့သို့ သူ၏ ရင်ထဲတွင် တစ်ခုခု ပိတ်ဆို့သွားသကဲ့သို့ ခံစားလိုက်ရ၏။

ကင်းစောင့်နေသော စစ်သားမှာ မည်သည့်အရာကိုမျှမလုပ်ရသေးသော်လည်း ရုတ်တရက် သူ၏ လည်ပင်းအနောက်ဘက်တွင် အေးစိမ့်သွားပြီး တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ စူးစိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ခံစားလိုက်ရလေသည်။

သူ၏ ကျောပြင်တွင် ချွေးအေးများက ချက်ချင်းပင် ထွက်လာခဲ့၏။

သူက ခေါင်းမော့ကြည့်လိုက်ချိန်တွင် အလွန်ချောမောသော လူငယ်တစ်ဦးက သူ့ကို အေးစက်ပြီး စူးရှသောအကြည့်များဖြင့် နှစ်ကြိမ်မျှ ကြည့်သွားသည်ကို မြင်လိုက်ရသောကြောင့် လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားရရှာသည်။

All Chapters