← Chapters

အခန်း (၁၇၇)

Vol. 18 Ch. 177

အခန်း (၁၇၇)

Vol. 18 Ch. 177

“ဒါဆို မင်းတို့ရဲ့ ရှူးယန်အသင်းက မြို့တော် B မှာပဲ နေမှာလား၊ ဒါမှမဟုတ် ပြန်မှာလား၊

ဒီမှာနေမယ်ဆိုရင်တော့ မင်းတို့ရဲ့ အထောက်အထား အချက်အလက်တွေကို ဒီနေ့ကစပြီး ပြင်ဆင်ပေးလို့ရတယ်”

နေထိုင်ခွင့်ရရှိချိန်တွင်တော့ သူတို့က မြို့တော် B တွင်သာ သေချာပေါက် အခြေချလိုကြသည်ပင်။

ကျင်းယန်အနေဖြင့် နေထိုင်ခွင့်လက်မှတ်ကို ဤမျှလွယ်ကူစွာ ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ၏ စိတ်ထဲတွင် တစ်စုံတစ်ခု ကျန်နေသေးသောကြောင့် မေးလိုက်လေ၏။

“ကျွန်တော်တို့ရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်မလား”

သူက ‘ကျွန်တော်တို့’ဟု ပြောသော်လည်း သူ၏ အကြည့်က စိတ်ရှုပ်ထွေးနေသော ယင်ရိလျိုထံတွင်သာ ရှိနေလေသည်။

ရှန်ကျစ်ဟူက သူ ဆိုလိုသည့်စကားကို ချက်ချင်းပင် နားလည်သွားပြီး ကုလားထိုင်ပေါ်တွင် ခြေထောက်လေးများကို လွှဲနေသော မိန်းကလေးထံသို့ အကြည့်ရောက်သွား၏။

ယင်ရိလျိုက ရွှေပေါင်လုံးကို အနှောင့်အယှက်မဖြစ်စေရန်အတွက် တိတ်တဆိတ် နေထိုင်နေသော်လည်း၊ မမျှော်လင့်ဘဲ စကားလမ်းကြောင်းက သူမထံသို့ ရောက်ရှိလာသောကြောင့် အနည်းငယ် နေရခက်သွားရသည်။

သူမက နှုတ်ခမ်းကို တင်းတင်းစေ့၍ ခြေထောက်များကိုလည်း ဆက်၍ မလှုပ်ရဲတော့ပေ။

ကျင်းယန်က သုတေသနဌာနမှ ကိစ္စတချို့ကို ကြားသိထားပြီး ဖြစ်လိမ့်မည်ဟု ရှန်ကျစ်ဟူ သိလိုက်လေ၏။

သူကိုယ်တိုင်ကလည်း ထိုအကြောင်းကို စိတ်ဝင်စားနေခဲ့သည်။

သူက ထိုအရူးများရှိရာ နေရာများကို ရှောင်ရှားလေ့ရှိသော်လည်း၊ ထိုလူများ တိတ်တဆိတ် လုပ်ဆောင်နေသည့် ကိစ္စတချို့ရှိကြောင်းကို ကောင်းစွာ သိရှိထားသည်။

ယင်ရိလျိုကဲ့သို့ ခန္ဓာကိုယ်ပုံစံ ပြောင်းလဲသွားသော ဆင့်ကဲပြောင်းလဲသူများက ထိုအရူးများ၏ မျက်စိထဲတွင်တော့ အလွန်ပင် သုတေသန တန်ဖိုးရှိမြင့်မားပေလိမ့်မည်။

သူတို့၏အပေါ်တွင် မည်သည့်အရာများက ဆက်ဖြစ်လာမည်ကို မည်သူကမျှ မသိနိုင်ပေ။

သူက ယင်ရိလျိုကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျင်းယန်ဘက်သို့ လှည့်၍ မေးလိုက်ပေ၏။

“သူမ ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ကြီးထွားလာတာလဲဆိုတာကို မေးလို့ရမလား”

ကျင်းယန်က ဤအတွက် ရှင်းပြချက်ကို အသင့်ပြင်ထားပြီးဖြစ်၏။

“ကျွန်တော်တို့ မြေအောက်မှာ ရှိနေတုန်း ဒီအလင်းရောင်ထွက်နေတဲ့ ကျောက်တုံးကို တွေ့ခဲ့တယ်၊

အဲဒီတုန်းက သူမ ယုန်ပုံစံပြောင်းပြီး ကျွန်တော့်ရဲ့ ပခုံးပေါ်မှာ ရှိနေခဲ့တာ.. ဒါပေမဲ့ ကျွန်တော် ဓားနဲ့ ကျောက်တုံးကို ထိုးဆွထုတ်လိုက်တဲ့အချိန်မှာ ကျောက်တုံးက သူမကို ထိမိသွားပြီး ခန္ဓာကိုယ်က ကပ်ပါသွားခဲ့တယ်၊

အဲဒါကို ခွာထုတ်ပြီးတဲ့နောက်မှာတော့ သူမရဲ့ ခန္ဓာကိုယ်က အဆက်မပြတ် ကြီးထွားလာတာပါပဲ”

သူက မျက်တောင်တစ်ချက် မခတ်၊ ချွေးတစ်စက်မထွက်ဘဲ ဤသည်ကသာ အမှန်တရားပဲ ဆိုသည့် ခိုင်မာသောလေသံဖြင့် လိမ်ညာလိုက်လေ၏။

သူ၏ ပြောဆိုပုံက အလွန်ပင် ရိုးသားလွန်းသောကြောင့် ရှန်ကျစ်ဟူပင်လျှင် အလေးအနက် စဉ်းစားမိသွားရလေသည်။

ယင်ရိလျိုက ကျင်းယန်၏ လုပ်ကြံဇာတ်လမ်းကို စိတ်ထဲမှ လှောင်ပြောင်နေမိ၏။

ဤစကားများကို နားထောင်ရသည်က ဒဏ္ဍာရီပုံပြင်တစ်ပုဒ်နှင့်ပင် တူလွန်းပေသည်။

သို့သော်လည်း လက်ရှိကမ္ဘာတွင် ထူးဆန်းသော အဖြစ်အပျက်များစွာ ရှိနေသောကြောင့် သူမက အချိန်ခရီးသွားသူတစ်ဦးဖြစ်ကြောင်းကို ရှန်ကျစ်ဟူက ရိပ်မိနိုင်မည် မဟုတ်ပေ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှန်ကျစ်ဟူက ပြောလေ၏။

“မင်းတို့က အထူးတပ်ဖွဲ့ထဲကို ဝင်မယ်ဆိုရင် သူမက ငါ ရှန်ကျစ်ဟူရဲ့ လက်အောက်ငယ်သား ဖြစ်လာလိမ့်မယ်၊

သုတေသနဌာနက လူတွေက အစဉ်အလာမရှိဘဲ လုပ်ချင်ရာကိုလုပ်တတ်ကြပေမဲ့ အထူးတပ်ဖွဲ့က လူတွေကိုတော့ အတိုင်းအတာတစ်ခုအထိ လေးစားမှု ရှိကြပါသေးတယ်၊

သူမ တစ်ယောက်တည်း ရှိမနေသရွေ့တော့ သူမရဲ့ ဘေးကင်းမှုကို ငါ အာမခံနိုင်တယ်”

ကျင်းယန်က ရှန်ကျစ်ဟူထံမှ ဤစကားကို ကြားလိုခြင်းဖြစ်ပြီး ကတိကို ရရှိပြီးနောက်တွင် သူ၏ စိုးရိမ်ပူပန်မှုများက ချက်ချင်းပင် လွင့်ပျယ်သွားခဲ့၏။

သူ ရှိနေသရွေ့ ယုန်လေးကို တစ်ယောက်တည်း ပစ်ထားလိမ့်မည်မဟုတ်ပေ။

ရှန်ကျစ်ဟူက ဆက်ပြော၏။

“မင်း သူမကို ယုံကြည်တယ်ဆိုရင် စစ်တပ်က ဆရာဝန်နဲ့ စစ်ဆေးကြည့်လို့ ရတယ်၊ သူမရဲ့ ကြီးထွားနှုန်းက အရမ်းမြန်နေတာဆိုတော့ ...”

ယခုအချိန်တွင် ရှူးယန်အသင်းကို သူ၏ ကွပ်ကဲမှုအောက်သို့ သွင်းလိုက်ပြီဖြစ်သောကြောင့် သူ၏ မျက်နှာအမူအရာက သိသိသာသာ နူးညံ့သွားပြီး ကျောက်တုံးနီကြီးကိုလည်း အိတ်ကပ်ထဲမှ ကြိုတင်ပြင်ဆင်ထားသော သေတ္တာထဲသို့ ထည့်လိုက်လေသည်။

ကျင်းယန်က ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်နှာတွင်လည်း အပြုံးရိပ်တစ်ခု ပေါ်လာကာ ခေါင်းငုံ့လျက်ပြောလိုက်လေ၏။

“ကျေးဇူးတင်ပါတယ်”

ရှန်ကျစ်ဟူက မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

ကျင်းယန်က ဤမိန်းကလေးငယ်လေးအပေါ်တွင် အထူးတလည် ဂရုစိုက်နေကြောင်းကို သူက တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။

ထိုမိန်းကလေးနှင့် ပတ်သက်လာလျှင် ကျင်းယန်၏ တည်ငြိမ်သောအမူအရာက ချက်ချင်းပင် ပျက်ယွင်းသွားတတ်သည်။

သူက မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ လမ်းညွှန်ချက်တချို့ကို ပေးလိုက်ပြီးနောက် သူ၏လူများကို ခေါ်ကာ အထူးတပ်ဖွဲ့ စခန်းဆီသို့ တိုက်ရိုက် ဦးဆောင်ခေါ်သွားလေတော့သည်။

*

ယင်ရိလျိုက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပေ၏။

ဤနေရာက အလွန်ကျယ်ဝန်းပြီး ဟာလာဟင်းလင်း ဖြစ်နေသည်။

ယခင် စစ်အခြေစိုက်စခန်းထက်ပင် ပို၍ တိတ်ဆိတ်နေသောကြောင့် အထူးတပ်ဖွဲ့ဝင် အရေအတွက်က အလွန်နည်းပါးကြောင်း သိသာလွန်း၏။

အထဲဘက်သို့ အတန်ကြာ လျှောက်သွားပြီးနောက်တွင်

ကာမိုဖလပ် ဝတ်စုံကိုဝတ်ထားသော အမျိုးသားတချို့က စုရုံး၍ ရယ်မောနောက်ပြောင်နေကြသည်ကို သူမက မြင်လိုက်ရသည်။

သူတို့က ဖဲကစားနေကြခြင်းဖြစ်ပြီး ဟစ်အော်ကြွေးကြော်နေကြသည်ကိုလည်း သူမ သတိပြုမိလိုက်၏။

ပျင်းရိပြီး တာဝန်မဲ့လွန်းတယ်။

ဤသည်က ယင်ရိလျို၏ စိတ်ကူးထဲမှ အထူးတပ်ဖွဲ့ဝင်များ၏ ပုံရိပ်ကို လုံးဝ ရိုက်ချိုးလိုက်ခြင်းပင်။

သူမ၏ စိတ်ကူးထဲတွင် အထူးတပ်ဖွဲ့ဝင်များဆိုသည်က ပခုံးပေါ်တွင် သေနတ်များ၊ အမြောက်များကို ထမ်းထားသော၊ ခန့်ညားထည်ဝါပြီး ကြမ်းတမ်းခက်ထန်သော လူတစ်စု ဖြစ်ရမည် မဟုတ်ပါလား။

ဒီဆူညံနေတဲ့ အရက်သမားတစ်စုက ဘယ်သူတွေလဲ။

သူ၏ အသင်းသားများက ဤမျှ ဆိုးရွားနေသည်ကို မြင်လျှင် ရှန်ကျစ်ဟူက ဟိန်းဟောက်လိုက်ပေ၏။

သူ၏အသံက ခေါင်းလောင်းသံကဲ့သို့ပင် ကျယ်လောင်နက်ရှိုင်းလွန်းသည်။ ထိုအရက်သမားတစ်စုမှ မတုန်လှုပ်သော်လည်း ယင်ရိလျိုတစ်ယာေက် လန့်သွားရ၏။

“တပ်မှူး၊ ဘာကိစ္စရှိလို့ လာတာလဲ၊ လာလေ၊ တစ်ခွက်လောက် သောက်ဦး”

“အိုး၊ အနောက်က မိန်းကလေးက ဘယ်သူ့သမီးလဲ၊ အတော်လေး လှတာပဲ”

ရှန်ကျစ်ဟူက မျက်မှောင်ကြုတ်လျက် စက်ဆုပ်ရွံရှာသော အမူအရာဖြင့် ပြောဆိုလေ၏။

“မင်းတို့ရဲ့ပုံစံတွေကို ကြည့်ကြဦး! ဒီနေ့ နေ့လယ်ကျရင် အပြစ်ပေးတဲ့အနေနဲ့ အားလုံး အပြေးလေ့ကျင့်ရမယ်!”

သူက ပြောရင်းနှင့် ကျင်းယန်နှင့် ယင်ရိလျိုကို အထဲဘက်သို့ ဆက်လက်ခေါ်ဆောင်သွားခဲ့သည်။

အနောက်ဘက်မှ သန်မာသော အမျိုးသားကြီးများက တစ်စုံတစ်ခုကို ဗလုံးဗထွေး ပြောဆိုနေကြသော်လည်း ယင်ရိလျိုက သေသေချာချာမကြားရပေ။

သို့သော် ဤအထူးတပ်ဖွဲ့က သူမ စိတ်ကူးထားသကဲ့သို့ မဟုတ်ကြောင်းနှင့် ရှေ့လျှောက်မည့် ရက်များက အတော်လေး စိတ်ဝင်စားစရာ ကောင်းလိမ့်မည်ဟု သူမက ခံစားလိုက်ရသည်။

အထူးတပ်ဖွဲ့၏ ဆေးကုသဆောင်က အစွန်အဖျားရှိ သီးသန့်ဝန်းတစ်ခုထဲတွင် တည်ရှိနေသည်။

ရှန်ကျစ်ဟူက လမ်းတစ်လျှောက်တွင် သူတို့ကို အကျဉ်းချုပ် မိတ်ဆက်ပေးသောကြောင့် ယင်ရိလျိုလည်း အကြမ်းဖျင်း နားလည်သွားရ၏။

အသင်း၏ ဆရာဝန်က အလွန်ပင် ကျွမ်းကျင်သည်ဟု ဆိုသည်။

သူက ကမ္ဘာပျက်ကပ် မတိုင်မီကပင် ကျော်ကြားလွန်းသော ပါရမီရှင် ဆရာဝန်တစ်ဦး ဖြစ်သည်။

မည်သည့် ဒဏ်ရာ သို့မဟုတ် ရောဂါမျိုးကိုမဆို ကုသပေးနိုင်သူလည်း ဖြစ်၏။

“တကယ်တော့ ငါတို့ရဲ့ အသင်းဖော်တွေက သုတေသနဌာနက ထုတ်တဲ့ အစွမ်းထက်ဆေးတွေကို မယုံကြဘူး၊

အဲဒီဆေးတွေထဲမှာ မကောင်းတဲ့ အရာတွေကို ထည့်ထားတယ်လို့ ရှောင်ခုန်းက ပြောခဲ့တယ်လေ၊

အဲဒါကြောင့် ငါတို့ကို အဲဒီဆေးတွေကို မသုံးဖို့ သူ တားထားတယ်၊ ဒီနေရာလေးက သေးပြီး ဒေါက်တာ နည်းတယ်ဆိုပေမဲ့ အထင်မသေးနဲ့၊

သုတေသနဌာနမှာ ရှိတဲ့ ကိရိယာတွေအားလုံး ရှောင်ခုန်းဆီမှာ ရှိတယ်”

ရှောင်ခုန်းက အထူးတပ်ဖွဲ့မှ စစ်ဘက်ဆိုင်ရာ ဆရာဝန်ဖြစ်ပြီး သူ၏နာမည်က ခုန်းထျန်းယွီ ဖြစ်သည်။

သူက (၉၀) ကျော်ဖွားမျိုးဆက်ဖြစ်သည်ဟုလည်း ပြောခဲ့၏။ ငယ်ရွယ်သော်လည်း ဆေးပညာတွင် ထူးချွန်ပြောင်မြောက်လွန်းပေသည်။

သုတေသနဌာနက အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့သော်လည်း မရရှိခဲ့သော လူတစ်ဦးဆိုလျှင်လည်း မမှားပေ။

ယင်ရိလျိုက ချက်ချင်းပင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားရ၏။

သူတို့ လိုက်ကာကို တွန်းဖွင့်၍ အထဲသို့ ဝင်လိုက်ချိန်တွင် အရောင်စုံ အရည်များပါသော စမ်းသပ်ပြွန်တချို့ကို ကိုင်ဆောင်လျက် တစ်ခုခုကို စပ်နေသော သာမန်ဝတ်စုံနှင့် လူငယ်တစ်ဦးကို မြင်လိုက်ရသည်။

လူများ ဝင်လာသည်ကို မြင်သောအချိန်တွင် ခုန်းထျန်းယွီက မော့ကြည့်လိုက်ပြီး ကျင်းယန်နှင့် ယင်ရိလျိုကို အကဲခတ်ကာ သူ၏ စမ်းသပ်ပြွန်များကိုသာ ဆက်လက်၍ အလုပ်လုပ်နေလေတော့သည်။

“ဒါက ဘယ်သူတွေလဲ”

လူငယ်၏ အသံက အေးမြပြီး ကြည်လင်လွန်း၏။ သူက အလွန်ပင် ချောမောလှပပြီး အေးစက်ကာ သီးသန့်ဆန်သော အလှမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ယင်ရိလျို မြို့တော် B သို့ ရောက်လာပြီးနောက် ချောမောသော အမျိုးသား များပြားလွန်းကြောင်းကိုသာ တွေးနေရတော့သည်။

ခုန်းထျန်းယွီက သူ၏ နာမည်ကဲ့သို့ပင် ဒေါင်းတစ်ကောင်ကဲ့သို့ မာနထောင်လွှားသော အရိပ်အယောင်လေး ရှိသော်လည်း စိတ်အနှောင့်အယှက် ဖြစ်စရာ မကောင်းပေ။

ယင်ရိလျိုကလည်း ဂရုမစိုက်ပါချေ။ ထူးချွန်သော ဆေးပညာရှင်တစ်ဦးတွင် ဤကဲ့သို့ အမူအရာမျိုးက ရှိတတ်သည်ကို သူမက နားလည်ထား၏။

အဘယ်ကြောင့်မှန်းမသိသော်လည်း သူမ၏ ခန္ဓာကိုယ်လေးက ကလေးမလေးဘဝမှ အပျိုဖော်ဝင် မိန်းကလေးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်တွင် သူမ၏ စိတ်ကလည်း တစ်မျိုး ပြောင်းလဲလာပုံရသည်။

မူလက ယင်ရိလျိုက နေ့တိုင်း ချစ်စရာကောင်းအောင် နေထိုင်ရန်သာ အာရုံစိုက်ခဲ့သည်။

သို့သော်လည်းခန္ဓာကိုယ် ပြောင်းလဲသွားပြီးနောက်တွင် ချောမောသော အမျိုးသားများအပေါ် တွင်စိတ်ဝင်စားမှုကလည်း ပွင့်ထွက်လာခဲ့လေသည်။

ချောမောသော လူငယ်တစ်ဦးကို မြင်လျှင် သူမထံ၌ စိုက်ကြည့်ချင်စိတ်များ ဖြစ်ပေါ်လာတတ်၏။

ဤသည်ကို တိုက်ရိုက်အကျဆုံးနှင့် အသိဆုံးလူက ကျင်းယန်ပင်ဖြစ်ပေသည်။ သူက သူမ၏ ပြောင်းလဲမှုအားလုံးအပေါ် တွင်အလွန်ပင် အကဲဆတ်သည် မဟုတ်ပါလား။

ကျင်းယန် : ...

ကလေးက ကြီးလာတော့ စကားနားမထောင်တော့ဘူး။

ရှန်ကျစ်ဟူက အဘယ်ကြောင့် ကျင်းယန်နှင့် ယင်ရိလျိုကို ဤနေရာသို့ ခေါ်ဆောင်လာရသည်ကို အကြမ်းဖျင်း သိရှိသွားပြီးနောက်တွင် ခုန်းထျန်းယွီ၏ မျက်လုံးများက တောက်ပသွား၏။

သူက ယင်ရိလျိုကို အထက်အောက် အကဲခတ်လျက် ပြောလိုက်ပေသည်။

“ဒါက တကယ်ကို ဆန်းတာပဲ၊ ငါ အထူးမျိုးစိတ်တွေကို မြင်ဖူးပေမဲ့ ဒီလောက်အထိ ရုတ်တရက် ကြီးထွားလာတာမျိုးကိုတော့ တစ်ခေါက်မှ မတွေ့ဖူးသေးဘူး”

သူက အသာလှည့်၍ သူတို့ သုံးဦးကို အတွင်းခန်းထဲသို့ လိုက်ခဲ့ရန် အချက်ပြလိုက်ပေသည်။

ထိုအခန်းနှင့် ဆက်နေသော တံခါးကို ဖွင့်လိုက်ချိန်တွင်တော့ လုံးဝ ကွဲပြားခြားနားသော ကမ္ဘာတစ်ခု ပေါ်ထွက်လာခဲ့လေ၏။

All Chapters