← Chapters

အခန်း (၁၇၈)

Vol. 18 Ch. 178

အခန်း (၁၇၈)

Vol. 18 Ch. 178

ကြီးမားကျယ်ဝန်းလွန်းသော အခန်းကြီးထဲ၌ ဆေးဘက်ဆိုင်ရာ ကိရိယာမျိုးစုံဖြင့် ပြည့်နှက်နေပြီး ထောင့်တစ်နေရာတွင် လူ့အရိုးစုတစ်ခုကို ချထားလေသည်။

သူက အေးစက်သောအသံဖြင့် မေးလိုက်လေ၏။

“မင်းရဲ့ ခန္ဓာကိုယ်ပုံစံက မပြောင်းလဲခင်မှာ တစ်ခုခုကို ထိတွေ့မိတာ ဒါမှမဟုတ် စားမိတာမျိုး ရှိလား”

ကျင်းယန်က ဤသည်က ထိုအသည်းပုံ ကျောက်တုံးနီကြီးနှင့် ပတ်သက်နေနိုင်ကြောင်းကို သိသော်လည်း ထိုအရာက လက်ရှိတွင် ရှန်ကျစ်ဟူ၏ လက်ထဲ၌ ရှိနေလေသည်။

သူက ဘေးမှ စစ်ဝတ်စုံနှင့် အမျိုးသားကို တစ်ချက် ကြည့်လိုက်လေ၏။

ရှန်ကျစ်ဟူက မည်သည်ကိုမှ ဖုံးကွယ်မထားပေ။

သူက သူ၏အိတ်ကပ်ထဲမှ ကျောက်တုံးပါသော သေတ္တာကို ထုတ်ယူလိုက်၍ အနီရောင်အလင်း ဖျော့ဖျော့ လင်းလက်နေသော ကျောက်တုံးကို မြင်လိုက်ရသည်။

ခုန်းထျန်းယွီက ဤသည်ကို လှမ်းယူရန် လက်ဆန့်လိုက်ကာ မေးလိုက်လေ၏။

“ဒါက ဘာလဲ”

သူ၏လက်က ကျောက်တုံးကို မထိမိခင်မှာပင် ရှန်ကျစ်ဟူက ရှောင်တိမ်းလိုက်ပြီး ပြောဆိုလေ၏။

“ဒါကို မကိုင်ခင် လက်အိတ်ကို အရင်စွပ်ဦး၊ ဒါက ရောင်ခြည်ဖြာထွက်မှု ဒါမှမဟုတ် တစ်ခုခု ရှိနေနိုင်တယ်”

ထို့နောက် သူက ဒေါက်တာခုန်းကို ထိုကျောက်တုံး၏ မြစ်ဖျားခံရာနှင့် ဧရာမသန္ဓေပြောင်းသစ်ပင်ကြီး၏ ထူးခြားဆန်းပြားသော သဘာဝတို့၏အကြောင်းကို ပြောပြလိုက်လျှင် ခုန်းထျန်းယွီက ပို၍ပင် စိတ်ဝင်စားသွားလေတော့သည်။

“အိုး၊ ဒါက စိတ်ဝင်စားဖို့ကောင်းသားပဲ”

သူက ဆေးဘက်ဆိုင်ရာ ရော်ဘာလက်အိတ်ကို ဖြည်းညှင်းစွာ စွပ်လိုက်ပြီးနောက် သေတ္တာထဲမှ ကျောက်တုံးကို လက်ထဲယူ၍ အကြိမ်အနည်းငယ် ပွတ်သပ်ကြည့်နေ၏။

ထို့နောက် သူ၏နှာခေါင်းနားသို့ တိုး၍ အနံ့ခံကြည့်သည်။

ယင်ရိလျိုက သူ၏လှုပ်ရှားမှုများကို ကြည့်နေရင်း သူက မည်သည်ကိုများရှာဖွေတွေ့ရှိမည်လဲဟု တွေးတောနေမိ၏။

သူမက သတိမေ့မသွားခင်က မြေအောက်တွင် ဆိုင်းငံ့နေသော ရေလုံးကြီးက အလွန်ကြီးမားလွန်းသည်။

ဤသည်က တစ်ချက်တို့လိုက်ရုံနှင့် ပေါက်ထွက်သွားနိုင်သော အရည်များဖြင့် ပြည့်နှက်နေပြီးနောက် သူမကို သမုဒ္ဒရာကြီးကဲ့သို့ လွှမ်းခြုံသွားခဲ့ကြောင်းကို သူမက သေချာစွာ မှတ်မိနေသည်။

သို့သော် သူမ နိုးလာချိန်တွင် အဘယ်ကြောင့် လက်ချောင်းအရွယ် ကျောက်တုံးလေးသာ ကျန်ရှိနေသည်ကိုတော့ သူမက မသိပေ။

ခုန်းထျန်းယွီက သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး စက်ပစ္စည်းများဆီသို့ လျှောက်သွားကာ ခလုတ်တချို့ကို နှိပ်လိုက်လေ၏။ ထို့နောက် အသံတစ်ချက်နှင့်အတူ အနီရောင်အလင်းတန်းလေး ပေါ်ထွက်လာလေ၏။

သူက ယင်ရိလျိုဘက်ကို မေးဆတ်ပြ၍ပြောလိုက်ပေသည်။

“အပေါ်မှာ သွားလှဲလိုက်”

ခုတင်ပေါ်တွင်တော့ မီးမောင်းကြီးသဖွယ် စက်ပစ္စည်းတစ်ခုပင်ရှိနေ၏။

ယင်ရိလျိုက မာကျောသောခုတင်ပေါ်တွင် လှဲလျောင်းနေချိန်တွင် အပေါ်မှ ထိုးလိုက်သော စူးရှသည့် မီးချောင်းအလင်းရောင်ကြောင့် မျက်စိပင် ကျိန်းသွားရလေသည်။

ဒေါက်တာခုန်းက သူမကို ချက်ချင်း မစစ်ဆေးသေးပေ။

ထိုအစား သူက စမ်းသပ်ပြွန်အကြီးတစ်ခုကို ရှာဖွေကာကျောက်တုံးနီကို ထိုထဲသို့ ထည့်လိုက်ပြီး မည်သည့်အရည်ဖြစ်ကြောင်းမသိသော အရည်တချို့ကို လောင်းထည့်လိုက်လေ၏။

ဤသည်ကို မြင်ချိန်တွင် ရှန်ကျစ်ဟူက မနေနိုင်ဘဲ တားမြစ်လိုက်လေသည်။

“ဒါက ဘာလုပ်တာလဲ၊ ပြီးခဲ့တဲ့ အခေါက်ကလိုမျိုး စမ်းသပ်ပစ္စည်းကို ပျက်စီးအောင် မလုပ်မိဖို့ သတိထားဦး၊

ဒါက မင်း ထိန်းချုပ်နိုင်တယ်ထင်လို့ ဒီကို ပို့ပေးထားတာနော်”

“ ဒါကို နောက်ကျရင် သုတေသနဌာနကို ပို့ပေးရမှာ”

“ရပါပြီ၊ ရပါပြီ”

ခုန်းထျန်းယွီက စိတ်မရှည်စွာဖြင့် ကြားဖြတ်ပြောလိုက်လေ၏။

“ခင်ဗျားရဲ့ ရတနာက တစ်စမှ လျော့သွားမှာ မဟုတ်ဘူး”

တစ်ဖက်တွင် ကျင်းယန်က ပတ်ဝန်းကျင်ကို တိတ်တဆိတ် လှည့်ပတ်ကြည့်နေလေသည်။

သူက အေးစက်သည့် ခုတင်ပေါ်တွင် လှဲနေသော ယင်ရိလျိုကို ကြည့်၍ သူမအနားသို့ လျှောက်သွားကာ ချမ်းနေသည်လားဟု လေသံခပ်တိုးတိုးဖြင့် မေးလိုက်ပေ၏။

ထိုခုတင်က ခွဲစိတ်ခုတင် သို့မဟုတ် အလောင်းခွဲစိပ်သည့်ခုတင်ကဲ့သို့ အလွန်ကြီးမားလွန်းပေသည်။

ယင်ရိလျိုက ထိုခုတင်၏ အလယ်ဗဟိုတည့်တည့်တွင် ကွေးကွေးလေး လှဲလျောင်းနေရရှာကာ အလွန်ပင် သနားစရာကောင်းနေခဲ့သည်။

သူမက ခေါင်းကိုခါပြ၍ခပ်တိုးတိုး ပြန်ဖြေလိုက်လေ၏။

“မချမ်းပါဘူး”

သူတို့က သူမကို သုတေသနပြုလုပ်နေသည့် ပုံစံမျိုးကို မြင်ရချိန်တွင် သူမက အနည်းငယ် ထိတ်လန့်သွားပြီး သူမထံမှ ထူးခြားသည့်တစ်ခုခုကို ရှာတွေ့သွားမည်လားဟု တွေးတောနဝမိလေသည်။

သူတို့နှစ်ဦးက စကားပြောနေချိန်တွင် ခုန်းထျန်းယွီက သူ၏ဝတ်စုံကို ဝတ်ဆင်ပြီးဖြစ်ကာ ဝင်လာခဲ့၏။

သူက တံခါးစောင့်သဖွယ် ကောင်တာတွင် ရပ်နေသော ကျင်းယန်ကို တစ်ချက်ကြည့်၍ ပြောလေသည်။

“ကျန်တဲ့သူတွေက အပြင်မှာ သွားစောင့်ပေးပါ၊ ကိစ္စမရှိဘူးဆိုရင် အခြေခံစစ်ဆေးတာပဲ လုပ်မှာပါ”

ယင်ရိလျိုက ခေါင်းကိုစောင်း၍ သူမ၏ဘေးရှိ ကျင်းယန်ကို ကြည့်ပြီးပြောလိုက်လေ၏။

“အပြင်မှာပဲ သွားစောင့်နေလိုက်လေ၊ ကျွန်မ အဆင်ပြေမှာပါ”

ထိုအမျိုးသားက သူမအတွက် စိုးရိမ်နေကြောင်းကို သူမ သိနေခဲ့သည်။

သူက မည်သည့်စကားကိုမှ ထုတ်မပြောသော်လည်း သူရှိနေခြင်းကပင် သူမကို မည်သည့်လက်နက် သို့မဟုတ် လက်ဖွဲ့ကမှ မပေးစွမ်းနိုင်သော လုံခြုံမှုမျိုးကို ပေးစွမ်းနိုင်သည်။

ကျင်းယန်က မျက်မှောင်ကြုတ်လျက် ပြောလာခဲ့၏။

“တစ်ခုခုလိုရင် လှမ်းခေါ်လိုက်နော်”

သူက ခုန်းထျန်းယွီကို မယုံကြည်ခြင်းကြောင့် မဟုတ်ဘဲ ယင်ရိလျိုကို သူမဟုတ်သည့် တခြားမည်သူနှင့်မျှ တစ်ယောက်တည်း မထားခဲ့လိုခြင်းကြောင့်သာ ဖြစ်သည်။

ခုန်းထျန်းယွီက နောက်တစ်ကြိမ် မျက်လုံးလှန်ပြလိုက်ပြန်၏။

ကျင်းယန်က ထွက်သွားပြီးမှသာ သူက ယင်ရိလျို၏ ဘေးသို့ လျှောက်လာခဲ့လေသည်။

ထိုလူငယ်က ခုတင်ပေါ်တွင် လှဲနေသော မိန်းကလေးကို ကြည့်ကာ သူမက စိတ်ပိုင်းဆိုင်ရာအရ အသက် (၅ )နှစ်၊ (၆) နှစ်ခန့်သာ ရှိလိမ့်မည်ဟု တွေးတောမိသည်။

သူမက ကြောက်လန့်ပြီး ငိုယို၍ ပြဿနာရှာမည်ကို စိုးရိမ်သောကြောင့် သူက ဝတ်ကျေတန်းကျေ နှစ်သိမ့်လိုက်လေ၏။

“မကြောက်ပါနဲ့၊ ဒါက စစ်ဆေးရုံပါပဲ”

ယင်ရိလျိုက ဧရာမစက်ပစ္စည်းကြီးက သူမ၏ ရှေ့တွင် ဖြည်းညှင်းစွာ ဖုံးအုပ်လာသည်ကို ကြည့်နေမိသည်။

သူမ၏ ဦးခေါင်းပေါ်ရှိ မီးချောင်းအလင်းရောင်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အမှောင်ထုက သူမကို ဖုံးလွှမ်းသွားခဲ့လေ၏။

သူမ၏ မျက်ခွံများထဲသို့ ခရမ်းလွန်ရောင်ခြည် အားပျော့ပျော့လေးကသာ ဖြတ်သန်းဝင်ရောက်လာပြီး စက်၏အသံက သူမ၏နားထဲတွင် ခပ်တိုးတိုး မြည်နေလေသည်။

အမှောင်ထဲတွင် သူမ၏လက်ကို တစ်စုံတစ်ယောက်က ထိတွေ့လိုက်သည်ကို ခံစားရ၏။

သူမက တွန့်သွားချိန်တွင် ခုန်းထျန်းယွီ၏ အနည်းငယ် ပြောင်းလဲနေသော အသံက ဗလုံးဗထွေး ထွက်ပေါ်လာသည်။

“မကြောက်နဲ့၊ ခဏလေးပဲ အောင့်လိုက်နော်၊ သွေးကို နှစ်စက်လောက်ပဲ ယူမှာပါ”

သူ ပြောလိုက်သည့်အချိန်တွင်ပင် ယင်ရိလျိုက သူမ၏ ဘယ်ဘက်လက်သူကြွယ်တွင် ဆူးနှင့် ထိုးလိုက်သကဲ့သို့ ခံစားလိုက်ရ၏။

ခဏမျှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး သူမ၏လက်ကိုပြန်ချလိုက်ကာ ဘေးမှလူက ခပ်လှမ်းလှမ်းသို့ လျှောက်သွားသည်ကို ခံစားမိလေသည်။

ဆယ်မိနစ်ခန့်အကြာတွင် သူမ၏ ခန္ဓာကိုယ်ပေါ်မှ အဖုံးကို ဖြည်းညှင်းစွာ ဖယ်ရှားလိုက်ပြီး ရှေ့ရှိ တောက်ပသော မီးချောင်းအလင်းရောင်ကို ပြန်လည်ဖွင့်လိုက်လေ၏။

ရုတ်တရက် တောက်ပလာသော အလင်းရောင်နှင့် အသားကျစေရန်အတွက် သူမ၏မျက်လုံးများကို အသာအယာ မှေးထားလိုက်မိ၏။

ခုန်းထျန်းယွီက ကွန်ပျူတာနှင့် ချိတ်ဆက်ထားသော ပရင်တာရှေ့တွင် ရပ်နေခဲ့သည်။

သူက တစ်ခုခုကို ကြည့်နေရင်း အပြင်ဘက်မှ စောင့်နေသူများကို လှမ်းခေါ်လိုက်လေ၏။

“အထဲကို ဝင်လာလို့ရပြီ”

ကျင်းယန်က လိုက်ကာကို မ၍ ဝင်လာခဲ့ပြီး ယင်ရိလျို၏ ဘေးသို့ တိုက်ရိုက်ပင် လျှောက်လာလေသည်။

မိန်းကလေးက ခန္ဓာကိုယ်ကိုအားပြု၍ ထိုင်နေခဲ့သည်။

ခုတင်က အနည်းငယ် မြင့်နေသောကြောင့် သူမ၏ သွယ်လျသော ခြေတံလေးများက မြေပြင်နှင့် အနည်းငယ် ကွာဝေးနေသေး၏။

ကျင်းယန်က သူမကို အသာအယာ ပွေ့ချီ၍ မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ချပေးလိုက်သည်။

သူက ယင်ရိလျို၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များကို အလွန်ညင်သာစွာ သပ်တင်ပေးလိုက်လေ၏။

သူမတွင် ထူးခြားသော အမူအရာမရှိသည်ကို မြင်မှသာ ကွန်ပျူတာကို စစ်ဆေးနေသော ခုန်းထျန်းယွီဘက်သို့ လှည့်ကြည့်လေသည်။

ရှန်ကျစ်ဟူက ခုန်းထျန်းယွီ၏ ရှေ့တွင် ရပ်နေရင်း စခရင်ပေါ်တွင် ရှင်းလင်းစွာ မြင်နေရသော လူ့အရိုးစုပုံရိပ်ကို ကြည့်က် လုံးဝ စိတ်ရှုပ်ထွေးသွားရသည်။

“အဲဒီတော့ .. ပြဿနာ တစ်ခုခု ရှိလို့လား”

ခုန်းထျန်းယွီက ကျင်းယန်၏ ဘေးရှိ ယင်ရိလျိုကို ထူးဆန်းသော အကြည့်များဖြင့် တစ်ချက်ကြည့်လိုက်သောကြောင့် ယင်ရိလျို၏ နှလုံးခုန်သံက မြန်လာခဲ့သည်။

ဒေါက်တာခုန်းက သူမကို ဘာလို့ ဒီလို ကြည့်နေတာလဲ?

သူမရဲ့ ခန္ဓာဗေဒက တကယ်ပဲ အဲဒီလောက်တောင် ထူးဆန်းနေလို့လား?

“ပြဿနာ ရှိတယ်.. ပြသနာကြီးပဲ”

ခုန်းထျန်းယွီက ဖြည်းညှင်းစွာ ပြောလိုက်လျှင် ကျင်းယန်၏ မျက်လုံးများက ချက်ချင်းပင် စူးရှသွားရ၏။

သူ၏ အကြီးမားဆုံး စိုးရိမ်မှုက ယင်ရိလျိုတွင် ရောဂါတစ်ခုခု ရှိနေမည်ကို ကြောက်ရွံ့ခြင်းသာဖြစ်သောကြောင့် ခုန်းထျန်းယွီ၏ စကားများက သူ့ကို စိတ်မပူဘဲမနေနိုင်ပါချေ။

“ကြည့်လိုက်ပါဦး၊ ဒါက ကျွန်တော် ခုနကပဲ ထုတ်လိုက်တာ၊ သူမရဲ့ သွေးနမူနာကို ခွဲခြမ်းစိတ်ဖြာပြီး X-ray ရိုက်ကြည့်လိုက်တော့ အရမ်းထူးဆန်းတဲ့ အရာတစ်ခုကို ရှာတွေ့ခဲ့တယ်၊

သူမရဲ့ အရိုးသက်တမ်းက ကလေးတစ်ယောက်ရဲ့ သက်တမ်း မဟုတ်ဘဲ လူကြီးတစ်ယောက်ရဲ့ သက်တမ်း ဖြစ်နေတယ်”

“ဘာကို ဆိုလိုတာလဲ”

အမြဲတစေ စကားနည်းလွန်းသော ကျင်းယန်က မနေနိုင်ဘဲ မေးလိုက်ပေ၏။

“သူမရဲ့ ငယ်ရွယ်တဲ့ ပုံစံကို ကြည့်ပြီး အထင်မမှားနဲ့၊ သူမရဲ့ အရိုးဆုံတွေနဲ့ တခြားအရိုးဖွဲ့စည်းပုံတွေအရ သူမရဲ့ တကယ့်အရိုးသက်တမ်းက အသက် နှစ်ဆယ်ဝန်းကျင် ရှိနေပြီ၊

ဒါက ကျောက်တုံးရဲ့ လျှို့ဝှက်ချက်ကြောင့်လား၊ ဒါမှမဟုတ် တခြားတစ်ခုခုကြောင့်လားတော့ ကျွန်တော် မသိဘူး၊

ဒါပေမဲ့ ဒါက တကယ့်ကို အံ့ဩစရာပဲ၊ ကျွန်တော်လည်း ဒီလိုမျိုး တစ်ခေါက်မှ မမြင်ဖူးသလို တခြားဘယ်သူကမှလည်း မြင်ဖူးမှာ မဟုတ်ဘူး”

ခုန်းထျန်းယွီက ယင်ရိလျိုကို အလွန်ပင် စိတ်လှုပ်ရှားနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေ၏။ သူမက တန်ဖိုးကြီး ရတနာတစ်ခုကဲ့သို့ပင်။

ကျင်းယန်က ဝတ်စုံဖြူနှင့် ထိုအမျိုးသားကို ကြည့်ကာ ယင်ရိလျိုကို သူ၏နောက်ဘက်သို့ ဆွဲပို့လိုက်သည်။

သူတို့၏ ရှေ့မှ ရူးသွပ်နေသော ဆရာဝန်က အန္တရာယ်ရှိသော အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ အကယ်၍ ထိုသူကသာ တစ်ခုခု လှုပ်ရှားလိုက်လျှင် ကျင်းယန်က ချက်ချင်းပင် လက်သီးဖြင့် ထိုးလိုက်ပေလိမ့်မည်။

All Chapters