← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း ၃ အာဏာထူထောင်ခြင်း

ချီတိုင်းပြည်၏ဧကရီက ဟူကော်ဘုရားကျောင်းတွင် ကောင်းချီးမင်္ဂလာအတွက် ဆုတောင်းနေပြီး မနက်ဖြန်မှ နန်းတော်သို့ ပြန်ရောက်ရှိလာမည် ဖြစ်သည်။ ဧကရီမယ်တော်ကြီးက သူမ၏နာတာရှည်ရောဂါကြောင့် အိပ်ရာပေါ်တွင် လဲလျောင်းနေလေ့ရှိပြီး အခုအချိန်တွင် လူအများအား အရိုအသေပေးခွင့်မပြုသည်မှာ ကြာလှပြီ ဖြစ်သည်။ ထို့ကြောင့် ယနေ့က အားလပ်ရက်သဖွယ် ဖြစ်နေလေသည်။

လဲ့ကျစ်က ထူထဲသော လိမ္မော်ရောင်ဖျော့ဖျော့စကတ်ကို ၀တ်ဆင်ထားပြီး လီယောင်က သူမကို လက်နွေးမီးဖိုတစ်ခု ပေးထားသည်။ သူမက လက်နွေးမီးဖိုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်လေး တဖြည်းဖြည်း ပူနွေးလာသည်ကို ခံစားလိုက်ရသည်။

‘အိပ်ခန်းထဲမှာ ဘာလို့ အပူပေးမီးဖို မထည့်တာလဲလို့ ဟော်တူကို သူမ မမေးရဲဘူး။ သူ မအေးဘူးလား? မဟုတ်သေးဘူး။ သိသာတာက သူ့လက်ဖဝါးကလည်း အေးစက်နေတာလေ၊ သူ ဘယ်လိုမှ မအေးပဲ မနေဘူး။’

သို့သော်လည်း ဟော်တူ၏ ပင်ကိုစရိုက်နှင့် စိတ်နေစိတ်ထားက အလွန်ထူးဆန်းနေသဖြင့် တတ်နိုင်သမျှ ပြဿနာကို ရှောင်ရှားနေလိုက်ခြင်းက ပိုကောင်းသည်ဟု လဲ့ကျစ် တွေးလိုက်တော့သည်။

ထမင်းစားခန်းသို့ ရောက်လာပြီးနောက် လဲ့ကျစ် မအံသြဘဲ မနေနိုင်တော့ပေ။

‘ဒီမှာ ဘာလို့ အပူငွေ့နည်းနည်းလေးပဲရှိတာလဲ? ထမင်းစား စားပွဲပေါ်မှာလည်း ပန်းကန်တစ်ချပ်ပဲ ရှိနေတယ်… အရွက်တွေလား???’

အေးစက်သောလေက ထမင်းစားခန်းအပြင်ဘက်မှ တိုးဝင်လာရာ အအေးဓာတ်က လဲ့ကျစ်၏ တစ်ကိုယ်လုံးကို ရိုက်ခတ်သွားသည်။

“ဒီအစေခံက ထိုက်ဇီဖေးကို အရိုအသေပေးပါတယ်"

လဲ့ကျစ် လှည့်ကြည့်လိုက်ရာ နန်းတော်မှ မော့မော့အိုကြီးတစ်ယောက်ကို တွေ့လိုက် ရပြီး နန်းတွင်းအစေခံလေးများလည်း ရှိနေသည်။ လဲ့ကျစ်က သူမတို့၏ နှုတ်ခွန်းဆက်စကားများကို ခေါင်းငုံ တုံ့ပြန်ကာ ပြန်မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

အစပိုင်းတွင် လီမော့မော့က အံ့အားသင့်သွားပုံရသည်။

‘သူမ အရင်က ထိုက်ဇီဖေးအကြောင်း စုံစမ်းမေးမြန်းဖို့ တစ်စုံတစ်ဦးကို စေလွှတ်ခဲ့ပေမယ့် ထိုက်ဇီဖေးက ဒီလောက် လှပပြီး ပြိုးပြိုးပြက်ပြက် လက်နေတဲ့ ကျောက်စိမ်းနဲ့ ရုပ်ထုလေးနဲ့ တူနေလောက်အောင် လှပတဲ့ အသွင်အပြင်မျိုး ဖြစ်မယ်လို့တော့ သူမ မမျှော်လင့်ထားခဲ့မိဘူး။ အခု လူက ပန်းတွေထက်တောင် ပိုပြီး ချစ်စရာကောင်းနေသေးတယ်။’

‘တာ့ချီက မြောက်ဘက်မှာ တည်ရှိပြီး အမျိုးသမီးအများစုက သူရဲကောင်းဆန်တဲ့ ခမ်းခမ်းနားနား သွင်ပြင်မျိုးတွေပါပဲ။ တောင်ဘက်မှာရှိတဲ့ တာ့လီကတော့ တာ့ချီနဲ့မတူဘူး။ အဲ့တိုင်းပြည်က အမျိုးသမီးတွေက အရမ်းနူးညံ့ပြီး လှပကြတယ်။’

‘အလှတရားက တာ့လီကနေ ဆင်းသက်လာတာဆိုတဲ့ စကားက အမှန်ဖြစ်နေတာပဲ။’

‘ဘာပဲဖြစ်ဖြစ်… အခု တာ့လီဆိုတဲ့ တိုင်းပြည်က ဘယ်မှာ ရှိတော့လို့လဲ? အဲဒါက ခုတော့ တာ့ချီရဲ့ နယ်မြေတစ်စိတ်တစ်ပိုင်းသာသာ ဖြစ်နေခဲ့ပြီ။’

"ဒီအစေခံရဲ့မျိုးရိုးအမည်က လီပါ... အရှေ့နန်းတော်ရဲ့ဘဏ္ဍာစိုးပါ"

သူမ၏ လေသံက အေးစက်ပြီး ရင်းနှီးမှုကင်းမဲ့နေကာ သူမ၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုမှုများ ရှိနေသည်။

လဲ့ကျစ်က သူမ၏စိတ်ရင်းကို ရှင်းရှင်းလင်းလင်း နားလည်ခဲ့လိုက်ပြီး ဒေါသထွက် မနေတော့ဘဲ ပေါ့ပေါ့ပါးပါး သာ တုံ့ပြန်လိုက်သည်။

"ဒါဆို လီမော့မော့ပေါ့ "

"ထိုက်ဇီဖေးက မနက်စာ မစားရသေးဘူးလား"

လီမော့မော့၏ ပါးစပ်တွင် လှောင်ပြောင်ချင်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး ခပ်မြန်မြန် တိုက်တွန်းလိုက်သည်။

"ကျေးဇူးပြုပြီး မြန်မြန်စားပါ"

လဲ့ကျစ်က ထမင်းစား စားပွဲတွင် ဝင်ထိုင်လိုက်ရင်း ထပ်မေးလိုက်သည်။

"အရှင့်သားရော မနက်စား စာပြီးပြီလား?"

လီမော့မော့က ထိုက်ဇီဖေး ငယ်ငယ်ရွယ်ရွယ်ဖြင့် ဤမျှတည်ငြိမ်နိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။ နောက်ဆုံးတွင် ထိုက်ဇီဖေးက သူမ၏ရာထူးကို ကြောက်လန့်ပြီး ဤအရှေ့နန်းတော်တွင် မောက်မာရဲခြင်း မရှိဟုသာ သူမ ထင်သွားခဲ့သည်။

“ဟုတ်ကဲ့... အရှင်သားလဲ စားပြီးပါပြီ... အရှင်သားက နံနက်စာအတွက် ပင်စိမ်းရွက်ကိုပဲ စားလေ့ရှိပါတယ်"

ထိုစကားက လဲ့ကျစ်ကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။

‘ဟော်တူက ဒီသစ်ရွက်တွေကို မနက်စာအဖြစ် စားနေခဲ့တာလား။ သူ မသေနိုင်တဲ့သူတစ်ယောက်လို ချောမောလှပနေတာ အံ့သြစရာ မဟုတ်တော့ပါဘူး...’

လဲ့ကျစ်က မနေ့ညက သူမ ဟော်တူကို အနံ့ခံသလိုပဲ ငွေရောင်တူများကို ကောက်ကိုင်ပြီး အရွက်များကို သူမ၏နှာခေါင်းရှေ့သို့ ကပ်ကာ ပေါ့ပေါ့တန်တန် အနံခံကြည့်လိုက်သည်။ ထို့နောက် သူမက ထိုအရွက်၏အဖျားလေးကို သူမ၏သွားထိပ်လေးဖြင့် ကိုက်ကြည့်လိုက်သည်။

လန်းဆန်းသောရနံ့က လျှာဖျားပေါ် ပျံ့နှံ့လာပြီး ထူးဆန်းသော စူးရှရှ အရသာကို သူမ ခံစားလိုက်ရသည်။

‘အရသာကတော့ စားချင်စရာ မရှိဘူး။ မသတီစရာကောင်းလွန်းတယ်။’

ဤမျှ လန်းဆန်းစေသော အနံ့က မျိုချရခက်ခဲမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ လဲ့ကျစ်က ငွေရောင်တူများကို ချလိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

လီယောင်ကလည်း ဘေးမှ မျက်မှောင်ကြုတ်နေခဲ့သည်။

‘ဒီလူတွေက တမင်တကာ လှည့်စားနေပုံပဲ’

သူမက လီမော့မော့အား မျက်လုံးပြူးဖြင့် ကြည့်ကာ စကားဝင်ပြောလိုက်သည်။

"ထိုက်ဇီဖေးက တောင်ပိုင်းကလာတော့ စားသောက်မှုပုံစံ မတူဘူး၊ ကျေးဇူးပြုပြီး မော့မော့က အစေခံတွေကို ပူပူနွေးနွေး စားစရာတစ်ခုလောက် ချက်ခိုင်းပေးပါ”

သူမက မောက်မာခြင်းလည်း မရှိသလို နှိမ့်ချခြင်းလဲ မရှိဘဲ တည်တည်တံ့တံ့ ပြောလိုက်သည်။

သို့သော်လည်း လီမော့မော့က အလေးအနက် ဆင်ခြင်ပေးနေသေးသည်။

"ဒါက လုပ်ဖို့ခက်တယ် အရှင့်သားထိုက်ဇီက မနက်စာမှာ ပူပူနွေးနွေး အစားစာထည့်တာကို မကြိုက်ဘူး၊ ထိုက်ဇီဖေးက ထပ်ထည့်ဖို့ တောင်းဆိုခဲ့မယ်ဆိုရင်…”

‘ဒါက လွန်လွန်းနေပြီ။’

သူမ၏သခင်မ ဤကဲ့သို့ ပညာပြခံနေရသောကြောင့် လီယောင်တစ်ယောက် လက်များ တုန်ယင်လာသည်အထိ ဒေါသထွက်နေလေသည်။ သူမ ထပ်ပြောရန် ပါးစပ်ဟလိုက်သော်လည်း လဲ့ကျစ်က သူမကို တားဆီးလိုက်သည်။

“ဒီလိုဆိုရင်တော့ ငါလည်း အရှင့်သားလိုမျိုး အတူတူ စားလိုက်ပါ့မယ်”

လဲ့ကျစ်၏မျက်နှာက ပြုံးနေသော်လည်း ထိုအပြုံးက သူမ၏မျက်လုံးထဲအထိ မရောက်ဘဲ လီမော့မော့ကို ညွှန်ကြားလိုက်သည်။

"လီမော့မော့... ရှင့်ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်... အခု ရှင် ပြန်ထွက်သွားလို့ ရပြီ"

"ဒါက လွန်လွန်းတယ်!"

လီယောင်က လီမော့မော့၏နောက်ကျောကိုကြည့်ရင်း အံကြိတ်ကာ ထပ်ပြောလိုက်သည်။

"သူက သခင်မကို ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့်နေတာပဲ!"

လဲ့ကျစ်က အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

"အဲ့တော့ ဘာဖြစ်လဲ"

‘အခု သူမက ရန်သူရဲ့တိုင်းပြည်တစ်ခုကို ‌ရောက်ရှိနေပြီး သူမလို လက်အောက်ခံတိုင်းပြည်က မင်းသမီးကို ဘယ်သူမဆို ချနင်းနိုင်တယ်။ အရှေ့နန်းတော်မှာ ဒီလိုမျိုး အာဏာပြတယ်ဆိုတာက ဟော်တူရဲ့ စိတ်ကူးလဲ ဖြစ်နိုင်သေးတယ်။’

‘ပြဿနာမရှိဘူး... လုံးဝ ပြဿနာ မရှိပါဘူးလေ... သူမ အသက်ရှင်နေသမျှ ကာလပတ်လုံး အဲဒါအတွက် အချိန်တွေ အများကြီးကျန်နေအုံးမှာလေ....’

"ကျွန်မ အခန်းထဲမှာ အစာခြောက်တွေ ရှိသေးတယ်... ဒီအစေခံက ချက်ချင်း သွားယူပေးပါ့မယ်..."

သူမ စကားမဆုံးခင်မှာ အစေခံကလေးက ပြေးထွက်သွားပြီး လဲ့ကျစ်၏ မျက်နှာက အနည်းငယ် တင်းမာလာကာ ခေါင်းယမ်းရင်း သက်ပြင်းချလိုက်သည်။

‘လီယောင်ကို ဟော်ရှက ပို့ထားတာ မဟုတ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ’

ရုတ်တရက် ငါးနံ့သင်းသင်းလေး ထွက်ပေါ်လာသည်။ လဲ့ကျစ်လည်း ဇဝေဇဝါဖြစ်သွားပြီး ထမင်းစားခန်းထဲမှ ထွက်ကာ ထိုမွှေးရနံ့နောက်သို့ လိုက်လာခဲ့သည်။ အခန်းတစ်ခု၏အ‌ရှေ့သို့ ရောက်သောအခါ ငါးအနံ့က အပြင်းထန်ဆုံး ဖြစ်လာသည်။ လဲ့ကျစ်က ခဏလောက်စဉ်းစားလိုက်ပြီး တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။

အခန်းတွင်းရှိ အပူပေးမီးဖိုက နွေဦးကဲ့သို့ ပူပူနွေးနွေး တောက်လောင်နေပြီး ပြင်းထန်သော ငါးရနံ့ကလည်းအတူ ရှိနေသည်။

သူမ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ နောက်ဆုံးတွင် အတွင်းမှ လူတွေ့လိုက်ရသည်။

‘မဟုတ်သေးဘူး၊ အတွင်းက ကြောင်....’

သူမ မနက်ခင်းတုန်းက တွေ့ခဲ့ရသည့် နှင်းဖြူလုံးလေးက စားပွဲနိမ့်လေးပေါ်မှာ ပျင်းရိစွာ လဲလျောင်းနေသည်။

သူမ တံခါးဖွင့်သည်ကို မြင်လိုက်ချိန်တွင် ထိုနှင်းဖြူလုံးလေးက ချက်ချင်းထရပ်လိုက်ပြီး သူမဆီ ပြေးလာတော့သည်။

‘နှေးနှေးကွေးကွေးနဲ့ ထော့နဲ့ ထော့နဲ ဖြစ်နေပေမယ့်ပေါ့....’

"မပြေးနဲ့၊ မပြေးနဲ့"

လဲ့ကျစ်က အလျင်အမြန် ရှေ့တိုးသွားကာ ထိုင်ချလိုက်ပြီး သူ့ခေါင်းလေးကို ညင်ညင်သာသာ ပွတ်ပေးချော့မြူပေးလိုက်သည်။

"ဒါဆို နင်က ဒီမှာနေတာပေါ့!"

"မြောင်....မြောင်~"

လဲ့ကျစ်က သူ့ကို ကောက်ပွေ့လိုက်ပြီး ငါးဖြင့် ပြုလုပ်ထားသော အစာများ တင်ထားသည့် စားပွဲနိမ့်လေးတွင် ဝင်ထိုင်လိုက်သည်။

‘ငါးကြော် ၊ ငါးခြောက် ၊ ငါးကင် ၊ ငါးစွပ်ပြုတ် ... အားလုံးက အရိုးထွင်ထားတဲ့ငါး တွေပဲ။’

လဲ့ကျစ်၏လက်ထဲမှ နှင်းဖြူလုံးလေးက ငါးရနံ့ကို ရှူရှိုက်ရင်း စားပွဲပေါ်ကို ခုန်တတ်သွားကာ ငါးကြော်ကို ကျေနပ်စွာ စားနေရင်း မြောင်ဟု အော်နေသေးသည်။

"ကလေးလေး၊ နင်က တကယ်ပျော်နေတာပဲ"

လဲ့ကျစ်က သူမ၏ အစာမရှိသော ဗိုက်ကို ကိုင်လိုက်ပြီး ပြုံးကာ သက်ပြင်းချလိုက်သည်။

ဒီကြောင်ဖြူလေးကို ဟော်တူ မွေးမြူထားတယ်ဆိုတာ သူမ သိတယ်၊ မဟုတ်ရင် သူ ထိုက်ဇီရဲ့အိပ်ခန်းထဲကို ဘယ်လို ဝင်လာနိုင်မှာတုန်း။ ခု ဟင်းတွေကို မြင်လိုက်ရတော့ ပိုသေချာသွားပြီ။

နှင်းဖြူလုံးလေးက မြန်မြန် စားနေပြီး ငါး နင်နေသလိုမျိုး ခေါင်းကို တဆတ်ဆတ် ခါလိုက်ပြန်သည်။ လဲ့ကျစ်က သူမ၏လက်ကို မြှောက်လိုက်ပြီး သူ့လည်ပင်းနောက်ဘက်ကို ကိုင်ကာ ချော့မော့လိုက်သည်။ ထို့နောက် သူမက ငွေဇွန်းကို ကောက်ကိုင်လိုက်ပြီး သူ့လည်ချောင်းထဲမှ ငါးများ လျောကျသွားအောင် ငါးဟင်းရည်တစ်ဇွန်း တိုက်လိုက်သည်။

“ ဂလု …”

လဲ့ကျစ်၏ ဗိုက်က အသံထွက်လာပြန်သည်။

‘တကယ်တော့ သူမ သိပ်ဗိုက်မဆာဘူးလို့ ထင်ထားခဲ့တာ၊ ခုကျတော့ သူမ အရမ်းဗိုက်ဆာနေပုံပဲ။’

နှင်းဖြူလုံးလေးက သူ့ငါးကို ချလိုက်ပြီး မျက်လုံးဝိုင်းဝိုင်းဖြင့် သူမကို လှမ်းကြည့်နေသည်။

သူ့၏အပြုအမူလေးကို မြင်လိုက်ရချိန်တွင် လဲ့ကျစ်က သူ့ခေါင်းလေးကို ပုတ်ရင်း ရန်ထောင်လိုက်သည်။

“ဘာလဲ? ငါ ဘာမှ မစားရသေးဘူးလေ"

နှင်းဖြူလေးက နားလည်ပုံပေါ်နေပြီး သူ့ခေါင်းလေးကို ခါယမ်းလိုက်သည်။

"ဪ ဒီမှာ စားစရာ ရှိနေတာပဲ"

လဲ့ကျစ်က ငါးခြောက်သေးသေးလေးတစ်ကောင်ကို တမင်တကာ ကောက်ကိုင်လိုက်ပြီး သူ့၏မျက်လုံးဝိုင်းဝိုင်းလေးများရှေ့၌ တွဲလောင်းချကာ စနောက်လိုက်သည်။

"နင် ငါ့ကို မျှကျွေးမယ်ဆိုရင် ဘယ်လိုလဲ"

နှင်းဖြူလုံးလေးက သူမကို မတုံ့ပြန်ဘဲ သူ့၏မျက်လုံးဝိုင်းဝိုင်းလေးများက တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။

လဲ့ကျစ်က သူ ထူးဆန်းနေသည်ကို နားလည်နိုင်သေးသည်။

‘တစ်ယောက်ယောက် လာနေတာ ဖြစ်နိုင်လား’

ထို့နောက် ရင်းနှီးသော ရယ်မောသံတစ်ခု သူမနောက်မှ ထွက်ပေါ်လာသည်။

“ကြောင်နဲ့တောင် အစာလုစားတော့မယ်ပေါ့လေ”

လဲ့ကျစ် လှည့်ကြည့်လိုက်ရာ အဖြူရောင်ကျောက်စိမ်းဖြင့် လုပ်ထားသော ဘီးတပ်ထိုင်ခုံပေါ်တွင် ထိုင်နေသည့် ဟော်တူက သူမကို မက်မွန်ပွင့်ပုံမျက်ဝန်းများနှင့် ကြည့်နေလေသည်။ သူမ အံ့အားသင့်သွားပြီး ငါးခြောက်ကို ကိုင်ထားသည့် သွယ်လျသော လက်ချောင်းများက အမှတ်တမဲ့ ပြေလျော့သွားသည်။ ထိုသို့ဖြင့် ငါးခြောက်က နှင်းဖြူလုံးလေး၏ခေါင်းပေါ်သို့ ပြုတ်ကျသွားတော့သည်။

နာကျင်မှုနှင့်အတူ လန့်ဖျပ်သွားသော ကြောင်လေးဆီမှ “မြောင်”ဟူသော အသံထွက်လာပြီး လဲ့ကျစ်က နှင်းဖြူလုံးလေးကို ကြည့်ရန် ထိုင်ချလိုက်သည်။ သူက သူ့၏ကြောင်ခြေသည်းလေးများကို မြှောက်ပြီး သူ့ခေါင်းကို ပွတ်သပ်ရန် ကြိုးစားနေကာ သူ့လက်ချောင်းများက ထိုနေရာကို လက်လှမ်းမမီနိုင်လောက်အောင် တိုနေပြန်သည်။

လဲ့ကျစ်က အားနာပါးနာဖြင့် သူ့ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ နှင်းဖြူလုံးလေးက သူမလက်ဖြင့် ဦးခေါင်းကို ပွတ်သပ်ခံပြီးနောက် ဟော်တူဆီသို့ ပြေးသွားတော့သည်။

ဟော်တူက နှင်းဖြူလုံးလေးကို ကောက်ယူလိုက်ပြီး သူ့ပေါင်ပေါ်တင်လိုက်သည်။ ထို့နောက် သူက လဲ့ကျစ်ကို ကြည့်ကာ လှမ်းမေးလိုက်သည်။

"မင်း တာ့ချီကို ‌ရောက်တာ ဘယ်လောက်ကြာနေပြီလဲ"

လဲ့ကျစ်က သူ့မျက်နှာကို စိုက်ကြည့်လိုက်သော်လည်း သူ့ရင်ထဲမှ ခံစားချက်ကို မမြင်နိုင်ပေ။ နှစ်ယောက်သား မနေ့ညက ဆုံတွေ့ကတည်းကပင် သူမ သူပြောသမျှ အပြုအမူတိုင်းကို နားမလည်နိုင်ခဲ့ပေ။

လဲ့ကျစ်၏ ဟော်တူ၏အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး လေးလေးစားစား အရိုအသေပေးရင်း ပြန်ဖြေလိုက်သည်။

“အရှင့်သား၊ ကျွန်မ ဒီကိုရောက်တာ တစ်လကျော်ရှိနေပါပြီ”

‘အတိအကျပြောရရင်တော့ သုံးဆယ့်ခုနစ်ရက်ပေါ့....’

"တစ်လ"

ဟော်တူက သူမ၏စကားကို သံယောင်လိုက်ကာ မခို့မခန့် ရယ်နေပြီးမှ ထပ်မေးလာပြန်သည်။

"ဒါဆို မင်းက ဘယ်သူလဲဆိုတာ မင်း မှတ်မိသေးလား"

ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ် အနည်းငယ် ထိတ်လန့်သွားရသည်။

‘အခုအချိန်မှာ လူတိုင်းက သူမရှေ့မှာ တာ့လီအကြောင်း မပြောကြတော့သလို သူမကိုလည်း မင်းသမီးလေးလို့ မခေါ်ကြတော့ဘူး။ အားလုံးက သူမကို မေ့ပစ်စေချင်ကြောင်း သူမ သိနေပြီး သူမအတွက်လည်း အဲ့အကြောင်းကို လုံးလုံးလျားလျား မေ့ပစ်လိုက်တာ အကောင်းဆုံးပဲ။’

‘အထူးသဖြင့် ဟော်ရှပေါ့....’

‘ဒါပေမယ့် သူမ ဘယ်လိုမေ့နိုင်မှာလဲ။ သူမက သူမရဲ့မိသားစုမှာ အငယ်ဆုံးဖြစ်ပြီး တာ့လီရဲ့ တတိယမင်းသမီးလေး ဖြစ်ခဲ့တာလေ။ သူမက သူမရဲ့ဆွေမျိုးတွေနဲ့ ပြည်သူတွေ သေကြေပျက်ဆီးနေတာကို သူမမျက်လုံးနဲ့ မြင်ခဲ့ရတယ်၊ ပြီးတော့ အခုထက်ထိလည်း သူမ ကယ်တင်ပေးရမယ့် ဆွေမျိုးတွေ ရှိနေသေးတယ်။’

‘သူမ ဘယ်လို မေ့ရမှာလဲ? လုံးဝ မမေ့နိုင်တဲ့အရာတွေလေ...’

‘ဒါပေမယ့် အခု မေးနေတာက ‌ဟော်တူဖြစ်နေတယ်။ ဟော်တူရဲ့ စကားလုံးတွေက သူမကို မင်းသမီးလေးရဲ့ အမှတ်သညာကို မမေ့ဖို့ သတိပေးနေတာလား။ ဒါမှမဟုတ် စမ်းသပ်မှုတစ်ခုလား။’

ခဏတာမျှ စဉ်းစားနေပြီးနောက် လဲ့ကျစ်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"မှတ်မိပါတယ်၊ ကျွန်မက အရှင့်သားရဲ့မြင့်မြတ်တဲ့ ထိုက်ဇီဖေးပါ"

ခေတ္တကြာပြီးနောက် လဲ့ကျစ်က သူမ စကားမှားသွားသည်ကို သတိပြုမိသွားပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ အလျင်စလို ထပ်ဖြေလိုက်သည်။

“ကြင်ယာတော်... ဒီကြင်ယာတော်က အရှင့်ရဲ့မြင့်မြတ်တဲ့ ထိုက်ဇီဖေးပါ”

‘သူမ ချီတိုင်းပြည်ကို ရောက်နေတာ တစ်လကျော်ရှိနေခဲ့ပြီး ကျင့်ဝတ်တွေကို ကောင်းစွာ သင်ယူနိုင်ခဲ့ပေမယ့် ဒီအခေါ်အဝေါ်တွေကတော့ အလွယ်တကူ ပြန်ပြန်မေ့သွားတယ်။’

ဟော်တူက သူမ၏ မှေးမှိန်နေသော မြေခွေးမျက်လုံးလေးများကို ကြည့်ကာ သူမ၏ ရှောင်တိမ်းသော အဖြေကို နားထောင်သော်လည်း နောက်ထပ် မေးခွန်းများ မမေးတော့ဘဲ ခပ်ပေါ့ပေါ့ တုံ့ပြန်လိုက်သည်။

"ကိုယ့်နေရာမှာ၊ အခေါ်အဝေါ်က အရေးမကြီးဘူး"

‘အာ.... အလှလေးက သိမ်မွေ့လွန်းတော့ ငြီးငွေ့စရာကောင်းတယ်...’

‘သူမ သူ့ကို အရမ်းကြောက်နေရင် ဘယ်အချိန် သူ့ကို ပြန်တိုက်ခိုက်ရဲမှာလဲ။’

‘သူက သူမကို ကူညီရမယ်...’

လဲ့ကျစ်တစ်ယောက် ဘာပြောရမှန်းမသိ ဖြစ်နေပြန်သည်။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် အန်းရွှယ်က အခန်းထဲသို့ ဝင်လာပြီး ခေါင်းငုံ ဦးညွတ်ကာ အရိုအသေပေးရင်း အစီရင်ခံလိုက်သည်။

“အရှင်သား၊ အားလုံးက ဒီမှာပါ”

"သွားရအောင်၊ ဒီမင်းသားရဲ့ထိုက်ဇီဖေး "

လဲ့ကျစ် အံ့ဩနေပြီး အရှေ့ဘက်နန်းတော်၏ ပင်မခန်းမဆောင်သို့ လျှောက်နေချိန်တွင် စကားမပြော ဖြစ်ကြပေ။

လီမော့မော့နှင့် နန်းတော်အစေခံအနည်းငယ်တို့က ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်နေကြပြီး သူတို့၏ပုခုံးများက ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကာ ခန္ဓာကိုယ်များကလည်း ဆိုးရွားစွာ တုန်ခါနေကြသည်။

“အရှင့်သား ထိုက်ဇီဖေးကို စော်ကားတဲ့ ဒီကျွန်အုပ်စုကို ဘာလုပ်ရမယ်ဆိုတာ အမိန့်ပေးတော်မူပါ"

ထိုသို့ ပြောပြီးသည်နှင့် အန်းရွှယ်က ဘေးနားတွင် ရပ်နေကာ ညွှန်ကြားချက်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

လဲ့ကျစ်က ဟော်တူကို ကြည့်နေပြီး သူက သူမကို ပြုံးလျက်ကြည့်နေဆဲဖြစ်ကြောင်း သူမ တွေ့လိုက်ရသည်။ ထို့နောက် သူက သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ရင်းနှီးနေပုံရသော မြင်ကွင်းတစ်ခုကြောင့် သူက သူမ၏ လက်ကို လိမ်ချိုးလိုက်မည်အား ကြောက်ရွံ့နေသော လဲ့ကျစ်၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်လေး ပေါ်လာသည်။ သို့သော် လူတိုင်း၏ရှေ့တွင် သူမ သူ့ဆန္ဒကို မလွန်ဆန်ရဲပေ။

ခန်းမတံခါးကို မပိတ်ထားသောကြောင့် အေးစက်သောလေက အတွင်းဘက်သို့ လွင့်ပျံလာသည်။ လဲ့ကျစ်က တုန်တုန်ယင်ယင်ဖြင့် သူမလက်ကို သူ့လက်ဖဝါးပေါ် တင်ပေးလိုက်သည်။

‘သူ့လက်ဖဝါးက မနေ့ညကလိုပဲ အေးခဲနေပြန်တယ်’

သို့သော် ယခုတစ်ကြိမ်တွင်မူ သူက သူမလက်ကို ပေါ့ပေါ့တန်တန် ဆုပ်ကိုင်ထားပြီး သူမ၏လက်ခုံကို သူ့လက်ချောင်းများဖြင့် ညင်ညင်သာသာ ပွတ်သပ်ပေးနေသည်။

‘လေးနက်တဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အ၀ ဖော်ကျူးနေတဲ့ စုံတွဲတစ်တွဲရဲ့ ပုံရိပ်....’

“သူတို့က ထိုက်ဇီဖေးကို စော်ကားလိုက်တာဆိုတော့ ထိုက်ဇီဖေးကိုပဲ ကိုင်တွယ်ခွင့်ပေးလိုက်မယ်"

နူးညံ့သိမ်မွေ့သော အသံတွင် အပြည့်အဝ နှိမ့်ချမှုနှင့် ကာကွယ်မှု၏ အဓိပ္ပာယ်များ ပါဝင်နေသည်။

ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသောလူတိုင်း ထိတ်လန့်တုန်လှုပ်သွားပြီး သူတို့ခေါင်းကို မော့ကာ လဲ့ကျစ်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ အထူးသဖြင့် လီမော့မော့ ဖြစ်သည်။ ထိုက်ဇီက ဤလက်အောက်ခံမင်းသမီးလေးကို အလေးအနက်ထားမည်ဟု သူမ မမျှော်လင့်ထားသည်မှာ ထင်ရှားနေသည်။

လဲ့ကျစ်က သူ၏ နူးညံ့သိမ်မွေ့သော အသွင်အပြင်ကြောင့် အရူးလုပ် မခံချင်တော့ပေ။

‘သူမမှာ လှပတဲ့မျက်နှာလေး ရှိမှန်း သူမ သိပြီး လူတိုင်းက သူမကို သဘောကျတာကိုလည်း သူမ သိတယ်။ ဒါပေမယ့် မနေ့ညကို ကျော်လွန်လာပြီးတဲ့ နောက်မှာတော့ ဟော်တူက တပ်မက်မှုအတွက်နဲ့ အလွယ်တကူ ခေါင်းညိတ်မယ့်လူ မဟုတ်ဘူးဆိုတာ သူမ သေချာသဘောပေါက်သွားပြီးပြီ။’

‘ဒီလှုပ်ရှားမှုက သူ ဘာကိုဆိုလိုမှန်း သူမ မသိဘူး။’

ထို့အတွေးများကြောင့် လဲ့ကျစ်က သူ့ကို ချက်ချင်း စကားပြန် မပြောရဲသေးပေ။

“ကျွန်မက ဒီမှာ လူသစ်ဖြစ်နေပြီး အရှေ့နန်းတော်ရဲ့ စည်းမျဉ်းတော်တော်များများကို နားမလည်သေးတဲ့အတွက် ဒါကို ကိုင်တွယ်ဖြေရှင်းဖို့က အရှင့်သားအပေါ်မှာပဲ မူတည်ပါတယ်”

လဲ့ကျစ်က “ကျွန်မ” ဟူသော အခေါ်အဝေါ်ကို တမင်တကာ အသုံးပြုခဲ့သည်။ ပထမအချက်အနေဖြင့် ဟော်တူက သူမကို ထိုသို့ခေါ်ရန် ခွင့်ပြုခဲ့သည်။ ဒုတိယအနေဖြင့် ထိုက်ဇီ၏ရှေ့မှောက်တွင် သူမက အခေါ်အဝေါ်ကိုပင် လျစ်လျူရှုနိုင်သည်ဟု အရှေ့နန်းတော်ရှိလူတိုင်းအား အသိပေးရန်ဖြစ်သည်။ နောက်ပိုင်းတွင် ဦးနှောက်အားနည်းသော ဤကျွန်များက သူမကို ထပ်မံ အနိုင်ကျင့်ဝံ့တော့မည် မဟုတ်ပေ။

ပြစ်ဒဏ်ပေးခွင့်၏အာဏာကို ဟော်တူဘက်သို့ ပြန်တွန်းပို့လိုက်ခြင်းအားဖြင့် သူမက မျက်နှာသာရလျှင်ပင် မာနကြီးလာမည်မဟုတ်ကြောင်း ပြသလိုက်နိုင်ပေလိမ့်မည်။

‘တကယ်တော့ သူမက ခြွင်းချက်မရှိတဲ့ ဇာတ်ကွက်လေးတစ်ခုကို ဖန်တီးလိုက်တာပါ။’

သူမ၏ စကားကို ကြားလိုက်ရချိန်တွင် ဟော်တူက ချက်ချင်း စကား ပြန်မပြောသေးဘဲ ခဏအကြာတွင် သူ ရုတ်တရက် ပြုံးလာပြန်သည်။ ထိုနောက်မှ အသံထွက်လာသည်။

"ဒါဆို စည်းကမ်းဟောင်းအတိုင်းပဲ"

ဘေးမှ အန်းရွှယ်က ခေါင်းညိတ်လိုက်ပြီး အမိန့်ကို နားလည်ကြောင်း တုံ့ပြန်လိုက်သည်။

“ဟုတ်ကဲ့”

ထိုအချိန်တွင် အဝါဖျော့ဖျောနန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည့် နန်းတွင်းအစေခံတစ်ဦးက ပါးပြင်ပေါ်တွင် မျက်ရည်များစီးကျကာ ရုတ်တရက် ခေါင်းကို မော့ရင်း အံ့အားဖွယ် အော်ပြောလာခဲ့သည်။

“အရှင့်သား၊ ဒါက လီမော့မော့ရဲ့ အကြံအစည်ပါ”

ထို့နောက် ချက်ချင်းပင် သူမက သူမ၏လက်ကို မြှောက်ကာ အခြားနန်းတွင်းအစေခံများကို ညွှန်ပြရင်းဝန်ခံနေခဲ့သည်။

“သူ(မ)က အရှင့်ရဲ့မင်္ဂလာဆောင်ကုတင်ပေါ်က နှင်းဖြူလက်ကိုင်ပုဝါအကြောင်းကို ပြောခဲ့တာ ကျင့်ရှင်းပါ… သူ(မ)ပြောခဲ့တာက နှင်းလက်ကိုင်ပုဝါက.....”

သူမ ဆက်လျှောက်တင်ချင်သော်လည်း မပြောရဲတော့ပေ။

ထိုစကားကို ကြားရပြီးနောက် လဲ့ကျစ်၏မျက်နှာက အနည်းငယ် နီရဲသွားပြီး ချက်ချင်း ပြန်ဖြူဖျော့သွားသည်။

‘နှင်းဖြူလက်ကိုင်ပုဝါက ဘာကိုကိုယ်စားပြုတယ်ဆိုတာ သူမလည်း သိတာပေါ့။’

ဘေးနားရှိ အန်းရွှယ်က တလျှောက်လုံး လျစ်လျူရှုနေခဲ့သော်လည်း အစေခံက ကျင့်ရှင်းကို လက်ညှိုးထိုးပြလိုက်ချိန်တွင် သူ့မျက်လုံးထဲ၌ အေးစက်သောအလင်းရောင်တစ်ခု လင်းလက်သွားသည်။

“ဆူညံနေတာပဲ”

ဟော်တူက ပေါ့ပေါ့တန်တန် စကားတစ်ခွန်း ထုတ်ပြောလိုက်သည်။

အန်းရွှယ်နှင့် အပြင်မှ အစောင့်များက ထိုနန်းတွင်းအစေခံများအားလုံးကို ခေါ်ထုတ်သွားကြသည်။

ခန်းမကြီးက အေးစက်တိတ်ဆိတ်ခြင်းသို့ တဖန် ပြန်ရောက်သွားပြန်သည်။

ဟော်တူက လဲ့ကျစ်၏လက်ကို လွှတ်လိုက်ပြီး သူ့ဒူးပေါ်ရှိ နှင်းဖြူလုံးလေးကို ပြန်ပွေ့ဖက်လိုက်ထားသည်။ လဲ့ကျစ်က သူမ၏ အေးစက်ပြီး ချွေးစေးများ ပြည့်နေသော လက်များကို သူမ၏ အင်္ကျီလက်ဝများအတွင်းသို့ အမြန် ပြန်ဝှက်ထားလိုက်သည်။

နန်းတွင်းအစေခံအဖွဲ့ကို ဘယ်ခေါ်သွားမှန်း သူမ မသိပေ။ ဟော်တူ ပြောလိုက်သည့် စည်းမျဉ်းဟောင်းကလည်း ဘာတွေပြောနေမှန်း သူမ မသိရသေးပေ။

‘တကယ်တော့ သူမ ထိုက်ဇီဖေး ဖြစ်နေရင်တောင် သူတို့ထက် အများကြီး ပိုကောင်းနေမယ်လို့တော့ သူမ မထင်ဘူး။ ဟော်တူ သူ့လက်ချောင်းတွေကို လှုပ်လိုက်တာနဲ့ သူမလည်း အချိန်မရွေး အဲဒီနန်းတွင်းအစေခံတွေလို ဖြစ်သွားနိုင်တယ်။’

သိပ်မကြာခင်မှာပင် အန်းရွှယ် ပြန်ရောက်လာသည်။

သူက တလေးတစား အရိုအသေပေးလိုက်သော်လည်း သူ ပြောလိုက်သည့်စကားက လဲ့ကျစ်ကို အံ့သြသွားစေသည်။

သူက ဟော်တူကို ဦးညွှတ်နေရင်း အလေးအနက် တောင်းဆိုနေသည်။

"အရှင့်သား... ကျွန်တော်က ကျင့်ရှင်းကို ကာကွယ်ပေးချင်ပါတယ်"

သူ တောင်းပန်နေတာ လုံးဝ မဟုတ်ဘူးနော်၊ သူ့လေသံမှာ တောင်းပန်နေတဲ့ အရိပ်အမြွက်တောင် မရှိဘူး။

#######

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

လီမော့မော့: ဝူး၊ ဝူး၊ ဝူး။ ငါ မစရသေးဘူးလေ.... နေ့လယ်စာ ထမင်းထုပ်လေး ရနိုင်မလား???

ကျစ်ကျစ် : အံ့သြစရာကောင်းတဲ့ ဖရဲသီးရှိပုံရတယ်။

ဟော်တူ : အဲဒါက တကယ့်ကို ကိုးရိုးကားရားနိုင်တာပဲ... လက်ခံနိုင်စရာ အကြောင်း မရှိဘူး၊ ငါက ငါ့မိန်းမကို ကူညီပေးခဲ့တာလေ သူ(မ)က ငါ့ကိုတောင် ပြန်မကြည့်ဘူး။ (ပြုံးလျက်)

အခန်း ၄ အစ်အောက်ခြင်း

ပင်မခန်းမကြီးက ကျယ်ဝန်းပြီး နေရာလွတ်အများကြီး ရှိနေသည်။ ထိုကြောင့် အန်းရွှယ်၏ စကားများက ပဲ့တင်ထပ်နေပုံရပြီး သူ၏ ဘာမှမထူးခြားသော မျက်နှာက ခံစားချက်မဲ့နေဆဲပင်။

လဲ့ကျစ်က ဟော်တူကို ကြည့်ပြီး သူ မည်သို့ တုံ့ပြန်မည်ကို သိချင်နေသည်။

‘အန်းရွှယ်က သူ့အရင်းနှီးဆုံး ကိုယ်ရံတော်ဖြစ်ပုံရတော့ သူ ခွင့်ပြုမှာလား။’

ဟော်တူက သူမ အံ့သြနေသည်ကို ကြည့်ကာ ရယ်မောနေပြီး သူမကို ပြန်ကြည့်နေသော်လည်း သူကတော့ အံ့သြပုံမပေါ်သလို အကြောင်းပြချက်ကိုလည်း မမေးခဲ့ပေ။ သူက ခပ်ပေါ့ပေါ့ သာ ပြန်ပြောလိုက်သည်။

“ရတယ်လေ၊ စည်းမျဥ်းစည်းကမ်းတွေကို ရှင်းရှင်းလင်းလင်း သိတယ်မှတ်လား"

ထိုစကားကို ကြားလိုက်သည်နှင့် အန်းရွှယ်၏အမူအရာက စိတ်သက်သာရာရသွားသလိုဖြင့် မျက်နှာကြောလျော့သွားသည်။ သူက ခေါင်းညိတ်ပြပြီး “ဟုတ်ကဲ့”ဟု ပြောကာ ကျေးဇူးတင်စကားပင်မပြောဘဲ လှည့်ထွက်သွားသည်။

ဟော်တူက လဲ့ကျစ်ကို ဘေးတိုက်ကြည့်လိုက်သည်။ သူမ မှင်သက်နေပုံရပြီး သူမ၏မျက်နှာတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေသည်။

‘သူမ အံ့ဩနေတာကလည်း အံ့သြစရာ မဟုတ်ပါဘူး’

‘သူနဲ့ သူ့လက်အောက် ငယ်သားတွေမှာ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိကြတယ်။ သူက သူကို သူတပါးက တောင်းပန်တာကို မကြိုက်သလို တခြားသူတွေကို တောင်းပန်ရတာကိုလည်း မကြိုက်ဘူး။ "တောင်းပန်" ဆိုတဲ့ စကားလုံးက အသုံးမဝင်ဆုံးပဲ။’

‘သူက တန်ရာတန်ကြေးနဲ့ ဖလှယ်ရတာကိုပဲ နှစ်သက်တယ်။ သူ့ဆီက တစ်ခုခုကို လိုချင်ရင် တန်းတူတန်ဖိုးရှိတဲ့အရာနဲ့ လဲလှယ်ရမယ်။ ပေးတဲ့ဈေးနဲ့ တန်တာကိုပဲ ရနိုင်မယ်။ ဒါမှ တရားမျှတမယ်လေ’

သို့သော် ဟော်တူက သူ့နှုတ်ခမ်းကို အနည်းငယ် တွန့်လိုက်ပြီး သူ့ဘေးနားမှ လူကို လှမ်းကြည့်လိုက်သည်။

ယနေ့အချိန်တွင် တိုင်းပြည်ငါးခု ကွဲနေကာ မျိုးနွယ်စုသုံးစုက ချီတိုင်းပြည်နှင့် ဆက်စပ်နေသည်။ လီတိုင်းပြည်က စေတနာတရား၊ အကြင်နာတရားဖြင့် အုပ်ချုပ်သည်ဟု လူတိုင်းက ပြောခဲ့ကြသည်။ လီတိုင်းပြည်၏ သာမန်လူများပင်လျှင် အခြားလူမျိုးများနှင့် ဆက်ဆံရာတွင် ရင်းနှီးဖော်ရွေကြသည်။

သို့သော်လည်း ယခုအခါ လီတိုင်းပြည်က ပြိုပျက်သွားပြီ ဖြစ်သည်။

ယခုအချိန်၌ သူက အကြာကြီး စောင့်ဆိုင်းနေခဲ့ပြီး လီတိုင်းပြည်၏မင်းသမီးဟောင်းက ထိုနန်းတော်အစေခံများအတွက် တောင်းပန်ပေးမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။ သို့သော် လက်အောက်ခံအဖြစ် ဖိနှိပ်ချုပ်နှောင်ခံရမှုက သူမ၏ကြင်နာမှုကို ပျောက်ကွယ်သွားစေခဲ့လား၊ အစပိုင်းထဲက သူမက ကြင်နာတတ်သူ မဟုတ်ခဲ့ခြင်းလား သို့မဟုတ် သူမက အရှက်ရမှုကို ကြံကြံခံပြီး ဟော်ရှအတွက် တစ်ခုခုလုပ်ပေးချင်နေခြင်းလာ သူ သေချာမသိနိုင်သော်လည်း သူမက ဘာမှ မပြောခဲ့ပေ။

အဆုံးတွင် သူက သူမ စကားပြောလာမည့်အချိန်ကို မစောင့်တော့ပေ။

‘ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်သလဲ၊ သူမသာ စကားဝင်ပြောရင် သူမကို အဲ့နန်းတွင်းအစေခံတွေရဲ့ နေရာမှာ အစားထိုးခွင့်ပေးလိုက်လို့ ရမှာကို....’

‘ခုတော့....ကြည့်ဦး၊ သူက အရှုံးပေါ်တဲ့ စီးပွားရေးကို လုပ်ဖို့ရန် ကြံစည်မိသွားတယ်...’

‘ဟား.... မနေ့ညကဟာတွေပါ ထည့်တွက်ရင် သုံးခါတောင်ရှိပြီနော်...’

‘သူ့ရဲ့ထိုက်ဇီဖေးက တကယ်ကို ကံကောင်းနေတာပဲ....’.

ဟော်တူ၏ ပေါင်ပေါ်တွင် ကြာရှည်စွာ လှဲနေရသည့် နှင်းဖြူလုံးလေးက မြောင်သံတစ်ချက်ပေးကာ မြူးမြူးကြွကြွ ခုန်ဆင်းလိုက်ပြီး ကစားရန် ခန်းမအပြင်သို့ ပြေးထွက်သွားသည်။

ထိုက်ဇီဖေးကို စော်ကားမိသော လီမော့မော့၏အဖြစ်အပျက်က ပျံ့နှံ့သွားပုံရသည်။ ထိုအခိုက်အတန့်တွင် စားဖိုဆောင်ဝန်ထမ်းက အစားအသောက်စာရင်းတခုနှင့် ခန်းမထဲကို တုန်တုန်ယင်ယင် ဝင်လာခဲ့သည်။

“ဒီနိမ့်ကျတဲ့ အမှုထမ်းက ထိုက်ဇီနဲ့ ထိုက်ဇီဖေးကို လေးလေးစားစား အရိုအသေပေးပါတယ်၊ ဒါက ဒီနေ့နေ့လယ်စာအတွက် ပြင်ဆင်ထားတဲ့ ဟင်းပွဲစာရင်းပါ၊ အရှင် ထပ်ထည့်ချင်ရင် ကျေးဇူးပြုပြီး သေသေချာချာ ညွှန်ကြားပေးပါ”

ဟော်တူက သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။

"ထိုက်ဇီဖေးကို ပြလိုက်"

လဲ့ကျစ်တစ်ယောက် အစားအသောက်စာရင်းကို မြင်လိုက်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားရသည်။

‘ဒါက ချဲ့ကားလွန်းနေပြီ၊ ဒီနေ့ နေ့လယ်စာကို ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးတစ်ခုလို ပြင်ဆင်နေကြတာလား’

‘အစေခံတွေ တော်တော်ထိတ်လန့်သွားကြပုံပဲ။’

"အစားအသောက်က အရမ်းလိုက်ဖက်တယ်"

လဲ့ကျစ်က အနည်းငယ် ဦးညွှတ်ပြီး ဟင်းပွဲစာရင်းကို ဟော်တူအား လှမ်းပြလိုက်သည်။?

"အရှင့်သား... ကြည့်ပါဦး၊ အရှင် ထပ်ထည့်ချင်တာရှိသေးလား"

“ထိုက်ဇီဖေး ကျေနပ်ရင် ရပြီ"

စားဖိုဆောင်အမှုထမ်းက သူ့စိတ်ထဲမှ ကျောက်တုံးကို ပစ်ချလိုက်ပြီး ထွက်သွားချင်နေပုံရသည်။

"ခဏစောင့်ဦး"

ဟော်တူက ထပ်ပြောလိုက်သည်။

"နောက်ထပ် ငါးပါတဲ့ ဟင်းပွဲနည်းနည်း ပြင်ဆင်လိုက်"

......။......။......

လဲ့ကျစ် နူးညံ့သော မဟော်ဂနီကုလားထိုင်ပေါ်သို့ ဖြည်းညှင်းစွာ ထိုင်ချလိုက်ချိန်တွင် ဟော်တူက အဝေးသို့ ထွက်သွားပြီ ဖြစ်သည်။ သူမ၏ လက်ဖဝါးနှင့် နောက်ကျောတို့တွင် အေးစက်သော ချွေးများ စိုစွတ်နေပြီး ကြောက်ရွံ့သည့် ခံစားချက်က သူမ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ သူမထံတွင် ကိုယ်ပိုင်အသိဥာဏ်ရှိပြီး သူမနေရာကို သူမ သိထားပြီး ဖြစ်သည်။ ဟော်တူက သူမကို ကာကွယ်ရန် သို့မဟုတ် သူ့အာဏာတည်မြဲရန် လုပ်နေမှန်း မဟုတ်ကြောင်း သူမ သေချာသိနေခဲ့သည်။

‘ဒါဆို သူ ဘာကို အတိအကျ ဆိုလိုချင်နေတာလဲ’

‘သူမ နားမလည်နိုင်တော့ဘူး။’

‘ဟော်တူက ရက်စက်ကြမ်းကြုတ်တဲ့ ဝံပုလွေတစ်ကောင်လို့ ဟော်ရှက သူမကို ပြောပြခဲ့ဖူးတယ်’

‘မဟုတ်ဘူး.... တကယ်က အဲဒါထက် အများကြီး ပိုတယ်’

‘သူ အဲ့နေရာမှာ ထိုင်နေရုံနဲ့ မွန်းကျပ်ဖို့ကောင်းတဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံစားနေရတယ်’

"သခင်မ!"

လဲ့ကျစ် အာရုံ ပြန်ဝင်လာချိန်တွင် လီယောင်က သူမကို စိုးရိမ်သည့်မျက်နှာဖြင့် ကြည့်နေရှာသည်။

"ဘာဖြစ်တာလဲ? အစောင့်တွေက လီမော့မော့နဲ့ တခြားသူတွေကို ခေါ်သွားတာ တွေ့လိုက်ရတယ်…”

"သူတို့ကို ဘယ်ကို ခေါ်သွားတယ်ဆိုတာ မင်း မြင်လိုက်လား"

လီယောင်က ခေါင်းခါပြလာသည်။

“အစောင့်တွေရဲ့ မျက်နှာတွေက နှင်းခဲတွေလို အေးစက်နေတာ၊ သူတို့နောက်ကို လိုက်ဖို့ နေနေသာသာ ကြည့်တောင်မကြည့်ရဲဘူး”

သူမက ခေတ္တတန့်သွားပြီးမှ ပြန်မေးလာသည်။

“ ကျွန်မ သွားမေးလိုက်ရမလား”

“မမေးနဲ့”

လဲ့ကျစ်က ထပ်သတိပေးလိုက်သည်။

“အဲဒါကို မင်း မသိသင့်ဘူး၊ အပြင်မှာလည်း ထပ်မပြောသင့်ဘူး၊ မင်း နားလည်လား?"

‘ဒီကြီးမားလှတဲ့ အရှေ့ဘက်နန်းတော်ကြီးမှာ ဟော်တူရဲ့ နှာခေါင်းအောက်မှာ ဘယ်သူက လှည့်စားနိုင်မှာလဲ?’

‘လီမော့မော့က အဓိပ္ပာယ်မဲ့တဲ့ စကား နည်းနည်းလေးပဲ ပြောခဲ့တာ၊ သူ ချက်ချင်းဆိုသလို သိသွားခဲ့တယ်၊ သူမ ဘယ်လိုလုပ်ပြီး ရူးရူးသွပ် ပြုမူဝံ့မှာလဲ’

လီယောင်က သဘောတူကြောင်း ခေါင်းညိတ်ပြပြီးနောက် သူမ အင်္ကျီလက်ဝကျယ်ထဲတွင် ထည့်လာသော မုန့်ကို ထုတ်ကာ လဲ့ကျစ်၏ မျက်တွင်းချောင်နေသောမျက်နှာကို ကြည့်ပြီးမှ တိုးတိုးလေး မေးလာပြန်သည်။

"သခင်မ၊ ဒီမုန့်ကို စားချင်သေးလား"

"စားမယ်!"

လေအေးများ လွှမ်းမိုးနေသောကြောင့် လဲ့ကျစ်က လီယောင်ကို မုန့်နှင့်တွဲစားရန် လက်ဖက်ရည်ပူပူတစ်အိုး လုပ်ခိုင်းလိုက်သည်။

မုန့်က ကြမ်းသလိုခံစားရပြီး အရသာလည်းမကောင်းသော်လည်း လဲ့ကျစ်ကတော့ တော်တော်များများကို ပါးစပ်ထဲထည့်ပြီး စားနေဆဲပင်။ သို့သော် အရသာရှိမည့် နေ့လယ်စာကို တွေးမိချိန်တွင်တော့ သူမ လုံးဝ ပြည့်နင့်နေအောင် မစားရဲတော့ပေ။

လက်ဖက်ရည်ပူပူက သူမ ဗိုက်ထဲသို့ ရောက်သွားပြီး သူမ၏ခန္ဓာကိုယ်လည်း တဖြည်းဖြည်း ပူနွေးလာသည်။ လက်ဖက်ရည်ခွက်ထဲမှ အငွေ့များက သူမ၏မျက်လုံးများကို ဖြန်းခနဲ ဖြန်းခနဲ လာရိုက်နေပြီး သူမ၏အမြင်အာရုံကို မှုန်ဝါးသွားစေပြန်သည်။

“ကျစ်ကျစ်… ကောင်းကောင်းနေနော်၊ ဒါတွေအားလုံးကို မေ့လိုက်တော့၊ မလုပ်နဲ့… လက်စားချေတာမျိုး မလုပ်နဲ့”

ဤသည်မှာ သူမ၏ဖခင်ဘုရင်မင်းမြတ် နောက်ဆုံးပြောခဲ့သော စကားဖြစ်သည်။

သူမက တစ်ဝက်လောက်သာ တည်နိုင်မည့် ကတိစကားလည်း ဖြစ်နေသေးသည်။

‘သူမ ကောင်းကောင်းနေမယ်။ အခုက စပြီး သူမကိုယ်သူမ ဆာလောင်တာမျိုး၊ အအေးမိတာမျိုး၊ ဖျားနာတာမျိုး လုံးဝ ခွင့်မပြုတော့ဘူး။ သူမ အသက်ဆက်ရှင်ဖို့ သူမကိုယ်တိုင် ကြိုးစားအားထုတ်မယ်။

ဒါပေမယ့်…

ဖိနှိပ်ခံခဲ့ရတဲ့ အမုန်းတရားတွေကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။

တိုင်းပြည်ကို ဖျက်ဆီးခံလိုက်ရတဲ့ အမုန်းတရားတွေကလည်း ဘယ်တော့မှ ချုပ်ငြိမ်းသွားမှာ မဟုတ်ဘူး’

သူမက နှင်းဖြူဝါဂွမ်းအင်္ကျီကို ဝတ်ထားပြီး ပင်မခန်းမထဲမှ ထွက်လိုက်သည်နှင့် နှင်းပွင့်များ စတင်လွင့်ပျံနေသည်။

သူမ၏အတွင်းအဝတ်အစားများ၏ ကျောပြင်တွင် ချွေးအေးများနှင့် ပြည့်နေသောကြောင့် ရေစိမ်ထားသလို ဖြစ်နေခဲ့သည်။ ယခု လေအေးများ တိုက်ခတ်နေသဖြင့် လဲ့ကျစ်တစ်ယောက် တောင့်မခံနိုင်တော့ပဲ တုန်တုန်ယင်ယင်ဖြင့် အိပ်ခန်းဆီသို့ အရှိန်မြှင့်ကာ လမ်းလျှောက်နေရသည်။

သို့သော်လည်း သူမ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ပိန်ပိန်ပါးပါးပုံရိပ်တစ်ခုက သူမကို ရပ်တန့်စေခဲ့သည်။ သူမ ရပ်တန့်လိုက်ပြီးနောက် ထိုနန်းတော်အစေခံက သူမရှေ့၌ ဒူးထောက်ကာ ကျေးဇူးတင်စကား ပြောလာခဲ့သည်။

“အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကြင်နာမှုအတွက် ကျွန်မက ထိုက်ဇီဖေးကို ကျေးဇူးတင်ပါတယ်ရှင့်”

‘အသက်ကယ်တဲ့ ကြင်နာမှုလား?’

လဲ့ကျစ်က မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။

“မင်းက ဘယ်သူလဲ”

နန်းတွင်းအစေခံက ခေါင်းကို အနည်းငယ် မော့လိုက်သည်။ ထိုအစေခံတွင် ကြည်လင်တောက်ပသော မျက်လုံးများရှိနေသည်ကို သူမ မြင်လိုက်ရသည်။ သူမ၏မျက်နှာက ဖြူဖျော့နေသော်လည်း သူမ၏ နူးညံ့သော အသွင်အပြင်လေးက သိသာထင်ရှားနေဆဲပင်။

လဲ့ကျစ်က အနည်းငယ် ရင်းနှီးသလို ခံစားလိုက်ရသည်။

"ကျွန်မက ကျင့်ရှင်းပါ"

အိပ်ခန်းထဲရှိ မင်္ဂလာခုတင်ပေါ်ရှိ နှင်းဖြူလက်ကိုင်ပုဝါကို အထူးရှာဖွေခဲ့သော နန်းတွင်းအစေခံက သူမ ဖြစ်နေခဲ့သည်။

‘မထင်မှတ်ပဲ၊ သူမကို ကာကွယ်ပေးခဲ့တာ အန်းရွှယ်မှန်း သူမ မသိခဲ့ဘူးပေါ့။’

“အရင်ထပါ”

လဲ့ကျစ်က အေးစက်နေသော မြေပြင်ကို ကြည့်ကာ ထပ်မေးလိုက်သည်။

"မင်းကို ငါ ကယ်ခဲ့တာလို့ ဘယ်သူက ပြောလိုက်တာလဲ"

"အစောင့်တွေက ကျွန်မတို့ကို ခေါ်သွားရင်း လမ်းတစ်ဝက်မှာ သူတို့က ကျွန်မကို ပြန်လွှတ်ပေးတယ်၊ ထိုက်ဇီဖေးက ကျွန်မအတွက် တောင်းပန်ပေးတယ်လို့ ပြောကြတယ်"

ကျင့်ရှင်းက ဒူးထောက်နေရာမှ မထခင် လဲ့ကျစ်ကို တဖန်ပြန်မော့ကြည့်ပြီး ရှိုက်ကြီးတငင် ငိုယိုတောင်းပန်နေပြန်သည်။

"ထိုက်ဇီနဲ့ ထိုက်ဇီဖေးတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို စုံစမ်းဖို့ ကျွန်မကို လီမော့မော့က အတင်းအကြပ် ခိုင်းစေခဲ့တာပါ... ဒါပေမယ့် အဲ့တာက ခွင့်မလွှတ်နိုင်တဲ့ အပြစ်တစ်ခုပါပဲ၊ ထိုက်ဇီဖေးရဲ့ကြီးမားတဲ့ ကြင်နာမှုအတွက် ထိုက်ဇီဖေးကို ကျေးဇူးတင်ပါတယ်"

‘အန်းရွှယ်က အဲ့အကြောင်းကို သူမဆီကနေ တမင်တကာ ဖုံးကွယ်ထားပုံရတယ်။’

"ထပါ"

လဲ့ကျစ်က လီယောင်အား သူမကို ကူညီပေးရန် အချက်ပြလိုက်သည်။ ထို့နောက် သူမကို ထပ်‌မေးလိုက်သည်။

"မင်း အခု ဘယ်မှာ တာဝန်ကျနေတာလဲ"

"ကျွန်မက ထမင်းစားဆောင်မှာ တာဝန်ကျနေတာပါ"

လဲ့ကျစ်က ခေါင်းညိတ်ရင်း ထပ်ပြောလိုက်သည်။

“ကောင်းပြီ၊ မင်း အခု ပြန်သွားလို့ရပြီ၊ ခုတလော အပြင်မှာ အေးနေပြီ၊ အဝတ်အစားကို ထူထူဝတ်ထားသင့်တယ်"

ကျင့်ရှင်းက ခေါင်းညိတ်ပြပြီး လှည့်မထွက်မီ နောက်ထပ် အခမ်းအနားအပြည့်ဖြင့် အရိုအသေ ပေးခဲ့သည်။

နှင်းများ ပိုပိုသည်းထန်လာပြီး လဲ့ကျစ်၏ အနက်ရောင်ဆံပင်နှင့် မျက်တောင်များကိုပင် ဖုံးအုပ်လာခဲ့သည်။ ထို့ကြောင့် သူမ အိပ်ခန်းဆီသို့ အမြန်လျှောက်လာခဲ့သည်။

အိပ်ခန်းထဲသို့ လှမ်းဝင်ကာ ပတ်ပတ်လည်ကို ကြည့်ပြီးနောက် လဲ့ကျစ်တစ်ယောက် သက်ပြင်းတစ်ချက်ချလိုက်ပြန်သည်။

‘ကံကောင်းထောက်မစွာနဲ့ ဟော်တူက အိပ်ခန်းထဲမှာ မရှိနေဘူး’

လီယောင်က သူမ၏ စိုထိုင်းနေသော အဝတ်အစားများကို လဲပေးခဲ့ပြီး ပန်းရောင်နန်းတွင်းဝတ်စုံတစ်စုံကို ယူလာပေးသည်။ သူမ အဝတ်အစားလဲပြီးနောက် လီယောင်က သူမကို နှင်းဖြူရောင်အမွှေးပွအပေါ်ရုံဖြင့် ပြန်ထုပ်ပိုးပေးခဲ့ပြီး အအေးဓာတ်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

သိပ်မကြာခင်မှာပင် နန်းတွင်းအစေခံတစ်ယောက် ခန်းမထဲသို့ ဝင်လာပြီး နေ့လယ်စာစားရန် ထမင်းစားခန်းကို လာဖို့ ဖိတ်ခေါ်နေခဲ့သည်။

မနက်စာနှင့် မတူသည်က ယခုအချိန်တွင် အရသာရှိသည့် အစားအသောက်များ ပြည့်နေသည့် စားပွဲတစ်ခု ရှိနေခြင်းပင်။ ဟော်တူက သူ ထမင်းစားချိန်အတွင်း အနီးနားတွင် လူများရှိနေခြင်းကို မကြိုက်ပေ။ အတွင်း၌ တာဝန်ထမ်းဆောင်နေသော နန်းတွင်းအစေခံများက အမိန့်စောင့်ဆိုင်းရန် ခန်းမအပြင်ဘက်သို့ ဆုတ်ခွာသွားကြသည်။ ထို့ကြောင့် သူမနှင့် ဟော်တူတို့သာ ထမင်းစားခန်းထဲ၌ နှစ်ယောက်တည်း ကျန်နေခဲ့သည်။

လဲ့ကျစ်က လေးနက်သော အကြည့်ဖြင့် သူမ၏ အစားအစာများကို ဖြည်းဖြည်းချင်း ပျော်ပျော်ပါးပါး တစ်လုပ်ချင်း စားနေခဲ့သည်။

သူ့ဘေးနားမှ လူက ငွေတူကို ရုတ်တရက် ချလိုက်ရင်း အသံထွက်လာပြန်သည်။

“လဲ့ကျစ်”

သူ့စကားကို ကြားလိုက်သည်နှင့် လဲ့ကျစ်က သူမ၏ငွေတူများကို အလျင်စလို ချကာ မျက်လုံးများကို မော့ကြည့်ရင်း ပြန်ထူးလိုက်သည်။

“အရှင့်သား၊ ကျေးဇူးပြုပြီး ပြောပါ”

ဟော်တူက ညင်သာစွာ ပြုံးရင်း ပြောလာခဲ့သည်။

"မင်း စကားပြောရတာကို လုံးဝ မကြိုက်တာလား ဒါမှမဟုတ် မင်း ငါ့ကို အရမ်းကြောက်နေတာလား"

#######

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

မပြောချင်ဘူးနော်… အခန်း (၄) ရောက်နေတာတောင် နင်က နင့်မိန်းမကို သတ်ချင်နေသေးတယ်။

ဟော်တူ: ………

All Chapters