အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း ၇ ဆုံးရှုံးရတယ်တဲ့လား
အရှေ့နန်းတော်က ရိလဲ့ခန်းမနှင့် မဝေးပေ။ ဟော်တူက ဝေါယာဉ်ကို အသုံးပြုရန် ရည်ရွယ်ချက်မရှိကြောင်း လဲ့ကျစ် နားလည်လိုက်ပြီး သူ လမ်းလျှောက်ရန် ရည်ရွယ်ထားကြောင်း သူမ သိလိုက်သည်။
နေဝင်ရီတရောအချိန်တွင် နန်းတော်၏လမ်းမကြီးနှစ်ဘက်ရှိ မီးများ ထွန်းညှိထားသည်။
နှစ်ယောက်သား ဘေးချင်းယှဥ်ပြီး တစ်လှမ်းချင်းလျောက်နေကြသည်။ အစေခံတစ်စုက သူတို့နှင့် ခြေလှမ်းအနည်းငယ်ဝေးသော အနေအထားဖြင့် အနောက်မှ လိုက်ပါလာကြသည်။ ဟော်တူက တုတ်ကောက်ပေါ်တွင် မှီခိုနေသော်လည်း သူ့နောက်ကျောက ဖြောင့်တန်းနေကာ အေးအေးဆေးဆေး လမ်းလျှောက်နေသည်။ လဲ့ကျစ်က သူ့ဘေးမှာ ရပ်နေပြီး သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်ထားသည်။ ဟိုးအဝေးမှ ဟော်ရှ၏ရုပ်သွင်ကို မတွေ့ခင်အထိ သူတို့နှစ်ယောက်လုံး စကားမပြောဖြစ်ကြပေ။
ယနေ့တွင် ဟော်ရှက စိမ်းပြာရောင်လည်ဝိုင်း၀တ်စုံနှင့် ချည်သားအပေါ်ရုံအင်္ကျီကို ၀တ်ဆင်ထားသည်။ သူ့ဘေးတွင် ခုန်ပေါက်နေသည့် ကလေးမလေးတစ်ယောက်လည်း ရှိနေခဲ့သည်။
"အစ်ကို အားရှ၊ အစ်ကိုက ကျွန်မအတွက် ငြိမ်းချမ်းရေးအဆောင် တောင်းပေးဖို့ သဘောတူထားတယ်နော်!"
ကလေးမလေးက အဝါရောင်တောက်တောက် နန်းတွင်းဝတ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ ငွေရောင်ခေါင်းလောင်းနှင့်တူသော အသံက တိတ်ဆိတ်သော နန်းတော်လမ်းမတွင် အထူး ရှင်းလင်းပြတ်သားနေသည်။ ဟော်ရှကလည်း သူတို့ကို မြင်သွားပြီး မသိစိတ်ကြောင့် အမှတ်တမဲ့ ရပ်တန့်သွားကာ သူ့မျက်လုံးများက လဲ့ကျစ်ဆီသို့ မရည်ရွယ်ဘဲ ရွေ့လျားလာသည်။
ဟော်တူက ထိုအကြည့်ကို မြင်လိုက်ပြီး သူ့ရင်ထဲတွင် ရွှင်မြူးသွားသလို ခံစားလိုက်ရသည်။ သူက သူ့ဘေးကို ကြည့်ကာ ယခုအချိန်တွင် ဖြစ်နေမည့် လဲ့ကျစ်၏ အမူအရာကို မြင်ချင်နေပြန်သည်။
‘သူမ အံ့သြနေမှာလား...??? ဝမ်းနည်းနေမှာလား??? ဒါမှမဟုတ် ဒေါသထွက်နေမှာလား????
ကံမကောင်းစွာနဲ့ပဲ တစ်ခုမှ မဟုတ်ဘူး။
သူမက အဝေးက လူနှစ်ယောက်ကိုတောင် မြင်တောင် မြင်ပုံမရဘူး။’
လဲ့ကျစ်က အပြုံးလေးဖြင့် ဟော်တူကို ကြည့်နေရင်း သူမလက်ထဲရှိ လက်နွေးကို သူ့လက်ထဲသို့ ထည့်ပေးနေသည်။
"အပြင်မထွက်ခင် အကျီထူထူဝတ်ဖို့ အရှင့်သားကို ကျွန်မ ပြောခဲ့တယ်၊ ဒါပေမယ့် အရှင့်သားက နားမထောင်ဘူး၊ အခု အေးနေပြီမှတ်လား"
ဟော်တူ၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။
‘အေးတယ်လား? ဒီအအေးက ဘာမှမဖြစ်ဘူး။’
ခဏအကြာတွင် အဝေးမှ လူများက သူတို့ ရှေ့သို့ ရောက်လာကြသည်။ ဟော်ရှနှင့် သူ့ဘေးက ကလေးမလေးက သူတို့ကို တလေးတစား အရိုအသေပေးလိုက်ကြသည်။
“ညီတော်က အစ်ကိုတော်နဲ့ မရီးတော်ကို နှုတ်ဆက်ပါတယ်”
“ကျွန်တော်မျိုးမ ထိုက်ဇီနဲ့ ထိုက်ဇီဖေးကို အရိုအသေပေးပါတယ်"
ဟော်တူက ပေါ့ပေါ့ပါးပါး ပြုံးနေရင်း ပြန်ပြောလိုက်သည်။
"လုပ်ထုံးလုပ်နည်းတွေကို ရှောင်လို့ရတယ်"
လဲ့ကျစ်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး နှစ်ယောက်သား ရှေ့သို့ ဆက်လျှောက်လိုက်ကြသည်။
နှစ်ယောက်သား ထွက်ခွာသွားတဲ့နောက်ကို ကြည့်လိုက်ရင်း ဟော်ရှ၏စိတ်ထဲ၌ ထူးဆန်းသည့် ခံစားချက်တစ်ခု ခံစားလာရသည်။
‘အတူတူ လမ်းလျှောက်နေတဲ့ နှစ်ယောက်က အရမ်းသဟဇာတဖြစ်နေပြီး... အရမ်းလိုက်ဖက်တယ်လို့တောင် ခံစားလိုက်ရတယ်။
ငါ အတွေးလွန်နေတာပါ...
ကျစ်ကျစ်က အဲ့လူမိုက်ကို နှစ်သက်ဖို့ မဖြစ်နိုင်ဘူး။
သူ(မ)က ဟန်ဆောင်နေရုံပဲ...’
"အစ်ကိုအားရှ၊ အစ်ကိုအားရှ..."
သူ့အနားမှလူက သူ့အဝတ်အစားထောင့်ကို ဆောင့်ဆွဲလိုက်သည်။ ဟော်ရှက သူ့အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူ့စိတ်ထဲမှ ဒေါသကို ပြန်ထိန်းလိုက်သည်။ ထို့နောက် သူက သူ့အင်္ကျီလက်ဝကျယ်ထဲမှ ငြိမ်းချမ်းရေးအဆောင်ကို အပြုံးဖြင့် ထုတ်ယူကာ သူမဆီသို့ လှမ်းပေးလိုက်သည်။ ကလေးမလေး၏ မျက်နှာပေါ်မှ အပြုံးလေးက ချက်ချင်း တောက်ပလာသည်။
ရိလဲ့နန်းတော်ခန်းမဆောင်တွင် ရယ်မောသံများစွာ ထွက်ပေါ်နေသည်။
“ဧကရာဇ်မင်းမြတ်နဲ့ ဧကရီမယ်မယ် ကြွရောက်လာပါပြီ”
မိန်းမစိုးတစ်ယောက်၏ အော်သံကြားလိုက်ပြီးနောက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ချီဧကရာဇ်နှင့် ဧကရီတို့က မျက်လုံးထောင့်များအထိ ပြုံးနေသော အမူအရာဖြင့် ခန်းမအလယ်တွင် ဝင်ထိုင်လိုက်ကြသည်။
"ဒီနေ့က နန်းတော်ပွဲဆိုပေမယ့် မိသားစုပွဲဆိုတော့ အရမ်းကြီး ထိန်းချုပ်စရာ မလိုဘူး"
ဤသည်မှာ လဲ့ကျစ်အတွက် ချီဧကရာဇ်ကို ဒုတိယအကြိမ် တွေ့ဖူးခြင်းပင်။ နောက်ဆုံးအကြိမ်က ဟော်ရှက သူမကို နန်းတော်ထဲသို့ ခေါ်ဆောင်လာခြင်း ဖြစ်ပြီး ချီဧကရာဇ်က သူ့ရှေ့၌ ဒူးထောက်ထိုင်နေသည့် သူမကို ငုံ့ကြည့်ကာ ဆုံးမစကားပြောကြားခဲ့သည်။
“တိုင်းပြည်နှစ်က စစ်ပွဲဖြစ်ခဲ့တော့ အသေအပျောက်များတယ်၊ မင်းရဲ့ခမည်းတော်နဲ့ မယ်တော်က ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ရွေးချယ်လိုက်ကြတယ်၊ အဲ့ဒါက အသိဥာဏ်မဲ့တာပဲ၊ မင်းက ဉာဏ်ကောင်းပြီး မိုက်မဲတာတွေ မလုပ်ဘူးလို့ ငါကိုယ်တော် ထင်တယ်"
သူမကို ထိုက်ဇီ၏ ပထမဇနီးအဖြစ် အပ်နှင်းမည်ဖြစ်ပြီး တိုင်းပြည်နှစ်ခုလုံး ပြန်အေးချမ်းသောအချိန်တွင် လက်ထပ်ပေးမည်ဖြစ်ကြောင်း ချီဧကရာဇ်က မိန့်ကြားခဲ့သည်။ ထိုအချိန်မှစ၍ သူတို့က မိသားစုဖြစ်လာမည်ဟု ပြောခဲ့သေးသည်။
သို့သော်လည်း သူမ တည်းခိုစခန်းတွင် ပိတ်လှောင်ခံထားရစဥ်ကတည်းက အရာရာကို နားလည်ထားပြီး ဖြစ်သည်။ လီတိုင်းပြည်ကို ချီတိုင်းပြည်က ရက်ရက်စက်စက် ဖျက်ဆီးခဲ့သည်အတွက် အိမ်နီးချင်းတိုင်းပြည်များ၏ ဒေါသအား နှိုးဆွသလို ဖြစ်သွားမည်ကို သူမ ကောင်းကောင်းသိနေခဲ့သည်။ ထို့ကြောင့် ချီဧကရာဇ်၏ လှုပ်ရှားမှုက အိမ်နီးချင်းတိုင်းပြည်များ၏ ဒေါသကို ဖြေဖျောက်ရန်သာ ဖြစ်သည်။
ချီဧကရာဇ် ဟော်ချန်ယွင်က ကြီးကျယ်ခမ်းနားသော အသွင်အပြင်ဖြင့် မွေးဖွားလာသူ ဖြစ်သည်။ သူက ငယ်ရွယ်သေးသော်လည်း သူ့မျက်နှာပေါ်ရှိ သူရဲကောင်းဆန်မှုနှင့် ရဲရင့်မှုကို မြင်ရန်မှာ မခက်ခဲလှပေ။
သူ နန်းတက်ပြီး ဧကရာဇ်မင်းအာဏာကို ဆုပ်ကိုင်ထားစဥ် အချိန်မှ စ၍ အရှေ့ဘက်ကို ဆိုးဝါးသော စစ်ရေးခရီးထွက်ရန် ဝါသနာထုံခဲ့ပြီး အနောက်ဘက်တွင်လည်း စစ်မက်များ ဖန်တီးခဲ့သည်။
သူက လွန်ခဲ့သော ဆယ့်နှစ်နှစ်အတွင်း ကျန်း၊ ဝူ နှင့် နင်တိုင်းပြည်တို့ကို သူ့တစ်တိုင်းပြည်တည်း၏အင်အားဖြင့် စစ်ပွဲများ ဆင်နွှဲခဲ့သည်။ နောက်ဆုံးတွင် တိုင်းပြည်သုံးခုစလုံးက အတူတကွ တွန်းလှန်ရန် တွန်းအားပေးခဲ့ရပြီး သူ ရှုံးနိမ့်ခဲ့သည်။ ချီတိုင်းပြည်ပျက်လုနီးပါးဖြစ်နေချိန်တွင် လဲ့ကျစ်၏ ဖခင်၊ လီဧကရာဇ်က စေ့စပ်ညှိနှိုင်းရန် ရောက်ရှိလာပြီး ထိုတိုင်းပြည်သုံးခု၏စစ်ပွဲကို ရပ်တန့်ရန် စည်းရုံးခဲ့သည်။ သို့သော် တိုင်းပြည်သုံးခုလုံးက ကြောက်ရွံ့မှုူများစ ရှိနေပြီး သူ့ကို လွယ်လွယ်လွှတ်ပေ’ရန် သဘောမတူခဲ့ကြပေ။
စေ့စေ့စပ်စပ် ဆွေးနွေးပြီးသည့်နောက်တွင် လူတိုင်းအား စိတ်ကျေနပ်စေမည့် နည်းလမ်းအား ဆုံးဖြတ်ခဲ့ကြသည်။ ဟော်ချန်ယွင်၏အပြုအမူကို ထိန်းထားရန် သူ့၏သားဖြစ်သူကို ဓားစာခံအဖြစ် လီတိုင်းပြည်အတွင်းသို့ ဝင်ရောက်စေခဲ့သည်။ ဤသို့ဖြင့် ခြောက်နှစ်သား ဟော်ရှက လီတိုင်းပြည်သို့ ရောက်ရှိလာခဲ့သည်။
အသက်လေးနှစ်အရွယ် လဲ့ကျစ်အတွက် သူမ၏တော်ဝင်ဖခင်က သူမအား ပေါင်ပေါ်တင်ရင်း ဟော်ရှကို မိတ်ဆက်ပေးခဲ့ခြင်းပင်။
“ဒါက ချီတိုင်းပြည်က အစ်ကိုဟော်ရှတဲ့၊ ဒီအစ်ကိုက ဒီကိုလာဖို့ သူ့မွေးရပ်မြေကို ထားခဲ့ရတယ်၊ ကျစ်ကျစ်က သူ့အတွက် ချစ်စရာကောင်းအောင် နေရမယ်"
ကလေးမလေးက ဘာမှ မသိသော်လည်း ဝမ်းသာအားရ ခေါင်းညိတ်ပြခဲ့သည်။
သူမ၏ ခမည်းတော်၊ သူမ၏မယ်တော်၊ သူမ၏အစ်ကိုတော်နှင့် အစ်မတော်တို့က ဟော်ရှကို မိသားစုဝင်အဖြစ် စိတ်ရင်းမှန်ဖြင့် မှတ်ယူထားကြပြီး သူမကိုယ်တိုင်လည်း ငယ်စဉ်ကတည်းက သူ့ကို အစ်ကိုကြီးအဖြစ် မှတ်ယူခဲ့သည်။
ထို ကျေးဇူးကန်းသော အသက်ရှင်နေသည့် မျက်ဝန်းဖြူဝံပုလွေကောင်ကို ပြုစုပျိုးထောင်ရန် အချိန်ဆယ့်နှစ်နှစ် ကြာမြင့်ခဲ့မည်ဟု မည်သူမျှ ကြိုမတွေးနိုင်ခဲ့ကြပေ။
“ဘုရင်မင်းမြတ်နဲ့ ငါက တူအာရဲ့ မင်္ဂလာပွဲအတွက် ဒီမှာ ရှိမနေနိုင်တာ စိတ်မကောင်းစရာပဲ"
ချီဧကရီက ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လှပပြေပြစ်ကာ မြင့်မြတ်ဟန်ပေါ်နေလေသည်။
"လာ၊ မယ်တော်နဲ့ အတူသောက်ပါ"
ဟော်တူက သူ့ခွက်ကို မြှောက်ပြီးနောက် ခွက်ကို စားပွဲပေါ်ပြန်တင်ကာ မသောက်ဘဲနေလိုက်သည်။
“ကြည့်စမ်း၊ တူအာက ဘယ်တော့မှ မသောက်ဘူး ဆိုတာကို မေ့သွားတဲ့အထိ ငါ အရမ်းပျော်နေမိတယ်"
ချီဧကရီက ပြောရင်းဖြင့် ရယ်မောနေပြန်သည်။
လဲ့ကျစ်က သေရည် သောက်နေရင်း သူမဘေးနားမှ လူကို ကြည့်နေခဲ့သည်။
‘ဘယ်တော့မှ မသောက်ဘူးလား?’
‘မင်္ဂလာဆောင်ညမှာ သူ အရက်မသောက်တာ အံ့သြစရာ မရှိတော့ဘူး။ သူက သူမနဲ့ မင်္ဂလာသေရည်တောင် မသောက်ခဲ့ဘူး’
‘ဒါဆို နှစ်ဦးနှစ်ဖက် သဘောမတူတဲ့ အိမ်ထောင်ရေးကြောင့် မဟုတ်ဘဲ သူ မင်္ဂလာသေရည်မသောက်တာက ပုံမှန်ပဲပေါ့။’
ထိုအခိုက်အတန့်တွင် ဟော်တူက သူမကို ဘေးစောင်းကြည့်ကာ အရက်ခွက်ကို သူမရှေ့သို့ တွန်းပို့လိုက်သည်။
‘ဒါက သူ့အတွက် သူမကို သောက်ခွင့်ပေးလိုက်တာ...’
လဲ့ကျစ်က ပြုံးလိုက်ပြီး အရက်ခွက်ကို ကောက်ယူကာ သေရည်ကို မော့သောက်လိုက်သည်။
ထိုမြင်ကွင်းက ချီဧကရီ၏ မျက်လုံးထဲသို့ ဝင်ရောက်သွားခဲ့သည်။
‘ဒီကောင်မလေးက လက်ရှိ ကိစ္စတွေကို သိနေသေးတယ်၊ ဒါက သူမကို အရမ်းပျော်ရွှင်စေတယ်’
‘သူမ ရှအာကို မနှောင့်ယှက်သရွေ့ သူမကို အသက်ဆက်ရှင်ခွင့်ပေးရမယ်ဆိုရင်တောင် အားလုံးအဆင်ပြေတယ်’
ဟော်တူက လဲ့ကျစ်၏ နီမြန်းလာသော ပါးပြင်များကို ကြည့်ရင်း အပြုံးဖြင့် သူမနားသို့ ချဉ်းကပ်လာသည်။ ထို့နောက် သူက တိုးတိုးလေး ကျီစယ်နေလေသည်။
"ဒီမင်းသားရဲ့ထိုက်ဇီဖေးက တော်တော်သောက်နိုင်တယ်"
တစ်ဖက်ခြမ်းတွင် ထိုင်နေသည့် ဟော်ရှက သူတို့နှစ်ယောက်၏ ရင်းနှီးမှုကို မြင်သွားပြီး သူ့နှလုံးသားကို ဓားဖြင့် ထိုးနေသလို ခံစားနေရသည်။ သို့သော်လည်း သူ့မျက်နှာတွင်တော့ ဘာအမူအရာမှ မပြနိုင်ခဲ့ပေ။
"အရှင်မင်းကြီး၊ အခု တူအာက လက်ထပ်ပြီးပြီ၊ ရှအာရဲ့ အိမ်ထောင်ရေးကို ဆုံးဖြတ်သင့်ပြီ မဟုတ်လား"
ချီဧကရီက ထိုသို့ ပြောနေချိန်တွင် သူမ၏ လေသံက နူးညံ့သိမ်မွေ့နေပြီး ဟော်တူနှင့် ယခုနလေးတင် စကားပြောခဲ့သလိုမျိုး အရေခြုံမှုများ မရှိတော့ပေ။
ထို့ကြောင့်လည်း ချီဧကရီဖြစ်သည့် သူမက အောင်နိုင်သူ ဖြစ်နေခြင်းပင်။
ဟော်တူ၏ မွေးမိခင်က စောစီးစွာ သေဆုံးသွားခဲ့ပြီး လက်ရှိချီဧကရီက ထိုအချိန်တွင် ကွေ့ဖေး*ထက် မပိုခဲ့ပေ။ ထိုကြောင့် ဟော်ရှက လီတိုင်းပြည်သို့ ဓားစာခံအဖြစ် သွားခဲ့ရခြင်း ဖြစ်သည်။ သို့သော် အချိန်ကာလ ပြောင်းလဲသွားခဲ့ပြီး ယခု ဟော်ရှက ကိုယ်လုပ်တော်မှ မွေးသောသားအဖြစ်မှ ပထမဇနီးမှ မွေးဖွားသော ဒုတိယသားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
( ကွေ့ဖေး * – အဆင့်အမြင့်ဆုံး ဧကရာဇ် ကိုယ်လုပ်တော်)
"မှန်တယ်!"
ချီဧကရာဇ်က ယနေ့တွင် စိတ်အားထက်သန်နေပုံရပြီး နောက်ထပ် ခွက်အနည်းငယ် သောက်နေခဲ့သည်။
“ဒီလိုကောင်းတဲ့အရာတွေက အတွဲလိုက်ဖြစ်သင့်တယ်၊ ဝန်ကြီးချုပ်ရဲ့သမီး ရှန်းချင်းယန်က နူးညံ့သိမ်မွေ့တယ်၊ အဲ့တော့ ဒီနေ့ သူ(မ)ကို တတိယမင်းသား ဟော်ရှနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချတော်မူမယ်၊ ဝန်ကြီးချုပ်ကရော ဘယ်လိုထင်လဲ”
ထိုစကားကို ကြားလိုက်သည်နှင့် ဝန်ကြီးချုပ်ရှန်းဟွိုက်က အပြုံးဖြင့် မြန်မြန်ထရပ်ကာ ကျေးဇူးတင်ရန် ဒူးထောက်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဟော်ရှက သူ့မျက်လုံးများထဲမှ မကျေနပ်မှုကို ထိန်းထားပြီး သူ့ဘေးမှ ရှန်းချင်းယန်အား ကျေးဇူးတင်စကားဆိုလိုက်သည်။ ရှန်းချင်းယန်၏ မျက်နှာတွင် ရွှင်လန်းမှု အပြည့်ရှိနေပြီး သူမအနားရှိ ဟော်ရှကို ပြင်းစွာသော တောင့်တမှုဖြင့် ကြည့်နေခဲ့သည်။
လဲ့ကျစ်ကတော့ သူမ၏ နှလုံးသားထဲမှ ရယ်မောနေခဲ့သည်။
‘ချီဧကရာဇ်က ဟော်ရှကို ဝန်ကြီးချုပ်ရဲ့သမီးနဲ့ ထိမ်းမြားလက်ထပ်ပေးခဲ့ပေမယ့် ဟော်တူကိုတော့ သူမလို လုံး၀ကို ဘာမှ မရှိတဲ့ လက်အောက်ခံမင်းသမီးလေးကို ပေးခဲ့တာလေ။ ဒါက ဘယ်လောက်တောင် ပြောင်ပြောင်တင်းတင်း ဘက်လိုက်မှုကြီးလဲ....’
နန်းတော်စားသောက်ပွဲ ပြီးသွားချိန်တွင် ဟော်တူက သူ့ကျေးကျွန်များကို ထွက်သွားစေပြီး ဆောင်းလရောင်အောက်တွင် လဲ့ကျစ်နှင့်အတူ အရှေ့နန်းတော်သို့ ဖြည်းညှင်းစွာ ပြန်လျှောက်လာခဲ့သည်။ လဲ့ကျစ်က သူ့လက်မောင်းကို သဘာဝကျကျ ဆုပ်ကိုင်ထားပြီး သူ့အနားမှ အတူလျှောက်လှမ်းနေသည်။
"လဲ့ကျစ်"
ဟော်တူက ညင်ညင်သာသာ အပြုံးဖြင့် မေးလာခဲ့သည်။
"မင်းရဲ့ ငယ်ချစ်ဦးက တခြားတစ်ယောက်နဲ့ လက်ထပ်တော့မယ်။ မင်း ဘယ်လို ခံစားရလဲ"
လဲ့ကျစ်က သူ သူမကို တိုက်ရိုက်မေးမည်ဟု မမျှော်လင့်ထားသောကြောင့် အနည်းငယ် လန့်သွားခဲ့သည်။
"ကျွန်မ ဘာမှ မခံစားရဘူးလို့ ပြောရင် အရှင့်သားက ယုံမှာလား"
ဟော်တူက သူမ ပြောတာကို မယုံနိုင်မှန်း သိနေသော်လည်း လဲ့ကျစ်က ပြုံးနေဆဲပင်။
‘တကယ်တော့ သူမစိတ်ထဲမှာ ဘာကိုမှ မခံစားရပါဘူး။’
“ယုံပါတယ်....”
"ဒါဆို အရှင့်သားကို မေးခွန်းတစ်ခု မေးလို့ရမလား"
"မေးသာမေး"
ယနေ့ညတွင် ဟော်တူက စိတ်ကောင်းဝင်နေပုံရသည်။
“ရှန်းသခင်မလေးက မြင့်မြတ်တဲ့ အဆင့်အတန်းရှိတယ်၊ သူ(မ) မှီခိုနေတဲ့ မိသားစုမှာ ဝန်ကြီးချုပ်က ကျောထောက်နောက်ခံအဖြစ် ရှိနေပေးနိုင်တယ်၊ ဒါပေမယ့် အခု ကျွန်မမှာ ဘာမှ မရှိဘူး၊ အရှင့်သားကို ထောက်ပံ့မှု မပေးနိုင်ဘူး”
သေရည်ပြင်းပြင်း နှစ်ခွက်ကို သောက်ပြီးနောက် လဲ့ကျစ်က သူမတွင် သတ္တိများစွာရှိသလို ခံစားနေရသည်။ ထို့ကြောင့် သူမ ဆက်မေးလိုက်သည်။
“အရှင့်သားအတွက် ကျွန်မကို လက်ထပ်ရတာ ဆုံးရှုံးမှုတစ်ခုလို့ ခံစားမိလား"
#####
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ဟော်တူ : အရမ်းအကျိုးရှိတာပါ.... ကျေးဇူးတင်ပါတယ်....
အခန်း ၈ ကျီစားမှု
"အရှုံးမရှိပါဘူး...."
ဟော်တူက ထပ်ပြောလာပြန်သည်။
"မင်းက ရှန်းချင်းယန်ထက် အများကြီး ပိုလှပါတယ်"
လဲ့ကျစ်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"အရှင့်သားက ပိုတောင် ကြည့်ကောင်းသေးတယ်”
ထိုစကားကြောင့် ဟော်တူ၏ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ့အနားတွင် လျောက်နေသည့် လဲ့ကျစ်လည်း ရပ်တန့်ဖို့မှ လွဲပြီး ရွေးချယ်စရာမရှိတော့ဘဲ သူ့ကို ပဟေဠိဆန်စွာ ကြည့်နေလိုက်သည်။
လရောင်က သူတို့၏မျက်နှာပေါ်တွင် ထွန်းလင်းတောက်ပနေပြီး သူတို့နှစ်ဦး၏ ပါးပြင်များကို ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေစေသည်။
ဟော်တူက လဲ့ကျစ်ကို မှီလိုက်ပြီး သူမ၏ခွန်အားကို သုံးကာ တုတ်ကောက်ကို မြှောက်လိုက်သည်။ ထိုနောက် သူက သူ၏ညာခြေထောက်ကို ညင်သာစွာ ပုတ်ပြရင်း ထပ်ပြောလာပြန်သည်။
“ကြည့်ကောင်းတာက အသုံးမဝင်ဘူး၊ ကိုယ်က ခြေမသန်တဲ့သူတစ်ယောက်ပဲ”
လဲ့ကျစ်က သူ့ကို တွဲပေးထားရင်း ပြုံးနေကာ သူကို သူမအပေါ် အားကိုးအားထားပြုစေခဲ့သည်။
"ဒါက တခြားသူတွေထက် လမ်းလျှောက်နှေးတာလောက်ပါပဲ၊ အဲ့ထက် မပိုပါဘူး"
သူမ၏မျက်လုံးများက ရိုးသားပြီး နူးညံ့နေသည်။
ဟော်တူက သူ့စိတ်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
သူက စကားတစ်ခွန်းမှ မပြောတော့ဘဲ သူမကို ညင်သာစွာ တွန်းထုတ်လိုက်သည်။ ထို့နောက် သူမနှင့် ခပ်ခွာခွာနေလိုက်ပြီး တုတ်ကောက်ဖြင့် ရှေ့သို့ ဆက်လျှောက်သွားသည်။
........။........။......
အရှေ့နန်းတော်သို့ ရောက်ပြီးနောက်တွင် ဟော်တူက စာကြည့်ဆောင်ဆီသို့ တန်းတန်းမတ်မတ် ဝင်သွားပြီး အချိန်အတော်ကြာ ထိုင်နေခဲ့သည်။ ညဥ့်နက်မှ အိပ်ခန်းထဲသို့ ပြန်ရောက်လာသည်။
ထိုအချိန်တွင် ကုတင်ပေါ်ရှိလူက မျက်လုံးမှိတ်ထားပြီး ဖြစ်သည်။ ဟော်တူက အပြင်ဘက်တွင် လှဲလျောင်းနေပြီး သူမကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ သူမ၏ မျက်တောင်လေးများ တဖျပ်ဖျပ်ခတ်နေသည်ကို သူ မြင်လိုက်ရသောကြောင့် သူမ အိပ်မပျော်သေးကြောင်း သိသာနေသည်။
ဟော်တူက သူမကို မဖော်ထုတ်ခဲ့ပေ။
‘သူမက သရုပ်ဆောင်တာကို အရမ်းကြိုက်မှတော့ မနက်ဖြန် ပြဇာတ်ကောင်းကောင်းကြည့်ဖို့ ဖိတ်ခေါ်ပေးမှပါ။ သူမ ဘယ်လိုတွေ ဆက်ပြီး သရုပ်ဆောင်သွားမလဲဆိုတာ ကြည့်လိုက်ရအောင်....’
သူ့စိတ်ထဲတွင် သူ ပြန်ရလာမည့် တုံ့ပြန်မှုကို စိတ်ကူးကြည့်နေပြီး ပါးစပ်ထောင့်များက မသိစိတ်ဖြင့် မြင့်တက်လာသည်။
နောက်နေ့မနက်စောစောတွင်.....
လဲ့ကျစ် နိုးလာသည့်အချိန် ဟော်တူက အိပ်ယာပေါ်တွင် မရှိတော့ပေ။ ယနေ့ နှစ်သစ်ကူး၏ ပထမဆုံးနေ့ဖြစ်သောကြောင့် သူမ မြန်မြန်ထပြီး ဧကရီကို ဂါရဝပြုရန် ပြင်ဆင်ရမည် ဖြစ်သည်။ ဟော်တူ ဘယ်သွားနေလဲဆိုသည်ကို သူမ စဉ်းစားရန် အချိန်မရှိသေးဘဲ သူမ အမြန်အဝတ်လဲပြီး ယုံနင်း နန်းတော်ဆီသို့ ပြေးသွားရပြန်သည်။
"ဧကရီမယ်မယ်ကို ဂါရဝပြုပါတယ်"
“စည်းမျဥ်းစည်းကမ်းတွေကို ရှောင်လို့ရတယ်၊ ထိုင်ပါ”
သူမ ထိုင်ပြီးနောက် ဧကရီက နူးညံ့သိမ်မွေ့သော အပြုံးကို ပြသပြီး လူတိုင်းအား လဲ့ကျစ်နှင့် မိတ်ဆက်ပေးနေခဲ့သည်။
ရောက်လာကြသူများထဲမှ အများစုက နန်းတော်ပွဲ၌ တွေ့ဆုံခဲ့ကြသော ရှန်းချင်းယန်နှင့် မောင်းမဆောင်မှ တော်ဝင်ကိုယ်လုပ်တော်များဖြစ်သည်။ ယခုအချိန်တွင် လဲ့ကျစ်က ဧကရီဘေးတွင် တရင်းတနှီး ထိုင်နေလေသည်။ ဧကရီ၏ အခြားတစ်ဖက်တွင် သူမအား ဖော်မပြသောမျက်လုံးများဖြင့် ကြည့်နေသော အမျိုးသမီးငယ်တစ်ဦး ထိုင်နေခဲ့သည်။
"ဒါက လင်းယွိရှန့်၊ ငါ့ဇာတိမိသားစုက ငါ့တူမငယ်လေးလေ"
ဧကရီက အပြုံးဖြင့် မိတ်ဆက်ပေးပြီးမှ သူမ၏တူမကို လှမ်းပြောလိုက်သည်။
“မင်းရဲ့ ယောင်းမကို မနှုတ်ဆက်သေးဘူးလား”
လင်းယွိရှန့်၏အသွင်အပြင်က ရှန်းချင်းယန်၏နူးညံ့သိမ်မွေ့မှုနှင့် ကွဲပြားသည်။ သူမက ဧကရီနှင့် အနည်းငယ်ဆင်တူပြီး မောက်မာသောအသွင်အပြင် ရှိသည်။ သူမက နှုတ်ခမ်းကို ဖွဖွဖိကာ လဲ့ကျစ်အား နှုတ်ဆက်လာသည်။
" နှုတ်ခွန်းဆက်ပါတယ်၊ ယောင်းမတော်”
လဲ့ကျစ်က ပေါ့ပေါ့ပါးပါး အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး"
ယုံနင်းနန်းတော်၏ အတွင်းလေထုက သဟဇာတဖြစ်နေပြီး ပျော်ရွှင်မှုအပြည့်ရှိနေခဲ့သည်။ လဲ့ကျစ်က ပြုံးနေပြီး လူတိုင်းနှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကာ လက်ဖက်ရည်ပူပူနှင့် အဆာပြေမုန့်ကို စားသောက်နေခဲ့သည်။ နောက်ဆုံးတွင် ဧကရီက အနည်းငယ် မောပန်းသွားပြီး လူတိုင်းက တိတ်တဆိတ် နားလည်မှုဖြင့် တယောက်ပြီးတယောက် နှုတ်ဆက်ကာ ထွက်ခွာခဲ့ကြသည်။
လီယောင်က လဲ့ကျစ်ကို ဦးဆောင်ကာ ယုံနင်းနန်းတော်မှ ထွက်လာပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူမတို့အနောက်မှ ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ယောင်းမတော်၊ ကျေးဇူးပြုပြီး ခဏစောင့်ပါဦး"
လဲ့ကျစ် လှည့်ကြည့်လိုက်ရာ လင်းယွိရှန့်က သူမဆီသို့ ခပ်သွက်သွက်လျှောက်လာသည်ကို တွေ့လိုက်ရသည်။ လင်းယွိရှန့်က လဲ့ကျစ်ရှေ့၌ မတ်တတ်ရပ်ကာ အရိုအသေပေးလိုက်ရင်း ပြောလာခဲ့သည်။
"ယောင်းမတော်က တာ့ချီကို အခုမှ ရောက်တာဆိုတော့ ရှင်းရှင်းလင်းလင်း မသိသေးတဲ့ အရာတွေ ရှိနေနိုင်တယ်"
"ကျွန်မ အသေးစိတ် ကြားချင်ပါတယ်"
"ဒါဆို ကျွန်မလည်း ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်"
လင်းယွိရှန့် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး အနည်းငယ်နီနေသော မျက်နှာဖြင့် ပြောလာခဲ့သည်။
"ဒီအိမ်ထောင်ရေးကိ အမိန့်ချခဲ့တဲ့ ကျွန်မရဲ့ဦးရီးတော်ကြောင့်သာ မဟုတ်ရင် အခု အစ်ကိုတော်အိမ်ရှေ့စံကို လက်ထပ်လိုက်ရတာ ကျွန်မပဲ ဖြစ်သင့်တယ်"
လဲ့ကျစ်က ခဏလောက်တော့ ထိတ်လန့်သွားပြီး သူမ မျက်နှာတွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။
‘အော်...ငါ သိပြီ။ ကလေးမလေးက ငါ့အပေါ် မျက်နှာကောင်းမပေးတာ အံ့သြစရာ မရှိတော့ဘူး။’
"ရှင်က အခုထိုက်ဇီဖေး ဖြစ်နေပေမယ့် အစ်ကိုတော်အိမ်ရှေ့စံက ရှင့်ကို မကြိုက်ဘူး... သူက ကျွန်မကို အနှေးနဲ့အမြန် လက်ထပ်မှာ"
လင်းယွိရှန့်၏ ဒေါသထွက်နေသော မျက်နှာလေးကို ကြည့်ပြီး လဲ့ကျစ်က ခေါင်းညိတ်ရင်း တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့... ကျွန်မ နားလည်ပါပြီ"
လင်းယွိရှန့်က လဲ့ကျစ်၏ လျစ်လျူရှုထားသော ထွက်ခွာသွားခြင်းကို ရင်ဆိုင်လိုက်ရပြီး သူမ ထိတ်လန့်သွားခဲ့သည်။
‘သူမ စိတ်ဆိုးတာတို့ စိုးရိမ်တာတို့ ဖြစ်သင့်တာ မဟုတ်ဘူးလား။ ဒါက သူမမှာ အစ်ကိုတော်အိမ်ရှေ့စံအတွက် ရည်ရွယ်ချက်မရှိဘူးလို့ ဆိုလိုတာလား။
ဒီလိုဆိုရင်တော့ အရမ်းကောင်းတာပေါ့။’
လဲ့ကျစ် အရှေ့နန်းတော်သို့ ပြန်ရောက်လာချိန်တွင် ဟော်တူကို မတွေ့ရပေ။ ထိုအစား အနည်းငယ်ဆိုးရွားသောအသွင်အပြင်ဖြင့် ဖြူဖျော့နေသော အန်းရွှယ်ကိုသာ တွေ့လိုက်ရသည်။
"ထိုက်ဇီဖေးကို အရိုအသေပေးပါတယ်"
အန်းရွှယ်က ဦးညွှတ်ရင်း သတင်းပို့လာခဲ့သည်။
“အရှင့်သားက ထိုက်ဇီအိမ်တော်ကို ပြန်သွားပါပြီ... သခင်မ ပြန်လာရင် ထိုက်ဇီအိမ်တော်ဆီ ခေါ်သွားဖို့အတွက် ကျွန်တော်မျိုးကို ဒီမှာ စောင့်နေဖို့ ညွှန်ကြားခဲ့တာပါ"
လဲ့ကျစ်က လွယ်လင့်တကူ ခေါင်းညိတ်ပြလိုက်သည်။
“အင်း”
အန်းရွှယ်က ကျေးဇူးတင်စကား ပြောလာခဲ့သည်။
“ဆေးပေးတဲ့အတွက် ထိုက်ဇီဖေးကို ကျေးဇူးတင်ပါတယ်”
“ဒါက အသေးအမွှားကိစ္စပဲ... သူရဲကောင်းအန်းက သိပ်ယဉ်ကျေးနေဖို့ မလိုပါဘူး”
ထိုက်ဇီအိမ်တော်က နန်းတော်နှင့် မဝေးလှသဖြင့် ရထားလုံးဖြင့် အမြန်ရောက်ရှိလာခဲ့သည်။
"ထိုက်ဇီဖေး၊ အရှင့်သားက ထိုက်ဇီဖေးကို အတူတူ ကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်"
လဲ့ကျစ်၏ ရှေ့ခြေဖြင့် အိမ်ကြီးထဲသို့ ဝင်လိုက်သည်နှင့် ထိုစကားကို ကြားလိုက်ရသောကြောင့် သူမ အနည်းငယ် ထိတ်လန့်သွားရသည်။ သို့သော်လည်း လက်ခံရုံမှတပါး ရွေးစရာလည်းမရှိပေ။
“ဒါဆိုလည်း ကိုယ်ရံတော်အန်းကပဲ လမ်းပြပေးပါဦး”
အန်းရွှယ်က သူ့အနားရှိ လီယောင်ကို လှမ်းကြည့်လိုက်သော်လည်း ဘာမှတော့ မပြောခဲ့ပေ။ သူ ဘာကိုဆိုလိုမှန်း သိနေသည့် လဲ့ကျစ်က လီယောင်ကို အိပ်ခန်းသို့ အရင် သွားပြီး သန့်ရှင်းရေး လုပ်ရန် ပြောကာ ပြန်လွှတ်လိုက်သည်။
လဲ့ကျစ်က အရှေ့ဘက်ရှိ ခြံဝင်းဆီသို့ အန်းရွှယ်၏နောက်မှ လိုက်လာခဲ့ပြီး လမ်းတစ်လျှောက် အိမ်ကြီး၏ရှုခင်းများကို ကြည့်ရန်ပင် စိတ်မ၀င်စားနိုင်ခဲ့ပေ။ ဟော်တူက သူမကို မြင်စေချင်သည့်အရာကိုသာ သူမ တွေးနေခဲ့သည်။
သူမ သတိမထားလိုက်မိခင်မှာပင် အန်းရွှယ်က အဆောက်အဦးတစ်ခုရှေ့၌ ရပ်လိုက်သည်။
“ထိုက်ဇီဖေးကို ဒီရောက်တဲ့အထိပဲ လိုက်ပို့ပေးနိုင်ပါ့မယ်၊ ထိုက်ဇီဖေး တစ်ယောက်တည်း ဝင်လာဖို့ အရှင့်သားက အမိန့်ပေးထားတယ်”
လဲ့ကျစ်က ခေါင်းညိတ်ကာ အသက်ပြင်းပြင်းရှူရင်း အမိုးအောက်မှ ထပ်ခိုးထဲသို့ လှမ်းဝင်လိုက်သည်။ သူမ အခန်းထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ရင်းနှီးသော အနံ့တစ်ခုက သူမနှာခေါင်းထဲသို့ ပျံ့လွင့်လာသည်။ အနံက အလွန်ပေါ့ပါးနေသော်လည်း သူမ၏ဦးရေပြားပင် ချက်ချင်း ထုံကျဉ်သွားရသည်။
‘အဲဒါ… သွေးနံ့....’
အဆောက်အဦးထဲတွင် အလင်းရောင်းမှိန်မှိန်လေးသာ ရှိနေခဲ့သည်။ လဲ့ကျစ်က သူမ၏ ဗိုက်ထဲမှ မသက်မသာမှုကို ထိန်းထားရင်း လှမ်းခေါ်လိုက်သည်။
"အရှင့်သား"
"အပေါ်တက်ခဲ့"
ဟော်တူ၏ အသံက ဒုတိယထပ်မှ ထွက်ပေါ်လာသည်။ လဲ့ကျစ်က လှေကားထစ်များကို တစ်ဆင့်ပြီး တစ်ဆင့် တက်နေပြီး သူမ၏တွဲလောင်းချထားလက်များက အနည်းငယ် တုန်ခါနေသည်။ တစ်ချိန်တည်းမှာပင် သူမ၏နှာခေါင်းထဲသို့ စိမ့်ဝင်နေသော သွေးနံ့က ပို၍ ပြင်းထန်လာသည်။
ဤအဆောက်အအုံ၏ လှေကားများကို မဟော်ဂနီသစ်များဖြင့် ခင်းကျင်းထားသည်။ ဟော်တူက လှေကားပေါ် တက်လာသော ခြေသံများကို နားထောင်ရင်း ခြေသံနီးကပ်လာသည်နှင့်အမျှ သူ့မျက်နှာပေါ်ရှိ အပြုံးများက ပို၍ နက်ရှိုင်းလာသည်။
ထိုအပြုံးက အနီရောင်ပုံသဏ္ဍာန်လေး ပေါ်လာသည်အထိပင်။ ယနေ့ သူမ အနီရောင်၀တ်စုံလေးကို ၀တ်ထားသည်ကို သူ တွေ့လိုက်ရသည်။
‘ဒါက ပြီးပြည့်စုံလွန်းသွားပြီ’
ဟော်တူက မဟော်ဂနီ စားပွဲကို လက်ညိုးဖြင့် ပုတ်ကာ ပေါ့ပေါ့ပါးပါး လှမ်းပြောလိုက်သည်။
"လာထိုင်"
လဲ့ကျစ်က မဟော်ဂနီစားပွဲဘေးရှိ လက်တင်ကုလားထိုင်တွင် ခိုင်မြဲစွာ ဝင်ထိုင်ပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။ သာမန်စင်မြင့်ထက် များစွာသေးငယ်သော အမြင့်တစ်ဝက်ရှိသော အဆင့်တစ်ခုရှိသည်။ ထိပ်တွင် မဟော်ဂနီငုတ်တိုင်(ရှေ့ခတ်က အပြစ်ပေးရင်ချည်တဲ့တိုင်)တစ်ခုလည်း ရှိနေခဲ့သည်။
‘ဒါပေမယ့် ဟော်တူက သူမကို ပြဇာတ်တစ်ခုထဲ ဖိတ်ခေါ်တယ်လို့ သူမ မယုံနိုင်သေးဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူမ နှလုံးသားထဲမှာ ကြောက်စရာကောင်းသော ခံစားချက်တစ်ခု ရှိနေခဲ့တယ်။ ဒီအဆောက်အဦးနဲ့ ဒီဇာတ်စင်က ထူးဆန်းမှုတွေ ပြည့်နှက်နေတာလေ....’
"မင်း အချိုမုန့်တွေ ကြိုက်လား"
လဲ့ကျစ်က သူမအတွက် လက်ဖက်ရည်ပူပူတစ်ခွက် လောင်းထည့်ပေးနေသော ဟော်တူဘက်သို့ ခေါင်းကို လှည့်လိုက်သည်။ ထို့နောက် သူမနှင့် ရင်းနှီးနေသော လန်းဆန်းသော ရနံ့ရှိနေသည်ကိုလည်း သိလိုက်ရသဖြင့် သူမ အမှတ်မဲ့ ညည်းညူလိုက်မိသည်။
ဟော်တူက ပြုံးလိုက်ပြီး ဘေးနားမှ ခွက်လေးကို ယူရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် အဖုံးကို ဖွင့်လိုက်ရာ ပျားရည်ချိုချိုအနံများ ထွက်ပေါ်လာသည်။
ထိုအရာက သကာရည်တစ်ခွက် ဖြစ်နေလေသည်။
သူက အနည်းငယ် မျက်မှောင်ကြုတ်နေပြီး သူ ထိုမွှေးရနံ့ကို မကြိုက်မှန်း သိသာနေသည်။ သို့သော်လည်း သူက လက်ဖက်ရည်ထဲကို သကာရည်အနည်းငယ်လောင်းပြီး ငွေဇွန်းသေးသေးလေးဖြင့် မွေကာ လဲ့ကျစ်ဘက်ကို တွန်းပေးလိုက်သည်။
"မင်္ဂလာပွဲက အလျင်စလိုဖြစ်ခဲ့တော့ မင်းအတွက် သင့်တော်တဲ့လက်ဆောင်တစ်ခု ပြင်ဆင်ဖို့တောင် အချိန် မရှိခဲ့ဘူး"
ဟော်တူ၏လေသံက ဘာမှမထူးခြားဘဲ ဆက်ပြောနေခဲ့သည်။
"အဲဒါကို စဉ်းစားပြီးတော့ အတူတူကစားဖို့ ဖိတ်ခေါ်လိုက်တာ၊ ဒါက ဒီမင်းသားရဲ့ အနှစ်သက်ဆုံး အပန်းဖြေချိန်ပဲ။ ထိုက်ဇီဖေးက ကိုယ့်ကို မျက်နှာသာပေးဖို့ ဆန္ဒရှိရဲ့လား”
သူက စီရင်ချက်တစ်ခုကို စစ်ဆေးမေးမြန်းနေသလို ပြောနေပြီး သူ့လေသံတွင် ငြင်း၍ မရနိုင်မည့် အာဏာသံလည်း ပါဝင်နေသေးသည်။
လဲ့ကျစ်က မငြင်းဝံ့ပေ။ သူမ ခေါင်းညိတ်ပြီး တိုးတိုးလေး ပြန်ပြောလိုက်ရသည်။
“ဟုတ်ကဲ့”
ထို့နောက်တွင် သွေးများဖုံးလွှမ်းနေပြီး ဆံပင်များဖွာလန်နေသော လူတစ်ယောက်ကို စင်မြင့်ပေါ်သို့ ဆွဲတင်လာကာ မဟော်ဂနီငုတ်တိုင်တွင် ကြိုးဖြင့် ချည်လိုက်သည်။ ထို့နောက် အမှုထမ်းက သေးငယ်ပြီး လက်ရာမြောက်သော လေးကို ပေးအပ်လာခဲ့သည်။
ဟော်တူက သူ့ဘေးနားမှ အနည်းငယ် ထိတ်လန့်နေသော လူကို ကြည့်ကာ မေးလိုက်ပြန်သည်။
"မင်း အရင်သွားမလား၊ ကိုယ် အရင်သွားရမှာလား"
လဲ့ကျစ်တစ်ယောက် စကားမပြောနိုင်လောက်အောင် အံ့အားသင့်သွားပြီး မျက်လုံးပင် ပြူးသွားရသည်။
‘သွား... ဘယ်ကို သွားရမှာလဲ’
"တောင်းပန်ပါတယ် မင်းက ဘယ်လိုလုပ်ရမှန်းမသိတာကို ကိုယ် မေ့သွားတယ်"
သူက သူ့စကားကို ခေတ္တ ရပ်ထားပြီးမှ ထပ်ပြောလာပြန်သည်။
“ဒါဆို ဒီကိုလာ”
သူ ထိုသို့ပြောနေဖြင်းကြောင့် လဲ့ကျစ်လည်း လိုက်နာရုံမှတပါး ဘာမှ မတတ်နိုင်ပေ။
"ထိုင်"
သူ့ဘေးတွင် ကုလားထိုင် မရှိတာကြောင့် လဲ့ကျစ်က ဟော်တူရှေ့၌ ရပ်လိုက်သည်။
‘သူက သူမကို သူ့အပေါ်မှာ ထိုင်စေချင်လို့လား...’
ဟော်တူက သူမ၏ ထိတ်လန့်နေသော မျက်နှာကို ကြည့်နေပြီး ညင်သာစွာ ပြုံးလိုက်သည်။
"ကိုယ့်ခြေသလုံးက အစထဲက မသန်ဘူး၊ မင်း အဲ့ပေါ်မှာ ထိုင်လိုက်လို့ ပိုဆိုးလာမှာ မဟုတ်ဘူး”
သူက ပြောပြီးသည်နှင့် အလျင်စလိုမဟုတ်ပဲ လဲ့ကျစ်၏မျက်နှာကို အေးအေးဆေးဆေး ကြည့်နေခဲ့သည်။ သူ့မျက်နှာတွင် ကျီစယ်ချင်သည့် အရိပ်အမြွက်များ ရှိနေသည်။ လဲ့ကျစ်က သူမကိုယ်သူမ အတင်းအကြပ် ဖိအားပေးလိုက်ပြီး သူ့ပေါင်ပေါ်သို့ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။ သို့သော် သူမ၏ ခန္ဓာကိုယ်အလေးချိန်ကို သူ့အပေါ်လုံးလုံး မမှီထားဝံ့ပေ။
ဟော်တူက သူမ၏ သွယ်လျသောခါးကို ကိုင်ကာ သူ့အနားသို့ အနည်းငယ် အတင်းတိုးဝင် ခိုင်းလိုက်သည်။
စိတ်ရှုပ်ထွေးမှု၊ ထိတ်လန့်မှု၊ ရှက်ရွံ့မှု…စသော ခံစားချက်မျိုးစုံက လဲ့ကျစ်၏မျက်နှာပေါ်တွင် တစ်ပြိုင်နက်ပေါ်လာပြီး အားလုံးကည် ဟော်တူ၏မျက်လုံးများထဲသို့ ဝင်ရောက်သွားသည်။ သူမ၏ သွယ်လျသော ခါးတစ်ဝိုက်တွင် ပေါ့ပေါ့ပါးပါး တင်ထားသော သူ့လက်ဖဝါးများကပင် သူမ၏ ခန္ဓာကိုယ်မှ တုန်လှုပ်ခြင်းကို ခံစားနေရသည်။
‘သြော်... သူက သူမ အရမ်းတည်ငြိမ်တယ် ထင်နေတာလေ....
ဒီလောက်လေးပဲလား...
ဒါတောင်မှ မစရသေးဘူးနော်။ သူမက ဒီလို တုန်လှုပ်နေပြီလား။’
#######
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
နိုးထတော့.... အရူးရေ... နင်က နင့်ဇနီးလေးကို ခြောက်လန့်နေတာလား...????