← Chapters

အခန်း (၁၄-၁၅)

Vol. 2 Ch. 14-15

အခန်း (၁၄-၁၅)

Vol. 2 Ch. 14-15

အခန်း ၁၄ အဆိပ်ဖြေခြင်း

စံအိမ်ကြီးထဲတွင် ဤကဲ့သို့ အထူးဆေးကုသဆောင်ရှိသည်ကို လဲ့ကျစ် မသိခဲ့ပေ။

သူမက ဟော်တူ ညွှန်ကြားသည့်အတိုင်း ဤနေရာသို့ တွန်းပို့ပေးခဲ့ရသည်။ အတွင်းပိုင်းအပြင်အဆင်ကို မြင်ပြီးနောက် သူမ မျက်လုံးပြူးရုံမှတပါး ဘာမှ မတတ်နိုင်တော့ပေ။

၎င်းက သာမန်ဆေးခန်းနှင့် လုံးဝ မတူပေ။

ဆေးဖက်ဝင်အမွှေးအကြိုင် အမျိုးမျိုးပါရှိသော သစ်သားပုံးများ ရှိမနေဘဲ သစ်သားစင်ပေါ်တွင် အရောင်အမျိုးမျိုးရှိသော ကြွေပုလင်းများသာရှိသဖြင့် လူအများကို မှင်တက်သွားစေနိုင်သည်။

"ထိုက်ဇီဖေးက အဲ့ဒါတွေကိုပဲ ဆက်ပြီး ဂရုတစိုက်နဲ့ တန်ဖိုးထားနေမယ်ဆိုရင် ဒီမင်းသားအတွက် အလောင်းကောက်ပေးရတော့မှာနော်"

ဟော်တူက နောက်ပြောင်ပြောဆိုနေသော်လည်း သူ့အသံက အဆိပ်ကြောင့် အက်ရှနေသည်။

လဲ့ကျစ်က အသိပြန်ဝင်လာပြီး သူ့ကို စားပွဲနားသို့ အမြန်တွန်းပို့လိုက်သည်။ သူမကတော့ ကြွေပန်းကန်အလွတ်တစ်လုံးကို ကိုင်ထားရင်း လေးနက်သည့်အမူအရာဖြင့် စားပွဲရှေ့၌ ရပ်နေလိုက်သည်။

“တတိယတန်းရဲ့ ပဉ္စမပုလင်းက သုံးစက်”

"ပဉ္စမအတန်းရဲ့ သတ္တမပုလင်းက လေးစက်"

“…”

လဲ့ကျစ်က သူ လမ်းညွှန်ပေးနေသည့်အတိုင်း ဆေးပုလင်းများမှ ဆေးများကို ဂရုတစိုက် နည်းစနစ်တကျဖြင့် ပန်းကန်လုံးထဲသို့ အစက်ချလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဆေးပုလင်းကို ကိုင်ထားသည့် သူမလက်က တုန်ယင်နေသေးသည်။

"မလန့်ပါနဲ့..."

ဟော်တူက ဘီးတပ်ထိုင်ခုံ၏အနောက်ကို မှီထားပြီး အားနည်းနေဟန်ဖြင့် အနားယူနေသော်လည်း အသက်အန္တရာယ်နှင့် ကြုံနေသည့်အချိန်တွင်ပင် သူ့မျက်နှာက ပြုံးနေသေးသည်။

“တစ်စက်လောက်ပိုပြီး တစ်စက်လောက်လျော့သွားလဲ ကိစ္စမရှိပါဘူး၊ ထိုက်ဇီဖေးက ဒီမင်းသားအတွက် အလောင်းကောက်ပေးမယ်ဆိုရင် ဒီမင်းသားကို အရမ်း စိတ်သက်သာရာရစေမှာပါ”

လဲ့ကျစ်က သူ့ကို မျက်လုံးပြူးဖြင့် စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာက စက္ကူကဲ့သို့ ဖြူဖွေးနေပြီး ပါးစပ်မှ အနက်ရောင် သွေးများ အဆက်မပြတ် စီးကျနေသည်။ သွေးများက သူ၏ဖြူစင်သွယ်လျသော လည်ပင်းကို ဖြတ်ကာ ကြက်သွေးရောင် အတွင်းအ၀တ်များဆီသို့ လျှောကျနေသည်။ ထို့အပြင် သူ့၏မက်မွန်ပွင့်မျက်လုံးများကလည်း နီရဲနေသည်။

သို့တိုင်အောင် အဖြူနှင့် အနီက ခြားနားမှုတစ်ခုကို ဖန်တီးပေးထားပြီး သူ၏အသွင်အပြင်ကို အလွန်စွဲမက်ဖွယ်ဖြစ်နေစေသည်။

ဤကဲ့သို့ အဆိပ်ခတ်ခံထားရသည့် အခြေအနေတွင်ပင် သူက သူမကို ကျီစားရန် အချိန်ရှိနေသေးသည်။ လဲ့ကျစ်ကတော့ ဒေါသထွက်နေပြီး သူ့ကို စိုက်ကြည့်ရုံအပြင် စိတ်ထဲကလည်း ဆူပူကြိမ်းမောင်းနေခဲ့သည်။

[ခြေမသန်တဲ့ အရူးကောင်]

သို့သော် သူမ စိတ်ထဲမှသာ သူ့ကို ဆူပူကြိမ်းမောင်းနိုင်ပြီး သူမ၏လေသံကတော့ အနည်းငယ် နာကြင်ရိပ်များ ရောယှက်နေသည်။

“အရှင့်သား၊ စကား နည်းနည်း လျော့ပြောရင် ပိုကောင်းပါ့မယ်၊ ဘာလို့ အနားယူဖို့ စွမ်းအင် နည်းနည်းလောက် မချွေတာရတာလဲ"

ဒေါသထွက်နေသော်လည်း ဘာမှမပြောဝံ့သော လဲ့ကျစ်၏မျက်နှာကို ကြည့်ရင်း ဟော်တူတစ်ယောက် သူမက အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု တွေးနေပြန်သည်။

‘ဟေး၊ သူမမှာ ဒေါသအကြီးကြီး ရှိနေသေးတယ်ပေါ့လေ...’

‘ဟုတ်တော့ ဟုတ်တာပေါ့၊ တိုင်းပြည်တစ်ခုရဲ့ မင်းသမီးလေးတစ်ပါးမှာ ဘယ်လိုလုပ်ပြီး ဒေါသမရှိဘဲ နေမှာလဲ၊ သူမ ဒေါသထွက်နေတာက နာခံချင်ယောင်ဆောင်နေတဲ့ အချိန်ထက် အများကြီး ပိုကြည့်ကောင်းတယ်’

ဟော်တူက သဘောတကျ ရယ်နေပြီး သူမကို စနောက်ခြင်းအား ရပ်တန့်လိုက်သည်။ သူက ဆေးထည့်ရမည့် နည်းလမ်းအား ဆက်ပြောပြနေသည်။

သွယ်လျသောရုပ်သွင်လေးကတော့ အလုပ်များနေပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် တင်းမာမှုနှင့် ကြောက်ရွံ့မှုများကို တည်ငြိမ်အောင် ကြိုးစားနေရှာသည်။

ထိုအရာက ဟော်တူကို မျက်ခုံးပင့်သွားစေသည်။

‘သူမ အရမ်းကြောက်နေတာလား’

ဤအဆိပ်က အန္တရာယ်ရှိပုံရသော်လည်း ၎င်းက သူ ယခင် မြည်းစမ်းခဲ့ဖူးသော အဆိပ်ရာပေါင်းများစွာနှင့်တော့ မယှဉ်နိုင်ပေ။ သူ့ထံတွင် ထူးဆန်းသည့် ကိုယ်ရည်ကိုယ်သွေးရှိကြောင်း လူတိုင်း သိကြပြီး သူက ရူးသွပ်စွာ ပြုမူတတ်သည်။ အထူးသဖြင့် သူ့ကို ကြောက်ရွံ့မုန်းတီးနေသည့် သူ၏ ညီတော်က သူ့အသက်ကို သတ်ရန် လူများစွာ စေလွှတ်ခဲ့သော်လည်း ထိုလူများက ပြန်မလာနိုင်တော့ဘဲ နောက်ဆုံးတွင် အလောင်းပင် ရှာမတွေ့ခဲ့ပေ။

ဤယုတ်မာသော ဟော်တူက အမှန်တကယ်တွင် ထူးချွန်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုရှိသည့် ဆေးဆရာတစ်ယောက် ဖြစ်ကြောင်း ဤကမ္ဘာပေါ်ရှိ လူအနည်းငယ်သာ သိထားခဲ့သည်။

သို့သော် သူ ဆေးပညာသင်ရသည့် အကြောင်းရင်းကတော့ နည်းနည်းရယ်စရာကောင်းနေပြန်သည်။

လူများစွာက သူ့အသက်ကို လိုချင်ကြသော်လည်း သူနှင့် နီးစပ်ရန် ခက်ခဲပြီး အကောင်းဆုံးနည်းလမ်းက အဆိပ်ကို အသုံးပြုရန်ပင်။

အဆိပ်များ၊ အဆိပ်ရှိသောအငွေ့များ၊ အဆိပ်ရှိသောမြွေများနှင့် အဆိပ်ရှိသော အင်းဆက်များ... ဤကမ္ဘာပေါ်တွင် ရှာဖွေတွေ့ရှိနိုင်သမျှ အဆိပ်အားလုံးက သူဆီရောက်လာခဲ့သည်။

တစ်ကြိမ်၊ နှစ်ကြိမ်လောက် သူ ရှောင်နိုင်ခဲ့သော်လည်း အချိန်တိုင်း ရှောင်နေရန် မဖြစ်နိုင်ပေ။ ဤနည်းဖြင့် ရန်သူဘက်မှ မစတင်မီ သူက ကမ္ဘာပေါ်ရှိ ထူးဆန်းသောအဆိပ် ထောင်ပေါင်းများစွာကို မြည်းစမ်းခဲ့ပြီး ထိုအဆိပ်အများစုကလည်း ကုသပျောက်ကင်းရန် မဖြစ်နိုင်ဟု သတ်မှတ်ခံထားရသော အဆိပ်များ ဖြစ်သည်။

သို့သော် ဟော်တူကတော့ ထိုအရာကို လုံးဝ မယုံကြည်ခဲ့ပေ။ သူ လက်ခံထားသည့် အယူအဆက အဆိပ်ရှိလျှင် ဖြေဆေးရှိရမည် ဖြစ်သည်။

ထို့ကြောင့် သူက သူ့အတွက် ဘယ်တော့မှ လွတ်လမ်း ချန်မထားခဲ့ပေ။ မည်သည့်အဆိပ်ပင်ဖြစ်စေ သူက လက်ဖက်ရည်သောက်သလို သောက်ခဲ့ပြီး အဆိပ်‌ကြောင့် မသေခင် အဆိပ်ဖြေဆေးကို သူ့ကိုယ်တိုင် ဖော်စပ်ခဲ့သည်။ ကောင်းကင်ဘုံက သူ့ကို မသေစေချင်ဘူးဟု ထင်ရပြီး အချိန်တိုင်း သူ အောင်မြင်ခဲ့သည်။

‘ဒါပေမယ့် သူ မအောင်မြင်ရင်ရော.....’

ဟော်တူက ယခင်တည်းက ဤမေးခွန်းကို သဘာဝကျကျ စဉ်းစားထားခဲ့သည်။

‘မအောင်မြင်ရင် သေရမှာပေါ့... အခြားသူတွေ အဆိပ်ခတ်လို့ အဆိပ်မိပြီး မကုသနိုင်လို့ သေရတာနဲ့ ကိုယ်လက်နဲ့ကိုယ်သေရတာ... ဘယ်ဟာက ပိုကောင်းလဲ...’

နောက်ဆုံးတွင် ဆေးရည်တစ်စက်က ကြွေပန်းကန်လုံးထဲသို့ ကျသွားခဲ့သည်။ ကြွေပန်းကန်ထဲမှ ဆေးရည်က အလျင်အမြန် ရောစပ်သွားပြီး အရောင်ပြောင်းသွားကာ တခဏချင်းမှာပင် အနက်ရောင် ဟင်းရည်ပျစ်ပျစ် ထည့်ထားသည့် ပန်းကန်တစ်ခုလို ဖြစ်လာခဲ့သည်။

လဲ့ကျစ်က ဆေးကို သူမ၏လက်ထဲတွင် ကိုင်ထားပြီး ဟော်တူဆီသို့ လျှောက်သွားလိုက်သည်။ ဆေး၏ ခါးသီးသောအနံ့က သူမကို မျက်မှောင်ကြုတ်နေစေသည်။

‘သူမ နေမကောင်းဖြစ်ရင် ဒီလိုခါးတဲ့ ဟင်းရည်တွေ သောက်ရမှာကို အကြောက်ဆုံးပဲ’

သို့သော် သူမက ပန်းကန်လုံးအား ဟော်တူ၏နှုတ်ခမ်းဆီသို့ ကပ်ပေးလိုက်ပြီး သူက မျက်မှောင်ပင် မကြုတ်ဘဲ ချက်ချင်းသောက်လိုက်သည်။

"အရှင့်သား၊ ဒီနေရာမှာ သကြားလုံး ဒါမှမဟုတ် ချိုတဲ့အသီးတွေ ရှိလား၊ ခါးတဲ့အရသာ ပျောက်သွားအောင်အရှင့်သားအတွက် တစ်ခုလောက် ယူပေးမယ်လေ”

ဟော်တူက မျက်လုံးများကို အနည်းငယ်မှိတ်ထားလိုက်သည်။ သူ အဆိပ်ဖြေဆေး သောက်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်တွင်းရှိ အဆိပ်များက အလျင်အမြန် သန့်စင်သွားမည် မဟုတ်ပေ။ သူက ခေါင်းခါပြလိုက်သည်။

‘သကြားလုံးလား? ဒီလိုချိုမြိန်ပြီး အဆီများတဲ့အရာမျိုးကို သူ အမုန်းဆုံးပဲ’

လဲ့ကျစ်က စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆေးကုသခန်းကို အလေးအနက်ထား ဝေ့ကြည့်လိုက်ရာ ထောင့်စွန်းတွင် နူးညံသောကုတင်တစ်လုံးကို တွေ့လိုက်ရသည်။ ထိုအချိန်မှသာ သူမ သက်ပြင်းတစ်ချက်ချနိုင်ခဲ့သည်။

‘အခု ဟော်တူရဲ့ ခန္ဓာကိုယ်က အားနည်းနေတော့ အိပ်ခန်းထဲကို ပြန်တွန်းပို့ရင် လမ်းမှာ လေအေးတွေ တိုက်နေပြီး သူ အအေးမိသွားပြီး ပိုဆိုးသွားလိမ့်မယ်’

‘ဟုတ်တယ်၊ ဒါပဲ ကောင်းလိမ့်မယ်’

လဲ့ကျစ်က လူကို နူးညံသောကုတင်အနားသို့ တွန်းပို့လိုက်ပြီး သူ့လက်ကို သူမ၏ပခုံးပေါ်သို့ တင်နိုင်ရန် ခေါင်းငုံ့ပေးလိုက်သည်။ ဟော်တူ၏ညာဘက်ခြေထောက်က ချိနဲ့နေပြီး ခွန်အားမရှိသောကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး၏အလေးချိန်ကို လဲ့ကျစ်၏ခန္ဓာကိုယ်ပေါ်သို့ တင်ထားရသည်။

လဲ့ကျစ်၏မျက်နှာက နီရဲသွားပြီး နောက်ဆုံးတွင် သူ ကုတင်ပေါ်၌ လှဲလျောင်းနေရန် ကူညီပေးနိုင်ခဲ့သည်။ အမှန်တကယ်တွင် သူမ ​ဆေး ရော​ပေး​နေကတည်းက မော​ပန်း​နေခဲ့ခြင်း ဖြစ်သည်။ ထိုအရာများအားလုံးကို လုပ်ပြီးနောက် သူမက ဟော်တူ၏ ဘီးတပ်ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး သက်ကို ဝအောင် ရှူရှိုက်နေရသည်။

လဲလျောင်းနေသောလူ၏ အသိစိတ်ကလည်း ဖရိုဖရဲဖြစ်နေသော်လည်း တစ်စုံတစ်ခုကို ပြောရန် အားရှိနေသေးသည်။

"ထိုက်ဇီဖေးက ကိုယ်နဲ့ကုတင်ပေါ်မှာ မအိပ်ဖူးဘူးလား"

ဟော်တူ၏နဖူးမှ ချွေးများ စထွက်လာပြီး အဆိပ်စတင်ပြယ်စပြုနေပြီဟု ယူဆရသည်။ လဲ့ကျစ်က ခဏ အနားယူရန် ပြင်ပြီးမှ ခေါင်းကို ခါယမ်းလိုက်ပြီး တစ်စုံတစ်ဦးကို ရေနွေးပြင်ဆင်ခိုင်းကာ သူ့ကို ရေပတ်တိုက်ပေးလိုက်သည်။

"ကြောက်လို့လား"

ဟော်တူက သူ့နှုတ်ခမ်းကို တွန့်ပြီး မေးနေပြန်သည်။

"မင်းဘေးမှာ အလောင်းတစ်လောင်းနဲ့ နိုးလာရမှာကို ကြောက်လို့လား"

‘သူ့ရဲ့ပါးစပ်က ဘာလို့ ပိတ်မထားနိုင်ရတာလဲ....’

လဲ့ကျစ်က သူ့ကို စိုက်ကြည့်ရင်း မက်မွန်ပွင့်မျက်လုံးကို ဖိရန် လက်ကို မြှောက်ကာ သူမ၏ လက်ချောင်းထိပ်များဖြင့် သူ့မျက်ဝန်းတဝိုက် ညင်ညင်သာသာ နှိပ်နယ်ပေးနေခဲ့သည်။

"အရှင့်သား မျက်လုံးမှိတ်ပြီး အနားယူပါ"

ခဏအကြာတွင် သူမက သူမလက်ကို ပြန်ဖယ်လိုက်သည်။ အဆိပ်ကြောင့်လား သို့မဟုတ် သူ အမှန်တကယ် ပင်ပန်းနေခြင်းကြောင့်လား မသိနိုင်သော်လည်း ဟော်တူ၏ အသက်ရှူသံက တိမ်ဝင်သွားပြီး သူ တကယ် အိပ်ပျော်သွားပုံရသည်။

သူမ ထရပ်ပြီး ရေနွေးထပ်ပြင်ရန် တစ်စုံတစ်ဦးကို ခေါ်ဖို့ အပြင်ထွက်လာခဲ့သည်။

ထိုက်ဇီ အဆိပ်ခတ်ခံရခြင်းက ကြီးကြီးမားမား ဖြစ်ပြီး လဲ့ကျစ်လည်း ဘယ်သူကိုမှ ဘာမှ မပြောရဲပေ။ ထိုက်ဇီအိမ်တော်၏ကျေးကျွန်များကလည်း စည်းကမ်းများကို ကောင်းစွာ သိကြပြီး ဘာမှ မမေးရဲဘဲ သူမ၏အမိန့်အတိုင်းသာ လုပ်ဆောင်ပေးကြသည်။

ဟော်တူ၏နဖူးမှ ချွေးများနှင့် နှုတ်ခမ်းနှင့်လည်ပင်းကြားရှိ စွန်းထင်းနေသောသွေးများကို နွေးထွေးသောလက်ကိုင်ပုဝါဖြင့် သုတ်ပေးပြီးနောက် လဲ့ကျစ်က သူမ၏မေးစေ့ကို လက်ထောက်ရင်း အိပ်ပျော်နေသောသူ၏မျက်နှာကို စိုက်ကြည့်နေခဲ့သည်။ သူ အဆိပ်မကုန်သေးပဲ အိပ်နေရင်း အသက်ရှူရပ်သွားမည်ကို သူမ အမှန်တကယ် စိုးရိမ်နေခဲ့သည်။

ယနေ့ညက ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးနေရင်း သူမ စိတ်ဓာတ်ကျနေမိသည်။

‘ငါ ဘယ်လို မဟာမိတ်မျိုးကို ရွေးချယ်ခဲ့မိတာလဲ...’

ယခုအချိန်တွင် သူ ကောင်းကောင်းအိပ်ပျော်သွားနေသောကြောင့် လဲ့ကျစ်က သူမ၏ပါးစပ်ကို ပေါ့ပေါ့တန်တန် ဖွင့်ကာ မာန်မဲလိုက်သည်။

"လူမိုက်ကြီး"

ထိုအချိန်တွင် လဲလျောင်းနေသောလူ၏ မျက်တောင်များက လှုပ်လာပြီး လဲ့ကျစ်ကို ထိတ်လန့်သွားစေသည်။ သူမက သူ့ကို ကြည့်ရန် အလျင်အမြန် ခေါင်းငုံ့လိုက်သော်လည်း သူ၏ သွယ်လျသော မျက်တောင်များက အကြိမ်အနည်းငယ် တုန်ခတ်သွားပြီး ထပ်မလှုပ်တော့ပေ။

သူမ သက်ပြင်းတစ်ချက်ချကာ ခြောက်သွေ့နေသော မျက်လုံးများကို မှိတ်ချလိုက်သည်။ သူမ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေသော်လည်း မျက်လုံးမှိတ်ပြီး အနားယူရန် မဝံ့မရဲ ဖြစ်နေရသေးသည်။

ကောင်းကင်က တောက်ပနေပြီး ဆောင်းနေရောင်က ပြတင်းပေါက်မှ ဝင်ရောက်နေကာ ဟော်တူ၏မျက်နှာကို လင်းလက်နေစေသည်။ သူ မူလက အအိပ်ဆတ်သူ ဖြစ်သော်လည်း အဆိပ်ကြောင့် အချိန်အတော်ကြာ အိပ်နေခဲ့သည်။

သူ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် သူ့ရှေ့၌ ပြုံးနေသော ခေါင်ရမ်းပန်းပုံမျက်နှာတစ်ခု ရှိနေသည်။ သူနိုးလာသည်ကို မြင်လိုက်ရချိန်တွင် သူမ၏မျက်ခုံးကြားမှ အပြုံးတစ်ခု ထွက်ပေါ်လာပြီး အသံတိုးတိုးလေးလည်း ထွက်ပေါ်လာသည်။

"အရှင့်သား နိုးပြီလား"

ဟော်တူ၏ရင်ထဲတွင် ထူးဆန်းသောခံစားချက်တစ်ခု ထွက်ပေါ်လာသည်။ သူ့ရှေ့မှ လူကို ပြန်ကြည့်လိုက်ချိန်တွင် သူမ၏မျက်လုံးများက သွေးထွက်နေသလို နီရဲနေပြီး မျက်ခွံအောက်ပိုင်းကတော့ မည်းနက်နေသည်။

သူမ တစ်ညလုံး အိပ်မပျော်ခဲ့သည်မှာ ထင်ရှားနေသည်။

သူ ရုတ်တရက် လေးနက်လာပြီး လှမ်းမေးလိုက်သည်။

“လဲ့ကျစ် မင်း နေမကောင်းဘူးလား"

လဲ့ကျစ်၏ အပြုံးက ရုတ်တရက် အေးခဲသွားသည်။ သူမ ဘယ်ညာ လှည့်ကြည့်ပြီး ဘယ်အရာက သူ့ကို ထိုကဲ့သို့ ထင်သွားစေသည်ကို သူမ မသိတော့ပေ။ သူမ အောက်သို့ ငုံ့ကြည့်လိုက်ချိန်တွင်မှ သူမ သူ့၏ဘီးတပ်ထိုင်ခုံ၌ ထိုင်နေမိသည်ကို သတိရမိသွားသည်။

‘သူက တခြားသူတွေကို သူ့ရဲ့ဘီးတပ်ထိုင်ခုံပေါ်မှာ ထိုင်ခွင့်မပြုတာ ဖြစ်နိုင်လား’

သူမ အမြန်ထပြီး သူ ဘီးတပ်ထိုင်ခုံပေါ်၌ ထိုင်ရန် ကူညီပေးလိုက်သည်။ သို့သော် သူမ၏ နှလုံးသားထဲမှ မကျေနပ်မှုများက ပိုပိုတိုးလာခဲ့သည်။

‘ဒီယောကျာ်းက တကယ်ကို အသိတရား မရှိတာပဲ။ သူမ တစ်ညလုံး သူ့ကို ပြုစုစောင့်ရှောက်ခဲ့တယ်၊ ဒါပေမယ့် သူက သူမ ဘီးတပ်ထိုင်ခုံပေါ် ခဏလောက်ထိုင်နေမိတာလေးနဲ့ သူမကို ဆန့်ကျင်နေတယ်’

"ကိုယ့်နောက်ကို လိုက်ခဲ့"

သူ့လေသံတွင် နွေးထွေးမှု မရှိချေ။

လဲ့ကျစ်က ရူးသွပ်သော သူများနှင့် ငြင်းခုံရန် မသင့်ဟု တွေးကာ နာခံစွာဖြင့် သူ့နောက်မှ လိုက်သွားခဲ့သည်။

ဟော်တူက အခြားနေရာသို့ မသွားဘဲ အိပ်ခန်းထဲသို့ ပြန်လာခဲ့သည်။

လဲ့ကျစ်လည်း အံ့သြသွားရပြန်သည်။

‘သူ ဆက်အိပ်ဦးမှာလား’

"အိပ်တော့"

ဟော်တူက သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး လူကို ကုတင်ပေါ်ဆွဲတင်ကာ သူမကို သူနှင့် မျက်နှာချင်းဆိုင်ထိုင်စေလိုက်သည်။ ထို့နောက် သူမ လဲလျောင်းသွားစေရန် သူမ၏ခြေထောက်ကို ဆွဲမြှောက်လိုက်သည်။

########

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ: “မင်း နေမကောင်းဘူးလား”

ကျစ်ကျစ် : “ရှင်သာ နေမကောင်းတာ၊ ရှင့်တစ်မိသားစုလုံးသာ နေမကောင်းတာ....”

ဟော်တူ : “ကိုယ်က ဇနီးလေးနဲ့ အိပ်ချင်တယ်...” (မှားတယ်လို့ ခံစားရနေရတယ်)

သေအောင်ရယ်နေပါပြီလို့... လူမိုက်ကြီးရေ ....ဆုတောင်းပေါ့.......

အခန်း ၁၅ ရိုးသားမှု

လဲ့ကျစ်တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားပြီး အလောတကြီး ပြန်ပြောလိုက်သည်။

"ကျွန်မ... ကျွန်မ ကိုယ်တိုင်လုပ်ပါ့မယ်"

“စဉ်းတောင် မစဥ်းစားနဲ့၊ ကိုယ်က တခြားသူတွေကို အကြွေးတင်ရတာ မကြိုက်ဘူး”

သူက လဲ့ကျစ်ကို မလွှတ်ပေးဘဲ သူမ၏ဖိနပ်နှင့် ခြေအိတ်များကို အလေးအနက် ချွတ်ပေးလိုက်ပြီး သူမ၏ ခြေထောက်များကို ပေါ့ပေါ့ပါးပါး မြှောက်ကာ ကုတင်ပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် ထွက်ခွာရန် ဘီးတပ်ထိုင်ခုံကို တွန်းလိုက်သည်။

"အရှင့်သား"

လဲ့ကျစ်က သူ့ကို တားရန် လှမ်းခေါ်လိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

"အခု အရှင့်သားက ကျွန်မကို ယုံယုံ မယုံယုံ ကျွန်မက အရှင့်သားကို သစ္စာရှိရှိနဲ့ ရိုးရိုးသားသား ဆက်ဆံမှာပါ"

လဲ့ကျစ်က သူမ၏စကားကို ခေတ္တမျှ ရပ်ထားပြီးမှ အနည်းငယ် မျက်မှောင်ကြုတ်ကာ သတိကြီးကြီးဖြင့် ထပ်ပြောလိုက်သည်။

“အရှင့်သား၊ မနေ့ညကလို အရှင့်သားရဲ့ခန္ဓာကိုယ်နဲ့ အဆိပ်စမ်းတာကို ရပ်ပေးလို့ရလား၊ အဆိပ်ကို စမ်းသပ်ဖို့ အခြားနည်းလမ်းတွေ အများကြီး ရှိပါတယ်…”

သူမက မနေ့ညက အဖြစ်အပျက်ကို ထိတ်လန့်နေပုံရပြီး သူမ၏လေသံကပင် သူမ ဝမ်းနည်းနေမှန်း သိသာနေသည်။

ဟော်တူက ပြုံးနေပြီး ဘာမှ ပြန်မပြောခဲ့ချေ။

‘သူက သူ မလုပ်နိုင်တာကို သဘောတူလေ့မရှိဘူး’

"လှဲပြီး အိပ်တော့"

သူ ပြန်မဖြေသည်ကို မြင်လိုက်ရသောကြောင့် လဲ့ကျစ်က သူမ၏မေးခွန်းများကို ရပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“စောင်ခြုံထား”

လဲ့ကျစ်က ခဏတာမျှ အံ့အားသင့်သွားရသည်။ သူမ သူ့ကို အလွန်စိုးရိမ်နေသောကြောင့် စောင်ခြုံရန် မေ့သွားခဲ့ခြင်းပင်။ လဲ့ကျစ်က သူမ၏အနားမှ စောင်ကို အလျင်အမြန် ဆွဲယူကာ သူမကိုယ်ပေါ်သို့ လွှမ်းခြုံလိုက်ပြီး မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်သည်။

ဟော်တူက သူ့လက်ကို မြှောက်ကာ အိပ်ယာဘေးရှိ နံ့သာမီးဖိုထဲသို့ နံ့သာအချို့ကို ပစ်ထည့်ပေးပြီးနောက် အိပ်ခန်းထဲမှ ပြန်ထွက်သွားခဲ့သည်။

......။........။.....

ဝန်ကြီးချုပ်အိမ်တော်ကို အနီရောင်မီးပုံးများ၊ ရောင်စုံပိုးသားရှည်များဖြင့် အလှဆင်ထားပြီး ပျော်ရွှင်မှုအငွေ့အသက်များ ပြည့်နှက်နေသည်။ နေရာအနှံ့တွင် အိမ်တော်မှ အစေခံများ အလုပ်ရှုပ်နေကြပြီး သူတို့၏မျက်နှာများပေါ်တွင် ရွှင်လန်းသော အပြုံးများဖြင့် ပြည့်နှက်နေသည်။

ဝန်ကြီးချုပ်၏ တစ်ဦးတည်းသောသမီးက တာ့ချီ၏ဂုဏ်သိက္ခာအရှိဆုံး တတိယမင်းသားနှင့် လက်ထပ်တော့မည်ဖြစ်ပြီး ၎င်းက အကြီးအကျယ် ပျော်ရွှင်ဖွယ် ပွဲကြီးတစ်ပွဲ ဖြစ်သည်။

"ချင်းယန်... ချင်းယန်"

လင်းယွိရှန့်က ရှန်းချင်းယန်၏ အတွင်းခန်းထဲသို့ ရွှင်မြူးစွာ ဝင်လာခဲ့သော်လည်း ရှန်းချင်းယန်၏ စိုးရိမ်မှုများပြည့်နေသည့် မျက်ဝန်းများကို မြင်လိုက်ရသဖြင့် ထိုမျက်ဝန်းများ ရှေ့သို့ သူမ လက်ကို ခါယမ်းရင်း မေးမြန်းလိုက်သည်။

"ဘာကိစ္စရှိလို့လဲ၊ နင် ငါ ဝင်လာတာကို မသိရလောက်တဲ့အထိ ဘာတွေ တွေးနေတာလဲ"

တာ့ချီတွင် အဆင့်အတန်းမြင့်သည့် မျိုးရိုးမြင့်အမျိုးသမီး အများအပြား မရှိချေ။ သူမတို့နှစ်ယောက်က အသက်အရွယ် တူပြီး ငယ်ငယ်လေးကတည်းက ခင်မင်ရင်းနှီးခဲ့ကြသည်။ ယခု ရှန်းချင်းယန်၏မင်္ဂလာပွဲ နီးလာချိန်တွင် လင်းယွိရှန့်က သူမထက်ပင် ပိုမိုပျော်ရွှင်နေခဲ့သည်။

ရှန်းချင်းယန်က ပြန်သတိဝင်လာပြီး အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။

"ဘာမှ မစဉ်းစားပါဘူး"

ဤသည်မှာ သူမ လက်ထပ်ရန် ဆန္ဒရှိသောခင်ပွန်း ဖြစ်သည်။ ကျိုးကြောင်းဆီလျှော်စွာ တွေးရလျှင် သူမထံ၌ ဤမျှစိုးရိမ်နေသည့်အကြည့်မျိုး ဘယ်သောအခါမှ မရှိသင့်ပေ။ ဤမိန်းကလေး၏ စိတ်ခံစားချက်က အလွန်နူးညံ့သိမ်မွေ့သောကြောင့် လင်းယွိရှန့်က သူမ တွေးနေသည့်အရာကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ခဲ့သည်။

"နင် လဲ့ကျစ်ကို စိတ်ပူနေတာလား"

လင်းယွိရှန့်က အနည်းငယ် ဒေါသထွက်နေဟန်ဖြင့် ထပ်ပြောလိုက်ပြန်သည်။

“သူ့ရဲ့ ချစ်စရာကောင်းတဲ့ မြေခွေးလိုပုံစံကို ကြည့်လိုက်ဦး၊ တချက်ကြည့်လိုက်ရုံနဲ့ ကပ်ဘေးဆိုးမှန်း သိသာတယ်”

လင်းယွိရှန့်အနေဖြင့် လဲ့ကျစ်ကို မကျေနပ်လျှင်ပင် သူမ၏လှပသောအသွင်အပြင်က လွှမ်းမိုးနိုင်လွန်းသည်ကို ဝန်ခံရပေလိမ့်မည်။

ထိုစကားကို ကြားပြီးနောက် ရှန်းချင်းယန်က မနေနိုင်တော့ပဲ မျက်မှောင်ကြုတ်ကာ တားဆီးလိုက်သည်။

"ယွိရှန့်၊ အဲ့လို မပြောနဲ့၊ သူက… တော်တော်သနားစရာကောင်းတယ်”

"သူ့ကို ဘာလို့ သနားရမှာလဲ၊ ကိုယ်ချင်းစာပေးမနေနဲ့၊ ဒီကမ္ဘာကြီးမှာ သူရဲကောင်းဟုတ် မဟုတ်ဆိုတာက အောင်မြင်မှုနဲ့ ကျရှုံးမှုကိုပဲ အခြေခံတယ်”

လင်းယွိရှန့်က သူမ၏နှုတ်ခမ်းကို ကိုက်ရင်း မျက်နှာလေး နီရဲလာသည်အထိ ဒေါသဖြင့် ဆက်ပြောနေပြန်သည်။

"သူကိုလည်း သူ့အစ်မလိုဘဲ ချုပ်နှောင်ထားသင့်တယ်၊ အဲဒါတွေအားလုံးက မန်ဒရင်းဘဲလေးတွေကို ရှုပ်ယှက်ခတ်စေတဲ့ ဘုရင်မင်းမြတ်ရဲ့ အပြစ်ပဲ... ဝမ်းကွဲတော်ထိုက်ဇီက သူ့ကို လုံးဝ မကြိုက်ဘူး"

လင်းယွိရှန့်က ထိုက်ဇီအပေါ် မည်သို့တွေးနေမှန်း သိနေသည့် ရှန်းချင်းယန်ကတော့ သက်ပြင်းချလိုက်သည်။

‘ဘုရင်မင်းမြတ်ရဲ့ ထိမ်းမြားလက်ထပ်ပေးမှုက ယွိရှန့်ရဲ့ နှလုံးသားကို ထက်ရှတဲ့ ဓားတစ်စင်း စိုက်ဝင်သွားသလို ဖြစ်စေခဲ့တယ်၊ ဒါပေမယ့် ဘုရင်မင်းမြတ်က ထိမ်းမြားခွင့်မပြုခဲ့ရင်တောင် ထိုက်ဇီက ယွိရှန့်ကို သူများထက်ထူးပြီး ဆက်ဆံတာမျိုး သူမ မမြင်ဖူးခဲ့ဘူး’

‘သြော်၊ ဒီကောင်မလေးက မိုက်မဲလိုက်တာ.....

ထိုအတွေးကြောင့် ရှန်းချင်းယန်တစ်ယောက် မပြုံးဘဲ မနေနိုင်တော့ပေ။

‘ ‘ဘေးကလူက အရာရာကို မြင်နေရတယ်’ ဆိုတဲ့ ဒီစကားတွေက အမှန်ပဲ’

‘သူမကရော ဘာထူးလို့လဲ၊ ဟော်ရှက သူမအပေါ် ဘယ်လိုသဘောထားလဲဆိုတာ သိသာနေတာပဲ၊ နန်းတော် ဧည့်ခံပွဲမစခင် လဲ့ကျစ်နဲ့တွေ့တုန်းက သူ့မျက်နှာပေါ်က အမူအရာက သိသာလွန်းတယ်’

‘သူ လဲ့ကျစ်ကို လက်မလွှတ်နိုင်သေးဘူး’

ဟော်ရှ တာ့လီတွင် ဓားစာခံဖြစ်ခဲ့စဉ်က လဲ့ကျစ်နှင့် စေ့စပ်ကြောင်းလမ်းစာချုပ် ချုပ်ဆိုထားကြောင်း ရှန်းချင်းယန် သိထားခဲ့ပြီး ထိုနှစ်ဦးက ဆယ်နှစ်ကျော်ကြာအောင် ငယ်ချစ်ဦးများဖြစ်ခဲ့သည်ကိုလည်း သူမ သိထားခဲ့သည်။ သို့သော် ယခုအချိန်တွင် အခြေအနေများက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး လဲ့ကျစ်ကလည်း ထိုက်ဇီဖေး ဖြစ်လာခဲ့သည်။

‘ဒါဆို... ဒါဆို သူမက လဲ့ကျစ်နေရာကို ဖြည်းဖြည်းချင်း အစားထိုးပြီး သူ့နှလုံးသားထဲက အဲဒီလူဖြစ်လာဖို့ အခွင့်အရေးရှိမှာလား’

‘တကယ်တော့ သူမ စမ်းကြည့်ဖို့ ဆန္ဒရှိခဲ့တာပါပဲ’

ဟော်ရှ အောင်ပွဲခံပြီး အိမ်ပြန်ရောက်သည့်နေ့မှစ၍ သူမက သူ့ကို တစ်ချက်ကြည့်ရုံဖြင့် သူမစိတ်ထဲတွင် သူ့ကို သဘောကျသည့်စိတ်များ တိုးပွားလာပြီး ဖယ်ထုတ်ရန် ခက်ခဲလာခဲ့သည်။ ယခုအချိန်တွင် သူက သူမအတွက် ကစားစရာအသစ်အဆန်းများ ယူဆောင်လာပေးလေ့ရှိပြီး ဟူကော်ဘုရားကျောင်းတွင် သူမအတွက် အေးချမ်းခြင်းအဆောင်တစ်ခု ယူပေးရန် တောင်းဆိုခဲ့သည်။

‘ဒါက သူ သူမကို မတူကွဲပြားစွာ ဆက်ဆံတယ်လို့ ဆိုလိုတာလား’

သူမ၏ နှုတ်ခမ်းထောင့်များက တဖြည်းဖြည်း ကျယ်လာပြီး သူမ၏ အပြုံးများက ပိုတောက်ပလာသည်။ နောက်ဆုံးတွင် ရှန်းချင်းယန်၏နှလုံးသားထဲ၌ ယုံကြည်မှု အနည်းငယ် တိုးလာခဲ့သည်။

.......။.......။......

တစ်ညလုံး မအိပ်ဘဲနေခဲ့ရသည့် လဲ့ကျစ်က မှေးခနဲ အိပ်ပျော်သွားပြီး မူးဝေခြင်းနှင့်အတူ ပြန်နိုးလာခဲ့သည်။

သူမ နိုးလာချိန်တွင် အပြင်၌ နေဝင်ရီတရော ဖြစ်နေသော်လည်း ပြတင်းပေါက်မှ နေရောင်ခြည်က အခန်းအတွင်းသို့ ဖြာကျနေဆဲဖြစ်ကာ တခန်းလုံးကို အဝါရောင် မှိန်ဖျော့ဖျော့ ရိုက်နှိပ်ထားသည်။

လဲ့ကျစ်က အိပ်ရာမှ ထလိုက်ပြီး စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ စားပွဲပေါ်တွင် ထူးထူးခြားခြား အချိုပွဲပန်းကန်ပြားများစွာ ရှိနေသည်ကို သူမ တွေ့လိုက်ရပြီး သူမ၏ ဝမ်းဗိုက်ကို ပြန်ထိကြည့်လိုက်သည်။ ထိုအချိန်မှသာ သူမ ဘာမှ မစားရသည်မှာ အတော်ကြာနေပြီ ဖြစ်ကြောင်း သတိရသွားပြီး အံ့အားသင့်သွားရသည်။

သူမက လက်ဖက်ရည်ပူပူတစ်ခွက်ကို လောင်းထည့်လိုက်ပြီး အဆာပြေမုန့်များကို တတိတိ ကိုက်စားနေလိုက်သည်။

သူမ စားနေရင်းဖြင့် လီယောင်က အမှန်တကယ် ငဲ့ညှာတတ်သည့် မိန်းကလေးတစ်ယောက်ဟု တွေးနေခဲ့သည်။

တစ်ဝက်လောက်စားပြီးနောက်တွင် လဲ့ကျစ်က ဟော်တူ၏ခန္ဓာကိုယ်ပေါ်မှ အဆိပ်အတောက်များကို သတိရသွားပြီး သူ့ကို ကြည့်ရန် အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ သို့သော် သူမ တံခါးဖွင့်လိုက်သည်နှင့် အပြင်ဘက်၌ စောင့်နေသော အစေခံက သူမကို နှုတ်ဆက်လာသည်။

"ထိုက်ဇီဖေးကို နှုတ်ဆက်ပါတယ်"

အစေခံက တရိုတသေ ဦးညွှတ်အရိုအသေပေးပြီးမှ ထပ်ပြောလာပြန်သည်။

“ထိုက်ဇီဖေး နိုးလာတဲ့အခါ ရေပူစမ်းဆီ ခေါ်လာဖို့ အရှင့်သားက ဒီကျွန်ကို အမိန့်ပေးခဲ့ပါတယ်”

‘ရေပူစမ်းလား’

လဲ့ကျစ်တစ်ယောက် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လမ်းကို ဦးဆောင်နေသည့် အစေခံနောက်ကို လိုက်ရန် သူမ၏ခြေထောက်များကို မြှောက်လိုက်ရပြန်သည်။

အစေခံက တံခါးကို ပြန်မပိတ်မချင်း လဲ့ကျစ် ခဏမျှ တွေဝေနေသေးသည်။ ရေပူစမ်းကန်ထဲမှ မြူခိုးများက သူမ၏ အမြင်အာရုံကို မှုန်ဝါးစေပြီး သူမ ရေကန်ဆီသို့ တရွေ့‌ရွေ့ တိုးလာခဲ့သည်။ နောက်ဆုံးတွင် သူမ ရေပူစမ်းအနားသို့ ရောက်သွားခဲ့သည်။

ထိုနေရာတွင် မျက်လုံးမှိတ်ထားရင်း ရေပူစိမ်နေသည့် ဟော်တူကို သူမ တွေ့လိုက်ရသည်။

သူမ နီးကပ်လာသည်နှင့်အမျှ ဟော်တူ၏ မျက်နှာက မနေ့ညကလို ဖြူဖျော့မနေတော့ဘဲ ပိုကြည့်ကောင်းလာသည်ကို သူမ တွေ့လိုက်ရသည်။ ရေပူစမ်းကန်၏ အပူချိန်မြင့်ခြင်းကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သလို ယခုအချိန်တွင် သူ့မျက်နှာက အနည်းငယ် နီရဲနေလေသည်။

အရာအားလုံး အဆင်ပြေနေပုံရသောကြောင့် လဲ့ကျစ်လည်း စိတ်သက်သာရာရသွားခဲ့သည်။

"ကြည့်လို့ ဝပြီလား"

တိတ်ဆိတ်သောလေထုက ရုတ်တရက်ပြိုပျက်သွားပြီး လဲ့ကျစ်က အမှတ်တမဲ့ နောက်ပြန်ဆုတ်လိုက်မိသည်။

သူမ ဟော်တူကို စိုက်ကြည့်လိုက်ချိန်တွင် သူက သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လာသည်။

"မင်း ဘာလုပ်နေတာလဲ၊ ဆင်းလာလေ"

ဟော်တူက သူ့မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး တိုးတိုးလေး ပြောလာခဲ့သည်။

"ထိုက်ဇီဖေးက ရိုးသားမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"

ယနေ့မနက် သူမ ပြောခဲ့သည့် “ကျွန်မက အရှင့်သားကို သစ္စာရှိရှိနဲ့ ရိုးရိုးသားသား ဆက်ဆံမှာပါ” ဟူသော စကားကို သူက တမင်တကာ အဓိပ္ပာယ်အမှားဖြစ်အောင် ပြောနေခြင်းပင်။

လဲ့ကျစ်က သူမ၏ချယ်ရီရောင်နှုတ်ခမ်းလေးများကို သွေးထွက်လုနီးပါး ကိုက်မိတော့မတက်ဖြစ်နေပြီး သူမ၏ နှလုံးသားထဲမှ တင်းမာနေသည့် ကြိုးတစ်ချောင်းက ရုတ်တရက် လျှပ်တပြက် ခုန်ပေါက်လာပြန်သည်။

‘နင် ဘာလို့ ဒီလောက်မိုက်မဲနေတာလဲ.....’

ထိုအတွေးက သူမကိုယ်သူမ ပြန်မေးနေမိခြင်းပင်။

‘နင် ဒါကို စောစောထဲက ပြင်ဆင်ခဲ့တာ မဟုတ်ဘူးလား၊ ဒီကိစ္စက မင်္ဂလာဆောင်တဲ့ညမှာ ဖြစ်မယ်လို့ နင် ထင်ထားခဲ့တာ မဟုတ်ဘူးလား၊ အခုအချိန်အထိ နှောင့်နှေးနေတာကတောင် မဆိုးဘူးလို့ ပြောလို့ရနေပြီ’

‘ဒါက ဒါပဲ… ဘာပဲဖြစ်ဖြစ် အိပ်ခန်းထဲနဲ့ ရေပူစမ်းဆိုတဲ့ ခြားနားချက်တစ်ခုပဲ ရှိတယ်’

လဲ့ကျစ်က သူမခေါင်းထဲသို့ ရှုပ်ယှက်ခတ်နေသော အတွေးများ ထပ်မဝင်အောင် တားလိုက်ပြီး မျက်လွှာချကာ သူမ၏ခါးတွင် ပတ်ထားသော ခါးစည်းကြိုးကို ဖြည်လိုက်သည်။

“ရပြီ သွားတော့…”

ဟော်တူ မျက်လုံးဖွင့်လိုက်ပြီး ဘာမှ မပြောရသေးခင် သူမ၏အဝတ်အစားများ မြေပြင်သို့ ပြုတ်ကျသွားသည်ကို သူ တွေ့လိုက်ရသည်။

မူလက သူ သူမကို ကျီစားရန် စီစဉ်ထားပြီး သူမ၏မျက်နှာလေး နီရဲနေရာမှ ဖြူဖျော့သွားပြီး ရှုံးနိမ့်မှုအတွက် အံ့ကြိတ်နေခြင်းကို သူ မြင်ချင်ခဲ့သည်။ ထို့နောက် အထိတ်တလန့် ထွက်ပြေးသွားမည့် သူမ၏ အရှက်သည်းမှုကိုလည်း သူ ခံစားချင်ခဲ့သည်။

သို့သော် သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။

လဲ့ကျစ်က မျက်လွှာချထားပြီး ဟော်တူ မျက်လုံးဖွင့်လိုက်သည်ကို မမြင်သေးပေ။ သူမ၏ အပြင်ဝတ်များက လျောကျနေပြီး သူမ၏လက်ချောင်းလေးများက အတွင်းခံ၏ကြိုးကို ဖြေလျော့ရန် သူမ၏လည်ပင်းအနောက်ဘက်သို့ ရောက်ရှိနေသည်။

သူမ၏ သွယ်လျပြီး ပြေပြစ်လှပသော ခန္ဓာကိုယ်လေးက ပူပြင်းသော မြူခိုးများ ဝန်းရံထားသည့် လရောင်ကဲ့သို့ ဖြူစင်နေပြီး တစ်ဖက်လူကို ရိုင်းစိုင်းသော စိတ်ကူးယဉ်အတွေးများထဲသို့ နစ်မွန်းသွားစေနိုင်သည်။

သူမ၏အတွင်းခံက ချောင်သွားခဲ့သော်လည်း ကျွတ်မကျသေးပေ။ ဟော်တူ၏ လည်စလုပ်က အနည်းငယ် ရွေ့လျားသွားပြီး သူ့နားရွက်ဖျားလည်း နီရဲလာသည်။

သူက ပထမဆုံး သူ့၏မက်မွန်ပွင့်မျက်ဝန်းများကို မှိတ်ချလိုက်ပြီး သူ့၏ဝင်သက်ထွက်သက် ပြန်တည်ငြိမ်စေရန်နှင့် သူ့၏ထိတ်လန့်နေသော မျက်လုံးများကို ဖုံးကွယ်ရန် သူ့ခေါင်းကို အမြန် ပြန်လှည့်လိုက်သည်။

အတွင်းခံများ အားလုံး ချွတ်ပြီးသွားသည့် လဲ့ကျစ်က ပူပြင်းသော စမ်းရေတွင်းထဲသို့ အလျင်အမြန် ပြေးဝင်လိုက်သည်။ သို့သော် ကိုယ်လုံးတီး ဖြစ်နေသည့် ခံစားချက်က သူမကို အလွန်ထိတ်လန့်နေစေသည်။

########

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ပါးစပ်က နေ့တိုင်း နေ့တိုင်း ဘလာ ဘလာနဲ့ ပြောပြီး ဖြုန်းတီးပစ်နေတယ်... နင် တကယ် ​မလုပ်​နိုင်​ဘူးမလား....

ဟော်တူ : “......”

All Chapters