အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
အခန်း (၅၁)
ဝမ်တန်ကျိက ထိုသို့တွေးနေသော်လည်း ဇွန်ဘီးဝံပုလွေလူသားကတော့ ထိုသို့မဟုတ်ပေ။ ကစားသမားများ စိတ်ကူးယဉ်နေခြင်း ဟုတ်မဟုတ်ကို ၎င်းက ဂရုမစိုက်ဘဲ ကစားသမားများ၏ အစွမ်းကိုသာ ဂရုစိုက်လေသည်။
ဉာဏ်ရည်သိပ်မမြင့်သော ဂိတ်စောင့်ဘော့စ်တစ်ကောင်ဖြစ်သည့်တိုင် ဇွန်ဘီးဝံပုလွေလူသားသည် သူ့ရှေ့ရှိ သားကောင်ကို စွန့်လွှတ်လိုက်ပြီး အကွာအဝေးတစ်ခုမှ တဖြည်းဖြည်း ချဉ်းကပ်လာနေသော ပစ်မှတ်နှစ်ခုကို သတိကြီးစွာဖြင့် စိုက်ကြည့်နေတော့သည်။ ဤအချက်ကပင် ထိုကစားသမားနှစ်ဦး မည်မျှအစွမ်းထက်ကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။
သူတို့ တစ်ဦးကိုတစ်ဦး ခေါ်ဝေါ်ပုံအရ သူတို့မှာ ပြိုင်ဘက်ကင်းဗိုလ်ချုပ် ပန်ဖုန်းနှင့် စစ်သည်တော်တစ်ထောင် ဟွာရှုံတို့ ဖြစ်လိမ့်မည်ဟု ရှောင်တန် ခန့်မှန်းလိုက်သည်။ ဇာတ်လမ်းစတင်ကတည်းက ကစားသမားများမှာ လူစုကွဲနေခဲ့ပြီး သူတို့၏ အမည်နှင့် ဘွဲ့ထူးများကို ဦးခေါင်းပေါ်တွင် ဖော်ပြထားခြင်း မရှိတော့ပေ။ အဖွဲ့စာရင်းတွင်သာ သူတို့၏ အမည်၊ အဆင့်နှင့် အသက်ရှင်ခြင်း ရှိမရှိကိုသာ ပြသထားတော့သည်။ ထို့ကြောင့် ရှောင်တန်အနေဖြင့် သူတို့၏ ဘွဲ့ထူးများကို မသိရှိရသလို သူတို့၏ အစွမ်းအဆင့်ကိုလည်း ခန့်မှန်း၍ မရနိုင်ပေ။ သို့သော် ဤနှစ်ယောက်မှာ သူ့ကို ကယ်တင်ရန် ကိုယ်တိုင်ဆန္ဒပြုလာကြပြီး ယခုကဲ့သို့ စကားမျိုး ပြောရဲကြသဖြင့် ဤဘော့စ်ကို အနိုင်ယူရန်မှာ ပြဿနာရှိလိမ့်မည် မဟုတ်ပေ။
“ဗိုလ်... ဗိုလ်ချုပ်ကြီး နှစ်ပါးခင်ဗျာ”
ရှောင်တန်က အတော်လေး ကိုးရိုးကားယားဖြင့် ပြောလိုက်သည်။
“ဒီအောက်မှာ BW Zombie တွေ အများကြီး ရှိနေတယ်ဗျ၊ ဒီမီနီဘော့စ်ကို အပေါ်ကို မျှားခေါ်သွားတာက... အား”
သူ စကားပြောနေရင်းပင် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
မစိုးရိမ်ပါနဲ့။ သူ ကိုက်ခံလိုက်ရတာ မဟုတ်ပါဘူး။ သူ့နောက်ဘက်ရှိ ကားပါကင်ထဲတွင် ဇွန်ဘီး ငါးကောင် ခြောက်ကောင်ခန့် ရှိနေသော်လည်း ရှောင်တန်အနားသို့ မရောက်ရှိသေးပေ။ အမှန်တော့ ထိုဇွန်ဘီးများကို ကန့်လန့်ဖြတ်လက်ရန်းများက တားဆီးထားသဖြင့် အထူးတလည် ဂရုစိုက်နေရန် မလိုပေ။ သူတို့သည် ဉာဏ်ရည်နိမ့်ပါးလှသဖြင့် လက်ရန်းကို မည်သို့ခုန်ကျော်ရမည်ကို မသိကြဘဲ လက်ရန်းကိုသာ သူတို့၏ နံရိုးများဖြင့် အတင်းတိုးဝှေ့နေကြခြင်း ဖြစ်သည်။
ရှောင်တန် အော်ဟစ်လိုက်ရခြင်း အကြောင်းရင်းမှာ မယုံနိုင်စရာ ကောင်းသောအရာတစ်ခုကို မြင်လိုက်ရခြင်းကြောင့်ပင်။
ဗိုလ်ချုပ်ကြီး ပန်သည် ပုဆိန်ကို ခေါင်းပေါ်မြှောက်ကိုင်ကာ အထက်သို့ မြင့်မားစွာ ခုန်တက်လိုက်သည်။ သူ့ခန္ဓာကိုယ် ပြန်အကျတွင် ပုဆိန်ကို စောင်း၍ ခုတ်ချလိုက်လေသည်။ ကြည့်ရသည်မှာ ထိုမျှ မမြန်လှသော်လည်း သူ၏ တိုက်ခိုက်မှုထောင့်နှင့် လှုပ်ရှားမှုမှာ ထိုဇွန်ဘီးဝံပုလွေလူသားကြီး မည်သို့မျှ မရှောင်တိမ်းနိုင်အောင် လုံလောက်လှသည်။
မကောင်းဆိုးဝါးက ဒေါသတကြီး ဟိန်းဟောင်ကာ ကာကွယ်ရန်အတွက် သူ့လက်သည်းများကို ပင့်မြှောက်လိုက်သည်။ မထင်မှတ်ဘဲ ပန်ဝူရွှမ်းလက်ထဲမှ လက်နက်သည် မကောင်းဆိုးဝါး၏ လက်မောင်းပေါ် ခုတ်ချလိုက်သည့် ခဏတွင် အရှိန်က ရုတ်တရက် မြင့်တက်သွားတော့သည်။ ပုဆိန်သွားမှာ အေးစက်စက် အလင်းတန်းတစ်ခုအဖြစ် လျှပ်စီးကဲ့သို့၊ ကြယ်တံခွန်ကဲ့သို့ လျင်မြန်စွာ လက်ခနဲ ဖြစ်သွားပြီး မကောင်းဆိုးဝါး၏ လက်မောင်းတစ်ဝက်ကို ဖြတ်တောက်သွားတော့သည်။
ထိုသို့ဖြင့် ဇွန်ဘီးဝံပုလွေလူသား၏ ဧရာမလက်မောင်းကြီးတစ်ဖက်မှာ ပြတ်တောက်ပြီး လွင့်ထွက်သွားတော့သည်။ ၎င်း နာကျင်စွာ မဟိန်းဟောင်နိုင်မီ ဟွာရှုံ၏ လှံက ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုတိုက်ခိုက်မှုက ဇွန်ဘီးဝံပုလွေလူသား၏ လှုပ်ရှားမှုထက်ပင် ပိုမိုမြန်ဆန်လှသဖြင့် ဇွန်ဘီးဝံပုလွေလူသား၏ ဒူးခေါင်းမှာ ထိုးဖောက်ခံလိုက်ရသည်။
၎င်း၏ ဘယ်ဘက်လက်မောင်းက ပုဆိန်ဖြင့် အခုတ်ခံရပြီး ညာဘက်ဒူးမှာမူ လှံသွားဖြင့် ထိုးဖောက်ခံလိုက်ရသည်။ ဇွန်ဘီးဝံပုလွေလူသား၏ ကိုယ်ခန္ဓာသည် အပေါ်ပိုင်းက ပိုကြီးသဖြင့် အစကတည်းက အလေးသာနေခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဒဏ်ရာ နှစ်ချက်ရရှိပြီးနောက်တွင်မူ ၎င်းမှာ ဟန်ချက်ပျက်သွားကာ ညာဘက်သို့ လဲကျသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
နောက်တစ်စက္ကန့်တွင် ဝံပုလွေ၏ မျက်လုံးများထဲ၌ အေးစက်သောအလင်းတစ်ခု လက်ခနဲ ဖြစ်သွား၏။ ‘ဗုန်း’ ခနဲ အသံနှင့်အတူ ပုဆိန်မှာ မြေပြင်ပေါ်သို့ ခုတ်ချလိုက်ပြီး သွေးများ ပန်းထွက်လာတော့သည်။ ထို့နောက် ဝံပုလွေဦးခေါင်းသည် လမ်းစောင်းအတိုင်း ဖြည်းဖြည်းချင်း လိမ့်ဆင်းသွားလေတော့သည်...။
ရှောင်တန် လုံးဝ ကြက်သေသေသွားမိသည်။ ထိုနှစ်ယောက်သည် သုံးကွက်အတွင်းမှာပင် မီနီဘော့စ်ကို အနိုင်ယူလိုက်ကြခြင်းဖြစ်သည်။ သူတို့ မည်မျှအစွမ်းထက်ကြသနည်း။ သူတို့က သူ့ထက် အဆင့် နှစ်ဆင့်သာ မြင့်သည်ဟု ဆိုသော်လည်း စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
“အီး”
သူ့နောက်ဘက်ရှိ BW Zombie ၏ ညည်းတွားသံက သူ့ကို လက်ရှိဘဝသို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။
ရှောင်တန် နောက်သို့ လှည့်ကြည့်လိုက်သောအခါ လက်ရန်းနောက်ကွယ်တွင် ဇွန်ဘီး ၁၀ ကောင်ထက်မနည်း စုရုံးနေကြပြီး မှောင်မည်းနေသော ကားပါကင်၏ အတွင်းပိုင်းတွင်မူ မရေမတွက်နိုင်သော ဇွန်ဘီးအရိပ်များကို မြင်တွေ့နေရသည်။
“ညီလေး၊ ငါတို့နဲ့အတူ မြေပြင်ပေါ် ပြန်လိုက်ခဲ့မလား”
ပန်ဖုန်းက မေးလိုက်သည်။
ရှောင်တန် ချက်ချင်းပင် ပြန်ဖြေလိုက်မိသည်။
“ကောင်းပါပြီ၊ ကောင်းပါပြီ... အရင်ဆုံး မကောင်းဆိုးဝါးတွေမရှိတဲ့ နေရာတစ်ခုကို သွားကြရအောင်”
သူ ကပျာကယာလိုက်သွားပြီး ဇွန်ဘီးဝံပုလွေလူသား၏ အလောင်းနားမှ ဖြတ်သွားချိန်တွင် ခေါင်းမပါသော ထိုအလောင်းကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ...။
...
‘အခြေစိုက်စခန်း’ မှ ထွက်ခွာလာပြီးနောက် ဖုန်းပုကြွယ်သည် အာလာမူအဆောက်အအုံဆီသို့ ဦးတည်နေခဲ့သည်။ ထိုနေရာမှာ သူ့အသင်းဖော်များကို ရှာတွေ့နိုင်ခြေ အရှိဆုံးနေရာဖြစ်ကြောင်း သူ သိသည်။ ယခုအချိန်တွင် သူမျှော်လင့်နိုင်သည်က ရှောင်တန်နှင့် အခြားကစားသမားနှစ်ဦးတို့ သူ ရောက်မလာမီ အဆောက်အအုံထဲသို့ မစဉ်းမစားဝင်မသွားကြရန်ပင် ဖြစ်သည်။
ပင်မတာဝန်ထဲမှ ပရော်ဖက်ဆာ အက်ရှ်ဖို့ဒ်ကို ကယ်တင်ရန်အတွက် သူအလျင်မလိုပေ။ အမှန်အတိုင်း ပြောရလျှင် ပရော်ဖက်ဆာ သေဆုံးသွားခြင်းက ကိစ္စမရှိချေ။ အဘယ်ကြောင့်ဆိုသော် ပရော်ဖက်ဆာ သေဆုံးခြင်းက ဇာတ်လမ်းရှုံးနိမ့်သွားခြင်း ဖြစ်သည်ဟု စနစ်က မပြောထားသောကြောင့်ပင်။ ဤသည်မှာ အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ် ဖြစ်သည်။ ကစားသမားအားလုံး သေဆုံးသွားမှသာ ဇာတ်လမ်း ရှုံးနိမ့်မည် ဖြစ်သည်။ ဇာတ်လမ်းထဲမှ ဇာတ်ကောင်တစ်ဦး သေဆုံးခြင်းက အလွန်ဆုံးဇာတ်လမ်း၏ ခက်ခဲမှုကိုတိုးစေခြင်း သို့မဟုတ် ဇာတ်လမ်းအဆုံးသတ်ကို ပြောင်းလဲစေခြင်းသာ ဖြစ်ပေလိမ့်မည်။
ဖုန်းပုကြွယ်တစ်ယောက်တည်း ရှိနေစဉ်ကပင် BW Zombie အကောင် ၅၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ အမှန်တော့ သူသာ ဆန္ဒရှိပါက ပို၍ပင် သတ်နိုင်ပါသေးသည်။ သို့သော် သူသည် မကောင်းဆိုးဝါးများ၏ တုံ့ပြန်မှုကိုစမ်းသပ်ရန် အမျိုးမျိုးသော ‘စမ်းသပ်ချက်’ များကို လုပ်ဆောင်နေခဲ့သဖြင့် အချိန်အနည်းငယ် ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ပြီးနောက် သူ၏ ပစ်ခတ်ရေးကျွမ်းကျင်မှု မှာ F မှ E သို့ တက်လှမ်းသွားခဲ့သော်လည်း တိုက်ခိုက်ရေးကျွမ်းကျင်မှုမှာမူ E အဆင့်မှာသာ ရှိနေသေးသည်။ အစစ်အမှန် လက်နက်မဟုတ်သော လက်နက်နှစ်ခုကို အသုံးပြု၍ ကခုန်ရင်း မကောင်းဆိုးဝါးများကို ခေါင်းဖြတ်နေခြင်းက သူ၏ တိုက်ခိုက်ရေးကျွမ်းကျင်မှုကို D အဆင့်သို့ ရောက်အောင် ပို့ဆောင်ပေးနိုင်မည် မဟုတ်ပုံရသည်။ သူ့အတွေးလမ်းကြောင်းကို ပြောင်းလဲရန် လိုအပ်ပေမည်။
ဖုန်းပုကြွယ်သည် ရီရူလီကို သတိရသွားမိသည်။ သူမ၏ သန့်ရှင်းသပ်ရပ်ပြီး လှပသော လှုပ်ရှားမှုများကို သူသတိရမိသည်။ လက်ရှိအချိန်တွင် သူထိုသို့ မလုပ်နိုင်သေးသည်မှာ အမှန်ပင်။ ဖြစ်နိုင်သည်မှာ သူလုပ်နိုင်သွားသည့်အခါ သူ၏ တိုက်ခိုက်ရေးကျွမ်းကျင်မှုက D အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
မှန်ပါသည်၊ ဂဏန်းများကဲ့သို့ နှေးကွေးလှသော မကောင်းဆိုးဝါးများကို တိုက်ခိုက်နေခြင်းက သူ့ကို ထိုအဆင့်သို့ ရောက်ရှိအောင် လေ့ကျင့်ပေးနိုင်မည် မဟုတ်ပေ။ အနည်းဆုံးတော့ သူသည် သူနှင့် အစွမ်းချင်းတူညီသော သို့မဟုတ် သူ့ထက် ပိုမိုအစွမ်းထက်သော မကောင်းဆိုးဝါးများကို ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုအခါမှသာ သူ၏ တိုက်ခိုက်ရေးကျွမ်းကျင်မှုကို အဆင့်မြှင့်တင်ရန် အခွင့်အရေး ရရှိပေလိမ့်မည်။
လက်ရှိတွင် ဖုန်းပုကြွယ်၏ အဓိကဦးစားပေးသည် အက်ခိုးချပ်ဝတ်ကို တပ်ဆင်နိုင်ရန် ဖြစ်သည်။ သူ၏ အထွေထွေကျွမ်းကျင်မှု ကို C အဆင့်သို့ မြှင့်တင်ရန်မှာ မလွယ်ကူကြောင်း သူသိသော်လည်း လက်မှုပညာကျွမ်းကျင်မှုကို D အဆင့်သို့ ရောက်အောင်တော့ ကြိုးစားကြည့်သင့်သည်။ ဘာပဲဖြစ်ဖြစ် ဒါက တစ်ဆင့်ပဲကွာတာ မဟုတ်လား။
လမ်းတစ်လျှောက်တွင် သူသည် ဇာတ်လမ်းမှ ပေးအပ်ထားသော လွတ်လပ်ခွင့်ကို အသုံးပြု၍ အကျိုးအမြတ်များ မည်သို့ ပိုမိုရရှိအောင် လုပ်ရမည်ကို စဉ်းစားနေခဲ့သည်။ မကောင်းဆိုးဝါးများကို တွေ့လျှင် သူရှောင်ကွင်းသွားသည်။ မကြာမီတွင် သူသည် အာလာမူအဆောက်အအုံဆီသို့ နီးကပ်လာခဲ့သည်။ သူသည် ထိုအဆောက်အအုံနှင့် လမ်းအနည်းငယ်သာ ကွာဝေးတော့သည်။
ထိုအချိန်တွင် ဖုန်းပုကြွယ်သည် သူ့ပတ်ဝန်းကျင်၌ BW Zombie အရေအတွက် တိုးပွားလာသည်ကို သတိပြုမိလိုက်ပြီး... အသတ်ခံထားရသော ဇွန်ဘီးအချို့ကိုလည်း သူ မြင်လိုက်ရသည်။
ထို့ကြောင့် ထိုလူသည် စိတ်ဝင်တစားဖြင့် ဇွန်ဘီများကို ‘ရင်ခွဲစစ်ဆေးခြင်း’ သွားလုပ်လေတော့သည်...။ သူသည် အရင်ဆုံး အလောင်းတစ်ခုဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ကြေမွနေသော ဦးခေါင်းခွံနှင့် မြေပြင်ပေါ်ရှိ အရည်များကို ကြည့်ရှုပြီး ဒဏ်ရာကို သေသေချာချာ လေ့လာလိုက်သည်။ ထို့နောက် အလောင်းပေါ်ရှိ အခြားဒဏ်ရာများကိုလည်း စစ်ဆေးကြည့်နေရာ လူသတ်မှု ဖြစ်ပွားရာနေရာကို စုံစမ်းစစ်ဆေးနေသော ရဲစုံထောက်တစ်ဦးနှင့်ပင် တူနေတော့သည်။
“ဟမ်၊ ဒါက ဘေ့စ်ဘောတုတ်နဲ့ လုပ်ထားတာလား”
သူ တွေးလိုက်သည်။
“ပထမဆုံး အရှေ့ကနေ တစ်ချက်ရိုက်တယ်၊ ပြီးတော့ ဘေးကနေ နောက်တစ်ချက်၊ နောက်ကနေ တစ်ချက်... ဒါ ရှောင်တန် လုပ်တာများလား”
သူသည် မတ်တတ်ရပ်လိုက်ပြီး ဂွကို ကောက်ကိုင်ကာ သူ့အနားသို့ ချဉ်းကပ်လာသော မကောင်းဆိုးဝါး တစ်ကောင်ကို ရိုက်ချလိုက်သည်။ ၎င်း၏ ရင်ဘတ်ကို နင်းကာ ဦးခေါင်းခွံကို ဖောက်ထုတ်ပစ်လိုက်သည်။
“ဒါပေမဲ့ ဘေ့စ်ဘောတုတ်က အလွယ်တကူ ရနိုင်တဲ့ လက်နက်တစ်ခုပဲ၊ ‘နာမည်ပေးရတာ ခက်လိုက်တာ’ ဆိုတဲ့ လူမှာလည်း အဲ့ဒါတွေ အများကြီး ရှိနေပုံရတယ်”
သူ တွေးလိုက်သည်။
“ဒါဆိုရင် တခြားကစားသမား နှစ်ယောက်ကလည်း ဘေ့စ်ဘောတုတ်ကို လက်နက်အဖြစ် သုံးနေနိုင်တာကို ငါလျစ်လျူရှုလို့ မရဘူးပေါ့”
ထိုသို့ တွေးတောရင်း သူအရှေ့သို့ ဆက်လျှောက်သွား၏။ မထင်မှတ်ဘဲ ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်တွင် အကွာအဝေးတစ်ခု၌ စုပြုံလဲလျောင်းနေသော အလောင်းခုနစ်လောင်း ရှစ်လောင်းခန့်ကို သူ မြင်လိုက်ရသည်။ သူတို့အားလုံးသည် ဦးခေါင်းများ အဖြတ်ခံထားရသော်လည်း ထိုဦးခေါင်းများက လှုပ်ရှားနေဆဲ ဖြစ်သည်။ လေပြွန်မရှိတော့သဖြင့် သူတို့ မည်သည့်အသံမျှ မထွက်နိုင်ကြပေ။ အဖြတ်ခံထားရသော ဦးခေါင်းများသည် ပါးစပ်များကိုသာ ဟစိဟစိ လုပ်နေကြပြီး သူတို့၏ မေးရိုးများက တစ်ခုခုကို ဝါးနေသကဲ့သို့ လှုပ်ရှားနေကြလေသည်။
“အမ်... ဒါကတော့ သူလုပ်တာ မဟုတ်လောက်ဘူး...”
အခန်း (၅၂)
ညနေ ၃ နာရီခန့်တွင် အာလာမူအဆောက်အအုံအတွင်း၌ ပန်ဖုန်းနှင့် ဟွာရှုံတို့သည် ရှောင်တန်ကို ဦးဆောင်ကာ အပေါ်ဆုံးထပ်သို့ တောက်လျှောက် တက်လှမ်းနေကြသည်။
အဆောက်အအုံအတွင်းရှိ မြေညီထပ်မှ ၅၂ ထပ်အထိ ပြေးဆွဲသော ဓာတ်လှေကားမှာ ပျက်စီးနေပြီဖြစ်သည်။ မြေညီထပ်ရှိ မီးဘေးထွက်ပေါက်လှေကားသည်လည်း ဖောက်ခွဲဖျက်ဆီးခံထားရသည်။ သို့သော်လည်း အခြားအထပ်များသို့ သွားသော ဓာတ်လှေကားများမှာမူ အလုပ်လုပ်နေဆဲ ဖြစ်သည်။
သူတို့သည် ပထမထပ်မှ သတ္တမထပ်အထိ ဓာတ်လှေကားများစွာစီးခဲ့ရပြီး ထိုမှတစ်ဆင့် တတိယထပ်အထိ လှေကားဖြင့် ဆင်းကာ ထို့နောက် ၁၀ ထပ်မှ အခြားဓာတ်လှေကားတစ်ခုကို ထပ်စီးကြပြန်သည်။ အကွေ့အကောက်များစွာကို ဖြတ်ကျော်ပြီးနောက် နောက်ဆုံးတွင် ၄၂ ထပ်သို့ ရောက်ရှိသွားကြသည်။
လမ်းခရီးတွင် မီနီဘော့စ်အဆင့်ရှိ မကောင်းဆိုးဝါးနှစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း ပန်ဖုန်းနှင့် ဟွာရှုံတို့၏ တိုက်ခိုက်ရေးစွမ်းရည်ရှေ့တွင် ထိုမီနီဘော့စ်များမှာ ပြန်ပင် မခုခံနိုင်ကြပေ။ နှစ်မိနစ်၊ သုံးမိနစ်အတွင်းမှာတင် မြေပြင်ပေါ်သို့ ခုတ်ချခံလိုက်ရတော့သည်။ သာမန် BW Zombie များအကြောင်းကိုတော့ ပြောနေရန်ပင် မလိုတော့ပေ။ ၎င်းတို့ကို ဟင်းသီးဟင်းရွက် ခုတ်ထွင်သလိုမျိုး အလွယ်တကူပင် ရှင်းလင်းနိုင်ခဲ့သည်။
ရှောင်တန်သည် သူတို့နောက်မှ လိုက်ပါလာရင်း အံ့အားသင့်ကာ မျက်လုံးအပြူးသား ဖြစ်နေရသည်။ တိုက်ပွဲနှင့် ပတ်သက်ပါက သူ ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးပင် မရှိခဲ့ပေ။ သူသည် ရွှေတံဆိပ်ဆုရ တိုက်ခိုက်ရေးသမားနှစ်ဦးကို ခေါ်ဆောင်ကာ နယ်မြေရှင်းလင်းနေသော မာဖီးယားဂိုဏ်းချုပ်တစ်ဦးကဲ့သို့ ခံစားနေရသည်။ သူ လုပ်နိုင်သည်မှာ တစ်ချိန်လုံး ဘေးကနေ ကြည့်နေရုံသာ ဖြစ်သည်။
“အစ်ကိုတို့...”
ရှောင်တန်သည် ၄၂ ထပ်နှင့် ၄၃ ထပ်ကြားရှိ လှေကားတွင်ရှိနေစဉ် နောက်ဆုံး မအောင့်နိုင်တော့ဘဲ မေးလိုက်မိသည်။
“အစ်ကိုတို့က မြေညီထပ်ကနေ အပေါ်ဆုံးထပ်အထိ အကုန်သတ်ပြီးမှ အပေါ်ဆုံးထပ်ကနေ အောက်ကို ပြန်သတ်ပြီး ဆင်းလာမလို့လား”
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး”
ဟွာရှုံက ပြန်ဖြေသည်။
“ငါတို့က ပရော်ဖက်ဆာ အက်ရှ်ဖို့ဒ်ကို သွားကယ်မလို့လေ”
ရှောင်တန်တစ်ယောက် ထိုစကားကို ကြားသောအခါ ခဏတန့်သွား၏။
“အဲ... ဟိုလေ... ကျွန်တော် ဒါကိုပြောဖို့ နောက်ကျသွားမလားတော့ မသိဘူး၊ ကျွန်တော် ပထမထပ်တုန်းက အဆောက်အအုံရဲ့ ပုံစံကို တစ်ချက်ကြည့်ခဲ့မိတယ်၊ သုတေသနဌာနက အောက်ထပ်မှာ တည်ဆောက်ထားတာပါ၊ အပေါ်ထပ်မှာ မဟုတ်ဘူး...”
ယုတ္တိဗေဒအရဆိုလျှင် သူတို့မှာ ဤအဆင့်အထိ တိုက်ခိုက်လာခဲ့ပြီးပြီ ဖြစ်သဖြင့် တစ်ဖက်လူက ထိုသို့ ပြန်ပြောသင့်ပေသည်။
“ဘာလို့ အစောကြီးကတည်းက မပြောတာလဲ”
ထူးဆန်းသည်မှာ ထိုနှစ်ယောက်မှာ တည်တည်ငြိမ်ငြိမ်ပင် ရှိနေကြခြင်းဖြစ်သည်။ ဟွာရှုံက လှည့်ကြည့်လာကာ ရယ်မောလိုက်သည်။
“ဟားဟား၊ ညီလေးရာ... သုတေသနဌာနက မြေအောက်မှာရှိမှန်း ငါတို့ သိတာပေါ့၊ ဒါပေမဲ့ ဒေါက်တာက သုတေသနဌာနထဲမှာ ရှိချင်မှ ရှိမှာလေ”
ရှောင်တန်က စိတ်ထဲမှ တွေးလိုက်မိသည်။
‘တကယ်လို့ ပရော်ဖက်ဆာက သုတေသနဌာနထဲမှာမရှိရင် ဘယ်မှာ ရှိရမှာလဲ၊ အိမ်သာထဲမှာ ပုန်းနေတာတော့ မဟုတ်လောက်ပါဘူးနော်’
သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များ၏ ထုံးစံအရ ဗိုင်းရပ်စ်ပျံ့နှံ့ပြီးနောက် ဤကဲ့သို့သော သုတေသီများသည် များသောအားဖြင့် မိမိကိုယ်ကိုယ်ကာကွယ်ရန် ဘေးကင်းလုံခြုံသော သီးခြားခွဲထုတ်ထားသည့် နေရာမျိုးကို ရှာဖွေလေ့ရှိပြီး ထို့နောက်မှ ဗိုင်းရပ်စ်ကိုထိန်းချုပ်ရန် နည်းလမ်းရှာခြင်း သို့မဟုတ် အကူအညီတောင်းခြင်းများ ပြုလုပ်တတ်ကြသည်။ အဆောက်အအုံ၏ အပေါ်ဆုံးထပ်သည် ပုံစံကားချပ်ထဲတွင် ‘ရုံးခန်းဧရိယာ’ ဟုသာ မှတ်သားထားခြင်းဖြစ်သည်။ အကယ်၍ ဒေါက်တာ အက်ရှ်ဖို့ဒ်သာ ထိုနေရာတွင် ရှိနေခဲ့ပါက သူအစားခံလိုက်ရပြီးလောက်ပြီ ဖြစ်သည်။
သူ့စိတ်ထဲတွင် သံသယများ ရှိနေသော်လည်း ရှောင်တန် အပြင်ထုတ်မပြောခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူသည် မကောင်းဆိုးဝါးများကို တိုက်ခိုက်နေရန် မလိုဘဲ သူတို့နောက်မှ လမ်းလျှောက်လိုက်ရုံသာ ဖြစ်သည်။ လမ်းမှားနေခြင်းဖြစ်ကြောင်း သက်သေပြနိုင်သည့်တိုင် ထိုဦးလေးကြီး နှစ်ယောက်နောက်ကိုသာ လိုက်သွားပြီး သတ်ဖြတ်ရုံသာ ရှိတော့သည်။
...
မိနစ်အနည်းငယ် အစောပိုင်းက ဖုန်းပုကြွယ်သည်လည်း အဆောက်အအုံအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။ လမ်းခရီးတစ်လျှောက်တွင် သူသည် အလောင်းများပေါ်ရှိ ဒဏ်ရာများနှင့် သွေးကွက်များပေါ်ရှိ ခြေရာများကို လေ့လာနေခဲ့သည်။ သူ အခြေခံအားဖြင့် ကောက်ချက်ချလိုက်သည်ကား... ရှောင်တန်နှင့်အတူ လူနှစ်ယောက် ရှိနေသည်။ တစ်ယောက်က အသွားပါသော လေးလံသည့်လက်နက်ကို သုံးပြီး၊ နောက်တစ်ယောက်က လှံကဲ့သို့သော အရာကို သုံးသည်။ ထို့အပြင် ထိုနှစ်ယောက်သည် တိုက်ခိုက်ရေးတွင် အလွန်အစွမ်းထက်ကြပြီး မကောင်းဆိုးဝါးအားလုံးကို တစ်ချက်တည်းဖြင့် သတ်နိုင်ကြသည်။
ရှေ့က ဦးဆောင်သွားနေသော လူသုံးယောက်၏ စွမ်းဆောင်ရည်မှာ ကောင်းမွန်လှသဖြင့် ဖုန်းပုကြွယ်ရှေ့ဆက်ရမည့် လမ်းမှာ အများကြီး ပိုလွယ်ကူသွားပေသည်။ အဆောက်အအုံထဲ ဝင်ပြီးနောက် သူရင်ဆိုင်ရသော မကောင်းဆိုးဝါး အရေအတွက်မှာ အလွန်ပင် နည်းပါးလှသည်။ သူသည် အဆောက်အအုံမြေပုံကို ကြည့်လိုက်ပြီး မြေအောက် သုတေသနဌာနဆီသို့ ဦးတည်တော့သည်။ ထိုသုံးယောက်က အပေါ်ဆုံးထပ်သို့ ဦးတည်သွားလိမ့်မည်ဟု သူမထင်ထားသဖြင့် သူ့အသင်းဖော်များမှာ အောက်ထပ်သို့ ဆင်းသွားကြသည်ဟုသာ သူ တွေးလိုက်သည်။
ထို့ကြောင့် ဖုန်းပုကြွယ်သည် ကော်ရစ်ဒါတစ်ခုတွင် အောက်ထပ်သွားသော ဓာတ်လှေကားကို ရှာတွေ့ပြီး စီးနင်းလိုက်လေသည်။
ဓာတ်လှေကားက အလွန်ကျယ်ဝန်းလှသည်။ အမှန်အတိုင်းပြောရလျှင် ဂိမ်းထဲသို့ ဝင်ရောက်သည့် လော့ဂ်အင်ခန်းမနေရာနှင့်ပင် ဆင်တူနေသေးသည်။ သို့သော် ၎င်းနောက်ဘက်တွင် မှန်နံရံမရှိသလို ဘေးတွင်လည်း ထိတွေ့မျက်နှာပြင် မရှိပေ။ ဓာတ်လှေကားအတွင်း သွေးကွက်အချို့ ရှိနေသော်လည်း အလောင်းများ သို့မဟုတ် ကိုယ်ခန္ဓာအစိတ်အပိုင်းများ မရှိပေ။ ထိုဓာတ်လှေကားသည် ပထမထပ်နှင့် မြေအောက်သုတေသနဌာနကြားသာ ပြေးဆွဲသဖြင့် ခလုတ်ခုံပေါ်တွင် ခလုတ် ငါးခုခြောက်ခုခန့်သာ ရှိသည်။ ဖုန်းပုကြွယ်သည် မြေအောက်ထပ်ခလုတ်ကို နှိပ်လိုက်ပြီး တံခါးပိတ်ခလုတ်ကို နှိပ်လိုက်သည်။ မကြာမီတွင် ဓာတ်လှေကားက စတင်ရွေ့လျားလာတော့သည်။
အစောပိုင်းက သူမြင်တွေ့ခဲ့သော ‘တိုက်ပွဲမှတ်တမ်းများ’ အရ ဤကဲ့သို့ အလုံပိတ်ပတ်ဝန်းကျင်မျိုးတွင် BW Zombie များအနေဖြင့် ပန်၊ ဟွာနှင့် ဝမ် တို့၏ လက်မှ လွတ်မြောက်ရန် ခက်ခဲလိမ့်မည်ဟု သူ ခံစားမိသည်။ သို့သော်လည်း သူသည် လွတ်မြောက်သွားသော မကောင်းဆိုးဝါး ရှိလာနိုင်ခြေကို ကြိုတင်ကာကွယ်သည့်အနေဖြင့် သူ့လက်ထဲတွင် ဂွကို ကိုင်ထားဆဲ ဖြစ်သည်။ ထိုသို့ ဖြစ်နိုင်ခြေမှာ အလွန်ပင် နည်းပါးလှသော်လည်းပေါ့...။
ဓာတ်လှေကားတံခါး ပွင့်တော့မည့်ဆဲဆဲတွင် ရုတ်တရက် ဇွန်ဘီးများ၏ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ဤအချက်က ဖုန်းပုကြွယ်ကို အလစ်အငိုက် မိသွားစေသည်။ တံခါးအပြင်ဘက်မှ လက်တစ်ဖက် ဝင်လာသည်ကို သူ မြင်လိုက်ရပြီး နောက်ထပ် လက်တစ်ဖက်ကလည်း ထပ်ဝင်လာပြန်သည်...။
တံခါး အပြည့်အဝမပွင့်မီမှာပင် ဇွန်ဘီး သုံးလေးကောင်ခန့် အခန်းထဲသို့ ပြေးဝင်လာကြသည်။ ပြန်ကြည့်လိုက်သောအခါ ကော်ရစ်ဒါထဲတွင် မကောင်းဆိုးဝါး အကောင် ၂၀ မှ ၃၀ ခန့် ရှိနေလေသည်။ သူတို့ထဲမှ အများစုသည် အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံများနှင့် လုံခြုံရေးဝတ်စုံများကို ဝတ်ဆင်ထားကြခြင်းဖြစ်သည်။ သူတို့ ညည်းတွားနေစဉ် ပါးစပ်များမှ တံတွေးများ ယိုစီးကျနေပြီး ခန္ဓာကိုယ်များမှ အလောင်းပုပ်နံ့များ ထွက်ပေါ်နေလေသည်။
ဖုန်းပုကြွယ်မှာ အလစ်တိုက်ခံလိုက်ရသော်လည်း တည်ငြိမ်စွာဖြင့် မှန်မှန်ကန်ကန် တုံ့ပြန်နိုင်ခဲ့သည်။ သူ့ပါးစပ်ထဲတွင် ရှိနှင့်ပြီးသား ကြက်သွန်ဖြူကို ဝါးလိုက်ရင်း မီးဖိုချောင်သုံးဓားကို ထုတ်ယူလိုက်၏။ အခြားလက်တစ်ဖက်ရှိ ဂွ၏ အကူအညီဖြင့် သူနှင့် အနီးဆုံးရှိသော မကောင်းဆိုးဝါး၏ ဦးခေါင်းကို ချိန်ရွယ်လိုက်တော့သည်။
မကောင်းဆိုးဝါး အနည်းငယ်ကို အမြန်သတ်ပြီးနောက် သူသည် အလွန်တုန်လှုပ်ဖွယ်ရာ အချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ယခု သူ့ထံသို့ ပြေးဝင်လာသော မကောင်းဆိုးဝါးများမှာ သာမန်ဇွန်ဘီးများသာ ဖြစ်ကြသည်။ သူတို့၏ မျက်နှာများက သိသိသာသာ ဖြူဖျော့မနေသလို ပါးစပ်များတွင်လည်း ချွန်ထက်သောသွားများ မရှိကြပေ။ ခန္ဓာကိုယ်များတွင်လည်း ဝံပုလွေအမွှေးများ မရှိကြပါပေ။
အဓိကအချက်မှာ... သူတို့က ကြက်သွန်ဖြူကို မကြောက်ကြခြင်းပင်။
ဤရုတ်တရက်အခြေအနေက ဖုန်းပုကြွယ်ကို အလွန်အခြေအနေမဟန်ဖြစ်သွားစေ၏။ အစပိုင်းတွင် သူသည် မကောင်းဆိုးဝါးများ ထိုမျှမများနိုင်ဟု ထင်ခဲ့သော်လည်း ယခုမူ အလွန်များပြားလှပြီး ဓာတ်လှေကားကဲ့သို့ လွတ်လမ်းမရှိသော နေရာကျဉ်းလေးထဲသို့ အတင်းတိုးဝင်လာနေကြခြင်း ဖြစ်သည်။ ပိုဆိုးသည်မှာ ကြက်သွန်ဖြူသည် ၎င်း၏ ခြောက်လှန့်နိုင်စွမ်း ပျောက်ဆုံးသွားခြင်းပင် ဖြစ်သည်။ ဤသာမန်ဇွန်ဘီးများသည် မြေပြင်ပေါ်ရှိ BW Zombie များထက် အများကြီး ပိုမိုမြန်ဆန်စွာ လှုပ်ရှားနိုင်ကြသည်။ ခွန်အားနှင့် အရှိန်အရ ကြည့်လျှင် သူတို့သည် သာမန်လူသားများနှင့် မခြားနားလှပေ။
ဖုန်းပုကြွယ်တွင် နှေးကွေးစေသောသဲ မရှိတော့ပေ။ ယခင်ဇာတ်လမ်းတွင် သူသည် ထိုအိုင်တမ်ကို ရိုဒါရစ် အက်ရှ်ရှာ၏ ဝိညာဉ်မှ ပစ်လွှတ်လိုက်သော အရာဝတ္ထုအမြောက်အမြား၏ တိုက်ခိုက်မှုကို တားဆီးရန် သုံးစွဲခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ကူကယ်ရာမဲ့ ဖြစ်နေတော့သည်။
အကယ်၍ ဓာတ်လှေကားထဲတွင် ဇွန်ဘီး အကောင် ၂၀ ၏ ပိတ်ဆို့ခြင်း ခံလိုက်ရသောသူမှာ သာမန်လူတစ်ယောက်သာ ဖြစ်ပါက သူ၏ အကောင်းဆုံးရလဒ်ကား... ထိုအခြေအနေမျိုးတွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့သော် ဖုန်းပုကြွယ်တစ်ယောက် သေနတ်ထုတ်ရန်ပင် အချိန်မရခဲ့ပေ။ သူသည် လက်နက်ကို နှစ်ဖက်စလုံးဖြင့် ကိုင်ဆောင်ထားကာ ဟိုဟိုဒီဒီ ဝှေ့ယမ်းလိုက်သည်။ ဦးနှောက်ထိခိုက်ခြင်း၏ ပင်ကိုယ်သက်ရောက်မှုကို သုံး၍ သူ့နေရာကို မနည်းထိန်းနေရသည်။ သို့သော် မကောင်းဆိုးဝါးများ၏ လက်များနှင့် ဓာတ်လှေကားအတွင်းရှိ ကျဉ်းမြောင်းသော နေရာလွတ်တို့ကြောင့် သူတို့၏ ဦးခေါင်းကို အမြဲလိုလိုထိမှန်အောင် ရိုက်နိုင်ရန်မှာ လွန်စွာခက်ခဲလှသည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် မကြာမီ သူအကိုက်ခံလိုက်ရတော့သည်။ ၎င်းမှာ တစ်နေရာတည်း မဟုတ်ပေ။ နာကျင်မှုက ပြင်းထန်ခြင်း မရှိသော်လည်း ရောဂါကူးစက်ခံရနိုင်ကြောင်း သူ သိလိုက်သည်။
သူ့ရှေ့ရှိ ဇွန်ဘီးများကို ရှင်းလင်းပြီးနောက် ဖုန်းပုကြွယ်မှာ ကော်ရစ်ဒါထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ့နောက်တွင် သေဆုံးနေသော အလောင်း ၂၀ ကျော် ရှိနေပြီး သွေးများက မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို သူကြည့်လိုက်သည်... လက်မောင်းတွင် နှစ်နေရာနှင့် ခြေထောက်တွင် နှစ်နေရာ ဖြစ်သည်။ စုစုပေါင်း ဒဏ်ရာလေးခု ရှိနေခြင်းဖြစ်သည်။
ကစားသမား၏ အဝတ်အစားများသည် အရေးကြီးသော အစိတ်အပိုင်းများမှလွဲ၍ ပျက်စီးသွားနိုင်လေသည်။ ပျက်စီးမှုမှာ တစ်စုံလုံး၏ ဆယ်ရာခိုင်နှုန်းအောက် ရှိနေသရွေ့ စနစ်က ၎င်းကို ပြုပြင်ရန် နှေးဖင့်နေနိုင်သည် သို့မဟုတ် ပြုပြင်ပေးမည် မဟုတ်ပေ။ ထို့ကြောင့် ယခုအချိန်တွင် ဖုန်းပုကြွယ်၏ အင်္ကျီလက်များနှင့် ခြေသလုံးရှိ ဘောင်းဘီအနားများမှာ ဇွန်ဘီးများ၏ အကိုက်ခံရသော ဒဏ်ရာများနှင့်အတူ ပေါ်ထွက်နေတော့သည်။
သူ၏ အသက်အမှတ်ဘေးရှိ အခြေအနေပြဇယားတွင်လည်း သူ နေမကောင်းဖြစ်နေကြောင်း ပြသနေခဲ့သည်။ ဤအချက်က သူ ရောဂါကူးစက်ခံထားရကြောင်း သက်သေပြနေခြင်းပင်။
ဖုန်းပုကြွယ် သက်ပြင်းချလိုက်သည်။ သူသည် ပစ္စည်းသိုလှောင်အိတ်ထဲမှ ဝင်ချက်စတာကို ထုတ်ယူ၍ ကျည်ဖြည့်လိုက်ပြီး ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။ ဓာတ်ခွဲခန်းထဲတွင် အဘယ်ကြောင့် သာမန်ဇွန်ဘီးများ ရှိနေလဲကို သူမသိသော်လည်း ကူးစက်ခံရပြီးနောက် မျိုးရိုးဗီဇပြောင်းလဲမှုမှာ အချိန်ယူရမည် ဖြစ်ကြောင်း သူသိပေသည်။ သူသည် ဖျားနာခြင်း သို့မဟုတ် အပြင်းအဖျား ခံစားရခြင်း မရှိသေးမီ အချိန်အနည်းငယ် ကျန်ရှိနေပါသေးသည်။
သူသည် သုတေသနဌာနထဲတွင် ဆေးရည် သို့မဟုတ် ထိုကဲ့သို့သော အရာတစ်ခုခု ရှိမရှိကို ရှာဖွေလိုသည်။ တစ်ချိန်တည်းမှာပင် ရှောင်တန်နှင့် ကျန်နှစ်ယောက် ထိုနေရာတွင် ရှိမရှိကိုလည်း သူ စစ်ဆေးလိုသည်။ အကယ်၍ သူတို့ ထိုနေရာတွင်မရှိပါက ထိုသုံးယောက်မှာ အဆောက်အအုံပေါ်သို့ နည်းလမ်းတစ်မျိုးမျိုးဖြင့် တက်သွားကြခြင်း ဖြစ်လိမ့်မည်။ အကယ်၍ သူတို့ ရှိနေပါက ဓာတ်လှေကားတံခါးဝတွင် ဖြစ်ပျက်ခဲ့သော မြင်ကွင်းအတွက် အကြောင်းပြချက် တစ်ခုခု ရှိရပေလိမ့်မည်။
...
တစ်ချိန်တည်းမှာပင် သေနတ်ဆိုင် အဝင်ဝတွင်...
အာတိုဘီဆမားနှင့် မင်ကျိတို့သည် ဧရာမဆိုဖာကြီးတစ်ခုကို သယ်လာပြီး လမ်းမအလယ်တွင် ချထားလိုက်ကြသည်။ ထိုနှစ်ယောက်သည် ၎င်းပေါ်တွင် ထိုင်ကာ နှေးနှေးကွေးကွေး ချဉ်းကပ်လာနေသော BW Zombie များကို ပစ်မှတ်ထား၍ အပျော်တမ်း ပစ်ခတ်လေ့ကျင့်နေကြလေသည်။
မှန်ပါသည်၊ သူတို့ ကစားနေကြသော်လည်း သတိထားရန်တော့ လိုအပ်ပါသည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ သေနတ်ပစ်စွမ်းရည်ဖြင့် ထိုမျှအကွာအဝေးမှ ဇွန်ဘီး၏ ဦးခေါင်းကို ထိမှန်အောင် ပစ်ရန်မှာ ခက်ခဲသော အလုပ်ဖြစ်သည်။ ထို့ကြောင့် ဇွန်ဘီးတစ်ကောင် ခြေထောက်ကျိုးသွားချိန် သို့မဟုတ် မြေပြင်ပေါ် လဲကျသွားချိန်တိုင်း ထိုနှစ်ယောက်သား ၎င်း သေမသေ သွားရောက်စစ်ဆေးလေ့ရှိသည်။ အကယ်၍ အသက်ရှင်နေသေးပါက ဦးခေါင်းကို သေနတ်ဖြင့် ပစ်လိုက်ကြသည်။
သေနတ်ဆိုင်ရှိ သေနတ်များသည် အားလုံး F အဆင့်များသာ ဖြစ်ကြပြီး ကိရိယာလိုအပ်ချက်က ဖုန်းပုကြွယ် အဆင့် ၅ တုန်းက ကောက်ရခဲ့သော ‘M1911A1’ ထက်ပင် နိမ့်ပါးလှသည်။ သိသာသည်မှာ အဆင့် ၁၀ အထက် ဇာတ်လမ်းများတွင် သေနတ်အသုံးပြုမှုအပေါ် ကန့်သတ်ချက်များ လျော့ရဲလာခြင်း ဖြစ်သည်။ ပစ်ခတ်ရေးကျွမ်းကျင်မှုကို မဖွင့်ရသေးသူများအတွက် ၎င်းကို ဖွင့်ရန် အခွင့်အရေး ပိုမို ရရှိလာကြမည်ဖြစ်သည်။
“ဟေ့၊ ဟိုမှာ ကြည့်စမ်း၊ အဲ့ဒါ ဘာကြီးလဲ”
မင်ကျိသည် အဝေးတစ်နေရာ၌ ထူးဆန်းသော ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
အာတိုဘီဆမားသည် အခြားလမ်းကြောင်းတစ်ခုဆီသို့ အာရုံစိုက်ကာ ကင်းစောင့်နေခြင်း ဖြစ်သည်။ ထိုစကားကို ကြားသောအခါ သူ လှည့်ကြည့်လာ၏။
“ဒါက... ကစားသမား တစ်ယောက်လား”
ထိုလူရိပ်သည် ဇွန်ဘီးတစ်ကောင်လို လှုပ်ရှားနေခြင်း မဟုတ်ပေ။ ထိုအချက်ကြောင့်ပင် မင်ကျိ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူမ အနားသို့ နီးကပ်လာသောအခါ ထိုနှစ်ယောက်မှာ ပိုမို ရှင်းလင်းစွာ မြင်လိုက်ရ၏။
၎င်းမှာ အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။ သူမတွင် ပေါ့ပါးသွက်လက်သော ခန္ဓာကိုယ်နှင့် ပုခုံးအထိ ကျနေသော ဆံပင်ရှည်များ ရှိနေလေသည်။ သူမတွင် လှပသော မျက်နှာ၊ ဖြူဝင်းသော အရေပြား၊ လှပသော မျက်လုံးတစ်စုံ၊ သေးသွယ်သော နှာခေါင်းနှင့် ပါးစပ်လေးတစ်ခု ရှိသည်။ သူမသည် အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်းမှာ သူမခန္ဓာကိုယ်ပေါ်တွင် ကျပ်ထုတ်နေသဖြင့် သူမ၏ သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်နေစေသည်။ ၎င်းမှာ သူမ၏ ပြည့်ဖြိုးသော ရင်သားနှင့် အလွန်ပင်ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
“ဘယ်လိုပဲဖြစ်ဖြစ် သူက ဂိမ်းကပေးထားတဲ့ အခြေခံဝတ်စုံကို ဝတ်ထားတာ မဟုတ်တာတော့ သေချာတယ်”
မင်ကျိက ပြောလိုက်သည်။
“အင်း... မင်းပြောတာ အဓိပ္ပာယ် ရှိတယ်၊ ဒါ့အပြင် သူ့ရဲ့ ရုပ်ရည်အရ ကြည့်ရင်လည်း သူ့နာမည်က ပြိုင်ဘက်ကင်းဗိုလ်ချုပ်ကြီး ပန်ဖုန်း ဒါမှမဟုတ် စစ်သည်တော်တစ်ထောင် ဟွာရှုံဆိုတာမျိုးတော့ ဖြစ်မှာ မဟုတ်ဘူး”
အာတိုဘီဆမားက ပြောသည်။
“ဟို ဖုန်းပုကြွယ် ပြောတာကတော့ ဝမ်တန်ကျိက သူ့သူငယ်ချင်းဖြစ်ပြီး ယောကျ်ားလေးကစားသမား တစ်ယောက်လို့ ပြောတယ်၊ ဒါဆိုရင် ဒီဇာတ်လမ်းထဲမှာ မိန်းကလေးကစားသမား မရှိသင့်ဘူး...”
“သူ့ကြည့်ရတာ ငါ့အတွက်တော့ မကောင်းဆိုးဝါးနဲ့ မတူဘူး၊ သူက NPC လား”
မင်ကျိက မေးလိုက်သည်။
“ဒါရင် စကားပြောကြည့်ကြတာပေါ့”
အာတိုဘီဆမားသည် သူ့လက်ထဲမှ ‘TMP’ ကို မြှောက်ကာ ထိုအလှလေးဆီသို့ ချိန်ရွယ်လိုက်သည်။
“ရပ်လိုက်၊ မင်းက ဘယ်သူလဲ”
သူမ ပြန်မဖြေဘဲ ပြုံးလိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် ထိုအပြုံးသည် ယုတ်မာသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ ပါးစပ်အတွင်းမှ အစွယ်များ ပေါ်ထွက်လာတော့သည်...။
(TL Note – NPC = None Player Character ကစားသမားမဟုတ်သော ဇာတ်ကောင်)