အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
အခန်း (၅၅)
“ဒါက ဘယ်လို ဖြစ်ရပ်မျိုးလဲဟ”
ဖုန်းပုကြွယ် ညည်းတွားမိလိုက်သည်။
“ကယ်တင်ရမယ့် ပရော်ဖက်ဆာက တကယ်တော့ ဗီလိန်ကြီး ဖြစ်နေတာလား”
စက္ကန့်အနည်းငယ်အကြာတွင် သူ့မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
“အက်ရှ်ဖို့ဒ်က ဒီအဆိပ်ခတ်မှုရဲ့ နောက်ကွယ်က တရားခံ ဖြစ်နေမလား၊ ဇာတ်လမ်းရဲ့ အမှန်တရားက သူဓာတ်ခွဲခန်းကနေ ထွက်ပြေးပြီးနောက် မိုးမျှော်အဆောက်အအုံရဲ့ အမိုးပေါ်ကို သွားပြီး ဗီဇပြောင်း ဗိုင်းရပ်စ်ကို မြို့တစ်မြို့လုံး ပျံ့နှံ့အောင် တစ်ခုခုနဲ့ လုပ်ခဲ့တာများလား၊ ဒါကြောင့် ဗိုင်းရပ်စ်က မြို့ထဲမှာ ချက်ချင်းပျံ့သွားပြီး ငါ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မှ ရှာမတွေ့တာ ဖြစ်ရမယ်”
သူ မဆဲဘဲ မနေနိုင်တော့ပေ။
“ဒီလူယုတ်မာတော့ ပရော်ဖက်ဆာ လစ်ဇတ် (Professor Lizard) အတိုင်းပဲ”
ယခုအချိန်တွင် ထိုနေရာ၌ သူတစ်ယောက်တည်းသာ ရှိနေပြီး သူ့အနီးအနားတွင်လည်း မည်သည့် စောင့်ကြည့်ရေး ကိရိယာမှ အလုပ်မလုပ်တော့သဖြင့် စနစ်က ဤရိုင်းစိုင်းသော စကားလုံးများကို တားဆီးခြင်း သို့မဟုတ် အသံဖျောက်ခြင်းမျိုး မလုပ်ဆောင်ခဲ့ပေ။
“နေပါဦး... ခဏလေး...”
ဖုန်းပုကြွယ် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
“ဟိုနှစ်ယောက်... ပန်ဖုန်းနဲ့ ဟွာရှုံက ဘယ်သူတွေလဲ၊ သူတို့က အဆောက်အအုံထဲ ဝင်လာတာနဲ့ ပင်မတာဝန်ဆီ တန်းသွားကြတယ်၊ ဒီမြေအောက်ဓာတ်ခွဲခန်းကို လာစရာမလိုဘဲ ဇာတ်လမ်းကို အောင်မြင်အောင် လုပ်နိုင်မယ်ဆိုတာကို သူတို့ ကြိုသိနေသလိုပဲ”
သူ စဉ်းစားခန်းဝင်သွား၏။
“ယုတ္တိဗေဒအရဆိုရင် ဇာတ်လမ်းက ဒီလိုသွားရမှာ... ကစားသမားတွေ အဆောက်အအုံထဲ ဝင်လာပြီးရင် ပထမဆုံး သုတေသနဌာနကို သွားမယ်၊ ဆေးရည်ကို ရှာမယ်၊ မီနီဘော့စ်ကို အနိုင်ယူမယ်၊ ပြီးတော့မှ ပရော်ဖက်ဆာ အက်ရှ်ဖို့ဒ်က ဗီလိန်ဖြစ်ကြောင်း သဲလွန်စအချို့ကို ရှာတွေ့မယ်၊ အဲ့ဒီနောက်မှ သဲလွန်စတွေနောက်ကို လိုက်ပြီး အဆောက်အအုံ အပေါ်ထပ်ကို တိုက်ခိုက်ပြီး တက်သွားရမှာ... ဒါပေမဲ့ ဒီလူနှစ်ယောက်က ဘာတွေ လုပ်နေတာလဲ၊ သူတို့က ဘော့စ်ရဲ့ အထောက်အထားကို အကုန်သိနေပြီး အတင်းအကျပ် ဖိအားပေးပြီး မူလပုံစံအတိုင်း ပြန်ဖြစ်အောင် လုပ်တော့မလို့လား။
ရှောင်တန်က အသက်ရှင်နေသေးတယ်ဆိုတော့ သူက ဒီနှစ်ယောက်နဲ့ အတူရှိနေတာ သေချာတယ်၊ ဒါပေမဲ့ ရှောင်တန်က လူတွေကို အမိန့်ပေးတတ်တဲ့သူ မဟုတ်ဘူး၊ ပြီးတော့ သူတို့ကို အပေါ်ထပ်တက်ဖို့ ခိုင်းစရာအကြောင်းလည်း မရှိဘူး၊ ဒါ့အပြင် သူတို့က အစွမ်းထက်တဲ့ ကစားသမားတွေဆိုတော့ ရှောင်တန်ရဲ့ အမိန့်ကို နားထောင်မှာ မဟုတ်ဘူး။
ဒါဆိုရင်... ဒီနှစ်ယောက်က သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒအတိုင်း ရှေ့ဆက်နေကြတာပဲ၊ ပြီးတော့ သူတို့လုပ်တာကလည်း လုံးဝကို မှန်နေတယ်...”
ဖုန်းပုကြွယ် တွေးလေလေ ဤဇာတ်လမ်းမှာ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားရလေလေ ဖြစ်သည်။ သူ အာရုံစူးစိုက်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ သူသည် ဝင်ချက်စတာကို ထုတ်ယူ၍ ကျည်ဖြည့်လိုက်ပြီး တံခါးအပြင်ဘက်သို့ ပြေးထွက်သွားသည်။
စူးစမ်းရှာဖွေမှုကို အလျင်စလို လုပ်ဆောင်ခဲ့ရသော်လည်း ဖုန်းပုကြွယ်သည် သူလာခဲ့သော လမ်းကြောင်းကို မှတ်မိပေသည်။ ထို့အပြင် သူသတ်ခဲ့သော ဇွန်ဘီးအလောင်းများမှာလည်း လမ်းပြမှတ်တိုင်များကဲ့သို့ ရှိနေသဖြင့် ဓာတ်လှေကားဆီသို့ ပြန်ရောက်ရန် အချိန်အများကြီး မပေးလိုက်ရပေ။
ဂျက်ဇ်အက၏ အပြေးအပိုဆုကို အသုံးပြုကာ သူသည် အခြားကစားသမားများ သက်လုံအမှတ်မကုန်ဆုံးဘဲ မရောက်နိုင်သော အရှိန်မျိုးဖြင့် သူ့ပန်းတိုင်သို့ ရောက်ရှိနိုင်ခဲ့သည်။
ဆယ်မိနစ်အကြာတွင် ဖုန်းပုကြွယ်သည် မြေညီထပ်သို့ သွားသော ဓာတ်လှေကားဆီသို့ ပြန်ရောက်လာတော့သည်။ သူသည် ဤနေရာမှ အလျင်စလို ထွက်ခွာခဲ့သဖြင့် ဓာတ်လှေကား တံခါးဝရှေ့ရှိ အလောင်းပုံကြီးကို ရှင်းလင်းခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ဓာတ်လှေကားတံခါးက ပိတ်ဆို့နေဆဲ ဖြစ်သည်။ သူသည် ဓာတ်လှေကားကို ပိတ်ဆို့နေသော အလောင်း ခုနစ်လောင်း၊ ရှစ်လောင်းခန့်ကို ကော်ရစ်ဒါထဲသို့ ဆွဲထုတ်ရန် သုံးမိနစ်ကျော် အချိန်ပေးလိုက်ရသည်။ ထို့နောက် သူသည် ဓာတ်လှေကားစီးကာ အဆောက်အအုံ၏ ပထမထပ်သို့ ပြန်တက်လာခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည် ဧည့်ခန်းမထဲတွင် ဝမ်တန်ကျိနှင့် တိုးတော့သည်။
“ဟေး၊ ရှောင်တန်”
ဖုန်းပုကြွယ် သူ့ကို လှမ်းခေါ်လိုက်သည်။
ရှောင်တန် လှည့်ကြည့်လာ၏။
“အဲ… အစ်ကိုကြွယ်... မင်းက ဘာလို့ ငါ့နောက်ရောက်နေတာလဲ...”
“စကားများမနေနဲ့တော့”
ဖုန်းပုကြွယ်က သူ့စကားကို ဖြတ်ပြောလိုက်သည်။ သူ ရှေ့သို့ လျှောက်သွားရင်း ကျောပိုးအိတ်ထဲမှ ဗိုင်းရပ်စ်ကာကွယ်ဆေးရည် တစ်လုံးကို ထုတ်ကာ သူ့ကို ကမ်းပေးလိုက်သည်။
“ဒါကို သောက်လိုက်”
“ဒါက ဘာကြီးလဲ”
ရှောင်တန်က ဆေးရည်ကိုလှမ်းယူကာ ပစ္စည်း၏ ဂုဏ်သတ္တိများကို ကြည့်ရင်း မေးလိုက်သည်။
“မင်း ဒါကို ဘယ်လိုရလာတာလဲ”
“ငါ ခုနက မြေအောက်သုတေသနဌာနကို သွားခဲ့တာ”
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
“ဟင်၊ ဒါဆို ကျန်တဲ့ နှစ်ယောက်က...”
ရှောင်တန် စကားမဆုံးမီ ဖုန်းပုကြွယ်က သူဘာမေးမည်ကို သိနေသဖြင့် တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်။
“သူတို့ တခြားတစ်နေရာမှာ သေသွားကြတာ”
နှစ်ယောက်သား စကားအနည်းငယ်သာ ပြောဆိုပြီးနောက် အဆောက်အအုံ၏ အပေါ်ဆုံးထပ်သို့ အပြေးအလွှား တက်ကြတော့သည်။ လမ်းခရီးတွင် သူတို့သည် သူတို့ ကြုံတွေ့ခဲ့ရသည်များနှင့် အခြေအနေအပေါ် သိရှိထားသည်များကို အပြန်အလှန် ပြောပြနေခဲ့ကြသည်။
ရှောင်တန်၏ ဖော်ပြချက်များက ဖုန်းပုကြွယ်၏ ကောက်ချက်ကို ပိုမို ခိုင်မာသွားစေ၏။ ၎င်းက ပြိုင်ဘက်ကင်းဗိုလ်ချုပ်ကြီး ပန်ဖုန်းနှင့် စစ်သည်တော်တစ်ထောင် ဟွာရှုံတို့တွင် တစ်ခုခု မှားယွင်းနေကြောင်း သူ့ကို သံသယဝင်စေ၏။ ဖုန်းပုကြွယ်အတွက်မူ ထိုနှစ်ယောက်၏ ခွန်အားသည် လက်ခံနိုင်သည့်အတိုင်းအတာအတွင်း ရှိနေသေးသော်လည်း ပြဿနာမှာ သူတို့၏ လုပ်ဆောင်ချက်များပင် ဖြစ်သည်။ မည်သည့် သဲလွန်စကိုမှ မစုဆောင်းဘဲ အက်ရှ်ဖို့ဒ်ကို ရှာရန် အပေါ်ဆုံးထပ်သို့ တန်းသွားခြင်းမှာ အံ့အားသင့်ဖွယ် ‘ကံကောင်းမှု’ ကြောင့်သော်လည်းကောင်း သို့မဟုတ် သာမန်ကစားသမားများ ကြိုတင်မရရှိနိုင်သော အချက်အလက်များကို သူတို့ ရရှိထားခြင်းကြောင့်သော်လည်းကောင်း ဖြစ်ရပေမည်။
ဖုန်းပုကြွယ်သည် ရှောင်တန်နောက်မှ လိုက်ပါလာရင်း ၅၁ ထပ်အထိ ရောက်ရှိလာခဲ့သည်။ ၄၇ ထပ်သို့ မရောက်မီအထိ သူတို့သည် ရှောင်တန်နှင့် ဖန်၊ ဟွာတို့ သွားခဲ့သော လမ်းကြောင်းအတိုင်း လိုက်ပါခဲ့ကြခြင်းဖြစ်သည်။ ထို့နောက်တွင် ရှောင်တန်သည် နောက်ထပ် လေးထပ်ကို မသွားခဲ့ပေ။ သို့သော် လမ်းခရီးရှိ မကောင်းဆိုးဝါး အလောင်းများကို ကြည့်ခြင်းအားဖြင့် သူတို့ရှေ့က လူများ၏ ခြေရာအတိုင်း လိုက်သွားနိုင်ဆဲ ဖြစ်သည်။
အပေါ်ဆုံးထပ်နှင့် နီးကပ်လာသောအခါ ဖုန်းပုကြွယ်က မေးလိုက်သည်။
“မင်း သူတို့နောက်ကို ပထမဆုံးလိုက်သွားတုန်းက လမ်းမှားတာ ဒါမှမဟုတ် လမ်းပိတ်နေတာမျိုး ကြုံခဲ့သေးလား”
“အမ်... မရှိဘူးထင်တယ်”
ရှောင်တန်က ပြန်စဉ်းစားကြည့်နေ၏။
“ဒါပေမဲ့ အခုငါတို့သွားနေတဲ့ လမ်းကြောင်းက အကွေ့အကောက်တွေ အများကြီးပဲ၊ ဓာတ်လှေကားတွေလည်း ခဏခဏ လဲစီးရတယ်၊ ပြီးတော့ ဖြတ်ကျော်ရတဲ့ အထပ်တွေလည်း ရှိသေးတယ်၊ မတူညီတဲ့ နေရာတွေက လှေကားတွေကိုလည်း ပြောင်းသုံးခဲ့ရတာ”
သူ ခဏရပ်လိုက်သည်။
“ဟင် ဒါက မဟုတ်သေးဘူး... ဘယ်အထပ်မှာ လှေကားပြောင်းရမယ်ဆိုတာ သူတို့ ဘယ်လိုသိနေတာလဲ”
“သူတို့က လမ်းကြောင်းကိုတောင် သိနေတာပဲ...”
ဖုန်းပုကြွယ်က ရေရွတ်လိုက်သည်။
စကားပြောနေရင်း သူတို့သည် ၅၂ ထပ်သို့ ရောက်ရှိလာခဲ့ကြသည်။
လှေကားမှ ဆင်းလာသောအခါ သူတို့ရှေ့တွင် ကော်ရစ်ဒါတစ်ခု ရှိနေလေသည်။ ကော်ရစ်ဒါလမ်း၏ ဆယ်မီတာ အကွာအဝေးတိုင်းတွင် ပန်းအိုးကြီးတစ်လုံးစီ ရှိနေကြသည်။ သူတို့နှင့် မျက်နှာချင်းဆိုင်တွင် မှန်နံရံတစ်ခု ရှိ၏။ မှန်ပေါ်ရှိ အာလာမူလိုဂိုမှတစ်ဆင့် အတွင်းဘက်ရှိ ကျယ်ဝန်းသော ရုံးခန်းဧရိယာကို မြင်တွေ့နိုင်ပေသည်။ ဤနေရာလွတ်မှာ အထပ်တစ်ထပ်လုံးကို ဆက်သွယ်ထားခြင်း ဖြစ်သည်။ ရုံးခန်းအတွင်း၌ အကန့်လေးများစွာ ရှိနေခဲ့သည်။ အပြင်အဆင်များမှာ အလွန်ပင် ပုံမှန်ဖြစ်လှသည်။ စားပွဲများနှင့် ကုလားထိုင်များ၊ ကွန်ပျူတာများ၊ ရေသန့်စက်များ၊ အထွေထွေပစ္စည်းတင်စင်များ ရှိနေသည်... နေရာလွတ်၏ အဆုံးတွင် သီးသန့်ရုံးခန်း အနည်းငယ် ရှိနေ၏။
ကြည့်ရသည်မှာ ဤအထပ်သည် မြေပုံထဲတွင် ဖော်ပြထားသည့်အတိုင်း ‘ရုံးခန်းဧရိယာ’ အစစ်အမှန်ပင် ဖြစ်သည်။
သူတို့သည် ကော်ရစ်ဒါလမ်းအတိုင်း လျှောက်သွားပြီးနောက် အော်တိုမစ်တစ်တံခါးမှတစ်ဆင့် ကျယ်ဝန်းသော ရုံးခန်းကြီးထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ ဤအထပ်တွင် သွေးကွက်များ သို့မဟုတ် ဇွန်ဘီးများ၏ လှုပ်ရှားမှုလက္ခဏာများကို သူတို့ မတွေ့ရပေ။ ၎င်းမှာ ကောင်းသော လက္ခဏာ မဟုတ်ပေ။ ဘော့စ်အဆင့်ရှိ မကောင်းဆိုးဝါး လှုပ်ရှားနေသည့် လက္ခဏာသာ ဖြစ်သည်။
ဖုန်းပုကြွယ် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သော်လည်း မည်သည့် စူးစမ်းမှုကိုမှ မလုပ်ဆောင်နိုင်သေးမီ သူ့ခြေထောက်အောက်တွင် တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ သူ့နားဘေးတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သူ့ရှေ့ ဆယ်မီတာခန့်အကွာရှိ မျက်နှာကျက်မှာ ကွဲအက်သွားတော့သည်။ ပုံပျက်ပန်းပျက် ဖြစ်နေသော လူသားပုံစံ မကောင်းဆိုးဝါးကြီး တစ်ကောင်သည် အမိုးကို ဖောက်ထွက်လာလေသည်။ အင်္ဂတေအပိုင်းအစများ ကြမ်းပြင်ပေါ်သို့ ကျရောက်လာပြီး မျက်နှာကျက်ပြိုကျသွားသော နေရာမှ ဖုန်မှုန့်များ ထူထပ်စွာ ကျဆင်းလာတော့သည်။
ထို့နောက် ထိုအပေါက်ထဲမှ နောက်ထပ် လူနှစ်ယောက် ခုန်ချလာပြန်သည်။ ပြောနေရန်ပင် မလိုတော့ချေ။ သူတို့မှာ ပန်ဖုန်းနှင့် ဟွာရှုံတို့ပင် ဖြစ်တော့သည်။
တလိပ်လိပ်တက်နေသော ဖုန်မှုန့်များကြားတွင် ထိုသုံးယောက်သား တိုက်ပွဲတစ်ခု ဖြစ်ပွားနေကြသည်။ ပုဆိန်ရိပ်များနှင့် လှံရိပ်များက တစ်ခုနှင့်တစ်ခု ရှုပ်ထွေးနေ၏။ တစ်ခါတစ်ရံတွင် အသားစများ ပိုင်းဖြတ်ခံရသော အသံများ ထွက်ပေါ်လာပြီး ကြမ်းပြင်မှာလည်း သွေးများဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းလာတော့သည်။
ဤအခြေအနေမှာ တစ်မိနစ်ခန့် ကြာမြင့်ခဲ့သည်။ ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ မကောင်းဆိုးဝါးကြီးသည် သူ ဆက်မတောင့်ခံနိုင်တော့မှန်း သိသွားသည်။ ၎င်းသည် လှည့်ကြည့်ကာ မှန်နံရံဆီသို့ ပြေးသွားတော့သည်။ ပန်ဖုန်းနှင့် ဟွာရှုံတို့က ၎င်းထွက်ပြေးရန် ကြိုးစားနေမှန်း သိကြသည်။ သဘာဝအတိုင်းပင် သူတို့က ၎င်းကို အလွတ်မပေးလိုကြပေ။ သို့မဟုတ်ပါက ဤနေရာတွင် ဇာတ်လမ်းကို အဆုံးသတ်မည့် သူတို့အစီအစဉ် ပျက်စီးသွားပေလိမ့်မည်။
ဟွာရှုံသည် မကောင်းဆိုးဝါး၏ ဘေးဘက်သို့ ကိုင်းညွတ်လိုက်သည်။ ကိုယ်ကို တစ်ချက်လှည့်တွန်းလိုက်ရာ လှံသွားက မကောင်းဆိုးဝါး၏ ဦးခေါင်းဆီသို့ ဦးတည်သွား၏။ လှံ၏ ကိုယ်ထည်မှာ ရှေ့သို့ ဒုန်းစိုင်းထိုးတက်သွားသဖြင့် ဝေဝါးသွားတော့သည်။ ပန်ဖုန်း၏ လက်နက်မှာ ပိုမိုလေးလံသဖြင့် သူ့အရှိန်မှာ ပိုနှေးကွေးသည်။ သူသည် ပစ်မှတ်နှင့် နီးကပ်ရန် ခြေတစ်လှမ်း တိုးလိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ တောင်ဖြိုပုဆိန်အား မကောင်းဆိုးဝါး၏ နောက်ကျောဆီသို့ ချိန်ရွယ်လိုက်သည်။
ထိုနှစ်ယောက် မဆုတ်မနစ် လိုက်လံတိုက်ခိုက်နေကြသဖြင့် အက်ရှ်ဖို့ဒ်၏ ဗီဇပြောင်းခန္ဓာကိုယ်မှာ ချောင်ပိတ်မိသွားသည်။ ထွက်ပြေးနိုင်ရန်အတွက် ၎င်းသည် လှံချက်၏ တိုက်ခိုက်မှုကို အထိခံရန် ဆုံးဖြတ်လိုက်သည်။ လှံသွားက မကောင်းဆိုးဝါး၏ ဘယ်ဘက်မျက်လုံးကို ဖောက်ထွက်သွားကာ ဦးခေါင်းနောက်ဘက်မှ ထွက်လာပြီး ညစ်ပတ်သောအရည်များ စင်ထွက်သွားစေသည်။
သို့သော်လည်း ဤကဲ့သို့သော ဒဏ်ရာမျိုးသည် ဗီဇပြောင်းကောင်ကို သတ်ရန် မလုံလောက်သေးပေ။ တိုက်ခိုက်မှုကိုခံယူရန် ၎င်းခန္ဓာကိုယ်ကို အရှေ့သို့ ကွေးလိုက်ခြင်းအားဖြင့် ၎င်းသည် ပန်ဖုန်း၏ တိုက်ခိုက်မှုမှ အောင်မြင်စွာ လွတ်မြောက်သွားပြီး မှန်နံရံ၏ အစွန်းသို့ ရောက်ရှိသွားသည်။ ထို့နောက် ၎င်းသည် ၎င်း၏တံတောင်ဆစ်မှ ထွက်နေသော လွှသွားပုံစံအရိုးကို အသုံးပြုကာ ထူထဲသော မှန်ကို အရှိန်ပြင်းပြင်းဖြင့် တိုက်ချလိုက်သည်။ မှန်က အက်ကွဲသွားပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးကဲ့သို့ လိပ်ကာ အဆောက်အအုံ အပြင်ဘက်သို့ ခုန်ချသွားတော့သည်။
ပန်ဖုန်းနှင့် ဟွာရှုံတို့သည် နံရံအစွန်းသို့ အပြေးအလွှားသွား၍ အရှိန်ဖြင့် ပြုတ်ကျနေသော ဗီဇပြောင်းကောင်၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ကြသည်။ အကွာအဝေး တစ်ခုအထိ ပြုတ်ကျသွားပြီးနောက် ဗီဇပြောင်းကောင်သည် ၎င်းခန္ဓာကိုယ်ပေါ်ရှိ စုပ်ခွက်များနှင့် စေးကပ်သော အရည်များကို အသုံးပြုကာ နံရံကို ကပ်ထားလိုက်သည်။ ထို့နောက် ၎င်းသည် မြေပြင်ပေါ်သို့ လျှောဆင်းသွားပြီး သူတို့၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။
“တောက်... ဒါတောင် လွတ်သွားသေးတယ်”
ပန်ဖုန်းက ပြောလိုက်သည်။
“ငါထင်ထားတဲ့အတိုင်းပဲ... တခြားကစားသမားတွေ မပါဘဲ ငါတို့ နှစ်ယောက်တည်း ဘော့စ်ကို တိုက်ရိုက်တိုက်ခိုက်တာက သူ့ရဲ့ ဉာဏ်ရည်နဲ့ တုံ့ပြန်မှုအရှိန်ကို ပြောင်းလဲသွားစေတာပဲ”
ဟွာရှုံက ပြန်ဖြေသည်။
“လူကြီးမင်းတို့”
ဖုန်းပုကြွယ်၏ အသံက သူတို့နောက်ဘက်မှ ထွက်ပေါ်လာသဖြင့် နှစ်ယောက်သား လန့်သွားကြသည်။
သူတို့ လှည့်ကြည့်လိုက်သောအခါ ရန်လိုသောအကြည့်ဖြင့် ကြည့်နေသည့် ဖုန်းပုကြွယ်နှင့် ဇဝေဇဝါ ဖြစ်နေသော ဝမ်တန်ကျိတို့ကို မြင်လိုက်ရသည်။
“ကျွန်တော့်ကို ရှင်းပြပေးလို့ ရမလား...”
ဖုန်းပုကြွယ်က တိုက်ရိုက်ပင် မေးလိုက်သည်။
“ခင်ဗျားတို့က ဘယ်သူတွေလဲ”
အခန်း (၅၆)
“ဆိုးတာပဲကွာ...”
ပန်ဖုန်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ငါတို့ပြောတာ သူကြားသွားတာလား”
ဟွာရှုံကလည်း တိုးတိုးပင် ပြန်မေး၏။
“ကျွန်တော်က ခင်ဗျားတို့နဲ့ မီတာနည်းနည်းပဲ ဝေးတာလေ၊ တိုးတိုးတိတ်တိတ် ပြောနေတာက ဘာထူးမှာလဲ”
ဖုန်းပုကြွယ်က မေးလိုက်သည်။
“အင်း... ဟားဟား... အေးပါ... ငါ သိပါပြီ...”
ပန်ဖုန်းက တစ်ခုခုပြန်ပြောရန် ပြင်လိုက်သည်။
ဖုန်းပုကြွယ်က သူ့စကားကို ဖြတ်ပြောလိုက်သည်။
“ခင်ဗျားတို့ လိမ်ဖို့ ကြိုးစားမနေနဲ့ဦး၊ ခင်ဗျားတို့က တခြားကစားသမားတွေကို လိမ်ကစားနေတဲ့သူတွေလို့ ကျွန်တော်မထင်ဘူး၊ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ရဲ့ လုပ်ရပ်တွေက အဲ့ဒီလိုပုံစံမျိုး လုံးဝမဟုတ်လို့ပဲ၊ ခင်ဗျားတို့က အိပ်မက်ကုမ္ပဏီကဆိုတာ သိသာတယ်၊ ခင်ဗျားတို့က GM တွေလား ဘာလားဆိုတာတော့ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ အလုပ်အကိုင်အစစ်အမှန် ပေါ်သွားတာကတော့ သိပ်မသင့်တော်ဘူး ထင်တယ်”
သူသည် ပန်ဖုန်းနှင့် ဟွာရှုံကို တစ်ချက်အကဲခတ်လိုက်ပြီး သူပြောမည့်စကားက အရေးကြီးကြောင်း အရိပ်အယောင်ပြလိုက်သည်။
“ကျွန်တော်တို့ကို အမှန်အတိုင်း ပြောပြပါ၊ ဒါဆိုရင် ကျွန်တော်တို့က ခင်ဗျားတို့ရဲ့ အလုပ်မှာ ပူးပေါင်းဆောင်ရွက်ပေးမယ်၊ ပြီးတော့ ဇာတ်လမ်းပြီးသွားရင်လည်း အားလုံးကို လျှို့ဝှက်ထားပေးမယ်၊ အဲ့လိုမှမဟုတ်ရင်... ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော်က စိတ်ကူးယဉ်ပြီး အချက်အလက်တွေ အပိုဆောင်းဖြည့်စွက်မယ်၊ အခန်းပေါင်း တစ်ဒါဇင်လောက် ခွဲပြီး ဝတ္ထုတစ်ပုဒ်အနေနဲ့ ဖိုရမ်တွေပေါ်မှာ တင်ပစ်လိုက်မယ်”
“အဲ... ခဏလေး... နေပါဦး...”
ဟွာရှုံက ပြန်ဖြေသည်။
“ငါတို့ကို ခဏလောက် ဆွေးနွေးခွင့်ပေးပါ”
“ပြောကြပါ”
ဖုန်းပုကြွယ်က ဆိုကာ သူတို့နှင့်ဝေးရာသို့ လှည့်ထွက်သွား၏။
ထိုနှစ်ယောက်သည် အက်ကွဲနေသော မှန်နံရံနားမှ ထွက်ခွာလာပြီး ရုံးခန်း၏ ထောင့်တစ်နေရာသို့ သွားလိုက်ကြသည်။ သူတို့အချင်းချင်း တိုးတိုးတိတ်တိတ် တိုင်ပင်ကြပြီး ငါးမိနစ်ခန့်အကြာတွင် ပြန်ရောက်လာကြသည်။
ပန်ဖုန်းက ဖုန်းပုကြွယ်နှင့် ရှောင်တန်ကို ပြောလိုက်သည်။
“ကောင်းပြီလေ၊ မင်း ဘာတွေ သိချင်တာလဲ”
“ခင်ဗျားတို့က ဘယ်သူတွေလဲ၊ ဘာတွေလုပ်နေတာလဲ၊ ပြီးတော့ ဒီဇာတ်အိမ်ရဲ့ ဇာတ်လမ်းက ဘာလဲ”
ဖုန်းပုကြွယ်က လျင်မြန်စွာ မေးလိုက်သည်။ သူသည် ထိုအချက်များကို ကြိုတင်စဉ်းစားထားပြီးသား ဖြစ်သည်။
“မင်းခန့်မှန်းတာ မှန်ပါတယ်၊ ငါတို့က ဂိမ်းမန်နေဂျာ (GM) တွေပါ”
ဟွာရှုံက ဆိုသည်။
“ငါတို့က ဒီဇာတ်အိမ်ထဲမှာ မူမမှန်မှုလို့ခေါ်တဲ့ ဒေတာအမှိုက် အမျိုးအစားတစ်ခုကို ကိုင်တွယ်ဖြေရှင်းဖို့ ရောက်နေတာပဲ”
သူ ခဏရပ်လိုက်သည်၊
“ဒီဇာတ်အိမ်ရဲ့ ဇာတ်လမ်းနဲ့ ပတ်သက်ရင်တော့... မင်းကိုယ်တိုင် မြင်ခဲ့တဲ့အတိုင်းပဲ၊ ခုနက ငါတို့ လိုက်ဖမ်းနေတဲ့အရာက ပရော်ဖက်ဆာ အက်ရှ်ဖို့ဒ်ရဲ့ မျိုးရိုးဗီဇပြောင်းလဲထားတဲ့ ပုံစံပဲ၊ ယေဘုယျ ဇာတ်လမ်းကတော့ ဒီလိုပါ... ဒီအက်ရှ်ဖို့ဒ်က လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ စိတ်ဓာတ်ရှိတယ်၊ သူက ဓာတ်ခွဲခန်းကနေ ဗိုင်းရပ်စ် Z ကို ခိုးယူခဲ့ပြီး သူကြိုပြင်ထားတဲ့ အထူးအရည်ထဲကို ရောထည့်လိုက်တယ်၊ ပြီးတော့ သူက ဒီအဆောက်အအုံရဲ့ အမိုးပေါ်မှာရှိတဲ့ ကိရိယာကို သုံးပြီး ဗိုင်းရပ်စ်ကို လွှတ်တင်လိုက်ရာကနေ မြို့တစ်မြို့လုံးကို ကူးစက်သွားစေခဲ့တာပေါ့”
“ဒါဆို ဓာတ်ခွဲခန်းထဲက ဇွန်ဘီးတွေပဲ သာမန်ဇွန်ဘီးတွေ ဖြစ်နေပြီး၊ အပြင်ဘက်က ဇွန်ဘီးတွေကတော့ BW Zombie တွေ ဖြစ်နေတာပေါ့ ဟုတ်လား”
ဖုန်းပုကြွယ်က မေးလိုက်သည်။
“တကယ်တော့ BW Zombie တွေက ဗီဇပြောင်းဗိုင်းရပ်စ်ရဲ့ ရလဒ်တွေပဲ၊ ဒါကြောင့် သတ်မှတ်ချက်အရ သူတို့က သာမန်ဇွန်ဘီးတွေထက် ပိုအစွမ်းထက်တယ်၊ အခုတော့ သူတို့က အသုံးမကျသလို ထင်ရပေမဲ့ ညဘက်ရောက်ရင် ကြက်သွန်ဖြူသာမပါရင် မင်းတို့အဆင့်လို ကစားသမားတွေအတွက် ဒီမကောင်းဆိုးဝါးတွေကို တိုက်ခိုက်ဖို့ တော်တော်ခက်ခဲလိမ့်မယ်”
ဟွာရှုံက ပြောသည်။
“ဒါဆို ကျွန်တော်တို့ ခုနကတွေ့ခဲ့တဲ့ ဇွန်ဘီးဝံပုလွေလူသားတွေကကော”
ရှောင်တန်က မေးသည်။
“ဇာတ်အိမ်ရဲ့ ဇာတ်လမ်းသွားအရဆိုရင် စနစ်က ဒီအဆောက်အအုံ အပြင်နဲ့ အတွင်းမှာ မီနီဘော့စ် တချို့ကို ထည့်ပေးထားရတာပေါ့”
ပန်ဖုန်းက ပြန်ဖြေသည်။
“ဇွန်ဘီးဝံပုလွေလူသားရဲ့ သတ်မှတ်ချက်မှာ ‘ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ဗီဇပြောင်းလဲမှုဟာ တစ်သိန်းမှာ သုံးကြိမ်လောက်သာ ပိုအစွမ်းထက်ပြီး တည်ငြိမ်တဲ့ဗီဇပြောင်းမှု ဖြစ်လာနိုင်တယ်’ လို့ ဆိုထားတာကိုး”
“ခင်ဗျားတို့ စစ်ဆေးလို့ရတဲ့ အရာတွေ အများကြီးပဲနော်”
ဖုန်းပုကြွယ်က ဆိုသည်၊
“မကောင်းဆိုးဝါးတွေရဲ့ အချက်အလက်၊ ဇာတ်လမ်းအောင်မြင်နိုင်မယ့် နည်းလမ်းတွေ၊ ဘယ်အချိန်မှာ အဖြစ်အပျက်တွေ စတင်မလဲဆိုတာနဲ့ ဇာတ်လမ်းရဲ့ မြေပုံတွေအထိပေါ့”
“ဒါတင်မကဘူး၊ ကစားသမားရဲ့ ကိုဩဒိနိတ်တွေ၊ အခြေအနေ၊ ကျွမ်းကျင်မှုတွေ၊ ဘွဲ့တံဆိပ် အဲ့တာတွေကိုလည်း ငါတို့က မီနူးထဲမှာ အကုန်ကြည့်လို့ရတယ်”
ပန်ဖုန်းက ပြောသည်။
“ငါ မှတ်မိသလောက်ဆိုရင် မင်းခုနက ရောဂါကူးစက်ခံခဲ့ရပြီး ဓာတ်ခွဲခန်းမှာ ဆေးရည်ကို မင်းဘာသာမင်း ရှာတွေ့ခဲ့တာပဲ၊ မင်းက တော်တော်လေး စွမ်းတာပဲ မဟုတ်လား”
“ချီးမွမ်းတာ ကျေးဇူးတင်ပါတယ်”
ဖုန်းပုကြွယ်က ဆိုသည်။
“ဒါပေမဲ့... ခင်ဗျားတို့ ရှာမတွေ့နိုင်တဲ့ အရာတစ်ခုတော့ ရှိမယ်ထင်တယ်”
သူ ခဏရပ်လိုက်သည်။
“အဲ့ဒါက ခင်ဗျားတို့ပြောနေတဲ့ မူမမှန်မှု မဟုတ်လား”
ဟွာရှုံက သက်ပြင်းတစ်ချက် ချလိုက်သည်။
“အဲ့ဒါကို ငါတို့ ရှာတွေ့နိုင်မယ်ဆိုရင် ဇာတ်လမ်းကို ရှင်းလင်းဖို့ ဒီလောက် အားထုတ်စရာ မလိုတော့ဘူးပေါ့”
“ဇာတ်လမ်းအောင်မြင်မယ့် အခြေအနေတွေ ပြီးဆုံးသွားရင် ကျွန်တော်တို့လို သာမန်ကစားသမားတွေက အပြင်ကို ပို့ခံရမှာပဲ၊ ဒါပေမဲ့ ခင်ဗျားတို့ကတော့ အဲ့ဒီအချိန်ကို ဂရုစိုက်စရာ မလိုဘူးမလား”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“ဒါကြောင့်... ကျွန်တော်တို့ ဆုလာဘ်တွေယူဖို့ ဇာတ်လမ်းထဲက ထွက်သွားတဲ့အခါကျမှ ခင်ဗျားတို့အလုပ် စမှာပေါ့၊ ကစားသမားတွေရဲ့ နှောင့်ယှက်မှု မရှိတော့ဘဲ ခင်ဗျားတို့က ပိတ်ထားတဲ့ ဇာတ်လမ်းထဲမှာ မူမမှန်မှုကို လွတ်လွတ်လပ်လပ် ရှာဖွေပြီး ကိုင်တွယ်ဖြေရှင်းလို့ ရသွားပြီလေ”
“အိုး... ဒါက တော်တော်လေး အထင်ကြီးစရာပဲ၊ မင်းက စကားလုံးနည်းနည်းနဲ့တင် ဒီလို ကောက်ချက်မျိုး ချနိုင်တာပဲ”
ဟွာရှုံက ဆိုသည်။
“ကျွန်တော် ခင်ဗျားတို့ရဲ့ အခြေအနေနဲ့ ဒီဇာတ်လမ်းကို စိတ်မဝင်စားတော့ဘူး”
ဖုန်းပုကြွယ် သူ့လည်ပင်းနောက်ဘက်ကို လက်လှမ်းပို့လိုက်ရင်း အကြောလျှော့ရန် ခေါင်းကို မော့လိုက်သည်။
“မူမမှန်မှုအကြောင်း ပိုပြီး ပြောပြပေးပါဦး”
“မင်းသိသွားရင်တောင် ဒါက အကျိုးမရှိပါဘူး၊ ဘာလို့လဲဆိုတော့ မင်း ဘာမှကူညီနိုင်မှာ မဟုတ်လို့ပဲ”
ပန်ဖုန်းက ပြောသည်။
“ငါသာ မင်းနေရာမှာဆိုရင် GM က ငါ့ကို ခေါ်သွားပြီး ထွက်ပြေးသွားတဲ့ အက်ရှ်ဖို့ဒ်ကို သတ်ခိုင်းဖို့၊ ပြီးရင် ဆုလာဘ်တွေရပြီး ဇာတ်လမ်းကနေ အလွယ်တကူ ထွက်သွားနိုင်ဖို့ပဲ ဆုတောင်းမိမှာ”
“မူမမှန်မှုတွေရဲ့ သမိုင်းကြောင်းကို အသေးစိတ် ရှင်းပြပေးပါ”
ဖုန်းပုကြွယ်က ပြုံးလျက် ဆိုသည်။
“မဟုတ်ရင်တော့ ကျွန်တော်က အာတိုဘီဆမားနဲ့ နာမည်ပေးရတာ ခက်လိုက်တာတို့ဆီကို... ကုမ္ပဏီရဲ့ နည်းပညာပိုင်းဆိုင်ရာ အမှားတစ်ခုကြောင့် သူတို့ဟာ ဒီဇာတ်အိမ်ထဲမှာ မရှိသင့်တဲ့ အစွမ်းထက် မကောင်းဆိုးဝါးတစ်ကောင်ရဲ့ သတ်တာ ခံလိုက်ရတာပါလို့ စာရေးပို့ချင်စိတ်ကို ထိန်းနိုင်မှာ မဟုတ်ဘူး”
“ငါဆိုလိုတာက... သူတို့ မူမမှန်မှုရဲ့ သတ်ဖြတ်တာခံလိုက်ရမှန်း မင်း ဘယ်လိုသိတာလဲ”
ပန်ဖုန်းက မေးလိုက်သည်။
“မေးခွန်းအတွက် အဖြေကို ဆက်စပ်ကြည့်လိုက်ရုံပါပဲ”
ဖုန်းပုကြွယ်က ပြောသည်။
ပန်ဖုန်းနှင့် ဟွာရှုံတို့မှာမူ ထိုအဖြေက ဘာလဲဆိုသည်ကို မသိကြပေ။
“အမ်... အဟွတ်၊ ကောင်းပြီလေ”
ဟွာရှုံက ဆိုသည်။
“မင်းကို ပြောပြတာ သိပ်တော့အန္တရာယ် မရှိပါဘူး၊ တကယ်တော့ မူမမှန်မှုတွေ ရှိနေတယ်ဆိုတာကို ကစားသမားတွေ တစ်နေ့မဟုတ်တစ်နေ့ သိသွားကြမှာပါပဲ၊ ကစားသမားတွေ သူတို့နဲ့ တိုးဖို့ အခွင့်အရေးကနည်းပေမဲ့ ကုမ္ပဏီက ဂိမ်းတရားဝင်ဖွင့်တဲ့အချိန်မှာ သင့်တော်တဲ့ စကားလုံးတွေနဲ့ ရှင်းပြဖို့ စာရွက်စာတမ်းတွေ ထုတ်ပြန်ဖို့ စီစဉ်ထားပြီးသားပါ”
သူပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး “ငါ့နောက် လိုက်ခဲ့” ဟု ဆိုကာ ထိုသုံးယောက်ကို ကော်ဖီဖျော်စက်ဆီသို့ ခေါ်သွားခဲ့သည်။
သူသည် စက်နှင့် အနီးဆုံးရှိ စားပွဲဆီသွားကာ စားပွဲပေါ်က သိသာထင်ရှားသော ကော်ဖီဘူးကို ယူပြီး အဖုံးဖွင့်လိုက်သည်။ သုံးပုံနှစ်ပုံခန့် ပြည့်နေသော ကော်ဖီမှုန့်များကို ညွှန်ပြကာ ပြောလိုက်သည်။
“ဒီကော်ဖီမှုန့်တွေ အားလုံးက ဒေတာတွေလို့ ယူဆလိုက်ပါ”
သူက သူ့ညာဘက် လက်ညှိုးကို ထောင်ပြသည်။
“ဒီအမှုန့်လေးတွေထဲကတစ်ခုက စနစ်က ဖယ်ရှားပစ်ဖို့ လိုအပ်နေတဲ့ ထိန်းချုပ်လို့မရတဲ့ ဒေတာတစ်ခု ဖြစ်နေတယ်ပေါ့”
သူ ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။
“ပြီးတော့ ဒီအမှုန့်လေးက ကော်ဖီဘူးထဲမှာ သူ့နေရာကို အမြဲတမ်း ပြောင်းလဲလှုပ်ရှားနေတယ်”
သူက ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိတို့ကို ကြည့်လိုက်သည်။
“အဲ့ဒါကို မင်းတို့ ဘယ်လို ထုတ်ယူမလဲ”
“မဖြစ်နိုင်ဘူးလေ”
ဖုန်းပုကြွယ်က ချက်ချင်း ပြန်ဖြေသည်။
“မှန်တယ်၊ မဖြစ်နိုင်ဘူး”
ဟွာရှုံက ထပ်လောင်း ပြောလိုက်သည်။ သူသည် ဘူးထဲသို့ လက်နှိုက်လိုက်ပြီး ကော်ဖီမှုန့် တစ်ဆုပ်စာကို ဆုပ်ကိုင်လိုက်သည်။
“စနစ်လုပ်နိုင်တာကတော့ အဲ့ဒီဒေတာအစုနဲ့ သူ့ပတ်ဝန်းကျင်က ဒေတာအားလုံးကို တစ်ခဏအတွင်း ဖမ်းဆုပ်ပြီး မင်းလက်ထဲမှာ ထားလိုက်တာပဲ”
သူက လက်သီးကို အနည်းငယ်ဖွင့်လိုက်ရာ ကော်ဖီမှုန့်အချို့က သူ့လက်ချောင်းများကြားမှ လျှောကျကုန်၏။
“ဒါပေမဲ့ ငါ့လက်ထဲမှာ ရှိနေတဲ့ ဒီကော်ဖီမှုန့် အပုံလိုက်ကြီးထဲမှာ ဖျက်ဆီးပစ်ရမယ့်အမှုန့်က တစ်ခုတည်းပဲ ရှိတာလေ၊ ကျန်တဲ့အမှုန့်တွေက အသုံးဝင်တဲ့အရာတွေ ဖြစ်နေလို့ အမှုန့်တစ်ခုတည်းအတွက်နဲ့ တစ်ဆုပ်လုံးကို လွှင့်ပစ်လို့မရဘူး၊ ဒါ့အပြင် ငါက ဒီအမှုန့်တွေကို အကြာကြီး ဆုပ်ကိုင်ထားလို့လည်း မရဘူး၊ ဘာလို့လဲဆိုတော့ ငါဖျက်ဆီးချင်တဲ့ အမှုန့်က ဘယ်အချိန်မဆို ငါ့လက်ကြားကနေ လျှောထွက်သွားနိုင်လို့ပဲ”
“ဒါဆို... စနစ်က ဒီဒေတာတွေကိုသုံးပြီး ဇာတ်အိမ်ကို ဖန်တီးလိုက်တာပေါ့”
ဖုန်းပုကြွယ်က ဆိုသည်။
“မူမမှန်မှုကို ကုဒ်တွေအဖြစ်ကနေ မကောင်းဆိုးဝါးအစစ်တစ်ကောင်အဖြစ် ပြောင်းလဲပစ်လိုက်တယ်၊ ခင်ဗျားတို့က ဒါကို သတ်ပစ်တာ ဒါမှမဟုတ် အနိုင်ယူလိုက်ခြင်းအားဖြင့် သူ့ရဲ့ ခုခံနိုင်စွမ်းနဲ့ ထွက်ပြေးနိုင်စွမ်းကို ပျောက်ဆုံးသွားအောင် လုပ်တာပဲ၊ အဲ့ဒီအခါကျမှ စနစ်က ဇာတ်လမ်းကို ရှင်းလင်းတဲ့အခါ သူ့ကို ဖယ်ရှားပစ်နိုင်မှာပေါ့”
“ဒါပဲပေါ့”
ဟွာရှုံက ပြောလိုက်သည်။ သူ ခွက်တစ်ခုနှင့် သကြားခဲဘူးကို ယူလိုက်သည်။
“ဒီခွက်က ဇာတ်အိမ်ရဲ့ အခွံပေါ့၊ မင်းတို့ ကစားသမားတွေကတော့ ဒီသကြားခဲတွေလိုပဲ”
သူက ခွက်ကို ညွှန်ပြလိုက်သည်။
“မင်းတို့ တန်းစီနေတုန်း ‘အဖွဲ့ဝင်အရေအတွက်ကို ၆ ယောက်အဖြစ် သတ်မှတ်လိုက်ပါပြီ’ ဆိုတဲ့ စနစ်ရဲ့ ကြေညာချက်ကို ကြားလိုက်ရတဲ့အခါ...”
သူက ကော်ဖီမှုန့်များကို ခွက်ထဲ ထည့်လိုက်သည်။
“ဒေတာတွေကို အခွံထဲ ထည့်လိုက်ပြီ၊ ဒါပေမဲ့ ဒီအဆင့်မှာတော့ သူတို့က လေ၊ ရေ၊ မြေ စတဲ့ အခြေခံ အစိတ်အပိုင်းတွေပဲ ရှိသေးတာ”
သူက သကြားခဲ ၆ ခဲကို ကောက်ကိုင်လိုက်သည်။
“အဲ့ဒီနောက် မင်းတို့အပါအဝင် ကစားသမား ၆ ယောက်က ဒီဇာတ်အိမ်ရဲ့ အဝင်ဝကို ရောက်လာပြီး ‘သင်တို့အဖွဲ့ တန်းစီခြင်းထဲသို့ ဝင်ရောက်ပါပြီ၊ လက်ရှိတွင် အဆင်သင့်ဖြစ်နေသော အခြားကစားသမားများ သို့မဟုတ် အသင်းများကို ရှာဖွေနေပါသည်’ ဆိုတာကို ကြားရတဲ့အချိန်မှာတော့...”
သူက သကြားခဲ နှစ်ခဲကို လွှင့်ပစ်လိုက်သည်။
“အဲ့ဒီထဲက နှစ်ယောက်ကို ငါနဲ့ အစ်ကိုပန်တို့က အစားထိုး ဝင်ရောက်လိုက်တာပဲ၊ အဲ့ဒီ နှစ်ယောက်ကတော့ တခြားစောင့်ဆိုင်းနေတဲ့ ဇာတ်အိမ်တွေဆီကို ချက်ချင်း ရောက်သွားကြလိမ့်မယ်၊ သူတို့ကိုယ်တိုင်တောင် ဒီအပြောင်းအလဲကို သတိထားမိမှာ မဟုတ်ဘူး”
“ငါတို့ GM တွေက ပုံမှန်အားဖြင့် နှစ်ယောက်တစ်တွဲ အလုပ်လုပ်ကြတာ၊ စတင်တော့မယ့် ဇာတ်အိမ်တစ်ခုထဲမှာ မူမမှန်မှုရဲ့ ကုဒ် ပါနေပြီဆိုရင် ငါတို့က အဲ့ဒီတန်းစီခြင်းထဲကို ကိုယ်တိုင် ထည့်သွင်းလိုက်တာပဲ”
ပန်ဖုန်းက ပြောသည်။
“ငါတို့ အစားထိုးလိုက်တဲ့ ကစားသမားတွေက များသောအားဖြင့် နှစ်ယောက်တစ်တွဲအဖွဲ့တွေ ဒါမှမဟုတ် တစ်ယောက်တည်း တန်းစီနေတဲ့ သူတွေပဲ၊ သူတို့က ဒီဇာတ်အိမ်ထဲကို အောင်အောင်မြင်မြင်ဝင်လာတဲ့ ကစားသမားတွေနဲ့ အဖွဲ့ကျသွားမှာ မဟုတ်တော့ဘူး။”
“တကယ်လို့ ကျွန်တော်တို့က ငါးယောက်အဖွဲ့ ဒါမှမဟုတ် ခြောက်ယောက်အဖွဲ့ ဖြစ်နေရင်ကော”
ရှောင်တန်က မေးသည်။
“ငါးယောက်အဖွဲ့ဆိုရင်တော့ တစ်ယောက်တည်း တန်းစီနေတဲ့သူကိုပဲ အစားထိုးပြီး ငါတို့ထဲက တစ်ယောက်ပဲ ဇာတ်အိမ်ထဲ ဝင်လို့ရတော့မယ်၊ ခြောက်ယောက်အဖွဲ့ ဆိုရင်တော့ ငါတို့ ဘာမှလုပ်လို့ မရတော့ဘူး၊ သူတို့ဘာသာ အနောမလီနဲ့ ရင်ဆိုင်ရုံပဲ ရှိတော့တယ်၊ ဒါပေမဲ့ ဆာဗာ စဖွင့်ကတည်းက ခြောက်ယောက်အဖွဲ့ တစ်ဖွဲ့မှ မူမမှန်မှုနဲ့ မတိုးသေးဘူး”
ပန်ဖုန်းက ဆိုသည်။
“စကားမစပ်၊ စနစ်က ဖမ်းယူထားတဲ့ ဒေတာပမာဏက ခြောက်ယောက်တွဲ ရှင်သန်ခြင်းမုဒ် ဇာတ်အိမ်မျိုးကိုပဲ ဖန်တီးနိုင်တာ၊ ဒါကြောင့် နှစ်ယောက်ကနေ ငါးယောက်တွဲ ဇာတ်အိမ်တွေ ဒါမှမဟုတ် တခြားမုဒ်တွေမှာ မူမမှန်မှုနဲ့ တိုးမှာကို မင်းတို့ စိုးရိမ်စရာ မလိုပါဘူး”
“ဒါဆို ခြောက်ယောက်တွဲ အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ် ဇာတ်အိမ်တွေက အရမ်းအန္တရာယ်များတာပေါ့ ဟုတ်လား”
ရှောင်တန်က တအံ့တဩ မေးလိုက်သည်။
“မူမမှန်မှုတွေက ဒီလောက်အများကြီး ဘယ်ရှိမှာလဲ”
ပန်ဖုန်းက ပြုံးလျက် ဆိုသည်။
“အဲ့ဒီလို ထိန်းချုပ်လို့မရတဲ့ ဒေတာတွေ ပေါ်ထွက်လာဖို့ အခွင့်အရေးက ကုဋေတစ်သန်းမှာ တစ်ခုလောက်ပဲ ရှိတာလေ၊ ကုမ္ပဏီရဲ့ အတွင်းပိုင်းစမ်းသပ်မှုတွေ လုပ်တုန်းက ဆာဗာတွေကို ရက်ပေါင်း ၃၀ ဆက်တိုက် ဖွင့်ထားတာတောင် မူမမှန်ကုဒ် ၁၀ ခုပဲ ပေါ်လာခဲ့တာလေ”
“ဘာပဲဖြစ်ဖြစ်၊ မင်းတို့ ‘ဇာတ်အိမ်ကို ဖန်တီးနေပါသည်’ ဆိုတဲ့ စာသားကို ကြားရတဲ့အချိန်မှာ...”
ဟွာရှုံက သကြားခဲများကို ခွက်ထဲထည့်လိုက်ပြီး ရေနွေးထည့်ရန် ကော်ဖီစက်ဆီသို့ လျှောက်သွား၏။ ခုနက သူထည့်လိုက်သော ကော်ဖီမှုန့်များမှာ အရည်အဖြစ် ပျော်ဝင်သွားတော့သည်။
“အစိတ်အပိုင်းအားလုံးက မင်းတို့ရဲ့ အဆင့်၊ တိုက်ခိုက်နိုင်စွမ်း၊ ကျွမ်းကျင်မှုနဲ့ အရင်က လုပ်ဆောင်ချက်တွေအပေါ် အခြေခံပြီး သာမန်ဇာတ်အိမ်တစ်ခုကို ကျပန်းဖန်တီးပေးလိုက်တာပဲ၊ ဇာတ်လမ်းနဲ့ ကမ္ဘာ့အမြင်တွေက အဲ့ဒီအချိန်မှာ ပေါ်လာတာပေါ့၊ မူမမှန်မှုကလည်း ဒီဇာတ်အိမ်ထဲမှာ ရောနှောပါဝင်သွားပြီး ဒေတာအစိတ်အပိုင်း တစ်ခုခုနဲ့ ပေါင်းစပ်ပြီး ရုပ်လုံးပေါ်လာတာပဲ”
ဖုန်းပုကြွယ်က ယင်းကို စဉ်းစားပြီး မေးလိုက်သည်။
“ဒါဆိုရင်... မူမမှန်မှုက ဘယ်လောက်အထိ အစွမ်းထက်လဲ”
“ဟားဟား...”
ပန်ဖုန်းက ရယ်မောလိုက်သည်။
“ငါတို့ ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်းမြင်ခဲ့တယ် မဟုတ်လား”
“ကျွန်တော် သတိထားမိပါတယ်...”
ဖုန်းပုကြွယ်က ဆိုသည်။
“မူမမှန်မှုကိုကိုင်တွယ်ဖို့ ငါတို့က ဘာလို့ နှစ်ယောက်တစ်တွဲ အလုပ်လုပ်ရလဲဆိုတာ မင်းသိလား”
“တစ်ယောက်တည်းဆိုရင် အသတ်ခံရနိုင်လို့ မဟုတ်လား”
ဖုန်းပုကြွယ်က မေးလိုက်သည်။
“မင်းသိတာ ကောင်းတယ်”
ပန်ဖုန်းက ပြောသည်။
“ငါတို့က အခု အဆင့် ၁၃ ပဲ ရှိသေးပေမဲ့ GM အကောင့်တွေကို သုံးနေတာဆိုတော့ ငါတို့ရဲ့ တကယ့် တိုက်ခိုက်နိုင်စွမ်းက ငါတို့ အဆင့်ထက် ၁၀ ဆင့်လောက် ပိုမြင့်တယ်၊ အဲ့လိုဆိုရင်တောင် ငါတို့က အရှုံးမရှိဘူးလို့ ပြောလို့မရဘူး၊ ခုနက ဘော့စ်ကိုပဲ ကြည့်လေ၊ သူက ထွက်ပြေးဖို့ အဆောက်အအုံပေါ်က ခုန်ချသွားတာကို ငါတို့ ဘာမှလုပ်လို့ မရလိုက်ဘူး၊ တကယ်လို့ ငါတို့သာ သူ့နောက်က လိုက်ခုန်ခဲ့ရင် ကစားသမားတွေလို သေသွားမှာပဲ”
ရှောင်တန်က မေးသည်။
“ဒါဆို ခင်ဗျားတို့ ကုမ္ပဏီက GM တွေရဲ့ ဇာတ်ကောင်ကို ပိုမြင့်တဲ့အဆင့်အဖြစ် ဘာလို့ မသတ်မှတ်ထားတာလဲ၊ ဥပမာ - အဆင့် ၁၃ လို့ ပြနေပေမဲ့ တကယ့်စွမ်းအားက အဆင့် ၅၀ လောက် ရှိနေမျိုးပေါ့”
ဟွာရှုံက သူ့ရှေ့က ကော်ဖီခွက်ကို မြှောက်ပြလိုက်သည်။
“သကြားခဲနှစ်ခဲက ဒီခွက်ထဲကို ဆံ့နိုင်တယ်၊ ဒါပေမဲ့ ဖရဲသီးနှစ်လုံးကော ဒီထဲကို ဆံ့ပါ့မလား”
“အော်...”
ရှောင်တန်က နားလည်သွားသလို ခေါင်းညိတ်လိုက်သည်။
“ငါတို့ရဲ့ အကောင့်တွေက အဆင့်တက်မှာ မဟုတ်ဘူး၊ ငါတို့က အဆင့် ၅ ကနေ ၁၄ အထိ အပိုင်းအခြားကို တာဝန်ယူထားရတာ၊ တခြား GM တွေရဲ့ အခြေအနေကလည်း ငါတို့နဲ့ ဆင်တူပါတယ်၊ သူတို့မှာလည်း သူတို့အဆင့်ထက် ကျော်လွန်တဲ့စွမ်းအားတွေ ရှိကြတယ်”
ပန်ဖုန်းက ပြောသည်။
“မင်းတို့ အခု မူမမှန်မှုအကြောင်း သိသွားပြီဆိုတော့ နောင်တစ်ချိန်မှာ တိုးခဲ့ရင်... အဲ့လိုဖြစ်ဖို့ အခွင့်အရေးက သုညနီးပါးရှိပေမဲ့ တိုးခဲ့ရင်တော့ တာဝန်ကျတဲ့မန်နေဂျာနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ၊ ပြီးတော့ တခြားကစားသမားတွေကိုလည်း လျှို့ဝှက်ထားပေးပါ”
“ကျွန်တော် သိချင်တာက...”
ဖုန်းပုကြွယ်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
“တကယ်လို့ မူမမှန်မှုက ဇာတ်အိမ်ထဲမှာ ခင်ဗျားတို့ လိုက်ဖမ်းတာကနေ လွတ်သွားခဲ့ရင် ဘာဖြစ်မလဲ”
ပန်ဖုန်းနှင့် ဟွာရှုံတို့ ထိုစကားကို ကြားသောအခါ သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
ဖုန်းပုကြွယ်က ဆက်ပြောသည်။
“GM တစ်ယောက်တည်းက မူမမှန်မှုကို မကိုင်တွယ်နိုင်ဘူးလို့ ခင်ဗျားတို့ ဝန်ခံခဲ့ပြီးပြီ၊ ဒါဆို အရင်ကလည်း ဒီလိုမျိုး ဖြစ်ခဲ့ဖူးတယ်လို့ ဆိုလိုတာ မဟုတ်လား၊ GM က တစ်ယောက်တည်း သွားဖမ်းရင်း မူမမှန်မှုရဲ့ သတ်တာကို ခံလိုက်ရတဲ့ အခြေအနေမျိုးပေါ့”
ဟွာရှုံက ဆိုသည်။
“ဒီလိုဆိုရင် ဇာတ်အိမ်က ပုံမှန်အတိုင်း ပိတ်သွားပြီး ဒေတာတွေအဖြစ် ပြန်ပြောင်းသွားလိမ့်မယ်၊ ပြီးရင် ကျန်ရစ်ခဲ့တဲ့ မူမမှန်ကုဒ်က ပိုအစွမ်းထက်လာသလို ပိုပြီးတော့လည်း ပါးနပ်လာလိမ့်မယ်...”
“ပါးနပ်လာမယ် ဟုတ်လား”
ဖုန်းပုကြွယ်က စိတ်ရှုပ်ထွေးသွားသည်။
“မူမမှန်မှုတွေမှာ အတိုင်းအတာတစ်ခုအထိ ဉာဏ်ရည်တု ရှိကြပြီး သူတို့ကို အဆင့်လေးဆင့် ခွဲခြားထားတယ်၊ ပုံမှန်အားဖြင့် ငါတို့ GM တွေက အားအနည်းဆုံး အဆင့် ၄ မူမမှန်မှုတွေကို ကိုင်တွယ်ရတာ၊ သူတို့ရဲ့ ဉာဏ်ရည်က ဇာတ်အိမ်ရဲ့ အဆင့်မြင့်ဘော့စ်တွေထက် နည်းနည်းပိုမြင့်ပြီး တိုက်ခိုက်နိုင်စွမ်းကလည်း အဲ့ဒီဘော့စ်တွေထက် နည်းနည်းပိုစွမ်းတယ်၊ တကယ်လို့ ဇာတ်လမ်းပြီးသွားတဲ့အထိ မူမမှန်မှုက အသက်ရှင်နေသေးရင် အဲ့ဒီမူမမှန်မှုက ငါခုနက ပြောသလို ပိုအစွမ်းထက်ပြီး ပိုပါးနပ်လာလိမ့်မယ်၊ အဲ့ဒါက အဆင့် ၃ကို တက်လှမ်းဖို့ အခွင့်အရေး အများကြီး ရှိသွားတာပဲ၊ ၉၇ ရာခိုင်နှုန်းသော အခြေအနေတွေမှာ အဆင့် ၄ မူမမှန်မှုကို GM တစ်ယောက်တည်း အနိုင်ယူနိုင်ပေမဲ့ အဆင့် ၃ မူမမှန်မှုကိုတော့ GM နှစ်ယောက် လိုအပ်တယ်၊ ပြီးတော့ GM တစ်ယောက်တည်းရဲ့ အောင်မြင်နိုင်ခြေက ၅၀ ရာခိုင်နှုန်းအောက်ပဲ ရှိတော့တာ”
“ဒါဆို ပိုမြင့်တဲ့ အဆင့်တွေကကော”
ဖုန်းပုကြွယ်က မေးသည်။
“ငါ မမြင်ဖူးသေးဘူး”
ဟွာရှုံက ပြန်ဖြေသည်။
“အမှန်အတိုင်း ပြောရရင် ကြားတောင် မကြားဖူးသေးဘူး၊ အဆင့် ၂ မူမမှန်မှုကတော့ သီအိုရီအရပဲ ရှိတာပါ၊ တကယ်တော့ အခုအထိ အဆင့် ၃ မူမမှန်မှုတစ်ခုပဲ ရှိသေးတာ၊ ဂိမ်းလည်ပတ်နေတဲ့ အချိန်အတွင်းမှာ အဆင့် ၃ မူမမှန်မှုပေါ်လာဖို့ အခွင့်အရေးက နည်းနည်း ပိုများလာနိုင်တာပေါ့၊ ဒါပေမဲ့ အခွင့်အရေးက ၁၀ ဆလောက် ပိုများလာရင်တောင် အဲ့ဒါက အရမ်းနည်းပါသေးတယ်”
“အမ်... နားလည်ပါပြီ၊ ဒါဆို ဒီအဆင့် ၄ မူမမှန်မှုက ဘယ်လောက်ထိ သန်မာလဲဆိုတာ သွားကြည့်ကြတာပေါ့...”
ဖုန်းပုကြွယ်က ပြုံးလျက် ဆိုလိုက်သည်။