အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း (၅၇)
“ငါပြောမယ် ကောင်လေး၊ ငါ့စကားတွေက အရာမဝင်တာလား၊”
ပန်ဖုန်း မျက်လုံးပြူးသွားသည်။
“မူမမှန်မှုက အရမ်းသန်မာတယ်လို့ ငါပြောပြီးသားလေ၊ မင်းက ဘာကို ဆိုလိုချင်တာလဲ၊ မင်း သေလမ်းရှာနေတာလား၊ ဘာလို့ ပင်မတာဝန်ကို ငါတို့နဲ့အတူ ပြီးအောင်လုပ်ပြီး ဂိမ်းထဲကနေ ထွက်မသွားချင်ရတာလဲ”
“ခင်ဗျားပြောသလိုဆိုရင် အဆင့် ၄ မူမမှန်မှုက အက်ရှ်ဖို့ဒ်လို ဘော့စ်တစ်ကောင်ရဲ့ ဉာဏ်ရည်နဲ့ တိုက်ခိုက်နိုင်စွမ်းထက် နည်းနည်းပဲ ပိုသန်မာတာလေ”
ဖုန်းပုကြွယ်က ဆိုသည်။
“ဘာလို့ သူတို့ကို သတ်လို့မရမှာလဲ”
“ပြဿနာက ငါတို့က မင်းတို့အကူအညီကို မလိုအပ်ဘူးလေ ၊ ဟုတ်တယ်မလား”
ဟွာရှုံက မေးလိုက်သည်။
ရှောင်တန်မှာလည်း အနည်းငယ်အံ့အားသင့်နေသော အမူအရာရှိနေသည်။ သူလည်း ဖုန်းပုကြွယ်ဘက် လှည့်လာ၏။
“ဟုတ်တယ် ၊ ငါတို့ ဒါကို သွားသတ်ဖို့မလိုပါဘူး”
“ခင်ဗျားတို့ မလိုအပ်ဘူးပြောတဲ့ အကြောင်းရင်းက… ကစားသမားတွေက မူမမှန်မှုကို သွားသတ်ရင် ဘေးထွက်တာဝန် ဒါမှမဟုတ် လျှို့ဝှက်တာဝန် သတ်မှတ်ပေးမှာမဟုတ်ဘူး ၊ ဒါက ပင်မတာဝန်ကို အကူညီဖြစ်စေမှာလည်း မဟုတ်ဘူး၊ တကယ်တမ်းကျရင် အရမ်းလည်းအန္တရာယ်များတယ် ဟုတ်တယ်မလား”
သုံးယောက်သား တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ်သည်။
“ဟုတ်တယ်”
“ကျွမ်းကျင်မှုအဆင့်တွေ ကျွမ်းကျင်မှုအမှတ်တွေရဲ့ အကျိုးကျေးဇူးထက် ဂိမ်းတစ်ခုက ယူဆောင်လာပေးသင့်တဲ့ အရေးအကြီးဆုံးအရာကို ခင်ဗျားအားလုံးတို့ မေ့နေကြပြီလား”
“အမ်…ဘာလဲ”
“ပျော်ရွှင်မှုပေါ့”
ဖုန်းပုကြွယ်က ပြုံးလျက် ဆိုသည်။
“ခင်ဗျားကိုယ်တိုင် ပြောခဲ့တာပဲ၊ ကစားသမားတွေ မူမမှန်မှုနဲ့ ကြုံရဖို့ အခွင့်အရေးက အရမ်းနည်းတယ်ဆိုတော့ ဒုတိယအကြိမ် ထပ်ကြုံရဖို့ မရှိသလောက်ပဲ၊ ဒါပေမဲ့ အဖွဲ့လိုက် ဇာတ်လမ်းအတွက်ကျတော့ ကျွန်တော် အကြိမ်ပေါင်းများစွာ ပြန်ဆော့လို့ ရတာပဲလေ၊ တစ်ခါလောက် သေသွားတော့ရော ဘာဖြစ်လဲ”
သူက ခဏရပ်ပြီး ဆက်ပြောသည်။
“မူမမှန်မှုနဲ့ ဆုံရခဲတာကို GM နှစ်ယောက်က ပင်မတာဝန်တွေ အကုန်ရှင်းပြီး ဇာတ်လမ်းထဲက ထုတ်လိုက်တာကိုပဲ ထိုင်ကြည့်နေရမှာလား၊ အဲ့ဒါက အရမ်းပျင်းဖို့ ကောင်းမနေဘူးလား၊ သာမန်ဇာတ်လမ်းတစ်ခုမှာ ဆော့ရင်း လမ်းတစ်ဝက်မှာ အသတ်ခံလိုက်ရတာတောင် ဒါထက် ပိုစိတ်ဝင်စားဖို့ ကောင်းဦးမယ်”
ရှောင်တန်က သူ့ခေါင်းကို ၄၅ ဒီဂရီ စောင်းကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“မင်းပြောမှပဲ... အဲ့ဒီ မူမမှန်မှုနောက်ကို မလိုက်တာက တစ်ခုခုဆုံးရှုံးနေသလို ငါ ရုတ်တရက် ခံစားလိုက်ရတယ်”
“ဒါပေါ့၊ လူတော်တော်များများက ဆုံဖို့တောင် အခွင့်အရေး မရှိကြဘူး၊ သူ့လက်ထဲမှာ သေရရင်လည်း ဘာဖြစ်လဲ” ဖုန်းပုကြွယ်က ဆိုသည်။
“ဒါက Contra ကို အကြိမ်တစ်သောင်းလောက် ဆော့ပြီးမှ တစ်ခါမှ မမြင်ဖူးတဲ့ နတ်ဆိုးမြို့တော်ဘော့စ်နဲ့ ရုတ်တရက် တိုးတာမျိုးပဲ၊ မင်းသေရမယ်ဆိုရင်တောင် ရှောင်သွားဖို့တော့ စဉ်းစားမှာ မဟုတ်ဘူး မဟုတ်လား” (TL note - Contra က ဂိမ်းတစ်မျိုးဖြစ်ပါလိမ့်မယ်)
“အိုး၊ ကြည့်ရတာ အဓိပ္ပာယ်အတော်ရှိတာပဲ”
ရှောင်တန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဒီကောင်လေးရဲ့ အတွေးအခေါ်က နည်းနည်းမူမမှန်ဘူးနော်...”
ပန်ဖုန်းက ဟွာရှုံကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
“သူက မူမမှန်ရုံတင် မဟုတ်ဘူး၊ တကယ့်ကို ထူးဆန်းတဲ့ကောင်ပဲ...”
ဟွာရှုံက လေသံတိုးတိုးဖြင့် ပြန်ဖြေသည်။
“ခင်ဗျားတို့နှစ်ယောက်က ကျွန်တော့်နားမှာ ကပ်ရပ်နေပြီး တိုးတိုးတိုးတိုးထပ်လုပ်နေပြန်ပြီ၊ အဲ့ဒါက ဘာထူးမှာမို့လို့လဲ”
ဖုန်းပုကြွယ်က အော်ပြောလိုက်သည်။
...
ညနေ ၅ နာရီ၊ သေနတ်ဆိုင်ရှေ့တွင်။
ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိတို့သည် သေဆုံးသွားသည့် နေရာကို စစ်ဆေးနေကြသည်။
အာတိုဘီဆမားနှင့် နာမည်ရွေးရတာ ခက်လိုက်တာတို့မှာ အဖြူရောင် အလင်းတန်းများနှင့်အတူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကစားသမားများ အသတ်ခံရပြီးနောက် သူတို့၏ ရုပ်အလောင်းမှာ ဇာတ်လမ်းထဲတွင် ကျန်ရစ်မည်မဟုတ်ပေ။ အလားတူပင် ကစားသမားတစ်ဦးက ဗိုင်းရပ်စ်ကြောင့် မျိုးဗီဇပြောင်းလဲသွားလျှင်လည်း ပြောင်းလဲချိန်ကုန်ဆုံးသည့်အခါ အဖြူရောင်အလင်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားမည်ဖြစ်ပြီး သူတို့၏ နောက်ဆုံးနေရာတွင် သာမန်ဇွန်ဘီးတစ်ကောင်နှင့် အစားထိုးခံရမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဂိမ်းကုမ္ပဏီသည် ကစားသမား၏ ရုပ်အလောင်းကို ဇာတ်လမ်းထဲတွင် မည်သည့်ပုံစံနှင့်မျှ ကျန်ရှိနေစေမည် မဟုတ်ပေ။ ကစားသမားမှာ အဖြူရောင်အလင်းအဖြစ် ထွက်ခွာသွားမည် သို့မဟုတ် အသက်ရှင်လျက် ကျန်ရစ်မည် ဖြစ်သည်။
အလောင်းမရှိသဖြင့် မူမမှန်မှု၏ လူသတ်မှုဖြစ်စဉ်ကို ပြန်လည်ဖော်ထုတ်ရန် ခက်ခဲသော်လည်း ဖုန်းပုကြွယ်က စုတ်ပြဲနေပြီး သွေးများဖြင့် နီရဲနေသော ဆိုဖာကိုကြည့်ကာ ခန့်မှန်းလိုက်သည်။
“သူတို့ ဒီမှာ ထိုင်နေကြတာ၊ သေနတ်တွေကိုင်ပြီး တစ်ယောက်ကိုတစ်ယောက် တစ်ဖက်စီ စောင့်ကြည့်နေကြတာပေါ့”
ထို့နောက် သူက ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
“ဒါကြောင့် ဆိုဖာပတ်လည်မှာ ကျည်ခွံတွေ ပိုများနေတာ၊ သွေးတွေ ပြန့်ကျဲနေတဲ့ လမ်းကြောင်းကလည်း အဲ့ဒါကို သက်သေပြနေတယ်”
သူက မင်ကျိတာဝန်ယူထားသည့်ဘက်ကို ကြည့်လိုက်သည်။
“မူမမှန်မှုက အဲ့ဒီဘက်က လာတာပဲ...”
သူက မတ်တတ်ရပ်ကာ လမ်းဆုံသို့ ရောက်သည်အထိ လျှောက်သွား၏။ ပြီးနောက် ပြန်လှည့်လာပြီး မြေပြင်ကို ငုံ့ကြည့်ကာ အကဲခတ်နေလိုက်သည်။
“မူမမှန်မှုက အမျိုးသမီးတစ်ယောက်ပုံစံရှိရမယ်၊ အနည်းဆုံးတော့ အဝေးကကြည့်ရင် မကောင်းဆိုးဝါးနဲ့ မတူဘူး၊ တကယ်တော့ သူက အလှလေးတောင် ဖြစ်နေနိုင်သေးတယ်...”
“ဒါကို မင်းဘယ်လိုသိတာလဲ”
ရှောင်တန်က မေးလိုက်သည်။
“မြေကြီးပေါ်က သွေးကွက်တွေက အရမ်းအသုံးဝင်တယ်၊ ဒီလမ်းအတိုင်း လျှောက်လာသရွေ့ ခြေရာမကျန်ခဲ့ဖို့က ခက်တယ်”
ဖုန်းပုကြွယ်က ဆောင့်ကြောင့်ထိုင်ကာ မြေပြင်ကို ကြည့်လိုက်သည်။
“ဒေါက်မြင့်ဖိနပ်ခြေရာ တစ်တန်းရှိနေတယ်၊ အဲ့ဒါက အရမ်း ထင်ရှားနေတယ်”
သူ ခေါင်းမော့လိုက်သည်။
“ပြီးတော့ ဒီလမ်းပေါ်က ဇွန်ဘီးအလောင်းတွေထဲမှာ အမျိုးသားရော အမျိုးသမီးရော ဘယ်သူမှ ဒေါက်မြင့်ဖိနပ် စီးမထားကြဘူး”
သူက ရှင်းပြသည်။
“ဒါက ဒီခြေရာပိုင်ရှင်ဟာ အခု ဒီမှာမရှိတော့ဘူးလို့ ဆိုလိုတာပဲ၊ သူက ကစားသမားနှစ်ယောက်ကို သတ်ပြီး ထွက်သွားခဲ့ပြီ”
ဖုန်းပုကြွယ် မတ်တတ်ရပ်ကာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။
“ခြေရာတွေက ဆိုဖာနဲ့ ဆယ်လှမ်းလောက်အကွာမှာ ရပ်သွားတယ်၊ အဲ့ဒါက သူစတိုက်တဲ့ အကွာအဝေး ဖြစ်ရမယ်”
သူက ဆိုဖာဆီသို့ လျှောက်သွားပြန်၏။
“ဒီမှာ... ဆိုဖာရှေ့မှာ ထင်ရှားတဲ့ ခြေရာတစ်ခု ရှိနေတယ်၊ သူတိုက်ခိုက်တဲ့အချိန်မှာ ရပ်ခဲ့တဲ့နေရာပေါ့”
သူက ဆယ်လှမ်းအကွာကို ပြန်ကြည့်လိုက်သည်။
“အကွာအဝေးက ခုနစ်မီတာလောက် ရှိမယ်၊ သူက အဲ့ဒီအကွာအဝေးကို တစ်ချက်တည်းနဲ့ ခုန်ကူးလာခဲ့တာ၊ ဒါက သူဟာ BW Zombie တွေလို နှေးကွေးတဲ့ မကောင်းဆိုးဝါး မဟုတ်ဘူးဆိုတာ သက်သေပြနေတာပဲ”
သူက ဆိုဖာ၏ အခြားတစ်ဖက်သို့ ပတ်သွားသည်။
“လူတွေကို သတ်ပြီးတော့ သူကတခြားဘက်ကို ထွက်သွားတယ်၊ ခဏလောက် လျှောက်သွားပြီးတဲ့နောက် သွေးအသစ်တွေကို နင်းမိပြီး ခြေရာတွေ ထပ်ကျန်ခဲ့တယ်”
“အစ်ကိုပုကြွယ်”
ရှောင်တန်က မေးလိုက်သည်။
“ငါ့မေးခွန်းကို မဖြေရသေးဘူးနော်၊ ဒေါက်မြင့်ဖိနပ်စီးတိုင်း လှရမယ်လို့ ဆိုလိုတာလား”
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
“သူ လာတဲ့အချိန်က ခြေရာတွေကို ကြည့်လိုက်ဦး”
သူက ဘေးဘက်သို့ ပြန်လျှောက်သွားသည်။
“ဒီခြေရာတွေက ‘လမ်းလျှောက်’ လာတာ၊ ‘ပြေး’ လာတာ မဟုတ်သလို ဇွန်ဘီးတွေလို ‘လှုပ်ရှား’ လာတာလည်း မဟုတ်ဘူး”
သူက မြေပြင်ကို ညွှန်ပြလိုက်သည်။
“ခြေလှမ်းတွေနဲ့ သွေးကွက်တွေရဲ့ အနက်ကို ကြည့်ရသလောက် သူ့အရပ်က ၁.၆၅ မီတာလောက် ရှိမယ်၊ ကိုယ်အလေးချိန်မများသလို လမ်းလျှောက်တဲ့ဟန်ပန်ကလည်း ယဉ်ကျေးသိမ်မွေ့တယ်လို့ ပြောလို့ရတယ်”
“လမ်းလျှောက်ဟန်က အရမ်းညှို့ယူနိုင်တဲ့ မကောင်းဆိုးဝါးလည်း ဖြစ်နိုင်တာပဲလေ”
ရှောင်တန်က ဆက်ပြောသည်။
“တကယ်လို့ ဒေါက်မြင့်ဖိနပ်စီးထားတဲ့ မကောင်းဆိုးဝါးတစ်ကောင် ဒါမှမဟုတ် ဒေါက်မြင့်ဖိနပ် စီးထားတဲ့ ယောက်ျားတစ်ယောက်က မင်းဆီကို ဖြည်းဖြည်းချင်း လမ်းလျှောက်လာမယ်ဆိုရင် မင်းက ဆိုဖာပေါ်မှာထိုင်ပြီး သူဆယ်လှမ်းအကွာအထိ ရောက်လာအောင် စောင့်နေမှာလား”
ဖုန်းပုကြွယ်က မေးလိုက်သည်။
“အင်း...”
ရှောင်တန် စဉ်းစားကြည့်လိုက်တော့လည်း အဓိပ္ပာယ်ရှိသလို ခံစားရသည်။
“မူမမှန်မှုက အဝေးကကြည့်ရင် မကောင်းဆိုးဝါးနဲ့ တူနေမယ်ဆိုရင် ‘နာမည်ပေးရတာ ခက်လိုက်တာ’ က အစောကြီးကတည်းက သေနတ်နဲ့ ပစ်မှာပေါ့”
ဖုန်းပုကြွယ်က ဆက်ပြောသည်။
“အဲ့ဒါဆို ဖြစ်နိုင်ခြေနှစ်ခု ရှိတယ်၊ တစ်ခုက မူမမှန်မှုက စပြေးလာပြီး ငါတို့ဆီကို အတင်းဝင်လာတာ”
“ခြေရာတွေအရဆိုရင်တော့ အဲ့ဒီဖြစ်နိုင်ခြေကို ဖယ်ထုတ်လို့ ရတယ်”
ရှောင်တန်က ဆိုသည်။
“ဒုတိယဖြစ်နိုင်ခြေက... မူမမှန်မှုက သူ့ရဲ့ လမ်းလျှောက်ဟန်ကိုထိန်းပြီး ဖြည်းဖြည်းချင်း လျှောက်လာပြီးမှ တိုက်ခိုက်တာ”
ဖုန်းပုကြွယ်က ပြောသည်။ သူက ခဏရပ်လိုက်ပြီး “တကယ်လို့ အဲ့ဒါက အမှန်ဆိုရင်... နာမည်ရွေးရတာ ခက်လိုက်တာနဲ့ အာတိုဘီဆမားတို့က ဆိုဖာပေါ်မှာ ဆက်ထိုင်နေမှာ မဟုတ်ဘူး၊ သူတို့မှာ မတ်တတ်ရပ်ပြီး ဆုတ်ခွာဖို့ အချိန်အလုံအလောက် ရှိလိမ့်မယ်၊ အဲ့ဒါဆိုရင် သူတို့က ဆုတ်ရင်းနဲ့ ပြန်တိုက်တဲ့ ပုံစံမျိုး ပြောင်းသွားမှာပေါ့”
“ဒါမှမဟုတ် သူတို့က မကောင်းဆိုးဝါးရဲ့ စွမ်းအားတစ်ခုခုကြောင့် ဆိုဖာပေါ်မှာပဲ ကပ်နေတာလား”
ရှောင်တန်က ခန့်မှန်းလိုက်သည်။
“အဲ့ဒီလို ရှင်းပြတာထက် မူမမှန်မှုက မကောင်းဆိုးဝါးနဲ့ တူတယ်ဆိုတဲ့ အချက်ကိုပဲ ပြောင်းပြန်လှန်ပြီး စဉ်းစားကြည့်ရအောင်”
ဖုန်းပုကြွယ်က ဆိုသည်။
“မင်းပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ...”
ရှောင်တန်က ဆိုသည်။
“ဒါဆို မူမမှန်မှုက လူသားအမျိုးသမီးတစ်ယောက်ရဲ့ ပုံစံရှိတယ်လို့ ထားလိုက်ဦး၊ သူက အလှလေးဆိုတာကို မင်း ဘယ်လိုလုပ် သေချာပေါက် ပြောနိုင်တာလဲ”
“ငါ ‘လှတယ်’ လို့ ပြောတာက ငါ့ရဲ့ ပင်ကိုယ်သိစိတ်အရ ပြောတာပါ”
ဖုန်းပုကြွယ်က ဆိုသည်။
“ဖြစ်နိုင်တာက သူက သာမန်ရုပ်ရည်ပဲ ဖြစ်မှာပါ”
“ကျစ်...”
ဖုန်းပုကြွယ် ပြုံးလိုက်သည်။
“ဒါဆို ဖြစ်သွားတာက... သူတို့ ဒီမှာထိုင်နေရင်းနဲ့ မကောင်းဆိုးဝါးနဲ့ မတူတဲ့ အမျိုးသမီးတစ်ယောက် ပေါ့ပါးတဲ့ ခြေလှမ်းတွေနဲ့ လျှောက်လာတာကို ကြည့်နေကြတယ်ပေါ့”
ထို့နောက် သူက ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်သည်။
“မူမမှန်မှုက ဆယ်လှမ်းအကွာကို ရောက်တဲ့အခါကျမှ အဲ့ဒီနှစ်ယောက်က တစ်ခုခုမှားနေပြီဆိုတာ သိပြီး ခုခံဖို့ ကြိုးစားကြတာ၊ ဒါပေမဲ့ အဲ့ဒီအကွာအဝေးမှာ အန္တရာယ်ကိုသတိပြုမိဖို့က အရမ်း နောက်ကျသွားပြီ၊ မူမမှန်မှုက ချက်ချင်းရောက်လာပြီး တိုက်ပွဲကို အဆုံးသတ်လိုက်တာပဲ”
သူက ဆိုဖာပေါ်မှ စုတ်ပြဲနေသည့် သားရေစကို ကိုင်ကြည့်လိုက်သည်။
“ဒီအမှတ်အသားက Wolverine (X man) ရဲ့ လက်ချက်လိုပဲ၊ ပြီးတော့ ဆယ်လှမ်းအကွာက နောက်ဆုံးခြေရာတွေက အရှိန်မြှင့်တာ ဒါမှမဟုတ် ပိုနက်သွားတာမျိုး မတွေ့ရဘူး”
“အဲ့ဒါက ဘာကို ဆိုလိုတာလဲ”
ရှောင်တန်က မေးလိုက်သည်။
“မင်း အရှိန်မယူဘဲ ဘယ်လောက်အထိ ခုန်နိုင်လဲ”
ဖုန်းပုကြွယ်က မေးသည်။
“အများဆုံး နှစ်မီတာပေါ့”
“ဒီမူမမှန်မှုက အနည်းဆုံး ခြောက်မီတာလောက် ခုန်နိုင်တယ်”
“အင်း...”
“ခုန်ပြီးတဲ့နောက် သူက လက်သည်းလို လက်နက်မျိုး ဒါမှမဟုတ် သူ့လက်တွေကို သုံးပြီး အဲ့ဒီနှစ်ယောက်ရဲ့ ကိုယ်ခန္ဓာကို အမြန်ဆွဲဖြတ်လိုက်တာပဲ၊ သူတို့ ထိုင်နေတဲ့ ဆိုဖာတောင် အဲ့ဒီဒဏ် ခံလိုက်ရတယ်”
ဖုန်းပုကြွယ်က သူ့မေးစေ့ကို ကိုင်ကာ “ဒါဆိုရင်တော့ အားလုံး ရှင်းသွားပြီ” ဟု ဆိုလိုက်သည်။
ရှောင်တန်က ခေါင်းမော့ကာ မနီးမဝေးရှိ အဆောက်အအုံ ခေါင်မိုးပေါ်တွင် ပုန်းအောင်းနေသည့် ပန်ဖုန်းနှင့်ဟွာရှုံကို လှမ်းအော်ပြောလိုက်သည်။
“အစ်ကိုတို့၊ သူတို့ကို သေသေချာချာ စောင့်ကြည့်ပေးထားဦးနော်”
ထိုနှစ်ယောက်က သူ့ကိုဂရုမစိုက်ဘဲ ဆက်လက် စကားပြောဆိုနေကြသည်။
“စိတ်မပူပါနဲ့”
ဖုန်းပုကြွယ်က ဆိုသည်။
“မူမမှန်မှုက သူတို့ရဲ့ တစ်ကီလိုမီတာ ပတ်လည်အတွင်း ရောက်လာတာနဲ့ စနစ်ရဲ့ အကြောင်းကြားစာကို သူတို့ ရမှာပဲလေ၊ ပြီးတော့ သူတို့ပါလာတဲ့ ဇာတ်လမ်းမြေပုံကနေ ပစ်မှတ်ရဲ့ တည်နေရာကိုလည်း မြင်ရမှာပဲ”
“ငါပြောမယ်၊ ဒီစနစ်က တကယ့်ကို ရှုပ်ထွေးတာပဲ၊ မူမမှန်မှုရဲ့ တည်နေရာကို သူတို့ဆီ တိုက်ရိုက် ပို့ပေးလိုက်လို့ မရဘူးလား”
ရှောင်တန်က မေးလိုက်သည်။
“ဒါကြောင့်လည်း သူတို့က မူမမှန်မှုကို ‘ထိန်းချုပ်လို့မရတဲ့ ဒေတာ’ လို့ ခေါ်တာပေါ့၊ သူတို့မှာ စနစ်ရဲ့ ရှာဖွေမှုနဲ့ နှောင့်ယှက်မှုတွေကို ခုခံနိုင်တဲ့ စွမ်းအားတစ်ခုခု ရှိရမယ်၊ တကယ်လို့ မင်းပြောသလိုသာ လုပ်လို့ရရင် စနစ်က မူမမှန်မှုကို လျှပ်စီးနဲ့ပစ်ပြီး သတ်လိုက်တာက ပိုမလွယ်ဘူးလား၊ GM က အဲ့ဒါကို လုပ်နေစရာ လိုပါ့ဦးမလား”
ဖုန်းပုကြွယ်က ဆိုသည်။
“ဒါနဲ့ ပတ်သက်လို့ ပြောရရင်... အဲ့ဒီနှစ်ယောက်ပြောတာအားလုံးကို ငါတို့ အပြည့်အဝယုံလို့မရဘူး”
ရှောင်တန်၏ အမူအရာက ပြောင်းလဲသွားသည်။
“ဘာလဲ၊ သူတို့ ငါတို့ကို တစ်ခုခု လိမ်ထားလို့လား”
“အဲ့ဒီလိုတော့ မထင်ပါဘူး၊ သူတို့ အမှန်အတိုင်း ပြောနေတာပဲဖြစ်မယ်”
ဖုန်းပုကြွယ်က ဆိုသည်။
“ဒါပေမဲ့... သူတို့က ဝန်ထမ်းနှစ်ယောက်ပဲလေ၊ အိပ်မက်ကုမ္ပဏီ သူတို့ကို ပြောပြထားတဲ့ မူမမှန်မှု အချက်အလက်တွေ အကုန်လုံးက အမှန်တွေချည်းပဲလို့ မင်းဘယ်လို သေချာပေါက် ပြောနိုင်မှာလဲ”
အခန်း (၅၈)
“ရေခဲပုံးက အပြည့်နီးပါး ရှိသေးတယ်”
ဖုန်းပုကြွယ်က ရေခဲပုံးနားသို့ လျှောက်သွားရင်း ဆိုလိုက်သည်။
“ကြည့်ရတာ မူမမှန်မှုက ဒါတွေကို မလိုတဲ့ပုံပဲ၊ သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ကစားသမားနှစ်ယောက်ကို သတ်ဖို့ပဲ”
ရှောင်တန်ကလည်း ဝင်ပြောသည်။
“ဒါဆို သူက ငါတို့ကို ဘာလို့လာမသတ်တာလဲ၊ ငါတို့ အဆင့်တွေက နိမ့်နေတာပဲ မဟုတ်ဘူးလား”
“မင်းကို လာမသတ်ရတဲ့ အကြောင်းရင်းက နားလည်ရလွယ်ပါတယ်၊ မင်းက GM နှစ်ယောက်နဲ့ အနီးဆုံးမှာ ရှိနေတာလေ၊ တကယ်လို့ မင်းကို လာသတ်မယ်ဆိုရင် အဲ့ဒီနှစ်ယောက်ရဲ့ ထောက်လှမ်းနိုင်တဲ့ အကွာအဝေးထဲကိုဝင်ရမယ့် အန္တရာယ်ကို သူရင်ဆိုင်ရလိမ့်မယ်”
ဖုန်းပုကြွယ်က ဆိုသည်။
“ဇာတ်လမ်း စစချင်းတုန်းက အာဘီတိုဆမားရယ်၊ မင်ကျိရယ်၊ ငါရယ်က သူ့ရဲ့ ပစ်မှတ်တွေ ဖြစ်နိုင်ခဲ့တာပဲ၊ အထူးသဖြင့် ငါဆိုရင် အဆင့်လည်း နိမ့်တယ်၊ တစ်ယောက်တည်းလည်း ခွဲထွက်နေတာ၊ ငါ အသတ်ခံရရင်တောင် GM တွေက BW Zombie တွေရဲ့ လက်ချက်လို့ပဲ ထင်သွားကြမှာ”
“ဒါပေမဲ့... အဲ့ဒီလို အမဲလိုက်ဖို့ အကောင်းဆုံးအချိန်တုန်းက မူမမှန်မှုက ငါ့ကိုလည်း မတိုက်ခိုက်ခဲ့သလို တခြားနှစ်ယောက်နောက်ကိုလည်း မလိုက်ခဲ့ဘူး၊ မင်းရယ်၊ ငါရယ်၊ GM နှစ်ယောက်ရယ် အာလာမူအဆောက်အအုံမှာ အတူရှိနေတဲ့ အချိန်ကျမှ သူက လာတိုက်ခိုက်တာ၊ အဲ့ဒီတော့...”
ဤနေရာတွင် ဖုန်းပုကြွယ်က ခေါင်းမော့ကာ ပန်ဖုန်းနှင့် ဟွာရှုံကို လှမ်းအော်မေးလိုက်သည်။
“ဟေး၊ ဗိုလ်ချုပ်တို့... ဇာတ်လမ်း စစချင်းတုန်းက မူမမှန်မှုက အချိန်အတိုင်းအတာတစ်ခုထိ မလှုပ်ရှားနိုင်ဘဲ ဖြစ်နေတာလား”
ဟွာရှုံက ခေါင်မိုးပေါ်မှ ငုံ့ကြည့်ကာ ပြန်အော်ပြောသည်။
“မလှုပ်ရှားနိုင်တာ မဟုတ်ဘူး၊ သူ့ရဲ့ အသွင်ကူးပြောင်းမှုက မပြီးသေးတာ၊ မင်း ကော်ဖီတစ်ခွက်အကြောင်း မှတ်မိသေးလား”
“အဲ့ဒါက ဘာဖြစ်လို့လဲ”
ဖုန်းပုကြွယ်က မေးသည်။
“သာမန်ဒေတာဆိုတာ သာမန်အသင့်ဖျော်ကော်ဖီလိုပဲ၊ ရေနွေးနဲ့ ထိတာနဲ့ တန်းပျော်ဝင်သွားတာမျိုးပေါ့၊ ဒါပေမဲ့ မူမမှန်မှုရဲ့ အမှုန့်တွေက ပျော်ဝင်ဖို့ အချိန်အကြာကြီး ယူရတယ်”
ဟွာရှုံက ပြန်ဖြေသည်။
“ပုံမှန်ဆိုရင် ငါတို့က ကစားသမားတွေကို ခေါ်သွားပြီး ဇာတ်လမ်းပြီးခါနီးမှ မူမမှန်မှုက ရုပ်လုံးပေါ်လာပြီး ဇာတ်လမ်းထဲ ရောက်လာတတ်တာ”
သူ နှစ်စက္ကန့်ခန့် ရပ်လိုက်ပြီးမှ ထပ်ပြောသည်။
“ဒါပေမဲ့ ဒီတစ်ခါကြုံရတဲ့ကောင်က အရမ်းမြန်တယ်”
“အော်... အဲ့လိုလား...”
ဖုန်းပုကြွယ်က တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။
“ဒါနဲ့ ခင်ဗျားတို့ရဲ့ ပစ်မှတ်က အဆင့် ၄ ဆိုတာ ဘယ်လိုသိတာလဲ၊ ဇာတ်လမ်းထဲ ဝင်လာတဲ့အချိန် စနစ်က အကြောင်းကြားစာ ပို့တာလား၊ ဒါမှမဟုတ် GM Menu ထဲမှာ ပြနေတာလား”
“သူ့ကို ‘ထိ’ လိုက်ပြီးရင် မီနူးထဲမှာ သူ့အဆင့်ကို မြင်ရလိမ့်မယ်”
ပန်ဖုန်းက ပြန်ဖြေသည်။
“အနီးကပ်တိုက်ခိုက်တဲ့ လက်နက်တစ်ခုခုနဲ့ သူ့ကို ပွတ်ဆွဲလိုက်ရုံပဲ”
“နေပါဦး...”
ဖုန်းပုကြွယ်က ဆိုသည်။
“ဒါဆို ဒီမူမမှန်မှုက အဆင့် ၄ ပါဆိုတဲ့ ခင်ဗျားတို့ရဲ့ ပြောကြားချက်က ခန့်မှန်းချက်သက်သက်ပေါ့ ဟုတ်လား”
ပန်ဖုန်းနှင့် ဟွာရှုံတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ရယ်မောလိုက်ကြသည်။
“ဟား... စောစောက မူမမှန်မှုက အဆင့်လေးဆင့် ရှိတယ်လို့ ငါတို့ပြောတာကို မင်းက တကယ်ယုံနေတာလား၊ အဆင့် ၃ မူမမှန်မှုကို ဘယ်မှာ သွားရှာရမှာလဲ၊ ငါတို့ အလုပ်က အဆင့် ၄ မူမမှန်မှုတွေ အကုန်လုံးကို ရှင်းပစ်ဖို့ပဲ၊ ငါတို့ အကြိမ်ကြိမ် ရှုံးနိမ့်တာမျိုး ဒါမှမဟုတ် အဆင့် ၄ မူမမှန်မှုက အဖွဲ့ ၆ ဖွဲ့နဲ့ တိုးလောက်အောင် ကံကောင်းတာမျိုးမရှိရင် အဆင့် ၃ မူမမှန်မှုဆိုတာ မမွေးဖွားလာနိုင်ဘူး”
ဖုန်းပုကြွယ်က ခြောက်ကပ်ကပ် ရယ်လိုက်သည်။
“ကောင်းပါပြီ၊ ခင်ဗျားတို့ ပြောတာ မှန်ပါစေလို့ပဲ မျှော်လင့်ရမှာပဲ”
ပန်ဖုန်းက မေးသည်။
“ဟေး... ညီလေးဖုန်း၊ အောက်မှာ ဘယ်လိုလဲ၊ အသုံးဝင်မယ့် ကောက်ချက်တစ်ခုခု ရပြီလား”
“အင်း...”
ဖုန်းပုကြွယ်က သူ့လက်များကို အိတ်ကပ်ထဲ ထည့်၍ ဟိုဟိုဒီဒီ လမ်းလျှောက်လိုက်သည်။
“မူမမှန်မှုက လူသားအမျိုးသမီးတစ်ယောက်ရဲ့ ပုံစံရှိတယ်၊ အရပ်က ၁.၆၅ မီတာလောက် ရှိပြီးတော့ ခပ်ပိန်ပိန်ဘက်ပဲ၊ သူ့ကိုယ်ထဲကနေ ၂၀ စင်တီမီတာလောက်ရှည်တဲ့ လက်သည်းလို လက်နက်မျိုးကို ချက်ချင်းထုတ်နိုင် ဒါမှမဟုတ် ရှည်ထွက်လာအောင် လုပ်နိုင်တယ်၊ သူ့ရဲ့ အရှိန်နဲ့ ခွန်အားက အာလာမူအဆောက်အအုံမှာ ကျွန်တော်တို့ မြင်ခဲ့ရတဲ့ ပရော်ဖက်ဆာ အက်ရှ်ဖို့ဒ်ရဲ့ ဗီဇပြောင်းပုံစံနဲ့ အတူတူလောက်ပဲ”
“ဉာဏ်ရည်ပိုင်းနဲ့ ပြောရရင်... ခင်ဗျားတို့က သူ့ရဲ့ ထောက်လှမ်းနိုင်စွမ်း အကွာအဝေးထဲ ရောက်မှ သူ့တည်နေရာကို သိနိုင်တာ၊ ဒါပေမဲ့ သူကတော့ ခင်ဗျားတို့ ဘယ်မှာရှိလဲဆိုတာကို သိနေတယ်၊ တစ်ချိန်တည်းမှာပဲ သူက ကစားသမားတိုင်းရဲ့ တည်နေရာကိုလည်း အတိအကျ သိတယ်၊ ဒါကြောင့် ကျွန်တော်တို့ကို ငါးစာအဖြစ်သုံးဖို့က အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ ခင်ဗျားတို့ အနားမှာ ရှိနေသရွေ့ သူက ကျွန်တော်တို့နား ကပ်လာမှာ မဟုတ်ဘူး”
“ဒီမူမမှန်မှုရဲ့ ဉာဏ်ရည်က ဘယ်လောက်အထိ မြင့်လဲဆိုတာတော့ အခုလောလောဆယ် မပြောနိုင်သေးဘူး၊ ဒါပေမဲ့ လက်ရှိအခြေအနေအရဆိုရင် သူဘာလုပ် ‘သင့်’ သလဲဆိုတာ သူ သိနေတယ်၊ သူ့ရဲ့ ရည်မှန်းချက်က ရှင်သန်ဖို့နဲ့ ဆင့်ကဲပြောင်းလဲဖို့ပဲ၊ အဲ့ဒီပန်းတိုင်ကို ရောက်ဖို့ဆိုရင် ကစားသမားတွေနဲ့ GM တွေ ဇာတ်လမ်းထဲက ထွက်သွားဖို့ လိုတယ်”
“တကယ်လို့ သူ့ဘက်ကနေ စဉ်းစားကြည့်မယ်ဆိုရင်... ပထမအချက်၊ သူက ခင်ဗျားတို့ရဲ့ GM အခွင့်အရေးကိုသုံးပြီး ဇာတ်လမ်းကို အမြန်ရှင်းတာကို တားမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဇာတ်လမ်း ပြီးသွားတာနဲ့ ကစားသမားအားလုံး အပြင်ကို ပို့ခံရမှာဆိုတော့ သူ့အတွက် အလုပ်အများကြီး သက်သာသွားတာပေါ့၊ ဒုတိယအချက်၊ သူ့ရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံချက်ရှိတဲ့ အနေအထားမျိုးမှာ (ဥပမာ- ခင်ဗျားတို့နဲ့ အဝေးကြီးမှာ ရှိနေတဲ့အချိန်မျိုး) ကစားသမားနည်းနည်းကို ကိုယ်တိုင်သတ်ပစ်ဖို့ သူဝန်လေးမှာ မဟုတ်ဘူး၊ အဲ့ဒါက သူ့ကို ကြီးထွားဖို့ ကူညီပေးတာမျိုး ဖြစ်နိုင်မလား၊ ကျွန်တော်လည်း မသိဘူး...”
ဤနေရာတွင် သူက လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။
“ကျွန်တော့်ကို စိတ်ပူစေတဲ့ နောက်တစ်ချက်က မကောင်းဆိုးဝါးတွေနဲ့ သူ့ရဲ့ ဆက်ဆံရေးပဲ၊ မူမမှန်မှုဟာ မကောင်းဆိုးဝါးတွေ တိုက်ခိုက်တာ ခံရမှာလား၊ ဒါမှမဟုတ် သူက မကောင်းဆိုးဝါးတွေနဲ့ ဆက်သွယ်နိုင်သလား၊ သူတို့ရဲ့ အပြန်အလှန် ဆက်ဆံမှုက ဇာတ်လမ်းကို ပြောင်းလဲစေမှာလား၊ စနစ်က ပေးထားတဲ့ ပင်မတာဝန်ကို ထိခိုက်မှာလား ဆိုတာတွေကိုတော့ ကျွန်တော် သေသေချာချာ မပြောနိုင်သေးဘူး”
“ဘာပဲဖြစ်ဖြစ်... ကျွန်တော်သာ အဲ့ဒီမူမမှန်မှုဆိုရင် ဒီဇာတ်လမ်းရဲ့ လက်ရှိအခြေအနေအရ ရွေးချယ်စရာသုံးခု ရှိတယ်”
ဖုန်းပုကြွယ်က ဆိုဖာပေါ်တွင် ပြန်ထိုင်ကာ ခေါင်းငုံ့ပြီး သူ့နဖူးကို လက်နှစ်ချောင်းဖြင့် ဖြည်းဖြည်းချင်း တောက်လိုက်သည်။
“အင်း... အကောင်းဆုံး အစီအစဉ်ကတော့ ကိုယ့်ကိုယ်ကိုယ် ငါးစာအဖြစ်သုံးပြီး သင့်တော်တဲ့အချိန် (ဥပမာ- မှောင်ပြီးတဲ့နောက်) မှာ ခင်ဗျားတို့ရဲ့ ထောက်လှမ်းနိုင်စွမ်း အကွာအဝေးထဲကို တမင်တကာ ဝင်လာပြီး ခင်ဗျားတို့ကို သတ်မှတ်ထားတဲ့ နေရာတစ်ခုဆီ ခေါ်သွားဖို့ပဲ၊ အဲ့ဒီနောက် အက်ရှ်ဖို့ဒ်ရဲ့ မျိုးဗီဇပြောင်းလဲနေတဲ့ကောင်တွေနဲ့ ညဘက် BW Zombie တွေရဲ့ အကူအညီနဲ့ ခင်ဗျားတို့ကို အပြတ်ရှင်းမှာပေါ့”
သူက ခေါင်းမော့ကာ နှာခေါင်းကို တို့လိုက်သည်။
“ခင်ဗျားတို့က Flag တွေ၊ မကောင်းဆိုးဝါး အချက်အလက်တွေနဲ့ မြေပုံကို စစ်ဆေးနိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ မကောင်းဆိုးဝါးတိုင်းရဲ့ အစစ်အမှန်တည်နေရာကိုတော့ မမြင်နိုင်ဘူး မဟုတ်လား၊ အဲ့ဒါက... ခန့်မှန်းရ မခက်ပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ပရော်ဖက်ဆာ အက်ရှ်ဖို့ဒ်ကို ရှာတွေ့ခဲ့တာက ဇာတ်လမ်းအပြောင်းအလဲရဲ့ အစပျိုးမှတ်ကနေ တစ်ဆင့်လေ၊ ဒါပေမဲ့ သူ မျိုးဗီဇပြောင်းပြီး ထွက်ပြေးသွားတဲ့နောက်မှာတော့ ခင်ဗျားတို့နှစ်ယောက်လုံး သူ့ကို ရှာမတွေ့တော့ဘူး မဟုတ်လား”
(TL note – ဒီနေရာမှာ Flag ဆိုတာက open worldဂိမ်းတွေ RPGဂိမ်းတွေလိုမျိုးမှာ အဖြစ်အပျက်တစ်ခုဖြစ်ပွားဖို့ သတ်မှတ်ထားတဲ့ အချက်ပြမှုအခြေအနေကို ဆိုလိုတာပါ။ ဥပမာ NPC တစ်ယောက်နဲ့ စကားပြောပြီးမှ အိမ်တံခါးပွင့်လာတာမျိုးပေါ့၊ အိမ်တံခါးပွင့်လာမှ ဇာတ်လမ်းကို ရှေ့ဆက်သွားလို့ရမှာလေ၊ ဒါကို Flagတစ်ခုကို trigger(အစပျိုး)လိုက်တယ်လို့ ဆိုလိုတာပါ)
ခဏအကြာတွင် သူက ဆက်ပြောသည်။
“တကယ်လို့ ဒီမူမမှန်မှုက ပရော်ဖက်ဆာ အက်ရှ်ဖို့ဒ်ရဲ့ မျိုးဗီဇပြောင်းလဲနေတဲ့ကောင်ကို ရှာတွေ့ပြီး ဆက်သွယ်နိုင်မယ်ဆိုရင် ပြီးတော့ သူကသာ လုံလောက်အောင် ဉာဏ်ကောင်းမယ်ဆိုရင် သူ့ပန်းတိုင်ရောက်ဖို့ မကောင်းဆိုးဝါးတွေကို သေချာပေါက် အသုံးချလိမ့်မယ်၊ ဒီအစီအစဉ်က မူမမှန်မှုအတွက် အောင်မြင်ဖို့ အခွင့်အလမ်း အများဆုံးပဲ”
ထိုအချိန်တွင် သူက အဝေးတစ်နေရာကို ညွှန်ပြကာ ရှောင်တန်ကို မျက်ရိပ်ပြလိုက်သည်။ ရှောင်တန် လှည့်ကြည့်လိုက်သောအခါ BW Zombie တစ်ကောင် ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရသည်။ သူသည် သူ့အစ်ကိုပုကြွယ် ဆိုလိုသည်ကိုသိသဖြင့် ဘေ့စ်ဘောတုတ်ကို ဆွဲကာ ပြေးထွက်သွားတော့သည်။
ရှောင်တန် မကောင်းဆိုးဝါးနှင့် တိုက်ခိုက်နေစဉ် ပန်ဖုန်းနှင့် ဟွာရှုံတို့က ခေါင်မိုးပေါ်မှ ခုန်ဆင်းလာကြသည်။ ချောင်းမြောင်းတိုက်ခိုက်ခြင်းက အသုံးမဝင်တော့ဟု ဖုန်းပုကြွယ် ပြောထားသဖြင့် သူတို့လည်း အပေါ်မှာ လေညင်းခံမနေတော့ပေ။
“နောက်ထပ် ရွေးချယ်စရာတစ်ခုကတော့ ပရော်ဖက်ဆာ အက်ရှ်ဖို့ဒ်ရဲ့ ဗီဇပြောင်းကောင်ကို သတ်ပစ်ဖို့ပဲ”
ဖုန်းပုကြွယ်က GM နှစ်ယောက်ကို ပြောလိုက်သည်။
“တကယ်လို့ သူကသာ အဲ့ဒီလိုလုပ်ခဲ့ရင် ရှောင်တန်နဲ့ ကျွန်တော်က ဇာတ်လမ်းပြီးသွားပြီမို့ ထွက်သွားရလိမ့်မယ်၊ အဲ့ဒီအခါကျရင် မူမမှန်မှုက ခင်ဗျားတို့နောက်ကို လိုက်လာမှာ ဒါမှမဟုတ် ခင်ဗျားတို့နဲ့ ကြောင်နဲ့ကြွက်တမ်း ကစားမှာပေါ့၊ ဘာပဲဖြစ်ဖြစ် နာရီ ၈၀ ကြာရင်တော့ ဂိမ်းစက်ရဲ့ ကန့်သတ်ချက်ကြောင့် ခင်ဗျားတို့ လိုင်းအောက်သွားမှာပဲလေ၊ ဒါပေမဲ့ သူက ဒေတာအစုအဝေး တစ်ခုအနေနဲ့ ‘ပြင်ပကမ္ဘာ’ ဆိုတဲ့ အယူအဆ မရှိနိုင်သလို ဒီစည်းမျဉ်းကိုလည်း သိမှာမဟုတ်ဘူး”
သူ ခဏရပ်လိုက်သည်။
“တကယ်လို့ ဒီလမ်းကို ရွေးတယ်ဆိုရင် မူမမှန်မှုဟာ မကောင်းဆိုးဝါးတွေနဲ့ မဆက်သွယ်နိုင်ဘူးလို့ ဆိုလိုတာပဲ၊ ဗီဇပြောင်းကောင်တွေနဲ့ ကစားသမားတွေက အခြေအနေကို လာရှုပ်မှာစိုးတဲ့အတွက် သူ အဲ့ဒီလိုလုပ်လိမ့်မယ်၊ တစ်ချိန်တည်းမှာပဲ အဲ့ဒါက မူမမှန်မှုဟာ နှစ်ယောက်တစ်ယောက် အနေအထားမှာ ခင်ဗျားတို့ကို သတ်နိုင်ဖို့ အခွင့်အရေးများတယ်လို့ သူကိုယ်တိုင် ယုံကြည်နေတာလည်း ဖြစ်နိုင်တယ်”
ထိုအချိန်တွင် ရှောင်တန်မှာ မကောင်းဆိုးဝါးကို သတ်ပြီး ပြန်လျှောက်လာနေပြီ ဖြစ်သည်။
“အဆိုးဆုံး ရွေးချယ်စရာကတော့... ဖြစ်နိုင်ခြေ သိပ်မရှိပါဘူး”
ဖုန်းပုကြွယ်က ဆိုသည်။
“အဆိုးဆုံးကတော့ သူက ကြုံရာအချိန်တစ်ခုမှာ ပြေးထွက်လာပြီး ကျွန်တော်တို့ လေးယောက်လုံးကို တိုက်ရိုက် တိုက်ခိုက်တာပဲ၊ အဲ့ဒီ ရွေးချယ်စရာက မူမမှန်မှုရဲ့ အခုပုံစံနဲ့ မကိုက်ညီပေမဲ့ တကယ်လို့ သူသာ အတင်းဝင်လာမယ်ဆိုရင် အကြောင်းပြချက် တစ်ခုခုတော့ ရှိရမယ်၊ ဥပမာ... သူက ပရော်ဖက်ဆာ အက်ရှ်ဖို့ဒ်ရဲ့ ဦးနှောက်ကို စားပြီး အရမ်းသန်မာတဲ့ မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားပြီး ကျွန်တော်တို့ လေးယောက်လုံးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်တဲ့အထိ ယုံကြည်မှု ရှိသွားတာမျိုးပေါ့”
ဖုန်းပုကြွယ်၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် ပန်ဖုန်းနှင့် ဟွာရှုံတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ သူတို့က သူ့ကို မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
“မင်း စိတ်မရှိရင် မေးပါရစေ၊ မင်းရဲ့ အလုပ်အကိုင်က ဘာလဲ”
“ကြီးကျယ်...”
ဖုန်းပုကြွယ်က သူပုံမှန်ဖြေနေကျ အဖြေတစ်ခုကို အော်ပြောတော့မည့် ဆဲဆဲတွင်...
ရှောင်တန်က ကြားဖြတ်ပြောလိုက်သည်။
“အလွတ်တန်းသမားတွေပါ”
ဖုန်းပုကြွယ်က ပုခုံးတွန့်ပြကာ စကားကို လမ်းကြောင်းပေါ် ပြန်တင်လိုက်၏။ သူက GM နှစ်ယောက်ကို ပြောလိုက်သည်။
“ဒီအခြေအနေသုံးခုကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ဆွေးနွေးရအောင်၊ ဒုတိယ အခြေအနေကလွဲရင် ကျန်တဲ့နေရာတွေမှာ ရှောင်တန်နဲ့ ကျွန်တော်က တစ်ခုခုတော့ အသုံးဝင်နိုင်မှာပါ”
“အဆင့် ၁၄ နဲ့ အဆင့် ၁၂ ကစားသမားနှစ်ယောက် သေသွားတာက အများကြီး သက်သေပြနေတာပဲ မဟုတ်လား၊ မင်းကိုယ်တိုင်လည်း မင်းရဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေကနေ မူမမှန်မှုရဲ့ စွမ်းအားကို အကြမ်းဖျင်း သိနေတာပဲ၊ မင်းတို့နှစ်ယောက်က တကယ်ကူညီနိုင်မယ်လို့ ထင်လို့လား”
ပန်ဖုန်းက ဆိုသည်။
“မင်းက အရမ်းတော်တဲ့ ကစားသမားတစ်ယောက်ဆိုတာ ငါသိပါတယ်၊ အတွေးအခေါ်တွေလည်း အများကြီး ရှိတာပဲ၊ မင်းက ‘ဂိမ်းရဲ့ အရူးလုပ်တာ’ ထဲမှာ ပါသွားမယ့်လူမျိုး မဟုတ်ဘူး၊ ငါသာ GM မဟုတ်ရင် ဂိမ်းကစားတဲ့ ကျွမ်းကျင်မှုပိုင်းမှာ မင်းလောက်တော်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ မူမမှန်မှုလို တည်ရှိမှုမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ တိုက်ခိုက်နိုင်စွမ်းက အရေးအကြီးဆုံးပဲ၊ ကျန်တာတွေက ဒုတိယပဲ”
“ခင်ဗျားတို့က ကစားသမားတွေရဲ့ စွမ်းအားကို လျှော့တွက်နေတာပဲ”
ဖုန်းပုကြွယ်က ပေါ့ပေါ့ပါးပါး လေသံဖြင့် ဆိုလိုက်သည်။
“ခင်ဗျားပြောသလို GM တစ်ယောက်က အဆင့် ၄ မူမမှန်မှုကို တစ်ယောက်တည်း အမဲလိုက်နိုင်တဲ့ အောင်မြင်မှုနှုန်းက ၉၅ ရာခိုင်နှုန်း အထက်မှာ ရှိတယ်ဆိုရင်... ခင်ဗျားတို့ GM ရဲ့ စွမ်းအားနဲ့ နှိုင်းယှဉ်ကြည့်ရင်... ဒီလိုအဆင့်ရှိတဲ့ ဇာတ်လမ်းမှာ မူမမှန်မှုရဲ့ စွမ်းအားဟာ အဆင့် ၂၀ တောင် မရှိသေးတဲ့ ကစားသမားတစ်ယောက်ရဲ့ စွမ်းအားလောက်ပဲ ရှိတာပေါ့၊ နောက်ပြီး သူက အေအိုင်သက်သက်ပဲ၊ လူသားမှ မဟုတ်တာ”
“အာတိုဘီဆမားနဲ့ နာမည်ရွေးရတာ ခက်လိုက်တာတို့က ပေါ့ဆလို့ ချက်ချင်း အသတ်ခံလိုက်ရတာ၊ တကယ်လို့ သူတို့သာ ဒီမူမမှန်မှုကို အင်အားကြီးရန်သူတစ်ယောက်အဖြစ် သဘောထားပြီး သူတို့ရဲ့ သေနတ်တွေ၊ ကျွမ်းကျင်မှုတွေကိုသုံးပြီး တိုက်ခဲ့မယ်ဆိုရင် ချက်ချင်း အသတ်ခံရပါ့မလား၊ သူတို့တွေ သူ့ကို အနည်းနဲ့အများတော့ ဒဏ်ရာရအောင် လုပ်နိုင်မှာပဲလို့ ယုံကြည်တယ်၊ ထွက်ပြေးဖို့တောင် အခွင့်အရေး ရဦးမယ်”
“ကျွန်တော်ကတော့ မူမမှန်မှုကို သတ်တဲ့ဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ချင်သလို ပါဝင်လည်း ပါဝင်ချင်သေးတယ်၊ ဒါကြောင့်...”
သူက ခဏရပ်လိုက်သည်။
“အခုလောလောဆယ်တော့ ဒီမူမမှန်မှုက ကျွန်တော်တို့အတွက် အခက်ခဲဆုံးနည်းလမ်းကို ရွေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်၊ အဲ့ဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စဉ်းစားသင့်တယ်...”
...
မြို့တော်၏ အနောက်ဘက်တွင် နေဝင်သွားပြီးနောက် တောအုပ်တစ်ခုလုံး အမှောင်တိ ကျသွားသည်။
ညရောက်လာချေပြီ။ ဤမြို့ကြီးထဲတွင် လေထုထဲက အငွေ့အသက်တွေတောင် အေးစိမ့်လာသလိုပင်။ အအေးဓာတ်က လူတစ်ယောက်၏ သွေးများကိုပင် ခဲသွားစေနိုင်သည်။
BW Zombie များ၏ မျက်လုံးများက နီရဲလာကြသည်။ သူတို့လှုပ်ရှားမှုများက သာမန်ဇွန်ဘီးများကဲ့သို့ နှေးကွေးနေဆဲဖြစ်သော်လည်း အနံ့ခံနိုင်စွမ်းကတော့ နေ့ခင်းဘက်ထက် ပိုမိုထက်မြက်လာကြသည်။ သားကောင်အနံ့ကို ရလိုက်သည်နှင့် သူတို့ခြေလှမ်းများက ရုတ်တရက် မြန်ဆန်လာပြီး လေးဘက်ထောက် ပြေးတာမျိုးတောင် လုပ်လာကြသည်။ သူတို့၏ ခွန်အား၊ အရှိန်နှင့် ရက်စက်မှုများက နေ့ခင်းဘက်နဲ့ လုံးဝကွဲပြားသွားပြီ ဖြစ်သည်။ ထိုအချိန်မျိုးတွင် ရှိနေသည့် BW Zombie များသည် သာမန်ဇွန်ဘီးများထက် အနည်းဆုံး နှစ်ဆလောက် ပိုသန်မာနေကြပြီ ဖြစ်သည်။
ညအမှောင်အောက်တွင် လူရိပ်နှစ်ခု ပြေးလွှားနေကြသည်။
သူတို့နောက်တွင် BW Zombie အကောင် ၅၀ လောက် လိုက်ပါလာကြသည်။
လွန်ခဲ့သော မိနစ် ၂၀ က မူမမှန်မှုသည် GM နှစ်ယောက်၏ ထောက်လှမ်းနိုင်စွမ်း အကွာအဝေးထဲတွင် ပေါ်လာခဲ့ပြီး အဝေးမှသာ ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့ခြင်းဖြစ်သည်။ ၎င်းက ပိုနီးကပ်လာမည့်ပုံလည်း မရချေ။ ယင်းက ဖုန်းပုကြွယ် ခန့်မှန်းထားသော အဆိုးဆုံးအခြေအနေဖြင့် ကိုက်ညီနေခဲ့သည်။
ထိုအခိုက်အတန့်တွင် ပန်ဖုန်းနှင့် ဖုန်းပုကြွယ်တို့သည် BW Zombie များထက်ပင် ပိုမြန်ဆန်သောအရှိန်နဲ့ ပစ်မှတ်နောက်သို့ ပြေးလိုက်နေကြသည်။ သူတို့နှစ်ယောက်လုံး၏ အဝတ်အစားများတွင်တော့ မကောင်းဆိုးဝါးတွေကို ဆွဲဆောင်နိုင်သည့် မကူးစက်ထားသော သွေးများ ပေကျံနေခဲ့သည်။