အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း (၅၉)
ပန်ဝူရွှမ်းက သူ့ပုဆိန်ကြီးကို ဝေ့ယမ်း၍ လမ်းဖွင့်ပေးနေပြီး ဖုန်းပုကြွယ်ကမူ ဝင်ချက်စတာသေနတ်ကို အသုံးပြုကာ နောက်မှ လိုက်ပါပစ်ကူပေးနေသည်။ ရှေ့မှဖြစ်စေ၊ ဘေးမှဖြစ်စေ ချဉ်းကပ်လာပြီး အန္တရာယ်ပြုနိုင်သည့် BW Zombie မှန်သမျှသည် အကွာအဝေးတစ်ခုအတွင်း ရောက်လာသည်နှင့် တပြိုင်နက် အသက်ပျောက်သွားကြရသည်။
မူမမှန်မှုလည်း ဤအခြေအနေကြောင့် အံ့အားသင့်သွားရသည်။ GM နှစ်ယောက်၏ ထောက်လှမ်းနိုင်စွမ်း အကွာအဝေးအစွန်းနားတွင် နေနေခြင်းအားဖြင့် အလွယ်တကူ ရှောင်တိမ်းနေနိုင်မည်ဟု ထင်မှတ်ထားသော်လည်း GM တစ်ယောက်က ဦးဆောင်၍ သူ့နောက်သို့ အတင်းလိုက်ပါလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ထို့ပြင်လိုက်လာသူထဲတွင် ကစားသမားတစ်ဦးလည်း ပါဝင်နေပြီး သူတို့၏ အရှိန်က ခန့်မှန်းထားသည်ထက် များစွာ ပိုမြန်နေခဲ့သည်။
မူမမှန်မှုသာမက ပန်ဖုန်းကိုယ်တိုင်လည်း ဖုန်းပုကြွယ်ကို အထင်ကြီးသွားရသည်။ အဆင့်နိမ့် ကစားသမားတစ်ယောက်အနေဖြင့် GM ဇာတ်ကောင်နောက်သို့ အမှီလိုက်နိုင်ရန်နှင့် အဆက်မပြတ် တိုးဝင်လာသော မကောင်းဆိုးဝါးများကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ရန်မှာ မလွယ်ကူကြောင်း သူကောင်းကောင်း သိထားသည်။
ပန်ဖုန်းအနေဖြင့် ဂျက်ဇ်ဖိနပ်၏ အစွမ်းကိုသိထားပြီး ကစားသမား၏ ပစ္စည်းကိရိယာနှင့် ကျွမ်းကျင်မှုများကိုလည်း စစ်ဆေးနိုင်သော်လည်း တခြားသူသာ ဤပစ္စည်းနှင့် ရှော့ဂန်းကို ကိုင်ဆောင်ထားပါက ဖုန်းပုကြွယ်ကဲ့သို့ လုပ်နိုင်လိမ့်မည်ဟု မထင်ပေ။
ရုတ်တရက် ကြုံတွေ့ရသည့် အခြေအနေများအပေါ် ဖုန်းပုကြွယ်၏ တည်ငြိမ်မှု၊ တိကျမှုနှင့် မှန်ကန်မှုတို့က ပန်ဖုန်းကို လေးစားမိသွားစေသည်။ အဆုံးမရှိသော မကောင်းဆိုးဝါးအုပ်ကြီးကို ရင်ဆိုင်ရင်း ဖုန်းပုကြွယ်နှင့် ဘေးချင်းယှဉ်ကာ အနီးကပ်တိုက်ခိုက်ဖူးမှသာ ထိုခံစားချက်ကို နားလည်နိုင်ပေလိမ့်မည်။
လမ်းတစ်လျှောက်တွင် ဖုန်းပုကြွယ်သည် တစ်ချက်ကလေးမှ မလွဲချော်ခဲ့ပေ။ သူသည် အနီးဆုံးနှင့် အန္တရာယ်အရှိဆုံး ဖြစ်လာနိုင်သည့် မကောင်းဆိုးဝါးကို အမြဲတမ်း ဦးစားပေး နှိမ်နင်းလေ့ရှိသည်။ သူသည် မိမိ၏ သေနတ်ပစ်စွမ်းရည်ကိုလည်း ကောင်းကောင်း သိထားသူဖြစ်သည်။ သူ ခလုတ်ဆွဲလိုက်သည်နှင့် ပစ်မှတ်ကို ထိမှန်မည်ဟု ယုံကြည်ချက်အပြည့်ရှိသည်။ သူသည် ဦးခေါင်းကိုသာ တမင်တကာ ဦးတည်ပစ်ခတ်ခြင်းမျိုးမလုပ်ဘဲ အသင့်တော်ဆုံးထောင့်နှင့် နေရာကိုသာ ရွေးချယ်ပစ်ခတ်သဖြင့် တစ်ချက်မှ မလွဲခဲ့ခြင်း ဖြစ်သည်။
ဖုန်းပုကြွယ်၏ ပူးပေါင်းပစ်ကူမှုကြောင့် ပန်ဖုန်းအတွက် ဖိအားများစွာ လျော့ကျသွားခဲ့သည်။ အစပိုင်းတွင် သူသည် ဘေးဘက်မှ တိုးဝင်လာမည့် BW Zombie များကို စိတ်ပူနေခဲ့ပြီး ဖုန်းပုကြွယ် ပေါ့ဆ၍ အသတ်ခံရမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် ခဏအကြာတွင်မူ သူ၏ စိုးရိမ်မှုက မလိုအပ်ကြောင်း သိလိုက်ရသည်။ ဖုန်းပုကြွယ်သည် သူ့ကိုယ်သူ ကာကွယ်နိုင်ရုံသာမက သူ့ကိုပင် ကူညီပေးနိုင်နေသေးသည်။
စက်ရုပ်တစ်ရုပ်ကဲ့သို့ တိကျထိရောက်သော ပစ်ကူမှုအောက်တွင် ပန်ဖုန်းသည် နောက်ပိုင်းအတွက် စိတ်မပူရတော့ဘဲ ရှေ့တည့်တည့်မှ တိုက်ခိုက်လာသော မကောင်းဆိုးဝါးများကိုသာ အာရုံစိုက် ရှင်းလင်းနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ယောက်မှာ အရှိန်အဟုန်ဖြင့် တိုးဝင်နိုင်ခဲ့ပြီး မူမမှန်မှုမှာလည်း သူမ၏အရှိန်ကို မြှင့်တင်လိုက်ရတော့သည်။
မိနစ် ၂၀ ကျော် လိုက်လံရှာဖွေပြီးနောက် သူတို့သည် အားကစားကွင်းတစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။ မူမမှန်မှုသည် အဆောက်အအုံအတွင်းသို့ ထွက်ပြေးသွားပြီးနောက် လှုပ်ရှားမှု ရပ်တန့်သွား၏။ ပရော်ဖက်ဆာ အက်ရှ်ဖို့ဒ်၏ မျိုးဗီဇပြောင်းလဲနေသော မကောင်းဆိုးဝါးမှာလည်း အနီးနားတွင် ရှိနေပုံရသည်။
“ငါခန့်မှန်းထားသလိုပဲ၊ တည်နေရာက ဒီလို အဆောက်အအုံကြီးထဲမှာ ဖြစ်နေတာပဲ”
သူသည် ရန်လိုမှုမျက်လုံးကို တပ်ဆင်ထားပြီး ဝင်ချက်စတာသေနတ်ကိုလည်း အဆင်သင့် ကိုင်ထားသည်။ သူ့ကျောပိုးအိတ်ထဲတွင်မူ ကျည်ဆန်များကို အပြည့်ထည့်ထားသည်။
“အင်း... မင်းရဲ့ ခန့်မှန်းချက်တွေထဲက နောက်ထပ်တစ်ခု မှန်သွားပြန်ပြီပေါ့”
ပန်ဖုန်းကပြောရင်း အားကစားကွင်း အပြင်ဘက်က လမ်းကို ပြန်ကြည့်လိုက်သည်။ သူတို့နောက်မှ လိုက်လာသည့် မကောင်းဆိုးဝါးများမှာ အတန်ငယ် ကွာဝေးနေသေးသော်လည်း ဤအတိုင်းဆိုလျှင် မကြာမီ ဤနေရာအား ဝိုင်းရံခံရတော့မည် ဖြစ်သည်။
ထိုအချိန်တွင် ဟွာရှုံနှင့် ရှောင်တန်တို့လည်း ရောက်ရှိလာတော့မည် ဖြစ်သည်။
သူတို့လေးယောက် အဖွဲ့နှစ်ဖွဲ့ခွဲရန်မှာ ဖုန်းပုကြွယ်၏ အကြံပင်။ မူမမှန်မှုက သူတို့၏ ထောက်လှမ်းနိုင်စွမ်း အကွာအဝေးထဲ ရောက်လာသည့်အခါ သူ့အစီအစဉ်ကို စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ ပန်ဖုန်းနှင့် ဖုန်းပုကြွယ်တို့မှာ သူတို့ကိုယ်ပေါ်တွင် ပြင်ဆင်ထားသည့် သွေးများကို သုတ်လိမ်းလိုက်ကြသည်။ သူတို့က မူမမှန်မှုနောက် လိုက်ရင်း လမ်းတစ်လျှောက်ရှိ မကောင်းဆိုးဝါးများကို ဆွဲဆောင်ခေါ်ယူသွားခဲ့ကြသည်။
ဟွာရှုံနှင့် ရှောင်တန်တို့မှာ သုံးမိနစ်ခန့် နောက်ကျ၍ ထွက်ခွာလာခဲ့ကြခြင်းဖြစ်သည်။ GM များသည် မကောင်းဆိုးဝါးများ၏ တည်နေရာကို မသိနိုင်သော်လည်း ကစားသမားများ၏ တည်နေရာကိုမူ သိရှိနိုင်သည်။ ထို့ကြောင့် ဟွာရှုံက ရှောင်တန်ကို ဦးဆောင်ကာ ပန်ဖုန်းနှင့် ဖုန်းပုကြွယ်သွားခဲ့သည့် လမ်းကြောင်းအတိုင်း လိုက်ပါလာနိုင်ကြသည်။ ထိုအချိန်တွင် လှုပ်ရှားနိုင်သမျှ BW Zombie များမှာ သွေးနံ့နောက်သို့ လိုက်သွားကြပြီဖြစ်ရာ အလွန်ဆုံးရှိလှ ဖုန်းပုကြွယ်နှင့် ပန်ဖုန်းတို့ လက်ချက်ဖြင့် လဲကျနေသည့် မကောင်းဆိုးဝါးအချို့သာ ရှိတော့မည် ဖြစ်သည်။
ဤစီစဉ်မှုသည် ဝမ်တန်ကျိကို ငဲ့ညှာသောအားဖြင့် ဖုန်းပုကြွယ်က ဒီဇိုင်းထုတ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူတို့လေးယောက်စလုံး တစ်ပြိုင်တည်း လိုက်မည်ဆိုပါက ရှောင်တန်တစ်ယောက် အမီလိုက်နိုင်မည် မဟုတ်သလို လိုက်နိုင်လျင်ပင် သူ၏ သက်လုံအမှတ်များ ကုန်ခန်းသွားပေလိမ့်မည်။ ထို့ပြင် လေးယောက်သား အတူတူသွားပါက မည်သို့ပင် တန်းစီသွားစေကာမူ ရှောင်တန်မှာ အားနည်းချက်တစ်ခု ဖြစ်လာနိုင်ပေသည်။
နောက်ထပ် ပြဿနာတစ်ခုမှာ သူတို့လေးယောက်စလုံး တစ်ပြိုင်တည်း လိုက်မည်ဆိုပါက သွေးလူးထားသည်ဖြစ်စေ မလူးထားသည်ဖြစ်စေ ညဘက်တွင် BW Zombie များ၏ အနံ့ခံအာရုံက ထက်မြက်နေသဖြင့် သူတို့၏ လှုပ်ရှားမှုကြောင့် မကောင်းဆိုးဝါးများကို ဆွဲဆောင်မိမည်သာ ဖြစ်သည်။ သို့သော် သွေးကို လူနှစ်ယောက်တည်းတွင်သာ လူးထားပါက မကောင်းဆိုးဝါးများ၏ ဦးစားပေးမှုအရ သူတို့အားလုံး ဖုန်းပုကြွယ်နှင့် ပန်ဖုန်းနောက်သို့သာ လိုက်သွားကြမည် ဖြစ်သည်။ ထိုအခါ ဟွာရှုံနှင့် ရှောင်တန်တို့မှာ မကောင်းဆိုးဝါး အုပ်ကြီးနောက်မှ စွမ်းအင်အကုန်အကျသက်သာစွာဖြင့် အလွယ်တကူ လိုက်ပါလာနိုင်မည် ဖြစ်သည်။ မူမမှန်မှု ရှိသည့်နေရာသို့ ရောက်မှသာ သူတို့အားလုံး ပြန်လည်စုဖွဲ့ကာ တိုက်ပွဲဝင်ကြမည် ဖြစ်သည်။
အဖွဲ့နှစ်ဖွဲ့ခွဲ၍ လိုက်လံရှာဖွေခြင်းသည် လေးယောက်အတူတူသွားခြင်းထက် ပိုမြန်သလို ပိုပြီးတော့လည်း ဘေးကင်းလေသည်။ အကယ်၍ မတော်တဆမှု တစ်ခုခုဖြစ်ခဲ့လျှင်ပင် ဖုန်းပုကြွယ် တစ်ယောက်တည်းသာ သေဆုံးမည်ဖြစ်သည်။ ကျန်တစ်ယောက်မှာ သွေးလူးထားသည့် ပန်ဖုန်း ဖြစ်သဖြင့် သူတစ်ယောက်တည်း ဆိုလျှင်ပင် ဤမကောင်းဆိုးဝါးများ လက်ချက်ဖြင့် ခဏချင်း အသတ်ခံရမည် မဟုတ်ပေ။
အစီအစဉ်၏ ဒုတိယအဆင့်မှာ မူမမှန်မှု ရှိသည့်နေရာသို့ ရောက်လျှင် လိုက်ပါလာသည့် BW Zombie များကို ဟန့်တားရန် နည်းလမ်းရှာခြင်း ဖြစ်သည်။
“သူတို့ နီးလာပြီ”
ပန်ဖုန်းက ဆိုသည်။ သူသည် ကစားသမားများ၏ တည်နေရာကို စစ်ဆေးနိုင်သဖြင့် ဟွာရှုံနှင့် ရှောင်တန်တို့၏ တည်နေရာကို ဖုန်းပုကြွယ်ထက် ပို၍အတိအကျ သိရှိနေသည်။
“တော်သေးတာပေါ့၊ မကောင်းဆိုးဝါးတွေက တံတိုင်းကြီးတစ်ခုလို ထူထပ်မနေသေးလို့”
သူက ပြောပြောဆိုဆိုနှင့် ပုဆိန်ကို ဝေ့ယမ်းကာ လမ်းပေါ်မှ ပြေးဝင်လာသော BW Zombie များကို ခုတ်ထစ် ရှင်းလင်းလိုက်သည်။
“ဒါက အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ၊ အဖွဲ့ခွဲလိုက်တာက လေးယောက် အတူတူပြေးတာထက် ပိုမြန်သလို ဝိုင်းရံခံရဖို့ အခွင့်အရေးလည်း ပိုနည်းတယ်”
ဖုန်းပုကြွယ်က သေနတ်ဖြင့် တစ်ကောင်ပြီးတစ်ကောင် ပစ်ချရင်း ပြန်ဖြေလိုက်သည်။
မကြာမီမှာပင် ဟွာရှုံသည် ဆယ်မီတာခန့်အကွာတွင် ထွက်ပေါ်လာခဲ့သည်။ သူ့လက်ထဲမှ လှံသည် တဖျတ်ဖျတ်တောက်ပနေပြီး လှံရိပ်များက နဂါးတစ်ကောင် ဝေ့ယမ်းနေသကဲ့သို့ ထင်မှတ်ရသည်။ ၎င်းက သွေးစွန်းလမ်းတစ်ခုကို ထိုးဖောက်ဖွင့်လှစ်ကာ ရှောင်တန်ကို ပန်ဖုန်းနှင့် ဖုန်းပုကြွယ်တို့ အနားသို့ ခေါ်ဆောင်လာခဲ့သည်။
သူတို့လေးယောက် တိုက်ခိုက်ရင်းဖြင့်င့် အားကစားရုံ၏ အဝင်ဝသို့ ရောက်ရှိလာကြသည်။ ဆယ်မီတာခန့် ကျယ်ဝန်းသော လှေကားထစ်များပေါ် သူတို့ ရပ်လိုက်ကြသည်။ အထက်စီးမှ ကြည့်ရင်း တိုးပွားလာနေသော BW Zombie များကို ခုခံတိုက်ခိုက်နေကြရသည်။
“မူမမှန်မှုရဲ့ တည်နေရာက ငါတို့နောက်က အားကစားရုံထဲမှာပဲ”
ပန်ဖုန်းက ဆိုသည်။
“ညီလေးဖုန်း ခန့်မှန်းထားသလိုပဲ ဗီဇပြောင်းကောင်ကလည်း အဲ့ဒီမှာပဲ ရှိနေမှာ”
“မင်း တကယ်ပဲ ဒါကို လုပ်ချင်တာလား”
ဟွာရှုံက မေးလိုက်သည်။
“ဒီအခြေအနေအထိ ရောက်လာမှတော့ နောက်ဆုတ်ဖို့ လမ်းမရှိတော့ဘူး၊ ကျွန်တော်သာ နောက်ဆုတ်ချင်ရင် မူမမှန်မှုရဲ့ တည်နေရာ ပေါ်လာကတည်းက ဒီအစီအစဉ်ကို စွန့်လွှတ်လိုက်မှာပေါ့၊ ခင်ဗျားတို့ နှစ်ယောက်က မကောင်းဆိုးဝါးတွေကို ဟန့်တားထားပေးပါ၊ ရှောင်တန်နဲ့ ကျွန်တော်ကတော့ ပုန်းစရာနေရာ ရှာလိုက်မယ်”
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
“ကျွန်တော်တို့ ဒီမှာ ပါဝင်ဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ အဆုံးထိ သွားကြတာပေါ့”
“ဟုတ်တယ်၊ ဒီအထိ ရောက်လာမှတော့ နောက်ဆုတ်လို့ မရတော့ဘူး”
ရှောင်တန်သည်လည်း ကြောက်ရွံ့တုန်လှုပ်နေခြင်း မရှိတော့ပေ။ သူသည် မြင့်မားသော နေရာတွင် ရပ်ကာ လရောင်အောက်မှ လှိုင်းလုံးကြီးများကဲ့သို့ တိုးဝင်လာနေသော အမည်းရောင် အရိပ်များကို ကြည့်ရင်း စိတ်ထဲတွင် တည်ငြိမ်မှုအချို့ကို ခံစားနေရသည်။ ဤစက္ကန့်ပိုင်းလေးအတွင်းမှာပင် သူသည် သေခြင်းတရားကို မကြောက်သော ရှေးခေတ်စစ်သည်တော်များ၏ စိတ်ဓာတ်ကို ရုတ်တရက် နားလည်သွားခဲ့ရသည်။ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုတွင် မိမိထက် အဆ ၂၀ သို့မဟုတ် အဆ ၂၀၀ မက သန်မာသောစစ်တပ်ကြီးက မရပ်မနား တိုးဝင်လာသည်ကို မြင်ရသည့်အခါ အားနည်းချက် ပြနေခြင်းမှာ အပိုအလုပ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
“ဒါဆိုရင်လည်း လုပ်ကြတာပေါ့”
ပန်ဖုန်းက ဆိုသည်။
ရှောင်တန်က အဝင်ဝအနီးတွင် ဆောင့်ကြောင့်ထိုင်ကာ ကြိုတင်ပြင်ဆင်ထားသည့် ယမ်းဘီလူးများကို ထုတ်ယူလိုက်သည်။ ၎င်းတို့ကို မြေပြင်ပေါ်တွင် တင်ကာ စနက်တံကို ဆွဲလိုက်သည်။ အချိန်မှာ မှောင်စပျိုးနေပြီ ဖြစ်သည်။ မြို့ထဲတွင် တစ်နာရီကျော်ကြာ လိုက်လံရှာဖွေပြီးနောက် အပြင်းထန်ဆုံးသော ယမ်းဘီလူးကို သူတို့ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ တစ်ခုတည်းသာ ရှိပြီး ပစ္စည်း၏ ဖော်ပြချက်အရ စွမ်းအားက ထင်သလောက် မပြင်းထန်လှပေ။ စစ်မှန်သော တိုက်ပွဲတစ်ခုတွင် ဘော့စ်တစ်ကောင်ကို ဖောက်ခွဲရန် မဖြစ်နိုင်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးအတွက်မူ အကောင်းဆုံးပင် ဖြစ်သည်။
“အိုကေပြီ”
ရှောင်တန်က ဆိုသည်။
လေးယောက်သား အားကစားရုံအတွင်းသို့ ဆုတ်ခွာဝင်ရောက်သွားကြသည်။ အနည်းငယ် ပြေးသွားပြီးနောက် ယမ်းဘီလူးက ပေါက်ကွဲသွားတော့သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ အဝင်ဝမှာ ပြိုကျသွားတော့သည်။ အဆောက်အအုံ၏ အပျက်အစီးများသည် လမ်းကို ‘ယာယီ’ ပိတ်ဆို့သွားပြီး အားကစားရုံအပြင်ဘက်ရှိ BW Zombie အုပ်ကြီးကို ဟန့်တားလိုက်သည်။
အခန်း (၆၀)
အားကစားရုံကြီးထဲတွင် မည်သည့်အလင်းရောင်မျှ မရှိချေ။ ဖုန်းပုကြွယ်နှင့် ရှောင်တန်တို့က လက်နှိပ်ဓါတ်မီးများကို ထုတ်လိုက်ကြပြီး GM နှစ်ယောက်ကတော့ ညကြည့်မှန်ပြောင်းတစ်လက်စီ ထုတ်၍ တပ်ဆင်လိုက်ကြသည်။
ပန်ဖုန်းနှင့် ဟွာရှုံတို့က သူတို့၏ ပစ္စည်းကိရိယာများသည် ကြိုတင်သတ်မှတ်ထားခြင်းဖြစ်ကြောင်း ဝန်ခံထားကြသည်။ ၎င်းတို့ထဲတွင် သူတို့လက်ထဲမှ လက်နက်များ၊ ခြေထောက်မှ သတ္တုဖိနပ်များ၊ ထုတ်မပြရသေးသော ချပ်ဝတ်တန်ဆာများနှင့် ယခုလေးတင် ထုတ်လိုက်သော ညကြည့်မှန်ပြောင်းများ ပါဝင်ပေသည်။ မည်သို့ပင်ဆိုစေ GM များ ပိုင်ဆိုင်သော ပစ္စည်းများသည် ထိုအဆင့်ရှိ မည်သည့်ဇာတ်လမ်းကိုမဆို ကိုင်တွယ်နိုင်ရန် လုံလောက်ပေသည်။ သူတို့ပစ္စည်းများမှာ အသုံးပြုရန်အတွက် ကြိုတင်လိုအပ်ချက်မရှိဘဲ အလွန်အမင်း အစွမ်းထက်ပြီး ကစားသမားနှင့် တစ်ပါတည်း တွဲဆက်ထားခြင်း ဖြစ်သည်။ သူတို့၏ ကျွမ်းကျင်မှုအဆင့်ခြောက်ခုစလုံးသည် အဆင့် D ဖြစ်ပြီး အဆင့် D ကျွမ်းကျင်မှုတစ်ခု အောင်မြင်စွာ အသက်ဝင်နိုင်ခြေမှာ ၆၀ ရာခိုင်နှုန်းသာ ရှိသောကြောင့် သူတို့သည် တိုက်ခိုက်ရေးကျွမ်းကျင်မှုများကို တပ်ဆင်မထားကြပေ။ ယင်းအစား သူတို့အစွမ်းကို မြှင့်တင်ပေးမည့် ပင်ကိုယ်စွမ်းရည်များကိုသာ တပ်ဆင်ထားကြသည်။
လေးယောက်သား GM မီနူးပေါ်ရှိ မူမမှန်မှု၏ တည်နေရာပြ မြေပုံအတိုင်း လိုက်လာကြရာ အားကစားရုံ အလယ်တည့်တည့်ရှိ ကြီးမားသော ဘတ်စကက်ဘောကွင်းထဲသို့ ရောက်ရှိလာကြသည်။ ထိုနေရာမှာလည်း မှောင်အတိ ကျနေဆဲပင်။
သူတို့သည် ပရိသတ်ထိုင်ခုံတန်းများဘက်ရှိ အဝင်ဝမှတစ်ဆင့် ဝင်ရောက်သွားကြသည်။ တံခါးကို တွန်းဖွင့်လိုက်သည့်အခါ ကြီးမားလှသော အမှောင်ထုကြီးက သူတို့လက်နှိပ်ဓါတ်မီးမှ အလင်းရောင်ကို ဝါးမြိုသွားတော့သည်။ ဖုန်းပုကြွယ်နှင့် ရှောင်တန်တို့၏ လက်နှိပ်ဓါတ်မီးများသည် တစ်ဖက်ခြမ်းရှိ ပရိသတ်ထိုင်ခုံတန်းများအထိ ရောက်အောင် မထိုးနိုင်ကြပေ။ ပန်ဖုန်းနှင့် ဟွာရှုံတို့၏ ညကြည့်မှန်ပြောင်းများမှာလည်း ထိုနည်းအတိုင်းပင်။ အလွန်ဝေးကွာသော နေရာများကို အမှောင်ထုအဖြစ်သာ မြင်တွေ့နေရသည်။ ဤကဲ့သို့ နေရာမျိုးတွင် လူသားအရွယ်အစားခန့်ရှိသော မကောင်းဆိုးဝါးများအနေဖြင့် ထိုင်ခုံတန်းတစ်တန်း၏ နောက်ကွယ်တွင် ပုန်းနေရုံဖြင့် အလွယ်တကူ ပုန်းကွယ်နေနိုင်ပေသည်။
“တစ်ခုလောက် မေးပါရစေ... သူတို့နဲ့ စကားပြောတာ အသုံးဝင်ပါ့မလား”
ရှောင်တန်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။ မီးဖိုချောင်သုံးဓါးကို ကိုင်ထားသော သူ့လက်များက တုန်ယင်နေပြီး လက်ဖဝါးများတွင်လည်း ချွေးများ စိုရွှဲနေလေ၏။
ကျန်သုံးယောက်က ပြန်မဖြေရသေးခင် သူတို့နောက်ဘက်မှ ရုတ်တရက် ‘ထပ်’ ခနဲ အသံတစ်ခု ကြားလိုက်ရသည်။ ထိုအသံ၏ အရင်းအမြစ်မှာ ပရော်ဖက်ဆာ အက်ရှ်ဖို့ဒ်၏ မျိုးဗီဇပြောင်းလဲနေသော မကောင်းဆိုးဝါးပင် ဖြစ်သည်။ ၎င်းမှာ လေထဲသို့ ခုန်တက်နေပြီဖြစ်ပြီး ၎င်း၏ ပစ်မှတ်မှာ ရှောင်တန်ပင် ဖြစ်တော့သည်။
ဇာတ်လမ်း၏ ဘော့စ်သည် အဝင်ဝအပေါ်ဘက်ရှိ ပရိသတ်ထိုင်ခုံတန်း၏ နောက်ဆုံးတန်းတွင် ပုန်းအောင်းနေခဲ့ခြင်းဖြစ်ပြီး ထိုနေရာမှာ လေးယောက်သားအတွက် မျက်ကွယ်နေရာဖြစ်နေပေသည်။ ၎င်း၏ ပုန်းအောင်းသည့်နေရာဖြစ်စေ တိုက်ခိုက်သည့်ပုံစံဖြစ်စေ သာမန်မကောင်းဆိုးဝါးတစ်ကောင် ပြုလုပ်မည့် ရွေးချယ်မှုမျိုး မဟုတ်ပေ။
မူမမှန်မှုသည် ကစားသမားများ၏ အစစ်အမှန်တည်နေရာကို သိရှိထားသလို အက်ရှ်ဖို့ဒ် ကိုယ်တိုင်လည်း ကစားသမားများ၏ အနံ့ကိုကြည့်၍ မည်သည့်အဝင်ဝမှ ဝင်လာမည်ကို သိရှိနိုင်သည်။ ထို့ကြောင့် ၎င်းသည် ယခုကဲ့သို့ အချက်အချာကျသောနေရာတွင် ပုန်းအောင်းနေပြီး အားအနည်းဆုံး ကစားသမားကို အရင်ဦးဆုံး ပစ်မှတ်ထား တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ ဇာတ်လမ်း၏ ဘော့စ်တွင် ပါဝင်သော ရွေးချယ်မှုယန္တရားတစ်ခု ဖြစ်နိုင်ပေသည်။
တိုက်ခိုက်မှုက အလွန်ရုတ်တရက်ဆန်လှသည်။ မကောင်းဆိုးဝါးမှာ အသံတစ်ချက်မျှ မထွက်ဘဲ သူတို့ဆီသို့ ပြေးဝင်လာခြင်း ဖြစ်သည်။ ပရိသတ်ထိုင်ခုံတန်းပေါ်မှ ခုန်ချလိုက်သည့် အဟုန်ကြောင့် ထွက်ပေါ်လာသော လေတိုးသံမှလွဲ၍ အခြားအသံ မရှိချေ။ GM များပင် ယင်းကို သတိမထားမိခဲ့သည့်အတွက် ဝမ်တန်ကျိကဲ့သို့ သာမန်ကစားသမားတစ်ဦးမှာ သတိထားမိရန် ပို၍ပင် မဖြစ်နိုင်ပေ။
ကံကောင်းသည်မှာ ဤနေရာသည် တိတ်ဆိတ်ပြီး ဟာလာဟင်းလင်း ဖြစ်နေခြင်းပင်။ ခုန်လိုက်သည့်အသံမှာ ရှောင်တန်၏ နားထဲသို့ ရောက်ရှိလာသည့်အချိန်တွင် အက်ရှ်ဖို့ဒ် မြေပြင်ပေါ်သို့ ဆင်းသက်လာမည့် အရှိန်ထက် များစွာ ပိုမြန်နေခဲ့သည်။ သူသည် ရိုက်နှက်ခံရ၍ သွေးအန်မသွားခင် နောက်သို့ လှည့်ကြည့်ရန် အချိန်ရလိုက်သေးသည်။ ဟုတ်ပါသည်။ သူ့တွင် တုံ့ပြန်ရန် တစ်စက္ကန့်လောက်သာ အချိန်ရှိတော့သည်။
ထိုတစ်စက္ကန့်အတွင်း ရှောင်တန်တွင် ရွေးချယ်စရာ သိပ်မရှိလှပေ။ ဘာမှမလုပ်ဘဲ နေခြင်း သို့မဟုတ် တစ်ခုခုမှားယွင်းလုပ်မိခြင်းသည် သူ၏ အသက်အမှတ်များကို သိသိသာသာ လျော့ကျသွားစေမည် ဖြစ်သည်။
မှန်ပေသည် သူသေမည်တော့ မဟုတ်ပါပေ။အဘယ်ကြောင့်ဆိုသော် ယမ်းဘီလူးကို ထောင်နေစဉ်ကတည်းက ရှောင်တန်သည် သူ၏ ပစ္စည်းသိုလှောင်ခန်းထဲမှ အနက်ရောင် ဦးထုပ်ကို ထုတ်၍ ဆောင်းထားပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။ အနည်းဆုံးတော့ သူ့ခေါင်းကို ဦးထုပ်က ကာကွယ်ပေးထားသဖြင့် လက်သည်းများနှင့် ဆွဲဆုတ်ခံရသည့်အဖြစ်မျိုး ကြုံရမည် မဟုတ်ပေ။ သို့သော်... ဦးထုပ်ဖြစ်စေ၊ ခန္ဓာကိုယ်ဖြစ်စေ ယခုကဲ့သို့ ဇာတ်လမ်း၏ဘော့စ် တိုက်ခိုက်မှုကို ခံရပါက သူ့ သွေး (HP) လေးပုံသုံးပုံခန့် လျော့ကျသွားမည်မှာ သေချာလှသည်။ ခေါင်းမူးခြင်း သို့မဟုတ် သွေးထွက်ခြင်း ကဲ့သို့သော အခြေအနေဆိုးများ ခံစားရမည်လား ဆိုသည်မှာလည်း ပြောရခက်ပေသည်။
ရှောင်တန်၏ အရှိန်နှင့်ဆိုလျှင် ဤတိုက်ခိုက်မှုကို ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။ ဖုန်းပုကြွယ်၏ ဝင်ချက်စတာသေနတ်မှ ပစ်ခတ်မှု သို့မဟုတ် GM တစ်ယောက်ယောက်၏ လက်နက် ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေလျှင်လည်း အချိန်နှောင်းသွားပေလိမ့်မည်။ သူသည် သူ့ကိုယ်သူသာ အားကိုးရတော့မည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဝမ်တန်ကျိ၏ ကြောက်ရွံ့မှုအမှတ်မှာ သုညသို့ ကျဆင်းသွားတော့သည်။
ထိုစက္ကန့်ပိုင်းလေးအတွင်း သူ့မျက်လုံးများမှာ ပြောင်းလဲသွားပြီး ခွဲစိတ်ကုတင်ပေါ်မှ အဓိက ခွဲစိတ်ဆရာဝန်ကြီး တစ်ဦးကဲ့သို့ တည်ငြိမ်၊ ပြတ်သားပြီး အာရုံစူးစိုက်မှုအပြည့် ရှိနေခဲ့သည်။ ဗီဇပြောင်းမကောင်းဆိုးဝါးမှာမူ ခွဲစိတ်ကုတင်ပေါ်တွင် မေ့ဆေးပေးခံထားရပြီး ဘာမှ မတတ်နိုင်သော လူနာတစ်ဦးနှင့် တူနေ၏။
ပုံမှန်အချိန်တွင် နူးညံ့သိမ်မွေ့သူဟု ထင်ရသော လူအချို့သည် အရေးကြီးသော အချိန်များတွင် အေးစက်ရက်စက်မှုများကို ပြသတတ်ကြသည်။ ဝမ်တန်ကျိ၏ ဓါးကိုင်ထားသော လက်များက တည်ငြိမ်၊ တိကျပြီး စွမ်းအားပြည့်လာခဲ့သည်။ မှိန်ပျပျပတ်ဝန်းကျင်တွင် ဓါးသွားသည် လခြမ်းပုံသဏ္ဍာန် ဝေ့ယမ်းသွားပြီး မကောင်းဆိုးဝါး၏ လက်သည်းများနှင့် ထိတွေ့သွားတော့သည်။
ဤတိုက်ခိုက်မှု၏ ရလဒ်ကား ရှောင်တန်လက်ထဲမှ ဓါးက လွင့်ထွက်သွားပြီး သူ့လက်မှာလည်း ပြတ်ရှခြင်း သို့မဟုတ် ကျိုးသွားခြင်းမျိုး ဖြစ်ရမည်မှာ သေချာသလောက် ရှိသည်။
သို့သော်... အရှိန်အဟုန်ကူးပြောင်းမှုတွင် အချိန်တစ်ခုယူရမြဲ ဖြစ်သည်။ ထိုအချိန်က မည်မျှပင် တိုတောင်းပါစေဦးတော့။
ဓါးသွားက မကောင်းဆိုးဝါး၏ အရေပြားနှင့် ထိတွေ့သွား၏။ တိုက်ခိုက်မှု၏ သက်ရောက်အားက အပြည့်အဝ သက်ရောက်မှု မရှိသေးခင် ရှောင်တန်၏ ခန္ဓာကိုယ်မှာ ဝေဝါးသွားပြီး ပျောက်ကွယ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် ဆယ်မီတာခန့် အကွာတွင် မည်သည့်ဒဏ်ရာမျှ မရရှိဘဲ ပေါ်လာခဲ့သည်။ သို့သော် သူပေါ်လာသည့် နေရာမှာ လှေကားထစ်စောင်း ဖြစ်နေသဖြင့် သူသည် လေထဲတွင် ပေါ်လာခြင်းဖြစ်ပြီး ကြမ်းပြင်နှင့် ငါးမီတာ၊ ခြောက်မီတာခန့် ကွာဝေးနေခဲ့သည်။ သူ ကြမ်းပြင်ပေါ်သို့ ကျလာပြီး လိမ့်သွားသည့်အတွက်ကြောင့် သူ၏ အသက်အမှတ် ၂၇ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့ရသည်။
ဖုန်းပုကြွယ်ပင် အံ့အားသင့်သွားရသည်။ ယခုကဲ့သို့ အန္တရာယ်ရှိသော အခြေအနေတွင် ရှောင်တန်က တည်တည်ငြိမ်ငြိမ် တုံ့ပြန်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ပန်ဖုန်းနှင့် ဟွာရှုံတို့မှာ ပို၍ပင် အံ့အားသင့်သွားကြသော်လည်း သူတို့၏ တုံ့ပြန်မှုက မြန်ဆန်လှသည်။ ရှောင်တန် ပျောက်ကွယ်သွားသည်နှင့် သူတို့က ရှေ့သို့ ပြေးဝင်သွားကြသည်။ မကောင်းဆိုးဝါးမှာ ခြေလှမ်းမတည်ငြိမ်သေးခင် သူတို့၏ ပုဆိန်နှင့် လှံများက ၎င်းကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ဟွာရှုံက ဘာဖြစ်သွားသည်ကို သိရှိသွားခဲ့သည်။
“ဒီကောင်လေးက ဆုတ်ခွာခုတ်ချက်ကို သုံးလိုက်တာမလား၊ ဟားဟား...”
သူက မရယ်ဘဲ မနေနိုင်တော့ပေ။
ပန်ဖုန်းကလည်း ထပ်ပြောသည်။
“အာ... ငါလည်း သတိမထားမိလိုက်ဘူး၊ သူ့မှာ အဲ့ဒီ စကေးတစ်ခုပဲ ရှိတာလေ၊ အဲ့ဒါကလည်း သူ့ရဲ့ ဘွဲ့ထူးကနေ ရထားတာ”
“ဒီဘော့စ်ကို ကျွန်တော်ကိုင်တွယ်လိုက်မယ်၊ ခင်ဗျားတို့မှာ ဖြေရှင်းရမှာတွေ ရှိသေးတယ်”
ဖုန်းပုကြွယ်က ရုတ်တရက် ဆိုလိုက်သည်။
ဒိုင်းခနဲအသံနှင့်အတူ ဝင်ချက်စတာက ထပ်မံ မြည်ဟည်းသွားပြန်သည်။
ဖုန်းပုကြွယ်ပစ်လိုက်သည့် လမ်းကြောင်းသည် ပန်ဖုန်းနှင့် ဟွာရှုံတို့ ရပ်နေသည့် နေရာပင် ဖြစ်သည်။ စောစောက အမှောင်ထဲတွင် တိတ်ဆိတ်နေသော အရိပ်တစ်ခုသည် ဘတ်စကက်ဘောကွင်း အလယ်တွင် မြင့်မားစွာ ချိတ်ဆွဲထားသော စခရင်ကြီးပေါ်မှ ခုန်ချလာခဲ့ခြင်းဖြစ်သည်။ ၎င်းသည် လေထဲတွင် ဝဲပျံလာသကဲ့သို့ အဝေးကြီးရောက်ရှိလာပြီး ပန်ဖုန်းနှင့် ဟွာရှုံတို့ဆီသို့ ထိုးဆင်းလာခြင်း ဖြစ်သည်။
အက်ရှ်ဖို့ဒ်၏ ချောင်းမြောင်း တိုက်ခိုက်မှုက ရုတ်တရက်ဆန်လှသည်ဟု ဆိုနိုင်သော်လည်း ယခု တိုက်ခိုက်မှုမှာမူ ဖုန်းပုကြွယ်၏ ခန့်မှန်းချက်အတွင်းမှာပင် ရှိနေခဲ့သည်။
မူမမှန်မှု၏ အေအိုင်အပေါ် သူ၏ ခွဲခြမ်းစိတ်ဖြာမှုမှာ တိကျလှသည်။ ယခုကဲ့သို့ ထောင်ချောက်မျိုးကို ဆင်နိုင်သည်ဆိုလျှင် ၎င်းတွင် အခြားအစီအစဉ်များလည်း ရှိနေရမည် ဖြစ်သည်။ မူမမှန်မှု၏ ပစ်မှတ်သည် ကစားသမားများမဟုတ်ဘဲ GM များသာ ဖြစ်သည်။ ကစားသမားများသည် ၎င်းအတွက် အန္တရာယ် သိပ်မရှိလှသော်လည်း ပန်ဖုန်း သို့မဟုတ် ဟွာရှုံ တစ်ယောက်ယောက်သာ အသတ်ခံရပါက မူမမှန်မှုအတွက် အောင်နိုင်ခြေ များစွာမြင့်မားသွားမည် ဖြစ်သည်။
ထို့ကြောင့် ဗီဇပြောင်းမကောင်းဆိုးဝါး၏ တိုက်ခိုက်မှု အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အရေးမကြီးလှပေ။ အရေးအကြီးဆုံးမှာ GM နှစ်ယောက်၏ အာရုံကို လွှဲရန်ပင် ဖြစ်သည်။ သူတို့ ထိုမကောင်းဆိုးဝါးကို ကိုင်တွယ်ရန် အာရုံစိုက်နေချိန်တွင် မူမမှန်မှုသည် အခြားတစ်ဖက်မှ လာပြီး သူတို့မမျှော်လင့်ထားသော နည်းလမ်းဖြင့် ချဉ်းကပ်တိုက်ခိုက်မည် ဖြစ်သည်။
ပတ်ဝန်းကျင်ရွေးချယ်မှု၊ မကောင်းဆိုးဝါး၏ တည်နေရာ၊ တိုက်ခိုက်ပြီးနောက် သူတို့ ရပ်နေမည့် နေရာ... အားလုံးသည် ယခု ချောင်းမြောင်းတိုက်ခိုက်မှုအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဤတိုက်ခိုက်မှုသာ အောင်မြင်ခဲ့လျှင် မကောင်းဆိုးဝါးအသတ်ခံရလျှင်ပင် မူမမှန်မှုအတွက် ဘာမှ မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘော့စ် သေဆုံးသွားသည်နှင့် ကစားသမားနှစ်ယောက်သည် အများဆုံး သုံးမိနစ်အတွင်း ဇာတ်လမ်းထဲက ထွက်သွားရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် ဒဏ်ရာအပြင်းအထန် ရနေမည့် ပန်ဖုန်းနှင့် ဟွာရှုံတို့မှာ အားနည်းချက် ဖြစ်သွားပေလိမ့်မည်။ မူမမှန်မှုအနေဖြင့် သူမ၏ အရှိန်အားသာချက်ကို သုံး၍ တိုက်ပွဲကို အချိန်ဆွဲထားရုံပင် ဖြစ်သည်။ အပြင်ဘက်ရှိ BW Zombie များက ပိတ်ဆို့မှုကို ဖောက်ထွက်နိုင်ချိန် သို့မဟုတ် အခြားဝင်ပေါက်တစ်ခုကို ရှာတွေ့ချိန်တွင် GM နှစ်ယောက်မှာ သေဆုံးသွားရုံသာ ရှိတော့သည်။
အကယ်၍ ပန်ဖုန်းနဲ့ ဟွာရှုံတို့ နှစ်ယောက်တည်းသာ မူမမှန်မှုနောက် လိုက်ခဲ့မည်ဆိုပါက မူမမှန်မှု၏ အစီအစဉ်က အောင်မြင်သွားနိုင်သည်။ သို့သော် ကံမကောင်းစွာနဲ့ပဲ ၎င်းက ဖုန်းပုကြွယ်နဲ့ တိုးသွားရခြင်းပင်။
သေနတ်သံတစ်ချက်နှင့်အတူ ငါးမီတာပင် မဝေးတော့သော မူမမှန်မှုမှာ လေထဲမှ ပစ်ချခြင်း ခံလိုက်ရသည်။
ရန်လိုမှုမျက်လုံးသည် အမှောင်ထဲမှ ထူးဆန်းသော အရိပ်ပေါ်သို့ အာရုံစိုက်ထားခဲ့ခြင်း ဖြစ်သည်။ လက်နှိပ်ဓါတ်မီးသည် အဝေးကြီးအထိ မရောက်နိုင်သော်လည်း မူမမှန်မှု လေထဲတွင် လှုပ်ရှားလာသည့်အခါ ဖုန်းပုကြွယ်က သတိထားမိခဲ့သည်။ သူသည် ပန်ဖုန်းနှင့် ဟွာရှုံကို သတိပေးရန် သူ့အသံကို တည်ငြိမ်စွာ အသုံးပြုလိုက်သည်။ မူမမှန်မှုသည် ၎င်းယုံကြည်ချက်ရှိသော အကွာအဝေးအတွင်းသို့ ဝင်ရောက်လာသောအခါ သူ ခလုတ်ကို ဆွဲလိုက်တော့သည်။
မူမမှန်မှုသည် ပေါ့ပါးသွက်လက်လှသော်ငြား လေထုထဲတွင် လမ်းကြောင်းပြောင်းနိုင်စွမ်း မရှိချေ။ ဖုန်းပုကြွယ်သည် ၎င်းထိုးဆင်းလာမည့် လမ်းကြောင်းကို ကြိုတင်သိရှိထားသဖြင့် ၎င်းသည် အသင့်စောင့်နေသော ရန်သူ့သေနတ်ပြောင်းထဲသို့ တည့်တည့် တိုးဝင်သွားခြင်း ဖြစ်သည်။
ဝင်ချက်စတာသေနတ်၏ ပြင်းထန်သော အရှိန်ကြောင့် မူမမှန်မှု နံရံကို ရိုက်မိသွားသည့်အခါ ဒန်းစီးနေသကဲ့သို့ ဖြစ်သွားရသည်။ သေနတ်သံနှင့်အတူ ၎င်း၏ ဝဲပျံလာမှုမှာ ရုတ်တရက် ရပ်တန့်သွားပြီး အောက်သို့ ထိုးကျသွားတော့သည်။ သို့သော်လည်း ထိုမကောင်းဆိုးဝါးသည် အမှန်တကယ် သန်မာလှသည်။ သွေးများ စိုရွှဲနေသော်လည်း ၎င်းသည် လှေကားထစ် ဘေးပတ်လည်ရှိ လက်ရန်းကို ခေါင်းမာစွာ ဆုပ်ကိုင်ထားခဲ့သည်။
ဖုန်းပုကြွယ်သည် ကျည်ခွံကို ထုတ်ရန်၊ ကျည်ပြန်ဖြည့်ရန်၊ ချိန်ရွယ်ရန်နှင့် ထပ်မံပစ်ခတ်ရန်အတွက် နှစ်စက္ကန့်ခန့် အချိန်ယူလိုက်သည်။ လက်ရန်းကို ကိုင်ထားသော မကောင်းဆိုးဝါး၏ လက်များက ပျက်စီးသွားတော့သည်။
“အချိန်ဖြုန်းမနေနဲ့တော့၊ မူမမှန်မှုက ခင်ဗျားတို့ရဲ့ အဓိက ပစ်မှတ်ပဲ၊ မကောင်းဆိုးဝါးကိုတော့ ကျွန်တော့်လက်ထဲ ထားခဲ့လိုက်”
ဖုန်းပုကြွယ်က ကျည်ပြန်ဖြည့်ရင်း သူတို့ကို တည်တည်ငြိမ်ငြိမ် သတိပေးလိုက်သည်။
GM နှစ်ယောက်သည် နောက်ဆုံးတွင် အခြေအနေကို နားလည်သွားကြသည်။ ပိုမြန်ဆန်သော ဟွာရှုံက သူ့လက်ထဲမှ သေနတ်ကို သိမ်းလိုက်ပြီး နောက်သို့လှည့်ကာ ခုန်ချလိုက်လေသည်။ လက်တစ်ဖက်ဖြင့် လက်ရန်းကို ကိုင်၍ လှေကားထစ်ပေါ်မှ ခုန်ချလိုက်ပြီး မူမမှန်မှုဆီသို့ ပြေးဝင်သွားတော့သည်။
လှေကားထစ်၏ အောက်ခြေတွင် အလွန်မှောင်မိုက်နေသော်လည်း ဟွာရှုံတွင် ညကြည့်မှန်ပြောင်း ရှိနေသဖြင့် သူ၏ တိုက်ခိုက်နိုင်စွမ်းကို မထိခိုက်ပေ။ သို့သော် ထိုတူညီသောအထပ်တွင် ရှိနေသော ရှောင်တန်မှာမူ တိုက်ပွဲကို မမြင်ရချေ။ သူ မြင်တွေ့ရသည်မှာ အမှောင်ထဲတွင် လွင့်စင်လာသော မီးပွားများနှင့် သတ္တုချင်း ထိခိုက်သံများသာ ဖြစ်သည်။ မူမမှန်မှုသည်လည်း ၎င်း၏ ‘လက်သည်းများ’ ကို ထုတ်သုံးလိုက်ဟန်ရှိသည်။
“ခင်ဗျား ဒီမှာနေပြီး သူ့ကို တိုက်လိုက်၊ ကျွန်တော် သေနတ်ပစ်ဖို့က အဆင်မပြေဘူး”
ဖုန်းပုကြွယ်က ပန်ဖုန်းကို ပြောလိုက်သည်။
“ကျွန်တော်ပြောခဲ့သလိုပဲ၊ မကောင်းဆိုးဝါးကို ကျွန်တော်တစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ်”
“ဒါပေါ့၊ မင်းကိုင်တွယ်နိုင်ရင်တောင် ငါက သူ့ရဲ့ ရန်လိုမှုကို ဆွဲဆောင်ထားပြီးသား ဖြစ်နေပြီ၊ ငါ အောက်ဆင်းသွားရင် သူလည်း ငါ့နောက်ကို လိုက်လာလိမ့်မယ်”
ပန်ဖုန်းက တိုက်ခိုက်ရင်း ပြန်ဖြေသည်။
“ဒါက လွယ်ပါတယ်”
ဖုန်းပုကြွယ်က သူ့လက်ထဲမှ သေနတ်ကို ရုတ်တရက် သိမ်းလိုက်ပြီး ဂွကို ထုတ်ကာ သေလမ်းရှာနေသည့်အလား ရှေ့သို့ ပြေးဝင်သွားတော့သည်။
ဖုန်းပုကြွယ်သည် မကောင်းဆိုးဝါးနှင့် နီးကပ်သွားပြီး ပန်ဖုန်းနှင့် ဘော့စ်ကြားတွင် ရပ်လိုက်သည်။ သူသည် သူ့လက်နက်ကိုပင် မသုံးဘဲ သူ့ခြေထောက်ကို သုံး၍ မကောင်းဆိုးဝါးကို ခြေထိုးလိုက်လေသည်။
ဖုန်းပုကြွယ်တစ်ယောက် နောက်ဆုံးတော့ ရူးသွားပြီဟု ပန်ဖုန်း ထင်မှတ်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် မကောင်းဆိုးဝါးသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ပြီး အလွန်ထူးဆန်းသော ပုံစံဖြင့် ကြမ်းပြင်ပေါ်သို့ မှောက်ရက်လဲကျသွားလေတော့သည်။