← Chapters

ကျင်းကျီးတောင်ကုန်း

Vol. 7 Ch. 661

ကျင်းကျီးတောင်ကုန်း

Vol. 7 Ch. 661

ယင်းစန်းဒေသ၏ ဧကရာဇ်မင်း ထျန်းယီသည် သူမကိုလာရှာတော့မည်ကို ကျင့်စူးတစ်ယောက်ကတော့ မသိရှာပါ။ သိခဲ့လျှင်လည်း သူမက အရေးစိုက်မည် မဟုတ်ပါ။

သူမသည် တောင်တစ်တောင်ထက်တွင် လမ်းလျှောက်နေခဲ့လေသည်။

ထိုတောင်၏ပုံသဏ္ဍန်မှာ ငှက်တစ်ကောင်အလားဖြစ်ပြီး အတောင်များကို ဖြန့်ထားသည့် ဒေါင်းငှက်တစ်ကောင်နှင့် ဆင်တူလေသည်။ အစိမ်းရောင်သစ်ပင်များက ဒေါင်းတစ်ကောင်၏အမွှေးများအလားပင်ဖြစ်လေသည်။

သို့သော်… ထိုတောင်သည် ဒေါင်းများနှင့်ပတ်သက်သည့်တောင်တစ်တောင်မဟုတ်ခဲ့ပါ။

ထိုနေရာကို ကျင်းကျီးတောင်ကုန်းဟု ခေါ်လေသည်။ ကျင်းကျီးတောင်ကုန်း၏ မြေမျက်နှာသွင်ပြင်သည် မညီမညာ ဖြင့်အန္တရယ်များပြီး သံလိုက်စွမ်းအားများကလည်း အလွန်ရှုတ်ထွေးနေလေသည်။ လောကနတ်ဘုရားများပင်လျှင် ဤနေရာကို ဖြတ်သန်းပြီး ပျံသန်းရန်မှာ ခဲယဉ်းလေသည်။

ကျင်းကျီးတောင်ကုန်း၏ ထူးခြားသည့် မြေမျက်နှာသွင်ပြင်ထူးခြားမှုသည် ယန်းစန်းပြည်ကိုတော့ အမြဲတမ်း အကာအကွယ် ဖြစ်စေခဲ့လေသည်။ ထိုနေရာတစ်ဝိုက်တွင် လက်တစ်ဆုပ်စာ ကျင့်ကြံသူများတွင်သာ ရှိနိုင်သည့် ကျင့်ကြံခြင်းအဆင့်ကိုပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများစွာလည်း ရှိလေသည်။

ထိုကျင့်ကြံသူများက ယင်းစန်းဒေသကို ကာကွယ်ပေးရသည့် တာဝန်ကို ယူထားကြသည်သာမက ကျင်းကျီး တောင်ကုန်းမှထွက်ပေါ်နေသည့် သံလိုက်ဓာတ်စွမ်းအားများကို အသုံးပြုကာ ကျင့်ကြံနေကြခြင်းလည်း ဖြစ်လေ သည်။

သို့သော်… ယနေ့တွင်တော့ ကျင်းကျီးတောင်ကုန်းတွင် စစ်သည်တော်များလည်းမရှိသလို ကျင့်ကြံသူများလည်း တစ်ယောက်မှ မတွေ့ရပေ။ ကျင်းကျီးတောင်ကုန်းသည် ဘာမှမရှိသည့် မြို့ခွံကြီးတစ်ခုအလား ဖြစ်နေလေသည်။

အဘယ်ကြောင့်ဆိုသော်…

လူ (၂)ယောက် ရောက်ရှိလာသည့်အတွက် ကျင့်ကြီးတောင်ခြေရှိ မြို့လေးတွင်နေထိုင်ကြသူများမှာ ကြောက်လန့်ကာ ထွက်ပြေးသွားကြသောကြောင့် ဖြစ်လေသည်။

မြို့သည် အနည်းငယ်ထူးဆန်းနေသည်ဟု ကျင့်စူးက တွေးလိုက်မိလေသည်။

သို့သော်… သူမသည် အပူပင်ကင်းမဲ့စွာဖြင့် မြို့ထဲတွင် လျှောက်သွားနေခဲ့လေသည်။ မြို့ထဲမှလူများမှာ အလောတကြီးထွက်ခွာသွားကြသည့်အတွက် ချက်ပြုတ်ထားသည့် အစားအသောက်များ ၊ ပစ္စည်းပစ္စယများပင်လျှင် ယူဆောင်သွားနိုင်ခြင်း မရှိခဲ့ကြပေ။

ကျင့်စူးက လူအများ ကျန်ရစ်ခဲ့သည့်အစားအသောက်များကို ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ သူမသည် သေမျိုးလူသားများ၏ အစားအသောက်များကို ရွံလျှာဖွယ်ရာဟု အမြဲတမ်း သတ်မှတ်ထားသူ ဖြစ်လေသည်။ သို့သော်… အရသာမည်သို့ရှိသည်ကို သိချင်သည့်အတွက် မြည်းကြည့်လိုက်မိခြင်း ဖြစ်လေသည်။

ထို့ပြင်သူမသည် စည်ကားသိုက်မြိုက်သည့်မြို့ကြီးများကို တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိပေ။ ထို့ကြောင့် တွေ့သမျှ မြင်သမျှသည် သူမအတွက်တော့ စိတ်ဝင်စားဖွယ်ကောင်းနေခဲ့လေသည်။

ထိုအချိန်မှာပင်… မိုးဖွဲများကျလာလေသည်။

မိုးရေစက်တိုင်းသည် ကောင်းကင်မှမွေးဖွားလာပြီး မြေပြင်ပေါ်သို့ကျရောက်လာသည့် ဝိညာဉ်များအလားဖြစ်လေ သည်။ လူ့လောက၏အတွေ့အကြုံကို မရှာဖွေနိုင်သေးခင်မှာပင် သူတို့သည် မြေပြင်ထက်တွင် ပျံ့နှံ့သွားကြရလေ သည်။

ကျင့်စူးသည် အသက်ရှည်ကြာစွာနေထိုင်ခဲ့သူဖြစ်သည့်တိုင် ဘဝကို ကျေနပ်ခဲ့သူတစ်ယောက် မဟုတ်လေရာ မိုးရေစက်များကိုကြည့်ရင်း ဝမ်းနည်းလာမိလေသည်။

ယခင်တုန်းက… သူမသည် မဟာနတ်မိစ္ဆာအဓိပတိနန်းတော်ဖြစ်သည့် အေးစက်သည့် ရေခဲနန်းတော်ထဲတွင် အမြဲတမ်းနေထိုင်ခဲ့ရသူ ဖြစ်လေသည်။ သူမသည် ပြင်ပလောကကြီးအကြောင်း သတင်းပေါင်းစုံကြားဖူးခဲ့လေ သည်။ သို့သော်… လောကကြီးအလယ် တကယ်တမ်းလက်တွေ့ သွားလာရသည့်အခါ စာတွေ့နှင့် အလွန်မှကွဲပြား ခြားနားလေသည်။

ထို့ကြောင့်ပင် သူမသည် သိုကျန့်စန့်ဖူကိုယ်တော်ကို သဘောကျမိခြင်းဖြစ်လေသည်။ သိုကျန့်စန့်ဖူကိုယ်တော်သည် သူလုပ်ချင်ရာကိုလုပ်သူဖြစ်ပြီး မည်သည့်အရာကမှ သူ၏လွတ်လပ်မှုကို တားဆီးနိုင်ခြင်းမရှိပေ။

သိုကျန့်စန့်ဖူကိုယ်တော်သည် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည့်တိုင် သူမအတွက်တော့ အမြဲတမ်းသတ္တိနှင့်ပြည့်ဝသည့် သူရဲကောင်းတစ်ယောက်ဖြစ်လေသည်။

ပြင်ပလောကကြီးတစ်ခုလုံးသည် သူမနေထိုင်ခဲ့ရာ နတ်မိစ္ဆာအဓိပတိနန်းတော်နှင့်လည်း မတူညီသလို သူမရင်းနှီးခဲ့သည့် နတ်ဘုရားများ ၊ ဗောဓိသကျများသည်လည်း ပြင်ပလောကတွင် တွေ့ဆုံရခြင်း မရှိပေ။

မိုးသည်းထန်စွာ ရွာသွန်းနေပြီး မြို့ထဲတွင် လူ (၂)ယောက် ရှိနေခဲ့လေသည်။

တစ်ယောက်မှာ မျောလွင့်နေသည့်တိမ်တိုက်များကဲ့သို့ ဆွတ်ဆွတ်ဖြူသည့် ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ ထိုသူသည် သွေးနီရောင်ပလ္လင်ထက်တွင် ထိုင်နေလေသည်။

နောက်တစ်ယောက်မှာတော့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမကိုကြည့်ရသည်မှာ မိုးထဲလေထဲတွင် စီးဆင်းနေ သည့်စမ်းချောင်းလေးတစ်ခုနှင့် ဆင်တူလေသည်။

သူတို့ (၂)ယောက်လုံးမှာ တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။

သို့သော်… သူတို့ (၂)ယောက်လုံး၏ တည်ရှိမှုသည် ကောင်းကင်တစ်ခုလုံးတွင်လွှမ်းမိုးနေသည့် တိမ်ညိုများကိုပင် လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ထင်မှတ်ရလေသည်။ အကယ်၍ လူတစ်ယောက်သာ သူတို့ (၂)ယောက်ကို မြင်တွေ့လိုက် ရမည်ဆိုလျှင် ပတ်ဝန်းကျင်တစ်ခုလုံးကိုပင် မေ့လျော့သွားကြမည် ဖြစ်လေသည်။

ကျင့်စူးသည် စမ်းချောင်းလေးအလားစီးဆင်းနေသည့် ဝတ်စုံကိုဝတ်ဆင်ထားသည့် မိန်းမပျိုကို တွေ့လိုက်သည်နှင့် ထိုမိန်းကလေးမှာ သူမရှာဖွေနေသည့် ညီမလေးကွေလိဖြစ်သည်ကို ချက်ချင်းမှတ်မိလိုက်လေသည်။

သို့သော်… ထိုသူ (၂)ယောက်မှာ တိုက်ခိုက်နေကြခြင်းဖြစ်ပြီး တန်ခိုးစွမ်းအားများ ပြင်းထန်စွာ ပေါက်ကွဲနေလေသည်။ တန်ခိုးစွမ်းအားပေါက်ကွဲမှုများ များရောနှောသွားကာ အပြောင်းအလဲများလည်း ဖြစ်ပေါ်လျှက်ရှိလေသည်။ ထို့ကြောင့် သူမအနေဖြင့် သူတို့ (၂)ယောက်၏ တိုက်ပွဲကို ဝင်ရောက်စွက်ဖက်ရန် အတွက် ခက်ခဲနေလေသည်။

ကျင့်စူးသည် တန်ခိုးစွမ်းအားအရာတွင် သူတို့ (၂)ယောက်လုံးထက် သာလွန်သူ ဖြစ်လေသည်။ သို့သော်… သူတို့ (၂)ယောက်၏ တန်ခိုးစွမ်းအားပေါက်ကွဲမှုများ ပေါင်းစပ်သွားသည့်အခါ သူမသည် တိုက်ပွဲကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့ (၂)ယောက်၏ တန်ခိုးစွမ်းအားများသည် လုံးဝပြီးပြည့်စုံနေသည့် စက်ဝန်းတစ်ခုအလား ပေါင်းစပ်နေသောကြောင့် ဖြစ်လေသည်။

နှစ်ပေါင်းထောင်နှင့်ချီပြီး ရေတိုက်စားခြင်းကိုခံရသည့်ကျောက်တုံးကြီးတစ်တုံးကို ကျောက်တုံးတံတားတစ်ခု အောက်တွင် ထောက်တိုင်အဖြစ်အသုံးပြုခြင်းခံရသည့်တိုင် ထိုကျောက်တုံးသည် မပြောင်းမလဲ တည်ရှိနေသကဲ့သို့ ပင်ဖြစ်လေသည်။ ကျောက်တုံး (၂)တုံးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်ခိုက်ကြသည့်အခါ တစ်ခုနှင့်တစ်ခု ဖိအားမပေးနိုင်သကဲ့သို့ပင် ဖြစ်လေသည်။

မုန်တိုင်းသည် ချက်ချင်းပင် ပြင်းထန်လာပြီး မိုးရေစက်တိုင်းသည် အသက်ဝင်နေသည့်အလားကြိမ်းဝါးသံနှင့် စူးရှ သည့်အော်ဟစ်သံများပင် ထွက်ပေါ်လျှက်ရှိလေသည်။

တန်ခိုးစွမ်းအား ပေါက်ကွဲမှု (၂)ခု ပေါင်းစပ်သွားခြင်းသည် တာအိုလမ်းစဉ်အချို့၏ နက်ရှိုင်းသောလမ်းကို ကိုယ်စားပြုခြင်းဖြစ်သည့်အတွက် ထိုသို့ တန်ခိုးစွမ်းအားပေါင်းစည်းမှုသည် သက်ရှိသတ္တဝါများကိုပင် ဖန်ဆင်းနိုင်ရန် လုံလောက်လေသည်။

ထို့ကြောင့် မိုးရေစက်များကိုဖန်ဆင်းနိုင်သည်မှာ မဆန်းလှပါ။

ကျင့်စူးကိုတွေ့လိုက်ရသည့်အခါတွင်တော့ ကွေလိသည်လည်း အံ့သြခြင်းမက အံ့သြသွားရလေသည်။

သူမရှေ့မှလူငယ်သည် အလွန်မှ စွမ်းအားကြီးမားလွန်းပြီး သူမကိုကျဉ်းကြပ်စေလေသည်။

ရန်သူ၏ တန်ခိုးစွမ်းအားပေါက်ကွဲမှုများသည် မျောလွင့်နေသည့် တိမ်တိုက်များအလား အချိန်နှင့်အမျှ ပြောင်းလဲနေ လေသည်။ ထိုတန်ခိုးစွမ်းအားများသည် အဆက်မပြတ်စီးဆင်းနေသည့် ရေ ၊ လောင်ကျွမ်းနေသည့် မီး ကဲ့သို့ အဆုံးသတ်ကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပေ။

အံ့သြစရာအကောင်းဆုံးအချက်မှာ မိုးမြေစွမ်းအားများသည် သူမနှင့် တိုက်ခိုက်နေသည့်လူငယ်နှင့် သဟဇာတဖြစ် စွာလှည့်ပတ်သွားလာနေခြင်း ဖြစ်လေသည်။ တန်ခိုးစွမ်းအား (၂)ခုပေါင်းစပ်သွားမှုကြောင့် မိုးများရွာသွန်းလာသည် ဟု ပြောနိုင်သည့်တိုင် အမှန်တကယ်တွင်တော့ မိုးရေစက်များသည် ထိုလူငယ်၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့လေသည်။

မိုးများသည်းထန်စွာရွာသွန်းလာပြီး ကွေလိသည် ရန်သူ၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုကို ခံစားလိုက်မိလေသည်။

အမှန်တော့ ထိုသို့တိုက်ခိုက်ရန် သူမဘက်က ရွေးခြယ်ခဲ့ခြင်းသာ ဖြစ်လေသည်။

အစပိုင်းတွင် ရန်သူက သူမကို အေးအေးဆေးဆေးပင် အကူအညီတစ်ခု တောင်းခံခဲ့လေသည်။ သို့သော် သူမက ထိုလူငယ် တေင်းသည့်အကူအညီကို မလိုက်လျောခဲ့သည့်အပြင် စတင်တိုက်ခိုက်ခဲ့လေသည်။

ယခုတော့… သူတို့ (၂)ယောက်၏ ပြင်းထန်လွန်းသည့် တန်ခိုးစွမ်းအားများသည် ချိတ်ဆက်နေမိပြီး ဖြေရှင်း၍ မရနိုင် တော့ပေ။ သူတို့ (၂)ယောက်လုံး နောက်ပြန်ဆုတ်၍ မရနိုင်တော့ပေ။

ထိုသို့သောအခြေအနေမျိုးဖြစ်လာလိမ့်မည်ဟု ကွေလိ မျှော်လင့်မထားခဲ့မိပါ။ ထို့အတူ သူမနှင့်ရင်ဆိုင်နေရသည့် လူငယ်သည်လည်း မျှော်လင့်ထားခဲ့ဟန် မတူပေ။

မိုးကောင်းကင်က သနားသဖြင့် ကာကွယ်ပေးမှသာ သူတို့ (၂)ယောက်လုံး ဒုက္ခတွင်းထဲမှ လွတ်မြောက်နိုင်ပေတော့ မည်။

သို့သော်… ရုတ်တရက် ကျင့်စူးရောက်လာမည်ဟု မည်သူမှ မျှော်လင့်မထားခဲ့မိကြပေ။ မည်သို့ပင်ဖြစ်စေ ကျင့်စူးရောက်ရှိလာခြင်းက သူတို့နှစ်ယောက်လုံးအတွက် လွတ်မြောက်ရန် အခွင့်အရေး ဖြစ်လာနိုင်လေသည်။

သူတို့ (၂)ယောက်လုံး တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန်တိုက်ခိုက်နေကြချိန်တွင် သူတို့အနားသို့ ချဉ်းကပ်လာနိုင်လောက်အောင် တန်ခိုးစွမ်းအား မြင့်မားသူဆို၍ များများစားစားမရှိနိုင်ပါ။

အဖြူရောင်ဝတ်လူငယ်မှာ အခြားသူမဟုတ်ပါ။ ရဲ့လျိုယွင်ပင် ဖြစ်လေသည်။

ရဲ့လျိုယွင်သည် ပေမင်ကျီနှင့် အချိန်ကြာမြင့်စွာ ပတ်သက်ခဲ့ဖူးသူတစ်ယောက်ဖြစ်လေသည်။ ထို့ကြောင့် ကျင့်စူးကို တွေ့သည်နှင့် ပေမင်ကျီနှင့်ပတ်သက်သည်ကို ချက်ချင်းရိပ်မိလိုက်လေသည်။ သို့သော်… လက်ရှိအချိန်တွင် လောကဝတ်စကားများဖြင့် ပြောဆိုနှုတ်ဆက်နေရန် အချိန်မရှိပါ။ ထို့ပြင် သူနှင့်ပေမင်ကျီမှာလည်း သိပ်ပြီး ဆက်ဆံရေးကောင်းခဲ့ကြသူများမှ မဟုတ်ဘဲလေ။

ထို့ကြောင့် ရဲ့လျိုယွင်က ကျင့်စူးကို စကားပြောမနေတော့ဘဲ ခပ်မဆိတ်သာနေလိုက်တော့သည်။ ထို့ပြင် ကျင့်စူးသည် မည်သူ့ဘက်ကမှ ဝင်မကူညီလျှင်ကောင်းမည်ဟု မျှော်လင့်လိုက်မိလေသည်။

သို့သော်… ရဲ့လျိုယွင်မျှော်လင့်သည့်အတိုင်း ဖြစ်မလာခဲ့ပါ။

ကျင့်စူးက…

“ညီမလေးကွေလိ ၊ မမကို မှတ်မိတယ်မဟုတ်လား”

ကျင့်စူး၏အမေးကို ကွေလိက မျက်တောင်လေးတစ်ချက်ခတ်ပြပြီး တုံ့ပြန်လိုက်လေသည်။

သူမ၏ ကြည်လင်သည့်မျက်ဝန်းလေးများသည် လောကတစ်ခုလုံးတွင် အလှပဆုံးသော ရှုခင်းတစ်ခုအလား ထင်မှတ်ရလေသည်။ ကျင့်စူးသည် ထိုမျက်ဝန်းလေးများကို နမ်းချင်စိတ်ပင် ဖြစ်လာမိသည်။

သို့သော် သူမသည် ချက်ချင်းပင် စိတ်ကိုထိန်းလိုက်ပြီး…

“ညီမလေးကို မမ ကူညီမယ်…”

ကျင့်စူး၏စကားကြောင့် ရဲ့လျိုယွင်မှာ မယုံကြည်နိုင်ဖြစ်ကာ အနည်းငယ်ပင် ထိတ်လန့်သွားမိလေသည်။ ထို့ကြောင့် သူက တိုက်ပွဲကို လက်စသတ်ရန်စဉ်းစားလိုက်မိတော့သည်။

ရုတ်တရက်…

ကောင်းကင်တစ်ခွင်လုံးတွင် ရွာသွန်းနေသည့်မိုးများသည် တစ်နေရာတည်းတွင် စုဆုံသွားပြီး မြစ်တစ်စင်းအလား စီးဆင်းသွားလေသည်။ ထိုမြစ်သည် သေခြင်းနှင့်ရှင်ခြင်းကို ဖြတ်သန်းစီးဆင်းသွားလေသည်။

ရဲ့လျိုယွင်၏ ငရဲလမ်းပလ္လင်သည် နိုင့်ဟယ်တံတားအဖြစ် ပြောင်းလဲသွားလေသည်။ နိုင့်ဟယ်တံတားသည် မြစ်ကိုဖြတ်ထားပြီး ရဲ့လျိုယွင်သည် တံတားပေါ်တွင်ထိုင်နေလေသည်။

သို့သော် ရဲ့လျိုယွင်သည် ဟိုဘက်ကမ်းသို့လည်းမရောက် ၊ ဒီဘက်ကမ်းသို့လည်းမရောက် ၊ မြစ်အလယ်တွင်လည်း မရှိဘဲ အရာအားလုံး၏အထက်တွင်ရောက်ရှိနေလေသည်။ သူသည် သေခြင်းရှင်ခြင်းနှင့် ကင်းလွတ်ရာနေရာတစ်ခု သို့ရောက်ရှိသွားသည့်အလား ထင်မှတ်ရလေ၏။

ကွေလိသည် ရဲ့လျိုယွင်တိုက်ခိုက်လိုက်သည်ကို ခံစားလိုက်ရသည်နှင့် သူမ၏ ခန္ဓာကိုယ်မှ ရောင်စဉ် (၅)မျိုး ဖြာထွက်လာလေသည်။ ရောင်စဉ်လှိုင်းများသည် အသူရာချောက်တစ်ခုလုံး ပျံ့နှံ့သွားသည်ဟုပင် ထင်မှတ်ရလေ သည်။ ကြီးမားသည့် ဝေလငါးကြီးသည် ရေကိုစုပ်ယူလိုက်သကဲ့သို့ အသူရာချောက်တွင် ရှိသမျှအရာအားလုံးသည် စုပ်ယူခံလိုက်ရလေသည်။

ရဲ့လျိုယွင်ထံမှ နာကျင်စွာ အော်ဟစ်သံတစ်ချက်ထွက်ပေါ်လာပြီး လျှပ်စီးအလား လျှင်မြန်စွာ ထွက်ခွာပျောက်ကွယ် သွားလေတော့သည်။

ကွေလိ၏အခြေအနေက ပိုဆိုးလေသည်။

သူမသည် ကိုယ်ကိုတစ်ချက်ကိုင်းလိုက်ပြီး အဆက်မပြတ် ချောင်းများဆိုးလာတော့သည်။ သူမ၏ နှုတ်ခမ်းထောင့်မှ လည်းသွေးစတစ်စ စီးကျလာလေသည်။ ထိုသွေးစက်သည် မြေပြင်ထက်သို့ ကျသွားသည်နှင့် ပန်းများချက်ချင်းပင် ပွင့်လန်းလာကြလေသည်။ ထိုပန်းများသည် အစိမ်းရောင်ပန်းများဖြစ်ပြီး သစ်ရွက်များမပါရှိပေ။

ထိုပန်းများ၏အမည်မှာ “ဒေါင်းစိမ်းပန်း” ဟူ၍ ဖြစ်လေသည်။

ကျင့်စူးက ကွေလိကို အမြန်ပြေးထူလိုက်ပြီး ဒေါသတကြီးဖြင့်ပြောလိုက်သည်။

“ငါ… သူ့ကိုသတ်မယ်…”

ကွေလိက မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…

“မသတ်နဲ့ … ၊ သူက ငါ့ကို ညှာလိုက်တာ ၊ မဟုတ်ရင် ခုချိန်လောက်ဆို ဒီလောက်သွေးနည်းနည်းအန်တာထက် အခြေအနေဆိုးနေလောက်ပြီ”

ကျင့်စူးက…

“သူက တန်ခိုးစွမ်းအားတော့ တော်တော်မြင့်မားတာပဲ ၊ ပြီးတော့ ယန်မော့နတ်မင်းရဲ့ ခန္ဓာရအောင်လည်း ကျင့်ကြံ ထားပုံရတယ် ၊ ဒါကြောင့် သူလည်း ဒဏ်ရာသိပ်မပြင်းထန်လောက်ဘူး”

ကွေလိက ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

“ဒီလူက အရမ်းထူးဆန်းတယ် ၊ ပြီးတော့ နောက်တစ်ခါ သူနဲ့တွေ့ရင် ငါ့ဘက်က တောင့်ခံနိုင်မှာ မဟုတ်ဘူး”

ကျင့်စူးက ပြုံးလိုက်ရင်း…

“ငါ အခု ပညာအသစ်အဆန်းလေး နည်းနည်းသင်လာခဲ့တယ် ၊ အဲဒီပညာကိုသာ ကောင်းကောင်းလေ့ကျင့်နိုင်ရန် တန်ခိုးစွမ်းအားတွေ အရမ်းမြင့်မားသွားနိုင်တယ် ၊ ရွှီးမီစန်းတောင်ဟာ မုန်ညင်းစေ့အသွင်သေးသေးလေးအဖြစ် ပြောင်းလဲနိုင်သလိုပေါ့ ၊ ငါ အဲဒီပညာကို နင့်ကို သင်ပေးမယ်လေ ၊ တကယ်တော့ အဲဒီလိုပညာမျိုးက နင်နဲ့သာ သင့်တော်တာပါ”

ကွေလိက အနည်းငယ်အံ့သြသွားပြီး…

“နင့်တို့ ခွန်ဖိန်အနွယ်တော်တွေ ကျင့်ကြံတဲ့ ‘ပေမင်’ တန်ခိုးစွမ်းအားကို ပြောတာမဟုတ်လား ၊ အဲဒါကိုတော့ မသင်ချင်ပါဘူး ၊ ပြီးတော့ ငါက နင့်လိုလည်း ရည်မှန်းချက်ကြီးတဲ့သူလည်း မဟုတ်ဘူး"

ကျင့်စူးက ပြုံးလိုက်ရင်း…

“ဘယ်ကလ ပေမင်တန်ခိုးစွမ်းအား ဟုတ်ရမှာလဲ ၊ အဲဒီပညာကို ဝိဇ္ဇာအင်္ကျီလက်ပညာလို့ခေါ်တယ် ၊ ရန်သူတွေ အကုန်လုံးကို ထောင်ဖမ်းလို့ရတယ် ၊ အဲဒီပညာက နင့်ရဲ့ ရောင်စဉ် (၅)မျိုးတန်ခိုးစွမ်းအားနဲ့ မတိမ်းမယိမ်းဘဲ"

ကွေလိက မျက်ခုံးလေးများကို အသာပင့်လိုက်ရင်း…

“ဒါပေမယ့် လောလောဆယ်တော့ ငါ့မှာ သင်ဖို့ အချိန်မရှိသေးဘူး”

ကွေလိ၏ စကားဆုံးသွားသည်နှင့် …. ကျင့်စူးသည် သူမထံသို့ ချဉ်းကပ်လာသည့် တန်ခိုးစွမ်းအားတစ်ခုကိုခံစား လိုက်ရလေသည်။

မိုးမြေစွမ်အားများသည် သူတို့ကို ရုတ်တရက် တွန်းကန်လာလေတော့သည်။

All Chapters