အခန်း (၉၆၁-၉၆၃)
Vol. 65 Ch. 961-963
အခန်း (၉၆၁) ခန့်မှန်းမရသည့် အရိယဖလသန္ဓေ
ရှစ်ဘဝဝဋ်ကြွေးများ စုပြုံကျလာသလို နတ်ဆိုးနှိမ်သခင် ခံစားရသည်။ တိုက်ပွဲက သူ့အတွက် မျှော်လင့်စရာမရှိ။ နတ်ဆိုးချုပ်သခင်ကလည်း မယုံကြည်ရ။ အချိန်မရွေး သူ့ကိုသစ္စာဖောက်နိုင်သည်။ စိတ်တည်ငြိမ်ဖို့ ခဏခဏကျမ်းစာရွတ်နေရသည်။
တစ်ဘက်ရန်သူများက မသေမျိုးတစ်ဝက်တစ်ယောက်၊ ကူးဖြတ်ခြင်းအဆင့်သစ်ပင်ဝိညာဉ်နှင့် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူ။
သူ့လိုလူမဆိုထားနှင့်။ တောင်မြစ်သခင်ပင် ထိုလူစုကိုနိုင်မည်မဟုတ်။
ထွက်ပြေးသည်က ပို၍ကောင်းသည်။
သစ်မြစ်များ ဆက်တိုက်ကျုံ့လာပြီး တဖြေးဖြေးပိုတင်းကြပ်လာသည်ကို နတ်ဆိုးနှိမ်သခင် ခံစားလိုက်ရသည်။
"ငါမင်းကိုကယ်မယ်။-ဒီနေရာမှာ ငါစည်းမျဉ်းသတ်မှတ်တယ် 'သံလွင်ဘိုးဘေး ခန္ဓာကိုယ်ပြန်မကုစားနိုင်စေရ'"
နတ်ဆိုးချုပ်သခင် တင်းပုတ်ကိုလွှဲယမ်း၍ စွမ်းအားကုန်သုံးပြီး အောက်သို့ရိုက်ချလိုက်သည်။ သို့သော် သစ်မြစ်တစ်ခုက ရုတ်တရက်ဆန့်ထွက်လာပြီး တင်းပုတ်ကိုခုခံသည်။ တင်းပုတ်ကြောင့် သစ်မြစ်တစ်ခြမ်းပဲ့ထွက်သွားသည်။ သို့သော် ချက်ချင်းအကောင်းပကတိပြန်ဖြစ်လာသည်။
"...မဖြစ်နိုင်ဘူး။ ငါစည်းမျဉ်းတစ်ခု သတ်မှတ်ထားတာပဲ"
နတ်ဆိုးနှိမ်သခင် ဒေါသတကြီ အော်ဆဲသည်။
"သောက်ရူး၊ သံလွင်ဘိုးဘေးက မသေမျိုးရတနာအဆင့်ကိုရောက်နေပြီ။ မင်းရဲ့ကူးဖြတ်ခြင်းအဆင့်စွမ်းအားလောက်နဲ့ ထိန်းချုပ်လို့ရမလားကွ"
"မင်းကိုကယ်ဖို့ကြိုးစားနေတာလေ။ ဒါကိုမင်းက ငါ့ကိုဆဲနေတယ်ပေါ့"
နတ်ဆိုးချုပ်သခင်လည်း ဒေါသထွက်လာသည်။ တင်းပုတ်ကိုချက်ချင်းမြှောက်၍ နတ်ဆိုးနှိမ်သခင်၏ဦးခေါင်းကို ရိုက်ချလိုက်သည်။ နတ်ဆိုးနှိမ်သခင် မူးဝေသွားသည်။
"တစ်မျိုးမထင်နဲ့နော်။ ခုနကဖြစ်သွားတာ ငါ့အရိယဖလသန္ဓေနဲ့မဆိုင်ဘူး"
ကျွေးယွဲ့က အရင်ဆုံးကြေညာသည်။
"မဟုတ်တာတွေမပြောနဲ့။ မင်းလက်ချက်ဆိုတာ သိသာနေတာပဲ"
နတ်ဆိုးချုပ်သခင်က သူ့ကိုယ်သူ ကာကွယ်သည်။
ဘယ်သူစကားကို အတည်ယူရမှန်းမသိ။
နတ်ဆိုးနှိမ်သခင် အမှားအမှန် ခွဲခြားမနေနိုင်တော့။ လောလောဆယ် လွတ်အောင်ထွက်ပြေးဖို့က အရေးကြီးဆုံးဖြစ်သည်။
"ဝါဇရဓမ္မခန္ဓာ"
ကျယ်လောင်စွာအော်ဟစ်မာန်သွင်း၍ ကျန်းတစ်ထောင်မြင့်သည့် ဗုဒ္ဓဝါဇရခန္ဓာတစ်ခု ဖန်တီးလိုက်သည်။ သစ်မြစ်များက ဝါဇရခန္ဓာကို ချုပ်နှောင်သည်။ နတ်ဆိုးချုပ်သခင်က ဓမ္မခန္ဓာ၏ရင်ဘတ်မှဖောက်ထွက်၍ အမြန်ထွက်ပြေးသည်။
"လနန်းတော်ကိုရောက်လာပြီးမှ ထွက်ပြေးလို့ရမယ်ထင်နေလား"
လနန်းတော်နယ်မြေမှ သူထွက်ခါနီးတွင် သစ်မြစ်များစွာ လေထဲသို့ထိုးတက်လာသည်။ ထိုးဖောက်မရနိုင်သည့် သစ်မြစ်နံရံကြီးဖြစ်လာသည်။
နတ်ဆိုးနှိမ်သခင် ညာဘက်သို့ချိုး၍ ပျံသန်းသည်။ သို့သော် သစ်မြစ်များက သူ့ထက်အမြဲတမ်းခြေတစ်လှမ်းသာနေသည်။ အလွန်မြန်ဆန်သည်။
လနန်းတော်တစ်ခုလုံး သစ်မြစ်များ ချက်ချင်းဖုံးလွှမ်းသွားသည်။
သံလွင်ဘိုးဘေးသည် ရှေးဟောင်းခေတ်ကတည်းက မဟာနှင်းတောင်ပေါ်တွင် ကြီးထွားရှင်သန်ခဲ့သည်။ သူ့အမြစ်များက တောင်းတန်းအနှံ့ဆန့်ထွက်နေသည်။ နှင်းတောင်ပေါ်တွင်ရှိသည့် လနန်းတော်မဆိုထားနှင့်။ မဟာနှင်းတောင်တန်းတစ်ခုလုံး ပိတ်ဆို့ဖုံးလွှမ်းဖို့ပင် မခက်ခဲလှ။
ပုံမှန်အားဖြင့် သံလွင်ဘိုးဘေးသည် ကူးဖြတ်ခြင်းအဆင့်စွမ်းအားမျိုးသာရှိသည်။ သို့သော် ကြီးမားသည့်သူ့အရွယ်အစားကြောင့် အချိန်မသေမျိုး ကူးဖြတ်ခြင်းအဆင့်ရောက်စဉ်က စွမ်းအားမျိုးကို သူပိုင်ဆိုင်သည်။ သာမန်ကူးဖြတ်ခြင်းအဆင့်များ ယှဉ်၍မရ။
တစ်ခုတည်းသောအားနည်းချက်က မဟာနှင်းတောင်တန်းနယ်မြေထဲမှ မထွက်နိုင်ခြင်းသာဖြစ်သည်။
"သောက်ရေးမပါတဲ့ဟာတွေ၊ ငါ့ကို ရွှံ့ရုပ်ထင်နေလားကွ"
လွတ်လမ်းမရှိတော့သဖြင့် နတ်ဆိုးနှိမ်သခင် ဒေါသအိုးပေါက်ကွဲသွားသည်။ လနန်းတော်ကို အသေခံတိုက်ခိုက်ဖို ဆုံးဖြတ်လိုက်သည်။ လနန်းတော်တွင် ထူးခြားသည့် တိုက်ခိုက်ရေးပညာမျိုးမရှိ။
ဝါဇရအရိယဖသန္ဓေပိုင်ဆိုင်ထားသဖြင့် သူလုံးဝမကြောက်။
သို့သော် အရှိန်မြှင့်ထားသည့် သူ့ဒေါသများ ရုတ်တရက်ပျောက်ကွယ်သွားသည်။ အရှိန်ပြန်ကျသွားသည်။
ထို့နောက် ဒေါသပြန်ထွက်လာသည်။ ပြန်ပျောက်သွားပြန်သည်။
ဒေါသထွက်သည်။ ပြန်ပျောက်သွားသည်။
"လနန်းတော်၊ မင်းတို့တရားလွန်လွန်းပြီကွ"
နတ်ဆိုးနှိမ်သခင် ဒေါသဖြင့်စိုက်ကြည့်သည်။ သို့သော် သူ့စိတ်ထဲတွင် ဟင်းလင်းပြင်လိုဖြစ်နေသည်။ ဒေါသစိတ်က ထွက်မလာ။ အတော်လေး စိတ်ဒုက္ခရောက်ရသည်။
ကျွေးယွဲ့က အေးစက်စက်လှောင်ပြုံးပြုံးသည်။
"သုံးလေးကြိမ်အော်ရုံနဲ့ ဒေါသစိတ်မွေးပြီး နင့်စွမ်းအားတိုးလာအောင် လုပ်နိုင်မယ်ထင်နေလား။ ငါနင့်ကို ဒီလိုလုပ်ခွင့် ဘယ်ပေးနိုင်မလဲ"
ဝတ္ထုဇာတ်လမ်းများစွာ သူဖတ်ထားသည်မှာ အလကားမဟုတ်။
"နတ်ဆိုးချုပ်သခင်၊ လနန်းတော်ကတပည့်တွေအားလုံး သွားသတ်လိုက်"
နတ်ဆိုးနှိမ်သခင် ရုတ်တရက် စိတ်ကူးတစ်ခုရလာသည်။ ဂိုဏ်းတပည့်များ အသတ်ခံရလျှင် လနန်းတော်က အရေးမစိုက်ဘဲနေနိုင်မည်ဟုတ်။
နတ်ဆိုးချုပ်သခင်ကို ရင်ဆိုင်ဖို့ အင်အားခွဲရမည်။ ထိုသို့ဆိုလျှင် သူ့အတွက် ဖိအားများစွာ လျော့ပါးသွားမည်။
"စိတ်ကူးယဉ်မနေနဲ့"
ဖန်စီက သစ်သားသေတ္တာတစ်လုံးထုတ်၍ ဖွင့်လိုက်သည်။ အလင်းတန်းတစ်ခုထွက်လာပြီး သတ်ဖြတ်ရန်ပြင်နေသည့် နတ်ဆိုးချုပ်သခင်ကို ဖုံးလွှမ်းသွားသည်။ လုံးဝခုခံနိုင်စွမ်းမရှိဘဲ သေတ္တာထဲသို့ ဆွဲယူခံလိုက်ရသည်။
"အလင်းချုပ်သေတ္တာလား"
နတ်ဆိုးနှိမ်သခင် လှောင်ပြုံးပြုံးနေသည်။ နာမည်ကျော်ကြားသည့် ထိုရတနာအကြောင်း သူကြားဖူးသည်။ ဒဏ္ဍာရီသားရဲတစ်ကောင်၏ဦးချိုဖြင့် လုပ်ထားခြင်းဖြစ်သည်။ ပြိုင်ဘက်များကို သေတ္တာထဲသို့ အတင်းဆွဲယူနိုင်သည်။ သို့သော် ရန်သူကိုဆွဲယူပြီးလျှင် ယှဉ်ပြိုင်တိုက်ခိုက်ရသည်။ အနိုင်အရှုံးဆုံးဖြတ်ပြီးမှသာ ပြန်ထွက်လာနိုင်မည်။
နတ်မယ်က လုယန်ခန္ဓာကိုယ်ဖြင့် အလင်းချုပ်သေတ္တာထဲတွင် မသေမျိုးဂိုဏ်းခေါင်းဆောင်များကို တစ်ယောက်ချင်းစိန်ခေါ်တိုက်ခိုက်၍ အနိုင်ယူခဲ့ဖူးသည်။ တကယ်ဂုဏ်ယူခဲ့ရသည့်အချိန်ဖြစ်သည်။
သူ့အကြံအောင်မည်ကို နတ်ဆိုးနှိမ်သခင်သိသည်။ လူတစ်ယောက်တော့ အလင်းချုပ်သေတ္တာထဲသို့ သေချာပေါက်ဝင်ရမည်။ နတ်ဆိုးချုပ်သခင်နှင့် တိုက်ခိုက်ရမည်။ တိုက်ခိုက်သူသည် ကူးဖြတ််ခြင်းအဆင့်ရှိရမည်။ ထိုအဆင့်ထက်နိမ့်သူများဝင်သွားလျှင် သေမည်။
ထို့ကြောင့် ကူးဖြတ်ခြင်းအဆင့်ဖြစ်သည် ဖန်စီ ဝင်ရလိမ့်မည်။
သို့သော် မျှော်လင်မထားသည့်အခြေအနေတစ်ခု ဖြစ်လာသည်။ ဖန်စီက ခါကျဉ်ကောင်အိတ်တစ်အိတ်ထုတ်၍ သေတ္တာထဲသို့ ထိုးထည့်လိုက်သည်။
နတ်ဆိုးချုပ်သခင် အရှုံးပေး၍ထွက်လာရုံသာရှိသည်။
သေတ္တာအတွင်းပိုင်းလေဟာနယ်က အတော်ကျယ်ပြန့်သည်။ နတ်ဆိုးချုပ်သခင် ဝိညာဉ်အာရုံအပြည့်မဖြန့်နိုင်။
"နတ်ဆိုးချုပ်သခင် ပုရွက်ဆိတ်အားလုံးကို တွေ့အောင်ရှာနိုင်ပါစေလို့ ဆုတောင်းပါတယ်"
လော်ဟုန်ရှား မျက်ခုံးတစ်ချက်လှုပ်သွားသည်။ အလင်းချုပ်သေတ္တာကို ထိုသို့သုံးနိုင်ကြောင်း သူမသိခဲ့။
ဖန်စီကို 'ဘိုးဘေး'ဟု သူတို့ခေါ်နေကြရသည်မှာ မဆန်းလှ။
"ပြိုင်ဘက်တစ်ယောက်လျော့သွားရင်တောင် မဆိုးဘူးကွာ"
နတ်ဆိုးနှိမ်သခင် အကြံမအောင်သဖြင့် အံတင်းတင်းကြိတ်လိုက်သည်။ ဤနောက်မျိုးဆက်များသည် တကယ်ဉာဏ်နီဉာဏ်နက်များလွန်းသည်။
"နတ်ဆိုးနှိမ်နှင်းပြီး တော်ဝင်လမ်းကိုကာကွယ်"
လွန်ခဲ့သည့်နှစ်သုံးသိန်းက ယုံကြည်မှုစွမ်းအားသုံး၍ လောကကိုကာကွယ်ခဲ့သည့် ဝါဇရဗုဒ္ဓအသွင်ပြောင်းလိုက်သည်။
နဂါးဖြူက အေးစိမ့်သည့်လေပြင်းကို မှုတ်ထုတ်သည်။ နတ်ဆိုးနှိမ်သခင်ကို အေးခဲအောင်လုပ်သည်။ ခံစားချက်အရိယဖလသန္ဓေက သူ့ခံစားချက်များကို နှောက်ယှက်သည်။ တိုက်ခိုက်မှုခုခံမှုများ ဖရိုဖရဲဖြစ်လာသည်။
သစ်မြစ်များက အငဲအညှာမရှိ သူ့ကိုရိုက်ချသည်။
"ဘုန်း"
ရေခဲလုံး ပေါက်ကွဲထွက်သွားသည်။ နတ်ဆိုးနှိမ်သခင် ဖြေးညှင်းစွာထွက်လာသည်။ သူ့နှုတ်ခမ်းထောင့်တွင် ဝင့်ကြွားရိပ်အပြုံးမျိုးပေါ်နေသည်။
"လာစမ်းပါ၊ မင်းတို့ငါ့ကို ဘယ်လောက်ထိခိုက်အောင်လုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့"
"နင်ပြောတာနော်"
လနန်းတော်အုပ်စုက တုံ့ဆိုင်းမနေပဲ ဒုတိယတစ်ကြိမ် တိုက်ခိုက်သည်။
လုယန် တိုက်ပွဲကို အနီးကပ်ကြည့်နေသည်။ တစ်ခုခုမူမမှန်ကြောင်း သိလိုက်ရသည်။
"နတ်ဆိုးနှိမ်သခင်ပုံစံက တစ်မျိုးပဲ။ ဒီလိုတိုက်ခိုက်ခံရတာကို ပျော်နေသလိုပဲ။ ဝေဒနာကိုပျော်စရာလို့ထင်အောင် ဘိုးဘေးကျွေးယွဲ့က လုပ်ထားတာများလား"
ခံစားချက်အရိယဖလသန္ဓေက တကယ်ကြောက်စရာကောင်းသည်။ ခန့်မှန်း၍မရ။ တားဆီး၍လည်းမရ။ ဘယ်အချိန် စွမ်းအားဒဏ်သင့်မည်ကို မသိနိုင်။
ကျွေးယွဲ့ဘိုးဘေးက ကိုယ့်ဘက်တော်သားဖြစ်နေသည်မှာ တကယ်ကံကောင်းသည်။
ရုတ်တရက် လုယန် ဦးခေါင်းအထက်သို့ ဖျတ်ခနဲမော့ကြည့်လိုက်သည်။ ချဉ်းကပ်လာသည့်အန္တရာယ်ကို အာရုံခံမိသည်။ သူနှင့်ကျင်းဟုန်ကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်။
"အမကျင်း၊ လက်ဝါးချင်းရိုက်မယ်"
လုယန် အော်ဟစ်သတိပေးလိုက်သည်။ ကျင်းဟုန်ကလည်း ချက်ချင်းသဘောပေါက်သည်။ လက်ဝါးချင်းပြိုင်တူရိုက်ကြသည်။ တွန်းကန်အားကိုအသုံးချ၍ နောက်သို့ပျံထွက်ပြီး တိုက်ခိုက်မှုကိူရှောင်သည်။
"အဲ...လနန်းတော်ကို နောက်ထပ်ခိုးဝင်လာတဲ့လူရှိသေးတာပဲ"
နတ်မယ် မျက်မှောင်ကျုံ့သွားသည်။ နောက်တစ်ယောက်ထပ်ရောက်လာပြန်သည်။
"တိုက်ခိုက်ကြပါစေ။ တိုက်ပွဲပြင်းထန်လေ ပိုကောင်းလေပဲ"
ထိုလူက ပြောသည်။
အရိုက်ခံနေရသည့် နတ်ဆိုးနှိမ်သခင် ခေါင်းမော့ကြည့်ပြီးနောက် အော်ဟစ်ရယ်မောလိုက်သည်။
နတ်ဆိုးနှိမ်သခင်နှင့် နတ်ဆိုးချုပ်သခင်တို့က လနန်းတော်ကို အာရုံလွှဲဖို့သာ တာဝန်ယူထားသည်။ သံလွင်ဘိုးဘေးကို လိုချင်သူအစစ်က ထိုလူသစ်ဖြစ်သည်။
"ဟာ"
သို့သော် ရုတ်တရက် သူ့ရင်ဘတ်တွင် ပူလောင်လာသည်ကို လူသစ်ခံစားလိုက်ရသည်။ တံဆိပ်လေးခုထဲမှ အပူချိန်တက်လာသည့်တံဆိပ်ကို ထုတ်လိုက်သည်။
တံဆိပ်ကိုကိုင်ထားသည့် သူ့လက်က စိတ်လှူပ်ရှားမှုကြောင့် တုန်ရင်နေသည်။
"ဒါ..ဒါဆို ရှေးဟောင်းမသေမျိုးလေးယောက်ထဲကတစ်ယောက် ဒီနားမှာရှိနေတဲ့သဘောပေါ့"
ယခု သံလွင်ဘိုးဘေးကိစ္စ သူလုံးဝသတိမရတော့။ ရှေးဟောင်းမသေမျိုး၏တည်နေရာသဲလွန်စ...ရှေးဟောင်းမသေမျိုး၏ အရိယဖလတို့နှင့်ယှဉ်လျှင် သံလွင်ဘိုးဘေးက ဘာမှသိပ်အရေးမပါလှ။
သူရှေ့ဆက်သွားသည်။ တံဆိပ်အပူဆုံးဖြစ်နေသည့် လမ်းကြောင်းအတိုင်းလိုက်သည်။ သူ့အကြည့်က ကျင်းဟုန်လက်မှ အနက်ရောင်လက်စွပ်ဆီ ချက်ချင်းရောက်သွားသည်။
ထိုလက်စွပ်ထဲတွင် ရှေးဟောင်းမသေမျိုးရှိနေသည်...
ဘာမှမသိနားမလည်သည့်ကျင်းဟုန်ဆီ သူတစ်ရှိန်ထိုးပြေးဝင်သွားသည်။ သူ့တိုက်ခိုက်မှုထိလျှင် ကျင်းဟုန်သေချာပေါက်သေပေလိမ့်မည်။
လက်စွပ်ထဲမှလူ သက်ပြင်းချသည်။ ဤအခြေအနေထိ ရောက်လာပြီဖြစ်၍ သူမလှုပ်ရှား၍မဖြစ်တော့။
လက်စွပ်နက်မှ လေဝဲတစ်ခုထွက်လာပြီး လူသစ်တိုက်ခိုက်သည့်စွမ်းအားကို ဆွဲယူသည်။
လူသစ်က ထိုအခြေအနေကို အခွင့်ကောင်းယူ၍ လက်စွပ်ထဲဝင်သွားသည်။
"မဟာချန်ခေတ်က ဝိညာဉ်သခင် ယင်ထန်မသေမျိုးကို ဂါရဝပြုပါတယ်"
*******************************
အခန်း (၉၆၂) ယင်လုန်အရှင်
ဝိညာဉ်သခင် ဦးညွှတ်အရိုအသေပြုသည်။
သူ့လက်ထဲတွင် တံဆိပ်လေးခုရှိသည်။ ရှေးဟောင်းမသေမျိုးတစ်ယောက် အနီးအနားတွင်ရှိနေလျှင် ထိုတံဆိပ်များ တုံ့ပြန်လာမည်။ လက်စွပ်ကမ္ဘာငယ်ထဲသို့ ဝင်လာချိန်တွင် "ယင်ထန်"ဟုရေးထွင်းထားသည့်တံဆိပ်က ခြစ်ခြစ်တောက်ပူလာသည်။
သူ့ရှေ့မှလူသည် ရှေးဟောင်းခေတ်အဓိပဓိ၊ ကောင်းကင်လျှပ်စီးထိန်းချုပ်သူ၊ ပစ္စည်းသွန်းပညာ၏ဘိုးဘေး ယင်ထန်မသေမျိုးပင်ဖြစ်သည်။
ထိုမသေမျိုး၏အကြည့်တစ်ချက်ကျလာသည်နှင့် ကြက်သီးမွှေးညှင်းများထလာသည်။ အင်ပါယာချန်ကို တွေ့နေရသလိုပင်ဖြစ်သည်။
"ငါမသေမျိုးမျက်နှာကို မင်းမော့ကြည့်လို့ရပါတယ်"
ခွင့်ပြုချက်ရလိုက်သဖြင့် ဝိညာဉ်သခင် ဖြေးညှင်းစွာခေါင်းမော့လာသည်။
ပထမဆုံး အကြေးခွံပုံစံ ရွှေနံရံတစ်ခုမြင်ရသည်။ ရွှေနံရံက လှုပ်ရှားနေသည်။ ထို့ကြောင့်...ထိုအရာ ရွှေနံရံမဟုတ်ဘဲ ရွှေရောင်နဂါးစစ်တစ်ကောင်ဖြစ်ကြောင်း သူချက်ချင်းသိလိုက်သည်။
ခေါင်းကိုထပ်မော့သည်။ ရွှေရောင်နဂါးဦးခေါင်း၏ မျက်လုံးအကြည့်နှင့် ဆုံရသည်။
ဆွတ်ဆွတ်ဖြူသည့် လေဟာနယ်ကမ္ဘာတွင် ရွှေရောင်နဂါးက ရစ်ခွေနေသည်။ ဦးခေါင်းကို နည်းနည်းနှိမ့်၍ ဝိညာဉ်သခင်ကို ငုံ့ကြည့်နေသည်။ ထိုနဂါး၏မျက်နှာအမူအရာကို အကဲခတ်၍မရ။
ရွှေနဂါးက ဘယ်လောက်ရှည်သည်တော့မသိ။ မီတာထောင်ချီရှိလိမ့်မည်။ ထိုထက်ရှည်သည့် နဂါးစစ်မျိုး ဝိညာဉ်သခင်တစ်ခါမှမမြင်ဖူး။ တစ်ကိုယ်လုံး ရွှေဖြင့်ထုလုပ်ထားသလိုဖြစ်နေသည်။ နောက်ကျောတွင် တောင်ပံများပါသည်။ ဦးခေါင်းကထည်ဝါခံ့ညားသည်။
တောင်ဝင်မြင့်မြတ်သည့် အရှိန်အဝါနှင့် ဩဇာရိပ်တို့ ထင်ဟပ်နေသည်။ အကျွမ်းကျင်ဆုံး လက်မှုပညာရှင်ပင် ထိုနဂါး၏ဆယ်ပုံတစ်ပုံမီသည့် ရုပ်ထုမျိုး ထုလုပ်နိုင်မည်မဟုတ်။
ဝိညာဉ်သခင် ပြုံးနေဆဲဖြစ်သည်။ သို့သော် သူစိတ်ထဲတွင်တွေးနေသည်။ ယင်ထန်မသေမျိုးသည် အရှေ့ပင်လယ်၏ ယင်လုန်အရှင်ဖြစ်သည်ဆိုသည့် ဒဏ္ဍာရီစကားများက တကယ်မှန်သည်။
ရွှေနဂါး၏ နှာသီးဝမှ အဖြူရောင်အခိုးအငွေ့များ ထွက်နေသည်။ အေးစက်သည့်မျက်လုံးများက ဝိညာဉ်သခင်လက်ထဲမှတံဆိပ်ကို စိုက်ကြည့်နေသည်။ အောင်မြင်ခံ့ညားသည့် သူ့စကားသံ ကမ္ဘာငယ်ထဲတွင် ဟိန်းထွက်လာသည်။ ဝိညာဉ်သခင် နားများအူသွားသည်။
"မင်းတို့မဟာချန်တွေမှာ နည်းလမ်းကောင်းတွေ နည်းနည်းတော့ရှိသားပဲ။ ငါရှိတဲ့နေရာကိုတောင် ခြေရာခံနိုင််တယ်ပေါ့။ ကျင်းဟုန်ကိုမင်းတိုက်ခိုက်တော့ ငါမလှုပ်ရှားဘဲနေလို့ ဘယ်ဖြစ်တော့မလဲ။..ကဲ ပြောပါဦး၊ မင်းငါ့ကိုဘာလို့ရှာနေတာလဲ"
ယင်လုန်အရှင်က မေးခွန်းထုတ်သည်။
ယခုအချိန် သူလှုပ်ရှားလျှင် လုယန်က ရိပ်မိမည်။ သူ့ကိုရှာတွေ့သွားမည်။
"ကျုပ်သခင်က ရှေးဟောင်းမသေမျိုးလေးယောက်ရဲ့ စွမ်းအားကို စုစည်းချင်တယ်။ အပြင်လောကကိုထွက်ဖို့ ဒီအလုံပိတ်အကျဉ်းထောင်ကိုချိုးဖျက်ပြီး လမ်းကြောင်းတစ်ခုဖောက်ချင်တယ်။ မသေမျိုးအရှင် ကူညီပေးဖို့ တောင်းဆိုပါတယ်"
ဤလောကကို ရှေးဟောင်းမသေမျိုးလေးယောက်က အရိယဖလစွမ်းအားများသုံး၍ မျက်နှာပြင်ခြောက်ခုဖြင့် အလုံပိတ်ထားကြောင်း ကောင်းကင်အင်ပါယာသိခဲ့ရသည်။
လောကအကျဉ်းထောင်အတားအဆီးကို ချိုးဖျက်နိုင်ဖို့ ရှေးဟေင်းမသေမျိုးလေးယောက် လှုပ်ရှားမှဖြစ်မည်။ ထို့ကြောင့် ထိုလေးယောက်ကိုရှာဖွေပြီး ဖျောင်းဖျနိုင်ဖို့ တံဆိပ်လေးခု ဖန်တီးခဲ့ခြင်းဖြစ်သည်။
ယင်ထန်မသေမျိုးကို မဟာချန်အဖွဲ့သို့ သိမ်းသွင်းနိုင်လျှင် သံလွင်ဘိုးဘေးကို ခုတ်လှဲယူရသည်ထက်ပင် ပိုအကျိုးများမည်။
ထို့ပြင် သံလွင်ဘိုးဘေးက ဤနေရာတွင် အမြဲရှိနေသည်။ အချိန်မရွေးလာကြည့်နိုင်သည်။ သို့သော် ယင်ထန်မသေမျိုးနှင့်တွေနိုင်ဖို့က တစ်သက်တစ်ခါရခဲသည် အခွင့်အရေးဖြစ်သည်။
"လောကအတားအဆီးကို ချိုးဖျက်လို့တော့ ရနိုင်ပါတယ်"
ဝိညာဉ်သခင် ဝမ်းသာသွားသည်။ ယင်ထန်မသေမျိုး ထိုမျှသဘောထားကြီးမည်ထင်မထား။ အတော်ဖျောင်းဖျယူရမည်ထင်ခဲ့သည်။
"ဒါဆို..."
"ဒါပေမယ့် အခုတော့မဟုတ်သေးဘူး"
"ဒါဆို ဘယ်အချိန်လောက်ဆို အတားအဆီးကို မသေမျိုးအရှင် ချိုးဖျက်ပေးနိုင်မလဲ"
"ခြောက်ယောက်မြောက်မသေမျိုးကို သတ်ပြီးတဲ့အချိန်ပေါ့"
ခြောက်ယောက်မြောက်မသေမျိုးဆိုသည့်စကားကို ဝိညာဉ်သခင်နားမလည်။ ကြယ်ကမ္ဘာများကို တိုက်နယ်အဖြစ်စုစည်းသည့်တိုက်ပွဲမှ ရန်သူကိုဆိုလိုသလော...
ထို့ပြင် ငါးယောက်မြောက်မသေမျိုးက ဘယ်ရောက်သွားသနည်း...
"ဒီခြောက်ယောက်မြောက်မသေမျိုးကို ဘယ်အချိန်လောက် ရှာတွေ့နိုင်မလဲ"
"ငါမသိဘူး"
ဝိညာဉ်သခင် အံ့အားသင့်သွားသည်။ အချိန်အတိအကျမသိလျှင် သူတို့ဘယ်လောက်ကြာအောင် စောင့်ရမည်နည်း။ အင်ပါယာက နောက်ထပ်နှစ်သုံးသိန်းစောင့်ရမည်လော...
သူတို့အားလုံး နောက်ထပ်နှစ်သုံးသိန်း ဂူအောင်းအိပ်စက်ရမည်လော။
"မသေမျိုးတစ်ယောက် ပြန်မရှင်သန်နိုင်သေးလို့ အတားအဆီးမချိုးဖျက်နိုင်တဲ့ကိစ္စကို မပြောသေးဘူး။ ခြောက်ယောက်မြောက်မသေမျိုးက သူ့ရည်မှန်းချက်ပြည့်ဖို့ နည်းလမ်းကုန်သုံးပြီးကြိုးစားမှာ။ အရင်တုန်းက မီးတောက်တွေငြိမ်းသွားတဲ့အချိန်မှာ သက်ရှိအားလုံး အများကြီးအထိနာခဲ့တယ်။ အဲဒါ သူ့ကြောင့်ပဲ။
လောကအတားအဆီးကိုချိုးဖျက်ပြီး သူ့ကိုလွတ်မြောက်ခွင့်ပေးလိုက်ရင် နောင်တစ်ချိန် လောကကိုသူထပ်ပြီး ဒုက္ခပေးဦးမှာပဲ။ အဲဒီ့ကိစ္စကို မင်းတို့မဟာချန်တွေ တာဝန်ယူနိုင်လို့လား"
"မသေမျိုးအရှင်က ကရုဏာကြီးမားပါတယ်။ ဒါပေမယ့် သာမန်လူတွေရဲ့အသက်က ကျုပ်တို့ကျင့်ကြံသူတွေနဲ့ ဘာဆိုင်လို့လဲ"
ဝိညာဉ်သခင် ရယ်လိုက်သည်။ သာမန်လူများကိုသာ ရှေးဟောင်းမသေမျိုးများ အရေးစိုက်ခဲ့လျှင် မဟာချန်ပြိုလဲ၍ လောကကပ်ဆိုးဆိုက်သည်ကို ထိုင်ကြည့်နေခဲ့စရာအကြောင်းမရှိ။
"သာမန်လူတွေရဲ့အသက်တွေဟာ အပြောင်းအလဲတွေကို ခံနိုင်ရည်ရှိပါတယ်။ လူဟောင်းတွေသေသွားရင် နောက်ထပ်လူသစ်တွေ မွေးလာမယ်။ မသေမျိုးအရှင်က သူတို့ဘဝအတွက် ဘာလို့စိုးရိမ်နေတာလဲ။ အခုကိစ္စက အရေးကြီးတယ်။ ကျုပ်တို့သခင်ကလည်း အရမ်းအလေးထားတယ်။
မသေမျိုးအရှင် ကျုပ်နဲ့အတူလိုက်ခဲ့ပြီး သခင်နဲ့စကားပြောစေချင်ပါတယ်"
"ငါမလိုက်ဘူးဆိုရင်ရော"
"ဒါဆိုရင်တော့ ကျုပ်မျိုးဆက်သစ် ရိုင်းပြမိတာ အပြစ်မတင်ပါနဲ့။ ကျုပ်အမြင်အရ မသေမျိုးအရှင်ရဲ့ လက်ရှိအခြေအနေဟာ သိပ်မကောင်းဘူး။ ဓားမျှော်စင်မှာသေသွားတဲ့လူဟာ မသေမျိုးအရှင်ရဲ့ရုပ်ခန္ဓာလို့ ကျုပ်ကြားတယ်။ ရုပ်ခန္ဓာမရှိဘဲနဲံ အရှင့်ရဲ့ကျင်စဉ်စွမ်းအားကို ဘယ်လောက်ထိ ထုတ်သုံးနိုင်မှာလဲ"
ဝိညာဉ်သခင်မျက်နှာက ပြုံးနေဆဲဖြစ်သည်။ သို့သော် ထိုအပြုံးက သိပ်နှစ်လိုဖွယ်မကောင်းတော့။ ပြင်းထန်သည့် စိတ်ခံစားချက်များ ပါလာသည်။
ဓားမျှော်စင်တွင် ပေါ်လာသည့် ယင်ထန်အလောင်းကို သူတိတ်တဆိတ်အကဲခတ်ခဲ့သည်။ ထိုရုပ်ခန္ဓာတွင် အရိယဖလမရှိ။ မသေမျိုးဖြစ်ရုံအဆင့်သာရှိသည်။ မသေမျိုးများထဲတွင် အားအနည်းဆုံးဖြစ်သည်။
ယင်ထန်မသေမျိုး၏ဝိညာဉ်က ထိုအလောင်းမှ ခွဲထွက်ခဲ့သည်။ သို့သော် သူ့အလောင်းကိုသတ်ပြီး ခန္ဓာကိုယ်ကို ပြန်လွှဲမယူခဲ့။ ယခု ယင်ထန်၏စွမ်းအား ထိုအလောင်းကိုအနိုင်ယူဖို့ပင် မသေချာသည့်သဘောဖြစ်သည်။ သို့ဆိုလျှင် ယင်ထန်သည် သူနှင့်စွမ်းအားတူလောက်သာရှိလိမ့်မည်။
ထို့ကြောင့် မူလရည်ရွယ်ချက်ကို ပြန်အကောင်းအထည်ဖော်ဖို့ ဝိညာဉ်သခင် ဆုံးဖြတ်လိုက်သည်။ ယင်ထန်မသေမျိုးကိုသတ်ပြီး လျှပ်စီးအရိယဖလကို သိမ်းယူမည်။
"သေခြင်းတရားဆိုတာကို နားမလည်တဲ့ကောင်ပဲ"
ယင်လုန်က သိစိတ်အာရုံမှတစ်ဆင့် ကျင်းဟုန်ကို ဆက်သွယ်သည်။ ကိစ္စမပြီးမချင်း လက်စွပ်ထဲဝင်မလာဖို့ပြောသည်။
"ဒါဆိုရင် မသေမျိုးအရှင်ရဲ့အသက်ကိုပေးဖို့ ကျုပ်တောင်းဆိုရတော့မယ်"
ဝိညာဉ်သခင်နဖူးတွင် အင်ပါယာတံဆိပ်ပေါ်လာသည်။ ကောင်းကင်ကိုးခုကိုအုပ်စိုးသည့် အင်ပါယာအရှိန်အဝါမျိုးရှိသည့် လူတစ်ယောက်ထွက်လာသည်။ မဟာချန်နိုင်ငံတည်ထောင်ခဲ့သည့် ကောင်းကင်အင်ပါယာပင်ဖြစ်သည်။ သမိုင်းမှတ်တမ်းတွင် သူ့ပုံတူပန်းချီများ လုံးဝမရှိ။
အင်ပါယာ မျက်လုံးပွင့်လာသည်။ လောကကို နင်းခြေနိုင်သည့် လူတစ်ယောက်ဟန်ပန်မျိုးရှိသည်။
"ယုံကြည်မှုစွမ်းအားနဲ့ ဖန်တီးထားတဲ့ ကိုယ်ပွားလေးတစ်ခုပဲ။ မင်းက ဒါနဲ့ကောင်းကင်ကို ဆန့်ကျင်နိုင်မယ်ထင်နေလား"
ယင်ထန် နှာခေါင်းရှုံ့သည်။ ကောင်းကင်အင်ပါယာအစစ် ရောက်လာလျှင်တော့ လက်ရှိသူ့အခြေအနေအရ ယှဉ်နိုင်မည်မဟုတ်။ သို့သော် ကိုယ်ပွားလောက်ဖြင့် သူ့ကိုလာတိုက်ခိုက်သည်က ရူးနေခြင်းသာဖြစ်သည်။
ကောင်းကင်အင်ပါယာ လက်ကိုဆန့်ထုတ်၍ ဝိညာဉ်သခင်၏ငယ်ထိပ်ကို အုပ်လိုက်သည်။ ထိုသို့လုပ်မည်ကို ဝိညာဉ်သခင် ကြိုတွေးထားဟန်ရှိသည်။ လုံးဝခုခံခြင်းမပြု။ ကိုယ်ပွားကို ဝါးမျိုခွင့်ပေးသည်။
ယင်ထန် မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ သဲလွန်စတစ်ချို့ သူတွေ့ရသည်။ အင်ပါယာကိုယ်ပွားက ဝိညာဉ်သခင်ကို ဝါးမျိုးနေသည်မှာ ကိုယ်ပွားခန္ဓာကို အားဖြည့်ရုံသက်သက်မဟုတ်လောက်။ တစ်ခြားရည်ရွယ်ချက်ရှိရမည်။
"ကောင်းကင်ကိုးပါးလျှပ်စီး"
လက်စွပ်ကမ္ဘာငယ်၏ ကောင်းကင်အထက်တွင် တိမ်တိုက်များ ချက်ချင်းစုဝေးလာသည်။ လျှပ်စီးများတောက်ပ၍ မိုးခြုန်းသံများ မြည်ဟိန်းလာသည်။ လျှပ်စီးတစ်ခုချင်းစီက စုစည်းခြင်းအဆင့်တစ်ယောက်၏ ဝိညာဉ်ကို ဖျက်ဆီးနိုင်စွမ်းရှိသည်။ ထိုလျှပ်စီးမျိုး သန်းချီ၍လှုပ်ရှားနေသည်။
လျှပ်စီးတန်းများ အတူပေါင်းစည်းသွားသည်။ သွေးနီရောင်လျှပ်စီးတန်းတစ်ခုဖြစ်လာသည်။ ကောင်းကင်အင်ပါယာကိုယ်ပွားဆီ ဦးတည်ထိုးဆင်းလာသည်။
သို့သော် ကိုယ်ပွား၏ဦးခေါင်း ပွင့်သွားပြီး အနက်ရောင်လေဝဲတစ်ခုပေါ်လာသည်။ ကျလာသည့် သွေးနီလျှပ်စီးကို ဝါးမျိုသည်။ လုံးဝအထိအခိုက်မရှိ။
"ဝါးမျိုတယ်..သိမ်းဆည်းတယ်...ပြောင်းလဲပေးတယ်ပေါ့"
ယင်ထန်ခေါင်းထဲတွင် အတွေးမျိုးစုံပြေးလွှားနေသည်။ အင်ပါယာချန်၏ အရိယဖလအမျိုးအစားကို ခန့်မှန်းနေသည်။
ဒုတိယလျှပ်စီးတန်းကျလာသည်။ ကြောက်စရာကောင်းသည့်စွမ်းအားမျိုးပါဝင်သည်။ အလင်းများစူးရှတောက်ပါသည်။ သို့သော် ကိုယ်ပွားဦးခေါင်းအထက်မှ လေဝဲက ဝါးမျိုသွားပြန်သည်။
ကိုယ်ပွားကို လျှပ်စီးများကသန့်စင်နေသည်။ လုံးဝထိခိုက်ခြင်းမရှိ။ လျှပ်စီးများကြားတွင် တည်ငြိမ်စွာရပ်နေသည်။
"စိတ်ဝင်စားစရာပါလား။ နောက်မျိုးဆက်က မသေမျိုးတွေဟာ အစွမ်းနည်းနည်းတော့ရှိသားပဲ"
**************************************
အခန်း (၉၆၃) လာမလှည့်စားနဲ့
"လောကကပ်ဆိုး"
ယင်လုန် အတွေးဖြင့်ထိန်းချုပ်လိုက်သည်။ ကောင်းကင်လျှပ်စီးထဲမှ ကြယ်သုံးလုံး အင်ပါယာကိုယ်ပွားဆီ ထိုးဆင်းလာသည်။
ကောင်းကင်လျှပ်စီးက အစစ်မဟုတ်။ ကြယ်များကလည်း လျှပ်စီးအရိယဖလဖြင့်ဖန်တီး၍ အရွယ်အစားချုံ့ထားသည့် ကြယ်များဖြစ်သည်။
မူလအရွယ်အစားအတိုင်းဆိုလျှင် ကြီးလွန်းသည်။ ကြယ်တစ်လုံးကျလာလျှင်ပင် လေဟာနယ်တစ်ခုလုံး ပြည့်သွားနိုင်သည်။ ယခု အရွယ်အစားချုံ့ထားသဖြင့် အင်ပါယာကိုယ်ပွားကို ကြယ်သုံးလုံးတပြိုင်တည်း တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။
ထို့ပြင် ကြယ်များက သိပ်သည်းဆလည်းမြင့်သည်။ အလွန်တရာမာကျောသည်။ မူလအသွင်ထက် ပို၍စွမ်းအားကြီးသည်။
အကယ်၍ ဝါဇရခန္ဓာကိုယ်ပိုင်ရှင် နတ်ဆိုးနှိမ်သခင်ကို တိုက်ခိုက်ရမည်ဆိုလျှင် ကြယ်တစ်လုံးတည်းဖြင့် ကိစ္စပြီးသည်။
ကောင်းကင်အင်ပါယာကိုယ်ပွား၏ ဘေးပတ်လည်တွင် အနက်ရောင်လေဝဲများစွာပေါ်လာသည်။ ကြယ်သုံးလုံးကျလာသည်နှင့် ထိုလေဝဲများ ပေါက်ကွဲထွဲသွားသည်။ မူလရှိခဲ့သည့်လေဝဲက ကြယ်များကိုထိုးဖောက်သွားသည်။ ထိုအပေါက်ထဲမှ အင်ပါယာကိုယ်ပွား အကောင်းပကတိထွက်လာသည်။
သို့သော် သူ့အရိယဖလကို ယင်ထန်အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။
"ထင်တဲ့အတိုင်းပါလား။ ဝါးမျိုခြင်းအရိယဖလမျိုးပဲ"
လဲလှယ်ခြင်း သို့မဟုတ် လေဟာနယ် အရိယဖလမျိုးဆိုလျှင် ကြယ်သုံးလုံး အပေါက်ဖြစ်မည်မဟုတ်။ ကြယ်အားလုံးပျောက်သွားလိမ့်မည်။
ကြယ်တစ်ခုလုံး နေရာပြောင်းရသည်က တစ်စိတ်တစ်ပိုင်း နေရာပြောင်းရသည်ထက် ပိုလွယ်ကူသည်။
"ဘယ်လိုလဲ မသေမျိုးအရှင်"
ကိုယ်ပွားထဲမှ ဝိညာဉ်သခင်၏ လှောင်ပြောင်သံပေါ်လာသည်။
အင်ပါယာသခင်၏ အရိယဖလက ဝါးမျိုခြင်းစွမ်းအားရှိမှန်း သိမထားလျှင် သူထိုမျှစွန့်စားရဲမည်မဟုတ်။
"ငြီးငွေ့စရာပါ။ ချီလင်ဆိုရင်တော့ ငါ့လျှပ်စီးကိုခုခံပြီးရင် ပိုစွမ်းအားကြီးလာမှာပေါ့။ ဒီလောက်အသေးအဖွဲဝါးမျိုတာမျိုးကတော့ ဘာအသုံးကျမှာလဲ"
ယင်လုန်က အရေးမစိုက်။
"ခင်ဗျားသေခါနီးထိ အဲလိုပြောနိုင်ပါစေလို့ ဆုတောင်းပါတယ်"
မီးကပ်ဆိုး၊ ရေကပ်ဆိုး၊ လေပြင်းကပ်ဆိုး။ လျှပ်စီးစွမ်းအားမျိုးစုံရောယှက်နေသည့် ကမ္ဘာဖျက်ကပ်ဆိုးသုံးခု ကျဆင်းလာသည်။ အားလုံးက အင်ပါယာကိုယ်ပွား ဝါးမျိုထားသည့် စွမ်းအားများဖြစ်သည်။
"ငါ့နားကိုကပ်လာရဲတယ်ပေါ့"
ယင်လုန် နဂါးလက်သည်းကိုဆန့်ထုတ်၍ ကိုယ်ပွားကိုဖမ်းချုပ်သည်။
ရုပ်ခန္ဓာဆုံးရှုံးထားသဖြင့် ဝိညာဉ်တိုက်ခိုက်မှုသာ လုပ်နိုင်သည်။ ကိုယ်ပွားထဲတွင်ပုန်းနေသည့် ဝိညာဉ်သခင် ခုခံနိုင်မည်မဟုတ်။
အရိယဖလချင်းယှဉ်ပြိုင်သည်ထက် ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်ရသည်က ပိုလွယ်ကူသည်။
သို့သော် နဂါးလက်သည်းက ကိုယ်ပွားကိုထိသည်နှင့် လေဝဲတစ်ခုပေါ်လာပြန်သည်။ နဂါးလက်သည်းကို ချက်ချင်းဝါးမျိုသည်။
ဝါးမျိုခြင်းအရိယဖလသန္ဓေက ဝိညာဉ်ကို ဝါးမျိုနေခြင်းဖြစ်သည်။
အစောပိုင်းကအဖြစ်အပျက်အရ ထိုအရိယဖလ၏ ဝါးမျိုနှုန်းသည့် ထိုမျှမမြန်သင့်။ ဝိညာဉ်တစ်စခွဲ၍လွှတ်ရုံဖြင့် ဝိညာည်သခင်ကို ရှင်းပစ်နိုင်လောက်သည်။
သို့သော်ယခု အရိယဖလ၏ ဝိညာဉ်ဝါးမျိုနှုန်းက ရုပ်ဝတ္ထုကိုဝါးမျိုသည်ထက် ပိုမြန်ဆန်နေသည်။
"မသေမျိုးအရှင် ကျုပ်သခင်ရဲ့ကိုယ်ပွားက ကျုပ်ကိုဘာလို့ဝါးမျိုခဲ့တယ်ဆိုတာ ခန်းမှန်းနိုင်ပြီမဟုတ်လား"
ကိုယ်ပွားထဲမှ လောင်ရယ်သံ ထပ်ပေါ်လာသည်။
မဟာချန်ခေတ်တွင် ဝိညာဉ်သခင်၏တာဝန်က သရဲဝိညာဉ်များကို လူသားလောကအပေါ်မထိခိုက်စေဘဲ စနစ်တကျ လက်စဖျောက်ပေးရခြင်းဖြစ်သည်။
ထို့ကြောင့် သူ့အရိယဖလသန္ဓေ ဖြစ်ပေါ်လာသည်။ ဝိညာဉ်အရိယဖလအမျိုးအစားဖြစ်သည်။ သို့သော် ပုံမှန်လို ဝိညာဉ်များနှင့် ဆက်သွယ်ရသည်မဟုတ်။ ဝိညာဉ်ချုပ်နှောင်ခြင်း ဝါးမျိုခြင်းများကို အဓိကထားသည်။
ဝိညာဉ်သခင်ကို ဝါးမျိုပြီးနောက် အရိယဖလက စွမ်းအားပိုတိုးလာသည်။ ဝါးမျိုနှုန်း ပိုမြန်ဆန်လာသည်။
ယင်လုန် ဝိညာဉ်စွမ်းအားဖြင့် လုံးဝတိုက်ခိုက်၍မရ။
နဂါးအော်သံများ ကောင်းကင်တွင် ပဲ့တင်ထပ်နေသည်။ ယင်လုန်နှင့်ကိုယ်ပွား၏တိုက်ပွဲက ပိုပြင်းထန်လာသည်။ အေးစိမ့်သည့်စွမ်းအင်ရောင်များ ဖုံးလွှမ်းနေသည်။ တိုက်ပွဲအချိန်ကြာလာသည်နှင့် ကိုယ်ပွား၏တိုက်ခိုက်မှုက ပိုပြင်းထန်လာသည်။
ယင်လုန် လက်ပန်းကျလာသည်။ အောက်သို့ပြုတ်ကျတော့မည့် အရိပ်အယောင်များ ပေါ်လာသည်။
"မသေမျိုးအရှင်၊ ခင်ဗျားအစွမ်းတွေက ဒဏ္ဍာရီထဲမှာပြောကြသလောက်လည်း ကြောက်စရာမကောင်းပါလား"
ဝိညာဉ်သခင် တဟားဟားအော်ရယ်ရင်း ယင်လုန်ကို မခိုးမခန့်ကြည့်နေသည်။ ထိုကဲ့သို့ ရှေးဟောင်းနာမည်ကျော်ပုဂ္ဂိုလ်ကို နှိပ်ကွပ်ခွင့်ရသဖြင့် ပျော်ရွှင်နေသည်။ အသေသတ်ခွင့်ပင်ရဦးမည်။
"ခင်ဗျားအစွမ်း ဒါအကုန်ပဲလား။ ညံ့လိုက်တာ..."
"ခင်ဗျားက အားနည်းလွန်းနေတာလား။...ဒါမှမဟုတ် ကျုပ်သခင်ရဲ့ကိုယ်ပွားက စွမ်းအားကြီးလွန်းနေတာများလား..."
"အောင်နိုင်သူတွေက ဂုဏ်သရေတက်တယ်။ အရှုံးသမားတွေက အရှက်ကွဲတယ်။ အခု..လျှပ်စီးအရိယဖလကို ကျုပ်ယူတော့မယ်"
အခြေအနကို ထိန်းချုပ်နိုင်ပြီဟု ဝိညာဉ်သခင်တွေးနေချိန်တွင် ယင်လုန်၏နဂါးခန္ဓာက ရုတ်တရက်ကျုံ့သွားပြီး အင်ပါယာဟန်ပန် နတ်ဘုရားဟန်ပန်ရှိသည့် လူတစ်ယောက်အသွင်ပြောင်းသွားသည်။
ဘေးပတ်လည်ပတ်ဝန်းကျင်က သူနှင့်တစ်သားတည်းဖြစ်နေသယောင် ထင်ရသည်။
"ဪ...ဒါခင်ဗျားရဲ့ မူလပုံစံလား။ ခန္ဓာကိုယ်ကျုံ့ပြီး ခင်ဗျားထွက်ပြေး-"
ဝိညာဉ်သခင်၏ ခနိုးခနဲ့စကားမဆုံးသေမီး ယင်ထန်က ကိုယ်ပွားရှေ့သို့ ဖျတ်ခနဲရောက်လာသည်။ မယုံနိုင်လောက်အောင်မြန်လွန်းသည်။ ကိုယ်ပွား၏လည်ပင်းကို သူဖမ်းချုပ်လိုက်သည်။
"မင်း...မင်းမှာ ရုပ်ခန္ဓာရှိတယ်ပေါ့"
ဝိညာဉ်သခင် ယင်ထန်ကို တအံ့တဩကြည့်နေသည်။ ခုနကလို မခိုးမခန့်မပြောနိုင်တော့။
ယင်ထန်က ကိုယ်ပွားထဲတွင်ပုန်းနေသည့် ဝိညာဉ်သခင်ကို အေးစက်စက်စိုက်ကြည့်၍ တည်ငြိမ်စွာပြောသည်။
"မင်း အရူးပဲ။ ငါ့ကို လက်နက်သွန်းဘိုးဘေးမှန်းသိထားရင် မသေမျိုးရွှေနဲ့ ငါ့ဘာသာခန္ဓာကိုယ်တစ်ခု တည်ဆောက်နိုင်တယ်ဆိုတာ မင်းမစဉ်းစားမိဘူးလား"
အမှန်တော့ သူ့ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းကိုသာ မသေမျိုးရွှေဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ အစိတ်အပိုင်းအတော်များများက ရရာပစ္စည်းဖြင့် ဖန်တီးထားရသည်။ တစ်ချို့နေရာများတွင် ရုပ်ဒြပ်လုံးဝမရှိသေး။
"အဆင့်မြင့်ကောင်းကင်လျှပ်စီးစွမ်းအားသုံးရင် ဒီကမ္ဘာငယ်ကြေမွသွားပြီး အသံတိတ်မသေမျိုး ရောက်လာမှာစိုးလို့ကွ။ မဟုတ်ရင် မင်းကိုယ်ပွားရဲ့ ဝါးမျိုခြင်းအရိယဖလလောက်က ငါ့ကောင်းကင်လျှပ်စီးကို ဝါးမျိုနိုင်မယ်ထင်နေလား။
မင်းမသေခင်မှတ်သွားပေါ့။ ဒါဟာ ကိုယ့်ကိုယ်ကိုဘဝင်မြင့်ပြီး အဟုတ်ကြီးထင်နေလို့ ဖြစ်လာတဲ့ရလာဒ်ပဲ"
(**အသံတိတ်မသေမျိုးသည် ပဲပြာမသေမျိုးကို ရည်ညွှန်းခြင်းဖြစ်သည်။ ဖျက်ဆီးခြင်းအရိယဖလပိုင်ဆိုင်သည့် ပဲပြာကို ယင်ထန်တို့က အသံတိတ်(အဖျက်)မသေမျိုးဟု ခေါ်ကြသည်)
"ခင်ဗျား...ခင်ဗျားကျုပ်ကိုသတ်လို့မရဘူး။ ကျုပ်ကိုသတ်ရင် မဟာချန်နဲ့ ရန်ငြှိုးဖွဲ့တာပဲ။ ကျုပ်သခင်က ခင်ဗျားကို အလွတ်ပေးမှာမဟုတ်ဘူး"
ဝိညာဉ်သခင် ထိတ်လန့်နေသည်။ ယင်ထန်မသေမျိုး၏စွမ်းအားကို သူများစွာလျှော့တွက်ခဲ့မိသည်။
ယင်ထန်သည် သူရန်မစခဲ့သင့်သည့် စွမ်းအားရှင်မျိုးဖြစ်သည်။
"စကားပြောတာ တော်လောက်ပြီ"
ယင်ထန် ညာလက်ကိုအားဖြည့်လိုက်သည်။ သိပ်သည်းသည့်လျှပ်စီးစွမ်းအား လက်ဝါးထဲတွင်ပေါ်လာသည်။ အင်ပါယာကိုယ်ပွား အစိတ်စိတ်အမွှာမွှာကြေမွသွားသည်။ ဝိညာဉ်သခင် အော်ချိန်ပင်မရလိုက်။
...
"ထူးဆန်းတယ်။ တတိယကျူးကျော်သူက 'ယင်ထန်'လို့ရေးထားတဲ့ တံဆိပ်တစ်ခုကိုင်ထားတယ်။ ကျင်းဟုန်ဆိုတဲ့ကောင်မလေးကို တိုက်ခိုက်ခါနီးမှာ လက်စွပ်ထဲကို စုပ်ယူခံလိုက်ရတာ"
နတ်မယ်ကပြောသည်။
လုယန်စိတ်ထဲ လှုပ်ရှားသွားသည်။
"ယင်ထန်အရှင်နဲ့ပတ်သက်တဲ့ သဲလွန်စတွေ လက်စွပ်ထဲမှာ ရှိနေတာများလား။ ပြီးတော့ လက်စွပ်ထဲမှာလည်း ဝိညာဉ်တစ်ခုရှိတယ်ဆိုတော့ အဲဒီ့ဝိညာဉ် အန္တရာယ်ကြုံနေပြီလားမသိဘူး"
"ရှောင်ယန်၊ အခြေအနေသွားကြည့်ရအောင်"
လုယန် ကျင်းဟုန်ဘေးသို့ အမြန်ပြေးသွားသည်။ ကျင်းဟုန်က သူ့ဆရာသတိပေးသံကြားကတည်းက လက်စွပ်ကမ္ဘာတွင် တိုက်ပွဲဖြစ်တော့မည်မှန်းသိသည်။ အတော်ထိတ်လန့်နေသဖြင့် စကားကိုရှင်းရှင်းလင်းလင်းမပြောနိုင်။
သူသည် လုယန်လို မသေမျိုးတိုက်ပွဲကို အနီးကပ်ကြုံဖူးသမဟုတ်။
"နတ်မယ်၊ ဒါဆို..."
"လွယ်ပါတယ်။ နင်တို့နှစ်ယောက်လုံးကို ငါဆွဲခေါ်သွားမဘ်"
နောက်ထပ်စကားမပြောတော့ဘဲ နတ်မယ်က လုယန်နှင့်ကျင်းဟုန်ကို လက်စွပ်လေဟာနယ်ထဲသို့ ခေါ်သွားသည်။
လက်စွပ်ကမ္ဘာငယ်က ပျက်စီးနေသည်။ ပြင်းထန်သည့်တိုက်ပွဲတစ်ခု ဖြစ်ခဲ့ကြောင်းထင်ရှားနေသည်။ လုယန်နှင့်နတ်မယ်က တစ်စုံတစ်ခုအာရုံခံမိသဖြင့် ကောင်းကင်သို့ပြိုင်တူမော့ကြည်မိသည်။
ကောင်းကင်တွင် အင်ပါယာကိုယ်ပွားက ယင်ထန်လက်ထဲ၌ မြူမှုန့်အဖြစ်ပြောင်း၍ လေနှင့်အတူ တဖြေးဖြေးလွင့်မျောသွားသည်။
"ယင်ထန်မသေမျိုးပဲ"
နတ်မယ် ယင်ထန်ကိုလက်ညှိုးထိုးပြီး ပျော်ရွှယ်စွာရယ်မောနေသည်။ အနည်းဆုံးတော့ အသက်ရှိနေသေးသည့် ဝိညာဉ်ကိုတွေ့ရသဖြင့် သူပျော်သည်။
ယင်ထန်မသေမျိုး ဤနေရာတွင် ရှိနေမည်ဟု လုယန်မထင်ခဲ့။ သဲလွန်စလောက်သာရှိမည်ဟု ယူဆခဲ့သည်။
"အင်အားအကူတွေပါလာတာလား"
လူစိမ်းများရောက်လာသည်ကို ယင်ထန်အာရုံခံမိသည်။ မဟာချန်အဖွဲ့မှလူများဖြစ်မည်ဟု အထင်မှားသွားသည်။
အောက်သို့ငုံ့ကြည့်သည်။ နတ်မယ်ကိုမြင်သည်နှင့် သူ့စိတ်များလေးလံလာသည်။ မတွေ့ချင်သည့်ရန်သူကိုမှ မထင်မှတ်ဘဲ သူဆွဲခေါ်မိသည်။
"အသံတိတ်မသေမျိုး"
နတ်မယ်က လေထဲသို့ ပျော်ရွှင်စွာပျံတက်သွားပြီး ယင်ထန်ကို လက်ပြနှုတ်ဆက်သည်။
"ဘာအသံတိတ်မသေမျိုးလဲ။ ငါလေ။ ထာဝရနတ်မယ်ပါ"
သို့သော် ယင်ထန်က လုံးဝမယုံဘဲ ခပ်တင်းတင်းပြန်အော်ငေါက်သည်။
"ဘာထာဝရနတ်မယ်လဲ။ မင်းငါ့ကို တစ်ခါပဲလှည့်စားလို့ရမယ်။ ဒီတစ်ခါတော့ မရဘူးကွ"
ခုနကတိုက်ပွဲတွင် သူစွမ်းအားပြည့်ထုတ်မသုံးခဲ့။ ကမ္ဘာငယ်က စွမ်းအားဒဏ်ကိုမခံနိုင်ဘဲ ပျက်စီးသွားလျှင် အသံတိတ်မသေမျိုး ရောက်လာမည်စိုး၍ဖြစ်သည်။
ယခု တကယ်လည်းရောက်လာသည်။ သူဆက်ပြီးထိန်းချုပ်နေစရာမလိုတော့။
ကမ္ဘာငယ်တွင် အဆုံးစမဲ့လျှပ်စီးစွမ်းအားများ ပြည့်နေသည်။ ခြောက်ခြားစရာကောင်းသည်။
"နင်ငါ့ကို ဘာလို့မယုံတာလဲ။ အဲ..ဟုတ်ပြီလေ၊ ငါနင့်ကို ခန္ဓာကိုယ်တစ်ခါဖောက်ခွဲပြမယ်"
ယင်ထန်က မယုံသဖြင့် နတ်မယ် အကြံတစ်ခုချက်ချင်းပေါ်လာသည်။ ခန္ဓာကိုယ်ဖောက်ခွဲ၍ သက်သေပြရန်ပြင်သည်။
ယင်ထန်မျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။ ထိုခန္ဓာကိုယ်ဖောက်ခွဲပညာက အစစ်ဖြစ်ပုံရသည်။ ကောင်းကင်လျှပ်စီးစွမ်းအားကို အမြန်ပြန်ရုတ်သိမ်းရင်း သူလှမ်းပြောသည်။
"နေ့ဦး..ငါမသေမျိုး..မဟုတ်ဘူး...ငါ ငါမင်းကိုယုံ-"
"ဘုန်း"
*********************************