အခန်း (၉၆၄-၉၆၆)
Vol. 65 Ch. 964-966
အခန်း (၉၆၄) အောက်တန်းကျသည့် ကောလဟာလများ
ကြောက်စရာကောင်းသည့် မသေမျိုးဝိညာဉ်ပေါက်ကွဲမှုတစ်ခု လက်စွပ်ကမ္ဘာငယ်ကောင်းကင်ထက်တွင် ဖြစ်ပေါ်လာသည်။ အလွန်တရာပြင်းထန်သည်။ သိုသော် နတ်မယ် စွမ်းအားကို တမင်လျော့ထားခဲ့သည်။
ထို့ကြောင် ပေါက်ကွဲအားက ယင်ထန်အပေါ်သာ သက်ရောက်သည်။ အောက်ဘက်မှ လုယန်နှင့် ကျင်းဆုန်ဆီသို့ မရောက်။
"အဟွတ်..အဟွတ် အဟွတ်...အဟွတ်"
ယင်ထန် အပြင်းအထန် ချောင်းဆိုးနေသည်။ ဝိညာဉ်တစ်ခုလုံး ရွှေခန္ဓာထဲမှ ပျံထွက်သွားတော့မလို ခံစားရသည်။
ခုနက သက်တမ်းနှစ်ပေါင်းများစွာ တန်ဖိုးရှိသည့် သူ့ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို အင်ပါယာကိုပွားက ဝါးမျိုခဲ့သည်။ သို့တိုင်အောင် ဤပေါက်ကွဲမှုလောက် အထိမနာခဲ့။
ချက်ချင်းဆိုသလိုပင် နတ်မယ်၏ဝိညာဉ် ပြန်စုစည်းလာပြီး အကောင်းပကတိပြန်ဖြစ်သွားသည်။ စိတ်အားထက်သန်စွာ သူမေးသည်။
"ဘယ်လိုလဲ၊ ယုံပြီလား။ မယုံသေးရင် နောက်ထပ်သုံးလေးခါလောက် ထပ်ဖောက်ခွဲပြမယ်"
ပေါက်ကွဲမှုရိုက်ခတ်သည့်ဒဏ်ကြောင့် ငေးကြောင်နေသည့်ယင်ထန် ချက်ချင်းအသိပြန်ဝင်လာပြီး နတ်မယ်ကိုတားသည်။
"မလုပ်နဲ့ မလုပ်နဲ့ မလုပ်နဲ့။ ငါယုံပါတယ်။ မင်းကိုယုံပါတယ်"
သူ့ရှေ့မှလူသည် သေချာပေါက် အသံတိတ်မသေမျိုးမဟုတ်။ နတ်မယ်၏ ထိုခန္ဓာဖောက်ခွဲပညာကို အသံတိတ်ပညာမျိုး တုပနိုင်နိုင်စရာ အကြောင်းမရှိ။
"မင်းက တကယ် ထာဝရ..."
ယင်ထန် အလိုလိုထပ်မေးမိသည်။ သို့သော် ထို့သို့မေးလျှင် သူမယုံသေးဟု နတ်မယ်ကထင်သွားမည်စိုးသဖြင့် ချက်ချင်းစကားပြန်ပြင်သည်။
"ထာဝရ၊ မင်းတကယ်ပြန်ရှင်သန်လာပြီပဲ"
ရှေးဟောင်းခေတ်တွင် အချိန်လမ်းကြောင်းတစ်ခု၌ အနာဂတ်နတ်မယ်ကို သူမြင်ခဲ့သည်။ သို့သော်ထိုအနာဂတ်အချိန်ကို သူအတိအကျမသိ။ ယခု နှစ်လေးသိန်းကြာမှ တကယ်ဖြစ်လာသည်။
အချိန်အတော်ကြာမတွေ့ခဲ့ရသည့် မိတ်ဆွေကို ပြန်တွေ့ရသဖြင့် နတ်မယ်လည်း ပျော်နေသည်။
"ငါပြန်ရှင်သန်လာတာ လေးငါးနှစ်ကြာပြီ။ နင်တို့လေးယောက်ကို ရှာနေခဲ့ပေမယ့် လုံးဝမတွေ့ဘူး။ အခုမှ နင်တစ်ယောက်ပဲ စတွေ့တာ။ ဒီနှစ်တွေအတွင်း နင်တို့ဘယ်ကိုရောက်နေကြတာလဲ"
"အား...ပြောရရင်တော့ အရှည်ကြီးပဲ"
"အရှည်ကြီးဆိုရင် လောလောဆယ်မပြောနဲ့ဦး။ လာပါ၊ လာပါ၊ ငါ့ကိုအသက်ပြန်သွင်းပေးခဲ့တဲ့လူကို နင်နဲ့မိတ်ဆက်ပေးမယ်"
ခုနကဝိညာဉ်ပေါက်ကွဲမှုတွင် ကျင်းဟုန်ဒဏ်ရာမရသော်လည်း သတိလစ်သွားသည်။ ပြန်သတိရလာချိန်တွင် လက်စွပ်ကမ္ဘာငယ်ထဲရောက်နေကြောင်း ပြန်သတိရလာသည်။ လုယန်ကို သူ့ဘေးတွင်တွေ့သည်။ သူ့ဆရာက ကောင်းကင်တွင် မိန်းမလှတစ်ယောက်နှင့် စကားပြောနေသည်။
ကျင်းဟုန်နည်းနည်းစဉ်းစားရကြပ်သွားသည်။
"ဘာလို့ဆရာစကားပြောတဲ့ပုံစံက ထူးဆန်းနေတာလဲ။ သူဘာလို့ လူအသွင်ပြောင်းသွားတာလဲ"
"သူက အရင်ကတည်းက လူပဲမဟုတ်လား"
"ဆရာက ဘယ်လိုလုပ် လူဖြစ်နိုင်မှာလဲ။ သူက ယင်လုန်အရှင်လို့ ပြော-..အဲ နေပါဦး။ အကိုလုယန်က ဆရာ့ကိုသိလို့လား"
ကျင်းဟုန်ရှင်းပြနေရင်းမှ ချက်ချင်းသတိထားမိသည်။ လုယန်လေသံက အေးဆေးတည်ငြိမ်သည်။ သူ့ဆရာအကြောင်း ဟိုအရင်ကတည်းက သိခဲ့သည့်ပုံမျိုးဖြစ်သည်။
လုယန် "..."
ယင်ထန်မသေမျိုး...ဒါဆိုခင်ဗျားက အမကျင်းဟုန်ကို နဂါးပုံစံနဲ့ပဲ အမြဲဆက်သွယ်ခဲ့တာပေါ့...
လုယန် သက်ပြင်းချက်သည်။
"ကံကောင်းလို့ အကြောင်းတိုက်ဆိုင်သွားတာပါ။ မင်းဆရာအကြောင်း ပုံပြင်နည်းနည်းကြားဖူးတယ်။ သူ့ကိုလည်း သုံးလေးကြိမ်မြင်ဖူးတယ်။ လူအစစ်ကိုတော့ မဟုတ်ဘူးပေါ့"
"ဆရာနဲ့ပတ်သက်တဲ့ ပုံပြင်တွေလား။ သူ့လမ်းခရီးကို ခွန်အားနဲ့သက်သေပြပြီး လျှောက်လှမ်းခဲ့တယ်၊ ကောင်းကင်ကိုပုဆိန်နဲ့ခွဲတယ်၊ ကပ်ဆိုးတွေကို ထိန်းချုပ်တယ်၊ အချိန်မသေမျိုးကို အနိုင်ယူတယ်၊ ချီလင်ကိုနှိပ်ကွပ်တယ် ဆိုတာတွေလား။
ဒါမှမဟုတ် တောင်တွေကို ပုဆိန်နဲ့ခွဲပြီး လူသားမျိုးနွယ်အတွက် ခမ်းနားတဲ့လမ်းကြောင်းကို အလင်းပြပေးတယ်၊ ယင်နဲ့ယန်ကို ကစားစရာလိုသုံးပြီး မဟာတာအိုကို နားလည်ခဲ့တယ်၊ အသက်အန္တရာယ်များတဲ့ ကောင်းကင်ဆင်းရဲတွေဆင်းလာတယ်၊ ချီလင်မသေမျိုးနဲ့ လောင်းကစားလုပ်တာ နှစ်တစ်ရာကြာမှ အသိပြန်ဝင်လာတယ် ဆိုတာမျိုးတွေလား"
လုယန် ခဏစဉ်းစားသည်။ ထိုအဖြစ်များသည် ယင်ထန်ငယ်စဉ်က နေ့ရက်များနှင့် ကိုက်ညီလောက်သည်။
ဆင်းရဲသဖြင့် ခရီးသည်များကို လမ်းပိတ်ပြီး လမ်းကြေးကောက်ခဲ့သည်။
နတ်မယ်ဖိတ်ခေါ်သည့် စားသောက်ပွဲကိုရှောင်ဖို့ ချီလင်မသေမျိုးနှင့် နှစ်တစ်ရာကြာအောင် ကျားကစားခဲ့သည်။
"အင်း..အကြမ်းဖျင်းပြောရရင် အဲလိုမျိုးတွေပါပဲ"
...
"ငါပြောပြမယ်။ လုယန်က ငါ့နာမည်ကိုခေါ်လိုက်လို့ ငါအသက်ပြန်ရှင်လာတာ။ ဒီကောင်လေးလုယန်ကို တိုးတက်အောင်မြင်လာစေချင်တယ်။ အခုသူက ငါတို့ထာဝရမျိုးဆက်ရဲ့ ဒုခေါင်းဆောင်ပဲ"
နတ်မယ်က ယင်ထန်နှင့်အတူ ဆင်းလာပြီး လုယန်နှင့်မိတ်ဆက်ပေးသည်။
"ယင်ထန်မသေမျိုးကို ဂါရဝပြုပါတယ်"
လုယန် ချက်ချင်းအရိုအသေပြုလိုက်သည်။ နတ်မယ်စကားအရ ယင်ထန်သည် ရူးကြောင်ကြောင်စိတ်မျိုးရှိပြီး ကံကြမ္မာအားနည်းသူဖြစ်သည်။ သို့သော် လောက၏ထိပ်တန်းစွမ်းအားရှင်ထဲမှ တစ်ယောက်ဖြစ်လာသည်။ အထင်သေး၍မရ။
ထိုထက်ပိုအရေးကြီးသည့်တစ်ချက်က...ယင်ထန်၏ရှက်စရာသမိုင်းကြောင်းများကို သူသိထားသည်။ သူ့လိုလူငယ်မျိုးဆက်တစ်ယောက်ကို ဗွေမယူဘဲ သဘောထားကြီးကြီးဖြင့် ခွင့်လွှတ်ပေးစေရန် ယခုလို ရိုသေလေးစားမှုပြရခြင်းဖြစ်သည်။
"ဟားဟား၊ မိတ်ဆွေလေး၊ အဲလိုလောကဝတ်တွေမလိုပါဘူးကွာ။ ထာဝရကို အသက်ပြန်သွင်းပေးခဲ့တဲ့အတွက် ငါတို့မသေမျိုးလေးယောက်က မင်းကိုကျေးဇူးတင်ရမှာပါ။ ငါတို့ကပဲ အရိုအသေပေးသင့်တာပါ။..ကျေးဇူးတင်ပါတယ် လုယန်"
ယင်ထန်က ရှေးဟောင်းခေတ်ပုံစံအတိုင်း ဦးညွှတ်အရိုအသေပေး၍ အလေးအနက်ပြောသည်။
"ဆရာ ဒါကဘယ်သူလဲ"
"ဒါဆရာပြောတဲ့ မသေမျိုးပဲ။ ဒီခေတ်ရောက်မှ ပြန်ရှင်သန်လာတာ။ ငါလည်းထင်မထားဘူး"
"မသေမျိုးအရှင်မကို ဂါရဝပြုပါတယ်"
"ဒါက ငါ့တပည့်ပါ။ မင်းတို့အားလုံးသိထားတဲ့ ကျင်းဟုန်ပေါ့။ သူ့ပါရမီက သာမန်ပေမယ့် စိတ်ဓာတ်ကောင်းတယ်။ ငါ့လမ်းညွှန်မှုနဲ့ ရိုးတွင်းခြင်ဆီနဲ့ သန္ဓေကိုသန့်စင်ပြီးပြီ။ ဒီနေ့ခေတ်ရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်လို့ သတ်မှတ်လို့ရပြီ။ ဒါပေမယ့် သူထင်ပေါ်ကျော်ကြားလွန်းရင် မလိုအပ်တဲ့ပြဿနာတွေ ဖြစ်လာမှာစိုးတယ်။
ဒါကြာင့် ခပ်လျှိုလျှိုနေဖို့ သူ့ကိုအကြံပေးခဲ့တယ်။ သူ့အကြောင်း ဘယ်သူမှမသိကြဘူး"
"နင်က တပည့်လက်ခံထားတယ်ပေါ့"
နတ်မယ်မှတ်မိသလောက် ယင်ထန်မသေမျိုးသည် တပည့်တစ်ယောက်မှ လက်မခံခဲ့ဖူး။
"ဒီကိစ္စကို အပြည့်အစုံရှင်းပြရရင် စကားရှည်နေလိမ့်မယ်။ လောလောဆယ် ဒီအကြောင်းခဏထားဦး။ အရင်ဆုံး အပြင်က မဟာချန်ကျင့်ကြံသူတွေကို ငါရှင်းလိုက်ဦးမယ်"
အပြင်ဘက်တွင် ကူးဖြတ်ခြင်းသခင်နှစ်ယောက်ရှိနေသည်ကို သူမမေ့။ သူတို့လည်း မဟာချန်ကျင့်ကြံသူများဖြစ်၍ ဝိညာဉ်သခင်နှင့် တစ်ဖွဲ့တည်းဖြစ်ကြောင်း ထင်ရှားနေသည်။ ယခု ဝိညာဉ်သခင်ကို ရှင်းလင်းပြီးဖြစ်သည်။ ထိုနှစ်ယောက်သာကျန်သည်။
"လက်စွပ်ကမ္ဘာထဲကနေ ထွက်တော့မလို့လား"
"အဲလိုလုပ်စရာမလိုပါဘူး။ ငါ့နည်းလမ်းနဲ့ငါ ရှိပါတယ်"
ယင်ထန်က ပြုံး၍ပြောသည်။
....
"လနန်းတော်ရဲ့ တိုက်ကွက်တွေက အယားဖြေသလောက်ပဲရှိတယ်။ လုံးဝအားမပါပါလား။ မင်းတို့အစွမ်းက အဲလောက်ပဲလား"
နတ်ဆိုးနှိမ်သခင် ဟားတိုက်ရယ်မောရင်း သူ့ဘာသာရဲဆေးတင်သည်။ ယခုထိမလှုပ်ရှားသေးသည့် ဝိညာဉ်သခင်ကို စိတ်ထဲတွင် ကျိန်ဆဲနေသည်။ အချိန်အတော်ကြာနေပြီဖြစ်သည်။
ဤအတိုင်းဆက်သွားလျှင် မဟာရှားကျင့်ကြံသူများ လနန်းတော်သို့ တပ်ကူရောက်လာတော့မည်။
မှန်သည်။ သူ့ဘက်တော်သားများသည် တစ်ယောက်မှ အားကိုး၍မရ။
လနန်းတော်၏ သုံးယောက်ပေါင်းအဖွဲ့နှင့် ရင်ဆိုင်နေရသဖြင့် ခုခံရုံသာ သူတတ််နိုင်သည်။ သို့သော် လနန်းတော်ဘက်တွင် သူ့ခံစစ်ကို ထိုးဖောက်နိုင်လောက်အောင် အားကောင်းသည့် တိုက်ခိုက်ရေးပညာမျိုးမရှိ။
သူကလည်း လနန်းတော်မှ ထွက်ပြေးနိုင်သည့် နည်းလမ်းမရှိ။
တိုက်ပွဲက သူမသာကိုယ်မသာဖြစ်နေသည်။
ဝိညာဉ်သခင်အကြောင်း သူမကျေမနပ်ညည်းညူနေစဉ်မှာပင် လနန်းတော်အတွင်းပိုင်းဆီမှ ပေါက်ကွဲသံတစ်ခု ဟိန်းထွက်လာ်သည်။
"ပွဲပြီးသွားပြီ"
နတ်ဆိုးချုပ်သခင် ဝမ်းသာသွားသည်။ ယခုမှ အခြေအနေကို ထိန်းချုပ်နိုင်သည်။
သို့သော်...မဟုတ်သေး။ ပေါက်ကွဲသံက သံလွင်ဘိုးဘေးရှိသည့်နေရာမှ ပေါ်လာခြင်းမဟုတ်။
နီဝါရောင်မီးတောက်တစ်ခု ဆေးကျိုဆောင်အောက်ဘက်မှ ထိုးထွက်လာသည်။ နေရောင်အောက်မှာပင် သူ့အလင်းက တောက်ပနေသည်။
မီးတောက်က လှံရှည်အဖြစ်အသွင်ပြောင်းသွားပြီး နတ်ဆိုးနှိမ်သခင်ဆီ တည့်တည့်လွင့်ပျံလာသည်။ အန္တရာယ်အငွေ့အသက်ကို သူခံစားလိုက်ရသည်။ လက်နှစ်ဘက်ကို ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ်ကာသည်။ သို့သော် လှံရှည်က သူ့လက်မောင်းနှင့်ရင်ဘတ်ကို ဖောက်ထွက်သွားသည်။
ထို့နောက် လှံရှည်က ပျော့ပျောင်းသည့် မီးတောက်ကြိုးတစ်ချောင်းအသွင် ပြောင်းသွားသည်။ နတ်ဆိုးနှိပ်သခင်ကို ချုပ်နှောင်သည်။ ပူးပြင်းသည့် မီးတောက်ကြိုးက သူ့အရေပြား၊ အရိုးနှင့် ဝိညာဉ်ကို လောင်ကျွမ်းနေသဖြင့် နာကျင်စွာအော်ဟစ်နေရသည်။
"ဒါက ရှေးဟောင်းခေတ်ကတည်းက ရှိခဲ့တယ်ဆိုတဲ့ မသေမျိုးမီးတောက်မဟုတ်လား"
ကျွေးယွဲ့ အံ့အားသင့်သွားသည်။ ထိုမသေမျိုးမီးဖိုကို ဘယ်သူမှနေရာမရွှေ့နိုင်၊ မသန့်စင်နိုင်ခဲ့။ ယခုဘာကြောင့် သူ့ဘာသာတိုက်ခိုက်လာသည်မသိ။
"သူက လနန်းတော်ကို သံယောဇဉ်တွယ်နေလို့များလား။ ဒါကြောင့် သေရေးရှင်ရေးကြုံနေချိန်မှာ ထွက်လာပြီး လှုပ်ရှားတာဖြစ်မယ်"
.....
"ဒါက ငါအသားကင်တုန်းကကျန်ခဲ့တဲ့ မသေမျိုးမီးဖိုမဟုတ်လား။ အခု နင်လည်း ဒါကိုသုံးနိုင်တယ်ပေါ့"
"ဟုတ်ပါတယ်။ အဲဒါ မင်းကျန်ခဲ့တဲ့ မီးဖိုပါပဲ။ နောက်ကွယ်ကလူက မင်းဖြစ်တည်မှုကို ဖျက်ဆီးခဲ့တော့ မင်းပိုင်ဆိုင်မှုအများစုက ပိုင်ရှင်မဲ့ဖြစ်သွားတယ်။ ဒီမသေမျိုးမီးဖိုရောပေါ့။ ကိုးဆမသေမျိုးက သူကျင့်ကြံဖို့အတွက် ဒီမသေမျိုးမီးတောက်မျိုး လိုချင်တယ်ဆိုလို့ ဘယ်သူမှမသိအောင် ငါသန့်စင်ပေးခဲ့တာပါ။
ပြီးတော...သားအမိမြစ်လည်း ပိုင်ရှင်မဲ့ပစ္စည်းဖြစ်လာတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းတော့မသိဘူး။ အဲဒါကို ငါဖန်တီးခဲ့တယ်ဆိုတဲ့ ကောလဟာလတွေပြန့်နေတယ်။ ငါက မရိုးသားတဲ့ရည်ရွယ်ချက်နဲ့ ရာဂအားကြီးတယ်တဲ့။ အိမ်ထောင်သည်မိန်းမတွေကို သဘောကျပြီး မိန်းမတွေအများကြီး ကိုယ်ဝန်တည်အောင်လုပ်ခဲ့တယ်တဲ့။
ဒီကောလဟာလတွေ စဖြန့်တဲ့လူကို ရှာတွေ့လို့ကတော့ မသေမျိုးဒေါသက ဘယ်လိုဆိုတာ သူသိအောင်ပြလိုက်မယ်"
ထိုအကြောင်းတွေးမိတိုင်း ယင်ထန် ဒေါသထွက်သည်။ ရှေးဟောင်းခေတ်တစ်ခုလုံး သူခက်ခက်ခဲခဲတည်ဆောက်ခဲ့ရသည့် ဂုဏ်သိက္ခာက နေ့ချင်းညချင်း ပျက်စီးသွားသည်။ ထိုကောလဟာလဖြန်သူကို ရန်သူအဖြစ် သတ်မှတ်ထားသည်။ လုံးဝခွင့်မလွှတ်နိုင်။
"နောက်မျိုးဆက်တွေအတွက် ကောလဟာလဖြန့်တာဟာ တကယ်အောက်တန်းကျတဲ့လုပ်ရပ်ပဲ"
နတ်မယ်နှင့်လုယန်လည်း ယင်ထန်နှင့် အမြင်ချင်းတူသည်။ ထိုရန်သူကို သူတို့လည်း အခဲမကြေ။
********************************
အခန်း (၉၆၅) ပဲပြာ၏ရည်မှန်းချက်
ကောလဟာလကိစ္စဖြန့်သူကို လောလောဆယ် ခြေရာခံ၍မရနိုင်သေးသဖြင့် ယန်ထန် ထိုကိစ္စ ဘေးဖယ်ထားလိုက်သည်။ နတ်မယ်မသိသေးသည့် အကြောင်းများကို သူပြောပြန်ရန်ပြင်သည်။
"ကျင်းဟုန်၊ အပြင်ခဏထွက်ပေးပါ။ ငါတိုဆွေနွေးတဲ့ကိစ္စတွေ မင်းကြားရင် အသက်အန္တရာယ်ရှိလာနိုင်တယ်"
ယင်ထန်က သတိပေးသည်။
"ဟုတ်ကဲ့ဆရာ"
ကျင်းဟုန်က အတော်အမိန့်နာခံသည်။ လက်စွပ်ကမ္ဘာငယ်ထဲမှ ထွက်သွားသည်။
"ပြီးတော့ မိတ်ဆွေလေးလုယန်၊ မင်းလည်း...."
"ငါ့ကိုယ်ပွားအကြောင်းကို ပြောမလို့မဟုတ်လား။ လုယန်သိပြီးသားပါ"
လုယန်ထွက်သွားဖို့မလိုဟု နတ်မယ်တွေးသည်။
ယင်ထန် ချက်ချင်းသဘောပေါက်သွားသည်။
"ဟုတ်သားပဲ။ မင်းသိနေမှာပေါ့။ အဲဒါကြောင့်လည်း အသံတိတ်မသေမျိုးက မင်းကိုနှစ်ခါတောင် တိုက်ခိုက်ခဲ့တာ။ အောင်းလင်းနဲ့လျန်ယိကို မင်းတို့တွေ့ပြီးလောက်ပြီ၊ မိတ်ဆွေလေးလုယန်ကလည်း ဝိညာဉ်ပြောင်းအခြေခံအဆင့်ရောက်နေပြီဆိုတော့ ကောင်းကင်လျှပ်စီးထဲမှာချန်ထားခဲ့တဲ့ ငါ့သိစိတ်ဝိညာဉ်နဲ့ တွေ့ပြီးလောက်ပြီ။
ထာဝရနတ်မယ်သေတဲ့အချိန်ကနေ မီးနိုင်ငံတည်ထောင်ချိန်ထိ ဖြစ်ခဲ့တဲ့ကိစ္စတွေကိုက မင်းတို့နှစ်ယောက်လုံး သိပြီးသားဖြစ်မှာပါ။ အဲဒီအပိုင်းကို မပြောတော့ဘူး။ မီးနိုင်ငံခေတ်အဆုံးသတ်ချိန်ကနေ စပြောမယ်။
မင်းကိုပြန်အသက်သွင်းနိုင်ပြီလို့ ငါတို့ထင်နေတဲ့အချိန်မှာ ပြန်ရှင်သန်လာတဲ့လူဟာ မသေမျိုးအဆင့်ဖြစ်တဲ့မင်းမဟုတ်ဘဲ ဖျက်ဆီးခြင်းအရိယဖလသန္ဓေ တည်ဆောက်တဲ့အချိန်ကမင်း ဖြစ်နေတယ်။ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် ပြန်ရှင်သန်လာတာ ကောင်းတဲ့ကိစ္စပဲလေ။
အဲတော့ ငါတို့ဒီကိစ္စကို သိပ်အရေးမစိုက်ခဲ့ဘူး။ နောက်ပိုင်း အဆင့်တက်ဖို့ကိစ္စတွေအတွက်တောင် မင်းကိုယ်ပွားကို ကူညီခဲ့သေးတယ်"
ယင်ထန် ပြန်ပြောပြနေသည်။
"အဲဒီ့ကိုယ်ပွားကလည်း မင်းလိုပဲ နတ်မယ်။ ပါရမီထူးခြားတယ်။ ကျင့်ကြံနှုန်း မြန်တယ်။ သိပ်မကြာခင် မသေမျိုးဆင်းရဲဖြတ်ပြီး ဖျက်ဆီးခြင်းအရိယဖလကို သူရသွားတယ်။ သူ့ကိုယ်သူ 'အသံတိတ်မသေမျိုး'လို့ နာမည်ပေးခဲ့တယ်။ ငါတို့မင်းကို အသက်သွင်းတာကလည်း မင်းစွမ်းအားကိုသုံးပြီး နောက်ကွယ်ကရန်သူကို အနိုင်ယူချင်တဲ့ ဆန္ဒကြောင့်ပါ။
နောက်ကွယ်ကလူနဲ့တိုက်ခိုက်တော့ သူကမယုံနိုင်လောက်အောင် စွမ်းအားကြီးမှန်း သလိုက်ရတယ်တ။ သူ့တိုက်ခိုက်စွမ်းအားက မင်းထက်မညံ့ဘူး။ မသေမျိုးအဆင့်ရဲ့ အမြင့်ဆုံးအခြေအနေကို ရောက်နေပုံရတယ်။ ငါ့သုံးသပ်ချက်အရ သူ့အရိယဖလဟာ ကြောင်းကျိုးအရိယဖလအမျိုးအစားဖြစ်မယ်။ အတော်ရင်ဆိုင်ရခက်တယ်။
သူ့ကိုအနိုင်ယူချင်တဲ့ အဲဒီ့ဆန္ဒကြောင့်ပဲ အခြေအနေတွေက ထိန်းမနိုင်သိမ်းမရဖြစ်လာတာ။ နောက်ကွယ်ကရန်သူကို သတ်နိုင်ဖို့ဆိုရင် မသေမျိုးအဆင့်ထက်မြင့်တဲ့ အဆင့်တစ်ခုကို ရောက်ရမယ်လို့ အသံတိတ်မသေမျိုးက ယုံကြည်တယ်။ "လွန်မြောက်ခြင်း"အဆင့်ပေါ့"
သဘောတရားအရ ဖြစ်နိုင်ခြေရှိသည့် မသေမျိုးထက်မြင့်သည့် အဆင့်များရှိကြောင်း နတ်မယ်ပြောခဲ့ဖူးသည်ကို လုယန်မှတ်မိသည်။ 'လွန်မြောက်ခြင်း'အဆင့်နှင့် 'လွှမ်းခြုံခြင်း'အဆင့်ဖြစ်သည်။ ဘယ်သူမှ ထိုအဆင့်ထိ မရောက်ဖူးကြ။
"လွန်မြောက်ခြင်းအဆင့်ကိုရောက်ဖို့ ကြောင်းကျိုးကံကြမ္မာနှောင်ဖွဲ့မှုတွေအားလုံးကို ဖြတ်တောက်ရမယ်။ သူ့ဖြစ်တည်မှုကိုသိတဲ့လူတိုင်း သူနဲ့ကံကြမ္မာဆက်စပ်မှုရှိနေတယ်"
ယင်ထန်က ရှင်းပြသည်။
လုယန် ခေါင်းငြိမ့်သည်။ နတ်မယ်လည်း ဒုတိယနိုင်ငံဆရာကို တွေ့ပြီးနောက်ပိုင်း ထိုသဘောတရားကို သူနှင့်ဆွေးနွေးခဲ့ဖူးသည်။
"ဒီတော့၊ အသံတိတ်မသေမျိုးအနေနဲ့ လွန်မြောက်ခြင်းအဆင့်ကို ရောက်ချင်ရင် သူ့အကြောင်းသိတဲ့လူတိုင်းကို သတ်ဖို့လိုလာတယ်။ ငါတို့လေးယောက်အပါအဝင် မီးနိုင်ကလူအားလုံးပေါ့"
ယင်ထန် စိတ်မသက်မသာဖြင့် ကောက်ချက်ချသည်။
"တိုက်ပွဲစဖြစ်တော့ အသံတိတ်မသေမျိုးက အဆင့်တက်စပဲရှိသေးတာ။ သူ့တိုက်ခိုက်စွမ်းအားက သိပ်မထူခြားသေးဘူး။ ဒါပေမယ့် လူတွေသတ်လေလေ သူ့စွမ်းအားက ထိန်းချုပ်မရအောင် တိုးလာလေပဲ။ တိုက်ခိုက်စွမ်းရည် သိပ်မကောင်းပေမယ့် မသေမျိုးအဆင့်ကိုရောက်တဲ့ သမိုင်းမသေမျိုးရယ်၊ ငါတို့လေးယောက်ရယ် ငါးယောက်အတူ ပူးပေါင်းလိုက်ရင် အသံတိတ်မသေမျိုးကို နှိပ်ကွပ်နိုင်ပါတယ်။
ငါ့သိစိတ်ဝိညာဉ်ဆီကနေ မင်းတို့ကြားပြီးဖြစ်မှာပါ။ အဲဒီအချိန်မှာပဲ အချိန်မသေမျိုး လုပ်ကြံခံလိုက်ရတယ်။ နောက်ကွယ်ကမသေမျိုးပဲ အဲလိုလုပ်နိုင်စွမ်းရှိတာ"
လုယန် ခေါင်းငြိမ့်သည်။ နောက်ကွယ်ကလူသာ အချိန်မသေမျိုးကို သတ်နိုင်စွမ်းရှိလိမ့်မည်။
"ခင်ဗျားရဲ့သိစိတ်ဝိညာဉ်ကပြောတယ်။ အချိန်မသေမျိုးကျဆုံးသွားပြိးနောက်မှာ ကျန်တဲ့မသေမျိုးလေးယောက်က ရန်သူကို အတူပူးပေါင်းပြီး ရင်မဆိုင်ကြတော့ဘူးတဲ့။ အဲဒါဘာလို့လဲ"
ယုတ္တိမကျသည့်အချက်ကို လုယန်မေးသည်။
ထိုအချက်က အတော်ထူးဆန်းသည်ဟု လုယန်တွေးခဲ့သည်။ ပုံမှန်မဟုတ်။
"ငါ့သိစိတ်ဝိညာဉ်က ကြားထဲမှာဖြစ်သွားတဲ့ကိစ္စတွေကို မသိဘူး။ ဒါကြောင့် သူပြောတဲ့ဇာတ်လမ်းမှာ ယုတ္တိမကျတဲ့အပိုင်းတစ်ချို့ရှိနေတာပါ။ အဲဒီတုန်းက နောက်ကွယ်ကရန်သူ အလစ်တိုက်ခိုက်လာနိုင်တာကို ငါတို့စဉ်းစားမိတယ်။
ဒါကြောင့် မှော်စက်ဝန်းတစ်ခုတီထွင်တယ်။ စက်ဝန်းဗဟိုချက်က ငါတို့မသေမျိုးလေးယောက်ပေါ့။ ငါတို့ထဲက တစ်ယောက်ယောက်ကို အပြင်လူတွေ လာတိုက်ခိုက်ရင် ကျန်တဲ့သုံးယောက်က လေဟာနယ်လမ်းကြောင်းကနေ ချက်ချင်းရောက်သွားပြီး ရန်သူကိုအတူတိုက်ခိုက်လို့ရတယ်"
ထိုအပိုင်းသို့ရောက်ချိန်တွင် ယင်ထန်၏စကားသံက ပို၍ဆွေးမြေ့ရိပ်သန်းလာသည်။
"ဒါပေမယ့် အချိန်မသေမျိုးတိုက်ခိုက်ခံရတဲ့အချိန်မှာ မှော်စက်ဝန်းက လုံးဝအချက်မပြဘူး။ ဒီတော့ အချိန်မသေမျိုးကို လုပ်ကြံတဲ့လူဟာ ငါတို့သုံးယောက်ထဲက တစ်ယောက်ဆိုတဲ့သဘောပဲ။ လျှို့ဝှက်တိုက်ခိုက်နေတဲ့လူရဲ့ လှုပ်ရှားပုံအရကြည့်ရင် ငါတို့ထဲကတစ်ယောက်ကို ဝင်ပူးကပ်ထားလို့ပဲဖြစ်မယ်။ ဒါကြောင့် အချိန််မသေမျိုး ကံကြမ္မာဆိုးနဲ့ကြုံခဲ့တာ"
ထိုစကားကြောင့် လုယန်ရောနတ်မယ်ပါ အံ့အားသင့်သွားကြသည်။
"အဲဒီအချိန်မှာ အသံတိတ်မသေမျိုးကို ငါတို့အတူပူးပေါင်းပြီးတိုက်ခိုက်ရင် နောက်ကွယ်ကလူက ငါတို့ကို အလစ်တိုက်ခိုက်မှာသေချာတယ်။ ဘယ်သူမှ အသက်ရှင်မှာမဟုတ်ဘူး။ ဒီပြဿနာကိုနားလည်ထားတော့ ချီလင်ရယ်၊ ကိုးဆရယ်၊ ငါရယ် တစ်ယောက်ကိုတစ်ယောက် လုံးဝမယုံကြည်ကြတော့ဘူး။ ဒါကြောင့် ထပ်မတွေ့ကြဖို့တောင် ဆုံးဖြတ်ခဲ့တယ်။ ကိုယ့်ဘာသာတစ်ယောက်ချင်းပဲ တိုက်ခိုက်ကြတယ်။
အဲဒီ့အချိန်မှာ အချိန်မသေမျိုးက လွန်မြောက်ခြင်းအဆင့်ကို တက်နိုင်ဖို့အတွက် ငါတို့ကိုသတ်ဖို့ လိုက်ရှာနေပြီ။ ငါတို့သုံးယောက်နဲ့ အောင်းလင်းကိုသတ်လိုက်ရင် သူ့အကြောင်းသိတဲ့လူ ဘယ်သူမှမကျန်တော့ဘူး။ အဲဒီ့အချိန်ကျရင် လွန်မြောက်ခြင်းအဆင့်ကို သူတက်နိုင်လောက်တယ်။
အသံတိတ်မသေမျိုးက ကြောင်းကျိုးဆက်နွယ်မှုစွမ်းအားကနေတစ်ဆင့် သူ့အကြောင်းသိတဲ့လူတွေကို ခြေရာခံနိုင်စွမ်းရှိပုံရတယ်။ ပြီးတော့ ကမ္ဘာငယ်လို လေဟာနယ်မျိုးမှာနေရင် သူငါတို့ကိုရှာမတွေ့နိုင်ဘူးဆိုတာလည်း တဖြေးဖြေးသိလာတယ်။ အောင်းလင်းက နဂါးပုလဲထဲမှာ ပုန်းနေခဲ့တာ ငါမှတ်မိတယ်။ အထဲမှာ ကမ္ဘာငယ်အဆင့်လေဟာနယ်တစ်ခုရျိတယ်။
နဂါးပုလဲထဲကထွက်တာနဲ့ သူ့ကို အသံတိတ်မသေမျိုးက ချက်ချင်းရှာတွေ့မှာပဲ"
လုယန်၏ချင်ဖုန်းဓားထဲမှ လေဟာနယ်လည်း ကမ္ဘာငယ်အဆင့်ဖြစ်သည်။
ကမ္ဘာငယ်အဆင့်လေဟာနယ်အများစုက နေရာအတည်တကျရှိသည်။ ရွှေပြောင်း၍မရ။ ထိပ်တန်းလျှို့ဝှက်နယ်မြေများဖြစ်သည်။
အနက်ရောင်လက်စွပ်၊ နဂါးပုလဲနှင့် ချင်ဖုန်းဓားလို ပစ္စည်းများက မသေမျိုးရတနာများဖြစ်သည်။ အလွန်တရာရှားပါးသည်။
"ကမ္ဘာငယ်ထဲပုန်းရင်လည်း ခန္ဓာကိုယ်ဝင်ပုန်းနေရုံနဲ့မရဘူး။ သိစိတ်အာရုံလည်း အပြင်ကိုဖြန့်လို့မရဘူး။ အသံတိတ်မသေမျိုးက အာရုံခံမိသွားနိုင်တယ်။ လျှို့ဝှက်မြေတစ်ခုမှာ ငါဝင်ပုန်းတော့ အပြင်လောကသတင်းတွေကို လျှို့ဝှက်မြေထဲဝင်လာတဲ့လူတွေဆီကပဲ စုံစမ်းရတယ်။ ဒါပေမယ့် လျှို့ဝှက်မြေတွေကလည်း အမြဲတမ်းပွင့်နေတာမဟုတ်ဘူး။ ရောက်လာတဲ့ ကျင့်ကြံသူတွေကလည်း ဗဟုသုတမစုံဘူး။
ဒီတော့ ကမ္ဘာငယ်ပါတဲ့ မှော်လက်စွပ်တစ်ကွင်း ငါဖန်တီးခဲ့တယ်။ ကျင့်ကြသူတွေ လျှို့ဝှက်မြေထဲဝင်ပြီး လက်စွပ်ကို အမှတ်မထင်တွေ့အောင်စောင့်တယ်။ လက်စွပ်ရတဲ့ကျင့်ကြံသူတွေကို ငါကျင့်စဉ်လမ်းညွှန်ပေးတယ်။ အပြန်အလှန်အနေနဲ့ သူတို့မြင်ခဲ့တာကြားခဲ့တာအားလုံး ငါ့ကိုပြောပြရတယ်။ လက်စွပ်ရသွားတဲ့ ကျင့်ကြံသူတစ်ယောက်ဆီကနေ အပြင်လောကမှာ တိုက်ခိုက်စွမ်းအားထူးခြားတဲ့ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် ပေါ်လာတယ်လို့ ကြားရတယ်။
သူ့နတ်ဝိညာဉ်က သူ့ဘာသာတိုက်ခိုက်နိုင်တယ်တဲ့။ သူ့ရင်ဘတ်မှာ သစ်သားတံဆိပ်တစ်ခုရှိတယ်။ အဲဒီကျင့်ကြံသူဟာ မင်းလေ့ကျင့်ပေးထားတဲ့ ကျင့်ကြံသူဖြစ်မယ်လို့ ငါတွေးခဲ့တယ် နတ်မယ်။
အချိန်လမ်းကြောင်းကနေကြည့်တုန်းကလည်း မင်းဘေးကကျင့်ကြံသူရဲ့မျက်နှာကို မမြင်ရပေမယ့် လောကသစ်ပင်တံဆိပ် သူ့ရင်ဘတ်မှာရှိနေတာကို ငါအာရုံခံမိတယ်လေ။ ဒီတော့ မင်းပြန်ရှင်သန်လာပြီလို့တွေးပြီး အဲဒီ့ကျင့်ကြံသူဆီ ငါချက်ချင်းလိုက်သွားတယ်။
ဒါပေမယ့် ရောက်သွားတော့ အဲဒါက အသံတိတ်မသေမျိုးဆင်ထားတဲ့ ထောင်ချောက်ဖြစ်နေတာသိလိုက်ရတယ်။ အသံတိတ်မသေမျိုးက အရမ်းစွမ်းအားကြီးတယ်။ ငါဘယ်လိုမှမယှဉ်နိုင်ဘူး။ တိုက်ပွဲကနေ ဒဏ်ရာအပြင်းအထန်ရပြီး ငါထွက်ပြေးခဲ့တယ်။
ဒဏ်ရာကပြင်းလွန်းတယ်။ ဖျက်ဆီးခြင်းအရိယဖလစွမ်းအားက ငါ့ခန္ဓာကိုယ်ထဲမှာ ဒုက္ခပေးနေတယ်။ အသက်ရှင်နိုင်ဖို့အတွက် အလောင်းခွာပညာကိုသုံးလိုက်ရတယ်။ ဖျက်ဆီးခြင်းအရိယဖလစွမ်းအားကို ငါသန့်စင်နိုင်ခဲ့တယ်။ အသက်ရှင်တယ်။
ဒါပေမယ့် ဆိုးတာက ငါ့ရုပ်ခန္ဓာကို ဆုံးရှုံးသွားတယ်။ ရုပ်ခန္ဓာက အသိစိတ်ဖွံ့ဖြိုးလာပြီး ငါ့ကိုဝါးမျိုဖို့ ကြိုးစားတယ်။ ဒါကြောင့် လက်စွပ်ထဲကို ပြေးပုန်းပြီး ဒဏ်ရာကုခဲ့ရတယ်။ အပြင်လောကအကြောင်းသတင်းပေးမယ့် သင့်တော်တဲ့ကျင့်ကြံသူကိုလည်း ထပ်ရှာရတယ်။
နှစ်သုံးသိန်းကြာပြီးတော့ ရှေးဟောင်းလက်စွပ်က ဟိုကလေးကျင်းဟုန်လက်ထဲကို ရောက်လာတယ်"
********************************
အခန်း (၉၆၆) ရှေးဟောင်းဇာတ်လမ်းလည်းပြောပြသည်
"ကျင်းဟုန်မတိုင်ခင် နောက်ဆုံးလက်စွပ်ပိုင်ရှင်က လျှို့ဝှက်နယ်မြေတစ်ခုမှာ သေသွားတာ။ လျှို့ဝှက်မြေက အခြေတည်အဆင့်တွေပဲ ဝင်ခွင့်ရှိတဲ့နေရာပါ။ အဲဒီ့အချိန်မှာ ကျင်းဟုန်က အခြေတည်အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။
ဒါပေမယ့် လျှို့ဝှက်မြေမှာ ထူးခြားတဲ့သူ့တိုက်ခိုက်စွမ်းအားကို ပြနိုင်ခဲ့တယ်။ ကံကောင်းချင်တော့ ငါ့လက်စွပ်ကို သူရသွားတယ်။
သူစာရိတ္တကောင်းတာတွေ့ရလို့ ပုံသွင်းပေးသင့်တဲ့ ပါရမီရှင်ပဲလို့ ငါတွေးခဲ့တယ်။ နည်းနည်းလေ့ကျင့်ပေးရင် တစ်နေ့မှာ ကူးဖြတ်ခြင်းအဆင့် ဒါမှမဟုတ် မသေမျိုးတစ်ဝက်အဆင့်ထိ ရောက်နိုင်တယ်။ ငါလည်း မကြာခဏလူပြောင်းနေရတဲ့ဒုက္ခကနေ လွဝ်သွားမယ်လေ။
ဒါကြောင့် ငါ့သရုပ်မှန်ကိုထုတ်ပြပြီး သူ့ကိုတပည့်အဖြစ်လက်ခံချင်တယ်လို့ ပြောလိုက်တယ်။ သူဆန္ဒရှိသလားလို့ မေးတယ်။ ဒီလိုအခွင့်အရေးမျိုးကို ကျင်းဟုန်ကလည်း ဘယ်လက်လွတ်ခံမလဲ။ အဲလိုနဲ့ သူငါ့တပည့်ဖြစ်လာတာပဲ"
လုယန် တွေးနေသည်။
...ယင်ထန်၊ ခင်ဗျားသရုပ်မှန်ကို ထုတ်ပြတယ်ဆိုတာ ယင်လုန်အရှင်ဆိုတဲ့ သရုပ်မှန်ကိုပြောတာလား...
သို့သော် တွေးသာတွေးရဲသည်။ ထုတ်မပြောရဲ။
"နောက်ပိုင်းမှာ မသေမျိုးစွမ်းအားနဲ့ ကျင်းဟုန်ရဲ့ ရိုးတွင်းခြင်ဆီနဲ့ဝိညာဉ်သန္ဓေကို သန့်စင်ပေးတယ်။ သူ့ဓာတ်ခံကို အဆင့်မြှင့်ပေးတယ်။ ဝိညာဉ်မြစ်ကို ပြောင်းပေးတယ်။ မသေမျိုးကျင့်စဉ်ပညာတွေ သင်ပေးတယ်။ လက်နက်သွန်းပညာသင်ပေးတယ်။ သူအပြင်ကို ဂိုဏ်းတာဝန်ထွက်ရင်လည်း အခြေအနေကို သုံးသပ်စဉ်းစားပြီး ကိုယ့်ဘာသာအဖြေထုတ်တတ်အောင် လမ်းညွှန်ပေးတယ်။
သူအရမ်းထင်ပေါ်လာရင် အသံတိတ်မသေမျိုး အာရုံစိုက်မိသွားမှာစိုးလို့ ခပ်လျှိုလျှိုနေပြီး ပြဿနာတွေကိုရှောင်ဖို့ ငါအကြံပေးခဲ့တယ်"
လုယန် "..."
မသေမျိုးတစ်ယောက် ကူညီနေတာချင်းအတူတူ အခြေအနေချင်း ဘာကြောင့်ဒီလောက် ကွာခြားနေတာလဲ...
ထိုစကားလမ်းကြောင်းသို့ ရောက်လာသည်နှင့် နတ်မယ်လည်း စိတ်အားတက်ကြွလာသည်။
"ဪ...ဒါဆို ငါတို့အဖြစ်ချင်း အတော်တူတာပဲ။ လုယန်ငါ့ကို ပြန်အသက်သွင်းပေးပြီးတော့ အပြန်အလှန်အနေနဲ့ ငါသူ့ကို...သူ့ကို..."
နတ်မယ် ရုတ်တရက် စကားထစ်သွားသည်။ လုယန်၏ဓာတ်ခံဝိညာဉ်မြစ်က ထိပ်တန်းဖြစ်သည်။ အဆင့်မြှင့်ပေးစရာမလို။ မသေမျိုးကျင့်စဉ်နည်းလမ်းများ။...လုယန်က မသင်။ လက်နက်သွန်းပညာ။...သူကိုယ်တိုင်ပင်မတတ်။
အပြင်သို့ဂိုဏ်းတာဝန်ထွက်ချိန်။...လုယန်ကို ကိုယ်ပိုင်တွေးခေါ်ဆင်ခြင်တတ်အောင် သင်ပေးဖို့ထက် သူအပျော်တမ်းကြည့်နေသည်က များသည်။
"ဒုက္ခကိုလက်ယပ်ခေါ်တယ်..."
လုယန်က အစဖော်ပေးသည်။
"ဪ..ဟုတ်သားပဲ။ ငါ့သူ့ကို ဒုက္ခကိုလက်ယပ်ခေါ်တတ်အောင်...အဲ ဘာရယ်"
နတ်မယ် တစ်ခုခုသဘောက်ပေါက်သွားသည်ကို ရိပ်စားမိသဖြင့် လုယန်အမြန်ထပ်ပြောသည်။
"နတ်မယ်၊ ခင်ဗျားလည်းကျုပ်ကို သေဟန်ဆောင်ပညာ သင်ပေးတယ်လေ"
ယင်ထန်မသေမျိုး ခေါင်းငြိမ့်သည်။
"ကောင်းကင်ကိုလှည့်စားပြီး ကံကြမ္မာကိုဆန့်ကျင်တဲ့ပညာပေါ့။ ထာဝရနတ်မယ်က မင်းကို အတော်အလေးထားတဲ့ပုံပဲ"
"...ဒီနာမည်နှစ်ခုက မှော်ပညာတစ်ခုတည်းကို ရည်ညွှန်းတာရောဟုတ်ရဲ့လား"
"ဟုတ်ပါတယ်။ အတူတူပါပဲ။ နတ်မယ်နာမည်ပေးတာက ပိုရိုးရှင်းတယ်။ ငါက နည်းနည်းစကားလုံးတန်ဆာဆင်ရတာကို ပိုကြိုက်တယ်။ အဲဒါပါပဲ"
စကားလမ်းကြောင်းက တစ်ခြားသို့ရောက်သွားမှန်းသိသဖြင့် ယင်ထန်က လမ်းကြောင်းပြန်ပြောင်းသည်။
"မိတ်ဆွေလုယန်ရဲ့ အဖြစ်အပျက်တွေကိုချဉ်းကပ်ပုံက ထူးခြားတယ်။ လူငယ်စိတ်ဓာတ်အပြည့်ရှိတယ်။ မင်းအကြောင်း ကျင်းဟုန်ဆီကနေ ငါအများကြီးကြားထားပါတယ်။
ငါစိတ်ဝင်စားတာက အရှေ့ပင်လယ်မှာ မင်းကို အသံတိတ်မသေမျိုး တိုက်ခိုက်ခဲ့တဲ့ကိစ္စပဲ။ အဲဒီတုန်းက မင်းအသက်ရှင်ခဲ့တယ်။ နောက်တစ်ခါ ဓားမျှော်စင်မှာ သူနဲ့ပြန်ဆုံတယ်။
အဲဒါလည်း အသက်ရှင်လျက်ပြန်ထွက်လာနိုင်တယ်။ နှစ်ကြိမ်လုံး အကောင်းပကတိပြန်ထွက်လာတယ်။ ငါတောင် ဒီလိုမလုပ်နိုင်လောက်ဘူး။ ဒါကြောင့်မင်းကို အသံတိတ်မသေမျိုးချထားတဲ့ ငါးစာဖြစ်မယ်လို့ ငါသံသယဝင်ခဲ့တာ။
ဝိညာဉ်ပြောင်းအဆင့်တက်တဲ့အချိန် ချန်ကောင်းကင်လျပ်စီးကို မင်းဖြတ်ခဲ့တဲ့သတင်းလည်းကြားပါတယ်။ ဒီတော့ ဒီကိစ္စဟာ အသံတိတ်မသေမျိုးက ဖန်တီးနိုင်ထားတဲ့ ထောင်ချောက်ဖြစ်ရင်ဖြစ်။ မဟုတ်ရင် မင်းဟာ ငါတကယ်ရှာနေတဲ့လူအစစ်ဖြစ်တယ် ဆိုတဲ့သဘောပဲ။
ဒါပေမယ့် ဒီနှစ်ခုမှာ ဘယ်ဟာအမှန်ဖြစ်မလဲ ငါသေချာမခန့်မှန်နိုင်ဘူး။ ဒါကြောင့် လနန်းတော်ကိုမင်းရောက်လာတော့ ကျင်းဟုန်ကို မင်းနဲ့ဝေးဝေးနေဖို့ ငါပြောတယ်။
လနန်းတော်ထဲက အခြေအနေတွေကို လေ့လာကြည့်တော့လည်း မင်းဟာ ဟာရမ်ရွှေသန္ဓေကျင့်ကြံတဲ့လူဖြစ်မယ်လို့ ငါသံသယဝင်လာပြန်ရော။ မင်းသရုပ်မှန်ကိုအတည်ပြုဖို့ ငါဆက်စောင့်ကြည်မယ်လို့ တွေးထားတာ။
ဒါပေမယ့် ဒီနေ့ပြဿနာ ပေါ်လာတယ်။ ထာဝရနတ်မယ်ကမင်းကို လက်စွပ်ကမ္ဘာငယ်ထဲ ဆွဲခေါ်လာတယ်။ ဒါကြောင့် အခြေအနေက ပိုချောမွေ့သွားတာ"
"နင့်ခန္ဓာကိုယ်က ဘယ်လိုဖြစ်တာလဲ"
ယင်ထန်ခန္ဓာကိုယ်ကို နတ်မယ်သတိထားမိသည်။ အသွေးအသားဖြင့် တည်ဆောက်ထားခြင်းမဟုတ်။ လက်မောင်းနှင့်ခြေထောက်များကို မသေမျိုးရွှေဖြင့် လုပ်ထားသည်။ ကျန်သည့်အစိတ်အပိုင်းများကို သာမန်ပစ္စည်းများဖြင့် ဖန်တီးထားခြင်းဖြစ်သည်။
"ငါ့ရုပ်ခန္ဓာကို ဆုံးရှုံးသွားလို့လေ။ ငါ့အလောင်းက ငါ့ဆီလိုက်လာရင်လည်း ငါမကြောက်ပါဘူး။ ဒီအရူးကိုရင်ဆိုင်ဖို့က ပြဿနာမရှိဘူး။ သူ့တည်နေရာကို ငါခြေရာမခံနိုင်တာပဲရှိတယ်။ ငါတကယ်ကြောက်တာက အသံတိတ်မသေမျိုး ပေါ်လာမှာကိုပဲ။ ငါစွမ်းအားအပြည့်ဆုံးအခြေအနေမှာတောင် သူ့ကိုမနိုင်ဘူး။ ဒီလိုဝိညာဉ်ခန္ဓာနဲ့ဆို ပိုဆိုးတာပေါ့။
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဒီခန္ဓာကိုယ်ကို ငါ့ဘာသာတည်ဆောက်ထားတာ။ ဒါပေမယ့် လွတ်လွတ်လပ်လပ်လှုပ်ရှားဖို့ အဆင်မပြေတော့ မသေမျိုးရွှေ လုံလောက်အောင်မရှာနိုင်ဘူး။ လောလောဆယ် တစ်ခြားပစ္စည်းတွေနဲ့ပဲ အဆင်ပြေအောင်လုပ်ထားရတယ်။
ငါ့တစ်ကိုယ်လုံးသာ မသေမျိုးရွှေနဲ့ တည်ဆောက်လိုက်မယ်ဆိုရင် အရင်ကစွမ်းအားအပြည့်ဆုံးအခြေအနေနီးပါး ပြန်ဖြစ်လာနိုင်တယ်"
"မသေမျိုးရွှေလား..အင်း..နင့်အလောင်းကို ငါတို့သတ်ပြီးတဲ့အချိန်မှာ မသေမျိုးရွှေတွေ အတော်များများကျန်ခဲ့တာကို ငါမှတ်မိတယ်။
ဒါပေမယ့် ပဲပြာမသေမျိုးလက်ချက်ကြောင့် အားလုံးအရည်ပျော်ပြီး ပစ္စည်းတွေရောနေတယ်။ မသေမျိုးရွှေကို ငါတို့ပြန်ခွဲမထုတ်တတ်ဘူး"
ယင်ထန်မျက်လုံးများ အရောင်လက်လာသည်။
"ဒါက ပြဿနာမရှိပါဘူး။ ငါဖြေးဖြေးချင်းသန့်စင်ပြီး မသေမျိုးရွှေတွေကို ခွဲထုတ်နိုင်ပါတယ်"
သူ့အလောင်းက သူနှင့်ရင်ဆိုင်ဖို့ မသေမျိုးရွှေပါဝင်သည့် လက်နက်များစွာ စုဆောင်းထားခဲ့ဟန်ရှိသည်။ သူ့ခန္ဓာကိုယ် ပြန်တည်ဆောက်ဖို့ လုံလောက်နိုင်သည်။
အလောင်းတစ်ခုသည် သေပြီးချိန်မှသာ အသုံးဝင်ဆုံးဖြစ်သည်။
"ဒါနဲ့ ကောင်းကင်ရုံးတာ်က ဘယ်လိုအဖွဲ့အစည်းလဲဆိုတာ မင်းသိလား။ အောင်းလင်းနဲ့ကျန်းလျန်ယိက အဲဒီ့ဂိုဏ်းကို ဝင်သွားတယ်လို့ကြားတယ်။ အသံတိတ်မသေမျိုး..အဲ...မင်းပြောတဲ့ပဲပြာမသေမျိုးက တည်ထောင်ထားတာများဖြစ်မလား။
ဒါပေမယ့် ဒါလည်း မဟုတ်လောက်ဘူး။ ပဲပြာမသေမျိုးတည်ထောင်ထားတဲ့ဂိုဏ်းဆိုရင် ကျန်းလျန်ယိက ဘာလို့ဝင်မှာလဲ။
ဒါမှမဟုတ် ပဲပြာအရှင်က မင်းနေရာမှာဟန်ဆောင်ပြီး ကျန်းလျန်ယိကို စည်းရုံးဖို့ လှည့်စားခဲ့တာများလား။ ချီလင် ဒါမှမဟုတ် ကိုးဆမသေမျိုးကတော့ အဲလိုလုပ်ကြမယ်မထင်ဘူး။ အရမ်းထင်ပေါ်လွန်းရင် အသံတိတ်မသေမျိုးက အာရုံစိုက်လာနိုင်တယ်"
ရုတ်တရက်ပေါ်လာသည့် ရှေးဟောင်းကောင်းကင်ရုံးတော်ဂိုဏ်းအကြောင်း ကြားသည့်အချိန်က သူအတော်တုန်လှုပ်ခဲ့သည်။
ရှေးဟောင်းကောင်းကင်ရုံးတော်ဟူသည့် နာမည်ကိုတွေးကြည့်ရုံဖြင့် အသံတိတ်မသေမျိုး၏ အဖွဲ့အစည်းဖြစ်နိုင်ခြေများနေသည်။
"အမှန်တော့ ရှေးဟောင်းကောင်းကင်ရုံးတော်ဂိုဏ်းဆိုတာ ကျုပ်ဖန်တီးထားတာပါ"
လုယန်က ရှက်ကိုးရှက်ကန်း ခေါင်းကုတ်ရင်းပြောသည်။ ကိုးငရဲဂိုဏ်းကိုလှည့်စားဖို့ ဖန်တီးခဲ့သည့် ကောင်းကင်ရုံးတော်က ယခုလိုနာမည်ကြီးလာမည်ဟု သူထင်မထားခဲ့။
"မင်းဖန်တီးထားတာား..."
ယင်ထန် အတော်အံ့ဩသွားသည်။ ထိုအဖွဲ့အစည်းကို အင်အားကြီးရန်သူအဖြစ် သတ်မှတ်ထားခဲ့သည်။ လက်စသတ်တော့ ကိုယ်ဘက်တော်သားများ တည်ထောင်ထားသည့်ဂိုဏ်းဖြစ်နေသည်။
"ဒါဆို ကောင်းကင်ပဲဝါအရှင်ဆိုတာ ဘယ်သူလဲ"
"အဲဒါ ငါပေါ့။ ငါ့နာမည်က ပဲဝါပဲလေ"
နတ်မယ်က ရင်ကော့ခေါင်းမော့၍ ပြောသည်။ ကောင်းကင်ပဲဝါအရှင်ဟူသည့်နာမည်ကို သူအတော်သဘောကျဟန်ရှိသည်။
"ဪ မင်းနာမည်အရင်းက ပဲဝါပဲ"
ယင်ထန် မျက်ရည်ထွက်မတတ် ရယ်မောနေသည်။ နတ်မယ်ပြန်ရှင်သန်လာသည့်ကိစ္စ ပျော်နေခဲ့သဖြင့် နာမည်မေးဖို့ သူလုံးလုံးမေ့နေခဲ့သည်။
သူ့နာမည်က စီချီဖြစ်သည်။ ချီလင်က ရှီဟဲ။ ကိုးဆမသေမျိုးက ယိနုန်၊ အချိန်မသေမျိုးက စွေ့ယွဲ့။ နတ်မယ်၏နာမည်က သူတို့လေးယောက်နာမည်နှင့် လုံးဝတခြားစီဖြစ်နေသည်။
"ဒါပေမယ့် ကောင်းကင်ရုံးတော်ဆိုတဲ့နာမည်ဟာ အလိုလိုတွေးမိတာတော့ မဖြစ်နိုင်ဘူး မိတ်ဆွေလုယန်။ ဒီနာမည်ကို တစ်နေရာရာကနေ မင်းကြားဖူးထားလို့ပဲဖြစ်မယ်"
တိုက်ဆိုင်မှုဆိုလျှင် အလွန်ထူးဆန်းသလိုဖြစ်နေမည်။
"ဟုတ်တယ်လေ။ ငါတို့လေးယောက် ကောင်းကင်ရုံးတော်ဇာတ်လမ်း လိမ်ဆင်ဖန်တီးခဲ့တာတွေ၊ ငါတို့တစ်ယောက်ချင်းစီက နောက်မျိုးဆက်တွေအတွက် ဇာတ်လမ်းကွဲအမျိုးမျိုးဖန်တီးခဲ့တာတွေ သူ့ကိုပြောပြထားတယ်"
နတ်မယ်က ပြောသည်။
"သဘောပေါက်ပြီ"
ယင်ထန် ခေါင်းငြိမ့်သည်။ ယခု အားလုံးရှင်းသွားသည်။
"ဒါတင်ဘယ်ကမလဲ။ ငါတို့ပျင်းတဲ့အခါ ရှေးဟောင်းခေတ်က ရယ်စရာအဖြစ်အပျက်တွေလည်း သူ့ကိုအများကြီးပြောပြတယ်။ နင်တို့လေးယောက် ငါ့အစားအသောက်တွေစားလို့ ချက်ချင်းအိပ်ပျော်သွားတာတွေ၊ ယင်ထန်ဆိုတဲ့နင်က ကျင့်ကြံသူတွေကို သိက္ခာထိန်းဖို့ ဩဝါဒပေးတာတွေ၊ ချီလင်ကိုကူညီဖို့ နင်သန့်စင်ပေးခဲ့တဲ့ ထိတာနဲ့ဒူးထောက်ကျတဲ့ မသေမျိုးသတ်ဓားစက်ဝန်းအကြောင်းတွေပေါ့။
ဪ ပြီးတော့ 'မသေမျိုးအဆိုအမိန့်'စာအုပ်တောင် လုယန်က တွေ့ခဲ့သေးတယ်။ တကယ်ကောင်းတဲ့စာအုပ်ပဲ။ ငါက ပျောက်သွားပြီထင်နေတာ..."
နတ်မယ်က စိတ်ပါလက်ပါ ပြောနေသည်။ ဇာတ်လမ်းတစ်ခုပြောတိုင်း ယင်ထန်မျက်နှာ တစ်ခါပျက်သွားသည်ကို သူသတိမထားမိ။
သို့သော် လုယန်က သတိထားမိသည်။
အစောပိုင်းက ယင်ထန်မသေမျိုး ပြုံးရွှင်နေခဲ့သည်။ ယခု သူမျက်နှာက သုန်မှုန်နေသည်။
သို့သော် ချက်ချင်းပြုံးလာပြီး လုယန်ပုခုံးကိုပုတ်သည်။
"ငါ့မိတ်ဆွေလေးလုယန်က ကျင့်စဉ်လမ်းမှာ အတွေ့အကြုံနည်းနည်းလိုနေသေးတယ်။ ကျင့်ကြံသူတစ်ယောက်အတွက် အရေးကြီးဆုံးအလုပ်က ကျင့်ကြံဖို့ပဲ။ လေဟာနယ်သန့်စဉ်အဆင့်ကို မြန်မြန်တက်နိုင်အောင်ကြိုးစားပါ။
စိတ်ချပါ။ ငါရှိနေတာပဲ။ လေဟာနယ်သန့်စင်အဆင့်တက်လို့ ကောင်းကင်လျှပ်စီးကို ရင်ဆိုင်တဲ့အခါ မင်းသေချာပေါက်ဘေးကင်းမှာပါ"
******************************