အခန်း (၉၆၇-၉၆၉)
Vol. 65 Ch. 967-969
အခန်း (၉၆၇) နောက်ဘဝမှာလည်း ရေစက်မဆုံချင်ပါ
ယင်ထန်ပြုံးနေသော်လည်း ထိုအပြုံးမှ အနွေးဓာတ်ကို လုယန်လုံးဝမခံစားရ။
တံတွေးကိုကျိတ်မျိုလိုက်သည်။ ဤကပ်ဆိုးမှ မလွတ်မြောက်နိုင်မှန်း သူသိသည်။
ထို့ပြင် အမွှာမြစ်လေဟာနယ်တွင် တွေ့ခဲ့သည့် မသေမျိုးအဆိုအမိန့်ကျမ်းထဲတွင် ယင်ထန်ပြောသည့်စကားများသာမဟုတ်။ ရှေးဟောင်းမသေမျိုးလေးယောက်ပြောခဲ့သည့် စကားအားလုံးပါသည်...
ဤကိစ္စသည် နတ်မယ်စမ်းသပ်ချက်လားမသိ။ စအတော်ခက်ခဲလွန်းသလိုရှိသည်။
...ကျုပ်ကံကြမ္မာက အဲလောက်အားမကောင်းပါဘူး..ဒီဘဝတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်တော့မှာပါ...
နတ်မယ်..ကံရေစက်မကုန်ရင် နောင်ဘဝ ပြန်ဆုံကြတာပေါ့...
"သူ့ကိုအဲလို အထူးတလည်ကူညီပေးစရာမလိုပါဘူး"
နတ်မယ်က လုယန်ကို အတော်လေးဂရုစိုက်သည်။ လုယန် ရင်ထဲထိသွားသည်။ ကယ်တင်ရှင် တွေ့လိုက်ရသလို ခံစားရသည်။
"ကောင်းကင်လျှပ်စီး ပိုစွမ်းအားကြီးလေ ကျင့်ကြံသူအတွက် အားဖြည့်ပေးတဲ့ နောက်ဆက်တွဲအာနိသင်က ပိုကောင်းလေလို့ နင်ပဲပြောခဲ့တယ်မဟုတ်လား။
သူ့အတွက် ခက်ခဲတဲ့ကောင်းကင်လျှပ်စီးတွေပဲ ချပေးပါ"
ယင်ထန်က ပြုံး၍ ခေါင်းငြိမ့်သည်။ လက်နှစ်ဘက်နောက်ပစ်လိုက်သည်။
"ကောင်းပါပြီ ကောင်းပါပြီ"
လုယန် "..."
နတ်မယ်၊ နောင်ဘဝမှာလည်း ရေစက်မဆုံပါရစေနဲ့တော့...ခင်ဗျားလက်ထဲမှာပဲ ဘဝဆုံးရမှာစိုးလို့ပါ။
"နင်ဒီကမ္ဘာငယ်ထဲမှာ အမြဲနေတော့မှာလား"
"ကျင်းဟုန်လေ့ကျင့်တာပြီးတဲ့အထိ ဒီမှာနေမယ်"
ယင်ထန်သည် ဘယ်အလုပ်မဆို စေ့စပ်သေချာသည်။ စပြီးလျှင် အဆုံးထိလုပ်သည်။
"တာအိုလမ်းစဉ်ဂိုဏ်းကို လိုက်ချင်လား။ ရှောင်ယွမ်ကလည်း နင့်ကိုတွေ့ချင်လောက်တယ်"
"ရှောင်ယွမ်ဆိုတာ ဘယ်သူလဲ"
"လုယန်ရဲ့ ဆရာတူအမပါ"
ယင်ထန် ခဏစဉ်းစားသည်။ သွားတွေ့လျှင် အဆင်ပြေလောက်သည်ဟု တွေးသည်။
"ကောင်းပြီလေ"
"ဪ ဒါနဲ့..မဟာချန်က နတ်ဆိုးနှိမ်သခင်ကိုရှင်းတော့ ဒီတံဆိပ်တွေ ကျန်ခဲ့တယ်"
ယင်ထန်က သူ့ခါးမှ တံဆိပ်လေးခုဆွဲထုတ်သည်။ တံဆိပ်များက မာကျောသည်။ အင်ပါယာကိုယ်ပွားက ကောင်းကင်လျှပ်စီးဒဏ်ကို ခံနိုင်ရည်မရှိသော်လည်း ဤတံဆိပ်လေးခုက အကောင်းတိုင်းကျန်ခဲ့သည်။ ထူးခြားသည့် ပစ္စည်းများဖြစ်ကြောင်း သက်သေခံနေသည်။
ယင်ထန်ကိုင်ထားသည့် တံဆိပ်တွင် "ယင်ထန်" ဟု ရေးထွင်းထားသည်။ ထိုတံဆိပ်မှ အရေပြားလောင်းကျွမ်းစေနိုင်လောက်သည် အပူရှိန်မျိုး ထွက်ပေါ်နေသည်။
သို့သော် ယင်ထန်၏လက်သည် မသေမျိုးရွှေဖြင့် လုပ်ထာားခြင်းဖြစ်သည်။ ထိုအပူချိန်လောက်က သူ့အတွက် ရေအေးနှင့် ဘာမှမကွာခြားလှ။
တစ်ခြားတံဆိပ်သုံးခုတွင် 'အချိန်' 'ချီလင်' 'ကိုးဆ' ဟု ရေးထွင်းထားသည်။
"သူငါ့ကို ဒီတံဆိပ်ကြောင့် ရှာတွေ့တာဖြစ်မယ်။ တံဆိပ်က ငါနဲ့နီးလာလေ ပိုပူလေပဲ။ ဘယ်လိုပညာမျိုး သုံးထားလဲတော့ မသိသေးဘူး။ ကျန်တဲ့သုံးခုလည်း လုပ်ဆောင်ပုံချင်း တူလောက်ပါတယ်။
ဒါတွေက ငါ့အတွက် အသုံးမလိုဘူး။ မိတ်ဆွေလုယန်သိမ်းထားတာက ပိုကောင်းမှာပါ"
လုယန် တံဆိပ်များကို ယူလိုက်သည်။
ပြောစရာစကားကုန်ပြီဖြစ်၍ နတ်မယ်က လုယန်ကိုခေါ်ပြီး လက်စွပ်ထဲမှထွက်သည်။ အပြင်လောကသို့ ရောက်လာသည်။
ကျင်းဟုန်က အပြင်ဘက်တွင်စောင့်နေသည်။ သူ့ဆရာဆွေးနွေးသည့် အကြောင်းအရာများကို သိလိုသော်လည်း အမိန့်ကို ဆန့်ကျင်ရာရောက်မည်စိုး၍ သူမမေး။
"မောင်လေးလုယန်၊ ထွက်လာပြီလား။ ဟိုမသေမျိုးနတ်မယ်ကရော ဘယ်မှာလဲ"
လုယန် နားထင်ကို လက်ဖြင့်ခေါက်ပြသည်။
"ကျုပ်ရဲ့ သိစိတ်နယ်မြေမှာပါ။ တိုက်ပွဲက ဘယ်လိုအခြေအနေရှိလဲ"
"ဆရာက မသေမျိုးမီးတောက်သုံးပြီး လှုပ်ရှားလို့ နတ်ဆိုးနှိမ်သခင်ကို ချက်ချင်းဖမ်းနိုင်ခဲ့တယ်။ နတ်ဆိုးချုပ်သခင်ကတော့ အလင်းချုပ်သေတ္တာထဲကနေ ထွက်မလာသေးဘူး။
လုယန်ခေါင်းငြိမ့်သည်။ ထိုသို့ဆိုလျှင် ကိစ္စရှင်းပြီဟု ဆိုနိုင်သည်။
သူတို့ဘက်တွင် မသေမျိုးနှစ်ယောက်ရှိနေသဖြင့် နောက်ထပ်ပြဿနာဖြစ်မည်ကို မစိုးရိမ်ရ။
ခဏအကြာတွင် စွန်စီးဘုံကျောင်းမှ ကိုယ်တော်ကျဲ့ရှားနှင့် ဓာတ်ငါးမျိုးဂိုဏ်းမှ ရှန်ကွန်ယုတို့လည်း သတင်းကြား၍ ရောက်လာသည်။ လနန်းတော်နှင့်လက်တွဲပြီး မဟာချန်နှစ်ယောက်ကို ရင်ဆိုင်ဖို့ဖြစ်သည်။
"ဒီအဆင့်လောက်နဲ့ငါတို့လနန်းတော်ကို လာစမ်းရဲတယ်"
ကျွေးယွဲ့က အောင်နိုင်သူလေသံဖြင့်ပြောသည်။
"သောက်ရေးမပါတာကွာ။ ဝိညာဉ်သခင်က မယုံရဘူးဆိုတာ ငါသိသားပဲ"
သခင်နှစ်ယောက် စိတ်မထိန်းနိုင်တော့ဘဲ အော်ဆဲနေသည်။ အင်ပါယာမျက်နှာသာပေးခံရသည့် ဝိညာဉ်သခင်က ဤမစ်ရှင်ကို ဦးဆောင်ခဲ့သည်။ သူတို့က လနန်းတော်ကို အာရုံလွှဲဖို့သာဖြစ်သည်။ ဝိညာဉ်သခင်က သံလွင်ဘိုးဘေးကိုခုတ်၍ နာမည်ကောင်းယူသွားသည်။
အားလုံးပြီးသွားချိန်တွင် ဝိညာဉ်သခင်၏အရိပ်အယောင်ကို မမြင်ရတော့။
"အကောင်းဘက်က တွေးကြည့်ပါ။ သူက မသေမျိုးတစ်ယောက်နဲ့တွေ့ပြီး သေချင်လည်းသေနေလောက်ပါပြီ"
နတ်ဆိုးချုပ်သခင်က အဆိုးမြင်ဝါဒဖြင့် သုံးသပ်သည်။
"အကြီးအကဲတို့ကို ဂါရဝပြုပါတယ်"
ရှန်ကွမ်ယုက ကျွေးယွဲ့နှင့် ပိုင်ယဲ့ကို ဦးညွတ်အရိုအသေပြုသည်။
ကိုယ်တော်ကျဲ့ရှားက ဝစီတ်ပိတ်ကျင့်နေဆဲဖြစ်၍ လက်အုပ်ချီ၍သာ နှုတ်ဆက်ကြောင်းအမူအရာပြနိုင်သည်။
"ဘာအကြီးအကဲလဲ။ ငါက မသေမျိုးနန်းတော်နဲ့ အဆက်အသွယ်နည်းနည်းရှိတယ်။ ဒီနားကဖြတ်သွားရင်း လနန်းတော်ဒုက္ခရောက်နေတာတွေ့လို့ ဝင်ကူရုံပါပဲ"
ကျွေးယွဲ့ သူ့သရုပ်မှန်ကို ဝန်မခံနိုင်။
"အကြီးအကဲပြောတာ အမှန်ပဲဖြစ်မှာပါ"
ရှန်ကွမ်ယုကပြုံးသည်။ ကျွေးယွဲ့နှင့်စကားပြောရသည်ကို အတော်သဘောကျနေသည်။ သူ့အသက် ပိုငယ်သွားသလိုခံစားရသည်။
"ဟေ့၊ ကောင်မလေးတွေ"
လန်ထင်နှင့် ထောင်ယော်ယဲ့လည်း အပြေးရောက်လာသည်။
"အကိုက ဒီရောက်နေတာလား။ ခုနက ဒီနားကိုရောက်တော့ အကို့ကိုမတွေ့ပါဘူး"
တိုက်ပွဲဖြစ်နေချိန်အတွင်း သူတို့နှစ်ယောက် လုယန်ကိုလိုက်ရှာခဲ့သည်။ သို့သော် ထိုအချိန်တွင်လုယန်က လက်စွပ်ကမ္ဘာငယ်သို့ရောက်နေသဖြင့် သူတို့ရှာမတွေ့ကြ။
"ညီမလန်၊ ညီမထောင်၊ မင်းတို့အဆင်ပြေကြတယ်မဟုတ်လား"
"ပြေပါတယ် ပြေပါတယ်"
လုယန်ကိုမြင်သည်နှင့် ဧည့်ခန်းဆောင်မှတိုက်ပွဲအကြောင်း ပြန်တွေးမိကြပြီး မိန်းကလေးနှစ်ယောက်၏ပါးပြင်များ နီရဲလာသည်။
"ညီမတို့နှစ်ယောက် ဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်ပြီး နားမလည်သေးလည်း မစိုးရိမ်ကြပါနဲ့။ ဒါက အရိယဖသန္ဓေ အထိန်းအချုပ်လွတ်သွားလို့ သူ့အာနိသင်သက်ရောက်ပြီး နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာတာပါ"
"ဟုတ်တယ်၊ ဟုတ်တယ်။ အားလုံးက အရိယဖလသန္ဓေကြောင့်ပဲ"
အကြောင်းရင်းမှန်ကို သူတို့စိတ်မဝင်စားကြ။ လုယန်လေသံအတိုင်း သံယောင်လိုက်၍ အရိယဖလသန္ဓေအပေါ် အပြစ်လွှဲချရသည်ကို ပိုသဘောကျသည်။
အမှန်တရားဟုတ်ဟုတ် မဟုတ်ဟုတ် ကိစ္စမရှိ။
သိပ်မကြာမီ ပိုင်ယဲ့လည်း လုယန်ကိုလာတွေ့ပြီး တောင်းပန်သည်။
"အကိုလုယန်၊ စိတ်မကောင်းပါဘူး။ လောလောဆယ် လနန်းတော်ကနေ ကျွန်မထွက်သွားလို့မရသေးဘူး။ မဟာချန်ကျင့်ကြံသူတွေကိစ္စ ဖြေရှင်းပြီးမှ တာအိုလမ်းစဉ်ဂိုဏ်းမှာ အကို့ကိုလာတွေ့ပါ့မယ်"
"ကောင်းပြီလေ။ ဒါဆိုလည်း ဂိုဏ်းကနေပဲ စောင့်နေမယ်"
လုယန် ပြုံးလိုက်သည်။ လနန်းတော်၌ သူတွေ့ခဲ့သမျှလူများထဲတွင် ပိုင်ယဲ့နှင့်ပြောဆိုဆက်ဆံရသည်မှာ အဆင်ပြေဆုံးဖြစ်သည်။
ကံကောင်းသွားသည်။ တိုက်ပွဲစချိန်တွင် နန်းတော်တပည့်အများစုက သူ့သစ်သားကိုယ်ပွားနောက်ကို လိုက်နေကြသဖြင့် တိုက်ပွဲစက်ကွင်းမှလွတ်သွားသည်။
"ဘယ်သူမှအထိအခိုက်မရှိရင် ပြီးတာပါပဲ"
လနန်းတော်သည် ထိုကိစ္စများအတွက် စိုးရိမ်နေဖို့မလိုကြောင်း ကျွေးယွဲ့က အချက်ပြသည်။
"ဒါနဲ့စကားမစပ်၊ ဒီနေ့က ဆောင်းဦးလွန်ပွဲတော်နေ့ပဲ"
စားပွဲပေါ်မှ လမုန့်ပန်းကိုမြင်မှ ယနေ့သည် ဆောင်းဦးလွန်ပွဲတော်နေ့ဖြစ်ကြောင်း ကျွေးယွဲ့သတိရလာသည်။ သူ့သက်တမ်းက ရှည်လျားလွန်းသဖြင့် အချိန်လည်ပတ်မှုကို မကြာခဏမေ့နေတတ်သည်။
"အားရိ၊ ဒီနေ့ ဒီကိုယ်ပွားကို ငါမသုံးတော့ဘူး"
ပိုင်ယဲ့က အကိုယ်ပွားကို သဘောကျ၍သာ သုံးနေခြင်းဖြစ်သည်။ မဖြစ်မနေသုံးဖို့လိုသည်မဟုတ်။ ယင်ယန်အပြောင်းအလဲများ နာမည်အပြောင်းအလဲများလည်း သူ့အတွက်အရေးမကြီး။
တိုက်ပွဲပြီးသွားပြီဖြစ်၍ လနန်းတော်တစ်ခုလုံး အပျော်ရိပ်လွှမ်းနေသည်။ အစက ချက်ချင်းပြန်ဖို့ ရည်ရွယ်ထားသော်လည်း တစ်ညအိပ်ပြီးမှ ထွက်သွားဖို့ လုယန်နှင့်ထောင်ယော်ယဲ့ဆို ဆုံးဖြတ်ကြသည်။
"အကို၊ လမုန့်နည်းနည်းစားပါဦး"
လန်ထင်ကပြုံး၍ လမုန့်တစ်ခုကို လုယန်ပါးစပ်ထဲ ခွံ့ကျွေးသည်။
"စားလိုက်ပါ။ ကျွန်မလည်း စားပြီးပြီ။ အဆိပ်မပါဘူး။ ကြီးတာသေးတာတွေ မဖြစ်နိုင်ဘူး"
သံလွင်ပန်းအဆာဖြည့်ထားသည့် လမုန်ကို လုယန်တစ်ဖဲ့ကိုက်သည်။ အရသာက တုနှိုင်းစရာမရှိ။
"ညီမထောင်၊ မင်းလည်းစားလေ"
လုယန်လည်း ထောင်ယော်ယဲ့ကို လမုန့်တစ်ခုပေးသည်။
နှင်းများက သိပ်သည်းစွာကျလာသည်။ သူတို့သုံးယောက် နှင်းဖုံးမြေပြင်ပေါ်တွင်လှဲ၍ အထက်ကောင်းကင်မှ တောက်ပနေသည့်လမင်းကို ကြည့်ကြသည်။ နှစ်ကာလများက ငြိမ်းချမ်းစွာဖြတ်သန်းနေသလို ခံစားရသည်။
နောက်တစ်နေ့တွင် လုယန်နှင့်ထောင်ယော်ယဲ့တို့ ခရီးစထွက်သည်။ လန်ထင်ပြင်ပေးသည့် သံလွင်းပန်းအဆာသွပ်လမုန်များ လနန်းတော်၏ အကောင်းစားဝိညာဉ်သစ်သီးများ တစ်ယောက်တစ်အိတ် သယ်သွားသည်။
"အကိုလု၊ ညီမထောင်၊ အချိန်ရရင် လနန်းတော်ကိုလာလည်ဦးနော်"
လန်ထင်က သူတို့နှစ်ယောက်ကို လက်ပြနှုတ်ဆက်သည်။
"သေချာပေါက် လာခဲ့မယ်"
လုယန် နောက်ပြန်လှည့်၍အော်ရင်း ပြန်လည်လက်ပြနှုတ်ဆက်သည်။
လုယန်၏လက်ခလယ်တွင် ရှေးဟောင်းလက်စွပ်တစ်က္ငငိး ဝတ်ထားသည်ကို လန်ထင်နှင့်ထောင်ယော်ယဲ့တို့ သတိမထားမိကြ။
**********************************
အခန်း (၉၆၈) ပစ္စည်းသွန်းပညာရှင်
ကောင်းကင်ဂိတ်တောင်ထိပ်။
"...မောင်လေးတိုင်ရဲ့မျက်နှာက လွန်ခဲ့တဲ့နှစ်တွေကထက် ပိုပြီးကြည်လင်လာတာပဲ။ မစ်ရှင်ခန်းမကိုကိုင်တွယ်တာ ပိုကျွမ်းကျင်လာလို့ဖြစ်မယ်"
"ကျွမ်းကျင်တာက တစ်ကဏ္ဍပါ ။ အဓိကကတော့ နတ်ဆိုးဂိုဏ်းသုံးဂိုဏ်းက အတော်လေးခြေငြိမ်သွားလို့ပါ။ သူတို့သတင်းတွေကို စိစစ်ရင်း စိတ်အပင်ပန်းခံနေစရာ မလိုတော့ဘူးလေ။ အဲဒီအတွက် ညီလေးလုကို တကယ်ကျေးဇူးတင်ရမှာ"
တိုင်ပုဖန် ဉာဏ်အလင်းလက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။ အင်ပါယာထိုင်ခုံတွင် သက်တောင့်သက်သာမှီထိုင်နေသည်။ အတော်စိတ်အေးလက်အေးရှိနေပုံရသည်။
အရင်ကဆိုလျှင် ကောင်းကင်ဂိတ်တောင်ထိပ်သို့လာပြီး လက်ဖက်ရည်သောက်ရင်း အမယွမ်နှင့် အေးအေးလူလူစကားပြောဖို့ အချိန်လုံးဝမရှိခဲ့။ သူ့စားပွဲတွင်ထိုင်၍ သတင်းအချက်လက်များကို ခွဲခြားစီစစ်ရသည်။ တာဝန်များချမှတ်ပေးရသည်။
"ရှောင်လုလုပ်နည်းလုပ်ဟန်တွေက ထူးဆန်းပေမယ့် ထင်မထားလောက်တဲ့ရလာဒ်တွေပေါ်အောင် လုပ်နိုင်တယ်။ ဒီကိစ္စအပေါ် တစ်ခုခုတော့ မင်းခံစားရမှာပဲ"
"ညီလေးလု ဘယ်လိုကံကြမ္မာမျိုးကြုံမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ သူအပြင်ထွက်တိုင်း တစ်ခုခုဖြစ်တယ်။ မနေ့ကလည်း လနန်းတော်မှာ တိုက်ပွဲဖြစ်တယ်ကြားတယ်။ မဟာချန်ကျင့်ကြံသူနှစ်ယောက် ဖမ်းမိတယ်တဲ့။ တစ်ယောက်က ကူးဖြတ်ခြင်းအဆင့်။ တစ်ယောက်က မသေမျိုးတစ်ဝက်အဆင့်"
တိုင်ပုဖန် လက်ဖက်ရည်ခွက်ကို အကုန်မော့သောက်သည်။ ထို့နောက် သူ့ဘာသာ နောက်တစ်ခွက်ငှဲ့သည်။
အရင်က လုယန်သတင်းလာပို့သည်ကြားတိုင်း သူထိတ်လန့်ရသည်။ ကူးဖြတ်ခြင်းအဆင့် မသေမျိုးတစ်ဝက်အဆင့် တိုက်ပွဲသတင်းများ အမြဲပါလာတတ်သည်။
ယခု အချိန်ကြာလာသည့်နှင့်အမျှ သူ့စိတ်ကလည်း ပိုရင့်ကျက်လာသည်။ ထိုတိုက်ပွဲမျိုးကို သူစိတ်မလှုပ်ရှားတော့။
"မဟာချန်တွေက စိတ်မထိန်းနိုင်တော့ဘူးထင်တယ်"
"အမယွမ်၊ ကျုပ်ပြန်လာပြီ"
လုယန်က ယွမ်ကျိကု လက်ပြနှုတ်ဆက်သည်။ သူ့မျက်နှာက ပြုံးရွှင်နေသည်။
"ဪ အကိုတိုင်လည်း ရောက်နေတာကိုး"
တိုင်ပုဖန်ကိုမြင်ရသဖြင့် သူအတော်အံ့ဩသွားသည်။ တိုင်ပုဖန် ကောင်းကင်ဂိတ်တောင်ထိပ်သို့လာသည်ကို သူမြင်ရခဲသည်။
"လနန်းတော်က ပြန်လာပြီပေါ့"
ယွမ်ကျိက လုယန်ကို ဝင်ထိုင်ဖို့ မျက်ရိပ်ပြသည်။
ပြီးခဲ့သည့်သုံးရက်လောက်က ကျူးဟုန်ကို သားအမိမြစ်ရေတစ်ခွက်တိုက်ဖို့ လနန်းတော်သို့ ယွမ်ကျိသွားခဲ့သည်။ နောက်နှစ်ရက်အကြာတွင် မဟာချန်ကျင့်ကြံသူများ လနန်းတော်ကို တိုက်ခိုက်သည်။ အထိအခိုက်မရှိ၍ တော်သေးသည်။
"အမယွမ်၊ အကိုတိုင်၊ ဒီလမုန့်နဲ့ ဝိညာဉ်သီးတွေမြည်းကြည့်ပါဦး။ လနန်းတော်ရဲ့ အထူးထုတ်ကုန်တွေပါ"
လုယန် ကျောက်စိမ်းတံဆိပ်ထဲမှ အိတ်နှစ်လုံးဆွဲထုတ်သည်။ တစ်အိတ်က သံလွင်ပန်းအဆာသွပ်လမုန့်များ ပြည့်နေသည်။ နောက်တစ်အိတ်တွင် သူအရသာတွေ့သည့် ဝိညာဉ်သစ်များကို အရွယ်အစားချုံ့၍ ထည့်ယူလာသည်။
"မင်းကအတော်အလိုက်သိတာပဲ"
ယွမ်ကျိ ဝိညာဉ်သီးတစ်လုံးယူ၍ နည်းနည်းချင်းကိုက်စားသည်။
လနန်းတော်နှင့် ကြိမ်ဖန်များစွာ ဆက်သွယ်ဖူးသဖြင့် လမုန့်နှင့်ဝိညာဉ်သီးကို သူစားဖူးပါသည်။ သို့သော် ရှောင်လုက စေတနာဖြင့်ယူလာသည်ဖြစ်၍ ဤလမုန့်နှင့်ဝိညာဉ်သီးများက ပို၍တန်ဖိုးကြီးသည်။
တိုင်ပုဖန်က လမုန့်တစ်ခုယူ၍ ဉာဏ်အလင်းလက်ဖက်ရည်နှင့်တွဲ၍ စားသည်။
"သံလွင်ပန်းအဆာသွပ်လမုန့်တွေလား။ အင်း..မစားရတာကြာပြီ။ ညီလေးလုက တကယ်သိတတ်တာပဲ။ ...ညီလေးလု လသံလွင်နန်းတော်ကို အလည်သွားတာ တစ်ခုခုအကျိုးထူးခဲ့လား"
အကိုတိုင် အကြားအမြင်များရနေသလားဟု လုယန်တွေးမိသည်။ မှန်သည်။ ဤခရီးက တကယ်ထိုက်တန်သည်။ များစွာအကျိုးရှိခဲ့သည်။
"မနေ့ကပဲ မဟာချန်နတ်ဆိုးချုပ်သခင်နဲ့နတ်ဆိုးနှိမ်သခင်က သံလွင်ဘိုးဘေးကိုလိုချင်လို့ လနန်းတော်ကို ခိုးဝင်တယ်။ နတ်ဆိုးချုပ်သခင်က ကူးဖြတ်ခြင်းအဆင့်၊ နတ်ဆိုးနှိမ်သခင်က မသေမျိုးတစ်ဝက်ပါ။ ဒါပေမယ့် လနန်းတော်ကို ဘိုးဘေးဖုန်စီ၊ ကျွေးယွဲ့ဘိုးဘေးနဲ့ သံလွင်ဘိုးဘေးတို့က ကာကွယ်ထားတယ်။
သူတို့သုံးယောက်ပေါင်းပြီး ခုခံခဲ့လို့ လနန်းတော်ဂိုဏ်းဝင်တွေ အထိအခိုက်မရှိခဲ့ပါဘူး"
တိုင်ပုဖန် သိပ်အံ့ဩဟန်မရှိပဲ တည်ငြိမ်စွာပြန်မေးသည်။
"ဪ...လနန်းတော်ဘက်က မသေမျိုးတစ်ဝက်ဆိုတာ တကယ်ကျွေးယွဲ့ဘိုးဘေးလား"
ထိုမသေမျိုးတစ်ဝက်သည် ကျွေးယွဲ့ဘိုးဘေးဖြစ်နိုင်ကြောင်း သူသတင်းရထားပြီးဖြစ်သည်။ ယခု လုယန်ပြောမှ သူအတည်ပြုနိုင်သည်။
"ကံအကြောင်းတိုက်ဆိုင်လို့ လျှို့ဝှက်ချက်တစ်ချို့လည်း ကျုပ်သိခဲ့ရတယ်။ သံလွင်ဘိုးဘေးက သိစိတ်ဝိညာဉ်ဖွံ့ဖြိုးပြီး ပိုင်ယဲ့ဆိုတဲ့နာမည်နဲ့ တကယ့်သက်ရှိအစစ်ဖြစ်လာတယ်။ ကျွေးယွဲ့ဘိုးဘေးက ကျင့်စဉ်အမှားအယွင်းကြုံခဲ့လို့ မတတ်သာဘဲ သံလွင်ကိုယ်ပွားခန္ဓာတစ်ခုကို ပိုင်ယဲ့နဲ့မျှသုံးရတယ်။
ကျွေးယွဲ့က နေ့ခင်းဘက်မှာသုံးတယ်။ ပိုင်ယဲ့က ညဘက်မှာသုံးတယ်။ ပိုင်ယဲ့က ကျုပ်ဇာတ်လမ်းတွေ နားထောင်ရတာကို သဘောကျတယ်။ လနန်းတော်မှာနေတဲ့အချိန်က သူညတိုင်းကျုပ်ကို လာတွေ့တယ်။ အချိန်ကြာလာတော့ သူနဲ့ကျုပ် ရင်းနှီးလာတာပေါ့"
"ဪ...အဲလိုလား"
တိုင်ပုဖန် ကံရေစက်အကြောင်း စဉ်းစားနေဟန်ဖြင့် ခပ်လေးလေးခေါင်းငြိမ့်သည်။ နောက်ထက်လမုန့်တစ်ခုယူပြီး လုယန်နှင့်အတူစားသည်။
"ပိုင်ယဲ့နဲ့ကျွေးယွဲ့က မဟာနှင်းတောင်တန်းကနေ မထွက်နိုင်ကြဘူး။ နှင်းတောင်တန်းတစ်ခု ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းကိုရွှေ့ပြောင်းဖို့ ပိုင်ယဲ့က အကြုံပြုတယ်။ အဲလိုဆို သူရောကျွေးယွဲ့ရော ဒီကိုလာနိုင်မယ်လေ။ အတော်ကြာအောင်နေဖို့ သူရည်ရွယ်ထားပုံရတယ်"
"အဟွတ် အဟွတ် အဟွတ်"
တိုင်ပုဖန် လည်နင်သွားပြီး ချောင်းတဟွတ်ဟွတ်ဆိုး၍ ရင်ဘတ်ကိုလက်ဖြင့်ထုနေရသည်။
"အကိုတိုင်၊ အဆင်ပြေရဲ့လား"
လုယန် စိုးရိမ်တကြီးမေးသည်။
လမုန့်ကို မျိုချရန်ကြိုးစားရင်း တိုင်ပုဖန်က အဆင်ပြေကြောင်း လက်ခါပြပြသည်။ ထို့နောက် လုယန်ကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သည်။
"မင်းက သံလွင်ဘိုးဘေးနဲ့ လနန်းတော်ဂိုဏ်းတည်ဘိုးဘေးကို ငါတို့ဂိုဏ်းကိုလာအောင် စည်းရုံးခဲ့တယ်ပေါ့"
"ဒါက ပိုင်ယဲ့စိတ်ကူးပါ။ ကျုပ်နဲ့ဘာမှမဆိုင်ပါဘူး"
လုယန်က သူ့ရပ်တည်ချက်ကို အမြန်ရှင်းပြသည်။
"မင်းနဲ့သေချာပေါက်ဆိုင်မှာပါ ကောင်လေး"
လုယန်၏ စကားအဓိပ္ပါယ်ကို အပေါ်ယံကြည့်၍ ဆုံးဖြတ်မရကြောင်း တိုင်ပုဖန်သိသည်။
ပိုင်ယဲ့နှင့်ပိုင်ရိတို့ ဂိုဏ်းသို့လာမည်ဟုသိရသဖြင့် ယွမ်ကျိလည်း အံ့ဩနေသည်။
"နောက်ထပ်ဘာရှိသေးလဲ"
တိုင်ပုဖန် စိတ်ညစ်လာဟန်ဖြင့် ပြောသည်။ သူဘယ်လောက်ကြိုတင်ပြင်ဆင်ထားသည်ဖြစ်စေ လုယန်လုပ်ရပ်များကို အံ့ဩနေရဆဲဖြစ်သည်။
"ရှိတယ် ရှိတယ်။ တစ်ခုရှိသေးတယ်။ လနန်းတော်မှာပုန်းကွယ်နေတဲ့ စွမ်းအားရှင်တစ်ယောက်ရှိတယ်။ သူ့ကျင့်စဉ်အဆင့်က မခန့်မှန်းနိုင်လောက်အောင်မြင့်တယ်။
သူ့ကိုကျုပ်နဲ့အတူ ခေါ်လာခဲ့တယ်။ အကိုတိုင် သူနဲ့တွေ့ချင်လား"
"ပုန်းကွယ်နေတဲ့ စွမ်းအားရှင်လား...သူဘယ်မှာလဲ"
တိုင်ပုဖန် တွေးမရဖြစ်နေသည်။
လုယန်နက လက်ခလယ်တွင်ဝတ်ထားသည့် အနက်ရောင်လက်စွပ်ကို ပြလိုက်သည်။
"ဒီရှေးဟောင်းလက်စွပ်ထဲက ကမ္ဘာငယ်ထဲမှာပါ"
"ဒါဆိုရင်လည်း သူနဲ့မိတ်ဆက်ပေးပါဦး ညီလေးလု"
လျှို့ဝှက်စွမ်းအားရှင်အကြောင်း သိရသည်မှာလည်း သတင်းစုစည်းသည့်သဘောဖြစ်သည်။
ယွမ်ကျိ မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ 'ပုန်းကွယ်နေသည့်စွမ်းအားရှင်'သည် သာမန်မဖြစ်နိုင်ဟု အလိုလိုခံစားနေရသည်။ လုယန်၊ တိုင်ပုဖန်တို့နှင့်အတူ လက်စွပ်ကမ္ဘာငယ်ထဲသို့ သူလိုက်သွားသည်။
လက်စွပ်ကမ္ဘာငယ်လေထုက မြူခိုးများပြည့်နေသည်။ မြင်ကွင်းများဝေဝါးနေသည်။ တိုင်ပုဖန်ပင် ဝိညာဉ်အာရုံဖြန့်၍မရ။ မြူများက ပိတ်ဆို့ထားသည်။
ကြီးမားသည့်သဏ္ဌာန်တစ်ခု အဝေးတွင် ဖျတ်ခနဲပေါ်လာသည်။ ပုံပန်းသဏ္ဌာန်မကွဲပြား။ ဘယ်လိုဖြစ်တည်မှုမှန်းမသိ။ တိုင်ပုဖန် အလိုလိုထိတ်လနန့်လာသည်။
"ရှောင်လု၊ မင်းပြောတဲ့ စွမ်းအားရှင်က ဘယ်မှာလဲ"
လုယန်စကားမပြောဘဲ အပေါ်သို့ လက်ညှိုးထိုးပြသည်။
တိုင်ပုဖန် မော့ကြေည့်သည်။ မြူခိုးကြားမှ ကြီးမားသည့်ကိုယ်ထည်တစ်ခုကို မြင်ရသည်။ အရွယ်အစားကြီးမားပြီး အလျားလည်းရှည်သည်။
ဘေးပတ်လည်မှမြူများ အလိုလိုလွင့်ပါးသွားသည်။ နဂါးဦးခေါင်းပေါ်လာသည်။ ရွှေဖြင့်ထုဆစ်ထားသလိုရှိသည်။
နဂါးဦးခေါင်း နိမ့်ဆင်းလာသည်။ ဖန်သားနှင့်တူသည့် မျက်လုံးထဲတွင် တိုင်ပုဖန်၏အရိပ်က ထင်ဟပ်နေသည်။
တိုင်ပုဖန် ကြက်သီးထသွားသည်။ ထိုနဂါးဦးခေါင်းက တမင်တကာစွမ်းအင်ဖိအားထုတ်လွှတ်ခြင်းမရှိ။ သို့သော် ကြောက်စရာအရှိန်အဝါတစ်မျိုး ထွက်ပေါ်နေသည်ကို သူခံစားမိသည်။ အချိန်ကြာမြင့်စွာ ဖြစ်တည်ခဲ့ခဲ့သည့် ဩဇာရိပ်အရှိန်အဝါမျိုးဖြစ်သည်။
ဤစွမ်းအားရှင်သည် အရေးပါသည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း ထင်ရှားနေသည်။
"ညီလေးလု၊ ဒီစွမ်းအားရှင်က ဘယ်သူလဲ"
"အရှေ့ပင်လယ်နဂါးမျိုးနွယ်တွေ ပူဇော်ကြတဲ့ ယင်လုန်အရှင်ပါ။ နောက်ထပ်လူသိများတဲ့နာမည်ကတော့ ရှေးဟောင်းမသေမျိုးလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကောင်းကင်လျှပ်စီးထိန်းချုပ်သူ ယင်ထန်မသေမျိုးပါ။ အကြီးအကဲယင်ထန်ရှိနေရင် အကိုတိုင်နောက်ထပ်ဖြတ်ကျော်မယ့် ကောင်းကင်ဆင်းရဲတွေက သေချာပေါက်ဘေးကင်းမှာပါ"
ယင်လုန်အရှင် ရွှေရောင်နဂါးက လူ့ဘာသာစကားဖြင့် ပြောသည်။ စကားပြောပုံက အထက်တန်းကျပြီး ရှေးဆန်သည်။
"မျိုးဆက်သစ်လူငယ်၊ ငါ့ကိုတွေ့ချင်တယ်ဆိုတာ မင်းလား"
တိုင်ပုဖန် မျက်ဖြူလန်၍ ဘုန်းခနဲ သတိလစ်လဲကျသွားသည်။
ယင်ထန် အတော်လေးအခက်တွေ့သွားသည်။ နဂါးလက်သည်းဖြင့် ဝမ်းဗိုက်မှနဂါးကြေးခွံများကိုကုတ်၍
"မျိုးဆက်သစ်ကျင့်ကြံသူတွေက ဘာလို့အဲလောက်အသည်းငယ်ကြတာလဲကွာ"
*******************************
အခန်း (၉၆၉) ယှဉ်ပြိုင်ရဲလား
"ရှောင်တိုင်က သတ္တိကောင်းအောင် လေ့ကျင့်ဖို့လိုသေးတယ်"
နတ်မယ်ပေါ်လာသည်။ ရှောင်တိုင်၏ကျင့်စဉ်အဆင့်သည် လုယန်ထက်မြင့်သော်လည်း သတ္တိအရာတွင် များစွာအားနည်းသေးကြောင်း သူသတိထားမိသည်။
"ဒါက ယင်ထန်မသေမျိုးလား"
ယွမ်ကျိက ယင်လုန်နဂါးကို စိတ်ဝင်တစားကြည့်နေသည်။ ဤတစ်ကြိမ် ရှောင်လု၏ လနန်းတော်ခရီးစဉ်က တကယ်အကျိုးရှိသည်။ နှစ်သုံးသိန်းကြာ ပျောက်နေခဲ့သည့် ယင်ထန်မသေမျိုးကိုပင် ရှာတွေ့ခဲ့သည်။
"ဟုတ်တယ်၊ နတ်မယ်နဲ့ကျုပ် လနန်းတော်မှာ အကြီးအကဲယင်ထန်ကို အမှတ်မထင်တွေ့ခဲ့တာပါ"
ယင်လုန်နဂါးဦးခေါင်း နောက်ထပ်နိမ့်ဆင်းလာသည်။ မြူငွေ့များမှုတ်ထုတ်သည်။ နဂါးမျက်လုံးတွင် အပြုံးအရယ်မရှိသည့် ယွမ်ကျိမျက်နာက အရိပ်ထင်နေသည်။
"ကောင်မလေး၊ လုယန်ပြောတဲ့ အမယွမ်ဆိုတာမင်းလား။ ထာဝရနတ်မယ်ကလည်း မင်းကိုအတော်ချီးကျုးနေတယ်။ ငါ့ကို မင်းနဲ့တွေ့စေချင်တယ်တဲ့"
"ဒါက အကြီးအကဲနတ်မယ် တမင်ချဲ့ကားပြီးပြောတာပါ"
"ချဲ့ကားပြောတာဟုတ်မဟုတ် ငါတိုယ်တိုင် စမ်းသပ်ကြည့်ချင်တယ်။ မျိုးဆက်သစ်ကောင်မလေး၊ မင်းငါနဲ့ယှဉ်ပြိုင်ရဲလား"
ယွမ်ကျိ လက်ဆုပ်ဂါရဝပြုသည်။
"ဒါဆို ကျွန်မကိုသင်ပြပေးပါဦး အကြီးအကဲယင်ထန်"
အစီအစဉ်ထဲတွင် ထိုအပိုင်းမပါသဖြင့် လုယန် အမြန်ကြားဖြတ်ပြောသည်။
"အရှင်ယင်ထန်၊ ဒါက သိပ်မသင့်တော်ဘူးနော်"
ယင်ထန် တဟားဟားအော်ရယ်သည်။
"စိတ်ချပါ မိတ်ဆွေလုယန်။ ငါက အဆင့်အတန်းအားကိုးနဲ့ တစ်ခြားလူတွေကို ဘယ်တော့မှ အနိုင်မကျင့်ဘူး။ မင်းအမအတွက် မင်းစိုးရိမ်နေတယ်ဆိုတော့ ငါသူ့ကို တိုက်ကွက်သုံးကွက်အကြောပေးမယ်"
"ကျုပ်ပြောချင်တာအဲဒါမဟုတ်-"
"တော်တော့။ မသေမျိုးတစ်ယောက်ဆိုတာ ပြောပြီးတဲ့စကားကို ပြန်မပြင်ဘူး။ ဒီအတိုင်းပဲ သတ်မှတ်မယ်"
"အကြီးအကဲယင်ထန်က တကယ်စိတ်ထားမြင့်မြတ်တာပဲ"
ယွမ်ကျိက စိတ်ရင်းဖြင့်ပြောသည်။ သူ့ကို တိုက်ကွက်သုံးကွက် အကြောပေးရဲသူ တစ်ယောက်မှမတွေ့ခဲ့ဖူး။ ယင်ထန်က ပထမဆုံးလူဖြစ်သည်။
ယင်ထန်လည်း တိုက်ခိုက်ရသည်ကို နှစ်သက်သူဖြစ်သည်။ သူ့နဂါးခန္ဓာက ကောင်းကင်အထက်တွင် ရစ်ခွေနေသည်။
"မျိုးဆက်သစ်လူငယ်၊ အားမနာတမ်းသာတိုက်ခိုက်ပါ။ မင်းစွမ်းရည်ဘယ်လောက်ရှိလဲ ငါကြည့်ချင်တယ်"
ထိုစဉ် နတ်မယ်က အရေးကြီးသည့်ကိစ္စတစ်ခု ရုတ်တရက် သတိရလာသဖြင့် အော်ဟစ်သတိပေးသည်။
"အဲ..ယင်ထန်ရေ၊ အရှေ့ပင်လယ်မှာတုန်းက ငါ့ကိုယ်ပွားကို မောင်းထုတ်ခဲ့တာ ရှောင်ယွမ်ပဲ"
"ဟာ...ဟိုသတိမေ့သွားတဲ့ကောင်လေး မဟုတ်ဘူးလား"
"တိမ်ဆင်းလက်ဝါး"
ကမ္ဘာငယ်အထက်ကောင်းကင်မှ အဖြူရောင်တိမ်တိုက်များက လက်ဝါးရိပ်အသွင်ပြောင်း၍ လျင်မြန်စွာကျဆင်းလာသည်။ လက်ဝါးရိပ်က ကြီးမားလွန်းသည်။ တစ်ဘက်အစွန်းကိုမမြင်ရ။ ယင်လုန်၏နဂါးခန္ဓာထက်ပင် ပိုကြီးသေးသည်။
တိမ်လက်ဝါးကျလာသည်။ လေဟာနယ်အထပ်ထပ် ကြေမွသွားသည်။ ယင်လုန်ကို မြေပေါ်သို့ ချက်ချင်းရီုက်ချသည်။
ထိုလက်ဝါးတွင် ကမ္ဘာပေါင်းများစွာ ပါဝင်ဖွဲ့စည်းထားသလို ယင်ထန်ခံစားရသည်။ အလွန်တရာလေးလံသည်။ ဝိညာဉ်ကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်။ ရှောင်ပင်မရှောင်လိုက်နိုင်။
တိုင်ပုဖန် အိပ်မှုန်စုံမွှားဖြင့် နိုးလာသည်။ သူ့ဦးနှောက်များ ထိုင်းမှိုင်းနေသည်။ ဘာကြောင့်ဤနေရာတွင် နိုးလာသည်ကို နည်းနည်းမေ့ချင်သလိုဖြစ်နေသည်။
"ခုနက ယင်ထန်မသေမျိုးကို ငါမြင်လိုက်ရတာလား။ သူက ငါတို့ဂိုဏ်းကို လာလည်တာလို့ ပြောတာလား"
တိုင်ပုဖန် မှတ်မိလာသည်။ ခံ့ညားထည်ဝါသည် ရွှေရောင်မသေမျိုးနဂါးကို သူမြင်ခဲ့သည်။ ဒဏ္ဍာရီများစွာထဲတွင်ပါသည့် ပစ္စည်းသွန်းပညာတို့၏ဘိုးဘေး ယင်ထန််မသေမျိုး...
"ယင်ထန်မသေမျိုးက ဘယ်မှာလဲ"
သူခေါင်းထောင်၍ကြည့်သည်။ ယင်လုန်နဂါးကို ယွမ်ကျိက မြေပေါ်သို့ရိုက်ချလိုက်သည်ကို သူမြင်ရသည်။ ဖုန်မှုန့်များ လိမ့်တက်သွားသည်။ မြေပြင်ပေါ်တွင် ဝေဒနာဖြင့်တွန့်လိမ်နေသည့် နဂါးကြီးကို သူမြင်ရသည်။
"ထားလိုက်ပါတော့လေ။ ငါပြန်အိပ်တာပဲ ကောင်းပါတယ်"
မြင်ရကြားရသမျှကို အိပ်မက်ဟု သူထင်နေဆဲဖြစ်သည်။ နောက်တစ်ကြိမ် ပြန်အိပ်ပျော်သွားသည်။
"မူလအသွင်မဲ့လက်ဝါး"
နောက်ထပ်လက်ဝါးတစ်ချက်ကျလာသည်။ ပထမလက်ဝါးတစ်ချက်လိုပင် အထိနာသည်။ ခြေလက်များ အလိုလိုတုန်ရင်လာသည်။
"မူလအသွင်မဲ့လက်ဝါး"
"ကောင်းကင်လှည့်မသေမျိုးလျှပ်စီး၊ တည်မြဲခြင်းမသေမျိုးလျှပ်စီး၊ ရွှေနန်းတော်မသေမျိုးလျှပ်စီး...."
ယင်ထန် အဓိပဓိမသေမျိုးလျှပ်စီးများ စုစည်းပြီး သူ့ရှေ့တွင် အထပ်ထပ်ကာသည်။ မသေမျိုးလျှပ်စီးများ အချင်းချင်းအားဖြည့်၍ ခိုင်မာသည့်မသေမျိုးလျှပ်စီးဒိုင်းကာတစ်ခု ဖြစ်လာသည်။
ထို့နောက် ယွမ်ကျိ၏ လက်ဝါးချက် ဘုန်းခနဲကျလာသည်။ အတော်ဝေးဝေးအထိ ယင်ထန်လွင့်ထွက်သွားသည်။ ကမ္ဘာငယ်၏နံရံတွင် ခေါင်းစိုက်သွားသည်။
နံရံထဲမြုပ်သွားသည့် သူ့ဦးခေါင်းကိုဆွဲထုတ်သည်။ ချာချာလည်အောင် မူးဝေနေသည်။
နတ်မယ်၏ ခန္ဓာကိုယ်ဖောက်ခွဲမှုဒဏ်ကို သူခံခဲ့ရသည်။ ယွမ်ကျိ၏လက်ဝါးသုံးချက်ကြောင့် လွင့်ထွက်ခဲ့သည်။ ဘာကြောင့် ဤနှစ်ရက်အတွင်း သူဆက်တိုက် အရိုက်ခံနေရသည်မသိ။ ရိုက်သည့်လူများကလည်း ရန်သူမဟုတ်။
ရှေးဟောင်းခေတ်တွင် တစ်ခြားမသေမျိုးများနှင့်ဆုံတိုင်း သူဟန်ရေးပြခွင့်မရခဲ့။ ယခုထိလည်း ထိုအတိုင်းပင်ဖြစ်သည်။ မပြောင်းလဲသေး။
ယင်ထန်က လူအသွင်ပြောင်းပြီး ယုံကြည်မှုအပြည့်ရှိသည့် ခြေလှမ်းများဖြင့် ရောက်လာသည်။ သူ့ဟန်ပန်က အေးဆေးတည်ငြိမ်သည်။
"ဟားဟားစား၊ မိတ်ဆွေယွမ်မှာလည်း ကိုယ့်နည်းလမ်းနဲ့ကိုယ် ရှိနေတာပဲ။ ဒါပေမယ့် ငါတို့မသေမျိုးတွေဟာ လွတ်လပ်ပေါ့ပါးမှုကို ရှာဖွေကြတယ်။ စွမ်းအားကိုအတင်းသက်သေပြဖို့ကြိုးစားရင် မကောင်းတဲ့အကျိုးဆက်တွေ ဖြစ်လာတတ်တယ်။ ဒီတော့ အမြင်ဖလှယ်ယုံလောက်နဲ့ပဲ ရပ်ကြတာပေါ့။ ဘယ်သူစွမ်းအားသာတယ်ဆိုပြီး ယှဉ်ပြိုင်နေဖို့မလိုပါဘူး။ ဟုတ်တယ်မဟုတ်လား"
"အကြီးအကဲယင်ထန်ပြောတာ မှန်ပါတယ်"
ယွမ်ကျိက မြေပြင်ပေါ်တွင် အိပ်ပျော်နေသည့် တိုင်ပုဖန်ကို တစ်ချက်လှမ်းကြည့်သည်။
"ထူးဆန်းတယ်၊ ငါခုနက တိုက်ခိုက်နေတုန်းက ရှောင်တိုင်နိုးလာသလားလို့ပါ"
တိုင်ပုဖန် တော်တော်နှင့်နိုးမည့်ပုံမပေါ်သဖြင့် ယွမ်ကျိ မှော်တံဆိပ်တစ်ခုဖန်တီးလိုက်သည်။ တိုင်ပုဖန်ကို လက်စွပ်ကမ္ဘာငယ်ထဲမှထုတ်၍ မစ်ရှင်ခန်းမသို့ ပြန်ပို့ပေးလိုက်သည်။ ထို့နောက် အရေးကြီးကိစ္စများကို သူတို့ဆွေးနွေးသည်။
"နတ်မယ်၊ ရှောင်လု၊ ယင်ထန်အရှင်ကို ဘယ်လိုတွေ့ခဲ့တာလဲ"
"မိတ်ဆွေယွမ်၊ စိတ်မလောပါနဲ့။ အေးအေးဆေးဆေးထိုင်ပြီး ပြောကြတာပေါ့"
ယင်ထန်က အတွေးဖြင့်ထိန်းချုပ်၍ အောက်ကြမ်းပြင်နှင့် တစ်ဆက်တည်းရှိသည့် ထိုင်ခုံလေးလုံးဖန်တီးလိုက်သည်။
လက်စွပ်ကမ္ဘာငယ်ကို သူကိုယ်တိုင် သေချာဒီဇိုင်းထွင်ခဲ့ခြင်းဖြစ်သည်။ သူ့စိတ်ကြိုက် ပုံစံပြောင်းနိုင်သည်။
"မနေ့က လနန်းတော်ကို ကျူးကျော်လာတာ နတ်ဆိုးသခင်နှစ်ယောက်တင်မကဘူး။ နောက်တစ်ယောက်လည်း ပါလာတယ်..."
အဖြစ်အပျက်ကို နားထောင်ပြီးနောက် ယွမ်ကျိ ခဏစဉ်းစားသည်။
"ဪ...ကောင်းကင်အင်ပါယာက ဒီလောကကိုဖွင့်ချင်တယ်ပေါ့။ သူ့ကိုယ်ပွားက ဝါးမျိုနိုင်တဲ့အစွမ်းမျိုးရှိတယ်ဆိုတော့ သူက ဝါးမျိုခြင်းအရိယဖလပိုင်ရှင်ပဲဖြစ်မယ်။ ပုံမှန်အားဖြင့် အရိယဖလတစ်ခုကို သေချာနားမလည်ရင် အသုံးချဖို့ မဖြစ်နိုင်ဘူး။
ဒါကြောင့်လည်း ကျွန်မတို့ရထားတဲ့ ဖလှယ်ခြင်းအရိယဖလနဲ့ ပုံသွန်းအရိယဖလကို မသုံးဘဲဒီအတိုင်းထားတာ။ အခု ဒီဝါးမျိုခြင်းအရိယဖလက အဲလိုနားလည်မှုကန့်သတ်ချက်တွေမလိုဘဲ တစ်ခြားအရိယဖလတွေကို စုပ်ယူပြီး အသုံးချနိုင်တယ်ထင်တယ်။
ကောင်းကင်အင်ပါယာရဲ့ဝိညာဉ်က အရိယဖလတွေအများကြီး တစ်ပြိုင်တည်း မထိန်းချုပ်နိုင်လောက်ဘူး။ ဒါကြောင့် သူ့မသေမျိုးဝိညာဉ်ကိုအားဖြည့်ဖို့ သံလွင်ဘိုးဘေးကို လိုချင်တာဖြစ်မယ်"
"ကျုပ်တို့လည်း အဲလိုပဲတွေးပါတယ်"
ယင်ထန်နှင့်နတ်မယ်က ခေါင်းငြိမ့်ထောက်ခံသည်။
လုယန် ခဏစဉ်းစားသည်။ ထို့နောက် နားလည်သလိုဟန်ဆာင်၍ ခေါင်းငြိမ့်လိုက်သည်။
"ဝိညာဉ်သခင်က သေသွားပြီ။ မသေမျိုးရှာနိုင်တဲ့ တံဆိပ်သုံးခုကို ဘယ်လိုသုံးရတယ် ဘာပစ္စည်းနဲ့လုပ်ထားတယ်ဆိုတာနဲ့ပတ်သက်ပြီး နတ်ဆိုးနှိမ်သခင် တစ်ခုခုသိထားလောက်တယ်။ ကျွန်မ လနန်းတော်ကိုသွားပြီး မေးမြန်းကြည့်မယ်။ ဒီကိစ္စက မခက်လောက်ဘူး။
မဟာချန်အဆင့်မြင့်စွမ်းအားရှင်နှစ်ယောက်ကို ဖမ်းမိထားပြီဆိုတော့ လနန်းတော်နှင့် မဟာရှားက ဒီကိစ္စကို အလေးထားကြမှာပဲ။ လနန်းတော်ကလည်း ဝိညာဉ်မှတ်ဉာဏ်တိုက်ရိုက်ရှာဖွေပြီး သတင်းယူကြမယ်ထင်ပါတယ်။
မသေမျိုးလေးယောက်ထဲကတစ်ယောက်ကို ပူးကပ်ခံထားရတဲ့ကိစ္စကမှ တကယ့်ပြဿနာပါ။ နောက်ကွယ်ကလူက အရိပ်ထဲမှာနေတာ။ အခု တစ်ယောက်ကိုပူးကပ်ထားတယ်ဆိုတော့ အမှောင်ထဲကနေ အလင်းရောင်တစ်ဝက်ရှိတဲ့နေရာကို ထွက်လာတာနဲ့တူတယ်။ အဲဒါကို အခွင့်ကောင်းယူရမှာပဲ။
ရှောင်လု၊ နောင်တစ်ချိန် ချီလင်မသေမျိုး ဒါမှမဟုတ် ကိုးဆမသေမျိုးကိုတွေ့လာခဲ့ရင် သေချာသတိထားပါ"
"ဟုတ်ကဲ့ပါ၊ ဒါပေမယ့် ကျုပ်သူတို့ကိုတွေ့လာဖို့ဆိုတာ အဲလောက်သေချာလို့လား"
အမယွမ်သည် မသေမျိုးပြသနာများနှင့် ဝေးဝေးရှောင်ဖို့ သူ့ကိုအမြဲပြောခဲ့သည်။ ယခုဘာကြောင့် ဗျူဟာပြောင်းလိုက်သည်မသိ။
သို့သော် ယွမ်ကျိက ထူးဆန်းသည့်အကြည့်ဖြင့် စိုက်ကြည့်နေသဖြင့် လုယန် အလိုက်တသိ ပါးစပ်ပိတ်ထားလိုက်သည်။
ထိုကိစ္စနှင့် သူဝေးဝေးရှောင်လိုလျှင်ပင် ရှောင်နိုင်တော့မည်မထင်။
********************************