အခန်း (၉၇၀-၉၇၂)
Vol. 65 Ch. 970-972
အခန်း (၉၇၀) ဘယ်ရတနာမျိုးမဆို ဖန်တီးနိုင်ပါသည်
"ယင်ထန်အရှင်ရဲ့ခန္ဓာကိုယ်က ပျက်စီးနေတာ ကျွန်မသတိထားမိတယ်။ ဒါကိုပြည့်စုံအောင်လုပ်ဖို့ မသေမျိုးရွှေနည်းနည်းလိုချင်လား"
ယင်ထန်ကိုမေးစရာမလို။ သူ့အခြေအနေကို ယွမ်ကျိရိပ်မိသည်။ ဘာလိုအပ်နေမှန်းသိသည်။
"အဲလိုဆိုရင်တော့ မိတ်ဆွေယွမ်ကို ကျူပ်ကျေးဇူးတင်ရမှာပါ"
ယင်ထန် ပျော်သွားသည်။ လောလောဆယ် သူလိုအပ်နေသည်က မသေမျိုးရွှေဖြစ်သည်။
"မင်းလိုအပ်တဲ့ မသေမျိုးရတနာတစ်ခုခုရှိရင် ပြောသာပြောပါ။ ကျုပ်သန့်စင်ပေးနိုင်ပါတယ်"
"လောလောဆယ်တော့ ကျွန်မမလိုသေးပါဘူး။ နောင်တစ်ချိန်လိုလာခဲ့ရင် ယင်ထန်အရှင် ကူညီပေးပါ"
"ရှောင်လင်းနဲ့လျန်ယိကို နင်တွေ့ချင်လား"
နတ်မယ်က ယင်ထန်ကိုမေးသည်။
"ညီမနှစ်ယောက်ကိုလား။ ငါသူတို့နဲ့မတွေ့ရတာ တကယ်ကြာပြီပဲ"
အစောပိုင်းက အောင်းလင်းနှင့်ကျန်းလျန်ယိကို ယင်ထန်သွားမတွေ့ရဲ။ သူတို့နောက်ကွယ်တွင် အသံတိတ်မသေမျိုးရှိနေမည်ထင်၍ သတိထားနေခဲ့သည်။ ယခု နားလည်မှုလွဲနေသည့်ကိစ္စများ ရှင်းလင်းသွာပြီဖြစ်၍ ထိုနှစ်ယောက်ကို သူတွေ့ချင်လာသည်။
"နတ်မယ်၊ သူတို့ဘယ်ရောက်နေလဲသိလား"
ယင်ထန်ကမေးသည်။
အောင်းလင်းနှင့်ကျန်းလျန်ယိသည် ခြေဦးတည့်ရာ လျှောက်သွားနေသူများဖြစ်သည်။ နေရာအတည်တကျမရှိ။
"ဟုတ်သားပဲ။ ဘယ်ရောက်နေလဲဆိုတာတော့ ငါမသိဘူး။ သူတို့နဲ့ ဆုံဖြစ်တဲ့အချိန်ကျမှ တွေ့ကြတာပေါ့"
ယွမ်ကျိက စိတ်ပျက်လက်ပျက်ခေါင်းခါ၍ အဝါရောင်မှော်အဆောင်တစ်ခု ထုတ်လိုက်သည်။
"အကြီးအကဲအောင်းလင်းကို ပဲပြာမသေမျိုးက တိုက်ခိုက်မှာစိုးရိမ်လို့ ပင်လယ်တာအိုသခင်ကို လေဟာနယ်လမ်းကြောင်းမှော်အဆောင် နည်းနည်းလုပ်ပေးဖို့ ကျွန်မပြောခဲ့တယ်။ ဒီမှော်အဆောင်နဲ့ အကြီးအကဲအောင်းလင်းကို ရှာလို့ရပါတယ်"
"အဲဒါဆို သိပ်ကောင်းတာပေါ့။ ရှောင်ယွမ်က တကယ်အားကိုးရတာပဲ"
နတ်မယ် ပျော်ရွှင်သွားသည်။ ရှောင်လင်းနှင့်လျန်ယိက အမြဲတမ်း တပူးတွဲတွဲနေသူများဖြစ်သည်။ ရှောင်လင်းကိုတွေ့လျှင် လျန်ယိကိုလည်း တွေ့ရမည်။
"ဒီကမ္ဘာငယ်က လေဟာနယ်ကူးဖြတ်တာကို တားဆီးထားတယ်။ ရှင်တို့ အပြင်ကိုထွက်ပြီးမှ လေဟာနယ်လမ်းကြောင်းဖွင့်ပါ"
ယွမ်ကျိက ထပ်ပြောသည်။
ယွမ်ကျိအမြင်အာရုံစူးရှပုံကို ယင်ထန်အံ့အားသင့်သွားသည်။ အသံတိတ်မသေမျိုးက နည်းလမ်းတစ်ခုခုသုံးပြီး လက်စွပ်ကမ္ဘာငယ်ထဲသို့ လေဟာနယ်လမ်းကြောင်းဖွင့်၍ တိုက်ရိုက်ဝင်လာမည်ကို သူစိုးရိမ်ခဲ့သည်။
ထို့ကြောင့် လက်စွပ်ဖန်တီးချိန်တွင် လေဟာနယ်စွမ်းအားကို ပိတ်ဆို့နိုင်အောင် ဒီဇိုင်းထွင်ထားခဲ့သည်။
ယွမ်ကျိ ထွက်သွားပြီးနောက် လုယန်လည်း လက်စွပ်ကမ္ဘာထဲမှထွက်သည်။ မြေပေါ်တွင်ကျနေသည့်လက်စွပ်ကို ပြန်ဝတ်ပြီး လေဟာနယ်မှော်အဆောင်ကို အသက်သွင်း၍ အောင်းလင်းရှိသည့်နေရာဆီ သွားသည်။
မသေမျိုးနှစ်ယောက်နှင့်အတူထွက်သွားသည့်လုယန်ကို ကြည့်နေပြီးနောက် ယွမ်ကျိ တောင်အောက်သို့ဆင်းသည်။ တာအိုလမ်းစဉ်ဂိုဏ်းကို ရစ်ခွေစီးဆင်းနေသည့် ဝိညာဉ်မြစ်ထဲတွင် ယွမ်မုန်မုန်ကို တွေ့ရသည်။
ယွမ်မုန်မုန်က မြစ်ရေပြင်ပေါ်တွင် လဲလျောင်းနေသည်။ ရေစီးခေါ်ရာသို့ မျှောလိုက်နေသည်။
သူတို့မက်မွန်လျှို့ဝှက်မြေတွင်ရှိသည့်မြစ်က မသေမျိုးမြစ်တစ်စင်းဖြစ်သည်။ သူ့အဖွားက ထိုမြစ်ထဲတွင် သူ့ကို ယခုလိုကစားခွင့်မပေး။
ယွမ်ကျိက ယွမ်မုန်မုန်ကို ရေထဲမှဆယ်ယူသည်။
"မုန်မုန်၊ မသေမျိုးရတနာတစ်ခုခု နင်လိုချင်လား"
"မသေမျိုးရတနာလား"
ယွမ်မုန်မုန် စဉ်းစားညသည်။ ထာဝရမျိုးဆက်သည် တိုက်ခိုက်ဖို့အတွက် လက်နက်မလိုဟု ခေါင်းဆောင်နတ်မယ်က ပြောသည်။ မသေမျိုးလက်နက်မလိုအပ်လျှင်...
"ဘယ်လိုမသေမျိုးရတနာဖြစ်ဖြစ် ရလား"
"ရတယ်"
ယွမ်မုန်မုန်မျက်လုံးများ အရောင်လက်လာသည်။
"ဒါဆို ရတနာခွက်တစ်ခုလောက် သန့်စင်ပေးလို့ရလား။ မုန့်တစ်ခုထည့်လိုက်ရင် နှစ်ခုပွားလာတဲ့ခွက်မျိုးပေါ့"
"စမ်းကြည့်ကြတာပေါ့"
ထို့နောက် သစ်ပင်အောက်တွင်လှဲ၍ သဘာဝစွမ်းအင်ခံစားနေသည့် ကန်ထန်ကို ယွမ်ကျိသွားတွေ့သည်။
"ညီမသုံး၊ မသေမျိုးရတနာတစ်ခုခု လိုချင်တာရှိလား။ ဘယ်လိုရတနာ လုပ်ပေးစေချင်လဲ"
ကန်ထပ် ထထိုင်သည်။ ယွမ်ကျိမေးခွန်းကို သိပ်နားမလည်။ သို့သော် သစ်ပင်ကိုကျောမှီ၍ သေချာစဉ်းစားသည်။
"ဆုတောင်းပြည့်တဲ့ မသေမျိုးမီးအိမ်လို ပစ္စည်းမျိုးရှိလား။ မီးအိမ်ကို နှစ်ခါပွတ်လိုက်ရင် နတ်မင်းတစ်ပါးပေါ်လာပြီး ဆန္ဒသုံးခုဖြည့်ဆည်းပေးတာမျိုးပေါ့"
"စမ်းကြည့်တာပေါ့"
ဂိုဏ်းထဲတွင် လှည့်ပတ်မေးမြန်း၍ လိုအပ်သည့်ရတနာပစ္စည်းစာရင်းကို စာရွက်ပေါ်တွင် ယွမ်ကျိ ချရေးသည်။
"ပစ္စည်းနှစ်ခုပွားစေတဲ့ ရတနာခွက်၊ ပွတ်လိုက်တာနဲ့ ဆန္ဒဖြည့်ပေးတဲ့မီးအိမ်၊ မထွက်ချင်လောက်အောင် သက်တောင်သက်သာရှိတဲ့ ခေါင်းတလား။ လူတွေကိုချစ်တတ်အောင်သင်ပေးတဲ့ရတနာ၊ အလှအပကို အဆင့်အတန်းခွဲပေးတဲ့ ကြေးမုံ...."
"ပစ္စည်းတွေကတော့ နည်းနည်းထူးဆန်းနေသလိုပဲ။ ဒါပေမယ့် ယင်ထန်အရှင်က ပစ္စည်းသွန်းပညာရဲ့ဘိုးဘေးဆိုတော့ ဘယ်မှော်ရတနာမျိုးမဆို ဖန်တီးနိုင်လောက်ပါတယ်။ ပြဿနာမရှိလောက်ပါဘူး"
.......
နတ်ဆိုးနယ်မြေ။ မဟာနတ်ဆိုး ရှေးဟောင်းဂူသင်္ချိုင်း..
လျှောက်လမ်းထဲသို့ နတ်ဆိုးမျိုးနွယ် ရှစ်ယောက်ကိုးယောက်ခန့် စုဝေးရောက်လာသည်။ ခြေလှမ်းစိပ်စိပ်ဖြင့် သတိထားလျှောက်နေကြသည်။
"အကိုကြီး၊ ဝိညာဉ်အာရုံသုံးပြီး ဘေးပတ်လည်ကို စစ်ဆေးကြည့်လို့မရဘူးလား။ အရမ်းမှောင်နေတယ်။ ဘာမှမမြင်ရဘူး"
နတ်ဆိုးမျိုးနွယ်ဝင် မိန်းကလေးတစ်ယောက်က ကြောက်လန့်နေဟန်ဖြင့် သူ့အကိုကြီး၏ အင်္ကျီကိုတင်းတင်းဆွဲထားသည်။
"ငါမင်းကို ဘယ်နှခါပြောရမလဲ။ ဒါက နတ်ဝိညာဉ်တစ်ဝက်အဆင့် မဟာနတ်ဆိုးရဲ့ ရှေးဟောင်းဂူသင်္ချိုင်းပဲ။ ယန္တရားထောင်ချောက်တွေနဲ့ ပြည့်နေတာ။
ဝိညာဉ်အာရုံတစ်စ ဒါမှမဟုတ် အလင်းရောင်တစ်ချက်ဖြန့်တာနဲ့ ယန္တရားတွေက အသက်ဝင်လာမှာ"
"ဪ"
"အားလုံးပဲ၊ ထောင်ချောက်ယန္တရားခလုတ်တွေ မနင်းမိအောင် ငါ့ခြေလှမ်းအတိုင်း သေချာလိုက်ခဲ့ပါ"
ခေါင်းဆောင်က သူ့အဖွဲ့ကို ဝိညာဉ်အာရုံမှ လှမ်းပြောသည်။
ထောင်ချောက်နှစ်ခု တိုးခဲ့ပြီးဖြစ်သည်။ ခက်ခက်ခဲခဲ တိုက်ခိုက် ဖြတ်ကျော်ခဲ့ရသည်။ နောက်ဆုံးတွင် ဂူသင်္ချိုင်း၏ အတွင်းပိုင်းအကျဆုံးနေရာသို့ ရောက်လာသည်။ ထိုနေရာသို့ သူတို့ထက်အရင် ဘယ်သူမှရောက်ခဲ့ဟန်မတူ။
"ငါတို့လုပ်နိုင်ခဲ့ပြီပဲ"
အားလုံးသက်ပြင်းကိုယ်စီချ၍ မြေပေါ်တွင် ခြေပစ်လက်ပစ်လှဲကြသည်။
ဂူသင်္ချိုင်း အတွင်းပိုင်းက ညပုလဲများကြောင့် အလင်းရောင်ရနေသည်။ ကျင့်စဉ်ကျမ်းများ၊ ဆေးလုံးများ၊ ဝိညာဉ်ရတနာများ မြေပြင်ပေါ်ပြန့်ကျဲနေသည်ကိုကြည့်၍ သူတို့မျက်လုံးများအရောင်လက်ာလသည်။
"အများကြီးပါလား။ နတ်ဝိညာဉ်တစ်ဝက်အဆင့်ဂူသင်္ချိုင်း တကယ်ပီသတယ်"
"မိတ်ဆွေ'အောင်းလျန်ယိ'နဲ့ 'ကျန်းလင်း'တို့ရဲ့ ရှေးဟောင်းဂူသင်္ချိုင်းမြေပုံကျေးဇူးကြောင့်ပါ။ သဘောတူထားတဲ့အတိုင်း ပစ္စည်းတွေကို ၆၀/၄၀ နှုန်းနဲ့ခွဲယူကြစို့"
'အောင်းလျန်ယိ'နှင့် 'ကျန်းလင်း'ကို သူတို့လူစု လမ်းတွင် အမှတ်မထင်ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။ ထိုနှစ်ယောက်တွင် မြေပုံရှိသည်။ သို့သော် လူအင်အားမလုံလောက်။ ဂူသင်္ချိုင်းထဲတွင် အန္တရာယ်ကြုံမည်ကို စိုးရိမ်ကြသည်။ ထို့ကြောင့် သူတို့နှင့်ပူးပေါင်းဖို့ အကြံပြုခဲ့သည်။
ဂူသင်္ချိုင်းကို အတူတူးဖော်ပြီး အောင်မြင်လျှင် ရလာသည့်ပစ္စည်းများကို ၆၀/၄၀ နှုန်းဖြင့်ခွဲယူဖို့ သဘောတူခဲ့ကြသည်။
လမ်းတွင်စကားပြောကြရင်း ထိုနှစ်ယောက်အကြောင်း သူတို့သိခဲ့ရသည်။ ထူးခြားသည့်နောက်ခံရှိသူများဖြစ်သည်။ နဂါးသွေးဆက်နှင့် ဖီးနစ်သွေးဆက်ကို ပိုင်ဆိုင်သည်။ သူတို့ဘိုးဘေးများသည် နဂါးမျိုးနွယ်ဖီးနစ်မျိုးနွယ်များ ဖြစ်သည်ဟု ယူဆရသည်။ သို့သော် သူတို့ဘိုးဘေးများ အမှားလုပ်မိခဲ့သဖြင့် မျိုးနွယ်ထဲမှ ပယ်ထုတ်ခံခဲ့ရသည်။
ထို့ကြောင့် အောင်းလျန်ယိနှင့်ကျန်းလင်းလည်း ဤမျိုးဆက်တွင် စွန့်ပစ်ခံဘဝရောက်နေသည်ဟုဆိုသည်။
ခေါင်းဆောင်က ဂူသင်္ချိုင်းထဲမှ ရတနာများကို စစ်ဆေးသည်။ ဆေးလုံးအများစုက သက်တမ်းလွန်နေသည်။ တစ်ချို့က အဆိပ်အဖြစ်ပြောင်းသွားသည်။ တစ်ချို့က သုံးမရဖြစ်သွားသည်။ သို့သော် ဝိညာဉ်ရတနာများ ကျင့်စည်ကျမ်းများက အရည်အသွေးမြင့်သည်။ အသုံးပြုနိုင်သေးသည်။
"ဒါကိုကြည့်လိုက်၊ မဟာနတ်ဆိုးရဲ့ ပြိုင်ဘက်ကင်းမှော်ပညာပဲ"
"ဒီတစ်ခုကိုလည်း ကြည့်ဦး။ ဂူသင်္ချိုင်းပိုင်ရှင် ရွေသန္ဓေတည်ဆောက်ခဲ့တဲ့ အတွေ့အကြုံတွေကို ရေးထားတာ။ ဟား...သူ့နည်းလမ်းကိုသာသုံးရင် အောင်မြင်နိုင်ခြေ တစ်,ရာနှုန်းခွဲလောက်ရှိလာပြီ"
"ဒါကဘာလဲ"
တစ်ယောက်က မြေပြင်တွင်စိုက်ဝင်နေသည့် ဓားတစ်ချောင်းကို သတိထားမိသည်။ ဓားရိုးထိမြုပ်ဝင်နေသည်။ စိတ်ဝင်စားသဖြင့် ဆွဲထုတ်ကြည့်လိုက်သည်။
"ဓားကျိုးတစ်ချောင်းပါလား။ သံချေးတောင်တက်နေပြီပဲ"
ထိုဓားကျိုးကို ဆွဲထုတ်လိုက်ပြီးနောက်တွင် ရုတ်တရက်ဂူသင်္ချိုင်းတစ်ခုလုံး တုန်ခါလာသည်။ ခေါင်းတလားလည်း အဆက်မပြတ်တုန်ခါလာသည်။ အသံများမြည်လာသည်။ ခြောက်ကပ်အက်ကွဲသည့် ရယ်သံတစ်ခု ခေါင်းတလားထဲမှ ပဲ့တင်ထပ်၍ ထွက်လာသည်။
"ဟားဟားဟား၊ နှစ်တစ်ရာကြာခဲ့ပြီ။ အခု ငါကောင်းကင်ကင်းခြေများသင် နေရောင်အလင်းကို ပြန်မြင်ရပြီပေါ့။
ချင်ရန်အဘိုးကြီး၊ မင်းက မင်းအသက်ကိုစတေးပြီး ငါ့ကိုဒီမှာ လှောင်ပိတ်ခဲ့တယ်။ ဒီထဲကို ဘယ်သူမှဝင်မလာနိုင်အောင် ထောင်ချောက်တွေဆင်ခဲ့တယ်။ ဒါပေမယ့်အခု လူတွေရောက်လာပြီး မှော်စက်ဝန်းဗဟိုကဓားကို ဆွဲနှုတ်လိုက်ပြီပဲမဟုတ်လား"
"ကောင်းကင်ကင်းခြေများသခင်လား..."
ဝင်လာသည့်လူစု မျက်နှာများသွေးဆုတ်ဖြူရော်သွားသည်။ ကောင်းကင်ကင်းခြေများတာအိုရှင်သည် လွန်ခဲ့သည့်နှစ်တစ်ရာက နာမည်ကျော်မဟာနတ်ဆိုးတစ်ယောက်ဖြစ်သည်။ ပြိုင်ဘက်ကင်းကျင့်စဉ်စွမ်းအားရှိသည်။ ဘယ်သူမှ သူ့ကိုမယှဉ်နိုင်ကြ။ အနီးအနားမှမျိုးနွယ်စုများကို အကြီးအကျယ်ဒုက္ခပေးခဲ့သည်။
နောက်ပိုင်းတွင် ချင်ရန်မျိုးနွယ်ဘိုးဘေးတစ်ယောက်က နတ်ဝိညာဉ်တစ်ဝက်အဆင့်ရောက်ပြီး ကင်းခြေများသခင်ကို စိန်ခေါ်ခဲ့သည်။ ထိုနောက်ပိုင်း နှစ်ယောက်လုံး အစအနပျောက်သွားသည်။
ယခုအနေအထားကိုကြည့်လျှင် ကင်းခြေများသခင် ဤဂူသင်္ချိုင်းထဲတွင် ပိတ်လှောင်ခံခဲ့ရခြင်းဖြစ်မည်။
ရောင်စုံအကွက်များပါသည့် ကင်းခြေများတစ်ကောင် ခေါင်းတလားထဲမျှ လျှောထွက်လာသည်။ ရာချီသည့်သူ့ခြေထောက်များ စည်းချက်ကျစွာ လှုပ်ရှားနေသည်။ အားလုံး ကျောရိုးထဲမှ စိမ့်တက်လာကြသည်။
"ချင်ရန်အဘိုးကြီးက သေသွားလောက်ပြီ။ သူ့မှော်လက်စွပ် ပျက်စီးသွားလို့ သူပိုင်ဆိုင်တဲ့ပစ္စည်းတွေ ထွက်ကျကျန်ခဲ့တာဖြစ်မယ်။ ကောင်းလိုက်တာ။ အခုငါပြန်နိုးထလာတဲ့အချိန် သွေးနဲ့ချီကိုအားဖြည့်ဖို့လည်း ဒီနတ်ဆိုးလေးတွေလည်းရှိတယ်။ နတ်ဝိညဉ်တစ်ဝက်အဆင့်တစ်ယောက်ရဲ့ ရတနာတွေကိုလည်းရဦးမယ်။ ကံကြမ္မာက ငါ့ကိုမျက်နှာသာပေးနေတာပဲ"
"နင်တို့ကို မြေပုံပေးမိတာ ငါတို့အမှားပါ။ နင်တို့မြန်မြန်ထွက်သွားတော့။ ငါတို့အချိန်ဆွဲထားမယ်"
ထိုသို့ပြောပြီး မိန်ကလေးနှစ်ယောက် ရှေ့တက်သွားသည်။ သူတို့မျက်လုံးတွင် ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင်များပေါ်လာသည်။
"မိတ်ဆွေအောင်းလျန်ယိ"
"မိတ်ဆွေကျန်းလင်း"
ကျန်သည့်လူများ ကျယ်လောင်စွာအော်ဟစ်နေကြသည်။
"ထွက်သွားမယ်ဆိုလည်း ငါတို့အားလုံးအတူထွက်မယ်"
"တော်တော့၊ နင်တို့ထွက်မသွားရင် ငါတို့အားလုံး ဒီမှာသေလိမ့်မယ်"
"ဟဲဟဲ၊ ဘယ်သူမှထွက်သွားဖို့ စိတ်မကူးပါနဲ့"
ကင်းခြေများက မခိုးမခန့်ရယ်သည်။ ချီထိပ်တန်းအဆင့်သာရှိသည့် ထိုနတ်ဆိုးလေးများကို သူမျက်လုံးထဲမထည့်။
ကင်ခြေများနှင့်နတ်ဆိုးအုပ်စု အပြင်းအထန်တိုက်ခိုက်ကြသည်။ ကင်းခြေများက ထိုလူစုနှင့်ကစားရသည်ကို ပျော်နေသည်။ ချက်ချင်းမသတ်။
"မိတ်ဆွေအောင်းလျန်ယိ"
ကင်းခြေများ၏ ခြေထောက်တစ်ချောင်းက အောင်းလျန်ယိရင်ဘတ်ကို ထိုးဖောက်သွားသည်။ အောင်းလျန်ယိက ကျန်းလင်းလက်ထဲတွင် အားအင်ချိနဲ့စွာ လဲလျောင်းနေသည်။
သွေးစွန်း၍ တုန်ရင်နေသည့်လက်ချောင်းများဖြင့် အောင်းလျန်ယိက ကျန်းလင်းမျက်နှာကို လှမ်းကိုင်သည်။
"ရှောင်လင်း၊ နောင်ဘဝကျမှ ညီအမထပ်လုပ်ကြတာပေါ့"
"လျန်ယိ"
ကျန်းလင်း ဝမ်းနည်းပက်လက်ငိုနေသည်။
"မကောင်းဆိုးဝါးကောင်၊ နင်ဒီရန်ကြွေးကို သွေးနဲ့ပြန်ပေးဆပ်ရမယ်"
ကျန်းလင်း ဒေါသတကြီးအော်ဟစ်လိုက်သည်။
ကောင်းကင်ကင်းခြေများက အရေးမစိုက်။ သို့သော် ရုတ်တရက် ကျန်းလင်းမျက်လုံးများက ရှေးဟောင်းခေတ်နဂါးတစ်ကောင်လို ရွှေရောင်ပြောင်းလာသဖြင့် သူမျက်နျာပျက်သွားသည်။
"သွေး...သွေးဆက်နိုးထလာတာလား။ မင်းက နဂါးမျိုးနွယ်ပဲ"
ကင်းခြေများနတ်ဆိုးက အကြီးအကျယ် အံ့အားသင့်သွားသည်။
ထိုစဉ် ရုတ်တရက် လေဟာနယ်တံခါးတစ်ချပ်ပွင့်သွားပြီး လုယန်ထွက်လာသည်။ ဘေးပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။ အသက်ဝိညာဉ်ကင်းမဲ့၍ မြေပေါ်တွင်လဲလျောင်းနေသည့် ကျန်းလျန်ယိ၊ ဒေါသထွက်နေသည်အောင်းလင်း၊ အဖြစ်အပျက်ကို ဘာမှနားမလည်ကြသည့် နတ်ဆိုးလေးများနှင့် နတ်ဝိညာဉ်တစ်ဝက်အဆင့် ကင်းခြေများတစ်ကောင်ကို သူမြင်ရသည်။
"တောင်းပန်ပါတယ်၊ နေရာမှားသွားလို့ပါ"
လုယန် အသာအယာ နောက်သို့ပြန်ဆုတ်လိုက်သည်။
********************************
အခန်း (၉၇၁) လိုအပ်ချက်
လုယန် ခြေတစ်လှမ်းနောက်ဆုတ်သွားသည်။ သို့သော် ဤအခြေအနေရောက်မှ နောက်ပြန်ဆုတ်လည်း ဘာမှမထူးတော့ဟုတွေး၍ ရှေ့သို့ပြန်တက်လာသည်။
"မင်းဘယ်သူလဲ"
တည်ငြိမ်သည့်လေဟာနယ်လမ်းကြောင်းတစ်ခု ဖန်တီးနိုင်သည့် လုယန်ကိုကြည့်၍ ကင်းခြေများနတ်ဆိုး မျက်နှာပျက်နေသည်။ ထိုလူ၏စွမ်းအားအဆင့်ကို သူမခန့်မှန်းနိုင်။
"သူ...သူက လုယန်ပဲ"
နတ်ဆိုးတစ်ယောက်က လုယန်ကို မှတ်မိသွားသည်။
လုယန်၏ နာမည်ဂုဏ်သတင်းက လောကတစ်ခွင်ကျော်ကြားသည်။ သူ့ပုံတူပန်းချီးများ နတ်ဆိုးနယ်မြေအထိပင် ရောက်သည်။
ကင်းခြေများက နှစ်တစ်ရာကြာအောင် ပိတ်လှောင်ခံခဲ့ရသဖြင့် လုယန်အကြောင်းကိုမသိ။ သို့သော် သူကြောက်နေသည်။
"မင်းတို့အားလုံး သွားကြတော့။ ဒီကကိစ္စတွေကို ငါဖြေရှင်းနိုင်ပါတယ်"
လုယန်က နတ်ဆိုးလေးများကို နှင်ထုတ်သည်။
သို့သော် နတ်ဆိုးများက အောင်းလင်းနှင့်ကျန်းလျန်ယိကို စိတ်မချဟန်ဖြင့် လှမ်းကြည့်နေသေးသဖြင့် သူထပ်ပြောသည်။
"သူ့ကို ကယ်လို့ရပါသေးတယ်။ ငါကယ်နိုင်ပါတယ်။ သွားကြတော့"
ထိုအချိန်ကျမှ နတ်ဆိုးအုပ်စု ဂူသင်္ချိုင်းထဲမှ အမြန်ထွက်သွားကြသည်။
"ကဲ အကြီးအကဲနှစ်ယောက်၊ ခင်ဗျားတို့လည်း ငိုနေတာ အိပ်နေတာတွေရပ်ပြီး ထကြပါတော့"
လုယန် စိတ်ပျက်လက်ပျက်ပြောလိုက်သည်။
ဤနေရာမှအခြေအနေကိုသာ ကြိုသိခဲ့လျှင် ဘယ်လိုဖြစ်ဖြစ် လက်ဖက်ရည်တစ်ခွက်လောက်သောက်ပြီးမှ သူလာခဲ့ပေလိမ့်မည်။
သို့သော် ယခု ဘာမှပြောမရတော့။ အားလုံးနောက်ကျသွားပြီဖြစ်သည်။
လုယန်က 'စကားလုံးမှော်ပညာ'ဖြင့် အောင်းလင်းကို 'ပြန်အသက်သွင်း'လိုက်သည်။ အောင်းလင်း မြေပြင်မှ ချက်ချင်းထလာသည်။
"အကိုလု၊ ဒီကိုဘယ်လိုရောက်လာတာလဲ"
ကျန်းလျန်ယိလည်း အငိုရပ်သွားသည်။ ဖီးနစ်စွမ်းအင်ရောင်ကိုလည်း ထိန်းချုပ်မထားတော့။
"ခင်ဗျားတို့အသိကျွမ်းတစ်ယောက်နဲ့ ကျုပ်တွေ့ခဲ့တယ်။ သူနဲ့တွေ့ပေးချင်လို့ပါ"
လုလန် ဝတ်ထားသည့်လက်စွပ်ကို မြှောက်ပြသည်။
"ဒီထဲမှာပါ"
"ဘယ်ကအသိအကျွမ်းလဲ"
မိန်းကလေးနှစ်ယောက် စိတ်ဝင်စားလာသည်။ ယနေ့ခေတ်တွင် သူတို့အသိအကျွမ်းတစ်ယောက်ကိုတွေ့ရဖို့ လွယ်သည်မဟုတ်။
"ယင်ထန်မသေမျိုးပါ"
လုယန် ချက်ချင်းတန်းပြောသည်။ ဘာမှဝေ့ဝိုက်မနေ။
"အကိုယင်ထန်လား"
နှစ်ယောက်လုံး အံ့အားသင့်သွားပြီး မျက်နှာတွင် အပျော်ရိပ်လွှမ်းလာသည်။ ကျင်းချိုင်ဝေတို့လို လူမျိုးကိုသာ လုယန်တွေ့ဖို့ကံပါသည်ဟု ထင်ခဲ့ကြသည်။ သူတို့ယောက်ျားနှင့် အလွန်ရင်းနှီးသည့် ယင်ထန်မသေမျိုးကို တွေ့လာမည်ဟု ထင်မထားကြ။
"ဒါပေမယ့် ဒီကင်းခြေများအကြောင်း အရင်ရှင်းပြပါဦး။ သူက ဘာလုပ်ခဲ့လို့လဲ"
လုယန်အကြည့်က ကောင်းကင်ကင်းခြေများဆီ ရောက်သွားသည်။
"ဒီနားကဖြတ်သွားရင်းနဲ့ လမ်းကြုံလို့ပါ။ ဒီကင်းခြေများက မကောင်းတာတွေ အများကြီးလုပ်ခဲ့တယ်လို့ကြားရတယ်လေ။ ရောက်တုန်းရောက်ခိုက် ရှင်းပစ်ခဲ့ချင်လို့လေ"
ကျန်းလျန်ယိက ပြောသည်။
လုယန် တွေးနေသည်။
...ဒါဆို ဟိုနတ်ဆိုးအုပ်စုကို ခင်ဗျားတို့စည်းရုံးပြီး ခေါ်လာတာက အပျော်ပြဇာတ်ခင်းဖို့ပဲပေါ့...
သို့သော် ကိုယ်ညီမများဖြစ်၍ လုယန်ထုတ်မပြောတော့။
ကောင်းကင်ကင်းခြေများ တုန်လှုပ်သွားသည်။ ထိုသုံးယောက်၏ သရုပ်မှန်ကို မသိသော်လည်း ပြင်းထန်သည့်စွမ်းအင်ရောင်ကို သူခံစားမိသည်။
လွန်ခဲ့သည့်နှစ်တစ်ရာက သူရင်ဆိုင်ခဲ့ရသည့် နတ်ဝိညာဉ်တစ်ဝက်အဆင့်ချန်ရန်ဘိုးဘေးပင် ထိုမျှကြောက်စရာကောင်းသည့် စွမ်းအင်ရောင်မျိုးမရှိ။
ထို့ပြင် ခုနက ယင်ထန်မသေမျိုးဟူသည့်စကားကို သူကြားလိုက်သည်။ ဘယ်သူမှန်းတော့မသိ။ သေမျိုးများကြားတွင် ရှေးဟောင်းမသေမျိုးတစ်ယောက်က ကစားနေခြင်းလော။
ဘယ်လိုကောင်းကင်စည်းမျဉ်ကို သူချိုးဖောက်ခဲ့မိသည်မသိ။ သူနိုးထလာချိန်တွင် အဆင့်မြင့်စွမ်းအားရှင်သုံးယောက်နှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံရသည်။
...ငါက နတ်ဝိညာဉ်တစ်ဝက်အဆင့်လေးပါ။ မသေမျိုးတစ်ဝက်အဆင့်မဟုတ်ပါဘူး...ဒီလိုဖြစ်မယ်မှန်းသာသိရင်...ခေါင်းတလားထဲမှာပဲ ဆက်ပြီးအိပ်နေခဲ့မှာပေါ့...
"မင်းတို့သုံးယောက်က..."
လုယန် မြေပြင်မှ ဓားကျိုးကိုဆွဲနှုတ်၍ ဓားချီတစ်ချို့သွင်းပြီး လှည့်မကြည့်ဘဲ နောက်ပြန်ပစ်လွှတ်လိုက်သည်။ ကင်းခြေများ၏နဖူးပြင်ကို ထိုးဖောက်သွားသည်။
ကင်းခြေများနတ်ဆိုး တစ်ကြိမ်သာညည်းညူနိုင်ပြီး ခေါင်းတလားထဲသို့ ကွက်တိပြန်လဲကျသွားသည်။
မိန်းကလေးနှစ်ယောက် လုယန်နှင့်အတူ လက်စွပ်ထဲသို့ ဝင်ကြသည်။ ပင်လယ်အစွန်းမှ ကျောက်ကမ်းပါးထက်တွင် လက်တစ်ဘက်နောက်ပစ်၊ လက်တစ်ဘက်ပုံမှန်ချထား၍ ကျောပေးရပ်နေသည့် ယင်ထန်မသေမျိုးကို သူတို့မြင်ကြရသည်။
ဖြူဖွေးသည့်သူ့ဝတ်ရုံက ပင်လယ်လေပြေကြောင့် တဖျတ်ဖျတ်ခါနေသည်။ အဆုံးစမဲ့လှိုင်းလုံးများက ကမ်းခြေကိုရိုက်ခတ်သည်။
ယင်ထန်မသေမျိုး လှည့်ကြည့်လာသည်။ သူ့အကြည့်တွင် ရင့်ကျက်သည့် လေးနက်မှုများပါသည်။ နှစ်သုံးသိန်းကာလကို ဖြတ်သန်းကြည့်ရှုနေသည့် အကြည့်မျိုးဖြစ်သည်။
"ညီမတို့၊ မတွေ့ရတာကြာပြီနော်။ နှစ်သုံးသိန်းတောင်ကြာသွားပြီပဲ။ အားလုံးအဆင်ပြေကြရဲ့လား"
ဤပြောဟန်ဆိုဟန်ကိုကြားသည်နှင့် မျက်နှာကိုပင် ကြည့်စရာမလို။ ယင်ထန်မသေမျိုးအစစ်ဖြစ်ကြောင်း အောင်းလင်းတို့သိသည်။
"အကိုယင်ထန်"
နှစ်ယောက်လုံး ပျော်ရွှင်စာအော်ဟစ်နှုတ်ဆက်ကြသည်။
သူတို့သုံးယောက် နှစ်သုံးသိန်းကြာပြီးမှ ဤကမ္ဘာငယ်တွင်ပြန်ဆုံကြခြင်းဖြစ်သည်။ သူတို့အပျော်စိတ်ကို စကားလုံးဖြင့် ဖော်ပြ၍ရနိုင်မည်မဟုတ်။
"အကိုယင်ထန်ကို ဒီလိုနေရာမှာတွေ့ရမယ်လု့ ထင်မထားဘူး"
"မင်းတို့နှစ်ယောက်လည်း ရှေးဟောင်းခေတ်ကလို တပူးတွဲတွဲနဲ့ ညီအမရင်းတွေလိုရှိနေကြတုန်းပါပဲ"
"အကိုယင်ထန်၊ ဟိုအရင်တုန်းက ဘာတွေဖြစ်ခဲ့တာလဲ။ ဒီနှစ်ပိုင်းတွေက အကိုဘယ်ကိုရောက်နေတာလဲ"
ယင်ထန် ကောင်းကင်သို့မော့ကြည့်သည်။
"အဲဒီ့နှစ်က အဖြစ်အပျက်တွေက အတော်ရှုပ်ထွေးတယ်။ ထိုင်ပါဦး၊ အားလုံးထိုင်ကြပါ။ ငါဖြေးဖြေးချင်းရှင်းပြပါ့မယ်"
ကမ္ဘာငယ်ကို ထိန်းချုပ်၍ ထိုင်ခုံငါးခုဖန်းတီးလိုက်သည်။ အားလုံးကို ထိုင်ဖို့ဖိတ်ခေါ်ပြီး ပင်လယ်လေပြေကို ခံစားကြသည်
"အဖြစ်အပျက်က ဒီလိုပါ...."
ယင်ထန်က ဇာတ်လမ်းကို ပြန်ပြောပြသည်။ သို့သော် ပဲဝါအရှင်အကြောင်းတော့ အသေးစိတ်မပြော။ စွမ်းအားကြီးရန်သူတစ်ယောက်နှင့်တွေ့သဖြင့် မတတ်သာဘဲ ရှောင်ပုန်းခဲ့ရသည်ဟုသာပြောသည်။
ကျန်းလျန်ယိသည် ပဲပြာ၏ အခြေအနေကိုမသိ။ ယင်ထန်ပြောပြလိုက်လျှင် ပဲပြာသတ်မည့်လူစာရင်းထဲသို့ ကျန်းလျန်ယိ ရောက်သွားမည်။
"အများကြီးဖြစ်ပျက်ခဲ့တာပဲ။ အကိုယင်ထန်လည်း နှစ်သုံးသိန်းကို ခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ရမှာပဲနော်"
ယင်ထန်သည် ရှေးဟောင်းလက်စွပ်ထဲတွင် ပုန်းနေရသည်။ အပြင်လောကသတင်းရဖို့ ယုံကြည်ရမည့် ကျင့်ကြံသူများကို ရှာဖွေရသည်။ နတ်မယ်ပြန်ရှင်သန်ချိန်ကိုစောင့်ရသည်။ ထိုအလုပ်များသည် ပြောသလောက်လွယ်သည်မဟုတ်။
"ဘာကိုခက်ခဲတာလဲ။ နေ့တိုင်း သူများတွေကို ဩဝါဒပေးနေရတာမျိုးပါ။ အရင်ကနဲ့ ဘာမှသိပ်မကွာပါဘူး"
နတ်မယ်က ကြားဖြတ်ပြောသည်။
"ဒါဆို ဒီပူးကပ်ခံရတဲ့လူဆိုတာက..."
ကျန်းလျန်ယိတို့နှစ်ယောက် စကားဆုံးအောင်မပြောနိုင်ကြ။ ချီလင်သာ ပူးကပ်ခံထားရသူဖြစ်လျှင် သူတို့ဘယ်လိုလုပ်ရမည်မသိ။
ယင်ထန်လည်း အသံတိတ်နေသည်။ ချီလင်မဟုတ်ပါဟု သူလည်းအာမမခံနိုင်။
ချီလင်က ပူးကပ်ခံထားရသူဖြစ်ပြီး ကျန်းလျန်ယိတို့နှစ်ယောက်က သူ့ကိုမျက်ကန်းလိုယုံကြည်မိ၍ ဒုက္ခရောက်လျှင် ဘယ်လိုလုပ်မည်နည်း...
"ကိစ္စမရှိဘူး၊ ကိစ္စမရှိဘူး။ လုယန်နဲ့ငါ ပူးကပ်ခံရတဲ့လူက ဘယ်သူလဲဆိုတာ သေချာပေါက်ဖော်ထုတ်မှာပါ"
နတ်မယ်က ရှေ့ထွက်လာပြီး ဖျောင်းဖျသည်။
လုယန် နတ်မယ်ကို မယုံကြည်နိုင်သည့်မျက်လုံးများဖြင့် လှမ်းကြည့်သည်။
နတ်မယ်...ကျုပ်ကိုဆွဲမထည့်ဘဲနေလို့မရဘူးလား။ ကျုပ်ခန္ဓာကိုယ်က သိပ်မကြံခိုင်ပါဘူး...ဒီလောက်စွမ်းအားကြီးတဲ့ နောက်ကွယ်ကလုပ်ကြံသူနဲ့ သွားပတ်သက်လို့ ဖြစ်ပါ့မလား...
"ဟုတ်ပါတယ်။ နတ်မယ်နဲ့ကျုပ် အဲဒီ့လူကို သေချာပေါက်ရှာပါ့မယ်"
နတ်မယ်က အာမခံထားပြီးဖြစ်၍ လုယန်အလိုက်သင့်ပြောလိုက်ရသည်။
လုယန်၏ ပါရမီနှင့်ကံကြမ္မာကို ကျန်းလျန်ယိတို့ မြင်ဖူးထားသည်။ တကယ်လည်း ယုံကြည်အားကိုးကြသည်။
"ဒါဆိုရင်တော့ အမနတ်မယ်နဲ့ အကိုလုကို ကျွန်မတို့ကျေးဇူးတင်ရမှာပါ"
ထို့နောက် ယင်ထန်က ဝိညာဉ်သခင်နဲ့တွေ့သည့်အဖြစ်၊ လုယန်နှင့်နတ်မယ်ကိုတွေ့ရသည့်အဖြစ်၊ လုယန်နောက်သို့လိုက်လာပြီး ယွမ်ကျိနှင့်တွေ့ခဲ့အဖြစ်များကို ပြောပြသည်။
ယွမ်ကျိကို တိုက်ကွက်သုံးကွက်အကြောပေးခဲ့ကြောင်းကြားသည်နျင့် အောင်းလင်းနှင့်ကျန်းလျန်ယိတို့ ချက်ချင်းခါးမတ်သွားသည်။
...အကိုယင်ထန်မပြောနဲ့။ အမနတ်မယ် စွမ်းအားအပြည့်ဆုံးအခြေအနေမှာတောင် ယွမ်ကျိကို သုံးကွက်အကြေားမပေးရဲလောက်ဘူး...
"အဟွတ် အဟွတ်..ငါ့ကို အဲလိုမကြည့်ပါနဲ့။ သူဒီလောက်စွမ်းအားကြီးမယ်လို့ ငါဘယ်ထင်ထားပါ့မလဲ"
ယင်ထန် ရှက်သွားသည်။ မိန်းကလေးနှစ်ယောက်အကြည့်ဒဏ်ကို သူမခံနိုင်။
"အလွန်ဆုံး သူက ချီလင်နဲ့တန်းတူလောက်ပဲရှိမယ်လို့ ထင်ခဲ့တာ။ ဒီလော်စွမ်းအားကြီးမယ်လို့ ဘယ်တွေးမိမှာလဲ။ ပြီးတော့ ငါနားလည်သွားပြီ။ ကောင်းကင်ရုံးတော်ဂိုဏ်းချုပ် ယွမ်မုန်မုန်ဆိုတာလည်း သူပဲဖြစ်ရမယ်"
မိန်းကလေးနှစ်ယောက်က ယင်ထန်ကို နှုတ်ခမ်းစူ၍ကြည့်သည်။
"ကျွန်မတို့ယောက်ျားနဲ့ အကိုအမြဲတမ်းလက်ရည်စမ်းခဲ့ကြတာပဲ။ တစ်ခါမှ သုံးကွက်အကြောမပေးဖူးပါဘူး"
"စကားပြောမှားသွားတာပါ၊ စကားပြောမှားသွားတာပါ"
ယင်ထန် ပြုံး၍တောင်းပန်သည်။
ထို့နောက် စကားလမ်းကြောင်းချက်ချင်းပြောင်းလိုက်သည်။
"ဒါနဲ့ ကျူးထန်က နတ်ဆိုးနိုင်ငံမှာ ဘုရင်ဖြစ်နေတယ်လို့ကြားတယ်။ သူလည်း ဒီအချိန်ထိ ဂူအောင်းအိပ်စက်ခဲ့မယ်ထင်မထားဘူး။ ငါ့ကမ္ဘာငယ်မှာ ပရိဘောဂ အသုံးအဆောင်တစ်ချို့လိုနေတယ်။ အဲဒါ သူလုပ်ပေးနိုင်မယ်ထင်တယ်"
လက်စွပ်ကမ္ဘာငယ်ကိုထိန်းချုပ်၍ ပရိဘောကများသူဖန်တီးနိုင်ပါသည်။ သို့မဟုတ် လုယန်ကို အပြင်လောကသို့လွှတ်၍ ဝယ်ခိုင်းလျှင်လည်းရသည်။။ သို့သော် ကျူးထန်လုပ်ပေးသည့် ပစ္စည်းများလောက်တော့ သက်တောင့်သက်သာရှိမည်မဟုတ်။
"ကျူးထန် ဒီနေခေတ်အထိ ရှိနေမယ်လို့ ဘယ်သူမှထင်မထားပါဘူး။ ကျူးထန်ရှိသေးတယ်လို့ ကျန်းလျန်ယိပြောတုန်းက နောက်နေတယ်လို့တောင် ထင်ခဲ့တာ"
အောင်းလင်းက ရယ်နေသည်။
ကျန်းလျန်ယိက ကျူးထန်ကို ရှင်သန်မှုအရိယဖလဖြင့် ထိန်းချုပ်ထားသည်။ ကျူးထန်ရှိသည့်နေရာကို သူအာရုံခံနိုင်သည်။ သူခဏ ဝိညာဉ်အာရုံဖြန့်လိုက်သည်။
"ကျူးထန်က နတ်ဆိုးနိုင်ငံမြို့တော်မှာ ရှိနေတယ်။ အခုသွားတွေ့ကြမလား"
နတ်မယ် ကျူးထန်ရှေ့တွင် လူလုံးထွက်ပြဖူးသည်။ လုယန်၏ အခြေနေမှန်ကို ကျူးထန်သိသည်။ ထို့ကြောင့် သူတို့သွားတွေ့လျှင် ဘာမှဟန်ဆောင်နေစရာမလို။
*********************************
အခန်း (၉၇၂) အဖျက်သမား
နတ်ဆိုးနိုင်ငံကိုတည်ထောင်ကတည်းက ထောင်ချီသည့်နတ်ဆိုးများ သူ့လက်အောက်သို့ခိုဝင်လာသည်။ နတ်ဆိုးမျိုးနွယ်ကြီးငယ်တို့ သူ့ကိုအညံ့ခံကြသည်။ နတ်ဆိုးနယ်မြေက မကြုံစဖူး ထူးထူးခြားခြား စည်းလုံးညီညွတ်နေသည်။
ရှင်သန်မှုအရိယဖလသန္ဓေ၏ ထိန်းချုပ်မှုအောက်တွင် သူ့ကိုအညံ့ခံထားသည့် ကူးဖြတ်ခြင်းအဆင့်နတ်ဆိုးအင်ပါယာ တစ်ဒါဇင်ကျော်ရှိသည်။ စုစည်းခြင်းအဆင့်မဟာနတ်ဆိုးများကို ကူးဖြတ်ခြင်းအဆင့်ရောက်အောင် သူလေ့ကျင့်ပေးနေသည်။
"အခု ဘဝက အတော်သာယာတာပဲ"
အင်ပါယာထိုင်ခုံပေါ်တွင် မှီထိုင်၍ သမ်းတစ်ချက်ဝေရင်း ကျူးထန်သူ့ဘာသာရေရွတ်လိုက်သည်။ နှစ်သုံးသိန်းအိပ်စက်ခဲ့ရသည်မှာ အချည်းအနှီးမဖြစ်။
နန်းတော်အဆင်တန်ဆာများက ခမ်းနားထည်ဝါသည်။ မဟာရှားနန်းတော်ထက်ပင် သာသေးသည်။ အနုပညာလက်ရာရော အခင်းအကျင်းတန်ဖိုးပါ သာလွန်သည်။
နန်ဆိုးနန်းတော်ကို သူကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့သည်။ နန်းတော်ထဲမှ ပရိဘောဂများကို သူ့လက်ဖြင့်ကိုယ်တိုင်လုပ်ခဲ့သည်။
သူနိုးထစအချိန် စွမ်းအားပြည့်မရသေးခင်က သူ့အိမ်တော်တွင် ပရိဘောကပစ္စည်းများ အမြဲလုပ်နေခဲ့သည်။ နန်းတော်တည်ဆောက်ပြီးနောက် ထိုပစ္စည်းများကို လက်တွေ့အသုံးချသည်။
ကျယ်ပြန့်သည့် နန်းတော်ထဲတွင် သူတစ်ယောက်တည်းသာရှိသည်။ သူ့ကိုအလုပ်အကျွေးပြုဖို့ အစေခံမလို။ ကုန်းကုန်းမလို။ ကိုယ်ရံတော်တပ်ဖွဲ့လည်းမလို။
သူသည် မသေမျိုးတစ်ဝက်အဆင့်တစ်ယောက်ဖြစ်သည်။ သူ့ပိုင်ဆိုင်သည့်နယ်မြေတွင် သူ့ကိုဘယ်သူဒုက္ခပေးနိုင်မည်နည်း။
"ကျူးထန်၊ နင်အတော်ဇိမ်ကျနေပုံပဲ"
လှောင်သံစွက်နေသည့် စကားသံတစ်ခု သူ့နောက်ကျောဘက်မှ ပေါ်လာသည်။ ကျူးထန်လန့်သွားသဖြင့် မူလအသွင်ပြောင်းမိတော့မလို ဖြစ်သွားသည်။
ရောက်လာသည့်ဧည့်သည်များကိုမြင်ပြီးနောက် ကျူးထန် မျက်နှာကိုချက်ချင်းပြုံးလိုက်သည်။
"ဪ အမလျန်ယိ၊ အမလင်းနဲ့ အကိုလုယန်တို့ပါလား"
"ငါမသေမျိုးလည်းပါတယ်"
နတ်မယ်က လုယန်ကိုယ်ထဲမှ ပြန်ထွက်လာသည်။
"ဟုတ်ပါတယ် ဟုတ်ပါတယ် အမပဲဝါ"
ကျူးထန် ဤမသေမျိုးကို သူမေ့မထားရဲ။ သူ့နောက်ခံကိုပြောမပြခဲ့လည်း ထိုအချက်က အရေးမကြီးလှ။ ဘယ်မသေမျိုးကိုမှ ကျူးထန်မဆန့်ကျင်နိုင်။
"ဘယ်လေတိုက်လို့များ ရောက်လာကြတာလဲဗျာ"
ကျူးထန်အမြန်ထရပ်၍ နေရာဖယ်ပေးသည်။ လက်ဖက်ရည်ငှဲ့ပေးသည်။ သစ်သီးများ တည်ခင်းဧည့်ခံသည်။
အောင်းလင်းနှင့် ကျန်းလျန်ယိက သူ့ဆီမကြာခဏလာသည်။ လုယန်ကတော့ နတ်ဆိုးနိုင်ငံတည်ပွဲတော်ပြီးကတည်းက သူ့ဆီရောက်မလာတော့။
လှပသည့်နတ်ဆိုးအကမယ်များကို လုယန်ဆီပို့ပေးဖို့ မကြာခဏသူတွေးမိသည်။ သို့သော် တိုက်ရိုက်ပို့ဖို့အဆင်မပြေသဖြင့် ထိုစိတ်ကူးကို ယာယီရပ်ဆိုင်းထားရသည်။
"နင့်ကိုတွေ့ချင်တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရှိတယ်။ အဲဒါ တွေ့ဖိုအဆင်ပြေမလား ဘုရင်ကျူး"
"ကျုပ်ကို ရှောင်ကျူးလို့ပဲခေါ်ပါဗျာ"
ကျူးထန်ခေါင်းငြိမ့်လက်ခံ၍ ဦးညွှတ်အရိုအသေပြုသည်။ အဆင်မပြေဟု သူပြောရဲမည်လော...
"ဒီထဲမှာပါဘုရင်ကျူး၊ ကြွပါခင်ဗျာ"
လုယန်က အနက်ရောင်လက်စွပ်ကို ပြလိုက်သည်။ ပြင်းထန်သည့်စုပ်အားတစ်ခုက သူတို့အားလုံးကို ကမ္ဘာငယ်ထဲသို့ဆွဲခေါ်သွားသည်။
ကျူးထန်ကမ္ဘာငယ်ထဲရောက်လာသည်။ ရှေးဟောင်းခေတ်သို့ အချိန်ကာလကိုဖြတ်သန်း၍ နပြန်ရောက်သွားသလို သူခံစားရသည်။ ကူးဖြတ်ခြင်းအဆင့်များ မသေမျိုးတစ်ဝက်များက ဩဝါဒခံယူပွဲတစ်ခု တက်နေသည်။
ဝတ်ရုံဖြူဝတ်ထားသည့် ယင်ထန်မသေမျိုးက စင်မြင့်ထက်မှ ဩဝါဒချွေ၍ လမ်းညွှန်နေသည်။ စကားပြောကျင်လည်သည်။ သူ့စကားများက မိုးမြေနိမိတ်ကိုဖော်ကျူးသည်။ တာအိုအသံလှိုင်းများ ညင်သာစွာလှုပ်ရှားနေသည်။ ရွှေရောင်စမ်းချောင်းများ မြေပြင်တွင်ပေါ်လာသည်။ သက်ရှိအားလုံးကို ဉာဏ်အလင်းပေးသည်။
ယခုယင်ထန်ပြောနေသည့် လမ်းညွှန်ချက်များကို ကျူးထန်မှတ်မိသည်။ ယင်ထန်မသေမျိုး မသေမျိုးအဆင့်ရောက်ပြီးနောက် ပထမဆုံးလမ်းညွှန်ခဲ့သည့် ဩဝါဒများဖြစ်သည်။ ဤနေရာတွင် ထိုမြင်ကွင်းဘာကြောင့် ပေါ်လာသည်မသိ။
ထိုလမ်းညွှန်ချက်များက အလွန်တရာအရေးပါ၍ သမိုင်းပုံရိပ်ဖြစ်ပေါ်ပြီး ဤကမ္ဘာငယ်ထဲတွင် ထင်ဟပ်နေခြင်းလော...
ယင်ထန် စင်မြင့်ပေါ်မှဆင်းလာသည်။ ခြေတစ်လှမ်းလှမ်းတိုင်း ကြာတစ်ပွင့်ပေါ်လာသည်။ သူဖြတ်သွားသည့်လမ်းတလျှောက် ဘေးပတ်လည်မှ သက်ရှိပုံရိပ်များက အဖြူရောင်မြူခိုးအသွင်ပြောင်း၍ တစ်ခုပြီးတစ်ခုပျောက်ကွယ်သွားသည်။
ထိုမြင်ကွင်းကိုတော့ ကျူးထန်မမှတ်မိ။
ယင်ထန်၏ကျင့်စဉ်အဆင့်က မြင့်မားလွန်း၍ သမိုင်းစီးကြောင်းကို ကျော်လွန်သွားခြင်းလော။ သမိုင်းပုံရိပ်တစ်ခုရှိရုံဖြင့် လူသားလောကသို့ ဆင်းလာနိုင်သည့်စွမ်းရည်မျိုး ရှိနေခြင်းလော...
ယင်ထန်က ကျောက်ရုပ်လိုဖြစ်နေသည့် ကျူးထန်ဆီ ဖြေးညှင်းစွာ လှမ်းလာသည်။ သူ့နှုတ်ခမ်းထောင့်တွင် အဓိပ္ပါယ်လေးနက်သည့် အပြုံးမျိုးရှိနေသည်။
"ကျူးထန်၊ မတွေ့ရတာကြာပြီနော်။ အဆင်ပြေရဲ့လား"
"မသေမျိုးအရှင်...တကယ်ပဲမသေမျိုးအရှင်အစစ်လား"
ကျူးထန်နားလည်သွားသည်။ သူ့ရှေ့မှလူသည် သမိုင်းပုံရိပ်မဟုတ်။ ယင်ထန်အစစ်ဖြစ်သည်။
ယင်ထန်မသေမျိုးက ပြုံး၍ ခေါင်းငြိမ့်သည်။
"ဟုတ်ပါတယ်။ ငါပါ"
လုယန် ဘေးမှကြည့်၍ စုပ်သပ်နေသည်။ ယင်ထန်အစစ်ဖြစ်နေ၍ တော်သေးသည်။ မသေမျိုးတစ်ဝက်များထဲတွင် ကျူးထန်သည့် ယင်ထန်၏လမ်းညွှန်ချက်များကို တကယ်အလေးအနက်ထား၍ နားထောင်ခဲ့သူဖြစ်သည်။ လှည့်စားဖို့လွယ်ကူသည်။ တစ်ခြားတစ်ယောက်ကသာ ယင်ထန်အဖြစ်ဟန်ဆောင်ထားလျှင် ဘာတွေဖြစ်လာမည်မသိ။
"မင်းလည်း ဂူအောင်းအိပ်စက်ခဲ့မယ်လို့ ထင်မထားမိဘူး ကျူးထန်။ နှစ်သုံးသိန်းက မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်ခဲ့ပြီ။ မိတ်ဆွေဟောင်းတွေ မတွေ့ရတော့ဘဲ လောကကြီးက ပြောင်းလဲသွားပြီ။ ဒီနေ့မင်းကိုတွေ့လိုက်ရတဲ့အတွက် ငါလာခဲ့ရတဲ့ခရီးက ထိုက်တန်နေပါပြီ"
ကျူးထန် မျက်ရည်ဝဲလာသည်။
...ဟုတ်ပါတယ်။ နှစ်သုံးသိန်းအိပ်စက်ခဲ့တာတောင် ခင်ဗျားတို့စက်ကွင်းက ကျုပ်မလွတ်နိုင်သေးဘူး..
ငါမရှိတုန်းကတော့ မသေမျိုးတစ်ဝက်တွေ တစ်ယောက်မှ ပေါ်မလာဘူး။ ငါနတ်ဆိုးနိုင်ငံတည်ထောင်တာ့မှ မသေမျိုးတစ်ဝက်တွေ နေရာတိုင်းမှာပေါ်လာတယ်။ တစ်ခါတစ်လေ မသေမျိုးအစစ်တောင် ပေါ်လာသေးတယ်..
အခု ရှေးဟောင်းခေတ်တုန်းကထက်တောင် မသေမျိုးတွေ ပိုများနေတာပဲ...
မသေမျိုးအဆင့်တွေအောက်မှာ စွမ်းအားအကြီးဆုံးဖြစ်တဲ့ငါ့ကို သာယာခွင့်လေးနည်းနည်းလောက် မပေးနိုင်ကြဘူးလား...
ဒီအတိုင်းဆို နောက်ထပ် ချီလင်မသေမျိုးပေါ်လာတာကို စောင့်ကြည့်ရတော့မယ့်ပုံပဲ...
မဟုတ်သေးဘူး...မဟာကပ်အကြောင်း ကောလဟာလတွေ ပြောနေကြတယ်...
ဒါဆို မဟာကပ်ကို ငါကအစပျိုးလိုက်တဲ့သဘောလား...
ထိုသို့တွေးရင်း ကျူးထန်စိတ်ထဲ ပျော်လာပြန်သည်။ မှန်သည်။ သူသည် မဟာကပ်၏ အရေးပါဆုံးလူဖြစ်သည်။
"ထိုင်ပါဦး မသေမျိုးအရှင်"
ကျူးထန် ပြီးခဲ့သည့်နှစ်နှစ်အတွင်းက လုပ်ထားသည့် အင်ပါယာထိုင်ခုံများကို ဆွဲထုတ်သည်။
"ကျူးထန်၊ နတ်ဆိုးနယ်မြေမှာ မင်းအတော်အဆင်ပြေနေပုံပဲ။ နတ်ဆိုးနိုင်ငံတောင် ထူထောင်ထားတယ်ပေါ့"
ယင်ထန် ပြုံး၍ပြောသည်။
"ဒါက မိတ်ဆွေတာအိုရှင်တွေ မျက်နှာသာပေးကြလို့ပါ"
ကျူးထန် အလိုက်သင့်ပြန်ပြောသည်။ တကယ်လည်းမှန်သည်။
တစ်ခြားတာအိုရှင်များ မျက်နှာသာပေး၍ဖြစ်သည်။ မဟုတ်လျှင် လက်ရှိနတ်ဆိုးနိုင်ငံအုပ်ချုပ်သူက ကျန်းလျန်ယိဖြစ်နေပေလိမ့်မည်။
"မင်းရဲ့အစွမ်းအစလည်း ပါပါတယ်။ ငါ့အမြင်တော့ နတ်ဆိုးနိုင်ငံတည်ထောင်ပြီး နတ်ဆိုးမျိုးနွယ်ရဲ့စွမ်းအားကို စုစည်းလိုက်တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ။ ရှင်သန်မှုအရိယဖလသန္ဓေက အဓိကအားဖြင့် ထိန်းချုပ်နိုင်တဲ့လူများမှ ပိုအားကောင်းလာတာ။
လျန်ယိက တစ်ကိုယ်တော်သွားနေကြဆိုတော့ ဒါမျိုးဘယ်တုန်းကမှ မလုပ်ဖူးဘူး။ ပြီးတော့ မင်းကျတော့လည်း ရှေးဟောင်းခေတ်မှာ အခွင့်အရေးမရခဲ့ဘူး"
ရှေးဟောင်းခေတ်တွင် မသေမျိုးတစ်ဝက်များ ကူးဖြတ်ခြင်းအဆင့်များ နေရာတိုင်းရှိနေသည်။ ကျူးထန် နတ်ဆိုးနိုင်ငံတည်ထောင်ဖို့ ကြိုးစားခဲ့သည်။ သို့သော် အမြင့်ဆုံးစွမ်းအားရှင်ဖြစ်သည့် ချီလင်မသေမျိုးမှလွဲ၍ တစ်ခြားမသေမျိုးတစ်ဝက်နတ်ဆိုး အတော်များများက သဘောမတူကြ။
"ဒီနေ့ခေတ်မှာ အကြောင်းအမျိုးမျိုးကြောင့် မသေမျိုးတစ်ဝက်တွေ အတော်လေးခပ်လျှိုလျှို နေထိုင်ကြတယ်။ ဒါကြောင့်လည်း နတ်ဆိုးနိုင်ငံတည်ထောင်ဖို့ မင်းအခွင့်အရေးရလာတာ။
ရတဲ့အခွင့်အရေးကို တန်ဖိုးထားပြီး ရှင်သန်မှုအရိယဖလသန္ဓေကို ကောင်းကောာင်းသုံးသပ်ပါ"
"မသေမျိုးအရှင်ရဲ့ လမ်းညွှန်ချက်တွေကု ကျူးထန်မှတ်ထားပါ့မယ်"
ကျူးထန် ကြောက်ချွေးပြန်လာသည်။ မှန်သည်။ နိုးထလာပြီးနောက်ပိုင်း သာယာမှုကိုသာ သူခံစားနေခဲ့သည်။ ကျင့်ကြံမှုကို လျစ်လျူရှုထားခဲ့သည်။
ယင်ထန်က ထရပ်လျက် လက်နှစ်ဘက်နောက်ပစ်ပြီး သူတို့လူစုလှည့်ပတ်၍ လမ်းလျှောက်သည်။ ထို့နောက် ရုတ်တရက်မေးသည်။
"ကျူးထန်၊ ငါဖန်တီးထားတဲ့ကမ္ဘာငယ်ကို မင်းဘယ်လိုမြင်လဲ"
"မသေမျိုးအရှင်ဖန်တီးထားတဲ့အရာမှန်သမျှ ထိပ်တန်းပဲဖြစ်မှာပါ။ ဒီကမ္ဘာငယ်က တိတ်ဆိတ်အေးချမ်းတယ်။ ပြင်ပအနှောက်အယှက်မရှိဘူး။ လွတ်လပ်မှုအနှစ်သာရနဲ့ တောက်ပတဲ့ဝိညာဉ်ဉာဏ်အလင်းတည်ဆောက်ဖို့ အပြည့်စုံဆုံးနေရာပါပဲ"
သို့သော် လုယန်က သူနှင့်အမြင်မတူ။
"ကမ္ဘာငယ်ကကောင်းပေမယ့် နည်းနည်းလစ်ဟာနေသလို ခံစားရတယ်။ နေဖို့ထိုင်ဖို့ သိပ်မသင့်တော်ဘူး"
ထိုစကားကြားသည်နှင့် ကျူးထန် ချက်ချင်းလေသံပြောင်းလိုက်သည်။
"လွတ်လပ်မှုအနှစ်သာရနဲ့ ဝိညာဉ်ဉာဏ်အလင်းတည်ဆောက်တာက တကယ်ကောင်းပါတယ်။ ဒါပေမယ့် မသေမျိုးအရှင်က ဒီအခြေအနေထိရောက်နေပြီဆိုတော့ ကမ္ဘာငယ်ကို ဒီအတွက် အထူးတလည်သုံးစရာမလိုတော့ပါဘူး။
အရှင့်အတွက် ဒီကမ္ဘာငယ်ကို တန်ဆာဆင်ဖို့ ပရိဘောဂအသုံးအဆောင်အပြည့်အစုံ ကျုပ်ဖန်တီးပေးနိုင်လောက်ပါတယ်"
ယင်ထန်မသေမျိုး ခေါင်းငြိမ့်သည်။
"အဲလိုဆို ကောင်းလိမ့်မယ်ထင်တယ်"
သုံးယောက်သား အပြုံးချင်းဖလှယ်ကြသည်။ လိုက်လျောညီထွေရှိသည့် စကားဝိုင်းတစ်ခု ဖန်တီးနေကြသည်။
သူတို့သုံးယောက်ပြုံးရယ်နေသည်ကို နတ်မယ်က အင်ပါယာထိုင်ခံပေါ်မှီထိုင်၍ ခဏစောင့်ကြည့်သည်။ ထိုသုံးယောက်ပြောသည့်စကားထဲတွင် သွယ်ဝိုက်အဓိပ္ပါယ်တစ်မျိုးပါသည်ဟု သူခံစားရသည်။ ထို့ကြောင့် အလေးအနက်စဉ်းစားနေသည်။
ထို့နောက်ရုတ်တရက် သူဉာဏ်အလင်းပွင့်သွားသည်။ ယင်ထန်ကို လက်ညှိုးထိုး၍
"အိုး...ငါသိပြီ။ ယင်ထန်၊ နင်က ကျူးထန်ကို ပရိဘောဂလုပ်ခိုင်းဖို့ တိုက်ရိုက်ပြောရမှာရှက်လို့ ရှောင်ယန်ကို ကြားခံလူအနေနဲ့ လှုပ်ရှားခိုင်းနေတာမဟုတ်လား"
ယင်ထန် "..."
ထာဝရနတ်မယ်...ဒီလိုအချိန်ကျမှမင်းက ဉာဏ်ရည်တွေ အရမ်းမြင့်နေတယ်ပေါ့...
*******************************