အခန်း (၉၇၃-၉၇၅)
Vol. 65 Ch. 973-975
အခန်း (၉၇၃) သာမန်ပဲတောင်ဆိုပါ
ထိုကဲ့သို့အဖြစ်မျိုးကြုံတိုင်း တစ်ချိန်က အလွန်စကားနည်းခဲ့သည့် ထာဝရနတ်မယ်ကို ယင်ထန်လွမ်းမိသည်။
အရင်က ထာဝရနတ်မယ်သည် အရာအားလုံးကို ထိုးထွင်းသိမြင်နိုင်စွမ်းရှိသည်။ သို့သော် ဝေဖန်ထောက်ပြခြင်းလုံးဝမရှိ။ လက်ရှိထာဝရနတ်မယ်က အရာအားလုံး ထိုးထွင်းသိချင်မှသိမည်။
သို့သော် သိမြင်လာသည့်အရာကိုတော့ သေချာပေါက်ထောက်ပြပေလိမ့်မည်။
ပထမဆုံးအကြိမ် သူ့ကောင်းလျှပ်စီးခိုးခံခဲ့ရသည့်အဖြစ်ထက်ပင် များစွာဆိုးဝါးလှသည်။ အနေခက်သည့်အခြေအနေကို လျော့ပါးအေင်ကြိုးစားဖို့ ယင်ထန် ရယ်လိုက်ရသည်။
"ဟားဟား နတ်မယ်။ မင်းတကယ်ဟာသပြောတတ်တာပဲ။ ငါ့တစ်သက်လုံး ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း နေခဲ့တာပါ။ ဘာတွေကို လျှို့ဝှက်နေရမှာလဲ"
"ဘာရယ်...အဲလိုမဟုတ်ဘူးလား။ တစ်ခါတုန်းက မိန်းကလေးကျင့်ကြံသူတစ်ယောက် အားဖြည့်ဖို့အတွက် နင်အဖမ်းခံခဲ့ရတာကို...လျှို့ဝှက်ဖုံးကွယ်-"
လုယန် အမြန်ရှေ့တက်သွားပြီး နတ်မယ်ပါးစပ်ကို လက်ဖြင့်အုပ်လိုက်သည်။ နတ်မယ်ကို စကားဆက်ပြောခွင့်ပေးထား၍ဖြစ်။ ငယ်ကျိုးငယ်နာလျှို့ဝှက်ချက်များ ထုတ်ပြောသည်က နတ်မယ်အတွက် ကိစ္စမရှိသော်လည်း ဘေးကကြားနေသည့် သူနှင့်ကျူးထန် ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်သည်။
...ယင်ထန်ကို စိတ်မပါ့တပါနဲ့ ကျုပ်ထောက်ခံပေးနေတာက ကောင်းကင်ဆင်းရဲဖြတ်တဲ့အခါ သူကျုပ်ကိုအသက်ချမ်းသာပေးလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။
အခုတော့ကျုပ် အသက်ရှင်ခွင့်ရတော့မယ်မထင်ဘူး...
ဘေးတွင်ရှိနေသည့်ကျူးထန်လည်း ချွေးပျံနေသည်။
..မဟုတ်သေးပါဘူး။ စကားပြောနေရာကနေ သေရေးရှင်ရေးအခြေအနေကို ငါဘယ်လိုရောက်သွားတာလဲ။ ငါဘာမှလည်းမလုပ်ခဲ့ပါဘူး...
နတ်မယ်က ဝိညာဉ်ခန္ဓာဖြစ်၍ လုယန် ထိကိုင်၍မရ။ သို့သော် ရှောင်ယန် သူ့ဆီလျှောက်လာပြီး ပါးစပ်ပိတ်တော့မည့်ဟန်မျိုး လှုပ်ရှားလာသဖြင့် နတ်မယ်အလိုက်တသိ နှုတ်ဆိတ်နေလိုက်သည်။ ဆက်မပြောတော့။
အောင်းလင်းနှင့်ကျန်းလျန်ယိက ထိုမြင်ကွင်းကိုကြည့်၍ ပါးစပ်ကိုလက်ဖြင့်အုပ်ပြီး ကျိတ်ရယ်နေသည်။
နတ်မယ် မရည်ရွယ်ဘဲ စကားပြောမှားခဲ့သည်မှလွဲ၍ လက်စွပ်ကမ္ဘာငယ်လေထုက နွေးထွး၍ သဟဇာတဖြစ်နေသည်။
ရှေးဟောင်းကျင့်ကြံသူအချင်းချင်း ထိုသို့အတူစုဝေး၍ ရှေးဟောင်းနှောင်းဖြစ်များ ပြန်ပြောခွင့်ရသည်မှာ အားလုံးအတွက် ကြုံတောင့်ကြုံခဲအခွင့်အရေးဖြစ်သည်။ သူတို့နှင်ရှိနေသော်လည်း လုယန်အနေခက်သလိုမခံစားရ။
အမှန်တော့ ရှေးဟောင်းခေတ်အကြောင်းကို ကျူးထန်ထက် သူပိုသိသည်။
သို့သော် အားလုံးသိနေသည့် အမူအရာမျိုး သူထုတ်ပြ၍မဖြစ်။ ရှေးဟောင်းမသေမျိုးလေးယောက်၏ 'ကံဆိုး'ခဲ့သည့်အဖြစ်များကို မသိသလိုဟန်ဆောင်နေရသည်။ မဟုတ်လျှင် အန္တရာယ်ကို လက်ယပ်ခေါ်သလိုဖြစ်လာမည်။
နှစ်ရက်နှစ်ည ကုန်လွန်သွားသည်။ သေမျိုးများအတွက် နှစ်ညဆက်တိုက်မအိပ်ရလျှင် ခြေကုန်လက်ပန်းကျသွားလိမ့်မည်။ သို့သော် ယခုရှိနေသူများက မသေမျိုးတစ်ဝက်များနှင့် မသေမျိုးများဖြစ်သည်။ သူတို့ထဲတွင် စွမ်းအားအနိမ့်ဆုံးလူပင် ဝိညာဉ်ပြောင်းအဆင့်ရှိသည်။ ထို့ကြောင့် ပင်ပန်းနွမ်းနယ်မှုကို မခံစားကြရ။
သို့သော် ထိုသို့မရပ်မနားစကားပြောနေ၍လည်းမဖြစ်။ တစ်နေရာရာတွင် အသုံးသတ်ရမည်။
"ကဲ..မိတ်ဆွေဟောင်းတွေ ဆုံဖြစ်ဖို့ဆိုတာ ခဲယဉ်းတယ်။ ငါက မင်းကိုလာတွေ့ရုံပါ။ မင်းအဆင်ပြေနေတာတွေ့ရလို့ ငါဝမ်းသာပါတယ်"
ယင်ထန်က စကားဝိုင်းကို အဆုံးသတ်လိုက်သည်။
"မသေမျိုးအရှင်၊ ဒါဆိုရင် ပရိဘာဂတွေအချောသပ်ပြီးတဲ့အခါ ကျုပ်အရောက်ပို့ပေးပါ့မယ်"
"အဲလောက်ဒုက္ခခံဖို့မလိုပါဘူး"
"ကျုပ်ဘက်ကလုပ်ပေးရမယ့် ဝတ္တရားရှိပါတယ်အရှင်"
အားလုံးနှုတ်ဆက်လိုက်ပို့ပြီးနောက် ကျူးထန်စိတ်ထဲတွင် လုယန်ကိုအပီအပြင်ကပ်ဖို့ ရည်ရွယ်ထားသည့် ဆုံးဖြတ်ချက်က ပိုခိုင်မာလာသည်။
"စကားပြောကြတုန်းက လုယန်ကို မသေမျိုးအရှင်က 'မိတ်ဆွေ'လို့ ခေါ်တယ်။ ရှေးဟောင်းခေတ်မှာ မသေမျိုးအရှင် ဒီလိုအခေါ်ခံရတဲ့လူ ငါတစ်ခါမှ မတွေ့ဖူးဘူး။ အကိုလုကို မသေမျိုးအရှင်က သဘောကျပုံရတယ်။
နောင်တစ်ချိန်မှာ အောင်မြင်မြင်မှုကြီးကြီးရလာမှာ သေချာတယ်"
...မဟာကပ်ကို ငါကိုယ်တိုင်စခဲ့ပြီး အဆင့်တူတွေထဲမှာ ဇာတ်လိုက်မင်းသားဖြစ်ဖို့ ကံပါလာပေမယ့် ဘယ်အချိန် အလိုက်သင့်စီးမျောရမယ် ဘယ်အချိန်ဘက်ပြောင်းရမယ်ဆိုတာ ငါသိထားသင့်တယ်...
"ဒီတော့ ငါ့နန်းတော်ထဲကို ကြုံရာလူတွေ စိတ်ကြိုက်ဝင်ထွက်ခွင့် ပေးထားလို့မဖြစ်တော့ဘူး။ အစောင့်နှစ်ယောက်လောက်တော့ ထားမှဖြစ်မယ်"
သို့သော် ကျူးထန် တစ်ခုပြန်စဉ်းစားသည်။ အောင်းလင်းနှင့်ကျန်းလျန်ယိကို တားနိုင်ဖို့ဆိုလျှင် အစောင့်သည် ဘယ်အဆင့်လောက်ရှိရမည်နည်း..
"သွားတော့မယ် အကိုလုယန်"
အောင်းလင်းနှင့်ကျန်းလျန်ယိ လုယန်ကို နှုတ်ဆက်သည်။ လုယန်က နတ်မယ်၊ ယင်ထန်တို့နှင့်အတူ တာအိုလမ်းစဉ်ဂိုဏ်းသို့ပြန်သည်။
........
ယွမ်ကျိပြင်ဆင်ထားသည့် မသေမျိုးရတနာစာရင်းကိုမြင်ပြိးနောက် ယင်ထန်မသေမျိုး တွေးရခက်သွားသည်။
ပုံမှန်အားဖြင့် သူ့ဆီ မှော်ရတနာလိုအပ်၍ ရောက်လာသူတို့သည် လက်နက်လုပ်ပေးဖို့သာ တောင်းဆိုလေ့ရှိသည်။ လက်နက်စွမ်းအားမြင့်လေ သဘောကျကြလေဖြစ်သည်။
ဤစာရွက်ပေါ်တွင် ရေးထားသည့် မသေမျိုးရတနာစာရင်းက ဘာတွေမှန်းမသိ။
ပစ္စည်းစာရင်းကို အချိန်အတော်ကြာအောင် ယင်ထန်စိုက်ကြည့်နေသည် သာမန်မသေမျိုးပစ္စည်း တစ်ခုလောက်ပါလေမလားဟု ရှာဖွေနေသည်။
"လိုချင်တဲ့ပစ္စည်းကို နှစ်ခုပွားပေးတဲ့ ရတနာခွက်။ ပွတ်လိုက်တာနဲ့ ဘယ်ဆုတောင်းမဆိုပြည့်တဲ့ မီးအိမ်။ ဒီရတနာနှစ်မျိုးရဲ့ လိုအပ်တဲ့အာနိသင်တွေက နည်းနည်းများလွန်းမနေဘူးလား...
ပြန်မထွက်ချင်လောက်အောင် သက်တောင့်သက်သာရှိတဲ့ ခေါင်းတလား။ ဒါကတော့ ကျူးထန်နဲ့ဆိုင်တဲ့အလုပ်ပဲ။ လှဲအိပ်ပြီးရင် ပြန်မထွက်နိုင်တဲ့ခေါင်းတလားမျိုးပဲ ငါသန့်စင်ပေးနိုင်မှာပေါ့"
"ပြီးတော့ လူတွေကိုချစ်တတ်အောင်သင်ပေးတဲ့ မှော်ရတနာတဲ့။ ငါတောင်တစ်ခါမှမချစ်ခဲ့ဖူးတာ။ ဒါမျိုးကို ဘယ်လိုဖန်တီးပေးရမှာလဲ"
"အလှအပကို အတန်းအစားခွဲပေးတဲ့ မသေမျိုးကြေးမုံ..."
မင်းတို့တာအိုလမ်းစဉ်ဂိုဏ်းက သာမန်မသေမျိုးရတနာတစ်ခုခုလောက် စိတ်မကူးမိကြဘူးလားကွာ...
"ရှင်ဒါတွေကိုသန့်စင်မပေးနိုင်ဘူးလား"
ယွမ်ကျိကမေးသည်။
ယင်ထန် မျက်နှာကိုလက်ဖြင့်အုပ်လိုက်သည်။ ဝန်မခံချင်သော်ည်း ဝန်ခံရတော့မည်။ ထိုပစ္စည်းများကို သူတကယ်ဖန်တီးပေးနိုင်စွမ်းမရှိ။
...အနည်းဆုံးတော့ ကောင်းကင်ခွဲပုဆိန်ကိုပဲ အစကနေ ပြန်သန့်စင်ပေးပါရစေ...
"ဒါဆို တစ်ခြားမသေမျိုးရတနာတွေ လိုအပ်လာရင် ကျွန်မတို့ ထပ်ပြီးဆက်သွယ်ပါ့မယ်"
"ငါ့ရဲ့ ပစ္စည်းသွန်းစွမ်းရည်က သာမန်ပါပဲ။ မိတ်ဆွေယွမ်ထင်သလောက် စွမ်းအားမကြီးပါဘူး။ နောက်တစ်ခါ မသေမျိုးရတနာတွေသန့်စင်ဖို့ တောင်းဆိုတဲ့အခါ လက်နက်နဲ့ဆိုင်တာကိုပဲပြောပါ"
"ကျွန်မအကောင်းဆုံးကြိုးစားပါ့မယ်။ နောက်တစ်ခုရှိသေးတယ်။ လနန်းတော်က နတ်ဆိုးနှိပ်သခင်ကို ဝိညာဉ်မှတ်ဉာဏ် တိုက်ရိုက်ရှာဖွေခဲ့တယ်။ ရလာတဲ့သတင်းအချက်အလက်တွေ ကျွန်မတို့ခန့်မှန်းထားတာနဲ့ ကိုက်ညီတယ်။
ကောင်းကင်အင်ပါယာက ဝါးမျိုခြင်းအရိယဖလပိုင်ရှင်ပဲ။ တစ်ခြားအရိယဖလတွေကိုဝါးမျိုးပြီး ပြန်အသုံးချနိုင်တယ်။ ဒါပေမယ့် ဝိညာဉ်စွမ်းအား အများကြီးလိုတယ်"
နတ်ဆိုးနယ်မြေသို့ လေဟာနယ်လမ်းကြောင်းဖြင့်သွားရသည်က အလွန်လွယ်ကူသည်ဟု လုယန်ယူဆသည်။ သို့သော် ထိုနယ်မှပြန်လာရသည်က အလွန်ခက်ခဲသည်။ ကျူးထန်နှင့်စကားပြောခဲ့သည့်အချိန်ကလည်း ရှိသေးသဖြင့် အသွားအပြန်ခုနစ်ရက်ကြာသည်။
ထိုခုနစ်ရက်အတွင်း လနန်းတာ်နှင့် မဟာရှားက နတ်ဆိုးနှိမ်သခင်ထံမှ သတင်းနှိုက်ဖို့ကိစ္စကို အာရုံစိုက်ခဲ့သည်။
"လနန်းတော်ရဲ့ ဂိုဏ်းမှော်စက်ဝန်းကို ထိုဖောက်ဝင်ိနိုင်ဖို့ ဂိုဏ်းသခင်ဟောင်းချွီလင်းက နည်းလမ်းပေးခဲ့တာ။ လနန်းတော်က ဒေါသအကြီးအကျယ်ထွက်ပြီး ချွီလင်းကို ကွပ်မျက်လိုက်တယ်။ မသေမျိုးရှာတဲ့တံဆိပ်လေးခု ဖန်တီးတဲ့နည်းလမ်းနဲ့ စည်းမျဉ်းသဘောတရားတွေကိုတော့ နတ်ဆိုးနှိမ်သခင်လည်းမသိဘူး။
သူက မသေမျိုးတစ်ဝက်အဆင့်ရောက်တာ မကြာသေးဘူး။ မဟာချန်အဖွဲ့ရဲ့ ထိပ်တန်းသတင်းတွေကို သူသိပိုင်ခွင့်မရှိသေးဘူး။ မသေမျိုးရှာတံဆိပ်တွေက တန်ဖိုးကြီးတာလောက်ပဲသိတယ်။ ကောင်းကင်အင်ပါယာမှာတောင် များများစားစားမရှိဘူးတဲ့။
အတော်လေးစွမ်းအားမြင့်တဲ့ မဟာချန်မသေမျိုးတစ်ဝက်တွေပဲ ဒီလိုတံဆိပ်တွေ ပိုင်ဆိုင်ခွင့်ရတာ။ ဝိညာဉ်သခင်တို့ တောင်မြစ်သခင်တို့လို လူမျိုးတွေပေါ့။
တောင်မြစ်သခင်က အရိယဖလသန္ဓေရှိပေမယ့် အဲဒါက ကောင်းကင်အင်ပါယာချီးမြှင်ထားတာမဟုတ်ဘူး။ တစ်ချိန်တုန်းက အုပ်ချုပ်ခွင့်အတွက် ကောင်းကင်အင်ပါယာနဲ့တောင် သူယှဉ်ပြိုင်ခဲ့တာ"
"တောင်မြစ်သခင်က အဲလောက်တောင် စွမ်းအားကြီးတာလား"
လုယန် အံ့အားသင့်သွားသည်။ အရှေ့ပင်လယ်ခရီးစဉ်အတွင်း တောင်မြစ်သခင်က အောင်းလင်းကို တိုက်ခိုက်ရန်ကြိုးစားသည်။ ထို့နောက် ပဲပြာအရှင်လက်ချက်ကြောင့် ချက်ချင်းသေသွားသည်။
သူ့အစွမ်းအစကို ပြခွင့်မရလိုက်။ ထို့ကြောင့် တောင်မြစ်သခင်သည် ကျူးထန်ကိုပင်မယှဉ်နိုင်လောက်ဟု လုယန်ယူဆထားခဲ့သည်။
"နတ်ဆိုးနှိမ်သခင်ရဲ့ မှတ်ဉာဏ်အရ မဟာယုအဖွဲ့အစည်းထဲမှာ မသေမျိုးနှစ်ယောက်ရှိတယ်တဲ့။ တစ်ယောက်ကတော့ နာမည်ကျော် ကောင်းကင်အင်ပါယာသခင်ပေါ့။ နောက်တစ်ယောက်က ထိန်းချုပ်မှုသခင်တဲ့။ သူ့အကြောင်းသိတဲ့လူ မရှိသလောက်ပဲ။
မဟာချန်နိုင်ငံကို ယုံကြည်မှုစွမ်းပေါ် အခြေခံပြီးတည်ဆောက်ခဲ့တာ။ ထိန်းချုပ်မှုသခင်က မဟာချန်ရဲ့ ယာဇ်ပူဇော်ပွဲတွေကို ဦးစီးရတယ်။ ကောင်းကင်အင်ပါယာပြီးရင် သူကအဆင့်အတန်းအမြင့်ဆုံးပဲ"
"နားလည်ပါပြီ"
လုယန် ခေါင်းငြိမ့်သည်။
"ကောင်းကင်အင်ပါယာက မဟာချန်ကို ဖျက်ဆီးခွင့်ပေးလိုက်တာဟာ ယုံကြည်မှုစွမ်းအားမှာ ဟာကွက်တွေရှိနေလို့ပဲ။ ယုံကြည်မှုစွမ်းအားက အပူဇော်ခံအဆင့်ရောက်နေတဲ့လူတွေအားလုံးကို ချုပ်နှောင်ထားတယ်။ ကောင်းကင်အင်ပါယာအပါအဝင်ပေါ့။
ယုံကြည်မှုစွမ်းအားလွှမ်းမိုးခံလိုက်တာမျိုးတွေ မကြာခဏဖြစ်တယ်။ ဒါကြောင့် ကောင်းကင်အင်ပါယာက မဟာချန်ကိုစွန့်လွှတ်ပြီး ယုံကြည်မှုစွမ်းအားရဲ့ရင်းမြစ်ကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်တာ။ ဒါကြောင့်လည်း မဟာချန်နိုင်ငံ ပျက်စီးသွားတာ"
"တကယ်ရက်စက်တာပဲ"
လုယန် သက်ပြင်းချသည်။ မဟာချန်နိုင်ငံပျက်စီးမှုသည် နေ့ချင်းညချင်းဖြစ်သွားမည့် ကိစ္စမျိုးမဟုတ်။ သာမန်လူတို့၏ မျိုးဆက်လေးငါးခု သို့မဟုတ် မျိုးဆက်ပေါင်းဆယ်ချီ၍ အရာရှိများ၏ အသုံးချမှုကို ခါးစည်းခံကြရမည်။ ကျင့်ကြံသူများ၏ တိုက်ပွဲကြားတွင် ဒုက္ခရောက်ခဲ့ကြလိမ့်မည်။
အပူဇော်ခံပုဂ္ဂိုလ်များကို ဆုတောင်းနေရာမှ ကျိန်ဆဲကြမည်။ ထို့နောက် စွန့်လွှတ်ကြမည်။ ကောင်းကင်အင်ပါယာသခင်အဖွဲ့က ထိုအဖြစ်မျိုးကို လိုလားခဲ့ခြင်းဖြစ်သည်။
"စကားစပ်မိလို့ပြောရရင်... ဝူယော်လည်း သူ့တည်ထောင်ထားတဲ့နိုင်ငံကို သူဘာသာဖျက်ဆီးခဲ့တာပဲ။ မဟာနိုင်ငံတွေတည်ထောင်ခဲ့တဲ့ လူနှစ်ယောက်လုံး သူတို့နိုင်ငံကို သူတို့ကိုယ်တိုင်ဖျက်ဆီးခဲ့တာ။ ဒါက တိုက်ဆိုင်မှုလား ကံကြမ္မာရဲ့သတ်မှတ်ချက်လားဆိုတာ ပြောရခက်တယ်"
********************************
အခန်း (၉၇၄) ကောင်းတူဆိုးဖက်
သာမန်စွမ်းရည်သာရှိသည့် ယင်ထန်မသေမျိုးကို လနန်းတော်သို့ ပြန်ပို့ပြီးနောက် လုယန်၏ကျင့်ကြံမှုလည်း ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်ရောက်လာသည်။ စိတ်နှစ်ကိုယ်နှစ် လေ့ကျင့်သည်။
တစ်နာရီကြာပြီးနောက် သူ့ကျင့်ကြံမှုကို အနှောက်အယှက်ပေးမည့် အဖျက်သမားရောက်လာသည်။
"လောင်လု၊ မင်းလနန်းတော်ကို သွားလည်ခဲ့တယ်ကြားတယ်"
"ဘာလဲ၊ မင်းက မနာလိုဖြစ်နေတာလား"
လုယန်က မပွင့်တပွင့်ပြုံး၍ ပြန်မေးသည်။ မုန်ကျင်းကို အတော်ခံရခက်သွားသည်။
နေစွမ်းအင် မြင့်တက်လာကတည်းက မိန်းမများအနားသို့ သူမကပ်ရဲတော့။ သူ့အတွက် လနန်းတော်လိုနေရာမျိုးသည် တားမြစ်နယ်မြေဖြစ်သည်။
လုယန်က သူ့မျက်စိရှေ့မှ ရုတ်တရက်ပျောက်သွားခဲ့သည်။ နောက်ပိုင်း ဆက်စုံစမ်းကြည့်မှ လုယန် လနန်းတော်တွင်သာယာနေကြောင်း သိခဲ့ရသည်။
လုယန်ထိုသို့ စိတ်အလိုလိုက်ပြီး ပျက်စီးနေသည့်အဖြစ်ကို သူကြည့်မနေနိုင်။ ထိုကြောင့် ခပ်တင်းတင်းမာန်မဲသည်။
"ဘာမနာလိုဖြစ်ရမှာလဲကွ။ ငါတို့ကျင့်ကြံသူတွေဆိုတာ ကျင့်ကြံမှုကိုပဲ အာရုံစိုက်သင့်တယ်။ မင်းလိုနေ့တိုင်း ဟိုဟိုဒီဒီလျှောက်သွားပြီး အလေလိုက်နေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး"
"ဒါဆိုမင်းကရော ဒီတစ်လအတွင်း ဘာတွေကျင့်ကြံခဲ့လို့လဲ"
"ပြောမယ်လေ။ မင်းအပြင်ရောက်ကနေတဲ့အချိန် ငါက နှစ်သုံးရာမျာတစ်ခါပွင့်တဲ့ လျှို့ဝှက်မြေတစ်ခုကိုသွားတယ်။ လုန်ဟော်နဲ့ မထင်မှတ်ဘဲ ဆုံရတယ်။ ငါရထားတဲ့သဲလွန်စတွေအရ လျှို့ဝှက်မြေရဲ့ဝိညာဉ်ဟာ လျှို့ဝှက်မြေကိုဖန်တီးခဲ့တဲ့ကျင့်ကြံသူဆိုတာ ငါခန့်မှန်းမိတယ်။ ဝင်လာတဲ့လူတွေကို သူ့အမွေအနှစ်တွေမယူနိုင်အောင် နှောက်ယှက်တယ်။ သူ့ကျင့်စဉ်အဆင့်က ငါ့ထက်ပိုမြင့်တော့ ဝိညာဉ်ခန္ဓာကိုပဲ ငါထိန်းချုပ်ရတာပေါ့။
လုန်ဟော်နဲ့အတူပူးပေါင်းပြီး သူ့ကိုဖမ်းတယ်။ ပြီးတော့ ဒီဝိညာဉ်ကို နယ်ခံရုံတော်လက်ထဲ လွှဲပေးတယ်။ ရုံးတော်အမိန့်ကို စောင့်နေတုန်းမှာ ရုံးတော်အဖွဲ့ဝင်တွေ မူမမှန်တာကို ငါသတိထားမိတယ်။ သူတို့ကငါ့ကို အမြန်နှင်ထုတ်ဖို့ စိတ်အားထက်သန်နေသလိုပဲ။ လျှို့ဝှက်စုံစမ်းကြည့်လိုက်တော့ ဒီနယ်ခံရုံးတော်က လာဘ်စားပြီး နှလုံးမဲ့ဂိုဏ်းနဲ့ပူးပေါင်းနေတာကို သိရတယ်။ အဲဒီ့သဲလွန်စအတိုင်း ဆက်လိုက်သွားတော့ နောက်ဆုံးမှာ အဓိကတရားခံက နယ်စားဖြစ်နေတယ်။
သရုပ်မှန်ပေါ်သွားမှန်းရိပ်မိတော့ နယ်စားက ညတွင်းချင်းထွက်ပြေးတယ်။ အဲဒီ့ညက မိုးကလည်း သည်းသည်းမည်းမည်းရွာနေတယ်။ မိုးရေထဲမှာ မိုင်ပေါင်းရာချီပြီး သူ့နောက်ကိုငါလိုက်ခဲ့တယ်။ လမ်းတလျှောက်မျာ နယ်စားလွှတ်လိုက်တဲ့ စစ်သည်တွေကို ငါသတ်တယ်။ သူ့လူတွေဆင်ထားတဲ့ ထောင်ချောက်တွေကို ဖျက်ဆီးတယ်။ အရုဏ်တက်ချိန်ရောက်တော့ မြို့တော်တစ်ခုရဲ့ဂိတ်တံခါးမှာ သူ့ကိုဖမ်းမိတယ်။
ဘေးပတ်လည် နေရာအနေအထား ပြန်ကြည့်လိုက်တော့မှ ငါနားလည်သွားတယ်။ အဲဒါက နန်းမြို့တော်ဂိတ်တံခါးဖြစ်နေတယ်လေ။ နယ်စားကိစ္စဖြေရှင်းပြီးတော့ အခွင့်သာတုန်းမို့ ငါ့အိမ်မှာ ထမင်းတစ်နပ်ဝင်စားတယ်။ ပြီးမှ ဂိုဏ်းကိုပြန်လာခဲ့တာ။ မင်းလည်းလနန်းတော်ကနေ ပြန်ရောက်နေတယ်ကြားလို့ အခုငါလာခဲ့တာပဲ"
"...ဒါဆို ဒီလထဲမှာ မင်းကျင့်ကြံတဲ့အချိန်ဆိုတာ ဘယ်မှာရှိတော့လို့လဲ"
မုန်ကျင်းကျိုးက အလေးအနက်လေသံဖြင့်
"အနည်းဆုံးတော့ ငါကကျင့်ကြံချင်တဲ့စိတ်လေး ရှိသေးတယ်လေ။ အပြင်လောကအရှုပ်အထွေးတွေ ဆက်တိုက်ကြုံနေရလို့သာ ကျင့်ကြံဖို့အခွင့်အရေးမရတာပါ"
"ငါလည်းအဲလိုပဲကွ"
လုယန် မကျေနပ်ပြန်အော်သည်။ သူလည်း ထိုကဲ့သို့အရှုပ်အထွေးများကြုံ၍သာ ကျင့်ကြံချိန်မရခဲ့ခြင်းဖြစ်သည်။
"မင်းက ဘာမှမလုပ်ခဲ့ပါဘူး"
"လောင်မုန်၊ ငါပြောမယ် သူငယ်ချင်း။ မင်းငါ့ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံတာ ပိုကောင်းမယ်နော်။ အခုချိန် ငါ့ကိုမလေးမစားလုပ်ရင် သိပ်မကြာခင် နောင်တရလိမ့်မယ်"
မုန်ကျင်းကျိုးက နှာခေါင်းရုံ့သည်။
"မင်းကို လေးစားရမယ်တဲ့လား။ စိတ်ကူးယဉ်မနေစမ်းပါနဲ့"
"မင်းမသိသေးဘူး။ ဒီတစ်ခါ ငါလနန်းတော်ကိုသွားတော့ မဟာချန်ကျင့်ကြံသူတွေတင်မဟုတ်ဘူး။ ယင်ထန်မသေမျိုးကိုပါ တွေ့ခဲ့တာ။ နတ်မယ်ကိုအသက်ပြန်သွင်းပေးခဲ့လို့ သူကငါ့ကို အတော်လေး ကျေးဇူးတင်နေတယ်။
ငါ့ပုခုံးကိုပုတ်ပြီး ကြိုးကြိုးစားစားကျင့်ကြံဖို့ သူအားပေးတယ်။ ငါကောင်းကင်ဆင်းရဲဖြတ်တဲ့အချိန်ကျရင် ဘေးကင်းအောင် သူဂရုစိုက်ပေးမယ်တဲ့"
"ဘယ်လို"
မုန်ကျင်းကျိုး အတော်အံ့အားသင့်သွားသည်။ သူမရှိသည့်အချိန်တွင် လုယန်က ထိုအခွင့်ထူးမျိုးရသွားသည်။
ကျင့်ကြံသူတို့အတွက် ကောင်းကင်ဆင်းရဲဖြတ်ရခြင်းလောက် ကြောက်စရာကောင်းသည့်အရာမရှိ။ စွမ်းအားကြီးသည့် ချင်ဟော်ရန်ပင် ကောင်းကင်ဆင်းရဲဖြတ်ရင်း သေဆုံးခဲ့သည်။ ညီလေးလီအဖြစ် လူပြန်ဝင်စားခဲ့ရသည်။
ယခုလုယန်က ကောင်းကင်လျှပ်စီးသခင် ယင်ထန်မသေမျိုးနှင့် အဆက်အသွယ်ရထားသည်။ သူ့အနာဂတ်ကျင့်စဉ်လမ်းသည် အတားအဆီးမရှိနိုင်တော့။ ကောင်းကင်သို့ထိုးတက်ဖို့သာရှိတော့သည်။
မုန်ကျင်းကျိုး ချက်ချင်းအမူအရာပြောင်းပြီး လုယန်၏ပုခုံးနှင့်ဦးခေါင်းကို စိတ်ပါလက်ပါ နှိပ်နယ်ပေးသည်။
"လောင်လု...အဲ။..အကိုလု၊ ခုနက ငါနည်းနည်းစကားကြမ်းသွားတယ်။ ငါတို့ရင်းနှီးခဲ့တာကိုထောက်ထားပြီး ခွင့်လွှတ်ပေးပါ..."
ယခု မဟာပဲဝါနိုင်ငံ၏ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေသည့် လုယန်သည် မုန်ကျင်းကျိုးလို အဆင့်နိမ့်သည့်လူတစ်ယောက်နှင့်ဖက်၍ ရန်မဖြစ်။
"ငါတို့ဆက်ဆံရေးက ပြောစရာမလိုပါဘူး။ ကောင်းတူဆိုးဖက်ပဲလေ။ စိတ်ချပါ။ နောက်တစ်ခါ ယင်ထန်အကြီးအကဲနဲ့တွေ့ရင် မင်းကိုစောင့်ရှောက်ပေးဖို့ ငါပြေလိုက်ပါ့မယ်"
"တကယ့်ညီအကိုကောင်းစိတ်ဓာတ်ပဲ"
မုန်ကျင်းကျိုး ရင်ထဲထိသွားသည်။ သူထပ်ပြောသည်။
"ဒါနဲ့ စကားမစပ်.ငါအပြန်လမ်းမှာ ကြားခဲ့တယ်။ လနန်းတော်ကို မင်းသွားပြီးနောက်ပိုင်း အဆင့်မြင့်ဂိုဏ်းဝင်တွေနဲ့ ဂိုဏ်းတပည့်အတော်များများ ကိုယ်ဝန်ရလာတယ်တဲ့။ လူတိုင်းက အဲဒါမင်းကြောင့်လို့ ပြောနေကြတယ်။ ဒီကိစ္စကို မင်းသိလား"
"အဓိပ္ပါယ်မရှိတာကွာ"
လုယန် မျက်လုံးပြူးသွားသည်။ ကောလဟာလစကားက ချဲ့ကားလွန်းလှသည်။ ထိုကိစ္စ သူနှင့်ဘာဆိုင်သနည်း။ ထိုဂိုဏ်းဝင်များက အမွှာမြစ်ရေကိုသောက်၍ ကိုယ်ဝန်ရလာခြင်းဖြစ်သည်။ သူက လနန်းတော်ကို အကြံနည်းနည်းပေးခဲ့ရုံသာရှိသည်။
"...နေဦး၊ သေချာစဉ်းစားကြည့်တော့လည်း ဒီကိစ္စက ငါနဲ့လည်း နည်းနည်းတော့ပတ်သက်နေသလိုပဲ"
ထိုစကားကြားသည်နှင့် လုယန်ပုခုံးကို နှိပ်နယ်ပေးနေသည့် မုန်ကျင်းကျိုးလက်နှစ်ဘက်က ပြုတ်တူသဖွယ် ချက်ချင်းပြောင်းလဲသွားပြီး လုယန်ကိုဖမ်းချုပ်၍ ဒေါသတကြီးကိုင်ပေါက်လိုက်သည်။
"ဪ...လောင်လု လောင်လု၊ ငါမင်းကို လူကဲခတ်မှားခဲ့တာပဲ။ ဒီလောက်အောက်တန်းကျတဲ့အလုပ်ကို မင်းလုပ်ခဲ့တယ်ပေါ့။ မင်းအစွမ်းဘယ်လောက်ရှိလဲ ငါ့ကိုထုတ်ပြစမ်းပါ။ ဒီနေ့ ငါမင်းကို ကောင်းကောင်းသင်ခန်းစာပေးပြမယ်"
"မဟုတ်ဘူးလေ၊ ငါဆိုလိုတာက သူတို့ကို အမွှာမြစ်ရေသောက်ဖို့ အကြံပေး-"
ရွှေရောင်ဗုဒ္ဓလက်သီးရိပ်တစ်ခု ကျဆင်းလာသည်။ ဆယ်ပေပတ်လည်အရွယ်အစားရှိသည်။ လုယန်က လက်ချောင်းကို ဓားအဖြစ်သုံး၍ လက်သီးရိပ်ကို ခုတ်ဖြတ်သည်။
"ခွေးမသားလောင်လု။ မင်းက တမင်မကြားချင်ယောင်ဆောင်နေတာပဲ..."
"နှာဗူးသူခိုး၊ ဒါကိုမြည်းကြည့်လိုက်စမ်း။ ငါ့ဘိုးဘေးဆီကသင်ထားတဲ့ အဓိပဓိသန့်စင်ယန်ဓမ္မခန္ဓာအစွမ်းကို မင်းလက်တွေ့မြင်ရဖို့ အချိန်ကိုက်ပဲ"
မုန်ကျင်းကျိုးနောက်ဘက်တွင် နေတစ်စင်းနှင့်တူသည် ရွှေရောင်ဓမ္မခန္ဓာတစ်ခု ဖြေးညှင်းစွာပေါ်လာသည်။ ပေတစ်ရာခန့်မြင့်သည်။ မျက်နှာသ္ငင်ပြင်ကို သေချာမြင်ရ။ လှုပ်ရှားမှုတိုင်းက ရှေးဟောင်းအငွေ့အသက်ပါနေသည်။
လက်တစ်ဘက်တွင် ဒိုင်းတစ်ခုကိုင်ထားသည်။ နောက်တစ်ဘက်တွင် လှံကိုင်ထားသည်။
"အဓိပဓိသန့်စင်ယန်ဓမ္မခန္ဓာလား"
ထိုဓမ္မခန္ဓာအကြောင်း လုယန်ကြားဖူးသည်။ သန့်စင်ယန်မသေမျိုးခန္ဓာပိုင်ရှင်များသာ ပိုင်ဆိုင်နိုင်သည့် စွမ်းရည်ဖြစ်သည်။ မုန်ကျွမ်းဇီက မုန်ကျင်းကျိုးနှင့် ကွက်တိကျအောင် ပြောင်းလဲပြင်ဆင်ပေးခဲ့ဟန်ရှိသည်။ လက်ရှိဓမ္မခန္ဓာက သန့်စင်ယန်ဓမ္မခန္ဓာထက်ပင် စွမ်းအားပိုကြီးသည်။
"ဘုန်း"
ဓမ္မခန္ဓာ၏ လက်ဝါးတစ်ချက်ကျလာသည်။ လုယန် လွင့်ထွက်သွားသည်။
လုယန် သေချာအတည်ပြုလိုက်နိုင်သည်။ ဤဓမ္မခန္ဓာသည် နတ်မယ်ပြောသည့် သန့်စင်ယန်ဓမ္မခန္ဓာထက် ပိုစွမ်းအားကြီးသည်။
"ငါကမင်းကို ကြောက်နေရမှာလားကွ"
လုယန် ချင်ဖုန်းဓားကိုဆွဲထုတ်၍ မသေမျိုးသတ်ဓားစက်ဝန်းကို အသက်သွင်းပြီး မုန်ကျင်းကျိုးကို ထိုးချိန်သည်။
ထိုသို့လှုပ်ရှားမည်ကို မုန်ကျင်းကျိုး ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။ ရှေ့ဆက်တိုးလာပြီး လုယန်ကို ခုန်အုပ်သည်။
ထိုသို့လှုပ်ရှားလိုက်သဖြင့် သူဒူးထောက်ရလျှင်ပင် လုယန်ကို ဓမ္မခန္ဓာဖြင့် ထိန်းချုပ်တိုက်ခိုက်ခွင့်ရနေဦးမည်ဖြစ်သည်။
ပါးနပ်သည့်မုန်ကျင်းကျိုးကို လုယန်ကျိတ်ဆဲလိုက်သည်။ ဓားကွက်ကို ချက်ချင်းပြောင်းသည်။
"ဓားတစ်သောင်းဌာနေပြန်"
မွေခံဓား၊ ခုနစ်စဉ်ကြယ်ဓားစုနှင့် ချင်ဖုန်းဓားတို့ ပေါင်းစည်းသွားသည်။ ဓားချီတစ်ခုဖြစ်ပေါ်လာသည်။ သန့်စင်ယန်ဓမ္မခန္ဓာက ဒိုင်းဖြင့်ကာသည်။ နောက်တစ်ဘက်တွင်ကိုင်ထားသည့်လှံဖြင့် လုယန်ကို တိုက်ခိုက်သည်။
"စကြာဝဠာလက်ဝါး"
ကြီးမားသည့်လက်ဝါးရိပ်တစ်ခု ဓမ္မခန္ဓာကိုဖမ်းချုပ်ရန် ကျဆင်းလာသည်။ မုန်ကျင်းကျိုးက ခေါင်းသုံးလုံးလက်ခြောက်ခုပညာကို ထုတ်သုံးသည်။ ဓမ္မခန္ဓာလည်း ခေါင်းသုံးလုံးလက်ခြောက်ခုအသွင် ပြောင်းသွားသည်။
ဓမ္မခန္ဓာ၏လက်ခြောက်ခုက ကြောက်စရာကောင်းသည့် လက်ဝါးရိပ်ကို ခုခံတားဆီးသည်။
"မင်းအစွမ်း ဒါအကုန်ပဲလားကွ"
"မင်းကိုဆုံးမဖို့ ဒါနဲ့လုံလောက်တယ်ကွ"
နှစ်ယောက်သား တိုက်ခိုက်ကြသည်။ ဓားစွမ်းအင်များ မှော်စွမ်းအင်များ ဓမ္မခန္ဓာစွမ်းအင်များ တစ်လှည့်စီပြောင်းလဲနေသည်။
မလှမ်းမကမ်းမှ သစ်ပင်ကိုင်းတစ်ခုပေါ်တွင် ယွမ်မုန်မုန်ထိုင်နေသည်။ သွယ်လျသည့်ခြေထောက်နှစ်ဘက်ကို လွှဲယမ်းနေသည်။ စိတ်ကြည်နေမှန်း သိသာသည်။
ရံဖန်ရံခါ စက္ကူအိတ်ထဲမှ အားလူးကြော်တစ်ခုနှိုက်ယူ၍ ဝါးသည်။
သူ့လက်ချောင်းတွင် အာလူးဖတ်များပေကျံနေသည်။ လုယန်နှင့်မုန်ကျင်းကျိုးတိုက်ပွဲကို လက်ညှိုးထိုး၍ပြောသည်။
"သူတို့ဒီလိုတိုက်ခိုက်နေတာကို မတားသင့်ဘူးလား"
ယွမ်ကျိက ယွမ်မုန်မုန်ဘေးတွင် ထိုင်နေသည်။ သူလည်း အားလူးကြော်တစ်ခု နှိုက်ယူ၍ ပါးစပ်ထဲထည့်ပြီး ဖြေးဖြေးချင်းအရသာခံ၍စားသည်။
"တားစရာမလိုပါဘူး။ သူတို့က အမြဲတမ်းအဲလိုပါပဲ"
ထို့နောက် ယွမ်မုန်မုန်က ဘယ်ဘက်တွင်ထိုင်နေသည့် ကန်ထန်ကို လှည့်မေးသည်။
"နင်ရော အာလူးကြော်စားဦးမလား"
"နေပါစေတော့။ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲစိတ်ဓာတ်ကိုမြှင့်ဖို့ ဗျတ်စောင်းတီးပေးလိုက်ဦးမယ်"
ကန်ထန် ဗျတ်စောင်းကို ပေါင်ပေါ်တွင်တင်သည်။ ဝိညာဉ်စွမ်းအားဖြည့်ထားသည့် ဂီတသံစဉ်တစ်ခု ကောင်းကင်ဂိတ်တောင်ထိပ်တွင် လွင့်ပျံလာသည်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ တိုက်ခိုက်မှုက ပို၍ပြင်းထန်လာသည်။
ကန်ထန်က လက်မအားသည်ကိုမြင်ရသဖြင့် ယွမ်မုန်မုန်ကသူ့ကို မကြာခဏ အာလူးကြော် ခွံ့ကျွေးသည်။
*******************************
အခန်း (၉၇၅) ဝိညာဉ်ပြောင်းအလတ်တန်းဆင့်
မြူးကြွသည့် ထိုသံစဉ်ကို လက်နက်အဖြစ်သုံးနိုင်သည်မက စွမ်းအားမြှင့်တင်ဖို့လည်း သုံးနိုင်သည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့ ခွန်ပြည့်အားပြည့် တိုက်ခိုက်ကြသည်။
ဂီတသံကြားသည်နှင့် သူတို့စွမ်းအားလည်း မြင့်တက်လာသည်။
အစက မုန်ကျင်းကျိုးသည် ဓမ္မခန္ဓာပုံရိပ်ကို ခဏသာထိန်းထားနိုင်စွမ်းရှိသည်။ သို့သော်ယခု ဂီတသံက အားဖြည့်ပေးနေသဖြင့် ဓမ္မာခန္ဓာထိန်းထားနိုင်စွမ်း မြင့်တက်လာသည်။
လုယန်၏ဓားချီနှင့် မှော်စွမ်းအားများက မကုန်ခမ်းနိုင်တော့သလို ဖြစ်နေသည်။ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်လာသည်။
ကန်ထန်က နှုတ်ခမ်းတွင်ကပ်နေသည့်အာလူးခွံများကို သုတ်သည်။
"အားလူးခြောက်ကြော်က စားရတော့ကောင်းပါတယ်။ ဒါပေမယ့် နည်းနည်းပေါ့တယ်။ ပျားရည်မရှိဘူးလား"
"ရှိတာပေါ့"
ယွမ်မုန်မုန်၏ မှော်လက်စွပ်ထဲတွင် ဟင်းခေတ်အမွှေးအကြိုင်များ၊ နှမ်းဆီ၊ ပဲဆော့၊ ငရုပ်ကောင်း...စသည့် ပစ္စည်းများ ပြည့်နေသည်။ တစ်ခြားဘာမှမရှိ။
"ရော့၊ ဒါငါ့ဇာတိမြေကနေယူလာတဲ့ ပျားရည်ပဲ။ မက်မွန်ပန်းပန်းနဲ့ ဖောက်ထားတာ။ အရသာရှိတယ်"
ယွမ်မုန်မုန် ပျားရည်ပုလင်းငယ်တစ်လုံးထုတ်၍ အားလူးချောင်းများပေါ်သို့ လောင်းချသည်။ စက္ကူအိတ်ကို ပြန်ပိတ်၍ ခပ်ပြင်းပြင်းလှုပ်ခါသည်။ စေးပျစ်သည့် ရွှေရောင်အရည်က ထူးခြားသည့်မွှေးရနံ့မျိုးရှိသည်။ ပါဝင်သည့် ဝိညာဉ်စွမ်းအင်က သိပ်သည်းသည်။ စုစည်းခြင်းအဆင့်များသာ အစာချေဖျက်နိုင်မည်။
အာလူးချောင်းများပေါ် ပျားရည်ဆမ်းပြီးနောက် ကန်ထန်ကျေနပ်သွားဟန်ဖြင့် ခေါင်းငြိမ့်သည်။
"အင်း...အခုမှ အရသာကောင်းသွားတယ်"
ယွမ်မုန်မုန်က ပျားရည်များကပ်နေသည့် လက်ချောင်းထိပ်ကို လျှာဖြင့်လျက်နေသည်။
"ချိုလိုက်တာ၊ ရှောင်ကျိ နင်ရောစားဦးမလား"
"နေပါစေတော့"
ယွမ်မုန်မုန်က တအံ့တဩကြည့်သည်။
"နင်လူကြီးဖြစ်နေပါပြီ။ အခုထိ သွားပိုးစားမှာကို ကြောက်နေတုန်းလား"
"အရမ်းချိုတာတွေ စားတဲ့အကျင့်မရှိလို့ပါ"
"မယုံပါဘူး"
"..."
နှစ်ယောက်က တိုက်ခိုက်သည်။ သုံးယောက်က စောင့်ကြည့်သည်။ ကောင်းကင်ဂိတ်တောင်ထိပ်တွင် သဟဇာတဖြစ်သည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။
"ဘယ်အချိန်ထိ ဒီလိုဆက်သွားဦးမှလာဲ"
လုယန်က မုန်ကျင်းကျိုးကို သိစိတ်အာရုံမှ လှမ်းပြောသည်။
"မသိဘူးလေ"
နှစ်ယောက်လုံး ကျင့်ကြံမှုတွင် အားနည်းချက်မရှိဟု ဆိုနိုင်သည်။ တိုက်ခိုက်မှုများက စွမ်းအားကြီးသည်။ ခန္ဓာကိုယ်က ကြံ့ခိုင်သည်။ အဆင့်တူချင်းတွင် နှစ်ယောက်လုံး ပြိုင်ဘက်ကင်းများဖြစ်သည်။
တိုက်ခိုက်ရေးပညာတွင် လုယန်ကပိုသာသည်။ ရုပ်ခန္ဓာစွမ်းအားတွင် မုန်ကျင်းကျိုးက ပိုသာသည်။ ယခု ကန်ထင်၏ဂီတသံပံ့ပိုးမှုကြောင့် တိုက်ခိုက်စွမ်းအားရော ရုပ်ခန္ဓာစွမ်းအားပါ တိုးလာသည်။ သူတို့ဒဏ်ရာပျောက်ကင်းနှုန်းလည်း အံ့ဩလောက်အောင် မြန်ဆန်နေသည်။
ဤအတိုင်းဆက်သွားလျှင် တော်တော်နှင့် အနိုင်အရှုံးပေါ်မည်မဟုတ်။
အတော်ငြီးငွေ့စရာကောင်းသည်။
"မင်း...မင်းအညံ့ခံလိုက်ပါ.."
"အညံ့ခံသင့်တာက မင်းကွ..."
"စိတ်ကူးယဉ်နေလိုက်လေ..."
နောက်ဆုံးတွင် ပင်ပန်းလွန်းသဖြင့် သူတို့တိုက်ခိုက်မှုများ နှေးကွေးလာသည်။ ဝိညာဉ်စွမ်းအားကို ဖျစ်ညှစ်သုံးစွဲနေကြသည်။ နှစ်ယောက်လုံး မလှုပ်ချင်လောက်အောင် ပင်ပန်းနေသည်။ သို့သော် ဘယ်သူမှ အညံ့မခံချင်ကြ။ ထို့ကြောင့် ဆက်၍တိုက်ခိုက်နေသည်။
နောက်ထပ်ဆက်မတိုက်ခိုက်နိုင်တော့ကြောင်း ရိပ်မိသဖြင့် ကန်ထင်က ဗျတ်စောင်းကိုရပ်လိုက်သည်။
ဂီတအားဖြည့်မှုမရှိတော့သဖြင့် နှစ်ယောက်လုံး ခန္ဓာကိုယ်ကို သယ်ဖို့ပင်အားမရှိကြတော့။ ခြေနှစ်လှမ်းစီရှေ့တိုးပြီး ခေါင်းချင်းတိုက်ကြသည်။ ထို့နောက် မြေပေါ်သို့လဲကျ၍ ချက်ချင်းအိပ်ပျော်သွားကြသည်။
ယွမ်ကျိက မှော်ပညာတစ်မျိုးသုံး၍ လုယန်ကိုမ,ပြီး သူ့လှိုဏ်ဂူသို့ ပြန်ပို့သည်။ မုန်ကျင်းကျိုးကိုလည်း ပြန်ပို့ပေးသည်။
......
မုန်ကျင်းကျိုးထွက်သွားပြီးနောက် လုယန် ငြိမ်းငြိမ်းချမ်းချမ်းကျင့်ကြံခွင့် ရလာသည်။
မျက်တောင်တစ်ခတ်အတွင်း အချိန်ဆယ်နှစ် ကုန်လွန်သွားသည်။
ကတိပေးထားသည့်အတိုင်း ပိုင်ယဲ့က မဟာနှင်းတောင်ကို တာအိုလမ်းစဉ်ဂိုဏ်းသို့ သယ်လာပြီး အတည်တကျနေထိုင်သည်။ သူနှင့်ခန္ဓာကိုယ်မျှသုံးနေသည့် ကျွေးယွဲ့လည်း တာအိုလမ်းစဉ်ဂိုဏ်းတွင် အခြေချသည်။
ကောင်းကင်ဂိတ်တောင်ထိပ်၏နောက်ဘက်တွင် မဟာနှင်းတောင်ရှိနေသည်။ ထို့ကြောင့် လုယန်အတွက် ပိုင်ယဲ့ဆီသွားလည်ဖို့ အဆင်ပြေသည်။
ပိုင်ယဲ့အကြောင်း တစ်ခြားလူများ မသိကြ။ လနန်းတော်မှ သံလွင်ပင်တစ်ပင်ကို မျိုးပွားယူဖို့ ကြိုးစားနေခြင်းဟုသာ ထင်ကြသည်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ အချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့ရသဖြင့် အပြင်လောကသို့ လျှောက်လည်ကြသည်။ ကွင်းဆက်လူသတ်မှုတစ်ခုနှင့် အမှတ်မထင်ကြုံသည်။
သေဆုံးသူခြောက်ယောက်၏နောက်ခံကို စုံစမ်းကြည့်သည်။ ထိုခြောက်ယောက်လုံး အာမခံပို့ဆောင်ရေးအဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။ တစ်ချိန်က ကုန်စည်တစ်ချို့ ပို့ဆောင်ခဲ့ဖူးသည်။
ထိုသဲလွန်စအတိုင်း ဆက်လိုက်ကြသည်။ နောက်ဆုံးအဖွဲ့ဝင်ဖြစ်သည့် ခုနစ်ယောက်မြောက်လူကို ခြေရာခံမိကြသည်။
သို့သော် သူတို့ရောက်သွားချိန်တွင် ခုနစ်ယောက်မြောက်လူက အသတ်ခံထားရပြီးဖြစ်သည်။ သူ့လက်ချောင်းဖြင့် မသေခင်ရေးဆွဲခဲ့သည့် သွေးအမှတ်အသားများကိုကြည့်၍ ဝိညာဉ်အာရုံဖြန့်ရှာကြသည်။
နောက်ဆုံးတွင် စာကြည့်ခန်း၏ အပိုလျှို့ဝှက်ခန်းထဲမှ စာဝှက်ဖြင့်ရေးထားသည့် စာရင်းတစ်ခုတွေ့သည်။
ထို့နောက်ပိုင်းတွင် လုယန်နှင့်မုန်ကျင်းကျိုးကို လိုက်သတ်ဖို့ကြိုးစားသည့်လူများ အဆက်မပြတ်ပေါ်လာသည်။ သို့သော်လည်း လုယန်တို့က တန်ပြန်တိုက်ခိုက်ပြီး အားလုံးကိုသတ်လိုက်သည်။ သေသွားသည့် စစ်သည်၏ကိုယ်ထဲတွင် အကာအကွယ်မှော်တံဆိပ်တစ်မျိုးပါသည်။
ဝိညာဉ်မှတ်ဉာဏ်ရှာဖွေ၍မရ။ ထို့ကြောင့် သူတို့နှစ်ယောက် စာဝှက်စာရင်းကိုသာ ပြန်အာရုံစိုက်ကြသည်။ စာဝှက်ကို အဓိပ္ပါယ်ဖေါ်ပြီးနောက်တွင် ထိုစာရင်းသည် နတ်ဆိုးနိုင်ငံနှင့်မဟာရှားတို့ကြားမှ တရားမဝင်ကုန်သွယ်မှုမှတ်တမ်းများဖြစ်ကြောင်း သိရသည်။
နိုင်ငံနှစ်ခုလုံးအတွက် ဝိညာဉ်ကျောက်ယိုစိမ့်မှုနှင့် အကျိုးအမြတ်ဆုံးရှုံးမှု အတော်များသည်
ထိုမျှကြီးမားသည့် လုပ်ငန်းမျိုးကို လည်ပတ်နိုင်သူသည် ယခုလက်ရှိ ကူးဖြတ်ခြင်းအဆင့် နတ်ဆိုးမျိုးနွယ်ကြီးတစ်ခုဖြစ်ရမည်ဟု လုယန်သုံးသပ်သည်။
ယခု ထိုမျိုးနွယ်သည် နတ်ဆိုးနိုင်ငံ၏ နတ်ဆိုးမြို့တာ်တွင် ရှိနေလိမ့်မည်။
ဂိုဏ်းမဲ့ကျင့်ကြံသူများအဖြစ်ဟန်ဆောင်၍ နတ်ဆိုးမြို့တော်သို့ သူတို့ခိုးဝင်သည်။ ရုပ်ဖျက်၍လည်ပတ်နေသည့် ကျူးထန်နှင့် အမှတ်မထင်တွေ့သည်။ ကျူးထန်က သူတို့ကိုမသိသလိုဟန်ဆောင်ခဲ့သည်။
အပြောင်းအလဲများစွာ ကြုံပြီးနောက် ဤမှောင်ခိုလုပ်ငန်းတွင် ပါဝင်ပတ်သက်ခဲ့သည်မှာ ကျိုးယင်မျိုးနွယ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ပြဿနာတစ်ခု ဟန်ပြဖန်တီး၍ ကျိုးယင်မျိုးနွယ်ကို သူတို့သွားတိုက်ခိုက်သည်။ အခြေတည်အဆင့်ကျိုးယင်များကို စ၍တိုက်ခိုက်သည်။ စုစည်းခြင့်အဆင့် မဟာနတ်ဆိုးကျိုးယင်များ ထွက်လာသည်အထိ ဖိအားပေးသည်။ ထို့နောက် အင်အားချင်းမမျှ၍ ထွက်ပြေးသယောင် ဟန်ဆောင်သည်။
ကူးဖြတ်ခြင်းအဆင့် ကျိုးယင်အကြီးအကဲတစ်ယောက် တံခါးပိတ်ကျင့်ရာမှထွက်ပြီး သူတို့နောက်သို့လိုက်လာသည်။ အရေးကြီးသည့်အချိန်တွင် ကျူးထန်က ဝင်လျုပ်ရှားပြီး ကျိုးယင်အကြီးအကဲကို ထိန်းချုပ်သည်။
ထိုအကြီးအကဲ၏ ထွက်ဆိုချက်များကို အခြေခံ၍ ဆက်စုံစမ်းသည်။ ကျိုးယင်နှင့် မှောင်ခိုကူးခဲ့သည့် မဟာရှားဘက်မှလူသည် တော်ဝင်ချင်မိသားစုမှ ကျင်းယန်စုန့်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
မဟာရှားကို သတင်းပို့ပြီးနောက် အတူပူးပေါင်း၍ ဖမ်းဆီးကြသည်။ အချိန်ကြာမြင့်စွာ ရပ်တည်ခဲ့သည့် ချင်မိသားစုကို ဖြိုချသည်။ မှောင်ခိုမှုကို စစ်ဆေးပြီးနောက် ဆုံးရှုံးခဲ့သည့်တန်ဖိုးကို နိုင်ငံနှစ်ခု၏ရတနာတိုက်များသို့ ပြန်လည်ဖြည့်ဆည်းသည်။
ထိုအမှုသည် နတ်ဆိုးနိုင်ငံတည်ထောင်ပြီးနောက်ပိုင်း အကြီးမားဆုံးမှောင်ခိုမှုဖြစ်လာသည်။ မဟာရှားတရားစီရင်ရေးဌာနတွင်လည်း စံပြအမှုကြီးတစ်ခုအဖြစ် စာရင်းဝင်သွားသည်။ ထိုအမှုအကြောင်း ခေတ်အဆက်ဆက် လက်ဆက်ကမ်းကြလိမ့်မည်။
ကျိုးယင်မျိုးနွယ် စုစည်းခြင်းမဟာနတ်ဆိုးတစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်စဉ်က ထိုနတ်ဆိုး၏ အင်္ကျီရင်ဘတ်ထဲမှ ဟောင်းနွမ်းနေသည့်မြေပုံတစ်ပိုင်းကို လုယန် အမှတ်မထင်ရခဲ့သည်။
ရှေးဟောင်းကျမ်းများ ရှာဖွေလေ့လာကြည့်ပြီးနောက် ထိုမြေပုံသည် ဒဏ္ဍာရီယွမ်လျှောက်လျှို့ဝှက်မြေကိုဖွင့်ရန် သော့ချက်ဖြစ်ကြောင်း သူနားလည်လာသည်။ ထိုလျှို့ဝှက်မြေတွင် ရတနာများစွာရှိနေသည်။
သို့သော် မြေပုံကိုးပိုင်းစုစည်းနိုင်မှ ယွမ်ရှောက်လျှို့ဝှက်မြေကို ဖွင့်နိုင်မည်။
ထိုမြေပုံအစိတ်အပိုင်းတို့၏ ပိုင်ရှင်များ အချင်းချင်းဆက်သွယ်နိုင်ကြောင်းလည်း လုယန်သိလာသည်။ မြေပုံကိုးပိုင်းလုံး ပိုင်ရှင်များရှိသည်။ သို့သော် အတူတွေ့ဆုံဖို့ကလည်း တစ်ယောက်နှင့်တစ်ယောက် မယုံကြည်ကြ။ ရွေးစရာမရှိတော့သဖြင့် လုယန် ကောင်းကင်ဆန်းကြယ်ဂိုဏ်းကို အကူအညီတောင်းရသည်။
ထိုဂိုဏ်းက ရထားသည့်မြေပုံတစ်ပိုင်းကိုသုံး၍ တစ်ခြားမြေပုံပိုင်ရှင် ရှစ်ယောက်၏ တည်နေရာကို တွက်ချက်သည်။ ထို့နောက် လုယန် တစ်ယောက်ချင်း သွားတွေ့သည်။ ထိုရှစ်ယောက်ထဲတွင် ကျင့်စဉ်အမြင့်ဆုံးလူသည် စုစည်းခြင်းအဆင့်ဖြစ်သည်။ အနိမ့်ဆုံးလူသည် ရွှေသန္ဓေအဆင့်ဖြစ်သည်။
မြေပုံကိုးပိုင်းစုစည်းပြီး ယွမ်ရှောက်ကို သူတို့အတူဖွင့်ကြသည်။ သို့သော် လျှို့ဝှက်မြေကို ဝင်ခွင့်သတ်မှတ်ထားသည်က ရွှေသန္ဓေအဆင့်ဖြစ်သည်။ ထို့ကြောင့် လေဟာနယ်သခင်ကို လုယန် အကူအညီတောင်းပြီး ဝင်ရောက်နိုင်သည့် သတ်မှတ်ချက်ကို အဆင့်မြှင့်ခိုင်းသည်။ ထို့နောက် သူတို့ကိုးယောက်လုံး အထဲဝင်ကြသည်
ယွမ်ရှောက်လျှို့ဝှက်မြေသည် အမှန်တာ့ မဟာချန်ခေတ်နှောင်းမှ ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ချန်ထားခဲ့သည့် ထောင်ချောက်ဖြစ်သည်။ ထိုအကြောင်း သိရပြီးနောက် ပင်လယ်တာအိုသခင်နှင့် မဟာချန်ကျင့်ကြံသူတို့ တိုက်ပွဲဖြစ်သည်။
နောက်ဆုံးတွင် ထိုကျင့်ကြံသူကို ဖမ်းဆီးနိုင်ခဲ့သည်။ လျှို့ဝှက်မြေထဲရတနာများများထဲတွင် တန်ဖိုးအကြီးဆုံးရတနာက ထိုမဟာချန်ကျင့်ကြံသူကိုယ်တိုင်သာဖြစ်သည်။
ထိုအဖျက်အပျက်များနှင့် အသေးအဖွဲသာမန်ကိစ္စများမှလွဲလျှင် ဤဆယ်နှစ်အတွင်း တစ်ခြားဘာမှမဖြစ်ခဲ့။
ကောင်းကင်ဂိတ်တောင်ထိပ်တွင် အဆင့်မြင့်ဝိညာဉ်ကျောက်များကို စွမ်းအင်စုမှော်စက်ဝန်းပုံစံ နေရာချထားသည်။ မှော်စက်ဝန်းဗဟိုတွင် လုယန်က လက်ဝါးနှစ်ဘက်ပူးကပ်လျက် ဓားကိုးလက်ဖြင့်ဖန်တီးထားသည့် ပလ္လင်ထက်တွင် ထိုင်နေသည်။
လက်နှစ်ဘက်လှုပ်ရှား၍ မှော်တံဆိပ်များ ဖန်တီးလိုက်သည်။ အသက်ရှူနှုန်း ထိန်းညှိသည်။ စွမ်းအင်သန္ဓေ၊ ချီနှင့် ဝိညာဉ်တို့ကို ကောင်းကင်ကိုထိုးဖောက်မည့် ဝိညာဉ်ဓားတစ်လက်ကဲ့သို့ဖြစ်အောင် စုစည်းသည်။
သူ့စွမ်းအင်လည်ပတ်မှု အရှိန်မြင့်လာသည်နှင့်အတူ အဆင့်မြင့်ဝိညာဉ်ကျောက်များ ချက်ချင်းအရောင်မှိန်၍ စွမ်းအင်ကုန်သွားသည်။ ဝိညာဉ်ကျောက်စွမ်းအင်များက လုယန်ကိုယ်ထဲ့သို့ စီးဝင်လာသည်။
စွမ်းအင်သွေးကြောများ ပြန့်ကားလာသည်။ ဒန်ထန်ပိုကျယ်လာသည်။ မူလဝိညာဉ်လည်း အသက်ဝင်သကဲ့သို့ ထင်ရှားလာသည်။ ခန္ဓာကိုယ်ထဲတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာသည်။
ထို့နောက် စွမ်းအင်လည်ပတ်မှု အမြင့်ဆုံးအနေအထားမှ ရုတ်တရက် အရှိန်ပြန်ကျသွားသည်။ လုယန် ထွက်သက်တစ်ချက် မှုတ်ထုတ်လိုက်သည်။ သူ့မူလဝိညာဉ်နှင့် ခန္ဓာကိုယ်က ကြည်လင်သန့်ရှင်းသွားသည်။ အညစ်အကြေးလုံးဝ ကင်းစင်သွားသည်။
ခန္ဓာကိုယ်ကို သူလှုပ်ရှားလိုက်သည်။ တဖျောက်ဖျောက်အသံများ မြည်လာသည်။
"နောက်ဆုံးတော့ ဝိညာဉ်ပြောင်းအလတ်တန်းဆင့်ကို ရောက်လာပြီပဲ"
*******************************