အတင်းအကြပ်နေခိုင်းခြင်း
Vol. 7 Ch. 662
ကျင့်စူးက မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်း…
"အဲဒီလူက တာအိုဆရာယွိတင်ရဲ့ ယွမ်ကုန်းပုံပြောင်း (၉)ဆင့် ကျင့်စဉ်ကိုကျင့်ကြံထားတာပဲ ၊ ကြည့်ရတာ အဆင့် (၈)အထိတောင် အောင်မြင်ပြီးပြီထင်တယ်”
ကွေလိက…
"ကြည့်ရတာ ဒီနှစ်တွေအတွင်းမှာလည်း နတ်မိစ္ဆာအဓိပတိနန်းတော်က ကောင်းကောင်းထိန်းသိမ်းထားနိုင်ပုံရတယ် ၊ လျှို့ဝှက်သတင်းအတော်များများကို စုဆောင်းထားနိုင်တာပဲ ၊ အဲဒီလူက ယွမ်ကုန်းပုံပြောင်း (၉)ဆင့်ကျင့်စဉ်ကို ကျင့်ကြံထားတယ်ဆိုတာ နင်မပြောရင် ငါ သိမှာတောင်မဟုတ်ဘူး”
ကွေလိ၏စကားကြောင့် ကျင့်စူးက သဘောကျသွားဟန်ဖြင့်…
"ဆရာဘိုးဘိုးကြီးက ချန်ကျင်းခန်းမဆောင်ကို တည်ဆောက်ခဲ့တယ်လေ ၊ အဲဒီမှာ စကြာဝဠာတစ်ခုလုံးက အကြောင်းအရာတွေ အကုန်လုံးကို စုဆောင်းထားတယ် ၊ ငါက အဲဒီက စာအုပ်တွေအများကြီး ဖတ်ထားတာ ၊ ဒါကြောင့် ဒီလို လျှို့ဝှက်ချက်တွေကို သိနေတာပေါ့ ၊ ဒါပေမယ့် ကံမကောင်းတာက လျှို့ဝှက်တာအိုကျမ်းစာတွေ ကိုတော့ ခေါင်းစဉ်နဲ့ အကျဉ်းချုံးအချက်လောက်ပဲ ရေးသားထားတယ် ၊ ကျင့်စဉ်တစ်ခုချင်းနဲ့ပတ်သက်ပြီး အသေး စိတ်ရေးထားတာတွေတော့ မရှိဘူး"
ကွေလိက…
"တကယ်တော့ နတ်မိစ္ဆာအဓိပတိကြီးကိုယ်တိုင်က ကျင့်စဉ်တွေရဲ့အသေးစိတ်ကို စုဆောင်းချင်တဲ့ ဆန္ဒမရှိလို့ပါ ၊ ယွမ်ကုန်းပုံပြောင်း (၉)ဆင့်ကျင့်စဉ်လိုမျိုး ထူးဆန်းတဲ့ကျင့်စဉ်တွေကိုသာ နင်တို့ သိမ်းဆည်းထားမယ်ဆိုရင် တာအို ဆရာယွိတင်နဲ့ ချင်းယွမ်မြောင်တောက်အရှင်က နင်တို့ကိုလာပြီးသတ်ကြမှာပေါ့”
ကျင့်စူးနှင့်ကွေလိတို့သည် နေရာမှ တစ်ဖဝါးမှမခွာဘဲ စကားပြောနေကြခြင်း ဖြစ်လေသည်။
ကွေလိက နေရာမှ မရွှေ့ရသည့်အကြောင်းရင်းမှာ သူမသည် ဒဏ်ရာရထားသည့်အတွက် လှုပ်ရှားမှု သိပ်မလုပ်နိုင် သောကြောင့် ဖြစ်လေသည်။
ကောင်းကင်ထက် အဝေးတစ်နေရာတွင်တော့ အလင်းတန်းများ လွင့်မျောလာကြလေသည်။ ထောင်နှင့်သောင်းနှင့် ချီသည့်အလင်းတန်းများသည် တဖြည်းဖြည်းနီးကပ်လာပြီး ကျင့်ကြံသူများ၏ တန်ခိုးစွမ်းအား များအဖြစ် ထွက်ပေါ် လာကြလေသည်။
ကျင့်ကြံသူအုပ်စုကို ဦးဆောင်လာသူမှာ ထူးခြားသည့် ပုံပန်းသဏ္ဍန်ရှိလေသည်။
သူ၏ဝတ်ရုံသည် တောင်နှင့်မြစ်ရေများကို လှပစွာ ပုံဖော်ထားလေသည်။ ရင်ပတ်ထက်တွင် ခွန်အားကြီးပြီး အသက်ဓာတ်စွမ်းအားများနှင့်ပြည့်ဝနေသည့် ပျံလွှားငှက်တစ်ကောင်၏ ပုံသဏ္ဍန်ကို ပန်းထိုးထားလေသည်။
ထိုသူမှာ ထျန်းယီပင် ဖြစ်လေသည်။
သူက ကျင့်စူးကို အရင်ဆုံး သတိပြုလိုက်မိလေသည်။
သူမသည် တန်ခိုးစွမ်းအားမြင့်မားရုံသာမက သူမ၏တန်ခိုးစွမ်းအားများသည် နေနှင့်လတို့အလား နက်ရှိုင်းလွန်းလှ လေသည်။ အံ့သြစရာကောင်းလွန်းပေစွ။
သို့သော်… ထျန်းယီ၏ ယွမ်ကုန်း ပုံပြောင်း (၉)ဆင့်ကျင့်စဉ်သည် အဆင့် (၈) အထိ အောင်မြင်ခဲ့ပြီးသည့်နောက် သူသည် ယင်းစန်းပြည်၏ မိုးမြေနှင့်အတူ ပေါင်းစည်းသွားခဲ့လေသည်။ သူသည် ဆန်းလျန်ကဲ့သို့ပင် တစ်တိုင်းပြည် လုံး၏ထောက်ခံမှုကို ရရှိထားသူတစ်ယောက် ဖြစ်သည့်အတွက် ကျင့်စူးကို ကြောက်လွန့်သွားခြင်း မရှိပါ။ သူ့ပုံစံက အလွန်မှ တည်ငြိမ်နေလေသည်။
ထို့နောက် သူက ကွေလိကို သတိထားလိုက်မိလေသည်။
ထိုအခါတွင်တော့ သူ၏တည်ငြိမ်မှုများမှာ ပျောက်ကွယ်သွားလုမတတ် ဖြစ်သွားရလေသည်။ တည်ငြိမ်မှု ပျောက်သွားရုံသာမက စိတ်များပင်ရှုတ်ထွေးသွားရလေသည်။
ထျန်းယီသည် လိမ္မာပါးနပ်ပြီး ခံစားချက်များကို တော်ရုံဖြင့် ထုတ်ဖော်ပြောတတ်သူ မဟုတ်ပေ။
ထို့ကြောင့်သူက အေးဆေးစွာဖြင့်ပင် မေးလိုက်လေသည်။
"မင်းတို့တွေကို ကျုပ်ဘယ်လိုခေါ်ရမလဲ"
ထျန်းယီ၏အမေးကို ကွေလိက မကျေမနပ်ဖြစ်သွားပြီး..
"မင်းရဲ့အကြည့်တွေကို ကျုပ်သဘောမကျဘူး”
ကွေလိကျင့်ကြံထားသည့်ကျင့်စဉ်သည် ကျင့်စူးကျင့်ကြံထားသည့်ကျင့်စဉ်ထက်ပိုပြီး အာရုံခံစားနိုင်စွမ်း ကောင်းလေ သည်။ ထိုသို့ဖြစ်ရသည်မှာ ဆန်းလျန်ကြောင့်လည်း ဖြစ်လေသည်။
ကျင့်စူးသည် ကွေလိထက်ပိုပြီး အသက်လည်းကြီးသလို တန်ခိုးစွမ်းအားလည်း မြင့်မားလေသည်။ သို့သော် ကွေလိက ပိုပြီး တည်ငြိမ်ကာ အသေးစိတ်ကျလေသည်။
ထို့ကြောင့် ဇာမဏီနတ်ဘုရားနန်းတော်တွင် သူမ၏အဆင့်အတန်းသည် အလွန်မြင့်မားလေသည်။ အများစုက သူမသည် မဟာမာရူယိဒေါင်းစိမ်းမင်းကြီး၏ ခြေရာကို နင်းနိုင်မည့်သူတစ်ယောက်ဟု သတ်မှတ်ယူဆထားကြလေ သည်။
ကွေလိသည် ထိုမျှဝိညာဉ်စွမ်းအားမြင့်မားလိမ့်မည်ဟု ထျန်းယီက ထင်မထားခဲ့မိပေ။
ယွမ်ကုန်းပုံပြောင်း (၉)ဆင့်၏ မူလဝိညာဉ်ခန္ဓာကိုရထားသည့်တိုင် ကွေလိသည် သူ၏အတွင်းစိတ်ကို သိရှိနိုင်လေ သည်။ ကွေလိကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
ထျန်းယီက…
"အထင်မလွဲပါနဲ့ တာအိုမိတ်ဆွေတို့ ၊ ငါကိုယ်တော်နဲ့ အခုလိုဆုံတွေ့ရမှတော့ အတိတ်ကရေစက်ပါလို့ပဲ ဖြစ်ရမယ် ၊ မင်းတို့သာ ယင်းစန်းမှာ နေမယ်ဆိုရင် ယင်းစန်းပြည်တစ်ဝက်က မင်းတို့အပိုင်ပါပဲ"
ကျင့်စူးကအေးစက်စွာဖြင့်ပြုံးလိုက်ရင်း....
"ရှင်က ကျွန်မရဲ့ညီမလေးကို အသူရာချောက်တစ်ခုလုံးပေးရင်တောင်မှ ညီမလေးက အရေးစိုက်မှာမဟုတ်ဘူး ၊ ရှင်က ကျွန်မ ညီမလေးရဲ့ ဇာစ်မြစ်ကိုတောင် သိလို့လား..."
ဇာမဏီနတ်ဘုရားနန်းတော်သည် နတ်မိစ္ဆာဂိုဏ်းများထဲတွင် ရှေးအကျဆုံးနှင့် အမြင့်မြတ်ဆုံးနေရာတစ်ခု ဖြစ်လေသည်။ မဟာမာရူယိအဆင့်သို့ရောက်သည်နှင့် ဒုတိယမိုးနတ်မင်းကဲ့သို့သော အဆင့်ကိုရောက်ရန် အခွင့်အရေး ပိုများလာမည် ဖြစ်လေသည်။
မဟာမာရူယိအဆင့်သည် အတိတ်နှင့် ပစ္စုပ္ပန်တွင် ရှားပါးသည့်တည်ရှိမှုတစ်ခုဖြစ်ပြီး မရေမတွက်နိုင်အောင်များပြား သည့် သက်ရှိသတ္တဝါများ အားလုံး၏အလယ်တွင် မြင့်မြတ်သူတစ်ယောက်ဖြစ်လေသည်။
အသူရာချောက် ထိပ်ဆုံးအဆင့်သို့ရောက်နေချိန်....
အသူရာချောက်ကို ငရဲမင်း (၁၀) ပါးအုပ်ချုပ်စဉ် အခါကပင် ငရဲမင်းများသည် ဇာမဏီနတ်ဘုရားနန်းတော်ကို ပြဿနာရှာရဲခြင်း မရှိကြပေ။
သို့သော်… ပျောက်ဆုံးသွားသည့်အသူရာချောက်အရှင်သခင်ကတော့ အဘယ့်ကြောင့် ထိုမျှ သူ့ကိုယ်သူယုံကြည်ရ သည်လဲဆိုသည့်အချက်ကိုတော့ မည်သူမှ သိရှိကြခြင်း မရှိပေ။
ထျန်းယီက...
“မိုးကောင်းကင်က ပျံလွှားငှက်ကိုစေလွှတ်ပြီး ယင်းစန်းကို မွေးဖွားပေးလိုက်တယ် ၊ မင်းရဲ့ပုံစံက ဘိုးဘေးတွေ ပြောခဲ့ဖူးတဲ့ အကြောင်းအရာတွေကို နားလည်စေတယ် ၊ မင်းသာ ကျုပ်ကိုလက်ထပ်မယ်ဆိုရင် ကျုပ်ရဲ့ ယွမ်ကုန်း ပုံပြောင်း(၉)ဆင့်ကျင့်စဉ်ကို မင်းကိုသင်ပြပေးမယ် ၊ အဲဒီလိုဆိုရင် မင်းဟာ မျိုးနွယ် (၂)ခုရဲ့ ခေါင်းဆောင် ဖြစ်လာ လိမ့်မယ် ၊ ပြီးတော့ မပျက်စီးနိုင်တဲ့ နတ်ဘုရားခန္ဓာကို ရရှိလိမ့်မယ်”
ထျန်းယီမှာ ကွေလိ၏အသွင်အပြင်ကို မြင်ရုံမျှဖြင့် သူ့ကို များစွာအကျိုးပြုနိုင်သည်ကို သိသည့်အတွက် စိတ်အား ထက်သန်နေခဲ့လေသည်။
စစ်မှန်သည့် ပျံလွှားငှက်တစ်ကောင်ကသာလျှင် သူ၏လက်ရှိဘ၀ ဆန္ဒများကိုပြည့်ဝစေရန် ကူညီပေးနိုင်မည် ဖြစ်လေသည်။
ထိုအခါမှသာ ယွမ်ကုန်းပုံပြောင်း (၉)ဆင့်ကျင့်စဉ် အဆင့် (၉)ကို အောင်မြင်စွာ တက်ရောက်နိုင်မည် ဖြစ်သည်သာမက ယင်းစန်းကိုလည်း ကောင်းကင်ဘုံတိုင်းပြည်တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်မည် ဖြစ်လေသည်။
တာ့ရှားဧကရာဇ်ကို အသာထား ၊ သူနှင့်ဆန်းလျန်၏အင်အားပေါင်းစပ်လိုက်လျှင် တာအိုဆရာသခင်လုယာကိုလည်း လူပြန်ဝင်စားစေမည်ဖြစ်သလို ယင်းစန်းကိုလည်း ကောင်းကင်ဘုံတိုင်းပြည် အဖြစ် တည်ဆောက်နိုင်မည် ဖြစ်လေ သည်။
သူ၏ယခင်ဘဝမှ ရရှိခဲ့သည့် ကျိန်စာကိုလည်းဖယ်ရှားပစ်နိုင်မည်ဖြစ်ပြီး ယင်းစန်းကို ဦးဆောင်ကာ အမည်မသိေ လာကတစ်ခုဆီသို့ ပို့ဆောင်ပေးနိုင်မည် ဖြစ်လေသည်။
ထျန်းယီ၏စကားများကြောင့် ကွေလိ၏မျက်ခုံးလေးများ အနည်းငယ်တွန့်ချိုးသွားလေသည်။
လူအများစုက သူမကို ဒေါင်းစိမ်းမျိုးနွယ်ဟု ထင်ကြလေသည်။ အမှန်တော့ သူမ၏သွေးထဲတွင် ပျံလွှားသွေးတစ်ဝက် စီးဆင်းနေလေသည်။ ထိုပျံလွှားသွေးသည် မူလဖြစ်ပြီး ရှေးလည်းကျသလို မြင့်လည်းမြင့်မြတ်လေသည်။
“ကျုပ် အဲဒီလိုလုပ်ဖို့ ဆန္ဒမရှိဘူး ၊ မင်းထပ်ပြောမယ်ဆိုရင် မင်းရဲ့မိသားစုအကုန်လုံးကို သတ်ပစ်မယ်”
ကွေလိက တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
ထျန်းယီက...
"မိတ်ဆွေလေး... မင်း နားလည်မှုလွဲနေပြီထင်တယ် ၊ ဒီကိစ္စက တကယ်တော့ မင်းအတွက်လည်း အကျိုးရှိပါတယ်"
"ကျုပ်က အကျိုးအမြတ်ကို ဂရုစိုက်နေလို့လား..."
ကွေလိက အေးစက်စွာဖြင့်ပြောလိုက်လေသည်။
ကျင့်စူးက ကွေလိ၏ လက်လေးကိုအသာစုပ်ကိုင်လိုက်ရင်း....
"သူတို့နဲ့ စကားဆက်ပြောပြီး ဘာလို့ စိတ်ရှုတ်ခံတော့မလဲ"
ပြောပြီးသည်နှင့် ကျင့်စူးသည် အင်္ကျီလက်ကို တစ်ချက်ဝေ့ယမ်းလိုက်လေသည်။ ချက်ချင်းပင် ကောင်းကင်ထက် တွင်တွင်းနက်တစ်ခု ပေါ်လာလေသည်။
ထျန်းယီနှင့်ပါလာသည့် ကျင့်ကြံသူများသည် ထိုသို့ ရုတ်တရက်တိုက်ခိုက်မှုကို မျှော်လင့်မထားကြသည့်အတွက် တွင်းနက်ထဲသို့ စုပ်ယူခံလိုက်ကြရလေသည်။
ဝိဇ္ဇာအင်္ကျီလက်ပညာသည် သူမ၏ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားနှင့်ပေါင်းစပ်သွားသည့်အခါ ကြီးမားသည့် တန်ခိုးစွမ်းအားများ ပေါ်ထွက်လာပြီး တောင့်ခံနိုင်သူ အနည်းငယ်သာ ရှိလေသည်။
ကျင့်စူးတွင် ထိုမျှကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားမျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ထျန်းယီက မျှော်လင့်မထား ခဲ့ပေ။
သူ၏ ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းများ အလွှာလိုက် ဖြာထွက်လာလေသည်။
တဖြည်းဖြည်းနှင့် ထျန်းယီ၏ ခန္ဓာကိုယ်သည် ရှည်လျားသည့် ပုံရိပ်ယောင်တစ်ခု ဖြစ်လာလေသည်။
သူက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်သည်နှင့် အနားမှ ဧရာမတောင်ကြီးတစ်လုံးမှာ ရွေ့လျားပျံသန်းလာကာ ကျင့်စူး၏ ဝိဇ္ဇာအင်္ကျီလက်ပညာဖြင့် ဖန်ဆင်းထားသည့် တွင်းနက်ထဲသို့ ပစ်ချခံလိုက်ရလေသည်။
ဆန်းလျန်သာ ထိုနေရာတွင် ရှိမည်ဆိုလျှင် ဤအချက်ကို ရှင်းရှင်းလင်းလင်းနားလည်မည် ဖြစ်လေသည်။
ယင်းစန်းပြည်တွင် ထျန်းယီသည် လုကျိုးယွမ်ကဲ့သို့ပင် ဖြစ်လေသည်။
ထို့ကြောင့် တာအိုဆရာလုယာနှင့် တိုက်ခိုက်စဉ်က ထျန်းယီသည် ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဖြစ်သည့်တိုင် အရေးပါသည့်နေရာမှ ပါဝင်ခဲ့ရခြင်း ဖြစ်လေသည်။
ယင်းစန်းပြည်သာ ကောင်းကင်ဘုံတိုင်းပြည်ကြီးတစ်ခုအဖြစ် ပြောင်းလဲနိုင်မည်ဆိုလျှင် ထျန်းယီသည်လည်း ပိုပြီး ကြောက်မက်ဖွယ်ရာ လူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
ကျင့်စူးသည် တောင်တစ်ခုလုံး တွင်းနက်ထဲသို့ ကျရောက်လာသော်လည်း အခြေအနေကို ထိန်းထားနိုင်ဆဲဖြစ်လေ သည်။
နောက်ထပ် တောင် (၂) လုံးလည်း ထပ်မံဝင်ရောက်လာသည့်အခါတွင်တော့ သူမသည် ခုခံနိုင်စွမ်းအနည်းငယ် လျော့နည်းသွားရလေသည်။
ထို့ပြင် ထျန်းယီတစ်ယောက်တည်းသာ တိုက်ခိုက်နေသည်မဟုတ်ပါ။
တွင်းနက်ထဲသို့ ကျရောက်မသွားဘဲ တောင့်ခံကာကျန်ရစ်ခဲ့ကြသည့် ကျင့်ကြံသူများကလည်း တန်ခိုးစွမ်းအားများ စုစည်းကာ ဝိုင်းဝန်းတိုက်ခိုက်ကြလေသည်။ ထို့ကြောင့် တစ်ချိန်တည်းမှာပင် မီးဘောလုံးများ ထွက်ပေါ်လာကြလေ သည်။
ထို့နောက် မီးဘောလုံးများသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားကြလေသည်။
ကျင့်ကြံသူများ၏ တန်ခိုးစွမ်းအားများ ပေါင်းစပ်ပြုလုပ်လိုက်သည့် ကြက်သွေးရောင်မီးဘောလုံးများသည် သန့်စင် သည့်အဖြူရောင်မီးဘောလုံးများအဖြစ် အသွင်ပြောင်းလဲသွားလေသည်။
မီးဘောလုံးများသည် ကောင်းကင်ထက်မှ ဆင်းသက်လာသည့်အခါတွင်တော့ ကျင့်စူးသည် ထိတ်လန့်သွားရလေ သည်။ ကျင့်ကြံသူများစုပေါင်းပြီး ထိုသို့ တိုက်ခိုက်လိမ့်မည်ဟု သူမ တစ်ခါမှ တွေးမထားခဲ့မိပေ။
အဖြူရောင်မီးတောက်များနှင့်ထိမိလျှင် အရာအားလုံး အရည်ပျော်သွားနိုင်လေသည်။
ကျင့်စူးသည် ခွန်ဖိန်အနွယ်တော်တစ်ယောက်ဖြစ်သော်လည်း ခြေထောက်သုံးချောင်းပါရှိသည့် နေစကြာနတ်ငှက် တစ်ကောင် မဟုတ်ပေ။ ထို့ကြောင့်... သူမ၏ ခန္ဓာကိုယ်သည် မီးတောက်များကို ခုခံတိုက်ခိုက်နိုင်စွမ်း မရှိပေ။
ပုံမှန်အားဖြင့်ဆိုလျှင် ပုရွက်ဆိတ်များလောက်ပင် အရေးမပါသည့် ထိုကျင့်ကြံသူများကို ကျင့်စူးလုံး၀ အရေးစိုက်မည် မဟုတ်ပါ။ သို့သော်… ထိုကျင့်ကြံသူများ သူတို့၏စွမ်းအားများကို တစ်ပေါင်းတစ်စည်းတည်း စုစည်းတိုက်ခိုက်လိုက် သည့်အခါတွင်တော့ သူမအနေဖြင့် ခုခံနိုင်ရန် ခက်ခဲသွားရလေသည်။
ထို့ပြင် ထျန်းယီ၏ လှည့်စားမှုကြောင့်လည်း ထိုကျင့်ကြံသူများ၏ တန်ခိုးစွမ်းအားပေါင်းစည်းမှုက မြင့်မားနေရခြင်း ဖြစ်လေသည်။
ကွေလိက ကျင့်စူး၏လက်များကို တင်းတင်းဆုပ်ကိုင်ထားလိုက်လေသည်။ သူမလက်ဖဝါးများသည် ချွေးစေးများဖြင့် စိုစွတ်နေလေသည်။
ထို့ကြောင့် ညီမလေးကွေလိ၏ဒဏ်ရာသည် သူမမျှော်လင့်ထားသည်ထက်ပိုပြီး ပြင်းထန်သည်ကို ကျင့်စူးသတိထား လိုက်မိလေသည်။
ကွေလိကဲ့သို့ အဆင့်မြင့်နတ်မိစ္ဆာတစ်ပါးသည် သူမ၏ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံးကို ထိန်းချုပ် ထားနိုင်သူ ဖြစ်လေသည်။ မည်သည့်အကြောင်းကြောင့်မှ ချွေးထွက်စရာ အကြောင်းမရှိပေ။ ယခု ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့သည်မှာ ပုံမှန်မဟုတ်သည့် အခြေအနေကြောင့်သာ ဖြစ်လေသည်။
သူမသည် ကွေလိနှင့်တိုက်ခိုက်ခဲ့သည့် အဖြူရောင်ဝတ်ဆင်ထားသူ လူငယ်ကိုသာ မုန်းတီးလိုက်မိလေတော့သည်။
ကွေလိသည် သူမတို့နှင့် နီးကပ်လာသည့် အဖြူရောင်မီးတောက်များကို အေးစက်စွာဖြင့် ရင်ဆိုင်လိုက်လေသည်။
ရုတ်တရက်...
သူမက ပါးစပ်ကို ဟလိုက်လေရာ… ထူးခြားသည် အဖြူရောင်နှင့်အနက်ရောင်တန်ခိုးစွမ်းအားများထွက်ပေါ်လာပြီး အဖြူရောင်မီးတောက်များ အားလုံးကို ရစ်ပတ်ကာ ငြိမ်းသတ်ပစ်လိုက်လေသည်။
ထိုသို့တိုက်ခိုက်လိုက်သည့်အတွက် ကွေလိ၏ဒဏ်ရာမှာ ပိုပြီး အခြေအနေဆိုးသွားရလေတော့သည်။