အခန်း (၅၅-၅၆)
Vol. 6 Ch. 55-56
အခန်း ၅၅- ဂဏန်းပေါင်းစက်သံများ တတောက်တောက် မြည်ခြင်း။
ရက်အနည်းငယ်အတွင်း သူပြန်မည်ဟုဆုံးဖြတ်ထားသော်လည်း အဆုံးတွင်မူ သူ့အနေဖြင့် ဤနေရာတွင် လုပ်ဆောင်စရာ တာဝန်များစွာ ကျန်ရှိနေသေးသည်။
နန်းတွင်း ဟင်းလျာချက်ပြုတ်နည်းမှတ်တမ်း အသွင်ပြောင်းကျား၊ မီးပုရွက်ဆိတ်နီစစ်တပ်နှင့် ဝိညာဉ်အသွင်ပြောင်းလဲသွားသော ခွေးနက်လေးတို့ကိုစောင့်ကြည့်ရအုံးမည်။
ချင်းကျန်းမြို့တော်မှာလည်းလှုပ်ခတ်မှုများ ကြုံတွေ့နေရပြီဖြစ်သည်။
ယနေ့သည် လုပိုင်ဟောက်နှင့် ကျန်းရွှယ်ချင်းတို့ အမှတ် ၂မြေကွက်ကို လွှဲပြောင်းရယူမည့်နေ့ ပင်ဖြစ်သည်။ချင်းကျန်းမြို့မှ နာမည်ကြီး ပုဂ္ဂိုလ်အားလုံးမှာ သူတို့ကျရှုံးမည်ကို စောင့်ကြည့်နေကြသည်။သန်း ၂၅၀ ဆိုသည်မှာ ဈေးပေါသော ပမာဏမဟုတ်ဘဲ အလွန်အန္တရာယ်များသည့် ဗုံးတစ်လုံးနှင့် တူနေသည်။
ဟုတ်ပါသည်။လူများစွာမှာ မနာလိုဖြစ်နေကြပြီး သူတို့ကိုယ်တိုင်လည်း ရလိုကြသော်လည်း ဤမျှများပြားသော ငွေကြေးကို လောင်းကြေးထပ်ရန် သတ္တိမရှိကြပေ။
လုပိုင်ဟောက်၏ လုပ်ဆောင်ချက်ကြောင့် သူတို့၏ ခံစားချက်များမှာ ရှုပ်ထွေးနေကြသည်။
စုန့်ခွန်လင်း မှာ လွန်ခဲ့သော နှစ်ရက်အတွင်း ပြန်လည်သက်သာလာခဲ့သည်။လုပိုင်ဟောက်က လွှဲပြောင်းယူပေးခဲ့သောကြောင့်သာ သူ ရှင်သန်ခဲ့ရခြင်းဖြစ်သည်။သို့မဟုတ်လျှင် သူ၏စီးပွားရေးသည် ဤမြေကွက်ကြောင့် အမှန်တကယ် ပျက်စီးသွားပေလိမ့်မည်။ သို့သော် ကျေးဇူးတင်မည့်အစား သူက လုပိုင်ဟောက်ကို ပို၍ပင် မုန်းတီးနေမိသည်။
သူသည် ပိုက်ဆံအမြောက်အမြား အကုန်အကျခံခဲ့သော မြေကွက်မှာ ယခုအခါ လုပိုင်ဟောက် လက်ထဲသို့ ရောက်သွားပြီဖြစ်ပြီး လုပိုင်ဟောက်ကပင် သူ့ကို ရောင်းရန် တောင်းပန်ခဲ့ခြင်း ဖြစ်သည်။
“လုပိုင်ဟောက်...”
စုန့်ခွန်လင်းက အံကြိတ်လိုက်သည်။
ယနေ့ လုပိုင်ဟောက် အမှတ်၂မြေကွက်ကို လွှဲပြောင်းယူသည်ကို ကြည့်ရန် သူတစ်ယောက်တည်း ရောက်လာခြင်း မဟုတ်ဘဲ ချင်းကျန်းမြို့မှ နာမည်ကြီးများစွာလည်း အခြေအနေကို လာရောက်စောင့်ကြည့်နေကြသည်။
အမှတ်၁မြေကွက်၏ ပိုင်ရှင်မှာ အလွန်လျှို့ဝှက်လွန်းသည့်အတွက် ထူးခြားသော တိုးတက်မှုများ ရှိလာမည်လားဟု လူတိုင်းက သိလိုနေကြသည်။
အမှတ်၂မြေကွက် ကို လွှဲပြောင်းယူခြင်းသည် အမှတ်၁မြေကွက်၏ ပိုင်ရှင်ကို သိသိသာသာ ရန်စလိုက်ခြင်းပင် ဖြစ်သည်။
“မေမေ... သားရဲ့ မျောက်အရက်တွေ ဘယ်မှာလဲ။”
လုပေါင် အိမ်ပြန်ရောက်သောအခါ မျောက်အရက်အပါအဝင် သူ၏ ပစ္စည်းအတော်များများ ပျောက်နေသည်ကို တွေ့လိုက်ရသည်။
“မြေအောက်ခန်းထဲမှာ။တခြားပစ္စည်းတွေလည်း အဲ့ဒီမှာပဲ။အဲ့ဒါတွေကို မင်းအခန်းထဲမှာ ထားတာက မလုံခြုံဘူး မဟုတ်လား။နှင်းလုံးလေး သာ တိုက်မိလို့ မှောက်သွားရင် နှမြောစရာကြီး။”
ကျန်းရွှယ်ချင်းမှာ ယနေ့အတွက် စိတ်အားထက်သန်စွာဖြင့် မိတ်ကပ်လိမ်းနေသည်။
လူများစွာက သူမတို့ ကျရှုံးမည်ကို စောင့်ကြည့်နေကြသော်လည်း သူမကလည်း သူတို့၏ အံ့သြမှိုင်တွေသွားမည့် မျက်နှာများကို မြင်ချင်နေသည် မဟုတ်ပါလား။
လုပိုင်ဟောက်မှာ အလုပ်ကိစ္စများအတွက် ဖုန်းဖြင့် စီစဉ်နေသည်။သူသည် ယခုအခါ ကုမ္ပဏီသို့ သွားရန်ပင် အချိန်မရှိတော့ပေ။
“ဒါနဲ့... မင်းဘက်ကရော စီစဉ်ပြီးပြီလား။တင်းလင်နဲ့စကားပြောပြီးပြီလား။”
ကျန်းရွှယ်ချင်းက လှည့်ကြည့်ကာ သူမ၏သားကို မေးလိုက်သည်။
“အဆင်သင့်ပါပဲ။ လွှဲပြောင်းယူပြီးတာနဲ့ ဆိုင်းဘုတ်ကို လူတိုင်းရှေ့မှာ ဖြုတ်ချလိုက်မှာပါ။ ဒီဇိုင်းပုံစံတွေကိုလည်း အကြာကြီးကတည်းက ပြင်ဆင်ထားပြီးသား။ သား လိုက်ဖို့ မလိုဘူး မဟုတ်လား။”
လုပေါင်က ထိုလူအုပ်ကြီးထဲသို့ မသွားချင်ပေ။သူက တောင်စောင့်နတ် ပုံရိပ်ယောင်ကျင့်စဉ်ကိုသာ ဆက်လက်လေ့လာလိုသည်။
မျက်နှာဝိုင်းဝိုင်းလေးက မျက်တောင်လေး ခတ်ကာ ပြေးလာသည်။
“ကိုကို... လိုက်ခဲ့ပါ ငါတို့ အတူတူသွားဖို့ သဘောတူထားတာလေ နော်... လိုက်ခဲ့ပါ။”
သူမသည် သူမအစ်ကို၏ ဝိုင်ချက်စက်ရုံကို မြင်ချင်နေသေးသည်။
“မင်း လိုက်ခဲ့ရမယ်”
ကျန်းရွှယ်ချင်းကခေါင်းမလှည့်ဘဲ ပြောလိုက်သည်။
“ဒီနေ့မှာ ဘာအမှားအယွင်းလေးမှ အဖြစ်မခံနိုင်ဘူး။ မင်းပါ လိုက်ခဲ့မှ စိတ်ချရမယ်။
“ဝု ဝု”
ဒါပေါင် လည်း အမြီးနန့်ကာ ပါဝင်ရန်ပြေးလာသည်။
“ကောင်းပါပြီ...”
‘သွားရမယ်ဆိုရင်လည်း သွားရမှာပေါ့။’
ရွှေရောင်ကမ်းခြေ ပြာလဲ့နေသော ကောင်းကင်နှင့် ပင်လယ်..
လုပေါင်တို့ မိသားစု ကားပေါ်မှ ဆင်းလိုက်သည့်အခါ ရွှေရောင်ကမ်းခြေ တွင် ခရီးသွား ခရီးသည်များစွာကို တွေ့လိုက်ရသည်။
ဤနေရာမှာတကယ့်ကို အချက်အချာကျသော နေရာကောင်းတစ်ခု ဖြစ်သည်။
“ဒီမြေကွက်နှစ်ကွက်လုံး ငါတို့ပိုင် ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။”
လုပိုင်ဟောက်လည်းစိတ်လှုပ်ရှားနေသည်။ လေလံတင်ခဲ့သော မြေကွက်နှစ်ကွက်လုံးမှာ ယခုအခါ သူတို့လက်ထဲသို့ ရောက်ရှိလာပြီ ဖြစ်သည်။
“အမှတ်၁မြေကွက်ကို အိမ်တွေ ဆောက်ဖို့ သုံးလို့မရတာကတော့ နှမြောစရာပဲ။ မဟုတ်ရင် အမှတ်၂က ဗီလာတွေနဲ့ ပေါင်းပြီး ရောင်းလိုက်မယ်ဆိုရင် ဈေးနှုန်းက မြို့တော်ခန်းမ ပတ်ဝန်းကျင်က အိမ်ဈေးတွေထက်တောင် နိမ့်မှာ မဟုတ်ဘူး။”
ကျန်းရွှယ်ချင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။အကယ်၍ ဤနေရာ၏ ပင်လယ်မြင်ကွင်းရ အိမ်များကို ရောင်းချမည်ဆိုပါက ချက်ချင်းပင် ရောင်းကုန်သွားပေလိမ့်မည်။
“အဲ့ဒါ စုန့်ခွန်လင်းရဲ့ ကားပဲ။ သူတို့အားလုံးလည်း ရောက်နေကြပြီ။”
လုပိုင်ဟောက်က မလှမ်းမကမ်းတွင် ရပ်ထားသော ဇိမ်ခံကားတစ်စီးကို မျက်စိဖြင့် အချက်ပြလိုက်သည်။
“သွားကြစို့။ အခုအချိန်မှာ စကားကို ဆင်ခြင်ပြီး ပြောရမယ်။”
ကျန်းရွှယ်ချင်းက ရှောင်မုန့်ကို ဆွဲကာ အမှတ်၂မြေကွက် ဆီသို့ လျှောက်သွားတော့သည်။
လုပေါင်က အလုပ်ရှုပ်နေသော တင်းလင်ကို လှမ်းကြည့်လိုက်သည်။တင်းလင်သည် အမှတ်၁မြေကွက်အတွက် အကောင်းဆုံး ပန်းအလှဆင် ဆရာများနှင့် ဒီဇိုင်နာများကို ငှားရမ်းထားပြီး သူတို့၏ လက်ရာများကို သူဌေးကြီးများအား ပြသရန် ရည်ရွယ်ထားသည်။
“လုပိုင်ဟောက်က လောင်းကြေးထပ်ချင်ရုံ သက်သက်ပါ။ သူ့မှာ ဘာအဆက်အသွယ် ရှိလို့လဲ။သူက ရုတ်တရက် ချမ်းသာလာတဲ့သူ တစ်ယောက်ပဲလေ။”
“သန်း ၂၅၀ ဆိုတာ ပိုင်ဟောက် ဆောက်လုပ်ရေးကုမ္ပဏီအတွက် သေးငယ်တဲ့ ပမာဏ မဟုတ်ဘူး။”
“အမှတ်၁မြေကွက် ရဲ့ ပိုင်ရှင်က တကယ်တပဲ ဘယ်သူလဲ ဘာလို့ အဲ့ဒီလောက် လျှို့ဝှက်နေရတာလဲ ငါတို့ နည်းမျိုးစုံသုံးပြီး စုံစမ်းကြည့်တာတောင် ပိုင်ရှင်က ဘယ်ကမှန်းမသိ ပေါ်လာတဲ့ လူငယ်တစ်ယောက်လို့ပဲ သိရတယ်။”
“သန်းပေါင်း ထောင်ချီ အကုန်မခံဘဲနဲ့တော့ အမှတ်၁မြေကွက်ကို ရလာမှာ မဟုတ်ဘူး။ အထက်လူကြီးတွေနဲ့ ပတ်သက်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့က ဘာလို့ စုန့်ခွန်လင်းကို ပစ်မှတ်ထားရတာလဲ။”
“လုပိုင်ဟောက် လာပြီ။”
တိုးတိုးတိတ်တိတ် ပြောဆိုသံများမှာ လုပေါင်၏ နားထဲသို့ တရစပ် ဝင်ရောက်လာသည်။ ဤလူများမှာ အမှတ်၁မြေကွက်၏ ပိုင်ရှင် မည်သူမည်ဝါဖြစ်ကြောင်းကို စုံစမ်းရန် လက်မလျှော့ကြသေးပုံရသည်။
မည်သူမှ လုပိုင်ဟောက်အပေါ် အကောင်းမမြင်ကြပေ။
“အို... ဥက္ကဋ္ဌလု ဥက္ကဋ္ဌကျန်း ဒီနေ့ရဲ့ အဓိက ဇာတ်ဆောင်တွေဖြစ်ပြီး ဘာလို့ ငါတို့ထက် နောက်ကျနေရတာလဲ ငါတို့က ပွဲကြည့်မှာကို ကြောက်နေတာလား ဟားဟားဟား။”
လုပိုင်ဟောက်နှင့် ရင်းနှီးသော သူဌေးကြီးတစ်ဦးက နှုတ်ဆက်ရန် ရှေ့သို့ ထွက်လာသည်။
“ဦးလေးမာ...”
ရှောင်မုန့်က ရင်းနှီးစွာပင် လက်လှမ်းပြ နှုတ်ဆက်လိုက်သည်။
“ဦးလေးမာ။”
လုပေါင်လည်း သူဘယ်သူလဲဆိုတာ မသိသော်လည်း လူကြီးချင်းမို့ အလိုက်သင့်ပင် လိုက်ခေါ်လိုက်သည်။
“ဟေ့ အိုမာ ပွဲလာကြည့်တာလား ကြိုဆိုပါတယ် ခင်ဗျားလာတာ ဝမ်းသာစရာပဲ လူများလေ ပျော်စရာကောင်းလေပေါ့။”
လုပိုင်ဟောက်က အားရပါးရ ရယ်မောရင်း မာကျွင့်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ ဘေးရှိ ကျန်းရွှယ်ချင်းကလည်း ပြုံးကာ ခေါင်းညိတ်ပြသည်။
“ငါ ဘာလို့ မလာဘဲ နေမလဲ ဒါနဲ့... ဒီလူငယ်လေးက မင်း ကျေးလက်မှာ ပစ်ထားခဲ့တဲ့ သားလား တော်တော် ချောတာပဲ မင်း တကယ် မွေးထားတာ သေချာရဲ့လား။”
“လျှောက်မပြောနဲ့။*
“…
လုပေါင် ၎င်းကို ကြားလိုက်ရသည့်အခါ မျက်လုံးလှန်လိုက်မိသည်။သူဌေးကြီးတွေ တွေ့ဆုံပွဲဆိုတော့ တည်တည်တံ့တံ့ ရှိလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း သူတို့၏ နောက်ပြောင်မှုများမှာ ကျောင်းနေဖက် သူငယ်ချင်းများ တွေ့ဆုံကြသလိုပင်ဖြစ်နေသည်။တစ်ယောက်ကိုတစ်ယောက် ထိခိုက်အောင် ပြောဆိုနေကြသည်။
လုပေါင်သည် ဤကဲ့သို့သော ပတ်ဝန်းကျင်ကို မကြိုက်သည့်အတွက် အခြားနေရာများသို့ တိတ်တဆိတ် ထွက်လာခဲ့သည်။
ယနေ့မှစ၍ ဤမြေကွက်မှာ လုပိုင်ဟောက် ပိုင်ဆိုင်သွားပြီ ဖြစ်သည်။စုန့်ခွန်လင်းအနေဖြင့် နောင်တရရန် အခွင့်အရေးပင် မရှိတော့ချေ။
“ဥက္ကဋ္ဌလု ကျွန်တော် အရမ်းသိချင်နေတယ် ခင်ဗျား ဒီမြေကို ဘာလုပ်ဖို့ စီစဉ်ထားတာလဲ အမှတ်၁မြေကွက်ရဲ့ ပြဿနာကို ခင်ဗျား တကယ်ပဲ ဖြေရှင်းနိုင်လို့လား။”
စုန့်ခွန်လင်းမှာ ယခုထိ လက်မလျှော့နိုင်သေးပေ။သူသည် လုပိုင်ဟောက် အရှက်ကွဲမည်ကို မြင်ချင်နေပြီး လုပိုင်ဟောက်လည်း သူ့လိုပဲ အကြီးအကျယ် ဒုက္ခရောက်မည်ကို လူတိုင်းကို သိစေချင်နေခဲ့သည်။
“ကျွန်တော် ကြားတာတော့ အမှတ်၁မြေကွက်မှာ သုသာန် ဆောက်မယ်ဆိုပဲ။ ဒီနေရာတော့ သွားပြီ။”
တစ်စုံတစ်ယောက်က လှောင်ပြောင်လိုက်သည်။
“ကျွန်တော် ကြားတာတော့ မီးသင်္ဂြိုဟ်စက်ရုံတဲ့။ အကယ်၍ မီးသင်္ဂြိုဟ်စက်ရုံသာ ဆိုရင် ဒီနေရာမှာ သုသာန်ပါ တွဲဆောက်လိုက်တာ ပိုကောင်းမယ်။ သန်းပေါင်း ဆယ်ဂဏန်းလောက်တော့ ပြန်ရနိုင်တာပေါ့။”
“အောက်မှာ ရွံစရာကောင်းတဲ့ လူသေတွေ ရှိနေတာဆိုတော့ ဘယ်သူမှ ဒီနေရာကို ရွေးမှာ မဟုတ်ဘူး။”
အခြေအနေကို စောင့်ကြည့်နေသူ အတော်များများ ရှိသည်။ လုပိုင်ဟောက်က ဤမြေကို ဝယ်ရဲသည်ကို လူအတော်များများက လက်မခံနိုင်ကြသေးပေ။
“ခင်ဗျားတို့ ဘာတွေ ပြောနေကြတာလဲမီးသင်္ဂြိုဟ်စက်ရုံနဲ့ သုသာန် အကယ်၍ ကျွန်တော်က အမှတ်၁မြေကွက်က ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင် ဒီမြေကို ဝယ်ပါ့မလား။ဪ...ခင်ဗျားတို့ ပြောမှပဲ သတိရတယ် မေ့တော့မလို့။”
ပြောရင်းနှင့် သူ၏ဖုန်းကို ထုတ်ကာ တင်းလင်၏ နံပါတ်ကို ခေါ်လိုက်သည်။ လူအုပ်ကြီးကိုလည်း လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်သည်။
“ဘာ...”
“အမှတ်၁မြေကွက်ရဲ့ပြဿနာ ပြေလည်သွားပြီ ဟုတ်လား။”
“မဖြစ်နိုင်တာ။”
ဤအချက်က သူဌေးကြီးများစွာကို အံ့အားသင့်သွားစေသည်။ လူအများအပြား ဆက်သွယ်၍မရသော အမှတ်၁မြေကွက်၏ ပိုင်ရှင်ကို လုပိုင်ဟောက်က အမှန်တကယ်ပဲ ပြဿနာကို ဖြေရှင်းနိုင်စွမ်း ရှိနေသည်လော။
“မစ္စတင်းလင် ကျွန်တော် လုပိုင်ဟောက်ပါ။ ဟုတ်ကဲ့ ကျွန်တော်ပါပဲ။ ခင်ဗျားတို့ သူဌေးနဲ့ ကိစ္စတွေ အကုန် အဆင်ပြေသွားပါပြီ။ အဲ့ဒီ ဆိုင်းဘုတ်ကို အခုချက်ချင်း ဖြုတ်ချပေးပါလို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျားတို့ သူဌေးကိုလည်း ကျွန်တော့်ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါဦး။”
လုပိုင်ဟောက် စကားပြောပြီး ဖုန်းချလိုက်သည်။လူအုပ်ကြီး၏ အံ့သြနေသော အကြည့်များအောက်တွင်လုပေါင်ဟောက်က အမှတ်၁မြေကွက် ဘက်သို့ လက်ညှိုးထိုးပြလိုက်သည။
“လူကြီးမင်းတို့၊ ကြည့်လိုက်ကြပါ။ ယတကယ်လို့ ကျွန်တော်က ဒီပြဿနာကို မဖြေရှင်းနိုင်ခဲ့ရင် ဒီမြေကို ဝယ်ရဲပါ့မလား။”
လူအုပ်ကြီးမှာ သူ၏ လက်ညှိုးညွှန်ရာအတိုင်း အမှတ်၁မြေကွက် ဘက်သို့ လှည့်ကြည့်လိုက်ကြတော့သည်။
၅၆- အထူးတာဝန်နှင့် အောက်ခြေမရှိသော ချောက်နက်ကြီး။
အမှတ် (၁) မြေကွက်ပေါ်တွင် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သော ဆောက်လုပ်ရေး အလုပ်သမားများသည် ချက်ချင်းပင် စတင်လှုပ်ရှားကြတော့သည်။ကြီးမားသော ကြော်ငြာဆိုင်းဘုတ်များကို သူတို့ အမြန်ဖြုတ်ချနေစဉ် မော်တော်ယာဉ်များ တစ်စီးပြီးတစ်စီး ရောက်ရှိလာကာ ကြက် ဘဲများ ထည့်ထားသည့် လှောင်အိမ်များကို ကားပေါ်သို့ တင်ဆောင်သွားကြသည်။
မွေးမြူထားသော ဝက်များကိုလည်း ထရပ်ကားများပေါ်သို့တင်ပြီး စတင်မောင်းတင်နေကြပြီဖြစ်သည်။
“မဖြစ်နိုင်တာ။”
စုန့်ခွန်လင်း၏ လှောင်ပြုံးသည် ပျောက်ကွယ်သွားပြီး ဒေါသကြောင့် နီမြန်းနေသော မျက်နှာ အစားထိုးဝင်ရောက်လာသည်။
“ဘာကြောင့်လဲ ဘယ်လိုဖြစ်ရတာလဲ။”
“ဥက္ကဋ္ဌလု... အမှတ် (၁) မြေကွက် ရဲ့ ပိုင်ရှင်ကို ခင်ဗျားသိတာလား။”
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က အလောတကြီး မေးလိုက်သည်။ သူတို့အားလုံးလည်း ဆွံ့အံ့နေကြရသည်။
“ကျွန်တော် မသိပါဘူး။ မနေ့ကမှ အဆက်အသွယ် ရခဲ့တာပါ။ တစ်ဖက်လူရဲ့ တောင်းဆိုချက် အချို့ကို ကျွန်တော် သဘောတူလိုက်တယ်။သူတို့ကလည်း သဘောတူခဲ့တယ်။”
လုပိုင်ဟောက်က သူ၏ ကျေနပ်ဂုဏ်ယူနေသော အမူအရာကို မဖုံးကွယ်နိုင်ဘဲ အေးအေးလူလူပင် ပြန်ပြောလိုက်သည်။
“ဘာတောင်းဆိုချက်တွေလဲ။”
“ဘာတောင်းဆိုချက်တွေလဲ။”
လူအများအပြားက ပြိုင်တူမေးလိုက်ကြသည်။ အမှတ် (၁)မြေကွက် ပိုင်ရှင်၏ စိတ်ကို ပြောင်းလဲသွားစေနိုင်လောက်သည့် တောင်းဆိုချက်မျိုးက ဘာဖြစ်နိုင်မလဲဆိုသည်ကို သူတို့ အလွန်အမင်းစိတ်ဝင်စားနေကြသည်။တစ်ယောက်ချင်းစီတိုင်းသည် နောင်တများဖြင့် ပြည့်နှက်နေကြသည်။သူတို့သာ အရင် ဘာကြောင့် လက်ဦးမှု မယူခဲ့ကြပါလိမ့်။
လုပိုင်ဟောက်တွင် ထိုကဲ့သို့ အစွမ်းအစမျိုး မရှိဟု လူတိုင်းယူဆထားကြသဖြင့် သူသည် အမှတ် (၁) မြေကွက် ပိုင်ရှင်ကို ကြိုတင်သိနေခဲ့သည်ဟု မည်သူမှ မယုံကြည်ကြပေ။
၎င်းမှာ သူတို့၏ အတွေးအခေါ်ပိုင်းဆိုင်ရာ အမှားတစ်ခုလည်း ဖြစ်သွားခဲ့သည်။ ထို့အပြင် အမှတ် (၁)မြေကွက် ၏ ပိုင်ရှင်မှာ လုပေါင်ဖြစ်နေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားကြသလို တစ်စုံတစ်ယောက်က ထုတ်ပြောလျှင်ပင် မည်သူမှ ယုံကြမည်မဟုတ်ပေ။
“အမှတ် (၁)မြေကွက် ကို ဈေးကြီးပေးပြီး ဝယ်ယူဖို့ပါ။ ကျွန်တော်ကလည်း သဘောတူခဲ့တယ်။”
လုပိုင်ဟောက်ကအကွက်အမှတ် (၂) ဘက်သို့ လက်ညှိုးညွှန်ရင်း ပြောလိုက်သည်။
“အရင်က သူဌေးစုန့်ဆီမှာ ဗီလာ ကြိုတင်မှာယူထားတဲ့ လူကြီးမင်းတို့အနေနဲ့ ဒီနေရာမှာ ဆက်ပြီး ရွေးချယ်နိုင်ပါတယ်။အမှတ် (၁)မြေကွက် နဲ့ ပတ်သက်ပြီးတော့ ကျွန်တော် လုပိုင်ဟောက်က လူတိုင်းကို အာမခံပါတယ်။ခင်ဗျားတို့ စိတ်တိုင်းမကျဘူးဆိုရင် လျော်ကြေးအနေနဲ့ နှစ်ဆ ပြန်အမ်းပေးပါ့မယ်။”
သူပြောလိုက်သည်နှင့် တပြိုင်နက် ရှိနေသူအားလုံး သူ၏ ဆိုလိုရင်းကို နားလည်သွားကြသည်။ သူသည် အမှတ် (၂)မြေကွက် ပေါ်ရှိ ဗီလာများကို ရောင်းချပြီး ရရှိလာသော ငွေများဖြင့် အမှတ် (၁)မြေကွက် ပိုင်ရှင်ကို ငွေချေမည်ဖြစ်သည်။ ၎င်းသည် အရင်းအနှီးမရှိဘဲ အကျိုးအမြတ်ရှာခြင်းပင်ဖြစ်၏။
“အမှတ် (၁)မြေကွက် ရဲ့ ပိုင်ရှင်က ဘယ်သူလဲ။”
စုန့်ခွန်လင်းသည် ဒေါသကြောင့် ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲမတတ် ခံစားနေရသည်။
‘အမှိုက်ကောင်တွေဒီတောင်းဆိုချက်မျိုးကိုငါ့ဆီ ဘာလို့ အရင်မလာပြောကြတာလဲ။’
‘ဒါက ငါ့ကို နမူနာပြပြီး ခြောက်လှန့်နေတာလား။’
“သူတို့ရဲ့ အထောက်အထားက ထူးခြားတယ်။ပြောဖို့တော့ မသင့်တော်ဘူး။ ဪ... ဒါနဲ့ သူတို့ ပြောပုံအရဆိုရင် ခင်ဗျားရဲ့ မိသားစုဝင် တစ်ယောက်ယောက်က သူတို့ကို သွားစော်ကားမိပုံပဲ။”
လုပိုင်ဟောက်ကတည်ကြည်သော မျက်နှာထားဖြင့် ခေါင်းခါပြလိုက်သည်။
‘သူက ငါ့သားပဲလေ သူ့အထောက်အထားက ထူးခြားတာပေါ့။ ငါသာ အမှန်အတိုင်း ထုတ်ပြောလိုက်ရင် မင်းတို့တွေ ငါ့ကို ဝိုင်းဆဲကြမှာပေါ့။’
“မိသားစုဝင်တစ်ယောက်က စော်ကားမိတာလား။”
ဆုန့်ကူလင်း၏ အလွန် တုန်လှုပ်သွားခဲ့သည်။တစ်ဖက်လူက ဘာကြောင့် ဒီလောက် ရက်စက်နေရသလဲဆိုတာ အံ့ဩစရာ မရှိတော့ပေ။
သိုသော်မည်သူသူက စော်ကားလိုက်သနည်း။သူ့သားက မောက်မာရိုင်းစိုင်းသလို သူ့မိန်းမကလည်း ဦးနှောက်မရှိဘဲ နေရာတကာ လိုက်ရန်လုပ်တတ်သူဖြစ်သည်။ သူ၏ ဆွေမျိုးများကလည်း ထိုအတိုင်းပင်နေ၏။
“တောက်။”
“ဟူး...”
“ငါသာ ကြိုသိခဲ့ရင် အရင် လက်ဦးမှု ယူလိုက်ပါတယ်။”
ထိုအချိန်တွင် စီးပွားရေးလုပ်ငန်းရှင် အမြောက်အမြားမှာ နောင်တရနေကြပြီဖြစ်သည်။၎င်းမှာ မြေကွက်တစ်ကွက်ကို အလကားနီးပါး လွှင့်ပစ်လိုက်ခြင်းပင်။တစ်ဖက်လူသည် စုန့်ခွန်လင်းကိုသာ ပစ်မှတ်ထားနေခြင်း ဖြစ်ကြောင်း ပေါ်လွင်သွားသည်။ဘယ်သူဝယ်ဝယ် ဖျက်ဆီးပစ်မည်ဟု ပြောခဲ့ခြင်းမှာ စုန့်မိသားစုကို ပြန်နာလန်မထူနိုင်အောင် အကျပ်ရိုက်စေရန်သာ ဖြစ်သည်။
သူတို့သာ ဒါကို သိခဲ့လျှင် အရင် ဝယ်လိုက်ကြမည်မှာ အသေအချာပင်။
ဒီလို ရိုးရှင်းတဲ့ အကြောင်းပြချက်လေး တစ်ခုကြောင့် တစ်ဖက်လူက စုန့်ခွန်လင်းကို သေလုနီးပါး ဒုက္ခပေးလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“မင်္ဂလာပါ...”
တင်းလင် သည် သက်တော်စောင့် အချို့နှင့်အတူ ရောက်ရှိလာသည်။သူမက လုဇနီးမောင်နှံကို ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။
“ဥက္ကဋ္ဌလု ဥက္ကဋ္ဌကျန်း... ကျွန်မတို့ အကောင်းဆုံး ပန်းအလှဆင် ပညာရှင်တွေနဲ့ ဒီဇိုင်နာတွေကို ငှားရမ်းထားပြီးပါပြီ။ ဒီဇိုင်းပုံစံ အချို့လည်း ရှိပါတယ်။ ကြည့်ကြည့်ချင်ပါသလား။”
ကျန်းရွှယ်ချင်း က အံ့ဩဟန်ဆောင်လိုက်သည်။
“ကျွန်မတို့က ကြည့်ရမှာလား။”
“ဟုတ်ကဲ့ပါ ကျွန်မတို့ သူဌေးက ဒီမြေကွက်ကို ခေတ္တ စီစဉ်ခွင့်ပေးထားပါတယ်။ လူတိုင်းကို လိုက်ပြပေးရမလား။”
တင်းလင်ကအလွန်ချိုသာစွာ ပြုံးလိုက်ပြီး လုပေါင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
‘ဒီမိသားစုတစ်ခုလုံးကသရုပ်ဆောင်ကောင်းတဲ့ လူတွေချည်းပဲ။’
“ဟုတ်ပြီ ဟုတ်ပြီ”
မျက်နှာဝိုင်းဝိုင်းနှင့် ညီမဝမ်းကွဲက ကျန်းရွှယ်ချင်းကို အမြန်ဆွဲလိုက်ပြီး လုပေါင်ကို လှည့်အော်ပြောသည်။
“အစ်ကို... အစ်ကို ခုတော့ ချမ်းသာပြီနော် ဒီလောက်ကြီးတဲ့ ဝိုင်ချက်စက်ရုံကြီးကို ပိုင်ဆိုင်နေပြီ “
“သွာစမ်းပါ...
နင်ပြောစရာ မလိုပါဘူး။”
လုပေါင်မှာ သူမ၏ ဆိုလိုရင်းကို ကောင်းကောင်းနားလည်သည်။သူမကို ဘာအကျိုးအမြတ်မှ ပေးစရာ အကြောင်းမရှိပေ။
‘နင်ကငွေတစ်သိန်း ချေးပြီး ငါ့ဆီက နှစ်သိန်းဖိုး ပစ္စည်းတွေ ပြန်ယူသွားပြီးပြီ။အခုထက်ပိုပြီး မျှော်လင့်နေဦးမယ်ဆိုရင် နင်က ငါ့ညီမမဟုတ်တော့ဘူး သူခိုးပဲ။’
ဤထိတ်လန့်ဖွယ် သတင်းသည် အလျင်အမြန် ပျံ့နှံ့သွားတော့သည်။
မလာရောက်နိုင်ခဲ့သူများမှာ အလွန်အံ့အားသင့်နေကြပြီး ရောက်ရှိနေသူများမှာမူ နောင်တများဖြင့် ပြည့်နှက်နေကြသည်။လုပိုင်ဟောက်သည် ထိုကဲ့သို့သော အခွင့်အရေးကောင်းကို အရယူသွားနိုင်ခဲ့သည်။ကြားရသလောက်ဆိုလျှင် အမှတ် (၁) မြေကွက်ကို အလကား ရလိုက်သကဲ့သို့ပင် ဖြစ်နေသည်။
ထို့အပြင် လုပိုင်ဟောက်က အမှတ် (၂)မြေကွက် ပေါ်ရှိ ဗီလာအချို့ကိုလည်း သူကိုယ်ပိုင် အတွက် သိမ်းထားနိုင်သေးသည်။ ၎င်းမှာ ကြီးမားသော အမြတ်အစွန်းပင်ဖြစ်သည်။
အသနားစရာ အကောင်းဆုံးမှာ စုန့်ခွန်ခင်းပင်ဖြစ်သည်။သူသည် အရည်အချင်း စွမ်းဆောင်ရည်နှင့် ဗျူဟာရှိသော်လည်း သူ၏ မိသားစုဝင်များကြောင့် ဖျက်ဆီးခြင်း ခံလိုက်ရသည်။လုပိုင်ဟောက်၏ စကားများကြောင့် စန့်ခွန်လင်းသည် သူ၏ ကောင်းကျိုးမပေးသော မိသားစုဝင်များကို သေလောက်အောင် မုန်းတီးသွားတော့သည်။
“အိုလု ခင်ဗျားသားကလည်း မငယ်တော့ဘူးမလား။ငါ့မှာလဲသမီးလေးတစ်ယောက်ရှိတယ်။သူတို့ကို မိတ်ဆက်ပေးကြရင် မကောင်းဘူးလား။”
တစ်စုံတစ်ယောက်က လုပေါင်ကို မျက်စိကျနေပြီဖြစ်သည်။
သူသည် ရုပ်ရည်ချောမောပြီး ခန္ဓာကိုယ် တောင့်တင်းကာ လူတိုင်း၏အမြင်တွင်ပင် ရိုးသားသော ကောင်လေးတစ်ယောက်ဟု ထင်ရသည်။
လုပိုင်ဟောက် စကားမပြောမီ ကျန်းရွှယ်ချင်းက အမြန်ကြားဖြတ်ပြောလိုက်သည်။
“အဲဒါတော့ မဖြစ်သေးဘူး။ကျွန်မတို့ရဲ့ အားပေါင် တက္ကသိုလ်တောင် မဆင်းသေးဘူး။ ဘွဲ့ရမှပဲ ပြောကြတာပေါ့။ ပြီးတော့ ရှင်တို့သမီးက အသက် ၂၇ တောင် ရှိနေပြီ။အလုပ်ကိုပဲ ဖိလုပ်နေတဲ့သူ။ ကျွန်မသားက ဘာရည်မှန်းချက်မှ မရှိတဲ့သူပါ။ရှင်တို့သမီးနဲ့ ဘယ်လိုလုပ် တန်ပါ့မလဲ။”
ထိုသို့ ပြောပြီးနောက် သူမက လုပိုင်ဟောက်ကို ဆွဲခေါ်သွားသည်။လုပေါင်တွင် ယခုအခါ လျှို့ဝှက်ချက်များလွန်းနေပြီး လူအများအပြားကိုပေး သိ၍မဖြစ်ပေ။ထို့အပြင် လုပေါင်၏ အသက်ကလည်း ငယ်လွန်းသေးသည်။
“…
‘နောက်ဆုံးစကား နှစ်ခွန်းကို ဘာလို့ ထည့်ပြောရတာလဲ။’
လုပေါင် နောက်တစ်ကြိမ် DNA စစ်ဆေးချင်စိတ် ပေါက်သွားသည်။
‘ငါကကလမ်းဘေးက ကောက်ရလာတဲ့သူ ဖြစ်မှာပါ။ အရင်က စစ်ခဲ့တဲ့ DNA ရလဒ်ကို သူတို့တွေ လဲထားခဲ့တာများလား။’
“တီ... တီ... တီ...”
“လျှို့ဝှက်ဆန်းကြယ်သော အောက်ခြေမရှိသသည့်ချောက်နက်ကြီး ပေါ်ပေါက်လာပါပြီ လက်မှတ်ထိုးဝင်ရန်တာဝန် ပေးအပ်လိုက်သည်။ ပိုင်ရှင် အနေဖြင့် ချောက်နက်ကြီး မပိတ်မီ တာဝန်ကို ပြီးဆုံးအောင် ဆောင်ရွက်ပါ။
“ကျန်ရှိချိန်- ၁၇၆ နာရီ၊ ၅၂ မိနစ်၊ ၃၂ စက္ကန့်...
စနစ် ၏ အသံ ရုတ်တရက် ထွက်ပေါ်လာပြီး တပြိုင်နက်တည်းမှာပင် တာဝန်အသစ်တစ်ခု ထပ်မံပေါ်လာပြန်သည်။
အောက်ခြေမရှိသော ချောက်နက်ကြီး။
လုပေါင်သည် System မြေပုံကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။ မြေပုံကို ကြည့်ရင်း သူ မျက်မှောင်ကြုတ်သွားသည်။ ယခုတစ်ကြိမ် လက်မှတ်ထိုးဝင်ရမည့် နေရာမှာ စားကျက်မြေပြင် ပေါ်တွင် ဖြစ်နေသည်။
အချိန်အလုံအလောက် ရှိသော်လည်း... အောက်ခြေမရှိသော ချောက်နက်ကြီး ဒီတာဝန်က သူ့အတွက် နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်စေသည်။
‘ငါ့ကိုအဲဒီချောက်ထဲ ခုန်ချပြီး တာဝန်ထမ်းဆောင်ခိုင်းနေတာလား။’
စနစ်သည် သူ့ကို ချောက်ဝမှာပဲ လက်မှတ်ထိုင်းဝင်ခွင့်ပေးလိမ့်မည်ဟု သူ မယုံကြည်ပေ။
ထိုနေရာမှာ အလွန်ဝေးလံခေါင်ပါးသည်။ စားကျက်မြေပြင်နှင့် အနီးဆုံး လေဆိပ်သည်ပင် ထိုချောက်နက်ကြီးနှင့်၁၄၀ ကီလိုမီတာခန့် ကွာဝေးသည်။
“ပြန်ပြီး ပြင်ဆင်ရမယ်။”
လုပေါင်သည် လူအုပ်ကြီးနှင့်အတူ ခဏမျှ လျှောက်သွားနေလိုက်သည်။ဘာပြဿနာမှ မရှိတော့သည်ကို မြင်သောအခါ သူ နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့တော့သည်။
သူသည် လက်ရှိတွင် ရေအောက်သင်္ဘောပျက်ကို အရင် တိုက်ရိုက်ထုတ်လလွှင့် ရမလားဆိုသည်ကို ဝေခွဲမရ ဖြစ်နေသည်။သူ့ပရိသတ်များက စောင့်ဆိုင်းနေကြသော်လည်း သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ မနာလိုဖြစ်နေသော ကျွမ်းကျင်သူများက သူ့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေ ၅၀၀ ပေးချင်သည်ဟုဆိုကာ အဆက်မပြတ် ခေါ်ဆိုနေကြခြင်းပင်။
“မင်းတို့ ဘိုးအေကိုပဲ သွားခေါ်လိုက်ကြ။”