သူငယ်ချင်းကောင်း
Vol. 7 Ch. 663
ကျင့်စူးမှာ ကွေလိ၏အခြေအနေကိုကြည့်ပြီး ကွေလိကိုယ်တိုင်ထက်ပင် ပိုပြီး ရင်ကွဲပက်လက်ခံစားလိုက်ရလေ သည်။
သူမက ဝမ်းနည်းစွဖြင့်....
"ငါ နင့်ကိုခေါ်ပြီး ထွက်သွားမယ်..."
ကျင့်စူးသည် ထျန်းယီကို ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ပေ။ သူမသည် မျက်တောင်တစ်ချက်ခတ် လိုက်သည်နှင့် ခွန်ဖိန်တစ်ကောင်အသွင်သို့ ပြောင်းလဲသွားလေသည်။
သူမသည် ကွေလိကို ကျောပေါ်သို့တင်ကာ အတောင်ပံများကို ဖြန့်ကားလိုက်ပြီး ကောင်းကင်ထက်သို့ ပျံတက်သွား လေသည်။
သူမထံသို့ ပျံသန်းဝင်ရာက်လာသည့်တောင်မြင့်ကြီးကို ဘေးသို့စောင်းကာရှောင်လိုက်ပြီး လမ်းလွဲစေလိုက်လေ သည်။
သို့သော်… သူမ အသက်တစ်ချက်ရှူခန့်မျှကြာသည့်အချိန်မှာပင် သူမရှေ့တွင် နတ်သမီးတစ်ပါးပေါ်ထွက်လာသည် ကိုတွေ့လိုက်ရလေသည်။
ကျင့်စူးသည် တစ်ချက်ရင်ထိတ်သွားရပြီး…
"ကျင်းလင်စန်းမု..."
ဟု ရေရွတ်လိုက်လေသည်။
ယွမ်ကျွင်းဧကရီက ပြုံးလိုက်ရင်း....
"နတ်မိစ္ဆာအဓိပတိကြီးခွန်ဖိန်က ငါ ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ မင်းကို ပြောပြထားတယ် မဟုတ်လား ၊ မင်းကျောပေါ်က ကောင်မလေးကိုထားခဲ့ ၊ မင်းကို ဒုက္ခမပေးဘူး"
ကျင့်စူးက...
"လုံးဝမစဉ်းစားနဲ့"
ထိုအချိန်မှာပင် ကွေလိက အေးစက်သည့်လေသံဖြင့် စကားဝင်ပြောလိုက်လေသည်။
"ကျင့်စူး... အနောက်ဘက်ကိုသွားပါ ၊ ဆန်းလျန်ဆိုတဲ့လူကိုရှာပြီး အပြာရောင်ခရီးရှည်နန်းတော်မှာ ငါ့ကိုလာကယ်ဖို့ ပြောပေးပါ"
သူမသည် ပြောပြီးသွားသည်နှင့် ကျင့်စူး၏ ခန္ဓာကိုယ်ထက်မှ ပျံသန်းပြီးဆင်းသွားပြီး ယွမ်ကျွင်းဧကရီ၏နံဘေးတွင် ရပ်နေလိုက်လေသည်။
ကျင့်စူးက ကျယ်လောင်သည့်အသံဖြင့်....
"အကူအညီသွားတောင်းပြီးတာနဲ့ ငါ… ချက်ချင်းပြန်လာခဲ့မယ်"
ယွမ်ကျွင်းဧကရီသည် ကွေလိကိုဖမ်းဆီးမိသည်နှင့် ကျင့်စူးကို အရေးမစိုက်တော့ပါ။
ကျင့်စူးသည် မူလပုံသဏ္ဍန်ပြောင်းလဲထားသည့်အတွက် ခွန်ဖိန်တစ်ကောင်ဖြစ်သည်ကို ယွမ်ကျွင်းဧကရီလည်း သိရှိသည်ပဲ ဖြစ်လေသည်။ သို့သော်… ယွမ်ကျွင်းဧကရီသည် သူမကို တစ်စက်ကလေးပင် အသိအမှတ်မပြုခဲ့ပေ။
ထျန်းယီက ကွေလိကို အလျှင်အမြန်ဖမ်းဆီးရန် ပြင်လိုက်လေသည်။
သို့သော်… ယွမ်ကျွင်းဧကရီသည် ထျန်းယီကိုလည်း အရေးမစိုက်ပါ။
သူမသည် ကွေလိကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ ထွက်ခွာသွားလေတော့ သည်။ ယွမ်ကျွင်းဧကရီနှင့်ကွေလိသည် ချက်ချင်းပင် အပြာရောင်ခရီးရှည်နန်းတော်သို့ ရောက်ရှိလာကြလေသည်။
ထုန်ထျန်းအရှင်သခင် တစ်ချိန်က အုပ်စိုးခဲ့ဖူးသည့် တရားအလင်းရရာနယ်မြေသို့ ရောက်လာသည့် အခါတွင်တော့ ကွေလိသည် စိတ်ဝင်တစားမကြည့်ရှုဘဲ မနေနိုင်ခဲ့ပေ။
ယွမ်ကျွင်းဧကရီက နူးညံ့သိမ်မွေ့သည့်လေသံဖြင့်…
“အရင်တုန်းက မဟာမာရူယိလည်း အပြာရောင်ခရီးရှည်နန်းတော်ကို လာခဲ့ဖူးတယ်လေ ၊ ငါက မင်းကို ဖမ်းဆီးခဲ့ရ ပေမယ့် အန္တရယ်ပေးလိုတဲ့စိတ်မရှိပါဘူး ၊ မင်းသာ ငါ့အတွက် စာတစ်စောင်ပို့ပေးမယ်ဆိုရင် အတိတ်တုန်းက သူ့ကို ငါအကြွေးတင်ခဲ့ဖူးတဲ့ မျက်နှာကိုထောက်ထားပြီး မင်းရဲ့ဒဏ်ရာကိုလည်း ကုသပေးမယ် ၊ မင်းစိတ်တိုင်းကျ လွတ်လွတ်လပ်လပ်လည်း နေနိုင်ပါတယ်”
ကွေလိက တည်ငြိမ်စွာဖြင့်ပင်….
“ကျုပ် လုပ်ပေးမှာမဟုတ်ဘူး”
ယွမ်ကျွင်းဧကရီက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
“ငါက တောင်းဆိုတာပါ ၊ ငါ့မှာ ရွေးခြယ်စရာမရှိဘူးလေ ၊ မဟုတ်ရင် ထျန်းယီနဲ့ မျက်နှာအပျက်ခံပြီး မင်းကိုခေါ်မလာဘူး"
ကွေလိက…
“မဟာမာရူယိက ကျုပ်ရဲ့ ဘိုးဘေးမဟုတ်ဘူး ၊ ကျုပ်က မင်းအတွက် စာပို့ပေးရင်တောင်မှ သူကတော့ မင်းကို ကူညီမှာမဟုတ်ဘူး"
ယွမ်ကျွင်းဧကရီက…
“မင်းမကြိုးစားကြည့်သေးဘဲနဲ့ ဘယ်သိနိုင်မှာလဲ”
ကွေလိက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း…
"မင်းစိတ်ပူရမှာက သူ ကျုပ်ကို လာကယ်ရင် ရှင်ဘာလုပ်နိုင်မှာတဲ့လဲ”
ယွမ်ကျွင်းဧကရီ၏မျက်နှာမှာ ချက်ချင်းပင် တင်းမာခက်ထန်သွားလေသည်။
“ဒီနေရာက အပြာရောင်ခရီးရှည်နန်းတော်ပဲ ၊ သူသာ မင်းကို ဒီနေရာကနေ ကယ်ထုတ်သွားနိုင်မယ်ဆိုရင် ငါက အလကားဖြစ်သွားမှာပေါ့”
ကွေလိက တွေးတောနေရင်းဖြင့်….
"လက်စသတ်တော့ မင်းက ကျုပ်ကို စာပို့ပေးစေချင်ရုံတင်မကဘူး ဆန်းလျန်ကိုလည်း မြှားခေါ်ဖို့ ကြံစည်နေတာကိုး…"
“မင်းလိုမြင့်မြတ်တဲ့အနွယ်ဝင်တစ်ယောက်က သူ့ရဲ့စီးတော်ယဉ်ဖြစ်ခဲ့ဖူးမယ်လို့ လူတစ်ယောက်ကသာ ငါ့ကိုပြောမပြခဲ့ရင် လုံးဝထင်မိမှာမဟုတ်ဘူး"
ယွမ်ကျွင်းဧကရီက ပြောလိုက်လေသည်။
“မင်းမှားနေပြီ… ကျုပ်တို့က သူငယ်ချင်းကောင်းတွေပါ”
ကွေလိက ခေါင်းတစ်ချက်ခါယမ်းရင်းပြောလိုက်လေသည်။
ယွမ်ကျွင်းဧကရီက…
“ဒါဖြင့် မင်းရဲ့သူငယ်ချင်းက မင်းကို လာကယ်မယ်လို့ မင်းက ထင်နေတာပေါ့”
“အမှန်ပဲ…”
ကွေလိက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။
ကွေလိ၏ ခိုင်မာသည့်ယုံကြည်မှုများကို ယွမ်ကျွင်းဧကရီ မြင်တွေ့လိုက်ရလေသည်။ သူမသည် လိမ်ညာနေခြင်း မဟုတ်ဘဲ ဆန်းလျန်ကို အမှန်တကယ်ယုံကြည်နေခြင်း ဖြစ်လေသည်။
ယွမ်ကျွင်းဧကရီက…
“မင်း တကယ်ပဲ အဲဒီလောက်တောင် သူ့အပေါ်ယုံကြည်သလား”
ကွေလိက…
“အမှန်ပဲ… ၊ ဘာလို့လဲဆိုတော့ သူက မဖြစ်နိုင်တဲ့အရာတွေကို ဖြစ်လာအောင် လုပ်နိုင်တဲ့သူမို့လို့ပဲ ၊ မင်းကတော့ အဲဒီအချက်ကို နားမလည်လို့ ရှုံးနိမ့်ရမှာပဲ”
ယွမ်ကျွင်းဧကရီက တည်ငြိမ်စွာဖြင့်..
“ငါက မငြင်းပါဘူး ၊ ဆန်းလျန်က တကယ်အရည်အချင်းရှိတဲ့လူတစ်ယောက်ပါ ၊ ဒါပေမယ့်… သူ့ထက် အရည် အချင်းရှိပြီး လေးစားစရာကောင်းတဲ့သူတွေ အများကြီးကိုလည်း ငါတွေ့ဖူးပါတယ် ၊ အဲဒီကောင်စုတ်လေး ထက် ဆာရင် ချင်းယွမ်မြောင်တောက်အရှင်ဆိုရင်လည်း ကျင့်စဉ်လမ်းအဆင့်တက်တာ အရမ်းမြန်တာပဲ ၊ သူ့ထက်တောင် သာသေးတယ် ၊ ဒါပေမယ့် ချင်းယွမ်မြောက်တောက်အရှင်က တစ်ခါမှ ငါ့ရဲ့ဆရာဆီကို ရောက်မလာခဲ့ဖူးဘူး ၊ ဒီအပြာရောင်ခရီးရှည်နန်းတော်ဟာ ငါ့ရဲ့ဆရာ တာအိုတရားတွေကို နှစ်ပေါင်းများစွာဟောပြောခဲ့တဲ့နေရာလည်းဖြစ် သလိုဆရာ့ရဲ့ တန်ခိုးစွမ်းအားတွေနဲ့ ဂုဏ်သတင်းတွေလည်း ကျန်ရစ်နေဆဲပဲ"
ကွေလိက...
"ဆန်းလျန် ကျင့်ကြံထားတဲ့ ဝိညာဉ်စွမ်းအားမြှင့်တင်တဲ့ကျင့်စဉ်က လင်ပေါင်ထျန်းကျွင်းနဲ့ နက်နက်ရှိုင်း ပတ်သက် နေတယ်ဆိုတာ မင်း မမေ့ပါနဲ့…"
ယွမ်ကျွင်းဧကရီက လေသံခပ်တိုးတိုးဖြင့်…
"သူသာ ဒီကိုလာပြီး မင်းကိုကယ်ထုတ်နိုင်တယ်ဆိုရင်တော့ ဆရာက ငါ့ကို တကယ်ပဲ စွန့်ပစ်လိုက်ပြီဆိုတဲ့ အဓိပ္ပါယ်ပဲ ၊ တကယ်လို့ အဲဒီလိုသာ ဖြစ်ခဲ့ရင်တော့ ငါ့ဘဝဟာ ဘာအဓိပ္ပါယ်မရှိတော့ပါဘူး"
ရုတ်တရက်.... ကွေလိတွင် ပြောစရာစကားမရှိ ဖြစ်သွားရလေသည်။
သူမရှေ့မှ အမျိုးသမီးသည် စက်စုပ်ရွံရှာစရာကောင်းသူဖြစ်သော်လည်း ဆရာတပည့်သံယောဇဉ်ကို အလေးအနက် ထားသူတစ်ယောက် ဖြစ်လေသည်။
လူတကာလေးစားကြသည့် မဟာမာရူယိဒေါင်းစိမ်းမင်းကြီးသည် ထိပ်တန်းအဆင့် တာအိုသစ်သီးကို ပြုလုပ်နိုင်ခဲ့ သည့်တိုင် သူမကတော့ ထိုသူကို မည်သည့်အခါမှ ခွင့်လွှတ်နိုင်မည် မဟုတ်ပါ။ ထိုသူ၏ဘဝတွင် မည်မျှပင် အောင်မြင်မှုများရရှိခဲ့ပါစေ သူမကတော့ မည်သည့်အခါမှ အထင်ကြီးမည် မဟုတ်ပေ။
ယွမ်ကျွင်းဧကရီသည် လင်ပေါင်ထျန်းကျွင်း၏ ပန်းချီကားရှိရာ ကျင့်စဉ်ကျင့်ကြံသည့်အခန်းတွင်းသို့ ကွေလိကို ခေါ်ဆောင်လာလေသည်။
သူမက နူးညံ့သိမ်မွေ့သည့်လေသံဖြင့်…
"ချန်ကျန့်မေရဲ့ အနတ္တဓားတစ်ချက်ကို လူအားလုံးက လေးစားခဲ့ကြတယ် ၊ ဒါပေမယ့် ငါ့ ဆရာရဲ့ဓားနဲ့ယှဉ်လိုက်ရင် ချန်ကျန့်မေရဲ့ဓားဟာ နှိုင်းလို့တောင်မရဘူး ၊ လေးဖြာမရဏနတ်ဓားကိုမပြောနဲ့ဦး ချင်းဖျင်ဓားတစ်ခုတည်းနဲ့တင် ဆရာ့ကို ဘယ်သူမှ မယှဉ်နိုင်ခဲ့ကြဘူး"
ကွေလိက…
"မင်းရဲ့ဆရာကတော့ ကျုပ်လေးစားရတဲ့လူတစ်ယောက်ပါ ၊ ဒါပေမယ့် သူ့ဘေးနားကလူတွေက ဘယ်သူမှ သူ့ခြေရာကို မနင်းနိုင်ခဲ့ကြဘူး ၊ စကြာဝဠာစတင်ဖြစ်တည်လာတော့ ဗုဒ္ဓနဲ့ တာအိုဆရာသခင်ထိုက်ယီတို့က မွေးကင်းစရုပ်ခန္ဓာထဲမှာတင် တာအိုသစ်သီးကို တည်ဆောက်နိုင်ခဲ့ကြတယ် ၊ မင်းရဲ့ဆရာက အဲဒီလိုမျိုး မြင့်မြတ် ကြီးကျယ်တဲ့ လူတစ်ယောက်ပဲ ၊ ဘယ်သူက သူ့ကို ယှဉ်နိုင်မှာတဲ့လဲ"
ယွမ်ကျွင်းဧကရီက…
"တကယ်တော့ ပထမမိုးနတ်မင်းရော ဒုတိယမိုးနတ်မင်းရော အဲဒီလို ထိပ်တန်းအဆင့်ရောက်ဖို့ အခွင့်အရေးရခဲ့ ကြပါတယ် ၊ ဒါမေပယ့် နောက်ဆုံးတော့ အခွင့်အရေးကို လက်လွှတ်ခဲ့ကြရတာပဲလေ"
ကွေလိက…
"အဲဒီလိုအခွင့်အရေးမျိုး ထပ်ပေါ်လာဦးမယ်လို့ မင်းက ထင်နေတာလား"
ယွမ်ကျွင်းဧကရီက…
"မထင်ပါဘူး…"
ကွေလိက စကားပြန်မပြောတော့ပါ။
သူမက ကျင့်စဉ်ကျင့်ကြံသည့်အခန်းထဲတွင် ခင်းထားသည့် ကြမ်းခင်းအဝတ်လေးပေါ်တွင် ထိုင်လိုက်လေသည်။ ထို့နောက် သူမက အသက်ရှူသွင်း ၊ ရှူထုတ်လုပ်နေပြီး သူမ၏ နှာသီးဖျားတွင် အဖြူရောင်အခိုးအငွေ့သည် နဂါး (၂)ကောင်အလား ဖြတ်သန်းနေလေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ဒဏ်ရာသည် တဖြည်းဖြည်းသက်သာ ပျောက်ကွင်းသွားခဲ့လေသည်။
…..
တာ့ကျိုးနန်းတော်ကို ကျင့်ကြံသူပေါင်း (၃၀၀၀)က စောင့်ရှောက်ကာကွယ်ထားကြလေသည်။ သို့သော်… ထိုကျင့်ကြံသူပေါင်း (၃၀၀၀)သည် မိန်းကလေးတစ်ယောက် အသက်တစ်ချက်ရှူလိုက်သည်ကိုပင် တားဆီးနိုင်ခြင်း မရှိခဲ့ကြပေ။
ထိုမိန်းကလေးသည် သူမကိုယ်သူမ ထိန်းချုပ်နိုင်ခြင်းများ ပျောက်ဆုံးနေပြီး ကျင့်ကြံသူအတော်များများမှာ အသတ်ခံလိုက်ကြရလေသည်။
မိန်းကလေးသည် ဆန်းလျန်၏ နန်းတော်သို့ ရောက်ရှိလာပြီး စကားတစ်ခွန်းကို ပြောလိုက်လေသည်။
"ကွေလိ အပြာရောင်ခရီးရှည်နန်းတော်မှာ အဖမ်းခံထားရတယ် ၊ သူက ရှင်လာကယ်မှာကို စောင့်နေတယ်"
သူမသည် ဆန်းလျန်ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သော်လည်း အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရလေ သည်။
စဉ်းစားကြည့်လိုက်သည့်အခါတွင်တော့ ဆန်းလျန်၏သွေးခုန်နှုန်းသည် သူမနှင့်တွေ့ဆုံခဲ့သည့် တာအိုဆရာ အဘိုးအို၏ သွေးခုန်နှုန်းနှင့်ဆင်တူနေသည်ကို သတိပြုလိုက်မိလေသည်။
သို့သော်… တာအိုဆရာအဘိုးအိုမှာ ဆန်းလျန်ထက်ပိုပြီး ခန့်မှန်းရခက်လေသည်။ ထို့ပြင် ဆန်းလျန်တွင် ရှိသည့် တစ်စုံတစ်ခုသည် ထိုတာအိုဆရာအဘိုးအိုထံတွင် ပျောက်ဆုံးနေသလို ခံစားရလေသည်။
ဆန်းလျန်သည် တာအိုဆရာအဘိုးအိုထက် ပိုပြီးတော်သည်ဟု မဆိုသာပါ။ သို့သော်… ဆန်းလျန်တွင် ထင်ရှားသည့် ဝိသေသလက္ခဏာများရှိလေသည်။ ဆန်းလျန်သည် မြင့်မြတ်ပြီး တန်ဖိုးရှိသူတစ်ယောက်ဖြစ်သည်မှာ သိသာလွန်း လေသည်။
ဆန်းလျန်ကဲ့သို့ ဝိသေသသိသာထင်ရှားမှုများကို ဆရာဘိုးဘိုးကြီးခွန်ဖိန်ပင်လျှင် ပိုင်ဆိုင်ထားခြင်း မရှိပေ။
ကွေလိသည် ဆန်းလျန်ကို အဘယ့်ကြောင့် အကူအညီတောင်းရသည်ကို ကျင့်စူးသည် ချက်ချင်းပင် သဘောပေါက်သွားလေသည်။
ဆန်းလျန်က လက်နှစ်ဖက်ကို နောက်သို့ပစ်လိုက်ရင်း…
"အပြာရောင်ခရီးရှည်နန်းတော်ဟာ ထုန်ထျန်းအရှင်သခင်တရားအလင်းရခဲ့တဲ့ နေရာတစ်ခုပဲ ၊ ပြီးတော့ အဲဒီ နန်းတော်ရဲ့ တည်ရှိမှုကလည်း အချိန်နဲ့အမျှ ပြောင်းလဲနေတာ ၊ တည်နေရာကိုသိဖို့အတွက် ကျုပ် အချိန်နည်းနည်း လောက်ယူရလိမ့်မယ်"
ကျင့်စူးက…
"အချိန်မရှိတော့ဘူး… အပြာရောင်ခရီးရှည်နန်းတော်ဘယ်မှာရှိလဲဆိုတာ ကျွန်မသိတယ် ၊ ရှင်က ကျွန်မနောက်ကို လိုက်ခဲ့ရုံပဲ"
ကျင့်စူးသည် အပြာရောင်ခရီးရှည်နန်းတော်၏ တည်နေရာကို အဘယ့်ကြောင့် သိရှိနေရသနည်းဟု ဆန်းလျန်က မေးမနေတော့ပါ။
အဘယ်ကြောင့်ဆိုသော် ဆန်းလျန်က သူမ၏ သွေးခုန်နှုန်းသည် ပေမင်ကျီနှင့် တစ်ထပ်တည်းတူညီသည်ကို ရိပ်မိထားသောကြောင့် ဖြစ်လေသည်။ ထိုသို့သော မျိုးနွယ်များအနေဖြင့် အခြားသူများထက်သတင်းအချက် အလက်များကို သိရှိနေသည်မှာ အံ့သြစရာမဟုတ်တော့ပါ။
ကြည့်ရသည်မှာ ယခု သူ့ရှေ့သို့ရောက်လာသည့် မိန်းကလေးသည် သူနှင့်ပေမင်ကျီကြားမှ အဖြစ်အပျက်များကို သိရှိဟန်မတူသေးပေ။
သို့သော်… ကွေလိ၏ကိစ္စက ပိုအရေးကြီးနေသည့်အတွက် ဆန်းလျန်သည် ပေမင်ကျီကိစ္စကို သူမကို မပြောဖြစ်တော့ပေ။
ကွေလိကိုကယ်တင်ရန်မှာ မည်သို့မျှ မငြင်းနိုင်သည့် ကိစ္စဖြစ်လေသည်။ ကွေလိက သူမကို ကယ်တင်ရန်အတွက် သူ့အကြောင်းကြားစေခြင်းမှာ သူတို့သည် သူငယ်ချင်းကောင်းများဖြစ်သောကြောင့်သာ ဖြစ်လေသည်။
ဆန်းလျန်သည် မိတ်ဆွေသူငယ်ချင်း သိပ်ရှိသူတစ်ယောက် မဟုတ်ပေ။ သို့သော်… လူတစ်ယောက်ကို မိတ်ဆွေအဖြစ် အသိအမှတ်ပြုပြီးလျှင်တော့ မိတ်ဆွေအချင်းချင်း ကူညီတတ်သူတစ်ယောက် ဖြစ်လေသည်။ ထို့ပြင် သူ့အနေဖြင့် အပြာရောင်ခရီးရှည်နန်းတော်သို့ သွားရမည့် ကိစ္စတစ်ခုလည်း ရှိလေသည်။
အဘယ်ကြောင့်ဆိုသော် "စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း" စာအုပ်နှင့်ပတ်သက်ပြီး နားမလည်သည့်အချက်များကို ရှင်းလင်းသွားစေရန်အတွက် ဖြစ်လေသည်။ အပြာရောင်ခရီးရှည်နန်းတော်သို့ သွားရောက်ခြင်းဖြင့် သူ့အတွက် အဖြေတစ်ခု ရကောင်းရနိုင်လေသည်။
ဆန်းလျန်သည် သူနှင့်အတူ မည်သူ့ကိုမှ ခေါ်ဆောင်သွားခြင်း မရှိပါ။
သူသည် တောင်နှင့်မြစ်ရေကောင်းကင်ဘုံပန်းချီကားကို အဖြူရောင်တိမ်တိုက်များအဖြစ် အသွင်ပြောင်းလိုက်ကာ တိမ်တိုက်ကိုစီးနင်းပြီး ထွက်ခွာသွားလေတော့သည်။
ကျင့်စူးသည်လည်း သူနှင့်အတူလိုက်ပါလာပြီး အပြာရောင်ခရီးရှည်နန်းတော်တည်ရှိရာ နေရာကို လမ်းညွှန်ပေးခဲ့လေသည်။