← Chapters

မြစ်ဝါကိုးကွေ့အရံအတား

Vol. 7 Ch. 664

မြစ်ဝါကိုးကွေ့အရံအတား

Vol. 7 Ch. 664

ဆန်းလျန်နှင့် ကျင့်စူးသည် မြူများဆိုင်းနေသည့် ပင်လယ်ဒေသတစ်ခုသို့ ရောက်ရှိလာကြလေသည်။

ပင်လယ်ရေလှိုင်းများသည် တလိမ့်လိမ့် ရိုက်ခတ်နေကြပြီး သက်ရှိသတ္တဝါဆို၍ တစ်ယောက်မှ ရှိဟန်မတူပေ။ ပတ်ဝန်းကျင်တစ်ခုလုံးသည် မရဏနယ်မြေတစ်ခုအလား တိတ်ဆိတ်ငြိမ်သက်လျှက်ရှိလေသည်။

ကျင့်စူးက တည်နေရာကို တစ်ချက်တွက်ချက်လိုက်ပြီး…

"အပေါ်ဘက်ကို ပေတစ်ထောင်လောက် တက်ရမယ်"

ဆန်းလျန်ကလည်း ကျင့်စူးပြောသည့်အတိုင်း တက်လိုက်လေသည်။ သို့သော်… ပေတစ်ထောင်အမြင့်သို့ ရောက်ရှိသည့်အခါတွင်တော့ ကျင့်စူးသည် စိတ်ရှုတ်ထွေးသွားပုံရလေသည်။

သူမက…

"မဟုတ်သေးဘူး ၊ ပေတစ်ရာလောက် ပြန်ဆင်းရဦးမယ်ထင်တယ်"

ဆန်းလျန်က အထွန့်မတက်ဘဲ ပြန်ဆင်းလိုက်လေသည်။ ပေတစ်ရာသာမက ပေငါးရာအထိ ဆင်းပြီးသည့်တိုင် အခြေအနေက မထူခြားပေ။

ကျင့်စူးက…

"မဟုတ်သေးဘူး ၊ ဘယ်ဘက်ကို ပေသုံးရာလောက် ကွေ့ကြည့်မယ်ဆိုရင်ရော…"

ယခုတစ်ကြိမ်တွင်တော့ ဆန်းလျန်သ်ည ကျင့်စူးပြောသည့်အတိုင်း လိုက်မလုပ်တော့ပါ။

သူက အရှေ့သို့ တစ်ချက်ကြည့်လိုက်ပြီး…

"ထပ်မကြိုးစားနဲ့တော့…."

ဟုပြောလိုက်လေသည်။

ရုတ်တရက်…

ပင်လယ်ပြင်တွင် မြူခိုးများ ထွက်ပေါ်လာပြီး မြူခိုးများသည် သူတို့ (၂)ယောက်လုံးကို တဖြည်းဖြည်း ဖုံးလွှမ်းလာ လေသည်။

ကျင့်စူးက အံ့သြမင်သက်စွာဖြင့် ရေရွတ်လိုက်လေသည်။

"မြစ်ဝါကိုးကွေ့အရံအတား…"

ဆန်းလျန်က…

"ပြီးပြည့်စုံတဲ့ မြစ်ဝါကိုးကွေ့အရံအတားတော့မဟုတ်ဘူး…"

ထိုအချိန်မှာပင်…

ဆန်းလျန်က သူ၏နတ်ဘုရားစွမ်းအားများကို စုစည်းလိုက်လေသည်။

သူ၏ မူလဝိညာဉ်ခန္ဓာမှ တန်ခိုးစွမ်းအားများကို သူ၏မျက်ခုံးနှစ်ခုကြားမှ မိုးမြေသန္ဓေမျိုးစေ့နေရာတွင် စုစည်းလိုက်လေသည်။

ဆန်းလျန်၏ ပုံသဏ္ဍန်သည် သာမန်လူတစ်ယောက်အဖြစ်မျှသာ ထင်ရလေသည်။ သို့သော်… အလွန်ခိုင်မာသည့် သာန်လူတစ်ယောက်ဖြစ်သည်ဟု ဆိုနိုင်လေသည်။

သို့သော်… ကျင့်စူးကတော့ ဆန်းလျန်လုပ်သည့်အတိုင်း လိုက်မလုပ်ပါ။ သူမက မြူခိုးများအတွင်းသို့ တိုးဝင်လိုက် လေရာ နာကျင်လွန်းသည့်အတွက် အော်ဟစ်လိုက်မိလေသည်။

မြူခိုးများနှင့်ထိမိသည်နှင့် နှစ်ပေါင်းများစွာ ကျင့်ကြံထားခဲ့သည့် သူမ၏တန်ခိုးစွမ်းအားများသည် ချက်ချင်းပင် ပျောက်ကွယ်သွားရလေသည်။

သို့သော်… သူမ၏ဦးခေါင်းထက်မှ ပန်းသရဖူကြောင့်သာ သူမ၏ မူလိဝိညာဉ်ခန္ဓာသည် ပျက်စီးမသွားခဲ့ရခြင်း ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ခေါင်းကိုက်ဂါထာသည် မူလဝိညာဉ်ခန္ဓာကိုပါ ချုပ်ထားနိုင်သည့် အစွမ်းရှိ သောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ပန်းသရဖူမှာ ပုံပျက်သွားသည့်တိုင် သူမ၏မူလဝိညာဉ်ခန္ဓာ မပျက်စီးသွားအောင် ကာကွယ်ပေးနိုင်ခဲ့လေ သည်။

ရုတ်တရက်…

ဆန်းလျန်၏ လက်တစ်ဖက်က သူမ၏ ပခုံးထက်သို့ လာရောက်ဖိကိုင်လိုက်လေသည်။

ကျင့်စူးကိုထိမိထားသည့် မြူခိုးများကို ဆန်းလျန်၏လက်က စုပ်ယူလိုက်ခြင်း ဖြစ်လေသည်။ ဆန်းလျန်၏ လက်မှာ ချက်ချင်းပင် အဖြူရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွားလေသည်။

"အတွေးတစ်ချက်နဲ့တော့ ဗလာနယ်တစ်ခုကို ဖန်ဆင်းနိုင်မှာမဟုတ်ဘူး"

နူးညံ့သည့်အသံတစ်သံသည် ကျင့်စူးနားထဲသို့ ဝင်ရောက်လာလေသည်။

ထိုအသံသည် တာအိုမဟာလမ်းစဉ်၏ ပဲ့တင်သံဖြစ်လေသည်။

ချက်ချင်းပင် ကျင့်စူးသည် တရားကို သိမြင်သွားခဲ့ပြီး သူမ၏တန်ခိုးစွမ်းအားများ ကုန်ဆုံးနေခြင်းသည်လည်း လျော့နည်းသွားရလေသည်။

ကျင့်စူးက မုန်းတီးစက်စုပ်သည့်လေသံဖြင့်…

"ဒီမိစ္ဆာမကြီးက တော်တော်ဆိုးတာပဲ…"

မြစ်ဝါကိုးကွေ့အရံအတားသည် ကျင့်ကြံသူအားလုံး၏အမြင်တွင် အခြေခံကျသည့် မှော်မိစ္ဆာအရံအတားတစ်ခု ဖြစ်လေသည်။

ထိုအရံအတားသည် နယ်ပယ် (၃)ခုအပေါ်တွင် အခြေခံထားလေသည်။

လောက၏နက်နဲမှုများဖြစ်သည့် စိတ်ရှုတ်ထွေးစေသည့်နတ်ပြဒါးဆေး ၊ အလုံပိတ်မန္တန် ၊ နတ်ဘုရားရှုံးနိမ့်ခြင်း ၊ နတ်ဘုရားဝိညာဉ်ဖျက်ခြင်း ၊ နတ်ဘုရားထောင်ချောက် ၊ နတ်ဘုရားစွမ်းအားဖျက်ဆီးခြင်း ၊ ဖယ်ထုတ်ခံထားရသည့် နတ်ဘုရားဖွဲ့စည်းမှု ၊ နတ်ဘုရားခန္ဓာပျက်စီးစေခြင်း များပါဝင်လေသည်။

ထိုအရံအတားအတွင်းသို့ဝင်မိသည့် နတ်ဘုရားတိုင်းသည့် သာမန်လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားရမည် ဖြစ်ပြီး သာမန်လူတစ်ယောက် ဝင်မိပါက ချက်ချင်းပင် အသက်ပျောက်သွားမည် ဖြစ်လေသည်။

အတိုချုပ်ပြောရမည်ဆိုလျှင်တော့ နတ်ဘုရားတစ်ပါးသည် မည်မျှမြင့်မားသည့် တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထား ပါစေ အရံအတားအတွင်းသို့ ဝင်မိသည်နှင့် တန်ခိုးစွမ်းအားများအားလုံး ဆုံးရှုံးသွားရမည် ဖြစ်လေသည်။ ထို့ပြင် စိတ်ဝိညာဉ်လည်း ပျက်စီးရမည်ဖြစ်သလို ဝိညာဉ်ကိုလည်း ဆုံးရှုံးရမည် ဖြစ်လေသည်။

ထိုအခြေအနေသည် ကျင့်ကြံသူများအတွက် မည်သို့မှ လွယ်ကူမည် မဟုတ်ပေ။ ကျင့်ကြံသူများသည် တန်ခိုး စွမ်းအားများရရှိရန်အတွက် နေ့စဉ်နှင့်အမျှ ကျင့်ကြံကြရလေသည်။ သို့သော်… သူတို့သည် အရံအတားအတွင်းသို့ ကျရောက်သွားပါက နာကျင်ခံစားရမည် ဖြစ်သည့်အပြင် နှစ်ပေါင်းများစွာ ကျင့်ကြံထားသမျှ အရာအားလုံးသည် လည်းမြူမှုံအလား လွင့်ပြယ်ပျောက်ပျက်သွားရမည် ဖြစ်လေသည်။

ကျင့်စူးသည် ထင်ရှားသည့်ဇာစ်မြစ်ရှိသည့် နတ်မိစ္ဆာတစ်ပါးဖြစ်သည့်တိုင် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်လာရန် ကျင့်ကြံရသည်မှာ လွယ်ကူခဲ့သည် မဟုတ်ပါချေ။ ဆန်းလျန်သာ သူမကို မကူညီခဲ့လျှင် သူမ၏ တန်ခိုးစွမ်းအားများ အားလုံး ဆုံးရှုံးသွားရမည် ဖြစ်လေသည်။ နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံလျှင်တောင်မှ သူမ၏တန်ခိုးစွမ်းအားများ ပြန်လည်ရရှိရန် ခက်ခဲပေလိမ့်မည်။

ဆန်းလျန်က…

"ဒီအရံအတားကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကို အရင်စဉ်းစားရအောင် ၊ ကျုပ်တို့ရဲ့ တ်ခိုးစွမ်းအားတွေကိုဖုံးကွယ် ထားပြီး ဒီအရံအတားကို လှည့်စားထားနိုင်ပေမယ့် ဒီအရံအတားကနေလွတ်မြောက်ဖို့ ကျုပ်တို့ရဲ့ တန်ခိုးစွမ်းအား တွေကို မသုံးလို့လည်း မရဘူးလေ"

ကျင့်စူးက…

"အရင်တုန်းက ဒီအရံအတားကို တီထွင်ခဲ့တာ ယွင်ရှောင်းနတ်သမီးပဲ ၊ အဲဒါကြောင့် ယွင်ရှောင်းနတ်သမီးပဲ ဒီအရံအတားကို ချိုးဖျက်နိုင်မှာ ၊ အဲဒီတုန်းက ယွင်ရှောင်းနန်သမီး မြစ်ဝါကိုးကွေ့အရံအတား ဖန်ဆင်းတော့ ယွိချင်နဲ့ ထိုက်ချင်ရဲ့ နတ်ဘုရားခန္ဓာတွေတောင် ဆင်းသက်လာခဲ့ကြဖူးတယ် ၊ ဒီအရံအတားကို တခြားနည်းနဲ့ ဖြေရှင်းလို့မရ နိုင်ဘူး ၊ ယွိချင်နဲ့ ထိုက်ချင်တို့ရဲ့ နတ်ဘုရားခန္ဓာတွေကို ဆင့်ခေါ်မှပဲ ရနိုင်မယ်"

ဆန်းလျန်က…

"ဒါပေမယ့် ဒီအရံအတားက မပြည့်စုံဘူး ၊ ကျုပ်တို့ ဖြေရှင်းနိုင်မှာပါ"

ကျင့်စူးက…

"တစ်ချက်လောက်ကြည့်လိုက်တာနဲ့ ဒီအရံအတားက မပြည့်စုံဘူးဆိုတာ ရှင်က ဘယ်လိုလုပ်သိတာလဲ ၊ ဟို မိစ္ဆာမ ကြီးက မြစ်ဝါကိုးကွေ့ အရံအတားကို ပြီးပြည့်စုံအောင် မဖန်တီးနိုင်လောက်ဘူးလို့ ရှင် လျှောက်ခန့်မှန်းကြည့်နေတာ တော့မဟုတ်ပါဘူးနော်"

ဆန်းလျန်က မြူခိုးများကို ကြည့်နေရင်းမှ နူးညံ့သည့်လေသံဖြင့်…

"ဒီအရံအတားသာ ပြီးပြည့်စုံတဲ့ မြစ်ဝါကိုးကွေ့အရံအတားဖြစ်မယ်ဆိုရင် လှည့်ပတ်ခြင်းလမ်းစဉ်အတိုင်းစီးဆင်း နေလိမ့်မယ် ၊ ဖန်းဆင်းမှုအနုပညာအတိုင်း အဆက်မပြတ်လှည့်ပတ်နေလိမ့်မယ် ၊ အဲဒီလိုအခြေအနေသာဆိုရင် အရံအတားထဲမှာ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေ တဖြည်းဖြည်းများလာမှာ မဟုတ်ဘူး"

ဆန်းလျန် စကားပြောနေစဉ်မှာပင် မြူခိုးများက ပိုပြီး ထူထပ်လာလေသည်။

ကျင့်စူးမှာ ဗဟုသုတအလွန်ကြွယ်ဝသူတစ်ယောက်ဖြစ်သော်လည်း ဆန်းလျန်ပြောနေသည့် တာအို သဘောတရား များကို သူမ နားလည်ခြင်း မရှိပေ။

"ဘာကြောင့် သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေက အရံအတားရဲ့အားနည်းချက် ဖြစ်နေရတာလဲ"

ဆန်းလျန်က သူမကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်လေသည်။

"အမြင့်ဆုံးရောက်ပြီးရှင် ကျဆုံးရမှာပဲ ၊ အရာအားလုံးက အတက်အကျရှိတယ် ၊ လောကမှာ ဘယ်အရာမှ အင်အား အကြီးဆုံးအဖြစ် အစဉ်အမြဲမရပ်တည်နိုင်ဘူး ၊ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေက လေထဲက အလိုလိုပေါ်လာ တာတော့ မဖြစ်နိုင်ဘူးလေ ၊ ဒီအရံအတားထဲမှာ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေ ရောက်လာဖို့အတွက် တစ်စုံတစ်ခုက ပြုလုပ်နေမှရမှာ ၊ လယ်ကွင်းထဲက စပါးပင်တွေလိုပေါ့ ၊ စပါးခင်းတွေသန်လေလေ မြေသြဇာတွေ နည်းပါးလာလေလေပေါ့ ၊ ရာသီဥတုဖောက်ပြန်တဲ့အခါကျတော့ မြေဆီသြဇာမရှိတော့တဲ့ မြေတွေက အလွယ်တကူ တိုက်စားခံရတယ်လေ ၊ အခုအခြေအနေကလည်း အဲဒီလိုမျိုးပဲ ၊ အရှင်းဆုံးပြောရရင် 'ဦးရေပြားမရှိဘဲ ဆံပင်က ဘယ်လိုလုပ်ပေါက်နိုင်မှာလဲ' ဟုတ်တယ်မလား"

ဆန်းလျန်၏ရှင်းလင်းပြောပြမှုသည် များပြားသည့်တိုင် ယခုတစ်ကြိမ်တွင်တော့ ကျင့်စူးက နားလည်သဘောပေါက် သွားခဲ့လေသည်။ ဆန်းလျန်သည် မြစ်ဝါကိုးကွေ့အရံအတားကို နားလည်သဘောပေါက်သူဖြစ်သည်ကို ကျင့်စူးက သိရှိသွားလေသည်။ ထို့ကြောင့် အရံအတား၏ အခြေခံအချက်ကို ဖျက်စီးနိုင်လျှင် ပြဿနာကိုဖြေရှင်းပြီးသား ဖြစ်ပေလိမ့်မည်။

အရံအတားအတွင်းမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာလည်း တဖြည်းဖြည်းပိုပြီး အားကောင်းလာလေသည်။ ထိုအခါ အရာအတားသည် တဖြည်းဖြည်းအားနည်းလာလေသည်။

ကျင့်စူးက…

“ဒါဆို ဒီအရံအတားကို တစ်ခါတည်းဖျက်စီးပစ်လိုက်ကြရအောင်…”

ဆန်းလျန်ကအသံကို နှိမ့်လိုက်ပြီး…

“မလောပါနဲ့…”

ဆန်းလျန်သည် အလျှင်စလိုမရှိပေ။ သူသည် တောင်နှင့်မြစ်ရေကောင်းကင်ဘုံပန်းချီကားမှ ဖန်ဆင်းထားသည့် လွင့်မျောနေသည့်တိမ်တိုက်ထက်တွင် အေးအေးဆေးဆေးထိုင်နေလေသည်။

လွင့်မျောနေသည့်တိမ်တိုက်ဆီသို့ မြူခိုးများက တဖြည်းဖြည်းတိုးဝင်လာလေသည်။

သို့သော်… တောင်နှင့်မြစ်ရေကောင်းကင်ဘုံပန်းချီကားသည် သက်ရှိသတ္တဝါတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် … မြူခိုးများ၏တိုက်ခိုက်မှုသည် ပန်းချီကားအပေါ်တွင် သက်ရောက်မှုမရှိပေ။ အနည်းငယ် ညစ်ညမ်းသွားရုံသာ ရှိပေလိမ့်မည်။

ဆန်းလျန်၏ ရုပ်ခန္ဓာသည် မြူခိုးများကြောင့် အဆက်မပြတ်ညစ်နွမ်းနေရလေသည်။ သူ၏တာအိုဝတ်ရုံမှာ စုပ်ပြဲသွားခြင်းမရှိသည့်တိုင် အနက်ရောင်ပြောင်းသွားလေသည်။ သူ၏အသားအရေများပေါ်တွင်လည်း အနက်ရောင်အစက်အပျောက်များ ထင်လာလေသည်။ သူရုပ်ခန္ဓာသည် မြစ်ဝါကိုးကွေ့အရံအတား၏ တိုက်စား ဖျက်ဆီးခြင်းကို ခံနေရလေသည်။

သို့သော်… ဆန်းလျန်သည် တစ်ချက်မှ မရွှေ့ပါ။ သူသည် ဘုန်းတော်ကြီးတစ်ပါးအလား ငြိမ်သက်စွာထိုင်နေပြီး မျက်လုံးများကိုလည်း မှိတ်ထားလေသည်။

ကျင်းစူးမှာ နာကျင်သည့်ဒဏ်ကို မခံနိုင်တော့ပေ။

သူမတစ်ကိုယ်လုံးမှာ ယားယံလာပြီး သူမသည် အသားများပဲ့ထွက်သည်အထိ ကုတ်ခြစ်ပစ်ချင်နေမိလေသည်။ မြစ်ဝါကိုးကွေ့အရံအတားသည် နတ်ဘုရားတစ်ပါးကို လူသားတစ်ယောက်ဖြစ်သွားသည်အထိ လုပ်ဆောင်နိုင်သည် မှာသံသယဖြစ်စရာပင် မလိုပါ။ သူမကဲ့သို့သော လူတစ်ယောက်သည် ယားယံခြင်းကို ခံစားရလေ့ရှိသူ မဟုတ်ပေ။ သို့သော် ယခုတော့ ယားယံခြင်းကို အပြင်းအထန် ခံစားနေရလေသည်။

ဆန်းလျန်က မျက်ဝန်းများကို ဖွင့်ကြည့်လိုက်လေသည်။ သူက ကျင့်စူးတစ်ယောက် ဆိုးဆိုးဝါးဝါးဒုက္ခရောက် နေသည်ကို တွေ့သည့်အခါတွင်တော့ …

“မင်းရဲ့လက်ကို ကျုပ်ပခုံးပေါ်တင်ထားလိုက်ပါ”

ကျင့်စူးက…

“ကျွန်မခံရတဲ့ဒုက္ခကို ရှင် ကူညီစရာမလိုပါဘူး ၊ ကျွန်မခံနိုင်ပါတယ်”

ဆန်းလျန်က စကားဆက်မပြောတေ့ပါ။

အမှန်တော့ သူလည်း အလွန်မှ ဖိစီးမှုများစွာကို ခံစားနေခဲ့ရလေသည်။ နာကျင်မှုကိုခံစားနေရရုံသာမက အရံအတားတစ်ခုလုံး၏ တုန်ခါမှုပုံစံကိုလည်း သူက တွက်ချက်နေရလေသည်။

အထူးသဖြင့် မိုးမြေသန္ဓေမျိုးစေ့အတွင်းသို့ရောက်နေသည့် သူ၏ မူလဝိညာဉ်ခန္ဓာသည် ဖိနှိပ်မှုကို အပြင်းအထန် ခံစားနေရလေသည်။

ထို့ကြောင့် သူ့အတွက် လွယ်ကူလှသည်တော့မဟုတ်ပေ။

မြစ်ဝါကိုးကွေ့အရံအတားသည် လောက (၃)ခုဖြစ်သည့် မိုး ၊ မြေ နှင့် လူသား အပေါ်တွင် အခြေခံထားခြင်းဖြစ်လေ သည်။ မိုးကောင်းကင်နိယာမ စတင်တည်ဆောက်စဉ်အခါက ယင် နှင့် ယန်သာ ရှိလေသည်။ မြေပြင်နိယာမကို တည်ဆောက်စဉ်အခါက နူးညံ့မှုနှင့် မာကျောမှုသာ ရှိလေသည်။ လူသားဆန်မှု နိယာမကို တည်ဆောက်စဉ်အခါက စေတနာတရားနှင့် တရားမျှတမှုဖြင့် တည်ဆောက်လေသည်။

ထို့ကြောင့် နယ်ပယ်တစ်ခုချင်းစီ၏ ကဏ္ဍတစ်ခုစီသည် အခြား (၂)ခုနှင့် ဆန့်ကျင်ဘက် ဖြစ်လေသည်။

မြူခိုးများသည် တိုက်စားတတ်သည့် သဘောသဘာဝရှိလေသည်။ သို့သော်… ထိုအရာသည် ဖျက်စီးခံလိုက်ရလျှင် အသစ်ပြန်လည်မွေးဖွားလသည်ဟု ဆုံးဖြတ်နိုင်လေသည်။ အရံအတားမှာ ယိုယွင်းလာသည်ဟု ထင်မှတ်ရသော် လည်းပြန်လည်ဖြစ်တည်လာသည့် အားအင်တစ်ခုကလည်း တစ်ပြိုင်တည်းမှာပင် ပေါ်ထွက်လာလေသည်။

သို့သော် ထိုအားအင်သည် အလွန်မှ သေးငယ်လွန်းလေသည်။ သေသေချာချာသာ အာရုံစိုက်ခြင်းမရှိလျှင် ထိုအားအင် တည်ရှိမှုကို လုံး၀ ရှာတွေ့နိုင်မည် မဟုတ်ပေ။ ဆန်းလျန်ကတော့ ထိုအင်အား၏ တည်ရှိမှုကို ရှာတွေ့သွားခဲ့ပြီဖြစ်လေသည်။

ဤအရံအတားသာ ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိသွားပါက အရင်းအမြစ်ကိုရှာဖွေဖျက်စီးနိုင်ရန်မှာ ခက်ခဲသွား မည်ဖြစ်လေသည်။

သူက အရံအတား၏အရင်းအမြစ်ကို မရမနေရှာဖွေရန် အားစိုက်ကြိုးစားလျှင်လည်း ရှာတွေ့နိုင်မည် မဟုတ်ပါ။ ရှာမတွေ့နိုင်သည့်အပြင် သူ၏ နတ်ဘုရားခန္ဓာသည်ပင် ပျက်စီးသွားနိုင်လေသည်။

ကျင့်စူးသည် နာကျင်ခံစားရသည့်ဒဏ်ကို အနည်းငယ်ထိန်းချုပ်သွားနိုင်ပြီ ဖြစ်သည့်အတွက် ဆန်းလျန်က သူမကို စိုးရိမ်မနေတော့ပါ။

အကယ်၍ အရံအတား၏ နက်နဲဆန်းကြယ်မှုကို လေ့လာနိုင်ပါက ကျင့်စူး၏ ကျင့်စဉ်လမ်းအတွက် အကျိုးရှိနိုင်လေသည်။

သို့သော်… ဆန်းလျန်သည် ထိုအချက်ကို သူမကို ပြောပြမည် မဟုတ်ပါ။

အဘယ်ကြောင့်ဆိုသော် သူနှင့် ကျင့်စူးသည် မိတ်ဆွေများဖြစ်လာနိုင်မည်မဟုတ်ဟု သူ တွေးထင်မိသောကြောင့် ဖြစ်လေသည်။ ပေမင်ကျီနှင့် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကြောင့် သူတို့သည် နောင်တစ်ချိန်တွင် ကျိန်းသေ ရန်သူများသာ ဖြစ်လာကြရမည် မဟုတ်ပါလား။

All Chapters