အခန်း (၂၇၃-၂၇၄)
Vol. 19 Ch. 273-274
အခန်း ၂၇၃ - အန္တရာယ်ဇုန်ထဲက လျှို့ဝှက်ချက်
“အု...”
ရှေ့ကို လှမ်းခုန်လိုက်တဲ့ ငွေရောင်ဘုရင်ဟာ မြှားသေနတ်ရဲ့ အရှိန်ကိုတော့ ဘယ်လိုမှ မမီနိုင်ချေ။
ရှေ့မှာ သေနေပြီဖြစ်တဲ့ ဗီဇပြောင်းနွယ်ပင်ကို ကြည့်ပြီး သူ့ရဲ့ ဝံပုလွေလက်သည်းတွေနဲ့ နှစ်ချက်လောက် တို့ကြည့်နေ၏။
သူ့ကိုယ်ပေါ်က သွေးရောင်အစင်းကြောင်းတွေကတော့ မှိန်သွားမယ့် အရိပ်အယောင်မရှိဘဲ ရဲရဲနီနေတုန်းပင်။
“ယေး... ဒီနွယ်ပင်အတွက် ရမှတ်က ငါ့အပိုင်ပဲ”
လီဝမ်ရှီးက မြှားသေနတ်ကို ကိုင်ရင်း ကျိချောင်းယန်ကို အောင်ပွဲခံတဲ့ အမူအရာ ပြလိုက်၏။
“ငါက နင့်ထက် ပိုမြန်လို့ ခေါင်းကို အပိုင်ရလိုက်တာ... မဟုတ်ဘူး၊ နွယ်ပင်ခေါင်းကို ရလိုက်တာ”
ကျိချောင်းယန်က ဘာမှပြန်မပြောဘဲ ပြုံးလျက် ခေါင်းခါယမ်းလိုက်၏။
သူက ပေါက်ကွဲမြှားကို အသစ်ပြန်ဖြည့်ပြီး ကျောပိုးအိတ်ထဲ ပြန်ထည့်လိုက်၏။
ရွှီရှင်းလည်း သူ၏ လှံကို ပြန်သိမ်းလိုက်၏။
သူက စောစောက အခြေအနေကို သေသေချာချာ စောင့်ကြည့်နေတာမို့ ဘာဖြစ်သွားလဲဆိုတာ ကောင်းကောင်းသိပေသည်။
လီဝမ်ရှီး ကြွားနေတာကို မြင်တော့ သူက ရယ်ရင်းနဲ့...
“ကျိချောင်းယန် လက်က ပိုမြန်ခဲ့တာပါ။ မင်းရဲ့ ပေါက်ကွဲမြှားက နောက်မှ ပေါက်ကွဲသံ ထွက်လာတာ၊ သူက အရင်ဆုံး နွယ်ပင်ကို သေလုနီးပါး အားနည်းသွားအောင် လုပ်လိုက်တာ၊ ပြီးမှ မင်းက သတ်လိုက်တာလေ”
“အာ... အဲဒီလိုလား”
လီဝမ်ရှီး ခဏလောက် ကြောင်သွားပြီးမှ ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကို ကုတ်လိုက်၏။
“ဒါဆို ငါက ကြားဖြတ်လုလိုက်တာပေါ့။ ဒါပေမဲ့ အမှတ်တွေကတော့ နင့်ဆီ ပြန်လွှဲလို့ မရတော့ဘူးနော်...”
“မင်းတို့ နှစ်ယောက်လုံး ငါ့သားကောင်ကို လုနေကြတာပဲ မဟုတ်လား”
ရွှီရှင်းက စိတ်မရှည်သလို ပြောလိုက်၏။
“ဟီးဟီး...”
လီဝမ်ရှီးက ရယ်မောရင်း သူ့လက်မောင်းကို ဖက်လိုက်၏။
“ရှင့်သားကောင်ကို လုရတာ အားနာစရာမှ မလိုတာ”
“မင်းကတော့လေ...”
ရွှီရှင်းက သူမရဲ့ နဖူးလေးကို အသာအယာ တောက်လိုက်သည်။
“ဒါပေမဲ့ ဒီတစ်ခါတော့ မင်း တော်တော်လေး သွက်လက်လာတယ်၊ တုံ့ပြန်တာ တော်တော်မြန်တယ်”
“ဟုတ်တယ်လေ။ မြင်တာနဲ့ မြှားသေနတ်ကို ဆွဲထုတ်ပြီး ပစ်လိုက်ဖို့ပဲ စိတ်ထဲ ရှိတော့တာ”
လီဝမ်ရှီးက သူမကိုယ်သူမ တကယ့် လက်နက်ပုန်း ကျွမ်းကျင်သူတစ်ယောက်လို သွက်သွက်လက်လက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထင်နေတာပင်။
“နေဦး နေဦး... နင်တို့ ဘာတွေ ဖြစ်နေကြတာလဲ။ တစ်ယောက်ယောက် ရှင်းပြပါဦး”
ချီရွှယ်ဖေးကတော့ အခုထိ ဘာမှနားမလည်သေးဘဲ ရွှီရှင်းတို့ကို ကြောင်တောင်တောင် ကြည့်နေရှာသည်။
“နင်တို့ နှစ်ယောက်က ဘာလို့ ထပ်ပြီး ကြည်နူးနေကြပြန်တာလဲ”
“ညီမတို့ ကြည်နူးနေတာ မဟုတ်ပါဘူး”
လီဝမ်ရှီးက ရွှီရှင်းရဲ့ လက်မောင်းကို ပျာပျာသလဲ လွှတ်ပေးလိုက်၏။
နွယ်ပင်က ပေါက်ကွဲမြှားနဲ့ အသတ်ခံလိုက်ရပြီးကတည်းက ချီရွှယ်ဖေးဟာ မြေပေါ်က သွေးရောင်ဆူးနွယ်ပင်ကို မှင်တက်ပြီး ကြည့်နေခဲ့၏။
ဒီနွယ်ပင်က သူမ အရင်က မြင်ဖူးခဲ့တာတွေထက် သိသိသာသာ ပိုပြီး တုတ်ခိုင်နေတာပင်။
အခုမှ သတိပြန်ဝင်လာတဲ့ သူမက ချက်ချင်းပဲ မေးလိုက်၏။
“ဒါတွေ ထားလိုက်ပါတော့။ ဘာလို့ ဒီနွယ်ပင်က ဘေးကင်းနယ်မြေထဲအထိ ဝင်တိုက်လို့ ရနေတာလဲ”
“ဪ... မမရွှယ်ဖေး၊ ဒါက ညီမတို့ အရင်တစ်ခါကလည်း ကြုံခဲ့ဖူးတယ်...”
လီဝမ်ရှီးက ချီရွှယ်ဖေးကို ဘေးခေါ်ပြီး ရှင်းပြနေတုန်းမှာ ရွှီရှင်းကတော့ ပြတ်တောက်သွားတဲ့ နွယ်ပင်ကို စိုက်ကြည့်နေမိ၏။
ဒီဗီဇပြောင်း သွေးရောင်ဆူးနွယ်ပင်က အရင်တစ်ခါကထက်တောင် ပိုပြီး တုတ်လာသလိုပဲ။
ဒါတင်မကဘဲ အရှိန်နဲ့ ပြင်းအားကလည်း အရင်ကထက် ပိုသန်မာလာတယ်။
စောစောက ခေါင်းပေါ်ကနေ ရှူးခနဲ ဖြတ်သွားတုန်းက ထွက်လာတဲ့ လေတိုးသံကတင် သူ့ရဲ့ ပြင်းအားနဲ့ အရှိန်ကို ရွှီရှင်း ခံစားလိုက်ရ၏။
တကယ်ကို အစွမ်းထက်လွန်းတာပင်။
သူတို့ကို မထိခဲ့ရင်တောင်မှ ကျန်ရှိနေတဲ့ အရှိန်ကတင် သိပ်မသေးလှတဲ့ သစ်ပင်တစ်ပင်ကို အလယ်ကနေ ကျိုးပြတ်သွားစေနိုင်သည်။
“ဒီတိုက်ခိုက်ရေးစွမ်းအားက အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲတွေနဲ့ တန်းတူပဲ”
ကျိချောင်းယန်က ကျိုးသွားတဲ့ သစ်ပင်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
“ဝမ်ရှီး... ဒီနွယ်ပင်က အခု အမှတ်ဘယ်လောက် ရလဲ”
လီဝမ်ရှီးက ချီရွှယ်ဖေးကို ရှင်းပြနေတုန်း ရွှီရှင်းက ကြားဖြတ်မေးလိုက်၏။
“အွန်း... ဒီတစ်ခါ ၇၅ မှတ်ရတယ်။ အရင်တစ်ခါကထက် ပိုတယ်၊ အရင်က ၅၀ ဝန်းကျင်ပဲ မဟုတ်လား”
၇၅ မှတ်တောင်လား။
ဒီနယ်မြေက ဗီဇပြောင်းနွယ်ပင်တွေက ပိုပြီး သန်မာလာတာလား။
မဟုတ်ဘူး...။
အရင်နေရာနဲ့ မတူတာကြောင့် ပိုသန်မာလာတယ်လို့ ပြောလို့မရဘူး။
ဖြစ်နိုင်တာကတော့ ဗီဇပြောင်းသတ္တဝါတွေကို အစွမ်းထက်စေတဲ့ အဲဒီအရာနဲ့ ပိုနီးလာလို့ ဖြစ်ရမယ်။
အဲဒီအရာက တကယ်တော့ ဘာကြီးလဲ။
ပတ်ဝန်းကျင်က နွယ်ပင်တွေအားလုံးကရော အဲဒီအရာရဲ့ သက်ရောက်မှုကို ခံနေရတာလား။
ရွှီရှင်းက နွယ်ပင်ရဲ့ ခွန်အားကို ထပ်ပြီး စမ်းသပ်ချင်တာကြောင့် ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်ပေမဲ့ ကျိချောင်းယန်က သူ့ကို အနောက်ကနေ ပြန်ဆွဲထားလိုက်၏။
ရွှီရှင်း လှည့်ကြည့်တော့ ကျိချောင်းယန်ကခေါင်းခါပြ၏။
“ဒီနွယ်ပင်တွေက ဘေးကင်းနယ်မြေထဲအထိ ဝင်တိုက်နိုင်တာဆိုတော့ သွားပြီး မဆွတာ အကောင်းဆုံးပဲ။ တကယ်လို့ နွယ်ပင်တွေ အများကြီး တစ်ပြိုင်တည်း ထွက်လာရင် ငါတို့ ကိုင်တွယ်ရ ခက်လိမ့်မယ်။ အထဲကို ဆွဲခေါ်ခံလိုက်ရရင်တော့ ခဏချင်းအတွင်းမှာတင် အဝါးမြိုခံရမှာ သေချာတယ်”
ကျိချောင်းယန်က အေးဆေးစွာ အကြံပေးလိုက်၏။
ရွှီရှင်း ခဏလောက် စဉ်းစားပြီးမှ ခြေလှမ်းကို ပြန်ရုပ်လိုက်၏။
ကျိချောင်းယန် ပြောတာ မှန်ပါသည်။
၇၅ မှတ်တန် နွယ်ပင်တွေက တကယ်ကို သန်မာလွန်းတာကြောင့်၊ အရေအတွက်သာ များလာရင်တော့ ပြဿနာ အကြီးကြီး တက်နိုင်ပေသည်။
အထဲကို ဆွဲခေါ်ခံရမယ့် ကိစ္စကို တွေးမိတော့ ရွှီရှင်းဟာ ရွှေရောင်သေတ္တာကို စောင့်နေတဲ့ ဧရာမ လူသားစားပန်းကြီးကို သတိရသွား၏။
အဲဒီတုန်းကလည်း အကိုင်းအခက်တွေက သူ့ကို “ဟပြဲကြီး ဖြစ်နေတဲ့ ပါးစပ်” ထဲကို အတင်းဆွဲခေါ်ခဲ့တာပင်။
ခဲခဲလေးရဲ့ အကူအညီသာ မပါရင် သူ အဲဒီနေရာမှာတင် အသက်ပျောက်နေလောက်ချေပြီ။
အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါတွေနဲ့ တိုက်ခိုက်ရေးစွမ်းအားချင်း တူနေတဲ့ ဒီနွယ်ပင်တွေကို သွားမစတာ အကောင်းဆုံးပင်။
“အီး အီး”
ခဲခဲလေးက ရွှီရှင်းရဲ့ ပခုံးပေါ် တက်လိုက်ပြီး သူမရဲ့ လက်သည်းလေးနဲ့ အန္တရာယ်ဇုန်ရဲ့ အနက်ပိုင်းဆီကို လက်ညှိုးထိုးပြကာ ရွှီရှင်းကို အမူအရာနဲ့ ပြောနေ၏။
“...ဆိုလိုတာက ငွေရောင်ဘုရင်တို့ကို အစွမ်းထက်စေတဲ့ အရာက အဲဒီမှာ ရှိနေတယ်လို့ မင်း အာရုံခံမိတာလား”
ရွှီရှင်းက အကာအကွယ်မရှိတဲ့ အန္တရာယ်ဇုန် အနက်ပိုင်းကို လက်ညှိုးထိုးပြီး ခဲခဲလေးကို မေးလိုက်၏။
“အီး”
ခဲခဲလေးက သူမရဲ့ ခေါင်းလေးကို ညိတ်ပြသည်။
“ဟူး...”
ရွှီရှင်း သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။
ကြည့်ရတာ ဒီနယ်မြေကိုတော့ နောက်ပိုင်း ဘေးကင်းနယ်မြေက လွှမ်းခြုံသွားတဲ့ အချိန်ကျမှပဲ စူးစမ်းလို့ ရတော့မယ်။
ဒါမှမဟုတ် သူကိုယ်တိုင်က အဲဒီအန္တရာယ်ဇုန်ထဲကို ဝင်နိုင်လောက်အောင် သန်မာလာတဲ့ အချိန်ထိပေါ့။
သူ့ရဲ့ လက်ရှိခွန်အားက တစ်ကောင်ချင်းစီကို ရင်ဆိုင်ဖို့ အဆင်ပြေပေမဲ့၊ နွယ်ပင်အုပ်ကြီးကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးချေ။
ဒါ့အပြင် အထဲကို နီးကပ်သွားလေလေ မြေအောက်သတ္တဝါတွေက ပိုသန်မာလာလေလေ ဖြစ်တာကြောင့် အခုချိန်မှာ စူးစမ်းဖို့က တကယ်ကို အန္တရာယ်များလွန်းလှချေသည်။
အခုချိန်မှာ အန္တရာယ်ဇုန်ထဲ ခြေချလိုက်တာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပင်။
“ဗီဇပြောင်းသတ္တဝါတွေကို အစွမ်းထက်စေတဲ့ အဲဒီအရာက ဘာဖြစ်မယ်လို့ မင်း ထင်လဲ”
ရွှီရှင်းက အန္တရာယ်ဇုန်ရဲ့ အနက်ပိုင်းကို စိုက်ကြည့်နေတဲ့ ကျိချောင်းယန်ကို မေးလိုက်၏။
“ဖြစ်နိုင်ခြေ သုံးခု ရှိတယ်”
ကျိချောင်းယန်က စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးမှ ခွဲခြမ်းစိတ်ဖြာပြ၏။
“ပထမတစ်ခုကတော့ ဒီနယ်မြေကပဲ ထူးခြားနေတာမျိုးပေါ့၊ ဘာသယံဇာတမှ မရှိဘဲနဲ့ ဒီနယ်မြေရဲ့ အရှိန်အဝါကပဲ ဗီဇပြောင်းသတ္တဝါတွေကို သက်ရောက်မှု ပေးနေတာမျိုး”
“ဒုတိယ ဖြစ်နိုင်ခြေကတော့ ဒီလိုမျိုး လုပ်နိုင်စွမ်းရှိတဲ့ သယံဇာတ တစ်ခုခု ရှိနေတာမျိုးပေါ့၊ ဥပမာ ထူးခြားတဲ့ ကျောက်တုံး တစ်ခုခုလိုမျိုးပေါ့”
ကျိချောင်းယန်က ဆက်ပြောသည်။
ရွှီရှင်းက လေးလံစွာ ခေါင်းညိတ်လိုက်ပြီး...
“ပြီးတော့ တတိယတစ်ခုကတော့ ငါ အတွေ့ချင်ဆုံး အရာပဲ”
“ဟုတ်တာပေါ့”
ကျိချောင်းယန်က ဘေးကင်းနယ်မြေရဲ့ အနက်ပိုင်းကို တစ်ချက် လှမ်းကြည့်လိုက်၏။
“တတိယတစ်ခုကတော့ အသက်ရှိတဲ့ အရာတစ်ခု ဖြစ်နေတာမျိုးပေါ့၊ အနီးနားက ဗီဇပြောင်းသတ္တဝါတွေကို အစွမ်းထက်အောင် လုပ်ပေးနိုင်တဲ့ အရင်က ဗီဇပြောင်းအပင်နှလုံးသားလို အရာမျိုးပေါ့”
“ဗီဇပြောင်းအပင်နှလုံးသားကတော့ သိပ်မဆိုးပါဘူး၊ အနည်းဆုံးတော့ သူက မလှုပ်ရှားနိုင်ဘူးလေ”
ရွှီရှင်းက စိတ်ထဲကနေ မြေပုံကို ကြည့်ပြီး ဖြစ်နိုင်တဲ့ အချက်တွေကို တွက်ချက်လိုက်၏။
“အကယ်၍ ဒါက လှုပ်ရှားနိုင်တဲ့ အဆင့်မြင့် ဗီဇပြောင်းသတ္တဝါ တစ်ကောင်ဆိုရင်တော့ ဒုက္ခပဲ၊ ငါတို့ကိုတောင် ပြန်တိုက်လာနိုင်တယ်”
မြေပုံပေါ်မှာတော့ ဒီအန္တရာယ်ဇုန်ထဲမှာ အနီရောင်အစက်တွေ မရှိတာကြောင့် မြေပြင်ပေါ်မှာတော့ မွန်းစတားတွေ မရှိဘူးဆိုတာ သေချာသည်။
မြေအောက်က မွန်းစတားတွေကလည်း ဘေးကင်းနယ်မြေရဲ့ ကန့်သတ်ချက်ကြောင့် အထဲကို ဝင်မတိုက်နိုင်ချေ။
ဒါပေမဲ့ ငါတို့ သတိတော့ လုံးဝ လျှော့လို့ မရဘူး၊ ဘေးကင်းနယ်မြေဆိုတာက လုံးဝကြီး စိတ်ချရတာ မဟုတ်တော့ဘူးလေ။
အဲဒီ အစွမ်းထက်လာတဲ့ နွယ်ပင်တွေက ဘေးကင်းနယ်မြေထဲကို ထိုးဖောက်ဝင်ရောက်လို့ မရပေမဲ့၊ အထဲက လူတွေကိုတော့ လှမ်းပြီး တိုက်ခိုက်နိုင်နေပြီ။
အရင်တုန်းကတော့ သူတို့ရဲ့ တိုက်ခိုက်မှုတွေက ဘေးကင်းနယ်မြေ အစွန်းမှာတင် ရပ်သွားခဲ့တာလေ။
ဒါပေမဲ့ လောလောဆယ်တော့ သစ်ပင်အိမ်ရဲ့ ကာကွယ်ရေးဗဟိုချက်ကို မြေအောက်သတ္တဝါတွေ ဝင်ရောက်ကျူးကျော်လာမှာကိုတော့ စိုးရိမ်စရာ မလိုသေးပေ။
ပိုပြီး အဆင့်မြင့်တဲ့ ဗီဇပြောင်းသတ္တဝါတွေကိုတော့ ရွှီရှင်း ကြုံဖူး၏။
ဥပမာ ရွှေရောင်သေတ္တာကို စောင့်နေတဲ့ ဧရာမ လူသားစားပန်းကြီးလိုမျိုးပင်။
သေချာမသိပေမယ့် အဲဒီကောင်ရဲ့ အနီရောင်အစက်က အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲထက် အများကြီး ပိုလင်းတာကြောင့် အဆင့်မြင့် ဗီဇပြောင်းသတ္တဝါ ဖြစ်ဖို့ များသလို၊ အဲဒီထက်တောင် ပိုသန်မာနိုင်ပါသေး၏။
အဲဒီလောက်အထိ သန်မာရင်တောင်မှ လူသားစားပန်းကြီးက ဘေးကင်းနယ်မြေထဲမှာ စက္ကန့်အနည်းငယ်ပဲ တောင့်ခံနိုင်ပြီး သေဆုံးသွားခဲ့တာ မဟုတ်ပါလား။
ဒါကြောင့် နယ်မြေအစွန်းနားမှာ မရှိနေသရွေ့တော့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ သစ်ပင်အိမ် နယ်မြေကတော့ ယုံကြည်လို့ ရနေသေးသည်။
“...ဒါဆိုရင် သွားကြစို့၊ ဒီမှာ စူးစမ်းစရာ ဘာမှ မကျန်တော့ဘူး”
ရွှီရှင်းက အန္တရာယ်ဇုန်ရဲ့ အနက်ပိုင်းကို သေချာကြည့်ပြီးနောက် အဖွဲ့သားတွေကို လှည့်ပြောလိုက်၏။
တစ်နေ့ကျရင်တော့ သူ ဒီအန္တရာယ်ဇုန်ထဲက လျှို့ဝှက်ချက်ကို သေချာပေါက် ဖော်ထုတ်မည်ပင်။
အခန်း ၂၇၃ ပြီး။
အခန်း (၂၇၄) - ဧရာမဆားတွင်းဂူဆီသို့ တစ်ခေါက်
လူတစ်စုသည် သူတို့၏ သားရဲများပေါ်သို့ တစ်ဖန်ပြန်လည် ခွစီးလိုက်ကြပြီး ရွှီရှင်း၏ ဘေးကင်းလုံခြုံရေးဇုန်ရှိရာအရပ်သို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။
ငွေရောင်ဘုရင်သည် အကျင့်ပါနေသည့်အတိုင်း အရှိန်ကို အသာအယာလျှော့ကာ မြင်းဖြူကြီး၏ ဘေးမှယှဉ်လျက် လိုက်ပါလာ၏။
သူတို့သည် မူလနေရာမှ ဝေးရာသို့ တဖြည်းဖြည်း ရောက်ရှိလာသည်နှင့်အမျှ ငွေရောင်ဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်အစင်းကြောင်းများသည်လည်း မှေးမှိန်သွားပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
ရွှီရှင်းက အကွာအဝေးကို တွက်ချက်ကြည့်ရာ ၁၀ ကီလိုမီတာခန့် ဝေးကွာသွားပြီ ဖြစ်၏။
ကြည့်ရသည်မှာ ထိုအမည်မသိ စွမ်းအားမြှင့်တင်မှု၏ သက်ရောက်မှုနယ်ပယ်မှာ ၁၀ ကီလိုမီတာဝန်းကျင်သာ ရှိပုံရသည်။
မလှမ်းမကမ်းတွင် ရွှီရှင်း၏ သစ်ပင်အိမ်ကို ပိုမိုကြည်လင်စွာ မြင်တွေ့လာရပြီဖြစ်သည်။
"ဟိုအိမ်က ရှင့်အိမ် မဟုတ်လား"
လီဝမ်ရှီးက ရှေ့က စိမ်းစိုနေသည့် နေရာကို လက်ညှိုးထိုးပြရင်း စိတ်လှုပ်ရှားစွာ မေးလိုက်၏။
"နောက်ဆုံးတော့ ရှင့်အိမ်ကို မြင်ရပြီပေါ့။ လေးထပ်ရှိတဲ့ သစ်ပင်အိမ်ကြီးကို တစ်ခါမှ မမြင်ဖူးသေးဘူး၊ တကယ်ကို မိုက်မှာပဲ"
"မဟုတ်ဘူး၊ ငါတို့ အခု သစ်ပင်အိမ်ကို သွားမှာ မဟုတ်သေးဘူး။ ငါတို့ရထားတဲ့ စွမ်းရည်တွေနဲ့ ပတ်သက်နိုင်တဲ့ ထူးခြားတဲ့ နေရာတစ်ခုကို အရင်သွားကြမယ်" ဟု ရွှီရှင်းက ခေါင်းခါရင်း ပြောလိုက်၏။
"ဟင်... လမ်းကြုံတာပဲဟာကို၊ ခဏလောက် ဝင်ကြည့်လို့ မရဘူးလား"
လီဝမ်ရှီးက ရွှီရှင်းအနားသို့ တိုးကာ မေးရှာသည်။
"မရဘူး၊ အခုက ဆောင်းဦးနှောင်းပိုင်း ရောက်နေပြီ။ မနက်က နေထွက်တဲ့ အနေအထားအရဆိုရင် နေ့တာက တိုတောင်းလွန်းတယ်။ နောက်ထပ် နာရီအနည်းငယ်ဆိုရင် မှောင်တော့မှာမို့လို့ အရေးကြီးတဲ့ ကိစ္စတွေကို အရင် ရှင်းရမယ်" ဟု ရွှီရှင်းက ပြတ်ပြတ်သားသား ငြင်းလိုက်၏။
၎င်းအပြင် သစ်ပင်အိမ်ထဲတွင် လုဖေးအာ ရှိနေသေးရာ၊ သူမ၏ စရိုက်နှင့်ဆိုလျှင် တွေ့ဆုံသည့်အခါ အချိန်မည်မျှ ကုန်ဆုံးသွားမည်ကို ရွှီရှင်း မခန့်မှန်းနိုင်သောကြောင့်လည်း ဖြစ်ပေသည်။
"ဟုတ်ပါပြီ... ဒါဆိုလည်း သွားကြတာပေါ့"
လီဝမ်ရှီးက နှုတ်ခမ်းလေးစူကာ အလျှော့ပေးလိုက်ရရှာသည်။
"နင်ပြောတဲ့ ထူးခြားတဲ့နေရာက ဘာတွေများ ထူးဆန်းနေလို့လဲ။ စောစောကလို ဗီဇပြောင်းသတ္တဝါတွေ ပိုသန်မာလာတာမျိုးလား"
ချီရွှယ်ဖေးက ရွှီရှင်းကို လှည့်မေးလိုက်၏။
သူမသည် ယခုအခါ မြင်းစီးရသည်ကို အတော်လေး အသားကျနေပြီဖြစ်ရာ အရင်လို မောဟိုက်ခြင်း မရှိတော့ပေ။
"ပြောပြရတာ ခက်တယ်၊ ရောက်ရင်တော့ မြင်ရမှာပါ"
ဆားတွင်းဂူကြီး၏ ဘီလူးပါးစပ်ကြီးသဖွယ် ဟထားသော မြင်ကွင်းကို ပြန်တွေးမိတိုင်း ရွှီရှင်း၏ ရင်ထဲ၌ မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားနေရဆဲ ဖြစ်၏။
အမှန်အတိုင်း ပြောရလျှင် သူတစ်ယောက်တည်းသာဆိုပါက ထိုနေရာအတွင်းသို့ စူးစမ်းရန် ဝံ့ရဲမည်မဟုတ်ဘဲ အပြင်ကနေသာ အကဲခတ်ရုံ ရှိပေလိမ့်မည်။
ကာကွယ်ရေးတိုက်ပွဲနှင့် အလုပ်ရှုပ်နေခဲ့သော ရက်များအပြီး အနီရောင်မြူတိုက်ပွဲ ဖြစ်ပြီးကတည်းက ထိုနေရာသို့ သူ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခြင်း ဖြစ်ပေသည်။
ထို ဘီလူးပါးစပ်ကြီး မှာ အန္တရာယ်ရှိနေဆဲလား၊ ဆားတွေကိုကော ဆက်တူးလို့ ရနိုင်ပါဦးမလားဆိုသည်ကို သူ သိချင်နေမိသည်။
ဒေသတွင်း ဆက်သွယ်ရေးလိုင်းမှာ စုံစမ်းကြည့်သော်လည်း သူ့အပြင် ဆားတွင်းရှာတွေ့သူ မရှိသေးရာ၊ လက်ရှိတွင် နယ်မြေ ၁၈၈ ၌ ဆားရနိုင်သော တစ်ခုတည်းသော နေရာမှာ ဤတွင်းကြီးသာ ရှိပေသည်။
သူ၏ ဆားလက်ကျန်မှာလည်း နည်းပါးလာပြီဖြစ်ရာ၊ လူဦးရေ တိုးပွားလာသည်နှင့်အမျှ ဆားထပ်မရပါက တကယ့်ကို အခက်တွေ့ပေလိမ့်မည်။
"ရွှီရှင်းရဲ့ နေရာကို သွားပြီးရင် ငါ့အိမ်ဘက်ကိုလည်း လိုက်ခဲ့ကြဦး၊ အဲဒီမှာလည်း တော်တော် ထူးဆန်းတဲ့ နေရာတစ်ခု ရှိတယ်"
ကျိချောင်းယန်က ရွှီရှင်း၏ သစ်ပင်အိမ်ဘက်ကို ညွှန်ပြရင်း ပြောလိုက်၏။
"ငါ့အိမ်က ရွှီရှင်းအိမ်ရဲ့ အနောက်ဘက်မှာ ရှိတာ၊ သိပ်မဝေးဘူးလေ"
စီးနင်းသားရဲများသည် ခြောက်သွေ့နေသော တောအုပ်ကြီးအတွင်း ဖြတ်ကျော်လာခဲ့ကြရာ မကြာမီမှာပင် ရွှီရှင်း၏ ဘေးကင်းလုံခြုံရေးဇုန်အတွင်းသို့ ခြေချလိုက်နိုင်ကြပြီဖြစ်သည်။
"ဟို တောင်ကုန်းတွေကို မြင်လား"
ရွှီရှင်းက အနောက်မြောက်ဘက်ရှိ ဝိုင်းပတ်ကာ တည်ရှိနေသော တောင်ကုန်းများကို ညွှန်ပြလိုက်သည်။
"အဲဒီနေရာပဲ"
"တောင်ကုန်းတွေက အဝိုင်းလိုက် ဖြစ်နေတာပဲ၊ တစ်ခုခုကို ဝိုင်းထားသလိုမျိုးပေါ့"
လီဝမ်ရှီးက အံ့သြတကြီး ရေရွတ်လိုက်၏။
သူမ၏ နယ်မြေရှိ တောင်ကုန်းများမှာမူ ဟိုတစ်ကုန်း ဒီတစ်ကုန်း ပြန့်ကျဲနေခြင်း ဖြစ်ပေသည်။
"ဒီတောင်ကုန်းတွေကို ကြည့်ရုံနဲ့တင် တစ်ခုခု ထူးခြားနေတယ်ဆိုတာ သိသာတယ်၊ တကယ့်ကို စီစဉ်ထားတဲ့ အခင်းအကျင်းတစ်ခုအတိုင်းပဲ"
"တောင်ကုန်းတွေ ဝန်းရံထားတဲ့ အတွင်းနယ်မြေက အရင်းအမြစ်နယ်မြေတစ်ခုပဲ။ လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်စင်ကလည်း အဲဒီထဲမှာပဲ ရှိတယ်" ဟု ရွှီရှင်းက ရှင်းပြလိုက်၏။
"အရင်းအမြစ်နယ်မြေ ဆိုတာ ဘာကို ပြောတာလဲ"
လီဝမ်ရှီးက ခေါင်းလေးမော့ကာ မေးလိုက်သည်။
"အင်း... နင်တို့မှာတော့ အရင်းအမြစ်တွေကို ခွဲခြားနိုင်စွမ်း မရှိဘူးလေ"
ရွှီရှင်းက သဘောပေါက်သွားကာ ရှင်းပြလိုက်၏။
"အဲဒီနေရာက အစိမ်းရောင်အဆင့်နဲ့ အထက် အရင်းအမြစ်တွေ ပေါများတဲ့ နေရာပေါ့။ နင်တို့ သစ်ပင်အိမ် စိုက်ထားတဲ့ နေရာတွေဟာလည်း တကယ့်တော့ အရင်းအမြစ်နယ်မြေတွေပဲလေ"
"ဒါဆိုရင် ငါ့နေရာကောပဲလား"
ချီရွှယ်ဖေးက ရွှီရှင်းကို လှည့်မေးလိုက်၏။
ရွှီရှင်းက ခေါင်းညိတ်ပြလိုက်သည်။
"ငါတို့ လေးယောက်လုံးရဲ့ သစ်ပင်အိမ်တွေက အရင်းအမြစ်နယ်မြေတွေမှာပဲ ရှိနေကြတာပါ"
လီဝမ်ရှီးသည် သတ္တုတွင်းရှိရာကို ရွေးချယ်ခဲ့သလို၊ ချီရွှယ်ဖေးသည်လည်း ဆေးဘက်ဝင်အပင်များ ရှိရာကို ရွေးချယ်ခဲ့သဖြင့် သူမတို့၏ နေရာများသည်လည်း အရင်းအမြစ်နယ်မြေများ ဖြစ်နေခြင်းမှာ မဆန်းလှပေ။
"နတ်စင် ရှိတဲ့နေရာပေါ့..."
ကျိချောင်းယန်က ထိုတောင်ကုန်းများရှိရာဆီသို့ ထူးခြားသော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။
"ငါ့ဆီက ထူးဆန်းတဲ့နေရာကလည်း နတ်စင်နဲ့ သိပ်မဝေးဘူး"
ရွှီရှင်းကတော့ အံ့သြခြင်း မရှိပေ။
နတ်စင်နှင့် ဆက်စပ်နေသမျှ အရာအားလုံးသည် "နတ်ဘုရား" များဟု ခေါ်ဆိုသူများနှင့် ပတ်သက်နေသဖြင့် ထူးဆန်းနေမည်မှာ သေချာလှသည် မဟုတ်ပါလား။
"နတ်စင်... ဘာနတ်စင်လဲ"
လီဝမ်ရှီးက လုံးဝ ဇဝေဇဝါဖြစ်လျက် မေးလိုက်သည်။
"ငါလည်း နတ်စင်အကြောင်း ဘာမှ မသိဘူး"
ချီရွှယ်ဖေးသည်လည်း ရွှီရှင်းနှင့် ကျိချောင်းယန်တို့ ပြောနေသည်ကို နားမလည်နိုင် ဖြစ်နေရရှာသည်။
"ဟင်... နင်တို့ သစ်ပင်အိမ် ပတ်ဝန်းကျင်မှာ နတ်စင်တွေ မရှိကြဘူးလား။ ကာကွယ်ရေးနယ်မြေတွေ ကျယ်လာပြီးကတည်းက သေသေချာချာ မရှာကြည့်ရသေးဘူးလား"
အလုပ်ရှုပ်နေခဲ့သော ရက်များကြောင့် ရွှီရှင်းကိုယ်တိုင်ပင် နတ်စင်အကြောင်း မေ့လုနီးပါး ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
သူနှင့် ကျိချောင်းယန်တို့မှာ ရွှေရောင်ရတနာသေတ္တာကို ရရှိပြီးနောက် ကာကွယ်ရေးနယ်မြေ ၆ ကီလိုမီတာသို့ ကျယ်ပြန့်လာချိန်တွင် ၃ ကီလိုမီတာခန့် အကွာ၌ ဤနတ်စင်များကို ရှာတွေ့ခဲ့ကြခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်မှလွဲ၍ တခြားသူတစ်ယောက်ယောက် နတ်စင်ရှာတွေ့ကြောင်း သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။
ယခုအခါ လူတိုင်း၏ ကာကွယ်ရေးနယ်မြေမှာ ၆ ကီလိုမီတာသို့ ရောက်ရှိနေပြီဖြစ်ရာ၊ အရင်အခြေအနေများအရဆိုလျှင် ကျန်ရှိသော ရှင်ကျန်သူများသည်လည်း နတ်စင်များကို တဖြည်းဖြည်း ရှာတွေ့လာသင့်ချေပြီ။
"အင်း... သေသေချာချာတော့ မရှာကြည့်ရသေးဘူး"
လီဝမ်ရှီးက ခေါင်းခါပြရင်း ချီရွှယ်ဖေးဘက် လှည့်ကာ မေးလိုက်သည်။
"မမရွှယ်ဖေးရော ရှာတွေ့လား"
"ငါ့ကို လာမကြည့်နဲ့ဦး။ ကာကွယ်ရေးနယ်မြေ ကျယ်လာပြီးကတည်းက အပြင်ထွက်တာ ဒါ ပထမဆုံးပဲလေ"
ချီရွှယ်ဖေးက ဘာမှမတတ်နိုင်သလို လက်ကာပြလိုက်၏။
သူမ၏ ပထမဆုံး စွန့်စားခန်းခရီးမှာပင် ယခုကဲ့သို့သော ထူးဆန်းသည့် အဖြစ်အပျက်များနှင့် ကြုံတွေ့နေရသဖြင့် သူမအတွက်တော့ တကယ့်ကို ကံမကောင်းလှသည့် ခရီးစဉ်တစ်ခု ပင်။
---
အခန်း ၂၇၄ ပြီး။