အခန်း (၂၇၅-၂၇၆)
Vol. 19 Ch. 275-276
အခန်း (၂၇၅) - ဧရာမဆားတွင်းဂူဆီသို့ တစ်ခေါက် (၂)
"သူတို့ဆီမှာ နတ်စင်ရှိမှာ မဟုတ်ဘူး"
ထိုစဉ်မှာပင် ကျိချောင်းယန်က ဝင်ပြောလိုက်၏။
"ငါ ဒီကိစ္စကို အစကတည်းက သတိထားမိလို့ ချန်နယ်ထဲက တခြားရှင်ကျန်သူတွေ ပြောတာဆိုတာတွေကို အမြဲ စောင့်ကြည့်နေခဲ့တာ။ အမည်မဖော်ဘဲနဲ့လည်း နည်းနည်း စုံစမ်းကြည့်ဖူးတယ်၊ ဘယ်ရှင်ကျန်သူမှ နတ်စင်ကို ရှာမတွေ့ဖူးကြဘူး"
"ဒါဆိုရင်... နယ်မြေ ၁၈၈ ရဲ့ ကာကွယ်ရေးဇုန်တွေထဲမှာ ငါတို့နှစ်ယောက်ဆီမှာပဲ နတ်စင်ရှိနေတာပေါ့ ဟုတ်လား"
ရွှီရှင်းက သူ့ဘာသာ တွေးရင်း ရေရွတ်လိုက်မိ၏။
"အဲဒီလိုပဲ ဖြစ်ဖို့များတယ်။ ငါတို့နှစ်ယောက်ရဲ့ တည်နေရာက နတ်စင်နှစ်ခုရဲ့ ဘေးနားမှာ တိုက်တိုက်ဆိုင်ဆိုင် သွားကျနေတာ ဖြစ်နိုင်သလို... ဒါမှမဟုတ် ငါတို့ ရွှေရောင်ရတနာသေတ္တာကို ရပြီး ကာကွယ်ရေးနယ်မြေကို ချဲ့ထွင်လိုက်တဲ့ အချိန်ကျမှပဲ နတ်စင်တွေက ပေါ်လာတာလည်း ဖြစ်နိုင်တာပဲ"
ကျိချောင်းယန်က ဖြစ်နိုင်ခြေနှစ်ခုကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။
"...နေပါဦး၊ နင်တို့ ဘာတွေ ပြောနေကြတာလဲ"
လီဝမ်ရှီးနှင့် ချီရွှယ်ဖေးတို့မှာ စကားဝှက်တွေ ပြောနေသည့် လူနှစ်ယောက်ကို နားထောင်နေရသကဲ့သို့ ကြောင်တောင်တောင် ဖြစ်နေကြရှာ၏။
ရွှီရှင်းက သူတို့အား နတ်စင်များနှင့် ပတ်သက်သည့် အခြေအနေအရပ်ရပ်ကို ရှင်းပြလိုက်ရတော့သည်။
"ဪ... ဒါကြောင့်ကိုး။ နင်တို့နှစ်ယောက် အမဲလိုက်ပွဲတုန်းက ဘာလို့ ဒီလောက် ရမှတ်တွေ အများကြီး ရနေရလဲဆိုတာ အခုမှ သိတော့တယ်။ အဲဒီတုန်းကတည်းက ဗီဇပြောင်းသားရဲတွေကို သတ်နိုင်ခဲ့တာကိုး။ တစ်ကောင်ကို အမှတ် ၅၀၀ တောင်လား၊ အမလေး... တကယ့်ကို အများကြီးပဲ"
လီဝမ်ရှီးက အံ့သြတကြီး အော်ဟစ်လိုက်၏။
"အမြတ်ထွက်တာ မထွက်တာထက် အဲဒီတုန်းက ငါတို့ရဲ့ ခွန်အားနဲ့ဆိုရင် အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲကို သတ်ဖို့ဆိုတာ တကယ် မလွယ်ခဲ့ဘူး"
ရွှီရှင်းက သူ၏ ဘယ်ဘက်ပုခုံးကို ညွှန်ပြရင်း လီဝမ်ရှီးကို မကျေမနပ် ပြန်ပြောလိုက်သည်။
"အဲဒီတုန်းက ငါ့ပုခုံးဆိုရင် ဟိုယုန်ကြီး ထိုးတာခံရလို့ ပေါက်ထွက်သွားတာလေ။ နင်ပေးတဲ့ သံတုံးတွေနဲ့ လုပ်ထားတဲ့ သံချပ်ဝတ်နဲ့ အစ်မရွှယ်ဖေးပေးတဲ့ အပြာရောင်အဆင့် သွေးတိတ်မြက်သာ မရှိရင် ငါ အဲဒီမှာတင် ဇာတ်သိမ်းနေလောက်ပြီ"
"ယဇ်ပူဇော်တယ်... ပြီးတော့ ကျောက်ရုပ်တုက ကွဲထွက်ပြီး အသက်ဝင်လာတဲ့ ဗီဇပြောင်းသတ္တဝါ ဖြစ်သွားတယ် ဟုတ်လား"
ချီရွှယ်ဖေးသည်လည်း နတ်စင်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ကြားရသောအခါ မှင်သက်သွားရ၏။
"နင်တို့ရဲ့ အတွေ့အကြုံက တကယ်ကို ဆန်းကြယ်လွန်းတာပဲ"
"မင်းကမှ အပြာရောင်အဆင့် သံချပ်ဝတ် ရှိသေးတယ်"
ကျိချောင်းယန်သည် သူ ပထမဆုံး ဆင့်ခေါ်ခဲ့သည့် တောကြောင်ရူးသွပ်စွာ တိုက်ခိုက်ခဲ့စဉ်က မြင်ကွင်းကို ပြန်တွေးမိပြီး ခါးသက်သက် ပြုံးလိုက်မိသည်။
"အဲဒီတုန်းက ငါ့မှာ အပြာရောင်အဆင့် သားရေချပ်ဝတ်တောင် အပြည့်အစုံ မရှိသေးဘူး။ မြင်းဖြူကြီးကလည်း အခုထက် အများကြီး သေးသလို နှေးလည်း နှေးသေးတယ်။ ငါတို့ သွေးရောင်အစင်းပါ ကြောင်ကို အနိုင်နိုင် သတ်ခဲ့ရတာ၊ နှစ်ယောက်စလုံးလည်း ဒဏ်ရာတွေ တော်တော် ပြင်းပြင်းထန်ထန် ရခဲ့တာပေါ့။ ချီရွှယ်ဖေးရဲ့ သွေးတိတ်မြက်သာ မရှိရင် ငါတို့ နှစ်ယောက်လုံး အသက်ရှင်မှာ မဟုတ်ဘူး" ဟု ပြောရင်း သူက မြင်းဖြူကြီး၏ ခေါင်းကို အသာအယာ ပုတ်ပေးလိုက်၏။
မြင်းဖြူကြီးကလည်း ကျိချောင်းယန်အား ပြန်လည် ထူးသကဲ့သို့ အသံပြုလိုက်ရှာသည်။
"ဪ... အဲဒီလိုကိုး"
ချီရွှယ်ဖေး၏ မျက်နှာတွင် ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာ ပေါ်လာသည်။
"အမဲလိုက်ပွဲတုန်းက နင် ဘာလို့ ငါ့ဆီကနေ သွေးတိတ်မြက်တွေ ဒီလောက်အများကြီး တောင်းနေရတာလဲဆိုတာ အခုမှ ရှင်းသွားတော့တယ်။ အဲဒီတုန်းက ငါတောင် ဒဏ်ရာ သိပ်မရတာကို နင်တို့ဆီမှာ ဘာလို့ ပြဿနာတွေ များနေရတာလဲဆိုပြီး ငါ တကယ် ဇဝေဇဝါ ဖြစ်ခဲ့တာ။ အဲဒီတုန်းကတော့ နင်က ဉာဏ်ကောင်းပေမဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကတော့ သိပ်မရှိဘူးလို့တောင် ငါ ထင်မိသေးတယ်"
"မင်း ထင်တာလည်း မမှားပါဘူး"
ကျိချောင်းယန်က ရယ်မောလိုက်၏။
"ရွှီရှင်းနဲ့ ယှဉ်ရင်တော့ ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တကယ်ကို အားနည်းတာပါ။ ဝမ်ကွေ့ရှင်းအကြောင်းဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပါဘူး။ သူမ လုပ်နိုင်တဲ့ အရာတွေကို ငါ ဘယ်လိုမှ မမီနိုင်ဘူးလေ"
"မမကွေရှင်းကတော့ ထူးခြားတဲ့သူပဲလေ၊ သူမရဲ့ စွမ်းရည်က တိုက်ခိုက်ရေးဘက်ကို အသားပေးတာဆိုတော့ ငါတို့နဲ့ ဘယ်တူမှာလဲ။ ဒါပေမဲ့ နင်တို့ အဲဒီတုန်းက တကယ်ကို အန္တရာယ်ကြီးနဲ့ ကြုံခဲ့ရတာပဲနော်..."
လီဝမ်ရှီး၏ အသံတွင် စိုးရိမ်ရိပ်များ ပါဝင်နေပြီး ရွှီရှင်း၏ ဘယ်ဘက်ပုခုံးကို အသာအယာ လှမ်းထိကြည့်လိုက်သည်။
"နောက်ဆက်တွဲ ဒဏ်ရာတွေ ဘာမှ မရှိတော့ဘူး မဟုတ်လား"
"မရှိတော့ပါဘူး၊ သွေးတိတ်မြက်ရဲ့ အာနိသင်က တကယ်ကို ကောင်းတာပဲလေ"
ချီရွှယ်ဖေး ယခု ဖော်စပ်နိုင်သည့် အဆင့်မြင့်ဆေးလုံးများနှင့် ယှဉ်လျှင်တော့ သွေးတိတ်မြက်မှာ ကြိတ်ပြီး ကပ်ပေးရသလို ဒဏ်ရာတစ်ခုချင်းစီကိုသာ ကုသနိုင်သဖြင့် အားနည်းချက် အတော်များသော်လည်း၊ ထိုစဉ်က ရရှိခဲ့သည့် ထိုးဖောက်ဒဏ်ရာအတွက်မူ လုံလောက်သည်ထက် ပိုခဲ့ပေသည်။
"နင်တို့ ပြောတာ ကြည့်ရတာ ဒီနတ်စင်က တကယ့်ကို ထူးခြားတဲ့ တည်ရှိမှုတစ်ခုပဲနော်။ တစ်နယ်မြေလုံးမှာ နံပါတ်တစ်နဲ့ နှစ် ဖြစ်တဲ့ ဘောစ့်ကြီး နှစ်ယောက်လုံးက နတ်စင်ဘေးမှာ ရှိနေကြတာဆိုတော့လေ"
ရွှီရှင်းကမူ ဤနတ်စင်နှစ်ခုမှာ မူလကတည်းက ဤနေရာတွင် ရှိနေခဲ့ခြင်းဖြစ်မည်ဟု ပို၍ ယူဆမိသည်။
အကြောင်းမှာ ချန်ယင်းတို့ မိသားစု မြေအောက်မှ တက်လာစဉ်က ဤနတ်စင်ကို ရှာဖွေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သလို၊ လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက မြေပြင်ပေါ်တွင် နတ်စင်ရှိကြောင်း လျှို့ဝှက်ဆန်းကြယ်သည့် အသံက သူတို့ကို ပြောပြထားခဲ့ဖူးသောကြောင့်ပင်။
ထို့ကြောင့် နတ်စင်မှာ အခုမှ ပေါ်လာခြင်း မဟုတ်နိုင်ပေ။
ထိုသို့မဟုတ်ပါက... တစ်ခါတရံ ရှိနေပြီး တစ်ခါတရံ ပျောက်ကွယ်နေခြင်းများလား...။
သူတို့အဖွဲ့သည် ယခုအခါ တောင်ကုန်းများ ဝန်းရံထားသည့် နေရာနှင့် တစ်ကီလိုမီတာပင် မဝေးတော့ပေ။
၎င်းအပြင် ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာ အရွက်များ မရှိဘဲ အရိုးပြိုင်းပြိုင်း ဖြစ်နေသဖြင့် မြင်ကွင်းမှာ အရင်ကထက် များစွာ ရှင်းနေကာ တောင်ကုန်းများ၏ မြင်ကွင်းတစ်ခုလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရပြီ ဖြစ်သည်။
"ဟင်"
ကျိချောင်းယန်က ဆားတွင်းဂူနားက တောင်ကုန်းကို ကြည့်ရင်း ပထမဆုံး သံသယအသံ ပြုလိုက်၏။
ရွှီရှင်းက သူ့ကို လှမ်းကြည့်လိုက်ရာ ကျိချောင်းယန်၏ မျက်နှာမှာ တည်ကြည်လေးနက်နေသည်ကို တွေ့လိုက်ရသည်။
သိသာလှသည်မှာ သူ တစ်ခုခုကို သတိပြုမိသွားပြီ ဖြစ်သည်။
သူ၏ အကဲခတ်နိုင်စွမ်းက တကယ်ကို ထက်မြက်လှပေသည်။
ရွှီရှင်းကိုယ်တိုင်မှာမူ ထိုစဉ်က အချိန်အတော်ကြာမှ သတိထားမိခဲ့ခြင်း ဖြစ်သော်လည်း၊ ထိုစဉ်က သိပ်သည်းလှသော တောအုပ်ကြီးက မြင်ကွင်းကို ကွယ်ထားသဖြင့် ကောင်းမွန်သော ရှုထောင့်တစ်ခု မရမချင်း မြင်ကွင်းအပြည့်ကို မြင်ရန် ခက်ခဲခဲ့သောကြောင့်လည်း ပါပေသည်။
မကြာမီမှာပင် သူတို့သည် မီတာ ငါးရာ အကွာအဝေးအတွင်းသို့ ရောက်ရှိလာကြ၏။
"ဒီမှာလည်း သတ္တုတွင်းတွေ အများကြီးပဲ၊ ငါ့နေရာနဲ့ တောင် တူနေသေးတယ်"
လီဝမ်ရှီးက ရှေ့က တောင်ကုန်းများကို သေသေချာချာ စူးစမ်းကြည့်နေမိသည်။
"သတ္တုတွင်းတွေ ဟုတ်လား။ ဘယ်နားမှာလဲ"
ရွှီရှင်းက တစ်ခုခုကို သတိရသွားကာ သူမအား ချက်ချင်း မေးလိုက်၏။
"အင်း... နည်းနည်းတော့ ထူးဆန်းတယ်၊ သတ္တုတွင်းတွေက တောင်တန်းတွေရဲ့ ကိုယ်ထည်ထဲမှာ မဟုတ်ဘဲ၊ တောင်အောက်ခြေက မြေအောက်ထဲမှာပဲ ရှိနေတာ။ ဒီတောင်ကုန်းတွေရဲ့ ကိုယ်ထည်ထဲမှာတော့ ဘာသတ္တုမှ မရှိဘူး၊ ဘာလို့များပါလိမ့်"
လီဝမ်ရှီးက ဇဝေဇဝါ ဖြစ်နေရှာသည်။
တောင်ကိုယ်ထည်ထဲမှာ သတ္တုမရှိဘဲ၊ တောင်အောက်ခြေမှာပဲ ရှိနေတာလား...။
ရွှီရှင်း၏ ရင်ထဲတွင် နောက်တစ်ကြိမ် ချမ်းစိမ့်သွားရပြန်သည်။
မိုးသည်းထန်စွာ ရွာစဉ်က ဤတောင်ကုန်းများမှာ အစအနမကျန် ပျောက်ကွယ်သွားခဲ့ပြီး၊ မိုးရာသီအပြီးတွင် ဘာမှမပြောင်းလဲဘဲ ပြန်ပေါ်လာခဲ့သည်ကို သူ သတိရလိုက်မိသည်။
တောင်ပေါ်က စောင်းနေသော သစ်ပင်များပင်လျှင် လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ချေ။
သို့သော် ယခုမူ ထိုစောင်းနေသော သစ်ပင်များမှာ အေးမြသော ရာသီဥတုကြောင့် အရွက်များ အကုန်ကြွေကျကုန်ချေပြီ။
ကြည့်ရသည်မှာ ဤတောင်ကုန်းများသည် အမှန်တကယ်ပင် အသက်ရှိနေခြင်း ဖြစ်နိုင်ပေသည်။
"ကဲ... ရောက်ပြီ"
ငွေရောင်ဘုရင်သည် ဆားတွင်းဂူနှင့် မီတာ တစ်ရာအကွာတွင် ရပ်တန့်လိုက်ပြီး၊ မြင်းဖြူကြီးကလည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါရပ်တန့်သွားသည်။
"ဘာဖြစ်လို့ ဒီမှာ ရပ်တာလဲ"
လီဝမ်ရှီးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
သူမကတော့ တောင်ကုန်းတွေ ဝန်းရံထားတဲ့ အရင်းအမြစ်နယ်မြေထဲကို တိုက်ရိုက် ဝင်သွားမယ်လို့ ထင်ထားခဲ့ခြင်း ဖြစ်သည်။
"ရှေ့က အပေါက်က ငါ အရင်က ဆားတူးခဲ့တဲ့ တွင်းဝလေ။ ငါ ပြောပြဖူးတယ် မဟုတ်လား၊ အရင်က ဒီနေရာက အရမ်း အန္တရာယ်များခဲ့တယ်ဆိုတာ"
"အာ... အဲဒါ နင်ပြောတဲ့ တွင်းပေါ့။ အခုကော အန္တရာယ် ရှိနေတုန်းပဲလား"
လီဝမ်ရှီးက သူမ၏ ရင်ခွင်ထဲတွင် ဇဝေဇဝါ ဖြစ်နေရှာသည့် ခဲခဲလေးကို ပွတ်သပ်ပေးရင်း မေးလိုက်၏။
ကျိချောင်းယန်ကတော့ မျက်လုံးကိုမှေးကာ တောင်ကုန်းကို စတင် စစ်ဆေးနေချေပြီ။
"အား..."
ချီရွှယ်ဖေးလည်း တစ်ခုခုကို သတိထားမိသွားပုံရကာ၊ မျက်လုံးများ ပြူးသွားပြီး ပါးစပ်ကို လက်ဖြင့် အမြန်အုပ်လိုက်မိ၏။
"နင်တို့ ဘာဖြစ်နေကြတာလဲ"
လီဝမ်ရှီးက ဇဝေဇဝါဖြင့် သူတို့ကြည့်ရာဘက်သို့ လိုက်ကြည့်လိုက်ရာမှ...
"ဟင်... တစ်ခုခု မှားနေလို့လား... အမလေး ဘုရားရေ"
လီဝမ်ရှီးသည်လည်း အခြေအနေကို သတိထားမိသွားပြီး မျက်လုံးများ ပြူးထွက်ကာ ရှေ့က တောင်ကုန်းကို လက်ညှိုးထိုးပြရင်း အော်ဟစ်လိုက်တော့သည်။
"ဒါ... ဒါကခေါင်းကြီး တစ်ခု မဟုတ်လား"
ရွှီရှင်းမှလွဲ၍ ကျန်ရှိသော သုံးယောက်စလုံးမှာ ထူးဆန်းလှသော ထိုတောင်ကုန်းကြီးကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်နေကြတော့သည်။
"အနားကို နည်းနည်း ထပ်ကပ်ပြီး ကြည့်ကြရအောင်၊ ပတ်ဝန်းကျင်မှာ အန္တရာယ် ရှိနိုင်တယ်"
ရွှီရှင်းက ငွေရောင်ဘုရင်ပေါ်မှ ဆင်းကာ ဆားတွင်းဂူဝဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားခဲ့၏။
ဤကဲ့သို့သော အချိန်မျိုးတွင် သူ မီမီ့ကို အနည်းငယ် သတိရမိသွား၏။
မီမီသာ ရှိလျှင်တော့ အထဲကို လျှပ်တစ်ပြက်အတွင်း ပြေးဝင်ကာ စစ်ဆေးပေးနိုင်မှာ သေချာသည်။
သူ၏ သစ်ပင်အိမ်မှာလည်း အနီးနားမှာတင် ရှိနေသဖြင့် မီမီ့ကို လှမ်းခေါ်လို့ ရနေပေသည်။
ထားလိုက်ပါတော့လေ၊ မီမီ့ကို လုဖေးအာကိုပဲ ဆက်ပြီး စောင့်ကြည့်ခိုင်းထားတာ ပိုကောင်းပါတယ်။
အဲဒီမိန်းမကို အခုထိ အပြည့်အဝ ယုံကြည်လို့ မရသေးသည် မဟုတ်ပါလား။
လူစုသည် ဂူဝဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာကြ၏။
"...အီး"
လီဝမ်ရှီး၏ ရင်ခွင်ထဲတွင် ခဲခဲလေး ရုတ်တရက် နိုးလာပြီး ရှေ့က ရင်းနှီးနေသည့် ဆားတွင်းဂူဝကို ကြည့်ကာ ခေါင်းလေးစောင်းလျက် ဇဝေဇဝါ အသံပြုလိုက်ရှာသည်။
"ဘယ်လိုလဲ ခဲခဲလေး၊ ဒီတွင်းထဲမှာ အခုထိ အန္တရာယ် ရှိနေတုန်းပဲလား"
ရွှီရှင်းက ခဲခဲလေးကို မေးလိုက်၏။
"အီး..."
ခဲခဲလေးက ခေါင်းကို ထပ်မံ စောင်းလိုက်ပြီး စဉ်းစားနေပုံရကာ နောက်ဆုံးတွင် ခေါင်းခါပြလိုက်သည်။
"အီး"
"ဒါက ဘာကို ဆိုလိုတာလဲ"
တောင်ကုန်းကို စူးစိုက်ကြည့်နေသည့် ကျိချောင်းယန်က ခဲခဲလေးကို ကြည့်ကာ မေးလိုက်သည်။
"အခုလောလောဆယ်တော့ ဂူထဲမှာ အန္တရာယ် မရှိပုံရတယ်"
ရွှီရှင်းက ခဲခဲ၏ ခေါင်းလုံးလုံးလေးကို ပွတ်ပေးလိုက်၏။
"ဒါပေမဲ့လည်း ငါတို့ သတိမပေါ့သင့်ဘူး။ ခဲခဲလေးရဲ့ ပင်ကိုယ်အသိအရ အခု အန္တရာယ် အငွေ့အသက် မရပေမဲ့ အထဲမှာ လုံးဝ ဘေးကင်းတယ်လို့တော့ အာမမခံနိုင်ဘူး၊ ဖုံးကွယ်ထားတဲ့ အန္တရာယ် ရှိနေနိုင်သေးတယ်"
"ဒီဦးခေါင်းကြီးက အိပ်ပျော်နေတယ်လို့ ပြောချင်တာလား"
ချီရွှယ်ဖေးက နောက်ပြောင်လိုက်၏။
သူတို့အားလုံး ဆားတွင်းဂူပေါက်ဝတွင် ရပ်လိုက်ကြပြီး၊ ဘီလူးပါးစပ်ကြီးသဖွယ် ဟထားသော ထိုဝင်ပေါက်ကို ကြည့်ကာ အားလုံး၏ ရင်ထဲတွင် မကောင်းသော အငွေ့အသက်များကို ခံစားနေရတော့သည်။
---
အခန်း ၂၇၅ ပြီး။
အခန်း (၂၇၆) - ဧရာမသတ္တဝါလား... နတ်ဘုရားလား
"အထဲမှာ အန္တရာယ် ရှိ၊ မရှိ ငါ အရင်ဝင်ကြည့်လိုက်ဦးမယ်၊ နင်တို့ အပြင်မှာ ခဏစောင့်နေကြ"
ရွှီရှင်းက ပြောပြောဆိုဆိုနှင့် သူတို့၏ခြေလှမ်းများကို တားလိုက်၏။
အကယ်၍ အထဲတွင် တစ်ခုခု ထူးခြားနေပါက အားလုံးစုပြုံဝင်သွားခြင်းမှာ ဘေးမကင်းလှပေ။
အပြင်တွင် အခြေအနေကို စောင့်ကြည့်ပေးမည့်သူ တစ်ဦးတစ်ယောက်တော့ ကျန်ရှိနေရပေမည်။
"ကောင်းပြီလေ၊ မင်းက ဒီနေရာနဲ့ ရင်းနှီးပြီးသားပဲဟာ။ ငါတို့ အပြင်ကနေ စောင့်ကြည့်ပေးမယ်၊ တစ်ခုခုဆို အချက်ပေးလိုက်မယ်"
ကျိချောင်းယန်က ခေါင်းညိတ်ထောက်ခံလိုက်၏။
"သတိထားဦးနော်၊ အန္တရာယ်ရှိရင် အပြင်ကို အမြန်ပြေးထွက်ခဲ့"
လီဝမ်ရှီးသည် ဇွတ်အတင်း လိုက်ဝင်ရန် မကြိုးစားသော်လည်း စိုးရိမ်တကြီးဖြင့် မှာကြားနေရှာသည်။
သူမသည် မြှားသေနတ်ကို အဆင်သင့်ထုတ်ယူကာ အရေးကြုံပါက ကူညီနိုင်ရန် ပြင်ဆင်ထားတော့၏။
"စိတ်ချပါ"
ရွှီရှင်းသည် ထိုစကားကို ချန်ရစ်ခဲ့ကာ ဆားတွင်းဂူအတွင်းသို့ ခြေလှမ်းကျဲကျဲဖြင့် တိုးဝင်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ ခဲခဲလေးက သူ့ကို မတားဆီးတော့ပေ။
လီဝမ်ရှီး၏ ရင်ခွင်ထဲတွင် သမ်းဝေလိုက်ပြီး မျက်လုံးလေးများကို ပြန်မှိတ်ကာ အိပ်စက်နေချေပြီ။
ဂူထဲသို့ ရောက်ရှိသွားသောအခါ ရွှီရှင်း၏ ရင်ထဲ၌ စိုးရိမ်ထိတ်လန့်စရာ အငွေ့အသက်မျိုး လုံးဝ ပေါ်မလာခဲ့ပေ။
မြေပြင်မှာလည်း အက်ကွဲခြင်း မရှိဘဲ အရာရာမှာ ပုံမှန်အတိုင်းပင် ငြိမ်သက်နေ၏။
ဤတွင်းကြီးသည် ယခင်ကကဲ့သို့ အေးချမ်းမှုကို ပြန်လည်ရရှိသွားပုံရသည်။
ရွှီရှင်းသည် ဂူ၏အတွင်းဘက် အကျဆုံးနေရာသို့ လှမ်းကြည့်လိုက်၏။
မူလက ထိုနေရာတွင် အဆုံးမရှိသော ကျင်းနက်ကြီး ရှိခဲ့သော်လည်း ယခုမူ ပျောက်ကွယ်သွားပြီး မြေပြင်မှာလည်း နဂိုအတိုင်း ပြန့်ပြူးနေချေပြီ။
ကာကွယ်ရေးတိုက်ပွဲတုန်းက ထိုကျင်းထဲမှ ဧရာမဗီဇပြောင်းပုရွက်ဆိတ်များ ထွက်လာခဲ့သည် မဟုတ်ပါလား။
သူသည် ဂူအဆုံးထိ လျှောက်သွားကာ လှံရှည်ကို ထုတ်ယူလိုက်ပြီး ထိုကျင်းဟောင်းရှိခဲ့သည့် နေရာကို လှံဖျားဖြင့် နှစ်ချက်၊ သုံးချက်မျှ ခြစ်ကြည့်လိုက်သည်။
မြေသားမှာ ထူထပ်မာကျောနေပြီး ဤနေရာ၌ တစ်ချိန်က ကျင်းကြီးတစ်ခု ရှိခဲ့ဖူးသည်ဆိုသော အမှတ်အသားလေး တစ်ခုပင် ရှာမတွေ့တော့ပေ။
"တကယ်ကို ထူးဆန်းတာပဲ"
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိ၏။
ဤကျင်းတစ်ခုတည်းတင် မကဘဲ သွေးမြူပန်း၊ နှလုံးသားအပင်နှင့် သင်းခွေချပ်အုပ်စုများ ရှိခဲ့သည့် ကျင်းသုံးကျင်းစလုံးမှာလည်း ကာကွယ်ရေးတိုက်ပွဲအပြီးတွင် အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်ကို သူ သတိပြုမိလိုက်သည်။
ဤကျင်းများသည်လည်း အသက်ရှိနေပြီး ကိုယ့်ဘာသာ ပြန်ပိတ်သွားနိုင်ကြသည်လား။
သို့သော်လည်း... သူသည် မြေပြင်ပေါ်၌ ခုနက ခြစ်ထားမိသော အရာများကို ငုံ့ကြည့်လိုက်သည်။
ထိုအရာများမှာ ယခင်ကကဲ့သို့ အလိုအလျောက် ပြန်လည်ကောင်းမွန်လာခြင်းမျိုး မရှိတော့ပေ။
ဤတွင်းကြီးသည် သူ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်ကကဲ့သို့ အလိုအလျောက် ကုစားနိုင်စွမ်း မရှိတော့သည်လား။
ဆားတွေကိုကော ပြန်တူးလို့ ရနိုင်ပြီလား။
သူသည် လှံရှည်ဖြင့် မြေပြင်ကို ပို၍ အားထည့်ကာ နောက်ထပ် နှစ်ချက်မျှ ထပ်မံ ခြစ်လိုက်ပြန်သည်။
ထိုခဏမှာပင် ထင်မှတ်မထားသော အခြေအနေတစ်ခု ရုတ်တရက် ဆိုက်ရောက်လာတော့၏။
သူ ခြစ်လိုက်သည့် အရှိန်နှင့်အတူ ပတ်ဝန်းကျင်ရှိ ကျောက်နံရံများမှာ တုန်ခါလာပြီး ကျောက်စကျောက်နများမှာ အပေါ်မှ တဖွဲဖွဲ ကြွေကျလာသည်။
ခြေဖဝါးအောက်ရှိ မြေပြင်မှာလည်း သိသိသာသာ လှုပ်ခါလာချေပြီ။
"ဘာဖြစ်တာလဲ"
ရွှီရှင်း၏ တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။
ဤနေရာမှာ "ဘီလူးပါးစပ်ကြီး" ရဲ့ အတွင်းပိုင်း မဟုတ်ပါလား။
သူ လုံးဝ ပေါ့ဆ၍ မဖြစ်ပေ။
သူသည် သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်စဉ် ဘေးဘက်နံရံမှာ အက်ကွဲလာသည်ကို သတိပြုမိလိုက်၏။
"ဂျောက်"
ကျိုးအက်သွားသည့် အသံသဲ့သဲ့မှာ ရွှီရှင်း၏ နားထဲတွင် အထင်အရှား ပဲ့တင်ထပ်သွားသည်။
နံရံပေါ်တွင် လက်မဝက်ခန့် ကျယ်သော အက်ကြောင်းကြီးတစ်ခု ပေါ်ထွက်လာချေပြီ။
ပတ်ဝန်းကျင်ရှိ အခြားနံရံများမှာ ဘာမှမဖြစ်သော်လည်း ဤနေရာတစ်ခုတည်းသာ အက်ကွဲသွားခြင်း ဖြစ်သည်။
နံရံနောက်ကွယ်မှာ တစ်ခုခု ရှိနေတာလား။
အက်ကြောင်းမှာ တဖြည်းဖြည်း ကျယ်လာပြီး လက်နှစ်သစ်စာခန့် ရှိလာသောအခါ ထိုအတွင်းမှ မှိန်ဖျော့ဖျော့ ဖြူဖွေးသော အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာသည်။
မှောင်အတိကျနေသော ဂူအတွင်းပိုင်းတွင် ထိုအလင်းမှာ အလွန်ပင် ထင်ရှားလှ၏။
သေချာပေါက် တစ်ခုခု ရှိနေပြီပဲ။
သူသည် ထိုအက်ကြောင်းကို စူးစိုက်ကြည့်နေစဉ် အနောက်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။
"အီးး အီးးးးးး"
"ဟေး... ရွှီရှင်း။ ထွက်ခဲ့ မြန်မြန်ထွက်ခဲ့တော့"
ခဲခဲလေး၏ အလန့်တကြား အော်ဟစ်သံနှင့် လီဝမ်ရှီး၏ စိုးရိမ်တကြီး ဟစ်အော်သံများကို ကြားလိုက်ရသဖြင့် ရွှီရှင်း ချက်ချင်း နောက်လှည့်ကြည့်လိုက်မိသည်။
သူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်ဆန်များ ကျုံ့သွားကာ ထိတ်လန့်တုန်လှုပ်သွားရတော့၏။
မီတာအနည်းငယ် ကျယ်ဝန်းသော ဂူပေါက်ဝကြီးမှာ ယခုအခါ ဖြည်းဖြည်းချင်း ပိတ်လာနေချေပြီ။
ဂူဝရှိ ကျောက်ဆောင်များမှာ မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် တစ်ခုနှင့်တစ်ခု နီးကပ်လာနေသည်။
လှုပ်ရှားနေသော ထိုကျောက်တုံးများမှာ အသက်ရှိနေသော အသားစိုင်များအလား တွန့်လိမ်လှုပ်ရှားနေသည့် ခံစားချက်မျိုးကို ပေးစွမ်းနေ၏။
ရွှီရှင်းသည် နံရံက အက်ကြောင်းကို တစ်ချက် အမြန်လှမ်းကြည့်လိုက်ရာ ပိုမိုကျယ်လာပြီး ဖြူဖွေးသောအလင်းမှာလည်း ပို၍ ထင်ရှားလာသည်။
လီဝမ်ရှီးသည် အထဲသို့ ပြေးဝင်ရန် ပြင်နေသော်လည်း ချီရွှယ်ဖေးက သူမကို အတင်းလှမ်းဆွဲထားရ၏။
ဇွတ်ဝင်သွားခြင်းက ဘာမှအကူအညီ မဖြစ်နိုင်သည့်အပြင် ရွှီရှင်း လွတ်မြောက်လာမည့် လမ်းကြောင်းကိုပါ ပိတ်ဆို့သွားစေနိုင်သည် မဟုတ်ပါလား။
လီဝမ်ရှီးသည်လည်း ထိုအချက်ကို နားလည်သဖြင့် ဂူဝမှနေ၍သာ အားကုန် ဟစ်အော်နေတော့သည်။
"မြန်မြန်ထွက်ခဲ့ အခုချက်ချင်း ထွက်ခဲ့တော့ ဂူဝ ပိတ်တော့မယ်။ ဘာလို့ ငိုင်ရပ်နေတာလဲ"
အကယ်၍ ဤအရာမှာ သာမန်တံခါးတစ်ခုသာဆိုလျှင် သူတို့ ဤမျှအထိ ထိတ်လန့်နေကြမည် မဟုတ်ပေ။
သို့သော် ဤတောင်ကုန်း၏ ပုံသဏ္ဌာန်မှာ ဧရာမဦးခေါင်းကြီးနှင့် တူနေသဖြင့် ဤဂူဝမှာလည်း "ဘီလူးပါးစပ်ကြီး" နှင့် တူနေသည် မဟုတ်ပါလား။
ထိုပါးစပ်ကြီး ပိတ်သွားပြီးနောက် ဘာတွေ ဆက်ဖြစ်လာမည်ကို မည်သူမှ မခန့်မှန်းနိုင်ကြချေ။
ရွှီရှင်းသည် တံတွေးကို အနိုင်နိုင် မျိုချလိုက်ပြီး နံရံက အက်ကြောင်းကို လျစ်လျူရှုကာ အပြင်ဘက်သို့ အစွမ်းကုန် ပြေးထွက်လိုက်တော့သည်။
ဂူဝပိတ်သည့် အရှိန်မှာ အလွန်ပင် မြန်ဆန်လှ၏။
နောက်ထပ် ၅ စက္ကန့် သို့မဟုတ် ၆ စက္ကန့်ဆိုလျှင် လုံးဝ ပိတ်သွားတော့မည့်ပုံပင်။
ထိုအချိန်မှ ရွှီရှင်း သတိထားမိလိုက်သည်မှာ ဤဂူကြီးမှာ သူ အရင်တစ်ခါ လာစဉ်ကထက် များစွာ ပိုမိုနက်ရှိုင်းသွားခြင်းပင်။
အရင်ကဆိုလျှင် ဂူဝနှင့် အနက်ဆုံးနေရာမှာ မီတာ ၅၀ ကျော်သာ ဝေးသော်လည်း ယခုမူ မီတာ ၇၀ သို့မဟုတ် ၈၀ ခန့်အထိ ဝေးကွာနေပြီဟု သူ ခန့်မှန်းလိုက်မိသည်။
သူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာ အဆမတန် တိုးတက်နေပြီ ဖြစ်သော်လည်း၊ ၅ စက္ကန့်အတွင်း မီတာ ၈၀ ခရီးကို ရောက်အောင်ပြေးရန်မှာ မလွယ်ကူလှပေ။
အထူးသဖြင့် ဂူအတွင်းရှိ မြေပြင်မှာ ချိုင့်ခွက်များ၊ ကျောက်ဆောင်များဖြင့် မညီမညာ ဖြစ်နေသဖြင့် သူ၏ အရှိန်ကို နှောင့်နှေးစေသည် မဟုတ်ပါလား။
ကျိချောင်းယန်သည် ဂူဝစတင်ပိတ်သည်နှင့် သူ၏ သံမဏိလှံရှည်ကို အမြန်ဆွဲထုတ်ကာ ဂူဝ၏ အပေါ်ပိုင်းတွင် ကန့်လန့်ဖြတ် တင်လိုက်သည်။
ရွှီရှင်း ထွက်လာမည့်လမ်းကို မပိတ်ဆို့စေဘဲ လှံကို အရှိန်ဖြင့် ထောက်ထားကာ ဂူဝပိတ်မည့် အရှိန်ကို လျှော့ချရန် ကြိုးစားခြင်းပင်။
သို့သော်လည်း တဖြည်းဖြည်း နီးကပ်လာနေသော ဂူဝမှာ ထက်မြက်လှသော လှံရှည်ကို ညှပ်ပစ်လိုက်၏။
ပြင်းထန်လှသော အားကြောင့် လှံတစ်ခုလုံးမှာ ဂူနံရံအတွင်းသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး ဂူဝပိတ်လာသည်နှင့်အမျှ လှံရိုးမှာ ကွေးညွတ်ကာ လှံဖျားမှာလည်း အတွင်းဘက်သို့ ပိုမို နစ်ဝင်သွားတော့သည်။
ရွှီရှင်းမှာ ဂူအတွင်းပိုင်း တုန်ခါမှု ပိုမို ပြင်းထန်လာသည်ကို ခံစားနေရပြီး အနောက်ဘက်မှလည်း လေတိုးသံလိုမျိုး အသံကြီးတစ်ချက်ကို ကြားလိုက်ရသည်။
သို့သော် သူ နောက်လှည့်ကြည့်ရန် အချိန်မရှိပေ။
ဂူဝဆီသို့သာ အသည်းအသန် ပြေးနေရတော့သည်။
ပိတ်တာ အရမ်းမြန်လွန်းတယ်။
အချိန် မရှိတော့ဘူး။
---
အခန်း ၂၇၆ ပြီး။