← Chapters

အခန်း (၂၇၇-၂၇၈)

Vol. 19 Ch. 277-278

အခန်း (၂၇၇-၂၇၈)

Vol. 19 Ch. 277-278

အခန်း (၂၇၇) - ဧရာမသတ္တဝါလား... နတ်ဘုရားလား (၂)

ထိုခဏ၌ ငွေရောင်ဘုရင်သည် တစ်ကိုယ်လုံးရှိ အားအင်များကို စုစည်းကာ ပြင်းထန်လှသော အရှိန်ဖြင့် မီတာ ဒါဇင်ချီသော အကွာအဝေးကို တစ်ချက်တည်း ခုန်ပျံကျော်လွှားလိုက်ပြီး ရွှီရှင်း၏ ရှေ့တည့်တည့်သို့ ကွက်တိ ဆင်းသက်လိုက်တော့သည်။

ရွှီရှင်း၏ မျက်ဝန်းများ ဝင်းခနဲ ဖြစ်သွားကာ တုံ့ဆိုင်းမနေဘဲ ငွေရောင်ဘုရင်၏ ကျောပေါ်သို့ လွှားခနဲ ခုန်တက်လိုက်ပြီး ၎င်း၏ ဝံပုလွေမွှေးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်၏။

ရွှီရှင်း ကျောပေါ်ရောက်သည်နှင့် ငွေရောင်ဘုရင်သည် နောက်တစ်ကြိမ် အရှိန်ပြင်းစွာဖြင့် ဂူဝရှိရာသို့ တဟုန်ထိုး ပြေးထွက်တော့သည်။

ဂူပေါက်ဝကြီး လုံးဝပိတ်တော့မည့် စက္ကန့်ပိုင်းအလိုတွင် ငွေရောင်ဘုရင်သည် ကျဉ်းမြောင်းလှသော အဟလေးကြားမှ လျှပ်တစ်ပြက်အတွင်း တိုးထွက်ကာ ဂူပြင်ပသို့ ရောက်သည်နှင့် မီတာ ဒါဇင်ချီဝေးရာသို့ ထပ်မံ ခုန်လွှားလိုက်ပြန်၏။

တစ်ပြိုင်နက်တည်းမှာပင် သူတို့၏ အနောက်ဘက်မှ ကျောက်တုံးချင်း ကြိတ်ခြေပွတ်တိုက်မိသည့် ကြောက်မက်ဖွယ် အသံကြီး ထွက်ပေါ်လာသည်။

ရွှီရှင်း နောက်လှည့်ကြည့်လိုက်သောအခါ ဆားတွင်းဂူပေါက်ဝမှာ လုံးဝ ပျောက်ကွယ်သွားပြီး သာမန် တောင်ကုန်းနံရံအဖြစ် အစားထိုးဝင်ရောက်သွားသည်ကို တွေ့လိုက်ရ၏။

"...ငွေရောင်ဘုရင်၊ ဒီတစ်ခါတော့ မင်း ငါ့အသက်ကို တကယ် ကယ်လိုက်တာပဲ"

ရွှီရှင်း၏ နှလုံးခုန်သံများမှာ တဒုန်းဒုန်းနှင့် စည်းချက်မမှန်တော့ပေ။

"အာဝူးးး"

ငွေရောင်ဘုရင်က ပြန်လည်ထူးသကဲ့သို့ အသံပြုကာ မြေပြင်ပေါ်သို့ ဝပ်ချလိုက်သည်။

ထိုသို့သော အရှိန်ကို ရုတ်တရက် ထုတ်သုံးလိုက်ရသဖြင့် ၎င်း၏ အားအင်များ အကုန်ကုန်ခမ်းသွားပုံရ၏။

ယခုအခါ ငွေရောင်ဘုရင်၏ တဒင်္ဂပေါက်ကွဲအားမှာ ယခင်ကထက် များစွာ သာလွန်လာခဲ့ပြီ ဖြစ်သည်။

မီမီ၏ အံ့မခန်း အမြန်နှုန်းကို မမီသေးသော်လည်း တကယ့် ဧရာမ တောကြောင်ကြီးများ၏ အရှိန်နှင့်တော့ ရင်ပေါင်တန်းနိုင်နေချေပြီ။

သို့သော်လည်း အမှန်တကယ် ဘာတွေ ဖြစ်ပျက်နေလဲမသိပေ။

အဘယ်ကြောင့် ဆားတွင်းဂူကြီးက ရုတ်တရက် ပိတ်သွားရသနည်း။

"ရွှီရှင်း အဆင်ပြေရဲ့လားဟင်"

"အီးးး အီးးး အီးးး"

လီဝမ်ရှီးနှင့် ခဲခဲလေးတို့သည် ရွှီရှင်းရှိရာသို့ အပြေးအလွှား ရောက်လာကြသည်။

ခဲခဲလေးက သူ့ဘေးတွင် ပတ်ချာလည် အော်ဟစ်နေပြီး လီဝမ်ရှီးကမူ သူ၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ကာ စိုးရိမ်တကြီး စစ်ဆေးနေတော့၏။

"စိတ်မပူနဲ့၊ ငါ ဘာမှမဖြစ်ပါဘူး"

ရွှီရှင်းသည် သူ့ခြေရင်း၌ ရပ်ကာ မော့ကြည့်နေသော ခဲခဲလေးကို ချီလိုက်ပြီး တင်းတင်းကြပ်ကြပ် ဖက်ထားရင်းမှ သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်၏။

တကယ့်ကို သီသီလေး လွတ်လာခြင်း ပင်။

"အီးးး"

အတင်းဖက်ထားခြင်း ခံရသဖြင့် ရွှီရှင်း အဆင်ပြေမှန်း သိသွားသော ခဲခဲလေးမှာ ရုန်းထွက်လိုက်ပြီး သူ၏ ပုခုံးပေါ်သို့ တက်ကာ မှီလျက် လှဲနေတော့သည်။

ထိုအချိန်တွင် ကျိချောင်းယန်နှင့် ချီရွှယ်ဖေးတို့သည်လည်း အနားသို့ ရောက်ရှိလာကြ၏။

"ငါတို့တွေ အထဲမှာ ပိတ်မိတော့မလို့ပဲ။ အထဲမှာ ဘာတွေတွေ့ခဲ့လို့လဲ။ ဘာလို့ အဆုံးမှာ ကြောင်အမ်းအမ်း ဖြစ်နေရတာလဲ"

ကျိချောင်းယန်က မေးလိုက်၏။

"ဟုတ်ပ၊ အဆုံးမှာ ဘာဖြစ်သွားတာလဲ။ ဂူဝက သိသိသာသာ ပိတ်နေတာကို နင်က အဲဒီမှာပဲ ရပ်နေတာ၊ ငါတော့ တကယ် ရင်တုန်သွားတာပဲ"

လီဝမ်ရှီးက ထိတ်လန့်မှု မပြေသေးသော အသံဖြင့် ပြောရှာသည်။

ရွှီရှင်းသည် ပိတ်သွားသော ဂူဝဆီသို့ တစ်ချက် လှမ်းကြည့်လိုက်၏။

သူသည် အသက်ကို ဝဝရှူကာ အထဲတွင် မြင်တွေ့ခဲ့သမျှကို အားလုံးအား ပြန်လည်ပြောပြလိုက်သည်။

သူ ချက်ချင်း ထွက်မလာခဲ့ခြင်းမှာ သူ၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေတစ်ခု ရုတ်တရက် ပေါ်လာသောကြောင့်ပင်။

ဂူနံရံမှ အက်ကြောင်းမှာ တဖြည်းဖြည်း ကျယ်လာခဲ့၏။

အကယ်၍ ဆားတွင်းဂူဝကြီး ပိတ်သွားပြီးနောက် ထိုအက်ကြောင်းသာ အပြည့်အဝ ပွင့်လာခဲ့မည်ဆိုလျှင် ထိုအတွင်း၌ ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်များကို သူ စူးစမ်းနိုင်မည် မဟုတ်ပါလား။

ထိုအတွေးကြောင့် သူ ခေတ္တမျှ တွေဝေသွားခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း နောက်ဆုံးတွင် သတိကသာ အနိုင်ရသွားခဲ့၏။

အထဲမှာ ဆက်နေခဲ့လျှင် ဘာတွေ ဖြစ်လာမည်ကို သူ မသိသလို၊ ထိုအက်ကြောင်းနောက်ကွယ်မှာ ရတနာရှိမလား သို့မဟုတ် အန္တရာယ်ရှိမလားဆိုသည်ကိုလည်း သူ မသေချာပေ။

မိမိကိုယ်ကိုယ် အန္တရာယ်ကြားထဲသို့ ဇွတ်အတင်း တွန်းမပို့ချင်ခဲ့ပေ။

နောက်ဆုံးတွင် သူတွေးလိုက်သည်မှာ လွတ်အောင် ပြေးနိုင်လျှင် ပြေးမည်၊ မလွတ်ခဲ့မှသာ နောက်တစ်နည်း စဉ်းစားမည်ဟု ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ငွေရောင်ဘုရင်၏ ပေါက်ကွဲအားကြောင့် သူ ဘေးကင်းစွာ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

"မင်း မြေပြင်ကို နှစ်ချက် ခြစ်လိုက်တာနဲ့ ဂူတစ်ခုလုံး တုန်ခါလာပြီး ကျောက်နံရံတွေ အက်လာတယ်၊ ပြီးမှ ဂူဝက စပိတ်လာတာပဲ"

ကျိချောင်းယန်က သူမြင်ရသမျှကို အနှစ်ချုပ်လိုက်၏။

ရွှီရှင်းက ခေါင်းညိတ်ပြရင်း သူ၏ ဂူအတွင်း အတွေ့အကြုံများကို အခြားသူများအား ဆက်လက်ပြောပြလိုက်သည်။

"အရင်ကလည်း ဒီဂူက ဒဏ်ရာတွေကို ကုသသလိုမျိုး သူ့ဘာသာသူ ပြန်ပြီး ပိတ်သွားတတ်တယ်"

ရွှီရှင်းက နောက်ဆုံးတွင် နိဂုံးချုပ်လိုက်၏။

သူတို့သည် ဧရာမဦးခေါင်းကြီးနှင့် တူသော ထိုတောင်ကုန်းကို အလိုအလျောက် လှမ်းကြည့်မိကြပြီး အတွေးပေါင်းစုံ ဝင်လာကြတော့သည်။

"တောင်ကုန်းတစ်ခုက... ကိုယ့်ဘာသာ ဒဏ်ရာပြန်ကုနိုင်တယ် ဟုတ်လား"

ချီရွှယ်ဖေးသည် ထိုတောင်ကုန်းကို ကြည့်ရင်း အလိုလို နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားသည်။

"...တကယ်ကို မယုံနိုင်စရာပဲ။ ကိုယ့်ဘာသာ ကုသနိုင်တဲ့အပြင် လူခေါင်းနဲ့လည်း တူတယ်၊ 'ပါးစပ်' ကလည်း ပိတ်လို့ရသေးတယ်"

လီဝမ်ရှီးက သူမဘာသာ တိုးတိုးလေး ရေရွတ်နေမိ၏။

"ဒါက တကယ့် ဧရာမ ဘီလူးကြီးရဲ့ ဦးခေါင်းများ ဖြစ်နေမလား"

"...ရွှီရှင်း၊ ဒါက တကယ်ပဲ ဧရာမ ဘီလူးဦးခေါင်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဦးခေါင်း သက်သက်ပဲ ဖြစ်ဖို့ များတယ်"

ကျိချောင်းယန်၏ ရုတ်တရက် စကားကြောင့် အားလုံးမှာ ဇဝေဇဝါ ဖြစ်သွားကြရ၏။

ဦးခေါင်းဆိုတာ ဘာကို ဆိုလိုတာလဲ၊ ဦးခေါင်း သက်သက်ပဲ ဆိုတာကော ဘာလဲ။

သူတို့၏ နားမလည်သော မျက်နှာပေးများကို မြင်သောအခါ ကျိချောင်းယန်က ဖြည်းဖြည်းချင်း ရှင်းပြလာသည်။

"ဘာလို့လဲဆိုတော့ ဒီနေရာနဲ့ တစ်ပုံစံတည်း တူတဲ့ နေရာတစ်ခုကို ငါ သိထားလို့ပဲ"

"ဘာပြောလိုက်တယ်"

ရွှီရှင်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

တစ်ပုံစံတည်း တူတဲ့ နေရာဆိုတော့... သူ့ဆီမှာလည်း...

ကျိချောင်းယန်၏ နောက်ထပ် စကားများက သူ၏ အတွေးကို ချက်ချင်း အတည်ပြုပေးလိုက်တော့၏။

"ငါ့နေရာမှာလည်း သတ္တုတူးပြီးတာနဲ့ အလိုအလျောက် ပြန်ကောင်းသွားတဲ့ တောင်ကုန်းတစ်ခု ရှိတယ်။ အဲဒါကို မင်းတို့ကို ပြချင်နေတာ"

ကျိချောင်းယန်က သူ၏ သစ်ပင်အိမ်ရှိရာ အနောက်ဘက် အရပ်သို့ လက်ညှိုးညွှန်ပြလိုက်၏။

"ဟင် အဲဒီမှာ တောင်ကုန်းရှိလို့လား"

လီဝမ်ရှီးက သံသယဖြင့် လှမ်းကြည့်လိုက်သည်။

"ရှိတယ်၊ တောင်ကုန်းလို့ ဆိုပေမဲ့ ဆယ်မီတာကျော်ကျော်လောက်ပဲ မြင့်တာပါ။ အမြင့်ဆုံး နေရာကတော့ မီတာ နှစ်ဆယ်လောက် ရှိမယ်။ ငါ့သစ်ပင်အိမ်ရဲ့ အနောက်ဘက် ၄ ကီလိုမီတာ၊ ၅ ကီလိုမီတာလောက်မှာ ရှိနေတာဆိုတော့ ဒီနေရာကနေ ကြည့်ရင် မမြင်ရသလောက်ပဲ"

"ဆယ်မီတာကျော်ပဲလား။ နိမ့်လိုက်တာ၊ သစ်ပင်အိမ်လောက်တောင် မမြင့်ဘူးပဲ"

လီဝမ်ရှီးက ဆားတွင်းရှိရာ တောင်ကုန်းကို မော့ကြည့်လိုက်၏။

"ဒီနေရာကတော့ ကြောက်စရာကြီး၊ အနည်းဆုံး မီတာ ၆၀၊ ၇၀ လောက် ရှိမယ် မဟုတ်လား"

"အမြင့်ဆုံး နေရာ"

ရွှီရှင်းက အချက်အလက်ကို ဆက်စပ်မိသွားသည်။

"အဲဒီတောင်ကုန်းက ရှည်မျောမျော ပုံစံလား"

"ဟုတ်တယ်၊ တောင်ကုန်းက သွယ်တယ်။ မီတာ ၁၀ ကျော်၊ ၂၀ ကျော်ပဲ မြင့်ပေမဲ့ အရှည်ကတော့ မီတာ နှစ်ရာနီးပါး ရှိတယ်၊ တကယ့် တောင်တန်းငယ်လေး တစ်ခုလိုပဲ။ တောင်ကုန်းရဲ့ အလယ်မှာ ထောင့်မှန်ပုံစံမျိုး ကွေးနေတယ်၊ ပြီးတော့ အရေးကြီးဆုံးက... အဲဒီတောင်ကုန်းရဲ့ အဆုံးမှာ လက်တစ်ဖက် ပုံသဏ္ဌာန်ရှိတဲ့ တောင်ထိပ်တစ်ခု ရှိနေတာပဲ"

ကျိချောင်းယန်က သူ၏ လက်မောင်းကို ရင်ဘတ်ရှေ့တွင် ကွေးပြရင်း ရှင်းပြနေ၏။

"...မင်း ပြောချင်တာက အဲဒီ ရှည်မျောမျော တောင်ကုန်းက လက်မောင်းတစ်ခုလို ဖြစ်နေတာလား"

ရွှီရှင်းသည် ကျိချောင်းယန်၏ ဆိုလိုရင်းကို နားလည်သွားပြီး ထိတ်လန့်သွားရသည်။

လီဝမ်ရှီးနှင့် ချီရွှယ်ဖေးတို့ နှစ်ယောက်စလုံးမှာ ပါးစပ်လေးများကို အလိုလို အုပ်ထားမိကြ၏။

"အတိအကျပဲ၊ အဲဒါကို ငါပြောချင်တာ။ ဒီကို မလာခင်တုန်းကတော့ အဲဒါက ငါ့ရဲ့ ထင်ယောင်ထင်မှား ဖြစ်နေတာ၊ တောင်ကုန်းက လက်မောင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် တူနေရုံပဲလို့ ငါ ထင်ခဲ့တာပေါ့။ လက်ပုံစံ တောင်ထိပ်ကလည်း သဘာဝတရားရဲ့ ထုဆစ်မှုသက်သက်ပေါ့"

သူ့ရှေ့က တောင်ကုန်းကို ကြည့်ရင်း ကျိချောင်းယန်က ဆက်ပြောသည်။

"ဒါပေမဲ့ အခုတော့ ငါ သေချာပေါက် အတည်ပြုနိုင်ပြီ။ အဲဒါက တကယ့်ကို လက်မောင်း တစ်ဖက်ပဲ၊ ဧရာမ ဘီလူးကြီးရဲ့ လက်မောင်းပေါ့။ အဲဒီ လက်ရဲ့ လက်ချောင်း ငါးချောင်းက... မြေကြီးထဲကို နက်နက်ရှိုင်းရှိုင်း ထိုးစိုက်ထားတာ၊ တကယ့်ကို... ချောက်ကမ်းပါး အစွန်းတစ်ခုမှာ အသည်းအသန် ဆုပ်ကိုင်ထားသလိုမျိုးပေါ့"

ကျိချောင်းယန် စကားဆုံးသွားသောအခါ လေးယောက်သား ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။

အားလုံးက ယခုလေးတင် သိလိုက်ရသော ထိတ်လန့်ဖွယ်ရာ အမှန်တရားကို အစာချေဖျက်နေကြခြင်း ဖြစ်၏။

ရွှီရှင်း၏ ဘေးကင်းဇုန်ထဲတွင် ဧရာမ ဘီလူးဦးခေါင်းနှင့် တူသော မီတာ ၆၀၊ ၇၀ မြင့်သည့် တောင်ကုန်း ရှိနေပြီး ပါးစပ်ကြီးမှာ တိတ်ဆိတ်စွာ အော်ဟစ်နေသည့်အလား ရှိနေသည်။

ကျိချောင်းယန်၏ ဘေးကင်းဇုန်ထဲတွင်မူ မီတာ နှစ်ရာနီးပါး ရှည်သော လက်မောင်းပုံစံ တောင်ကုန်း ရှိနေချေပြီ။

ဒါဟာ ဘာကို ဆိုလိုတာလဲ။

ဧရာမ ဘီလူးကြီးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက တစ်စစီ ပြန့်ကျဲနေတာလား။

"နေဦး... မင်း နတ်စင်နားမှာ ထူးခြားတဲ့ နေရာတစ်ခု ပြမယ်လို့ ပြောခဲ့တယ် မဟုတ်လား"

ရွှီရှင်းက ရုတ်တရက် သတိရကာ မေးလိုက်သည်။

"...ဟုတ်တယ်၊ အဲဒီ နတ်စင်က တောင်ကုန်းရဲ့ တခြားတစ်ဖက်မှာ ရှိတာ။ တောင်ကို ကျော်လိုက်ရင်တော့ နတ်စင်ကို မြင်ရပြီလေ"

ကျိချောင်းယန်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြ၏။

ထိုအချိန်တွင် သူတို့အားလုံး၏ ခေါင်းထဲသို့ အတွေးတစ်ခု တပြိုင်နက်တည်း ဝင်လာတော့သည်။

နတ်စင်နှင့် ပတ်သက်နေသည့် အရာ...

ဧရာမ ဘီလူးကြီးများ...

ရွှီရှင်း၏ မျက်နှာပေးမှာ ရုတ်တရက် ပြောင်းလဲသွား၏။

ဆားတွင်းဂူ၏ ပြောင်းလဲမှုများသည် နတ်စင်တွင် ယဇ်ပူဇော်မှုများနှင့် ဆက်စပ်နေနိုင်ကြောင်း သူ ရိပ်မိသွားသည်။

မူလက ဤနေရာမှာ သာမန် ဆားတွင်းတစ်ခုမျှသာ ဖြစ်၏။

ဆားတူးစဉ်က ဘာအန္တရာယ်မှ မရှိခဲ့သလို၊ ခဲခဲလေးကလည်း ဘာသတိပေးချက်မှ မပေးခဲ့ဖူးပေ။

နောက်ပိုင်းတွင်မှ ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာပြန်ကျက်တတ်သော နံရံများ၊ ဘေးကင်းဇုန်ကို ဂရုမစိုက်သော နွယ်ပင်များ၊ မြေအောက်ကျင်းနက်ကြီးများ...

ပြန်စဉ်းစားကြည့်လျှင် ဒါတွေအားလုံးဟာ နတ်စင်မှာ ယဇ်ပူဇော်ပြီးနောက်မှ ပေါ်လာခဲ့တာချည်းပင်။

အကြီးမားဆုံးသော အပြောင်းအလဲဖြစ်သည့် အနီရောင်မြူခိုး ဖြစ်ရပ်ကြီးမှာလည်း ချန်ယင်းတို့ မိသားစု နတ်စင်မှာ ယဇ်ပူဇော်ပြီးနောက်မှာ ပေါ်ပေါက်လာခဲ့ခြင်း မဟုတ်ပါလား။

ချန်ယင်းတို့ မိသားစု နတ်စင်မှာ ယဇ်ပူဇော်ပြီးသည်နှင့် မြေအောက်ကျင်းကြီး ပွင့်လာကာ အနီရောင်မြူခိုးများ ထွက်ပေါ်လာပြီး တောင်ကုန်းတစ်ခုလုံးကို ဝန်းရံသွားခဲ့သည်။

ရွှီရှင်းနှင့် ကျိချောင်းယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

နှစ်ယောက်စလုံး၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုနှင့် မလုံခြုံမှု အရိပ်အယောင်များကို မြင်နေရသည်။

နတ်ဘုရားများ ဆိုတာကော တကယ်ပဲ ရှိနေတာလား...။

"အီးးး"

ရွှီရှင်း၏ ပုခုံးပေါ်တွင် ရှိနေသော ခဲခဲလေးက ရုတ်တရက် အော်လိုက်သည်။

သူမက ရွှီရှင်း၏ ပါးကို လက်ကလေးဖြင့် တို့လိုက်ပြီး ဆားတွင်းရှိရာသို့ လက်ညှိုးထိုးပြနေ၏။

"ဟေး... ဟိုမှာ ကြည့်လိုက်ဦး"

လီဝမ်ရှီးက အံ့သြတကြီး အော်လိုက်သည်။

"ဆားတွင်းကြီး၊ ဟို 'ပါးစပ်ကြီး' က ပြန်ပွင့်လာပြန်ပြီ"

ရွှီရှင်းသည် ဆားတွင်းရှိရာသို့ အာရုံစူးစိုက်ကြည့်လိုက်၏။

ပိတ်သွားသော ဂူဝကြီးမှာ တဖြည်းဖြည်း ပြန်ဟလာပြီး တရွေ့ရွေ့နှင့် ပြန်လည် ကျယ်ပြန့်လာနေသည်။

ထိုဟလာသော အပေါက်လေးကြားမှ အနီရောင် မြူခိုးမျှင်လေး တစ်ခုသည် တိတ်တဆိတ် စိမ့်ထွက်လာတော့သည်။

---

အခန်း ၂၇၇ ပြီး။

အပိုင်း (၂၇၈) - အက်ကြောင်းနောက်ကွယ်မှ အန္တရာယ်

"အနီရောင်မြူတွေလား"

ရွှီရှင်းသည် သူ့ဘေးမှ လူများကို နောက်သို့ အနည်းငယ် ဆွဲလိုက်ပြီး အဝေးမှနေ၍ အခြေအနေကို အကဲခတ်နေလိုက်သည်။

"အာဝူးးး"

ငွေရောင်ဘုရင်သည် အော်ဟစ်လိုက်ပြီး နောက်သို့ ဆုတ်မသွားဘဲ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွား၏။

၎င်းသည် ဂူဝ၏ အစွန်းတွင် ရပ်လျက် စိမ့်ထွက်လာသော အနီရောင်မြူခိုးများကြားတွင် ကိုယ်ကို နှစ်မြှုပ်ထားတော့သည်။

ရွှီရှင်းက ၎င်းကို မတားဆီးခဲ့ပေ။

အကြောင်းမှာ ငွေရောင်ဘုရင်သည် ဗီဇပြောင်းသတ္တဝါ တစ်ကောင်ဖြစ်ပြီး၊ ဤကဲ့သို့သော အနီရောင်မြူခိုးများသည် ဗီဇပြောင်းသတ္တဝါများ၏ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း ယခင်ကပင် သက်သေပြခဲ့ပြီး ဖြစ်ပေသည်။

ငွေရောင်ဘုရင် မြူခိုးများကြား ဝင်ရောက်သွားခြင်းမှာ ၎င်းအတွက် အမှန်တကယ်ပင် အကျိုးရှိစေမည် ဖြစ်၏။

ဂူပေါက်ဝကြီး တဖြည်းဖြည်း ကျယ်လာသည်နှင့်အမျှ ထူထပ်လှသော အနီရောင်မြူခိုးများသည် ဂူအတွင်းမှ လှိုက်ကာ ထွက်ပေါ်လာတော့သည်။

"အနံ့က တကယ် ဆိုးတာပဲ..."

ချီရွှယ်ဖေးသည် သူမ၏ နှာခေါင်းနှင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

လီဝမ်ရှီးသည်လည်း နှာခေါင်းကို ပိတ်လျက် နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်ပြီး...

"ဒီအပုပ်နံ့က... ဟိုးအရင်က မြေအောက်လှိုင်ဂူထဲကနေ ထွက်လာတဲ့ အနီရောင်မြူနံ့နဲ့ အတူတူပဲ" ဟု ရေရွတ်လိုက်ရှာသည်။

ဤမြူခိုးများသည် ပမာဏ နည်းပါးလျှင် မွှေးပျံ့သော်လည်း၊ ပမာဏ များပြားလာသောအခါတွင်မူ အလွန်ပင် နံစော်လှပေသည်။

ဂူအတွင်းမှ ထွက်ပေါ်လာသော မြူခိုးနံ့ကြောင့်ပင် အဝေးတွင် ရှိနေကြသော လူစုမှာ သည်းမခံနိုင်လောက်အောင် ဖြစ်နေကြရ၏။

ရွှီရှင်းသည် ဆားတွင်းဂူအတွင်းသို့ လှမ်းကြည့်လိုက်သည်။

ယခုအချိန်တွင် ဂူအတွင်း၌ အနီရောင်မြူခိုးများမှာ မီးခိုးဗုံး တစ်လုံး ဖောက်ခွဲလိုက်သည့်အလား ထူထပ်လွန်းလှသဖြင့် အတွင်းပိုင်း မြင်ကွင်းကို လုံးဝ ပိတ်ဆို့ထားချေပြီ။

ဤမြူခိုး သိပ်သည်းဆမှာ မြေအောက်လမ်းကြောင်းတွင် အဆက်မပြတ် တက်လာခဲ့သော မြူခိုးများ၏ အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။

သူ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရသည်။

တော်သေးသည်မှာ သူ ခုနက အထဲမှာ ဆက်မနေခဲ့ခြင်းပင်။

မဟုတ်ပါက ဤမျှအထိ ပြင်းထန်လှသော အနံ့ဆိုးဒဏ်ကို သူ ဘယ်လိုမှ တောင့်ခံနိုင်မည် မဟုတ်ပေ။

အနံ့ဆိုးကြောင့် မေ့လဲသွားကာ အထဲတွင် ဘာတွေပဲ ဖြစ်ပျက်လာပါစေ ခုခံနိုင်စွမ်းမရှိဘဲ ဇာတ်သိမ်းသွားနိုင်သည် မဟုတ်ပါလား။

ထူထပ်လှသော အနီရောင်မြူခိုးများကြားတွင် ငွေရောင်ဘုရင်၏ ကိုယ်ပေါ်ရှိ သွေးရောင်အစင်းကြောင်းများသည် နောက်တစ်ကြိမ် ထပ်မံ လင်းလက်လာခဲ့သည်။

၎င်းသည် အနံ့ဆိုးကို ဂရုမစိုက်သည့်အပြင် ကျေနပ်နှစ်သက်နေပုံရပြီး ဂူအတွင်းသို့ နောက်ထပ် ခြေလှမ်းအနည်းငယ်ပင် ထပ်မံ တိုးဝင်သွားသေး၏။

"အီးးး"

ခဲခဲလေးသည် ဂူအပြင်ဘက်မှနေ၍ ငွေရောင်ဘုရင်ကို လှမ်းအော်လိုက်သည်။

၎င်းသည်လည်း အထဲသို့ ခုန်ဝင်ချင်ပုံရသော်လည်း ရွှီရှင်းက အမြန်ပင် လှမ်းဆွဲထားလိုက်ရ၏။

ဤမြူခိုး သိပ်သည်းဆမှာ အလွန် မြင့်မားလှသည်။

ခဲခဲလေးမှာ ဗီဇပြောင်းသားရဲ မဟုတ်သဖြင့် အထဲသို့ ဝင်သွားပါက မည်သို့သော ထိခိုက်မှုမျိုး ကြုံတွေ့ရမည်ကို မည်သူမှ မခန့်မှန်းနိုင်ချေ။

"အီးးး အီးးး အီးးး"

ခဲခဲလေးသည် ရွှီရှင်း၏ ရင်ခွင်ထဲတွင် ဂနာမငြိမ် ဖြစ်နေပြီး သူမ၏ လက်သည်းလေးများဖြင့် အမူအရာ ပြနေတော့သည်။

သူမ၏ အော်သံများမှာ အလွန်ပင် စိုးရိမ်တကြီး ဖြစ်နေပုံရ၏။

ရွှီရှင်းသည် ခဲခဲလေး၏ ဆိုလိုရင်းကို နားလည်လိုက်သည်။

ဂူအတွင်း၌ အန္တရာယ် ရှိနေခြင်းလား...။

"ငွေရောင်ဘုရင်၊ ပြန်လာခဲ့။ရှေ့ကို ထပ်မတိုးနဲ့တော့"

ရွှီရှင်းက ငွေရောင်ဘုရင်ကို အော်ဟစ် အမိန့်ပေးလိုက်၏။

"အာဝူး"

ငွေရောင်ဘုရင်က ရွှီရှင်းဘက်သို့ လှည့်ကြည့်လာသည်။

၎င်း၏ သွေးရောင်မျက်လုံးများနှင့် ကိုယ်ပေါ်က အစင်းကြောင်းများသည် တောက်ပနေပြီး တစ်စုံတစ်ခုကို ရူးသွပ်နေသည့် အငွေ့အသက်မျိုး စိမ့်ထွက်နေ၏။

"အမလေး ငွေရောင်ဘုရင် ဘာဖြစ်သွားတာလဲဟင်"

လီဝမ်ရှီးသည်လည်း ငွေရောင်ဘုရင်၏ ထူးဆန်းသော အခြေအနေကို သတိပြုမိသွားသဖြင့် စိုးရိမ်တကြီး မေးလိုက်ရှာသည်။

"ငွေရောင်ဘုရင်၊ ရှေ့ဆက်မသွားနဲ့။ ပြန်လာခဲ့စမ်း"

ရွှီရှင်းက အသံကို ထပ်မံ မြှင့်လိုက်၏။

"အာဝူး..."

ကံကောင်းထောက်မစွာဖြင့် ငွေရောင်ဘုရင်သည် သူတို့ ထင်ထားသကဲ့သို့ အသိစိတ် ပျောက်ကွယ်မသွားခဲ့ပေ။

၎င်းသည် အနီရောင်မြူခိုးများ တရစပ် ထွက်နေသော ဂူအတွင်းပိုင်းကို နှမြောတသစွာ တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက်မှ ရွှီရှင်း၏ ဘေးသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

"အီးးး"

ခဲခဲလေးသည် ငွေရောင်ဘုရင်၏ ကျောပေါ်သို့ ဖျတ်ခနဲ ခုန်တက်လိုက်၏။

ဆားတွင်းဂူမှာ ယခင်ကအတိုင်း အနီရောင်မြူခိုးများကို အပြင်သို့ အဆက်မပြတ် မှုတ်ထုတ်နေသော်လည်း၊ ယခုအချိန်တွင် တောအုပ်အတွင်း၌ ပြင်းထန်သော လေအေးများ တိုက်ခတ်နေသဖြင့် မြူခိုးများသည် တောင်ကုန်းပတ်ပတ်လည်တွင် စုဝေးနိုင်ခြင်း မရှိတော့ပေ။

မြူခိုးများ ဂူဝမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် လေနှင့်အတူ လွင့်စင်ပျောက်ကွယ်သွားတော့သည်။

ဤအခြေအနေကြောင့် ရွှီရှင်း သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်နိုင်တော့၏။

သူသည် ဤနေရာကို အနီရောင်မြူခိုးများ ထပ်မံ ဖုံးလွှမ်းသွားပြီး ဗီဇပြောင်းနွယ်ပင်များ ထွက်ပေါ်လာကာ အန္တရာယ်ဇုန်ကြီး ဖြစ်သွားမည်ကို လုံးဝ မလိုလားပေ။

ဂူပေါက်ဝမှာ ယခုအခါ အပြည့်အဝ ပြန်ပွင့်သွားပြီး မူလပုံစံအတိုင်း ပြန်ဖြစ်သွားချေပြီ။

ကျိချောင်းယန် အစောပိုင်းက ဂူဝတွင် တင်ထားခဲ့သော လှံရှည်မှာမူ တစ်ဝက်ခန့်မှာ ဂူနံရံအတွင်းသို့ စိုက်ဝင်နေပြီး ကျန်တစ်ဝက်မှာမူ ကျိုးပဲ့ကာ ဘယ်ဆီဘယ်ဝယ် ရောက်သွားသည်မသိတော့ပေ။

"အခုဆိုရင်တော့ ငါတို့ အကြမ်းဖျင်း အတည်ပြုနိုင်ပြီ။ ဒီဂူကြီး၊ ဒီဘီလူးဦးခေါင်းကြီးက တကယ်ပဲ အသက်ရှိနေတာပဲ"

ကျိချောင်းယန်က သူ၏ မေးစေ့ကို လက်ဖြင့်ပွတ်ကာ စဉ်းစားရင်း ပြောလိုက်၏။

"ဒီအနီရောင်မြူတွေက မကြာခင် ပျောက်သွားတော့မယ့် ပုံပဲ။ နောက်ထပ် မိနစ်အနည်းငယ်ဆိုရင် ဂူအတွင်းပိုင်းကို ရှင်းရှင်းလင်းလင်း မြင်ရတော့မှာပါ"

ကျိချောင်းယန် ပြောသကဲ့သို့ပင် ဂူအတွင်းက မြူခိုးအများစုမှာ အပြင်သို့ ပျံ့နှံ့ထွက်သွားကြပြီ ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ ယခင်ကနှင့်မတူဘဲ ဂူအတွင်း၌ မြူခိုးများ အဆက်မပြတ် ထွက်ပေါ်နေခြင်း မရှိတော့ဘဲ၊ ရှိရင်းစွဲ မြူခိုးများ လေနှင့်အတူ ပျောက်ကွယ်သွားသဖြင့် ဂူအတွင်းပိုင်းမှာ သိသိသာသာ ကြည်လင်လာခဲ့၏။

သူတို့ လေးယောက်သား ဂူအပြင်ဘက်တွင် မိနစ်အနည်းငယ်ခန့် စောင့်ဆိုင်းနေပြီးနောက် ဂူအတွင်းက မြူခိုးများမှာ လုံးဝ ကင်းစင်သွားခဲ့ပြီ ဖြစ်သည်။

ဂူအမိုးပေါ်တွင် မြူခိုးပါးပါးလေး အနည်းငယ်သာ ကျန်ရစ်သော်လည်း ထိုပမာဏမှာ အရေးမကြီးလှပေ။

ဂူအတွင်းပိုင်း အခြေအနေအားလုံးကို အထင်အရှား မြင်နေရပြီဖြစ်သော်လည်း ခဲခဲလေး သတိပေးခဲ့သော အန္တရာယ်မျိုးကိုမူ မတွေ့ရပေ။

ရွှီရှင်းသည် သူ အပြင်သို့ မပြေးထွက်မီက တွေ့ခဲ့ရသော နံရံပေါ်က အက်ကြောင်းဆီသို့ လှမ်းကြည့်လိုက်၏။

သို့သော်လည်း သူ စိတ်ပျက်သွားရသည်မှာ ထိုနံရံမှာ ပြန်လည်ပိတ်သွားခဲ့ပြီး တစ်ချိန်က အက်ကွဲခဲ့ဖူးသည့် အမှတ်အသားလေး တစ်ခုပင် မကျန်တော့ခြင်းပင် ဖြစ်ပေသည်။

"ခဲခဲလေး၊ အခုရော အန္တရာယ် ရှိနေသေးလား"

ရွှီရှင်းက ငွေရောင်ဘုရင်၏ ကျောပေါ်တွင် မှီကာ သူမ၏ လက်သည်းလေးများဖြင့် ငွေဘုရင်၏ သွေးရောင်အစင်းကြောင်းများကို ကုတ်နေရှာသည့် ခဲခဲလေးအား မေးလိုက်၏။

"အီး... အီးးး"

ခဲခဲလေးက ခေါင်းခါပြလိုက်သည်။

ယခုအချိန်တွင် သူမ ဘာကိုမှ အာရုံမရတော့ကြောင်း ပြသခြင်း ဖြစ်ပေ၏။

"ဒါဆိုရင် ငါ နောက်တစ်ခေါက် ထပ်ဝင်ကြည့်ဦးမယ်"

ရွှီရှင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

"ဟေး"

လီဝမ်ရှီးက သူ့ကို လှမ်းဆွဲလိုက်၏။

"နင်ကတော့ တကယ်ပဲ စွန့်စားလွန်းတာပဲ၊ ခုနတင် အဲဒီလောက် အန္တရာယ်ကြီးနဲ့ ကြုံခဲ့ရတာကို ပြန်ဝင်ဦးမလို့လား"

"...ဂူဝနားလေးမှာပဲ ကြည့်မှာပါ၊ အနက်ကြီးအထိ မသွားပါဘူး"

ရွှီရှင်းက ငွေရောင်ဘုရင်၏ ခေါင်းကို ပုတ်ပေးလိုက်ရင်း "ငွေရောင်ဘုရင်၊ ငါနဲ့အတူ လိုက်ခဲ့။ တစ်ခုခု ထပ်ဖြစ်လာရင် ငါတို့ အမြန်ဆုံး ပြန်ပြေးလို့ ရတာပေါ့" ဟု ပြောလိုက်သည်။

"အာဝူးးး"

ငွေရောင်ဘုရင်က ရွှီရှင်း၏ ဘေးသို့ လျှောက်လာခဲ့၏။

"ဒါဆိုရင်... ဒါဆိုရင် ကျွန်မလည်း လိုက်မယ်"

လီဝမ်ရှီးက သူ၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားပြန်သည်။

"အပြင်မှာပဲ နေခဲ့တာ ပိုကောင်းပါတယ်၊ အထဲမှာက အန္တရာယ် ရှိနိုင်လို့ပါ"

ရွှီရှင်းက သူမ၏ လက်ကို အသာအယာ ဖယ်ရှားလိုက်ရင်း ခေါင်းခါပြလိုက်၏။

"ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်"

ကျိချောင်းယန်က ဂူအနက်ပိုင်းမှ သူ၏ အကြည့်ကို လွှဲလိုက်ပြီး ရွှီရှင်းကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ငါတို့ ဂူဝတစ်ဝိုက်မှာပဲ ကြည့်ကြတာပေါ့၊ အနက်ကြီးအထိ သွားစရာ မလိုပါဘူး။ စောစောက မင်းရဲ့ လုပ်ရပ်ကြောင့် ဒီဦးခေါင်းကြီး နိုးသွားတာလည်း ဖြစ်နိုင်တယ်လေ"

"ဦးခေါင်းကြီး..."

ချီရွှယ်ဖေးက ထိုတောင်ကုန်းကြီးကို လှမ်းကြည့်လိုက်မိသည်။

"ဒါက တကယ်ပဲ ဧရာမ ဘီလူးကြီးရဲ့ ဦးခေါင်းများလား..."

အခန်း ၂၇၈ ပြီး။

All Chapters