ပေပေါင်းတစ်သောင်းရှစ်ထောင်မြင့်သည့်ကောင်းကင်မျှော်စင်
Vol. 7 Ch. 666
ယွမ်ကျွင်းဧကရီ၏ မျက်နှာအမူအရာသည် ခံစားချက်လုံးဝမရှိ ၊ ဗလာကျင်းနေသည့် မျက်နှာအမူအရာ ဖြစ်နေလေ သည်။
သူမက လက်နှစ်ချောင်းဖြင့် ကွေလိရှိရာသို့ထိုးညွှန်လိုက်လေရာ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ကွေလိသည် ခြေတစ်လှမ်းပင်ရွှေ့၍မရနိုင်တော့အောင် ထိန်းချုပ်ခံလိုက်ရလေသည်။
အလင်းတန်းမှ တန်ခိုးစွမ်းအားမှာ မယုံနိုင်စရာကောင်းလွန်းလောက်အောင် ကြောက်မက်ဖွယ်ရာကောင်းလွန်း သည့်အတွက် ကွေလိသည် နှလုံးသားထဲတွင် ချက်ချင်းပင် ထိတ်လန့် တုန်လှုပ်သွားရလေသည်။
ယွမ်ကျွင်းဧကရီသည် ခံစားချက်မရှိ ဗလာဖြစ်နေသည့်အတွက် ကွေလိသည် သူမကို အာရုံခံ၍ မရနိုင်တော့ပေ။ အပြာရောင်ခရီးရှည်နန်းတော်ထဲတွင် မရေမတွက်နိုင်အောင်များပြားသည့် မမြင်ရသည့် အရိပ်များထွက်ပေါ်လာ လေသည်။ ထိုအရိပ်များသည် ယွမ်ကျွင်းဧကရီ၏ ခန္ဓာကိုယ်အတွင်းသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်သွားကြလေ သည်။ ထိုအရိပ်များမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ကြသည့် ထောင်ပေါင်းများစွာသော နတ်ဘုရားများ၏ စိတ်ဝိညာဉ်အကြွင်းအကျန်များဖြစ်ကြလေသည်။ ယနေ့တွင်တော့ သူတို့အားလုံးသည် ခန္ဓာကိုယ် တစ်ခုအတွင်းသို့ စုပြုံဝင်ရောက်ကုန်ကြလေပြီ။
ဆန်းလျန်သည်လည်း အပြာရောင်ခရီးရှည်နန်းတော်အနားသို့ ချဉ်းကပ်လာလေသည်။
ထောင်ပေါင်းများစွာသော နတ်ဘုရားများ၏ စိတ်ဝိညာဉ်အကြွင်းအကျန်များသည် ဒီရေလှိုင်းများအလားမြင့်တက် နေခြင်းမရှိသည့်တိုင် ထိုစိတ်ဝိညာဉ်များမှ ထွက်ပေါ်နေသည့် အသက်ဓာတ်စွမ်းအားများသည် ပုံမှန်မဟုတ်ဘဲ စွမ်းအားမြင့်မားကြလေသည်။
ထိုစွမ်းအားများကြောင့် ဆန်းလျန်၏နှလုံးသားထဲတွင် လေးစားမှုနှင့် အလေးအနက်ထားမှုများကိုဖြစ်ပေါ်လာစေ လေသည်။
ကျင့်စူးက အပြာရောင်ခရီးရှည်နန်းတော်ကို တစ်ချက်ကြည့်လိုက်ပြီး…
"အရင်တုန်းက ကျယ်ကျောက်အမိန့်တော်ဂိုဏ်းဟာ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သိချင်မိတယ် ၊ အပြာရောင်ခရီးရှည်နန်းတော်က အကြွင်းအကျန်အငွေ့အသက်တွေကတောင် လူတွေရဲ့စိတ်ကို တုန်လှုပ်စေတယ်"
ဆန်းလျန်က…
"တော်တော်လေးထူးဆန်းတယ်…"
ကျင့်စူးက…
"ဘာကိုလဲ…"
ဆန်းလျန်က ခဏတာမျှ တိတ်ဆိတ်နေလေသည်။
ထို့နောက် သူက အသက်တစ်ချက်ရှူထုတ်လိုက်လေရာ ပြင်းထန်သည့်လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာလေ သည်။ ထိုလေဆင်နှာမောင်းသည် လမ်းတစ်လျှောက်ရှိ အတားအဆီးများအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။ မည်သည့်အရာကမှ လေဆင်နှာမောင်းကို တားဆီးနိုင်ခြင်းမရှိဘဲ လေဆင်နှာမောင်းသည် အပြာရောင်ခရီးရှည် နန်းတော်အတွင်းသို့ ဝင်ရောက်သွားလေသည်။
ခဏကြာသည့်အခါတွင်တော့ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။
ကျင့်စူးက…
"အပြာရောင်ခရီးရှည်နန်းတော်အပြင်ဘက်မှာ ဘာအရံအတားမှ လုပ်မထားဘူးလား"
"ကြည့်ရတာ ထင်သလောက်တော့ မရိုးရှင်းဘူး ၊ ကျုပ်လွှတ်လိုက်တဲ့ လေဆင်နှာမောင်းက ပတ်ဝန်းကျင်တ်ခုလုံးက အသက်ဓာတ်စွမ်းအားတွေကို စုပ်ယူပြီး အဆက်မပြတ်လှည့်ပတ်သွားတာ ၊ ဒါပေမယ့် အဲဒီ လေဆင်နှာမောင်းက အပြာရောင်ခရီးရှည်နန်းတော်ထဲကိုရောက်သွားတာနဲ့ အရပ်လေးမျက်နှာကို ပေါက်ကွဲထွက်သွားတယ် ၊ ဒါကြောင့် ခုန ပေါက်ကွဲသံကို ကြားလိုက်ရတာပဲ"
ဆန်းလျန်က အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
ဆန်းလျန်ဆိုလိုသည့်အဓိပ္ပါယ်ကို ကျင့်စူးက ချက်ချင်းပင် နားလည်သွားလေသည်။
"ကျွန်မတို့ ဒီနေရာကိုရောက်လာမှတော့ ထောင်ချောက်ဆင်ထားတယ်ဆိုရင်တောင်မှ ဝင်ရမှာပဲ…"
ကျင့်စူးက လုံးဝအကြောက်အလန့်မရှိခဲ့ပါ။
သူမက ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် အပြာရောင်ခရီးရှည်နန်းတော်၏ ခန်းမဆောင်ရှေ့သို့ ရောက်ရှိသွားလေတော့ သည်။
သူမသည် ချက်ချင်းပင် မူမမှန်သည်ကို ရိပ်မိလိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် သူမ ခန်းမဆောင်ရှေ့သို့ ရောက်ရှိသွားသည်နှင့် ပတ်ဝန်းကျင်မှ အသက်ဓာတ်စွမ်းအား များကို အနည်းငယ်ပင် အသုံးပြုနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် သူမ၏ ကိုယ်ပိုင်စွမ်းအားများကိုသာ အသုံးပြု လိုက်ရလေသည်။
ပတ်ဝန်းကျင်မှ အသက်ဓာတ်စွမ်းအားများ ၊ မိုးမြေစွမ်းအာများသည် သူမကို အားဖြည့်ပေးနိုင်ခြင်း လုံးဝမရှိတော့ ပေ။
မြစ်ဝါကိုးကွေ့အရံအတားကို ကျော်ဖြတ်ခဲ့ရသည့်အတွက် ကျင့်စူးမှာ တန်ခိုးစွမ်းအားများလည်း လျော့ကျနေလေရာ ပတ်ဝန်းကျင်မှ စွမ်းအားများကို အသုံးပြု၍မရခြင်းက သိပ်တော့ မလွယ်ကူလှပေ။
ကျင့်စူးသည် ချက်ချင်းပင် မြစ်ဝါကိုးကွေ့အရံအတားဖြင့် သူတို့ကို တားဆီးရသည့် ရည်ရွယ်ချက်ကို သဘောပေါက် သွားရလေသည်။ ထိုအရံအတားသည် သူတို့၏ စွမ်းအားများ ကုန်သွားစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်လေသည်။
သူမ နောက်သို့ လှည့်ကြည့်လိုက်သည့်အခါတွင်တော့ တုံ့ဆိုင်းခြင်းမရှိဘဲ သူမနောက်မှ လိုက်လာသည့် ဆန်းလျန်ကို တွေ့လိုက်ရလေသည်။ ဆန်းလျန်သည် ချက်ချင်းပင် အပြာရောင်ခရီးရှည်နန်းတော်၏ ခန်းမဆောင် ရှေ့သို့ရောက်ရှိလာလေသည်။
ဆန်းလျန်က ခန်းမဆောင်ရှေ့တွင် ရေးထားသည့် "အပြာရောင်ခရီးရှည်နန်းတော်" ဆိုသည့် ဆိုင်းဘုတ်ကို တစ်ချက် ကြည့်လိုက်လေသည်။ ရေးသားထားသည့် စုတ်ချက်တိုင်းသည် အလွန်မှ ရိုးရှင်းပြီး တာအိုကာရံများ လည်း ပါဝင်ခြင်းမရှိသလို ပြောင်းလဲခြင်းများလည်း မရှိပေ။ သို့သော် တစ်စုံတစ်ယောက်သည် ထိုစာလုံးများ ရေးသားထားသည့် စုတ်ချက်ကိုမြင်လိုက်ရသည့်တစ်ခဏတွင် မည်သည့်အခါမှ မေ့ပျောက်နိုင်တော့မည် မဟုတ်ပေ။
တာအိုသည် အရိုးရှင်းဆုံးဖြစ်လေသည်။
တာအိုသည် မိုးကောင်းကင်ကြီးကဲ့သို့ ဖြစ်လေသည်။
"အပြာရောင်ခရီးရှည်နန်းတော်" ဟု ရိုးရှင်းစွာရေးထိုးထားသည့် စာလုံးများသည် တာအိုသဘောတရားများကို အသေးစိတ်ဖော်ပြနေခဲ့လေသည်။
ဆန်းလျန်က အပြာရောင်ခရီးရှည်နန်းတော်ကို ထိကိုင်လိုက်လေသည်။
ဤနေရာသည် သူ၏ ဝိညာဉ်စွမ်းအားမြင့်တင်ခြင်းကျင့်စဉ်ဖြစ်သည့် "စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်းစာအုပ်" ၏ မူလနေရာဖြစ်သည်ကို သိရှိလိုက်ရသည်သာမက ထူးခြားသည့်ခံစားချက်တစ်ခုကိုလည်း ခံစားလိုက်ရလေသည်။ မည်သည့်အရာများ ဖြစ်ပျက်လာပါစေ သူသည် ထုန်ထျန်းအရှင်သခင်ကို အမြဲတမ်း နက်ရှိုင်းစွာဖြင့် လေးစားနေမည် ဖြစ်လေသည်။
ကျင့်စူးကတော့ ဆန်းလျန်ကဲ့သို့ ခံစားရခြင်း မရှိပါ။ သူမကတော့ သိုကျန့်စန့်ဖူကိုယ်တော်ကဲ့သို့ ခံစားနေရလေ သည်။
ကျင့်စူးက ဆန်းလျန်ကို ကြည့်လိုက်ပြီး…
"ကျွန်မတို့ အထဲဝင်ကြမလား…"
ကျင့်စူးမေးသည့်မေးခွန်းကို ဆန်းလျန်က မဖြေပါ။
သို့သော်… သူ၏ခြေလှမ်းများက ခန်းမဆောင်ရှိရာသို့သွားရာ လှေကားထစ်များဆီသို့ ဦးတည်နေလေသည်။
"ကောင်းကင်မျှော်စင်က ပေပေါင်းတစ်သောင်းရှစ်ထောင် မြင့်မားတယ်…"
ဂါထာရွတ်ဖတ်သံကဲ့သို့သော အသံတစ်ချက် ထွက်ပေါ်လာလေသည်။
ထိုအသံသည် တိမ်ကင်းစင်သည့် အမှောင်ည၏ မိုးကောင်းကင်အလား… ထူးခြားစွာဖြင့် အေးစက်နေခဲ့လေသည်။
ထိုအချိန်မှာပင် လှေကားထစ်များသည် ရုတ်တရက်… ကျယ်ပြန့်သွားလေသည်။ လှေကားထစ်တိုင်းသည် ဆယ်ပေမြင့်ပြီး လှေကားထစ်ပေါင်း တစ်သောင်းရှစ်ထောင် ဖြစ်ပေါ်လာလေသည်။
ကျင့်စူးသည် လှေကားထစ်များကို စပြီးတက်လိုက်လေသည်။ ထိုအချိန်မှာပင် လှေကားထစ်များကိုတက်ရန် အခက်အခဲများသည် အကန့်အသတ်မရှိသည်ကို ချက်ချင်းပင် သိလိုက်ရလေသည်။
ပထမဆုံးလှေကား (၁)ထစ်ကို တက်လိုက်သည့်အချိန်တွင် ပေါ့ပေါ့ပါးပါးရှိလှသော်လည်း ဒုတိယခြေလှမ်းတွင်တော့ ဖိအား (၂)ဆ တိုးလာလေသည်။
လှေကားထစ် (၁) ထစ်ကိုတက်လိုက်တိုင်း ဖိအားက (၂)ဆ (၂)ဆ ပိုပြီးများလာလေသည်။ လှေကားထစ်များသည် လည်ပတ်နေသည့် စက်ဝန်းများအလားဖြစ်လေသည်။ ထို့ပြင် သူမအနေဖြင့် ပြင်ပလောကမှ မိုးမြေစွမ်းအားများကို လည်း ရယူသုံးစွဲနိုင်ခြင်းမရှိသောကြောင့် ခြေလှမ်းတိုင်းကို သူမ၏ကိုယ်ပိုင်စွမ်းအားများဖြင့် တက်လှမ်းနေရသည်မှာ အလွန်မှ ပင်ပန်းလှလေသည်။
အချိန်အနည်းငယ်ကြာသွားပြီးသည့်နောက်… သူမသည် ဆန်းလျန်ကို မီလာလေသည်။
သူတို့ (၂)ယောက်ကြားထဲတွင် လှေကားထစ် (၃)ထစ်မျှသာ ခြားတော့သည်။ ဆန်းလျန်သည် လှေကားအဆုံးသို့ ရောက်ရန်အတွက် တစ်ထစ်သာလိုတော့သည်။
ယခုတော့ လှေကားထစ် (၁)ထစ်ကို တက်လှမ်းနိုင်ရန်ပင် ကျင့်စူးအတွက် အလွန်ခက်ခဲနေခဲ့ရပြီ ဖြစ်လေသည်။ ဖိအားများသည် သူမ၏ ခန္ဓာကိုယ်အပေါ်သို့သာမက မူလဝိညာဉ်ခန္ဓာကိုပါ ဖိနှိပ်ထားလေသည်။ သူမအတွက် အတွေးလေးတစ်ချက် စုစည်းနိုင်ရန်ပင် အလွန်ခက်ခဲနေပြီဖြစ်သည်။
ဆန်းလျန်သည်လည်း ကျင့်စူးကဲ့သို့ပင် ခံစားနေရလေသည်။
သို့သော်… ဆန်းလျန်၏မျက်နှာအမူအရာက ပြောင်းလဲသွားခြင်းရှိပါ။ လှေကားထစ်များကို ဖြည်းလေးစွာဖြင့်ပင် ကြိုးစားတက်နေလေသည်။ အပြာရောင်ခရီးရှည်နန်းတော်သို့ ရောက်ရှိမည့် နောက်ဆုံးလှေကားထစ်သည် အမှန်တကယ်ခက်ခဲလွန်းသည့်အဆင့် ဖြစ်နေခဲ့လေသည်။
လှေကားထစ်များသည် အကန့်အသတ်ရှိသလို လူတစ်ယောက်၏ စွမ်းအားသည်လည်း အကန့်အသတ်ရှိစမြဲပင် ဖြစ်လေသည်။
ဆန်းလျန်၏စွမ်းအားများသည်လည်း အကန့်အသတ်ပြည့်သွားပြီ ဖြစ်လေသည်။
သို့သော်… ဆန်းလျန်သည် ခြေလှမ်းတစ်ဝက်ပင် နောက်တွန့်သွားခဲ့ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် သူရင်ဆိုင် နေရသည့် တန်ခိုးစွမ်းအားသည် ယွမ်ကျွင်းဧကရီပြုလုပ်ထားသည့် အရံအတားတန်ခိုးစွမ်းအား မဟုတ်သောကြောင့် ဖြစ်လေသည်။
ထိုအရံအတားများသည် ထုန်ထျန်းအရှင်သခင် ပြုလုပ်ထားသည့် အရံအတားများ ဖြစ်လေသည်။
ထုန်ထျန်းအရှင်သခင်သည် အလွန်မှ မာနကြီးသူတစ်ယောက် ဖြစ်လေသည်။
တစ်ခါမှ ထုတ်ဖော်ပြသခြင်းမရှိသည့်တိုင် ဆန်းလျန်သည်လည်း သူ၏ရင်ထဲနက်နက်ရှိုင်းရှိုင်း၏တစ်နေရာတွင် အလွန်မှ မာနကြီးလွန်းသူတစ်ယောက် ဖြစ်လေသည်။
"ခင်ဗျားဆီက ကျင့်စဉ်ပညာကို ကျုပ်သင်ယူခဲ့ပေမယ့် ကျုပ်က ခင်ဗျားကိုတော့ အရှုံးပေးမှာမဟုတ်ဘူး"
ဆန်းလျန်သည် ယွမ်ကျွင်းဧကရီကို ဒေါသထွက်နေခြင်း မရှိပါ။
သူယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ စန့်ချင်တာအိုဆရာသခင်လင်ပေါင်ထျန်းကျွင်းကို စိန်ခေါ်လိုခြင်းသာ ဖြစ်လေသည်။ သို့သော်…. ကြောက်မက်ဖွယ်ရာဖိအားများအောက်တွင် ဆန်းလျန်၏ နတ်ဘုရားခန္ဓာသည် တဖြည်းဖြည်းအားနည်း လာလေသည်။ မြစ်ဝါကိုးကွေ့အရံအတားကိုလည်း ဖြတ်ကျော်ခဲ့ရသေးသည် မဟုတ်ပါလား။
ဖိအားများက ခန္ဓာကိုယ်၏ သေးငယ်သည့် ဖွဲ့စည်းပုံများကိုပင် တစ်စစီ ဆွဲဖြဲနေသကဲ့သို့ ခံစားရလေသည်။ ဆန်းလျန်သည် သူ၏တန်ခိုးစွမ်းအားများ ပြန်လည်ပြည့်ဝလာစေရန်အတွက် မိုးမြေစွမ်းအားများကိုလည်း စုပ်ယူ၍မရသည့် အနေအထားသို့ ရောက်နေလေသည်။
သူ၏မူလဝိညာဉ်ခန္ဓာမှ တန်ခိုးစွမ်းအားများသည် အလျှင်အမြန်ကုန်ဆုံးနေခဲ့ပြီ ကုန်ဆုံးသွားသည့်စွမ်းအားများသည် ပြန်လည်ရယူနိုင်တော့မည် မဟုတ်ပေ။
ဝိညာဉ်စွမ်းအားကောင်းမွန်ခြင်းမရှိဘဲ ဤအရံအတားကို ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။ ထုန်ထျန်းအရှင်သခင်၏ အတားအဆီးသည် အခြခံစွမ်းအားဆိုသည်မှာ မည်သည့်အရာကိုခေါ်ဆိုကြောင်းကို အမှန်တကယ်ပင် သင်ပြပေးနေ လေတော့သည်။
ဆန်းလျန်သည် သူ၏ခန္ဓာကိုယ်ထဲမှ ကျယ်လောင်သည့်ကွဲသံကြီးကို ကြားလိုက်ရလေသည်။ သူ၏ တန်ခိုးစွမ်းအာများသည် ဆူပွက်လျှက်ရှိလေသည်။ ဆူပွက်နေသည့်တန်ခိုးစွမ်းအားများသည် ဝိညာဉ်မြစ်ရေ၏ အော်မြည်သံများအလားပင် ထင်မှတ်ရလေသည်။
နောက်ပြန်ဆုတ်လိုက်မည်ဆိုလျှင်တော့ ထိုဖိအားများမှ ကင်းလွတ်သွားရပေလိမ့်မည်။
သို့သော်… သူ အရှုံးမပေးနိုင်ပါ။
သူသည် နောက်ဆုံးလှေကားထစ်ကို မဆုတ်မနစ်သောခြေလှမ်းများဖြင့် တစ်ချက်ပင် မတုံ့ဆိုင်းဘဲ တက်သွားခဲ့လေ သည်။
သူခြေလှမ်းလှမ်းလိုက်သည်နှင့် ဖိအားများက ချက်ချင်းပင် (၂)ဆ မြင့်တက်လာလေသည်။ သူ၏နတ်ဘုရားခန္ဓာ ဖွဲ့စည်းမှုများအားလုံးသည် ပြိုကျပျက်စီးကုန်လေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အမှုံ့များဖြင့် ယာယီထုလုပ် ထားသည့် ရုပ်တုတစ်ခုအလားပင် ထင်မှတ်ရလေသည်။
ဆန်းလျန်၏ မျက်ခုံးနှစ်ခုကြားမှ ပြဒါးရှင်သင်္ကေတသည် လေထဲတွင်လွင့်နေသည့် မီးတောက်တစ်ခုအလား အချိန်မရွေးငြိမ်းသတ်သွားတော့မည်အလား ထင်မှတ်ရလေသည်။
သို့သော်… ပြဒါးရှင်သင်္ကေတမှထွက်ပေါ်နေသည့် လရောင်ကဲ့သို့ အလင်းရောင်လေးသည် ဆန်းလျန်၏စိတ်အာရုံ စူးစိုက်နိုင်မှုကို ကာကွယ်ပေးထားလေသည်။
ဆန်းလျန်၏ရှေ့တွင် အရပ်မြင့်မြင့်နှင့် နတ်ဘုရားတစ်ပါး ပေါ်လာလေသည်။
ထိုနတ်ဘုရားသည် လက်နှစ်ဖက်ကိုနောက်သို့ပစ်ထားပြီး စကားတစ်လုံးမှ မပြောဘဲ ဆန်းလျန်ကို ကြည့်နေလေ သည်။
ဆန်းလျန်သည် သူ၏စိတ်အာရုံထဲတွင် အမြဲတမ်း ပုံဖော်လေ့ရှိသည့် နတ်ဘုရားကို ပြင်ပလောကတွင် ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်း ဖြစ်လေသည်။
သူ… အတိတ်တစ်ချိန်က စိတ်ထဲတွင် ပုံဖော်ကြည့်လေ့ရှိပြီး သူ လေးစားခဲ့ရသည့် နတ်ဘုရားတစ်ပါးကို သူ့ရှေ့တွင် မြင်တွေ့နေရပြီ ဖြစ်လေသည်။
ထိုနတ်ဘုရား၏ မျက်ဝန်းများသည် ယခင်အချိန်က ဆန်းလျန် ပုံဖော်ခဲ့သည့်အတိုင်း အတိအကျ ဆင်တူလွန်းလေ သည်။ ထိုမျက်ဝန်းများတွင် ခံစားချက်ကင်းမဲ့ပြီး အထီးကျန်မှုများဖြင့် ပြည့်နေလေသည်။
ရုတ်တရက်… ထိုနတ်ဘုရားသည် လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်လေရာ… သူ၏လက်ထဲတွင် ကျောက်စိမ်း ကျိုင်းတံတစ်ခုပေါ်လာပြီး ဆန်းလျန်၏ ဝမ်းဗိုက်ကို ရိုက်နှက်လိုက်လေသည်။ ကျောက်စိမ်းကျိုင်းတံသည် အရာအားလုံးကို ဖျက်စီးပစ်နိုင်စွမ်းရှိလေသည်။ ဆန်းလျန်သာ နောက်သို့ဆုတ်ကာ မရှောင်တိမ်းလျှင် စိတ်ဝိညာဉ် နှင့်ရုပ်ခန္ဓာအားလုံး ပျောက်ကွယ်ပျက်စီးသွားရပေလိမ့်မည်။
သို့သော်… ဆန်းလျန်က ရှောင်တိမ်းခဲ့ခြင်း မရှိပါ။
သူ၏ မျက်ခုံး (၂)ခုကြားမှ ပြဒါးရှင်သင်္ကေတသည် မျက်ခုံး (၂)ခုအလယ်မှ ပျံသန်းထွက်ခွာသွားပြီး သေးငယ်သည့် ရွှေဇလားတစ်ခုအဖြစ်သို့ ကူးပြောင်းသွားကာ ကျောက်စိမ်းကျိုင်းတံကို ရင်ဆိုင်လိုက်လေသည်။
ကျေက်စိမ်းကျိုင်းတံသည် မည်သည့်အခါမှ မပျက်စီးနိုင်သောလက်နက်တစ်ခု ဖြစ်လေရာ ကျောက်စိမ်းကျိုင်းတံနှင့် ထိခိုက်မိသည်နှင့် ရွှေဇလားတွင် အက်ကွဲကြောင်းများ ထင်လာလေသည်။
လင်ပေါင်ထျန်းကျွင်းသည် ခံစားချက်ကင်းမဲ့စွာဖြင့် ရွှေဇလားကို (၃)ချက်တိတိ အဆက်မပြတ်ရိုက်ချလိုက်လေတော့ သည်။ ရွှေဇလားသည် ပျက်စီးသွားပြီး မြေကြီး ၊ မီး ၊ လေ နှင့် ရေ ဆိုသည့် ဒြပ်စင် (၄)ခုအဖြစ်သို့ ကူးပြောင်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
ရွှေဇလားလေးသည် ဆန်းလျန်အတွက် အဓိပ္ပါယ်များစွာရှိသည့် အရာတစ်ခု ဖြစ်လေသည်။
ထိုရွှေဇလားသည် သူ၏ အနာဂတ်တာအိုကျင့်စဉ်လမ်းအတွက် အခြေခံ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုရွှေဇလားသည် သူကိုယ်တိုင်ဖန်ဆင်းထားသည့် လောကသစ်တစ်ခုဖြစ်သောကြောင့်ပင်။ ထို့ပြင် မိုးမြေသန္ဓေ မျိုးစေ့သည် ကြီးထွားရင့်ကျက်သည့် အခြေအနေတစ်ခုကို ရောက်ရှိနေပြီ ဖြစ်လေသည်။ ထိုမိုးမြေသန္ဓေမျိုးစေ့သည် မည်သည့်အချိန်တွင် လောကသစ်တစ်ခုအဖြစ် မွေးဖွားလာမည်ကို မည်သူမှ မသိနိုင်ပေ။
ယခုတော့ ဆန်းလျန်မျှော်လင့်ထားသမျှ အရာအားလုံးသည် အဆုံးသတ်သွားပြီဟု ကြေငြာလိုက်သည့်အလားပင် ဖြစ်ရလေသည်။ မွေးဖွားဖြစ်တည်လာခြင်းမရှိသေးသည့် လောကအသစ်သည် ကျောက်စိမ်းကျိုင်းတံအောက်တွင် ဒြပ်စင် (၄)ခုအဖြစ် အပိုင်းပိုင်းကွဲသွားခဲ့ရပြီ ဖြစ်လေသည်။
ဆန်းလျန်သည် ပထမဆုံးအကြိမ်အဖြစ် စိတ်ပျက်သွားပြီး တစ်ချက် တွန့်ဆုတ်သွားမိလေသည်။
သူရင်ဆိုင်ရမည့်သူသည် အမှန်တကယ်ပင် ကြီးမားလွန်းလေသည်လား….။
ဒြပ်စင် (၄)မျိုးသည် လှေကားထစ်များထက်တွင် လွင့်မျောနေလေသည်။ ပုံသဏ္ဍန်မရှိသော်လည်းထုထည်တစ်ခု အလားဖြစ်တည်နေလေသည်။ ဆန်းလျန်၏ စိတ်အာရုံသည် ရေမရှိသည့်မြစ်ငယ်ထဲတွင် တဖျတ်ဖျတ်ခုန်နေသည့် ငါးတစ်ကောင်အလား ကစဉ့်ကလျားဖြစ်နေပြီး အချိန်မရွေးပျက်စီးသွားနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။