အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
အခန်း။ ၁၄၁
မုယွဲ့မေ လက်ဖြောက်တီးလိုက်သည်နှင့် တစ်ပြိုင်နက် ကန့်လန့်ကာနောက်ကွယ်မှ အစေခံမလေးနှစ်ဦးသည် လက်ရာမြောက်လှသော လင်ပန်းကိုယ်စီကို ကိုင်ဆောင်လျက် ထွက်ပေါ်လာကြသည်။ သူတို့သည် အငွေ့တထောင်းထောင်း ထွက်နေသော ဝမ်တွန်ပန်းကန်များကို ရှစ်ပါးစင်္ကြံစားပွဲပေါ်သို့ အသာအယာ တင်ထားလိုက်ကြ၏။
ထို့နောက် နူးညံ့လှသော လက်အစုံဖြင့် ချန်ကျီရှင်း၏ ပုခုံးပေါ်ရှိ သားမွေးဝတ်ရုံကို ချွတ်ယူပေးရင်း တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကိုရှောင်... ဝမ်တွန်ကို အရသာရှိရှိ သုံးဆောင်တော်မူပါရှင်”
အစေခံမလေးနှစ်ဦးသည် ချန်ကျီရှင်းကို ရိုသေစွာ ဦးညွှတ်နှုတ်ဆက်ပြီးနောက် ခန်းမဆောင်အတွင်းမှ ယဉ်ကျေးသိမ်မွေ့စွာ ထွက်ခွာသွားကြသည်။
ဖျာကြမ်းပေါ်၌ ထိုင်နေသော မုယွဲ့မေက အသာအယာ ပြုံးလျက် “မြည်းကြည့်ပါဦး။ ငါ လူလွှတ်ပြီး ဝယ်ခိုင်းတုန်းက ဝမ်တွန်သည်က ပြောတယ်။ ဒါက မင်းရဲ့ ဇာတိရပ်ရွာကလူတွေ ကိုယ်တိုင်လုပ်ထားတာတဲ့။ မင်းတို့ဆီက အစစ်အမှန် လက်ရာ ဟုတ်မဟုတ် ကြည့်ပေးပါဦး” ဟု ပြောလိုက်သည်။
ချန်ကျီရှင်းက ခေါင်းညိတ်ပြကာ ထိုင်ခုံကို ဆွဲ၍ ထိုင်လိုက်ပြီး စားပွဲပေါ်သို့ ငုံ့ကြည့်လိုက်သည်။ ရွှေချည်ထိုးထားသော အနားသတ်ပါရှိသည့် အပြာရောင်ကြွေပန်းကန်လုံးအတွင်း၌ အငွေ့များ တထောင်းထောင်း ထွက်နေသည်ကို မြင်ရ၏။ ပန်းကန်လုံးအတွင်း၌ ကြည်လင်နေသော ဝမ်တွန်များအပြင် ကြက်သွန်မြိတ်၊ မုန်လာဥနီအမျှင်များ၊ ဂေါ်ဖီထုပ်နှင့် ဂျင်းနုများမှာလည်း အစီအရီ ပါရှိနေသည်။
နောက်ဆုံးတွင် ဟင်းရည်မျက်နှာပြင်ပေါ်၌ နှမ်းဆီအနည်းငယ်နှင့် နှမ်းစေ့များကို ဖြူးထားသည်။ ချန်ကျီရှင်းသည် ကျောက်စိမ်းဇွန်းကို အသုံးပြု၍ တစ်ဇွန်းခပ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ရာ သူ၏မျက်ဝန်းများမှာ အလိုအလျောက် ဝင်းလက်သွားတော့သည်။
“အရသာက တကယ့်ကို အစစ်အမှန်ပါပဲ။ ကျွန်တော်တို့ဆီက ဝမ်တွန်တွေမှာပဲ မုန်လာဥနီအမျှင်တွေ ပါတတ်တာလေ”
မုယွဲ့မေက ပြုံးလျက် ခေါင်းညိတ်ကာ “ကောင်းတာပေါ့ ဝမ်တွန်သည်က ငါ့ကို လိမ်မရောင်းဘူးပဲ” ဟု ပြောလိုက်သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။
“ပင်းအာ... ရှေ့လမှာ တောင်ထိပ်နှစ်ခုကြားက ပြိုင်ပွဲရှိတယ်။ မင်းမှာ ဘယ်လို အစီအစဉ်တွေ ရှိလဲ”
ချန်ကျီရှင်းက ဝမ်တွန်ကို အားရပါးရ စားနေရင်းမှပင် “ဆရာ့ရဲ့ စီစဉ်ညွှန်ကြားမှုအတိုင်းပဲ လိုက်နာပါ့မယ်” ဟု ပြန်လည်ဖြေကြားလိုက်သည်။
“ကောင်းပြီ... ဒါဆိုရင် ဒီတစ်ခေါက်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြောက်ဘက်တောင်ထိပ်က စစ်မှန်သောတပည့်တွေရဲ့ အချက်အလက်တွေကို အရင်ကြည့်ထားလိုက်ဦး”
မုယွဲ့မေက သူမ၏ လက်ယာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ သားရေစာလိပ်တစ်ခုသည် ချန်ကျီရှင်း၏ ရှေ့မှောက်သို့ ကျရောက်လာသည်။ ချန်ကျီရှင်းသည် ဝမ်တွန်ကို အမြန်စားသောက်ပြီးနောက် ထိုစာလိပ်ကို ကောက်ယူ၍ ဖတ်ရှုလိုက်သည်။
စာလိပ်အတွင်း၌ မြောက်ဘက်တောင်ထိပ်မှ စစ်မှန်သောတပည့် သုံးဦး၏ အချက်အလက်များကို မှတ်တမ်းတင်ထားသည်။
ပထမ စစ်မှန်သောတပည့် ခန်ရုံမှာ စစ်မှန်သောကိုယ်ပိုင် တတိယအဆင့်ရှိသည့် ရုပ်ခန္ဓာတာအိုကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူသည် မလှုပ်မယှက် ဝဇီရာကျမ်းစာကို ကျင့်ကြံထားသူဖြစ်ပြီး သူ၏ ရုပ်ခန္ဓာကြံ့ခိုင်မှုမှာ ကြောက်မက်ဖွယ်ကောင်းလှသလို သူ၏ ခုခံကာကွယ်နိုင်စွမ်းမှာလည်း အံ့မခန်းပင်။
တစ်ခါက သူသည် စစ်မှန်သောကိုယ်ပိုင် တတိယအဆင့်ရှိသည့် ရုပ်ခန္ဓာအလွန်ကြံ့ခိုင်လှသော ရွှေရောင်ဆံပင်ရှိ ဘုရင်ဟိုကို လက်ချည်းသက်သက်ဖြင့် သတ်ဖြတ်နိုင်ခဲ့သဖြင့် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
လူသားမျိုးနွယ်၏ ရုပ်ခန္ဓာစွမ်းအားဖြင့် မိစ္ဆာများကို နှိမ်နင်းနိုင်သည့် ပထမဆုံးသော ပါရမီရှင်အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ မြောက်ဘက်တောင်ထိပ်၏ စစ်မှန်သောတပည့်ဖြစ်လာပြီးကတည်းက တောင်ထိပ်နှစ်ခုကြား ပြိုင်ပွဲများတွင် သုံးကြိမ်ဆက်တိုက် ပထမဆုကို ဆွတ်ခူးထားသူလည်း ဖြစ်ပေသတည်း။
သူသည် တောင်ဘက်တောင်ထိပ်အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်ပြီး တောင်
ဘက်တောင်ထိပ်မှ စစ်မှန်သောတပည့်အချို့မှာ သူ၏ လက်ဝါးချက်များအောက်၌ အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရဖူးသည်။
ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတစ်ခုလုံးက သူ့ကို သုံးထပ်ကွမ်းချန်ပီယံဟု ခေါ်ဆိုကြသလို ဂိုဏ်း၏ မျိုးဆက်သစ်ပါရမီရှင်များထဲတွင် အစွမ်းထက်ဆုံးသူအဖြစ်လည်း အသိအမှတ်ပြုထားကြသည်။ သို့သော် ခန်ရုံသည် အသက်သုံးဆယ်ပြည့်ရန် ခြောက်လသာ လိုတော့သဖြင့် ယခုအကြိမ်သည် သူ၏ နောက်ဆုံးယှဉ်ပြိုင်မှု ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ခန်ရုံအနေဖြင့် ရှေးယခင်မှ ယနေ့တိုင် မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့ဖူးသော လေးထပ်ကွမ်းချန်ပီယံစံချိန်သစ်ကို တင်နိုင်မည်လားဆိုသည်ကို လူအများက စိတ်ဝင်တစား စောင့်ကြည့်နေကြခြင်းပင်။
“သုံးထပ်ကွမ်းချန်ပီယံလား...”
ချန်ကျီရှင်းသည် မျက်မှောင်ကြုတ်ကာ စဉ်းစားမိသည်။ မှတ်တမ်းများအရ ဤခန်ရုံဆိုသူမှာ အမှန်တကယ်ပင် အစွမ်းထက်လှသည်။ အရှေ့ဘက်နက်ရှိုင်းသောဒေသတစ်ခုလုံးရှိ အသက်သုံးဆယ်အောက် မျိုးဆက်သစ်တပည့်များထဲတွင်ပင် သူသည် ထိပ်တန်းစာရင်းဝင်တစ်ဦး ဖြစ်ပေလိမ့်မည်။
ထို့နောက် ချန်ကျီရှင်းသည် စာလိပ်ကို ဆက်လက်ဖတ်ရှုလိုက်သည်။
ဒုတိယ စစ်မှန်သောတပည့် နီရှောင်လုံသည် မြောက်ဘက်တောင်ထိပ်၏ ဝါရင့်တပည့်တစ်ဦးဖြစ်သော်လည်း အောင်မြင်မှုနှင့် အစွမ်းသတ္တိအပိုင်း၌ ခန်ရုံကို မမှီပေ။ နီရှောင်လုံ၏ ကျင့်ကြံမှုမှာ စစ်မှန်သောကိုယ်ပိုင် ဒုတိယအဆင့်ဖြစ်ပြီး ကွမ်းထျန်းယွီနှင့် အဆင့်တူညီသည်။ သူလေ့ကျင့်ထားသော ကျင့်စဉ်မှာ နဂါးဆင်စစ်သိုင်းပညာဖြစ်ပြီး သူ၏ လက်သီးချက် ခြေကန်ချက်တိုင်း၌ နဂါးနှင့်ဆင်တို့၏ အင်အားမျိုး ပါရှိသဖြင့် ရင်ဆိုင်ရခက်ခဲသော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။
ချန်ကျီရှင်းသည် ခေါင်းတစ်ချက်ညိတ်ကာ နောက်ဆုံးတစ်ဦးကို ဆက်လက်ကြည့်ရှုလိုက်သည်။
တတိယ စစ်မှန်သောတပည့် ဖန်နိုင်မှာ မြောက်ဘက်တောင်ထိပ်မှ ယခုအကြိမ်တွင်မှ အသစ်ခေါ်ယူထားသော တပည့်ဖြစ်သည်။ ဖန်နိုင်သည် မြောက်ဘက်တောရိုင်းဒေသ အနက်ရှိုင်းဆုံးရှိ ရှေးဦးမျိုးနွယ်စုတစ်ခုမှ လာသူဖြစ်ပြီး ခရီးဝေးနှင်၍ ရောက်ရှိလာခြင်းပင်။ သူသည် ငယ်စဉ်ကတည်းကပင် ဗီဇပါ နတ်ဘုရားခွန်အားကို ပိုင်ဆိုင်ထားသူဖြစ်ရာ အသက်သုံးနှစ်အရွယ်၌ ကျားနှင့်သစ်ကျားများကို ဆွဲဖြဲနိုင်ပြီး ကိုးနှစ်အရွယ်၌ မိစ္ဆာများနှင့် လုံးထွေးသတ်ပုတ်နိုင်ခဲ့သည်။ ယခု အသက် တစ်ဆယ့်ကိုးနှစ်အရွယ်၌ သူ၏ ရုပ်ခန္ဓာခွန်အားမှာ အံ့မခန်း ဖြစ်နေ၏။
ဂိုဏ်းသို့ စတင်ဝင်ရောက်သည့်နေ့က တပည့်အချို့သည် ဖန်နိုင်၏ ကြမ်းတမ်းလှသော သားရဲအရေခွံဝတ်စုံကို ကြည့်ကာ ယဉ်ကျေးမှုမရှိသော တောသားတစ်ဦးအဖြစ် လှောင်ပြောင်ခဲ့ကြသည်။ ထိုအခါ ဖန်နိုင်သည် ဂိုဏ်း၏ တောင်တံခါးဝ၌ပင် တိုက်ရိုက်စိန်ခေါ်မှုပြုလုပ်ခဲ့ရာ တိုက်ပွဲပေါင်း တစ်ရာတိတိ အရှုံးမရှိဘဲ အနိုင်ရရှိခဲ့သည်။ မြောက်ဘက်တောင်ထိပ်၏ တပည့်သစ်အားလုံးကို နှိမ်နင်းနိုင်ခဲ့သော ထိုတိုက်ပွဲမှာ တစ်ဂိုဏ်းလုံးကို တုန်လှုပ်စေခဲ့သည်။
နောက်ပိုင်းတွင် ဖန်နိုင်သည် နတ်ဘုရားခရီးသွား နဝမအဆင့်ရုပ်ခန္ဓာဖြင့်ပင် မြောက်ဘက်တောင်ထိပ်၏ မူလစစ်မှန်သောတပည့်ကို အနိုင်ယူကာ စစ်မှန်သောတပည့်အသစ် ဖြစ်လာခဲ့ပြီး မြောက်ဘက်တောင်ထိပ်သခင်ကိုယ်တိုင်က တပည့်အဖြစ် လက်ခံခဲ့ရသည်။ ယခုအခါ ဖန်နိုင်၏ ဂုဏ်သတင်းမှာ မြောက်ဘက်တောင်ထိပ်၌ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး တောင်ဘက်တောင်ထိပ်ရှိ ချန်ကျီရှင်းထက်ပင် ပိုမိုထင်ရှားကျော်ကြားနေသည်။ မြောက်ဘက်တောင်ထိပ်ရှိ လူအများက သူ့ကို အရှင်သခင်လေးဟု ခေါ်ဆိုကြပြီး အနာဂတ်တွင် ခန်ရုံ၏ အမွေအနှစ်ကို ဆက်ခံကာ မြောက်ဘက်တောင်ထိပ်ကို နှစ်ပေါင်းများစွာ ထွန်းကားအောင် ဆောင်ရွက်နိုင်မည့်သူအဖြစ် ယုံကြည်ထားကြသည်။
“ပင်းအာ... မင်းရဲ့ပြိုင်ဘက်က ဒီအရှင်သခင်လေးဖန်နိုင် ဖြစ်လိမ့်မယ်”
မုယွဲ့မေ၏ အမူအရာမှာ အနည်းငယ် လေးနက်တည်ကြည်သွားပြီး သူမက နက်ရှိုင်းသောအသံဖြင့် ဆက်ပြောလိုက်သည်။
“ဒီဖန်နိုင်ဆိုတဲ့ကလေးကို ငါမြောက်ဘက်တောင်ထိပ်နားက ဖြတ်သွားရင်း အဝေးကနေ လှမ်းကြည့်မိတော့ သူက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ သွေးလေမီးဖိုကိုးခုကို တည်ဆောက်ထားနိုင်ပြီ။ သူ့ရဲ့အင်အားက သာမန်နတ်ဘုရားခရီးသွားနယ်ပယ် ကျင့်ကြံသူတွေထက် အဆပေါင်းများစွာ သာလွန်တယ်။ သူဟာ ဗီဇပါ နတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင် အကန့်အသတ်ကို ကျော်လွန်သူတစ်ယောက် ဖြစ်ဖို့ အရမ်းများတယ်”
ချန်ကျီရှင်းသည် မျက်မှောင်ကြုတ်ကာ စဉ်းစားမိသည်။
ဤဖန်နိုင်ဆိုသူသည်လည်း သူကဲ့သို့ပင် ရုပ်ခန္ဓာခွန်အား၏ အချုပ်အနှောင်များကို ချိုးဖျက်ထားသည့် အကန့်အသတ်ကျော်လွန်သူတစ်ဦး ဖြစ်နေခြင်းပင်။
ငါ့ရဲ့ အဲဒီတုန်းက အထွတ်အထိပ် ရုပ်ခန္ဓာအင်အားနဲ့ နှိုင်းယှဉ်ရင်တောင် ဒီလူက ငါ့ထက် မနိမ့်လောက်ဘူး။
ပထမဆုံးအကြိမ်အဖြစ် ချန်ကျီရှင်းသည် တောင်ထိပ်နှစ်ခုကြား မဟာပြိုင်ပွဲကြီးကို အမှန်တကယ် စိတ်ဝင်စားသွားခဲ့သည်။
“ပင်းအာ... မကြာခင်ကျင်းပမယ့် မဟာပြိုင်ပွဲအတွက် မြောက်ဘက်တောင်ထိပ်သခင်က ဖန်နိုင်ကို စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ထဲ ရောက်အောင် နည်းလမ်းမျိုးစုံနဲ့ ကူညီပေးမှာ သေချာတယ်”
မုယွဲ့မေက သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီးနောက်
“နောက်ထပ် တစ်လခွဲကြာရင် ထူးခြားတဲ့ လပြည့်ညတစ်ည ရောက်လာလိမ့်မယ်။ မင်းရဲ့ဆရာအနေနဲ့ ငါ့မှာ လပြည့်ညမှာ ကျင့်ကြံမှုကို လွှဲပြောင်းပေးနိုင်တဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခုရှိတယ်။ အဲဒါက မင်းကို စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ထဲ ရောက်အောင် ကူညီပေးနိုင်လိမ့်မယ်”
“ဒါပေမဲ့ ဒီနည်းလမ်းက အရမ်းကို အန္တရာယ်များတယ်။ အကယ်၍ ကျရှုံးသွားခဲ့ရင် မင်းရဲ့ တာအိုအခြေခံထိခိုက်ပျက်စီးသွားနိုင်ရုံတင်မကဘူး။ ငါ့ရဲ့ကျင့်ကြံမှုတွေလည်း အဆမတန် လျော့ကျသွားနိုင်တယ်။ မင်း စမ်းကြည့်ချင်ရဲ့လား”
သူမ စကားအဆုံးတွင် ချန်ကျီရှင်းကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် ချန်ကျီရှင်းအနေဖြင့် ငြင်းပယ်ရန် အားနာနေမည်ကို စိုးရိမ်သည့်အလား သူမက ပြုံးလျက် ထပ်လောင်းပြောလိုက်သည်။
“ဒါက မင်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ မင်း မလုပ်ချင်ဘူးဆိုရင်လည်း ပွင့်
ပွင့်လင်းလင်း ပြောနိုင်ပါတယ်။ ငါ စိတ်မဆိုးပါဘူး။ တကယ်တော့ ရေရှည်အတွက် စဉ်းစားရင် ခြေလှမ်းမှန်မှန်နဲ့ တစ်လှမ်းချင်း တက်လှမ်းတာက အကောင်းဆုံးပါပဲ။ မဟုတ်ရင် တာအိုအခြေခံသာ ပျက်စီးသွားခဲ့ရင် ပြန်လည်ပြုပြင်ဖို့ အချိန်အကြာကြီး ယူရမှာဖြစ်လို့ အကျိုးထက် အပြစ်က ပိုများသွားနိုင်တယ်”
ထိုစကားကို ကြားရသောအခါ ချန်ကျီရှင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ ရိုးသားသော အမူအရာဖြင့် ခေါင်းကို ကုတ်လျက် လက်အုပ်ချီကာ ပြောလိုက်သည်။
“ဆရာကတောင် တပည့်အတွက် ကျင့်ကြံမှုတွေ လျော့ကျသွားနိုင်တဲ့ အန္တရာယ်ကို အရင်းအနှီးပြုပြီး ဒီလျှို့ဝှက်ကျင့်စဉ်နဲ့ ကူညီပေးမယ်ဆိုမှတော့ တပည့်ကကော ဘာကို ကြောက်နေရမှာလဲ ခင်ဗျာ”
မုယွဲ့မေက “တကယ်လား” ဟု ထပ်မံမေးမြန်းရာ ချန်ကျီရှင်းကလည်း “တကယ်ပါ ခင်ဗျာ” ဟု ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်သည်။
မုယွဲ့မေ၏ အစီအစဉ်မှာ ချန်ကျီရှင်း မျှော်လင့်ထားသည့်အတိုင်းပင်။ သူသာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားပြီဟု ဟန်ဆောင်နိုင်ပါက နောက်ပိုင်းတွင် သူ၏ အစစ်အမှန်အစွမ်းကို ဖုံးကွယ်ထားရန် မလိုတော့ဘဲ ကိစ္စရပ်များကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်တော့မည်ပင်။
“ကောင်းပြီ ပင်းအာ... မင်းက ဒီလို လောင်းကြေးထပ်ဖို့ အသင့်ဖြစ်နေပြီဆိုမှတော့ ဆရာကလည်း မင်းကို လုံးဝ အရှုံးမပေးစေရဘူး”
မုယွဲ့မေ၏ မျက်ဝန်းများတွင် ပြတ်သားမှုများ ဝင်းလက်သွားကာ “ဒီတစ်လခွဲအတွင်းမှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို တက်လှမ်းဖို့အတွက် သေချာပြင်ဆင်ထားပါ။ ငါကတော့ ဒီလျှို့ဝှက်ကျင့်စဉ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သွားရှာလိုက်ဦးမယ်”
နာရီဝက်ခန့် ကြာပြီးနောက် ချန်ကျီရှင်းသည် တောင်ထိပ်ခန်းမဆောင်ကြီးထဲမှ ထွက်ခွာလာခဲ့သည်။
အဝေးမှနေ၍ အနီရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု လျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၏။ ၎င်းမှာ ပြုံးရွှင်သောမျက်နှာထားနှင့် ကွမ်းထျန်းယွီပင်ဖြစ်ပြီး "ညီလေးရှောင်... လာလေ လီရန်က စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ ပြင်ဆင်နေပြီ။ ငါတို့သွားကြည့်ပြီး ဂုဏ်ပြုပေးကြရအောင်" ဟု လှမ်း၍ခေါ်လိုက်သည်။
"စီနီယာအစ်မက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို အခုပဲ တက်လှမ်းတော့မှာလား"
ချန်ကျီရှင်းမှာ အနည်းငယ် အံ့အားသင့်သွားမိသည်။ လီရန် တံခါးပိတ်ကျင့်ကြံမည်ဟု ကြေညာခဲ့သည်မှာ လေးငါးရက်မျှသာ ရှိသေးသဖြင့် သူထင်ထားသည်ထက် ပို၍မြန်ဆန်နေသည်။
"ဟုတ်တယ် မူလကတော့ ညီမလေးလီက တောင်ထိပ်နှစ်ခုပြိုင်ပွဲ မတိုင်ခင်အထိ အင်အားတွေ ထပ်စုဆောင်းပြီးမှ တရားဝင် ချိုးဖျက်ဝင်ရောက်ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘူး... တစ်ယောက်ယောက်က ညီမလေးလီကို သွားပြောလိုက်တယ်လေ။ မုမိသားစုက မုဟယ်တုန်းက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်သွားပြီဖြစ်ကြောင်းနဲ့ နွေဦးရောက်ရင် ငါတို့ရဲ့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို လာပြီး ညီမလေးလီနဲ့ ချိန်းဆိုထားတဲ့ တိုက်ပွဲကို နွှဲတော့မယ်ဆိုတဲ့အကြောင်းပေါ့"
ကွမ်းထျန်းယွီက လက်ဝါးနှစ်ဖက်ကို ဖြန့်ပြကာ "အခုတော့ ရှင်းနေတာပဲ။ ညီမလေးလီက အဲဒီသတင်းကြောင့် စိတ်လှုံ့ဆော်မှုခံလိုက်ရပြီး စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို တိုက်ရိုက်တက်လှမ်းဖို့ ဆုံးဖြတ်လိုက်တာပဲ" ဟု ပြောလိုက်သည်။
သူတို့နှစ်ဦးသည် စစ်မှန်သောတပည့်ရိပ်သာဆီသို့ ဦးတည်ကာ လျှောက်လှမ်းရင်း စကားပြောဆိုနေကြသည်။ လမ်းခရီးတစ်လျှောက်တွင်လည်း သတင်းကြားသိထားကြသည့် တောင်ဘက်
တောင်ထိပ်တပည့်များစွာသည် ထိုရိပ်သာဆီသို့ သွားနေကြသည်ကို တွေ့ရ၏။ သူတို့သည် ချန်ကျီရှင်းနှင့် ကွမ်းထျန်းယွီတို့ကို မြင်သောအခါ ရိုသေစွာဖြင့် လမ်းဖယ်ပေးကာ နှုတ်ဆက်ကြသည်။
အထူးသဖြင့် ချန်ကျီရှင်းအပေါ် ထားရှိသော သဘောထားမှာ ကွမ်းထျန်းယွီထက်ပင် ပိုမိုရိုသေကိုင်းရှိုင်းနေသည်မှာ သိသာလှသည်။
"စီနီယာအစ်မက ဒီလောက် အလောတကြီး ချိုးဖျက်ဝင်ရောက်တာဆိုတော့ ရလဒ်အပေါ် တစ်စုံတစ်ရာ ထိခိုက်နိုင်မလား"
ချန်ကျီရှင်းက မေးမြန်းလိုက်သည်။
ကွမ်းထျန်းယွီက ခေါင်းခါယမ်းကာ "မဖြစ်နိုင်ပါဘူး။ ညီမလေးလီက နတ်ဘုရားခရီးသွား နဝမအဆင့်မှာ ရှိနေတာ ကြာပြီ။ အခြေခံကလည်း အရမ်းခိုင်မာတယ်။ အရင်က မချိုးဖျက်
သေးတာက ပိုပြီးတော့ ပြည့်စုံအောင်ပြင်ဆင်ချင်လို့ရယ် ထိပ်တန်းအဆင့် ကောင်းကင်နှင့်
မြေကြီးဆိုင်ရာ ဓမ္မရုပ်သွင်ကို ဘယ်လိုပုံဖော်မလဲဆိုတာ စီစဉ်နေလို့ရယ်ပဲ ရှိတာ။"
"ဒါဆိုရင်တော့ ကောင်းတာပေါ့"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်သည်။ လီရန်မှာ သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့သူဖြစ်ရာ သူမ၏ အရေးကြီးသော အချိန်တွင် ကျရှုံးသွားမည်ကို သူ မလိုလားပေ။
"ဟဲဟဲ... ဒါနဲ့စကားမစပ် အဲဒီမုဟယ်တုန်းကတော့ တကယ့်ကို ထောင်လွှားတာပဲ။ ညီမလေးလီရဲ့ တပည့်ချင်းတွေထဲက မကျေနပ်တဲ့သူရှိရင် ထွက်တိုက်နိုင်တယ်လို့တောင် ပြောသွားသေးတာ။ ညီလေးရှောင်... တကယ်လို့ မုဟယ်တုန်းရောက်လာတဲ့အချိန်မှာ ညီမလေးလီက မယှဉ်နိုင်ခဲ့ရင် မင်းကော ညီမလေးလီအတွက် ဝင်တိုက်ပေးမှာလား"
ကွမ်းထျန်းယွီက ရယ်မောလျက် မေးလိုက်သည်။
"စီနီယာအစ်မမှာ အခက်အခဲရှိလာရင် ကျွန်တော် မနိုင်ရင်တောင်မှ အစွမ်းကုန် တိုက်ပွဲဝင်ပေးမှာပါ"
ချန်ကျီရှင်းက ခပ်တည်တည်ပင် ပြန်ဖြေလိုက်၏။
"ကောင်းတယ် ညီမလေးလီ မင်းကို လူမမှားခဲ့ဘူးပဲ"
ကွမ်းထျန်းယွီက အားရပါးရ ရယ်မောကာ ချန်ကျီရှင်း၏ ပုခုံးကို ပုတ်လိုက်သည်။
စကားပြောနေစဉ်အတွင်း သူတို့သည် လီရန်၏ ခြံဝင်းရိပ်သာရှေ့သို့ ရောက်ရှိလာကြသည်။ ရိပ်သာအပြင်ဘက်တွင်မူ လာရောက်ကြည့်ရှုကြသော တောင်ဘက်တောင်ထိပ်တပည့်များစွာမှာ စုရုံးရောက်ရှိနေကြပြီဖြစ်သည်။
"စီနီယာအစ်ကိုရှောင် စီနီယာအစ်ကိုကွမ်း"
သူတို့ရောက်လာသည်ကို မြင်လျှင် တပည့်အုပ်စုမှာ ချက်ချင်းပင် ရိုသေစွာ အလေးပြုကာ လမ်းဖွင့်ပေးကြသည်။ စစ်မှန်သောတပည့်များ၏ အဆင့်အတန်းမှာ အခြားတပည့်များထက် များစွာမြင့်မားပြီး အကြီးအကဲများနှင့်ပင် ရင်ပေါင်တန်းနိုင်သည်။ ထို့ကြောင့် ချန်ကျီရှင်းမှာ ဂိုဏ်းထဲသို့ ရောက်ရှိသည်မှာ လပိုင်းမျှသာ ရှိသေးသော်လည်း ကျန်တပည့်များမှာ သူ့ကိုမြင်လျှင် တပည့်ငယ်၏ ဝတ္တရားအတိုင်း အရိုအသေပေးကြရစမြဲပင်။
သူတို့နှစ်ဦးသည် တပည့်အုပ်စုကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးနောက် လီရန်၏ ခြံဝင်းအတွင်းဘက်ဆီသို့ အာရုံစိုက်လိုက်ကြသည်။
ဝုန်း….
ရုတ်တရက်ဆိုသလိုပင် ရိပ်သာအတွင်းပိုင်းမှနေ၍ နတ်ဘုရားခရီးသွားနယ်ပယ်အထွတ်အထိပ်၏ အရှိန်အဝါများမှာ ကောင်းကင်ယံထက်သို့ ဒိုင်းခနဲ ထိုးတက်သွားတော့သည်။ မကြာမီမှာပင် ထိုအရှိန်အဝါများသည် ကွဲပြားခြားနားလှသော နယ်ပယ်အသစ်တစ်ခုသို့ ကူးပြောင်းရန် အရှိန်အဟုန်ဖြင့် စတင်ပြောင်းလဲလာခဲ့သည်။
"စပြီ"
ချန်ကျီရှင်းနှင့် ကွမ်းထျန်းယွီတို့သည် မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်လိုက်ကြတော့သည်။
အခန်း။ ၁၄၂
ဝုန်း…..
ရုတ်တရက်ဆိုသလိုပင် ကောင်းကင်နှင့်မြေကြီးအကြား၌ လေပြင်းများ တိုက်ခတ်လာပြီး တိမ်တောင်တို့သည် အရောင်အသွေး ပြောင်းလဲသွားကာ သဲနှင့်ကျောက်ခဲများ လွင့်စင်လာတော့သည်။ တိုက်ခတ်နေသော ဆောင်းလေအေးများနှင့် ကျဆင်းနေသော နှင်းပွင့်များသည်လည်း လောကကြီးအတွင်း၌ ရပ်တန့်သွားသကဲ့သို့ တစ်ခဏတာ ငြိမ်သက်သွားခဲ့သည်။
ထို့နောက်တွင်မူနေနှင့်လကိုပင် ဖြတ်ကျော်၍ ကောင်းကင်ယံထက်သို့ ထိုးတက်သွားသော ကြီးမားလှသည့် အရှိန်အဝါများသည် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ စတင်ပြောင်းလဲလာသည်ကို အားလုံးက မြင်တွေ့လိုက်ကြရသည်။
“လာပြီ လာပြီ”
“ချိုးဖျက်ဝင်ရောက်တော့မှာလား”
“ဗီဇပါ ဝိညာဉ်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တဲ့ သန့်စင်သောမိန်းကလေးသာ စစ်မှန်သောကိုယ်ပိုင်
နယ်ပယ်ကို ရောက်သွားရင် သူမရဲ့ စိတ်ဝိညာဉ်စွမ်းအားက စစ်မှန်သောကိုယ်ပိုင် တတိယအဆင့်လောက်အထိတောင် ရောက်သွားနိုင်တယ်”
မျှော်လင့်တောင့်တမှုများနှင့် အာမေဍိတ်သံများကြား၌ နတ်ဘုရားခရီးသွားနယ်ပယ်၏ အထွတ်အထိပ် အရှိန်အဝါများသည် ဒီရေပြန်ကျသကဲ့သို့ ရုတ်တရက် နောက်ပြန်လှည့်သွားပြီး လီရန်၏ ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ ပြန်လည်ဝင်ရောက်သွားသည်။
ထို့နောက်တွင်မူ နတ်ဘုရားခရီးသွားနယ်ပယ်နှင့် လုံးဝကွဲပြားခြားနားလှသော အရှိန်အဝါတစ်ခုသည် ဒီရေလှိုင်းများပမာ ပြင်းထန်စွာ တိုးထွက်လာတော့သည်။
“အခုတော့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်သွားပြီ”
ကွမ်းထျန်းယွီက သူ၏မျက်ဝန်းများ ဝင်းလက်သွားလျက် လေးနက်သောအသံဖြင့် ပြောလိုက်သည်။ ပတ်ဝန်းကျင်ရှိ တပည့်များမှာလည်း ထိုစကားကို ကြားရသည့်အခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီး စိတ်လှုပ်ရှားစွာဖြင့် ကြွေးကြော်လိုက်ကြသည်။
“ဟားဟားဟား ငါတို့ တောင်ဘက်တောင်ထိပ်မှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကျင့်ကြံသူ နောက်တစ်ယောက် တိုးလာပြီဟေ့”
“ဗီဇဝိညာဉ်ခန္ဓာပိုင်ရှင်ဖြစ်တဲ့ သန့်စင်သောမိန်းကလေးသာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်သွားပြီဆိုရင် အထက်နယ်ပယ်ကသူတွေကိုတောင် စိန်ခေါ်နိုင်စွမ်း ရှိလာလိမ့်မယ် ဒီတစ်ခေါက် တောင်ထိပ်နှစ်ခုပြိုင်ပွဲမှာ ငါတို့အတွက် မျှော်လင့်ချက် ရှိလာပြီ”
“ကောင်းတယ်”
“ဟဲဟဲ... အရင်တုန်းက တောင်ဘက်တောင်ထိပ်က တပည့်တစ်ယောက် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်သွားတိုင်း တောင်ထိပ်တစ်ခုလုံးကို ဖိတ်ကြားပြီး စားပွဲကြီးတွေ ကျင်းပလေ့ရှိတာ ဒီနေ့လည်း ထူးခြားမှာ မဟုတ်ပါဘူး”
လီရန်သည် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ တပည့်အပေါင်းတို့၏ စိတ်ရင်းမှန်ဖြင့် ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်နေကြသံများကို ကြားရသောအခါ ချန်ကျီရှင်း၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လွင်လာသည်။
ဝန်ခံရမည်ဆိုလျှင် တောင်ဘက်တောင်ထိပ်၏ ကျင့်ကြံခြင်းဆိုင်ရာ ပတ်ဝန်းကျင်နှင့် စိတ်ဓာတ်မှာ အလွန်ပင် ကောင်းမွန်လှသည်။ ဤနေရာ၌ တစ်ဦးနှင့်တစ်ဦး ကြံစည်တိုက်ခိုက်ခြင်း၊ ကောက်ကျစ်စဉ်းလဲစွာ တွက်ချက်ခြင်းမျိုးကို သူ အလွန်ပင် တွေ့ရခဲလှသည်။
တစ်ခါက သူ့ကို အသိအမှတ်မပြုခဲ့သော တာအိုမျိုးစေ့ ဝမ်တုန်းပင်လျှင် နောက်ကွယ်မှ ယုတ်မာသော နည်းလမ်းများကို မသုံးဘဲ ပွင့်ပွင့်လင်းလင်းသာ စိန်ခေါ်ခဲ့သည်။
ချန်ကျီရှင်းက ဝမ်တုန်းအနေဖြင့် ကျင့်ကြံမှုအဆင့် အသာစီးရယူကာ တိုက်ခိုက်ခြင်းမှာ ဂုဏ်သိက္ခာမဲ့သည်ဟု ဆိုလျှင်ပင် ဝမ်တုန်းသည် သူ၏ကျင့်ကြံမှုအဆင့်ကို သူ့ဘာသာ လျှော့ချ၍ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည်။ ဤကဲ့သို့သော စိတ်ဓာတ်မျိုးမှာ ပြင်ပလောက၌ တွေ့ရခဲလှသည်။
တောင်ဘက်တောင်ထိပ်၌ တစ်စုံတစ်ယောက် အောင်မြင်မှုရရှိလျှင် လှောင်ပြောင်သရော်ခြင်းမျိုးထက် စိတ်ရင်းမှန်ဖြင့် ဝမ်းမြောက်ပေးတတ်ကြသည်။ ဤသည်မှာ ဇီဝေချန်မိသားစုရှိ တပည့်များတွင် ကင်းမဲ့နေသည့် အချက်ပင်။
ဇီဝေချန်မိသားစုအတွင်း၌မူ အဆင့်တူညီသူတစ်ဦးက ရုတ်တရက် အောင်မြင်မှုရရှိကာ အထက်သို့ တက်လှမ်းသွားပါက ဘေးလူတို့၏ တုံ့ပြန်မှုမှာ ဟန်ဆောင်ဂုဏ်ပြုခြင်းထက် "ဒါက ဘာဆန်းလို့လဲ"၊ "သူက ငါ့ထက် ကံကောင်းသွားလို့ပါ"၊ "ဂုဏ်ယူမနေပါနဲ့၊ မာန်တက်ရင် ပျက်စီးတတ်တယ်" ဟူသော ငြူစူစောင်းမြောင်းသည့် စကားလုံးများသာ များပြားလှသည်။
အမှန်စင်စစ် သူတစ်ပါးကို နှိမ့်ချခြင်းက ကိုယ့်ကိုကိုယ် မြှင့်တင်ရန် အမြန်ဆုံးနည်းလမ်း ဖြစ်
နေသည်။ ထို့ပြင် သူတစ်ပါး၏ အောင်မြင်မှုကို သေးသိမ်အောင် ပြုလုပ်ခြင်းဖြင့် ကိုယ့်၏ ကျရှုံးမှုကို အဖတ်ဆယ်ရန် ကြိုးပမ်းတတ်ကြသည်။
"ဒါကြောင့်လည်း ဇီဝေချန်မိသားစုဟာ တစ်ချိန်က ဆက်ခံသူ ရှားပါးပြီး အလယ်အလတ်မှာ ဆုတ်ယုတ်ခဲ့ရတာ ဖြစ်နိုင်တယ်"
ချန်ကျီရှင်းက နားလည်သဘောပေါက်သွားသည့် အကြည့်မျိုးဖြင့် တွေးတောမိသည်။
ယခုတစ်ခေါက် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသို့ ရောက်ရှိလာခြင်းကြောင့် ဇီဝေချန်မိသားစုအနေဖြင့် သင်ခန်းစာယူကာ ပြုပြင်ပြောင်းလဲသင့်သည့် အချက်အလက်များစွာကို သူ မြင်တွေ့ခဲ့ရသည်။ ချန်ကျီရှင်းသည် ခေါင်းကို ခါယမ်းကာ အတွေးများကို စုစည်းလိုက်ပြီးနောက် ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်သည်။
ဝုန်း….
ဖြူဖွေးနေသော ကောင်းကင်ပြင်ကြီးသည် ရုတ်တရက်ဆိုသလို အရောင်အသွေးများ ပြောင်းလဲသွားတော့သည်။
စိတ်ဝိညာဉ်အသိစိတ်များဖြင့် ဖွဲ့စည်းထားသော သံကြိုးများသည် တစ်ခုနှင့်တစ်ခု ယှက်
နွယ်သွားကြပြီးနောက် နိယာမဓမ္မသံကြိုးပြကွက်အဖြစ် ပုံပေါ်လာလေတော့သည်။
“ညီမလေးလီက နိယာမဓမ္မသံကြိုးပြကွက်ကို သူ့ရဲ့ ကောင်းကင်နဲ့မြေကြီးဆိုင်ရာ ဓမ္မရုပ်သွင်
အဖြစ် ရွေးချယ်လိုက်တာလား။ ဒါက ထိပ်တန်းအဆင့် ဓမ္မရုပ်သွင်ပဲ”
ကွမ်းထျန်းယွီက အံ့အားသင့်တကြီး ရေရွတ်မိသည်။
“ဒီဓမ္မရုပ်သွင်ပြကွက်က ဘယ်လောက်အထိ ထူးခြားလို့လဲဗျ”
ချန်ကျီရှင်းက စိတ်ဝင်တစား မေးမြန်းလိုက်သည်။
ကွမ်းထျန်းယွီက ခေါင်းညိတ်ပြကာ “တောင်ဘက်တောင်ထိပ်ကို စတင်တည်ထောင်ကတည်းက အခုအထိ တောင်ထိပ်သခင် ရှစ်ဆက်ရှိခဲ့ပြီ။ ဒီဓမ္မရုပ်သွင်ပြကွက်က ပဉ္စမမြောက် တောင်ထိပ်သခင်ကိုယ်တိုင် ဖန်တီးခဲ့တဲ့ အနှစ်သာရပဲ။ ဒီပြကွက်ရဲ့ တိုက်စစ်စွမ်းအားက သိပ်မပြင်းထန်လှပေမဲ့ ချုပ်နှောင်ခြင်းအပိုင်းမှာတော့ ပြိုင်ဘက်ကင်းတယ်”
“တစ်ခါက အဲဒီပဉ္စမမြောက် တောင်ထိပ်သခင်ဟာ ဒီဓမ္မရုပ်သွင်ကို အသုံးပြုပြီး နိဗ္ဗာန
နယ်ပယ်ရှိတဲ့ မိစ္ဆာဘုရင်ကြီးနှစ်ပါးရဲ့ အသိစိတ်ပင်လယ်ကို ချုပ်နှောင်ပြီး တောင်စောင့်နတ်သားရဲတွေအဖြစ် ပြောင်းလဲပစ်ခဲ့ဖူးတယ်”
ကွမ်းထျန်းယွီက သက်ပြင်းတစ်ချက်ချလျက် “နှမြောစရာကောင်းတာက ပဉ္စမမြောက် တောင်ထိပ်သခင်ဟာ အပြင်ထွက်နေတုန်း လျှို့ဝှက်စွာ အသတ်ခံခဲ့ရတယ်။ သူတင်မကဘူး အဲဒီတောင်စောင့်နတ်သားရဲ နှစ်ကောင်ပါ သေဆုံးသွားခဲ့ရတယ်။ အခုထက်ထိ ဘယ်သူသတ်တယ်ဆိုတာကို ရှာမတွေ့သေးဘူး” ဟု ပြောလိုက်သည်။
“အော်... အဲဒီလိုလား”
သူတို့ စကားပြောနေစဉ်အတွင်း ခရမ်းရောင် ရေနတ်သမီးနန်းဆောင်ဝတ်စုံကို ဝတ်ဆင်ထားသော ရင်သပ်ရှုမောဖွယ် အမျိုးသမီးတစ်ဦးသည် ရိပ်သာအတွင်းပိုင်းမှ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။
သူမ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ချောမွတ်ဝင်းပနေပြီး နတ်ဘုရားအရိုးအဆစ်များမှာလည်း တောက်ပနေကာ သူမ၏ တစ်ကိုယ်လုံး၌ အပြစ်ဆိုဖွယ်ရာ အစွန်းအထင်းဟူ၍ မရှိပေ။ သူမ လျှောက်လှမ်းလာသည့်အခါ ဝတ်ရုံလက်ပွကြီးများမှာ လွင့်ပျံနေပြီး ဆံနွယ်ရှည်များမှာလည်း လေအဟုန်ကြောင့် အသာအယာ လှုပ်ခတ်နေရာ ကြည့်ရသည်မှာ လူ့လောကသို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးနှင့်ပင် ဆင်တူနေတော့သည်။
လီရန်သည် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ ရောက်ရှိသွားပြီးနောက်တွင် ယခင်ကထက်ပင် ပိုမိုလှပလာခဲ့သည်။ တောင်ဘက်တောင်ထိပ်တပည့်များမှာလည်း သူမကို မြင်လိုက်ရသည်နှင့် မျက်တောင်မခတ်တမ်း ငေးမောကြည့်နေမိကြကုန်၏။ ခေတ္တမျှ ကြာပြီးနောက်တွင်မူ ခြံဝင်းအပြင်ဘက်ရှိ လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားတော့သည်။
“သန့်စင်သောမိန်းကလေးကို ဂုဏ်ပြုပါတယ် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို တက်လှမ်းနိုင်ခြင်းအတွက် ဂုဏ်ယူပါတယ်ခင်ဗျာ”
“စီနီယာအစ်မလီ... အောင်အောင်မြင်မြင်နဲ့ နယ်ပယ်သစ်ကို ရောက်ရှိသွားတဲ့အတွက် ဝမ်းမြောက်ပါတယ်”
“အစဉ်အလာအရဆိုရင် အခုလို ချိုးဖျက်ဝင်ရောက်နိုင်တဲ့အတွက် တောင်ထိပ်တစ်ခုလုံးကို ဖိတ်ကြားပြီး စားပွဲ ကျင်းပပေးရမယ်နော်”
တပည့်တစ်ဦးက ရယ်မောလျက် စနောက်လိုက်သည်။
တောင်ဘက်တောင်ထိပ်တပည့်များအားလုံးကလည်း ဝိုင်းဝန်းရယ်မောကာ ဂုဏ်ပြုစကားများ ဆိုကြသည်။ လီရန်ကလည်း ယဉ်ကျေးသိမ်မွေ့စွာ ပြုံးပြလျက် “ဒါက ဘာခက်လို့လဲ။ မင်းတို့သာ သင့်တော်တဲ့နေရာ ရှာလိုက်ကြတော့” ဟု ပြောလိုက်သည်။
တောင်ဘက်တောင်ထိပ် တပည့်များမှာ ပျော်ရွှင်မြူးတူးစွာ ကြွေးကြော်ကြရင်း စားသောက်ပွဲကျင်းပမည့် နေရာကို လျင်မြန်စွာပင် ရွေးချယ်လိုက်ကြသည်။
၎င်းနေရာမှာ လူ့လောကနှင့် အလှမ်းဝေးကွာလှပြီး ကျင့်ကြံသူများသာ သီးသန့်လာရောက်
နိုင်သည့် ဖုန်းပေါ်ဆိပ်ကမ်းရှိ မူးယစ်နတ်မိစ္ဆာမျှော်စင်ပင်။
“စီနီယာအစ်မ... ဂုဏ်ပြုပါတယ်ခင်ဗျာ”
ချန်ကျီရှင်းက လီရန်ကို ပြုံးလျက် ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“မောင်လေးရှောင်... မင်းလည်း နတ်ဘုရားခရီးသွား တတိယအဆင့်ကို ရောက်နေပြီပဲ။ ဆရာ့ရဲ့အကူအညီနဲ့ဆိုရင် မကြာခင် ငါ့နောက်ကို လိုက်လာနိုင်မှာပါ။ လာပါ... ဒီနေ့ ငါက လူတိုင်းကို သီးသန့်ကျွေးမွေးမှာဆိုတော့ မင်းလည်း လိုက်ခဲ့ရမယ်နော်”
လီရန်က ရယ်မောလျက် ဖိတ်ခေါ်လိုက်သည်။
“ဒါကတော့...”
ချန်ကျီရှင်းမှာ ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ပြုံး၍ ခေါင်းညိတ်လိုက်ပြီး “ကောင်းပါပြီ... ဒါဆိုရင်တော့ ကျွန်တော် ဝမ်းသာအားရ လက်ခံပါ့မယ်” ဟု ပြောလိုက်သည်။
ထိုခဏချင်းမှာပင် တောင်ဘက်တောင်ထိပ်တပည့် တစ်ရာကျော်တို့သည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေပြင်ပရှိ မူးယစ်နတ်မိစ္ဆာမျှော်စင်ဆီသို့ ခမ်းနားထည်ဝါစွာ ချီတက်သွားကြသည်။ မကြာမီမှာပင် မြူခိုးများဝေဆာနေသော ချန်းလန်မြစ်နံဘေးရှိ ခန့်ညားထည်ဝါလှသော စားသောက်ဆိုင်ကြီးကို မြင်တွေ့လိုက်ရသည်။
မူးယစ်နတ်မိစ္ဆာမျှော်စင်မှာ အဆောက်အအုံတစ်ခုတည်း မဟုတ်ဘဲ အဆောင်အယောင်များ၊ ပြာသာဒ်များစွာ တစ်ဆက်တည်း တည်ရှိနေခြင်းဖြစ်ပြီး ချန်းလန်မြစ်၏ မြူခိုးမှိုင်းမှိုင်းအလှကို အထက်စီးမှ ကြည့်ရှုနိုင်သည့် အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်သည်။ ဆိုင်မှာ အလွန်မမြင့်ဘဲ သုံးထပ်မျှသာ ရှိသော်လည်း အတွင်းသို့ ဝင်ရောက်ပြီးနောက် လီရန်က တပည့်များကို စိတ်ကြိုက်နေရာယူ စားသောက်စေကာ သူမနှင့် ချန်ကျီရှင်း၊ ကွမ်းထျန်းယွီတို့ သုံးဦးမှာမူ တတိယထပ်ရှိ ပြတင်းပေါက်နံဘေးမှ ဝိုင်းတစ်ခု၌ ထိုင်လိုက်ကြသည်။
“စီနီယာအစ်ကိုကွမ်း... မောင်လေးရှောင်။ ဒီတစ်ခေါက် တောင်ထိပ်နှစ်ခုပြိုင်ပွဲအပေါ် မင်းတို့ ဘယ်လိုမြင်ကြလဲ”
ပြုံးရွှင်နေသော လီရန်၏ မျက်နှာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်သွားသည်။ ကွမ်းထျန်းယွီမှာလည်း အပြုံးများကို ရုပ်သိမ်းကာ သက်ပြင်းချလျက် “မြောက်ဘက်တောင်ထိပ်က အင်အားတောင့်တင်းပြီး တိုက်ခိုက်ရေးသမားတွေ အများကြီးပဲ။ အထက်မှာက သုံးထပ်ကွမ်းချန်ပီယံခန်ရုံက အားလုံးကို ဖိနှိပ်ထားသလို အောက်မှာလည်း ပါရမီရှင်တွေ အစုလိုက်အပြုံလိုက်ပဲ။ အခု အသစ်တက်လာတဲ့ စစ်မှန်သောတပည့် အရှင်သခင်လေးဖန်နိုင်ကလည်း ညီလေးရှောင်လိုပဲ အကန့်အသတ်ကျော်လွန်သူပါရမီရှင်လို့ ကြားရတယ်။ နတ်ဘုရားခရီးသွားနယ်ပယ်မှာတင် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်နဲ့ ယှဉ်နိုင်နေတာလေ”
“ဒီတစ်ခေါက် မြောက်ဘက်တောင်ထိပ်သခင်က ဖန်နိုင်ကို စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ထဲ ရောက်အောင် သေချာပေါက် ကူညီမှာပဲ။ အဲဒီအခါကျရင်... ခန်ရုံကိုတောင် မဖြေရှင်းနိုင်သေးဘူး။ ခန်ရုံနီးပါး အစွမ်းထက်တဲ့ ဖန်နိုင်က နောက်ထပ်တစ်ယောက် ထပ်တိုးလာဦးမယ်”
“ဒီပြိုင်ပွဲကို ငါတို့ ဘယ်လိုများ ယှဉ်ပြိုင်ရပါ့မလဲ”
ဤအကြောင်းအရာကို ပြောလိုက်သည့်အခါ သူတို့နှစ်ဦးစလုံး စိတ်ဓာတ်ကျသွားကြဟန် ရှိသည်။
“ငါ အခု နယ်ပယ်သစ်ကို ရောက်သွားပြီဆိုတော့ သုံးထပ်ကွမ်းချန်ပီယံခန်ရုံကို ယှဉ်ကြည့်ဖို့ ကြိုးစားရမှာပဲ...”
လီရန်က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
သူမ စကားမဆုံးမီမှာပင် မူးယစ်နတ်မိစ္ဆာမျှော်စင်၏ အဝင်ဝ၌ ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။
နောက်တစ်ခဏ၌ “ဟင် မြောက်ဘက်တောင်ထိပ်ကလူတွေ ရောက်လာပြီ” ဟု တောင်
ဘက်တောင်ထိပ်တပည့်တစ်ဦး၏ လန့်နိုးတကြား အာမေဍိတ်သံမှာ မူးယစ်နတ်မိစ္ဆာမျှော်စင်
တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။