အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
အခန်း။ ၁၄၃
တောင်ဘက်တောင်ထိပ်နှင့် မြောက်ဘက်တောင်ထိပ်တို့၏ နောက်ကွယ်တွင် အလွန်မမြင့်လှသော တောင်ကုန်းငယ်တစ်ခု တည်ရှိသည်။ ထိုတောင်ကုန်းသည် မမြင့်မားသော်လည်း ငှက်ကျေးတို့၏ သီဆိုသံနှင့် ပန်းရနံ့တို့ လွှမ်းထုံနေကာ အလွန်သာယာလှသည်။ သစ်ကိုင်းများပေါ်တွင် စာကလေးများနှင့် သာလိကာများ အစီအရီ နားနေကြပြီး ၎င်းတို့၏ တေးသံမှာ ပုစဉ်းရင်ကွဲကောင်တို့၏ မြည်သံနှင့် ပေါင်းစပ်ကာ သာယာကြည်လင်သော သံစဉ်တစ်ခုကို ဖန်တီးနေတော့သည်။
တောင်စောင်းတွင်မူ သက်ကယ်မိုးထားသော တဲအိမ်ကလေးတစ်လုံး ရှိနေသည်။
ဖြူဖွေးသော ဆံပင်နှင့် မုတ်ဆိတ်များ ရှိသည့် အသက်ကြီးကြီး လယ်သမားအဘိုးအိုတစ်ဦးသည် သူ၏ဆံပင်များကို အကြမ်းစားပိတ်စဖြင့် ခပ်ချောင်ချောင် စည်းနှောင်ထားပြီး အပေါ်ပိုင်းဗလာကျင်းလျက် ပုဆိန်တစ်လက်ကို ကိုင်ကာ ထင်းများကို အားစိုက်ခွဲနေသည်။
ထိုစဉ် အနက်ရောင်ဆံနွယ်ရှည်များ ကျောပြင်ထက်၌ ဝဲဖြာကျနေပြီး ကိုယ်ကျပ် နက်ပြာရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ရင်သပ်ရှုမောဖွယ် တာအိုသီလရှင်တစ်ဦးမှာ သားမြီးယပ်ကို ကိုင်ဆောင်လျက် အနားသို့ ချဉ်းကပ်လာခဲ့သည်။
"မေလေး... ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ"
ဆံပင်ဖြူ လယ်သမားအဘိုးအိုက ပြုံးလျက် ပုဆိန်ကို ချလိုက်ပြီး တဲအပြင်ဘက်ရှိ ရေတွင်းထဲမှ အေးစက်လှသော ရေတစ်ပုံးကို ခပ်ယူကာ မျက်နှာသစ်လိုက်သည်။
မုယွဲ့မေသည် ထိုအဘိုးအိုကို ကြည့်ကာ အနည်းငယ် ဦးညွှတ်လိုက်ပြီး "ဆရာသခင်... ကျွန်မ ထိုက်ယီ အနှစ်သာရကျောက်တုံးကို ခေတ္တငှားရမ်းလိုပါတယ်" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အဘိုးအိုမှာ မျက်မှောင်ကြုတ်သွားပြီး "ဘာလဲ... မင်း အဲဒီကလေးကို ကျင့်ကြံမှုတွေ လွှဲပြောင်းပေးမယ့် လျှို့ဝှက်ကျင့်စဉ်ကို သုံးဖို့ တကယ်ပဲ ဆုံးဖြတ်လိုက်ပြီပေါ့လေ" ဟု မေးမြန်းလိုက်သည်။
"ဟုတ်ကဲ့... ကျွန်မ ဆုံးဖြတ်ပြီးပါပြီ။"
မုယွဲ့မေက ပြုံးလျက် ခေါင်းညိတ်ပြသည်။
ဆံပင်ဖြူ အဘိုးအိုက ခေါင်းကို အသာအယာ ခါယမ်းကာ တည်ငြိမ်သောအသံဖြင့် ဆိုလိုက်
သည်။
"ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်စုံစမ်းမှုတွေအရ ရှောင်ပင်းရဲ့ နောက်ကြောင်းက သံသယဖြစ်စရာတွေ ရှိနေတယ်။ သူ့ရဲ့ ဇာတိရပ်ရွာက အိမ်နီးနားချင်းတွေဆီမှာ တစ်စုံတစ်ယောက်က ဝင်ရောက်စွက်ဖက်ထားတဲ့ လက္ခဏာတွေ တွေ့ရတယ်။ ဒါကိုတောင် မင်းက အန္တရာယ်ကို အရင်းပြုပြီး သူ့ကို ကျင့်ကြံမှုတွေ လွှဲပေးဖို့ ဆန္ဒရှိနေတုန်းပဲလား"
ထိုသို့ပြောဆိုရင်း အဘိုးအို၏ လေသံမှာ ပို၍ လေးနက်သွားကာ "မေလေး... ဒါကို သေချာစဉ်းစားပါ။ အကယ်လို့ ကျင့်ကြံမှုလွှဲပြောင်းတာ ကျရှုံးသွားရင် သူ့ဘက်ကတော့ တာအိုအခြေခံထိခိုက်ရုံပဲ ရှိမယ်။ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံမှုတွေကတော့ အဆမတန် ကျဆင်းသွားနိုင်သလို မင်းရဲ့ နိဗ္ဗာနအဆင့် အသီးအပွင့်ကိုတောင် ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး။ ဒါက ထိုက်တန်ရဲ့လား"
မုယွဲ့မေသည် ခေတ္တမျှ စဉ်းစားပြီးနောက် "ဆရာသခင်... ကျွန်မမှာ အချိန်သိပ်မကျန်တော့ဘူး။ ပင်းအာရဲ့ ပါရမီက အံ့မခန်းပဲ။ သူက ကျွန်မ တောင်ဘက်တောင်ထိပ်သခင် ဖြစ်လာကတည်းက မြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံး တပည့်ပဲ။ အကယ်လို့ သူသာ တောင်ဘက်တောင်ထိပ်သခင် ဖြစ်လာမယ်ဆိုရင် ကျွန်မ စိတ်အေးလက်အေးနဲ့ ထွက်ခွာသွားနိုင်ပါပြီ။ တောင်ဘက်တောင်ထိပ် ပြန်လည်ကြီးပွားဖို့ဆိုတာ ကျွန်မဆရာရဲ့ နောက်ဆုံးဆန္ဒပဲ မဟုတ်လား။ ကျွန်မ မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ ဒီဆန္ဒကို ပင်းအာရဲ့ ပါရမီက ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။ အဲဒါကြောင့် ကျွန်မ မထွက်ခွာခင် ပင်းအာရဲ့ ကျင့်ကြံမှုကို မြှင့်တင်ပေးဖို့ အချိန်ကို အမိအရ ဆုပ်ကိုင်ရမှာပဲ..."
သူမ စကားမဆုံးမီမှာပင် ဆံပင်ဖြူ အဘိုးအိုက မျက်နှာသေဖြင့် ကြားဖြတ်ပြောလိုက်သည်။
"မင်းကတော့ အိပ်မက်မက်နေတာပဲ။ ဒီကလေးရဲ့ ပါရမီက လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာအတွင်း တောင်ဘက်တောင်ထိပ်မှာ ပြိုင်ဘက်ကင်းတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့နောက်ကြောင်းက ပဟေဠိဖြစ်နေတုန်းပဲ။ မင်းကတော့ စိတ်လိုက်မာန်ပါနဲ့ သူ့အတွက် အကုန်ပေးဆပ်နေတာ။ နောက်ဆုံးမှာ ရှောင်ပင်းက မင်းကို သစ္စာဖောက်သွားပြီး မင်းရဲ့ ကြိုးစားအားထုတ်မှုတွေက တခြားသူအတွက် မင်္ဂလာဆောင်ဝတ်စုံ ဖြစ်သွားမှာကို မကြောက်ဘူးလား"
ထိုစကားကို ကြားသောအခါ မုယွဲ့မေမှာ တိတ်ဆိတ်သွားသည်။
အဘိုးအိုသည် လှည့်ထွက်၍ တဲအိမ်အတွင်းသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် မုယွဲ့မေက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"ပင်းအာမှာ လျှို့ဝှက်ချက်တွေ ရှိနေတာ မှန်ပါတယ်။ ဒါပေမဲ့ သူက ကျွန်မအပေါ်ဖြစ်ဖြစ်၊ တစ်ဂိုဏ်းလုံးအပေါ်ဖြစ်ဖြစ် ဘာရန်ငြိုးမှ မရှိဘူးဆိုတာကို ကျွန်မ ခံစားလို့ရတယ်။ အဲဒါဆိုရင် လုံလောက်ပါပြီ ကျန်တာတွေက အရေးမကြီးပါဘူး။ ကျွန်မရဲ့ အကဲဖြတ်မှုကို ကျွန်မ ယုံကြည်တယ်"
အဘိုးအိုသည် ခြေလှမ်းများကို ရပ်တန့်ကာ သူမကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီး "မင်း တကယ်ပဲ ဒီလောက်တောင် ခေါင်းမာနေဦးမှာလား" ဟု ပြောလိုက်သည်။
မုယွဲ့မေသည် အံတင်းတင်းကြိတ်ကာ ပြတ်သားစွာပင် ပြောလိုက်သည်။
"ကျွန်မ ကိုယ့်ရဲ့ အကဲဖြတ်မှုကိုယ် ယုံကြည်ပါတယ်။"
"ကောင်းပြီ... မင်း နောင်တမရဖို့ မျှော်လင့်ပါတယ်။ နောက်တစ်နေ့မှာ ငါကိုယ်တိုင် ဒီအိမ်တော်ကို သန့်ရှင်းရေး လုပ်ပေးရတဲ့ အခြေအနေမျိုး ရောက်မလာပါစေနဲ့"
ဆံပင်ဖြူ အဘိုးအိုက ခပ်အေးအေးပင် ပြောလိုက်သည်။
စကားအဆုံး၌
ရှူး
အဝါရောင် တာအိုရောင်ဝါများ ဖုံးလွှမ်းနေသော အရာတစ်ခုသည် အဘိုးအို၏ ဝတ်ရုံလက်ပွအတွင်းမှ ထိုးထွက်လာကာ မုယွဲ့မေ၏ လက်ထဲသို့ ကျရောက်လာသည်။ မုယွဲ့မေသည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး "ကျေးဇူးတင်ပါတယ် ဆရာသခင်" ဟု ပြောလိုက်တော့သည်။
…..
မူးယစ်နတ်မိစ္ဆာမျှော်စင် တတိယထပ်။
"ဟင် ဘာတွေ ဖြစ်နေတာလဲ"
အောက်ထပ်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် ချန်ကျီရှင်း၊ ကွမ်းထျန်းယွီနှင့် လီရန်တို့ သုံးဦးစလုံး မျက်မှောင်ကြုတ်သွားကြသည်။
"မြောက်ဘက်တောင်ထိပ်က လူတွေ ထင်တယ်"
ကွမ်းထျန်းယွီက မသေချာသလို ပြောလိုက်သည်။
"အောက်ဆင်းကြည့်ရင် သိရမှာပေါ့"
ထိုသို့ပြောကာ ချန်ကျီရှင်းက အရင်ဆုံး ထရပ်ပြီး အောက်ထပ်သို့ ဆင်းသွားသည်။ ကွမ်းထျန်းယွီနှင့် လီရန်တို့လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် လျင်မြန်စွာ နောက်က လိုက်ပါသွားကြသည်။
မူးယစ်နတ်မိစ္ဆာမျှော်စင်၏ ပထမထပ်တွင် လက်မောင်းနှစ်ဖက် ဗလာကျင်းထားသည့် အနက်ရောင် ကိုယ်ကျပ်ဝတ်စုံများကို ဝတ်ဆင်ထားသော တပည့်တစ်စုမှာ အဝင်ဝကို ပိတ်ဆို့ထားကြသည်။ ၎င်းတို့အားလုံးမှာ သန်မာထွားကြိုင်းသည့် ခန္ဓာကိုယ်များ ရှိကြပြီး နားထင်များမှာလည်း ဖောင်းကြွနေကာ စူးရှတောက်ပသော မျက်ဝန်းများမှ ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေကြသည်။
တောင်ဘက်တောင်ထိပ်တပည့် အများစုမှာ ခန္ဓာကိုယ် သွယ်လျသူများ ဖြစ်ကြရာ သူတို့ရှေ့တွင် ရပ်နေသည့်အခါ သဘာဝအတိုင်းပင် သေးငယ်သိမ်ဖွဲသလို ဖြစ်နေတော့သည်။ မြောက်ဘက်တောင်ထိပ်တပည့်များ၏ အရှေ့ဆုံးတွင်မူ အရှိန်အဝါ အားအကောင်းဆုံး ပုဂ္ဂိုလ်နှစ်ဦး ရှိနေသည်။
သူတို့နှစ်ဦးစလုံးမှာ အနီရောင် လက်ပြတ်အင်္ကျီများကို ဝတ်ဆင်ထားပြီး ခါးတွင် အနက်ရောင် ခါးပတ်များကို တင်းတင်းကြပ်ကြပ် ပတ်ထားကြသည်။
ဘယ်ဘက်တွင် ရှိသူမှာ လက်မောင်းများက ဒူးအထိ ကျနေကာ ကြည့်ရသည်မှာ ရှည်လျားသော လက်မောင်းရှိသည့် ဂျစ်ဘွန်မျောက်အိုကြီးတစ်ကောင်နှင့်ပင် တူနေပြီး သူ၏ မျက်ဝန်းအစုံမှာလည်း ရွှေညိုရောင်ရှိကာ ဒေါင်လိုက် သူငယ်အိမ်များ ရှိနေသည်။
ညာဘက်တွင် ရှိသူမှာမူ အသက် ၁၈၊ ၁၉ ခန့်သာ ရှိဦးမည် ဖြစ်သော်လည်း အရပ်မှာ နှစ်မီတာနီးပါး မြင့်မားကာ သံမဏိမျှော်စင်ကြီးတစ်ခုအလား ထည်ဝါလှသည်။ သူ၏ ကိုယ်တွင်းမှ သွေးလေစွမ်းအင်များမှာ တောရိုင်းမြေမှ ထွက်ပေါ်လာသည့် သားရဲကြီးတစ်ကောင်ကဲ့သို့ ပြင်းထန်လှပြီး ဘေးရှိ မျက်လုံးထူးခြားသူထက်ပင် အရှိန်အဝါ သာလွန်နေသည်။
"မြောက်ဘက်တောင်ထိပ်ရဲ့ စစ်မှန်သောတပည့် နီရှောင်လုံနဲ့ အခုမှ အသစ်ခေါ်ယူထားတဲ့ အရှုံးမရှိသေးတဲ့ စစ်မှန်သောတပည့် အရှင်သခင်လေးဖန်နိုင်ပဲ"
ကွမ်းထျန်းယွီက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
ချန်ကျီရှင်းက ထိုနှစ်ဦးကို ကြည့်လိုက်ရာ လက်မောင်းရှည်သည့် နီရှောင်လုံ၏ ကိုယ်တွင်းမှ နဂါးဆင်တို့၏ ဟိန်းဟောက်သံကို ခပ်သဲ့သဲ့ ကြားလိုက်ရသလို ခံစားရပြီး စစ်မှန်သောကိုယ်ပိုင်နယ်ပယ်၏ အရှိန်အဝါကိုလည်း တွေ့မြင်လိုက်ရသည်။
သို့သော် ဖန်နိုင်မှာမူ နတ်ဘုရားခရီးသွား နဝမအဆင့်၌သာ ရှိသေးသော်လည်း သူ၏ နောက်ကွယ်တွင် သွေးလေမီးဖိုကိုးခုမှာ ခပ်ဝါးဝါး ပေါ်ထွက်နေပြီး သူ၏ အစွမ်းမှာ နီရှောင်လုံထက်ပင် သာလွန်နိုင်သည်။
"မြောက်ဘက်တောင်ထိပ်က ညီအစ်ကိုတို့... ကျေးဇူးပြုပြီး ပြန်လှည့်ပေးကြပါ။ ဒီနေ့ မူးယစ်နတ်မိစ္ဆာမျှော်စင်ကို ကျွန်တော်တို့ တောင်ဘက်တောင်ထိပ်ရဲ့ သန့်စင်သောမိန်းကလေးက ကြိုတင်ဘိုကင်လုပ်ထားတာမို့လို့ပါ"
တောင်ဘက်တောင်ထိပ်တပည့်တစ်ဦးက မျက်နှာသေဖြင့် ရှေ့သို့တိုးကာ ပြောလိုက်သည်။
စကားသံအဆုံး၌ မြောက်ဘက်တောင်ထိပ် တပည့်များဘက်မှ သရော်ပြုံးရယ်သံများ တပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။
“မင်းတို့ တောင်ဘက်တောင်ထိပ်က တကယ့်ကို အရှိန်အဝါကြီးတာပဲ။ ဒီဆိုင်ကို အပိုင်သိမ်းထားတယ်လို့ ပြောရရုံနဲ့ ပြီးရောလား”
“ဟုတ်တာပေါ့ ဒီလောက်တောင် ဗိုလ်ကျချင်တာလား။ အဲဒီတော့ ငါတို့က ဒီကို အလကား လာခဲ့ရတာလား”
“စိတ်မကောင်းပါဘူးကွာ... ဒီနေ့ စီနီယာအစ်ကိုဖန်က မြောက်ဘက်တောင်ထိပ်သားတွေကို ကျွေးမွေးဖို့ ဒီဆိုင်ကို ကြိုတင်ဘိုကင်လုပ်ထားတာ”
ထိုသို့ပြောပြီးနောက် မြောက်ဘက်တောင်ထိပ်တပည့်က တောင်ဘက်တောင်ထိပ်သားများကို အထက်စီးမှကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။
“မင်းတို့က တမင်သက်သက် ပြဿနာရှာဖို့ ဆုံးဖြတ်ထားတာပေါ့လေ...”
တောင်ဘက်တောင်ထိပ်တပည့်များ၏ မျက်ဝန်းများတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းသွားပြီး မျက်နှာများမှာလည်း ချက်ချင်းပင် တင်းမာသွားကြသည်။ မူးယစ်နတ်မိစ္ဆာမျှော်စင်၏ ဆိုင်ရှင်မှာ ဤအခြေအနေကို မြင်သောအခါ နဖူးမှ ချွေးများပင် ပြန်လာကာ ကြားဝင်စေ့စပ်ရန် အပြေးအလွှား ထွက်လာခဲ့သည်။
“အရှင်တို့ခင်ဗျာ... ကျွန်တော်တို့ဆိုင်မှာ အထပ်တွေ အများကြီးရှိပါတယ်။ ကျွန်တော့်အမြင်အရတော့ အရှင်တို့ တစ်ဖွဲ့ကို တစ်ထပ်စီ ယူကြရင်ကော...”
ဆိုင်ရှင်၏ စကားမဆုံးမီမှာပင် “မရဘူး” ဟု နှစ်ဖက်စလုံးမှ တပည့်များက တပြိုင်နက်တည်း အော်ဟစ်ငြင်းဆိုလိုက်ကြသည်။
“ဘာလို့လဲ ငါတို့ တောင်ဘက်တောင်ထိပ်က အရင်ရောက်တာ သိသာနေတာပဲ။ ဘာလို့ သူတို့ကို တစ်ထပ် ပေးရမှာလဲ”
“ဟဲဟဲ... ငါတို့ မြောက်ဘက်တောင်ထိပ်သားတွေမှာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့သူတွေနဲ့ ရောနှောစားသောက်တတ်တဲ့ အလေ့အကျင့် မရှိဘူး”
နှစ်ဖက်စလုံးမှာ တစ်ဦးကိုတစ်ဦး ရင်ဆိုင်လျက် လုံးဝ အလျှော့မပေးကြပေ။ ခဏချင်းမှာပင် လေထုမှာ အလွန်အမင်း တင်းမာလာတော့သည်။ ဆိုင်ရှင်မှာလည်း စကားဆက်မပြောရဲတော့ဘဲ ခြေဆောင့်ကာ ဘေးသို့ အမြန်ဆုတ်သွားရရှာသည်။
“မြောက်ဘက်တောင်ထိပ်သားတွေက ဒီနေ့ ညီမလေးလီရန်က ဒီမှာကျွေးမွေးမယ်ဆိုတာကို သတင်းကြားပြီး တမင်သက်သက် လာနှောင့်ယှက်တာပဲ ဖြစ်ရမယ်...”
ကွမ်းထျန်းယွီက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“အင်း... ဟုတ်နိုင်တယ်”
ချန်ကျီရှင်းက ပျင်းရိစွာဖြင့် သမ်းဝေရင်း အဖော်ပြုပေးလိုက်သည်။
သူ့အတွက်မူ တောင်ထိပ်နှစ်ခုကြားက ဤကဲ့သို့ အသေးအဖွဲ ငြင်းခုံမှုမျိုးမှာ ကလေးကစားစရာကဲ့သို့ပင် အလွန်ပျင်းစရာကောင်းလှသည်။ တိုက်ချင်လျှင် တိုက်၊ မတိုက်ဘဲ တစ်ဖက်နှင့်တစ်ဖက် စောင်းမြောင်းပြောဆိုနေကြသည်မှာ သူ့အတွက် စိတ်ဝင်စားစရာ မကောင်းပေ။ အကယ်၍သာ သူ၏ လက်ရှိအဆင့်အတန်းကြောင့် မဟုတ်ပါက ချန်ကျီရှင်းမှာ လှည့်ထွက်သွားမိသည်မှာ ကြာလှပေပြီ။
“မြောက်ဘက်တောင်ထိပ်က ပြိုင်ပွဲကြီးမတိုင်ခင် ငါတို့ တောင်ဘက်တောင်ထိပ်ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးပြီး အနိုင်ကျင့်ချင်နေတာပဲ။ ဒါကြောင့် ဒီနေ့ကိစ္စက ဆိုင်နေရာလုရုံသက်သက် ဆိုပေမဲ့ ငါတို့ လုံးဝ အလျှော့ပေးလို့ မရဘူး”
လီရန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါတို့သာ အခု အလျှော့ပေးလိုက်ရင် တိုက်ပွဲမစခင်ကတည်းက သုံးမှတ်လောက် ရှုံးနေသလို ဖြစ်သွားလိမ့်မယ်”
သူတို့ စကားပြောနေစဉ်အတွင်း “မင်းတို့ကို လမ်းဖယ်ပေးဖို့ ပြောပြီးပြီလေ။ တကယ်ပဲ မဖယ်ပေးနိုင်ဘူးလား” ဟု ရှေ့သို့ တိုးလာသော တောင်ဘက်တောင်ထိပ်တပည့်က လူအုပ်ကြီးကို အေးစက်စွာ ဝှေ့ကြည့်ရင်း မေးလိုက်သည်။
ဖျတ်….
ရုတ်တရက်ဆိုသလိုပင် ကြီးမားသော လက်တစ်ဖက်သည် ထိုတောင်ဘက်တောင်ထိပတပည့်၏ လည်ပင်းကို အမိအရ လှမ်းဖမ်းလိုက်တော့သည်။
ရိုင်းစိုင်းကြမ်းတမ်းသော နဂါးတစ်ကောင်ကဲ့သို့ ထွားကြိုင်သန်မာလှသည့် ဖန်နိုင်သည် တောင်ဘက်တောင်ထိပ်တပည့်၏ လည်ပင်းကို ဆွဲညှစ်ကာ အပေါ်သို့ မတင်လိုက်ပြီး စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။
"သူတို့နဲ့ စကားအပိုတွေ ပြောနေဖို့ လိုလို့လား။ အစီအစဉ်တွေ၊ ပရိယာယ်တွေဆိုတာ ပျင်းစရာကောင်းလိုက်တာ ငါ့အမြင်အရတော့ ဒီအခွင့်အရေးကို သုံးပြီး ဒီက တောင်ဘက်တောင်ထိပ်တပည့်တွေကို အကုန်အပြတ်ရှင်းပစ်လိုက်ရင် ပြိုင်ပွဲကြီးဆိုတာ လုပ်နေဖို့တောင် လိုတော့မှာမဟုတ်ဘူး"
စကားအဆုံး၌
ဝုန်း
ဖန်နိုင်သည် သူ၏သန်မာလှသော လက်မောင်းကို ဝှေ့ယမ်းကာ ထိုတပည့်ကို လွှတ်ပစ်လိုက်ရာ စားပွဲနှင့် ထိုင်ခုံများစွာကို ရိုက်မိပြီး လွင့်စင်သွားတော့သည်။ ဤသည်ကို မြင်လိုက်ရသောအခါ နီရှောင်လုံ၏ မျက်ခုံးများပင် တွန့်သွား၏။ သူသည် ဖန်နိုင်ကို စိတ်လိုက်မာန်ပါ မလုပ်ရန် တားမြစ်ဖို့ ကြံရွယ်ထားသော်လည်း ယခုမူ စကားပင် မဆိုနိုင်တော့ပေ။
"စီနီယာအစ်ကိုလင်း"
တောင်ဘက်တောင်ထိပ်တပည့်များမှာ ဤမြင်ကွင်းကြောင့် မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြသည်။
"တောက် တောင်ထိပ်နှစ်ခုပြိုင်ပွဲတောင် မစသေးဘူး။ မင်းက ဒီမှာတင် လက်ဦးမှုယူပြီး တိုက်ခိုက်တယ်ပေါ့လေ"
ခဏချင်းမှာပင် တောင်ဘက်တောင်ထိပ်တပည့်များမှာ ဒေါသချောင်းချောင်း ထွက်သွားကြသည်။ စိတ်အမြန်ဆုံးဖြစ်သည့် တာအိုမျိုးစေ့ ဖုကျန်းက ဒေါသတကြီးဖြင့် သရော်လိုက်
သည်။
"ဒီအရှင်သခင်လေးဆိုတဲ့ကောင် ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာ ငါ သိချင်လိုက်တာ"
ပြောပြောဆိုဆိုနှင့်ပင် ဖုကျန်းသည် သူ၏လက်ထဲ၌ စိတ်ဝိညာဉ်အသိစိတ်လှံတစ်စင်းကို ချက်ချင်းဖန်တီးလိုက်ပြီး အပေါ်သို့ ခုန်တက်ကာ ဖန်နိုင်၏ အသိစိတ်ပင်လယ်ဆီသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ ဖန်နိုင်မှာမူ ရှောင်တိမ်းခြင်းမရှိဘဲ ဖုကျန်းကို စိတ်ဝင်တစားဖြင့်သာ ကြည့်နေသည်။
ဝုန်း
ဖုကျန်း၏ စိတ်ဝိညာဉ်အသိစိတ်လှံသည် ဖန်နိုင်၏ အသိစိတ်ပင်လယ်အတွင်းသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားသည်။
"မိပြီ"
ဖုကျန်း၏ ရင်ထဲ၌ ဝမ်းသာသွားမိသည်။ ဖန်နိုင်၏ ရုပ်ခန္ဓာမှာ မည်မျှပင် သန်မာပါစေ မည်မျှပင် အံ့မခန်း အင်အားရှိပါစေ၊ အသိစိတ်ပင်လယ်ကို စိတ်ဝိညာဉ်အသိစိတ်လှံဖြင့် တိုက်ရိုက်အပစ်ခံရလျှင် အပြင်းအထန် ဒဏ်ရာမရလျှင်ပင် တိုက်ခိုက်နိုင်စွမ်း ချက်ချင်း ဆုံးရှုံးသွားရမည်ပင်။
"အရှင်သခင်လေးဆိုတာလည်း ဦးနှောက်မရှိတဲ့ လူကြမ်းတစ်ယောက်ပါပဲလား..."
ဖုကျန်းက စိတ်ထဲမှ ကျိတ်၍ သရော်နေမိသည်။
ဖျတ်
ယပ်တောင်တစ်ချပ်ကဲ့သို့ ကြီးမားလှသော လက်တစ်ဖက်သည် ဖုကျန်း၏ လည်ပင်းကို ချက်ချင်း လှမ်းဖမ်းလိုက်ပြန်သည်။
"ပျော့တယ် ပျော့လွန်းတယ် အရမ်းကို ပျော့လွန်းတယ်"
ဖန်နိုင်၏ ရုပ်ခန္ဓာမှာ သိသိသာသာ ကြီးထွားလာပြီး ကြွက်သားများမှာ သစ်မြစ်ကြီးများပမာ အဖုအထစ်များဖြင့် ထွက်ပေါ်လာကာ သွေးကြောများမှာလည်း မြွေကြီးများကဲ့သို့ ဖောင်းကြွလာတော့သည်။ မျက်လုံးအိမ်များ ပြူးထွက်ကာ သွေးကြောမျှင်များ ယှက်သန်းနေသည့် ခြောက်မီတာခန့် မြင့်မားသော လူသားသားရဲကြီးတစ်ကောင် ထိုနေရာ၌ ပေါ်ထွက်လာခဲ့သည်။
သူသည် ဖုကျန်း၏ လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် မကာ မြေပြင်မှ မြှောက်လိုက်ပြီး စောင်းနေသော သွားများဖြင့် ဖြဲပြလျက် "ဒီလောက် ပျော့ညံ့တဲ့ အင်အားနဲ့ ဘယ်သူ့ကို သတ်နိုင်မှာလဲ"
စကားအဆုံး၌ ဖုကျန်း၏ ကြောင်တောင်တောင် ဖြစ်နေသော အကြည့်များရှေ့မှာပင် ဖန်နိုင်သည် သူ့ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချရန် ပြင်လိုက်သည်။ သူ၏ ညာဘက်လက်မောင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ စုစည်းလာပြီး လက်မောင်းတစ်ခုလုံးမှာ သွေးများဖြင့် နီရဲတောက်နေတော့သည်။ အကယ်၍သာ ဤရိုက်ချက် ထိမှန်သွားပါက ဖုကျန်းမှာ အသက်မပျောက်လျှင်ပင် တစ်သက်လုံး မသန်မစွမ်း ဖြစ်သွားနိုင်သည်။
"ရပ်လိုက်စမ်း"
နက်ရှိုင်းသော အော်ဟစ်သံနှင့်အတူ အေးစက်ပြီး စူးရှလှသော ဓားရောင်တစ်ချက် ဝင်းလက်သွားကာ ဖန်နိုင်၏ လက်မောင်းကို အမြစ်မှနေ၍ ပိုင်းဖြတ်ချလိုက်ရာ သွေးများမှာ ပန်းထွက်သွားတော့သည်။
အခန်း။ ၁၄၄
ဝုန်း….
ဖုကျန်းသည် ကောင်းကင်ယံမှ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး သူ၏ရင်
ထဲ၌လည်း အေးစိမ့်သော အကြောက်တရားတို့ စိမ့်ဝင်သွားတော့သည်။ ကွမ်းထျန်းယွီသည် သူ၏ဓားကို အိမ်ထဲသို့ ပြန်သွင်းလိုက်ပြီး လှေကားထစ်များမှ တစ်လှမ်းချင်း ဆင်းသက်လာသည်ကို အားလုံး မြင်တွေ့လိုက်ရ၏။
"ဒါက တောင်ထိပ်နှစ်ခုကြားက တာအိုကျင့်စဉ်ဆိုင်ရာ အားပြိုင်မှုသက်သက်ပဲလေ။ မင်း လုပ်ရပ်က နည်းနည်းတော့ လွန်မနေဘူးလား"
ကွမ်းထျန်းယွီ၏ မျက်ဝန်းများမှာ စူးရှနေပြီး နဖူးပေါ်မှ ဆံနွယ်များမှာလည်း လေထဲ၌ အသာအယာ ဝဲလွင့်နေကာ အေးစက်စွာ ပြောလိုက်သည်။
ရှူး... ရှူး... ရှူး...
ဖန်နိုင်၏ ပြတ်တောက်သွားသော လက်မောင်းနေရာမှ အသားမျှင်နှင့် သွေးကြောပေါင်းများစွာသည် လောက်ကောင်များပမာ တိုးထွက်လာကြသည်။ အသက်ရှူရုံမျှ အချိန်အတွင်းမှာပင် ဖန်နိုင်၏ လက်မောင်းတစ်ခုလုံးမှာ မူလအတိုင်း ပြန်လည် နုပျိုရှင်သန်လာခဲ့သည်။
"ညီလေးဖန်... တော်လောက်ပြီ"
နီရှောင်လုံက ဘေးမှနေ၍ ဝင်ရောက်တားမြစ်လိုက်သည်။
"ဖယ်စမ်း"
ဖန်နိုင်က နီရှောင်လုံကို စိတ်မရှည်သလို တစ်ချက်ကြည့်ကာ "မင်းကိုယ်တိုင် ငါ့ကို တောငဘက်တောင်ထိပ်သားတွေကို လာနှောင့်ယှက်ဖို့ ပြောခဲ့တာလေ။ အခုကျတော့ တော်ပြီ ဟုတ်လား။ မင်း ငါ့ကို ဘာမှတ်နေတာလဲ နောက်ထပ် စကားများနေဦးမယ်ဆိုရင် မင်းကိုပါ ငါ ရိုက်ပစ်မှာနော်"
"မင်း... မင်းကတော့..."
နီရှောင်လုံမှာ ဆွံ့အသွားပြီး မျက်နှာမှာလည်း အလွန်ပင် ကြည့်မကောင်းတော့ပေ။ အမှန်တကယ်ပင် သူသည် တောင်ဘက်တောင်ထိပ်၏ စိတ်ဓာတ်ကို ရိုက်ချိုးရန် ဖန်နိုင်ကို ခေါ်ဆောင်လာခဲ့ခြင်းပင်။ သို့သော် ဖန်နိုင်ကို အစွမ်းကုန် တိုက်ခိုက်ရန် သူ မခိုင်းစေခဲ့ပေ။ ကွမ်းထျန်းယွီ ပြောသကဲ့သို့ပင် သူတို့အားလုံးမှာ ဂိုဏ်းတူညီအစ်ကိုများ ဖြစ်ကြပြီး ပြိုင်ပွဲမှာလည်း အသိပညာဖလှယ်ရုံမျှသာ ဖြစ်သည်။ သေကျေပျက်စီးရမည့် ရန်ငြိုးရန်စမျိုး မဟုတ်ပေ။
"မင်းမှာတော့ အစွမ်းအစ အနည်းငယ် ရှိသားပဲ ထပ်လာခဲ့ဦး"
ဖန်နိုင်သည် ကွမ်းထျန်းယွီကို ကြည့်လိုက်ရာ သူ၏မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ ဝင်းလက်သွားပြီး မျက်လုံးအိမ်များမှာလည်း ပို၍ပင် ပြူးထွက်လာတော့ပေသတည်း။
ဖန်နိုင်၏ အရေပြားပေါ်ရှိ ကြွက်သားများမှာ စတင်တင်းမာလာပြီး တစ်ကိုယ်လုံးတွင် လိပ်ခွံပုံသဏ္ဌာန် အနက်ရောင်နှင့် အနီရောင် ရောယှက်နေသော အင်းကွက်များ ပေါ်ထွက်လာသည်။
"အရူးပဲ..."
ကွမ်းထျန်းယွီက မျက်မှောင်ကြုတ်လျက် အေးစက်စွာ ပြောလိုက်သည်။
"မင်း ငါနဲ့ တိုက်ချင်ရင် တောင်ထိပ်နှစ်ခု ပြိုင်ပွဲကျမှ ယှဉ်လိုက်လေ အခုတော့ မဟုတ်သေးဘူး..."
"စကားတွေ အပိုပဲ"
ဖန်နိုင်က ခြေတစ်ချက် ဆောင့်လိုက်ရာ မူးယစ်နတ်မိစ္ဆာမျှော်စင်တစ်ခုလုံး သိသိသာသာ တုန်ခါသွားပြီး ကြမ်းပြင်တွင် ကျင်းကြီးတစ်ခု ဖြစ်သွားတော့သည်။ ထို့နောက် ဖန်နိုင်သည် အမြောက်ဆန်တစ်ခုပမာ အပေါ်သို့ ထိုးတက်သွားပြီး သူ၏ ဧရာမလက်သီးကြီးကို မြှောက်ကာ ကွမ်းထျန်းယွီထက်သို့ ဝုန်းခနဲ ရိုက်ချလိုက်သည်။
လက်သီးချက် ကျရောက်လာသည်နှင့်အမျှ လေဟာနယ်အတွင်း၌ စူးရှသော လေတိုးသံများ ထွက်ပေါ်လာသည်။
"ရိုင်းစိုင်းလှချည်လား"
ကွမ်းထျန်းယွီ၏ မျက်နှာထားမှာ ခက်ထန်သွားပြီး ပါးစပ်မှ စကားတစ်လုံးကို အော်ဟစ်လိုက်သည်
"ရပ်စမ်း"
သူ၏ ကြီးမားလှသော စိတ်ဝိညာဉ်အသိစိတ်များမှာ မမြင်ရသော ဧရာမလက်ဝါးကြီးများအလား တိုးထွက်သွားပြီး ဖန်နိုင်ကို အမိအရ ဖမ်းချုပ်လိုက်သည်။ ဖန်နိုင်၏ ခန္ဓာကိုယ်မှာ ရှေ့သို့ ပြေးထွက်နေသည့် အနေအထားအတိုင်း လေထဲ၌ ရပ်တန့်သွားခဲ့သည်။
"နတ်ဘုရားခရီးသွားနယ်ပယ်လေးနဲ့ ဒီလောက်တောင် မောက်မာရဲတယ်ပေါ့..."
ကွမ်းထျန်းယွီက ပြောရန် ပြင်လိုက်စဉ်မှာပင်
မြောက်... မြောက်... မြောက်
ဖန်နိုင်၏ ပတ်ဝန်းကျင်ရှိ လေထုထဲ၌ ဖန်သားပြင်တစ်ခု ကွဲအက်သွားသကဲ့သို့ အက်ကြောင်းများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။
နောက်တစ်ခဏ၌
ဝုန်း
ဖန်နိုင်သည် လေထဲ၌ပင် ခြေတစ်ချက် ဆောင့်ကာ ကွမ်းထျန်းယွီ၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာပြီး လက်သီးဖြင့် ထပ်မံ ထိုးနှက်လိုက်ပြန်သည်။
"မင်း ကြားလား... လေတိုးသံတွေ အော်ဟစ်နေတာကို"
ဖန်နိုင်က လည်ချောင်းထဲမှ နိမ့်ရှိုင်းစွာ သရော်လိုက်ပြီး သူ၏လက်သီးချက်မှာ နတ်ဘုရားတို့၏ ထုရိုက်ချက်ပမာ ကျရောက်လာတော့သည်။
"ဟင်"
ကွမ်းထျန်းယွီ၏ သူငယ်အိမ်များ ကျုံ့သွားရသည်။ ဖန်နိုင်အနေဖြင့် စိတ်ဝိညာဉ်အသိစိတ်၏ ချုပ်နှောင်မှုကို အင်အားသုံး၍ အတင်းအဓမ္မ ချိုးဖျက်နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ အလောတကြီးဖြင့်ပင် သူ၏ လက်နှစ်ဖက်ကို ကြက်ခြေခတ်ယှက်ကာ အပေါ်သို့ ခုခံလိုက်ရသည်။
ဒိုင်း….
လောကကြီးတစ်ခုလုံး တုန်ဟိန်းသွားစေမည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။
မူးယစ်နတ်မိစ္ဆာမျှော်စင်၏ ကြမ်းပြင်တစ်ခုလုံးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး အောက်ခြေမြေပြင်မှာပါ ကျွံဝင်သွားတော့သည်။ ကွမ်းထျန်းယွီ ရပ်နေသောနေရာတွင် မြေကျင်းကြီးနှစ်ခု ပေါက်ထွက်သွားကာ သူ၏ စစ်မှန်သောကိုယ်ပိုင်မှာပင် ဒူးများအနည်းငယ် ညွှတ်ကျသွားရရှာသည်။ ဖုန်မှုန့်များ တထောင်းထောင်း ထွက်ပေါ်လာပြီး ထိုပုံရိပ်နှစ်ခုကို ဖုံးလွှမ်းသွားခဲ့သည်။
“မင်း... သေချင်နေတာပဲ”
ကွမ်းထျန်းယွီမှာ အံ့အားသင့်မှုနှင့်အတူ ဒေါသများ တလိပ်လိပ် ထွက်လာတော့သည်။
သူအနေဖြင့် သူ၏ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ဆိုင်ရာ ကျင့်စဉ်များကို အစွမ်းကုန်အသုံးပြုရန် ပြင်လိုက်စဉ်မှာပင်
“တော်လောက်ပြီ”
ဖုန်မှုန့်များကြားမှ အနက်ရောင် ကျမ်းစာစာလုံးများ ရေးထိုးထားသည့် ဧရာမလက်ဝါးကြီးတစ်ဖက် ထွက်ပေါ်လာကာ ဖန်နိုင်၏ ပုခုံးကို လှမ်း၍ ဖိကိုင်လိုက်သည်။ ထိုလက်မှာ ဖန်နိုင်၏ ပုခုံးကို အသာအယာ ကိုင်ထားရုံသာ ဖြစ်သော်လည်း ဖန်နိုင်မှာ ရှေ့သို့ တစ်လက်မမျှပင် တိုး၍ မရတော့ပေ။
ဖန်နိုင်က သူ၏ပုခုံးပေါ်ရှိ လက်ကို လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။ နောက်တစ်ခဏ၌ ဖန်နိုင်သည် တစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားပြီးနောက် သူ၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့် မူလအရွယ်အစားအတိုင်း ပြန်လည် ကျုံ့ဝင်သွားတော့သည်။
ဖုန်မှုန့်များ တဖြည်းဖြည်း လွင့်စင်သွားသောအခါ ဖန်နိုင်၏ နောက်ကွယ်၌ အသားအရည် ညိုစိမ့်စိမ့်နှင့် မျက်နှာလေးထောင့်ကျကျရှိသော အသက် ၃၀ ခန့်အရွယ် အမျိုးသားတစ်ဦး ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ ဗလာကျင်းနေသော လက်မောင်းများ၊ ပါးပြင်နှင့် ခြေကျင်းဝတ်များပေါ်တွင် ဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းစာတံဆိပ်ခတ်နှိပ်မှုများဖြင့် ဖုံးလွှမ်းနေသည်။
“စီနီယာအစ်ကိုကြီး”
ယခင်က ရိုင်းစိုင်းရမ်းကားနေသော နီရှောင်လုံအပါအဝင် မြောက်ဘက်တောင်ထိပ်တပည့်များအားလုံးသည် ထိုသူကို ရိုသေစွာဖြင့် အလေးပြုလိုက်ကြသည်။ တောင်ဘက်တောင်ထိပ်တပည့်များမှာလည်း သူငယ်အိမ်များ ကျုံ့သွားရ၏။
ထိုသူမှာ အခြားသူမဟုတ်ဘဲ မြောက်ဘက်တောင်ထိပ်၏ အကြီးဆုံးစစ်မှန်သောတပည့် သုံးထပ်ကွမ်းချန်ပီယံခန်ရုံပင်။ ခန်ရုံသည် တောင်ဘက်တောင်ထိပ်တပည့်များကို ဝှေ့ကြည့်ကာ လေသံအေးအေးဖြင့် ပြောလိုက်သည်။
“တောင်းပန်ပါတယ်... ငါ့ရဲ့ညီလေးက ခေါင်းမာတဲ့အပြင် တိုက်ခိုက်ရတာကို အရမ်းစွဲလမ်းလွန်းလို့ပါ။ သူက ပြိုင်ဘက်ကောင်းနဲ့ တွေ့ရင် သူ့ရဲ့ပင်ကိုယ်စိတ်ကို မထိန်းချုပ်နိုင်တော့လို့ပါ၊ အားလုံးကို တောင်းပန်ပါတယ်”
ကွမ်းထျန်းယွီသည် မျက်မှောင်ကြုတ်သွားပြီး အလွန်အမင်း မကျေမနပ်ဖြစ်နေသော်လည်း ဤမျှ အရှိန်အဝါကြီးမားသူရှေ့တွင် ပြန်ပြောလိုက်သည်။
“စစ်မှန်သောတပည့်ခန်ရုံ... မင်းရဲ့ညီလေး ဖန်နိုင်ကို သေသေချာချာ ဆုံးမထားသင့်တယ်နော်။ မဟုတ်လို့ နောက်တစ်ခါ စည်းကမ်းဖောက်ဖျက်ဦးမယ်ဆိုရင်တော့ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဖိနှိပ်ပြီး အလေးအနက် အရေးယူရလိမ့်မယ်။ အဲဒီကျမှ ငါ့ကို အပြစ်မတင်နဲ့ဦး”
“ကွမ်းကျန့်ချွမ်း ပြောတာ မှန်ပါတယ်”
ကျမ်းစာတံဆိပ်များ ဖုံးလွှမ်းနေသော ခန်ရုံက ပြုံးလျက် ခေါင်းညိတ်ပြပြီးနောက် ဖန်နိုင်
ဘက်သို့ လှည့်ကာ အနည်းငယ် မာန်မဲလိုက်သည်။
“ငါတို့အားလုံးက ဂိုဏ်းတူညီအစ်ကိုတွေပါ ရန်သူတွေ မဟုတ်ဘူး။ လက်ပါတာမျိုး မလုပ်နဲ့ နားလည်လား”
ဖန်နိုင်က ထိုစကားကို ကြားသောအခါ ပုခုံးတစ်ချက် တွတ်လိုက်ပြီး ကွမ်းထျန်းယွီကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ “ကျင့်ကြံမှုအဆင့်နဲ့ ဖိနှိပ်မယ် ဟုတ်လား။ ငါသာ ဒီတစ်ခေါက် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ထဲ ရောက်သွားကြည့် အသက်ရှူအချက် ၁၀၀ အတွင်း မင်းကို အပြတ်အသတ် အနိုင်ယူပြမယ်”
“မိုက်မဲတဲ့ကလေးပဲ”
ခန်ရုံက ခေါင်းခါယမ်းလိုက်ပြီး လီရန်ဘက်သို့ လှည့်ကာ ပြုံးလျက် “ညီမလေးလီရန်... စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ အခုဆိုရင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ နောက်ထပ် အစွမ်းထက်သူတစ်ယောက် တိုးလာပြီဆိုတော့ အနာဂတ်က တကယ်ကို တောက်ပနေပါပြီ”
“စီနီယာအစ်ကိုဂိုင်းက ချီးမွမ်းလွန်းနေပါပြီ”
လီရန်က ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
ခန်ရုံက ပြုံးပြပြီးနောက် ချန်ကျီရှင်းဘက်သို့ လှည့်လာကာ “ဒါက တောင်ဘက်တောင်ထိပ်က အသစ်ခေါ်ယူထားတဲ့ အကန့်အသတ်ကျော်လွန်သူပါရမီရှင် ညီလေးရှောင်ပင်းထင်တယ်”
ချန်ကျီရှင်း စကားမပြောရဲမီမှာပင် ဖန်နိုင်၏ မျက်လုံးများ ဝင်းလက်သွားပြီး “အော်... မင်းက ရှောင်ပင်းလား။ ငါ့ဆရာပြောပြချက်အရ မင်းက တကယ်တော်တဲ့သူ။ ဒီတစ်ခေါက် ငါနဲ့ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်ပေါ့”
ထို့နောက် ဖန်နိုင်က တစ်စုံတစ်ခုကို အာရုံခံကြည့်ပြီးနောက် ခေါင်းခါယမ်းကာ “နတ်ဘုရားခရီးသွား တတိယအဆင့်ပဲလား။ ကျင့်ကြံမှုက အရမ်းပျော့လွန်းတာပဲ။ ဟေး... ပြိုင်ပွဲက နောက်တစ်လနေရင် စတော့မှာ။ မင်းရဲ့ကျင့်ကြံမှုကို အမြန်မြှင့်ထားဦး။ မဟုတ်ရင် ပြိုင်ပွဲစင်မြင့်ပေါ်မှာ ငါ့လက်ချက်နဲ့ မတော်တဆ သေသွားရင် အရမ်းပျင်းဖို့ကောင်းနေလိမ့်မယ်”
“ကောင်းပါပြီ”
ချန်ကျီရှင်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။
ယနေ့ ဖန်နိုင်ကို မြင်လိုက်ရမှပင် ထိုသူမှာ မည်သူဖြစ်ကြောင်း ချန်ကျီရှင်း ရုတ်တရက် သတိရသွားတော့သည်။ ဤသူမှာ မဟာကျင့်ကြံခြင်းဇာတ်လမ်းလိုင်း ကိုးခုအနက်မှ တစ်ခုဖြစ်သော ကျရှုံးသွားသောပါရမီရှင်အဖြစ် ခေတ္တပါဝင်ခဲ့သည့် ဇာတ်ကောင်ဖြစ်ပြီး မုဟယ်တုန်းသည် ကောင်းကင်ဘုံမှ ရွေးချယ်ခံရသည့် ဇာတ်လိုက်ကျော်ဖြစ်လာမည့် ဇာတ်ကွက်မှ ဖြစ်သည်။
ဤသူသည် ဗီဇပါ နတ်ဘုရားခွန်အားရှိပြီး ရုပ်ခန္ဓာ၏ အချုပ်အနှောင်များကို ချိုးဖျက်ထားသူဖြစ်ရာ သူ၏အစွမ်းမှာ တကယ်ပင် ထူးခြားလှသည်။ သို့သော် သူသည် တိုက်ခိုက်ခြင်းကို အလွန်အမင်း စွဲလမ်းသူလည်း ဖြစ်သည်။
ဇာတ်လမ်းအရ မုဟယ်တုန်းက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို တိုက်ခိုက်ပြီး လီရန်ကို အနိုင်ယူသွားပြီးနောက် ဖန်နိုင်သည် သူ့ဘာသာ ဆုံးဖြတ်ချက်ချကာ ဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာခဲ့ပြီး မုဟယ်တုန်းကို လမ်းခုလတ်၌ ကြားဖြတ်သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူသည် တောအုပ်တစ်ခုအတွင်း၌ မုဟယ်တုန်း၏ လက်ချက်ဖြင့်ပင် အသက်ပျောက်ခဲ့ရရှာသည်။
အမှန်စင်စစ် ဤသူသည် မပျော့ညံ့ပေ။ အကယ်၍သာ မုဟယ်တုန်းနှင့် မတွေ့ခဲ့ပါက သူသည် သေချာပေါက် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်သူဖြစ်သည်။ ကံဆိုးစွာပင် သူသည် ဇာတ်လိုက်ဖြစ်သည့် မုဟယ်တုန်းနှင့် သွားရောက်ယှဉ်ပြိုင်မိသဖြင့် နောက်ခံဇာတ်ရံတစ်ဦးအဖြစ်သာ ဘဝနိဂုံးချုပ်ခဲ့ရခြင်းပင်။
“သွားကြစို့... တောင်ဘက်တောင်ထိပ်ရဲ့ စားသောက်ပွဲကို ထပ်ပြီး မနှောင့်ယှက်ကြနဲ့တော့”
ခန်ရုံက ပြုံးလျက် လှည့်ထွက်သွားသည်။ ကျန်သည့် မြောက်ဘက်တောင်ထိပ်တပည့်များကလည်း ထိုသို့မြင်လျှင် ရိုသေစွာဖြင့် နောက်မှ အမြန်လိုက်ပါသွားကြတော့သည်။
မြောက်ဘက်တောင်ထိပ်သားများ ထွက်ခွါသွားပြီးနောက် “အမလေးဗျာ... အဲဒီကလေးစုတ်ကတော့ လက်ဆက တကယ်ကို ပြင်းတာပဲ”
ယခင်က အရှိန်အဝါကြီးမားသော စီနီယာတစ်ဦးအဖြစ် ဟန်ဆောင်ထိန်းထားခဲ့ပြီး နာကျင်မှုကို လုံးဝ ထုတ်မပြခဲ့သော ကွမ်းထျန်းယွီမှာမူ ယခုအခါ မအောင့်နိုင်တော့ဘဲ မျက်နှာပျက်လျက် သူ၏ ထုံကျဉ်ဖောင်းကြွနေသော လက်မောင်းများကို ခါယမ်းနေတော့သည်။