← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း။ ၁၄၇

ဘေးဘက်အခန်းငယ်အတွင်း၌ မုယွဲ့မေသည် ချန်ကျီရှင်းကို အဝေးမှ ငေးကြည့်နေမိသည်။ သူမက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ကျယ်ဝန်းသော တာအိုဝတ်ရုံတစ်ခုမှာ လွင့်ပျံလာပြီး ချန်ကျီရှင်း၏ ကိုယ်ပေါ်သို့ အလိုအလျောက် လွှမ်းခြုံသွားခဲ့သည်။

"ပင်းအာ... နောက်ဆုံးတော့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်သွားပြီပဲ"

ဖြူဖျော့နွမ်းလျနေသော မုယွဲ့မေ၏ မျက်နှာထက်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လွင်လာတော့သည်။

အခြားတစ်ဖက်တွင်မူ

"ကောင်းကင်နှင့်မြေကြီး ဓမ္မရုပ်သွင် ပေါ်ထွက်စမ်း"

ချန်ကျီရှင်း၏ မျက်ဝန်းများ ရုတ်တရက် ပွင့်လာပြီး မျက်ဝန်းနက်များအတွင်းမှ တောက်ပလှသော တာအိုရောင်ဝါများ ထွက်ပေါ်လာသည်။ ဆူနာမီလှိုင်းလုံးကြီးအလား ပြင်းထန်လှသော စိတ်ဝိညာဉ်အသိစိတ်များသည် ကောင်းကင်နှင့်မြေကြီးအနှံ့ လွှမ်းခြုံသွားပြီးနောက် ခဏချင်းမှာပင် စာလုံးကိုးလုံးအဖြစ် စုစည်းသိပ်သည်းသွားတော့သည်။

ကျန့် ….ဖူး….ဖုန်း….

ဂိုင်း….လီ….တင်း….

လောင်…..ဝမ်….ခုန်း…..

စာလုံးတစ်လုံးချင်းစီတွင် မတူညီသော အနက်အဓိပ္ပာယ်များ ရှိကြပြီး ၎င်းတို့မှာ ချန်ကျီရှင်း၏ ဘဝတစ်လျှောက်လုံး စိတ်ဝိညာဉ်အသိစိတ်နှင့် ပတ်သက်၍ သိမြင်နားလည်ခဲ့သမျှကို ပေါင်းစပ်ပုံဖော်ထားခြင်းပင်။

ဥပမာအားဖြင့် ကျန့်စာလုံးသည် တုန်ခါခြင်းစွမ်းအားကို ကိုယ်စားပြုကာ ဖူးစာလုံးသည် မရေမတွက်နိုင်သော စိတ်ဝိညာဉ်အသိစိတ်များကို အမှတ်တစ်ခုတည်း၌ စုစည်းကာ ပြင်းထန်စွာ ထိုးဖောက်နိုင်စွမ်းကို ကိုယ်စားပြုသည်။ ဖုန်းစာလုံးမှာမူ ချိပ်ပိတ်ခြင်းစွမ်းအားဖြစ်ပြီး ပြိုင်ဘက်၏ အသိစိတ်ပင်လယ်နှင့် မဟာတာအိုအခြေခံတို့ကို ချိပ်ပိတ်ပစ်ရန် ဖြစ်သည်။

ဤစာလုံးကိုးလုံးစလုံးမှာ နက်ရှိုင်းလှသော စွမ်းပကားများကိုယ်စီ ရှိကြပြီး ယခုအခိုက်အတန့်၌ ၎င်းတို့အားလုံး ပေါင်းစည်းသွားခြင်းမှာ ချန်ကျီရှင်း၏ ကောင်းကင်နှင့်မြေကြီး ဓမ္မရုပ်သွင်ပင်။

"ဟူး..."

ချန်ကျီရှင်းသည် သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်သည်။ စူးရှကြည်လင်လှသော သူ၏မျက်ဝန်းအစုံမှာ ကြယ်တာရာပေါင်း ထောင်သောင်းချီ၍ ကိန်းအောင်းနေသကဲ့သို့ပင် အိပ်မက်ဆန်ဆန် ဝင်းလက်တောက်ပနေပေတော့သည်။

ချန်ကျီရှင်းသည် သူ၏ခန္ဓာကိုယ်အတွင်းမှ စစ်မှန်သောကိုယ်ပိုင် တတိယအဆင့်၏ ပြင်းထန်လှသော စွမ်းအားများကို အတိုင်းသား ခံစားနေရသည်။

သူသည် စိတ်ဝိညာဉ်အသိစိတ် မဟာတာအိုမျိုးစေ့ကို စုစည်းနိုင်ခဲ့ရုံသာမက စိတ်ဝိညာဉ်အသိစိတ်၏ ကောင်းကင်နှင့်မြေကြီး ဓမ္မရုပ်သွင်ကိုပါ ပုံဖော်နိုင်ခဲ့သည်။ ထို့ပြင် ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ သူ၏ရုပ်ခန္ဓာအရည်အသွေး၊ စစ်မှန်သောအနှစ်သာရစုစုပေါင်းပမာဏနှင့် အခြားစွမ်းပကားများမှာလည်း ယခင်ကထက် သိသိသာသာ သာလွန်ကောင်းမွန်လာခဲ့သည်။ အထူးသဖြင့် ယခုသူပိုင်ဆိုင်ထားသော စစ်မှန်သောအနှစ်သာရ ပမာဏမှာ စစ်မှန်သောကိုယ်ပိုင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးထက်ပင် များစွာသာလွန်နေသည်။ အကယ်၍သာ နတ်ဘုရားကိုးပါးကျင့်စဉ်၏ ကန့်သတ်ချက်များသာမရှိပါက သူသည် အနည်းဆုံး စစ်မှန်သောကိုယ်ပိုင် ပဉ္စမအဆင့်သို့ပင် ရောက်ရှိနေလောက်ပြီ ဖြစ်သည်။

ချန်ကျီရှင်းက သူ၏ညာဘက်လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံမှ မေပယ်သစ်ရွက်များအလား နီရဲတောက်နေသော ဝတ်ရုံမှာ လွင့်ပျံလာပြီး သူ၏ကိုယ်ပေါ်သို့ ကျရောက်လာသည်။ သူသည် ထရပ်လိုက်ပြီးနောက် ပိတ်ပါးလိုက်ကာနောက်ကွယ်မှ ပုံရိပ်ကို ကြည့်ကာ လက်အုပ်ချီလျက် လေးနက်စွာ ပြောလိုက်သည်။

“တပည့် ရှောင်ပင်းက ဆရာ့ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ”

မုယွဲ့မေက လက်ကိုဝှေ့ယမ်းပြကာ ပြုံးလျက် “ပင်းအာ... ငါ့ကို အားနာနေဖို့ မလိုပါဘူး။ မင်း စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်တာကို မြင်ရတာကပဲ ငါပေးဆပ်ခဲ့သမျှအတွက် အကြီးမားဆုံး ကျေနပ်မှုပါပဲ။ ကဲ... ပြန်တော့ ပြီးရင် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ရဲ့ ဆန်းကြယ်မှုတွေကို အာရုံစိုက်ပြီး လေ့လာကြည့်ဦး”

“ဟုတ်ကဲ့ပါ”

ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အသက်ကို ဝဝရှူကာ ယခင်ကထက် ပိုမိုလေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဆရာ... ဆရာ့မှာ တစ်ခုခု အခက်အခဲရှိခဲ့ရင် ဒီတပည့်ကို သေချာပေါက် ပြောပြပေးပါ။ ဒီတပည့်ဘက်က ကူညီနိုင်တာမှန်သမျှကို ဘယ်လိုပဲဖြစ်ဖြစ် အစွမ်းကုန် ကူညီပေးသွားမှာပါ”

မုယွဲ့မေမှာ ထိုစကားကို ကြားသောအခါ အနည်းငယ် ကြောင်အသွားရ၏။ ချန်ကျီရှင်းထံမှ ဤကဲ့သို့သော စကားမျိုး ကြားရလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ ထို့နောက် သူမက သဘောကျစွာ ရယ်မောလိုက်ပြီး

“မိုက်မဲတဲ့ကလေးပဲ... အကယ်၍ ငါကိုယ်တိုင်တောင် မဖြေရှင်းနိုင်တဲ့ ပြဿနာမျိုးနဲ့ တွေ့ကြုံလာရတဲ့နေ့ကျရင် မင်းကို ပြောပြနေလို့ကော ဘာထူးမှာလဲ”

ခေတ္တမျှ ရပ်တန့်သွားပြီးနောက် တစ်စုံတစ်ခုကို တွေးတောမိဟန်ဖြင့် မုယွဲ့မေက အေးအေးဆေးဆေးပင် ဆက်ပြောသည်။

“တကယ်လို့ အဲဒီလိုနေ့မျိုး ရောက်လာခဲ့ရင်တောင်မှ ငါက ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ ဘယ်သူ့ကိုမှလည်း ဆွဲမထည့်ဘဲ တစ်ယောက်တည်း တိတ်တဆိတ် ထွက်သွားမှာပါ”

ချန်ကျီရှင်းသည် ပိတ်ပါးလိုက်ကာနောက်ကွယ်မှ ဝေဝါးသောပုံရိပ်ကို လေးနက်စွာ တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှထပ်မပြောတော့ဘဲ လှည့်ထွက်လာခဲ့သည်။ တောင်ဘက်တောင်ထိပ်၏ တောင်ပတ်လမ်းအတိုင်း လျှောက်လာရင်း ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတစ်ခုလုံးမှာ သူ၏မျက်စိအောက်တွင် မြင်တွေ့နေရသည်။

ချန်ကျီရှင်းသည် တောင်ထိပ်ပေါ်ရှိ တိတ်ဆိတ်လှသော နန်းဆောင်ခန်းမကြီးကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် မြောက်ဘက်တောင်ထိပ်ရှိရာ အရပ်ဆီသို့ မျက်နှာမူလိုက်သည်။

“ဆရာက တောင်ဘက်တောင်ထိပ်ကို ပထမရစေချင်တာဆိုတော့... ကျွန်တော်ကပဲ ဆရာ့အတွက် အဲဒီပထမနေရာကို အရယူပေးရတာပေါ့”

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်ပေသတည်း။

မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ဆယ့်ငါးရက်တာ အချိန်ကာလက ကုန်လွန်သွားခဲ့သည်။

ဤတစ်ဆယ့်ငါးရက်အတွင်း ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတစ်ခုလုံးရှိ မြောက်ဘက်တောင်ထိပ်နှင့် တောင်ဘက်တောင်ထိပ်တို့သည် ထူးဆန်းစွာပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြသည်။ သုံးနှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော တောင်ထိပ်နှစ်ခုကြားမှ ပြိုင်ပွဲကြီးသည် စတင်ရန် နီးကပ်လာခဲ့သည်။

ဤပြိုင်ပွဲသည် တောင်ထိပ်၏ ဂုဏ်သိက္ခာအတွက်သာမက ကျင့်ကြံသူတစ်ဦးချင်းစီ၏ ကိုယ်ကျိုးစီးပွားနှင့်လည်း တိုက်ရိုက်သက်ဆိုင်နေသည်။ အဘယ်ကြောင့်ဆိုသော် အနိုင်ရရှိသည့် တောင်ထိပ်သည် နေ့စဉ် ဝိညာဉ်ကျောက်တုံးထောက်ပံ့ကြေးများမှသည် သန့်စင်ရာနယ်မြေမှ ခွဲဝေပေးအပ်သော နတ်ဘုရားလက်နက်များနှင့် ကောင်းကင်နှင့်မြေကြီး ရတနာများအထိ အားလုံးကို ပိုမိုဦးစားပေး ခံစားခွင့်ရရှိမည်ဖြစ်သောကြောင့်ပင်။

အမှန်အတိုင်းဆိုရလျှင် တောင်ဘက်တောင်ထိပ်သည် မြောက်ဘက်တောင်ထိပ်၏ နောက်ကွယ်၌ နှစ်ပေါင်းများစွာ နောက်ကျကျန်ရစ်ခဲ့သည်မှာ ဤစနစ်ကြောင့်လည်း အဓိက အကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်နေသည်။

ဤစနစ်အောက်တွင် အစွမ်းထက်သူက ပို၍အစွမ်းထက်လာပြီး အားနည်းသူက ပို၍အားနည်းသွားသည့် သံသရာလည်မှုတစ်ခု ဖြစ်ပေါ်နေတော့သည်။ အင်အားကြီးမားပြီးသားဖြစ်သော မြောက်ဘက်တောင်ထိပ်သည် အရင်းအမြစ် ထောက်ပံ့မှုများကို ပိုမိုရရှိသဖြင့် သူတို့၏တပည့်များမှာ ပို၍ အစွမ်းထက်လာကြသည်။ တစ်ဖက်တွင်မူ အားနည်းပြီးသားဖြစ်သော တောင်ဘက်တောင်ထိပ်မှာမူ ရရှိမှုနည်းပါးသဖြင့် ပို၍ပင် အင်အားချည့်နဲ့လာခဲ့ရရှာသည်။

ထို့ကြောင့်ပင် လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်အတွင်း မြောက်ဘက်နှင့် တောင်ဘက်တောင်ထိပ်တို့၏ လမ်းမများပေါ်တွင် လူသူကင်းမဲ့နေသည့် ထူးခြားသော မြင်ကွင်းတစ်ခု ပေါ်ပေါက်ခဲ့ခြင်းပင်။ စစ်မှန်သောတပည့်များ၊ တာအိုမျိုးစေ့တပည့်များမှသည် သာမန်တပည့်များအထိ အားလုံးမှာ သူတို့၏ အခန်းများအတွင်း၌သာ အောင်းနေကြပြီး ပြိုင်ပွဲမစမီ ဤကာလတိုအတွင်း သူတို့၏ ကျင့်ကြံမှုအဆင့်ကို အစွမ်းကုန် မြှင့်တင်နိုင်ရန် ကြိုးစားနေခဲ့ကြသည်။

ယနေ့ နံနက်အစောပိုင်းတွင်မူကောင်းကင်ယံတစ်ခုလုံး အုံ့မှိုင်းနေပြီး လေးလံလှသော တိမ်တိုက်ကြီးများမှာ မြေပြင်သို့ ဖိနှိပ်တော့မည့်အလား အသက်ရှူရကျပ်သော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ အနက်ရောင် တိမ်တိုက်ကြီးများကြားတွင် လျှပ်စီးကြောင်းများမှာ ဟိုမှသည်သို့ ပြေးလွှားနေကြပြီး မကြာခဏဆိုသလို မိုးကြိုးသံများမှာလည်း တဒုန်းဒုန်း ပေါက်ကွဲထွက်ပေါ်နေတော့သည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များမှာ ကောင်းကင်ယံမှ မြစ်တစ်စင်း ပေါက်ထွက်လာသကဲ့သို့ပင် ရေကာတာများအလား အရှိန်အဟုန်နှင့် ကျဆင်းနေသည်။

ဒေါင်

ရှေးဟောင်း ခေါင်းလောင်းသံကြီးတစ်ခုမှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတစ်ခုလုံး ဟိန်းထွက်သွားအောင် မြည်ဟည်းသွားတော့သည်။

ထိုခဏချင်းမှာပင် ယခင်က တိတ်ဆိတ်ငြိမ်သက်နေသော မြောက်ဘက်နှင့် တောင်ဘက်တောင်ထိပ်တို့မှာ ဆူပွက်နေသော အပူရှိန်တစ်ခုအလား ရုတ်တရက်ဆိုသလို နိုးထလာခဲ့ကြသည်။

“လာပြီဟေ့... စပြီ”

ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ချန်ကျီရှင်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏မျက်ဝန်းအစုံမှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင် စူးရှတောက်ပလှသော ရောင်ဝါများဖြင့် ပြည့်လျှံနေတော့သည်။

ကျွီ...

ချန်ကျီရှင်းသည် တံခါးကို တွန်းဖွင့်ကာ အပြင်သို့ လှမ်းထွက်လိုက်၏။ ခြံဝင်းအပြင်ဘက်

တွင်မူ တောင်ဘက်တောင်ထိပ်တပည့်များစွာ စုဝေးရောက်ရှိနေကြသည်။ သူတို့သည် အနက်ရောင်ထီးများကိုယ်စီ ဆောင်းထားကြပြီး အိမ်ရှေ့ဝင်ပေါက်တွင် ထူထပ်သိပ်သည်းစွာ တန်းစီရပ်နေကြကာ အသက်ပင်မရှူဝံ့ဘဲ တစ်စုံတစ်ခုကို စောင့်မျှော်နေကြဟန် ရှိသည်။

ဤတိတ်ဆိတ်ငြိမ်သက်နေသော မြင်ကွင်းမှာ ကြည့်ရှုသူကို အလွန်ပင် ဖိအားပေးနေသည်။

“စီနီယာအစ်ကိုရှောင်”

ချန်ကျီရှင်း ထွက်လာသည်ကို မြင်သည်နှင့် တောင်ဘက်တောင်ထိပ်တပည့်များအားလုံးမှာ တစ်ပြိုင်နက်တည်း ခေါင်းငုံ့ကာ ညီညာစွာ နှုတ်ဆက်လိုက်ကြသည်။

နောက်တစ်ခဏ၌ သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များကြားတွင် အနက်ရောင်ဆီစိမ်စက္ကူထီးများကို ကိုင်ဆောင်ထားသော တပည့်များမှာ ဘေးတစ်ဖက်တစ်ချက်စီသို့ ဖယ်ပေးလိုက်ကြပြီး လမ်းတစ်ခုကို ဖန်တီးပေးလိုက်ကြသည်။ ထိုလမ်း၏ အဆုံးတွင်မူ သွေးကဲ့သို့ နီရဲသော ဝတ်ရုံများကို ဝတ်ဆင်ထားသည့် ပုံရိပ်နှစ်ခုမှာ စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သိသာလှသည်။

“အင်း...”

ချန်ကျီရှင်းက တပည့်များကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုပုံရိပ်နှစ်ခုဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည်။ သူ ရှေ့သို့ လှမ်းလိုက်သည်နှင့် လမ်းဘေးတွင် တန်းစီရပ်နေသော တပည့်များမှာလည်း သူ့နောက်မှ လိုက်ပါလာကြတော့သည်။

“ညီလေးရှောင်... ငါတို့ရဲ့ ဒီလူအင်အား စီစဉ်ထားတဲ့ပုံစံက ဘယ်လိုလဲ”

ကွမ်းထျန်းယွီက သဘောကျစွာ ပြုံးလျက် မေးလိုက်သည်။ လီရန်ကမူ စိတ်ပျက်လက်ပျက်ဖြင့် နှာခေါင်းကို ပွတ်လိုက်ကာ “စီနီယာအစ်ကိုကွမ်း... ဒါတွေ ဘယ်ကနေ သင်လာတာလဲ။ ငါတို့က ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက ကျင့်ကြံသူတွေလေ။ လူသားလောကက လူမိုက်ဂိုဏ်းတွေ အချင်းချင်း ချကြမှာ မဟုတ်ဘူး”

ချန်ကျီရှင်းကလည်း မရယ်ဘဲ မနေနိုင်တော့ပေ။

“စီနီယာအစ်ကိုက ဒီလောက်အထိ ခမ်းခမ်းနားနားကြီး ပြင်ဆင်ထားတာ တကယ်လို့ နောက်ကျရင် မြောက်ဘက်တောင်ထိပ်သားတွေရဲ့ အရိုက်ခံလိုက်ရရင် အရှက်ကွဲစရာကြီး ဖြစ်မနေဘူးလား”

ကွမ်းထျန်းယွီက လက်ကို ဝှေ့ယမ်းကာ ဂရုမစိုက်သလို ရယ်မောလိုက်ပြီး “မင်းတို့က နားမလည်ပါဘူး ရှုံးရင်လည်း ရှုံးပါစေပေါ့။ ဒါကို တိုက်ပွဲမှာ ရှုံးချင်ရှုံးမယ်။ ဟန်ပန်မှာတော့ မရှုံးစေနဲ့လို့ ခေါ်တယ်ကွ... လွန်ခဲ့တဲ့ ရက်ပိုင်းက ဖုန်းပိုမြို့မှာ ဝယ်လာတဲ့ စာအုပ်တစ်အုပ်ထဲကနေ ဖတ်လိုက်ရတာ။ စာအုပ်ထဲမှာ ပြောထားတာက ပုံစံက အရမ်းအရေးကြီးတယ်တဲ့”

“...”

ချန်ကျီရှင်း တစ်ယောက် ကနဦးက တည်ငြိမ်အေးစက်နေသော သူ၏ စီနီယာအစ်ကိုမှာ ယခုမူ အနည်းငယ် ကြွားဝါချင်သည့်ဘက်သို့ ရောက်နေပြီဟု ခံစားလိုက်ရသည်။

မိုးကာလိုက်ကာကြီးမှာ ပို၍ပင် လေးလံသည်းထန်လာတော့သည်။ အဖွဲ့သားအားလုံးမှာ ကွမ်းဟဲခန်းမဆောင်ဆီသို့ ဦးတည်လျှောက်လှမ်းနေကြစဉ် ချန်ကျီရှင်းက မေးလိုက်သည်။

“စီနီယာအစ်ကိုကွမ်း... ဒါနဲ့ ဒီတစ်ခေါက် တောင်ထိပ်နှစ်ခု ပြိုင်ပွဲကို ဘယ်လိုပုံစံနဲ့ ကျင်းပမှာလဲခင်ဗျာ”

အခန်း။ ၁၄၈

ဂျိမ်း

မိုးကြိုးတစ်ချက် ပစ်ချလိုက်သဖြင့် ထွက်ပေါ်လာသော လျှပ်စီးရောင်သည် အနက်ရောင်ထီးတန်းကြီးပေါ်သို့ ခဏတာ ဖြတ်ပြေးသွားသည်။ ကွမ်းထျန်းယွီသည် ချန်ကျီရှင်း၏ မေးခွန်းကို ကြားသောအခါ အတန်ကြာ စဉ်းစားပြီးမှ ပြန်လည်ဖြေကြားလိုက်သည်။

“တောင်ထိပ်နှစ်ခုကြားက ပြိုင်ပွဲဆိုတာ တကယ်တော့ တောင်ထိပ်နှစ်ခုရဲ့ စမ်းသပ်မှုလို့ ဆိုနိုင်ပေမဲ့ တကယ့်လက်တွေ့မှာတော့ တောင်ထိပ်နှစ်ခုလုံးရဲ့ စစ်မှန်သောတပည့်တွေကြားက အစွမ်းအစချင်း နှိုင်းယှဉ်တာပဲ ဖြစ်တယ်”

“ပြိုင်ပွဲကို အဆင့်သုံးဆင့် ခွဲထားတယ်”

“ပထမအဆင့်ကတော့ ဗျူဟာမြောက် ထိုးဖောက်ခြင်းကို စမ်းသပ်တာပဲ”

“ဒီအဆင့်မှာ မြောက်ဘက်နဲ့ တောင်ဘက်တောင်ထိပ်က စစ်မှန်သောတပည့် ခြောက်ယောက်စလုံးဟာ မတူညီတဲ့ တောင်ပတ်လမ်းကြောင်းတွေဆီကို အသီးသီး သွားကြရမယ်။ အဲဒီလမ်းမှာ တစ်ဖက်တောင်ထိပ်က တပည့်တွေက ကြားဖြတ်တိုက်ခိုက်ဖို့ စောင့်နေကြလိမ့်မယ်”

“ဥပမာအနေနဲ့ ပြောရရင်... ငါ တောင်ပတ်လမ်းတစ်ခုထဲကို ဝင်လိုက်တာနဲ့ မြောက်ဘက်တောင်ထိပ်က တပည့်ပေါင်းများစွာက ငါ့ကို ကြားဖြတ်တိုက်ခိုက်ကြမှာပေါ့။ အဲဒီလိုပဲ မြောက်ဘက်တောင်ထိပ်က စစ်မှန်သောတပည့် သုံးယောက်ကိုလည်း ငါတို့ တောင်ဘက်တောင်ထိပ်တပည့်တွေက ဝိုင်းပြီး တိုက်ခိုက်ကြလိမ့်မယ်။ အဲဒီတောင်ပတ်လမ်းကို အရင်ဆုံး ဖြတ်ကျော်နိုင်တဲ့သူက အနိုင်ရရှိမှာ ဖြစ်တယ်”

ချန်ကျီရှင်းက ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လျက် “ကျွန်တော်တို့ စစ်မှန်သောတပည့်တွေက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကျင့်ကြံသူတွေလေ။ သာမန်တပည့်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုက ကျွန်တော်တို့အတွက် ဘာမှ ခြိမ်းခြောက်မှု မရှိနိုင်ပါဘူး။ ဒါက ဘာထူးမှာလဲ”

ထိုအခါ ဘေးမှ လီရန်က ရယ်မောလျက် ဝင်ပြောလိုက်သည်။

“ဒါကြောင့်မို့လို့ ပထမအဆင့်ကို ဗျူဟာစမ်းသပ်မှုလို့ ခေါ်တာပေါ့။ ဘာလို့လဲဆိုတော့ အဲဒီတောင်ပတ်လမ်းမှာ ဖိနှိပ်မှုစွမ်းအားရှိတယ်။ အဲဒီစွမ်းအားက စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ကျင့်ကြံသူတွေကို ဖိနှိပ်ထားမှာဖြစ်လို့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ရဲ့ အဓိကအစွမ်းဖြစ်တဲ့ ကောင်းကင်နှင့်မြေကြီး ဓမ္မရုပ်သွင်ကို အသုံးပြုလို့ မရအောင် တားဆီးထားမှာမို့လို့ပဲ”

“အဲဒီလိုလား...”

ချန်ကျီရှင်းက မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

ကောင်းကင်နှင့်မြေကြီး ဓမ္မရုပ်သွင်သည် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်နှင့် နတ်ဘုရားခရီးသွားနယ်ပယ်တို့ကြားရှိ အကြီးမားဆုံးသော ကွာခြားချက်ပင်။ ဤကွာခြားချက်ကပင် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို အခြားနယ်ပယ်များထက် အပြတ်အသတ် သာလွန်စေခြင်းဖြစ်ရာ သူတို့ကြားရှိ ကွာဟချက်မှာ ချောက်ကမ္ဘာကြီးတစ်ခုသဖွယ် ကြီးမားလှသည်။

အကယ်၍ စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ကျင့်ကြံသူတစ်ဦးအနေဖြင့် ဓမ္မရုပ်သွင်ကို အသုံးပြုခွင့် မရတော့ပါက နတ်ဘုရားခရီးသွားနယ်ပယ် ကျင့်ကြံသူအုပ်စုနှင့် ရင်ဆိုင်ရလျှင် သာလွန်မှု ရှိနေဦးမည် ဖြစ်သော်လည်း အလွယ်တကူ အနိုင်ယူရန်မှာမူ မဖြစ်နိုင်တော့ပေ။

“ဒါပေမဲ့ ဒီလိုသာလွန်မှုကို လူအင်အားနဲ့ ပြန်ပြီး အစားထိုးလို့ရတာပေါ့”

“တကယ်လို့ ကျွန်တော်တို့က အဲဒီကြားဖြတ်တိုက်ခိုက်မှုတွေကို မကျော်ဖြတ်နိုင်ခဲ့ရင်ရော ဘာဖြစ်မလဲ”

ချန်ကျီရှင်းက မေးလိုက်သည်။

“ဒါဆိုရင်တော့ ပြိုင်ပွဲကနေ ထွက်ရမှာပေါ့”

လီရန်က ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“ပြီးခဲ့တဲ့တစ်ခေါက် တောင်ထိပ်နှစ်ခုပြိုင်ပွဲတုန်းက ငါတို့တောင်ဘက်တောင်ထိပ်က စစ်မှန်သောတပည့်တစ်ယောက်ဟာ ပထမအဆင့်မှာတင် ရှုံးနိမ့်သွားခဲ့ဖူးတယ်”

“ဒါကြောင့် ဒီအဆင့်က စစ်မှန်သောတပည့်တွေရဲ့ အစွမ်းကိုတင် စမ်းသပ်တာမဟုတ်ဘဲ တောင်ထိပ်နှစ်ခုလုံးက သာမန်တပည့်တွေရဲ့ အင်အားကိုပါ စမ်းသပ်တာပဲ။ အကယ်၍ မြောက်ဘက်တောင်ထိပ်တပည့်တွေက ငါတို့ကို ကြားဖြတ်တားဆီးနိုင်ပြီး ငါတို့တောင်ဘက်တောင်ထိပ်တပည့်တွေက မြောက်ဘက်က စစ်မှန်သောတပည့်တွေကို မတားဆီးနိုင်ဘူးဆိုရင်တော့ ငါတို့ကံဆိုးတယ်လို့ပဲ မှတ်ရမှာပေါ့”

ချန်ကျီရှင်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ဤပြိုင်ပွဲစည်းမျဉ်းများမှာ တကယ့်ကို ရှားပါးလှသည်။

“ဒုတိယအဆင့်ကရော ဘာလဲခင်ဗျာ”

ချန်ကျီရှင်းက စိတ်ကိုတည်ငြိမ်အောင်ထားပြီး ထပ်မံမေးမြန်းလိုက်သည်။

“ဒုတိယအဆင့်ကတော့ တောင်ထိပ်နှစ်ခုလုံးက အကြီးအကဲတွေရဲ့ ကြားဖြတ်တားဆီးမှုကို ရင်ဆိုင်ရမှာပဲ”

“ငါတို့ တောင်ဘက်တောင်ထိပ်စစ်မှန်သောတပည့်တွေက မြောက်ဘက်တောင်ထိပ်ရဲ့ အကြီးအကဲကြီး ငါးပါးရဲ့ တားဆီးမှုကို ရင်ဆိုင်ရမှာဖြစ်ပြီး မြောက်ဘက်တောင်ထိပ်စစ်မှန်သောတပည့်တွေကတော့ ငါတို့ဘက်က အကြီးအကဲ ဖူလုံတို့ရဲ့ တားဆီးမှုကို ရင်ဆိုင်ရမှာ။ ဒီအဆင့်မှာလည်း ဖိနှိပ်မှုစွမ်းအားရှိနေပြီး အကြီးအကဲတွေနဲ့ ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို တူညီတဲ့အဆင့်တစ်ခုထဲ ရောက်သွားအောင် ဆွဲချထားလိမ့်မယ်”

“ဒီအဆင့်ကတော့ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်တာပဲ။ ငါတို့စစ်မှန်သောတပည့်တွေအနေနဲ့ တူညီတဲ့အဆင့်မှာရှိနေတဲ့ ပြိုင်ဘက်တွေကို စစ်မြေပြင်မှာ အပြတ်အသတ် အနိုင်ယူနိုင်မလားဆိုတာ ကြည့်ရမှာပေါ့”

ကွမ်းထျန်းယွီက ပြုံးလျက် ရှင်းပြသည်။

“ပြောရရင် ဒီဒုတိယအဆင့်က စိတ်ဝင်စားစရာ အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ မင်းကို တားဆီးဖို့ အကြီးအကဲ ဘယ်နှယောက် လာမလဲဆိုတာ မင်းမသိနိုင်ဘူးလေ”

“ဥပမာ မြောက်ဘက်တောင်ထိပ်က အကြီးအကဲ ငါးယောက်လုံးက မင်းတစ်ယောက်တည်းကိုပဲ လာတားတာမျိုး ဖြစ်နိုင်တယ်။ အဲဒီလိုဆိုရင် လီရန်နဲ့ ငါက ဒုတိယအဆင့်ကို အေးဆေးကျော်ဖြတ်ပြီး တတိယအဆင့် နောက်ဆုံးဗိုလ်လုပွဲထဲ ရောက်သွားမှာဖြစ်ပေမဲ့ မင်းကတော့ ဒုတိယအဆင့်မှာတင် ပိတ်မိနေလိမ့်မယ်။ ဒါပေမဲ့ များသောအားဖြင့်တော့ အဲဒီလောက်အထိ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာမျိုး မရှိပါဘူး”

“ပုံမှန်အားဖြင့်တော့ စစ်မှန်သောတပည့် သုံးယောက်ထဲမှာ နှစ်ယောက်က အကြီးအကဲ နှစ်ယောက်စီနဲ့ ရင်ဆိုင်ရပြီး ကျန်တဲ့တစ်ယောက်ကတော့ အစွမ်းအထက်ဆုံး အကြီးအကဲနဲ့ ရင်ဆိုင်ရတာပေါ့။ အဖြေအတိအကျကိုတော့ ဒုတိယအဆင့်ရောက်မှ ဘယ်အကြီးအကဲက ငါတို့ကို လာတားမလဲဆိုတာ သိရမှာ”

ချန်ကျီရှင်း ဤစကားကို ကြားရသောအခါ အတော်လေး အံ့အားသင့်သွားမိတော့သည်။

ဂိုဏ်းတူတောင်ထိပ်နှစ်ခု၏ ပြိုင်ပွဲမှာ အကြီးအကဲတွေပါ ပါဝင်ပတ်သက်နေမယ်လို့ သူ လုံးဝ ထင်မထားခဲ့တာ အမှန်ပင်။

ဒါက တောင်ထိပ်တစ်ခုလုံးရဲ့ စုပေါင်းအင်အားကို တကယ်တမ်း တိုင်းတာတဲ့ စစ်ဆေးမှုတစ်ခု ဖြစ်နေတာပဲ။

“နေဦးဗျ...”

ချန်ကျီရှင်း တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် သံသယပွားစွာ မေးလိုက်သည်။

“ဒီလိုဆိုရင် နည်းပရိယာယ် သုံးလို့ရတဲ့ နေရာတွေ အများကြီး ရှိနေတာပေါ့... ဥပမာ မြောက်

ဘက်တောင်ထိပ်ရဲ့ အသန်မာဆုံး စစ်မှန်သောတပည့် ခန်ရုံကို ဆိုရင်ရော"

“ကျွန်တော်တို့ဘက်က အကြီးအကဲ ငါးယောက်လုံး လွှတ်ပြီး ဒုတိယအဆင့်မှာတင် ခန်ရုံကို ပိတ်ထားလိုက်ရင်ရော မရဘူးလား။ ကျန်တဲ့ မြောက်ဘက်တောင်ထိပ်က စစ်မှန်သောတပည့် နှစ်ယောက်ကိုပဲ တတိယအဆင့် ပေးတက်ခိုင်းလိုက်ရင် ပိုမလွယ်ဘူးလားခင်ဗျာ"

“အဲဒါက မင်းထင်သလို မလွယ်ဘူး ညီလေး...”

ကွမ်းထျန်းယွီ၏ မျက်နှာထားမှာ လေးနက်တည်ကြည်သွားတော့သည်။

“ခန်ရုံကို ဘာလို့ သုံးထပ်ကွမ်းချန်ပီယံလို့ ခေါ်ကြတာလဲ... ဘာလို့ သူက ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ အစွမ်းထက်ဆုံး တပည့် ဖြစ်နေရတာလဲဆိုတာ မင်းသိလား"

“ဘာလို့လဲဆိုတော့ ခန်ရုံ ဒုတိယအကြိမ် ပြိုင်ပွဲဝင်တုန်းက တောင်ထိပ်သခင်က မင်းပြောသလိုပဲ စီစဉ်ခဲ့ဖူးလို့ပဲ"

“ရလဒ်က ဘာဖြစ်သွားမယ် ထင်သလဲ...”

ချန်ကျီရှင်း ပြန်မဖြေရသေးမီမှာပင် ကွမ်းထျန်းယွီက လေးလံသော လေသံဖြင့် ဆိုလိုက်

သည်။

“အဲဒီတုန်းက အကြီးအကဲ ငါးယောက်လုံး ရှုံးနိမ့်သွားခဲ့တယ်။ ခန်ရုံက တစ်ကိုယ်တော်တည်းနဲ့ အကြီးအကဲ ငါးယောက်လုံးကို အပြတ်အသတ် အနိုင်ယူပြီး ထိုးဖောက်သွားနိုင်ခဲ့တာ။ အဲဒီပွဲကစပြီး ခန်ရုံရဲ့ နာမည်က သန့်စင်ရာနယ်မြေ တစ်ခုလုံးမှာ ဟိန်းထွက်သွားပြီး သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး တပည့်အဖြစ် တစ်ပွဲတည်းနဲ့ သတ်မှတ်ခံလိုက်ရတာပဲ"

“ဒါကြောင့် ငါ့အမြင်မှာတော့...”

“ခန်ရုံကို ဘယ်လိုပဲဖြစ်ဖြစ် တားလို့မရနိုင်မှတော့ သူ့ကို အေးဆေး ပေးဖြတ်လိုက်တာကမှ ပိုကောင်းဦးမယ်။ ငါတို့က ဖန်နိုင်နဲ့ နီရှောင်လုံကိုပဲ မိအောင်ဖမ်းထားပြီး တတိယအဆင့် နောက်ဆုံးဗိုလ်လုပွဲကျမှ ခန်ရုံတစ်ယောက်တည်းကို ငါတို့ သုံးယောက်နဲ့ ဝိုင်းချတာကမှ အနိုင်ရဖို့ အခွင့်အရေး ပိုများလိမ့်မယ်"

“အတိုချုပ်ပြောရရင် ဒီအဆင့်က စစ်မှန်သောတပည့်တွေနဲ့ အကြီးအကဲတွေရဲ့ အစွမ်းကိုတင် စမ်းသပ်တာ မဟုတ်ဘူး။ တောင်ထိပ်သခင် နှစ်ယောက်ရဲ့ ဗျူဟာမြောက် ဆုံးဖြတ်ချက်နဲ့ စီမံခန့်ခွဲမှုတွေကိုပါ စမ်းသပ်တာပဲ”

ဤအကြောင်းကို ပြောရင်း ကွမ်းထျန်းယွီက ခေါင်းခါယမ်းကာ စိတ်လှုပ်ရှားစွာဖြင့် ဆက်

ပြောသည်။

“ဒီပြိုင်ပွဲကြီးက တောင်ထိပ်နှစ်ခုလုံးမှာရှိတဲ့ တပည့်တွေ၊ အကြီးအကဲတွေ အကုန်လုံးအပြင် တောင်ထိပ်သခင်တွေရဲ့ ဦးနှောက်ကိုပါ အသုံးချရတာဆိုတော့ တကယ်ကို ပါးနပ်ဆန်းကြယ်လှတဲ့ စီစဉ်မှုပဲ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အချိတ်အဆက်တစ်ခု လွဲချော်သွားတာနဲ့ ပြိုင်ပွဲတစ်ခုလုံး ပြိုလဲသွားနိုင်တယ်လေ"

ချန်ကျီရှင်းက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူသည် တတိယအဆင့်က ဘာလဲဆိုတာကိုတော့ ထပ်ပြီး မမေးတော့ပေ။

တတိယအဆင့်သည် စစ်မှန်သောတပည့်များကြား နောက်ဆုံးပိတ် အဆုံးအဖြတ်တိုက်ပွဲဖြစ်မည်ဟု ကွမ်းထျန်းယွီနှင့် လီရန်တို့၏ စကားဝိုင်းအရ ချန်ကျီရှင်း ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။

ထို့ပြင် တောင်ဘက်တောင်ထိပ်တွင် လက်ရှိ၌ အကြီးအကဲ လေးဦးသာ ရှိနေသဖြင့် မြောက်

ဘက်တောင်ထိပ်မှ အကြီးအကဲ ငါးဦးနှင့် ဘယ်လိုမျှတအောင် စီစဉ်မလဲဆိုသည်ကိုလည်း သူ ထပ်မမေးတော့ပေ။ သန့်စင်ရာနယ်မြေတစ်ခုအနေဖြင့် ဤကဲ့သို့သော ကိစ္စရပ်များအတွက် သင့်တော်သော ဆုံးဖြတ်ချက်များ ရှိပြီးသားဖြစ်မည်မှာ အသေအချာပင်။

စကားပြောရင်းနှင့်ပင် သူတို့သည် တောင်ဘက်တောင်ထိပ်တပည့်များအားလုံးနှင့်အတူ ကွမ်းဟဲခန်းမဆောင်သို့ ရောက်ရှိလာခဲ့ကြသည်။ ကွမ်းဟဲဆိုသည်မှာ ကောင်းကင်နှင့်မြေကြီးကြား ဟန်ချက်ညီမျှခြင်းဟု အဓိပ္ပာယ်ရသည်။ ဤခန်းမဆောင်သည် မြောက်ဘက် သို့မဟုတ် တောင်ဘက် တောင်ထိပ်နှစ်ခုလုံးနှင့် မသက်ဆိုင်ဘဲ တောင်နှစ်ခုကြားရှိ ရေတံခွန်ကြီး၏ အပေါ်ဘက်တွင် တည်ရှိသည်။

ခန်းမဆောင်အပြင်ဘက်ရှိ ကျောက်စိမ်းဖြူပြားများ ခင်းကျင်းထားသော ရင်ပြင်ကျယ်ကြီးပေါ်တွင် လက်ပြတ်အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားသည့် မြောက်ဘက်တောင်ထိပ်တပည့် ရာပေါင်းများစွာမှာ တစ်ဖက်၌ အေးဆေးစွာ ရပ်စောင့်နေကြသည်ကို မြင်တွေ့ရသည်။ သူတို့ စုပေါင်းရပ်နေသည့် အရှိန်အဝါမှာပင် မမြင်နိုင်သော ဖိအားတစ်ခုကို ထုတ်လွှတ်နေတော့သည်။

သည်းထန်သော ခြေသံများကို ကြားလိုက်ရသည့်အခါ မြောက်ဘက်တောင်ထိပ်တပည့် ရာပေါင်းများစွာမှာ ခေါင်းကို အသာအယာ လှည့်ကြည့်လိုက်ကြသည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးထဲတွင် အနက်ရောင်ထီးများကိုယ်စီ ဆောင်းထားသော တောင်ဘက်တောင်ထိပ်တပည့် အုပ်စုကြီးမှာ တစ်ညီတစ်ညွတ်တည်း ဝင်ရောက်လာကြသည်။

နောက်တစ်ခဏ၌ မြောက်ဘက်တောင်ထိပ်သားများ၏ မျက်နှာအမူအရာများမှာ အံ့အားသင့်သွားကြပြီးနောက် တဖြည်းဖြည်း ထူးဆန်းလာကာ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ဝိုင်း၍ ရယ်မောလိုက်ကြတော့သည်။

“ဒါက ဘာကြီးနဲ့ ဝင်လာတဲ့ ပုံစံကြီးလဲကွ”

“ထီးတွေနဲ့လား... ဟားဟား ငါတို့အားလုံးက ကျင့်ကြံသူတွေလေ။ ဘယ်သူ့ကို ကြွားချင်လို့လဲ”

“ဟားဟားဟား... ဒါက အရမ်းကို ဟန်ဆောင်လွန်းရာ မကျဘူးလား”

“တကယ် ရယ်ရတယ်ဗျာ ဒီလိုဝင်လာဖို့ ဘယ်သူက စဉ်းစားခဲ့တာလဲ။ ဒါက ကြည့်လို့ကောင်းတယ်လို့ တကယ်ပဲ ထင်နေကြတာလား”

ရယ်သံများ ဟိန်းထွက်သွားသည့်အခါ

“ငါ ထင်သားပဲ...”

လီရန်၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားပြီး ကွမ်းထျန်းယွီကို ဒေါသတကြီး ကြည့်လိုက်မိသည်။ သူသည် မြေကြီးထဲသို့သာ ခေါင်းနှစ်ပြီး ပုန်းနေချင်စိတ် ပေါက်သွားရ၏။ ချန်ကျီရှင်းပင်လျှင် မျက်နှာကို အသာအယာ ကွယ်လိုက်မိသည်။ ဤအခြေအနေမှာ တကယ့်ကို အရှက်ရစရာ ကောင်းလွန်းသည်။

သို့သော် ကွမ်းထျန်းယွီကမူ ဘာကိုမှ မဖြစ်သလို တည်တည်ငြိမ်ငြိမ်ပင်။ ထိုရယ်သံများကို ဂရုမစိုက်ရုံသာမက ကျေနပ်အားရစွာဖြင့် ခေါင်းကိုပင် အသာအယာ ညိတ်လိုက်သေးသည်။

“အင်း... ငါတို့ လိုချင်တဲ့ အကျိုးသက်ရောက်မှုက အတိအကျ ဒါပဲလေ”

All Chapters