← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း။ ၁၄၉

“ကောင်းပြီ... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ကြနဲ့"

တည်ငြိမ်အေးဆေးသော အသံတစ်သံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျယ်လောင်စွာ ရယ်မောနေကြသော မြောက်ဘက်တောင်ထိပ်တပည့်များမှာ ခေါင်းခါယမ်းလျက် သူတို့၏ ရယ်သံများကို ချက်ချင်းပင် ထိန်းသိမ်းလိုက်ကြသည်။ မြောက်ဘက်တောင်ထိပ်တပည့်များကို ဦးဆောင်လာသော ခန်ရုံသည် ချန်ကျီရှင်းတို့ သုံးဦးဘက်သို့ လှည့်ကာ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းတစ်ချက်ညိတ်ပြရင်း ပြုံးလိုက်သည်။

“ကွမ်းကျန့်ချွမ်း... မင်းတို့ တောင်ဘက်တောင်ထိပ်ရဲ့ ဝင်လာတဲ့ပုံစံက တကယ့်ကို ဆန်းသစ်လှပပါပေတယ်"

သူတို့သုံးဦးထဲမှ ဆံပင်အနက်ရောင်များ ခါးအထိ ရှည်လျားစွာ ချထားသော ဖန်နိုင်က ချန်ကျီရှင်းကို တောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“အိုး... မင်းလည်း စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ပေါက်မြောက်သွားတာပဲလား"

ချန်ကျီရှင်း ပြန်မဖြေရသေးမီမှာပင် သူက ဆက်လက်၍ ဖြဲပြုံးရင်း ပြောလိုက်သည်။

“ကောင်းတယ်... ကောင်းတယ်... ဒါမှ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမှာ မဟုတ်ရင် မင်းက အရမ်းအားနည်းနေရင် ငါ မတော်တဆ လက်လွန်ပြီး မင်းကို ဒုက္ခိတဖြစ်အောင် လုပ်မိမှာ စိုးလို့"

ချန်ကျီရှင်းက အေးစက်စွာ ပြုံးလိုက်ပြီး “ကျွန်တော့်ရဲ့ အစွမ်းကလည်း ခင်ဗျားရဲ့ ပါးစပ်သန်သလောက် ရှိနေဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကလည်း လူသတ်မိရင် မတော်တဆ သတ်မိတတ်လို့ပါပဲ"

ဤစကားကို ကြားလိုက်ရသည့်အခါ တောင်ဘက်တောင်ထိပ်ရော မြောက်ဘက်တောင်ထိပ်တပည့်များပါ အံ့အားသင့်သွားကြသည်။

ဘယ်အချိန်ကတည်းက စတင်ခဲ့သည်မသိသော်လည်း မြောက်ဘက်တောင်ထိပ်သည် တောင်ဘက်တောင်ထိပ်၏ အထက်၌ ရှိနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ပုံမှန်အားဖြင့် မြောက်ဘက်တောင်ထိပ်တပည့်များက လှောင်ပြောင်လျှင် တောင်ဘက်တောင်ထိပ်သားများမှာ ငြိမ်ခံနေလေ့ရှိသော်လည်း ယခုကဲ့သို့ ချန်ကျီရှင်း၏ ပြတ်သားသော တုံ့ပြန်မှုမှာ အလွန်ပင် ရှားပါးသည်။

ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ဖန်နိုင်က အားရပါးရ ရယ်မောလိုက်ပြီး သူ၏ စူးရှသော သွားများကို ဖော်ပြလျက်

“ဟားဟားဟား... စိတ်ဝင်စားဖို့ ကောင်းတယ် ငါက မင်းလို လူမျိုးကိုမှ ကြိုက်တာကွ အရိုက်ခံရရင်တောင် စကားတစ်လုံးမှ ပြန်မပြောဝံ့တဲ့ ငကြောက်တွေနဲ့ မတူဘူး”

“ရှောင်ပင်း... မင်း တတိယအဆင့်အထိ ရောက်လာနိုင်ဖို့ ငါ မျှော်လင့်ပါတယ်။ ငါ အဲဒီမှာ စောင့်နေမယ်”

ပြောပြီးသည်နှင့် ဖန်နိုင်က ရှေ့ဆက်မတိုးတော့ဘဲ လူအုပ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

“ကံကောင်းပါစေ"

ခန်ရုံက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ တောင်ဘက်တောင်ထိပ်တပည့်များကို ပြုံးပြလိုက်ပြီး သူလည်း လူအုပ်ထဲသို့ ဝင်သွားတော့သည်။

ကျွီ...

ကွမ်းဟဲခန်းမဆောင်၏ ကြီးမားလေးလံလှသော တံခါးကြီးများမှာ အပြင်ဘက်သို့ ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့သည်။ ခန်းမအတွင်းမှ အရိပ်ရှည်ကြီး သုံးခု ထွက်ပေါ်လာသည်။

အလယ်မှ ပုဂ္ဂိုလ်၏ အနောက်ဘက် တစ်ဖက်တစ်ချက်စီတွင် ကောင်းကင်ပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် လှပသော တာအိုသီလရှင်တစ်ဦးနှင့် မှုန်သုန်သော မျက်နှာထား၊ မုတ်ဆိတ်တိုများရှိသည့် တည်ကြည်သော လူလတ်ပိုင်း အမျိုးသားတစ်ဦးတို့ လိုက်ပါလာကြသည်။ ထိုသူနှစ်ဦးမှာ အခြားသူများ မဟုတ်ဘဲ တောင်ဘက်တောင်ထိပ်သခင် မုယွဲ့မေနှင့် မြောက်ဘက်တောင်ထိပ်သခင် ထိုပါးကျန်းယီတို့ပင်။

“မြောက်ဘက်တောင်ထိပ်... တောင်ထိပ်သခင်ကို အရိုအသေပေးပါတယ်”

“တောင်ဘက်တောင်ထိပ်... တောင်ထိပ်သခင်ကို အရိုအသေပေးပါတယ်”

သည်းထန်စွာ ရွာသွန်းနေသော မိုးထဲ၌ပင် တောင်ထိပ်နှစ်ခုလုံးမှ တပည့်များမှာ သူတို့၏ တောင်ထိပ်သခင်များကို တစ်ပြိုင်နက်တည်း အလေးပြုလိုက်ကြသည်။ ထို့နောက် သူတို့အားလုံးသည် အလယ်မှ အဘိုးအိုကို ကြည့်ကာ ညီညာစွာ အော်ဟစ်လိုက်ကြသည်။

“တောင်ဘက်တောင်ထိပ်”

“မြောက်ဘက်တောင်ထိပ်”

“သန့်စင်ရာနယ်မြေ အရှင်သခင်ကို အရိုအသေပေးပါတယ်”

“အင်း... ဒီလောက်အထိ အခမ်းအနားတွေ လုပ်နေဖို့ မလိုပါဘူး"

အဘိုးအိုက ပြုံးလျက် ပြောလိုက်သည်။

ချန်ကျီရှင်းသည် ကောင်းကင်လှိုင်း သန့်စင်ရာနယ်မြေ၏ အရှင်သခင် ချင်းထျန်းကျန့်ကို ကြည့်လိုက်မိသည်။ ဖြူဖွေးသော ဆံပင်နှင့် မုတ်ဆိတ်များ၊ အနည်းငယ် ညိုမှောင်သော အသားအရေနှင့် ရှည်လျားစွာ တွဲကျနေသော နားရွက်များမှာ သာမန်တောနေလယ်သမားကြီးတစ်ဦးအလား ရိုးရှင်းလွန်းသည်။

လက်ရှိခေတ်၏ ထိပ်တန်း နိဗ္ဗာနနယ်ပယ်ကျင့်ကြံသူကြီးများထဲမှ တစ်ဦးဖြစ်ပြီး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အရှင်သခင်အဖြစ် နှစ်ပေါင်း ၈၀၀ တိုင်တိုင် အုပ်ချုပ်ကာ ဘုရင်လုပ်လာခဲ့သူပင်။

“ဒီသန့်စင်ရာနယ်မြေအရှင် ချင်းထျန်းကျန့်နဲ့ ငါ့အဘိုး ချန်တောက်ယန်... ဘယ်သူက ပိုသန်မာမလဲမသိဘူး”

ချန်ကျီရှင်းသည် သူ၏စိတ်ထဲတွင် မတွေးဘဲမနေနိုင်တော့ပေ။

ခေတ္တမျှအကြာတွင် ပြိုင်ပွဲ၏စည်းမျဉ်းများကို ကြေညာပြီးနောက် သန့်စင်ရာနယ်မြေအရှင်သခင်က လေးလံသောလေသံဖြင့် မိန့်ကြားလိုက်သည်။

“တောင်ထိပ်နှစ်ခုပြိုင်ပွဲကို အခုပဲ စတင်စေ”

သူ၏စကားအဆုံး၌ သန့်စင်ရာနယ်မြေအရှင်သခင်က သူ၏လက်ဝါးကို အသာအယာ အောက်သို့ဖိချလိုက်သည်။

ထိုခဏချင်းမှာပင်

ဂျိမ်း

တောင်နှစ်ခုကြားရှိ နဂါးငွေ့တန်းတစ်ခုအလား ချိတ်ဆက်စီးဆင်းနေသော ကျယ်ပြောလှသည့် ရေတံခွန်ကြီးမှာ ရုတ်တရက်ဆိုသလို တဖြည်းဖြည်း ရပ်တန့်သွားတော့သည်။ နောက်တစ်ခဏ၌ ထိုရေတံခွန်ရှိခဲ့သော နေရာတွင် ရှေးဟောင်းတောင်ပတ်လမ်း ခြောက်ခု ပေါ်ထွက်လာခဲ့သည်။

“ထျန်းယွီ၊ ရန်အာ၊ ပင်းအာ အောက်ဆင်းပြီး ပြင်ဆင်ကြတော့”

မုယွဲ့မေ၏ လှပသောမျက်ဝန်းများ ဝင်းလက်သွားပြီးနောက် ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ”

ချန်ကျီရှင်းတို့ သုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ကွမ်းဟဲခန်းမဆောင်

အတွင်းမှ ပျံသန်းထွက်ခွာလာခဲ့ကြသည်။ မကြာမီမှာပင် သူတို့သည် တောင်ခြေသို့ ရောက်ရှိသွားကြပြီး အထက်သို့ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ဘုံသို့ ဦးတည်နေသကဲ့သို့ ကျဉ်းမြောင်းပြီး အဆုံးမရှိသော ရှေးဟောင်းလမ်း သုံးသွယ်ကို မြင်တွေ့လိုက်ရ၏။

“ညီလေးရှောင်၊ ညီမလေးလီ... မင်းတို့နှစ်ယောက်က ပြိုင်ပွဲဝင်တာ ပထမဆုံးအကြိမ်ဆိုတော့ အရင်ဆုံး ရွေးချယ်လိုက်ကြပါ”

“ကောင်းပါပြီ"

လီရန်က ခဏမျှစဉ်းစားပြီးနောက် ဘယ်ဘက်အစွန်ဆုံးလမ်းကို ရွေးချယ်လိုက်သည်။ ချန်ကျီရှင်းကမူ ညာဘက်အစွန်ဆုံးလမ်းကိုသာ အေးအေးဆေးဆေး ရွေးလိုက်တော့သည်။

“စကြစို့”

သူတို့သုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ရှေးဟောင်းလမ်း၏ ပထမဆုံးခြေလှမ်းပေါ်သို့ တစ်ပြိုင်နက်တည်း လှမ်းတက်လိုက်ကြသည်။ ဧရာမအစီအရင်ကွက်ကြီးတစ်ခု နိုးထလာသကဲ့သို့ပင် ဆန်းကြယ်သော အဝါရောင်အလင်းတန်းတစ်ခုမှာ လမ်းတစ်ခုလုံးကို လျင်မြန်စွာ ဖြတ်စီးသွားခဲ့သည်။

ထို့နောက် ချန်ကျီရှင်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ မဟာတာအိုမျိုးစေ့သုံးခုစလုံး ချိပ်ပိတ်ခံလိုက်ရသော အားတစ်ခုကို ခံစားလိုက်ရသည်။

“ဒါက ဖိနှိပ်မှုစွမ်းအားလား...”

ချန်ကျီရှင်း၏စိတ်မှာ လှုပ်ရှားသွားသော်လည်း တည်ငြိမ်စွာဖြင့် တောင်ပတ်လမ်း၏ ထိပ်ဘက်ဆီသို့ ဦးတည်လျှောက်လှမ်းသွားခဲ့သည်။ လမ်း၏ဘေးတစ်ဖက်တစ်ချက်စီမှ ထူထပ်သောမြူများ ထွက်ပေါ်လာပြီး လမ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

ချန်ကျီရှင်း ရှေ့သို့တိုးလာသည်နှင့်အမျှ ဤလမ်းပေါ်တွင် ဓမ္မရုပ်သွင်စွမ်းအားကိုသာမက မြေပြင်ကို ကျုံ့စေသောကဲ့သို့သော အရှိန်နှုန်းမြှင့် ကျင့်စဉ်များကိုပါ အသုံးပြု၍မရကြောင်း တွေ့ရှိလိုက်ရသည်။

“ဒါဆို ငါက တိုက်ခိုက်ပြီးတော့ပဲ တက်သွားရတော့မှာပေါ့”

ချန်ကျီရှင်း၏ နှုတ်ခမ်းထောင့်များ အသာအယာ ကွေးညွတ်သွားသည်။

ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက တပည့်တွေဆိုတာ ဘယ်လောက်အထိ အရည်အချင်းရှိမလဲဆိုတာ ငါတကယ်ကို သိချင်နေမိပြီ။

ဝုန်း

ချန်ကျီရှင်း၏ ခြေလှမ်းများမှာ ရုတ်တရက် မြန်ဆန်လာပြီး လေးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား အရှိန်အဟုန်နှင့် ပြေးထွက်သွားတော့သည်။ ထူထပ်လှသော မြူလွှာများကို သူက တရစပ် ထိုးခွဲသွားခဲ့သည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်ကာလတွင်မူ ချန်ကျီရှင်း၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။ သူက မော့ကြည့်လိုက်ရာ သူ၏ရှေ့မှောက်တွင် ကျယ်ပြောလှသော မြူထုကြီးမှာ တဖြည်းဖြည်း ကင်းစင်သွားပြီး ထူထပ်လေးလံသော မြူမှောင်များကြားမှ မရေမတွက်နိုင်သော အရိပ်မည်းများ တရွေ့ရွေ့ ထွက်ပေါ်လာသည်။ သူတို့သည် တောင်ပတ်လမ်းတစ်ခုလုံးကို ပြည့်နှက်နေပြီး တစ်ချက်ကြည့်ရုံနှင့်ပင် ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းထားကာ အဆုံးမရှိသယောင် ထင်မှတ်ရသည်။

“စစ်မှန်သောတပည့်ရှောင်... ငါတို့ မင်းကို စောင့်နေတာ ကြာပြီကွ"

မြောက်ဘက်တောင်ထိပ်မှ ဦးဆောင်လာသော စစ်မှန်သောတပည့်တစ်ဦးက အေးစက်သော အပြုံးတစ်ခုကို ဖော်ပြလျက် ပြောလိုက်သည်။

ဒိုင်း

ထိုမြောက်ဘက်တောင်ထိပ်တပည့်၏ လက်ထဲတွင် အနက်ရောင် ကမ္ဘာသုံးခွလှံရှည်ကြီးတစ်ခု ပေါ်ထွက်လာသည်။ သူက လှံကိုကိုင်ကာ ထိပ်ဖျားကို မြေပြင်သို့ ချိန်ရွယ်ထားပြီး တောင်လေညင်းက သူ၏ ရှည်လျားသော ဆံနွယ်နက်များကို အသာအယာ ဝှေ့ယမ်းနေစေသည်။ သူက အထက်မှနေ၍ ချန်ကျီရှင်းကို ငုံ့ကြည့်ကာ “ငါက မြောက်ဘက်တောင်ထိပ်ရဲ့ တာအိုမျိုးစေ့လုဖေပဲ။ တောင်ထိပ်သခင်ရဲ့ အမိန့်အရ ဒီနေရာမှာ ကြားဖြတ်တားဆီးဖို့ ရောက်နေတာ”

“စစ်မှန်သောတပည့်ရှောင်... ငါ ဒီမှာရှိနေသရွေ့ ဒီလမ်းဟာ မင်းအတွက် တားမြစ်နယ်မြေပဲ”

ကွမ်းဟဲခန်းမဆောင်အတွင်း၌ သန့်စင်ရာနယ်မြေအရှင် ချင်းထျန်းကျန့်က အထက်ဆုံးနေရာ၌ ထိုင်နေပြီး သူ၏အောက်ဘက်တွင် တောင်ဘက်တောင်ထိပ်သခင် မုယွဲ့မေနှင့် မြောက်ဘက်တောင်ထိပ်သခင် ထိုပါးကျန်းယီတို့မှာ တစ်ဖက်တစ်ချက်စီ ထိုင်နေကြသည်။ ခန်းမ၏ အလယ်ဗဟိုတွင်မူ ဧရာမ နက်မှောင်သောအလင်းမှန်ချပ်ကြီးတစ်ခု ချိတ်ဆွဲထားပြီး ရှေးဟောင်းတောင်ပတ်လမ်း ခြောက်ခုစလုံး၏ အခြေအနေများကို ပြသနေသည်။

“တောင်ထိပ်သခင်မု... မင်းက တကယ့်ကို သတ္တိရှိတာပဲ။ မင်းရဲ့တပည့် ရှောင်ပင်းကို စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ထဲ ရောက်အောင် လျှို့ဝှက်ကျင့်စဉ်တွေနဲ့ အတင်းအဓမ္မ ကူညီပေးခဲ့တာကိုး"

ထိုပါးကျန်းယီက ခန့်ညားထည်ဝါသော ကိုယ်ဟန်ဖြင့် အေးဆေးစွာ ပြောလိုက်သည်။ မုယွဲ့မေက သူမ၏ နဖူးပေါ်မှ ဆံစကလေးကို အသာအယာ သပ်တင်လိုက်ရင်း ပြုံးကာ “တောင်ထိပ်သခင် ထော့ပါကလည်း အတူတူပဲ မဟုတ်ဘူးလား”

“အတူတူပဲ ဟုတ်လား”

ထိုပါးကျန်းယီက ခေါင်းခါယမ်းကာ “ငါ့တပည့် ဖန်နိုင်က ရှေးဟောင်းလူရိုင်းသွေးမျိုးစုံကို ပိုင်ဆိုင်ထားတဲ့ ထူးခြားတဲ့ပါရမီရှင်ပဲ။ ငါက နည်းနည်းပဲ လမ်းညွှန်ပေးလိုက်တာနဲ့ သူက အလိုလို စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကို ရောက်သွားတာ။ ဒါပေမဲ့ မင်းရဲ့တပည့် ရှောင်ပင်းကတော့ နတ်ဘုရားခရီးသွား တတိယအဆင့်မှာတင် ရှိနေသေးတာလေ။ သူ့ကို ကောင်းကင်လှည့်စားကျင့်စဉ်နဲ့ ယင်နဲ့ယန်ကို ပြောင်းပြန်လှန်ပြီး ကောင်းကင်ဘုံရဲ့ အလိုကို ဆန့်ကျင်ပြီးမှ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ထဲကို အနိုင်နိုင် ရောက်အောင် လုပ်ပေးခဲ့ရတာ။ ဒါကို ဘယ်လိုလုပ် အတူတူပဲလို့ ပြောလို့ရမှာလဲ”

သူက ခေတ္တရပ်ကာ တွန့်လိမ်နေသော မျက်နှာထားဖြင့် ပြုံးလိုက်ပြီး “တောင်ထိပ်သခင်မု... ကြည့်ရတာ မင်းက ရှောင်ပင်းအပေါ်မှာ အကုန်ပုံအောထားတဲ့ပုံပဲ။ ဒါပေမဲ့ နှမြောဖို့ကောင်းတာက...”

ထိုပါးကျန်းယီက အလင်းမှန်ချပ်ကို မော့ကြည့်လိုက်ရာ သူ၏အပြုံးမှာ ပိုမိုနက်ရှိုင်းသွားသည်။

“အကန့်အသတ်ကို ကျော်ဖြတ်နိုင်တဲ့ မွေးရာပါ ဝိညာဉ်ခန္ဓာပိုင်ရှင်တစ်ယောက်က ငါ့ရဲ့ လေးစားမှုကို ရထိုက်ပါတယ်"

မုယွဲ့မေ မျက်မှောင်ကြုတ်သွားသည်။ မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသဖြင့် သူမလည်း အလင်းမှန်ချပ်ကို မော့ကြည့်လိုက်မိသည်။ မှန်ချပ်အတွင်းရှိ ချန်ကျီရှင်း၏ ပုံရိပ်တွင်မူ ထူထပ်သောမြူများ ကင်းစင်သွားပြီးနောက် ကောင်းကင်နှင့်မြေကြီးကို ပြည့်နှက်နေသော မြောက်ဘက်တောင်ထိပ်တပည့်ပေါင်း များစွာကို မြင်တွေ့လိုက်ရသည်။

“မြောက်ဘက်တောင်ထိပ်တပည့် ခြောက်ရာထဲမှာ လေးရာကို ရှောင်ပင်းကို တားဆီးဖို့အတွက်ပဲ သုံးထားတာ”

ထိုပါးကျန်းယီက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

“တောင်ထိပ်သခင်မု... မင်းရဲ့ ရှောင်ပင်းက ဒီလူတွေကို ယှဉ်နိုင်လိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား”

ဤစကားကို ကြားလိုက်ရသည့်အခါ မုယွဲ့မေ၏ မျက်ဝန်းအစုံမှာ ရုတ်တရက် ကျဉ်းမြောင်းသွားတော့သည်။

“သတ်ကြဟေ့”

မြောက်ဘက်တောင်ထိပ်တပည့်လေးရာ၏ ဟိန်းဟောက်သံများမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး တောင်ပတ်လမ်းတစ်ခုလုံးကို တုန်ခဲသွားစေသည်။ မိုးခြိမ်းသံပမာ ကျယ်လောင်လှသော ထိုအသံများသည် ကောင်းကင်နှင့်မြေကြီးကိုပင် လှုပ်ခတ်သွားစေတော့သည်။

ရှုး...

အနက်ရောင် ကမ္ဘာသုံးခွလှံရှည်ကြီးသည် မြေပြင်ပေါ်၌ တရွတ်တိုက်ပါလာပြီး ရှည်လျားသော မီးပွင့်များကို တောက်လောင်စေခဲ့သည်။ လက်ပြတ်အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လုဖေသည် ရှေးဟောင်းလမ်း၏ ကျောက်လှေကားထစ်များကို အရှိန်ပြင်းပြင်း နင်းခြေကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။

“ပြန်ဆုတ်သွားစမ်း”

လုဖေ၏ ဆံနွယ်များမှာ လေထဲ၌ ရူးသွပ်စွာ ဝေ့ယမ်းနေပြီး သူ၏မျက်ဝန်းထဲ၌ ရက်စက်သော အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။ သူက လှံရှည်ကြီးကို အားကုန်လွှဲကာ ချန်ကျီရှင်းထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။ ထိုလှံချက်မှာ အရာအားလုံးကို နှစ်ပိုင်းပိုင်းဖြတ်ပစ်မည့် လျှပ်စီးတန်းတစ်ခုအလားပင်။

ဂလန်း

လှံချက်က ချန်ကျီရှင်းဆီသို့ မရောက်မီမှာပင် လုဖေသည် မမြင်နိုင်သော နံရံတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ သူ၏တစ်ကိုယ်လုံး လေထဲ၌ ရပ်တန့်သွားခဲ့ရသည်။

“ညံ့ဖျင်းလိုက်တာ"

ချန်ကျီရှင်းက ရှေ့သို့လက်လှမ်းလိုက်ပြီး သူ၏လက်ချောင်းငါးချောင်းကို အသာအယာ ဆုပ်ကိုင်လိုက်သည်။

ဝုန်း

ပြင်းထန်လှသော ဆွဲငင်အားတစ်ခုမှာ ချန်ကျီရှင်း၏ လက်ဝါးအတွင်းမှ ရုတ်တရက် ပေါက်ကွဲကာ ထွက်ပေါ်လာသည်။ လုဖေမှာ ဧရာမတူကြီးနှင့် ထုရိုက်ခံလိုက်ရသကဲ့သို့ အနောက်သို့ လွင့်စင်သွားပြီး သူ၏နောက်မှ လိုက်ပါလာသော တပည့်ပေါင်းများစွာကိုပါ တိုက်မိလျက် လဲကျသွားတော့သည်။

ဖူး

လုဖေသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီး ချန်ကျီရှင်းကို ကြည့်ကာ လှံကိုအားပြုလျက် မနည်းထရပ်လိုက်ရသည်။ သူက အက်ရှရှအသံဖြင့် အမိန့်ပေးလိုက်သည်။

“သူ့ကို ဝိုင်းတိုက်ကြစမ်း”

“ဟုတ်ကဲ့”

ခဏချင်းမှာပင် မြောက်ဘက်တောင်ထိပ်တပည့် လေးရာစလုံးမှာ ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ချန်ကျီရှင်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြတော့သည်။ အချို့က လက်သီးဖြင့်ထိုး၊ အချို့က ခြေထောက်ဖြင့်ကန်၊ အချို့ကလည်း နတ်ဘုရားလက်နက်များကို ကိုင်ဆောင်ကာ ချန်ကျီရှင်းကို တရစပ် ခုတ်ပိုင်းနေကြ၏။

“အမှိုက်သရိုက်တွေ”

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ဖြတ်ခနဲ ပွင့်လာပြီး တောက်ပသော ရောင်ဝါများမှာ ချက်ချင်းပင် ထွက်ပေါ်လာသည်။

“ရပ်စမ်း”

ချန်ကျီရှင်း၏ စကားတစ်ခွန်းအဆုံးတွင် ပြင်းထန်လှသော စိတ်ဝိညာဉ်အသိစိတ်များမှာ လေမုန်တိုင်းတစ်ခုအလား ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ထိုအခိုက်အတန့်၌ အချိန်များပင် ရပ်တန့်သွားသယောင် ရှိတော့သည်။ ပြေးဝင်လာသော မြောက်ဘက်တောင်ထိပ်တပည့်များမှာ ရပ်တန့်ခြင်းခလုတ်ကို နှိပ်လိုက်သကဲ့သို့ လေထဲ၌ပင် တန့်သွားကြသည်။

ချန်ကျီရှင်းက ခြေလှမ်းကို တည်ငြိမ်စွာ လှမ်းလိုက်ရာ သူ၏ပုံရိပ်မှာ လေထဲ၌ အရိပ်များစွာ ဖြာထွက်သွားပြီး လေထဲ၌ တန့်နေသော တပည့်များကြားမှ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။

ဖူး... ဖူး... ဖူး... ဖူး... ဖူး

ချန်ကျီရှင်း၏ ပုံရိပ် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် တပည့်များမှာ မိုးရေစက်များအလား မြေပြင်ပေါ်သို့ တစ်ဦးပြီးတစ်ဦး လဲကျကုန်ကြတော့သည်။ သို့သော်လည်း ခဏအကြာတွင် နောက်ထပ် တပည့်ပေါင်းများစွာမှာ ချန်ကျီရှင်းထံသို့ ထပ်မံ အော်ဟစ်ဝင်ရောက်လာကြပြန်သည်။

“သတ်ကြဟေ့”

“ငါတို့မှာ လူအင်အား အများကြီးရှိတယ် သူ့ကို လူအုပ်နဲ့ ဖိတိုက်လို့ရတယ်”

“သူ့ကို တားထားကြစမ်း ငါတို့ မြောက်ဘက်တောင်ထိပ်က စစ်မှန်သောတပည့်တွေအတွက် အချိန်ဆွဲပေးရမယ်”

“ရှောင်ပင်း... ငါပြောပြီးပြီလေ။ ဒီလမ်းက မင်းအတွက် တားမြစ်နယ်မြေပဲလို့”

ချန်ကျီရှင်းက ခြေလှမ်းကို ရပ်လိုက်ပြီး ခေါင်းကို မော့ကာ ရက်စက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ မြောက်ဘက်တောင်ထိပ်တပည့် ရာကျော်မှာ သူ့ထံသို့ ပျားအုံကြွသကဲ့သို့ အလုံးအရင်းနှင့် ပြေးဝင်လာနေကြပြီ ဖြစ်သည်။

“သဲတွေက ဘယ်လောက်ပဲ နံရံတစ်ခုလို စုစည်းထားပါစေ... တစ်ချက်တည်း ကန်လိုက်ရုံနဲ့ ပြိုကျသွားမယ့် သဲရဲတိုက်တစ်ခုထက် မပိုပါဘူး”

နောက်တစ်ခဏ၌ ချန်ကျီရှင်းသည် သူ၏လက်နှစ်ဖက်ကို ကောင်းကင်နှင့်မြေကြီးအား ပွေ့ဖက်လိုက်သကဲ့သို့ ဘေးသို့ ကျယ်ပြန့်စွာ ဆန့်ထုတ်လိုက်သည်။

“ကခုန်ကြစမ်း”

“မဟာစကြာဝဠာ ဆွဲငင်စွမ်းအား”

အခန်း။ ၁၅၀

ရှုး... ရှုး...

ရှေးဟောင်းလမ်း၏ ကျောက်လှေကားထစ်များပေါ်ရှိ ကျောက်မှုန်ကျောက်စကလေးများသည် မြေပြင်ပေါ်တွင် တလိမ့်လိမ့်ဖြစ်နေပြီးနောက် လေထဲသို့ တဖြည်းဖြည်း မြောက်တက်လာကြသည်။ ဟင်းလင်းပြင်တစ်ခုလုံးမှာ ရေလှိုင်းဂယက်များ ထနေသကဲ့သို့ တုန်ခါနေတော့သည်။

နောက်တစ်ခဏ၌

ဝုန်း

ချန်ကျီရှင်းက လက်ကိုမြှောက်လိုက်သည်နှင့် ပေါင်သန်းပေါင်းများစွာရှိသော အလေးချိန်

ထက်မက ပြင်းထန်လှသည့် ဆွဲငင်အားတစ်ခုမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကျင့်ကြံသူများအတွက်မူ ဤအရာမှာ ကြီးမားသော သက်ရောက်မှု မရှိနိုင်သော်လည်း နတ်ဘုရားခရီးသွားကိုးဆင့်ထက်မပိုသော ဤတပည့်များအတွက်မူ ၎င်းမှာ သေမင်းတမန်လက်နက်တစ်ခုပင်။

မျက်နှာများ ပုံပျက်ပန်းပျက်ဖြစ်ကာ အော်ဟစ်ကြုံးဝါးပြီး ပြေးဝင်လာသော မြောက်ဘက်တောင်ထိပ်တပည့် ရာပေါင်းများစွာမှာ မမြင်နိုင်သော နံရံတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ ချက်ချင်းပင် ရပ်တန့်သွားကြရသည်။

ထို့နောက် သူတို့သည် သူတို့၏ ခန္ဓာကိုယ်များမှာ ထိန်းချုပ်၍မရတော့ဘဲ လေထဲသို့ တရွေ့ရွေ့ မြောက်တက်သွားသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရတော့သည်။

“ဒါ... ဒါက ဘာဆန်းကြယ်တဲ့ အတတ်လဲဟ”

“ငါ့ခန္ဓာကိုယ်ကို ထိန်းလို့မရတော့ဘူး”

“လွှတ်... ငါ့ကို လွှတ်ပေးကြပါဦး”

မြောက်ဘက်တောင်ထိပ်တပည့်များမှာ တစ်ဦးပြီးတစ်ဦး ရုန်းကန်ရင်း မသိနိုင်သော စွမ်းအားတစ်ခု၏ ရှေ့မှောက်တွင် ကြောက်လန့်တကြား အော်ဟစ်နေကြရသည်။ မဟာစကြာဝဠာ ဆွဲငင်စွမ်းအား၏ ဆွဲဆောင်မှုအောက်တွင် သူတို့မှာ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်ခွင့် ဆုံးရှုံးသွားရပြီး ဆွဲငင်အားကင်းမဲ့သွားသကဲ့သို့ လေထဲတွင် ဟိုယိုင်ဒီယိုင်ဖြင့် ကခုန်နေကြရသော အရုပ်များအလားပင်။

“ပေါင်းစည်းစမ်း”

ချန်ကျီရှင်းက မျက်လုံးကိုဖွင့်ကာ ဘေးသို့ဆန့်ထုတ်ထားသော လက်နှစ်ဖက်ကို အလယ်သို့ ဖြည်းညှင်းစွာ စုဆုံလိုက်သည်။

ဘုန်း ဘုန်း ဘုန်း

ဒိုင်း ဒိုင်း ဒိုင်း

ချက်ချင်းဆိုသလိုပင် လေထဲ၌ မျောပါနေသော မြောက်ဘက်တောင်ထိပ်တပည့်များစွာမှာ ကြိုးပြတ်သွားသော ရုပ်သေးရုပ်များအလား တစ်ဦးနှင့်တစ်ဦး အရှိန်အဟုန်ဖြင့် တိုက်မိကုန်ကြတော့သည်။

“မလုပ်ပါနဲ့”

ကြောက်လန့်တကြား အော်ဟစ်သံများသာ ပျံ့လွင့်လာတော့သည်။ ဥက္ကာခဲအုပ်စုနှစ်ခု ထိပ်တိုက်တွေ့ဆုံသကဲ့သို့ပင်။ မြောက်ဘက်တောင်ထိပ်တပည့်များစွာမှာ တစ်ဦးကိုတစ်ဦး ပြင်းထန်စွာ တိုက်မိကြပြီးနောက် ကောင်းကင်ယံမှ မိုးရေစက်များအလား မြေပြင်ပေါ်သို့ ပျော့ခွေစွာ လဲကျကုန်ကြသည်။ အသက်ရှင်သလား သေသလားပင် မသိနိုင်တော့ပေ။

မေပယ်ရွက်အလား နီရဲသော ဝတ်ရုံကို ဝတ်ဆင်ထားသော ချန်ကျီရှင်းမှာမူ အေးဆေးတည်ငြိမ်စွာဖြင့် လှေကားထစ်များအတိုင်း ဆက်လက် တက်လှမ်းနေခဲ့သည်။ မြောက်

ဘက်တောင်ထိပ်တပည့် စုစုပေါင်း လေးရာရှိသည့်အနက် ထက်ဝက်မှာ လဲကျသွားခဲ့၏။

ချန်ကျီရှင်း ရှေ့သို့ တက်လာသည်နှင့်အမျှ ကျန်ရှိနေသော တပည့် နှစ်ရာခန့်မှာ တစ်လှမ်းချင်း အနောက်သို့ ဆုတ်ခွာနေကြရသည်။ သူတို့သည် ချန်ကျီရှင်းကို စူးစိုက်ကြည့်နေကြပြီး နဖူးပေါ်တွင် ချွေးစေးများ ထွက်နေကာ လက်ဝါးများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် ချွေးစိုနေကြသည်။

လူသိနည်းပြီး အေးဆေးလှသည်ဟု ထင်ရသော တောင်ဘက်တောင်ထိပ်စစ်မှန်သောတပည့် ရှောင်ပင်းမှာ သူတို့ထင်ထားသည်ထက် များစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းနေသည်။

တပည့်ပေါင်း လေးရာက ကြားဖြတ်တားဆီးသော်လည်း သူ၏ အင်္ကျီစကိုပင် မထိနိုင်ဘဲ ထက်ဝက်မှာ အလဲထိုးခံလိုက်ရသည်။

“ဘာလို့ ဆုတ်နေကြတာလဲကွ”

ထိုစဉ် ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ယပ်တောင်အလား ကြီးမားသော လက်ကြီးတစ်ဖက်က မြောက်ဘက်တောင်ထိပ်တပည့်များကို ရိုင်းစိုင်းစွာပင် ဘေးသို့ တွန်းဖယ်လိုက်သည်။

၎င်းနောက်တွင်မူ အရပ်သုံးမီတာနီးပါး မြင့်မားပြီး ခါးအထက်ပိုင်း ဗလာကျင်းထားသော၊ အောက်ပိုင်းတွင် သံဝတ်စုံကို ဝတ်ဆင်ထားကာ လက်နှစ်ဖက်တွင် ဧရာမတူကြီးနှစ်လုံးကို ကိုင်ဆောင်ထားသည့် ထွားကျိုင်းသော လူသန်ကြီးတစ်ဦး လူအုပ်ထဲမှ ထွက်ပေါ်လာသည်။ ထိုသူ့တွင် ဆံပင်မရှိဘဲ ဦးခေါင်းနောက်ဘက်တွင် လက်ညှိုးခန့်အထူရှိသော ကျစ်ဆံမြီးတစ်

ချောင်းသာ ရှိပြီး ချန်ကျီရှင်းကို ဒေါသတကြီး စူးစိုက်ကြည့်နေတော့သည်။

“ငါက မြောက်ဘက်တောင်ထိပ်ရဲ့ တာအိုမျိုးစေ့ယုပဲ”

“ဒီပထမအဆင့်ကို ကျော်ချင်ရင် ငါ့အလောင်းကို အရင်ကျော်သွားမှရမယ်”

သူက စိတ်ဓာတ်မြှင့်တင်သည့်အနေဖြင့် သူ၏လက်ထဲရှိ ဧရာမတူကြီးနှစ်လုံးကို အားကုန်လွှဲကာ ရိုက်နှိပ်လိုက်ရာ ကမ္ဘာပျက်မတတ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာတော့သည်။

ဒိုင်း ဒိုင်း

တူကြီးနှစ်လုံး ရိုက်မိသည့်အရှိန်ကြောင့် ရှေးဟောင်းလမ်းတစ်ခုလုံး သိသိသာသာ တုန်ခါသွားရ၏။

“အားလုံး တိုက်ကြစမ်း”

ရုဖ်က သူ၏တူကြီးများဖြင့် မြေပြင်ကို ထုနှက်ကာ ကောင်းကင်ယံသို့ မော့၍ ဟိန်းဟောက်လိုက်သည်။

ခဏချင်းမှာပင်ကျန်ရှိနေသော မြောက်ဘက်တောင်ထိပ်တပည့် နှစ်ရာစလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ အံကြိတ်လျက် ချန်ကျီရှင်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြတော့သည်။ ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားသော ကျိုင်းကောင်အုပ်ကြီး တစ်သိုက် ဖြတ်သန်းသွားသကဲ့သို့ပင်။

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ရေပြင်ကဲ့သို့ အေးစက်တည်ငြိမ်နေသည်။ သူက အသက်ကို ဝဝရှူလိုက်ပြီးနောက် စကားလုံးလေးလုံးကို အေးစက်စွာ ရေရွတ်လိုက်သည်။

“စိတ်အာရုံ ဖန်တီးခြင်း”

ဝှူး

ချက်ခြင်းဆိုသလိုပင် ချန်ကျီရှင်း၏ အသိစိတ်ပင်လယ်အတွင်းရှိ စိတ်ဝိညာဉ်အသိစိတ်အားလုံးမှာ နိုးထလာခဲ့သည်။ ထိုအသိစိတ်များသည် ကောင်းကင်နှင့်မြေကြီးကို ခွဲထုတ်ပစ်မည့် ဒီရေလှိုင်းများအလား အရှိန်အဟုန်ဖြင့် ပြေးထွက်သွားပြီး ရာပေါင်းများစွာသော အစိတ်အပိုင်းများအဖြစ် ကွဲထွက်ကာ မြောက်ဘက်တောင်ထိပ်တပည့်များ၏ အသိစိတ်ပင်လယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

နောက်တစ်ခဏ၌ ချန်ကျီရှင်းထံသို့ တရကြမ်း ပြေးဝင်လာနေကြသော မြောက်ဘက်

တောင်ထိပ်တပည့်ပေါင်းများစွာမှာ ရုတ်တရက် ရပ်တန့်သွားကြသည်။ သူတို့သည် ကျောက်ရုပ်များအလား အေးခဲသွားပြီး မျက်ဝန်းများမှာလည်း တဖြည်းဖြည်း ဗလာကျင်းလာကာ မျက်နှာထက်တွင် ဇဝေဇဝါဖြစ်နေသော အမူအရာများ ပေါ်ပေါက်လာတော့သည်။

“ဟင် ဘာတွေဖြစ်နေတာလဲ”

တာအိုမျိုးစေ့ယုသည် မျက်မှောင်ကြုတ်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။

“ကြောက်တတ်တဲ့ အကောင်တွေ... စမ်းသပ်မှုလေး တစ်ခုကိုတောင် ကြောက်နေကြတာလား။ ထားလိုက်တော့... ငါပဲ အရင်ဆုံး တိုက်ပြမယ်...”

သူ စကားပြောနေစဉ်မှာပင် မြောက်ဘက်တောင်ထိပ်တပည့် နှစ်ရာစလုံးမှာ ခေါင်းကို တောင့်တောင့်ကြီး လှည့်လိုက်ကြပြီး သူ့ကို စုပေါင်းကြည့်နေကြသည်ကို သူ ရုတ်တရက် သတိပြုမိလိုက်သည်။ သူတို့၏ မျက်ဝန်းများအတွင်းမှ နီရဲသော အလင်းတန်းလေးများ စိမ့်ထွက်လာနေကြပြီ ဖြစ်သည်။

“မင်းတို့ ဘာလုပ်ချင်လို့လဲ...”

ယုမှာ ထိတ်လန့်သွားရ၏။

သူ စကားမဆုံးမီမှာပင်

ဝုန်း ဝုန်း ဝုန်း

ဝုန်း ဝုန်း ဝုန်း

တပည့်ပေါင်း နှစ်ရာစလုံးမှာ မျက်လုံးများ နီရဲတောက်လျက် ပါးစပ်မှ အငမ်းမရ တံတွေးများယိုရင်း သူ့ထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင်တိုက်ခိုက်ကြတော့သည်။

“အရူးတွေ မင်းတို့ ဘာလုပ်နေတာလဲ”

“မင်းတို့ပြိုင်ဘက်က ရှောင်ပင်းလေ ငါမဟုတ်ဘူး”

ရုဖ်မှာ အကြိမ်ကြိမ် အော်ဟစ်နေသော်လည်း မြောက်ဘက်တောင်ထိပ်တပည့် ဒါဇင်ပေါင်းများစွာကို မနည်းရိုက်ထုတ်နေရပြီး နောက်ဆုံးတွင် အဆုံးမရှိသော တပည့်အုပ်ကြီးအောက်၌ ခဏချင်းမှာပင် နစ်မြုပ်သွားတော့သည်။

ချန်ကျီရှင်း၏ မျက်ဝန်းအစုံ၌မူ တောက်ပသော တာအိုရောင်ဝါများမှာ လည်ပတ်နေပြီး သူသည် လှေကားထစ်များအတိုင်း တစ်လှမ်းချင်း အေးဆေးစွာ တက်လှမ်းနေပေတော့သည်။

ကွမ်းဟဲခန်းမဆောင်အတွင်း၌

ဒိုင်း

မြောက်ဘက်တောင်ထိပ်သခင် ထိုပါးကျန်းယီသည် သူ၏ထိုင်ခုံမှ ရုတ်တရက် ထရပ်လိုက်ပြီး အလင်းမှန်ချပ်ကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။

“ဒါ... ဒါက တောင်ဘက်တောင်ထိပ်ရဲ့ အဓိကကျင့်စဉ် စတုတ္ထအဆင့် စိတ်အာရုံ ဖန်တီးခြင်းပဲ”

ထိုပါးကျန်းယီ၏ မျက်နှာတစ်ခုလုံး အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားရသည်။

ဒီရှောင်ပင်းဆိုတဲ့ လူငယ်လေးက တောင်ဘက်တောင်ထိပ်မှာ ကျင့်ကြံနေတာ ဘယ်လောက်မှ မကြာသေးဘူးလေ….

တောင်ဘက်တောင်ထိပ်၏ အဓိကကျင့်စဉ် စတုတ္ထအဆင့်ဖြစ်သော စိတ်အာရုံ ဖန်တီးခြင်းကို အသုံးပြုနိုင်ရုံသာမက မြောက်ဘက်တောင်ထိပ်တပည့် နှစ်ရာကိုပါ တစ်ပြိုင်နက်တည်း စိတ်အာရုံလှည့်စားမှုထဲသို့ ဆွဲသွင်းနိုင်ခဲ့သည်။

ဤကဲ့သို့သော အစွမ်းမျိုးမှာ အံ့ဩမှင်သက်စရာပင်။

ဒါ... ဒါက လူသားတစ်ယောက်ရဲ့ စွမ်းဆောင်ရည် ဟုတ်ရဲ့လား။ တပည့်ပေါင်း နှစ်ရာ... တစ်ယောက်တည်း မဟုတ်ဘူး နှစ်ရာတောင်လေ။ အဲဒီလူအားလုံးကို မျက်တောင်တစ်ခတ်

အတွင်းမှာ စိတ်အာရုံမှားအောင် လုပ်နိုင်ဖို့ဆိုတာ... သူရဲ့ စိတ်ဝိညာဉ်အသိစိတ်က ဘယ်လောက်တောင် ကြီးမားနေရမှာလဲ။

သူ့ရဲ့ တတ်မြောက်မှုကရော ဘယ်လောက်အထိ နက်ရှိုင်းနေလို့လဲ။ ဒါက စိတ်ဝိညာဉ်အင်အား တောင့်တင်းရုံနဲ့တင် မလုံလောက်ဘူး။

စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

“ဒါက အကန့်အသတ်ကိုကျော်တဲ့ မွေးရာပါ ဝိညာဉ်ခန္ဓာရဲ့ အစွမ်းပေါ့...”

ဤအခိုက်အတန့်တွင် ထိုပါးကျန်းယီ၏ မျက်နှာမှာ အစွန်းကုန် ဖြူဖျော့သွားတော့သည်။

သို့သော်လည်း ခဏအကြာတွင် နိဗ္ဗာနနယ်ပယ်အရှင်သခင်ပီပီ သူ၏စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။ အခိုက်အတန့်မျှ အံ့အားသင့်သွားခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း ကြောက်ရွံ့တုန်လှုပ်နေရမည့် အဆင့်မျိုးတော့ မဟုတ်ပေ။

အကန့်အသတ်ကျော် ပါရမီရှင်ဆိုသည်မှာ တောင်ဘက်တောင်ထိပ်မှာရှိသလို မြောက်

ဘက်တောင်ထိပ်မှာလည်း ရှိနေသည်။

အခြားတစ်ဖက်တွင်မူ

“ပင်းအာ...”

မုယွဲ့မေသည် အလင်းမှန်ချပ်ပေါ်ရှိ ပုံရိပ်ကိုကြည့်ကာ သူမ၏လှပသော မျက်ဝန်းများတွင် အံ့ဩဝမ်းသာမှုများဖြင့် ပြည့်နှက်နေသည်။ သူမ၏တပည့် ရှောင်ပင်းမှာ သူမထင်ထားသည်ထက်ပင် ပိုမိုအစွမ်းထက်နေခဲ့သည်။ လူပေါင်းနှစ်ရာကို တစ်ခဏချင်း စိတ်အာရုံလှည့်စားနိုင်သည့် ဤနည်းလမ်းမျိုးမှာ ချန်ကျီရှင်း၏ လက်ရှိနယ်ပယ်၌ သူမကိုယ်တိုင်ပင် မလုပ်ဆောင်နိုင်ခဲ့သော အရာမျိုးပင်။

“တန်တယ်... ငါပေးဆပ်ခဲ့သမျှ အားလုံးတန်တယ်”

မုယွဲ့မေသည် သူမ၏လက်သီးများကို မသိမသာ ဆုပ်ကိုင်လိုက်မိပြီး ယခင်က တစ်ခါမျှမခံစားဖူးသော နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူမ၏ ကြိုးပမ်းမှုနှင့် ပေးဆပ်မှုများအတွက် ချန်ကျီရှင်းထံမှ ရလဒ်ကောင်းကို သူမ မြင်တွေ့လိုက်ရပြီ ဖြစ်သည်။ ထို့နောက် သူမသည် အလင်းမှန်ချပ်ထဲရှိ ချန်ကျီရှင်းကို ကြည်နူးရိပ်အပြည့်ဖြင့် ဆက်လက်ကြည့်ရှုနေမိတော့သည်။

အထက်ဆုံးနေရာတွင် ထိုင်နေသော သန့်စင်ရာနယ်မြေအရှင် ချင်းထျန်းကျန့်မှာလည်း အလင်းမှန်ချပ်ရှိ ပုံရိပ်ကို စိတ်ဝင်တစား ကြည့်နေသည်။

“ဒီကလေးကတော့ တကယ့်ကို နှစ်တစ်ထောင်မှာ တစ်ယောက်ပေါ်ထွက်လာမယ့် စိတ်ဝိညာဉ်

အသိစိတ်ပါရမီရှင်ပဲ”

ချင်းထျန်းကျန့်က စိတ်ထဲမှ ချီးကျူးလိုက်မိသည်။

သို့သော် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် သူက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ နှမြောဖို့ကောင်းသည်မှာ ဤလူငယ်၏ နောက်ကြောင်းမှာ မရှင်းလင်းဘဲ ဖြစ်နေခြင်းပင်။ သို့မဟုတ်ပါက အနာဂတ်၏ သန့်စင်ရာနယ်မြေ အရှင်သခင်လောင်းလျာအဖြစ်တောင် ထည့်သွင်းစဉ်းစားကောင်း စဉ်းစားမိပေလိမ့်မည်။

နောက်တစ်ခဏတွင်မူ သူ၏ အကြည့်များမှာ အလင်းမှန်ချပ်ပေါ်ရှိ ဖန်နိုင်၏ ပုံရိပ်ဆီသို့ ရောက်ရှိသွားပြန်သည်။ ဤသူကသာလျှင် သူလျာထားသော အနာဂတ် သန့်စင်ရာနယ်မြေ အရှင်သခင်လောင်းလျာပင်။

.....

.....

ဒိုင်း

ဖန်နိုင်၏ ခန္ဓာကိုယ်မှာ အနက်ရောင် အမွေးအမျှင်များဖြင့် ဖုံးလွှမ်းသွားပြီး သူ၏ဦးခေါင်းပေါ်တွင် ကွေးညွတ်နေသော ဦးချိုနှစ်ခု ပေါ်ထွက်လာသည်။ သူသည် လက်သီးကို ဘေးတိုက် အားကုန် လွှဲရိုက်လိုက်ရာ ဖန်နိုင်၏ ရှေးဟောင်းလူရိုင်းသွေးစွမ်းအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ပြင်းထန်လှသော စွမ်းအားများကြောင့် တောင်ဘက်တောင်ထိပ်တပည့် ဒါဇင်ပေါင်းများစွာမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြတော့သည်။

“အားနည်းလိုက်တာ... အားနည်းလိုက်တာကွာ အရမ်းကို ပျော့လွန်းတယ်”

“အသုံးမကျဘူး... လုံးဝကို အသုံးမကျတဲ့ကောင်တွေ”

ဖန်နိုင်သည် လူအုပ်ထဲတွင် ရူးသွပ်စွာ သောင်းကျန်းနေပြီး သူ၏ လက်သီးချက်၊ ခြေကန်ချက်တိုင်းမှာ ပေါင်ချိန်ထောင်ချီ၍ လေးလံလှသည်။ သူ၏ တိုက်ခိုက်မှုကို ခံလိုက်ရသူတိုင်းမှာ အရိုးများ ကြေမွသွားခြင်း သို့မဟုတ် ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားခြင်းတို့ကို ကြုံတွေ့ရသည်။ ရှေးဟောင်းလမ်း၏ အသက်ဘေးအန္တရာယ် ကာကွယ်ရေးစနစ်သာ မရှိပါက ဤတောင်ဘက်တောင်ထိပ်တပည့်များမှာ အစတုံး သုတ်သင်ခံလိုက်ရလောက်ပြီ ဖြစ်သည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်အတွင်းမှာပင် ကြားဖြတ်တားဆီးနေသော တောင်ဘက်တောင်ထိပ်တပည့် သုံးရာအနက် တစ်ရာခန့်သာ ကျန်ရှိတော့သည်။

“ဒါ... ဒါက မိစ္ဆာကောင်ပဲ”

တာအိုမျိုးစေ့ ဖုန်းကျန်းနှင့် ယုထျန်းရှန်းတို့သည် ခြောက်မီတာခန့် မြင့်မားသွားသော ဖန်နိုင်ကို ကြည့်ကာ အလွန်အမင်း ထိတ်လန့်နေမိကြသည်။ သူ၏ ကြွက်သားများမှာ တင်းမာခိုင်မာနေပြီး အရေပြားပေါ်တွင် အနက်ရောင် အမွေးအမျှင်များ ဖုံးလွှမ်းနေ၏။ ဦးခေါင်းပေါ်တွင် စူးရှသော ဦးချိုများရှိပြီး မျက်လုံးများမှာလည်း တစ်ခုလုံး ဖြူဖွေးနေသည်။

တောင်ဘက်တောင်ထိပ်တပည့် ငါးရာအနက် နှစ်ရာမှာ နီရှောင်လုံကို တားဆီးရန် သွားကြပြီး ကျန်သုံးရာမှာ ဖန်နိုင်ကို တားဆီးရန် ရောက်လာကြခြင်းပင်။ တောင်ဘက်တောင်ထိပ်သားများ ခန့်မှန်းထားသည်မှာ တပည့်သုံးရာ၏ အင်အားဖြင့် ဖန်နိုင်ကို လုံးဝမတားဆီးနိုင်လျှင်ပင် အနည်းဆုံး တစ်နာရီခန့်တော့ အချိန်ဆွဲထားနိုင်လိမ့်မည်ဟု ဖြစ်သည်။

သို့သော်လည်း...

“ဒါက စစ်မှန်သောမိစ္ဆာ ခွေရှန်းရဲ့ သွေးမျိုးဆက်ပဲ၊ အသိစိတ်တိုက်ခိုက်မှုတွေကို အများကြီး လျှော့ချပေးနိုင်စွမ်း ရှိတယ်”

ပါးစပ်မှ သွေးများ တရစပ် ထွက်နေသော လိုချုံက လေးလံသော လေသံဖြင့် ပြောလိုက်သည်။

“စစ်မှန်သောမိစ္ဆာ ခွေရှန်း ဟုတ်လား”

ဖုန်းကျန်းနှင့် ယုထျန်းရှန်းတို့၏ မျက်နှာများ ပျက်သွားကြသည်။

“ဟုတ်တယ်”

လိုချုံက ခေါင်းညိတ်ပြလျက် “ဒီကောင်က ခွေရှန်းသွေးတင်မကဘူး။ တခြား ရှေးဟောင်းလူရိုင်း သတ္တဝါဆန်းတွေရဲ့ သွေးမျိုးဆက် အတော်များများကိုပါ ပိုင်ဆိုင်ထားတာ။ လူသားတစ်ယောက်ဖြစ်ပြီးတော့ ဒီလောက်အထိ များပြားလှတဲ့ သွေးမျိုးဆက်တွေကို ခန္ဓာကိုယ်ထဲမှာ ဘယ်လိုထိန်းထားနိုင်လဲဆိုတာ စဉ်းစားလို့တောင် မရဘူး”

“ကြားဖူးတာတော့ သူက မြောက်ဘက်တောရိုင်းဒေသက ရှေးဦးမျိုးနွယ်စုတစ်ခုက လာတာတဲ့။ သွေးမျိုးဆက်တွေကို အစားထိုးကုသတဲ့ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်အတတ်တွေ သူတို့မှာ ရှိနိုင်တယ်။ ငါလည်း ဒါကို အကြိမ်ကြိမ် ကြားဖူးလို့ သေချာ သုတေသနလုပ်ကြည့်ခဲ့ပေမဲ့ အားလုံးက ကျရှုံးခဲ့တာချည်းပဲ။ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဒီလိုသွေးတွေကို လက်မခံနိုင်ဘဲ ပေါက်ကွဲသွားရမှာလေ။ သူ့ခန္ဓာကိုယ်က ဒါကို ဘယ်လို ခံနိုင်ရည်ရှိနေလဲဆိုတာ တကယ့်ကို နားမလည်နိုင်စရာပဲ...”

ဖုန်းကျန်းနှင့် ယုထျန်းရှန်းတို့ မျက်မှောင်ကြုတ်သွားကြပြီး “ဒါတွေကို ထားလိုက်ပါဦး။ အခု ငါတို့ ဘာဆက်လုပ်သင့်လဲ”

“ဘာလုပ်ရမှာလဲ”

လိုချုံက ခေါင်းခါယမ်းကာ ခါးသီးစွာ ပြုံးလိုက်ပြီး “ဘာမှလုပ်လို့မရဘူး။ ငါတို့ဘက်က စစ်မှန်သောတပည့်တွေအတွက် အချိန်ရသလောက် ဆွဲပေးထားရုံပဲ ရှိတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကတော့ တကယ့်ကို ပြဿနာကြီးပဲ”

ဝုန်း

အနက်ရောင် အမွေးအမျှင်များ ဖုံးလွှမ်းနေသော လက်သီးကြီးတစ်ချက် ဝှေ့ယမ်းလာရာ ဟင်းလင်းပြင်တစ်ခုလုံး ပြိုကွဲမတတ် ဖြစ်သွားရသည်။ ဖန်နိုင်က ယုထျန်းရှန်းကို လက်သီးဖြင့် ထိုးထုတ်လိုက်ပြီးနောက် အေးစက်စွာ ရယ်မောလိုက်သည်။

“ငါ့ရှေ့မှာတင် ဒီလောက် အေးအေးဆေးဆေး စကားပြောနေနိုင်ဖို့ ဘယ်က သတ္တိတွေ ရနေတာလဲ”

“သတ်ကြဟေ့”

လိုချုံနှင့် ဖုန်းကျန်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ အံကြိတ်လျက် ဖန်နိုင်ထံသို့ အရပ်မျက်နှာ နှစ်ဖက်မှ ပြေးဝင်သွားကြတော့သည်။

အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးသွားပြီးနောက် ရှေးဟောင်းလမ်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး လမ်းတစ်လျှောက်တွင် လဲကျနေသော တောင်ဘက်တောင်ထိပ်တပည့်များဖြင့် ပြည့်နှက်နေတော့သည်။ ဖန်နိုင်က သူ၏လည်ပင်းကို တစ်ချက် လှည့်လိုက်ရာ အရိုးသံများမှာ တဂျွတ်ဂျွတ်နှင့် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“မမျှတတဲ့ တိုက်ပွဲပဲ တကယ့်ကို ပျင်းဖို့ကောင်းတယ်"

ဖန်နိုင်၏ ခါးအထိရှည်သော ဆံနွယ်နက်များမှာ တောင်လေကြောင့် အသာအယာ လွင့်မြောနေသည်။ သူသည် ဘယ်ဘက်ရှိ မြူထုများ ဖုံးလွှမ်းနေသော အရပ်ဆီသို့ လှည့်ကြည့်လိုက်ပြီး

“ရှောင်ပင်း... မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်ကွာ"

ဖန်နိုင်က ခေါင်းခါယမ်းလိုက်ပြီး လှေကားထစ်များအတိုင်း အရှိန်အဟုန်နှင့် တက်လှမ်းသွားကာ ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

All Chapters